Thursday, February 10, 2011

ပညာသင်ကြားရခြင်း ၏ အဓိကရည်ရွယ်ချက်

ယနေ့လူငယ်အများစုမှာ မြန်မာစာကိုလည်း ကောင်းစွာမရေးတတ်။ အင်္ဂလိပ်လိုလည်း ကောင်းစွာမရေးတတ်ကြသည်ဖြစ်ရာ ကျောင်းသားငယ်များ မြန်မာစာတိုးတက်လာစေရန် စေတနာဖြင့် စာစီစာကုံးပြိုင်ပွဲများကို မြို့နယ်ပညာရေးမှုး၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ မြန်မာစာ ဆရာ၊ ဆရာမများ၏ အကူအညီနှင့် လေးမျက်နှာမြို့နယ်နှင့် ကွင်းကောက်တို့တွင် ပြုလုပ်ပေးခဲ့ပါသည်။ ဆုကြေးမှာ အတန်များသဖြင့် ၀င်ရောက်ဖြေဆိုသူ အတော်များသည်ဟု သိရ၏။


ထို စာစီစာကုံးပြိုင်ပွဲဆုများကို ပေးရင်း လေးမျက်နှာနှင့် ကွင်းကောက်တို့သို့သွားရောက်ကာ ပညာရေးနှင့်ပတ်သက်သည်များကို ကျွန်တော်လေ့လာထားမိသမျှ သူတို့အား ပြန်လည်ဖောက်သည်ချပါသည်။ ၂၀-၁-၂၀၁၁ နေ့တွင် ပညာရေးစုံညီပွဲတော်ရှိရာ လေးမျက်နှာ မြို့နယ်အတွင်း ကျောင်းအားလုံးမှ ဆရာဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ ဆုရကျောင်းသားကျောင်းသူများ နှင့် မိဘများ လာရောက် ကြသည်ဖြစ်ရာ ထိုကဲ့သို့သောပွဲမျိုးတွင် ပြောခွင့်ရသဖြင့် ကျွန်တော့်မှာ ၀မ်းသာအားရဖြစ်မိပါသည်။

၂၁-၁-၂၀၁၁ တွင် ကွင်းကောက်ကျောင်း၌လည်း မိဘဆရာအသင်းနှစ်ပတ်လည် စည်းဝေးပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲနှင့် တိုက် ဆိုင်နေရာ အနီးပတ်ဝန်းကျင်ကျောင်းများမှ ဆရာဆရာမများ၊ ဆုရကျောင်းသားကျောင်းသူများ၊ မိဘများ စုံစုံညီညီတက်ရောက်လာကြ သည်။ ကျွန်တော်လည်း အားရ၀မ်းသာနှင့်ပြောလိုက်ရာ တစ်နာရီခွဲကျော် ကြာသွားပါသည်။ တာဝန်ရှိဆရာတစ်ဦးမှ လာရောက်ကာ ရပ်ဝေးသို့ပြန်ရမည့်သူများရှိပါသဖြင့် တတ်နိုင်လျှင် ချုံ့ပြောပေးပါရန် သတိပေးမှ မနည်းဘရိတ်အုပ်လိုက်ရပါသည်။

အောက်ပါဆောင်းပါးမှာ ထိုပွဲများတွင်ပြောခဲ့သည်များကို အခြေခံကာ ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည်။

လောကသဘာဝအရ အရာရာတို့သည် ပြောင်းလဲတတ်သည့် သဘောရှိရာ ကျွန်ုပ်တို့၏ ပညာရေးစနစ်ကိုလည်း နိုင်ငံတကာ ပညာရေးအဆင့်အတန်းနှင့် ညီစေရန် ပြောင်းလဲသင့်က ပြောင်းလဲကျင့်သုံးရန် လိုပေသည်။ ယခု ကျွန်တော်တင်ပြမည့် အကြောင်းအရာ များမှာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများမှ ပညာရေးစနစ်ကို လေ့လာကာ မြန်မာနိုင်ငံမှ လက်ရှိအခြေအနေများကို လေ့လာသုံးသပ်လျှက် ဖြစ်သင့်ဖြစ်ထိုက် လုပ်သင့်လုပ်ထိုက်သည်များကို တင်ပြထားခြင်းဖြစ်ပါသည်။

ကျွန်တော်လေ့လာသော ဆောင်းပါးများမှာ အင်တာနက်မှ ပညာရေးဆိုင်ရာ ဆောင်းပါးများ၊ မောက္ခပညာရေး အွန်လိုင်းမဂ္ဂဇင်း၊ စင်ကာပူ MOE (Ministry of Education - စင်ကာပူနိုင်ငံ ပညာရေး ၀န်ကြီးဌာန) အင်တာနက်စာမျက်နှာများ နှင့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ လထုတ် Living Color မဂ္ဂဇင်း၊ အမှတ် ၁၈၄။ စာမျက်နှာ ၁၃၈ မှ ၁၄၄ ပါ ဒေါက်တာမောင်သင်း ၏ “ဉာဏ်မျက်စိ ပွင့်စေတဲ့ကျောင်း၊ ပိတ်တဲ့ ကျောင်းနဲ့ ထောင်” ဟူသော ဆောင်းပါး ဖြစ်ပါသည်။

(၁)

နိုင်ငံတစ်နိုင်ငံကိုတည်ဆောက်ရာတွင် ပညာရေးကို အခြေခံ၍တည်ဆောက်မှသာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်သို့ စနစ်တကျ ရောက်ရှိပေမည်။ ပညာရေးဟုဆိုရာတွင် အမည်ခံပညာရေးမျှ မဟုတ်ဘဲ ထိရောက်သော၊ အကျိုးပြုသော၊ ထက်မြက်သော ပညာရေး ဖြစ်ရန် လိုပါသည်။ သို့ဆိုလျှင် မည်ကဲ့သို့သော ပညာရေးကို ထိရောက်သော၊ အကျိုးပြုသော၊ ထက်မြက်သော ပညာရေး ဟု ခေါ်ဆိုနိုင်ပါ သနည်း။ ကျောင်းများမှ မွေးထုတ်ပေးလိုက်သော ကျောင်းသားများ၊ ဘွဲ့ရ ပညာတတ်များသည် တကယ်တတ်သော၊ တကယ်သိသော ပညာရှင်များဖြစ်ပါမှ၊ ကျောင်းများတွင် ၎င်းတို့သင်ယူလာသော ပညာများကို လက်တွေ့ဘ၀နယ်ပယ်၌ တကယ်အသုံးချတတ်သူများ ဖြစ်ပါမှ၊ တစ်နည်းအားဖြင့် ကျောင်းသင်ပညာရေးသည် နိုင်ငံ့ကုန်ထုတ်လုပ်မှုကို လက်တွေ့အထောက်အကူ ပြုပါမှ၊ ကျောင်းမှထွက်လာသူများသည် မိမိရပ်ရွာကို ဦးဆောင်နိုင်ပါမှ၊ နိုင်ငံ့ခေါင်းဆောင်ကောင်းများ ဖြစ်လာပါမှ ထိုပညာရေးကို ထိရောက်သော၊ အကျိုးပြုသော၊ ထက်မြက်သော ပညာရေး ဟု ခေါ်ဆိုနိုင်ပါလိမ့်မည်။

သို့ဖြစ်လျှင် ကျွန်ုပ်တို့လက်ရှိကျင့်သုံးနေသော ပညာရေးစနစ်ကို ပြန်လည်သုံးသပ်ကြည့်ကြပါစို့။

ပထမဦးဆုံး ကျောင်းသားများ ကျောင်းလာတက်ရခြင်း၏ ရည်ရွယ်ချက်ကို လေ့လာကြည့်ပါမည်။ ကျောင်းလာတက်ကြသော ကျောင်းသားအများစု၏ ရည်ရွယ်ချက်မှာ -

၁။ ငယ်စဉ်အခါ ပညာရှာ ဆိုသောစကားအရ ငယ်တုံးအခါ သားသမီးများကို စာသင်စေရမည် ဟူသောအသိဖြင့် မိဘများကလွှတ်၍သော် လည်းကောင်း
၂။ စာမေးပွဲအောင်ရန်၊ ဆယ်တန်းအောင်ရန်၊ ဘွဲ့ရရန် အတွက်သော်လည်းကောင်း
၃။ မိဘကချမ်းသာသဖြင့် စာသင်ရန်မလိုဟု ခံယူထားသော်လည်း လူပုံအလယ်တွင် ကြွားဝါလိုသဖြင့်၊ ဘွဲ့ဝတ်စုံနှင့်ဓါတ်ပုံကြီးကို အိမ်ဦးခန်းတွင် ချိတ်ထားလို၍ လည်းကောင်း
၎။ အလုပ်တစ်ခုခု ရရန်အတွက် သော်လည်းကောင်း
၅။ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီးဖြစ်ရန် အတွက်သော်လည်းကောင်း

- ဖြစ်ပါသည်။ သည့်ထက်ပိုသော ရည်ရွယ်ချက်များလည်း ရှိကောင်းရှိပါလိမ့်မည်။ အများစုမှာမူ အထက်ပါ ရည်ရွယ်ချက်

များဖြင့် ကျောင်းလာတက်ကြတာသာ ဖြစ်ပါသည်။

သို့ဆိုလျှင် လူ့လောကတွင် အသက်ရှင်နေထိုင်ရေးအတွက် ဆယ်တန်းစာမေးပွဲအောင်ခြင်းသည် မရှိမဖြစ် အရေးကြီးပါသလား။

ကျောင်းမတက်သူများရော လောကတွင် အသက်ရှင်နေထိုင်ဘို့ မဖြစ်နိုင်ဘူးလား။ ကျောင်းတက်လာကြသော ကျောင်းသားများကို (တော မှဖြစ်လျှင်) မိဘများက ‘သားတို့သမီးတို့၊ ငါတို့လိုလယ်ထဲကိုင်းထဲမှာ ပင်ပင်ပန်းပန်းမလုပ်ရအောင် စာကြိုးစားကြ’ ဟု မှာလေ့မှာထ ရှိပါသည်။ သို့အတွက် အလုပ်တစ်ခုရရန် ကျောင်းတက်လာကြသူများ၏ ရည်ရွယ်ချက်ထဲမှ အလုပ် ဟူသည် လယ်လုပ်၊ ကိုင်းလုပ်၊ တောင် သူအလုပ်၊ ကုန်သည်အလုပ်ကို မဆိုလိုကြောင်း မှန်းဆနိုင်ပါသည်။ သို့ဖြစ်လျှင် ထို အလုပ် ဟူသည် မည်သည့်အလုပ်ကို ရည်ရွယ်ပါ သနည်း။ အများစုကတော့ ဆရာဝန် နှင့် အင်ဂျင်နီယာဖြစ်ဘို့သာ မှန်းပါသည်။ သို့မဟုတ်လျှင်ပင် အနည်းဆုံး စာရေးစာချီ၊ အစိုးရ၀န်ထမ်း သို့မဟုတ် ကုမ္ပဏီဝန်ထမ်းကိုမှန်းခြင်းဖြစ်ကြောင်း သိသာပါသည်။

အကယ်၍သာ အထက်ပါ ရည်မှန်းချက်များဖြင့် ကျောင်းလာတက်ရိုးမှန်ပါက ဆယ်တန်းစာမေးပွဲကို မအောင်မြင်၊ ရှုံးနိမ့်ကာ ကျောင်းထွက်သွားရသူများအဖို့ ၎င်းတို့၏ ကျောင်းလာတက်ရခြင်း ရည်ရွယ်ချက်များ ပျောက်ဆုံးသွားပြီလား၊ ပညာရေးတွင် ကျဆုံးသွား သူများလား ဟု မေးခွန်းထုတ်စရာ ရှိပါသည်။ မြန်မာနိုင်ငံ၏ ဆယ်တန်းအောင်ချက်သည် ပျမ်းမျှ ၃၀ ရာခိုင်နှုံးခန့်ရှိရာ ကျောင်းလာတက်ကြ သော ကျောင်းသားများအနက် ဆယ်တန်းမရောက်မီ အကြောင်းကြောင်းကြောင့် ကျောင်းထွက်သွားရသူများအားဖယ်၍ ဆယ်တန်းထိ ရောက်လာသူ ကျောင်းသား ၁၀၀ လျှင် ၃၀ မျှသာ ၎င်းတို့ရည်မှန်းထားသော ဘွဲ့တစ်ခုခုရရန်၊ အလုပ်ရရန် ဟူသော ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်မည် ဟု ယူဆနိုင်ပါသည်။

သို့ဖြစ်ပါက ဆယ်တန်းကျောင်းသား ၁၀၀ အနက် စာမေးပွဲမအောင်၊ ရှုံးနိမ့်၍ ကျောင်းထွက်သွားရသူ ၇၀ သည် လယ်သမား၊ ကိုင်းသမား၊ ကုန်သည် စသည့်အလုပ်များကို ပြန်လုပ်ကြရမည်ဖြစ်ပေရာ ထို ၇၀ သော ကျောင်းသူကျောင်းသားများအတွက် ကျောင်းလာ တက်လိုက်ရခြင်းသည် အလဟဿ ဖြစ်သွားပြီလား ဟု မေးစရာဖြစ်လာပါသည်။

လူ့ဘ၀တွင် အဖိုးတန်ဆုံးနှင့် ပြန်လည်အစားထိုး၍မရသောအရာ နှစ်ခုရှိပါသည်။ ထိုအရာတို့မှာ အရွယ် နှင့် အချိန် တို့ဖြစ်၏။ ကျောင်းတက်ခြင်းဟူသည် လူမှန်းသိတတ်စ အသက် ၅ နှစ် ၆ နှစ်အရွယ်မှ ဆယ်တန်းဆိုလျှင် အသက် ၁၆ နှစ်ထိ၊ ဘွဲ့ယူသည်အထိဆို အသက် ၂၃၊ ၂၄ နှစ်ထိ ကို စာသင်ခန်းများအတွင်း ကုန်ဆုံးလိုက်ရခြင်း ဖြစ်ပါသည်။ ပြောရလျှင် လူ့လောက၌ တကယ့် အချိန်ကောင်း၊ အရွယ်ကောင်းများကို ပေးဆပ်လိုက်ရခြင်းဖြစ်သည်။ အလွန်အဖိုးတန်သည့် အရွယ်ကောင်းနှင့် အချိန်ကောင်းများကို ကျောင်းစာသင်ခန်း ထဲတွင် ကုန်ဆုံးစေလိုက်ရသည်ဖြစ်ရာ ထို ပေးဆပ်လိုက်ရသည့် အရွယ်၊ အချိန်တို့နှင့်ညီမျှသော ပညာကို မိမိတို့ရလိုက်ပါရဲ့လားဟု ဆယ်တန်းအောင်မြင်ပြီးသူ၊ သို့မဟုတ် မအောင်မြင်ဘဲ ကျရှုံးသွားသူများအနေနှင့် မိမိတို့ကိုယ်ကို ပြန်လည်ဆန်းစစ်၊ မေးခွန်းထုတ်ရန် လိုပါ သည်။

ဆယ်တန်းစာမေးပွဲမအောင်၍ လယ်လုပ်၊ ကိုင်းလုပ်ကြရသူများအတွက် ထို ကျောင်းတွင်သင်ကြားခဲ့သော ပညာရေးသည် အလဟဿ ဖြစ်သွားပြီလား။ ဘာမှ အသုံးချ၍ မရတော့ပြီလား။ ထိုကျောင်းသင်ပညာရပ်များကို ဘာမှ အသုံးမချတတ်။ ကျောင်းမှထွက်လာ သည့်တိုင် မိမိတို့တွင် ဘာမှမရလိုက်သူများအဖို့တော့ ကြီးမားသော ဆုံးရှုံးမှုကြီးပင်ဖြစ်ပါသည်။

ဆယ်တန်းအောင်ပြီး၍ ကျောင်းဆက်တက်သူများအဖို့ရော။ အများစုမှာ ဆရာဝန်နှင့်အင်ဂျင်နီယာကိုသာ မှန်းပါသည်။ သို့ဆိုလျှင် ထို ဆရာဝန်၊ အင်ဂျင်နီယာဖြစ်ရန် ရည်မှန်းထားသူများသည် ၎င်းတို့ကိုယ်၌က တကယ် ဆရာဝန်အတတ်ပညာကိုလေ့လာကာ လူများကို ဆေးကုပေးလိုများ ဟုတ်မဟုတ် မိမိဖာသာမိမိ ပြန်မေးရန် လိုပါသည်။ ပါးစပ်မှသာ အင်ဂျင်နီယာဖြစ်ချင်သည် ပြောနေပြီး သင်္ချာဘာသာရပ် ကို စိတ်မ၀င်စားသူတို့အဖို့ စစ်မှန်သော အင်ဂျင်နီယာတစ်ဦးဖြစ်မလာနိုင်ပါ။ အများယောင်လို့ယောင်၊ အမောင် တောင်မှန်း မြောက်မှန်းမသိ ဆိုပါက ဆရာဝန်ဘွဲ့ယူကာ ဆေးမကုပဲ သီချင်းဆိုသော၊ စာရေးသော ဆရာဝန်များဖြစ်သွားပါက တိုင်းပြည်အတွက်ရော၊ အခြားသူများ အတွက်ရော၊ မိမိကိုယ်တိုင်အတွက်ပါ မနစ်နာပါလော။

သို့ဖြစ်ပါက မည်သည့်အတွက် ကျောင်းလာတက်ကြရပါသနည်း။ ငယ်ရွယ်သူမှန်သမျှ ကျောင်းသို့လာကာ စာသင်နေကြရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဘာဖြစ်ပါသနည်း။ မေးသင့်မေးထိုက်၊ စိတ်ဝင်စားသင့်၊ စိတ်ဝင်စားထိုက်သော မေးခွန်းမဟုတ်ပါလော။

(၂)

ပညာရေး ဟူသည် အဘယ်နည်း။ ပညာရေးသည် မည်သည့်အဓိပ္ပါယ်ကို ဆောင်သနည်း။

ပညာရေး (Education) သည် မူရင်း Latin ဘာသာစကားဖြင့် E-ducere ဖြစ်ပြီး To lead out ဟု အဓိပ္ပါယ်ရသည်။

Education : To draw out what was already within the student.

ကျောင်းသားတွင် ရှိပြီးသား အရည်အသွေးများကို ပေါ်လွင်လာအောင် ဖော်ထုတ်ပေးရန် ဟု အဓိပ္ပါယ်ရ၏။

ပညာရေး၏ ရည်မှန်းချက်မှာ အဘယ်ဖြစ်သနည်း။

The purpose of Education is : To develop the knowledge, skill or character of students.

ပညာရေးရည်မှန်းချက်သည်ကား ကျောင်းသားများ၏ အသိပညာ၊ ကျွမ်းကျင်မှု သို့မဟုတ် ကိုယ်ကျင့်တရားတို့ကို မြှင့်တင်ပေးရန်ဖြစ်သည်။

ကျွန်ုပ်တို့၏ လက်ရှိပညာရေးပန်းတိုင်သည်ကား စာမေးပွဲအောင်ဘို့၊ ဘွဲ့တစ်ခုခုရဘို့၊ အလုပ်တစ်ခုခုရဘို့ ဖြစ်နေပါသည်။ သို့ဆိုလျှင် ဤပညာရေးပန်းတိုင်သည် မှန်ကန်သော ပညာရေးပန်းတိုင် ဟုတ်ပါသလား။

ကျောင်းမှသင်ကြားပေးလိုက်သော ပညာများသည် လက်တွေ့ဘ၀နှင့် ဟပ်မိပါရဲ့လား။ ကျောင်းသင်ပညာရပ်များကို အလုပ်လုပ် ရာတွင် တကယ်အသုံးချနိုင်ပါရဲ့လား။ ကျောင်းက သင်ပေးလိုက်တာတွေသည် လုပ်ငန်းခွင်နှင့် အံဝင်ခွင်ကျဖြစ်ပါရဲ့လား။

ဖွံ့ဖြိုးသောနိုင်ငံကြီးများတွင်မူ ကျောင်းများ အထူးသဖြင့် တက္ကသိုလ်များသို့ ပြင်ပမှ ကုမ္ပဏီပိုင်ရှင်ကြီးများ၊ လုပ်ငန်းရှင်ကြီးများကို ဖိတ်ကာ မိမိတို့သင်ကြားနေသော သင်ရိုးညွှန်းတမ်းများကို ပြလျှက် ထိုသင်ရိုးညွှန်းတမ်းများသည် တကယ် ဈေးကွက်ဝင်မ၀င်၊ လက်တွေ့ တွင် တကယ်အသုံးချလို့ရမရ။ လက်တွေ့နှင့်ကိုက်ညီအောင် သင်ရိုးညွှန်းတမ်းများကို မည်ကဲ့သို့ ပြင်ဆင်သင့်သည် စသည်များကို အကြံ ဉာဏ်များတောင်းခံပါသည်။ ထို့ပြင် ကုမ္ပဏီကြီးများကလည်း တက္ကသိုလ်ကျောင်းသားများကို မိမိတို့ကုမ္ပဏီက မည်ကဲ့သို့သော ပညာရှင် များကို အလိုရှိသည်၊ မည်ကဲ့သို့သော ပညာများတတ်လျှင် မိမိတို့ကုမ္ပဏီတွင် လခမည်မျှရနိုင်သည် စသည်များကို ဟောပြောပွဲများ ပြုလုပ် ပေးသည်။ သို့အတွက် ကျောင်းသားများအနေနှင့် မိမိတို့ကြိုက်နှစ်သက်ရာ၊ ၀ါသနာပါရာ သင်တန်းများကို ရွေးချယ်တက်ရောက်နိုင်သည်။

အကျိုးဆက်အနေနှင့် လက်တွေ့တွင် တကယ်အသုံးချရမည့်ပညာများဖြစ်၍ ကျောင်းသားများအနေဖြင့် စိတ်ပါလက်ပါ သင်ကြား သောကြောင့် ပိုမိုတတ်မြောက်ကြသည်။ မိမိတို့သင်ကြားတတ်မြောက်ထားသော ပညာများကို လက်တွေ့တွင် အသုံးချနိုင်သည်။

သို့ဆိုလျှင် လူမမယ် ကလေးဘ၀ကတည်းက အသက် ၁၄၊ ၅၊ ၆ နှစ်ထိ။ အသက် ၂၀ ကျော် အစိတ်ထိ သင်ကြားခဲ့သော ပညာ များသည် တကယ့်လက်တွေ့ဘ၀နှင့် မည်သို့ဆက်စပ်နေပါသနည်း။ လက်တွေ့ဘ၀တွင် မည်ကဲ့သို့ အသုံးချနိုင်ပါမည်နည်း။

အထက်ပါ ပညာရေးရည်မှန်းချက်ကို ကြည့်လိုက်လျှင် ကျောင်းသူကျောင်းသားများ ကျောင်းလာတက်ခြင်းမှာ စာမေးပွဲအောင်ဘို့၊ ဘွဲ့ရဘို့သာမဟုတ်ဘဲ ကျောင်းသားကလေးများရှိ မီးခဲပြာဖုံးဖြစ်နေသော အရည်အသွေးများကို တောက်ပြောင်လာအောင် လုပ်ပေးဘို့ ဖြစ်သည်။ တနည်းအားဖြင့် ကျောင်းသူကျောင်းသားများ ကျောင်းမှထွက်သွားသောအခါ လူ့ဘောင်လောကတွင် အဆင်ပြေပြေ၊ စည်းကမ်း စနစ်တကျ နေတတ်၊ ထိုင်တတ်ရန် သင်ယူလေ့လာရေးအတွက် ဖြစ်သည်။

ဤနေရာတွင် ကျွန်တော်က Living Color မဂ္ဂဇင်းမှ ဆရာ ဒေါက်တာမောင်သင်း ၏ ဆောင်းပါးပါ အချက်အလက်များကို ထုတ်နုတ်တင်ပြလိုပါသည်။ ဆရာ၏ ဆောင်းပါးအပြည့်အစုံကို ရှာဖွေဖတ်ရှုကြရန်လည်း တိုက်တွန်းပါသည်။ ဆရာက ကျောင်း နှင့် ထောင် သည် ဆက်စပ်နေကြောင်း၊ ကျောင်းက တော်သလောက်ကောင်းအောင် လေ့ကျင့်ပေးတဲ့သူတွေများလေလေ အကျဉ်းထောင်မှာ လူနည်း လေလေ ဖြစ်မှာဖြစ်ကြောင်း။ ကျောင်းဆိုသည်မှာ ဘ၀တွင်ကြုံတွေ့ရမည့် ဆူးငြောင့်ခလုတ်ကန်သင်းများ၊ အခက်အခဲများကို ကျော်လွှားနိုင် အောင် လေ့ကျင့်ပေးသော နေရာဖြစ်၍ ကျောင်းများတွင် ထို လေ့ကျင့်မှုကို အပြည့်အ၀မရခဲ့သူများအား လူမှုအသိုင်းအ၀ိုင်းက ဆက်လက် လေ့ကျင့်မှုကိုခံယူရန် ဘ၀ထဲကကျောင်းကို ပို့လိုက်ကြောင်း။ ထိုဘ၀ထဲကကျောင်း ဟူသည်မှာ ‘ထောင်’ ပင်ဖြစ်ကြောင်း တင်ပြ ထားပါ သည်။

ဆရာက ကျောင်းဟူသည် စာချည်းသက်သက် သင်ပေးသည့် နိမ့်နိမ့်ကျကျနေရာကလေးတစ်ခုမျှသာ မဟုတ်ကြောင်း၊ ကျောင်းဟူသည် လိမ္မာယဉ်ကျေးသည့် လူချွန်လူကောင်းများ၊ ခေါင်းဆောင်လောင်းများ မွေးထုတ်ပေးရာအရပ်ဖြစ်ကြောင်း။ အပြစ်ကင်းစင်သည့် လူမမယ်ကလေးများကို လူလိမ္မာကလေးများ၊ တော်တည့်ထက်မြက်သည့် စံပြနိုင်ငံသား၊ နိုင်ငံကြီးသားစိတ်ဓါတ် ကြွယ်ဝသူများဖြစ်လာရန် သင်ပေး၊ ပြင်ပေး၊ လေ့ကျင့်ပေး၊ တန်ဖိုးမြှင့်တင်ပေးသည့်နေရာဖြစ်ကြောင်း။ လူသားတစ်ယောက်ကို သူ့ဘ၀ တစ်လျှောက်လုံးအတွက် အကျိုးများစေမည့် အခြေခံကောင်းများကို လေ့ကျင့်ပေး၊ ဖြည့်ဆည်းပေးသည့်နေရာဖြစ်ကြောင်း။ လူသား၏ အနာဂတ်အတွက် လုံခြုံသည့်ဘ၀၊ ငြိမ်းချမ်းသည့်ဘ၀၊ အောင်မြင်သည့်ဘ၀တစ်ခုကို မိမိဘာသာဖန်တီးနိုင်စွမ်းရှိအောင် လေ့ကျင့်ပေးသည့်နေရာဖြစ်ကြောင်း မီးမောင်းထိုးပြထားပါသည်။

တစ်နည်းအားဖြင့် ကျောင်းဟူသည်မှာ ကျွန်တော်တို့မြန်မာ့ယဉ်ကျေးမှုတွင် ရှိပြီးသားဖြစ်သော ဗလငါးတန်ထဲမှ ဗလလေးတန် ဖြစ်သည့် ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ စာရိတ္တဗလများကို အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပေးသောနေရာဖြစ်ကြောင်း၊ ခြုံပြောရလျှင် ကျောင်းဟူသည်မှာ တန်ဖိုးမြင့်လူသားများအား အစွမ်းကုန်ပွင့်လန်းဖို့ရာ ပြုစုပျိုးထောင်ပေးသော ဥယျာဉ်ကြီးပင်ဖြစ်ကြောင်း၊ ကလေးများသည် ထိုဥယျာဉ်တွင် ပျော်မွေ့ရန်၊ ခင်တွယ်ရန်လိုကြောင်းများကိုပါ တင်ပြထားပါသည်။

ထိုကဲ့သို့ ကျောင်းသားကလေးငယ်များကို တော်တည့်ထက်မြက်သည့် နိုင်ငံသားများဖြစ်ရန် ပြုစုပျိုးထောင်ရာတွင် ကျောင်းများ၌ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး (Physical Development)၊ ကျန်းမာရေးအသိတရား (Health Care)၊ တစ်ကိုယ်ရေလူမှုဘ၀နှင့် စိတ်ဓါတ် ဖွံ့ဖြိုးမှု (Social and Emotional Development)၊ ကိုယ်ကျင့်တရားမြင့်မြတ်မှု (Ethical Values)၊ စာနာတတ်မှု (Sympathy)၊ လူမှုဆက်ဆံ ရေး အသိစိတ် (Social Consciousness)၊ ပြောဆိုလိမ္မာယဉ်ကျေးမှု (Politeness and Courteous)၊ ရင့်ကျက်သော အနုပညာခံစားမှုနှင့် စိတ်ထားနူးညံ့မှု (Aesthetic Development)၊ ကျိုးကြောင်းညီညွတ်စွာ ယုတ္တိရှိရှိ ပြဿနာကို ဖြေရှင်းနိုင်မှု (Logical Problem Solving)၊ စည်းကမ်းလိုက်နာမှု (Discipline)၊ မိမိနှင့်စရိုက်နောက်ခံမတူသူများနှင့် စည်းလုံးညီညွှတ်စွာ ပေါင်းစည်းဆောင်ရွက်နိုင်မှု (Diversity and Unity) စသည်တို့ကို လေ့ကျင့်ပေးရမည် ဖြစ်သည်။

ကျောင်းကောင်းဟူသည် ကျောင်းသင်ခန်းစာကို အခြေခံပြီး ပတ်ဝန်းကျင်ကိုလေ့လာလိုစိတ်ရှိရန်၊ သင်ရိုးတွင်ပါသည်ထက် ပိုသိချင်၊ ပိုတတ်ချင်စိတ်ရှိရန်၊ လူမှုဆက်ဆံရေးတော်ပြီး ခေါင်းဆောင်နိုင်စွမ်းရှိရန်၊ မိမိပတ်ဝန်းကျင်၊ လူသားဝန်းကျင်နှင့် လူ့အဖွဲ့အစည်း အကျိုးကို သယ်ပိုးနိုင်စွမ်းရှိရန် လေ့ကျင့်ပျိုးထောင်ပေးသော ကျောင်းဖြစ်သည်။ ကျောင်းတွင် သင်ပေးလိုက်သမျှကလေးကို ကျက်ပြီး စာမေးပွဲဖြေရုံသက်သက်မျှသာ မဟုတ်ဘဲ မိမိလက်တွေ့ဘ၀ ပတ်ဝန်းကျင်တွင် အသုံးချနိုင်ရန်ဖြစ်သည်။

ကျောင်းသင်ခန်းစာကို မှတ်စုထုတ်ပေး၊ အလွတ်ကျက်ပြီး ‘၏’ ‘သည်’ မလွဲပြန်ဖြေခိုင်းစေခြင်းသည် ကလေး၏ ဉာဏ်အမြင်ကို ပိတ်စေသော သင်ခြင်းဖြစ်သည်။ ကလေးများသည် မိမိပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းမရှိတော့ဘဲ ကျောင်းသင်ခန်းစာများထက် ပိုမမြင်အောင် ပိတ်လှောင်ခံလိုက်ရခြင်းဖြစ်သည်။ ယခုအခါတွင် ကျောင်းသားငယ်များသည် ကျောင်းပြီးလျှင် ကျူရှင်၊ ကျူရှင်ပြီးလျှင် guide ဖြစ်နေသဖြင့် စာသံသရာထဲ တ၀ဲလည်လည်ဖြစ်နေကာ စာနံရံဖြင့်ပိတ်လှောင်ခံနေရပြီး လူ့ဘ၀အစစ်အမှန်၊ လူ့တန်ဘိုးအစစ်၊ ပတ်ဝန်းကျင်တို့ကို မြင်ခွင့် မရတော့ပေ။ ထိုအခါတွင် ထိုကလေးငယ်သည် မည်မျှပင် စာမေးပွဲများအောင်နေပါစေ၊ မည်သည့်ဘွဲ့ကြီးများကို ရနေပါစေ လူ့တန်ဖိုး အစစ် အမှန်များဖြစ်သော စိတ်ဓါတ်တည်ငြိမ်ရင့်ကျက်ရေး၊ ကျန်းမာရေး၊ ကိုယ်ကျင့်တရားမြင့်မြတ်မှု၊ စာနာတတ်မှု၊ လူမှုဆက်ဆံရေးကောင်းမွန်မှု၊ စာနာတတ်မှု၊ ပြဿနာကို ကျိုးကြောင်းခိုင်လုံစွာ ဖြေရှင်းတတ်မှု စသည်တို့မပါလာတော့။ ခေါင်းပါးနေတော့သည်။ ထိုသူသည် စာဘက်တွင် တော်နေစေကာမူ လူ့ဘောင်ကို အကျိုးပြုသော၊ မိမိပတ်ဝန်းကျင်ကို ခေါင်းဆောင်နိုင်သောသူ မဖြစ်လာနိုင်တော့ပေ။

အကျဉ်းချုပ်လိုက်ရလျှင် ကျောင်းဟူသည် မကောင်းသည့်စရိုက်ဆိုးများပပျောက်သွားအောင်၊ ကောင်းသည့်စရိုက်များဖြစ်ထွန်း လာအောင် လေ့ကျင့်ပျိုးထောင်ပေးသော နေရာဖြစ်သည်။

(၃)

နောက်တစ်ခုရည်ညွှန်းလိုသည်မှာ ကျွန်တော်ရေးသည့် ‘အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း’ စာအုပ်၊ စာမျက်နှာ ၂၂၁ မှ ၂၃၅ ထိ ဖြစ်ပါသည်။ ဤတွင် စင်ကာပူမှ ပညာရေစနစ်အကြောင်း ရေးသားထားပါသည်။ စင်ကာပူပညာရေးစနစ်ကား ‘Less Teaching, More Learning’ ဖြစ်သည်။ မြန်မာလို ‘နည်းနည်းသင်ပေး၊ များများလေ့လာ” ဟု ဘာသာပြန်လျှင် ရမည်ထင်ပါသည်။ ဆိုလိုသည်မှာ အစစအရာရာ ဆရာ ဆရာမကချည်း သင်ပေးသည်မဟုတ်ပဲ ဆရာ ဆရာမက မည်ကဲ့သို့ဖြေဆိုရမည် လေ့လာရမည်ကို လမ်းညွှန်ပေးရုံမျှ ဖြစ်၍ တကယ်လေ့လာရသူမှာ ကျောင်းသားဖြစ်ပါသည်။

စင်ကာပူသင်ရိုးတွင် ကျောင်းစာအပြင် Co Curriculum Activities (CCA) ကိုပါ ပူးတွဲ လေ့ကျင့်ရသည်။ ထို CCA တွင် အားကစားပါသည်။ ၀ါသနာပါရာသင်တန်းများ ပါသည်။ အနုပညာ ပါသည်။ ကလပ်များ ပါသည်။ ကျောင်းသားကျောင်းသူများသည် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော စသည့် မိမိ ၀ါသနာပါရာ အားကစားတစ်မျိုးမျိုးကို လေ့လာလိုက်စားရသည်။ ၀ါသနာပါရာ ဥပမာ ပန်းချီ၊ ဂီတကို သင်ကြားရသည်။ လူမှုရေးအဖွဲ့အစည်းများဖြစ်သော ကြက်ခြေနီ၊ ဘွိုင်းကောက် စသော အသင်းများတွင် ပါဝင် လှုပ်ရှားရသည်။

စာမေးပွဲအတွက် တကယ်အမှတ်ပေးသောအခါတွင် ထို CCA တွင် ပါဝင်လှုပ်ရှားမှုအရ ပေးသောအမှတ်ကိုပါ ထည့်ပေါင်းသည်။ ကျောင်းစာတစ်ခုထဲ တော်ရုံမရ။ အားကစားနှင့် လူမှုရေးအသင်းအဖွဲ့များတွင် မည်မျှစိတ်ပါဝင်စားစွာ ပါဝင်လှုပ်ရှားသည် ဆိုသည်ပါ အရေး ကြီးသည်။ တစ်နည်းအားဖြင့် ကျောင်းမှထွက်သွားသည့်အခါ အားကစားတွင် ထူးချွန်သူများဖြစ်လာစေရန်၊ လူမှုရေးအသင်းအဖွဲ့များတွင် ပါဝင်လှုပ်ရှားတတ်သူများဖြစ်လာစေရန် ကျောင်းမှ တစ်ခါတည်း လေ့ကျင့်ပေးလိုက်ခြင်း ဖြစ်သည်။

စင်ကာပူတွင် မြန်မာပြည်မှာကဲ့သို့ ကျူရှင်များ၊ ၀ိုင်းများ မှိုလိုပေါက်နေတာ မတွေ့ရပါ။ ကိုယ့်အားကိုယ်ကိုး ပညာရေးစနစ် ဖြစ်သည်။ ကျောင်းသားများ စာဖတ်အားကောင်းလာစေသည်။ မိမိကိုယ်တိုင် report ရေးတတ်လာစေသည်။ စကားပြောကောင်းစေသည်။ လူများနှင့်မည်ကဲ့သို့ ပေါင်းသင်းဆက်ဆံရမည်ကို နားလည်စေသည်။ ကိုယ်ဝါသနာပါသည့် အားကစား၊ အနုပညာများတွင် ထူးချွန်အောင် လုပ်နိုင်သည့် အခွင့်အလမ်းများရှိလာသည်။ ထူးချွန်အောင် လုပ်နိုင်လာသည်။ သို့သော် မကောင်းသည့်အချက်မှာမူ ၀န်နှင့်အား မမျှသည့်အခါ ငယ်ငယ်ရွယ်ရွယ်နှင့် depression (စိတ်ကျရောဂါ) ရနိုင်သည်။

ကျွန်တော်တို့မြန်မာပြည်တွင်မူ ကျောင်းသားက ဘာမှစိုက်ထုတ်လုပ်စရာမလို။ ဆရာဆရာမပေးလိုက်သော အဖြေများကို၊ သင်ခန်းစာမှတ်စုများကို အလွတ်ကျက်ကာ စာမေးပွဲတွင်မေးလာသည့် မေးခွန်းကို ဖြေလိုက်ရုံသာ ဖြစ်သည်။ မေးလာသောမေးခွန်းကို ၏ သည် မရွေးပြန်ဖြေနိုင်ပါက အမှတ်ကောင်းမည်။ ဂုဏ်ထူးထွက်မည်။ သို့သော် မကောင်းသည့်အချက်မှာ မေးခွန်းအသစ်အဆန်းမေးလာ သောအခါတွင်မူ မည်ကဲ့သို့ဖြေရမည်ကို မသိတော့။ ပုစ္ဆာကို မိမိဘာသာ မဖြေရှင်းတတ်။

ရလဒ်မှာ ဆရာဆရာမဖြေပေးထားသော အဖြေများကို အလွတ်ကျက်မှတ်ဖြေဆိုလိုက်ခြင်းဖြင့် ကျောင်းသားသည် ထိုပုစ္ဆာကို အဘယ်ကြောင့် ဤကဲ့သို့ဖြေရသည်။ ထိုပုစ္ဆာက ဘာကိုဆိုလိုသည်။ ဤပုစ္ဆာနှင့်အလားတူ အခြားပြဿနာများလာပါက မည်ကဲ့သို့ဖြေရှင်း ရမည်ကို မသိတော့။ ကျောင်းစာကို သဘောမပေါက်ပဲ အလွတ်ကျက်လိုက်ခြင်းဖြင့် ထို ကျောင်းစာကို လက်တွေ့ဘ၀တွင် မည်ကဲ့သို့ ဆက်စပ် အသုံးချရမည်ကို မသိတော့။ ထို့ပြင် အလွတ်ကျက်ထားသော စာများဖြစ်သဖြင့် စာမေးပွဲပြီး၍ ငါတို့တော့ လွတ်ပြီ ကျွတ်ပြီဟု လွှတ်ချလိုက်သည်နှင့် တပြိုင်နက် ထိုစာများမှာ ကျောင်းစာအုပ်များအတွင်း ပြန်လည်ဝင်ရောက်သွားတော့သည်။ ကျောင်းသားထံတွင် ဘာမှမကျန်ခဲ့တော့။

တစ်နည်းပြောရလျှင် ထိုကျောင်းသားသည် တစ်နှစ်ပတ်လုံး အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့သော်လည်း စာမေးပွဲ ပြီးသွား၍ နောက်တစ်တန်းတက်သွားသည့်တိုင် ၎င်းတွင် ထိုအတန်းအလိုက်ရှိသင့်သည့် ပညာ၊ အသိသညာကို မရလိုက်။ ဤသို့ဖြင့် အတန်းများ တစ်တန်းပြီးတစ်တန်းတက်လာပြီး ဆယ်တန်းအောင်သွားသည့်တိုင် ထိုကလေးသည် ဆယ်တန်းနှင့်ထိုက်တန်သော အသိပညာ ကို မရတော့။ ကျောင်းမှထွက်လာပြီးနောက် ဆယ်နှစ်ကျော်သင်ခဲ့သမျှ အားလုံးမှာ စာအုပ်ထဲတွင်ပင် ကျန်ခဲ့တော့သည်။ ဘွဲ့ရသည့်သူများမှာ လည်း ဤအတိုင်းပင်ဖြစ်သည်။ ဘွဲ့သာရလာသည်။ မိမိရလာသောဘွဲ့ကိုပင် စာလုံးပေါင်းမှန်အောင် မပေါင်းတတ်တော့ပါ။

သူငယ်တန်းမှ (တစ်နည်း) အသက် ၅ နှစ် ၆ နှစ် လောက်မှ စကာ ဘွဲ့ရသည်ထိ (တစ်နည်း) အသက် နှစ်ဆယ်ကျော်ထိ၊ ဆယ့်လေးငါးနှစ်မျှ သင်ကြားလာခဲ့ပါလျှက် အင်္ဂလိပ်စာကို အမြီးအမောက်တည့်အောင် မရေးတတ်ခြင်း။ မြန်မာကို စာတစ်ပုဒ်ဖြစ်လာအောင် ကောင်းကောင်းမရေးတတ်ခြင်း။ မည်သည့်နေရာတွင် မည်သည့်စာလုံးကို သုံးရမည် မသိခြင်း။ စာလုံးပေါင်းကိုမျှ မှန်အောင် မပေါင်းတတ်ခြင်းများမှာ အထက်ဖော်ပြပါ အလွတ်ကျက်သော ပညာရေးစနစ်၏ ရလဒ်များပင် ဖြစ်ပါသည်။ မည်မျှဆိုးသနည်းဟူမူ GTI လက်မှတ်ကြီးကိုင်ထားပါလျှက် unit conversion ကို ကျကျနန မတွက်ချက်တတ်ကြ။ အလွန်စိတ်ပျက်ဖွယ်ကောင်းသော အခြေအနေ ဖြစ်ပါသည်။

ကျွန်တော်တို့ရွာ (ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ၀ါးတောကွင်းကျေးရွာ) တွင် လက်ရှိကြုံတွေ့နေရသည့် အခြေအနေမှာ အလွန်ဆိုးပါသည်။ ရွာကို ဦးဆောင်အုပ်ချုပ်မည့်သူမရှိ။ ရွာ့ဦးသျှောင် အဖွဲ့အစည်းမရှိ။ ရပ်ရွာကို ဦးဆောင်နိုင်မည့် အရည်အချင်းရှိသူ တစ်ဦးတစ်ယောက်မှ မရှိခြင်းပင်ဖြစ်ပါသည်။

လွန်ခဲ့သော ဆယ်စုနှစ်များက ရွာလူကြီးများရွေးကောက်တင်မြှောက်ကြရာတွင် သင့်တော်မည်ထင်မည့်သူများကို ရွေးချယ် တာဝန်ပေးခဲ့ကြသည်။ သို့သော် ယခုတိုင် သူတို့တွင် ကျေးရွာအကျိုးသယ်ပိုးနိုင်မည့် ခေါင်းဆောင်ကောင်းကို ရှာလို့မတွေ့သေး။ ကျွန်တော်လည်း ၀ါးတောကွင်းရွာသားတစ်ဦး ဖြစ်ခဲ့ဖူးရာ ထိုရွာမှလူအားလုံးကို သိသည်။ မည်သူကတော့ မည်မျှအရည်အချင်းရှိသည်။ လူ့အဖွဲ့အစည်းကို ဦးဆောင်နိုင်မည့်သူ ဟုတ်၊ မဟုတ် ကျွန်တော် အကဲခတ်နိုင်ပါသည်။ သည်ကနေ့အထိတော့ ၀ါးတောကွင်းကျေးရွာအုပ်စု (၀ါးတောကွင်းရွာနှင့် ထောက်ကြံ့ကွင်းရွာ) တွင် ရပ်ရွာအကျိုးကို သယ်ပိုးနိုင်သည့် အရည်အချင်းရှိသူ၊ လူထုကို ဦးဆောင်မှုပေးနိုင်သူ တစ်ဦးတစ်ယောက်မှ မမြင်မိပါ။

သို့ဆိုလျှင် ထိုကျေးရွာများ၌ ကျောင်းတက်ခဲ့ဖူးသူ မရှိတော့ပြီလော ဟု မေးစရာရှိပါသည်။ ကျွန်တော်တို့ကျောင်းသားဘ၀ကမူ ကျွန်တော်တို့ကျေးရွာအပါအ၀င် ပတ်ဝန်းကျင်ရွာများ၌ ဆယ်တန်းထိ ကျောင်းတက်ခဲ့ဖူးသူ တစ်ဦးတလေမှ မရှိခဲ့ပါ။ ကျွန်တော်တို့ မောင်နှမ များသည်ကား ဤဒေသ၏ ပညာရေးကို အစပြုသူများဖြစ်လေသည်။ ဆယ်တန်းကို မဆိုထားပါနှင့်။ လေးတန်းအောင်သူပင် ရှာမှရှားထဲက ဖြစ်သည်။ သို့ပေမင့် ယခုအခါ ကျွန်တော်တို့ရွာတွင် ကျွန်တော့်အစ်ကိုတစ်ဝမ်းကွဲ ဘွဲ့ရ၊ မူလတန်းလွန်ကျောင်း ကျောင်းအုပ် ရှိသည်။ တက္ကသိုလ် တက်ခဲ့ဖူးသူ သုံးလေးဦးရှိသည်။ ဆယ်တန်းကျ ဆယ်ဦးခန့်ရှိသည်။ ရွာတွင် မူလတန်းလွန်ကျောင်းရှိသဖြင့် ၈ တန်းထိ တက်ခဲ့ဖူးသူ အတော်များလေသည်။

အကယ်၍သာ ထိုလူငယ်များသည် အထက်တွင် ဆရာမောင်သင်းပြောခဲ့သလို ကျောင်းများ၌ လူချွန်လူကောင်းကလေးများ ဖြစ်အောင်၊ မိမိပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းကို ဦးဆောင်နိုင်စွမ်းရှိအောင် ပြုစုပျိုးထောင်ပေးခြင်းကို ခံခဲ့ရပါလျှင် ထိုလူငယ်ကလေးများ သည် ထိုရွာ၏ ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်မှာ သေချာလှပါသည်။ ရပ်ရွာအကျိုး၊ လူ့အဖွဲ့အစည်း၏ အကျိုးကို သယ်ပိုးနိုင်သူ၊ တစ်နည်းအားဖြင့် ရပ်ရွာက အားကိုးအားထားပြုရမည့်သူများ ဖြစ်လာပါမည်။

သို့သော် လက်တွေ့တွင်မူ ထို တက္ကသိုလ်ကို တက်ခဲ့ဖူးသော၊ ဆယ်တန်းထိ ပညာဆည်းပူးခဲ့ဖူးသော လူငယ် လေးငါး ဆယ်ယောက်မှာ ရွာထဲရှိအခြားသူများနှင့် ဘာမှ မခြားနားပါ။ ၎င်းတို့၏ အသိပညာသည် ကျောင်းလုံးဝမနေခဲ့ဖူးသော ရွာရှိအခြားလူငယ်များ နှင့် ဘာမှ မထူးပါ။ အတူတူပင်ဖြစ်ပါသည်။ ရွာသို့ပြန်ရောက်သည့်အခါတိုင်း သူတို့အားလုံးကို စုခေါ်ကာ ရပ်ရွာအကျိုးသယ်ပိုးကြရန် ကျွန်တော် အတန်တန်ပြောခဲ့၊ ပြောခဲ့သမျှကိုလည်း စာနှင့်ရေးကာ ဖြန့်ဝေခဲ့ပါသည်။ သို့ရာတွင် ယခုထိတော့ ဘာမှထူးခြားတာ မတွေ့ရ သေးပါ။

ဤသည်မှာ သူတို့သည် သူတို့ကိုယ်သူတို့ ပညာတတ်များဟု မခံယူ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထား။ ကိုယ်သင်လာခဲ့သည့် ပညာကို တန်ဖိုးမထား။ ပညာတတ်ဟု ခံယူရလောက်အောင်လည်း ဘာမှမတတ်။ ဆယ်တန်းထိသာ ရောက်လာသည်၊ ဘာမှမတတ် သေးကြောင်း မိမိဘာသာသိသည်။ သို့အတွက်သာ သူတို့သည် ကျောင်းမတက်ခဲ့သူများနှင့် တန်းတူပြန်ဖြစ်သွားရခြင်း ဖြစ်သည်။ သို့ဆိုလျှင် သူတို့ ဆယ်စုနှစ်တစ်ခုကျော် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းခံကာ ကျောင်းလာတက်ခြင်းသည် ဘာမှအရာမရောက်။ တန်ဖိုးမရှိ။ အလကား ဖြစ်သွားသည်။ မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော ထောင်ပေါင်းများစွာသော ကျောင်းသားကလေးများလည်း (ထူးချွန်ထက်မြက်သည့် ကျောင်းသားအနည်းငယ်မှလွဲ၍) ဤကဲ့သို့ပင်ဖြစ်မည်ဟု မှန်းဆနိုင်သည် ဖြစ်ပေရာ နိုင်ငံအတွက် ဆုံးရှုံးမှုကြီးမှာ အလွန်ကြီးမားလှပါသည်။ ထို့ပြင်တ၀ သက်မဲ့ပစ္စည်းဆုံးရှုံးမှုကို အစားထိုးလို့ရသည်။ လူအရင်းအမြစ် ဆုံးရှုံးမှုကို အစားထိုးရန် မလွယ်ကူရကား တစ်နှစ်တစ်နှစ်တွင် အလဟဿဖြစ်သွားသော အချိန်၊ ငွေ၊ လူအင်အား စသည်တို့မှာ ကြောက်ခမန်းလိလိဖြစ်ပါသည်။

အထက်တွင်ဖော်ပြသလို ဖြစ်နေသည်မှာ ကျွန်တော်တို့ရွာကလေး တစ်ရွာထဲတင်မဟုတ်မူ၍ မြန်မာပြည်တလွှားမှ ရွာများအားလုံး လည်း သည်အတိုင်းပင်ဖြစ်ဖို့များပါသည်။ တိုင်းပြည်တစ်ပြည်ဟူသည် ထိုရွာကလေးများဖြင့် စုပေါင်းထားသော အစုအဝေးကြီးတစ်ခု ဖြစ်ပေ ရာ ထိုကဲ့သို့သော ရွာများဖြင့်စုစည်းထားသည့် တိုင်းပြည်တစ်ခု၏ အခြေအနေကို အကဲခတ်၊ မှန်းဆကြည့်နိုင်ပါသည်။ ရင်လေးဘွယ် ကောင်းသော အခြေအနေကြီးပင်ဖြစ်ပါ၏။

သို့ဆိုလျှင် အဘယ်ကြောင့် ဤကဲ့သို့ဖြစ်နေသနည်း ဟု ပြန်လည်ဆန်းစစ်ကာ ပြုပြင်ကြရန် မသင့်ပါသလော။

နိုင်ငံတကာပညာရေးကို အခြေခံကာ ကျွန်တော်လေ့လာမိသလောက်၊ ဉာဏ်မီသလောက် ဤနေရာတွင် တင်ပြပါမည်။ ကျွန်တော့်ဦးဏှောက် တစ်မိုက်လောက်ကလေးနှင့် ရေးခြင်းဖြစ်၍ ပြည့်စုံလုံလောက်သည်ဟု မဆိုလိုပါ။ အခြားလိုအပ်ချက် များစွာရှိပါမည်။ ပညာရှင် ဆရာဆရာမကြီးများ ထပ်မံဖြည့်စွက်ပြီး ပိုမိုကောင်းမွန် ထိရောက်သော ပညာရေးစနစ်တစ်ခုဖြစ်လာစေရန် ၀ိုင်းဝန်းလုပ်ဆောင် အကောင်အထည်ဖော်ကြရန် တိုက်တွန်းရပါသည်။

အခြေခံသင်ရိုးကို ဆရာဆရာမက ရှင်းပြပြီး စာကိုမူ ကျောင်းသားအား မိမိဘာသာ ဖတ်စေ၊ လေ့လာစေရမည်။ ပြဿနာတစ်ခုကို ဖြေရှင်းရာတွင်၊ ပုစ္ဆာတစ်ပုဒ်ကို ဖြေဆိုရာတွင် ဆရာဆရာမက ဖြေဆိုပေးခြင်းမပြုဘဲ မည်သို့ဖြေဆိုရမည်ကို ရှင်းလင်းပြောပြကာ ကျောင်းသားအား မိမိဘာသာ ဖြေဆိုစေရမည်။ လိုအပ်သောအချက်အလက်များကို ကျောင်းသားအား မိမိဘာသာရှာဖွေစေရမည်။ သို့မှသာ ကျောင်းသူကျောင်းသားများသည် ပြဌာန်းစာများကို ထဲထဲဝင်ဝင်၊ ကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက်မည်။ ပြဿနာကို ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းနိုင်မည်။ စာအပေါ် စိတ်ဝင်စားမှုရှိလာမည်။ ကျောင်းစာနှင့်ပတ်သက်သော အခြားပြင်ပစာများကိုပါ ရှာဖွေဖတ်ရှုရကောင်း မှန်း သိလာမည်။

ကျောင်းသားများအနေနှင့် ‘ငါ ကျောင်းလာတက်နေတာသည် စာမေးပွဲအောင်ရုံ၊ ဘွဲ့ရရုံကလေးမျှသာ မဟုတ်ဘဲ လူ့ဘ၀မှာ နေနည်း ထိုင်နည်းတွေကို သင်ယူနေတာ’ ဟု နားလည်သဘောပေါက်လာစေရန် မိဘ၊ ဆရာဆရာမများက ရှင်းလင်းပြသပေးရမည်။ စာကို ကျောင်းတွင် သင်ပေးလိုက်သမျှနှင့် ရောင့်ရဲမနေဘဲ မိမိကိုယ်တိုင် ထဲထဲဝင်ဝင် ကျကျနန နားလည်သဘောပေါက်လာအောင် ကြိုးစား ရမည်။ ကျောင်းကပေးလိုက်သည့် အဖြေလွှာများကို အလွတ်ကျက်ဖြေမည့်အစား မိမိဘာသာ ဖြေဆိုနိုင်အောင် ကြိုးစားရမည်။ တစ်ချိန်လုံး စာပြီးရင်းစာ ဖြစ်နေမည့်အစား အခြားမိမိဝါသနာပါရာ၊ လူမှုဆက်ဆံရေး၊ အားကစား စသည်များကိုလည်း လေ့လာလိုက်စားရမည်။ ဗဟုသုတ ဖြစ်စေမည့် ကျောင်းစာပြင်ပက စာများကိုလည်း ဖတ်ရှုလေ့လာရမည်။

ကျောင်းသားများ စာကိုချစ်တတ်လာအောင် လေ့ကျင့်ပေးရမည်။ စာအုပ်များကို ချစ်တတ်လာအောင် ပျိုးထောင်ပေးရမည်။ ကျောင်းသင်ပညာကို လက်တွေ့ဘ၀တွင် အသုံးချတတ်အောင် သင်ကြားပေးရမည်။ ကျောင်းသားများတွင် ကောင်းမြတ်သော အလေ့ အကျင့်များဖြစ်ထွန်းလာအောင် လေ့ကျင့်ပေးရမည်။ မိမိကိုယ်ကို တန်ဖိုးထားတတ်လာအောင်၊ မိမိသင်ယူနေသော ပညာကို တန်ဖိုးထား တတ်လာအောင် ပြောဆိုပြသ ဆိုဆုံးမပေးရမည်။ အချိန်ကို တန်ဖိုးရှိစွာ စီမံခန့်ခွဲတတ်စေရန် ကျောင်းသားဘ၀ကတည်းက လေ့ကျင့်ပေးရ မည်။

ကျောင်းများတွင် အားကစားအသင်းများ ဖွဲ့စည်းပေးကာ အားကစားကို မဖြစ်မနေလုပ်စေရန်လိုပါသည်။ ကြက်ခြေနီအသင်းများ ဖွဲ့စည်းပေးကာ ရှေးဦးသူနာပြုစုနည်းသင်တန်းများ ပေးရမည်။ ကျောင်းချိန်တွင် မဟုတ်လျှင်သော်မှ နွေရာသီကျောင်းပိတ်ရက်များတွင် စီစဉ် ပေးနိုင်ပါသည်။ ပန်းချီသင်တန်းများလည်း ဖွင့်ပေးနိုင်ပါသည်။ ဘာသာရေးနှင့်ပတ်သက်သည့် သင်တန်းများကို (နာမည်ခံမျှမဟုတ်ဘဲ) ထိထိရောက်ရောက် သင်ပေးရမည်။ လူငယ်များကို ဘာသာရေးအသိများ သွင်းပေးလိုက်ခြင်းဖြင့် ယဉ်ကျေးလိမ္မာသော လူငယ်ကလေး များ ဖြစ်လာစေသည်။ ဂီတ၀ါသနာပါသူ ကျောင်းသားကျောင်းသူများအတွက် ဂီတသင်တန်းများ စီစဉ်ပေးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။

စကားပြောတတ်လာစေရန်၊ ပေါင်းသင်းဆက်ဆံတတ်လာစေရန် ကျပမ်းစကားပြောပွဲများ၊ စကားရည်လုပွဲများ မကြာခဏ ကျင်းပ ပေးရန် လိုပါသည်။ ဖြစ်နိုင်လျှင် ပရိသတ်ရှေ့တွင် စကားပြောနည်းကိုပါ သင်ပေးသင့်ပါသည်။ အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့၊ အဘိဓမ္မာ အခါတော်နေ့ကဲ့သို့သော နေ့ကြီးရက်ကြီးများတွင် ကျောင်းသားကလေးများကို ထိုနေ့ရက်နှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်အလက်များကို စုဆောင်းစေကာ ဟောပြောပွဲများ ပြုလုပ်ပေးသင့်ပါသည်။ ဆရာဆရာမများက ဟောနည်းပြောနည်းများကို သင်ပေး ပြီး ကျောင်းသားကျောင်းသူကလေးများကို တစ်ပတ်တန်သည်၊ ဆယ်ရက်တန်သည် လေ့ကျင့်ပေးကာ ပရိသတ်ရှေ့တွင် ဟောပြောခိုင်းရ ပါမည်။ သို့မှ သူတို့တွင် လူရှေ့သူရှေ့တွင် စကားပြောသည့် အလေ့အကျင့် ရလာပါမည်။ လူ့ဘောင်တစ်ခုကို ဦးဆောင်ရာတွင် ဤအရည် အချင်းမှာ အလွန်အရေးကြီးပါသည်။ သို့ဖြစ်ရာ ဤအရည်အချင်းကို ကျောင်းမှာကတည်းက လေ့ကျင့်ပျိုးထောင်ပေးရန် လိုပါသည်။

လေ့လာရေးခရီးတိုများလည်း ထွက်ပေးသင့်ပါသည်။ လေ့လာရေးဆိုသည်မှာ ရှည်ရှည်ဝေးဝေး တွေးစရာ၊ ပိုက်ဆံအကုန်အကျ ခံစရာ၊ အချိန်ကုန်ခံစရာ မလိုပါ။ မိမိရပ်ရွာအတွင်း၊ ရပ်ရွာ အနီးပတ်ဝန်းကျင်တွင်ပင် ဖြစ်နိုင်ပါသည်။ ဥပမာ - မြို့ပေါ်ရှိ ဆန်စက်ကို သွားရောက်လေ့လာမည်။ သစ်စက်ရှိလျှင် သစ်စက်ကို သွားရောက် လေ့လာမည်။ မွေးမြူရေးခြံရှိလျှင် မွေးမြူရေးခြံသို့။ စိုက်ပျိုးရေးခြံရှိလျှင် စိုက်ပျိုးရေးခြံသို့။ ယုတ်စွအဆုံး လယ်ကွင်းများဆီ သွားရောက် လေ့လာနိုင်ပါသည်။ ပထ၀ီ၊ သိပ္ပံများတွင် သင်ရသော သင်ခန်းစာများကို လယ်ကွင်းများတွင် လက်တွေ့ရှင်းလင်းပြသနိုင်သည်။

စပါးအမျိုးအစားဘယ်နှမျိုးရှိသည်။ သက်ကြီးစပါးနှင့် သက်ငယ်စပါးမည်သို့ကွာသည်။ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ဆန်စားသုံးမှု မည်မျှရှိသည်။ ဤမြို့နယ်မှ စပါးအထွက်သည် ဤမြို့နယ်တွင်နေထိုင်သူများအတွက် လုံလောက်မလောက်။ ဤရွာတွင် အိမ်ခြေမည်မျှ ရှိသည်။ စာတတ်သူ မည်မျှရှိသည်။ လယ်သမားမည်မျှ၊ ကိုင်းသမားမည်မျှ၊ သက်ကြီးရွယ်အိုမည်မျှ၊ တစ်နှစ်ကလေးဘယ်နှယောက် မွေးသည် စသည်ဖြင့် လေ့လာစရာတွေ အများကြီးရှိပါသည်။ လက်တွေ့နှင့်ဆက်စပ်လေ့လာသည့်အခါမှလည်း ကလေးများသည် မိမိတို့ သင်ယူနေသည့် ပညာကို စိတ်ဝင်စားလာမည်။ သဘောပေါက်လာမည်။

ကလေးငယ်များ စာကို ကျကျနနရေးတတ်လာစေရန်၊ ရေးကျင့်ရလာစေရန် စာစီစာကုံးပြိုင်ပွဲများကို ဆုကြေးကောင်းကောင်း ပေးလျှက် လုပ်ပေးသင့်ပါသည်။ စာစီစာကုံးကို ဆရာဆရာမက ရေးပေးလိုက်ကာ၊ သို့မဟုတ် စာစီစာကုံးစာအုပ်များထဲမှ အလွတ်ကျက်ကာ ရေးသည့်အကျင့်ကို အားမပေးပါနှင့်။ ထို ရေးပြီးသားစာစီစာကုံးများကို နမူနာယူကာ မိမိဘာသာ ရေးတတ်စေရန်လေ့ကျင့်ပေးရပါမည်။ အချက်အလက်ကိုပင် ဆရာဆရာမက တိုက်ရိုက်မပေးဘဲ ဖတ်ရမည့်စာအုပ်များကို ညွှန်ပြကာ သူတို့ဘာသာ ဖတ်မှတ်၊ လေ့လာစေသင့် ပါသည်။ သို့မှသာ ကလေးများ ကိုယ့်အားကိုယ်ကိုးသည့် အလေ့အကျင့်များ ရလာပါမည်။ အထက်တွင်ဖော်ပြခဲ့သော လေ့လာရေးခရီးတို များမှ ပြန်ရောက်လာသောအခါ သူတို့ကို လေ့လာရေးအတွေ့အကြုံများ ရေးခိုင်းစေလျှင် သူတို့တွင် အစီရင်ခံစာရေးသော အလေ့ အကျင့် ကိုပါ ရလာမည် ဖြစ်ပါသည်။

သင်္ချာ၊ ပထ၀ီ၊ သမိုင်း၊ သိပံ္ပဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲများကိုလည်း ဆုကောင်းကောင်းပေးလျှက် လုပ်ပေးပါ။ လက်တွေ့ကျသော လူမှုပြဿနာများကို ချပြကာ သူတို့အား ဖြေရှင်းပါစေ။

နောက် အရေးကြီးသော အချက်တစ်ခုမှာ စာကြည့်တိုက် နှင့် စာဖတ်ကျင့် ဖြစ်ပါသည်။ ကျွန်တော်တို့ကျောင်းများတွင် စာကြည့်တိုက်များမှာ ဖုံတက်နေပြီး စာကြည့်တိုက်ဟူသည်မှာလည်း နာမည်ခံမျှသာ ဖြစ်လျှက် အထဲတွင် ဖတ်စရာစာအုပ် မယ်မယ်ရရ မရှိပါ။ ထို့အတူ စာကြည့်တိုက်ဖွင့်ချိန် သီးသန့်ဟူ၍လည်း ရှိမည်မထင်ပါ။ စာကြည့်တိုက်ကို စနစ်တကျစောင့်ရှောက်မည့်သူ ရှိမရှိလည်း မသိရပါ။ ရှိလျှင်သော်မှ ထိုသူသည် စာကြည့်တိုက်မှ စာအုပ်များမပျောက်မပျက်ရအောင် စာအုပ်များကို စာရင်းပြုစုကာ စာအုပ်ဗီရိုများ အတွင်း သော့ခတ်သိမ်းထားဘို့ များပါသည်။

ဆရာ ဆရာမများခင်ဗျား။ စာမဖတ်သူသည် သေနေသူဖြစ်သည်။ စာဖတ်သူမှသာ အသိပညာ အမြဲတိုးတက်နေသူဖြစ်သည်ကို ဆရာ ဆရာမများ သိပြီးဖြစ်ပါသည်။ သို့အတွက် ယနေ့မှစ၍ စာကြည့်တိုက်တံခါးကို ကလေးများအတွက် အမြဲဖွင့်ပေးထားပါ။ တစ်နေ့လျှင် စာဖတ်ချိန်တစ်ချိန် သီးသန့်သတ်မှတ်ပေးပြီး ကလေးများကို စာဖတ်ကျင့်ရရန် လုပ်ပေးပါ။ စာအုပ်များ ပြဲမှာ စုတ်မှာ မစိုးရိမ်ပါနှင့်။ တာဝန် ရှိသူ ဆရာဆရာမက စာအုပ်များ မပျောက်မပျက်ရန် ထိန်းသိမ်းပေးဘို့သာ လိုပါသည်။ စာဖတ်ရင်း စာအုပ်များ ဟောင်းနွမ်း၊ စုတ်ပြဲသွား ခြင်းသည် မဖတ်လိုက်ရဘဲ ဘီရိုထဲတွင်ပင် ပျက်စီးသွားသည်ထက် အဆပေါင်းများစွာ တန်ဘိုးရှိပါသည်။ “ဘီရိုထဲတွင် ဖုံတက်နေသော စာအုပ်တစ်အုပ်သည် ထင်းတုံးတစ်တုံးမျှလောက်ပင် တန်ဖိုးမရှိပါ” ဟူသော စကားပုံရှိပါသည်။

စာပေ၀ါသနာပါသူများ၊ တတ်နိုင်သူများကို အလှူခံ၍သော်လည်းကောင်း၊ ကျောင်းရံပုံငွေမှသော်လည်းကောင်း စာအုပ်များ ၀ယ်ယူပြီး ဟောင်းလောင်းဖြစ်နေသော စာကြည့်တိုက်ဘီရိုများကို ဖြည့်တင်းပါ။ မလိုအပ်သော အခြားအသုံးစရိတ်များကို လျှော့ချလျှက် စာအုပ်များ ၀ယ်ပါ။ နေ့စဉ်ထုတ် သတင်းစာ၊ အပတ်စဉ်ထုတ် ဂျာနယ်များ၊ မဂ္ဂဇင်းများ၊ အခြားဖတ်သင့်ဖတ်ရာ ကောင်းနိုးရာရာ စာအုပ်များ ၀ယ်ယူပါ။ ကလေးများ စာဖတ်ဝါသနာပါလာခြင်းသည် တိုင်းပြည်ကြီးပွားတိုးတက်ရေး၏ လမ်းစဖြစ်ပါသည်။ ကျန်းမာရေးနှင့်ဆိုင်ရာ စာအုပ်များ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စာအုပ်များ၊ စာစီစာကုံးစာအုပ်များ၊ ပုံပြင်စာအုပ်များ၊ ဘာသာရေးစာအုပ်များ၊ မြန်မာစာပေဆိုင်ရာ စာအုပ်များ၊ ကဗျာစာအုပ်များ၊ ယဉ်ကျေးမှုဆိုင်ရာစာအုပ်များ စသည်ဖြင့် စာအုပ်အမယ်မျိုးစုံ တင်ပေးပါ။ သူတို့နှစ်သက်ရာကို ရွေးဖတ်သွား ပါလိမ့်မည်။

မိဘများအနေနှင့်လည်း ကလေးက မသိ၍မေးလာလျှင် အော်ငေါက်မလွှတ်ပါနှင့်။ စိတ်ရှည်လက်ရှည် ရှင်းပြပေးပါ။ မိမိမသိလျှင် သိရန်ကြိုးစားပါ။ သို့မဟုတ် သိသူထံခေါ်သွားပြီး ချဉ်းကပ်မေးမြန်းပါစေ။ မိမိသားသမီးကို ချစ်စနိုးနှင့် ဘာမှမခိုင်းဘဲ ဖူးဖူးမှုတ်ထားခြင်း သည် ကလေး၏ အနာဂတ်ကို ဖျက်ဆီးခြင်းဖြစ်သည်။ မိမိသားသမီးကို အိမ်အလုပ်၊ လယ်အလုပ်များ ၀ိုင်းဝန်းလုပ်ပါစေ။ သူတတ်နိုင် သလောက် တာဝန်ခွဲဝေယူခိုင်းပါ။ ကလေးများကို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ကစားပါစေ။ အန္တရာယ်ရှိမည့်အရာ၊ မဟုတ်သည့်အရာများမှလွဲ၍ တတ်နိုင်သမျှ မချုပ်ချယ်ပါနှင့်။

မိဘများကိုယ်တိုင်က သားသမီး၏ အတုယူစရာဖြစ်အောင်နေထိုင်ပါ။ မည်သည့်အခါမျိုးတွင်မှ မိမိသားသမီးကို ဆေးလိပ်၊ ကွမ်းယာဝယ်ခိုင်းခြင်း၊ အရက်၊ ထန်းရည် ၀ယ်ခိုင်းခြင်း မခိုင်းပါလေနှင့်။ သားသမီးရှေ့တွင် လင်မယားရန်ဖြစ်ခြင်း၊ ခွန်းကြီးခွန်းငယ် စကားများခြင်း၊ နင်ပဲငဆ ပြောခြင်း၊ ဆဲခြင်း၊ ရိုင်းစိုင်း၊ ရင့်သီးသော အသုံးအနှုံးများသုံးခြင်း မပြုပါနှင့်။ ကလေးသည် မိဘကို အတုယူတတ် သည်ဖြစ်ရာ မကောင်းသော အပြုအမူ၊ အပြောအဆိုများ မိမိ၏သားသမီးကို မသိမသာ သင်ပေးနေခြင်းမျိုးမဖြစ်စေရန် အထူးဂရုပြုပါ။ ကလေးများ မဟုတ်တာလုပ်လျှင်သော်မှ ရိုက်မောင်း၊ ဆဲဆိုမည့်အစား သူတို့နားလည်လက်ခံလာအောင် သေသေချာချာ ရှင်းပြပါ။

(၄)

နိဂုံးချုပ်ရလျှင် အနာဂတ်၏ တိုင်းပြည်ခေါင်းဆောင်များဖြစ်လာမည့် ကျွန်တော်တို့၏ သားသမီး တူတူမများ၊ တက်သစ်စ အညွန့် အဖူးကလေးများကို အညွန့်တလူလူနှင့် တက်လာစေရန်၊ ပြုစုပျိုးထောင်ပေးရန်၊ မြေတောင်မြှောက်ပေးရန် ကျွန်တော်တို့အားလုံးတွင် တာဝန်ရှိပါသည်။ သူတို့ကို ပြုစုပျိုးထောင်ပေးရာတွင် အညွန့်ကို ချိုးလိုက်မိသလို ဖြစ်မသွားစေရန် အထူးဂရုပြုရပါမည်။

ယုတ်စွအဆုံး သူတို့သည် မိမိတို့ဘာလုပ်နေသလဲ ဆိုတာ ကောင်းစွာသိရန် လိုပါသည်။ သို့မှ ကိုယ်လုပ်နေသောအလုပ်၊ ကိုယ်သင်ကြားနေသော ပညာရပ်အပေါ် တန်ဖိုးထားတတ်လာမည် ဖြစ်ပါသည်။ မိမိအနာဂတ်ကို အာမခံမပေးနိုင်သော ပညာ သို့မဟုတ် အလုပ်တစ်ခုကို မည်သူကမှ တန်ဖိုးထားမည် မဟုတ်ပါ။ သို့အတွက် ယခု သူတို့လေ့လာ သင်ကြားနေသော ကျောင်းသင်ပညာအား ဘွဲ့တစ်ခုရရုံဟူသော၊ အလုပ်တစ်ခုရရုံ ဟူသော အလွန်ကျဉ်းမြောင်းသည့် အမြင်မှ လူချွန်လူကောင်းကလေးများဖြစ်လာရန်၊ တိုင်းပြည် ခေါင်းဆောင်များဖြစ်လာရန် ဟူသော မြင့်မားသည့် ရည်မှန်းချက်သို့ ပြောင်းလဲမြင်နိုင်ကြစေရန်၊ လေးနက်စွာ ခံယူလာကြစေရန် တည့်မတ် ပေးရန်မှာ ဆရာဆရာမများ၊ မိဘများနှင့်တကွ ကျွန်တော်တို့အားလုံး၏ တာဝန်ပင်ဖြစ်ပါတော့သည်။

မြန်မာပြည်သည် ကမ္ဘာ့အလယ်တွင် ၀ံ့ကြွားစွာ ရပ်တည်နိုင်ပါစေသတည်း။

အေးငြိမ်း
၂၇-၁-၂၀၁၁
တိုက် 24A, အခန်း 6B
ပြည်ရိပ်မွန်အိမ်ယာ၊ နာနတ်တောလမ်း
ကမာရွတ်၊ ရန်ကုန်
ဖုံး - (၉၅၁) ၇၀၉၅၁၀

No comments: