Monday, January 8, 2024

ကျွန်ုပ်တို့မိသားစု ဘာတန်သို့ အလည်သွားကြခြင်း အကြောင်း_၂

ယခုအနှိပ်ခံတာကတော့ တကယ့်ကို အပီအပြင် အနှိပ်ခံတာဖြစ်ပါ၏။ 

 

ပထမဆုံး ကိုယ်အထက် ဘယ်ဘက်ခြမ်းမှ စနှိပ်၏။ နောက်ပြီး ကိုယ် ညာဘက်တစ်ခြမ်း။ ထို့နောက် ဘယ်ဘက် ခြေထောက်၊ နောက် ညာဘက်ခြေထောက်။

ထို့နောက် ပက်လက်လှန်ခိုင်းကာ ယခင်ကအတိုင်း ကိုယ်အထက်ပိုင်း ဘယ်/ညာ၊ အောက်ပိုင်း ဘယ်/ညာ နှိပ်နယ်၏။ နှိပ်နယ်၏ ဆိုသည်မှာ ဆီများနှင့်လည်းနယ်၏။ နှိပ်လည်းနှိပ်၏။

 

အမျိုးသမီးကြီးများက ဆီများလိမ်းလိုက် လက်မောင်းကြွက်သားများနှင့်ဖိလျက် နှိပ်လိုက်ဖြင့် လုပ်၏။ 

မဆိုးပါ။ အတော်လေးခံလို့ ကောင်းပါသည်။

သို့သော် ကျွန်ုပ်စိတ်ထဲ ဆွဲဆန့်တာ၊ ခြေချိုးတာ၊ ကွေးတာကောက်တာတွေ မလုပ်လေတော့ အကြောအချင်များ သိသိသာသာ ပြေလျော့မသွားဟု ခံစားရ၏။ 

 

သူ့မိနစ် ၉၀ ကလည်း ဘယ်လိုကုန်လို့ ကုန်လိုက်မှန်းတောင် မပြောတတ်။

အောက်ဆင်းလာတော့ ဂျင်းလက်ဖက်ရည်တစ်ခွက် (ကလေးကစားသည့် အိုးပုတ်လောက်ရှိသော ခွက်ကလေး) တိုက်၏။

၃ ယောက်အနှိပ်ခံတာ 1.2 million, အဘားလေး

 

ထို့နောက်တော့ မိုးလည်းရွာနေသည်နှင့် ဘ​ယ်မှမသွားတော့ဘဲ ဟော်တယ်သို့လာခဲ့ကြ၏။

ကားဆရာက 89 Hotel သို့ ပို့ပေး၏။ ဟော်တယ်ကလည်း သိပ် မဆိုးလှပါ။ အဲလေ မုတ်ဆိတ်ရိတ်ဓား မရှိတာပဲ ဆိုး၏။



ညဘက် ဟော်တယ်တွင် အင်တာနက်ရလို့ email ဖွင့်ကြည့်လိုက်တော့ တက်ထားသည့်သင်တန်းမှ assignment ကို မနက်ဖြန် နောက်ဆုံးထားတင်ရမည် ဆိုတာတွေ့။ အောင်မငီး။ တော်ပါသေးရဲ့။ ပန်းသီးလေး သယ်လာမိပေလို့။ ပထမတော့ သယ်မနေတော့ပါဘူးကွာဆိုပြီး ထားခဲ့မလို့ လုပ်သေးသည်။ နောက်မှ လိုရမယ်ရ သယ်လာတာဖြစ်၏။ 

 

နောက် ညစာအတွက် အနားမှဆိုင်များတွင် သွားစားရန် လုပ်သေးသည်။ မိုးကတစိမ့်စိမ့်၊​ စိုစိစိုစိနှင့် စိတ်ပျက်စရာ။ ကျွန်ုပ်တို့လည်း အနားမှ 7-11 ကဲ့သို့ဆိုင်လေးတစ်ဆိုင်တွေ့သည်နှင့် ခေါက်ဆွဲဘူးများဝယ်ကာ ဟော်တယ်တွင် ရေနွေးနှင့် ပြုတ်သောက်ကြမည်ဆိုပြီး ပြန်ခဲ့ကြတော့၏။ မူလ အစီအစဉ်မှာ ဘာတန်၏ ညရှုခင်းကို လျှောက်ကြည့် ကြရန်ဖြစ်၏။ ယခု မိုးရွာနေတော့ ဘယ်မှ လျှောက်လို့မဖြစ်တော့။ ဂန်းမသားခွေးအောင်လှိုင် (ဟုတ်ပေါင် မွှားကုန်ပြီ)

ဂန်းမမိုး

 

နောက်နေ့မနက် ၈ နာရီလောက်တွင် ဟော်တယ်၌ မနက်စာ စားကြ၏။

 

Wow Wow Wow စ်

 

ဟော်တယ် ဘူဖေးမနက်စာမှာ စုံလိုက်သမှ ဘာစားလိုက်ရမှန်းတောင်မသိ။

ထမင်းကြော် ဖြူ၊ ညို၊ အသားဟင်း နှစ်မျိုး၊ ခေါက်ဆွဲကြော်၊ မုန့်ဟင်းခါးလိုဟာမျိုး၊ ဆန်ပြုတ် အဖြူ၊ ကြက်သား ဆန်ပြုတ်၊ ဖြူနီစိမ်းညို မုန့်မျိုးစုံ၊ လဖက်ရည်၊ ကော်ဖီ၊ နို့ဆီ၊ သကြား၊ သံပုရာရည်၊ လိမ္မော်ရည်၊ ဖရဲသီး ဖျော်ရည်၊ နို့၊ ဖရဲသီး၊ သင်္ဘောသီး၊ စပျစ်သီး၊ လိုင်ချီးသီး စသည့် အသီးများ (ဒူးရင်းသီးတော့မပါ၊ ယခွမ်းဒဲ့မှ)

 

စားသောက်စရာများကို တစ်ပတ်ပတ်ကြည့်ပြီး သားကိုမှာရ၏။ 

သားရေ - စားစရာတွေ အများကြီးပဲကွ။ တစ်မျိုးတည်းကို အများကြီး မထည့်နဲ့။ ထမင်းကြော်တစ်ဇွန်း ခေါက်ဆွဲကြော် တစ်ဇွန်းစသဖြင့် တို့စိတို့စိပဲထည့်။ မဟုတ်ရင် တခြားဟာတွေ မစားနိုင် ဖြစ်သွားလိမ့်မယ်။

 

ကျွန်ုပ်လည်း ထမင်းကြော်တစ်ဇွန်းစီ၊ ဟင်းအနည်းငယ်စထည့်လျက် စားစရာများကို နည်းနည်းစီကောက်ထည့် သွား၏။ ပန်းကန်တစ်ချပ်လုံးပြည့်တော့ ထိုင်စားကြ၏။ သောက်စရာအဖြစ် ပထမ လိမ္မော်ရည်သောက်၏။

 

မဆိုးပါ။ စားလို့အတော်ကောင်း၏။ 

 

မနက်စာကို ဇိမ်နှင့်စားသောက်ကြပြီးသကာလ အသင့်ရောက်နေသောတိုင်စီနှင့် ထွက်ခဲ့ကြ၏။

မဆိုးပါ။ သည်ကနေ့တော့ နေကလေးသာနေ၏။

 

ဘယ်သွားရမည်ကို ကျွန်ုပ်က ညကတည်းက စာရင်းလုပ်ထား၏။ ထို့နောက် ကားဆရာကိုပြကာ နီးတဲ့နေရာတွေကို အစဉ်လိုက်သွားကွာ ဟု ပြောလိုက်၏။ သူက ဘုန်းကြီးကျောင်းကို အရင်သွားမယ်ဆို၏။

ဘုန်းကြီးကျောင်းနာမည်မှာ Maha Wihara Duta MaitreyaTemple ဟူ၏။



ဘုန်းကြီးကျောင်းကြီးမှာ ကြီးလည်းကြီး၏။ ကျယ်လည်းကျယ်၏။ မြေညီထပ်တွင် ခန်းမကြီးများဖြင့် ဖွဲ့စည်းထားရာ အခန်းကြီးများမှာ အတော်ကျယ်လေသည်။ သူတို့ဘုန်းကြီးကျောင်းကတော့ ဖိနပ်ချွတ်စရာမလို။ သည်အတိုင်း ဝင်ထွက် သွားလာနေကြ၏။ သို့သော် ကျွန်ုပ်တို့ကတော့ ကျောင်းဝင်းထဲ၌သာ ဖိနပ်စီးကြပြီး အဆောက်အဦထဲဝင်သည့်အခါ ဖိနပ်ချွတ်ကြ၏။ နံရံများတွင် ပန်းချီကားချပ်ကြီးများ ချိတ်ဆွဲထား၏။ များသောအားဖြင့် ဗမာတို့၏ ယွန်းပန်းချီကဲ့သို့ အဖြူအနက် ကောက်ကြောင်းပန်းချီများ ဖြစ်၏။ အတွေ့ရအများဆုံးမှာ Laughing Buddha ခေါ် ဦးတည်ဘွားရုပ်များ ဖြစ်၏။ ဦးတည်ဘွားရုပ်များကိုမူ ပုံစံမျိုးစုံဖြင့် ထုလုပ်ထား၏။ ဦးတည်ဘွားရုပ်တု အနည်းဆုံး (၃၀) ခန့်ရှိ၏။ ကွမ်ရင် မယ်တော်ရုပ်တုနှင့် အခြား ကျွန်ုပ်မသိသော စစ်သူကြီးရုပ်တုများလည်း ရှိသေး၏။ 

 

ကျွန်ုပ်သဘောကျသည်မှာ ကျောင်းကို လွတ်လွတ်လပ်လပ် ကျယ်ကျယ်ဝန်းဝန်း ဆောက်ထားခြင်းဖြစ်၏။ မြန်မာပြည်မှ ဘုန်းတော်ကြီးကျောင်းများမှာမူ ပြည့်သိပ်ကျပ်ညပ်နေပြီး မည်သည့်အဆောက်အဦတစ်ခုကမှ ကျယ်ကျယ်ဝန်းဝန်းမရှိ။ 










ရုပ်တုတော်များရှေ့တွင် ဘုရားရှိခိုးရန် ခုံလေးများချထားပေး၍ ထိုခုံလေးများဖြင့် မည်ကဲ့သို့ ရှိခိုးရသည်ကို သားအား သင်ပေးရ၏။ သားက သူငယ်ငယ်တုံးက သူ့အမေသင်ပေးထားသည့် ဩကာသ ဘုရားရှိခိုးကို တိုင်ပေးခိုင်း၏။ သူမပြောနှင့် ကျွန်ုပ်တောင် ခပ်မေ့မေ့။ ကျွန်ုပ်က တစ်လနေလို့ တစ်ခါ ဘုရားရှိခိုးသူမဟုတ်။ အဟက်စ်







ဘုန်းကြီးကျောင်းကို လှည့်ပတ်ကြည့်ပြီးသည့်နောက် တံတားကြီးဘက် ခရီးဆက်ခဲ့ကြ၏။

 

တော်တော်ဝေးဝေးသွားပြီးနောက် တံတားကြီးဆီရောက်၏။ 

တံတားကြီးမှာ ကြိုးတံတားကြီးဖြစ်၏။ Barelang Bridge ဟု အမည်ရ၏။ အလွန်လှ၏။ 

တံတားကြီးကို အကျည်းတန်စေသူများမှာ ကင်မရာသမားများ ဖြစ်၏။ 







သားက အမြဲတမ်း support the locals ပြောလေ့ရှိသဖြင့် ကျွန်ုပ်ကလည်း တန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ သူတို့ဆီမှ အစားအသောက်များလည်း ဝယ်စား၊ အမှတ်တရပစ္စည်းလေးများလည်း ဝယ်ပါ၏။ သို့သော် ၎င်းတို့သည် ခရီးသည်များကို ပါးပါးလှီးလွန်းလှ၏။

 

ထိုင်းခရီးစဉ်တုံးကလည်း ဆင်စခန်းတွင် စားသောက်ဆိုင်တစ်ခုက သုံးဆခန့်ပိုရိတ်လိုက်တာ သားက မျက်စိတစ်ဖက် မှိတ်ပြသည်နှင့် အသာလေးမသိချင်ယောင်ဆောင် ပေးခဲ့ပါ၏။ 

 

ယခုလည်း ဓာတ်ပုံဆရာက ဓာတ်ပုံရိုက်မလား တစ်ပုံ 2 Sing Dollar ဆိုသဖြင့် ကျွန်ုပ်တို့လည်း support the local ဟု ဆိုကာ ဓာတ်ပုံရိုက်ခံကြ၏။ 

 

အားလုံးဓာတ်ပုံရိုက်ပြီးတော့ သူက ဓာတ်ပုံများ ရွေးခိုင်း၏။ ပုံများမှာ ကျွန်ုပ်ဖုန်းနှင့်ရိုက်ထားလောက်တောင် မကောင်း။ အလင်းရောင်များမှာ လျှံထွက်နေ၏။ သို့သော် ကျွန်ုပ် ၁၀ ပုံရွေးပြီး ပရင့်ထုတ်ခိုင်းလိုက်၏။ နှစ်ပုံလောက်ထုတ်ပြီးတော့ သူက ထိုပုံအားလုံးကို ကျွန်ုပ်ဖုန်းထဲကို transfer လုပ်ပေးမည်။ 5 Sing Dollar ပေး ဟု ထပ်တောင်းပြန်၏။

 

ဒါဆို အခုထုတ်ပြီးသား ၃ ပုံပဲ ထုတ်လိုက်တော့။ ကျန်တာတွေ မထုတ်နဲ့တော့။ ၃ ပုံကို $6.00 + Transfer $5.00 ထား ဆိုတော့ သူက မရပါဘူး။ ၁၀ ပုံလုံး ထုတ်ရမတဲ့။ အိုးခေ၊ ၁၀ ပုံလုံးထုတ်မယ်။ ဒါပေမယ့် ဒါ့ပုံတွေကို အလကား transfer လုပ်ပေးရမယ် ဆိုတော့မရဟု ဆို၏။ ကျွန်ုပ်လည်း စိတ်တိုလာကာ ကိုင်း ကိုယ့်လူ ၁၀ ပုံပဲ ထုတ်တော့။ Transfer လုပ် မနေနဲ့တော့ ဆိုလိုက်၏။ ကျွန်ုပ်စိတ်ဆိုးနေတာတွေ့တော့မှ သူက ကိုင်း ကိုင်း လဂါးပဲ transfer လုပ်ပေးတော့မယ်။ ဖုန်း ပေးဟု ဆို၏။ 

 

သားကတော့ ကျွန်ုပ် ဤကဲ့သို့ စိတ်ဆိုးတာကို မကြိုက်။ ထစ်ကနဲဆို ဒေါသက ရှေ့ရောက်ပြီးသားဖြစ်နေတော့ အနား ကပ်လာ၏။ သူ့အမေက သား၊ အသာနေ ဆိုပြီး လက်ဆွဲထား၏။

 

နေရာတကာစိတ်တိုတာ မကောင်းမှန်းသိသော်လည်း ကျွန်ုပ် အကျင့်ကို ပြင်လို့မရ။ 
















နောက် ကားဆရာက တံတားအောက်ဆင်းမလား၊ မင်းတို့ စပိဘုတ်ပါ စီးလို့ရတယ်ဆိုသဖြင့် တံတားအောက်ကို ဆင်းခဲ့ ၏။ သည်တစ်ခါတော့ ကားဆရာက “မင်းတို့ ဘုတ်မစီးခင် ဈေးအရင်မေးနော်” ဟု သတိပေး၏။ ထို့နောက် သူ့အသိ တစ်ယောက် ဆင်းလာတာတွေ့၍ လှမ်းခေါ်၊ ဈေးမေးတော့ တစ်နာရီကို ၂ သိန်း ဆို၏။ ကျွန်ုပ်တို့လည်း သဘောတူ၍ ဘုတ်ပေါ်ဆင်းခဲ့၏။ ပေါင်ပုန်းအမေကတော့ ဘာတဲ့၊ ဗေဒင်က ရေကြောင်းခရီးရှောင်ပါ ဆိုထား၍ မလိုက်ရဲ ဆို၏။ ရေလမ်းနဲ့လာလို့ဘဲ အခု ဘာတန်ရောက်နေမင့်ဟာ။ ယခွမ်းဒဲ့မှ

 

မိုးမရွာလို့ တော်ပါသေး။ ပင်လယ်ပြင်မှာ ဘုတ်စီးရတာ လေကလေးတဖြူးဖြူးနှင့် အတော် ဇိမ်ကျလှ၏။ သားကလည်း ပထမဆုံးအတွေ့အကြုံဖြစ်တော့ မနောခွေ့လျက် ရှိ၏။ ဘုတ်ဆရာက တော်တော်ဝေးဝေးရောက်အောင် လှည့်ပတ် ပြ၏။ ကျွန်းပေါက်စနေလေးများကိုလည်း ပတ်မောင်းပြ၏။ အပြန်လမ်းတွင် ကျွန်းတစ်ကျွန်းသို့ဝင်ကာ ခဏရပ်၏။ နောက် လှမ်းအော်ခေါ်လိုက်တော့ အမျိုးသမီး တစ်ယောက်ထွက်လာကာ ဓာတ်ဆီပုံးကမ်းလင့်၏။ ထိုအခါကျမှ​ အိမ်ဝင်ပြီး မော်တော်ကို ဆီထည့်မှန်းသိရ၏။ 

 

ကျွန်းများပေါ်တွင် ပလီများနှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကို ပြိုးပြိုးပြောင်ပြောင် တွေ့ရ၏။ အိမ်များကို ကျွန်းပေါ်တွင် မဆောက်ဘဲ မြေသားအဆုံး ရေထဲတွင် မြေကြီးကို နုတ်ခမ်းတင်လျက် ဆောက်ထားကြ၏။ အိမ်သာကိစ္စ ဖြေရှင်းရန်နှင့် ငါးမွေးရန် ထင်၏။ အိမ်များကို မဒမတိုင်များနှင့် ဆောက်ထားလျက် စာသင်ကျောင်းကဲ့သို့သော အဆောက်အဦများကိုမူ ကွန်ကရိတိုင်များနှင့် ဆောက်ထား၏။ အိမ်အနီးပတ်ဝန်းကျင်တွင် တိုင်ကလေးများ ထိုးထိုး ထောင်ထောင်ထွက်နေပြီး ပိုက်ကွန်ကဲ့သို့ အရာများတွေ့ရသဖြင့် ငါးမွေးခြံများဖြစ်မည်ဟု ခန့်မှန်းရ၏။ သားကိုလည်း ရေထဲတွင် မဆွေးသည့် သစ်များအကြောင်း၊ ငါးပုစွန်များကို ခြံခတ်မွေးကြသည့်အကြောင်းများ ရှင်းပြ၏။

 

ကလေးများမှာ ကြမ်းပြင်အစွန်းကို ကာထားသည့် လက်ရမ်းတန်းများပေါ် တက်ကာ ဆော့ကစားနေကြ၏။ တချို့ဆို လက်ရမ်းတန်း အပြင်ဘက်တောင် ထွက်နေလိုက်သေး၏။ အောက်မှာက ပင်လယ်။ ကျွန်ုပ်တို့ဆီက လူကြီးများသာဆို ဟဲ့ မသာလေးတွေ၊ ရေထဲပြုတ်ကျလို့ အကုန်မျိုးကန်းကုန်လိမ့်မယ်၊ ကမြင်းကို ကမြင်းနိုင်လွန်းတယ် ဟု မေတ္တာပို့သံကို နားဆင်ရပါလိမ့်မည်။ သူတို့ကျတော့ ရိုးလို့ကိုး။

 

ဘေးနားမှဖြတ်၍ အခြားမော်တော်ဘုတ်များ ဖြတ်မောင်းသွားသည့်အခါတွင် လှိုင်းစီးရ၏။ 

တစ်နေရာတွင် Coast Guard ကို တွေ့။ ရေပိုင်နက်စောင့် စစ်သင်္ဘောကလေးများ လေးငါးဆယ်စီး ဆိုက်ကပ်ထားတာ လည်း တွေ့ရ။ ကမ်းစပ်တွင် မသုံး၍ ပစ်ထားသော မော်တော်အပျက်အစီးများကိုလည်း တွေ့ရ၏။ ငါးများကိုမူ မတွေ့ရလေ။

 

မော်တော်ဘုတ်စီးတာ တစ်နာရီကျော်ကျော်လောက် ကြာပါလိမ့်မည်။ ကမ်းပြန်ကပ်လာပြီးနောက် မီးဖုတ်လက်စ ပြောင်းဖူးနှစ်ဖူးဝယ်ပြီး ပြန်ခဲ့ကြ၏။ မေရီးက ဘာတန်ပြန်လက်ဆောင်ပေးဘို့ ကိတ်မုန့်အကြောင်း တတွတ်တွတ် ပြောနေ၍ ကားဆရာက ငါ နင်တို့ကို home made ကိတ်မုန့်ဆိုင် လိုက်ပို့ပေးမယ်ဆိုပြီး အပြန်လမ်းတွင် ကိတ်မုန့်ဆိုင် ဝင်၏။ ဆိုင်မှာ ခပ်သေးသေးပင် ဖြစ်၏။ ကားဆရာက ဒီမှာလာကြည့်ဆိုပြီး နောက်ဖေး၌ ကိတ်မုန့်ဖုတ်နေကြသည်များ ကို ခေါ်ပြ၏။ သူတို့မုန့်ဖုတ်နေကြပုံမှာ ဗမာပြည်က မုန့်ဖုတ်တာနှင့် အတူတူပင် ဖြစ်၏။

 

ဆိုင်က ကောင်မလေးက ကက်တလောက်ကိုပြကာ ဒီမုန့်က ဘယ်လောက်၊ ဒီမုန့်က ဘယ်လောက်နှင့် ဈေးများပါ ပြ၏။ ကိတ်မုန့်အသေး ၆ တုံးဝယ်ရာ စုစုပေါင်း ၁၁ သိန်း ကျ၏။ စင်းဒေါ်လာနှင့်ဆို တစ်လုံးကို ၁၆ ကျပ် ကျ၏။ အောင်မငီး။ ကားငှားခက တစ်နေ့လုံးမှ ၆ သိန်း၊ ကိတ်မုန့် အသေး ၆ တုံးက ၁၁ သိန်း ဆိုတော့ကာ ကားမောင်းမဲ့အစား ကိတ်မုန့် ဖုတ်စားတာကမှ ပို တွက်ခြေကိုက်သေးသည်။

 

ကိတ်မုန့်များဝယ်ပြီးနောက်တော့ နှစ်နာရီလည်း ခွဲနေပြီမို့ ဘယ်မှမဆက်တော့ဘဲ မော်တော်ဆိပ်နှင့်နီးရာ စူပါမားကက် သို့ပို့ခိုင်း၏။ ထို့နောက်တော့ ကောင်းလောက်မည်ထင်သည့် ဆိုင်တစ်ဆိုင်ရွေးကာ အစားအသောက်များ မှာစားကြ၏။ မဆိုးလှပါ။ ဈေးလည်းသင့်ပါသည်။ သုံးယောက်စားတာသောက်တာ ၂ သိန်းခွဲကျော်။

 

သားက ခဲတံအိတ်ဝယ်၏။ မဟေသီက ကျွန်ုပ်ဘို့ အင်ဒိုနီးရှားပါတိတ်အင်္ကျီ လက်ရှည်တစ်ထည် ဝယ်ပေး၏။ ထို့နောက် ခြေညောင်းအောင် လျှောက်ကြည့်ကြပြီး ၄ နာရီကျော်လောက်တွင် မော်တော်ဆိပ်သို့ ဆင်းခဲ့ကြ၏။ ထို့နောက်တော့ ကျေးဇူးတင်ပါတယ်ပြောကာ ကားသမားကို ပိုက်ဆံရှင်းလျက် ပြန်လွှတ်လိုက်တော့၏။ သူက နောက် ဘာတန်လာမယ့် ဧည့်သည်တွေရှိလည်း ပြောပါကွာ ဆိုပြီး သူ့ name card လေး ပေးလိုက်၏။ မိတ်ဆွေတို့ ဘာတန်သွားလျှင် သူ့ကို ယုံကြည်စိတ်ချစွာ ခေါ်နိုင်ပါ၏။



 အပြန်မော်တော်ဆိပ်ကိုမူ စောစောဆင်းလို့ရသည်နှင့် တစ်နာရီခန့်ကြိုဆင်းလာကာ လူများတကာတွေ သွားကြ လာကြ တာငေးမောရင်း စောင့်၏။ စင်ကာပူ-ဘာတန် ဖယ်ရီကလည်း ၁၀ မိနစ်ကို တစ်စီးကျ ရှိ၏။ ကျွန်ုပ်တို့က ညနေ ၅း၄၀ ဖယ်ရီနှင့် ပြန်ခဲ့ကြ၏။ အပြန်ဖယ်ရီတွင် လူအတော် ချောင်ပါသည်။ ကျွန်ုပ်က မော်တော်အပေါ်ထပ်တက်ကာ ဂျက်အင်ဂျင်မှ မှုတ်ထုတ်လိုက်သော တဖွားဖွားထကာ ဖွေးဖွေးလှုပ်နေသည့် ရေဂယက်များကို တက်ကြည့်လိုက်သေး၏။ 

 

အဲဒီနောက်တော့ . . . .

စိတ်ဝင်စားစရာ မရှိတော့ပါဘူးဗျာ။ ကွကိုယ်သာ ဖြည့်တွေးကြည့်ကြပါဘိ။ အဟိ

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၈ ဇန္နဝါရီ၊ ၂၀၂၄







No comments: