Monday, August 9, 2010

ခေါင်းမှ မီးကို အလျင်ငြိမ်းပါ

(၂၅-၅-၀၈ နေ့က နာကြားခဲ့သော သပိတ်အိုင်ဆရာတော် အရှင် ဉာဏိဿရ ၏ တရားတော်ကို ကျွန်တော်မှတ်မိသမျှ ပြန်လည် ဝေမျှပါသည်။)

ပြောမှသိ

ကျွန်တော်ရောက်ပြီး အတန်ကြာသော် တရုတ်များဘုရားရှိခိုးပါသည်။ သူတို့က သီဟိုလ်သံနှင့်ရွတ်ဆိုသည် ဖြစ်ရာ ကျွန်တော့်မှာ နားလည်အောင် မနည်းအားစိုက်ပြီး နားထောင်ရပါသည်။ သို့တိုင် တချို့အပိုဒ်များ ကို နားမလည်ပါ။ အဖြတ်အတောက်၊ အသံထွက်၊ လေယူလေသိမ်းတို့မတူသဖြင့် မနည်းနားထောင်ရပါသည်။ သို့သော် အင်မတန် နားထောင်လို့ကောင်းပါသည်။ ကျွန်တော် သူတို့ပရိတ်ရွတ်နေတာကို အားစိုက်နာယူနေစဉ် နောက်ပိုင်းမှ တစတစ ဆူညံ လာသည်ကို သတိပြုမိပါ၏။ နောက်ပိုင်းကျလေ ပိုဆူလေ။ လှည့်ကြည့် လိုက်သော် လူတွေ အတော်များလာမှန်း သိလိုက်ရပါသည်။ ဦးပဉ္စင်းကို အကဲခတ်လိုက်တော့လည်း ဦးပဉ္စင်း မှာ နောက်ဘက်သို့ မကြာခဏ လှမ်း လှမ်း ကြည့်နေ တာ တွေ့ရပါ၏။

ပရိတ်ရွတ်အပြီးတရားပွဲကိုဆက်ပါသည်။ တရားပွဲမဆက်ခင် ခုနက ဦးပဉ္စင်းက ငေါက်ပါတော့၏။
“ဒီအထဲရောက်နေတာ အားလုံး ဗမာတွေချည်းပါပဲ။ ခုနက ဘုရားရှိခိုးနေတုံး ဆူညံနေတာကတော့ အင်မတန့် ကို အရုပ် ဆိုးပါတယ်။ အောင်မယ်၊ ရီသံတောင် ကြားလိုက်ရသေး။ ဦးဇင်းလှမ်းကြည့်လိုက်တော့ သမီးယီးစား လိုလို၊ လင်မယား လိုလိုတွေ တွတ်ထိုးနေတာတွေ့တယ်။ ပြောချင်သပဆို အိမ်မှာ တခြားနေရာတွေမှာ ပြောပါ။ သူများ ဘုရားရှိခိုးနေတုံး တော့ တိတ်တိတ်နေဘို့ မေတ္တာရပ်ခံချင်ပါတယ်။ ဗမာသိက္ခာလည်း ကျတာပေါ့။ တခြားလူမျိုးတွေနဲ့ ရောနေတာဆို တော်သေးတယ်။ တရုတ်မှန်းမသိ၊ ကုလားမှန်းမသိ။ ခုတော့ ဗမာတွေချည်း ပဲလေ။ ဒီတော့ ကိုယ့်လူမျိုးရဲ့ ဂုဏ်သိက္ခာကို ကိုယ့်ဟာကိုယ်ထိန်းပါလို့ ဦးဇင်းပြောချင်ပါတယ်။ နက်ဖြန်လည်း ဒီလူတွေပဲ လာကြဦးမှာဆိုတော့ ဒီလို မဖြစ်ပါစေနဲ့။”

ကိုင်း မှတ်ကွ။ ကျွန်တော် ဦးဇင်းကို အတော်လေး ကျေးဇူးတင်သွားမိပါ၏။
ပြောမှသိသောသူများ မဖြစ်ကြပါစေနှင့်။ မပြောပဲ အလိုက်ကန်းဆိုး သိသောသူများ ဖြစ်ကြပါစေ။
ပြောမှသိ၊ ထိမှနာ၊ သာမှနေ၊ သေမှခင်၊ ဤလေးအင်၊ လူတွင် မကျင့်ရာ - ဟု ရှေးလူကြီးများ ထားသွားခဲ့သည် မဟုတ်ပါ လား။ တတ်နိုင်သမျှ လိုက်နာကြပါ။

----------------------------- x -----------------------------

မေတ္တာပို့

ပထမဦးစွာ မေတ္တာပဏာမ၊ မေတ္တာအာသီသဖြင့် တရားသဘင်ကို စတင်ဖွင့်လှစ်ပါသည်။
x x x x x x x x x x x x x x x
မေတ္တာရန်သူ ဒေါသမူ၊ အပူကင်းပါစေ။
မေတ္တာနှလုံး ကိုယ်စီသုံး၊ ရွှင်ပြုံးကြပါစေ။
မေတ္တာရေစမ်း ကိုယ်စီလွှမ်း၊ ငြိမ်းချမ်းကြပါစေ။
ခန္တီ၏ရန် ဒေါသမာန်၊ တွန်းလှန်နိုင်ပါစေ။
ခန္တီနှလုံး၊ အစဉ်သုံး ရွှင်ပြုံးကြပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း၊ ငြိမ်းချမ်းကြပါစေ။

ဘာအရေးကြီးဆုံးလဲ

ရင်ဝမှာ မြားစူးနေတဲ့ ပုဂ္ဂိုလ်ဟာ မြားကိုနှုတ်ပစ်ဘို့ အရေးကြီးဆုံးပဲ။
ခေါင်းမှာ မီးလောင်နေတဲ့ ပုဂ္ဂိုလ်ဟာ ခေါင်းကမီးကို သတ်ပစ်ဖို့ အရေးကြီးဆုံးပဲ။
မျက်မှောက်ကာလ လောလောလတ်လတ်မှာ ဘာ အရေးကြီးဆုံးလဲ။ အရေးကြီးတာကို အရင်လုပ်ပါ။ ဒါ ဘုန်းကြီး ပြောတာမဟုတ်ဘူး။ မြတ်စွာဘုရားက မာလုကျသုတ္တန်မှာ ဟောခဲ့တာ။ လောကနဲ့ ဓမ္မဟာ တစ်သားထဲပဲ။ လောက က သပ်သပ်၊ ဓမ္မကသပ်သပ် ဒီလိုမဟုတ်ဘူး။ ဒီတော့ -
ငါ ဘာလဲ လို့ သိရမယ်။ ကိုယ့်ကိုယ်ကိုယ် ဘာလဲ လို့ သိဖို့ရာ ငါတကော ကောပြီး ထောင်လွှားတတ်တဲ့ သက္ကာယဒိဌိကို ပယ်ဘို့ရာ ကျင့်ကြံ ကြိုးကုတ် အားထုတ်ရမယ်။
အခု လောလောဆယ် ဧရာဝတီတိုင်းမှာ လူထောင်ပေါင်းများစွာဟာ စားစရာမရှိ၊ နေစရာမရှိနဲ့ အတိဒုက္ခ ရောက်နေကြတယ်။ စားစရာမရှိတဲ့သူကို ကိုယ်စားတဲ့အထဲက ထမင်းကလေးတစ်လုပ်မှ မျှဝေမပေးလိုက်ရင် ကိုယ့်ဘ၀ သမိုင်းမှာ တစ်ကွက်ဟာသွားမယ်။ ဘုန်းကြီးတို့ သီတဂူရဲ့ ဆောင်ပုဒ် ရှိပါတယ်။
“ဘ၀သမိုင်း မရိုင်းစေရန်
စိတ်မာန်မချ မာနမပါ
(ဤအပိုဒ်ကို မမီလိုက်ပါ)
တို့ပြည်ရွာကို သာယာစေမှု
လုံ့လပြုအံ့။”

ကရုဏာပို့ပါ

ကရုဏာရဲ့သဘောက သူတစ်ပါး ဒုက္ခရောက်နေတာကို မြင်ရ ကြားရရင် သူတော်ကောင်းဟာ စိတ်ထဲမှာ တုန်လှုပ်စွာ ခံစားမိရ၊ ခံစားတတ်ရမယ်။ ဒါ အဘိဓမ္မာ ပိဋကတ်တော်မှာပါတာ။ မေတ္တာပို့တာက သုခိတ သတ္တ၀ါရော၊ ဒုက္ခိတသတ္တ၀ါပါ အားလုံး တညီထဲ ပို့တယ်။ ဒုက္ခရောက်နေသူရော၊ ဒုက္ခမရောက်တဲ့ သူကိုပါ တပြေးညီ မေတ္တာပို့တယ်။ ဒါပေမဲ့ ကရုဏာကျတော့ ဒုက္ခရောက်နေတဲ့သူကိုပဲ ရွေးပြီးတော့ ပို့ရတယ်။ ဒုက္ခိတသတ္တ၀ါဟာ ကရုဏာရဲ့ အခြေခံ အကြောင်းတရားပဲ။ ဒီတော့ ဧရာဝတီတိုင်းက မုန်တိုင်းဒါဏ်ကြောင့် အတိ ဒုက္ခရောက်နေကြတဲ့သူတွေကို ကရုဏာပို့ပါ။

ဗမာပြည်၏ မဟာကရုဏာရှင် သူရဲကောင်း

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသရဲ့ အကျယ်အ၀န်းဟာ စတုရန်းကီလိုမီတာပေါင်း ၆၅၀၀ ကျော် ရှိတယ်။ မုန်တိုင်းဒါဏ်ခံရတာ စုစုပေါင်း လူဦးရေ ၁၇သိန်းကျော် ရှိတယ်။ လပွတ္တာမြို့နယ်မှာ ရွာပေါင်း ၆၀၀ ကျော်ရှိတဲ့ အနက် ၄၃၆ ရွာ လေဘေး၊ ရေဘေးသင့်တယ်။ လပွတ္တာကနေ ပင်လယ်ဘက်ကို မော်တော်နဲ့ ၅ နာရီလောက် ခပ်ပြင်းပြင်း မောင်းသွားရင် ကဒုံကနိတို့၊ ကဒုံဧရာတို့ ဆိုတဲ့ ရွာကြီးတွေဆီ ရောက်တယ်။ ဘုန်းကြီးက အရင်ကတဲက မကြာခဏ တရားဟောသွားဖူးလို့ ဒီရွာကြီးတွေနဲ့ ဒီလမ်းကြောင်းကို ရင်းနှီးနေ တယ်။ ဧရာဝတီမြစ်မကြီးကနေ မြစ်ဝကျွန်းပေါ် ရောက်တော့ ဟောဒီလို လက်ချောင်းလေးတွေ ဖြာထွက်သွား သလို မြစ်လက်တက် တွေ ခွဲထွက်သွားတယ်။ အဲဒီ မြစ်လက်တက်တွေထဲမှာ ဒီမြစ်ကြောင်းက အကျယ်ဆုံးပဲ။ အဲဒီမြစ်ရဲ့ ကမ်းနှစ်ဘက်စလုံးမှာ ရွာပေါင်း ၃၆ ရွာရှိတယ်။ ရွာကြီးက ၂၆ ရွာ နဲ့ ရွာလေးက ၁၀ ရွာလောက် ရှိ တယ်။ လယ်သမားတွေဆိုတော့ အိမ်ကလေး လေးငါးဆယ်အိမ် လောက်စုပြီး ကွင်းတွေထဲမှာ စုနေကြရင်း ရွာ လေးတစ်ရွာ ဖြစ်သွားတာပေါ့။
တောကရွာတွေဆိုတော့ လမုပင်တွေ၊ သပြုပင်တွေ၊ ၀ါးတွေ၊ ဓနိတွေနဲ့ ဖြစ်သလိုဆောက်ထားကြရ တာပေါ့။ မင်းတို့ မုန်တိုင်းမပြောနဲ့။ ကျွဲကြီးကြီးတစ်ကောင်လောက် ဆွဲမွှေ့လိုက်ရင်ကို အိမ်ပြိုသွားနိုင်တာ။ ဒီတော့ မုန်တိုင်း လဲ ကျရော အရှေ့ဘက်ကမ်းကရွာတွေအားလုံး လွင့်သွားလိုက်တာ ရွာ့အရိပ်အရောင် လုံးဝ မတွေ့ရအောင် ပျောက်သွား တယ်။ သစ်ပင်တွေဆိုလဲ အရွက်တွေ ပြောင်သလင်းခါပြီး ကျိုးကြေနေတဲ့ ငုတ်တို ပဲ ကျန်ခဲ့တယ်။ ဘုန်းကြီးက ဒီလမ်းဒီ ခရီးကို အခေါက်ခေါက်အခါခါ သွားဖူးနေလို့သာ ဒါ ရွာနေရာပဲ လို့ မှန်းလို့ရတာ။ အနောက်ဘက်ကမ်းက ရွာတွေဆိုလဲ တခါထဲ မုန်တိုင်းက ရွာရော လူရော ကျွဲတွေ၊ နွားတွေရော အကုန်လုံး တိုက်ချပြီးသွားလိုက်တာ မြစ်ထဲကို ကျတဲ့ဟာတွေ ကျ၊ တချို့လဲ အရှေ့ဘက်ကမ်းရောက်အောင်သွားတင်။ ကမ်းစပ်မှာ အလောင်းတွေဆိုတာ မြင်မကောင်းဘူး။ အဝေး ကနေလှမ်းကြည့်လိုက်၊ ဖြူဖြူလေးမြင်ရင် အဲဒါ အလောင်းပဲလို့သာ မှတ်လိုက်တော့။ အကုန် ရွာလုံးကျွတ်ကို ပျောက် သွားတာ။ သေတဲ့လူတွေလဲ ရှာလို့မရ။ ရှင်တဲ့လူတွေလဲ ဘယ်သွားရှာရမှန်းမသိဘူး။
အဲဒီ ရှင်ကျန်ခဲ့တဲ့သူတွေဟာ ချောင်းကြိုမြောင်းကြား၊ ဓနိပင်ကြို ဓနိပင်ကြားတွေမှာ ခိုကပ်ပြီး ကျန်ခဲ့တယ်။ စားစရာမရှိ။ သောက်စရာက နတ္ထိ။
လဒတွေဟာတဲ့၊ လဒအထီးနဲ့ လဒအမဟာ ဥ ဥ ပြီးရင် ဥတွေကို အသိုက်ထဲမှာ ဒီအတိုင်း ထားခဲ့တယ်။ သားလေးတွေပေါက်လာတော့လဲ အစာရှာဖွေပြီး ခွံ့မကျွေးကြဘူး။ ဟိုးကောင်းကင်ကနေ ပျံဝဲပြီးတော့ အသိုက်ကို ကြည့်တယ်။ လဒလေးတွေကတော့ အင်း ငါတို့ အဖေနဲ့အမေတော့ ၀ဲလာပြီဟဲ့။ ငါတို့ကို အစာ ကျွေးတော့မှာပဲ လို့ မျှော်လင့်နေကြတယ်။ ဒါပေမဲ့ သူတို့မျှော်လင့်သလို လဒအထီးနဲ့အမက သူတို့သားသမီး တွေကို အစာလာခွံ့မကျွေးဘူး တဲ့။ ဒီတော့ အဲဒီ လဒပေါက်ကလေးတွေဟာ မျှော်လင့်ချက်နဲ့ပဲ အသက်ဆက် ကြရတယ်တဲ့။
အဘိဓမ္မာမှာ အာဟာရ လေးမျိုးရှိတယ်။ အဲဒီမှာ မနောသဉ္စေတနာ အာဟာရ ဆိုတာပါတယ်။ မျှော်လင့်ချက် ကြောင့် ဖြစ်တဲ့အာဟာရ။ အဲဒီလဒပေါက်ကလေးတွေဟာ အဲဒီမျှော်လင့်ချက်ဆိုတဲ့ အာဟာရနဲ့ပဲ အသက်ဆက်ပြီး ရှင်သန်ကြီးပြင်းလာကြရတယ်။
ဟိုး ချောင်းကြိုမြောင်းကြားမှာ အသက်မသေပဲ ရှင်ကျန်ခဲ့တဲ့သူတွေလဲ ဒီလိုပဲ။ တစ်နေ့တစ်နေ့ကို ရဟတ်ယာဉ် နှစ်ကြိမ်လောက် ဘတ်ဘတ် ဘတ်ဘတ် နဲ့ လာလာပြီး ၀ဲကြည့်တယ်။ ဒီတော့ အဲဒီသူတွေက အင်း ငါတို့တော့ အစား အစာတွေ လာပို့တော့မယ် ထင်ပါရဲ့ လို့ မျှော်ကြတယ်။ ရဟတ်ယာဉ်တွေက ၀ဲသာ ကြည့်သွားတယ်။ သူတို့ဘို့ ဘာအစား အစာမှ ချမပေးသွားဘူး။ အင်း ဒီနေ့တော့ လာပြီး အခြေအနေကို ကြည့် တာထင်ပါရဲ့လေ။ နက်ဖြန်တော့ အစား အသောက်တွေ ပါလာမှာ မုချပဲ လို့ နက်ဖြန်ကို ထပ်ပြီး မျှော်ကြပြန် တယ်။ နက်ဖြန်လဲ လာတာပဲ။ ရဟတ်ယာဉ်တွေ ဘတ်ဘတ် ဘတ်ဘတ် နဲ့။ ဟိုး ဓနိတောထဲက လူတွေ မျှော် ကြပြန်ပြီ။ အင်း- ဒီနေ့တော့ အစားအသောက်တွေ လာချ တော့မှာပဲ။ ဒီလိုနဲ့ ဟိုရဟတ်ယာဉ်တွေက ၀ဲပြီး ပြန် သွားပြန်ရော။ အဲဒီလိုနဲ့ တစ်ရက် အစားအသောက်တွေလာပို့နိုး နောက်တစ်ရက် အစားအသောက်တွေ လာပို့ နိုး နဲ့ မျှော်သာနေရတယ်။ ရက်တွေသာ တစ်ရက်ပြီး တစ်ရက် ကုန်သွား တယ်။ ရဟတ်ယာဉ်တွေသာ တစ်စီး ပြီးတစ်စီး ၀ဲသွားတယ်။ သူတို့မျှော်တဲ့ အစားအသောက်ကတော့ ရောက်မလာခဲ့ ဘူး။
အဲဒီသူတွေဟာ လဒမျှော်မျှော်ပြီး လဒပေါက်စကလေးတွေလို မျှော်လင့်ချက်နဲ့ပဲ အသက်ဆက်နေကြရတယ်။ (မထူးပါဘူးကွာ၊ မင်းတို့ ငါတို့လည်း ဘယ်လောက်ကြာပြီလဲ။ လဒမျှော်မျှော်နေရတာ။ ဘယ်နှနှစ်ကြာပြီလဲ။ ငါတို့လဲ အလိုလိုနေရင်း လဒတွေ ဖြစ်ကုန်ပြီ။) အဲဒီ ချောင်းကြိုမြောင်းကြားကလူတွေဟာ အလွန်ကြီးမားတဲ့မျှော်လင့်ချက်နဲ့ လဒ မျှော် မျှော်နေကြရ ရှာတယ်။
ဘိုကလေးကနေ ငါးမိုင်လောက်ဝေးတဲ့ ကွမ်းသီးချောင်းဆိုတဲ့ရွာမှာ သီတဂူကျောင်းခွဲတစ်ခုရှိတယ်။ အဲဒီ ကျောင်းမှာ သီတဂူသာသနာပြုအဖွဲ့ကနေ ဒုက္ခသည်တွေကို အစားအသောက်နဲ့ အ၀တ်အထည်တွေ ထောက်ပံ့ပေးနေ တယ်။ ဘုန်းကြီးက အတော်လေးနောက်ကျပြီးမှ ရောက်သွားတယ်။ သြစတေးလျကနေ ဗမာပြည်ကို မေလ ၈ ရက်နေ့ ပြန်ရောက်ပြီး ၉ ရက်နေ့ကျတော့ ခုနကပြောတဲ့ ကျောင်းကိုရောက်တယ်။
ဘုန်းကြီးက ဘယ်လိုလုပ်သလဲဆိုတော့ သူတို့ရွာက ရွာလူကြီးနဲ့ ဘုန်းကြီးကိုခေါ်ပြီး ဒီရွာမှာ အိမ်ခြေဘယ် လောက်၊ လူဘယ်လောက်ရှိ သလဲ။ အိမ်ထောင်စု ဘယ်လောက် အသက်ရှင်ကျန်ခဲ့သလဲ လို့ အရင် စာရင်းလုပ်ခိုင်း တယ်။ စာရင်းရတော့ ဒို့ ဂိုထောင်ထဲမှာ ဆန်ဘယ်လောက်ရှိသလဲ လို့မေး။ ပြီးမှ ရော့ တစ်အိမ်ထောင်ကို ဆန် တစ်အိတ်၊ ပုဆိုးအင်္ကျီတစ်စုံ ပေးလိုက်တယ်။ ဘုန်းကြီးကတော့ အ၀တ်တွေကို အကုန်အသစ်ပဲပေးတယ်။
ဘာလို့လဲဆိုတော့ မင်းတို့လှူတာလည်း ကြည့်လှူ။ ဒီကအ၀တ်ဟောင်းတွေ စုဆောင်းပြီးပေးလိုက်။ မင်းတို့ ဒီဇိုင်းတွေနဲ့ တောကလူတွေနဲ့ ဘယ်လိုမှ အံဝင်ဂွင်ကျ မဖြစ်ဘူး။ မင်းတို့ဂျင်းဘောင်းဘီဖင်ကျပ်ကို တောမှာ ဘယ်လိုလုပ် ၀တ်ရမတုံး။ အဲဒီမှာ အဖွားကြီးတစ်ယောက် အမျိုးသမီးတွေဝတ်တဲ့ အတွင်းခံ ရလာတယ်။ ရတော့ ဘုန်းကြီးကိုလာပြ တယ်။ ဆရာတော် ဒါက ဘာလဲ။ ဘယ်လိုဝတ်ရမတုံး တဲ့။ ဘုန်းကြီးလည်း အဲဒါတော့ ဘုန်းကြီးလဲ မသိဘူး လို့ပြောလိုက် ရတယ်။ ဟုတ်တယ်မဟုတ်လား။ အ၀တ်ထုတ်တွေပို့ရတာ ပို့ခက သက်သာတာမဟုတ်ဘူး။ တော်ကြာ ဆင်ဘိုးထက် ချွန်းဘိုးကြီးနေမယ်။ အသုံးတည့်ရင်တော်ရဲ့။
Project ကိုင်တဲ့သူမှာ ခေါင်းအရေးကြီးတယ်။ ဘယ်လိုစီမံခန့်ခွဲရမလဲ ဆိုတဲ့ ဦးဏှောက်ရှိရမယ်။
ဘုန်းကြီးဒါယိကာ စူပါခင်မောင်ဝင်းမှာက ရေသန့်ထုတ်တဲ့စက်ရှိတယ်။ ကိုင်း - ရေသန့်တွေထုတ်စမ်းကွာ ဆို တော့ ရေကတော့ ထုတ်လို့ရပြီ။ ထည့်ဘို့ ပုံးကလိုသေးတယ်။ ဒါနဲ့ ပုံးတွေကို မန္တလေးကနေမှာတယ်။ မန္တလေးကနေ ပလတ်စတစ်ပုံးတွေ အများကြီးရောက်လာတယ်။ ဆိုတော့ ရေအတွက်က ပူစရာမလိုတော့ဘူး။ အခု သောက်ရေသန့်ကို တောက်လျှောက်ထုတ်ပေးနေတယ်။
ကဒုံကနိရွာရဲ့ တစ်ဖက်ကမ်းမှာ ဘိုးဘွားရိပ်သာရှိတယ်။ အဖိုးအဖွားကတော့ လေးငါးယောက်လောက်ပဲ ရှိမယ်။ မုန်တိုင်းတိုက်တော့ ဘိုးဘွားရိပ်သာ အမိုးတွေလန်သွားတယ်။ အဲဒီ ဘိုးဘွားရိပ်သာကို အမိုးပြန်မိုးပြီး ဆေးရုံဖွင့်လိုက် တယ်။ စစ်ကိုင်းသီတဂူဆေးရုံ ကနေ ဆရာဝန် ၄ ယောက်၊ ရန်ကုန်အာရှတော်ဝင်က ဆရာဝန် ၅ ယောက် နဲ့ သူနာပြုက အယောက် ၂၀ ခေါ်လာတယ်။ ကဒုံကနိမှာ ဆေးရုံတစ်ခု၊ တမာမှာ ဆေးရုံတစ်ခု၊ xxxxxxxx စုစုပေါင်း ဆေးရုံ လေးခု ဖွင့် ထားတယ်။ စစ်ကိုင်းဆေးရုံနဲ့ အာရှတော်ဝင်က ဆေးတွေထုတ်လာတယ်။ မန္တလေးက ဒေါက်တာမြသွင်ကလည်း ဆေးတွေ ပေးလိုက်သေးတယ်။ အပြင်ပုဂ္ဂလိကအလှူရှင်တွေဆီက ရတာနဲ့ဆို ယုံချင်ယုံ မယုံချင်နေ ဆေးစုစုပေါင်း တန်ချိန် ၇၀၀ ရှိတယ်။ ခုလ ၂၈ ရက်နေ့ကို ဆေးတွေ လိုက်ပို့ဖို့ ရှိတယ်။ ဒီတော့ ဆေးနဲ့ ရေ မလိုဘူး။ လောက်တယ်။

ရှေ့လုပ်ငန်းစဉ်

ဘုန်းကြီးတို့ ခုဆို စုစုပေါင်း ဆန်တင်းပေါင်း ၄၀၀၀ ကျော် လှူပြီးသွားပြီ။ ဒီတော့ အ၀တ်တို့၊ ဆန်တို့၊ ဆေးတို့ ရပြီ။ ဆက်လုပ်ရမှာက ပျက်စီးယိုယွင်းသွားတဲ့ ဆေးရုံတွေကို ပြန်ပြင်ဘို့လိုတယ်။ ရေလွှမ်းလိုက်တော့ ဆားငန်ရေ၀င်ပြီး ပျက်စီးသွားတဲ့ မေ့ဆေးပေးစက်၊ ခွဲစိတ်ခန်းသုံးပစ္စည်းတွေ equipment နဲ့ instruments တွေကို အသစ်ဝယ် ဖြည့်ဆည်း ပေးဘို့လိုတယ်။ နောက်ပြီး မူလတန်းကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေ ပြန်ပြင်ပေးရမယ်။
ဘုန်းတော်ကြီးကျောင်းတွေက တိုင်တွေကကောင်းတော့ ကျန်သေးတယ်။ အဲဒါကို အမိုး၊ အကာပြန်ပြင်ပေး လိုက်ရင် လူတွေ လောလောဆယ်နေစရာ ရသွားမယ်။ အဲဒီမှာ လူတွေ စုနေ။ သူတို့ကို ဆန်အလုံအလောက် ဖြည့်ပေး ထားလိုက်ရင် စုပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ချက်စားလို့ရမယ်။
ဘုန်းကြီးတို့ ဘယ်သူ့ဆီကမှ အကူအညီမတောင်းဘူး။ အားလုံး ကိုယ့်အားကိုယ်ကိုး။ ကိုယ်ထူကိုယ်ထပဲ။ စီစဉ် ထားတာက အဲဒီမှာ ဘုန်းကြီးကျောင်းပေါင်း ၁၀၀ ကျော်ရှိတယ်။ တစ်ကျောင်းကို သွပ် အချပ် ၁၀၀ နဲ့ မိုးဘို့ ငွေ တစ်သိန်းစီ လှူပြီးသွားပြီ။ ဘိုကလေးတစ်မြို့နယ်လုံးမှာ ရွာပေါင်း ၅၀၀ ကျော်ရှိတဲ့အနက် ကျန်တဲ့ရွာတွေ ဘယ်လောက် လဲဆိုတာ မသိသေးဘူး။ စုံစမ်းတုံးပဲ။ ကျောင်းအားလုံးအတွက် သွပ် အချပ် တစ်သိန်းမှာထားတဲ့အနက် သုံးသောင်း လောက် ရပြီးပြီ။ အိမ်လုံးကျွတ်လွင့်သွားတဲ့သူတွေကို ထမင်း၊ ဟင်းချက်ဖို့ ရန်ကုန်ထဲက ဒန်အိုးစက်တွေသွားပြီး ဒန်အိုး အလုံး တစ်သိန်းမှာထားတယ်။ နောက်ပြီး ပန်ကန် တစ်သိန်း နဲ့ ဇွန်း တစ်သိန်းလဲ မှာထားတယ်။ အရေးကြီးတာက သူတို့ ကို အခြေတကျဖြစ်အောင် လုပ်ပေးဘို့ပဲ။
ခေါက်ဆွဲထုပ်လေးတွေ လာဝေလိုက်၊ ယူစားလိုက်။ မုံ့ထုပ်လေးတွေ လာဝေလိုက်၊ ယူစားလိုက်နဲ့။ ကြာရင် ဒီလူတွေ သူတောင်းစားဘ၀ ရောက်သွားမယ်။ ဒါ့အပြင် အဖေရော အမေပါ မုန်တိုင်းထဲမှာ သေသွားလို့ မိဘမဲ့ ဖြစ်သွား တဲ့ ကလေးတွေကို ဘယ်လိုကယ်မလဲ။ လူအရောင်းအ၀ယ်လုပ်တဲ့ လူတွေလက်ထဲ ရောက်မသွားခင် ကယ်ရမယ်။ လုပ်ရမဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေက အများကြီး ကျန်သေးတယ်။ အဲဒီလိုလုပ်ဖို့ ပိုက်ဆံအများကြီးလိုတယ်။ ပိုက်ဆံ မရှိရင် ဘာမှ လုပ်လို့မရဘူး။
ကဲ တရားနည်းနည်းဟောရအောင်။

မာလုကျပုတ္တ သုတ္တန်

ဘယ်အလုပ်ဟာ အရေးကြီးသလဲ လို့ သိပြီး အဲဒီအလုပ်ကို အရင်လုပ်ရမယ်။ တောထဲတောင်ထဲ အမဲလိုက်ရင်း သမင်ကိုပစ်လိုက်တဲ့မြားဟာ လွဲချော်ပြီး လုလင်တစ်ယောက်ရဲ့ ရင်ဝကို စူးဝင်သွားတယ် ဆိုပါတော့။ အဲဒီလုလင်ကို သူ့အဖော်အပေါင်းတွေက မြားကိုနှုတ်ပြီး ဆေးကုပေးမယ်လုပ်တော့ လုလင်က မြားကိုအနှုတ်မခံဘူး။ နေကြပါအုံး။ နေကြပါအုံး။ မြားကိုမနှုတ်ပါနဲ့ဦး။ ဆေးအရင်မကုလိုက်ပါနဲ့ဦး။
၁။ အဲဒီမြားဟာ ဘယ်အရပ်ကလာတာလဲ။
၂။ မြားကို ဘာနဲ့လုပ်ထားတာလဲ။ သစ်သားနဲ့လား။ ၀ါးနဲ့လား။
၃။ မြားအမြီးမှာ ချည်ထားတာက ငှက်မွေးလား။ ငှက်မွေးဆို ဘာငှက်ရဲ့ အမွေးလဲ။
၎။ မြားဦးမှာ တပ်ထားတာ သံလား။ ကြေးလား။
၅။ မြားဦးကို ဘာအဆိပ်သုတ်ထားတာလဲ။
၆။ အဲဒီမြားကို ပစ်လိုက်တဲ့လူက ပိန်သလား၊ ၀သလား၊ ဖြူသလား၊ မဲသလား၊ အရပ်ရှည်သလား၊
အရပ်ပုသလား၊ ဘာလူမျိုးလဲ။
၇။ အဲဒီလူက ဘယ်ဇာတိလဲ။ ဘယ်မှာနေတာလဲ စသဖြင့် ဒါတွေသိအောင် အရင်စုံစမ်းပါအုံး။ ဒါတွေသိမှ ကျွန်ုပ်ရင်ဝမှာ စူးနေတဲ့ မြားကို နှုတ်ပြီးဆေးကုကြပါ တဲ့။
ကဲ - အရင်လုပ်ရမှာကဘာလဲ။ ဒါတွေစုံစမ်းဘို့လား။ မြားကိုနှုတ်ပြီး ဆေးကုဘို့လား။

တစ်နေ့မှာ မာလုကျပုတ္တဟာ မြတ်စွာဘုရားဆီသွားပြီး ပုစ္ဆာ ၁၀ မျိုးကို မေးတယ်။
၁။ စကြာဝဠာသည် အစဉ်အမြဲတည်သလော။
၂။ မတည်သလော။
၃။ စကြာဝဠာသည် အကန့်အသတ်ရှိသလော။
၎။ မရှိသလော။
၅။ ၀ိညာဉ်သည် ကာယနှင့် အတူတူပင်လော။
၆။ ၀ိညာဉ်က တသီးတခြား၊ ကာယက တသီးတခြားပင်လော။
၇။ တထာဂတသည် သေသည်၏ အခြားမဲ့၌ တည်ရှိသလော။
၈။ သေသည်၏ အခြားမဲ့၌ မတည်ရှိသလော။
၉။ သေသည်၏ အခြားမဲ့၌ (တစ်ပြိုင်နက်) တည်ရှိ-မတည်ရှိသလော။
၁၀။ သေသည်၏ အခြားမဲ့၌ (တစ်ပြိုင်နက်) မတည်ရှိ-မတည်ရှိမဟုတ်သလော။

ဒီမေးခွန်းတွေကိုမှ မြတ်စွာဘုရားမဖြေရင် ဆက်ပြီး တရားအားမထုတ်တော့ဘူး။ ဒီလို အကျပ်ကိုင်တာကိုး။ ဒီတော့ မြတ်စွာဘုရားက ဟဲ့၊ မာလုကျပုတ္တ။ လောကမှာ ငါရှိတယ် ဆိုတဲ့အစွဲကို အရင်ဖြုတ်။ ဒီအစွဲပြုတ်သွားရင် မင်းမေးတဲ့ မေးခွန်းတွေ အားလုံးပြေလည်သွားမယ်။ အရေးကြီးတာက ငါစွဲကို အရင်ဖြုတ်ဖို့။ ခုနက မေးခွန်းတွေရဲ့ အဖြေ ကို လိုက်ရှာနေဘို့မဟုတ်ဘူး။
ခု ဟောဒီအဆောက်အဦးကြီးကို ဘာလို့ခေါ်တုံး။ ဘုန်းကြီးတွေနေတယ်။ တရားပွဲတွေ ကျင်းပတယ်ဆိုတော့ ကျောင်း လို့ခေါ်ရတယ်။ အကယ်၍ ဒီအဆောက်အဦးကြီးကို အခန်းအခန်းတွေဖွဲ့ပြီး လူတွေထားလိုက်ရင် ဘာဖြစ်သွားမ လဲ။ အိမ် ဖြစ်သွားမယ်။ အကယ်၍ အခန်းတွေပြန်ဖွဲ့ပြီး ငှားစားလိုက်ရင် ဟော်တယ် ဖြစ်သွားမယ်။ အိမ်သာလို အခန်းတွေဖွဲ့ပြီး အိမ်သာလို့ ရေးလိုက်ရင် အိမ်သာ ဖြစ်သွားမယ်။ တိရိစ္ဆာန်တွေထားပြီး ပြစားလိုက်ရင် zoo ဖြစ်သွားမယ်။ စီမံခန့်ခွဲ အုပ်ချုပ်တဲ့နေရာ လုပ်လိုက်ရင် ရုံး ဖြစ်သွားမယ်။
ကျောင်းပဲလုပ်လုပ်၊ အိမ်ပဲဖြစ်ဖြစ်၊ ဟော်တယ်ပဲဖြစ်ဖြစ်၊ အိမ်သာပဲဖြစ်ဖြစ်၊ ရုံးပဲဖြစ်ဖြစ် ဘာပဲ လုပ်လုပ်။ လုပ်ချင် တာလုပ်။ အခြေခံက ဘာတွေနဲ့ဆောက်ထားတာလဲ။ သွပ်၊ သံ၊ အုတ်ခဲ၊ ကွန်ကရစ် ဒါပဲ ရှိမယ်။ ဒီသွပ်၊သံနဲ့ အုတ်ခဲကိုပဲ ဒီဇိုင်း အမျိုးမျိုးပြောင်းဆောက်လိုက်တော့ နာမည်အမျိုးမျိုးပြောင်းသွားတာ။ ဒါဖြင့် designer ကဘယ်သူလဲ။
အခြေခံ structure material ကတော့ စိတ်၊ စေတသိက်၊ ရုပ်။ ဒါပဲ ရှိတယ်။ design ပြောင်းသွားလို့သာ တရုပ် ရယ်၊ ကုလားရယ်၊ အင်္ဂလိပ်ရယ်၊ ဗမာရယ် ဒီလိုဖြစ်လာတာမဟုတ်လား။ ဒီတော့ ငါ ဆိုတာပျောက်ဖို့ မူရင်း structure ကို နားလည်ရမယ်။ မူရင်း structure material ကို နားမလည်တဲ့အခါကျတော့ ငါပဲ၊ ငါ့ဥစ္စာပဲ လို့ စွဲနေတော့တာပဲ။ ဘာလဲ။ အတ္တ နဲ့ အတ္တနိယ ( I and Mine ) ။ အဲဒီ ငါ ဆိုတာကိုမဖျောက်နိုင်ရင် မြားစူးခံရတဲ့သူဟာ သေဖို့ပဲ ရှိတော့ တယ်။ မြတ်စွာဘုရားရှင်က “မာလုကျပုတ္တ၊ မင်းခေါင်းမှာ အတ္တမီး၊ အတ္တနိယမီးတွေ တောက်နေတယ်။ အဲဒီမီးကို ခပ်မြန် မြန် ငြိမ်းရမယ်။ ဒီပုစ္ဆာတွေနဲ့ အချိန်ဖြုံးနေဘို့ မဟုတ်ဘူး။” တဲ့။
(မာလုကျပုတ္တသုတ်ကို ပိုပြီးအသေးစိတ်သိလိုသူများ မြတ်ဗုဒ္ဓဒေသနာ စာမျက်နှာ ၂၇၊ ၂၈၊ ၂၉ များတွင် ရှုပါ)။
ရင်ဝမှာစူးနေတဲ့ မြားကို အရင်နှုတ်ရမှာ။ အရေးတကြီးလုပ်ရမဲ့အလုပ်က မြားကိုမြန်မြန်နှုတ်ကြပါ။ ဆေးကို မြန်မြန်ကုကြပါ။ မြားကိုဘယ်သူကပစ်သလဲ။ ဒီမြားဘယ်ကလာသလဲ။ မြားပစ်တာ ဘာလူမျိုးလဲ စသဖြင့် စည်းဝေးပွဲ ထိုင်မနေကြပါနဲ့။ ငါ၊ ငါ့ဥစ္စာဆိုတဲ့ စိတ်ဓါတ်တွေနဲ့သာ လုပ်နေကြရင် မြားစူးနေတဲ့သူ သေဘို့သာရှိတော့တယ်။
ဘယ်သူမြားစူးစူး၊ ငါနဲ့မဆိုင်ဘူးဆိုရင်တော့ ဒါ သူတော်ကောင်းမဟုတ်ဘူး။ ဘယ်သူတွေဒုက္ခရောက်ရောက် ငါတို့မိသားစု ဘာမှမဖြစ်ရင်တော်ပြီ ဆိုတဲ့သူတွေဟာ သူတော်ကောင်းလက္ခဏာနဲ့ မညီဘူး။ သူတော်ကောင်းဆိုတာ ဒုက္ခရောက်နေတဲ့သူတွေကို မြင်ရ ကြားရရင် တုန်လှုပ်စွာခံစားတတ်ရမယ်။ ဒုက္ခရောက် နေတဲ့သူကို ဒီဒုက္ခကနေ ပျောက်ကင်းအောင် လုပ်ပေးလိုစိတ်ရှိရမယ်။ စိတ်ရှိရုံနဲ့တင် မပြီးသေးဘူး။ ကာယကံမြောက်၊ ၀စီကံမြောက် ဆောင်ရွက် လဲပေးရမယ်။ ဒုက္ခိတသတ္တ၀ါတွေရဲ့ဒုက္ခကို ဖျောက်ဖျက်ပေးချင်တဲ့စိတ်ဟာ ကရုဏာပဲ။ မီးလောင်နေတဲ့သူကို မီးငြိမ်း သတ်ပေးပြီး ဆေးကုပေးရမှာက ကရုဏာရှင်တွေရဲ့အလုပ်။ လူမျိုးရေးရှုထောင့်ကနေ ကြည့်ပြီး ငြင်းခုံမနေကြပါနဲ့။ ဘုန်းကြီးတို့ သွားလှူတဲ့နေရာမှာဆိုရင် မွတ်ဆလင်တွေချည်း အိမ်ပေါင်း တစ်ရာကျော် ရှိတယ်။ ဒုက္ခရောက်တယ် ဆိုတာမှာ လူမျိုးမရွေး ဘာသာမရွေး အားလုံးသွားတူတယ်။
ဒီတော့ ဒီဒုက္ခကြီးကို ဖြေရှင်းဘို့ ကရုဏာ ဆိုတဲ့ တူညီသော common platform လိုနေပြီ။ အားလုံးလက်တွဲပြီး လျှောက်ရမဲ့လမ်းဟာ ကရုဏာဆိုတဲ့ တစ်လမ်းထဲပဲ။ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးမျက်လုံးတွေအားလုံးမှိတ်ထားပြီး ကရုဏာဆိုတဲ့မျက်လုံးနဲ့ကြည့်ပြီး မီးလောင်နေတဲ့ခေါင်းကို ခပ်မြန်မြန်ငြိမ်းဘို့၊ မြားစူးနေတဲ့ ဒါဏ်ရာကို ခပ်မြန်မြန်ကုသ ပေးဘို့ လုပ်ကြပါ။ ကရုဏာဆိုတဲ့ common platform ပေါ်မှာ အားလုံးလက်တွဲပြီး ညီညီညာညာနဲ့ ၀ိုင်းကြ ၀န်းကြပါ။
နောက်ပြီး ဧရာဝတီတိုင်းက မုန်တိုင်းဘေးကြောင့် ဒုက္ခရောက်နေသူ ကိုယ့်ဆွေမျိုးသားချင်းများကို ကရုဏာ ပို့ကြပါ။ မုန်တိုင်းအတွင်းကွယ်လွန်သွားကြသူအပေါင်းကိုလည်း ကိုယ်ပြုထားသမျှကုသိုလ်ကောင်းမှုတွေကို အမျှအတန်း ပေးဝေကြပါ။

ဒုက္ခပတ္တာစ နိဒုက္ခာ၊ ဟောန္တု သဗ္ဗေပိပါဏိနော။
ဒုက္ခပတ္တာစ - ဆင်းရဲပင်ပန်းခြင်းသို့ ဆိုက်ရောက်၍နေကြကုန်သော၊ သဗ္ဗေပိ - အလုံးစုံကုန်သော သတ္တ၀ါ အပေါင်းတို့သည်၊ နိဒုက္ခာ - ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြကုန်သည်၊ ဟောန္တု - ကောင်းစွာမသွေ ဖြစ်ကြပါစေ ကုန်သတည်း။
ဘယာပတ္တာစ နိဘယာ၊ ဟောန္တု သဗ္ဗေပိပါဏိနော။
ဘယာပတ္တာစ - ဘေးရန်အမျိုးမျိုး ကပ်ငြိ၍ နေကြကုန်သော။ သဗ္ဗေပိ - အလုံးစုံကုန်သော သတ္တ၀ါ အပေါင်း တို့သည်၊ နိဘယာ - ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြကုန်သည်၊ ဟောန္တု - ကောင်းစွာမသွေ ဖြစ်ကြပါစေကုန်သတည်း။
သောကပတ္တာစ နိသောကာ၊ ဟောန္တု သဗ္ဗေပိပါဏိနော။
သောကပတ္တာစ - ဆွေမျိုး ဉာတိပျက်ခြင်း၊ စီးပွားပျက်ခြင်း၊ ကျန်းမာရေးပျက်စီးခြင်း စသဖြင့် ပျက်စီးခြင်း အမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြကုန်သော။ သဗ္ဗေပိ - အလုံးစုံကုန်သော သတ္တ၀ါ အပေါင်း၊ ဧရာဝတီတိုင်းအတွင်းမှ ဆွေဟောင်း မျိုးဟောင်း။ မိဟောင်း ဖဟောင်း။ မိတ်သင်္ဂဟာအပေါင်း တို့သည်၊ နိသောကာ - သောကကင်းဝေး၊ စိတ်အေးချမ်းသာ ရှိကြကုန်သည်၊ ဟောန္တု - ကောင်းစွာမသွေ ဖြစ်ကြပါစေကုန်သတည်း။

(ဆရာတော်ဟောသွားတာ တော်တော်များပါသည်။ ကျွန်တော်က လက်ရေးနှင့် လိုက်ရေးရတာဆိုတော့ အကုန် မမှတ်နိုင်၊ ခု မှတ်လို့ရသလောက်ကို ပြန်လည် ဖောက်သည်ချလိုက်ခြင်း ဖြစ်ပါ၏)

အေးငြိမ်း
၂၉-၀၅-၂၀၀၈
၂၃၂၉ နာရီ

No comments: