Monday, September 9, 2024

ကျွန်ုပ်တို့သားအဖ RC များသို့ အလည်သွားကြခြင်း အကြောင်း (၂)

(၃) Terusan RC and Kranji RC

 

ဒုတိယ ကျွန်ုပ်တို့သွားသည့် RC မှာ Kranji RC ဖြစ်ပြီး 08/06/2024 က သွားခဲ့ကြတာ ဖြစ်၏။ သားက ၃ - ၄ - ၅ ကီလိုလောက်သာ ဝေးသည့်နေရာများကို သိပ်မသွားချင်။ သူက အနည်းဆုံး ၁၀ ကီလိုထက်ပိုဝေးသည့် နေရာများကိုသာ သွားလို၏။ ဖြစ်နိုင်လျှင် မြို့ပြရှုခင်းများ ထက် သဘာဝ တောတောင်ရေမြေများကိုသာ ကြည့်လို၏။ သို့အတွက် ကျွန်ုပ်က ဝေးလည်းဝေး၊ တောထဲမှလည်း ဖြတ်သွားရသည့် Kranji RC ကို ရွေးခြင်း ဖြစ်၏။

 

Kranji RC မှာ ကျွန်ုပ်တို့အိမ်မှ ၁၉ ကီလိုမီတာ ဝေး၏။ နောက်ပြီး သွားရသည့်လမ်းမှာလည်း စင်ကာပူနိုင်ငံ မြောက်ဘက် အစွန်ဆုံး တောလမ်း ဖြစ်၏။ ပထမဦးစွာ လင်ချူးကန်လမ်းမကြီးအတိုင်း သင်္ချိုင်းကုန်းများကိုကျော်လျက် အတော် ဝေးဝေးထိ သွားရ၏။ ထို့နောက် Neo Tiew လမ်းသို့ချိုးဝင်ကာ အရှေ့ဘက်စူးစူးသို့ သွားရ၏။ ထို Neo Tiew လမ်း တလျှောက်မှာ တောလမ်းဖြစ်၏။ ပြုပြင်ခြင်း အလျဉ်းမရှိသေးသော သဘာဝတောများကို တွေ့နိုင်၏။ အချို့နေရာများ တွင်မူ ဆောက်လုပ်ရေးလုပ်ငန်း အချို့ကို တွေ့ရ၏။ အခုမှ အသစ်ဆောက်နေတာ ဖြစ်၏။

 

လမ်းထဲ အတော်ဝေးဝေး ဝင်မိလျင်ပင် ကရန်ဂျီးရေကန်ကြီးဆီ ရောက်တော့၏။ သို့သော် ကရန်ဂျီးရေကန်နှင့် ပန်းခြံမှာ အတော်လှမ်းသဖြင့် လာရောက်အပန်းဖြေသူ နည်းလှ၏။ လာသူများရှိသည့်တိုင် သိပ်ပေါ်ပြူလာ မဖြစ်လှ။ ရေကန်ကြီးဘေး လမ်းမမှ တစ်ဘက်ခြမ်းကို မျှော်ကြည့်လိုက်လျှင် မလေးရှားဘက်ခြမ်းကို လှမ်းမြင်ရ၏။ 

 

ထိုနေရာမှဆက်သွားပြီး များမကြာမီပင် Kranji RC သို့ ရောက်တော့၏။ သို့သော် Kranji RC ၌ စားသောက်ဆိုင်များ မရှိ။ မောင်မင်းကြီးသားက အာ - စားစရာသောက်စရာမရှိရင်တော့ မသွားတော့ဘူးဆိုသဖြင့် အနည်းငယ် လှည့်ပတ် ကြည့်ရှုခဲ့ကြပီး ပြန်ထွက်ခဲ့ကြ၏။ ကျွန်ုပ်တို့သွားတာ အနည်းငယ် စောနေသေးလို့လားမသိ။ လူခပ်ကျဲကျဲပဲ ရှိ၏။

ဘောလုံးကွင်း၊ ဘော်လီဘောကွင်း၊ အကာမရှိသော ခန်းမကြီး စသဖြင့် facility တော့ တော်တော် ပြည့်ပြည့်စုံစုံ ရှိပါ၏။

 

နေရာကလည်း ဘယ်လိုနေရာကြီးမှန်းမသိ။ Industrial park ထင်ပါသည်။ စားသောက်ဆိုင်များရှိရာနေရာကို မနည်း မေးစမ်းပြီး ဝင်ခဲ့ရ၏။ ထုံးစံအတိုင်း ကျွန်ုပ်က ဘီယာတစ်ဘူးစုပ်၍ သားက နာစီဘရီယာနီ စား၏။ အောင်မငီး၊ ဈေးကလည်း ကြီးလိုက်တာခညာ။ 

 

စားသောက်သူဟူ၍လည်း ကျွန်ုပ်တို့သားအဖနှင့် ဟို့ ခပ်လှမ်းလှမ်းမှာ တရုတ်ကလေးတစ်ယောက် စားသောက်နေတာက လွဲ၍ တခြား ဘယ်သူမှ မရှိ။ အရောင်းပါးနေလို့များ ကျွန်ုပ်တို့ကို ဈေးတင်ရောင်းလိုက်လေသလား မသိ။ သားကတော့ သူ့ နာစီဘရီယာနီက အတော်ကောင်းသည် ဆို၏။ 

 

သွားခဲ့သမျှ RC များထဲတွင် ထို RC သည် မတန်ဆုံးဖြစ်သတည်း။

 

တတိယတစ်ခေါက် ကျွန်ုပ်တို့သွားသည့် RC မှာ အိမ်နှင့် ဒုတိယအနီးဆုံးဖြစ်သော Terusan RC ဖြစ်၏။ Terusan RC သည် Jln Papan ၌ ရှိပြီး 15/07/2024 က သွားခဲ့ကြတာဖြစ်၏။ ၃.၅ ကီလိုမီတာလောက်ဝေးပြီး ၁၅ မိနစ်လောက် နင်းလျှင်ပင် ရောက်တော့၏။ ထိုအနီး၌ အလုပ်သမားဆောင် တွေ အများကြီးရှိ၏။ ဘောလုံးကွင်း၊ ဘော်လီဘောကွင်း၊ ပိုက်ကျော်ခြင်း စသည့် အားကစားကွင်းများ ရှိ၏။ စားသောက်ဆိုင်များမှာ အိန္ဒိယနှင့် ဘန်းဂလား စားသောက်ဆိုင် များ ၏။ တရုတ်နှင့် မြန်မာစားသောက်ဆိုင် မတွေ့။ 

 

အဝင်ဝတွင် ဆင်ရုပ်ကြီးနှစ်ရုပ် ရှိပြီး RC အတွင်းသို့ ကိုယ့် IC/Work pass card ကို scan လုပ်ကာ ဝင်ရ၏။ 

အထဲဝင်လိုက်လျင်ပင် အလုပ်သမားများ ဘောကန်နေတာ တွေ့ရ၏။ အချို့မှာ ဘော်လီဘော ပုတ်လျက်၊ အချို့မှာ ခြင်းခတ်လျက် တွေ့ရ၏။ ကစားကွင်းကြီးတဝိုက် မီးမောင်းကြီးများထိုးထားရာ နေ့ခင်းအလား ထိန်လင်း နေလေတော့၏။ 

 

အခန်းအနားပြုလုပ်ရန် ဆောက်ထားသည့် ခန်းမကျယ်ကြီး (အကာမရှိ) အတွင်း သမံတလင်း ကြမ်းခင်းပေါ်၌ အလုပ်သမားများ ၂ ယောက်တတွဲ၊ ၃ ယောက်၊ ၄ - ၅ ယောက်တတွဲ စုထိုင်လျက် စားရင်းသောက်ရင်း စကားပြောနေ ကြ၏။ အချို့မှာ ဘီယာနှင့် အမြည်း၊ အချို့မှာ အချိုရည်ဘူးနှင့် စားစရာများ စားကြသောက်ကြရင်း အေးအေးလူလူ ထိုင်လျက် စကားစနေပြောနေကြသည်ကို တွေ့ရသည်မှာလည်း စိတ်ချမ်းသာစရာ ကောင်းလှ၏။ အချို့မှာမူ တိုင်ခြေ၌ တစ်ဦးတည်း အိန္ဒိယဘီယာတစ်ဘူး ထောင်ထားလျက် အကြော်လေးကို တမြုံ့မြုံ့ဝါးရင်း ဖုန်းပွတ် (သို့) ဖုန်းပြောလျက် ရှိ၏။

 

စင်ကာပူအစိုးရက very smart ကွ သားရဲ့။ အလုပ်သမားတွေဆိုတာ များသောအားဖြင့် ကာယလုပ်သားတွေများတယ်။ တစ်နေကုန် တစ်နေခမ်း ပင်ပင်ပန်းပန်း လုပ်ကြရတယ်။ နောက်ပြီး အလုပ်ထဲမှာ အဆင်မပြေတာတွေ၊ အော်ငေါက်ခံရ တာတွေ၊ အဆဲအဆိုခံရတာတွေ ရှိမယ်။ အဲဒီတော့ အဆောင်လည်း ပြန်ရောက်ရော အလုပ်ထဲမှာ အဆင်မပြေလို့ စိတ်တိုနေရတဲ့ကြားထဲ တစ်ယောက်ယောက်နဲ့ စကားများရင် ထ,ရန်ဖြစ်မယ်။ သတ်ကြမယ်။ ဆွဲရလွဲရ ဖြန်ဖြေရ စသဖြင့် မလိုလားအပ်တဲ့ ပြဿနာတွေ ရှင်းရမယ်။

 

နောက်ပြီး အဆောင်ဆိုတာက တစ်ခန်းတည်းမှာ ၈ ယောက်၊ ၁၀ ယောက်၊ တချို့အခန်းတွေဆို အယောက် ၂၀ လောက် စုနေကြရတာ။ နားနားနေနေ နေဘို့ နေရာမရှိဘူး။

 

ဟော၊ အခုလို သူတို့အတွက် စိတ်ထွက်ပေါက်တစ်နေရာ၊ အပန်းဖြေဘို့နေရာလုပ်ပေးထားလိုက်တော့ ခုနက အလုပ်ထဲမှာ အဆင်မပြေလာခဲ့ရင်တောင် သူငယ်ချင်းတွေနဲ့ ဘီယာသောက်၊ စကားပြောရင်း ရင်ဖွင့်လိုက်ရတော့ ပေါ့သွားတယ်။ ဘာပြဿနာမှ မဖြစ်တော့ဘူး။

 

အဲဒါတွေသိလို့ စင်ကာပူအစိုးရက အလုပ်သမားဆောင်တွေနားမှာ အခုလို စိတ်အပန်းဖြေစရာ အပန်းဖြေစခန်းတွေ လုပ်ပေးထားတာ။ အခုလို အပန်းဖြေစခန်းတွေ လုပ်ပေးထားလိုက်တော့ အလုပ်သမားတွေ စိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်၊ ကျန်းကျန်းမာမာ နေနိုင်မယ်။ သူတို့ ကျန်းမာပျော်ရွှင်နေရင် အလုပ်လည်း ကောင်းကောင်း လုပ်နိုင်မယ်။ အလုပ်တွေ မြန်မြန်ပြီးမယ်။ အလုပ်ထဲမှာလည်း ပြဿနာ နည်းသွားမယ်။ 

 

အဲဒီအတွက် ဒီလို RC တွေ ဆောက်ပေးထားတာ ပိုက်ဆံကုန်ချင်ကုန်မယ်။ ဒါပေမယ့် အများကြီး အကျိုးရှိသကွ။

 

ကျွန်ုပ်တို့လည်း သူတို့ကို လှည့်ပတ်ကြည့်ရင်း၊ ဈေးဆိုင်များဆီ ပတ်ရင်း၊ ထို့နောက် အရသာရှိလှသည့် ကုလားစာများ ဝယ်စားရင်း ကြည်နူးစရာ ည မြင်ကွင်းများကို တဝကြီး ခံစားကြလေ၏။ 

 

(၄) Penjuru RC

 

ယခု ကျွန်ုပ်တို့ ရောက်ခဲ့ပြီးသော RC များမှာ MWCRC, Tuas South RC, Kranji RC, Terusan RC စုစုပေါင်း (၄) ခု ဖြစ်၏။ စင်ကာပူတွင် RC ပေါင်း (၈) ခု ရှိရာ နောက်ထပ် (၄) နေရာသွားဘို့ ကျန်သေးသည်။ 

 

ထိုအထဲတွင်မှ Penjuru RC မှာ အနီးဆုံးဖြစ်၍ ၈ ကီလိုမီတာလောက်သာ ဝေးပြီး ၄၅ မိနစ်လောက်သာ စီးရမည်။ WoodLands RC မှာ ၂၁ ကီလိုမီတာဖြစ်၍ ၁ နာရီခွဲလောက် စီးရမည်။ Kranji RC, Woodlands RC နှင့် Cochrane RC (Sembawang) တို့မှာ တစ်ခုနှင့်တစ်ခု သိပ်မဝေးလှ။ Kranji RC မှ Woodlands RC သို့ ၆.၈ ကီလိုမီတာ ဝေးပြီး Woodlands RC နှင့် Cochrane RC တို့မှာမူ ၃.၆ ကီလိုမီတာမျှသာ ဝေး၏။

 

31/08/2024 ညနေ အိမ်ပြန်ရောက်တော့ သားရေ - စက်ဘီးစီးရအောင် မသွားချင်ဘူးလား ဆိုတော့ သူကလည်း နှစ်ခါ မခေါ်ရ။ ချက်ချင်းထလိုက်လာ၏။ သို့သော် ၆ နာရီတီးနေပြီမို့ အချိန်နည်းနေပြီဖြစ်သဖြင့် Penjuru RC ကိုသွားဘို့ ဆုံးဖြတ်ကြ၏။ Penjuru RC မှာ အရင်တစ်ခါသွားခဲ့ဖူးသည့် ပန်ဒန်းရေကန်ကြီး နံဘေး၌ ရှိ၏။ ဟိုတစ်ခါသွားတုံးက ပန်ဒန်းရေကန်ကြီးကို တစ်ပတ်ပတ်ကြရာ ရေကန်ကြီးမှာ မျှော်လင့်ထားတာထက် ပိုကြီးနေ၏။ ရေကန်တစ်ပတ် ၆ ကီလိုမီတာကျော်ကို စီးလိုက်ရတာဖြစ်၍ အပြန် Penjuru RC ဝင်ဘို့မှန်းထားသော်လည်း အချိန်က ည ၉ နာရီရှိနေပြီမို့ မဝင်တော့ဘဲ ပြန်ခဲ့တာ ဖြစ်၏။

 

Penjuru RC မှာ ၈ ကီလိုမီတာဝေးပြီး ၄၆ မိနစ် စီးရ၏။ အလုပ်သမား အတော်များများ အနားယူ အပန်းဖြေနေကြတာ တွေ့ရ၏။ တချို့ ဘောလုံးကန်နေကြသဖြင့် ကျွန်ုပ်တို့လည်း အတန်ကြာရပ်ကာ ငေးမော အားပေးခဲ့ကြ၏။ သူတို့က သူနိုင် ကိုယ်နိုင် အပြိုင်ကြဲကြတာ မဟုတ်ဘဲ အပျော်ကန်နေကြတာဖြစ်၏။ ဘောလုံးကွင်းကြီး၏ သည်မှာဘက်က တစ်ဝိုင်း၊ ဟိုမှာဘက်တွင် တစ်ဝိုင်း။ နှစ်ဝိုင်းကစားနေကြ၏။ ဘောလီဘောကွင်းတွင်လည်း ဘောလုံးပုတ်နေသူများကို တွေ့ရ၏။ 

 

အကာမရှိသော အဆောက်အအုံကြီးအတွင်း သမံတလင်းများပေါ်၌ နှစ်ယောက်တတွဲ၊ ၃ - ၄ ယောက်တတွဲ အုပ်စုဖွဲ့ကာ ဝိုင်းထိုင်လျက် စားကြ၊ သောက်ကြ၊ စကားစနေပြောကြ။ အချို့မှာ မြေပဲလေးဝါးလျက် ဘီယာစုပ်ရင်း ဖုန်းပွတ်နေ၏။ အပြင်ဘက် ထိုင်ခုံများ၌လည်း စားသောက်လျက် ရှိကြ၏။ 



















 








ဤသည့်နေရာကမှ တကယ့် အပန်းဖြေစခန်း ဖြစ်၏။ စိတ်အေးလက်အေး သူတို့ စားသောက် အပန်းဖြေနေကြသည်မှာ သဘောကျစရာ ကောင်းလှ၏။ 

 

လှည့်ပတ်ကြည့်ကြပြီးနောက် စားစရာနှင့် သောက်စရာ ဝယ်ကြ၏။ ဆမူဆာ၊ ကြက်ကြော်နှင့် ကုလားမုန့် သုံးလေးမျိုး လောက်ဝယ်။ ကျွန်ုပ်က ဟင်နီကယ်ဘူးရှည်တစ်ဘူးဝယ်၊ $4.60 ပေးရ၏။ မဆိုးပါ။ သားဘို့ အအေးဝယ်တာ ဆိုင်ရှင်က ဘယ်ရောက်နေမှန်းမသိ၍ အတော်ကြာအောင် စောင့်နေရ၏။ အိမ်သာသွားနေသည် ထင်ပါသည်။ ဆိုင်ရှေ့တွင် ဝယ်မည့်သူများ တန်းစီ စောင့်နေကြ၏။ အတော်ကြီးကြာမှ​ ငနဲက ပြူးပြူးပြာပြာနှင့် ရောက်လာ၏။

 

ရေခဲတောင်းတော့ Sorry ဟု ပြော၏။ ဘီယာဆိုတာ အေးမှ သောက်လို့ကောင်း၏။ အအေးပုံးထဲက ထုတ်လာသည့် ဘီယာမှာ ကြာကြာမခံ၍ ခပ်သွက်သွက် သောက်ရ၏။ 

 

ထို့နောက် ‘သားရေ၊ ရောက်တုံးရောက်ခိုက် ရေကန်ပေါင်ပေါ် တက်ကြည့်ကြရအောင်ကွာ’ ဆိုပြီး ကန်ပေါင်ပေါ်တက် ခဏထိုင်။ နောက်တော့ ပြန်ခဲ့ကြ၏။

 

အစိုးရကလည်း ဂရုစိုက်သယ်ခညာ။ မင်း ကိုဗစ်ဆေးထိုးထားတာ တစ်နှစ်ကျော်နေပြီ။ နောက်ထပ် လာထိုးလှည့်ပါ ဟု မကြာခဏ မတ်စိပို့နေသဖြင့် 05/09/2024 က ကိုဗစ်ကာကွယ်ဆေး သွားထိုးလိုက်၏။ ဆေးထိုးတော့ တစ်ပတ်အတွင်း လေ့ကျင့်ခန်းမလုပ်ပါနဲ့ ဆိုသဖြင့် စက်ဘီးမစီးရ။ (အဲလေ - အလုပ်ကိုတော့လည်း စီးသွားသပေါ့၊ အဟက်စ်)

 

သားကလည်း ခုလ ၂၅ ရက်နေ့မှစကာ အောက်တိုဘာ ၃ ရက်နေ့ထိ စာမေးပွဲကြီးရှိသဖြင့် စက်ဘီးစီးတာ ခဏ နားထားရပါဦးမည်။ စာမေးပွဲပြီးလျှင်တော့ ကျန်သည့် Woodlands RC, Cochrane RC နှင့် Kaki Bukit RC များသို့ သွားဦးမည်။ စိတ်ဝင်စားသူများ ဂျိုင်းနိုင်ပါသည်။ 

 

Hard Target, Lucy နဲ့ Hard to Kill ကြည့်နေလို့ ဒုတိယပိုင်းက ကြာနေတာဗျို့။ 

အမှန်က Hard Target နဲ့ Lucy က ဒုတိယအကြိမ်ဖစ်နေ။ ယခွမ်း

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၇ စက်တင်ဘာလ၊ ၂၀၂၄

ကျွန်ုပ်တို့သားအဖ RC များသို့ အလည်သွားကြခြင်း အကြောင်း (၁)

(၁) စက်ဘီးစီးသည့် ကျွန်ုပ်တို့သားအဖ

 

ကျွန်ုပ်တို့သားအဖသည် အချိန်အားကလေး နည်းနည်းရသည်နှင့် စက်ဘီးစီး ထွက်လေ့ရှိ၏။

စင်ကာပူ အနောက်ဘက်ခြမ်း၌ ကျွန်ုပ်တို့ မရောက်သည့်နေရာများမှာ မရှိသလောက်ပင် ဖြစ်တော့၏။ ကျွန်ုပ်တို့သည် လမ်းမကြီးများ၌လည်း စီး၏။ လမ်းအကြိုအကြားကလေးများသို့လည်း သွား၏။ (ရေမြောင်းနံဘေးက ခြေသွားလမ်း ကလေးသို့လည်း ကိုမိုဒိုနဂါးများ တွေ့လေမလား၊ မြွေနှင့်များ ပက်ပင်းတိုးလေမလားနှင့် သွားခဲ့ကြ၏။) NTU သို့လည်း သွားသလို Bukit Gombak က ရေကန်သို့လည်း ရောက်၏။ သင်္ချိုင်းကုန်းများသို့သွားရောက် လည်ပတ်သလို Pandan Reservoir ရေကန်ဘောင်ပေါ်တွင်လည်း တစ်ပတ်လည်အောင် စီးခဲ့ကြ၏။ ပြီးတော့ ကန်ဘောင်ပေါ်ထိုင်ကာ လေကလေး တဖြူးဖြူးနှင့် စင်္ကာပူ၏ ညရှုခင်း အလှအပကို ခံစားကြလေသေး၏။

 

ဟောသဟာ ဖေရီးတို့ စင်ကာပူ စရောက်တုံးက လုပ်ခဲ့တဲ့ သင်္ဘောကျင်းလကွ ဟု သင်္ဘောကျင်းများဘက်သို့ သွားကြ သလို West Coast ပန်းခြံ ကမ်းစပ်၌ထိုင်ကာ ဒီရေအတက်အကျနှင့် လပြည့်လကွယ်ခြင်းများအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြဖူး၏။ ငရဲသားပုံများ ထုလုပ်ထားသည်ကို သားက မကြည့်ရဲဆိုသဖြင့် မျက်လုံးကို ပိတ်ပေးထားရသော ဟော်ပါဗီလာသို့လည်း သွား၏။ အသစ်ဖွင့်ထားသော Botanic garden သို့လည်း အလည်ရောက်၏။ အောင်မယ် တောကြက်မောင်နှံတို့ မြေကြီးကို ယက်ပြီး အစာရှာနေတာတောင် တွေ့ခဲ့ရပါသေး။ သို့သော်လည်း garden အသစ်မှာ သိပ်မကျယ်သလို ကြည့်စရာ၊ လည်စရာလည်း သိပ်မရှိလှပါ။

 

တစ်ခါတော့ စင်ကာပူအဆုံးထိ သွားကြမကွ ဆိုပြီး Lim Chu Kang လမ်းမကြီးတလျှောက် အဆုံးထိ စီးသွားကာ မလေးရှားနယ်စပ်ကို သွားကြည့်ကြ၏။ အနီး၌ နယ်ခြားစောင့် ရဲစခန်းလေးတစ်ခုရှိ၏။ ကျွန်ုပ်တို့ရောက်ပြီး သိပ်မကြာ ခင်ပင် ကားတစ်စီးလည်း နယ်စပ်သို့ လာရောက်လည်ပတ်တာ တွေ့ရ၏။ ကျွန်ုပ်တို့အိမ်မှ ထို လမ်းအဆုံးထိ ၁၃.၅ ကီလိုမီတာရှိပြီး ၁ နာရီနီးပါး စက်ဘီးစီးရ၏။

 

လင်ချူးကန်လမ်းမကြီးမှာ အဝေးပြေးလမ်းမကြီးကဲ့သို့ ဖောက်ထားသည့် လမ်းမကျယ်ကြီးဖြစ်သဖြင့် စက်ဘီးစီးရတာ အလွန်အဆင်ပြေလှ၏။ ကျွန်ုပ်တို့မှာ ပလက်ဖောင်းပေါ်မှ မစီးဘဲ ကားလမ်းမကြီးဘေး ကပ်လျက် စီးခြင်းဖြစ်၏။ ပလက် ဖောင်းပေါ် စီးရတာ သိပ်အဆင်မပြေလှပါ။ အချို့နေရာများ၌ ပလက်ဖောင်းပင်မရှိ။ ရှိသည့်ပလက်ဖောင်းများမှာလည်း လူအသွားအလာနည်းသဖြင့် နေရာအတော်များများတွင် ကျိုးပဲ့ပေါက်ပြဲကာ ပျက်စီးနေ၏။ တောပိုင်းရောက်သွားသည့် အခါတွင်မူ ပလက်ဖောင်းဟူ၍ လုံးဝ မရှိတော့ပါ။

 

ထိုလမ်းမကြီးမှာ မြို့ပြင်ရောက်နေသဖြင့် ကားအသွားအလာ ရှင်းလှ၏။ ကားလေးများ သိပ်မရှိ။ လော်ရီကားကြီးများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်ကြီးများ စသည်တို့သာ သွားလာကြသည်ကို တွေ့ရ၏။ ကားရှင်းသဖြင့် သူတို့က အပြင် လမ်းကြောကိုမသုံး။ အတွင်းလမ်းကြောမှသွား၏။ သို့အတွက် ကားလမ်းပေါ်မှာ စက်ဘီးစီးရတာ အန္တရာယ် မရှိလှပါ။ နောက်ပြီး ကျွန်ုပ်တို့က လမ်းဘေး မျဉ်းဝါနှစ်ကြောင်းအကြား၌သာ စီးကြတာဖြစ်၏။

 

စင်ကာပူနိုင်ငံသည် လူကပြုပြင်ထားသည့် Landscape, townsacpe များနှင့် ပြည့်လျက်ရှိပြီး သဘာဝတောတောင်ဟူ၍ မရှိသလောက်ဖြစ်၏။ ပန်းခြံ၊ ရေကန်စသည်တို့မှာလည်း လူက ပြုပြင်ထားတာများသာ ဖြစ်၏။ သို့သော် ဘာတစ်ခုမှ ပြုပြင်မထားဘဲ သဘာဝအတိုင်း ထိန်းသိမ်းထားသည့် တောတောင်ရေမြေများကို စင်ကာပူနိုင်ငံ အနောက်မြောက်ဘက် အစွန်ဆုံး အပိုင်းများ၌ တွေ့နိုင်ပါသေး၏။ 

 

အထက်ဖော်ပြပါ မလေးရှားနယ်စပ်ထိ သွားရာလမ်းတစ်လျှောက်၌ လူပြုပြင်မထားသည့် သဘာဝ တောတောင်များကို တွေ့ရ၏။ နောက်ပြီး ထိုတောအားလုံးမှာ ၁၄၄ ထုတ်ထားသည့် နယ်မြေချည်းဖြစ်၏။ (မဝင်ရ၊ ဝင်လျှင် သေနတ်နှင့် ပစ်သတ်မည်။) တောင် အတက်အဆင်းလည်း များလှ၏။ သွားလိုသူများ ဘတ်စ်ကားနှင့် သွားနိုင်၏။ ဘတ်စ်ကားနံပါတ် ၉၇၅ ဖြစ်၏။ အဆုံးထိစီးပြီး လမ်းအနည်းငယ် ဆက်လျှောက်လိုက်လျှင်ပင် နယ်စပ်ကို ရောက်တော့၏။

 

အပြန်ကျတော့ မောမောပန်းပန်းနှင့် လမ်းဘေးမှ စားသောက်ဆိုင်တစ်ခုခုသို့ ဝင်ကာ ကျွန်ုပ်က ၅၀၀ စီစီ တိုက်ဂါး တစ်ဘူးလောက် သောက်၏။ သားက ကုလားအစားအစာများ စား၏။ 

 

(၂) စင်ကာပူက RC များ

 

တစ်ခါတရံ ကျွန်ုပ်တို့ အဓိကထား သွားသည့်နေရာမှာ RC များ ဖြစ်၏။

 

စင်ကာပူက RC များအကြောင်း “စင်ကာပူက အပန်းဖြေစခန်းများ” ဆိုပြီး ကျွန်ုပ် ရေးခဲ့ဖူးပါ၏။

စင်ကာပူတွင် အလုပ်သမား အဆောင်များနှင့် ကပ်လျက်၌ အလုပ်သမားများ အပန်းဖြေ အနားယူနိုင်အောင် အစိုးရက ဖွင့်ပေးထားသည့် အပန်းဖြေစခန်း (RC – Recreation Centre) စုစုပေါင်း ၈ ခုရှိ၏။

အနောက်ဘက်အစွန်ဆုံး၌ တစ်ခု၊ အနောက်တောင်ပိုင်း၌ ၃ ခု၊ မြောက်ပိုင်းတွင် ၃ ခု၊ အရှေ့ပိုင်းတွင် တစ်ခု ဖြစ်၏။

 

ထို ၈ ခုအနက် ယခု ကျွန်ုပ်တို့ သွားခဲ့ပြီးသော RC များမှာ ၅ ခု ဖြစ်၏။ ကျန် ၃ ခုမှာမူ အတော်လှမ်းသဖြင့် ကျွန်ုပ် အလုပ်ပိတ်ချိန် (သို့) အလုပ်က စောစောပြန်ရောက်သည့် အချိန်များကျမှ သွားနိုင်မည်ဖြစ်၏။ ထို ၃ ခုအနက် Woodlands RC မှာ ကျွန်ုပ်တို့အိမ်မှ ၂၁.၅ ကီလိုမီတာခန့် ဝေး၏။ စက်ဘီးစီးလျှင် ၁ နာရီ ၄၅ မိနစ်လောက် စီးရမည်။ အသွားအပြန် ၄ နာရီခန့်ကြာမည်။ ဆယ်ဘာဝမ်းရှိ Cochrane RC က Woodlands RC ကနေ နောက်ထပ် ၄ ကီလိုမီတာ ခန့် ဆက်သွားလျှင် ရောက်၏။ ဆိုတော့ ၂၅ ကီလို လောက်ရှိ၏။ ၂ နာရီကျော် စီးရမည်။ 

 

နောက်ဆုံးတစ်ခုဖြစ်သည့် Kaki Bukit RC မှာ ကီလိုမီတာ ၃၀ ဝေး၏။​၂ နာရီခွဲလောက် သွားရမည်။ သူက စင်ကာပူနိုင်ငံ အရှေ့ပိုင်းကို ရောက်သွားပြီဖြစ်၏။ ဆိုတော့ တကယ်သွားမည်ဆိုလျှင်တောင်မှ ပိတ်ရက်၌ အေးအေးဆေးဆေး နင်းသွားမှ ရမည်။ ကျွန်ုပ်တို့က ချန်ဂီလေဆိပ်ထိရောက်အောင် စက်ဘီးစီးကြမည်ဟု ကြံစည်ထားကြသူများဖြစ်၍ သည်ခရီးလောက်မှာ သိပ်မှုလောက်သေးသည်မဟုတ်။ ချန်ဂီကတော့ ကီလို ၅၀ လောက် ဝေးမည်ထင်၏။ တစ်နေကုန် အချိန်ယူသွားမှ ရမည်။

 

ကျွန်ုပ်တို့အိမ်နှင့် အနီးဆုံး RC မှာ MWCRC ဖြစ်၏။ ကျွန်ုပ် အမြဲစာသွားသင်နေရသော နေရာတစ်ခုလည်းဖြစ်၏။ RC ဆိုသည့်တိုင် RC လား မမြောက်သည့် RC ဖြစ်၏။ RC များအနက် facility အနည်းဆုံးသော RC လည်း ဖြစ်၏။ ခရစ်ကက်ရိုက်ဘို့ ကွင်းကျယ်ကြီးတစ်ခု၊ ဘောလုံးကွင်းသေး တစ်ခု၊ ပိုက်ကျော်ခြင်းကွင်း ၂ ခု၊ ဘော်လီဘောကွင်း ၂ ခု နှင့် အခန်းအနားလုပ်ဘို့ open hall တစ်ခု၊ ဒါပဲရှိ၏။ ကျန် RC များမှာ သူ့ထက် အများကြီးပိုကောင်း၏။

 

ကျွန်ုပ်တို့ ပထမဆုံးသွားသည့် RC မှာ စင်ကာပူနိုင်ငံ အနောက်ဘက်အစွန်ဆုံးရှိ Tuas South RC ဖြစ်၏။ ထိုနေရာမှ အနောက်ဘက် နည်းနည်းလောက် ဆက်သွားလိုက်လျှင် ပင်လယ်သာရှိတော့၏။ နောက်ပြီး သည်နေရာက သဘာဝ ကျွန်း မဟုတ်။ ဗမှားပြည်က (ထင်တာပြောတာ) ဝယ်လာသည့် သဲများနှင့်လုပ်ထားသည့် လူလုပ်ကျွန်းဖြစ်၏။ 

 

RC ထဲကိုမူ မဝင်ခဲ့ရ။ ကျွန်ုပ်တို့ရောက်သွားချိန်၌ မိုးကလည်းရွာနေပြီး RC အဝ၌ ဝင်ရန်တန်းစီနေသည့် လူတန်းကြီးမှာ အလွန်ရှည်လျားလှပေရာ ကျွန်ုပ်တို့လည်း RC အတွင်း ဝင်ရန်အကြံကို စွန့်လွှတ်လိုက်ပြီး အနီးအနား၌ စားသောက်ဆိုင် မည်သည့်နေရာ၌ ရှိသေးကြောင်း တစ်ယောက်ကို မေးကြည့်ရာ သူက ရှေ့ဘက် နည်းနည်းဆက်လျှောက်လျှင် အလုပ်သမားဆောင်များ တွေ့ရမည်ဖြစ်ပြီး ထိုဝင်းထဲ၌ စားသောက်ဆိုင်ရှိကြောင်းပြောပြ၏။ ကျွန်ုပ်တို့လည်း ဆက်လျှောက်ခဲ့ရာ အတန်ငယ် လျှောက်မိလျင်ပင် စီတန်းဆောက်ထားသည့် အဆောင်ကြီးများကို တွေ့ရ၏။ အပေါက်ဝမှ မလှမ်းမကမ်းတွင် စားသောက်ဆိုင်များရှိ၏။ ကျွန်ုပ်တို့လည်း ကုလားစာများမှာ၍ စားကြသောက်ကြ၏။ 

 

အလုပ်သမား အများစုမှာ အနဲနှင့် ဘာယားတို့သာ များလျက် မြန်မာသိပ်မတွေ့ရ။ မြန်မာကောင်လေးနှစ်ယောက်တွေ့၍ သွားရောက်မိတ်ဆက်ပြီး စင်ကာပူရောက်တာ ဘယ်လောက်ကြာပြီ၊ ဘာတွေ လုပ်ရသည်၊ အလုပ်၌ အဆင်ပြေမပြေ၊ အဆောင်များ၌ သူတို့ဘယ်လိုနေရထိုင်ရသည် စသည့် အကြောင်းများ မေးကြည့် ၏။ ငနဲကလေးများက မပြောတတ်တာလား၊ မပြောချင်တာလား မသိ။ မေးတစ်ခွန်း ဖြေတစ်ခွန်းဖြစ်၏။ သားက သူတို့ကို အင်တာဗျူးတဲ့ အတွက် စားစရာတစ်ခုခု ဝယ်ပေးဘို့သင့်ကြောင်းပြောသဖြင့် ကျွန်ုပ်လည်း ခဏနေကြအုံးကွ ဆိုကာ ငှက်ပျောသီး တစ်ဖီး သွားဝယ်၏။ သို့သော် ကျွန်ုပ်ပြန်ရောက်တော့ သူတို့ ပြန်သွားကြလေပြီ။ ကျွန်ုပ်ထင်တာ မမှားဘူးဆိုလျှင် ကျွန်ုပ် ထပ်မံမေးလာမည့် မေးခွန်းများကို မဖြေလိုတော့သောကြောင့် ပြန်သွားတာ ဖြစ်နိုင်ပါသည်။ 

 

အနီးအနားလျှောက်ကြည့်သော် အလုပ်သမားများအတွက် အထည်ဆိုင်များ၊ ဖုန်းဆိုင်၊ တိုလီမုတ်စ ရောင်းသည့်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ဟင်းချက်စရာ အသီးအနှံ၊ အသားငါးများရောင်းသည့် ကုန်စုံဆိုင်ကြီး စသည်တို့ကို တွေ့ရ၏။ ကုလားပလေကပ်ပုဆိုးများတွေ့၍ ကျွန်ုပ်လည်း တစ်ထည်ဝယ်ခဲ့၏။ $7.50 ဆိုတော့ မဆိုးပါ။ တန်ပါသည်။






 

Tuas South RC မှာ ကျွန်ုပ်တို့အိမ်မှ ကီလို ၂၀ ဝေးပြီး တစ်နာရီ မိနစ် ၂၀ လောက် နင်းရ၏။ ကျွန်းထဲမှ လမ်းမကြီးများ မှာ နိုင်လွန်ကတ္တရာခင်းထားသည့် အသစ်ကျပ်ချွတ် လမ်းမကြီးများဖြစ်ရာ စက်ဘီးစီးလို့ ကောင်းလှ၏။ ကျွန်းဖြစ်သဖြင့် ကားအသွားအလာလည်း သိပ်မရှုပ်လှ။ ကျွန်ုပ်တို့နင်းသည့် ပျမ်းမျှ အမြန်နှုန်းမှာ တစ်နာရီလျှင် ၁၅ ကီလိုမီတာ ဖြစ်၏။ 

 

ထို RC သို့ ကျွန်ုပ်တို့ နှစ်ခေါက်ရောက်၏။ ပထမတစ်ခေါက်မှာ 28/04/2024 ဖြစ်၍ ဒုတိယတစ်ခေါက်မှာ 27/05/2024 ဖြစ်၏။

 

ဒုတိယအခေါက်မှာမူ ကံမကောင်းလှ။ အိမ်ရောက်ဘို့ ၄.၅ ကီလိုမီတာလောက် အရောက်တွင် စက်ဘီးပေါက်၏။ မိုးကလည်း တဖွဲဖွဲ။ ‘သားရေ အနားမှာ ဓာတ်ဆီဆိုင်ဘယ်နားရှိတုံး ရှာစမ်းကွာ’ ဆိုတော့ ‘ရှေ့ခပ်လှမ်းလှမ်းမှာ ရှိတယ် ဖေရီး’ ဆို၏။ သို့နှင့် ကျွန်ုပ်လည်း လက်ကျန်လေ ပြားပြားလေးနှင့် အသာထိန်းကာ နင်းခဲ့။ 

 

တစ်ခါတစ်ခါကျတော့ Skyfall ထဲက မင်းသားကြီးပြောသလို Sometimes old models are better. ဖြစ်၏။ လေပန့်က digital ပန့်။ ပန့်တွင် စက်ဘီးနှင့် ကား ဟုနှစ်ခုပါ၏။ ကားတွင် သာမန်တာယာနှင့် Flat tyre ဆိုပြီး နှစ်ခုပါ၏။ စက်ဘီးပန့်တွင် ဘာမှမပါ။ ပထမ စက်ဘီးပန့်နှင့် ထိုးကြည့်၏။ မရ။ လေများမှာ တရှူးရှူးနှင့် ထွက်နေ၏။ ထို့ကြောင့် ကားတာယာဘက်က flat tyre နှင့် ပြောင်းထိုးကြည့်၏။ မရ။ ဘယ်လိုမှ မရသည့်အဆုံး သည်အတိုင်းတွန်းကာ ပြန်ခဲ့ရလေ၏။ အကယ်၍ လက်နှင့်ထိုးရသော ပန့်ဖြစ်ပါမူ မရစရာ ဘာအကြောင်းမှ မရှိ။ ကိုင်း - သားရေ၊ မင်း အရင်သွားနှင့်ကွာ။ ဖေရီးတော့ ဖြည်းဖြည်းတွန်းပြန်ခဲ့မယ် ဆိုကာ ပြန်ခဲ့ရ၏။ 

 

လမ်း၌ Pioneer Road North မှ Hardware ဆိုင်များသို့ ဝင်ကြည့်သေး၏။ အတော် ညဉ့်နက်နေပြီဆိုတော့ ဘယ်ဆိုင်မှ မဖွင့်တော့။ သို့နှင့် ပန်လန်လက်ကာ ပေါက်နေသည့်စက်ဘီးကို သည်အတိုင်း ဆက်တွန်းလျက် ပြန်ခဲ့ရတော့၏။ မိုးကလည်း တဖွဲဖွဲရွာနေ၍ စိုစိစိုစိနှင့် ဘယ်လိုမှ အဆင်မပြေ။ နောက်နေ့တွင် hardware ဆိုင်မှ လက်ထိုးပန့်ကလေး တစ်ခု အပြေးသွားဝယ်လျက် အိတ်ထဲ၌ အဆင်သင့် ဆောင်ထားရလေသော ဟူသတတ်။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။



ဆက်ပါဦးမည်။

အေးငြိမ်း
၂ စက်တင်ဘာ ၂၀၂၄