Monday, December 7, 2020

ကျွန်ုပ် တရုတ်များကို ဖင်ပိတ်ကန်ချင်ရခြင်း အကြောင်း

ကျွန်ုပ်သည် တရုတ်များကို ဖင်ပိတ် ကန်ချင်မိလေ၏။

 

အဘယ်ကြောင့်ဆိုသော် ၎င်းတို့ မဟုတ်က မဟတ်က တီထွင်ထုတ်လုပ်လိုက်သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် သည်နှစ် ကျွန်ုပ် မြန်မာပြည်ပြန်လည်ခွင့် ဆုံးရှုံးသွားရသောကြောင့် ဖြစ်သတည်း။

 

(ကျွန်ုပ်အပါအဝင် လူတော်တော်များများကပင် ကိုရိုနာဗိုင်းရပ်စ်မှာ မဟုတ်က မဟတ်ကတွေစားပြီး ဖြစ်လာသည့် ဗိုင်းရပ်စ်မဟုတ်ဘဲ တမင်တကာ ဓာတ်ခွဲခန်းထဲ၌ ထုတ်လုပ်လိုက်သော ဗိုင်းရပ်စ်ဖြစ်သည်ဟု ယုံကြည်နေကြ၏။ သို့သော်လည်း မိုင် ၂၀၀၀ ကျော်ဝေးသည့် ဝူဟန်သို့ သွားရောက်ရန် ခရီးစရိတ်မတတ်နိုင်၍ ကျွန်ုပ်မှာ ထိုအမှု သေချာ မသေချာ မလေ့လာ၊ မစူးစမ်းနိုင် ဖြစ်ရလေ၏။ ဝမ်းနည်းဖွယ် ကောင်းလေစွ။

 

ကျွန်ုပ်မိတ်ဆွေကြီး ဒေါ်နယ်ထရမ့်ကမူ ဒေါသထွက်လှသဖြင့် တရုတ်တွေကို သေနတ်နှင့် ပစ်ပါမည်ချည်း တကဲကဲ လုပ်နေသဖြင့် လူအများ သေကြေပျက်စီးမည့်အရေး တွေးကာ စိတ်လျှော့ဘို့အကြောင်း ကျွန်ုပ်မှာ ၎င်းကို အတော် နားချယူလိုက်ရ၏။ ကျွန်ုပ် နားအချကောင်းသဖြင့်သာ စီနို-အမေလိကန် စစ်ဘေးကို ရှောင်ရှားနိုင်ခဲ့သည်ဖြစ်ရာ အသင်တို့သည် ကျွန်ုပ်ကို ကြံဖန် ကျေးဇူးတင်သင့်လှ၏။)

 

သူများသားသမီးတွေဆို ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်ကို ဝှဲချီးကျင်းပလိုက်တာ ကိုဗစ် ၁၉ ပင် လက်လန်ကာ တရုတ်ပြည်သို့ ပြန်ပြေးရလေသောဟူ၏။ နင့် ကိုဗစ်ကြောင့် သေလည်း တစ်ခါပဲ သေရမှာ။ နှစ် (၁၀၀) ပြည့်ပွဲဆိုတာ တစ်သက်မှာ တစ်ခါပဲ ကြုံရတာ။ နောင် ဘယ်လိုနည်းနဲ့မှ ပြန်ကြုံချင်လို့ရတော့တာ မဟုတ်။ သည်တော့ ချသာချ။

 

ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရဆိုသည့်စကားအရ ကျွန်ုပ်မှာ ကျွန်ုပ်ချစ်သော အမိမြန်မာပြည်ကြီးတွင် နေလို့မရ။ တပြေရပ်ခြား တိုင်းတပါး၌ အောင့်အည်းသည်းခံကာ နေနေရလေ၏။ ကျွန်ုပ်၏ တစ်ဦးတည်းသော သားတော်မောင်မှာ ယခုမှ လူပျိုဖြစ်ကာစ ရှိသေးရာ သူ့ချည်းထားခဲ့ပြီး တရားစခန်းသွားဝင်နေလို့မဖြစ်။ 

 

သို့အတွက် အလွမ်းပြေအဖြစ် ကျွန်ုပ်တို့သည် တစ်နှစ်တစ်ခါ မြန်မာပြည် အလည်ပြန်လေ့ရှိ၏။ သားတို့ကျောင်းက နိုဝင်ဘာ လလယ်မှ ဒီဇင်ဘာ လကုန်ထိ ပိတ်သည်ဖြစ်ရာ ထို ကျောင်းပိတ်ရက်များအတွင်း မြန်မာပြည်ကို ပြန်၏။ အသင်တို့သည် နိုင်ငံရပ်ခြားမှ မြန်မာပြည်သို့ပြန်ဖူးသည့် အတွေ့အကြုံမရှိသည်ဖြစ်အံ့။

မြန်မာပြည်ပြန်ရသည့်အရသာကို အသင်တို့ ခံစားတတ်မည်မဟုတ်။ သို့ဖြစ်သောကြောင့် ကျွန်ုပ်ရေးပြလည်း အသင်တို့ ခံစားနိုင်မည် မဟုတ်ချေ။

 

မြန်မာပြည်ပြန်ရတာ ပီဘိ ရက်တိုတိုကလေးဖြစ်၏။ 

သို့သော် ခံစားရသည့် ဖီလင်မှာ ပုပ္ဖ၊ မုဉ္စ၊ ပရ ကာလအားဖြင့် ရက်အတန်ကြာလေသည်။ 

 

မြန်မာပြည်ပြန်မည်ဆိုကတည်းက ဘယ်ရက်ပြန်မည်၊ ဘယ်တွေသွားမည်၊ ဘယ်သူတွေနှင့်တွေ့မည် စသဖြင့် တွေးရတာကိုက ပျော်စရာကြီးဖြစ်၏။ သည်အပျော်မှာ လေယာဉ်လက်မှတ်ဝယ်ရ၊ ဟဲ့၊ ပတ်စ်ပို့တွေ အကုန်ပါပလား။ ဘယ်သူ့ဘို့ ဘာဝယ်သွားဘို့ မမေ့နဲ့အုံး နှင့် ပြန်မည့်ရက်နီးလေ အရှိန်တက်လေ ဖြစ်၏။

 

ကျွန်ုပ်က လေယာဉ်နှင့် ခရီးသွားရတာကို အလွန်သဘောကျ နှစ်သက်၏။ လေယာဉ်ကွင်းကို သွားရတာ၊ လ.ဝ.က ဖြတ်တာ၊ လေယာဉ်စောင့်တာ၊ လေယာဉ်စီးရတာတို့မှာ အလွန်စမတ်ကျလှ၏။ 

 

မြန်မာပြည်ကို လေယာဉ်ပေါ်က စီးကြည့်ရတာလည်း တမျိုးကြည်နူးစရာ ကောင်းလေသည်။ အင်း - ငါတို့ပြည် ပြန်ရောက်တော့မှာပါလား ဟူသည့်အသိက ခုန်နေသည့် ရင်တစုံကို ပိုမိုနွေးထွေးစေသည်။

 

ကောင်းကင်ပေါ်၌ တိမ်များအကြားတွင် ဘာကိုမှ မမြင်ရသည့်အချိန် စာဖတ်ကာနေတတ်သော်လည်း မြေပြင်ကို မြင်ရသည့်အချိန်၌ ပတ်ဝန်းကျင်အလှကို ငေးမောကြည့်ကာ ကျွန်တော် လိုက်ပါလာတတ်၏။ 

 

လေဆိပ်မှထွက်ကာ ရန်ကုန်မြို့ကြီးကို ခြေချမိသည့်အခါတွင်မူ လပေါင်းများစွာ စောင့်စားခဲ့ရသည့် အာသီသတို့ ပြေပျောက်သွားရပေတော့သည်။ 

 

မြန်မာပြည်တွင် ဆွေမျိုးသင်္ဂဟ၊ မိတ်ဆွေတို့နှင့် တွေ့ကြဆုံကြ၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောင်းပြောကြ၊ ရီကြမောကြသည့် အချိန်များမှာမူ မမေ့နိုင်စရာ အချိန်များပင် ဖြစ်တော့၏။ 

 

ကျွန်ုပ်က တောမှာမွေးလာတာဖြစ်၍ ဘယ်နေရာမှာ ဘယ်လောက်ကြာအောင် နေသည့်တိုင် တောဟင်း၊ တောကြွေးများကိုသာ တောင့်တပါသည်၊ ခံတွင်းတွေ့ပါသည်။ ထိုတောဟင်းလျာများ စားရဘို့ဆိုတာ မြန်မာပြည် မပြန်ဘဲနှင့် ဘယ်လိုမှ မဖြစ်နိုင်။ ငါးပိချက်နှင့် ဟင်းညို၊ ချဉ်ဟင်းတို့မှာ ကျွန်ုပ်အတွက် ဘယ်တော့မှ မရိုးနိုင်သည့် ဟင်းလျာများ ဖြစ်၏။ 

 

တခါ ရက်စေ့လို့ စင်ကာပူပြန်ရတော့မည် ဆိုပြန်တော့ ရင်ထဲမှာ ဘာဂလိုတိုတိုကြီး ဖြစ်ရပြန်၏။

သို့သော် သိပ္ပံမောင်ဝရေးသလို တာဝန်ဝါးခြမ်းကို ကြောက်ရပြန်တော့ မသွားလို့ကလည်း မဖြစ်ပြန်။

မြန်မာပြည်ပြန်စဉ်က အလွန်တက်ကြွခဲ့သည့် ခြေလှမ်းများမှာ စင်ကာပူကိုတစ်ခေါက် ရောက်ရပြန်တော့မည်ဆိုတော့ အလွန်လေးလံလွန်းလှပေသည်။

 

စင်ကာပူပြန်ရောက်ပြန်တော့ မြန်မာပြည်ကရလာသည့် အရသာကလေးများကို ပြန်ပြောင်းစမြုံ့ပြန်ရတာလည်း တမျိုး မြိန်ရပြန်၏။ ရိုက်လာခဲ့သည့် ဓာတ်ပုံကလေးများကို ဖန်တရာ တေနေအောင် ကြည့်ရင်း မြန်မာပြည်တုံးက ရခဲ့သည့် အပျော်ကလေးများကို အနည်းငယ် ပြန်ရနိုင်လေသည်။

 

သည်နှစ်အတွက်မူ -

မြန်မာပြည်ကို အလည်ပြန်ဘို့ဆိုတာ ဘယ်နည်းနှင့်မှ မဖြစ်နိုင်တော့ပြီ။

ကျွန်ုပ်မှာ အင်း၊ မနှစ်ကဆို ငါတို့ အခု ဘယ်သွားနေပြီ စသဖြင့် စိတ်ကူးဖြင့်သာ လွမ်းရလေတော့သည်။

ဤသည်ကို တွေးမိလေ ကိုရိုနာဗိုင်းရပ်စ်ကို တီထွင်ခဲ့သည့် တရုတ်များကို ဖင်ပိတ်ကန်ချင်မိလေ ဖြစ်တော့၏။

 

ကျွန်ုပ်သာ လုပ်လို့ရမည်ဆိုလျှင် ထိုတရုတ်များကို ကျွန်ုပ်တို့အိမ်နောက်ဘက်မှ ကမ်းပါးထိပ်တွင် ဖင်လှန် တန်းစီခိုင်းကာ ငဝန်မြစ်အတွင်း အဘား၊ အဘားအော်ပြီး ထိုးဆင်းသွားအောင် နောက်မှနေ၍ ဖနောင့်နှင့် အသားကုန် ပေါက်ချမိမည် ဖြစ်ပါတော့သတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၇ ဒီဇင်ဘာလ၊ ၂၀၂၀

No comments: