Thursday, March 30, 2023

ကျွန်ုပ်နှင့် ဂျင်းအထွက်ဆုံးတိုင်းပြည် အကြောင်း

ကမ္ဘာပေါ်တွင် ဂျင်းအထွက်ဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်မည် ကျွန်ုပ်ထင်၏။

အခြားတိုင်းပြည်များတော့ မသိ။

မြန်မာပြည်တွင်မတော့ ဂျင်းကို ဌာနပေါင်းစုံက ထုတ်လုပ်၏။ 

 

အစိုးရဌာနများကလည်း ထုတ်လုပ်၏။

ပုဂ္ဂလိကဌာနများကလည်း ထုတ်လုပ်၏။

တစ်ဦးချင်း ထုတ်သလို အစုအဖွဲ့နှင့်လည်း ထုတ်လုပ်၏။

ပညာတတ် ဆိုသူများကလည်း ထုတ်လုပ်၏။

ပညာမတတ်သူများကလည်း ထုတ်လုပ်၏။ 

ဆင်းရဲချမ်းသာမရွေး လူတန်းစားပေါင်းစုံက ဂျင်းကို ထုတ်လုပ်၏။

 

ကွာခြားချက်ကား -

ပညာမတတ်သူများက ထုတ်လုပ်သည့်ဂျင်းမှာ အတက်လိုက်ဖြစ်ပြီး

ပညာတတ်သူများကတော့ ဂျင်းကို စားကောင်းသောက်ကောင်းဖြစ်အောင် ပြုပြင်ပြီးထုတ်၏။

အစိုးရဌာနများက ထုတ်သည့် ဂျင်းမှာ ဟိတ်ကြီးဟန်ကြီးနှင့်ဖြစ်ပြီး

ပုဂ္ဂလိကဌာနများက ထုတ်သည့် ဂျင်းမှာ စပ်ဖျင်းဖျင်းဖြစ်၏။

 

ထူးဆန်းသည်မှာ -

ဂျင်းအထုတ်လုပ်နိုင်ဆုံးဌာနမှာ ဘာသာရေးဆိုင်ရာဌာနများနှင့် ဘာသာရေးပုဂ္ဂိုလ်များ ဖြစ်နေခြင်း ဖြစ်၏။

ဘာသာရေးဂျင်းမှာ လူကြိုက်အများဆုံး၊ ဈေးကွက်အဝင်ဆုံး၊ အရောင်းရဆုံးနှင့် အစပ်ဆုံးဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဘာသာရေးဂျင်းမှာ ယခုမှထွက်လာခြင်းမဟုတ်ဘဲ နှစ် ရာပေါင်းများစွာကတည်းက ပေါ်ထွက်လာခဲ့ပြီး လူအများကြားတွင် အမြစ်တွယ်နေပြီ ဖြစ်သောကြောင့် ဖြစ်သတည်း။

 

ကျွန်ုပ်မှာ ဂျင်းသုတ်ကြိုက်သူဖြစ်၍ မည်သည့်ဌာနက မည်သည့်ဂျင်းမျိုးထုတ်သည်။

ဘာသာရေးဌာန/ပုဂ္ဂိုလ်များ၌ မည်သည့်ဂျင်းများ ရှိသည် စသည်တို့ကို အတော်စုံစုံလေး လေ့လာထားမိပါ၏။

သို့သော် ဘာသာရေးဌာန/ပုဂ္ဂိုလ်များက ထုတ်သည့်ဂျင်းများကို ထုတ်ပြလိုက်လျှင် အပြင်သွားသည့်အခါ ဟဲလ်မက် မပြတ် ဆောင်းထားရကိန်းရှိ၍သော် လည်းကောင်း -

အစိုးရဌာနများက ထုတ်သည့်ဂျင်းများကို ထုတ်ပြလျှင် ငါးပိကြော်စားရမည့်အရေးကို မြင်မိ၍သော် လည်းကောင်း  

ထုတ်ဖော်မပြဝံ့ ဖြစ်ရပါ၏။

 

ဂျင်းများထဲက အထင်ရှားဆုံးဥပမာတချို့ကို ထုတ်ပြပါမည်။


မဆလခေတ်က ဦးနေဝင်းသည် ပထမ ၄ နှစ်စီမံကိန်း၊ ဒုတိယ ၄ နှစ်စီမံကိန်း၊ တတိယ ၄ နှစ်စီမံကိန်းများ သောက်ကျိုးနဲ အောင်မြင်ခဲ့ပါသည်ဟု တတိုင်းပြည်လုံးအား ဂျင်းထည့်ခဲ့၍ မြန်မာပြည်သည် အရှေ့တောင်အာရှ၌ ထိပ်သီးဘဝမှ ဘိတ်ချီးဘဝသို့ ကျခဲ့ရ၏။


အသားမည်းမည်းနှင့် အဝါရောင်အဝတ် ဝတ်ထားသူတစ်ဦးက “မင်းကြီး၊ အသင်သည် လူပေါင်းများစွာကို သတ်သည့် အတွက် အပြစ်မရှိ၊ ထိုအထဲ၌ သီလရှိသူ (ဆိုလား) တစ်ဦးသာပါ၍ ထိုတစ်ဦးအတွက်သာ အပြစ်ရှိသည်ဟု ဘုရားဟော လိုလို ဘာလိုလိုနှင့် လူအများကို ဂျင်းထည့်ခဲ့၏။

 

ကိုဗစ်ဖြစ်ခါစကလည်း ဟိုတိုင်းပြည်ကြီးမှ ဟိုဆရာတစ်ယောက်သည် ဘာ နာမတော်ကို ရွတ်လိုက်သည်နှင့် ကိုဗစ် မဖြစ်နိုင်တော့ဆိုကာ အာပေါင်အာရင်းသန်သန်နှင့် ဆီမဆွတ်ဘဲ အသားလွတ်ထည့်နေတာမြင်ရတော့ ကျွန်ုပ်မှာ ငါးခူပြုံး ပြုံးမိပါ၏။

 

သည်ကြားထဲ မိုင် ၂၀၀၀ ဝေးလို့ ရောက်မလာတာ ဆိုသည့် ဂျင်းသုတ်ကို ကျွေးဘို့ ညပေါင်းများစွာ သုတေသနပြုလိုက် ရသော သနားစရာ ဆရာမကြီးကလည်း ရှိပါလေသေး။ ချွတ် ချွတ် ချွတ် စ်ခ်ပ်

 

လူတကာ၊ ဌာနတကာ၊ အဖွဲ့အစည်းတကာက အမျိုးမျိုးအစားစားသော ဂျင်းများကို အင်တိုက်အားတိုက် ထုတ်လုပ် လျက်ရှိရာ ကြာသော် လူတို့မှာ မည်သည်က အစစ်အမှန်၊ မည်သည်က ဂျင်း ဟူ၍ပင် မခွဲခြားနိုင်တော့သည့် အခြေအနေ သို့ ဆိုက်လျက် ရှိ၏။

 

ကျွန်ုပ်အဖို့မူ ထို ဂျင်းများအားလုံးကို စုပေါင်းယိုထိုးလျက် “၉၆ ပါး ရောဂါပျောက်သည့် အထူးစပယ်ရှယ် ဂျင်းယို” ဟုနာမည်တပ်ပြီး နံနံခြားသို့ တင်ပို့ရန် စိတ်ကူးလျက် ရှိနေပါတော့သတည်း။

 

လူများခပင်း၊ ဂျင်းထည့်ခြင်း

ကင်းရှင်းကြပါစေ။

 

အေးငြိမ်း

၃၀ မတ်လ၊ ၂၀၂၃





No comments: