Sunday, July 10, 2011

ကက်သလိန် ဂွက်ထော်

အဖေလည်း ဗမာစစ်သည်မှာ မှန်ပါ၏။ အမေဘက်ကလည်း ရေမရောချေ။ သို့သော်လည်း သူ၏မိခင် နေ့လည်နေ့ခင်း အိပ်ပျော်နေစဉ် သိုးဆောင်း အင်္ဂလိပ်တဦး အပေါ်တည့်တည့်မှ လေယာဉ်ပျံနှင့် ဖြတ်သန်းသွားမိသော အကြောင်းကြောင့်လားမသိ။ အမည်မှာ “ကက်သလိန် ဂွက်ထော်” ဖြစ်နေ၏။ အ၀တ်အစားမှာလည်း မျောက်ဆန်နေတော့၏။ ဆံထုံးမှာ ဘီးဆံပတ်လည်း မဟုတ်။ လေယာဉ်ပျံဆံထုံးလည်း ရိုး၍ နောက်စည်းထားခြင်းကိုလည်း ကြိုက်ဟန်မတူချေ။ အလေးမ ဆံထုံးဟူ၍၎င်း၊ ဇီးကွက်ဆံထုံးဟူ၍၎င်း နာမပညတ် သမုတ်ခေါ်အပ်သော လပြွတ္တာဆံထုံးကိုမှ လှသည်ဟုထင်၊ ယဉ်သည်ဟု မှတ်သဖြင့် ကတ်သီးကတ်သတ် အဆန်းထွင်၍ ထုံးထားပေ၏။ အင်္ကျီမှာ ပါးပေ့ဆိုသော အ၀တ်ကို အတိုဆုံးနည်းအားဖြင့် ချုပ်ထား၏။ အတွင်းခံကား ဇာပတ်လည် တပ်ဆင်၍ စနေနှစ်ခိုင် ထိုနေရာကလေးနားတွင် လက်လေးသစ် ပမာနရှိ ပိတ်စကလေးဖြင့် ဖုံးထားသဖြင့် ကားကားစွင့်စွင့်နှင့် မားမားကလေး မြင့်နေသော ထိုဟာကလေးများသည် မလုံ့တလုံ ပိတ်စကလေးများအတွင်းမှ ပြူးထွက်ကာ၊ ကာလသား လူပျိုချောတို့ကို “ဒီမှာ လာပါ ကိုယ်ဟ၀ါရဲ့” ဟု မြှူခေါ်နေဟန်ရှိ၏။ မြင်ရသော ဘိုးစော၊ တွေ့ရသော လူပျိုချောတို့မှာ မျက်လုံးအရသာ အခံကြီး ခံရာမှ သောင်းကြမ်းလာသော ထိုစိတ်၊ ယိုဖိတ်လာသော ထိုမာန်ကို အတော်တွန်းလှန် ဖြိုဖျက်ရမည်မှာ မလွဲ။ ထမီကို ကြည့်ပါဦး။ ပါးတကာ့ထိပ်တင် ပါးဘုရင်ဖြစ်သော ဂျာပန်ပိုးပုဝါကို လုံကွင်းလုပ်ထား၏။ သို့သော်လည်း အတွင်းက ပိတ်ဖြူဆီးထားသဖြင့် တော်ပေသေး၏။ ဘိနပ်မှာကား လေယာဉ်ပျံကို ရိုးသည်ထင်၊ ပုံတော်ကိုလည်း ကြိုက်ဟန်မတူ၊ အနောက်နိုင်ငံသူတွေ စီးသော ခုံမြင့်ရှူးဘိနပ်ကိုမှ ခြေတော်တင်ရှာ၏။

ဤသည်ကား မြင်သမျှ ကက်သလိန် ဂွက်ထော်၏ မျောက်ဆန်ပုံဖြစ်၏။ အတွင်းစိတ်သဘောမှာကား “အ၀တ်အစား အနေအထိုင်ကို ကြည့်၍ အတွင်းသဘောကို သိနိုင်သည်” ဆိုသဖြင့် စာဘတ်သူတို့ ဥာဏ်မြင်သရွေ့ အကဲခတ်နိုင်လေပြီ။ မျောက်ဆန်သော အ၀တ်အစား၊ နီမ ဆန်သော အပြုအမူကြောင့် တမျိုးဖြစ်နေသော်လည်း နဂိုရ်ရုပ်ရည်ကား ချောပုံလှပုံရှိ၏။ ယခုလည်း တဏှာစိတ် တဏှာမျက်လုံးနှင့် ကြည့်က ကြည့်ပျော်သောအဆင်း၊ ဆွဲငင်သည့် ရုပ်ကို ဆောင်လျက်ရှိပေ၏။ မိုးမလင်းမည့် အရပ်ကို ခေါ်သွားပြီး ဖြစ်၍ညှစ်၍ ကောင်းမည့် ကိုယ်လုံးကိုယ်ပေါက်လည်း ရှိ၏။ တဏှာကြီးစိုးသော တဏှာလောကကြီးတွင် တဏှာစိတ်ကို ဆွပေးနိုင်သော အရည်အချင်းသည် သူ့၌ ပြည့်နေ၏။

“ကက်သလိန် ဂွက်ထော်” သည် အဌာရဿ တဆဲ့ရှစ်ရပ်ကို တဘက်ကမ်းခေတ်အောင် မသင်ပေးနိုင်သော်လည်း ကြွားစိတ် ၀ါစိတ် မာနစိတ်နှင့် ကျွန်စိတ် ကျွန်သွေးကိုကား လိုလေသေးမရှိရအောင် သွတ်သွင်းပေးနိုင်သော ကျွန်လုပ်စက်ရုံ တက္ကသိုလ်ကျောင်းကြီးသို့ ရောက်ခဲ့သည်မှာ နှစ်နှစ်ခန့် ရှိလေပြီ။ ဂွက်ထော်ကား ပဌမနှစ်တါင် ယခုလောက် မကဲဘဲ ရိုးရိုးနှင့် ယဉ်ခဲ့သော်လည်း ယခုအခါ တက္ကသိုလ် အဆီရစ်ကာ တက္ကသိုလ်ပါး ၀လာပြီဖြစ်၍ ဆန်းဆန်းနှင့် ချဉ်စရာဖြစ်လာလေပြီ။ ဗမာ့ယဉ်ကျေးမှုကို အပြစ်လုပ် ဗမာ့အပြုအမူကို အကောင်းမထင်၊ တက္ကသိုလ်ပညာ၏ သွန်သင်ချက်အရ စုတ်ပဲ့သော တိုင်းခြား အပြုအမူကို အတုယူကာ နီမဟန်နှင့် မျောက်ဆန်ခဲ့တော့သည်။ သူ၏ နောက်လိုက်မှာလည်း နည်းသည် မဟုတ်ချေ။ မက်ကရက်ဘုတ်ဆုံ၊ လူစီပက်ကီ၊ ချလောက်ပူစီ၊ အလစ်ပါပီ စသည်ဖြင့် အတော်ပင် များလေသည်။

ကျောင်းတက်လျှင်လည်း အတော်ကြည့်ကောင်းသေးသည်။ ကျောင်းမတက်မှီကပင် ကက်သလိန်ဂွက်ထော်၏ မပေါ့်တပေါ် စနေနှစ်ဖြာကို မမှိတ်သော မျက်လုံးဖြင့် စားပွဲထိုင်လိုသော တက္ကသိုလ် ဘိုးငတ်တစုမှာ ကက်သလိန်ဂွက်ထော်တို့ လာမည့်လမ်းက မြှော်မှန်း၍ စောင့်နေကြသည်မှာ ၀ံသာနုခေတ်ထစဉ် သမတကြီး ဦးချစ်လှိုင်အလာကို စောင့်နေကြသော ပရိသတ်ကဲ့သို့ ကော်ရစ်ဒါတခုလုံးတွင် တင်းကြမ်းပြည့်ရှိတော့၏။ ထိုအခြင်းအရာကို မြင်ရလေ ကက်သလိန်ဂွက်ထော်မှာ မိမိ၏ ပျံလွှားမ လုပ်ငန်း၌ ကြေနပ်လေဖြစ်ကာ တနေ့ထက်တနေ့ ကဲလျက် ရှိလေတော့သည်။ ကျောင်းတက်၍ ကက်သလိန်ဂွက်ထော်တို့ လူအုပ် အတန်းထဲ ၀င်လာသောအခါလည်း “ဟီးရား.. ဟီးရား” ဟူသောအသံ တဗြုံးဗြုံးနှင့် ခုံရိုက်ကြမ်းဆောင့်သော အသံများမှာ “အူရှီးတန်း” ဟု ခေါ်အပ်သော ကျောင်းသူတို့ ခုံနောက်နားတွင် ကပ်နေသော တက္ကသိုလ်ကို နိုးပေါက်တို့၏ ခုံတန်းမှ အစပြု၍ တတန်းလုံး ကူးစက်သွားသည်မှာ ကုလားတိုက် ၀က်ဝင်သကဲ့သို့ ရှိတော့၏။ ထိုအသံများ အရပ်တွင် “ရှက်ဘွယ် … ရှက်ဘွယ်” ဟု ဒေါင့်တဒေါင့်မှ ထ၍ ပွက်လိုက်သော သခင်မျိုးညွှန့်၏ အသံကိုလည်း အမြဲလိုလို ကြားလိုက်ရ၏။ ထိုအသံကို ကြားတိုင်း ကက်သလိန်ဂွက်ထော်သည် အမဲရိုးလာလုသော ဂုတ်ကျားကြီးကို ရန်လိုမုန်းထားစွာ ပြန်၍ကြည့်တတ်သော “၀မ်းဖြူမ” ကလေး၏ မျက်နှာထားမျိုးဖြင့် အသံရှင်ဘက်သို့ ဆတ်ကနဲ လှည့်ကြည့်တတ်၏။ သို့သော်လည်း တန်ခိုးထက်သန်လှသော မောင်မျိုးညွှန့်၏ မျက်လုံးဓာတ်ကို မခံနိုင်သဖြင့် ငုံ့၍သာသွားတတ်သည်ကို သတိထားမိသူတိုင်း ဂရုပြုမိပေလိမ့်မည်။ ထိုအခြင်းအရာကို မြင်ရသော အဲဖရက်ကြန်စုံ၊ ချာလီအောင်နက်တို့မှာ ရင်အောင့်သွားပေမည်။ မောင်မျိုးညွှန့်အား ထ၍ သတ်ပစ်ချင်သောစိတ်များ ပေါ်ကောင်း ပေါ်ပေမည်။ အကြောင်းကား အဲဖရက်ကြန်စုံမှာ ကက်သလိန်ဂွက်ထော်နှင့် အဆက်ဖြစ်နေပြီး၊ ချာလီအောင်နက်မှာ ရီးစားလိုလို ကြားရလေသည်။

ရီးစား တသောင်းခြောက်ထောင် ချစ်သူက တကုဋေနှစ်သန်းဆိုသော စကားသည် ကက်သလိန်ဂွက်ထော်အတွက် ရည်စူးထားဟန် ရှိလေသည်။ ဥပစာအောက်တန်းက လှကိုကို၊ မောင်သန်းသန်းတို့သည် ကက်သလိန်ဂွက်ထော်၏ ချစ်သူများဖြစ်၍ ဥပစာ အထက်တန်းမှ အဲဖရက်ကြန်စုံ၊ ချာလီအောင်နက်၊ မဟာမက်မူကာဂျီ၊ ချစ်ကိုလှသန်းတို့နှင့်လည်း အဆက်ဖြစ်နေသည်ဟု ကြားရ၏။ ၀ိဇ္ဇာတန်းမှ စောဖေသား၊ စောခွန်ကြည်၊ ရော်ဘာစင်၊ ချစ်မောင်မောင်တို့လည်း ကက်သလိန်ဂွက်ထော်၏ ရီးစားများဟု ပြောကြသည်။ နည်းပြဆရာကိုခန်းတ၊ လက်ချာရာကိုကြူဖေတို့လည်း မရိုးကြဟု သိရသည်။

ထိုအဖြစ်အပျက်များကို ကြားလည်းကြား မြင်လည်းမြင်နေရသော မောင်မျိုးညွှန့်အတွက်မှာ အောင့်သက်သက် ရှိလှ၏။ မျိုးညွှန့်မှာ ပုထုဇဉ်ဖြစ်၏။ ပုထုဇဉ်သား ဖြစ်သည့်အတိုင်းလည်း မပေါ့်တပေါ်နှင့် ရိုးတိုးရွတဖြစ်အောင် ဆွပေးနေသော ထိုအရာ ဤအရာတွေကို ကြည့်ချင်၏။ မြင်ချင်၏။ အမှန်ဆိုလျှင် ထိုအပြုအမူကို ကြိုက်၏။ ကြိုက်လွန်းသဖြင့်လည်း လောကကြီး ခက်ကုန်မည်ကို တွေးမိ၍ မျိုးညွှန့် မနှစ်သက်နိုင်ချေ။ ကမ္ဘာပေါ်တွင် ယခုအခါ တနေ့တခြား မုဒိမ်းမှု၊ အဓမ္မမှုများ ပေါများနေရသည်မှာလည်း၊ ကက်သလိန်ဂွက်ထော် ကဲ့သို့သော မျောက်ဆန်သူတို့၏ ပယောဂဟု မျိုးညွှန့် စွပ်စွဲလို၏။ ကက်သလိန်ဂွက်ထော်တို့ တန်ခိုးကြီးသောနှစ်တွင် တက္ကသိုလ် ကျောင်းသားများ အတော်ပျက်စီးကြသည်ကိုလည်း သတိထားမိ၏။ ထိုနှစ်တွင် မကောင်းသော ကာလသားရောဂါ ဖြစ်ကြသော ကျောင်းသားဦးရေ နှစ်တိုင်းထက် ငါးဆခန့် ပိုလာသည်ဟုလည်း ကျောင်းဆရာဝန်ဆီမှ တဆင့်သိလိုက်၏။ ဤအတိုင်း လွှတ်ထားလျှင် လောကကြီး ပျက်စီးတော့မည်ကို တွေးမိ၍ မျိုးညွှန့် မခံမရပ်နိုင်ချေ။ ကက်သလိန်ဂွက်ထော်၏ အပြုအမူသည် သူတယောက်နှင့် ပြီးလျှင် မထောင်းတာ။ ယခုကား နောက်လိုက်တော် မမများ၊ တနေ့တခြား တိုးပွားလာ၏။ သို့သော်လည်း ဆရာမကို နှိမ်လိုက်က နောက်လိုက်များ အလိုလို ၀ပ်သွားမည်ကို မျိုးညွှန့် နားလည်၏။ ဆရာမကို မည်ကဲ့သို့ နှိမ်ရမည်ကိုသာ အစဉ်တွေးလျက် ရှိတော့သည်။။ ထိုနောက် များမကြာမီ မောင်မျိုးညွှန့်သည် လူသွားလူလာ ပြန်သော တိရိစ္ဆေနဗေဒ ကျောင်းဆောင်ဘက်တွင် “ကက်သလိန်ဂွက်ထော်ကို အတင်းဆွဲ၍ ဖက်နမ်းသည်” ဟူသော သတင်းကို ကြားလိုက်ရ၏။ ထိုသတင်းကို ကြားလိုက်ရသော မိတ်ဆွေတို့လည်း မျိုးညွှန့်ဆီလာ၍ “ဟာ .. ဒီကောင်မဟာ ဘယ်နေ့က ကျောင်းသူတွေကို တူမတူမနဲ့ ချော့ပေါင်းပီး လိပ်လို ရင်အောက်ယက်တတ်တဲ့ ဆရာကြူဖေနဲ့ နှစ်ယောက်ထည်း ရှစ်မိုင်ဘက်ကားနဲ့ ဆက်သွားတာ တွေ့ရတယ်။ ဘယ်နေ့ကလဲ ဘယ်ရုံမှာ၊ အဲဖရက်ကြန်စုံနဲ့ တွဲပီး ဘောက်(စ်)ဆီက ကြည့်နေတာ မြင်ခဲ့တယ်။ ဘယ်တုံးက အခန်းနံပါတ် … မှာ ချစ်ကိုလှသန်းနဲ့ ဘယ်လိုလုပ်နေကြတာဘဲ” စသဖြင့်၊ မျိုးညွှန့်အား ချစ်ခင်ကြသည့်အတိုင်း အပေါက်ဆိုး တိုးမိမည်ကို စိုးရိမ်သဖြင့် သတိပေးကြ၏။ သို့သော်လည်း မျိုးညွှန့်က ဘာမှ ပြန်မပြော ပြုံး၍ နားထောင်နေတတ်သည်ကိုသာ တွေ့ရ၏။

ထိုနေ့မှစ၍ မျိုးညွှန့်အား မျက်နှာငယ်ကလေးနှင့် ကက်သလိန်ဂွက်ထော်တို့၏ ခုံနောက်တွင် ထိုင်နေသည်ကို လည်းကောင်း သနားခံမျက်နှာနှင့် ကက်သလိန်ဂွက်ထော်တို့ လာမည့်လမ်းက စောင့်မြှော်နေသည်ကိုလည်းကောင်း မကြာခဏ တွေ့မြင်ရတော့၏။ တခါတခါလည်း တယောက်ထည်း သွားနေသော ကက်သလိန်ဂွက်ထော် နောက်သို့လိုက်ကာ ညှိုးငယ်သော မျက်နှာ အားမရှိမသော အမူအရာ၊ မချိလှသော အသံဖြင့် အသနားခံနေတတ်၏။ ထိုအခြင်းအရာကို မြင်ရသောအခါ မျိုးညွှန့်အား ချစ်ခင်ကြည်ညိုကြသော မိတ်ဆွေတို့မှာ မိမိတို့ ဘာမှ မတတ်နိုင်တော့သဖြင့် “အော်.. အမိဗမာပြည်ကြီးရဲ့ သားကောင်းမျိုးချစ်ကလေး တယောက်တော့ ဆုံးရတော့မည်ပါကလား” ဟူ၍ သနားသော စေတသိက် နှမြောသော စိတ်ဖြင့် စုတ်သတ်မိကြတော့၏။

နောက် ၁၀ ရက်၊ ၁၅ ရက်ခန့် ကြာသောအခါ မောင်မျိုးညွှန့်နှင့် ကက်သလိန် ဂွက်ထော်တို့ အဆက်ဖြစ်နေကြပြီဟု ကြားရ၏။ အားလပ်၍ လူပြတ်သော ထိုအခန်း၊ ဤအခန်းများတွင်လည်း သူတို့နှစ်ဦး ပျော်မြူးနေကြသည်ကိုလည်း မကြာခဏ တွေ့လိုက်ရ၏။ ထိုအဖြစ်ကို မြင်ရလေ လုပ်ဘော်လုပ်ဘက် ဆူဘော်ဆူဘက်များ ဖြစ်ကြသော ရဲဘက်တော်တို့မှာ စိတ်မကောင်း ပို၍ ဖြစ်ရလေသဖြင့် “ဟေ့ မျိုးညွှန့် မင်းရဲ့ မွန်မြတ်တဲ့ဘ၀ကို ဘာမဟုတ်တဲ့ ပချုပ်သည်မလို ကောင်မအတွက် အဆုံးခံတော့မလားကွဲ့၊ အညွှန့်တုံး ခံတော့မလား” ဟု ဂရုဏာ ဒေါသောနှင့် ကြိမ်းမောင်းမိကြသော်လည်း မျိုးညွှန့်မှာ “နောက်တော့ သိကြမပေါ့ကွာ” ဟု ပြောဆိုကာ ရယ်မောလျက်သာ နေတတ်သဖြင့် ရဲဘက်တော်တစုမှာ စိတ်ပျက်ကြတော့၏။

တရွေ့ရွေ့နှင့် နေ့ကုန်ခဲ့ရာ ယခုအခါ ကျောင်းကြီးလည်း ပိတ်လေပြီ။ ကျောင်းသူ ကျောင်းသားများလည်း မိဘတို့ရပ်ထံ ပြန်ကြကုန်လေပြီ။ ကျောင်းပိတ်ရက်အတွင်း ဘာမျှ အကြောင်းမထူးသော်လည်း ကျောင်းကြီး ပြန်ဖွင့်သောအခါ မျိုးညွှန့်မည်ကဲ့သို့ စီမံလိုက်သည်မသိ ကက်သလိန်ဂွက်ထော် မပေါ်လာတော့ချေ။ မျိုးညွှန့်ကား ပြန်လာ၏။ ကျောင်းသူကျောင်းသားတို့ ကောင်းရာကောင်းကြောင်းကို ရဲဘက်တော် ကျောင်းသားတွေနှင့် တွဲဘက်၍ လုပ်မြဲလုပ်နေ၏။ ကက်သလိန်ဂွက်ထော်၏ အကြောင်းကိုကား ဘာမျှ ပြောသံမကြားရတော့ချေ။

အို … ကက်သလိန်တည်းဟူသော ဂွက်ထော် သင်ကား ထခဲ့ကြွခဲ့ပေသည် မှန်၏။ တက္ကသိုလ်၌ သင်ရှိစဉ်ကမူ သင်၏ အပေါစား ဖြူပြာမူရာတို့ကို ငါ ရွံမိ စက်ဆုပ်မိခဲ့၏။ သို့သော် သင်္ဂဟဗြဟ္မစိုရ်တည်းဟူသော ကျောင်းနေဘက်တို့၏ မေတ္တာတရားကို မလွန်ဆန်နိုင်သော ငါသည် သင်၏ မကောင်းသတင်းကို မကြားလိုပေ။ ထို့ကြောင့် ငါနှင့်တကွသော ကျောင်းတော်သူ ကျောင်းတော်သားတို့သည် သင့်အား သာလာယံဇရပ်တွင် တုံဝါဒကို အရမ်းကျင့်လျက် နတ်သ္မီးဆု ပန်မနေစေရန် လေးနက်စွာ ဆုတောင်းမေတ္တာ ပို့သကြပါကုန်၏။ ဖွလွဲပါစေ ဖယ်ပါစေ နောင်တရပါစေ။ မင်္ဂလာ ရှိပါစေ။

အဆွေ
အိုးဝေ မဂ္ဂဇင်း
အတွဲ ၇၊ အမှတ် ၁၊ ၁၉၃၇ ခုနှစ်

No comments: