Monday, February 13, 2012

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၁၆-က)




ထောက်ကြံ့ ကလေးပြုစုစောင့်ရှောက်ရေးဌာနသို့ အ၀တ်အထည်များ သွားရောက်လှူဒါန်းပုံ

ရွှေဂုံတိုင် ကလေးပြုစုစောင့်ရှောက်ရေးဌာနသို့ အ၀တ်အထည်များ သွားရောက်လှူဒါန်းပုံ

(၆၁) မြန်မာပြည် ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်ရာတွင် အဓိက အနှောက်အယှက်ဖြစ်စေသော အချက်များ



ကျွန်တော်ကား စီးပွားရေးပညာရပ်ကို နကန်းတစ်လုံးမှ နားလည်သူမဟုတ်။ သို့သော်ငြားလည်း ယခုကဲ့သို့ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောအခါမှ စင်ကာပူနိုင်ငံသည် အနှစ် ၃၀ အတွင်း Third World မှ First World အဖြစ် ထိုးတက်သွားချိန်၌ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဤအနှစ် ၃၀ အတွင်း LDC (Least Development Country) အဖြစ် ဇောက်ထိုးမိုးမျှော် ကျဆင်း သွားရတာ ဒါတွေကြောင့်ပါလားဟု ရေးရေးမျှ သဘောပေါက်မိပါတော့သည်။

နေရာတကာ စင်ကာပူနှင့်နှိုင်းနှိုင်းပြောနေရတာ ကိုယ့်ကိုယ်ကိုယ်တောင် ရှက်မိပါသည်။ သို့သော် ကိုယ်သိတာကလည်း စင်ကာပူတစ်နိုင်ငံပဲ ရှိလေတော့ ယခုလည်း စင်ကာပူနှင့်ပဲနှိုင်းရပါဦးမည်။ ဤသို့ဆိုလိုက်ခြင်းဖြင့် စင်ကာပူကဲ့သို့ နေရာတကာ အကုန်ပြည့်စုံကောင်းမွန်နေရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ သူတို့လုပ်ထားတာ နမူနာယူနိုင်အောင် အနည်းငယ်ပြခြင်းမျှ ဖြစ်၏။

အောက်တွင် စင်ကာပူ ICA (လ.၀.က) ဌာနမှ လျှောက်လွှာတင်ရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ ဖော်ပြထားတာကို နမူနာ ထည့်ပြလိုက်ပါသည်။
(စင်ကာပူ၌နေထိုင်သူများ သည်းခံပါခင်ဗျား။ မြန်မာပြည် စာဖတ်ပရိသတ် သိစေရန် ထည့်သွင်းဖော်ပြခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့်လည်း သူများသားသမီးတွေ ဘယ်လိုလုပ်နေသလဲ။ ငါတို့ရော ဘာတွေမှားနေပြီး ဘာတွေပြင်ရမလဲ ဆိုတာ ကျွန်တော်တို့ကို သဟောက်သဟာလုပ်ခဲ့သော အရာရှိမင်းများ ဝေဖန်နိုင်ရန်၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်နိုင်ရန် ထည့်လိုက်တာ ဖြစ်ပါသည်။ ဤကား စကားချပ်)


ထို့ပြင် မည်ကဲ့သို့လုပ်ရမည်။ မည်မျှကြာမည်။ ဆောင်ရွက်ခ မည်မျှပေးရမည် စသည်တို့ကို အသေးစိတ်ဖော်ပြထားတာ လေ့လာကြည့်ပါ။

မိမိလျှောက်လွှာ ကျ၊ မကျမည်ကဲ့သို့ ကြည့်ရမည်ကိုလည်း ဖော်ပြထားပါ၏။ ရုံးသို့လူကိုယ်တိုင်လာလျှင် မည်သည့်အချိန်များ တွင် လူကြပ်တတ်သည်။ မည်သည့်အချိန်လာလျှင် လူချောင်မည် စသည်ကိုလည်း ဖော်ပြထားပါ၏။

သည်တော့ မည်သည့်လျှောက်လွှာအတွက် မည်သည့် စာရွက်စာတမ်းများ လိုမည်။ မည်သည့်နေရာသို့သွားကာ မည်ကဲ့သို့ လုပ်ရမည်။ လုပ်ခမည်မျှပေးရမည်။ ဘယ်လောက်ကြာရင်တော့ အဖြေသိရမည် စသည်တို့ကို သိရသည်။

သည်လို အားလုံးသိထားတော့ လုပ်ရတာ မလွယ်ပါလား။ ဘယ်သူ့မျက်နှာမှ ဆင့်ဟိုဒင်း ခွေးမျှော်သလို ကြည့်စရာ မလိုတော့။ ကိုသောင်းတန်တို့၊ မမတို့လို မနက်စာ ငတ်လိုငတ်၊ နေ့လည်စာ ငတ်လိုငတ်၊ ဘယ်အချိန်မှ ဖူးမြော်ရမှန်းမသိသော လူကြီးမင်း များ၏ မျက်နှာတော်များအား အချိန်မရှိ၊ အချိန်ရှိ အကန့်အသတ်မဲ့ စောင့်စရာမလိုတော့။ ဤသည်မှာ ဤတစ်နေရာတည်း မဟုတ်။ မြန်မာနိုင်ငံသားမှန်လျှင် မြန်မာနိုင်ငံမှ ရုံးများသို့ သွားဖူးသူချည်း။ ထိုရုံးများသို့သွားသူတိုင်း ဤကဲ့သို့ စိတ်ညစ်စရာ များကို ကြုံခဲ့ရဖူးသူချည်း။

ဤသည်ပင်လျှင် အနှစ် ၃၀ အတွင်း မြန်မာပြည်ကြီးကို LDC ဘ၀ရောက်အောင် ဆွဲချခဲ့သော အကြောင်းများအနက် တစ်ခု ဖြစ်ပေလေတော့သတည်း။ ရှေးလူကြီးများကတော့ ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင်လုပ် ဟု သွန်သင်ခဲ့ ပါသည်။ သို့သော် မြန်မာဗျူရိုကရက်လူကြီးများကတော့ အပ်နှင့်ထွင်ရမှာကို ဒါးနှင့်ခွဲရအောင်၊ ဒါးနှင့်ခွဲရမှာကို ပုဆိန်နှင့်ပေါက် ထုတ်ရအောင် လုပ်ကြသူချည်း။ မှန်မှန်ကန်ကန် လုပ်ပေးသူ လူကြီးများလည်း ရှိကောင်းရှိပါလိမ့်မည်။ သို့သော် ကျွန်တော် ယခု အသက် ၅၀ ကျော်သည့်တိုင် မှန်မှန်ကန်ကန်လုပ်ပေးသည့်လူကြီး တစ်ဦးတစ်ယောက်နှင့်မျှ မကြုံခဲ့ရဖူးပါ။

မသိနားမလည်သော ပြည်သူအပေါင်းကို ပညာပြရန် မလိုလားအပ်သော အဆင့်များခံထားခြင်းဖြင့် အများပြည်သူတို့မှာ ဒုက္ခများ၊ လုပ်ငန်းမှာလည်း နှောင့်နှေးကြန့်ကြာလှပါသည်။ အကျိုးဆက်အနေနှင့် ဤကဲ့သို့ကြုံရဖန်များလာသော ပြည်သူတို့ မှာ ဤဒုက္ခများကို သည်းမခံနိုင်သဖြင့် ကြားထဲမှ လုပ်ပေးမည့်သူများကို ချဉ်းကပ်ရတော့သည်။ ဤသို့ဖြင့် ပွဲစားဟူသော လူတန်းစားတစ်ရပ် အစိုးရရုံးပြင်ကန္နားများတွင် တရားဝင်ပေါ်ထွန်းလာပါတော့သတည်း။ 

ပြည်သူအပေါင်းကို သဟောက်သဟာနှင့် ပညာပြတတ်သော အထက်ပါ အရာရှိမင်းများမှာ ပွဲစားများကိုတော့ သူတို့ကျေးဇူး ရှင်များဖြစ်သည့်အတွက်၊ သူတို့မိန်းမများ၏ နားပေါက်များကို စိန်နားကပ်နှင့် အလှဆင်နိုင်အောင် လုပ်ပေးနိုင်သူများ ဖြစ်သည့်အတွက် ဆက်ဆံရေး အလွန်ကောင်းလှ၊ ဖူးဖူးမှုတ်ထားကြပေသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများမှာ အလွန် ယဉ်ကျေးသူများဖြစ်သည့်အတွက် လုပ်ငန်းချောမွေ့စေရန် အနှီလူကြီးများအားပေးရသော ပိုက်ဆံများကို လာဘ် ဟု မခေါ်။ ဘာတဲ့ ကန်တော့တာ ဆိုလား။ လက်ဆောင်ပေးတာ ဆိုလား။ သို့မဟုတ် ထိုလူကြီး၏ သမီးမင်္ဂလာဆောင်လျှင် ကားသော့ကို လက်ဖွဲ့တာဆိုလား။ ကျွန်တော် ဤအသိုင်းအ၀ိုင်းနှင့် မနီးစပ်သည့်အတွက်၊ ဤအလုပ်များကိုလည်း တစ်ခါမှ မလုပ်ခဲ့သည့် အတွက် ဤအကြောင်းများကို သေသေချာချာမသိပါ။ သူများပြောတာ ကြားဖူးနားဝမျှသာ ဖြစ်ပါသည်။

(၆၂) ဖြစ်သင့်တာ

ကွန်တိန်နာတင်သွင်းရန် သူတို့လိုသည်ဆိုသော စာရွက်စာတမ်းများကို ကျွန်တော်အားလုံးပြင်ပေးခဲ့ပြီး ဖြစ်ပါသည်။ သို့နှင့်တောင် ဘာအကြောင်းပြချက်မှ ရေရေရာရာမရှိဘဲ ထို ညွှန်မှူးဆိုသူများက ကိုသောင်းတန် နှင့် မမတို့ကို သူတို့နှင့် တွေ့ရန် အဘယ်ကြောင့် လာခိုင်းရပါသနည်း။ နောက်ပြီး ဘယ်အချိန်တွေ့မယ်လို့လည်း သတ်မှတ်ပေးတာမဟုတ်။ ဘာကိစ္စ ဆွေးနွေးမယ်လို့လည်း မပြော။ ဘာစာရွက်စာတမ်းတွေ လိုတယ်လို့လည်း တိတိကျကျမသိရ။

လူကိုယ်တိုင်တွေ့ရမှ သည်ကွန်တိန်နာ ထုတ်လို့ရမတဲ့လား။ လိုတဲ့စာရွက်စာတမ်းတွေ တင်ပြလိုက်လျှင် မပြီးဘူးလား။ လူကိုယ်တိုင်တွေ့ဘို့လိုတယ်ဆိုလျှင်တောင် တစ်ခါတွေ့ပြီး သိလိုသမျှ အကုန်မေးလိုက်လျှင် မပြီးဘူးတဲ့လား။ သူတို့လုပ်ရပ် ကိုကြည့်ခြင်းဖြင့် ထိုလူကြီးများမှာ အလုပ်ကို မည်ကဲ့သို့ စနစ်တကျလုပ်ရမည်ကို မသိကြောင်း ၀န်ခံနေသကဲ့သို့ ဖြစ်ပါသည်။ ထိုသူများမှာ အစိုးရဌာနကြီးတစ်ခုလုံးကို အုပ်ချုပ်နေရသော ညွှန်ကြားရေးမှူးများဖြစ်၏။ ညွန်မှူးဆိုသူများက ဤသို့လုပ် နေလျှင် သူ့လက်အောက်မှ ၀န်ထမ်းများရော မည်ကဲ့သို့လုပ်နေပါသနည်း။

အဆိုးဆုံးမှာကား ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိတာ။ ဘာကိုဘယ်လိုလုပ်ရမည်မှန်း မသိတာဖြစ်ပါသည်။ ဤကိစ္စတွင် မည်သူတာဝန်အရှိဆုံးနည်း။ ဤကိစ္စပြေလည်အောင် ဘာတွေလုပ်ရမည်နည်း။ ဘာစာရွက်စာတမ်းတွေလိုလို့ ရှေ့မဆက်နိုင် ဖြစ်ရသနည်း။  ကျွန်တော်တို့ ဘာမှမသိရပါ။ ကျွန်တော်တို့တင်မဟုတ်။ အထက်ဖော်ပြပါ လူကြီးမင်းများလည်း ဘာမှမသိပါ။ ကျွန်တော့်ညီနှင့်အစ်မကိုသာ နင်းကန်ဟောက်နေတာ ဖြစ်ပါသည်။ ငါ့ဘက်ကရော တာဝန်ကျေရဲ့လား။ ငါလုပ်နေတာရော မှန်ရဲ့လားဆိုတာ ထိုလူကြီးများ ကိုယ်တိုင်မသိပါ။ မသိ၍ပင် ရှင်းမပေးနိုင်တာ ဖြစ်ပါသည်။

မပြောချင်သော်လည်း စင်ကာပူအကြောင်းပြောရပါဦးမည်။ ဗီဇာလျှောက်တာနှင့် နမူနာ ပြပါမည်။

နိုင်ငံရပ်ခြားမှ တစ်စုံတစ်ယောက်သောသူသည် စင်ကာပူသို့လာလိုသည်ဖြစ်အံ့။ မည်သည့်နိုင်ငံသားများအတွက် ဗီဇာမလို၊ မည်သည့်နိုင်ငံသားများအတွက်သာ လိုသည်။ ဗီဇာလျှောက်လိုလျှင် မည်သည့် စာရွက်စာတမ်းများ တင်ပြရမည်။ မည်ကဲ့သို့ လုပ်ရမည်။ မည်မျှကျသင့်မည်။ ပိုက်ဆံကို မည်ကဲ့သို့ပေးရမည်။ ဘယ်လောက်ကြာမည်။ ဗီဇာကို မည်ကဲ့သို့ထုတ်ရမည် စသဖြင့် သိသင့်သိထိုက်သမျှ အချက်အလက်အားလုံးကို ICA Website ၌ ဖော်ပြထား၏။

ကျွန်တော့်တူမ စင်ကာပူလာမည်ဆိုတော့ လိုအပ်သောစာရွက်စာတမ်းများ ပြင်ဆင်၍ ကျွန်တော့်အိပ်ခန်း စာကြည့်စားပွဲ၌ ဂျေမောင်မောင်၏ သတိရနေတဲ့သီချင်း ကိုနားထောင်လျှက် ကုလားထိုင်နောက်မှီကို မှီပြီးဇိမ်ဖြင့်ထိုင်ကာ ကျွန်တော် အင်မတန်ချစ်လှသည့် laptop ကလေးမှ ခလုတ်ကလေးများကို ဟိုဟိုသည်သည်နှိပ်၊ mouse ကလေးဖြင့် ဟိုကလစ်၊ သည်ကလစ်လုပ်။ ၁၅ မိနစ်မျှပင်မကြာပါ။ ဗီဇာလျှောက်ခြင်းကိစ္စ ပြီးသတည်း။ ထို့နောက် online banking ဖြင့်ပင် ပိုက်ဆံပေးလိုက်၏။

နောက်နေ့ကျတော့ လူကြီးမင်းတင်ထားတဲ့ဗီဇာ ရပါပြီရှင် ဟု email ပို့၏။ ယမန်နေ့ကကဲ့သို့ပင် ကျွန်တော့်အိပ်ခန်း စာကြည့်စားပွဲ၌ စိုးပိုင်၏ နေခြည်ထိပ်ထားသီချင်းကို နားထောင်ကာ ဗီဇာကို print out လုပ်။ တူမထံ email ပို့ပေး။

သို့အတွက် သည်ဗီဇာလျှောက်သည့်အရေး၌ ကျွန်တော်မည်သည့်နေရာမှလည်း သွားစရာမလိုပါ။ တစ်ဖက်စားပွဲမှ အမျိုးသမီး နှင့် ဟိုမင်းသမီးအကြောင်း အတင်းတုတ်နေသော စာရေးမ၏ စားပွဲနားတွင် မခို့တရို့ရပ်ကာ သူကိုယ့်ဘက်လှည့်လာသည်ထိ သွားဖြဲကလေးနှင့်လည်း ရပ်စောင့်နေစရာမလိုပါ။ ပြည်သူများကပေးထားသော လခကိုစားနေသူက ကိုယ့်ဆီရောက်လာသော ပြည်သူကို သူတစ်သက်လုံးထောက်ပံ့ကျွေးမွေးထားရသော မုဆိုးမသားကလေးကို ကြည့်သော မျက်နှာနှင့် အကြည့်ခံရစရာ လည်း မလိုတော့ပါ။ သည်စားပွဲပြီးလျှင် ဘယ်ဆက်သွားရမည်မှန်းမသိသဖြင့် အနားမှ မျက်နှာထားတင်းတင်းနှင့် လူကြီးကို (ဦးလေးအရွယ်ဖြစ်ပါလျှက်လည်း) အစ်ကို့ ဒါပြီး ဘာဆက်လုပ်ရမလဲဟင် ဟု ၇ ရက် ထမင်းမစားရသော လေသံပျော့ကလေး နှင့်မေးသည်ကို ဟိုဘက်သွား ဟု မပြောချင်ပြောချင်နှင့် ဆောင့်ကြီးအောင့်ကြီးပြောတာကိုလည်း မကြုံရတော့ပါလေ။

မည်သည့်ကိစ္စများဆောင်ရွက်လိုလျှင် မည်သည့်စာရွက်စာတမ်းများ လိုသည်။ ဤစာရွက်စာတမ်းများတွင် မည်သည့်အချက် အလက်များနှင့် ပြည့်စုံရမည်။ ဤစာရွက်စာတမ်းများအတွက် မည်သည့်ရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ရမည်။ ဆက်သွယ် ရမည့် အရာရှိမှာ မည်သူဖြစ်သည်။ ဤသို့ဆောင်ရွက်ခအတွက် မည်မျှကျသင့်သည်။ မည်သည့်အဆင့်ပြီးလျှင် မည်သည့် နေရာသို့သွားကာ ဘာဆက်လုပ်ရမည်။ စုစုပေါင်း ဆောင်ရွက်ချိန်မည်မျှကြာမည်။ အင်တာနက်တွေကောင်းပြီး ၀က်ဘဆိုက် ကြီးတွေလုပ်ကာ တင်ထားရမည်။ လုပ်သားပြည်သူများ၌လည်း တစ်အိမ်ထောင် ကွန်ပြူတာတစ်လုံးရှိနေရမည် ဟု ကျွန်ုပ် လေသံမျှ မဟခဲ့ပါ။

ဤသည့်သတင်းအချက်အလက်များကို အနှီရုံးများတွင် ကပ်ထားမပေးသင့်ပါသလော။ ကိုးရီးယားမင်းသားအကြောင်း ဆွေးနွေးနေသော မမများကလည်း မေးလာသူအား လဖက်စားမပျက် သေသေချာချာ ရှင်းပြရန် မသင့်ပါသလော။ အကယ်၍ လျှောက်လွှာတင် စာရွက်စာတမ်းများမပြည့်စုံ ဆိုပါကလည်း ဟောသည်စာရွက်စာတမ်းတွေ လိုသေးတယ်၊ အဲဒါတွေစုံမှ ပြန်လာခဲ့ပါ ဟု မပြောသင့်ပါသလော။ သူတို့လိုတဲ့စာရွက်တွေစုံလျှင် ပြီးရောမဟုတ်ပါလား။ အဘယ်ကြောင့် လူကိုယ်တိုင် တွေ့ချင်ရပါသေးသနည်း။ လူကိုယ်တိုင်လာတွေ့ရန် လိုအပ်ပါသလား။ လူတွေ့လျှင်ရော ဘာများအကြောင်းထူးပါသနည်း။

ကျွန်တော်တို့နိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပြီဟု ဂျာနယ်များတွင်ဖတ်ရ၏။ ကျွန်တော်ကား မြန်မာနိုင်ငံအတွင်း ရှိမနေသဖြင့် ဘာတွေပြုပြီး၊ ဘာတွေပြင်သလဲဆိုတာ သေသေချာချာ မသိပါ။ ဂျာနယ်များတွင်ဖတ်ရသလောက်တော့  ယခင်ကထက် အများကြီး ဖွင့်ပေးထားတာ တွေ့ရပါသည်။ 

“ပြည်သူ့ဝန်ထမ်း” ဟူသော အမည်သညာနှင့်အညီ ပြည်သူများ၏ “၀န်” ကို မငြိုမငြင် “ထမ်း” ဆောင်ပေးသော ၀န်ထမ်း ကောင်းများအဖြစ်သို့ မနှေးအမြန် ရောက်ရှိလာကြပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။

ဆက်ပါဦးမည်။

အေးငြိမ်း
၁၃၊ ၂၊ ၂၀၁၂ ည ၉း၂၇ နာရီ

2 comments:

မိုးစက်များ said...

အခုလိုပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြတာ အရမ်းကိုသဘောကျမိပါတယ် ဆရာ..ကျတော်လည်း အစိုးရ၀န်ထမ်း အရာရှိတစ်ယောက်ပါ သို့သော် ယခုလက်ရှိကျတော် နိုင်ငံခြားရောက်နေတဲ့အချိန်မှာ ဒီကစနစ်တွေနဲ့လုပ်တာ မြင်ရတော့ ကို့နိုင်ငံက လုပ်ပုံလုပ်နည်းတွေကြည့်ပီး အတော်လေး စိတ်မကောင်းဖြစ်မိပါတယ် ကျတော်လည်း စနစ်နဲ့ပဲ လုပ်စေချင်ပါတယ် လူနဲ့မလုပ်စေချင်ပါဘူး ဒါမှသာနိုင်ငံတိုးတက်မယ်ထင်ပါတယ် ဆရာ့ဆောင်းပါးတွေကို ကျတော် မလွတ်တမ်းဖတ်ပါတယ် ကျတော် ကွန်မန့်ရေးလေ့ရေးထမရှိပါဘူး အခုတော်တော်လေးကို နှစ်သက်သဘောကျလို့ ပြောရမယ်ဆို ခံစားချက်ချင်းတိုက်ဆိုင်လို့ပါ...ကျေးဇူးတင်ပါတယ်ဆရာs

Anonymous said...

ဆရာ့ရဲ့ ဆောင်းပါးတွေဟာ အရမ်းကို တန်ဖိုးရှိပါတယ် အခုဆောင်းပါးလေးကတော့ ကျတော့်ခံစားချက်နဲ့ တော်တော်လေးတိုက်ဆိုင်ပါတယ် ကျတော်လည်းအစိုးရ၀န်ထမ်း အရာရှိတစ်ယောက်ပါ ဒါပေမယ့် လက်ရှိကျွန်တော်တို့ နိုင်ငံမှာဖြစ်နေတဲ့ လူနဲ့လုပ်တဲ့ အကျင့်ဆိုးကြီးကို ကျတော်လည်း လုံးဝလက်မခံပါဘူး ကျတော် ဒီစကားပြောတာ ကျတော့်ဆီ လာဘ်လာဘ လာမပေးလို့ပြောတာမဟုတ်ပါဘူး ကျတော့်အဆင့်ကလည်း အယ့်လိုပေးရလောက်တဲ့ အဆင့်မဟုတ်သေးပါဘူး ကျတော်တို့က တစ်ချိန်သေရမယ့်လူတွေချည်းပါ ကျတော်ဖြစ်စေချင်တာကတော့ မသေခင်မှာ ကိုယ့်တိုင်းပြည်တိုးတက်ကောင်းမွန်တာတော့ မြင်ချင်လို့ပါ ကျတော်အခုလက်ရှိနေတဲ့နိုင်ငံမှာဆို ဆရာ့ဆောင်းပါးထဲမှာလိုပဲ အွန်လိုင်းကပဲလုပ်လုပ် လူကိုယ်တိုင်ပဲသွားသွား စနစ်နဲ့ပဲလုပ်ပါတယ် သူ့တို့သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်းပေါ့ သူတို့စည်းကမ်းအတိုင်း သတ်မှတ်ချက်မပြည့်မှီရင် သူတို့နိုင်ငံသားလည်း လက်မခံတာ ကျတော်တွေ့ရပါတယ် ကျတော်တို့နိုင်ငံလည်း စည်းကမ်းနဲ့စနစ်တကျ ဖြစ်လာတာမြင်ချင်ပါတယ် ဆရာ့ကိုကျတော် မမြင်ဖူးပါဘူး ဒါပေမယ့်ကျတော်လေးစားပါတယ် ဆက်လက်ပြီး ဆောင်းပါးလေးတွေ ရေးပေးပါဦးဆရာ ..ကျေးဇူးတင်ပါတယ်..ရိုသေစွာဖြင့်..