Saturday, April 24, 2010

Poem (Chan Nyein Aye)

၂၀၀၀ ပြည့်နှစ် ဇန္န၀ါရီလထုတ် ရယ်စရာမဂ္ဂဇင်းမှ - ချမ်းငြိမ်းအေး ၏ ကဗျာကို ပြန်လည် မျှဝေခံစားပါသည်။

မင်္ဂလာပါ
ကမ္ဘာကြီးခင်ဗျား။

ရက်အချိန် တစ်နှစ်နှောင်း
ပြက္ခဒိန် အသစ်ပြောင်း
ကောင်းကင်အသစ်
မြစ်ရေအသစ်
ပန်းတွေအသစ်
အသစ်
အသစ်တွေစီးဆင်း
လောကပြူတင်းတစ်ချပ်
ဖျပ်ကနဲ အပွင့်မှာ။

ပြီးခဲ့တာတွေ
ပြီးပါစေလား
ဆာဗီးယား ကိုဆိုဗို
ဒေါသနဲ့ အမှားတွေကို
နောင်လာမဲ့ မျိုးဆက်သစ်လက်ထဲ
တာဝန်မဲ့ ဆွဲမသွင်းသင့်ဘူး။

စစ်ပွဲတွေထားခဲ့
ရာစုနှစ်အသစ်ထဲ
ငါတို့ရဲ့ညစ်နွမ်းတဲ့ ခန္ဓာတွေ
ငါတို့ရဲ့ သိုးစော်နံနေတဲ့ အတွေးတွေ
ငါတို့ရဲ့ နေထုတ်လှမ်းဘို့ လိုအပ်တဲ့ သိက္ခာတရားတွေ
လက်ဆင့်ကမ်း သယ်ဆောင်မသွားသင့်ဘူး။

အဟောင်းတွေထားခဲ့
ရာစုအသစ်မှာ
ဖျားနာနေတဲ့ ကမ္ဘာကြီးကို ဆေးကုပေးရဦးမယ်
ပိုးကျနေတဲ့ သီးနှံတွေကို ဆေးဖြန်းပေးရဦးမယ်
ခုခံအားကျဆင်းနေတဲ့ ရာသီဥတုတွေကို သန့်စင်ပေးရဦးမယ်
မော်တာကြိုးပြတ်သွားတဲ့ မြစ်တွေကို မောင်းနှင်ပေးရဦးမယ်
ပြိုလဲနေတဲ့ ကိုယ့်အရိပ်တွေကိုလည်း
ပြန်လည် ထူမတ်ပေးရဦးမယ်။ ။

No comments: