Friday, November 25, 2016

စောင့်ဆိုင်းခြင်း အနုပညာ

(၁) စောင့်ဆိုင်းခြင်း အနုပညာ

“အချိန်နှင့်ဒီရေသည် လူကိုမစောင့်” (Time and Tide Waits For No Man.) ဟူသော အင်္ဂလိပ်စကားပုံသည်ရှိ၏။
ကျွန်ုပ်တို့ကသာ အချိန်ကိုစောင့်ရသည်။ အချိန်မူကား ကျွန်ုပ်တို့ကို မစောင့်ချေ။
အခါများစွာပင် ကျွန်ုပ်တို့သည် စောင့်ဆိုင်းခြင်းတည်းဟူသော အမှုကို ပြုကြရ၏။
သို့ဆိုလျှင် ကျွန်ုပ်တို့သည် ဤသို့စောင့်ဆိုင်းနေစဉ် အကျိုးရှိသော စောင့်ဆိုင်းခြင်းကို ပြုကြပါသလော။
ပြောရလျှင် လူ (၁၀၀) ၌ (၅) ယောက် သို့မဟုတ် ထို့ထက်ပိုနည်းသော အရေအတွက်ကသာ စောင့်ဆိုင်းခြင်းကို အကျိုးရှိအောင် ပြုကြသည်။ များစွာသောသူတို့မှာ စောင့်ဆိုင်းခြင်းတည်းဟူသောအရာကို အလဟဿ ဖြုန်းတီးပစ်ကြ သည်သာဖြစ်၏။

ယခု “အကျိုးရှိအောင်စောင့်ဆိုင်းခြင်း” အကြောင်း ရေးလိုက်ပါသည်။ ဤသည်မှာ “စောင့်ဆိုင်းခြင်း အနုပညာ” ဖြစ်၏။
စဉ်းစားချင့်ချိန်ပြီး ယူလိုလျှင်ယူ၊ အသုံးချလိုက အသုံးချကြရန် ဖြစ်ပါသည်။

(၂) ခရီးသွားရာ၌ စောင့်ဆိုင်းရခြင်း

လူတိုင်း အနည်းနှင့်အများ ခရီးသွားကြရသည်။

အသင်သည် မြို့ထဲသို့ ဘတ်စ်ကားဖြင့် သွားသည်ဖြစ်အံ့။ ဘတ်စ်ကားလာသည်ထိ စောင့်ရမည်။ ဘတ်စ်ကားစီးနေစဉ် မြို့ထဲရောက်သည်ထိ စောင့်ရမည်။ အထူးသဖြင့် ရန်ကုန်မြို့လို့ ကားကြပ်သည့် နေရာများတွင် ကားလမ်းပိတ်နေပါက ကားပေါ်တွင် အကြာကြီးစောင့်နေရမည်။ ကားလမ်းပိတ်နေတာကို ဘာမှလုပ်လို့မရ။ သည်အတိုင်း စောင့်နေရမည်သာ ဖြစ်လေသည်။ ဤသည်မှာ တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ်။ ရန်ကုန်မြို့အတွင်း ခရီးသွားနေသမျှ ကာလပတ်လုံး ဤဒုက္ခကို ကြုံရမည်သာ ဖြစ်၏။ ထိုအခါ ထိုစောင့်နေရသည့်အချိန်များကို အလဟဿ ဖြုန်းတီးမပစ်ဘဲ တန်ဘိုးရှိစွာ အသုံးမချသင့်ပါသလော။

ခရီးဝေးသွားမည်ဆိုလျှင် အဝေးပြေးကွင်းသို့ ကားထွက်ခါနီးမှ သွားလို့ရတာမဟုတ်။ ကြိုသွားရတာဖြစ်သည်။ ထိုအခါ အဝေးပြေးကွင်းတွင် ကားမထွက်မချင်း စောင့်ရမည်။ ကားထွက်သည့်အခါလည်း မိမိသွားလိုသည့်ဒေသသို့ရောက်ရန် နာရီပေါင်းများစွာ စီးရမည်။ သည်နာရီပေါင်းများစွာကို အသင်မည်ကဲ့သို့ အသုံးချမည်နည်း။ ဘေးဘီဝဲယာသို့ ငေးမောရင်း လိုက်ပါမည်လော။ အိပ်လိုက်မည်လော။ သို့မဟုတ် ဘာမှမလုပ်ဘဲ ဟိုကြည့်သည်ကြည့်နှင့် အချိန်ကုန်မည်လော။ သို့မဟုတ် ကားပေါ်တွင် ဖျော်ဖြေရေးအတွက် ပြသထားသော ဗီဒီယိုမှ အာခေါင်ခြစ်၍ အတင်းငိုနေသည်များ၊ အော်ဟစ်ဆဲဆိုနေသည် များနှင့် အိုဗာအက်ရှင်များကို မနိုင့်ရင်ကာ အောင့်အည်းသည်းခံ ကြည့်နေမည်လော။

မြစ်ကြောင်း၌ သင်္ဘောခရီးဖြင့် သွားရလျှင် ပိုကြာသေးသည်။ လေယာဉ်ဖြင့် ခရီးသွားသည့်အခါ၌လည်း check in လုပ်ရန် လေယာဉ်ကွင်းသို့ ၂ နာရီခန့် စောရောက်ရ၏။ ထိုအခါ လေယာဉ်ထွက်သည်ထိ အနည်းဆုံး တစ်နာရီကျော် စောင့်နေရမည်။ ထို့ပြင်လေယာဉ်စီးချိန်မှာလည်း နာရီအတော် များများယူ၏။ ထိုနာရီများကို သည်အတိုင်း ဖြုန်းပစ်မည်လော။ တစ်ခုခု အသုံးချမည်လော။

အကယ်၍ သင်သည် မကြာခဏ ခရီးရှည်သွားရသူဖြစ်ပါက သင့်ဘ၀၏ နာရီပေါင်းများစွာကို ကား၊ ရထား၊ လေယာဉ်များပေါ် တွင် ကုန်ဆုံးရပေလိမ့်မည်။ သို့ဆိုလျှင် ထိုအချိန်များကို သင်သည် အိပ်နေခြင်းဖြင့်သော်လည်းကောင်း၊ ဟိုငေးသည်ငေးဖြင့် သော်လည်းကောင်း ကုန်ဆုံးစေမည်လော။ များသောအားဖြင့်တော့ ဤကဲ့သို့သာ အချိန်ကုန်ကြတာ ဖြစ်၏။


(၃) ဆေးရုံစောင့်ရာ၌ စောင့်ဆိုင်းရခြင်း

လူဟူသည် သွေးနှင့်ကိုယ် သားနှင့်ကိုယ် ဖြစ်သောကြောင့် လူတိုင်း ဖျားဖူး၊ နာဖူး၊ မကျန်းမာဖူးကြသူချည်း။ ထိုအခါ ဆေးရုံ၊ ဆေးခန်းများသို့ သွားကြရသည်။ ဆေးရုံ၊ ဆေးခန်းသွားရပြီဆိုလျှင် စောင်၊ ခြင်ထောင်များပါ ယူသွားလို့ရသည်။ ကိုယ်ပြမည့် ဆရာဝန်ကြီးက ဟိုဘက်ဆေးခန်းမှာ လူနာတွေမပြတ်သေးလို့ဆိုလျှင် စောင့်ပါလေရော့ တမေ့တမော။

နောက်ပြီး လူကြီးမိဘများဆေးရုံတက်ရသည့်အခါ လူနာစောင့်ဖူးကြပါလိမ့်မည်။ လူနာစောင့်ဟူသည် လူနာကို စောင့်နေရတာ ဖြစ်၍ တခြား ဘာမှလုပ်စရာမရှိ။ ထိုအချိန်များကိုရော အသင် ဘယ်ကဲ့သို့ ကုန်ဆုံးခဲ့ပါသနည်း။

ကျွန်တော် စက်မှုတက္ကသိုလ်တက်နေစဉ် နောက်ဆုံးနှစ် (၁၉၈၆) ခုနှစ်တွင် ကျွန်တော်တို့၏ ကျွေးသမိခင် အရီးမယ်ဟံ ဆေးရုံတက်ရ၏။ သူ့ရောဂါကို ကျွန်တော် သေသေချာချာမသိပါ။ သွေးနှင့်သက်ဆိုင်သော ရောဂါတစ်ခုခုဖြစ်၏။ ဆေးရုံတွင် သွေးဖောက်၍ အမြဲ platelet count (အရီးကတော့ ဆရာဝန်များပြောတာမှတ်ထားပြီး ပလိပ်လက်ကောက် ဟု ခေါ်သည်) တိုင်းသည်။ ထိုစဉ်တုံးကတော့ တိုင်း၍ရသော တန်ဘိုးများကို ကျွန်တော် မှတ်ထားသေး၏။ ခုတော့ မရှိတော့ပါ။

အရီးကိုထိုးရသောဆေးမှာ အက်သာဂျယ် ဟူ၏။ ဆေးက အလွန်ဈေးကြီးသည်။ တစ်လုံးလျှင် ၁၀၀ ကျော်ပေးရသည်။ ထိုစဉ်က ကျွန်တော့် ကျောင်းလခမှာ တစ်လ ၃၀။ ကျွန်တော့်အသုံးစရိတ်ကလည်း တစ်လ ၃၀။ ခေါက်ဆွဲကြော်၊ ထမင်းကြော် တစ်ပွဲ ၆ ကျပ်။ လေဟာပြင်ဈေးမှ ထမင်းပေါင်းတစ်ပွဲ ၃ ကျပ်။ စပါကလင်၊ ဗင်တိုစသော စက်မှုထုတ် အအေးတစ်ပုလင်း ၁ ကျပ်။ ကျွန်တော်တို့မှာ ချမ်းသာသူများမဟုတ်ရကား ဆေးတစ်ခါဝယ်လျှင် ကျွန်တော်တစ်ခါ ဦးဏှောက်ခြောက်ရသည်။
သွေးသွင်းရတာကလည်း မူလက တစ်လလျှင် တစ်လုံး။ နောက်တော့ ၂ ပတ် တစ်လုံး။ နောက်တော့ တစ်ပတ် တစ်လုံး စသဖြင့် တဖြည်းဖြည်း စိပ်လာသည်။ သို့တိုင် အရီးခမျာ ကြာကြာမခံပါ။ ကျွန်တော် အာစရိယပူဇော်ပွဲကိစ္စနှင့် အလုပ်ရှု့ပ် နေစဉ် ကွယ်လွန်သွားပါသည်။ အလောင်းကို မည်ကဲ့သို့စီရင်လိုက်သည်ကိုပင် မသိလိုက်။

ထိုစဉ်ကာလများက ကျောင်းတက်ချိန်မှလွဲပြီး အချိန်တော်တော်များများ ကျွန်တော် အရီးထံတွင် ရှိနေ၏။ လူလေးရေ၊ ဘာလေးစားချင်လိုက်တာ ဆိုလျှင် ကျွန်တော်လည်း ရန်ကုန်ထဲရှိသမျှဆိုင်များ လိုက်လံမွှေနှောက်ရှာဖွေ ၀ယ်ပေးပါသည်။ ပြောရလျှင် ကျွန်တော့်ဘ၀၌ ဆေးရုံစောင့်ရတာ အရှည်ကြာဆုံးကာလများမှာ ထိုအချိန်များပင် ဖြစ်၏။ ကျွန်တော့်စိတ်ထင် ၆ လ လောက်ကြာသည်ထင်ပါသည်။ သိပ်မမှတ်မိတော့ပါ။

ကျွန်တော်က ကျောင်းတက်နေဆဲကာလမို့ ထိုအချိန်က ဆေးရုံစောင့်ချိန်များတွင် စာကျက်ခဲ့၊ စာဖတ်ခဲ့သည်ဟု မှတ်မိပါ သည်။ အဲလေ၊ ကုတင်ချင်းကပ်လျက်က လူနာစောင့် ကောင်မလေးတွေနဲ့လည်း ဟဲဟဲ၊ မိတ်ဖြစ်ဆွေဖြစ် စကားပြောသပေါ့။ တစ်ယောက်က အလုံသစ်တောဝင်းမှ ယောက်ျားလျှာမလေး ဖြစ်ပြီး နောက်တစ်ယောက်မှာ မေတ္တာညွန့်ရပ်ကွက်မှ ဖြစ်သည်။ မေတ္တာညွန့် ရပ်ကွက်မှ ကောင်မကလေး၏ အမေမှာ အရီးနှင့် ရောဂါတူဖြစ်သည်။ သည်တော့ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်။ သူတို့နှင့် အတော် ရင်းနှီးခဲ့သည်။

နောက်ပြီး ကိစ္စရှိ၍ ဌာနတစ်ခုခုမှ လူကြီးတစ်ဦးဦးနှင့် တွေ့ရမည် ဆိုပါစို့။ ထိုလူကြီးများသည်ကား နိုင်ငံတော်တာဝန်များဖြင့် မအားလပ်အောင် အလွန်အလုပ်များလေရာ သူတို့အခန်းရှေ့တွင် တမေ့တမော ထိုင်စောင့်နေရပါလိမ့်မည်။

ထိုမျှသာမက စည်းဝေးပွဲမစခင်စောင့်ရခြင်း၊ သူငယ်ချင်းများနှင့်ချိန်းထားစဉ် ရောက်မလာသေးသဖြင့် စောင့်ရခြင်း၊ ဘာအတွက်စောင့်ရခြင်း စသဖြင့် ကိစ္စမျိုးစုံအတွက်၊ နည်းမျိုးစုံဖြင့် စောင့်စရာ အကြောင်းကိစ္စများ ရှိကြပါသည်။ သို့အတွက် အနှီစောင့်ဆိုင်းရသော အချိန်များတွင် ကျွန်ုပ်တို့အတွက် အကျိုးရှိအောင် တစ်ခုခုမလုပ်သင့်ပါသလော။ အမှန်ပင် လုပ်သင့်ပေ၏။

(၄) စောင့်ဆိုင်းနေစဉ် စာဖတ်ခြင်း

စာဖတ်နေသူသည် သွားနေသူဖြစ်ပြီး စာမဖတ်သူမှာ သေနေသူဖြစ်၏။ ကျွန်ုပ်တို့သည် ခန္ဓာကိုယ်အဟာရအတွက် အစာစားရန်လိုသကဲ့သို့ စိတ်အဟာရအတွက် စာဖတ်ရန်လို၏။ လောကကြီးမှ သင်ယူစရာရှိသည်များကို သင်ယူရန် အကောင်းဆုံးသော နည်းလမ်းမှာ စာဖတ်ခြင်းပင် ဖြစ်၏။

ကျွန်ုပ်တို့တွင် အချိန်အကန့်အသတ်၊ ငွေရေးကြေးရေးအကန့်အသတ် စသည့်အကန့်အသတ်များကြောင့် လောကကြီးကို ကိုယ်တိုင်ကိုယ်ကျ လေ့လာဘို့ရန် မလွယ်ကူလှ။ သို့မလွယ်ကူသည့်တိုင် ကျွန်ုပ်တို့သိချင်သည့်အကြောင်းအရာများကို စာအုပ် များအတွင်းမှ လေ့လာသင်ယူနိုင်သည်။

နိုင်ငံခြားမှ မြို့ကြီးများအကြောင်း သိဘို့ရာ ထိုမြို့ကြီးများသို့ ကိုယ်တိုင်သွားစရာမလို။ အခြားတိုင်းပြည်များမှ လူမျိုးများ၏ နေပုံထိုင်ပုံ၊ ယဉ်ကျေးမှုအကြောင်း သိဘို့ရာ ထိုတိုင်းပြည်သို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်နေထိုင် လေ့လာစရာမလို။ စကြာဝဠာကြီးအကြောင်းသိဘို့ရာ၊ အပင်များအကြောင်း၊ တိရိစ္ဆာန်များအကြောင်း၊ နိုင်ငံခေါင်းဆောင်ကြီးများအကြောင်း၊ ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေသလိုဆိုတာ စာအုပ်များမှတဆင့် သိနိုင်လေသည်။

ထိုသို့သိဖို့ရာ စာဖတ်ဖို့လိုသည်။ စာဖတ်မှသိမည်။ ထိုသို့သိပါမှ အကြောင်းအရာတစ်ရပ်ကို ဟုတ်၏၊ မဟုတ်၏၊ မှန်၏၊ မမှန်၏ တော်၏၊ မတော်၏ဆိုသည်ကို မိမိကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဆုံးဖြတ်နိုင်မည်။

ထို့ကြောင့် အချိန်ရတိုင်း အခွင့်အရေးရတိုင်း စာဖတ်သင့်သည်။ စာဖတ်နေရန်လိုသည်။

ပြန်ကောက်ရလျှင် အထက်တွင်ဖော်ပြခဲ့သော နည်းမျိုးစုံဖြင့် စောင့်ဆိုင်းရမည့်အချိန်များတွင် စာဖတ်လို့ရသည်။ စာဖတ်ခြင်း ဖြင့် ထိုစောင့်ဆိုင်းနေရမည့်အချိန်များကို ကုန်ဆုံးစေသင့်သည်။

ထိုသို့ဖတ်နိုင်ရန် သွားလေရာတွင် အနည်းဆုံး စာအုပ်တစ်အုပ်ယူဖြစ်အောင် ယူသွားပါ။ စာအုပ်တစ်အုပ်၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်တစ်စောင်စောင် ကိုယ်နှင့်မကွာ ဆောင်ထားပါ။ ခဏလေးပဲစောင့်ရစောင့်ရ၊ ၅ မိနစ်စာရသည်ပဲဖြစ်ဖြစ် စာဖတ်နိုင် ပါသည်။ ဆောင်းပါးတစ်ပုဒ်ပဲရရ၊ သတင်းတစ်ပုဒ်ပဲဖြစ်ဖြစ် ဖတ်လို့ရသည်။

ယခုခေတ်တွင် နေရာအတော်များများ၌ ဖေ့စ်ဘုတ်ဖတ်လို့ရသဖြင့် အတော်အဆင်ပြေပါ၏။ သို့သော် ဖေ့စ်ဘုတ်ဆိုသည်မှာ ဟုတ်တာရော၊ မဟုတ်တာရော။ အကျိုးရှိတာရော အကျိုးမရှိတာများပါ ရောနေသည်ဖြစ်ရာ မိမိအတွက် အကျိုးရှိမည့်စာကို ရွေးဖတ်ဖို့တော့ လိုပါသည်။ ဖေတော့မောင်တော့များနှင့် အချိန်မကုန်ပါစေနှင့်။

ယခုခေတ်ပေါ် စမတ်ဖုံးများတွင်လည်း စာအုပ်များထည့်ထားပြီး ဖတ်လို့ရပါသည်။ ဖေ့စ်ဘုတ်ပေါ်တွင်ပေးထားသော download link များမှ စာအုပ်များကို သိမ်းထားပြီး ကြိုက်သည့်အချိန် ကောက်ဖတ်လို့ရ၏။

ပေါ်ခါစတုံးက ဖုံးများမှာ စာအုပ်များကို download လုပ်ရ၊ save လုပ်ရတာ အဆင်မပြေ။ ထို့ကြောင့် ကျွန်တော်က email တွင် attach လုပ်ပို့ကာ ထို attachment ကို ဖွင့်ကာ ဖတ်ပါသည်။ မသီတာ၏ စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်။ လုပ်ကြံမှုကြီး တွင် ပါဝင်ခဲ့သည့် သုခအကြောင်း စသည့်စာအုပ်များကို ဤနည်းနှင့် ဖတ်ခဲ့တာဖြစ်၏။

ယခုတော့ စာဖတ်လို့ရသည့် အီလက်ထရောနစ်ပစ္စည်းများ များစွာပေါ်နေသည်ဖြစ်ရာ မခဲယဉ်းတော့ပါ။ လက်ကိုင်ဖုံးများ၊ အိုင်ပက်၊ တက်ပလက်၊ Kindle eBook reader, iBook, iCloud, pCloud, dropbox, mediafire စသည်ဖြင့် နည်းမျိုးစုံဖြင့် စာဖတ်လို့ရသည်။ အိမ်သာတက်ရင်းပင် အလွယ်တကူ ဖတ်လို့ရသည်။

ကျွန်တော့်ထံ၌ ထောင်နှင့်ချီသော စာအုပ်များရှိရာ ထိုစာအုပ်များ၏ ထက်ဝက်ကျော်မှာ မဖတ်ရသေးသော စာအုပ်များဖြစ်၏။ ထို့ကြောင့် ယခု ထိုစာအုပ်များကို အားသည့်အခါတိုင်း scan ဆွဲကာ သိမ်းနေပါသည်။ ဖတ်လိုသောစာအုပ်များကို တက်ပလက်တွင်ထည့်ကာ အခါအခွင့်သင့်တိုင်း ဖတ်၏။

ထို့ပြင် စင်ကာပူမှစာကြည့်တိုက်များတွင် စာအုပ်အမျိုးအစား ဒါဇင်ပေါင်းများစွာရှိလေရာ ထိုစာကြည့်တိုက်များမှ စာအုပ်များ ကိုလည်း နည်းနည်းချင်းရှာဖွေ စုဆောင်းလေ၏။ တစ်ခုကောင်းသည်မှာ စာအုပ်များကို အွန်လိုင်းမှ ရှာလို့ရသည်။ ကိုယ်ကြိုက်သည့်စာအုပ်ကို စင်ကာပူနိုင်ငံ မည်သည့်နေရာတွင်ရှိသော စာကြည့်တိုက်မှမဆို ကိုယ်နှင့်အနီးဆုံး စာကြည့်တိုက် သို့ မှာယူလို့ရသည်။ တစ်ခါငှားလျှင် စာအုပ် ၈ အုပ်ကို သုံးပတ် ငှားလို့ရသည်။ မပြီးသေးလျှင် အွန်လိုင်းမှပင် ရက်တိုးလို့ ရသည်။

မိတ်ဆွေတို့ ဗဟုသုတရအောင် စင်ကာပူမှ စာကြည့်တိုက်များအကြောင်း ဆက်ရေးပါဦးမည်။

နိဂုံးချုပ်ရလျှင် -

အကြောင်းအမျိုးမျိုးကြောင့် ကျွန်ုပ်တို့ စောင့်ဆိုင်းကြရသည်။
ထိုစောင့်ဆိုင်းချိန်များကို အလဟဿမဖြစ်စေဘဲ စာဖတ်ခြင်းဖြင့် ကုန်ဆုံးစေကြဘို့ -
အလေးအနက်ထား တိုက်တွန်းလိုက်ရပါကြောင်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၅ နိုဝင်ဘာ၊ ၂၀၁၆။ နံနက် ၆း ၀၁ နာရီ

(စာမေးပွဲနဲ့ မအားလို့မို့ အခုမှ စာရေးနိုင်သဗျို့။)

No comments: