စင်ကာပူက သင်တန်းတွေကို သင်တဲ့သူက စာမေးပွဲစစ်လို့မရ။ စာမေးပွဲစစ်တဲ့သူက သင်လို့မရ ဆိုတော့ မနေ့က ကျွန်ုပ် မနက်ပိုင်းသင်ပြီး ထမင်းစားချိန်မှာ ပြန်လာခဲ့ရ၏။ မပြုံးကလည်း ‘ကိုအေးငြိမ်းရေ၊ လကုန်ရင်တော့ စာအုပ်တွေ အိမ်ပြန်ပို့တော့မှာနော်။ လမကုန်ခင်လာယူလှည့်ပါ’ ဆိုတာကြောင့် ကျွန်ုပ်လည်း အချိန်းအချက်လုပ်လျက် ညနေပိုင်းတွင် ပင်နင်စူလာ၌ စာအုပ်များ သွားယူ၏။ ကျေးဇူးပါ မပြုံး
တောင်မြို့ဆရာတော်ဘုရားကြီး၏ ‘တစ်ဘဝသံသရာ’၊ နန္ဒာသိန်းဇံ၏ ‘ဘဝအဓိပ္ပာယ်နှင့် ဘဝသစ္စာ’၊ ရွှေဥဒေါင်း၏ စုံထောက် မောင်စံရှားပေါင်းချုပ်၊ သော်တာဆွေ၏ ကျွန်တော့်ဘဝဇာတ်ကြောင်း၊ ကြေးမုံဦးသောင်း၏ စာအုပ်များ အပါအဝင် စာအုပ် ၃၀ ခန့် မ,လာခဲ့၏။
ကျွန်တော့်ဘဝဇာတ်ကြောင်းကို ကျွန်ုပ် အသက် ၁၃ - ၄ - ၅ နှစ်လောက် ကတည်းက မြဝတီ၊ ငွေတာရီ မဂ္ဂဇင်း အဟောင်းများထဲ၌ ဖတ်ခဲ့ဖူး၏။ အတော်လည်း ကြိုက်၏။ (စကားစပ်၍ ပြောရလျှင် ထိုမဂ္ဂဇင်းများမှာပါသည့် သခင်တင်မြ၏ ဘုံဘဝမှာဖြင့် အခန်းဆက် ဆောင်းပါးများကိုလည်း ကျွန်တော် အတော် ကြိုက်ခဲ့ပါသည်။)
“တစ်ဘဝသံသရာ” နှင့် “ဘဝအဓိပ္ပာယ်နှင့် ဘဝသစ္စာ” တို့ကို ၁၉၈၃ - ၈၄ ခုနှစ်အခါ ကာလများဆီက ဖတ်ခဲ့ဖူး၏။ ဘဝအဓိပ္ပာယ်နှင့် ဘဝသစ္စာမှာ နန္ဒာသိန်းဇံ၏ မဟာဝိဇ္ဇာဘွဲ့ယူကျမ်း ဖြစ်ပြီး ကျွန်ုပ်မှာ ကြိုက်လွန်းသဖြင့် ၂ ခေါက် လောက် ဖတ်ဖြစ်ခဲ့၏။ ယခုတစ်ခေါက် ပြန်ဖတ်ရဦးမည်။ ငယ်စဉ်က ဖတ်လို့နားမလည်ခဲ့သည်များကို ယခုအခါ ပြန်ဖတ်လျင် နားလည်နိုင်လိမ့်မည်ဟု ယူဆပါသည်။
ကျွန်ုပ်အလွန်နှစ်သက်ခဲ့သော စုံထောက်မောင်စံရှားပေါင်းချုပ် စာအုပ်ကြီးမှာလည်း ကျွန်ုပ်အတွက် ရတနာတုံးကြီးပင် ဖြစ်ပါတော့၏။ အမှန်ပြောရလျှင် ဆရာကြီးရွှေဥဒေါင်း၏ စာအုပ်များ (ဥပမာ - ရူပနန္ဒီ၊ ရူပကလျာဏီ) မှာ ကျွန်ုပ်အတွက် ဘယ်နှစ်ခေါက်ဖတ်ဖတ် ရိုး၍မသွားသော စာအုပ်များ ဖြစ်၏။
ပရိတ်ကြီးနိဿယျမှာ ငယ်စဉ် လိမ္မာတုံးဘဝက ဖတ်ခဲ့ဖူး၏။ အခု ထို တရားစာအုပ်များ မဖတ်ဖြစ်တာ ကြာပါပြီ။ အသက်ကြီးလာတော့ အတွေ့အကြုံတွေရင့်လာပြီ။ ငယ်ငယ်တုံးကလောက် မလိမ္မာတော့။ အဟိ
စာအုပ်တွေအတွက် ကျေးဇူးပါ မပြုံး။
ငင့် - ထန်းရည်သောက်ပါမယ်ဆိုမှ ဘာကိစ္စ စာအုပ်တွေအကြောင်း လျှောက်ပြောနေရတာတုံး။
ခဏလေးစောင့်ပါအုံးခည။
စာအုပ်တွေယူပြီးတော့ သားဘို့ မုန့်ဖက်ထုပ်ဝယ်၏။ ဆိုင်ထဲ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း ထန်းရည်ကို သွားသတိရ၏။
ဒီမှာ ထန်းရည်ဘူးရတယ်မဟုတ်လား ဆိုတော့ ဆိုင်ရှင်အမျိုးသမီးက မျက်လုံးကြီးပြူးပြီး ကြည့်နေ၏။ ‘မြူ’ ဆိုတဲ့ ထန်းရည်လေ၊ သံဘူးနဲ့လာတယ် ဆိုတော့ ကောင်မလေးတစ်ယောက်က ရှိတယ် ရှိတယ်ဟု လိုက်ပြ။
ငင့်စ်၊ တစ်ဘူး ၄ ကျပ်ဆိုပါလား။
အဲသဟာနဲ့ ၂ ဘူးဝယ်ခဲ့၏။
(ထိုဆိုင်ရှေ့မှ စားသောက်ဆိုင်တွင်လည်း ထန်းရည်ဘူးများတွေ့သဖြင့် မေးကြည့်ရာ ၅ ကျပ် ဆို၏။ ဟိုက်ရော၊ ခြေလှမ်း ၁၀ လှမ်းလောက်နှင့် ၁ ကျပ်ကွာသည်။ ပထမဆိုင်တွင် ဝယ်ခဲ့မိသဖြင့် ကျွန်ုပ်လည်း ကိုယ့်ကိုယ်ကိုယ် ကျေးဇူးများပင် တင်မိလေသော ဟူသတတ်။ ဤကား စကားချပ်)
သောက်ကြည့်တော့ အင်း၊ တစ်ခုခုလိုနေသလိုပဲ။ အပင်ပေါ်က ခုမှချလာတဲ့အရည်နဲ့တော့ ဘယ်တူလိမ့်မတုံးကွာ ဟု သားကို ပြောရ၏။ သူလည်း ကြိုက်ပါသည်။ မြန်မာပြည်ပြန်စဉ်က သူက ငယ်သေးတော့ ထန်းရည်နှင့် မိတ်ဆက် မပေးခဲ့ရ။
ကျွန်ုပ်ရွာရောက်တိုင်း ထန်းရည်သောက်၏။ ကျွန်ုပ်သည် ထန်းရည်ကို ကြိုက်၏။ အထူးသဖြင့် မနက် ၁၀ နာရီ ၁၁ နာရီ လောက်ထန်းရည်ကို အလွန်ကြိုက်ပါသည်။ ထိုထန်းရည်အရသာကို ကျွန်ုပ်တို့က ‘ချိုပြင်း’ ဟု ကင်မွန်းတပ်၏။ အမျိုးသမီးများလည်း သောက်ကြ၏။ ချိုပြင်းသည် သိပ်မမူးပါ။
ဗုဒ္ဓဘာသာ ကျမ်းဂန်များအရ သုရာ ၅ မျိုး၊ မေရယ ၅ မျိုး၊ မဇ္ဇ စသည်တို့ရှိ၏။ ဆန်ကိုချက်ထားသည့်အရက်မှာ သုရာ ဖြစ်ပြီး စပျစ်သီးကိုဖောက်ထားသည့်ဝိုင်မှာ မေရယ ဖြစ်၏။ မူးရစ်စေတတ်သည့် ထန်းရည် စသည်တို့ကို မဇ္ဇခေါ်သည် ဆို၏။
အပင်ကကျသည့် ထန်းရည်မှာ အဘယ်ကြောင့် မူးရသနည်း။
အပင်က ကျလာသည့် ထန်းရည်ကို အိုးသန့်သန့်နှင့် ခံလျက်သောက်ကြည့်ပါ။ အလွန်ချို၏။ ထို့ကြောင့် ထန်းလျက် ချက်လို့ရသည် မဟုတ်လော။ သို့သော် အနှီထန်းရည်ကို နေနှင့်ချက်လိုက်သည့်အခါ တဖြည်းဖြည်း ပြင်းလာ၏။ နေသိပ်မရင့်သေးသည့် မနက် ၁၀ နာရီ ၁၁ နာရီအချိန်တွင် စတင် အချဉ်ပေါက်လာပြီး အချိုဓာတ်လည်း မပြယ်သေး၊ အရက်ဖြစ်ခါစ။ အလွန်သောက်လို့ကောင်းလှ၏။
နေ့ခင်း ၁၂ နာရီကျော်သွားလျင် အချိုဓာတ် လုံးဝပျောက်သွားပြီး အရက်ဖြစ်လာ၏။ သို့တိုင် သိပ်မပြင်းသေး။ သောက်မည်ဆို သောက်နိုင်သေး၏။ အဲ အလွန်ပူပြင်းလှသည့် နေ့ခင်း ၃ နာရီ ၄ နာရီကို ကျော်လာပြီဆိုလျှင်တော့ ၎င်းထန်းရည်သည်ပင်လျင် အရက်ပြင်းကဲ့သို့ ဖြစ်လေ၏။ ဝါးကျည်တောက်ထဲမှ ထန်းရည်ကို ဝါးဆစ်ခွက်ထဲ ငှဲ့ ထည့်လိုက်လျင် ပုဇွန်ဆိတ်ကလေးများကဲ့သို့ တဖြောက်ဖြောက်နှင့်၊ ထန်းရည်ကလေးမှာလည်း ပြာလဲ့လျက် သောက်ချင်စဖွယ်ဖြစ်၏။
ထန်းရည်သမားများပြောသည်မှာ ထန်းရည်ကို ပိုပြင်းစေရန် ကျည်တောက်ထဲ၌ ထန်းရည်ချိုးခံထားရသည် ဆို၏။ ကျွန်ုပ် သေသေချာချာ မသိပါ။
ကျွန်ုပ် အသက် ၂၆ နှစ်ခန့်အရွယ်က ထန်းရည် အသားကုန် မူးဖူး၏။ မူးလိုက်သမှ ၃ ရက်လောက် အိပ်ရာထဲက မထနိုင်။ ထိုစဉ်က ကျောင်းပြီးသည့်နောက် အလုပ်မရသေး၍ ယောင် 59+1 ဘဝနှင့် ရွာပြန်နေလိုက်၊ လေးမျက်နှာမှာ နေလိုက်၊ ရန်ကုန်လာလိုက်နှင့် ဝေလေလေ လုပ်နေရချိန်ဖြစ်၏။ ရွာမှာနေတုံးက သူငယ်ချင်းများနှင့် နေ့တိုင်းလိုလို ထန်းရည် သောက်ဖြစ်၏။ ထိုစဉ်က နာမည်ကြီးသည့် အာမီရမ်လည်း ချ၏။ သို့သော် ကျွန်ုပ်အနေနှင့်ပြောရပါမူ အာမီရမ်ထက် ထန်းရည်ကို ပိုကြိုက်၏။
ခုတော့ အဟင့်၊ ရွှတ်စ်
ကိုဗစ်ကြောင့်ရော၊ ဟို AYoe လုပ်တာနှင့်ရော ဗမှားပြည် ပြန်မရောက်တာ ၅ နှစ်ကျော်ပြီ။ ထန်းရည်နှင့်ဝေးတာလည်း ၅ နှစ်ကျော်ပေါ့ခင်ဗျာ။
အခုတော့ အာသာပြေ ‘မြူ’ ကို သောက်ရ၏။ မဆိုးပါ။ ‘အမေမရှိတော့ အဘနှင့်ပျော်’ ရသပေါ့။ (ဟေ့လူတွေ အဘဆိုလို့ ဟို ABay ကိုပြောတယ်လည်း ထင်မနေနဲ့အုံး။ ကျုပ် အဖွားအေ့လင်ကိုပြောတာ။ ခညားတို့ကလည်း ဒုံးဝေ့ဘာ့စ်)
ခညားတို့သောက်ချင်သပဆို S$4.00 နော။ မှားမှာစိုးလို့။ ၂ ကျပ်လောက်နဲ့ရတဲ့ဆိုင်ရှိရင်လည်း လက်ကလေးဘာလေး တို့ကြပါအုံ့စ်၊ အဟိ
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၃ ဧပြီလ၊ ၂၀၂၅
No comments:
Post a Comment