Saturday, November 22, 2014

ECO (Environmental Control Officer)

() အချီး

ကွန်ပြူတာပျက်သွားသဖြင့် ရှိသမျှ စာရွက်စာတမ်းများ အကုန်ပါသွားသောကြောင့် ကျွန်ုပ်မှာ ဒုက္ခနှင့်လှလှနှင့် တိုးလျက်ရှိသတည်း။

ယခုဆိုလျှင် တစ်လနီးပါးရှိတော့မည်။ ဒေတာများပြန်ရရေးအတွက် စက်ကို Singapore Data Recovery Centre သို အပ်ထားရာ နှစ်ပတ်ရှိသည့်တိုင် မရသေး။ ဟာ့ဒစ်မှာ အတော်ဆိုးဆိုးရွားရွားပျက်သွားသဖြင့် မနည်းပြန်အဖတ်ဆယ်နေ ရသည်ဟု အကြောင်းပြန်သည်။ ကြာတာအကြောင်းမဟုတ်။ ပြန်ရလျှင်ပဲ တော်လှပြီ။

စာရွက်စာတမ်းများမရှိတော့ သင်တန်းအတွက် MOM ကို တင်ရမည့်ဟာများ မတင်နိုင်သောကြောင့် ရက်အတော်များများ လွန်သွားလေပြီ။ သည့်အတွက် MOM က သတိပေးစာများ ပို့တော့၏။ ဘယ်နေ့အပြီးတင်ရမည် ပေါ့။ သည်တော့ စက်ကို စောင့်မနေနိုင်တော့ဘဲ (လုပ်ရန် စိတ်မပါတော့သည့်တိုင်) အတင်းဖြစ်ညှစ်လုပ်နေရသော ဟူသတတ်။ စိတ်မပါသည့် နောက်တော့ ဘယ်မှာလျှင် အလုပ်တွင်ပါမည်နည်း။ ထို့ကြောင့် ဘာစာမှလည်း မရေးအား။

အခုတော့ အဲသဟာတွေချည်းလုပ်နေရတာ ခေါင်းနောက်လာလို့ စာတစ်ပုဒ်လောက် ရေးထုတ်လိုက်ပါသည်။
မိတ်ဆွေတစ်ယောက်က ECO (Environmental Control Officer) က ဘာတွေလုပ်ရသတုံး ဟု မေးလာသောကြောင့် ဖြစ်၏။ သို့သော် လုပ်စရာများရှိသေးသဖြင့် ခရေစေ့တွင်းကျ မရေးတော့ပါ။ သိသာရုံလောက် အကျဉ်းချုံးရေးပါမည်။ အသေးစိတ် သိလိုသူများ http://app2.nea.gov.sg/data/cmsresource/20091026433417663697.pdf တွင် ဖတ်နိုင်ပါသည်။

() ECO တစ်ဦး၏ တာဝန်ဝတ္တရားများ

စင်ကာပူတွင် ဆောက်လုပ်ရေးလုပ်ငန်းများ၌ ECO ခန့်ထားရန် ဥပဒေဖြင့် ပြဌာန်းထားသည်။ ဆောက်လုပ်ရေး လုပ်ငန်းတန်ဘိုး ၁၀ သန်းအောက်ဆိုလျှင်တော့ ECO မလိုပါ။ သို့သော် ပရောဂျက်တန်ဘိုး ၁၀ သန်းမှ သန်း ၅၀ ဆိုလျှင် အချိန်ပိုင်း ECO ခန့်ထားရမည်။ ပရောဂျက်တန်ဘိုး သန်း ၅၀ အထက်ဆိုလျှင် အချိန်ပြည့် ECO ခန့်ထားရန်လို၏။

သို့ဆိုလျှင် ဘယ့်အတွက် ECO ခန့်ရပါသနည်း။ ခပ်ရှင်းရှင်းပြောရလျှင် ရေထု၊ လေထု၊ မြေထု ညစ်ညမ်းမှုကို ကာကွယ်ရေး အတွက် ဖြစ်ပါသည်။ ထိုမျှသာမက အလုပ်သမားများ၏ ကျန်းမာရေး (Environmental Health) အတွက်လည်း ပါသည်။ အတိုချုပ်ပြောရလျှင် အချက် () ချက်ဖြစ်၏။

  •   Air pollution control
  •       Earth pollution control
  •   Water pollution control
  •   Pest control
  •   Hazardous material control - - တို့ဖြစ်၏။


လေထုညစ်ညမ်းမှု ထိန်းသိမ်းရေး (Air pollution control)

လေထုကိုညစ်ညမ်းစေသည့် အဓိကလက်သည်မှာ ဖုန်နှင့် မီးခိုးများဖြစ်သတည်း။ သည်တော့ ဆောက်လုပ်ရေးလုပ်ငန်းမှ ဖုန်ထွက်သည့်လုပ်ငန်းများကို တတ်နိုင်သမျှ ထိန်းပါ။ မည်ကဲ့သို့ ထိန်းမည်နည်း။ ဖုန်ထွက်သည့်နေရာကို ရေနှင့်ဖြန်းရမည်။ ဥပမာ - ပိုင်တိုင်ကို ကျောက်စက်ကြီးများဖြင့် ဖြတ်ရာတွင် ဖုန်အလွန်ထွက်သည်။ ထိုအခါ ဖြတ်သည့်နေရာတည့်တည့်ကို ရေနှင့်ဖြန်းပါ။ ဖုန်ထွက် သက်သာမည်။ အဆောက်အဦများဖျက်ရာတွင် ဘရိတ်ကာစက်ကြီးများဖြင့် ကွန်ကရိနံရံ၊ ကြမ်းခင်းများကို ခွဲရ၏။ ထိုအခါ ဖုံအလွန်ထွက်သည်။ ယခုစက်ကြီးများတွင် ထိုဘရိတ်ကာများ၌ ရေပန်းများပါ တပ်ဆင်ထားသည်။

နောက်တစ်ခုက အင်ဂျင်များမှထွက်သော မီးခိုးဖြစ်သည်။ မည်သည့်အင်ဂျင်ဖြစ်စေ မီးခိုးမဲများမထွက်စေရ။ မီးခိုးထွက်လာပြီ ဆိုလျှင် စက်ငှားသူကို အကြောင်းကြားပါ။

မြေထုညစ်ညမ်းမှု ထိန်းသိမ်းရေး (Earth pollution control)

မြေထုကိုညစ်ညမ်းစေသည်မှာ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီ၊ ချောဆီ၊ ဓာတုဗေဒပစ္စည်းများ စသည်တို့ ဖြစ်၏။ ထို့ကြောင့် ထိုပစ္စည်းများ မြေကြီးပေါ်ဖိတ်စဉ်မကျစေရန် ထိန်းသိမ်းရမည်။ အင်ဂျင်များ၊ မီးစက်များအောက်တွင် ဆီခံခွက် (drip tray) ထားပေးရမည်။ စက်များပြင်သည့်အခါ ဆီများ ဖိတ်စဉ်မကျစေရန် အောက်၌ သံပြား၊ သုံးထပ်သား စသည်တို့ ခင်းထားရမည်။ ဆီသုံးရသော (ဥပမာ - အအေးခံဆီသုံးသော ဖောက်စက်၊ အရစ်ဖော်စက်) စသည်တို့အောက်တွင် ဆီခံခွက် ထားပေးရမည်။

နောက်တစ်ခုက လူများ၏ စည်းကမ်းမဲ့မှု ဖြစ်သည်။ ဥပမာ - ဆေးသုတ်ပြီးသောအခါ ဆေးပုံးများ၊ စုတ်တံများဆေးခြင်း၊ မိမိတို့ အ၀တ်အစားများကို လျှော်ခြင်း စသည်တို့မှ ထွက်လာသည့် ရေညစ်များကို မြေကြီးပေါ် သည်အတိုင်းလောင်းခြင်း၊ တာပင်တိုင် နှင့် အခြား ဓာတုဆေးရည်လက်ကျန်များကို လူမမြင်ကွယ်ရာ၌ မြေကြီးပေါ်သွန်ပစ်ခြင်း။ ဤသည်ကို ထိန်းရန်လည်း ECO တာဝန်ရှိသည်။ 

ရေထုညစ်ညမ်းမှု ထိန်းသိမ်းရေး (Water pollution control)

ရေကိုညစ်ညမ်းစေသည်မှာ ရေဆိုးရေညစ်၊ ဆီများ၊ ဓာတုဆေးများနှင့် ရွှံ့ရေတို့ဖြစ်၏။ ရေဆိုးရေညစ်၊ ဆီများ၊ ဓာတုဆေးတို့ မှာ သိပ်မများလှသဖြင့် ထိန်းရလွယ်သည်။ ပြဿနာမှာ ရွှံ့ရေများဖြစ်၏။ ဆောက်လုပ်ရေးလုပ်ငန်းအစတွင် မြေကြီးတူးရသည်။ ပိုင်ရိုက်ရသည်။ သည်လုပ်ငန်းများမှ ရွှံ့ရေများထွက်၏။ နောက်ပြီး မြေကြီးပေါ်တက်နင်းလာသော ကားဘီးမှ ရွှံ့များ ဖြစ်သည်။
အရှင်းဆုံးပြောရလျှင် စင်ကာပူနိုင်ငံ၌ မည်သည့်ဆောက်လုပ်ရေးလုပ်ငန်းမဆို လုပ်ငန်းခွင်မှထွက်သည့် ရေတစ်စက်ကမှ အစိုးရပိုင်ရေမြောင်းများအတွင်းသို့ သည်အတိုင်း ဖွင့်ချခွင့်မပြု။

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှထွက်သော ရေအားလုံးကို စက်ဖြင့် စစ်ထုတ်ရသည်။ ခပ်လွယ်လွယ် ECM (Earth Control Measure) machine ဟု ခေါ်သည်။ စက်မှထွက်လာသည့်ရေသည် အများဆုံး TSS (Total Suspended Solid) 50 ppm  သာ ရှိရမည်။ ဤရေအရည်အသွေးရှိမရှိ မည်ကဲ့သို့သိနိုင်သနည်း။

စက်မှထွက်လာသည့်ရေများကို ရေမြောင်းအတွင်း မလွှတ်မီ ရေအရည်အသွေးတိုင်းသည့်စက်အတွင်း ဦးစွာ ဖြတ်စေရသည်။ ထိုစက်က ရေအရည်အသွေးကိုတိုင်းပေးသည်။ ရလဒ်ကို online မှ (real time) ဖတ်လို့ရသည်။ ထိုမျှသာမကသေး ရေမြောင်းအတွင်းသို့ ရေ၀င်သည့်နေရာတွင် CCTV တပ်ထားရသည်။ ထို CCTV က မိနစ်ခြားတစ်ခါ ရောင်စုံဓာတ်ပုံ ရိုက်ပေးရသည်။




မိတ်ဆွေများခင်ဗျား -

သည်အကြောင်းက လွယ်လယ်လေးမဟုတ်ပါ။ ဆောင်းပါးရှည်ကြီးတစ်ပုဒ်စာလောက် ရှိပါသည်။ နောင်အားသည့်အခါမှ ထပ်ရေးပါဦးမည်။ ခုတော့ သည်မျှနှင့် နှစ်သိမ့်တော်မူကြပါ။

မလုပ်ချင်ဘူးလား။ ရပါတယ်။ ဒဏ်ငွေလေးတော့ ဆောင်ထားပေါ့။ သိပ်မများပါဘူး။ လေးငါးသောင်းလောက်ပါ။
အဘယ်ကြောင့်သည်လောက်တောင် အကဲပါနေရသနည်းဟု စပ်စုလိုသူများ စင်ကာပူကရေဆိုပြီး ကျွန်တော့် ဘလော့တွင်ရေးထားပါသည်။ ရှာဖွေဖတ်ကြည့်ကြပါခင်ဗျား။

အန္တရာယ်ရှိသော ပစ္စည်းများ ထိန်းသိမ်းရေး (Hazardous material control)

အန္တရာယ်ရှိသော ပစ္စည်းများဟူသည် ဒီဇယ်၊ ဓာတ်ဆီ၊ တာပင်တိုင် စသည်တို့နှင့် ဓာတုဆေးများဖြစ်ပါသည်။ ဒီဇယ်၊ ဓာတ်ဆီတို့သည် မီးလောင်နိုင်၏။ ဓာတုဆေးများကား လူ၊ တိရစ္ဆာန်၊ သဘာဝပတ်ဝန်းကျင်ကို ကောင်းကောင်း ဒုက္ခပေး၏။ မည်ကဲ့သို့ ထိန်းရသနည်းသိလိုလျှင် သင်တန်းသွားတက်ပါ။ Manage Hazardous Substance Course ဟူ၏။ သင်တန်းချိန် နာရီ ၄၀။ သင်တန်းကြေး ၆၈၀။ သည်သင်တန်းတက်ရန် ဓာတုဗေဒဘာသာ သင်ဖူးရမည်။ မဟုတ်လျှင်တော့ ချောင်တစ်ခုခုတွင် လူမသိသူမသိ ငိုနေရလိမ့်မည်။ သို့သော် ECO များကတော့ သိရမည်ပေါ့။ သိအောင် ECO သင်တန်းတွင် သင်ပေးလိုက်သည်။ ယခုတော့ အရှည်မရေးတော့ပါ။ နောက် အလျဉ်းသင့်မှ ဆောင်းပါးတစ်ပုဒ် ထပ်ရေးပါမည်။

ပိုးမွှားကောင်များ ထိန်းသိမ်းရေး (Pest pollution control)

ECO လုပ်ငန်းတာဝန်များ၏ ခြင်၊ ယင်၊ ကြွက်၊ ပိုးဟပ် စသည့် အကောင်ပလောင်များ ထိန်းသိမ်းရေးလည်း ပါ၏။ ခြင်မပေါက်စေရန် ရေမ၀ပ်အောင်လုပ်ပါ။ ၀ပ်သည့်ရေများကို ဆေးဖြန်းပါ။ ထိုအလုပ်အတွက် သင့်ဘော့စ်ကို pest control ငှားခိုင်းပါ။ သူတို့က ပုံမှန်ဆေးဖြန်းခြင်း စသည် လုပ်ပေးပါလိမ့်မည်။ ယင်မလာအောင် အစားအသောက်အကြွင်းအကျန် များကို နေ့စဉ်စွန့်ပစ်ပါ။ အမှိုက်ပုံးများကို အမြဲဖုံးထားပါ။ ကြွက်တွင်းများ၊ ကြွက်လမ်းများရှိမရှိ အမြဲစစ်ဆေးပါ။ တွေ့လျှင် pest control ကိုအကြောင်းကြားပြီး ရှင်းပါ။ (ကိုယ့်ဘာသာ ကြွက်မိလျှင်တော့ အရေဆုတ်၊ ရင်ခွဲ၊ ဆားနယ်၊ မီးကင်ပြီး ဘီယာနှင့် မြီးနိုင်ပါသည်။)

အလုပ်သမားများ၏ ကျန်းမာရေး (Environmental Health)

ထိုအထဲတွင် အလုပ်သမားများ၏ နေရာထိုင်ခင်း၊ ခြင်ယင်ပေါက်ဖွားမှု၊ အစားအသောက် ချက်ပြုတ်ခြင်း၊ ထားသိုခြင်း၊ ပြင်ဆင်ခြင်း၊ အိမ်သာစသည်တို့ပါသည်။ ထို့အတွက် ပြဌာန်းထားသော လမ်းညွှန်ချက်မှာ Code Of Practice On Environmental Health ဖြစ်၏။ NEA website download လုပ ဖတ်ကြပါခင်ဗျား။ ဘယ်လိုရှာရမှန်းမသိလျှင်တော့ ကျွန်တော့်ကို လက်တို့လိုက်ပါ။

အထက်တွင် ကျွန်တော်အကျဉ်းမျှရေးထားသည်များကို သေသေချာချာလေ့လာလိုလျှင် ဥပဒေနှင့် နည်းဥပဒေများ ရှိပါသည်။ ဥပဒေမှာ Environmental Protection And Management Act ဖြစ်ပြီး နည်းဥပဒေများမှာ အတန်များပါသည်။ နောက် အချိန်ရလျှင် ထပ်ရေးပါဦးမည်။ စိတ်ဝင်စားသူများ စင်ကာပူ NEA (National Environment Agency) website နှင့် PUB (Public Utility Board) များတွင် ဆက်လက်လေ့လာနိုင်ပါသည်။

တော်ပြီဗျို့။ ၁၀ နာရီကျော်သွားပြီ။ အလုပ်လုပ်လိုက်အုံးမယ်။

အေးငြိမ်း

၂၀ နိုဝင်ဘာ၊ ၂၀၁၄။ ၁၀း၀၉ နာရီ

No comments: