Tuesday, November 11, 2008

Pagoda

စေတီပုထိုး တည်ထားကိုးကွယ်ကြခြင်း အကြောင်း

ရာဇ၀တ်အိုးကို တုတ်နှင့်ထိုးသည်ဟု မမှတ်ယူကြပါလင့်။ မြန်မာဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့် သိရှိ နားလည် ထားသော ရတနာသုံးပါးအပေါ် သက်ဝင်ယုံကြည်မှုနှင့် သည်စာ မှာ အံချော်နေသည် ဟု ခံစားမိသဖြင့် ရေးလိုက်ခြင်း ဖြစ်ပါ၏။ သည်စာဖတ်ပြီး ကျွန်တော် အတော် ကသိကအောက် ဖြစ်သွားမိပါသည်။ သို့အတွက် ထုံးစံအတိုင်း ပူညံ ပူညံ လုပ်လိုက်ရခြင်း ဖြစ်ပါ၏။ (အကယ်၍ ကျွန်တော်မှားလျှင် ပြင်ပေးကြပါခင်ဗျား)။

ဤတွင် ရည်ညွှန်းလိုက်သော သည်စာ ဆိုသည်မှာ စင်ကာပူနိုင်ငံ၏ အထင်ကရ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (Burmese Buddhist Temple – Topayoh) မှ ထုတ်ဝေသည့် Newsletter စာစောင် Vol. 22, No.2, May 2008, Page 3 ပါ အမေးအဖြေ လေးခု ကို ဆိုလိုပါသည်။ ထိုစာစောင်၏ အယ်ဒီတာများမှာ -
Editor – Tan Geok Koon
Assisted by: Peh King Sing
U Khin Sein
U Swe Tin
Fu Jiat Foon
Yee Yick Onn တို့ ဖြစ်ပါ၏။ မည်သို့ဆိုစေ သည်စာစောင်ကို သည်ကျောင်းမှ ဆရာတော် ကြီးများ ဖတ်ပြီးမှ ထုတ်ဝေခွင့်ပြုလိုက်ခြင်း ဖြစ်တန်ရာပါ၏။

ပထမ - မူရင်းကို အရင်ကြည့်ကြပါစို့။

Amazed and in wonder, the devotees asked several questions.
1. What is the function of a pagoda?
2. Are there things in the pagoda?
3. Why consecrate a pagoda?
4. Why do people donate valuables to be kept in a pagoda?

The following are the answers.
1. The function of a pagoda is to cover up and protect the things in it from being stolen.
2. The things in the pagoda could be relics of the Buddha, the Pacceka Buddhas, the Arahants or
the Universal Monarch.
3. A pagoda in which the relics are enshrined, has to be consecrated to make it sacred because the
relics are sacred by themselves.
4. Valuables like gold and precious stones kept in a pagoda are donations made to the Buddha.
They are like treasures to be used in the future to repair the pagoda in time of need.

သူတို့ သည်ကဲ့သို့ရေးလိုက်ခြင်းအားဖြင့် ကျွန်တော့်စိတ်ထဲတွင် စေတီပုထိုးများ၏ဂုဏ်သည် အတော်လေး မှေးမှိန် သေးသိမ်သွားပြီး ဗုဒ္ဓဘာသာဝင်များ စေတီပုထိုးများ တည်ထားကိုးကွယ်ရခြင်း၏ ရည်ရွယ်ချက်သည်လည်း အတော်လေး အောက်တန်းကျသွားသည် ဟု ခံစားလိုက်ရပါ၏။

၁။ ပထမဆုံးအချက်အနေနှင့် စေတီပုထိုးများတည်ထားကိုးကွယ်ခြင်းသည် သက်တော်ထင်ရှား မြတ်စွာ ဘုရားကို ရည်ရွယ်မှန်းထားပြီး အများပူဇော်နိုင်စေရန် ဖြစ်သည်ဆိုခြင်းကို ဘာပညာမှ မတတ်တတ်၊ ဟို့ တောက ကျွန်တော်တို့ ဘိုးဘွား မိရိုးဖလာ ဗုဒ္ဓဘာသာကြီးများကို သွားမေးလျှင်ပင် သည်အတိုင်း ဖြေမည် ဖြစ်ပါ၏။ “ဌာပနာတိုက်အတွင်းမှ ပစ္စည်းများကို လူများမခိုးနိုင်စေရန် တည်ထားသည်” ဆိုခြင်းမှာ ကျွန်တော်တို့ မြန်မာဗုဒ္ဓ ဘာသာဝင်များ အမြင်နှင့် ဆိုရပါမူ ခါးတောင်းကျိုက် တလွဲ ၊ - င်တလွဲ ဖြစ်နေပါ၏။ (နည်းနည်းရိုင်းသွားလျှင် ခွင့်လွှတ်ပါ)။ သည်ဌာပနာတိုက် အတွင်းမှ ပစ္စည်းများ လုံခြုံရုံမျှ အတွက်နှင့်တော့ သည် စေတီများ သည်မျှ တည်နေစရာတောင် မလိုပါ။ တစ်နိုင်ငံလုံးမှ စေတီများအတွင်းရှိ ဌာပနာတိုက်များ ထဲမှ ပစ္စည်းများကို ယူကာ ဘဏ်တွင် အပ်ထားလိုက်ရုံ ဖြစ်ပါ၏။ သို့မဟုတ် တစ်နေရာတွင် အဆောက်အဦ ခိုင်ခိုင်ခံ့ခံ့တည်ကာ ၂၄ နာရီ လုံခြုံရေး အပြည့်ချထားလိုက်လျှင် ပြီးပါသည်။
ပစ္စည်းထည့်ထားသည့် ဂိုဒေါင်ကြီးတစ်လုံးကို ကျွန်တော်တို့သည် မြတ်နိုးကြည်ညိုစွာ ဦးချနေမည် ဟု သင်တို့ ထင်ပါသလား။ အဘယ်ကြောင့် ကျွန်တော်တို့သည် သည် စေတီများကို ဦးခိုက်နေကြပါသနည်း။ သည်စေတီ အရိပ်ရောက်သွားသူတိုင်းသည် စေတီပရိဝုဏ်အပြင်တွင် နေသည့်စိတ်နှင့် တခြားစီဖြစ်သွားကာ အင်မတန် အေးချမ်းသည့် အရသာကို အဘယ်မှော်ဆရာတစ်ဦးတစ်ယောက်ကမှ မပြုစားလိုက် ရပါပဲလျှက် အဘယ်ကြောင့် အော်တိုမက်တစ် ခံစားလိုက်ရပါသနည်း။
ရွှေတိဂုံ ကုန်းတော်ပေါ် ရောက်သွားသူတစ်ဦးသည် မည်မျှ စိတ်အေးချမ်းမှု အရသာကို ခံစားရသည် ကို ရောက်ဖူးသူ၊ ဖူးဘူးသူမှ သိပါမည်။ သည်အရာသည် စာဖြင့် ရေးပြလို့ ရစကောင်းသော အရာမဟုတ်။
သူတို့ရေးလိုက်သလိုဖြင့် ကျွန်ုပ်တို့ ဘိုးဘွားများ တည်ထားကိုးကွယ်ထားသည့် စေတီပုထိုး အပေါင်း တို့သည် ဂိုဒေါင်စောင့်ဘ၀သို့ အလိုလို ရွေ့လျှော ကျဆင်းသွားသည်မှာ အလွန် စိတ်မကောင်းစရာ ပါတည်း။ ဌာပနာတိုက်အတွက် ဘုရားတည်ခြင်း မဟုတ်မူ၍ ဘုရားတည်သဖြင့်သာ ဌာပနာတိုက် ဖြစ်လာရသည် ဆိုခြင်း ကို ထို စာရေးသူ မသိခြင်းကား အံ့ဩစရာ မကောင်းပါလော။

သည် ပထမ တစ်ပိုဒ်ကို ဖတ်မိလိုက်ရုံမျှဖြင့် ကျွန်တော် အတော် မကျေမချမ်းဖြစ်သွားရပါ၏။ သည် အထင်ကရ ကျောင်းတော်ကြီးမှ သည် အထင်ကရ စာစောင်တွင် ဤကဲ့သို့ ရေးထားသည်ကို ကျွန်ုပ် အဘယ်ကဲ့သို့ နားလည် ရပါမည်နည်း။ မဖတ်မိလျှင် ကောင်းလေစွ။ သည်စာစောင်ကို ကျွန်ုပ်လက်ဝယ် အရောက် ဆောင်ကြဉ်း ပေးသူမှာ ကား ကျွန်ုပ်မိတ်ဆွေ ကိုကျော်မင်းစိုး ဖြစ်ပါ၏။

၂။ ဒုတိယတစ်ပိုဒ်တွင် ဌာပနာတိုက်အတွင်းမှ ပစ္စည်းများကို ရည်ညွှန်းရာ၌ Universal Monarch အား သူတို့ ဘာကို ဆိုလိုသည် ကျွန်တော် အတိအကျ နားမလည်ပါ။ ကျွန်တော်ရိပ်မိသလောက် ဘာသာပြန်ရလျှင် စကြာဝတေးမင်း ဖြစ်နိုင်ပါသည်။ ကျွန်တော့်သဘောအရ ပြောပါဆိုလျှင်တော့ ကျွန်တော် သဘောမတူပါ။ မသကာ အများသူငါက မြတ်ဗုဒ္ဓကို ရည်ရွယ်ပြီး လှူဒါန်းထားသော ပစ္စည်းများ (တန်ဖိုး နည်းသည် များသည်မဟူ) ဟု ဆိုလိုက်လျှင် ပြီးပါသည်။

၃။ တတိယအဖြေက ပို ဆိုးပါသေးသည်။ စေတီကို တည်ထားရခြင်းသည် ထိုစေတီအတွင်း ဌာပနာထား သော ဓါတ်တော်မွေတော်များ၏ မြင့်မြတ်မှုကြောင့်၊ ကိုးကွယ်သင့်၍ တည်ထားရခြင်းဖြစ်ပါသည် ဟု ဆိုလိုခြင်း ဖြစ်ပါမည်။ မယ်နှင့်မောင် သစ္စာထားခဲ့သော ရွှေပြောင်ပြောင် တောင်ပေါ်မှ ဘုရား၏ ဌာပနာတိုက်၌ တန်ခိုးကြီး ဘုရား၊ ရဟန္တာများ၏ ဓါတ်တော် မွေတော်များ ပါချင်မှ ပါပါမည်။ စေတနာ သဒ္ဓါတရား ထက်သန်သူ တို့က ၎င်းတို့ပိုင် ရွှေငွေ လက်ဝတ်လက်စားများကို ဌာပနာကာ တည်ထား ကိုးကွယ်တာရော မဖြစ်နိုင်ပါလား။ တန်ခိုးကြီး ဘုရား၊ ရဟန္တာတို့၏ ဓါတ်တော်မွေတော်များ ရှာဖွေမရသဖြင့် စေတီတည်ထားကိုးကွယ်ဘို့ မဖြစ်နိုင် ဟု ကျွန်ုပ် မထင်ပါ။ ကျွန်တော်တို့ ရွာဦးစေတီတွင် တန်ခိုးကြီး ဘုရား၊ ရဟန္တာတို့၏ ဓါတ်တော်မွေတော်များ ပါနိုင်ဘို့ အလွန် ခဲယဉ်းပါလိမ့်မည်။ ကျွန်ုပ်တို့ အဘယ်ကြောင့် စေတီကို တည်ထားကိုးကွယ် ရပါသနည်း ဆိုသည်ကို နံပါတ်(၁) တွင် ရေးခဲ့ ပြီး ဖြစ်၍ ထပ်မရှည်တော့ပါ။

၎။ နံပါတ်(၄) အဖြေသည်ကား နောက်ဆုံးပိတ်၊ အိတ်နှင့်လွယ် ဆိုသလို ဖြစ်ပါတော့သည်။ ဌာပနာတိုက် အတွင်းတွင် ဌာပနာမည့် လှူဘွယ်ပစ္စည်း အစုစုသည် တုနှိုင်းဖွယ်မရှိသော မြတ်ဗုဒ္ဓကို ရည်ရွယ်ပြီး လှူဒါန်းကြခြင်း ဖြစ်သည်ကို ဗုဒ္ဓဘာသာဝင် မြန်မာမှန်က ရှင်းပြစရာ့ကို မလိုလောက်အောင် ရှင်းလှပါ၏။ သည်စေတီပျက်လျှင် ပြင်ရအောင်ဆိုသည့် အင်မတန် သေးနုပ် သိမ်ဖျင်းလှသော ရည်ရွယ်ချက်မျှနှင့် သည်မျှ တန်ဖိုးထိုက်တန်လှသော ရွှေငွေ လက်ဝတ်တန်ဆာ၊ ကျောက်သံ ပတ္တမြား များကို လှူဒါန်းကြပါမည်လား။ ဌာပနာတိုက်အတွက် လှူသော စေတနာနှင့် စေတီကို ပြင်ရန်လှူသော စေတနာမှာ အလွန် အင်မတန့်ကို ကွာခြားလှပါသည်။
စာရှုသူ မိတ်ဆွေ အပေါင်းတို့သည်ကား မြန်မာနိုင်ငံသားများ ဖြစ်သည့်အတွက် မြန်မာပြည် တစ်နံ တစ်လျား ခရီးမထွက်ဖူးသူ ရှားပါလိမ့်မည်။ သို့ ခရီးသွားခိုက် လမ်းဘေးများတွင် ဘုရားပြင်ရန် အလှူခံ မဏ္ဍပ်များ ကို မြင်ဖူးကြမည် မုချ။ ဤသည့် ဘုရားပြင်မည့် အလှူခံ ငွေဖလားကြီးအတွင်းသို့ မိမိလည်ပင်းမှ ဆွဲကြိုးကို ချွတ်ပြီး ရက်ရောစွာ လှူဒါန်းသွားသည့် စေတနာရှင်များကို သင်တို့ တွေ့ဖူးကြပါသလော။ သို့သော် ဘုရားတည်မယ်ဟေ့ ဆိုသည်နှင့် ဌာပနာတိုက်အတွင်းသို့ မိမိ ဘိုးဘွားပိုင် ရွှေငွေ လက်ဝတ်ရတနာများကို သဒ္ဓါတရားထက်သန်စွာ လာရောက် လှူဒါန်းကြသည်ကိုတော့ မိတ်ဆွေတို့ မြင်ဖူးကြပါလိမ့်မည်။
စေတီလေးမျိုး (ဓါတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ နှင့် ပရိဘောဂ စေတီ) အကြောင်း ကျွန်တော် ရှင်းစရာ မလိုတော့ပါ။ မိတ်ဆွေတို့ သိပြီး ဖြစ်ပါသည်။

အထက်ပါ မေးခွန်းနှင့် အဖြေများကို မည်သူရေးသနည်း ကျွန်တော် မသိပါ။ အယ်ဒီတာအဖွဲ့ နှင့် စာရေးသူ သာ သိပါလိမ့်မည်။ ထိုမေးခွန်းနှင့် အဖြေများကို ခြုံကြည့်လိုက်လျှင် စေတီပုထိုးများ တည်ထားကိုးကွယ်ခြင်းသည် သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်ရွယ်မှန်းထား တည်ခြင်း၊ တစ်နည်းအားဖြင့် မြတ်ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးတော် အနန္တကို အောက်မေ့သတိရစေရန်၊ ဗုဒ္ဓ၏ ဂုဏ်တော်များကို အာရုံယူ ပူဇော်နိုင်စေရန် ဆိုသည့် အဓိက ရည်ရွယ်ချက် လုံးဝ မပါသည်ကို ထင်ရှားစွာ တွေ့နိုင်ပါသည်။

လူသိထင်ရှား ဤ အထင်ကရ ကျောင်းတော်ကြီးမှ လူပေါင်းများစွာ ဖတ်နိုင်သည့် စာစောင်တွင် ဤကဲ့သို့ ရေးသားထားသည်ကို တွေ့ရခြင်းဖြင့် (အမှန်ကိုပြောရလျှင်) ကျွန်ုပ် စိတ် မချမ်းမြေ့မိပါ။

မှားတာရှိလျှင် ခွင့်လွှတ်ပါ ခင်ဗျား။

2 comments:

Today Admin said...

ဒီလို လူမျိုးတွေရှိလို့ပဲ သာသနာက အနှစ်၅၀၀၀ပဲ ခံမယ်လို့ မြတ်စွာဘုရားက မြွတ်ကြားခဲ့တာနေမှာပဲ ဆရာရယ်။

Today Admin said...

ဒီလို လူမျိုးတွေရှိလို့ပဲ သာသနာက အနှစ်၅၀၀၀ပဲ ခံမယ်လို့ မြတ်စွာဘုရားက မြွတ်ကြားခဲ့တာနေမှာပဲ ဆရာရယ်။