(၁)
ကျွန်ုပ်အနေနှင့် “အဖြစ်ကတော့ မနှစ်ကနဲ့မတူပါ” ဟုသာ ကုန်းအော်လိုက်ချင်ပါတော့သည်။
အဲလေ၊ သည်ဒုက္ခက ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါ။ ကျွန်တော်ကဲ့သို့ ဒုက္ခများနေသူများ
ဒုနှင့်ဒေး ဖြစ်၏။
အခြားမဟုတ်ပါ။ မိမိတို့သားသမီးများကို စင်ကာပူ၌ ကျောင်းထားရေးကိစ္စ
ဖြစ်၏။
ယခင်အခါများကလည်း ကျွန်တော်ရေးခဲ့ဖူးပါပြီ။ ယခုရေးမည်မှာ
လောလောလတ်လတ် ခံစားထားရသော ဒုက္ခသုက္ခများ အကြောင်း ဖြစ်၏။ အများသူငါတို့ ဆင်ခြင်နိုင်ကြစေရန်
ဝေမျှလိုက်ခြင်းဖြစ်ပါသည်။ အနို့ Sharing is caring ဟု အဆိုရှိသည် မဟုတ်ပါလော။
(၂)
ပထမဆုံး စိတ်ညစ်ရသည်မှာ သားအတွက် လျှောက်ထားသော PR
(Permament Resident) မကျ၍ ဖြစ်သည်။ ဒါ သုံးကြိမ်မြောက် တင်ခြင်း ဖြစ်၏။ ပီအာလေးများရရင်
ကျောင်းတက်ရဘို့ နည်းနည်းများ ပိုနီးစပ်လေမလားဟု မျှော်လင့်ချက်ကလေး မ၀ံ့မရဲ ထားမိသောကြောင့်လည်း
ဖြစ်သည်။
၂၀၁၅ သြဂုတ်လက သားတို့စင်ကာပူရောက်လာတော့ PR application
တင်သည်။ လျှောက်တဲ့သူ ဘယ်လောက်များသလဲ ကြည့်ပါဦးခင်ဗျာ။ Appointment date ကို ၂၀၁၆
ဧပြီလ ၁၁ ရက်နေ့ကျမှ ရသည်။ ဆိုတော့ ၈ လ လောက် စောင့်ရသည်။ ဘာတတ်နိုင်မတုံးကွယ်။ စောင့်ပေါ့။
သို့နှင့် 11/4/16 စာရွက်စာတမ်းများသွားတင်တော့ processing time ၄ လ ကနေ ၆ လ ထိ စောင့်ရမယ်
ဆိုလေ၏။ စောင့်သပေါ့ဗျာ။ ဘာလုပ်လို့ရမတုံး။
သို့သော် ၄ လ မစောင့်ရပါ။ ဇွန်လ ၃၀ ရက် နေ့စွဲဖြင့် PR
Reject ဖြစ်ကြောင်း စာပို့လေသည်။
မင်းတို့တင်ထားတဲ့ ပညာရေးလက်မှတ်တွေရော၊ CPF
contribution, စီးပွားရေးလုပ်ငန်းတွေရော အားလုံးကို ငါတို့ အပြန်ပြန်အလှန်လှန်စဉ်းစားပါတယ်။
ဒါပေမဲ့ PR application ကတော့ not successful ဖြစ်ကြောင်း ၀မ်းနည်းစွာ အကြောင်းကြားပါတယ်။
မင်းသား ဒီမှာ Student Pass နဲ့လည်း ဆက်ကျောင်းတက်လို့ ရပါသကွာ ဘာညာနှင့် ရေးထားသေးသည်။
ကျွန်တော့်အနေနှင့်ကတော့ ဘာစကားလုံးလှလှလေးတွေပဲ ရေးထားရေးထား။ မကျတာက မကျတာ သာဖြစ်သဖြင့်
မအီမလည်ကြီး ခံစားရပါသည်။ Yes နှင့် No နှစ်ခုပဲရှိ၏။ စကားလုံးလှလှလေးတွေနှင့် ဘယ်လိုပင်
နှစ်သိမ့်ပါစေ။ No ကတော့ Yes ဖြစ်မလာနိုင်ပါ။
နောက် စိတ်ညစ်ရသည်မှာ AEIS application ဖြစ်၏။ ဇူလိုင်လ ၅
ရက်နေ့တွင် AEIS စာမေးပွဲဝင်ခွင့်ကို စလျှောက်လို့ရ၏။ စင်ကာပူတွင် ကျောင်းတက်လိုသော
နိုင်ငံခြားသားများ ထိုစာမေးပွဲကို ၀င်ဖြေရသည်။ ထုံးစံအတိုင်း ပုံစံများ ဖြည့်ဖျက်ပြီး
လျှောက်လိုက်တော့ P2/P3 လက်မခံပါ။ အသက်တစ်နှစ်ကြီးသွားလို့ P4/P5 အတွက်သာ ၀င်ဖြေရမည်
ဆိုလေသည်။
သေဟဲ့ နန္ဒိယ။
ကျွန်တော်က သားအတွက် P2/P3 ဖြေဘို့ ပြင်ထားတာဆိုတော့
P4/P5 ကို အပူတပြင်း ပြင်ရပြန်လေသည်။ သို့ပေမင့် သားကို အပြင်ကျောင်းမှာ ထားမိနေလေတော့
ကိုယ့်စိတ်တိုင်းကျ လုပ်လို့မရပြန်။
24/2/16 ရက်နေ့က ဖြေရသည့် SAEIS စာမေးပွဲမှာ မပါတော့ ကိုင်း၊
အလကားနေမဲ့အတူတူ ပုဂ္ဂလိကကျောင်း ထားကြတာပေါ့ကွာ ဆိုကာ သားနှင့်အတူ စာမေးပွဲဖြေသည့်
အံ့ဘုန်းပိုင်၏ မိဘများနှင့်တိုင်ပင်လျှက် ကျောင်းရှာကြ၏။ စန်းယုကျောင်းက အစိုးရကျောင်းရဲ့
သင်ရိုးတွေ အတိုင်းသင်တယ်ဆိုပြီး သူတို့သွားကြသည်။ ကျွန်တော်တော့ အလုပ်မအားတာနှင့်
လိုက်မသွားတော့။
ကျောင်းရောက်တော့ နေရာလပ်မရှိတော့လို့ လက်မခံနိုင်ပါ ဆိုလေ၏။
သို့နှင့် အံ့ဘုန်းပိုင်၏ အဖေဖြစ်သူ ကိုပိုင်မျိုးခန့်က နောက်ကျောင်းတကျောင်းရှိတယ်အစ်ကို
ဆိုကာ ဆက်သွားကြသည်။ ထိုကျောင်းမှာတော့ ရ၏။ Replacement test ဖြေရမယ်ဆို၏။ ဖြေကြ၏။
အောင်ကြ၏။ သို့နှင့် အတိုချုံးရလျှင် ထိုကျောင်းမှာပဲ အပ်ခဲ့ကြသည် ဆိုကြပါစို့။
(၃)
ကျောင်းနာမည်က GIIS (Global Indian International
School) ဖြစ်၏။ ကျောင်းလခကလည်း ဈေးကြီးသလား မမေးနှင့်။
ကျောင်းဝင်ကြေးချည်း ၂၀၀၀ ကျော် ပေးရသည်။ နောက်ပြီး ဘာကြေး၊
ညာကြေး၊ ဟိုဟာကြေး၊ သည်ဟာကြေးများ ပေါင်းထည့်ကာ ကျောင်းလခဆိုပြီး ၅၆၀၀ ကျော် တောင်း၏။
ရှိသမျှပိုက်ဆံကလေးများ အကုန် ပြောင်တောင်ပြက်၍ တက်တက်ပြောင်လေ၏။ သူ့အမေက ကျောင်းကြိုပို့ကိုပါယူရာ
မေ၊ ဇွန်၊ ဇူလိုင် ၃ လခအတွက် ကျောင်းကားခ ၁၀၁၆ ကျပ် ဖြစ်သတည်း။ ငယ်ငယ်က တောကျောင်းမှာ
ပုဆိုး ခါးတောင်းကျိုက်ပြီး လယ်ကန်သင်းပေါင်များပေါ် လျှောက်ခဲ့သော ကျွန်ုပ်မှာ ကျောင်းကားခချည်း
တစ်လ မြန်မာငွေ သုံးသိန်းလောက်ကျလေတော့ ဟစ်လို့သာ ငိုလိုက်ချင်ပါတော့သည်။
ယခု နောက်သုံးလအတွက် ကျောင်းလခသွင်းရမယ်ဆိုတော့ ရထားပဲစီးတော့မယ်။
ဈေးကြီးလှတဲ့ နင်ရို့ဘတ်စ်ကား မစီး တော့ဘူး ဟု ဆိုသည့်တိုင် ချက်ချင်းရပ်လို့မရပါ။
သြဂုတ်လကုန်ထိတော့ စီးရမယ် ဆိုပြန်၏။ စိတ်ထဲ အတော်မကျေနပ် သော်လည်း သူက အတင်းမဲဆွယ်နေတာမဟုတ်ဘဲ
ကိုယ်ကိုယ်နှိုက်က နန့်နန့်တက် သူတို့ကျောင်းသွားထားတာဆိုတော့ သူတို့စည်းကမ်းလိုက်နာရမှာပေါ့ဟု
စိတ်ကို ဖြေရ၏။
ကျောင်းအပ်ပြီးပြန်လာတော့ ပြဌာန်းစာအုပ်တွေ တစ်ပုံကြီး ပါလာသည်။
အဖုံးများလျှောက်ကြည့်ပြီး ဟဲ့၊ ဘယ်ဆိုးလို့တုံး။ အကုန်သင်တာပဲ ဟု အထင်ကြီးမိ။ အထင်ကြီးလို့မှ
မဆုံးခင် အထဲလှန်ကြည့်တော့ အတော်စက်ပျက်မိ။ အဖုံးပေါ်မှာသာ Family, Transport and
Communication, Plants, Food စသည်ရေးထားသော်လည်း အထဲမှာတော့ သင်္ချာ၊ အင်္ဂလိပ်၊ သိပံ္ပ
များချည်း ဖြစ်သတည်း။ သင်္ချာနဲ့ အင်္ဂလိပ်အဆင့်ကလည်း ကြည့်လိုက်ဦး။ သုံးတန်းဆိုပေမင့်
P1 အဆင့်လောက်သာ ရှိသည်။
သူရို့က P1, P2, P3 စသည်ဖြင့် အတန်းမခွဲပဲ အိန္ဒိယမှာလို ၁
တန်း၊ ၂ တန်း၊ ၃ တန်း ဟု ခွဲတာ ဖြစ်လေသည်။ သားက P3 စာများလေ့လာနေတာဖြစ်သည့်အတွက် သူတို့သင်ပေးသော
သင်္ချာနှင့် အင်္ဂလိပ်စာမှာ ဘာမှ အဖိုးမတန်တော့ပါချေ။ အလကား အချိန်ကုန်၊ လူပန်းတာသာ ရှိချေသည်။
သိပ္ပံပဲ နည်းနည်းပါးပါး ဟုတ်တုတ်တုတ်ရှိ၏။
ဈေးသာကြီးသည်။ ကျောင်းကလည်း စုတ်လိုက်တာခင်ဗျာ။ သားမှာ ကျောင်းတက်ခါစက
အလွန် စိတ်ပျက်လေ၏။ ဖေဖေရာ၊ PISM လောက်တောင် မကောင်းဘူး ဟု ဆို၏။ (PISM ဆိုသည်မှာ မြန်မာပြည်မှာတုံးက
သူတက်ခဲ့သည့် ကျောင်း ဖြစ်လေသည်။) ပထမ သုံးလကုန်သည်ထိ ကျွန်တော် ကျောင်းကို မရောက်ဖူးသေး။
ယခု ဒုတိယ သုံးလအတွက် ပိုက်ဆံသွင်းရင်း AEIS ဖြေဘို့ ခွင့်ရက်ရှည်ယူလို့ရမလားဟု
ကျောင်းအုပ်ကြီးနှင့် သွားတွေ့သည့် အခါမှ ရောက်ဖူးခြင်းဖြစ်လေသည်။ ကျောင်းမှာ မသုံးဘဲအတန်ကြာပစ်ထားသည့်
အဆောက်အဦများနှင့်သာ တူတော့သည်။ ကစားကွင်းမှာလည်း အတော် စုတ်လေ၏။ ဘောလုံးကွင်းမှာ
ရွှံ့များ၊ ရေအိုင်များနှင့်။ ကလေးတွေ ဘယ့်နှာလုပ် ဘောလုံး ကန်ပါမတုံး။
သားကို ကိုယ်ကိုယ်တိုင် စာသင်ပေးချင်လို့ ခွင့်ရက်ရှည်သွားတင်တာလဲမရ။
နင့်သားရက်ရှည်ကျောင်းပျက်ရင် ငါတို့ ICA ကို တိုင်ရလိမ့်မယ် ဟု ခြိမ်းခြောက်လေသည်။
အနို့ သားက သူတို့တင်ပေးသည့် Student Pass ကို ကိုင်ထားသကိုး။ သူတို့ Student Pass
ကို cancel လုပ်လိုက်လို့ နောက်ထပ် Longterm Pass မရတောမှာကို အမျိုးသမီးက တွေးပူသည်။
ပူမယ်ဆိုလည်း ပူလောက်စရာပေကိုး။ သို့နှင့် ကျွန်တော်လည်း စိတ်ပျက်လက်ပျက်နှင့် ပြန်ခဲ့ရပြန်၏။
(၄)
ဟိုတစ်နေ့က ကိုနေမျိုးမောင်လာတော့ ကျွန်တော့်သားကိစ္စ ပြောပြသည်။
သူက ခင်ဗျားသားကိစ္စ ခဏထားပါဦး။ ဟေ့လူ၊ ခင်ဗျားသားတုံးကဟာလေး ပြောပြလိုက်စမ်းပါဗျာ
ဟု သူ့မိတ်ဆွေကို တိုက်တွန်း၏။
စိတ်ရှုပ်ရှုပ်ရှိလို့ မြစ်ကမ်းသွားထိုင်ပါတယ်။ သပွတ်အူတွေ
မျောလာတာမြင်ရ ဟူသည့် စကားကဲ့သို့ ကိုယ့်ဒုက္ခ ကြီးလှ အောက်မေ့။ သူပြောပြမှ ပိုဆိုးတော့၏။
သူ့သားက PR ရထားပြီးပြီ။ သို့သော် တော်တော်နှင့် ကျောင်းမရ။
မြန်မာပြည်က ၆ တန်းအောင်လာပြီး သည်မှာ P5 ၀င်ဘို့ ကြိုးစားသည်။ သို့သော် ကလေးက P5 မပြောနှင့်။
P4 တောင် ကောင်းကောင်းမရ။ သည်တော့ P3 ကို တိုးသည်။ ကျောင်းတွေမှာ ကျောင်းဝင်ခွင့်တွေ
တစ်ကျောင်းပြီးတစ်ကျောင်းလိုက်ဖြေသည်။ ပထမနှစ် ကျောင်း ၁၀ ကျောင်းဖြေတာ၊ တစ်ကျောင်းမှ
မရ။ ဝေလေလေနှင့် တစ်နှစ်ကုန်သွားသည်။ နောက်နှစ် ထပ်ဖြေသည်။ ကျောင်း သုံးကျောင်းဖြေသည့်တိုင်
တစ်ကျောင်းမှ လက်မခံ။
နောက်တော့ ဟိုမေး၊ သည်မေးနှင့် ကျောင်းပေါင်းစုံလိုက်ရှာတော့
ကံအားလျော်စွာ ဘာအမှတ်မှ မကြည့်ဘူး။ နေရာလွတ်ရင် လက်ခံတယ် ဆိုသည့်ကျောင်းသို့ရောက်သည်
ဆို၏။ ထိုကျောင်းက ငါတို့ဆီမှာ Primary အတွက် နေရာလပ်မရှိဘူး။ Secondary က စတက်ချင်ရင်တော့
တစ်နေရာရှိသေးတယ် ဆိုလေရာ ထိုကလေးမှာ နေရင်းထိုင်ရင်း အတန်းများ ကျော်ခွလျက်
Secondary သို့ ရောက်သွားလေတော့သတည်း။ သူနှင့်အတူတူ ကျောင်းဝင်ခွင့်ကြိုးစားကြသည့်
သူငယ်ချင်း များ P5 တက်နေချိန်တွင် သူက ဘာ PSLE မှ မဖြေရပါဘဲနှင့် Secondary 1 တွင်
ငြိမ့်နေလေတော့သည် ဆို၏။ ခုတော့ ITE လား၊ ပိုလီလား တက်နေပြီ ဆိုလား။
လူမစွမ်း နတ်မ ဆိုသည့်စကားမှာ မှန်သည့်အခါ မှန်တတ်လေသည်။
(၅)
မိမိတို့သားသမီးများကို စင်ကာပူတွင်ကျောင်းထားလိုသည့် မိတ်ဆွေများခင်ဗျား
သည်နှစ် AEIS အတွက် ဖြေခွင့်များ လျှောက်လို့ ရနေပါပြီ။ ယခုကတည်းက
ကြိုတင်ပြင်ဆင်ထားကြပါမည့်အကြောင်း စေတနာအပေါင်းနှင့် ကြေငြာမောင်း ခတ်လိုက်ပါသည်။
မေးခွန်းဟောင်းများလိုချင်လျှင် အီးမေးထားခဲ့ပါ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၅ ဇူလိုင်၊ ၂၀၁၆။ ညနေ ၇း၅၀ နာရီ
မှတ်ချက်။ ။
AEIS အကြောင်း ယခင်က အပြည့်အစုံရေးခဲ့ပြီးပြီမို့ ယခု ထပ်မရေးတော့ပါ။ အသေးစိတ် သိလိုသူများ
အောက်ပါ link တွင် ဖတ်နိုင်ပါသည်။
No comments:
Post a Comment