Saturday, August 28, 2010

စင်ကာပူမှ ပြစ်မှု၊ ပြစ်ဒါဏ်များ အကြောင်း (၂)

(၂) သေဒါဏ် (Death Sentence / Death Penalty / Execution / Capital Punishment)

စင်ကာပူနိုင်ငံမှ သေဒါဏ်များအကြောင်း မပြောမီ ကမ္ဘာတစ်လွှားမှ သေဒါဏ်များအကြောင်း ဗဟုသုတအဖြစ် အကျဉ်းမျှ ဦးစွာပြောပါမည်။ သေဒါဏ်ပေးခြင်းကို ယခင်က လူ့အဖွဲ့အစည်း အားလုံးလိုလိုကပင် ကျင့်သုံးခဲ့ကြသော်လည်း ယခုအခါတွင်မူ အချို့သော နိုင်ငံများတွင် မကျင့်သုံးတော့ပါ။ နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံတော်၏ လျှို့ဝှက်ချက်နှင့် အတွင်းရေးများ ပေါက်ကြားမှု၊ အစိုးရကို ပုန်စားပုန်ကန်ပြုမှု၊ လူသတ်မှု၊ သူလျှိုမှု၊ လူကုန်ကူးမှု၊ လူသတ်ဒါးပြတိုက်မှု။ မုဒိန်းမှု၊ အရွယ်မရောက်သေးသော ကလေးသူငယ်များအား မုဒိန်းကျင့်မှု၊ ပြည့်တန်ဆာ ကုန်ကူးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု၊ ပြန်ပေးမှု စသော ပြစ်မှုများအတွက် သေဒါဏ်ပေးလေ့ရှိသည်။


ရှေးအခါက သေဒါဏ်စီရင်နည်းများမှာ အလွန်ရက်စက်လှသည်။ ထိုနည်းများထဲတွင် လှည်းဘီးကြီးတွင် တုတ်တို စပုတ်တိုင်များတပ်ကာ လူကို မသေမချင်းနင်းစေခြင်း (Breaking Wheel)၊ ရေနွေးပူအိုးတွင်း စိမ်ကာသတ်ခြင်း (Boiling) (အိုးကြီးအတွင်း ရေ၊ ဆီ၊ အမဲဆီ၊ ကတ္တရာ၊ အရည်ကျိုထားသော ခဲအရည် စသည်များထည့်ကာ ပွက်ပွက်ဆူစေလျှက် လူကို ဦးခေါင်းမှ စကာ တစ်ဖြည်းဖြည်းချင်း နစ်မြုပ်စေခြင်း၊ သို့မဟုတ်ပါကလည်း နခမ်းတိုအိုးအတွင်း လူကို ထက်ဝက်မျှ ဖော်စေ လျှက် အရည်များကို မီးအပူပေးကြိုစေခြင်း စသည်)၊ လူကို အရှင်လတ်လတ် အရေခွံခွာကာ သတ်ခြင်း (Flaying)၊ ဒါးဖြင့်မွှန်းကာသတ်ခြင်း (Slow Slicing)၊ ကလီစာများကို ထုတ်ပြီးသတ်ခြင်း (ကလီစာထုတ်နေစဉ် ချက်ခြင်း မသေသွားစေ ရန် အဆုတ် သို့မဟုတ် နှလုံးကို နောက်ဆုံးမှ ထုတ်လေ့ရှိသည်) (Disembowelment)၊ (ခရစ်တော်ကဲ့သို့) လက်ဝါးကပ် တိုင်တွင် ချည်လျှက် သို့မဟုတ် စို့များဖြင့်ရိုက်လျှက် သတ်ခြင်း (Crucifixion)၊ လူကို တံစို့ထိုး၍သတ်ခြင်း (Impalement)၊ ဆင်ဖြင့်နင်း၍ သတ်ခြင်း သို့မဟုတ် ပေါင် ၄၀၀၊ ပေါင် ၇၀၀ မျှသော အလေးတုံးများဖြင့် ဖိ၍ သတ်ခြင်း (Crushing)၊ လူအများက ကျောက်တုံးများဖြင့် မသေမချင်း ပစ်ပေါက် သတ်ခြင်း (Stoning)၊ မီးရှို့သတ်ခြင်း (Death by Burning)၊ ခြေလက်များကို ကြိုးဖြင့်တုပ်ကာ မြင်း၊ ယာဉ်ရထား စသည်တို့တွင်ချည်ကာ ဆန့်ကျင်ရာအရပ်သို့ ဆွဲသွားစေခြင်းဖြင့် ကားပွင့်ကာ သေစေခြင်း (Dismemberment)၊ လူကိုစောက်ထိုးဆွဲကာ လွှဖြင့် နှစ်ခြမ်းခွဲ သတ်ခြင်း (Sawing)၊ ခေါင်းဖြတ်စက်၊ ဒါး၊ ပုဆိန်၊ ၀ါယာကြိုး စသည်တို့ဖြင့် ခေါင်းဖြတ်သတ်ခြင်း (Decapitation or Beheading)၊ ရေနံစိမ်ထားသော ရာဘာပြားများဖြင့် လူ၏ ကိုယ်လုံးနှင့် လက်မောင်းများကို ရစ်ပတ်စေလျှက် မီးရှို့သတ်ခြင်း (Necklacing) စသည်တို့ ပါဝင်ပါသည်။

မြန်မာရာဇ၀င်များတွင်မူ နန်းလုမည်ထင်သည့် မင်းညီမင်းသားများကို စီရင်ရာတွင် မင်းသားတို့သွေး မြေမကျကောင်း ဟု ဆိုကာ လည်မျိုကို ၀ါးရင်းတုတ်တိုဖြင့် နှက်ကာ စီရင်ခြင်း၊ ကတ္တီပါအိတ်တွင်ထည့်ကာ ရေချခြင်းတို့ ပြုပါသည်။ မင်းတုန်း မင်းကြီး ကံတော်ကုန်ခါနီးတွင် မင်းညီမင်းသားအားလုံးကို ဖမ်းကာ စီရင်ပါသည်။ ထိုအခါ သုံးဆယ်မင်းသားကြီး၊ မက္ခရာ မင်းသားကြီးတို့မှာ အလွန်အစွမ်းထက်သော မင်းသားကြီးများဖြစ်ရကား ၎င်းတို့၏ လည်မျိုကို တုတ်တိုဖြင့်နှက်ရာ သေငယ် ဇောဖြင့် ထခုန်သည်မှာ အကျဉ်းထောင် နံရံများထက်ပင် မြင့်သေးသည်ဟု ဖတ်ဖူးပါသည်။ စကြာမင်းကလေးနှင့် နန်းမတော် မယ်နုတို့ကိုမူ ရေချစီရင်သည်။

လူတိုင်းကြားဖူးသော နိပါတ်တော်များတွင် ဦးခေါင်းသာ ဖော်ထားစေလျှက် တစ်ကိုယ်လုံးကို မြေမြှုပ်ထားပြီး ပေါ်နေ သော ဦးခေါင်းကို နွားဆွဲသော ထွန် (အသွား ၁၃ ခု ပါသော လယ်ထွန်သည့် ကိရိယာ) ဖြင့် ဦးခေါင်းကို မသေမချင်း တိုက်သတ်ခြင်း၊ တစ်ဝဂူအတွင်း အလုံပိတ် သတ်ခြင်း စသည်တို့ပါ ပါဝင်ပါသေးသည်။ သို့သော် သမိုင်းမှတ်တမ်းမှတ်ရာဖြင့် အတိအကျ ရှိသည်မဟုတ်သဖြင့် မှန်ကြောင်းသက်သေပြစရာ မရှိပါ။

အထက်ဖော်ပြပါ သေဒါဏ်ပေးနည်းများမှာ အလွန်ရက်စက်လှသည် ဖြစ်၍ ယခုအခါ မသုံးတော့ဘဲ သက်သက် သာသာဖြင့် သေစေမည့် နည်းလမ်းများကို ပြောင်းလဲ ကျင့်သုံးခဲ့ပါသည်။ ထိုနည်းများထဲတွင် ကြိုးပေးသတ်ခြင်း (Hanging)၊ လျှပ်စစ်ကုလားထိုင်ဖြင့် သတ်ခြင်း (Electric Chair)၊ ဆေးထိုးသတ်ခြင်း (Lethal Injection)၊ ဓါတ်ငွေ့လွှတ်၍ သတ်ခြင်း (Gas Chamber) တို့ ပါဝင်ပါသည်။ ဤနေရာတွင်လည်း လူကို သက်တောင့်သက်သာနှင့် သေစေရန် သုံးရမည့် ပစ္စည်း ကိရိယာများကို ဥပဒေဖြင့် အတိအကျ ပြဌာန်းထားပါသည်။ ဥပမာ - ကြိုးပေးလျှင် မည်သည့်ကြိုးဖြစ်ရမည်၊ အရှည်မည်မျှ ရှိရမည်၊ လုံးပတ်မည်မျှ ရှိရမည်၊ အမြင့်မည်မျှမှ ကျစေရမည် စသည်။

သေဒါဏ်ပေးသော ပြစ်မှုများအနက် ကမ္ဘာ့ပြည်သူတို့အကြား အလွန်လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည့် သေဒါဏ်မှာ အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန်ကို ကြိုးပေးခြင်း ဖြစ်ပါလိမ့်မည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ် အချိန်တွင် နှစ်ထပ်အဆောက်အဦ တစ်ခု၌ ၎င်း၏ လူများကိုယ်တိုင်က ၎င်းလည်ပင်းကို ကြိုးကွင်းစွပ်ခဲ့ခြင်း ဖြစ်ပါသည်။

အထက်ဖော်ပြပါ သေဒါဏ်ပေးနည်းများအနက် ခေါင်းဖြတ်သတ်ခြင်းသည် အမြန်ဆုံးနှင့် နာကျင်ခံစားရမှု အနည်း ဆုံးနည်းအဖြစ်လက်ခံကာ ယခုတိုင် ဆက်လက်ကျင့်သုံးနေသည့် နိုင်ငံများလည်း ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဒါးသည် အလွန်ထက်လျှက် ဖြတ်ရမည့်နေရာကိုသာ အတိအကျဖြတ်နိုင်ပါမူ ချက်ခြင်းသေဆုံးကာ နာကျင်မှု မခံစားရသော ကြောင့် ဖြစ်၏။ ဤကဲ့သို့ ဒါးထက်နေစေရန်နှင့် မိမိခုတ်ရမည့်နေရာကို အတိအကျ ခုတ်နိုင်စေရန် ယခင်က ပါးကွက်သားကို ရွှေဒင်္ဂါးပြားများ ဆုချလေ့ရှိသည်။ သို့တိုင် Robert Devereux, 2nd Earl of Essex, နှင့် Mary, Queen of Scots တို့ကို စီရင်ရာတွင် သုံးချက်ခုတ်ရသည်ဟု ဆိုပါသည်။ အလွန်အသက်ပြင်းသော Margaret Pole ကိုမူ ဆယ်ချက်မျှပင် ခုတ်ဖြတ်ခဲ့ရကြောင်း မှတ်တမ်းရှိခဲ့သည်။

ပြင်သစ်တော်လှန်ရေးကြီး (၁၇၈၉) မတိုင်မီက သုံးခဲ့သော ခေါင်းဖြတ်စက်ကြီးမှာ ကမ္ဘာကျော်ဖြစ်သည်။ မြန်မာ ရာဇ၀င်တွင် ကေတုမတီဘုရင် တပင်ရွှေထီးမှာ နာမည်ကြီး လှသည်။ ၎င်းကို ခေါင်းဖြတ်ပြီး နန်းတော်ကြမ်းပြင်အောက်သို့ ပစ်ချလိုက်ရာ နောက်နေ့ထိ မျက်တောင်ခတ်တုံးဟု အဆိုရှိပါသည်။

လူ့အခွင့်အရေးအဖွဲ့များက မည်မျှပင် သတိပေးနေ၊ ကန့်ကွက်နေစေကာမူ ယခုတိုင် အချို့နိုင်ငံများတွင် တစ်ဖြည်း ဖြည်းချင်း ကြိုးပေးသတ်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်း၊ ကျောက်ခဲများဖြင့် ပစ်သတ်ခြင်းတို့ကို ကျင့်သုံးလျှက် ရှိနေပေသေးသည်။

ကျောက်ခဲများဖြင့် ပစ်ပေါက်သတ်ခြင်း
ကြိုးပေးသတ်ခြင်း


လျှပ်စစ်ကုလားထိုင်ဖြင့် သတ်ခြင်း

ခေါင်းဖြတ်သတ်ခြင်း

၁၉၇၇ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံအားလုံးအနက် ၁၆ နိုင်ငံတွင်သာ သေဒါဏ်ပေးခြင်းကို ရပ်ဆိုင်းခဲ့သော်လည်း ၂၀၀၉ ခုနှစ်ရောက်သောအခါ ၉၅ နိုင်ငံတွင် မည်သည့်ပြစ်မှုမျိုးကိုမဆို သေဒါဏ်ပေးခြင်းမှ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါသည်။ စာရင်း ဇယားများအရ ၁၈ နိုင်ငံတွင်သာ သေဒါဏ်အပြစ်ပေးခြင်းကို ဆက်လက် ကျင့်သုံးနေသေးသည် ဆိုသော်လည်း လက်တွေ့ တွင် ၅၈ နိုင်ငံ၌ ဆက်လက်ပြီး သေဒါဏ်ပေးနေဆဲဖြစ်သည်။ EU (European Union) အဖွဲ့ဝင်နိုင်ငံများတွင် Charter of Fundamental Rights of the European Union အရ သေဒါဏ်ပေးမှုကို ပိတ်ပင်ခဲ့ပြီး ဖြစ်၏။

ကမ္ဘာ့လူ့အခွင့်အရေးမှ ထုတ်ပြန်သော စာရင်း များအရ ၂၀၀၈ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း၌ တရားခံ ၂၃၉၀ ကို သေဒါဏ်ပေးပြီး ဖြစ်သလို လူပေါင်း ၈၈၆၄ မှာ သေဒါဏ်ကျခံစေရန် အမိန့်ချမှတ်ပြီး ဖြစ်သည်ဟု ဆိုပါသည်။ သေဒါဏ်ပေးမှု အများဆုံး နိုင်ငံများမှာ တရုတ်၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ပါကစ္စတန်၊ အမေရိကန်နိုင်ငံ တို့ဖြစ်သည်။


ဤဂရပ်ကိုကြည့်လိုက်လျှင် သေဒါဏ်ပေးမှု အများဆုံးမှာ အာရှမှ နိုင်ငံများဖြစ်သည်ကို တွေ့နိုင်ပါ သည်။ တကမ္ဘာလုံး၏ ၇၆ ရာခိုင်နှုံးထိ ရှိသည်။ တရုတ် ပြည်က သူတို့ပေးသော သေဒါဏ်အရေအတွက်ကို အတိအကျ မထုတ်ပြန်ပါ။ ၂၀၀၈ ခုနှစ်တွင် သေဒါဏ် ကျခံစေခဲ့ပြီးသော ဦးရေမှာ တရုတ်ပြည် (အနည်းဆုံး ၁၇၁၈ မှု)၊ ပါကစ္စတန် (အနည်းဆုံး ၃၆ မှု)၊ ဗီယက်နမ် (အနည်းဆုံး ၁၉ မှု)၊ အာဖဂန်နစ္စတန် (အနည်းဆုံး ၁၇ မှု)၊ မြောက်ကိုးရီးယား (အနည်းဆုံး ၁၅ မှု)၊ ဂျပန် (အနည်းဆုံး ၁၅ မှု)၊ အင်ဒိုနီးရှား ( ၁၀ မှု)၊ ဘင်္ဂလားဒေ့ရှ် ( ၅ မှု)၊ မွန်ဂိုလီးယား ( အနည်းဆုံး ၁ မှု)၊ မလေးရှား (အနည်းဆုံး ၁ မှု)၊ စင်ကာပူ (အနည်းဆုံး ၁ မှု) တို့ ဖြစ်ပါသည်။
(Ref: http://www.amnestyusa.org/death-penalty/international-death-penalty/death-penalty-statistics-2008)

စင်ကာပူမှ သေဒါဏ်များ

သေဒါဏ်ပေးသည့် ဖွံ့ဖြိုးပြီးနိုင်ငံ အနည်းငယ်မျှထဲတွင် စင်ကာပူသည် တစ်နိုင်ငံအပါအ၀င် ဖြစ်ပါသည်။ အခြားနိုင်ငံ တို့မှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုးရီးယား နှင့် ထိုင်ဝမ်တို့ ဖြစ်၏။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ၁၉၉၄ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း စင်ကာပူတွင် သေဒါဏ်ပေးသည့်နှုံးမှာ လူတစ်သန်းလျှင် ၁၃.၅၇ ဦး ဖြစ်ပါသည်။ စင်ကာပူတွင် သေဒါဏ်ပေး ခံရသော ပြစ်မှုများအနက် အများဆုံးမှာ မူးယစ်ဆေးဝါးမှုများ ဖြစ်ပါသည်။ အောက်တွင် စင်ကာပူ၌ပေးခဲ့သော သေဒါဏ် ဇယားကို ဖော်ပြထားပါသည်။
(ရည်ညွှန်း။ ။http://en.wikipedia.org/wiki/Capital_punishment_in_Singapore)


ကွင်းထဲမှ ကိန်းဂဏန်းများမှာ နိုင်ငံခြားသားများ ဖြစ်ပါသည်။ ထိုအထဲတွင် သြစတေးလျ၊ မလေးရှား၊ ဟောင်ကောင်၊ မကာအို၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဘင်္ဂလားဒက်ရှ်၊ သီရိလင်္ကာ၊ နိုင်ဂျီးရီးယား၊ ဂါနာ၊ နယ်သာလင်၊ ဗြိတိန်၊ ပေါ်တူဂီ နိုင်ငံသားများ ပါဝင်ပါသည်။ Criminal Procedure Code အပိုဒ် ၂၁၆ တွင် သေဒါဏ်ကျခံရသူကို မသေမချင်း လည်ပင်းကို ကြိုးဆွဲချသတ်စေရန် ပြဌာန်းထားပါသည်။


ပြစ်ဒါဏ်ကျခံရစဉ် အသက် ၁၈ နှစ်မပြည့်သေးသူများနှင့် ကိုယ်ဝန်ဆောင်များအား သေဒါဏ်မပေးနိုင်ပါ။ သေဒါဏ် ကျခံရသူများသည် စင်ကာပူ အနားခံလွှာရုံး (Court of Appeal of Singapore)သို့ အသနားခံလွှာ တင်နိုင်ပါသည်။ အကယ်၍ ထိုရုံးက အသနားခံလွှာကို ပယ်ချလိုက်ပါက စင်ကာပူသမ္မတထံ အသနားခံလွှာ တင်နိုင်ပါသည်။ ၁၉၉၈ ခုနှစ်က သေဒါဏ်ကျ ခံရသူ Mathavakannan Kalimuthu ဆိုသူသည် သမ္မတ Mr. Ong Teng Cheong ၏ သနားကြင်နာမှုဖြင့် သေဒါဏ်မှ ထောင်ဒါဏ်တစ်သက်သို့ ပြောင်းလဲ ခံစားခွင့်ရခဲ့ပါသည်။ ဤသည့်နောက်ပိုင်းတင်သည့် အသနားခံလွှာများမှာမူ အောင်မြင်သည်ဟု မကြားမိသေးပါ။

စင်ကာပူတွင် သေဒါဏ်အပြစ်ပေးရန် ပြဌာန်းထားသော ဥပဒေများမှာ Penal Code အပြင် Misuse of Drugs Act, Internal Security Act, Arms Offences Act နှင့် Kidnapping Act ဟု လေးမျိုးရှိပါသည်။ သူပုန်ထမှု၊ နိုင်ငံတော် သစ္စာ ဖောက်မှု၊ လူသတ်မှု၊ အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် ဒါးပြမှု၊ အသက် ၁၈ နှစ်မပြည့်သေးသူများ၏ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုကို အားပေးအားမြှောက်ပြုမှု၊ ပြန်ပေးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ တရားမ၀င် လက်နက် ကိုင်ဆောင်မှု စသည်တို့သည် သေဒါဏ် အပြစ်ပေးနိုင်သော ပြစ်မှုများ ဖြစ်ပါသည်။

မိတ်ဆွေတို့ စင်ကာပူလာစဉ်က သတိထားမိပါလိမ့်မည်။ စင်ကာပူတွင် မူးယစ်ဆေးဝါး ပိုင်ဆိုင်မှု၊ သယ်ယူမှု၊ ရောင်းဝယ်ဖောက်ကားမှုသည် သေဒါဏ်ပေးနိုင်သော ပြစ်မှုများဖြစ်သည် ဆိုခြင်းကို လေယာဉ်ပေါ်တွင်လည်းကောင်း၊ လေယာဉ်ကွင်းတွင်လည်းကောင်း ကြေငြာထားပါသည်။ မူးယစ်ဆေးဝါး နှင့် ပတ်သက်၍ သေဒါဏ်ပေးနိုင်သော ပြစ်မှု အကြောင်း ကျွန်တော်၏စာအုပ် “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း”၊ စာမျက်နှာ ၁၃၂ တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။


ဟီးရိုးအင်း ၁ ကျပ်သားလောက် သယ်လာရုံမျှနှင့် သေဒါဏ်ပေးနိုင်ပါသည်။ သေဒါဏ်ပေးမှုစုစုပေါင်း၏ ၇၀ ရာခိုင်နှုံးမှာ မူးယစ်ဆေးဝါးမှု ဖြစ်ပါသည်။

သေဒါဏ်ကို သောကြာနေ့နံနက် အရုဏ်တက်ချိန်တွင် ချန်ဂီထောင်၌ ပေးပါသည်။ သေဒါဏ်ကျခံရသူ၏ ကိုယ် အလေးချိန်ကိုလိုက်၍ ဖြုတ်ချရမည့် အမြင့်ကို သတ်မှတ်ထားပါသည်။ ဥပမာ - ကိုယ်အလေးချိန် ကီလို ၇၀ (၁၅၄ ပေါင်) ရှိသူကို အမြင့် ၁.၉၈ မီတာ (၆.၆ ပေ)၊ ၈၆ ကီလို (၁၈၉ ပေါင်) ရှိသူကို ၁.၆၈ မီတာ (၅ ပေနှင့် ၆ လက္မ) အမြင့် စသည်။ ၁၈၉၂ မတိုင်မီနှစ်များက လူတစ်ဦး၏ ဇက်ကို ပြုတ်ထွက်စေသည့်အားမှာ 1260 ftlbs ဖြစ်သည်ဟု လက်ခံထားပါသည်။ သို့သော် ၁၉၁၃ ခုနှစ်ရောက်သောအခါ အခြား factor များပါ ထည့်သွင်းတွက်ချက်လျှက် ထိုအားကို 1000 ftlbs ဟု ပြင်ဆင် သတ်မှတ် ခဲ့ပါသည်။ သို့အတွက် ၁၀၀၀ ကို ခန္ဓာကိုယ် အလေးချိန်နှင့် စားလိုက်ပါက ဖြုတ်ချရမည့် အမြင့်ပေ ကို ရပါသည်။ ထိုနည်းကို စင်ကာပူနိုင်ငံ အပါအ၀င် နိုင်ငံတော်တော်များများတွင် ယခုတိုင် ဆက်လက်ကျင့်သုံးလျှက် ရှိပါသည်။

ကြိုးမှာ မနီလာ အုန်းဆံကြိုးသာ အကောင်းဆုံးဟု လက်ခံထားပါသည်။ နိုင်လွန်ကြိုးမှာ ရုန်းအားရှိသဖြင့် မကောင်း။ ကြိုးလုံးပတ်မှာ လက်မ သုံးမတ်ရှိပြီး ကြိုးကို သေသေချာချာ လျှောကျစေရန် ဆီစိမ်ထားပါသည်။


ကြိုးပေးမည့်သူကို မျက်နှာဖုံးစွပ်ထား၏။ အီရန်တွင်မူ မျက်နှာဖုံးအစား မျက်လုံးကို အ၀တ်ဖြင့် စည်းနည်း သုံးပါသည်။ ထို့အပြင် မရုန်းကန်နိုင်စေရန် ရာဇ၀တ်သား၏ ခြေနှင့်လက်များကို ကြိုးဖြင့်တုပ်ထားပါသည်။


လက်မရွံ့အာဏာပါးကွက်သားမှူးကြီး အဖြစ်တာဝန်ထမ်းခဲ့ဖူးသူ Darshan Singh က သူ့ဝန်ထမ်းသက် တစ်လျှောက် လူပေါင်း ၈၅၀ ထက်မနည်း ကြိုးပေးစီရင်ခဲ့ရသည် ဆို၏။ တစ်နေ့ထဲ ၁၈ ဦး စီရင်ရသည့် နေ့များရှိသလို တစ်နာရီခွဲအတွင်း လူ ၇ ဦးကို အပြီး စီရင်ရတာမျိုးလည်း ရှိခဲ့သည် ဟု ဆိုပါသည်။

၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က သြစတေးလျနိုင်ငံသား Van Tuong Nguyen ကို မူးယစ်ဆေးဝါး လက်ဝယ် တွေ့မှုဖြင့် သေဒါဏ်စီရင်ခဲ့သည်။ ၎င်းသည် ၂၀၀၂ ခုနှစ်က ကမ္ဘောဒီးယားမှ မဲလ်ဘုန်းသို့အသွား ချန်ဂီလေဆိပ်တွင် ဟီရိုးအင်း ၃၉၆.၂ ဂရမ် (၁၄ အောင်စ၊ ၂၄.၂ ကျပ်သား) သယ်ဆောင်မှုဖြင့် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ သေဒါဏ်စီရင်ခြင်း ခံရသောအခါ ဗီယက်နမ်တွင် မွေးဖွားခဲ့သူ ထိုတရားခံသည် ရုံးတော်နှင့် စင်ကာပူသမ္မတ မစ္စတာ S.R. Nathan ထံ အသနားခံလွှာ တင်ခဲ့ သေးသည်။ ထို့ပြင် သြစတေးလျဝန်ကြီးချုပ်၊ နယူးဇီလန်ဝန်ကြီးချုပ်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့၊ သောင်းပေါင်း များစွာသော သြစတေးလျနိုင်ငံသားများတို့သည် ငုယင်အား သေဒါဏ်မှ လွတ်ကင်းခွင့်ပြုပါရန် အသနားခံခဲ့ကြသေးသည်။ သို့သော် မအောင်မြင်ခဲ့ကြပါ။ သေဒါဏ်ခံရစဉ်က အသက် ၂၅ နှစ်သာ ရှိသေးသည်။

၂၀၀၈ ခုနှစ် မတ်လ ၂၈ ရက်နေ့က ဟီရိုးအင်း ၆၄ ဂရမ် လက်ဝယ်တွေ့ရှိမှုနှင့် အသက် ၄၄ နှစ်ရှိသူ Tan Chin Hock အား သေဒါဏ်ပေးခဲ့သည်။ ရုံးတော်သို့ အသနားခံခဲ့သေးသော်လည်း ပယ်ချခံခဲ့ရသည်။

၂၀၀၇ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က အသက် ၁၈ နှစ်ရှိ မလေးရှားနိုင်ငံသား Yong Vui Kong ကို ဟီးရိုးအင်း ၄၇ ဂရမ် လက်ဝယ်တွေ့ရှိမှုဖြင့် အဖမ်းခံခဲ့ရသည်။ ၂၀၀၉ ခုနှစ် ဇန္န၀ါရီလတွင် သေဒါဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

၁၉၉၄ ခုနှစ်က ဟီရိုးအင်းသယ်ဆောင်မှုဖြင့် အသက် ၅၉ နှစ်ရှိ ဒတ်ခ်ျ အင်ဂျင်နီယာတစ်ဦး ဖြစ်သူ Johannes van Damme ကို သေဒါဏ်ပေးခဲ့သည်။ ၁၉၉၁ ခုနှစ် စက်တင်ဘာလက ဟီရိုးအင်း ၄.၃၂ ကီလိုဂရမ်ကို ၎င်း၏ ခရီးဆောင်အိတ် အတွင်းမှ ဖမ်းမိခဲ့သည်။ ၎င်းသည် စင်ကာပူ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံး သေဒါဏ်ပေးခြင်း ခံရသော ဥရောပ နိုင်ငံသားတစ်ဦးလည်း ဖြစ်သည်။

ထို့အတူ ဟောင်ကောင်သူ နှစ်ဦးဖြစ်သူ Tong Ching-man နှင့် Poon Yuen-chung တို့ကိုလည်း မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် သေဒါဏ်ပေးခဲ့သည်။ အမှုဖြစ်စဉ်က သူတို့နှစ်ဦးမှာ အသက် ၁၈ နှစ်သာ ရှိသေးသည်။ မကာအိုနိုင်ငံသူ Angel Mou Pui-Peng မှာလည်း မူးယစ်ဆေးဝါးမှုဖြင့်ပင် သေဒါဏ်ပေးခြင်း ခံခဲ့ရပြီး သေဒါဏ်ကျခံရစဉ်က အသက် ၂၅ နှစ်မျှ သာ ရှိသေးသည်။

အသက် ၈ နှစ်သားကလေးကို သတ်မှုဖြင့် Took Leng How ကိုလည်းကောင်း၊ မိမိချစ်သူကို လည်ပင်းညှစ်သတ် ကာ အလောင်းကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်ခဲ့သူ အသက် ၅၁ နှစ်ရှိ Leong Siew Chor ကို လည်းကောင်း၊ Nightclub ပိုင်ရှင်ကို သတ်မှုဖြင့် Tan Chor Jin ကိုလည်းကောင်း မကြာသေးမီ နှစ်များ (၂၀၀၇၊ ၂၀၀၉) က သေဒါဏ်များ ချမှတ်ခဲ့သည်။

စင်ကာပူမှ သေဒါဏ်ပေးမှုများသည် လူဦးရေနှင့်သာ တွက်ကြည့်ပါက ကမ္ဘာ့နိုင်ငံများအနက် အမြင့်ဆုံးဖြစ်နေသည် ဟု လူ့အခွင့်အရေးအဖွဲ့မှ ဆိုပါသည်။ လူတစ်ယောက် အသက်ရှင်နေထိုင်ခွင့်သည် သူ့ရပိုင်ခွင့်တစ်ခု ဖြစ်သလို တိုင်းသူ ပြည်သားများ၏ အသက်အန္တရာယ် လုံခြုံစိတ်ချရမှု နှင့် တိုင်းပြည်အတွင်း ရာဇ၀တ်မှုများကျဆင်းရေးကို ချိန်ညှိပေးရန်မှာ လည်း ပိုအရေးကြီးကြောင်း ကုလသမဂ္ဂဆိုင်ရာ စင်ကာပူဌာနေကိုယ်စားလှယ်က တင်ပြခဲ့ပါသည်။ မူးယစ်ဆေးသယ်လာသူ ကို အသက်ချမ်းသာပေးလိုက်ခြင်းသည် လူ့အဖွဲ့အစည်းအတွင်း မူးယစ်ဆေးဝါးပြန့်နှံ့စေမှုကို ပိုမိုဖြစ်ပွားလာစေနိုင်ကြောင်း၊ လူငယ်ဆိုပြီး လွှတ်လိုက်လျှင် မူးယစ်ဆေးဝါးဂိုဏ်းများသည် လူငယ်များကို မူးယစ်ဆေးဝါး သယ်ဆောင်မှုတွင် ပိုမို အသုံးချလာနိုင်ကြောင်း၊ လူငယ်များကိုယ်တိုင်ကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွင် ပိုမို အတင့်ရဲလာနိုင် ကြောင်း စင်ကာပူအစိုးရမှ ရှင်းပြခဲ့ပါသည်။

၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံ ၆၀ ခန့်သည် ပြစ်မှုအားလုံးအတွက် သေဒါဏ်ကို ရပ်စဲခဲ့ပြီ ဖြစ်သော်လည်း စင်ကာပူနိုင်ငံအနေနှင့်မူ သေဒါဏ်အပြစ်ပေးခြင်းကို ရုပ်သိမ်းမည့် လက္ခဏာ မရှိသေးပေ။

Sunday, August 22, 2010

စင်ကာပူတွင် ကြိမ်ဒါဏ်အပြစ်ပေးပုံ

စင်ကာပူထောင်တွင် ကြိမ်ဒါဏ်ပေးနေပုံဖြစ်ပါသည်။ အချို့ကလည်း စင်ကာပူတွင်မဟုတ်။ မလေးရှားထောင်တွင် ဖြစ်သည်ဟုလည်း ဆိုကြပါသည်။ မည်သို့ဖြစ်စေ ကြိမ်ဒါဏ်ပေးပုံကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ကြပါသည်။

စင်ကာပူမှ ပြစ်မှု၊ ပြစ်ဒါဏ်များ အကြောင်း(၁)

မီးရထားခြံဝင်းကို သံဖြတ်ပလာယာဖြင့် ဖြတ်ဝင်ကာ မနေနိုင်မထိုင်နိုင် ရထားတွဲများကို ဆေးမှုတ်သွားသော ဆွစ်လူမျိုး တစ်ဦးကို ထောင်ဒါဏ် ၇ လ ချလိုက်သည့်သတင်း သည်ကနေ့ထုတ် mypaper သတင်းစာတွင် ဖတ်လိုက်ရ သဖြင့် ရေးချင်နေတာကြာပြီ ဖြစ်သော စင်ကာပူမှ ပြစ်မှု၊ ပြစ်ဒါဏ်များအကြောင်း ရေးလိုက်ခြင်း ဖြစ်ပါ၏။

ပထမဦးဆုံးပြောလိုသည်မှာ စင်ကာပူကား ပြစ်ဒါဏ် ချပြီဆိုလျှင် မှတ်လောက်သားလောက်အောင် ရက်ရက်ရောရော နှင့် သာသာထိုးထိုးလေး ချတတ်သည့်သဘောရှိကြောင်း သိထားကြရန် ဖြစ်ပါ၏။ နောက်ပြီး ကိုယ်ချမှတ်ထားသည့် ပြစ်ဒါဏ်ကို မည်သည့်အကြောင်းမျိုးနှင့်မှ ပြန်လည်ရုပ်သိမ်းပေး ခြင်း၊ အသနားခံလွှာကြောင့် လျှော်ပစ်ခြင်းမျိုး အင်မတန် လုပ်ခဲသည် ဆိုခြင်းဖြစ်ပါသည်။ (သာမန်အမှုကို မဆိုထားနှင့်။ သေဒါဏ်ကိုတောင် အသနားခံ၍ မရပါ။)

လွန်ခဲ့သော ဇူလိုင်လက ကျွန်တော်တို့ အင်္ဂလိပ်စာဆရာမ၏ မိတ်ဆွေ၊ Work Permit Holder တစ်ဦးကို ရဲဖမ်းသွား သဖြင့် ကူပါဦး ဟု sms ပို့လာပါ၏။ ကျွန်တော်က ဘာကိစ္စလဲ၊ ဘာညာ မေးနေတုံး ရှိသေး တော်တော်ကြာတော့ sms ပြန်လာ ပါ၏။ မတော်ရာသွား ရှူရှူပေါက်မိသဖြင့် ဖမ်းကြောင်း၊ တရားရုံးကိုခေါ်သွားရာ ဒါဏ်ငွေ S$1000 တပ်ရိုက်လိုက်ကြောင်း၊ သူ့ သူငယ်ချင်းများစုကာ ထိုငွေကို ပေးလိုက်သဖြင့် ပြန်လွတ်လာပြီ ဖြစ်ကြောင်းများ ဖြစ်ပါ၏။ စင်ကာပူဒေါ်လာ ၁၀၀၀ ဘိုးသာ ရှူးရှူးပေါက်ရရင်ဖြင့် မြို့တော်ရန်ကုန်မှာ ရှိသမျှ အိမ်သာအားလုံးကို တစ်သက်တာ ကန်ထရိုက်ဆွဲပြီးတောင် ပေါက်လို့ရသည်။

ယခုနှစ်ဆန်းပိုင်းက ကျွန်တော့်ညီတစ်ဝမ်းကွဲနေသော dormitory တစ်ခုမှ ကုလားတစ်ယောက်သည် တရုတ်မ တစ်ယောက်ကို ဘာသွားလုပ်သည်မသိ။ ရဲဖမ်းသဖြင့် ၅၀၀ လျော်လိုက်ရသေးသည်။ ကျွန်တော် ECC Project တွင် လုပ်နေစဉ်ကလည်း ပရောဂျက်ထဲမှ မြန်မာကောင်လေးတစ်ဦး Orchard တွင် အမှိုက်ပစ်မိသဖြင့် ဒါဏ်ငွေ ၂၀၀ ဆောင် လိုက်ရကြောင်း သူပြောပြ၍ သိခဲ့ရသည်။

အထက်ပါ အသက် ၃၂ နှစ်ရှိ Fricker ဆိုသူ ဆွစ်လူမျိုးမှာ ရထားဝင်းအတွင်း ဖောက်ထွင်းဝင်မှုကြောင့် ထောင်ဒါဏ် ၂ လ၊ ရထားတွဲများ ဆေးမှုတ်မှုကြောင့် ထောင်ဒါဏ် ၃ လ စုစုပေါင်း ၅ လ မူလက အချခံထားရသူဖြစ်ပါသည်။ ယခုမှ တရားသူကြီးက ဖောက်ထွင်းဝင်မှုအတွက် ထောင် ၂ လဆိုတာ နည်းလွန်းသည် ဟု တွေးပြီး ၂ လအစား နှစ်ဆတိုးကာ ၄ လ ချလိုက်ခြင်း ဖြစ်ပါသည်။ သို့အတွက် ၄ လ + ၃ လ = ၇ လ ဖြစ်သွားရခြင်း ဖြစ်ပါ၏။ (ခုနက ကျွန်တော်ပြောခဲ့သလို သာသာ ထိုးထိုးလေး ချတတ်တယ်ဆိုတာ မလွန်ပါဘူးနော။) နေဦး၊ မပြီးသေးဘူး။ ထောင်ဒါဏ်အပြင် ကြိမ်ဒါဏ် ၃ ချက်လည်း ပါသေး၏။ သို့သော် ကြိမ်ဒါဏ်ကိုမူ အသနားခံလွှာတင်ထားရာ ကျခံ၊ မကျခံ မဆုံးဖြတ်ရသေးပေ။

စင်ကာပူသည်ကား ပြစ်မှုကြီးများအနည်းဆုံး၊ လူနေမှုအဆင့်အတန်း အမြင့်မားဆုံး အရှေ့တောင်အာရှမှ မြို့ပြနိုင်ငံ တစ်နိုင်ငံ ဖြစ်ပေသည်။

၁၉၉၄ ခုနှစ်က အသက် ၁၈ နှစ်သာရှိသေးသော အမေရိကန် နိုင်ငံသား Michael Peter Fay ကိုလည်း (အမေရိကန်သမ္မတ ဘီလ် ကလင်တန်က ငယ်ရွယ်သေးသူဖြစ်သဖြင့် ကြိမ်ဒါဏ်မပေးပါရန် မေတ္တာ ရပ်ခံချက်ကို ပယ်ချကာ) ကြိမ်ဒါဏ် ၄ ချက်နှင့် ထောင် ၂ လ ချခဲ့ပါသည်။ (မူလပြစ်ဒါဏ်မှာ ကြိမ်ဒါဏ် ၆ ချက်၊ ထောင် ၄ လ နှင့် $2200 ဖြစ်ပြီး စင်ကာပူသမ္မတ နှင့် အမေရိကန်သမ္မတတို့၏ သနားကြင်နာမှုကြောင့် ပြစ်ဒါဏ်ကို လျှော့ချခဲ့ခြင်း ဖြစ်ပါသည်။)
Michael Fay နှင့်အတူ အခြား နိုင်ငံခြားသား လူငယ် ၈ ဦးလည်း ပါသေးသည်။ ၁၅ နှစ်သားအရွယ် မလေးလူမျိုး နှစ်ဦး၊ ၁၆ နှစ်အရွယ် သြစတေးလျလူမျိုး၊ ၁၆ နှစ်နှင့် ၁၈ နှစ် အသီးသီးရှိ အမေရိကန် နှစ်ဦး၊ ၁၆ နှစ်အရွယ် ဟောင်ကောင် သားနှင့် ထိုင်းသံအမတ်၏ သား တို့ဖြစ်သည်။ သူတို့သည် ကားစီးရေ အတော်များများကို ဆေးများဖြင့်လိုက်မှုတ်ခြင်း၊ အုတ်ခဲ ကျိုးများ၊ ကြက်ဥများ ဖြင့်ပေါက်ခြင်း၊ ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း တို့ ပြုလုပ်ခဲ့ကြသည်။




လွန်ခဲ့သော ဆယ်နှစ်အတွင်း ဤကဲ့သို့ နိုင်ငံပိုင်ပစ္စည်းများကို ဖျက်ဆီးသူ နိုင်ငံခြားသားများအား အပြစ်ပေးခဲ့သည့် အရေအတွက်မှာ တစ်ဒါဇင်ကျော် ရှိပြီ ဖြစ်ပါသည်။

ကလေးများနှင့် အမျိုးသမီးများကို ကြိမ်ဒါဏ်မပေးပါ။ တစ်ကြိမ်ထည်း ရိုက်နိုင်သော အများဆုံးကြိမ်ဒါဏ်မှာ ၂၄ ချက် ဖြစ်ပါသည်။ ကြိမ်လုံးအရွယ် အစားမှာ အရှည် ၁.၂ မီတာ (၃ ပေနှင့် ၁၁ လက်မ)၊ အထူ ၁.၃ စင်တီမီတာ (လက်မ၀က်) ဖြစ်၏။ (Ref: Prison Regulations 132(2))၊ ကြိမ်ကို ပျော့ပြောင်းစေရန် တစ်ညလုံး ရေစိမ်ထားပြီး ရိုက်ခြင်း ဖြစ်ပါသည်။ ကြိမ်ဒါဏ်မပေးမီ ကြိမ် ရိုက်ခံရန် သင့်မသင့် ဆရာဝန်က အလျင်စစ်ပါသည်။ ကြိမ်ရိုက်ခံနိုင်ရန် ကျန်းမာရေးအခြေအနေ ကောင်းသည်ဟု ထောက်ခံချက်ရမှ ရိုက်ခြင်း ဖြစ်ပါသည်။ ကြိမ်ဒါဏ်တစ်ချက်နှင့် တစ်ချက်အကြား မိနစ်ဝက်ခန့် ခြားပါသည်။

၁၉၈၈ ခုနှစ် ဧပြီလ ၈ ရက်နေ့က လက်နက်ကိုင် ဒါးပြတိုက်မှုဖြင့် အသက် ၂၆ နှစ်ရှိသူ Quek Kee Chong ကို Changi အကျဉ်းထောင်တွင် တစ်နေ့ထဲ ကြိမ်ဒါဏ် ၄၈ ချက် ကျခံစေခဲ့သဖြင့် ၎င်းက တင်ပါးအသားများကို ဆိုးရွားစွာ ပျက်စီး စေမှုဖြင့် စင်ကာပူအစိုးရကို တရားစွဲခဲ့သည်။ ဥပဒေအရ တစ်ကြိမ်လျှင် ၂၄ ချက်ထက် မများစေသော ကြိမ်ဒါဏ်ကိုသာ ကျခံစေရမည် ဖြစ်ပါသည်။

ကြိမ်ဒါဏ်ပေးနိုင်သော အမှုများမှာ Criminal Procedure Code အရ ၃၀ ခန့်ရှိပါသည်။ ထိုအထဲတွင် လူသတ်မှု၊ လူဆိုးဂိုဏ်း၊ မူးယစ်ဆေးမှု၊ အများပြည်သူပိုင်ပစ္စည်းများအား ဖျက်ဆီးမှု (ထိုဖျက်ဆီးမှုများတွင် မြန်မာပြည်၌ အများဆုံး တွေ့ရတတ်သည့် နံရံများတွင် အရုပ်များဆွဲခြင်း၊ စာများရေးခြင်း၊ ပိုစတာများကပ်ခြင်း၊ ဒါးနှင့်ခြစ်ခြင်း၊ ထိုင်ခုံကို ဒါးနှင့်ခွဲခြင်း၊ ဆေးမှုတ်ခြင်း စသည်တို့ ပါဝင်ပါသည်။)၊ မုဒိန်းမှု၊ ဖောက်ထွင်းမှု၊ ဒါးပြမှု၊ ခိုးမှု၊ ပြည့်တန်ဆာ အရောင်းအ၀ယ်လုပ်မှု စသည်တို့ကို ကြိမ်ဒါဏ် ပေးနိုင်ပါသည်။ Mandatory ကြိမ်ဒါဏ်ဟူသည် ဥပမာ - မူးယစ်ဆေး(အချို့ပမာဏ) လက်ဝယ်တွေ့ရှိခြင်းတွင် ကြိမ်ဒါဏ်မှအပ အခြားပြစ်ဒါဏ် မရှိခြင်း၊ overstay ရက် ၃၀ ကျော်သည်နှင့် ကြိမ်ဒါဏ် ၃ ချက် ကျခံရမည်ဟု အလိုလိုသတ်မှတ်ပြီးသားဖြစ်ခြင်း စသည်တို့ကို ခေါ်ပါသည်။ (သို့သော် ၁၉၉၄ ခုနှစ်ကမူ သူ၏ ဗီဇာထက် ရက်ကျော်နေသော အသက် ၄၅ နှစ်အရွယ် ပြင်သစ်နိုင်ငံသားတစ်ဦးကိုမူ ကြိမ်ဒါဏ် ၅ ချက်နှင့် ထောင်ဒါဏ်၈ လ ကျခံစေခဲ့သည်။)

ကြိမ်ဒါဏ်ပေးနိုင်သော ပြစ်မှုများနှင့် ကြိမ်ဒါဏ်အရေအတွက်ကို http://www.corpun.com/sgjur2.htm တွင် ကြည့်နိုင်ပါသည်။

ပုံမှန်အားဖြင့် ကြိမ်ဒါဏ်ပေးနိုင်သည့် အသက် မှာ ၁၈ နှစ်မှ ၅၀ အတွင်း ဖြစ်ပါသည်။ ၁၆ နှစ်အထက် ၁၈ နှစ် အောက်အတွင်းဆိုလျှင် အများဆုံးကြိမ်ဒါဏ်ကို ၁၀ ချက်ဟု သတ်မှတ်ထားပါသည်။ သေဒါဏ်ကျခံပြီးသူများကို ကြိမ်ဒါဏ် မပေးပါ။

မှတ်တမ်းများအရ ကြိမ်ဒါဏ်ပေးခဲ့သော ပြစ်မှုများမှာ ၁၉၈၇ ခုနှစ်တွင် ၆၀၂၊ ၁၉၈၈ ခုနှစ်တွင် ၆၁၆၊ ၁၉၉၂ ခုနှစ်တွင် ၁၄၂၂၊ ၁၉၉၃ ခုနှစ်တွင် ၃၂၄၄၊ ၂၀၀၆ ခုနှစ်တွင် ၅၉၈၄၊ ၂၀၀၇ ခုနှစ်တွင် ၆၄၀၄ (၇ ရက်တစ်ပတ်လျှင် ကြိမ်ဒါဏ် ၁၂၀ နှုံး) မှု ဖြစ်ပါသည်။ များသောအားဖြင့် ကြိမ်ဒါဏ်ကို Changi Prison တွင်ပေးပါသည်။

ဓါတ်လှေခါးအတွင်း အမျိုးသမီးတစ်ဦးကို နသားပါးယားလုပ်မှုဖြင့် အသက် ၁၈ နှစ်အရွယ် Goh Cheng Yew ဆိုသူ ကို ကြိမ်ဒါဏ် ၃ ချက်နှင့် ထောင် ၆ လ ကျခံစေခဲ့သည်။ အမျိုးသမီး တစ်ဦးဦး၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခုကို နသားပါးယား လုပ်လိုစိတ်နှင့် ထိ၊ ကိုင် သူအား ကြိမ်ဒါဏ် ၃ ချက်နှင့် ထောင် ၉ လ ကျခံစေရန် ၂၀၀၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှ စတင်သတ်မှတ်ခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။
၁၉ သြဂုတ်၊ ၂၀၁၀

Monday, August 9, 2010

ခေါင်းမှ မီးကို အလျင်ငြိမ်းပါ

(၂၅-၅-၀၈ နေ့က နာကြားခဲ့သော သပိတ်အိုင်ဆရာတော် အရှင် ဉာဏိဿရ ၏ တရားတော်ကို ကျွန်တော်မှတ်မိသမျှ ပြန်လည် ဝေမျှပါသည်။)

ပြောမှသိ

ကျွန်တော်ရောက်ပြီး အတန်ကြာသော် တရုတ်များဘုရားရှိခိုးပါသည်။ သူတို့က သီဟိုလ်သံနှင့်ရွတ်ဆိုသည် ဖြစ်ရာ ကျွန်တော့်မှာ နားလည်အောင် မနည်းအားစိုက်ပြီး နားထောင်ရပါသည်။ သို့တိုင် တချို့အပိုဒ်များ ကို နားမလည်ပါ။ အဖြတ်အတောက်၊ အသံထွက်၊ လေယူလေသိမ်းတို့မတူသဖြင့် မနည်းနားထောင်ရပါသည်။ သို့သော် အင်မတန် နားထောင်လို့ကောင်းပါသည်။ ကျွန်တော် သူတို့ပရိတ်ရွတ်နေတာကို အားစိုက်နာယူနေစဉ် နောက်ပိုင်းမှ တစတစ ဆူညံ လာသည်ကို သတိပြုမိပါ၏။ နောက်ပိုင်းကျလေ ပိုဆူလေ။ လှည့်ကြည့် လိုက်သော် လူတွေ အတော်များလာမှန်း သိလိုက်ရပါသည်။ ဦးပဉ္စင်းကို အကဲခတ်လိုက်တော့လည်း ဦးပဉ္စင်း မှာ နောက်ဘက်သို့ မကြာခဏ လှမ်း လှမ်း ကြည့်နေ တာ တွေ့ရပါ၏။

ပရိတ်ရွတ်အပြီးတရားပွဲကိုဆက်ပါသည်။ တရားပွဲမဆက်ခင် ခုနက ဦးပဉ္စင်းက ငေါက်ပါတော့၏။
“ဒီအထဲရောက်နေတာ အားလုံး ဗမာတွေချည်းပါပဲ။ ခုနက ဘုရားရှိခိုးနေတုံး ဆူညံနေတာကတော့ အင်မတန့် ကို အရုပ် ဆိုးပါတယ်။ အောင်မယ်၊ ရီသံတောင် ကြားလိုက်ရသေး။ ဦးဇင်းလှမ်းကြည့်လိုက်တော့ သမီးယီးစား လိုလို၊ လင်မယား လိုလိုတွေ တွတ်ထိုးနေတာတွေ့တယ်။ ပြောချင်သပဆို အိမ်မှာ တခြားနေရာတွေမှာ ပြောပါ။ သူများ ဘုရားရှိခိုးနေတုံး တော့ တိတ်တိတ်နေဘို့ မေတ္တာရပ်ခံချင်ပါတယ်။ ဗမာသိက္ခာလည်း ကျတာပေါ့။ တခြားလူမျိုးတွေနဲ့ ရောနေတာဆို တော်သေးတယ်။ တရုတ်မှန်းမသိ၊ ကုလားမှန်းမသိ။ ခုတော့ ဗမာတွေချည်း ပဲလေ။ ဒီတော့ ကိုယ့်လူမျိုးရဲ့ ဂုဏ်သိက္ခာကို ကိုယ့်ဟာကိုယ်ထိန်းပါလို့ ဦးဇင်းပြောချင်ပါတယ်။ နက်ဖြန်လည်း ဒီလူတွေပဲ လာကြဦးမှာဆိုတော့ ဒီလို မဖြစ်ပါစေနဲ့။”

ကိုင်း မှတ်ကွ။ ကျွန်တော် ဦးဇင်းကို အတော်လေး ကျေးဇူးတင်သွားမိပါ၏။
ပြောမှသိသောသူများ မဖြစ်ကြပါစေနှင့်။ မပြောပဲ အလိုက်ကန်းဆိုး သိသောသူများ ဖြစ်ကြပါစေ။
ပြောမှသိ၊ ထိမှနာ၊ သာမှနေ၊ သေမှခင်၊ ဤလေးအင်၊ လူတွင် မကျင့်ရာ - ဟု ရှေးလူကြီးများ ထားသွားခဲ့သည် မဟုတ်ပါ လား။ တတ်နိုင်သမျှ လိုက်နာကြပါ။

----------------------------- x -----------------------------

မေတ္တာပို့

ပထမဦးစွာ မေတ္တာပဏာမ၊ မေတ္တာအာသီသဖြင့် တရားသဘင်ကို စတင်ဖွင့်လှစ်ပါသည်။
x x x x x x x x x x x x x x x
မေတ္တာရန်သူ ဒေါသမူ၊ အပူကင်းပါစေ။
မေတ္တာနှလုံး ကိုယ်စီသုံး၊ ရွှင်ပြုံးကြပါစေ။
မေတ္တာရေစမ်း ကိုယ်စီလွှမ်း၊ ငြိမ်းချမ်းကြပါစေ။
ခန္တီ၏ရန် ဒေါသမာန်၊ တွန်းလှန်နိုင်ပါစေ။
ခန္တီနှလုံး၊ အစဉ်သုံး ရွှင်ပြုံးကြပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း၊ ငြိမ်းချမ်းကြပါစေ။

ဘာအရေးကြီးဆုံးလဲ

ရင်ဝမှာ မြားစူးနေတဲ့ ပုဂ္ဂိုလ်ဟာ မြားကိုနှုတ်ပစ်ဘို့ အရေးကြီးဆုံးပဲ။
ခေါင်းမှာ မီးလောင်နေတဲ့ ပုဂ္ဂိုလ်ဟာ ခေါင်းကမီးကို သတ်ပစ်ဖို့ အရေးကြီးဆုံးပဲ။
မျက်မှောက်ကာလ လောလောလတ်လတ်မှာ ဘာ အရေးကြီးဆုံးလဲ။ အရေးကြီးတာကို အရင်လုပ်ပါ။ ဒါ ဘုန်းကြီး ပြောတာမဟုတ်ဘူး။ မြတ်စွာဘုရားက မာလုကျသုတ္တန်မှာ ဟောခဲ့တာ။ လောကနဲ့ ဓမ္မဟာ တစ်သားထဲပဲ။ လောက က သပ်သပ်၊ ဓမ္မကသပ်သပ် ဒီလိုမဟုတ်ဘူး။ ဒီတော့ -
ငါ ဘာလဲ လို့ သိရမယ်။ ကိုယ့်ကိုယ်ကိုယ် ဘာလဲ လို့ သိဖို့ရာ ငါတကော ကောပြီး ထောင်လွှားတတ်တဲ့ သက္ကာယဒိဌိကို ပယ်ဘို့ရာ ကျင့်ကြံ ကြိုးကုတ် အားထုတ်ရမယ်။
အခု လောလောဆယ် ဧရာဝတီတိုင်းမှာ လူထောင်ပေါင်းများစွာဟာ စားစရာမရှိ၊ နေစရာမရှိနဲ့ အတိဒုက္ခ ရောက်နေကြတယ်။ စားစရာမရှိတဲ့သူကို ကိုယ်စားတဲ့အထဲက ထမင်းကလေးတစ်လုပ်မှ မျှဝေမပေးလိုက်ရင် ကိုယ့်ဘ၀ သမိုင်းမှာ တစ်ကွက်ဟာသွားမယ်။ ဘုန်းကြီးတို့ သီတဂူရဲ့ ဆောင်ပုဒ် ရှိပါတယ်။
“ဘ၀သမိုင်း မရိုင်းစေရန်
စိတ်မာန်မချ မာနမပါ
(ဤအပိုဒ်ကို မမီလိုက်ပါ)
တို့ပြည်ရွာကို သာယာစေမှု
လုံ့လပြုအံ့။”

ကရုဏာပို့ပါ

ကရုဏာရဲ့သဘောက သူတစ်ပါး ဒုက္ခရောက်နေတာကို မြင်ရ ကြားရရင် သူတော်ကောင်းဟာ စိတ်ထဲမှာ တုန်လှုပ်စွာ ခံစားမိရ၊ ခံစားတတ်ရမယ်။ ဒါ အဘိဓမ္မာ ပိဋကတ်တော်မှာပါတာ။ မေတ္တာပို့တာက သုခိတ သတ္တ၀ါရော၊ ဒုက္ခိတသတ္တ၀ါပါ အားလုံး တညီထဲ ပို့တယ်။ ဒုက္ခရောက်နေသူရော၊ ဒုက္ခမရောက်တဲ့ သူကိုပါ တပြေးညီ မေတ္တာပို့တယ်။ ဒါပေမဲ့ ကရုဏာကျတော့ ဒုက္ခရောက်နေတဲ့သူကိုပဲ ရွေးပြီးတော့ ပို့ရတယ်။ ဒုက္ခိတသတ္တ၀ါဟာ ကရုဏာရဲ့ အခြေခံ အကြောင်းတရားပဲ။ ဒီတော့ ဧရာဝတီတိုင်းက မုန်တိုင်းဒါဏ်ကြောင့် အတိ ဒုက္ခရောက်နေကြတဲ့သူတွေကို ကရုဏာပို့ပါ။

ဗမာပြည်၏ မဟာကရုဏာရှင် သူရဲကောင်း

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသရဲ့ အကျယ်အ၀န်းဟာ စတုရန်းကီလိုမီတာပေါင်း ၆၅၀၀ ကျော် ရှိတယ်။ မုန်တိုင်းဒါဏ်ခံရတာ စုစုပေါင်း လူဦးရေ ၁၇သိန်းကျော် ရှိတယ်။ လပွတ္တာမြို့နယ်မှာ ရွာပေါင်း ၆၀၀ ကျော်ရှိတဲ့ အနက် ၄၃၆ ရွာ လေဘေး၊ ရေဘေးသင့်တယ်။ လပွတ္တာကနေ ပင်လယ်ဘက်ကို မော်တော်နဲ့ ၅ နာရီလောက် ခပ်ပြင်းပြင်း မောင်းသွားရင် ကဒုံကနိတို့၊ ကဒုံဧရာတို့ ဆိုတဲ့ ရွာကြီးတွေဆီ ရောက်တယ်။ ဘုန်းကြီးက အရင်ကတဲက မကြာခဏ တရားဟောသွားဖူးလို့ ဒီရွာကြီးတွေနဲ့ ဒီလမ်းကြောင်းကို ရင်းနှီးနေ တယ်။ ဧရာဝတီမြစ်မကြီးကနေ မြစ်ဝကျွန်းပေါ် ရောက်တော့ ဟောဒီလို လက်ချောင်းလေးတွေ ဖြာထွက်သွား သလို မြစ်လက်တက် တွေ ခွဲထွက်သွားတယ်။ အဲဒီ မြစ်လက်တက်တွေထဲမှာ ဒီမြစ်ကြောင်းက အကျယ်ဆုံးပဲ။ အဲဒီမြစ်ရဲ့ ကမ်းနှစ်ဘက်စလုံးမှာ ရွာပေါင်း ၃၆ ရွာရှိတယ်။ ရွာကြီးက ၂၆ ရွာ နဲ့ ရွာလေးက ၁၀ ရွာလောက် ရှိ တယ်။ လယ်သမားတွေဆိုတော့ အိမ်ကလေး လေးငါးဆယ်အိမ် လောက်စုပြီး ကွင်းတွေထဲမှာ စုနေကြရင်း ရွာ လေးတစ်ရွာ ဖြစ်သွားတာပေါ့။
တောကရွာတွေဆိုတော့ လမုပင်တွေ၊ သပြုပင်တွေ၊ ၀ါးတွေ၊ ဓနိတွေနဲ့ ဖြစ်သလိုဆောက်ထားကြရ တာပေါ့။ မင်းတို့ မုန်တိုင်းမပြောနဲ့။ ကျွဲကြီးကြီးတစ်ကောင်လောက် ဆွဲမွှေ့လိုက်ရင်ကို အိမ်ပြိုသွားနိုင်တာ။ ဒီတော့ မုန်တိုင်း လဲ ကျရော အရှေ့ဘက်ကမ်းကရွာတွေအားလုံး လွင့်သွားလိုက်တာ ရွာ့အရိပ်အရောင် လုံးဝ မတွေ့ရအောင် ပျောက်သွား တယ်။ သစ်ပင်တွေဆိုလဲ အရွက်တွေ ပြောင်သလင်းခါပြီး ကျိုးကြေနေတဲ့ ငုတ်တို ပဲ ကျန်ခဲ့တယ်။ ဘုန်းကြီးက ဒီလမ်းဒီ ခရီးကို အခေါက်ခေါက်အခါခါ သွားဖူးနေလို့သာ ဒါ ရွာနေရာပဲ လို့ မှန်းလို့ရတာ။ အနောက်ဘက်ကမ်းက ရွာတွေဆိုလဲ တခါထဲ မုန်တိုင်းက ရွာရော လူရော ကျွဲတွေ၊ နွားတွေရော အကုန်လုံး တိုက်ချပြီးသွားလိုက်တာ မြစ်ထဲကို ကျတဲ့ဟာတွေ ကျ၊ တချို့လဲ အရှေ့ဘက်ကမ်းရောက်အောင်သွားတင်။ ကမ်းစပ်မှာ အလောင်းတွေဆိုတာ မြင်မကောင်းဘူး။ အဝေး ကနေလှမ်းကြည့်လိုက်၊ ဖြူဖြူလေးမြင်ရင် အဲဒါ အလောင်းပဲလို့သာ မှတ်လိုက်တော့။ အကုန် ရွာလုံးကျွတ်ကို ပျောက် သွားတာ။ သေတဲ့လူတွေလဲ ရှာလို့မရ။ ရှင်တဲ့လူတွေလဲ ဘယ်သွားရှာရမှန်းမသိဘူး။
အဲဒီ ရှင်ကျန်ခဲ့တဲ့သူတွေဟာ ချောင်းကြိုမြောင်းကြား၊ ဓနိပင်ကြို ဓနိပင်ကြားတွေမှာ ခိုကပ်ပြီး ကျန်ခဲ့တယ်။ စားစရာမရှိ။ သောက်စရာက နတ္ထိ။
လဒတွေဟာတဲ့၊ လဒအထီးနဲ့ လဒအမဟာ ဥ ဥ ပြီးရင် ဥတွေကို အသိုက်ထဲမှာ ဒီအတိုင်း ထားခဲ့တယ်။ သားလေးတွေပေါက်လာတော့လဲ အစာရှာဖွေပြီး ခွံ့မကျွေးကြဘူး။ ဟိုးကောင်းကင်ကနေ ပျံဝဲပြီးတော့ အသိုက်ကို ကြည့်တယ်။ လဒလေးတွေကတော့ အင်း ငါတို့ အဖေနဲ့အမေတော့ ၀ဲလာပြီဟဲ့။ ငါတို့ကို အစာ ကျွေးတော့မှာပဲ လို့ မျှော်လင့်နေကြတယ်။ ဒါပေမဲ့ သူတို့မျှော်လင့်သလို လဒအထီးနဲ့အမက သူတို့သားသမီး တွေကို အစာလာခွံ့မကျွေးဘူး တဲ့။ ဒီတော့ အဲဒီ လဒပေါက်ကလေးတွေဟာ မျှော်လင့်ချက်နဲ့ပဲ အသက်ဆက် ကြရတယ်တဲ့။
အဘိဓမ္မာမှာ အာဟာရ လေးမျိုးရှိတယ်။ အဲဒီမှာ မနောသဉ္စေတနာ အာဟာရ ဆိုတာပါတယ်။ မျှော်လင့်ချက် ကြောင့် ဖြစ်တဲ့အာဟာရ။ အဲဒီလဒပေါက်ကလေးတွေဟာ အဲဒီမျှော်လင့်ချက်ဆိုတဲ့ အာဟာရနဲ့ပဲ အသက်ဆက်ပြီး ရှင်သန်ကြီးပြင်းလာကြရတယ်။
ဟိုး ချောင်းကြိုမြောင်းကြားမှာ အသက်မသေပဲ ရှင်ကျန်ခဲ့တဲ့သူတွေလဲ ဒီလိုပဲ။ တစ်နေ့တစ်နေ့ကို ရဟတ်ယာဉ် နှစ်ကြိမ်လောက် ဘတ်ဘတ် ဘတ်ဘတ် နဲ့ လာလာပြီး ၀ဲကြည့်တယ်။ ဒီတော့ အဲဒီသူတွေက အင်း ငါတို့တော့ အစား အစာတွေ လာပို့တော့မယ် ထင်ပါရဲ့ လို့ မျှော်ကြတယ်။ ရဟတ်ယာဉ်တွေက ၀ဲသာ ကြည့်သွားတယ်။ သူတို့ဘို့ ဘာအစား အစာမှ ချမပေးသွားဘူး။ အင်း ဒီနေ့တော့ လာပြီး အခြေအနေကို ကြည့် တာထင်ပါရဲ့လေ။ နက်ဖြန်တော့ အစား အသောက်တွေ ပါလာမှာ မုချပဲ လို့ နက်ဖြန်ကို ထပ်ပြီး မျှော်ကြပြန် တယ်။ နက်ဖြန်လဲ လာတာပဲ။ ရဟတ်ယာဉ်တွေ ဘတ်ဘတ် ဘတ်ဘတ် နဲ့။ ဟိုး ဓနိတောထဲက လူတွေ မျှော် ကြပြန်ပြီ။ အင်း- ဒီနေ့တော့ အစားအသောက်တွေ လာချ တော့မှာပဲ။ ဒီလိုနဲ့ ဟိုရဟတ်ယာဉ်တွေက ၀ဲပြီး ပြန် သွားပြန်ရော။ အဲဒီလိုနဲ့ တစ်ရက် အစားအသောက်တွေလာပို့နိုး နောက်တစ်ရက် အစားအသောက်တွေ လာပို့ နိုး နဲ့ မျှော်သာနေရတယ်။ ရက်တွေသာ တစ်ရက်ပြီး တစ်ရက် ကုန်သွား တယ်။ ရဟတ်ယာဉ်တွေသာ တစ်စီး ပြီးတစ်စီး ၀ဲသွားတယ်။ သူတို့မျှော်တဲ့ အစားအသောက်ကတော့ ရောက်မလာခဲ့ ဘူး။
အဲဒီသူတွေဟာ လဒမျှော်မျှော်ပြီး လဒပေါက်စကလေးတွေလို မျှော်လင့်ချက်နဲ့ပဲ အသက်ဆက်နေကြရတယ်။ (မထူးပါဘူးကွာ၊ မင်းတို့ ငါတို့လည်း ဘယ်လောက်ကြာပြီလဲ။ လဒမျှော်မျှော်နေရတာ။ ဘယ်နှနှစ်ကြာပြီလဲ။ ငါတို့လဲ အလိုလိုနေရင်း လဒတွေ ဖြစ်ကုန်ပြီ။) အဲဒီ ချောင်းကြိုမြောင်းကြားကလူတွေဟာ အလွန်ကြီးမားတဲ့မျှော်လင့်ချက်နဲ့ လဒ မျှော် မျှော်နေကြရ ရှာတယ်။
ဘိုကလေးကနေ ငါးမိုင်လောက်ဝေးတဲ့ ကွမ်းသီးချောင်းဆိုတဲ့ရွာမှာ သီတဂူကျောင်းခွဲတစ်ခုရှိတယ်။ အဲဒီ ကျောင်းမှာ သီတဂူသာသနာပြုအဖွဲ့ကနေ ဒုက္ခသည်တွေကို အစားအသောက်နဲ့ အ၀တ်အထည်တွေ ထောက်ပံ့ပေးနေ တယ်။ ဘုန်းကြီးက အတော်လေးနောက်ကျပြီးမှ ရောက်သွားတယ်။ သြစတေးလျကနေ ဗမာပြည်ကို မေလ ၈ ရက်နေ့ ပြန်ရောက်ပြီး ၉ ရက်နေ့ကျတော့ ခုနကပြောတဲ့ ကျောင်းကိုရောက်တယ်။
ဘုန်းကြီးက ဘယ်လိုလုပ်သလဲဆိုတော့ သူတို့ရွာက ရွာလူကြီးနဲ့ ဘုန်းကြီးကိုခေါ်ပြီး ဒီရွာမှာ အိမ်ခြေဘယ် လောက်၊ လူဘယ်လောက်ရှိ သလဲ။ အိမ်ထောင်စု ဘယ်လောက် အသက်ရှင်ကျန်ခဲ့သလဲ လို့ အရင် စာရင်းလုပ်ခိုင်း တယ်။ စာရင်းရတော့ ဒို့ ဂိုထောင်ထဲမှာ ဆန်ဘယ်လောက်ရှိသလဲ လို့မေး။ ပြီးမှ ရော့ တစ်အိမ်ထောင်ကို ဆန် တစ်အိတ်၊ ပုဆိုးအင်္ကျီတစ်စုံ ပေးလိုက်တယ်။ ဘုန်းကြီးကတော့ အ၀တ်တွေကို အကုန်အသစ်ပဲပေးတယ်။
ဘာလို့လဲဆိုတော့ မင်းတို့လှူတာလည်း ကြည့်လှူ။ ဒီကအ၀တ်ဟောင်းတွေ စုဆောင်းပြီးပေးလိုက်။ မင်းတို့ ဒီဇိုင်းတွေနဲ့ တောကလူတွေနဲ့ ဘယ်လိုမှ အံဝင်ဂွင်ကျ မဖြစ်ဘူး။ မင်းတို့ဂျင်းဘောင်းဘီဖင်ကျပ်ကို တောမှာ ဘယ်လိုလုပ် ၀တ်ရမတုံး။ အဲဒီမှာ အဖွားကြီးတစ်ယောက် အမျိုးသမီးတွေဝတ်တဲ့ အတွင်းခံ ရလာတယ်။ ရတော့ ဘုန်းကြီးကိုလာပြ တယ်။ ဆရာတော် ဒါက ဘာလဲ။ ဘယ်လိုဝတ်ရမတုံး တဲ့။ ဘုန်းကြီးလည်း အဲဒါတော့ ဘုန်းကြီးလဲ မသိဘူး လို့ပြောလိုက် ရတယ်။ ဟုတ်တယ်မဟုတ်လား။ အ၀တ်ထုတ်တွေပို့ရတာ ပို့ခက သက်သာတာမဟုတ်ဘူး။ တော်ကြာ ဆင်ဘိုးထက် ချွန်းဘိုးကြီးနေမယ်။ အသုံးတည့်ရင်တော်ရဲ့။
Project ကိုင်တဲ့သူမှာ ခေါင်းအရေးကြီးတယ်။ ဘယ်လိုစီမံခန့်ခွဲရမလဲ ဆိုတဲ့ ဦးဏှောက်ရှိရမယ်။
ဘုန်းကြီးဒါယိကာ စူပါခင်မောင်ဝင်းမှာက ရေသန့်ထုတ်တဲ့စက်ရှိတယ်။ ကိုင်း - ရေသန့်တွေထုတ်စမ်းကွာ ဆို တော့ ရေကတော့ ထုတ်လို့ရပြီ။ ထည့်ဘို့ ပုံးကလိုသေးတယ်။ ဒါနဲ့ ပုံးတွေကို မန္တလေးကနေမှာတယ်။ မန္တလေးကနေ ပလတ်စတစ်ပုံးတွေ အများကြီးရောက်လာတယ်။ ဆိုတော့ ရေအတွက်က ပူစရာမလိုတော့ဘူး။ အခု သောက်ရေသန့်ကို တောက်လျှောက်ထုတ်ပေးနေတယ်။
ကဒုံကနိရွာရဲ့ တစ်ဖက်ကမ်းမှာ ဘိုးဘွားရိပ်သာရှိတယ်။ အဖိုးအဖွားကတော့ လေးငါးယောက်လောက်ပဲ ရှိမယ်။ မုန်တိုင်းတိုက်တော့ ဘိုးဘွားရိပ်သာ အမိုးတွေလန်သွားတယ်။ အဲဒီ ဘိုးဘွားရိပ်သာကို အမိုးပြန်မိုးပြီး ဆေးရုံဖွင့်လိုက် တယ်။ စစ်ကိုင်းသီတဂူဆေးရုံ ကနေ ဆရာဝန် ၄ ယောက်၊ ရန်ကုန်အာရှတော်ဝင်က ဆရာဝန် ၅ ယောက် နဲ့ သူနာပြုက အယောက် ၂၀ ခေါ်လာတယ်။ ကဒုံကနိမှာ ဆေးရုံတစ်ခု၊ တမာမှာ ဆေးရုံတစ်ခု၊ xxxxxxxx စုစုပေါင်း ဆေးရုံ လေးခု ဖွင့် ထားတယ်။ စစ်ကိုင်းဆေးရုံနဲ့ အာရှတော်ဝင်က ဆေးတွေထုတ်လာတယ်။ မန္တလေးက ဒေါက်တာမြသွင်ကလည်း ဆေးတွေ ပေးလိုက်သေးတယ်။ အပြင်ပုဂ္ဂလိကအလှူရှင်တွေဆီက ရတာနဲ့ဆို ယုံချင်ယုံ မယုံချင်နေ ဆေးစုစုပေါင်း တန်ချိန် ၇၀၀ ရှိတယ်။ ခုလ ၂၈ ရက်နေ့ကို ဆေးတွေ လိုက်ပို့ဖို့ ရှိတယ်။ ဒီတော့ ဆေးနဲ့ ရေ မလိုဘူး။ လောက်တယ်။

ရှေ့လုပ်ငန်းစဉ်

ဘုန်းကြီးတို့ ခုဆို စုစုပေါင်း ဆန်တင်းပေါင်း ၄၀၀၀ ကျော် လှူပြီးသွားပြီ။ ဒီတော့ အ၀တ်တို့၊ ဆန်တို့၊ ဆေးတို့ ရပြီ။ ဆက်လုပ်ရမှာက ပျက်စီးယိုယွင်းသွားတဲ့ ဆေးရုံတွေကို ပြန်ပြင်ဘို့လိုတယ်။ ရေလွှမ်းလိုက်တော့ ဆားငန်ရေ၀င်ပြီး ပျက်စီးသွားတဲ့ မေ့ဆေးပေးစက်၊ ခွဲစိတ်ခန်းသုံးပစ္စည်းတွေ equipment နဲ့ instruments တွေကို အသစ်ဝယ် ဖြည့်ဆည်း ပေးဘို့လိုတယ်။ နောက်ပြီး မူလတန်းကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေ ပြန်ပြင်ပေးရမယ်။
ဘုန်းတော်ကြီးကျောင်းတွေက တိုင်တွေကကောင်းတော့ ကျန်သေးတယ်။ အဲဒါကို အမိုး၊ အကာပြန်ပြင်ပေး လိုက်ရင် လူတွေ လောလောဆယ်နေစရာ ရသွားမယ်။ အဲဒီမှာ လူတွေ စုနေ။ သူတို့ကို ဆန်အလုံအလောက် ဖြည့်ပေး ထားလိုက်ရင် စုပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ချက်စားလို့ရမယ်။
ဘုန်းကြီးတို့ ဘယ်သူ့ဆီကမှ အကူအညီမတောင်းဘူး။ အားလုံး ကိုယ့်အားကိုယ်ကိုး။ ကိုယ်ထူကိုယ်ထပဲ။ စီစဉ် ထားတာက အဲဒီမှာ ဘုန်းကြီးကျောင်းပေါင်း ၁၀၀ ကျော်ရှိတယ်။ တစ်ကျောင်းကို သွပ် အချပ် ၁၀၀ နဲ့ မိုးဘို့ ငွေ တစ်သိန်းစီ လှူပြီးသွားပြီ။ ဘိုကလေးတစ်မြို့နယ်လုံးမှာ ရွာပေါင်း ၅၀၀ ကျော်ရှိတဲ့အနက် ကျန်တဲ့ရွာတွေ ဘယ်လောက် လဲဆိုတာ မသိသေးဘူး။ စုံစမ်းတုံးပဲ။ ကျောင်းအားလုံးအတွက် သွပ် အချပ် တစ်သိန်းမှာထားတဲ့အနက် သုံးသောင်း လောက် ရပြီးပြီ။ အိမ်လုံးကျွတ်လွင့်သွားတဲ့သူတွေကို ထမင်း၊ ဟင်းချက်ဖို့ ရန်ကုန်ထဲက ဒန်အိုးစက်တွေသွားပြီး ဒန်အိုး အလုံး တစ်သိန်းမှာထားတယ်။ နောက်ပြီး ပန်ကန် တစ်သိန်း နဲ့ ဇွန်း တစ်သိန်းလဲ မှာထားတယ်။ အရေးကြီးတာက သူတို့ ကို အခြေတကျဖြစ်အောင် လုပ်ပေးဘို့ပဲ။
ခေါက်ဆွဲထုပ်လေးတွေ လာဝေလိုက်၊ ယူစားလိုက်။ မုံ့ထုပ်လေးတွေ လာဝေလိုက်၊ ယူစားလိုက်နဲ့။ ကြာရင် ဒီလူတွေ သူတောင်းစားဘ၀ ရောက်သွားမယ်။ ဒါ့အပြင် အဖေရော အမေပါ မုန်တိုင်းထဲမှာ သေသွားလို့ မိဘမဲ့ ဖြစ်သွား တဲ့ ကလေးတွေကို ဘယ်လိုကယ်မလဲ။ လူအရောင်းအ၀ယ်လုပ်တဲ့ လူတွေလက်ထဲ ရောက်မသွားခင် ကယ်ရမယ်။ လုပ်ရမဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေက အများကြီး ကျန်သေးတယ်။ အဲဒီလိုလုပ်ဖို့ ပိုက်ဆံအများကြီးလိုတယ်။ ပိုက်ဆံ မရှိရင် ဘာမှ လုပ်လို့မရဘူး။
ကဲ တရားနည်းနည်းဟောရအောင်။

မာလုကျပုတ္တ သုတ္တန်

ဘယ်အလုပ်ဟာ အရေးကြီးသလဲ လို့ သိပြီး အဲဒီအလုပ်ကို အရင်လုပ်ရမယ်။ တောထဲတောင်ထဲ အမဲလိုက်ရင်း သမင်ကိုပစ်လိုက်တဲ့မြားဟာ လွဲချော်ပြီး လုလင်တစ်ယောက်ရဲ့ ရင်ဝကို စူးဝင်သွားတယ် ဆိုပါတော့။ အဲဒီလုလင်ကို သူ့အဖော်အပေါင်းတွေက မြားကိုနှုတ်ပြီး ဆေးကုပေးမယ်လုပ်တော့ လုလင်က မြားကိုအနှုတ်မခံဘူး။ နေကြပါအုံး။ နေကြပါအုံး။ မြားကိုမနှုတ်ပါနဲ့ဦး။ ဆေးအရင်မကုလိုက်ပါနဲ့ဦး။
၁။ အဲဒီမြားဟာ ဘယ်အရပ်ကလာတာလဲ။
၂။ မြားကို ဘာနဲ့လုပ်ထားတာလဲ။ သစ်သားနဲ့လား။ ၀ါးနဲ့လား။
၃။ မြားအမြီးမှာ ချည်ထားတာက ငှက်မွေးလား။ ငှက်မွေးဆို ဘာငှက်ရဲ့ အမွေးလဲ။
၎။ မြားဦးမှာ တပ်ထားတာ သံလား။ ကြေးလား။
၅။ မြားဦးကို ဘာအဆိပ်သုတ်ထားတာလဲ။
၆။ အဲဒီမြားကို ပစ်လိုက်တဲ့လူက ပိန်သလား၊ ၀သလား၊ ဖြူသလား၊ မဲသလား၊ အရပ်ရှည်သလား၊
အရပ်ပုသလား၊ ဘာလူမျိုးလဲ။
၇။ အဲဒီလူက ဘယ်ဇာတိလဲ။ ဘယ်မှာနေတာလဲ စသဖြင့် ဒါတွေသိအောင် အရင်စုံစမ်းပါအုံး။ ဒါတွေသိမှ ကျွန်ုပ်ရင်ဝမှာ စူးနေတဲ့ မြားကို နှုတ်ပြီးဆေးကုကြပါ တဲ့။
ကဲ - အရင်လုပ်ရမှာကဘာလဲ။ ဒါတွေစုံစမ်းဘို့လား။ မြားကိုနှုတ်ပြီး ဆေးကုဘို့လား။

တစ်နေ့မှာ မာလုကျပုတ္တဟာ မြတ်စွာဘုရားဆီသွားပြီး ပုစ္ဆာ ၁၀ မျိုးကို မေးတယ်။
၁။ စကြာဝဠာသည် အစဉ်အမြဲတည်သလော။
၂။ မတည်သလော။
၃။ စကြာဝဠာသည် အကန့်အသတ်ရှိသလော။
၎။ မရှိသလော။
၅။ ၀ိညာဉ်သည် ကာယနှင့် အတူတူပင်လော။
၆။ ၀ိညာဉ်က တသီးတခြား၊ ကာယက တသီးတခြားပင်လော။
၇။ တထာဂတသည် သေသည်၏ အခြားမဲ့၌ တည်ရှိသလော။
၈။ သေသည်၏ အခြားမဲ့၌ မတည်ရှိသလော။
၉။ သေသည်၏ အခြားမဲ့၌ (တစ်ပြိုင်နက်) တည်ရှိ-မတည်ရှိသလော။
၁၀။ သေသည်၏ အခြားမဲ့၌ (တစ်ပြိုင်နက်) မတည်ရှိ-မတည်ရှိမဟုတ်သလော။

ဒီမေးခွန်းတွေကိုမှ မြတ်စွာဘုရားမဖြေရင် ဆက်ပြီး တရားအားမထုတ်တော့ဘူး။ ဒီလို အကျပ်ကိုင်တာကိုး။ ဒီတော့ မြတ်စွာဘုရားက ဟဲ့၊ မာလုကျပုတ္တ။ လောကမှာ ငါရှိတယ် ဆိုတဲ့အစွဲကို အရင်ဖြုတ်။ ဒီအစွဲပြုတ်သွားရင် မင်းမေးတဲ့ မေးခွန်းတွေ အားလုံးပြေလည်သွားမယ်။ အရေးကြီးတာက ငါစွဲကို အရင်ဖြုတ်ဖို့။ ခုနက မေးခွန်းတွေရဲ့ အဖြေ ကို လိုက်ရှာနေဘို့မဟုတ်ဘူး။
ခု ဟောဒီအဆောက်အဦးကြီးကို ဘာလို့ခေါ်တုံး။ ဘုန်းကြီးတွေနေတယ်။ တရားပွဲတွေ ကျင်းပတယ်ဆိုတော့ ကျောင်း လို့ခေါ်ရတယ်။ အကယ်၍ ဒီအဆောက်အဦးကြီးကို အခန်းအခန်းတွေဖွဲ့ပြီး လူတွေထားလိုက်ရင် ဘာဖြစ်သွားမ လဲ။ အိမ် ဖြစ်သွားမယ်။ အကယ်၍ အခန်းတွေပြန်ဖွဲ့ပြီး ငှားစားလိုက်ရင် ဟော်တယ် ဖြစ်သွားမယ်။ အိမ်သာလို အခန်းတွေဖွဲ့ပြီး အိမ်သာလို့ ရေးလိုက်ရင် အိမ်သာ ဖြစ်သွားမယ်။ တိရိစ္ဆာန်တွေထားပြီး ပြစားလိုက်ရင် zoo ဖြစ်သွားမယ်။ စီမံခန့်ခွဲ အုပ်ချုပ်တဲ့နေရာ လုပ်လိုက်ရင် ရုံး ဖြစ်သွားမယ်။
ကျောင်းပဲလုပ်လုပ်၊ အိမ်ပဲဖြစ်ဖြစ်၊ ဟော်တယ်ပဲဖြစ်ဖြစ်၊ အိမ်သာပဲဖြစ်ဖြစ်၊ ရုံးပဲဖြစ်ဖြစ် ဘာပဲ လုပ်လုပ်။ လုပ်ချင် တာလုပ်။ အခြေခံက ဘာတွေနဲ့ဆောက်ထားတာလဲ။ သွပ်၊ သံ၊ အုတ်ခဲ၊ ကွန်ကရစ် ဒါပဲ ရှိမယ်။ ဒီသွပ်၊သံနဲ့ အုတ်ခဲကိုပဲ ဒီဇိုင်း အမျိုးမျိုးပြောင်းဆောက်လိုက်တော့ နာမည်အမျိုးမျိုးပြောင်းသွားတာ။ ဒါဖြင့် designer ကဘယ်သူလဲ။
အခြေခံ structure material ကတော့ စိတ်၊ စေတသိက်၊ ရုပ်။ ဒါပဲ ရှိတယ်။ design ပြောင်းသွားလို့သာ တရုပ် ရယ်၊ ကုလားရယ်၊ အင်္ဂလိပ်ရယ်၊ ဗမာရယ် ဒီလိုဖြစ်လာတာမဟုတ်လား။ ဒီတော့ ငါ ဆိုတာပျောက်ဖို့ မူရင်း structure ကို နားလည်ရမယ်။ မူရင်း structure material ကို နားမလည်တဲ့အခါကျတော့ ငါပဲ၊ ငါ့ဥစ္စာပဲ လို့ စွဲနေတော့တာပဲ။ ဘာလဲ။ အတ္တ နဲ့ အတ္တနိယ ( I and Mine ) ။ အဲဒီ ငါ ဆိုတာကိုမဖျောက်နိုင်ရင် မြားစူးခံရတဲ့သူဟာ သေဖို့ပဲ ရှိတော့ တယ်။ မြတ်စွာဘုရားရှင်က “မာလုကျပုတ္တ၊ မင်းခေါင်းမှာ အတ္တမီး၊ အတ္တနိယမီးတွေ တောက်နေတယ်။ အဲဒီမီးကို ခပ်မြန် မြန် ငြိမ်းရမယ်။ ဒီပုစ္ဆာတွေနဲ့ အချိန်ဖြုံးနေဘို့ မဟုတ်ဘူး။” တဲ့။
(မာလုကျပုတ္တသုတ်ကို ပိုပြီးအသေးစိတ်သိလိုသူများ မြတ်ဗုဒ္ဓဒေသနာ စာမျက်နှာ ၂၇၊ ၂၈၊ ၂၉ များတွင် ရှုပါ)။
ရင်ဝမှာစူးနေတဲ့ မြားကို အရင်နှုတ်ရမှာ။ အရေးတကြီးလုပ်ရမဲ့အလုပ်က မြားကိုမြန်မြန်နှုတ်ကြပါ။ ဆေးကို မြန်မြန်ကုကြပါ။ မြားကိုဘယ်သူကပစ်သလဲ။ ဒီမြားဘယ်ကလာသလဲ။ မြားပစ်တာ ဘာလူမျိုးလဲ စသဖြင့် စည်းဝေးပွဲ ထိုင်မနေကြပါနဲ့။ ငါ၊ ငါ့ဥစ္စာဆိုတဲ့ စိတ်ဓါတ်တွေနဲ့သာ လုပ်နေကြရင် မြားစူးနေတဲ့သူ သေဘို့သာရှိတော့တယ်။
ဘယ်သူမြားစူးစူး၊ ငါနဲ့မဆိုင်ဘူးဆိုရင်တော့ ဒါ သူတော်ကောင်းမဟုတ်ဘူး။ ဘယ်သူတွေဒုက္ခရောက်ရောက် ငါတို့မိသားစု ဘာမှမဖြစ်ရင်တော်ပြီ ဆိုတဲ့သူတွေဟာ သူတော်ကောင်းလက္ခဏာနဲ့ မညီဘူး။ သူတော်ကောင်းဆိုတာ ဒုက္ခရောက်နေတဲ့သူတွေကို မြင်ရ ကြားရရင် တုန်လှုပ်စွာခံစားတတ်ရမယ်။ ဒုက္ခရောက် နေတဲ့သူကို ဒီဒုက္ခကနေ ပျောက်ကင်းအောင် လုပ်ပေးလိုစိတ်ရှိရမယ်။ စိတ်ရှိရုံနဲ့တင် မပြီးသေးဘူး။ ကာယကံမြောက်၊ ၀စီကံမြောက် ဆောင်ရွက် လဲပေးရမယ်။ ဒုက္ခိတသတ္တ၀ါတွေရဲ့ဒုက္ခကို ဖျောက်ဖျက်ပေးချင်တဲ့စိတ်ဟာ ကရုဏာပဲ။ မီးလောင်နေတဲ့သူကို မီးငြိမ်း သတ်ပေးပြီး ဆေးကုပေးရမှာက ကရုဏာရှင်တွေရဲ့အလုပ်။ လူမျိုးရေးရှုထောင့်ကနေ ကြည့်ပြီး ငြင်းခုံမနေကြပါနဲ့။ ဘုန်းကြီးတို့ သွားလှူတဲ့နေရာမှာဆိုရင် မွတ်ဆလင်တွေချည်း အိမ်ပေါင်း တစ်ရာကျော် ရှိတယ်။ ဒုက္ခရောက်တယ် ဆိုတာမှာ လူမျိုးမရွေး ဘာသာမရွေး အားလုံးသွားတူတယ်။
ဒီတော့ ဒီဒုက္ခကြီးကို ဖြေရှင်းဘို့ ကရုဏာ ဆိုတဲ့ တူညီသော common platform လိုနေပြီ။ အားလုံးလက်တွဲပြီး လျှောက်ရမဲ့လမ်းဟာ ကရုဏာဆိုတဲ့ တစ်လမ်းထဲပဲ။ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးမျက်လုံးတွေအားလုံးမှိတ်ထားပြီး ကရုဏာဆိုတဲ့မျက်လုံးနဲ့ကြည့်ပြီး မီးလောင်နေတဲ့ခေါင်းကို ခပ်မြန်မြန်ငြိမ်းဘို့၊ မြားစူးနေတဲ့ ဒါဏ်ရာကို ခပ်မြန်မြန်ကုသ ပေးဘို့ လုပ်ကြပါ။ ကရုဏာဆိုတဲ့ common platform ပေါ်မှာ အားလုံးလက်တွဲပြီး ညီညီညာညာနဲ့ ၀ိုင်းကြ ၀န်းကြပါ။
နောက်ပြီး ဧရာဝတီတိုင်းက မုန်တိုင်းဘေးကြောင့် ဒုက္ခရောက်နေသူ ကိုယ့်ဆွေမျိုးသားချင်းများကို ကရုဏာ ပို့ကြပါ။ မုန်တိုင်းအတွင်းကွယ်လွန်သွားကြသူအပေါင်းကိုလည်း ကိုယ်ပြုထားသမျှကုသိုလ်ကောင်းမှုတွေကို အမျှအတန်း ပေးဝေကြပါ။

ဒုက္ခပတ္တာစ နိဒုက္ခာ၊ ဟောန္တု သဗ္ဗေပိပါဏိနော။
ဒုက္ခပတ္တာစ - ဆင်းရဲပင်ပန်းခြင်းသို့ ဆိုက်ရောက်၍နေကြကုန်သော၊ သဗ္ဗေပိ - အလုံးစုံကုန်သော သတ္တ၀ါ အပေါင်းတို့သည်၊ နိဒုက္ခာ - ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြကုန်သည်၊ ဟောန္တု - ကောင်းစွာမသွေ ဖြစ်ကြပါစေ ကုန်သတည်း။
ဘယာပတ္တာစ နိဘယာ၊ ဟောန္တု သဗ္ဗေပိပါဏိနော။
ဘယာပတ္တာစ - ဘေးရန်အမျိုးမျိုး ကပ်ငြိ၍ နေကြကုန်သော။ သဗ္ဗေပိ - အလုံးစုံကုန်သော သတ္တ၀ါ အပေါင်း တို့သည်၊ နိဘယာ - ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြကုန်သည်၊ ဟောန္တု - ကောင်းစွာမသွေ ဖြစ်ကြပါစေကုန်သတည်း။
သောကပတ္တာစ နိသောကာ၊ ဟောန္တု သဗ္ဗေပိပါဏိနော။
သောကပတ္တာစ - ဆွေမျိုး ဉာတိပျက်ခြင်း၊ စီးပွားပျက်ခြင်း၊ ကျန်းမာရေးပျက်စီးခြင်း စသဖြင့် ပျက်စီးခြင်း အမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြကုန်သော။ သဗ္ဗေပိ - အလုံးစုံကုန်သော သတ္တ၀ါ အပေါင်း၊ ဧရာဝတီတိုင်းအတွင်းမှ ဆွေဟောင်း မျိုးဟောင်း။ မိဟောင်း ဖဟောင်း။ မိတ်သင်္ဂဟာအပေါင်း တို့သည်၊ နိသောကာ - သောကကင်းဝေး၊ စိတ်အေးချမ်းသာ ရှိကြကုန်သည်၊ ဟောန္တု - ကောင်းစွာမသွေ ဖြစ်ကြပါစေကုန်သတည်း။

(ဆရာတော်ဟောသွားတာ တော်တော်များပါသည်။ ကျွန်တော်က လက်ရေးနှင့် လိုက်ရေးရတာဆိုတော့ အကုန် မမှတ်နိုင်၊ ခု မှတ်လို့ရသလောက်ကို ပြန်လည် ဖောက်သည်ချလိုက်ခြင်း ဖြစ်ပါ၏)

အေးငြိမ်း
၂၉-၀၅-၂၀၀၈
၂၃၂၉ နာရီ

Saturday, August 7, 2010

သစ်နင်းသစ်ကျိုး၊ ၀ါးနင်းဝါးကျိုး

(၁)

သည်ကုလားလုပ်နေပုံကိုကြည့်ကာ ကျွန်တော် အလွန် အသည်းယားလှသည်။ နောက်မှနေ၍ လုပ်ကိုင်ပစ်လိုက် ချင်စိတ်ကို မနည်း ထိန်းချုပ်ထားရသည်။ သည်နေ့ နေ့ခင်းပိုင်းတွင် အရေးတကြီးပို့ရမည့် ပစ္စည်းဖြစ်ရာ သည်မနက်မပြီးလျှင် မဖြစ်။ သည့်အတွက်ကြောင့်ပင် လိုအပ်သမျှ အကုန် ကျွန်တော် စီစဉ်ပေးကာ သူ့ကိုလည်း ဘယ်လိုလုပ်၊ ဘယ်လိုကိုင် သေသေချာချာ ပြထားပေးပြီး ဖြစ်သည်။ ဒါနှင့်တောင် saddle ကို ဖြတ်ဘို့ကြည့်နေတာ စိန်ပွဲစားက စိန်တစ်လုံးတွင် အပြစ် အနာအဆာ ပါမပါ၊ မှန်ဘီလူးနှင့် အသေအချာကြည့်နေသကဲ့သို့ လည်းကောင်း၊ ဖြတ်စက် (Fibre-cutter) ကို ကိုင်ဖြတ်နေတာကလည်း သူ့မိန်းမ ပါးကလေးကို ပွတ်နေသကဲ့သို့ လည်းကောင်း ဖြစ်၏။ သို့နှင့် နဂိုကမှ စိတ်တိုတတ်သော ကျွန်တော့်မှာ ထွက်လာသော ဒေါသကို သည်းမခံနိုင်သည့်အဆုံး ဟေ့ကောင်၊ ဖယ်။ မင်း၊ အဲဟိုမှာ သွားသာထိုင်နေ - ဟု ဆိုကာ ကိုယ့်ဟာကိုယ် ဖြတ်လိုက်ပါသည်။ ဒေါနှင့်မောနှင့် အသားကုန်ဖြတ်သည်မို့ saddle အခု ၃၅၀ ကို နာရီဝက်ပင်မကြာ။ ပြီးသွား၏။ ထို့နောက်တော့ ပါကင်ဘာညာလုပ်ကာ ရုံးသို့ DO (Delivery Order) ပြင်ရန် လှမ်းဖုံးဆက်လိုက်ပါသည်။
သည်ကုလားကိုသာ ဖြတ်ခိုင်းလျှင် သည်မနက် မပြောနှင့်။ သည်နေ့တောင် ပြီးမည်မဟုတ်။
ဒါက ယခုမှ ဖြစ်တာ။ သည်အတိုင်းပင် ECC Project တွင်လည်း ဖြစ်ခဲ့ဘူးပြီ။ ထိုစဉ်က ၂၄ လက်မ ပိုက်လိုင်းကို ရေထည့်ကာ စမ်းရမည်။ သည်တော့ Flange မှ Bolt နှင့် Nut များကို ကြပ်ရမည်။ ကုလားများ bolt, nut ကြပ်နေသည်ကို ကျွန်တော်တို့ ဘေးမှ ရပ်ကြည့်နေသည်။ ကြပ်သည်ဆိုသည်မှာလည်း ကြပ်ပြီးပြီးရော ဆိုပြီး ဖြစ်ကတတ်ဆန်း ကြပ်၍ ရသည် မဟုတ်။ သူ့တင်းအားရောက်သည်ထိ ကြပ်ရသည်။ သည်ကောင်တွေ လုပ်နေပုံကိုကြည့်ပြီး ကျွန်တော့်မှ စိတ်ထဲမှ ရွစိရွစိ ဖြစ်လှပြီ။ ဤသည်ကို ရိပ်မိသော လတ်လတ် က “ဟေ့ကောင်၊ မင်းသန့်၊ လာစမ်း။ မင်းနဲ့ငါ ကြပ်မယ်” ဟု ဆိုကာ ကိုယ်တိုင် ချပါသည်။ လတ်လတ်နှင့် ကိုမင်းသန့်တို့မှာ ဆူပါဗိုက်စာများဖြစ်၏။ သည်ကုလားတွေကို ဘယ်လိုလုပ်၊ ဘယ်လိုကိုင်ဟု ရှင်းပြ ထားပြီး ဖြစ်၏။ သို့သော် ကုလားများ ပုံမကျ၍ ကိုယ့်ဟာကိုယ် ကျဲကြခြင်း ဖြစ်သည်။ တကယ်ဆို လတ်လတ်မှာ ပုပု၊ သေးသေးလေးဖြစ်၏။ သို့သော် ကုလားများထက် သန်သေးသည်။ သူတို့ကိုယ်တိုင်ကြပ်လိုက်မှ ချောချောမောမော ပြီးသွားတော့သည်။ သည်တော့မှ ကျွန်တော့်မှာ သက်ပြင်းမောကြီးကို ဟူး ကနဲ မှုတ်ထုတ်နိုင်ပါတော့သည်။
၂၀၀၃ ခုနှစ်လောက်ကလည်း Jorong Island မှ SUT (Sembcorp Utility and Terminal) တွင် pump အ၀င် ၇၄ လက်မပိုက်ကြီးများကို ဆင်ရသည်။ သည်အတိုင်းပင် flange မှ bolt, nut များ ကြပ်ရသည်။ ကျွန်တော့်ဆီမှ ကုလားမှာ လူကပိန်သဖြင့် အားက သိပ်ရှိလှသည်မဟုတ်။ 74” Flange များမှ bolt, nut ကြီးများမှာ အကြီးကြီးများဖြစ်ရာ တော်ရုံအားနှင့် မလွယ်။ သည်တော့ ပါးစပ်ထဲရှိသမျှ လျှာကြီးကို တန်းလန်းထုတ်ကာ ကုလား ကြပ်နေတာကြည့်ပြီး ကျွန်တော့်မှာ ရင်များပင် တစ်လှပ်လှပ်ဖြစ်လာပါသည်။
တော်ပါသေး၏။ ကျွန်တော်တို့ကုမ္ပဏီက အမြဲတမ်း အလုပ်သမားခန့်မထား။ Project ရှိမှ supply ခေါ်သည်။ သည်ကောင်တွေနှင့်သာ အမြဲလုပ်နေရလို့ကတော့ ကျွန်တော့်မှာ နှလုံးရောဂါ နှင့် သွေးတိုးရကာ မြန်မြန် မာလကကိန်း ရှိသည်။

(၂)

၁၉၈၉ ခုနှစ်က ရွာမှ ကိုဖိုးအောင်ကိုခေါ်ကာ ကျွန်တော် ရန်ကုန်သို့ပြန်လာခဲ့ပါသည်။ ထိုစဉ်က ကျောင်းပြီးပြီး အလုပ်မရနိုင်သေးသဖြင့် ယောင်ခြောက်ဆယ် လုပ်နေရသော ကာလဖြစ်၏။ ရန်ကုန်တွင် တည်းမည့် ဘုန်းကြီးကျောင်းမှ ဆရာတော့် အတွက် မမက ပျားရည်ပုလင်းနှစ်လုံး ထည့်ပေးလိုက်ပါသည်။ ပျားရည်ပုလင်းများမှာ အိတ်ထဲတွင်လည်း မဆန့်။ သေသေချာချာလည်း ကြိုးနှင့် ချည်မလာရကား။ သယ်ရတာ အဆင်မပြေ။ သည်တော့ ဟင်္သာတမြို့အရောက်၊ ကားမှ သင်္ဘောသို့ အကူးအပြောင်းတွင် အား/ကာ ဆိုင်တန်းမှ ဆိုင်တစ်ဆိုင်သို့ဝင်ကာ သင်အူကြိုးတောင်းလျှက် ပုလင်းများကို ကိုင်၍ ကောင်းစေရန် ချည်နှောင်ပါသည်။ ဆိုင်ရှင်မှာ တရုတ်အဖိုးကြီး ဖြစ်၏။ အချိန်မှာ အတော်စောသေးသည်။ ဆိုင်များပင် အားလုံး မဖွင့်သေး။
ကျွန်တော်တို့ ချည်နေတာကို အဖိုးကြီးက ဘေးမှ ရပ်ကြည့်နေပါ၏။ နောက်တော့ ကောင်လေးတွေ၊ ဖယ်စမ်း။ ငါချည်ပေးမယ်။ မင်းတို့ကောင်တွေ ဘာမှ လက်ကြောတင်းတဲ့ကောင်တွေ မဟုတ်ဘူး ဆိုကာ ကိုယ်တိုင်ချည်ပေးလိုက်ပါ၏။ ဟုတ်ပါ၏။ ကျွန်တော်တို့မှာ ပုလင်းနှစ်လုံးကို ဟိုဘက်ကပတ်ချည်လိုက်၊ သည်ဘက်က ပတ်ချည်လိုက်နှင့် ဒုက္ခများနေ သလောက် သူချည်ပေးလိုက်မှ အဆင်ပြေပြေ ပြီးသွားပါသည်။ ကျွန်တော်တို့ချည်ထားသည်မှာ လျော့တိလျော့ရဲနှင့်မို့ မ,ကြည့်လိုက်သောအခါ ပုလင်းနှစ်လုံးမှာ တစ်လုံးနှင့်တစ်လုံး ဆတ်ကာ တစ်တောင်တောင် မြည်နေပါသည်။ ဟော၊ သူလည်း ချည်ပေးလိုက်ရော၊ ကိုင်လို့လည်းကောင်း။ ပုလင်းများမှာလည်း တင်းတင်းရင်းရင်းနှင့်ဆိုတော့ ရမ်းမနေတော့ပါ။

ကျွန်တော့်မိဘများမှာ လယ်သမားများ ဖြစ်ပါသည်။ လယ်ဆိုသော်လည်း သိပ်တော့ ကျယ်လှသည်မဟုတ်။ ငါးဧက မျှသာ ဖြစ်၏။ ကူဘော်လောင်ဘက်ရစေရန် လယ်လုပ်ချိန်၌ နှစ်စဉ် လယ်စားရင်းငှားတစ်ယောက် ခေါ်ပါသည်။ လယ်တစ်ပြီးကို စပါး ၁၅ တင်းပေးရ၏။ လယ်တစ်ပြီး ဆိုသည်မှာ စပါးမျိုး စကြဲသည် မှ ရိတ်သိမ်းပြီးချိန်ထိကို ခေါ်ပါသည်။ မြန်မာလို ၀ါဆိုလလောက်မှ တန်ဆောင်မုန်းလလောက်ထိ ဖြစ်ပါ၏။ မိဘများငှားခဲ့သော လယ်စားရင်းငှားများထဲတွင် ကိုအေးလှိုင်နှင့် ကိုမောင်မောင်ကိုတော့ ကျွန်တော် ကောင်းကောင်း မှတ်မိနေပါသည်။ ထိုစဉ်က ကျွန်တော့်မှာ ၅ တန်း၊ ၆ တန်း ကျောင်းသားအရွယ်။ ၁၁ နှစ်၊ ၁၂ နှစ်သား ခန့်။
ကိုမောင်မောင်မှာ ကျွန်တော်တို့ရွာ (၀ါးတောကွင်းရွာ၊ လေးမျက်နှာမြို့နယ်) မှမဟုတ်။ အခြားတစ်ရွာမှ ဖြစ်၏။ သူ့ ကြည့်ရသည်မှာ မရှိအေးအေး၊ ရှိအေးအေးပုံစံမျိုး။ ခုမှ တွေးမိသည်မှာ အဖေကြီးကြောင့်မို့သာ ကိုမောင်မောင် လယ်ပြီးသည်ထိ ကျွန်တော်တို့အိမ်တွင် အလုပ်လုပ်နိုင်ခြင်း ဖြစ်၏။ ကျွန်တော်နှင့်သာဆို မလွယ်။ ကျွန်တော်နှင့် အဖေကြီးမှာ သားအဖအရင်း ဆိုပေမင့် စိတ်နေစိတ်ထား၊ အမူအရာ၊ ရုပ်ရည်သွင်ပြင် စသည်တို့မှာ တခြားစီဖြစ်၏။ တောသားဆိုပေမင့် အဖေကြီးက အသားဖြူဖြူ။ ရုပ်ရည်သန့်သန့်။ စိတ်အေးလက်အေး။ အဖေကြီးတွင် စိတ်ဆိုးသည်။ ဒေါသထွက်သည် ဆိုသည်ကို တွေ့ရခဲသည်။ သူတစ်ပါးအပေါ်တွင်လည်း မနာလိုဝန်တို ဖြစ်မည်။ ဟိုလိုလုပ်လိုက်မည် သည်လိုလုပ်လိုက်မည် ဆိုသည်ကို ကျွန်တော့်တစ်သက် မတွေ့မကြုံခဲ့ရစဖူး။ ထိုကဲ့သို့ပင် စီးပွားကိုလည်း ဟိုလိုသည်လိုရအောင် ရှာမည်ဟု မကြံရွယ်စဖူး။ မိဘလက်ငုတ် လယ်ကလေးကို အေးအေး ဆေးဆေးလုပ်ကာ စိတ်အေးချမ်းသာ နေသူဖြစ်၏။ အဖေကြီးကို ဘယ်အချိန်ကြည့်ကြည့် စိတ်လက်ချမ်းသာ ရှိလှသည်။ ပူပင်ကြောင့်ကြဟူ၍ မြူမျှမကပ်။ အကျိုးဆက်မှာကား ယခု အသက် ၇၆ နှစ်ရှိသည့်တိုင် ဘာရောဂါမှ ကြီးကြီးကျယ်ကျယ် မဖြစ်စဖူး။ ကျွန်တော်တို့မှာသာ ရောဂါတွေ တစ်ခုပြီးတစ်ခု ဖြစ်နေသည်။ မိသားစု ၁၁ ယောက်ရှိသော ကျွန်တော်တို့အိမ်တွင် အကျန်းမာဆုံးသူကို ပြပါဆိုလျှင် အဖေကြီးကို ပြရမည် ဖြစ်ပါသည်။ ကျွန်တော်တို့တိုက်ခန်းမှာ ၆ ထပ်တွင်ရှိရာ အဖေကြီးမှာ ထို ၆ ထပ်ကို မနက်ပြန်ညပြန် ဘာအခက်အခဲမှ မရှိဘဲ အတက်အဆင်းပြုကာ လှည်းတန်း၊ အင်းလျား စသည်များဘက်သို့ အမြဲလမ်းလျှောက်ထွက်လေ့ ရှိပါသည်။
အဖေကြီးနှင့် မတူလှစွာ ကျွန်တော့်မှာ အသားမည်းမည်း၊ အကျည်းတန်တန်၊ အလွန်ဒေါသကြီးသူ ဖြစ်၏။ အလုပ်တစ်ခုကိုလုပ်လျှင် လောဘတကြီး အတင်းတွန်း လုပ်တတ်သော သဘောရှိ၏။ ထမင်းမေ့၊ ဟင်းမေ့။ မပြီးလျှင် မနေဆိုကာ အိပ်ချိန်ပင်လျှင် မအိပ်ပဲ လုပ်တတ်၏။ သို့အတွက် သူများလုပ်နေသည်ကို ကြည့်ကာ သဘောတွေ့ခဲသည်။ သည်တော့ ကိုယ်ပဲပင်ပန်းသည်။ သို့သော် အစ်မကြီး (ကျွန်တော်တို့က ဖခင်ကို အဖေကြီး၊ မိခင်ကို အစ်မကြီး ဟု ခေါ်ပါသည်။) က စိတ်ဆတ်သည်။ ဒေါသကြီးသည် ဟု ဆိုပါသည်။ ကျွန်တော်တို့ လူမမယ်အရွယ်ကပင် အစ်မကြီးမှာ ဆုံးပါးသွားသည် ဖြစ်ရာ အစ်မကြီးအကြောင်းတော့ ကျွန်တော် သေသေချာချာ မသိလိုက်ရပါ။ ကျွန်တော် ဒေါသကြီးခြင်းမှာ အစ်မကြီးနှင့်တူတာ ဖြစ်နိုင်ပါသည်။ ပြောရင်း စကားတွေ ဘေးချော်သွားသည်။ ပြန်ကောက်ကြပါစို့။
အစ်မကြီး က ကိုမောင်မောင့် ကို မြက်တစ်ပင်ကို သေအောင်နင်းတယ် ဟု ဆိုပါသည်။ မောင်မောင်တို့ နွားကျောင်းတာ ပုဆိုးတောင် ရေမစို ဟု ပြောစမှတ်ပြုပါသည်။ သည်တုံးက ကျွန်တော့်မှာ ငယ်သေးသဖြင့် အစ်မကြီး ပြောခဲ့သော စကားများ၏ အဓိပ္ပါယ်ကို မသိ။ မြက်ပင်သေအောင်များ ကိုမောင်မောင် ဘယ်လိုနင်းပါလိမ့်ဟုပင် အတွေး ချော်ခဲ့ဖူးသေးသည်။ ယခုမှ ကိုမောင်မောင် လက်ကြောမတင်းတာကို ဆိုလိုကြောင်း သဘောပေါက်ပါသည်။

တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို ကျွန်တော်တို့ဘက်တွင် လက်ကြောတင်းတင်း အလုပ်လုပ်သူ များကို သစ်နင်းသစ်ကျိုး၊ ၀ါးနင်းဝါးကျိုးသူများ ဟု အမှတ်သညာ ပြုကြပါသည်။

(၃)

လက်ကြောတင်းတင်း အလုပ်လုပ်သူ နှင့် လက်ကြောမတင်းသူ အလွန်ကွာပါသည်။ လက်ကြောတင်းသူ မည်သူ့ကို မဆို အလုပ်ရှင်ကြိုက်မည်။ လက်ကြောမတင်းသူများမှာမူကား လက်ကြောမတင်းသည့် စူပါဗိုက်စာများထံတွင်သာ လုပ်လို့ ရနိုင်ပေမည်။ မဟုတ်က အမြဲလိုလို အဆဲခံ၊ အဆိုခံနေရမည်မှာ ဗေဒင်မေးစရာ မလိုပါ။
ကျွန်တော် ရေဆင်းတွင် အလုပ်လုပ်နေစဉ်က ဆံပင်ညှပ်လျှင် ပေါက်ကုန်းရွာထိပ်မှ ဆံပင်ညှပ်ဆိုင်တွင် အမြဲ သွားညှပ်လေ့ ရှိပါသည်။ ဆံသဆရာမှာ စစ်သားလူထွက်ဖြစ်၏။ မိဘမျက်ရည်တစ်စက်၊ သားသမီး ဘာတစ်သက် ဆိုလား စသည့် ဆောင်ပုဒ် လေးငါးခုကို ၀ါးထရံတွင် တုတ်များနှင့်ထိုးကာ ကပ်ထားပါသည်။ ကျွန်တော်သွားသည့် အခါတိုင်း သူ့သားကို မြည်တွန်တောက်တီးနေတာ အမြဲလိုလို တွေ့ရတတ်ပါသည်။ သူ့သားလုပ်သမျှ ဘာမှ စိတ်တိုင်းမကျနိုင်။
သူ့ထံ ဆံပင်လာညှပ်သော ကောင်လေးများကိုလည်း -
မင်းတို့ကောင်တွေ လူငယ်တွေဖြစ်ပြီး တက်တက်ကြွကြွ ဖြတ်ဖြတ်လတ်လတ် ဘာမှ မရှိဘူး။ ကြည့်အုံး၊ ထိုင်နေပုံကိုက ခါးကြီးခွေလို့။ ဆံပင်တစ်ခါညှပ်တာ ဘယ်လောက်ကြာသလဲကွ။ တစ်ခါတည်း ခုတော့ ခေါင်းကြီးက ဟိုဘက်လည်သွားလိုက်၊ ဒီဘက်ယိုင်သွားလိုက်၊ ခဏကလေးများ ဆံပင်ညှပ်နေတုံး နည်းနည်းလောက် တောင့်ထားလို့မရဘူးလား။ မင်းတို့ကိုများ ကြိုက်တဲ့ ကောင်မလေးတွေ ငါ လိုက်ကြည့်ချင်တယ်။ ဘာကြည့်ကြိုက်သလဲ ဆိုတာ မေးလိုက်ချင်ရဲ့။ မင်းတို့ပုံနဲ့ ကြီးလာရင် ဘယ်အလုပ်ကို လက်ကြောတင်းတင်း လုပ်မလဲ ဟင်၊ ∫# @ ! $ % & * < . . . .
- - - စသဖြင့် အမြဲ ပွမ်နေတတ်ပါသည်။

ဤသည်မှာ ထိုဆံသဆရာကြီး အလွန်လည်း မဟုတ်ပါ။ မနှစ်က ကျွန်တော့်အိမ်တွင် ငှားနေသွားသော ကောင်လေးတစ်ဦး မှာလည်း ဤအတိုင်းဖြစ်ပါ၏။ သူ့ကြည့်ရသည်မှာ လောကကြီးကို စိတ်ပျက်ကာ စိတ်ဓါတ်ကျနေသည့်ပုံမျိုး။ ကျွန်တော်ကလည်း မျက်စိရှေ့အမြင်မတော်တာများတွေ့လာလျှင် ပြောချင်လိုက်သည်မှာ ပါးစပ်ယားနေ သည့်လူစားမျိုး ဖြစ်ပါသည်။ သို့နှင့် မနေနိုင်မထိုင်နိုင် ထိုကောင်ကလေးကို မင်းကွာ၊ ကြည့်ရတာ၊ မနေ့ကမှ ရည်းစားလင်နောက်လိုက်သွားတဲ့ ပုံစံမျိုး ပေါက်နေတယ်။ မျက်နှာကို ရွှင်ရွှင်ပြပြထားပြီး သွက်သွက်လက်လက် ဖြတ်ဖြတ်လတ်လတ်၊ တက်တက်ကြွကြွ နေစမ်းပါ ကွ၊ လူငယ်ပဲ ဟု ပြောမိပါသေး၏။ သူကတော့ စိတ်မဆိုးပါ။ တကယ်ဆို သူ့ဟာသူနေတတ်သလိုနေတာ ကျွန်တော်နှင့် ဘာဆိုင်ပါသနည်း။

ကျွန်တော်နှင့် လက်တွဲလုပ်ရသည့် မြန်မာကလေးများအားလည်း အလုပ်အပေါ်တွင် စေတနာထား လုပ်ကြဘို့၊ မိမိလုပ်နေသည့် အလုပ်နှင့်ပတ်သက်သည့် ဗဟုသုတများကို လေ့လာဘို့၊ လက်ကြောတင်းတင်းလုပ်ဘို့ အမြဲပြောလေ့ ရှိပါသည်။ မိမိဘ၀ တိုးတက်ရာတိုးတက်ရာအကြောင်းများတွင် လက်ကြောတင်းတင်းနှင့် အလုပ်လုပ်ခြင်း သည်လည်း တစ်ချက်အပါအ၀င် ဖြစ်ပါသည်။
သို့အတွက် မိမိတက်လမ်းကို ရှာကြံနေသူ မြန်မာလူငယ်ကလေးများအား မည်သည့်နေရာတွင် ရောက်နေသည်ဖြစ်စေ၊ မည်သည့်အလုပ်ကို လုပ်ရသည်ဖြစ်စေ၊ သစ်နင်းသစ်ကျိုး၊ ၀ါးနင်းဝါးကျိုးသူများ ဖြစ်အောင် ကြိုးစားကြပါဟု တိုက်တွန်းလိုက်ရပါသတည်း။

အေးငြိမ်း
သြဂုတ်လ ၇ ရက်၊ ၂၀၁၀ (စနေနေ့)
၁၅၂၀ နာရီ

အမှိုက် (မင်းအောင်သက်လွင်)

အစားကောင်းစားရသူသည် မိမိချစ်ခင်သူများကို သတိရသကဲ့သို့ ကျွန်ုပ်စာကောင်းများ ဖတ်ရချိန်တွင် မိတ်ဆွေသူငယ်ချင်းများကို ဝေငှလိုစိတ်ပေါ်သဖြင့် ဤစာကို ပြန်လည်ဝေမျှပါသည်။ မူရင်းစာသည် pdf နှင့် ဖြစ်နေသဖြင့် ကော်ပီ၊ ပေ့စ် လုပ်၍မရ။ ထို့ကြောင့် ပြန်လည် ရိုက်ကာ ဝေငှပါသတည်း။
မူရင်းကို အောက်ပါ link တွင် ဖတ်ရှုနိုင်ပါသည်။ ဤစာကို email ပို့ပေးသော ဦးဇော်အောင်အား အထူးကျေးဇူးတင်ရှိပါကြောင်း - http://www.murann.com/ezine/index.php?option=com_content&view=article&id=214:-the-law-of-garbage-truck&catid=3:literature&Itemid=7





တစ်နေ့မှာတော့ ကျွန်တော်ဟာ ရန်ကုန်မြို့ထဲကနေ အင်းစိန်ကို တက္ကစီကားလေး တစ်စီးငှားပြီး ပြန်လာခဲ့ ပါတယ်။ တက္ကစီကားသမားက စိတ်မရှည်တဲ့အတွက် လမ်းခုလတ်မှာ ကားတိုက်ဖို့ သုံးခါကြုံခဲ့ရပါတယ်။ သုံးခါစလုံး တစ်ဘက်ကားသမားတွေက မှားတာမဟုတ်ဘဲ ကျွန်တော်စီးလာတဲ့ ကားသမားကဘဲ ဒိုင်ခံ မှားတာ ဖြစ်ပါတယ်။ ပထမတစ်ခါကတော့ မီးပွိုင့် မီးနီခါနီးကို အတင်းလုဖြတ်ပြီး မောင်းတဲ့အတွက် တစ်ဖက်ကလာတဲ့ ကားနဲ့ ခေါင်းချင်းဆိုင် တိုက်မလို ဖြစ်သွားတာပါ။ ဒုတိယတစ်ခါကတော့ ကားလမ်း ပြင်နေတဲ့ လမ်းဘေးက မြူနီစီပယ် အလုပ်သမားတွေကို တိုက်မိမလို ဖြစ်သွားတာပါ။

တတိယနဲ့နောက်ဆုံးတစ်ခါကတော့ ရှေ့ကသွားနေတဲ့ ဆိုက္ကားကို တိုက်မိမလို ဖြစ်သွားတာပါ။ လီဗာကို တအားဖိနင်းလိုက်၊ ဘရိတ်ကို ဆောင့်နင်းလိုက်နဲ့ စိတ်မရှည်စွာ ဆဲဆိုကြိမ်းမောင်း မြည်တွန်တောက်တီးပြီး မောင်းနေတဲ့ ကားသမားရဲ့ကားကို စီးပြီး ကျွန်တော် ရင်တမမနဲ့ လိုက်ခဲ့ရပါတယ်။

နောက်တစ်နေ့မှာလဲ နိုင်ငံခြားက ပြန်လာမဲ့ သူငယ်ချင်းတစ်ယောက်ကို သွားကြိုဖို့ လေဆိပ်ကို အခြားတက္ကစီကားလေး တစ်စီးငှားပြီး ကျွန်တော် သွားခဲ့ပါတယ်။ လေဆိပ်ထဲအ၀င် လမ်းကြောင်းလေး အတိုင်း ကားမောင်းဝင်လာနေတုံးမှာ မမျှော်လင့်ဘဲ ကားပါကင်မှာ ရပ်ထားတဲ့ ကားတစ်စီးက စည်းမဲ့ကမ်းမဲ့ ကျွန်တော်တို့ကားရှေ့ကို ဖြတ်ထွက်လိုက်ပါတယ်။ ကျွန်တော့် တက္ကစီဒရိုင်ဘာက ကားဘရိတ်ကို ဆောင့်နင်းပြီး ကားကို ဘယ်ဘက်ကွေ့ချလိုက်တာမို့ ခေါင်းချင်းဆိုင် ၀င်လာတဲ့ ကားနဲ့ မတိုက်မိဘဲ ပွတ်ကာ သီကာလေး လွတ်ထွက်သွားပါတယ်။

လမ်းကြောင်းမှားပြီး စည်းကမ်းမဲ့ မောင်းတဲ့ တစ်ဘက်ကားသမားက ကားထဲကနေ ခေါင်းအပြင်ထွက်ပြီး ကျွန်တော့်ကား ဒရိုင်ဘာကို နင်ဘဲငဆ အော်ဆဲပါတယ်။ လက်ဟန်အမူအယာတွေနဲ့လဲ နိုင်ငံခြားရုပ်ရှင်ကား ထဲက လမ်းသရဲတွေစတိုင်နဲ့ မိုက်မိုက်ရိုင်းရိုင်းလုပ်ပြပါတယ်။ ကျွန်တော် တော်တော် ဒေါသဖြစ်သွားပေမဲ့ ကျွနတော့်တက္ကစီ ဒရိုင်ဘာက သူမမှားဘဲနဲ့ (သူမှန်နေရဲ့သားနဲ့) ပြုံးပြီး တစ်ဘက်ကားသမားကို တောင်းပန်တဲ့အနေနဲ့ လက်ပြန်ပြနေပါတယ်။

သူပြုံးတာက သရော်ပြုံး၊ လှောင်ပြုံး၊ မထိတထိပြုံး၊ မချိပြုံး၊ အပေါ်ယံအပြုံး မဟုတ်ပါဘူး။ တကယ့်ကို စိတ်ထဲက နှစ်နှစ်ကာကာ တောင်းပန်တိုးလျှိုးခြင်း၊ ခင်မင်ရင်းနှီးခြင်း၊ ခွင့်လွှတ်အသနားခံခြင်း ဆိုတဲ့ အဓိပ္ပါယ်တွေ ပါနေပါတယ်။

ကျွန်တော် နားမလည်နိုင်လောက်အောင် ဖြစ်သွားပါတယ်။ မနေ့က စီးလာတဲ့ တက္ကစီသမားနဲ့ တခြားစီပါဘဲ။ ခင်ဗျား သူ့ကို ဘာဖြစ်လို့ ပြုံးပြပြီး တောင်းပန်နေရတာလဲ။ ခင်ဗျား မှားတာမဟုတ်ဘူး။ သူမှားတာလေ။ ဘုရားမလို့ ကျုပ်တို့နှစ်ယောက် ဆေးရုံမရောက်တာ။ ဒီလူ တော်တော် မိုက်ရိုင်းတဲ့လူဘဲ - လို့ ကျွန်တော် မေးလိုက်မိတဲ့ အထိပါဘဲ။ အဲဒီအချိန်မှာ တက္ကစီဒရိုင်ဘာ ပြန်ပြောတဲ့ စကားက ကျွန်တော့်ကို သင်ခန်းစာ တွေ အများကြီး ပေးသွားပါတယ်။ သူက -

ဟုတ်ပါတယ်။ ကျွန်တော်လုံးဝ မမှားပါဘူး။ သူမှားတာပါ။ ဘာဖြစ်လို့ သူမှားရသလဲ ဆိုတော့ သူ့ဆီမှာ အမှိုက်တွေအများကြီးပါတဲ့ အမှိုက်ပုံးတစ်ပုံး ရှိပါတယ်။ အဲဒီအမှိုက်ကို သူက ကျွန်တော်တို့ဆီ သွန်ပစ်ချင် နေတယ်။ လူတစ်ယောက်ယောက်က သူ့အပေါ် အမှိုက်သွန်ပစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် သူ့အပေါ်က အမှိုက်ကို သူ ကျွန်တော်တို့အပေါ် ပြန်သွန်ပစ်ချင်နေတာဗျ။

ဒီနေ့ လောကကြီးထဲမှာ သူ့လို အမှိုက်တွေအများကြီး သယ်ပိုးထားတဲ့သူတွေ အများကြီးရှိပါတယ်။ အမှိုက်ပုံး လူသားတွေ ပေါ့ဗျာ။
အချည်းနှီးသော အရာတွေနဲ့ ပြည့်နေတဲ့ အမှိုက်ပုံး၊ ဒေါသအမှိုက်ပုံး၊ လောဘ အမှိုက်ပုံး၊ စိတ်ဓါတ်ကျတဲ့ အမှိုက်ပုံး၊ ရန်လိုတဲ့ အမှိုက်ပုံး၊ အပြစ်တင်လိုတဲ့ အမှိုက်ပုံး စတဲ့ စတဲ့ အမှိုက်တွေပေါ့ဗျာ။ ဒီတော့ ဒီလူတွေက အဲဒီ အမှိုက်တွေကို လွှင့်ပစ်ချင်နေကြတယ်။ လွှင့်ပစ်ဖို့နေရာ လိုက်ရှာနေကြတယ်။

ခုနကလူကလဲ သူ့ရဲ့ ဒေါသအမှိုက်ကြီးကိုပစ်ဖို့ နေရာရှာတာ ကျွန်တော်တို့ကို တွေ့သွားလို့ လိုက်ပစ်တယ်။ ဒါပေမဲ့ သူ့ရဲ့ အမှိုက်ကို ကျွန်တော်မယူပါဘူး။ ပြုံးပြုံးလေး တုံ့ပြန်လိုက်ပါတယ်။ သူ့အမှိုက်က သူ့ခေါင်းပေါ် ပြန်ကျသွားပါတယ်။ သူဆဲသလိုသာ ကျွန်တော်ပြန်ဆဲလိုက်ရင်၊ သူမိုက်ရိုင်းသလိုသာ ကျွန်တော် ပြန်မိုက်ရိုင်းလိုက်ရင် သူ့အမှိုက်က ကျွန်တော့်ခေါင်းပေါ် ရောက်လာမှာ။

အဲဒီအခါကျရင် ကျွန်တော်ကလည်း ခေါင်းပေါ်ရောက်လာတဲ့ အဲဒီအမှိုက်ကို တစ်နေရာရာမှာ ပစ်ဖို့နေရာ လိုက်ရှာမိလိမ့်မယ်။ ကားသမား အချင်းချင်းအပေါ်။ ခရီးသည်အပေါ်၊ ကားပိုင်ရှင်အပေါ် အမှိုက်ပြန်ပစ်ချင် ပစ်မိလိမ့်မယ်။

နောက်ဆုံး ဘယ်သူ့အပေါ်မှာမှ ပစ်စရာနေရာရှာမတွေ့ရင် အဲဒီအမှိုက်က အိမ်အထိပါလာပြီး အိမ်က ဇနီး၊ သားသမီး၊ ညီအစ်ကို၊ မောင်နှမတွေ အပေါ် ပစ်ပုံချမိလိမ့်မယ်။

အခုတော့ ကျွန်တော့်မှာ ဘာအမှိုက်မှ မယူမိခဲ့လို့ ဘာအမှိုက်မှာ ပစ်စရာမရှိဘူးဗျ တဲ့။ ဘ၀ဆိုတာ တိုတိုလေးပါ။ ခင်ဗျားအပေါ် ကောင်းတဲ့သူတွေကို ချစ်ပါ။ မကောင်းတဲ့သူတွေ အတွက် ကောင်းလာအောင် ဆုတောင်းပေးပါ။

(၀န်ခံချက်။ ။ ကိုယ်တွေ့ဖြစ်ရပ်မှန် သက်သေခံချက်နှင့် The Law of the Garbage Truck အားဆီးလျော်အောင် မြန်မာဘာသာသို့ ပြန်ဆိုကာ ရောစပ်ရေးသားထားခြင်း ဖြစ်ပါသည်။)

ကျွန်တော်၏ ဖြည့်စွက်ချက် -

အခါတစ်ပါးတွင် ဗုဒ္ဓမြတ်စွာသည် ဆွမ်းခံထွက်ရာ ပုဏ္ဏားတစ်ဦး၏ အိမ်ရှေ့အရောက် ပုဏ္ဏားက ဆွမ်းလောင်းရမည့်အစား မြတ်စွာဘုရားကို ဆဲဆိုလွှတ်ပါသည်။ ထိုအခါ မြတ်စွာဘုရားက ပြုံးလျှက် ခံယူတော်မူပါသည်။ ထိုအခါ ပုဏ္ဏားက မြတ်စွာဘုရားကို ရှင်ကြီးဂေါတမ၊ ငါ သည်လောက် ဆဲဆိုနေတာတောင် နင်ဘယ်လိုမှ မနေဘူးလား။ ဘာ့ကြောင့်လဲ ဟု မေးပါသည်။ ထိုအခါ မြတ်စွာဘုရားက သင်ပုဏ္ဏားကြီး၊ သင်ဆွမ်းလောင်းတဲ့အခါ ငါမခံယူရင် သင့်ဆွမ်းတွေ ဘယ်ရောက်သွားမလဲ။
အို၊ ရဟန်းကြီး။ ဘယ်မှမရောက်၊ ငါ့ဆီမှာဘဲ ကျန်နေမှာပေါ့။
အေး၊ ပုဏ္ဏားကြီး။ ခုလဲ သင်ပေးတဲ့ ဆဲဆိုမှုတွေကို ငါမခံယူသဖြင့် အဲသည်ဆဲဆိုမှုတွေဟာ ငါ့ဆီမရောက်၊ သင့်ဆီမှာဘဲ ကျန်နေရစ်တယ် - ဟု မိန့်ကြားပါသည်။

ကျွန်တော်တို့သည် သူတစ်ပါးတို့ အမှိုက်လောင်းရာ အမှိုက်ပုံးကြီးများ ဖြစ်မနေစေရန် ကြိုးစားကြပါစို့။

အေးငြိမ်း
07-08-2010
1300hr