Tuesday, October 1, 2019

ဆူညံသံလျှော့ချနှုန်းအကြောင်း သိကောင်းစရာ

NRR – Noise Reduction Rating
======================

(၁) နိဒါန်း
------------

ကျွန်ုပ်တို့၏ နှာခေါင်းသည်လည်းကောင်း၊ နားသည်လည်းကောင်း အပွင့် ဖြစ်၏။ ထို့ကြောင့် လေထုထဲ၌ ရှိသမျှ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရှူကြရသည်သာ ဖြစ်၏။ ကျွန်ုပ်တို့ပတ်ဝန်းကျင်သို့ ရောက်လာသမျှ မည်သည့်အသံကိုမဆို ကြားချင်သည်ဖြစ်စေ၊ မကြားချင်သည် ဖြစ်စေ ကြားကြရမည်သာ ဖြစ်၏။

အမေရိကန်၊ ကနေဒါ၊ ဩစတေးလျား စသည့်နိုင်ငံကြီးများ၌ နားလေးခြင်းကို အထူးအလေးထား ကာကွယ် ကြပါသည်။ နားလေးခြင်းကို မျက်စိကန်းခြင်း၊ ခြေလက်ကျိုးခြင်းတို့နှင့် တန်းတူထားသည်။ အန္တရာယ် အကဲဖြတ်ခြင်းဇယား (Risk Assessment) ၌ နားလေးခြင်းကို အန္တရာယ်အဆင့် (Risk level) တွင် အဓိက (major) ၌ ထား၏။ အဘယ်ကြောင့်ဆိုသော် နားလေးခြင်း၌ ကုရာနတ္ထိ ဆေးမရှိသောကြောင့် ဖြစ်သတည်း။

အမေရိကန်တွင် လက်ရှိရှိနေသည့် အလုပ်လုပ်နိုင်သူ လူအရင်းအမြစ် ဆုံးရှုံးမသွားစေရေးအတွက် အလုပ်လုပ်နေသူ ကျား/မ လူအားလုံးအား အန္တရာယ်ကင်းပြီး ကျန်းမာနေစေရေးရန် Occupational Safety and Health Act ကို ၁၉၇၀ ခုနှစ်၌ အတည်ပြုခဲ့၏။ ထိုဥပဒေတွင် National Institute for Occupational Safety and Health (NIOSH) ကို အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးအတွက် စံနှုန်းများပြုလုပ်ရန်၊ လူများခံနိုင်မည့် အတိုင်းအတာများ သတ်မှတ်ရန်တို့ကို တာဝန်ပေးခဲ့သည်။

NIOSH က Criteria for a Recommended Standard: Occupational Exposure to Noise ကို ၁၉၇၂ ခုနှစ်တွင် ပြုစုခဲ့၏။ ထိုစာတမ်းတွင် ဆူညံသံများကို ကြားရခြင်း၏ရလဒ်အဖြစ် ထာဝရနားလေးမည့် အန္တရာယ်ကို လျှော့ချရန် အကြံပြုသည့် စံနှုန်းအတွက် အခြေခံများကို ဖော်ပြခဲ့၏။

NIOSH က အကြံပြုသည့် ဆူညံသံကြားနိုင်စွမ်း (REL - Recommended Exposure Limit) မှာ ၈ နာရီအတွက် 85 dBA ဖြစ်၏။ (ဤတွင် A ဆိုသည်မှာ A-weighted sound ဖြစ်၏။ နောက်ပိုင်းတွင် အသေးစိတ် ရှင်းပြပါမည်။) ၎င်းကို 8-hr time-weighted average [85 dBA as an 8-hr TWA) ဟုလည်း ခေါ်၏။ ဤဆူညံသံထက်ကျော်လျှင် နားလေးမည့် အန္တရာယ်ရှိသည်။

လုပ်ငန်းရှင်များအနေနှင့် ယန္တယားကြီးများ၊ ဆူညံသည့်စက်များနှင့် အလုပ်လုပ်နေရသူများ၊ သို့မဟုတ် ဆူညံသည့် ပတ်ဝန်းကျင်၌ အလုပ်လုပ်နေရသည့် မိမိတို့၏ ဝန်ထမ်းများ နားလေးခြင်းရောဂါ မဖြစ်စေရန် မည်သည်တို့ ပံ့ပိုးပေးရမည်၊ မည်သည့်အကာအကွယ်များ ပြုလုပ်ပေးထားရမည် စသည်တို့ကို သိရှိနားလည်ရန် ကြိုးစားရမည်။

အကြားအာရုံကာကွယ်ရေးအတွက် သိရန်လိုသည့် အချက်အလက်များကို အောက်တွင် ဖော်ပြထားပါသည်။ ဖတ်ရှုလိုက်နာကြပါကုန်။


(၂) NRR (Noise Reduction Rating)
----------------------------------------------

NRR သည် ဆူညံသံအား မည်မျှလျှော့ချနိုင်သည်ကို ဖော်ပြသည့် ယေဘူယျ နည်းတစ်ခုဖြစ်၏။ Ear plug, Ear muff စသည့် အကြားအာရုံကာကွယ်ရေးကိရိယာများ၏ NRR တို့ တစ်ခုနှင့်တစ်ခု မတူနိုင်ပါ။ အကြမ်းဖျဉ်းအားဖြင့် NRR တန်ဘိုးမှာ ၀ မှ ၃၀ ခန့်ရှိ၏။ ထိုတန်ဘိုးများလေလေ၊ အကြားအာရုံကာကွယ်ရေးကိရိယာသည် ဆူညံသံကို လျှော့ချနိုင်နှုန်းများလေလေ ဖြစ်၏။ 

အသံသည်မည်မျှစွမ်းအင်ရှိသည် သို့မဟုတ် မည်မျှဖိနှိပ်နိုင်သည် စသည်တို့ကို ဖော်ပြရန် ဒက်ဆီဘယ် (decibel) ဖြင့် တိုင်းတာ၏။ အကြားအာရုံကာကွယ်ရေးကိရိယာ၏ အမှန်တကယ် ကာကွယ်နိုင်စွမ်းကို သီးသန့်တည်ဆောက်ထားသည့် ဓာတ်ခွဲခန်းတွင် စမ်းသပ်ပါသည်။ စမ်းသပ်ရန်လိုအပ်ချက်များကို OSHA Noise Standard: 29 CFR တွင် ဖော်ပြထား၏။ 

ဆူညံသံအကြောင်း ယခုမှ စ ကြားဖူးသူတို့အဖို့ ဆူညံသံလျှောချမှုနှုန်း (NRR) ကို မှားယွင်းမှတ်သားနိုင်ပါသည်။ NRR ဆိုသည်မှာ အလုပ်သမားများ၏ အကြားအာရုံကာကွယ်ရေးကို အထူးဂရုပြုသူများအနေနှင့် ရည်ညွှန်းနိုင်ရန် သတ်မှတ်ထားသည့် စည်းမျဉ်းများ ဖြစ်ပါသည်။ NRR ဆိုသည်မှာ လက်တွေ့တွင် အကြားအာရုံကာကွယ်ရေး ကိရိယာတစ်ခုအနေနှင့် ဝတ်ဆင်သူကို မည်မျှထိထိရောက်ရောက် အကာအကွယ်ပေးနိုင်သည်ကို တိုင်းတာပေးသည့် မျဉ်းတံတစ်ခုမျှ ဖြစ်၏။

သို့တိုင် ဝတ်ဆင်သူအား ဆူညံသံကိုမည်မျှထိ လျှော့ချပေးနိုင်သည် ဆိုခြင်းမှာ ထို အကြားအာရုံကာကွယ်ရေး ကိရိယာကို မည်မျှ သေချာကျနစွာ ဝတ်ဆင်ထားသနည်း ဆိုသည့်အပေါ် များစွာ မူတည်နေပါသည်။ သေချာစွာ ဝတ်ဆင်ထားသူအား ဆူညံသံကို ဖော်ပြထားသည့် NRR ၏ ၉၈% ထိ လျှော့ချပေးနိုင်သော်လည်း သေချာစွာ ဝတ်ဆင်မထားပါမူ ၅၀% ထိသာ လျှော့ချပေးနိုင်ပါ လိမ့်မည်။

အကြားအာရုံကာကွယ်ရေး ကိရိယာ (နားအဆို့) တစ်ခုအတွက် NRR ကို ဖော်ပြရန်မှာ အရေးကြီးပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့အနေနှင့် ပြင်ပမှ ဆူညံသံကိုတိုင်းတာနိုင်သော်လည်း နားအဆို့ဝတ်ဆင်ပြီးနောက် နားကကြားရသည့် ဆူညံသံ ကို တိုင်းတာရန် မလွယ်ကူသောကြောင့် ဖြစ်သည်။ NRR တန်ဘိုးကို သိထားခြင်းအားဖြင့် ပြင်ပတွင် ဆူညံသံ မည်မျှရှိလျှင် နားက ကြားရမည့် ဆူညံသံမှာ မည်မျှဖြစ်မည်ကို ခန့်မှန်းနိုင်သည်။

နားဆီရောက်လာမည့် ဆူညံသံ တန်ဘိုးမှာ ပတ်ဝန်းကျင်မှ ဆူညံသံတန်ဘိုးကို NRR တန်ဘိုးနှုတ်၍ ရခြင်းမဟုတ်ပါ။ အမှန်တကယ် လျှော့ချနိုင်သည့် ဆူညံသံ ဒက်ဆီဘယ်ကို အောက်ပါအတိုင်း တွက်ယူရသည်။

NRR တန်ဘိုးမှ ၇ နှုတ်ပါ။ ရလဒ်ကို ၂ နှင့်စားပါ။ ဤသည်သာလျှင် လျှော့ချနိုင်သည့် ဒက်ဆီဘယ် တန်ဘိုးဖြစ်ပါသည်။

ဥပမာ - Howard Leight ear plug ၏ NRR မှာ 33 ဖြစ်၏။ ၃၃ မှ ၇ နှုတ်လျှင် ၂၆ ရသည်။ ၎င်းကို ၂ နှင့်စားလျှင် ၁၃ ရ၏။
ထို့ကြောင့် ပြင်ပ၌ ဆူညံသံ ၁၀၀ ဒက်ဆီဘယ်ရှိသည့်နေရာ၌ အလုပ်လုပ်နေသူတစ်ဦးသည် ထို နားအဆို့ကိုသာ သေချာစွာ ဝတ်ဆင်ထားပါက  ဆူညံသံ ၈၇ ဒက်ဆီဘယ်ကိုသာ ကြားရမည့် သဘောဖြစ်၏။



(၃) Frequency Weightings
-----------------------------------

NRR တွက်သည့်အခါ အဘယ်ကြောင့် ၇ နှုတ်ပြီး ၂ နှင့် စားရသနည်းဆိုသည်ကို မပြောမီ sound level များကို ဦးစွာသိထားရန် လို၏။

အသံသည် စွမ်းအင်ဖြစ်၏။ အသံအမျိုးအစားပေါ်လိုက်၍ အသံကိုတိုင်းသည့်နည်းနာလည်း ကွာသွားသည်။ ၎င်းကို Frequency Weightings ဟုခေါ်၏။ Frequency Weightings တွင် A Frequency Weightings, C Frequency Weightings နှင့် Z Frequency Weightings ဟု သုံးမျိုးရှိ၏။ အသံဆူညံမှုအမှန်ကိုရရန် မှန်ကန်သည့် Frequency Weighting ကို သုံးကာ တိုင်းရသည်။

မှတ်ချက်။ ။ ယခင်က B Weighting, D Weighting နှင့် E Weighting စနစ်ဖြင့်တိုင်းတာရန် ကြံဆကြပါသေးသည်။ သို့သော် လူသုံးမများသည့်အတွက် မထင်ရှားလှပါ။ D Weighting ကို Kryter က ၁၉၇၀ ခုနှစ်တွင် တီထွင်ခဲ့ပြီး လေယာဉ်များ၏ ဆူညံသံကို တိုင်းတာရာတွင် သုံးသည်။ B Weighting ကိုမူ မသုံးကြတော့ပါ။




A Frequency Weightings
---------------------------------

A Weightings ဆိုသည်မှာ လူ့နားက ကြားနိုင်သည့် အသံကို တိုင်းတာခြင်း ဖြစ်သည်။ လူ့နားသည် ကြိမ်နှုန်း (frequency) အလွန်နိမ့်၊ အလွန်မြင့်သည့် အသံများကို မကြားနိုင်ချေ။ လူ့နားက ကြားနိုင်သည့်အသံမှာ ကြိမ်နှုန်း 500 Hz မှ 6kHz (၅၀၀ ဟာ့ဇ် မှ ၆၀၀၀ ဟာ့ဇ်အကြား) သာဖြစ်၏။ အသက်အရွယ်ကိုလိုက်၍ ဤအတိုင်းအတာနယ်ပယ်မှာ အပြောင်းအလဲ ရှိနိုင်ပါ သည်။

အသံကို A Weightings ဖြင့်တိုင်းတာရာတွင် အသံလှိုင်းများကို  လူ့နားက ကြားနိုင်သည့် ကြိမ်နှုန်းနီးပါး (20 Hz မှ 20 kHz) အထိသာရှိရန် စစ်ချလိုက်၏။ အကြားအာရုံကာကွယ်ရေးအတွက် အသံကိုတိုင်းတာရာတွင် အခြားအသံများ နှောက်ယှက်မှု မရှိဘဲ လူ့နားက ကြားနိုင်သည့်အသံကိုသာ တိုင်းတာရန် စီမံထားခြင်း ဖြစ်၏။

အသံကို A Weighting စနစ်ဖြင့်တိုင်းတာ၍ ရသောရလဒ်ကို dB(A) ဟု ပြသည်။ ဤသို့ပြခြင်းဖြင့် အခြား C Weightings, Z Weightings တို့နှင့် မရောတော့ဘဲ ရှင်းလင်းလွယ်ကူစွာ သိမြင်စေသည်။ ဥပမာ - LAeq, LAFmax, LAE စသည်။


C Frequency Weightings
----------------------------------

C Frequency Weightings က အမြင့်ဆုံးအသံ (Peak Sound Pressure level) ကို တိုင်းတာသည်။ C Weighting စနစ်ဖြင့် တိုင်းတာ၍ရသော ရလဒ်ကို dB(C) ဟု ပြသည်။ ဥပမာ - LCeq, LCPeak, LCE စသည်။

သေနတ်ပစ်သံ၊ ဗုံးပေါက်ကွဲသံ၊ ပိုင်ရိုက်သံ စသည့် အမြင့်ဆုံးသို့ ရုတ်တရက်ရောက်သွားသည့် အသံများကို C Weighting စနစ်ဖြင့် တိုင်းတာသည်။


Z Frequency Weightings
---------------------------------

Z Frequency Weightings က တသမတ်တည်း ရှိနေသည့်အသံကိုတိုင်း၏။ ကြိမ်နှုန်း 10 Hz မှ 20 kHZ  1.5dB ကို တိုင်းတာ၏။ (သို့သော် မိုက်ခရိုဖုန်းမှအသံ မပါ။) ဥပမာ - မီးမလာ၍တောက်လျှောက်နှိုးထားသည့် မီးစက်တစ်လုံး၏ အသံ။ ကြိမ်နှုန်း 3 Hz ထက်နည်းသည့်အသံများနှင့် ကြိမ်နှုန်း 20 kHz ထက်ပိုများသည့်အသံများကို ဖြတ်တောက်ပစ်၏။

Z Weighting စနစ်ဖြင့် တိုင်းတာ၍ရသော ရလဒ်ကို dB(Z) ဟု ပြသည်။ ဥပမာ - LZeq, LZFmax, LZE စသည်။



(၄) NRR တွက်သည့်အခါ အဘယ်ကြောင့် ၇ နှုတ်ပြီး ၂ နှင့် စားရသနည်း
------------------------------------------------------------------------------------

ယခု NRR တွက်သည့်အခါ အဘယ်ကြောင့် ၇ နှုတ်ပြီး ၂ နှင့် စားရသနည်းဆိုသည်ကို ရှင်းပြပါမည်။ အမှန်က ဘာမှမခဲယဉ်းပါ။

နားအကာအကွယ်ကိရိယာများ၏ ကာကွယ်နိုင်စွမ်းကို စမ်းသပ်သည့်အခါ A Weighting အသံနှင့်စမ်းသပ်ရတာ မလွယ်။ C  Weighting ကိုမူ တိုင်းတာရတာ လွယ်သည်။ ထို့ကြောင့် C  Weighting နှင့် စမ်းသပ်ကာ ဆူညံသံကို မည်မျှလျှော့ချပေးနိုင်သည် ဟု အဖြေထုတ်ပေးသည်။

အကယ်၍ ဆူညံသံကို သင်တိုင်းတာ၍ရထားသည့် ရလဒ်မှာ C  Weighting ဖြစ်ပါက ၇ နှုတ်ရန် မလို။ သည်အတိုင်းတွက်ရမည်။
အောက်တွင် နမူနာပြထားပါသည်။

အထက်တွင် ဖော်ပြခဲ့သော Howard Leight ear plug ၏ NRR မှာ 33 ဖြစ်၏။

အကယ်၍ ဆူညံသံကို C Weighting ဖြင့်တိုင်းတာလျှင် လျှော့ချနိုင်နှုန်းမှာ 33 ပင် ဖြစ်၏။ မိမိပတ်ဝန်းကျင်တွင် တိုင်းတာ၍ ရသောအသံမှာ 100 dB(C) ဖြစ်ပါက ထို နားအဆို့ကို ဝတ်ထားလျှင် 100 – 33 = 67 dB ရှိသောအသံကိုသာ ကြားရမည်။

အကယ်၍ ဆူညံသံကို A Weighting ဖြင့်တိုင်းတာလျှင် လျှော့ချနိုင်နှုန်းမှာ 33 ၌ ၇ နှုတ်ရမည်။ အဘယ်ကြောင့်ဆိုသော် dB(C) နှင့် dB(A) ကွာခြားချက်မှာ ၇ နီးပါး (အတိအကျမဟုတ်၊ တွက်ရတာ လွယ်စေရန် ၇ ဟု ယူဆခြင်းသာ ဖြစ်၏။) ရှိသောကြောင့် ဖြစ်၏။

ထို့ကြောင့် မိမိပတ်ဝန်းကျင်တွင် တိုင်းတာ၍ ရသောအသံမှာ 100 dB(A) ဖြစ်ပါက ထို နားအဆို့ကို ဝတ်ထားလျှင်-
100 – (33-7) = 74 dB ရှိသောအသံကို ကြားရမည်။

သို့ဆိုလျှင် အဘယ်ကြောင့် ၂ နှင့် စားရသနည်း။
လူဟူသည်မှာ သောက်တလွဲလုပ်တတ်သည့် အမျိုးဖြစ်လေရာ ear plug ဝတ်သည် ဆိုစေ၊ မှန်မှန်ကန်ကန် နှင့် ကျကျနန ဝတ်ဆင်သူ အလွန်နည်းပါသည်။ သေသေချာချာ မဝတ်ဆင်ပါက ထို ear plug သည် ဝတ်ဆင်သူကို စမ်းသပ်ရရှိထားသည့် အတိုင်း အကာအကွယ်ပေးနိုင်မည် မဟုတ်။

ထို့အတွက် အမေရိကန် OSHA (Occupational Safety and Health Administration) (လုပ်ငန်းခွင် ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး အုပ်ချုပ်မှုအဖွဲ့) ကြီးက အတင်းအကြပ် ထက်ဝက်လျှော့ချခိုင်းခြင်းသာ ဖြစ်ကြောင်း သူတော်ကောင်း အပေါင်းတို့ ခင်ဗျာ။

မှတ်ချက်။ ။ အကယ်၍ ear plug, ear muff နှစ်ထပ်ဝတ်ထားပါက များသည့် NRR ကို ၅ ပေါင်းလျှင် လျှော့ချနိုင်မည့် ဒက်ဆီဘယ်ကို ရမည်ဟု ဆိုပါသည်။ ဥပမာ - NRR 29 ရှိသော ear plug နှင့် NRR 27 ရှိသော ear muff ကို နှစ်ထပ်ဝတ် ထားပါက လျှော့ချနိုင်မှုမှာ 29+5 = 34 dB ဖြစ်၏။



ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁ ဩဂုတ်လ၊ ၂၀၁၉ နံက် ၁၀း၅၃ နာရီ

ရည်ညွှန်း

၁။ Occupational Noise Exposure_U.S Department of Health and Human Services, Centre for Disease Control
၂။ https://www.coopersafety.com/earplugs-noise-reduction
၃။ https://www.osha.gov/SLTC/noisehearingconservation/attenuation.html
၄။ https://www.protectear.com/us/blog/2011/03/31/whats-wrong-with-nrr-choose-a-or-b/
၅။ https://www.espamerica.com/what-is-a-noise-reduction-rating-nrr/
၆။ https://www.ishn.com/articles/90037-calculating-your-noise-reduction-needs
၇။ https://www.sciencedirect.com/topics/engineering/c-weighting
၈။ https://www.sensear.com/blog/double-hearing-protection

No comments: