Saturday, May 27, 2023

ကျွန်ုပ်နှင့် Revolut ကတ် အကြောင်း

သားက လူပျိုဖြစ်လာပြီဆိုတော့ ကျွန်ုပ်က သူ့ တိုလီမုတ်စ အသုံးစရိတ်အတွက် သူပိုင် ဘဏ်စာရင်းတစ်ခု ဖွင့်ပေးထားချင်၏။ 

 

ဘဏ်စာရင်းဖွင့်တာ ဘာမှ မခဲယဉ်းပါ။ ဘဏ် website များကနေ online account opening လုပ်လို့ရ၏။ 

ကျွန်ုပ်လုပ်ကြည့်၏မရ။ ဘယ်လိုမှမရ။

 

အဲသဟာနှင့် သားကိုခေါ်ပြီး OCBC ဘဏ်သို့ လူကိုယ်တိုင်သွား၏။ ဘဏ်ကကောင်လေးက အဲ့ငယ် - နင့်သားက ၁၆ နှစ်မှ မပြည့်သေးတာ။ နောက်တစ်လခွဲကြာလို့ ၁၆ နှစ်ပြည့်ရင် ပြန်လာခဲ့ ဆို၏။ 

ကျွန်ုပ်လည်း ပန်လန်လက်လျက် ပြန်ခဲ့ရ၏။

 

သား အသက် (၁၆) နှစ်ပြည့်ပြီး တစ်နေ့တွင် ထို OCBC ဘဏ်သို့ တစ်ခေါက်ထပ်သွားပြန်၏။ 

သည်တစ်ခေါက်ကျတော့ ဘဏ်စာရင်းက (၁၈) နှစ်ပြည့်ပြီးမှ ဖွင့်လို့ရတယ် ဆိုပြန်၏။

ငှယ် - ဟိုတစ်ခေါက်ငါလာတုံးက နီရို့ပဲ (၁၆) နှစ်ပြည့်ရင် ရတယ်ဆို။ နီရို့ဥပဒေက ဒီနေ့တစ်မျိုး၊ နက်ဖြန်တမျိုးလား လို့ ပြောတော့ အဲဒါ မှားပြောလိုက်တာ ဖြစ်ပါလိမ့်မယ်။ (၁၈) နှစ်မပြည့်ဘဲ ဘယ်ဘဏ်မှာမှ အကောင့်ဖွင့်လို့မရဘူး ဆိုသဖြင့် အောင့်သီးအောင့်သက်နှင့် ပြန်လာခဲ့ရပြန်၏။ ယခွမ်း

 

သည်တော့မှ အသက်မပြည့်သေးလို့ အွန်လိုင်းအကောင့် ဖွင့်မရတာမှန်း သိရ။

 

သဟာနှင့် ကျွန်ုပ်လည်း ကျွန်ုပ်ဘဏ်ကတ်တစ်ခု သားကိုပေးကာ သုံးခိုင်းလိုက်၏။ သားကို ဘဏ်ကတ်ပေးပြီး မကြာမီ​ပင် ဘဏ်က ကျွန်ုပ်အကောင့်ကို ပိတ်လိုက်ပြန်ရာ ကျွန်ုပ်မှာ ဝမ်းနှုတ်ဆေးစားထားပြီး အိမ်သာမသွားရသောသူကဲ့သို့ မအီမလည်ကြီး ဖြစ်ရပြန်၏။

 

နောက်တော့ ဆာမယုက ၁၈ နှစ်အောက် ကလေးများအတွက် Revolut ကတ် လုပ်ပေးထားလို့ရကြောင်း ပြောလာ၍ ကျွန်ုပ်လည်း သားဘို့ Revolut ကတ် လုပ်ပေးလိုက်၏။ ကတ်က သူ့နာမည်နှင့်ဆိုတော့ သားက အတော်လေး ပျော် သွား၏။ သားပျော်တော့ ကျွန်ုပ်လည်း ပျော်ရသပေါ့။

 

Revolut ကတ်သုံးရတာ အတော် အဆင်ပြေပါသည်။ အဲလေ သူက ဘဏ်ကတ်မဟုတ်လို့ ATM စက်မှာ ငွေသားတော့ ထုတ်လို့မရ။ ကျန်သည့် ငွေပေးချေမှုများအတွက် သုံးလို့ရ၏။

 

ကိုယ့်ဖုန်းထဲတွင် Revolut App ကို install လုပ်ထားကာ ကိုယ့် Revolut ကတ်ထဲ ပိုက်ဆံဘယ်လောက်ကျန်သေးလဲ ကြည့်နိုင်၏။ ပိုက်ဆံနည်းနေလျှင် မာစတာကတ်နှင့် အလွယ် တကူ ပိုက်ဆံထပ်ထည့်နိုင်၏။ သားက တစ်ခုခုအတွက် သုံးလိုက်လျှင် တောင် ကနဲ အသံမြည်လာကာ ဘယ်အတွက် ဘယ်လောက်သုံးလိုက်သည် ဆိုသည်ကို ချက်ချင်းသိနိုင်၏။ သားကတ်ထဲပိုက်ဆံနည်းနေလျှင် အလွယ်တကူ ထပ်ဖြည့် နိုင်၏။

 

နောက်ပြီး လစဉ် statement လည်း ထုတ်နိုင်သေး၏။ ကိုယ်ထည့်ပေးသလောက်သာ သူတို့သုံးလို့ရသည့်အတွက် ကလေးများ ပိုက်ဆံ အလွန်အကျွံသုံးလိုက်မှာလည်း မပူရ။ 

 

ဤသည်မှာ ကျွန်ုပ် Revolut ကတ် သုံးခြင်းအကြောင်း ဖြစ်သတည်း။

 

၁၈ နှစ်မပြည့်သေးသော အသင်တို့ ကလေးများအတွက်လည်း လုပ်ပေးထားပါက သူတို့ အဆင်ပြေပြေ သုံးလို့ရမည် ဖြစ်ကြောင်း။






အေးငြိမ်း

 

၂၆ မေလ၊ ၂၀၂၃

ဂီယာ (၁)














Wednesday, May 17, 2023

အလုပ်သမားဟူသည် အလုပ်သမားသာဖြစ်သည် ဆိုခြင်း အကြောင်း

အလုပ်သမားဟူသည် အလုပ်သမားသာဖြစ်ဘိ၏။

ကျွန်ုပ်သည် အလုပ်သမားများ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သင်ပေးရသူ ဖြစ်၏။

 

ထိုအထဲတွင် -

စင်ကာပူတွင် မည်ကဲ့သို့ နေရထိုင်ရမည်။

စင်ကာပူတွင် နေသူတို့ လိုက်နာရမည့်စည်းကမ်းများ

စင်ကာပူတွင် အလုပ်လုပ်သူတို့ လိုက်နာရမည့် စည်းမျဉ်းဥပဒေများ

၎င်းတို့ရထိုက်သည့်လခ မည်မျှဖြစ်သည်

အချိန်ပိုဆင်းလျှင် မည်ကဲ့သို့တွက်ရမည်

ဆေးခွင့်၊ လုပ်သက်ခွင့်တို့ မည်မျှရသည်

လုပ်ငန်းခွင် မတော်တဆမှုဖြစ်လျှင် မည်ကဲ့သို့ လျော်ကြေးတောင်းရသည်

စသည့် သိသင့်သိထိုက်သည်များပါ၏။

 

ဒီကနေ့ ဒီမှာ ပြောမဲ့အကြောင်းအရာတွေဟာ အရေးကြီးတယ်။ စင်ကာပူမှာ အလုပ်လုပ်တဲ့သူတွေ သိသင့်သိထိုက်တာတွေကို ပြောပြမှာ ဖြစ်တယ်။

 

စင်ကာပူက တချို့ကုမ္ပဏီတွေဟာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ချိုးဖောက်တယ်။

လခတွေ အပြည့်မပေးတာ၊ အချိန်ပိုကြေးတွေ အပြည့်အဝမပေးတာ။ မတော်တဆမှုဖြစ်ရင် နစ်နာကြေးမပေးတာတွေ ရှိတယ်။ ကိုယ့်လခ ဘယ်လောက်ရတယ်။ အချိန်ပိုကြေးကို ဘယ်လိုတွက်ရတယ်။ မတော်တဆမှုဖြစ်ရင် နစ်နာကြေး ဘယ်လောက်ရတယ် ဆိုတာတွေ ကိုယ်မသိထားရင် ကုမ္ပဏီက လုပ်တိုင်းခံရမယ်။

အဲဒါကြောင့် ကိုယ် ရသင့်ရထိုက်တာတွေကို သိထားသင့်တယ်။

သေသေချာချာ နားထောင်ပါ။ မသိရင်မေးပါ။

 

သင်တန်းမစမီကတည်းက သူတို့ကို သေသေချာချာ ပြောပြပါ၏။

သို့သော် အရာမထင်ပါ။

 

တချို့ကျတော့ စာသင်ခန်းထဲလာတာ စွပ်ကျယ်လက်ပြတ်နှင့်လာ၏။

တချို့ကျတော့ ခုံပေါ်တွင် ပက်လက်ကြီးလှန်ကာ အိပ်နေ၏။

တချို့ကျတော့ ဒူးထောင်ပေါင်ကားနှင့် နေ၏။

 

ငါတို့ကို သိသင့်တာတွေ ပြောပြနေတာ၊ သေသေချာချာ နားထောင်မှဖြစ်မယ်လို့ မတွေး။

ဖုန်းပွတ်နေသည်။ အချင်းချင်း စကားပြောနေသည်။ စပီကာဖွင့်ထားချိန်များ၌ဆို သီချင်းတွေ အကျယ်ကြီးဖွင့်ထားတာ တောင် ကြားရသေးသည်။

 

ကျွန်ုပ်က သူတို့ကို ကျွန်ုပ်၏ ဖေ့စ်ဘုတ်ဖွင့်ပြကာ ဒီနေ့ပြောတာတွေ ဟောဒီစာအုပ်ထဲမှာ အကုန်ပါတယ်။ ဒေါင်းလုပ် လုပ်လို့ရတယ်။ ဟောဒါက ကိုယ် ဗီဒီယိုရိုက်ပြီး ရှင်းပြထားတာ။ ဟောဒီစလိုက်တွေကို ကိုယ့်ဖုန်းထဲမှာ မှတ်ထားလို့ ရတယ်။ တကယ်လို့ ကိုရင်တို့ ကိုယ့်ဖေ့စ်ဘုတ်ကို ရှာလို့မတွေ့ရင်ပြော၊ ကိုယ် link ပေးမယ် ပြောလဲ စိတ်မဝင်စား။

 

မသိတာ၊ နားမလည်တာတွေမေး ဆိုတော့ လာမေး၏။

ကျွန်တော်တို့ ကာကွယ်ဆေး ဘယ်တော့ ထိုးရမလဲ ဟူ၏။

ကိုရင်တို့ ကာကွယ်ဆေး ဘယ်တော့ထိုးရမယ်ဆိုတာ ကိုယ်က ဘယ့်နှာလုပ် သိနိုင်ပါ့မတုံး ကိုယ့်လူရဲ့ ဟု ပြောရ၏။

ဒွတ်ခ။

 

လူဦးရေစစ်ဘို့ တစ်ယောက်ကို ထခိုင်း၏။

ရှေ့ဆုံးတန်း အလယ်မှာ ရှပ်အင်္ကျီအနီရောင်နဲ့၊ ရှာထိုးဦးထုပ် ပြောင်းပြန်ဆောင်းထားတဲ့တစ်ယောက် တဆိတ်လောက် မတ်တပ်ရပ်ပေးပါ . . . ဆိုတော့ ဟိုကြည့်သည်ကြည့် ကြည့်၏။

ကိုယ့်လူ ဘယ်မှကြည့်မနေနဲ့ ကိုရင့်ကို ပြောတာ။ ကိုယ်ဘာဝတ်ထားသလဲ ပြန်ငုံ့ကြည့်။

ဘယ်လိုမှ ပြောလို့မရ။

 

ဟို တီရှပ်အနက်ရောင်နဲ့ ရင်ဘတ်မှာ ယူအက်စ်အေလို့ရေးထားတဲ့တစ်ယောက် . . . စသဖြင့်

 

ကိုယ့်ကိုပြောနေလို့ ပြောနေမှန်းလည်းမသိ။

ကျွန်ုပ် တစ်ခါတစ်ခါ အတော်စိတ်ပျက်မိ၏။

 

သို့သော် ကျွန်ုပ် အဖို့မူ လခအပြည့်ပေးထားသည့်အတွက် ကျွန်ုပ်ပြောသည့် စံနှုန်းကို တစ်ရွေးသားမှ မလျှော့ပါ။ တစ်ယောက်မှနားမထောင်၊ အကုန်အိပ်နေလည်း ပြောမှာသာ ဖြစ်၏။

ပြောဘို့က ကိုယ့်တာဝန်။ နားထောင်တာ မထောင်တာ သူတို့ကိစ္စ။

သူတို့ကို မကြည့်ချင်လျှင် သူတို့ screen ကို minimise လုပ်ထားလိုက်ရုံဖြစ်၏။

 

နားထောင်တာ မထောင်တာ မင်းတို့အလုပ်၊ ကိုယ်ကတော့ ပြောမှာပဲ။

မင်းတို့ ဘာမှ မသိလေ။ ကုမ္ပဏီက ကြိုက်လေပေါ့ကွာ။ အကုန်ဖြတ်မှာ။ ငုတ်စိလေးကျန်တဲ့ထိ ဖြတ်မှာ။

ဒါမှ ‘ရပါတယ်၊ ဘုရားပေးသလောက်ပေါ့ဆိုလည်း အိပ်သာနေကြ’ ဟု ပြောလိုက်၏။

ပြောလည်းနားလည်မည် မထင်။

 

MOM ကတော့ သူတို့ဒါတွေ သိထားလျှင် မတရားအလုပ်ခံရပါက မတရားအလုပ်ခံရမှန်း သိမည် ဆိုကာ ဤသင်တန်း များကို ပိုက်ဆံအကုန်အကျခံကာ လုပ်ပေးတာဖြစ်၏။

သို့သော် အလုပ်သမားဟူသည် အလုပ်သမားသာဖြစ်၏။

ဤ၌ ပြောလိုက်သည်များကို အခွန်း (၁၀၀) ပြော၍ (၁၀) ခွန်း ရမည် မထင်။

 

လိုချင်သူတို့ရမည်။ ပေးနေလျက်သားနှင့်မှ မလိုချင်တာ ဘာလုပ်လို့ရပါမည်နည်း။

 

အေးငြိမ်း

၁၇ မေလ၊ ၂၀၂၃






Thursday, May 11, 2023

Rolling Resistance

သင်တို့ စက်ဘီးစီးဖူးကြပါလိမ့်မည်။

 

စက်ဘီးစီးသည့်အခါ -

တာရာ လေနည်းနေသည့်အခါ နှင့်

တာရာကို လေအပြည့်ဖြည့်ထားသည့်အခါ -

အားစိုက်ရပုံခြင်း၊ အနှေးအမြန်ကွာခြားခြင်းတို့ကို အသင်တို့ သတိပြုမိပါလိမ့်မည်။

 

ဤသည်မှာ rolling resistance ကြောင့် ဖြစ်သတည်း။

 

စက်ဘီးပေါ် လူတက်စီးလိုက်သည့်အခါ မြေကြီးနှင့်ထိနေသော တာယာအပိုင်းသည် အနည်းငယ် ပြားသွား၏။  စက်ဘီးကိုနင်း၍ ရွေ့သွားသည့်အခါ လည်နေသည့်ဘီးမှ မြေကြီးနှင့်ထိနေသည့်အပိုင်းမှာ ဆက်တိုက် ပြားလိုက်သွား၏။

ဤသို့ တာယာသည် ဖောင်းလိုက်ပြားလိုက် ဆက်တိုက်ဖြစ်နေရာ ကြာသော် အပူထွက်လာ၏။

ဤနည်းဖြင့် rolling resistance သည် ဘီးလည်ပတ်မှုကို အနှောက်အယှက်ဖြစ်စေ၏။ အမြန်နှုန်းကို လျော့ကျစေ၏။

တစ်နည်းအားဖြင့် Rolling resistance သည် ဘီးလည်ပတ်မှုကို ဟန့်တားထားသည့် အားတစ်ခုဖြစ်၏။ သို့အတွက် အကယ်၍သာ rolling resistance ကို လျှော့ချနိုင်ပါက ကားများတွင် ဆီစားသက်သာ သွားမည်။ စက်ဘီးစီးသူတို့အဖို့ စက်ဘီးနင်းရာတွင် အားစိုက်ရပိုသက်သာသွားမည်။

 

အမြန်နှုန်းကို လျော့ကျစေသည့် အကြောင်းများတွင် ဘီးနှင့် လမ်းမျက်နှာပြင်တို့အကြား လမ်းချော်မှု (slippage)၊ လမ်း၏ အခြေအနေ (ကတ္တရာလမ်း၊ မြေလမ်း၊ ကျောက်ကြမ်းလမ်း၊ သဲလမ်း စသည်)၊ တာယာအခြေအနေ (ပန်းကောင်း သည့်တာယာ၊ ဟောင်းနေပြီဖြစ်၍ ပန်းများ မရှိတော့သည့် တာယာ စသည်)၊ ဘယ်ရင်ပွတ်အား စသည့်အချက်များလည်း ပါ၏။

 

Rolling resistance ဟူသည် တာယာပုံပြောင်းခြင်းကြောင့် ဖြစ်လေရာ သံလမ်းပေါ်တွင် သံဘီးများဖြင့် ပြေးနေသည့် ရထားဘီးများ၌ ပုံပြောင်းခြင်းသည် ပြောပလောက်အောင် မရှိလေရကား စွမ်းအင်သုံးရတာခြင်းတူလျှင် ရထားသည် ကားထက် ဝန်ပိုဆွဲနိုင်လေသည်။ (ရထားစက်ခေါင်းတစ်ခုတည်းက တွဲပေါင်းများစွာကို ဆွဲသွားနိုင်ခြင်းမှာ ဤသဘောပင် ဖြစ်၏။)

 

Rolling resistance တွင် အဓိကအကြောင်းတစ်ချက်မှာ Hysteresis ဖြစ်၏။ ၎င်းမှာ လမ်းကြောင်းပေါ်၌ တာယာလိမ့် သွားသည့်အခါ ဖြစ်ပေါ်လာသည့် စွမ်းအင်ဆုံးရှုံးမှု ဖြစ်၏။ ထိုစွမ်းအင်ဆုံးရှုံးမှုကို အင်ဂျင်စွမ်အားဖြင့် ကျော်လွှားနိုင်၏။  

 

Rolling resistance ကို ဖျောက်ဖျက်ပစ်၍မရသည့်တိုင် အနည်းဆုံးသို့ လျှော့ချနိုင်၏။ အပူထုတ်လုပ်မှုဒဏ်ကို ခံနိုင်သည့် တာယာအမျိုးအစား ရွေးချယ်ခြင်း၊ ပုံပျက်ခြင်းအနည်းဆုံးဖြစ်စေရန် တာယာဒီဇိုင်းရေးဆွဲခြင်း စသည့် နည်းများဖြင့် Rolling resistance ကို လျှော့ချနိုင်၏။ Rolling resistance နည်းသော တာယာများသည် သမားရိုးကျ တာယာများထက် ဆီစားပိုသက်သာ၏။ ထို့ကြောင့် ကားပိုင်ရှင်များသည် တာယာထုတ်လုပ်သူများထံ Rolling resistance နည်းသည့် တာယာများကို ရွေးချယ်မှာယူနိုင်၏။

 

ပြိုင်ကားများတွင် Rolling resistance နည်းစေရန် တာယာအချင်းကို လျှော့ချ၊ ဗျက်ကို ပိုကြီးထားပေး၏။

အောက်တွင် စက်ဘီးတာယာတစ်ခု၏ တည်ဆောက်ပုံကို ပြထားပါသည်။

 


ထို့ကြောင့် ကား/ထွန်စက်/စက်ဘီးစသည့် တာယာများကို Rolling resistance နည်းစေရန် လေဖြည့်သည့်အခါ မှန်မှန်ကန်ကန် လေဖြည့်ရန် လို၏။ ကား/စက်ဘီးတာယာများကို လေပေါင်မည်မျှဖြည့်ရမည်ကို တာယာပေါ်တွင် ရေးထားပါသည်။

 

စက်ဘီးပြင်ဆိုင်များအပါအဝင် စက်ဘီးစီးသူအများစုသည် မိမိစက်ဘီးကို မည်မျှ လေဖြည့်ရမည် မသိကြ။ ကျွန်ုပ်၏ စက်ဘီးတာယာ tyre inflation pressure မှာ 40 psi – 60 psi ဖြစ်၏။ ကျွန်ုပ်က 45 psi လောက်ဖြည့်၏။

ယခု စက်ဘီးလေထိုးတံများတွင် ဖိအားပြမီတာပါ ပါသဖြင့် အဆင်ပြေပါသည်။

 

ဤသည်မှာ Rolling resistance အကြောင်း အကျဉ်းမျှဖြစ်သတည်း။

 

အေးငြိမ်း

၁၀ မေလ ၂၀၂၃


Tuesday, May 9, 2023

မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ခြင်း










စင်ကာပူမှ သာလာယံဇရပ်ကလေးများ အကြောင်း

စင်ကာပူမှ တိုက်ကြိုတိုက်ကြားများတွင် သာလာယံဇရပ်ကလေးများရှိ၏။

ထိုသာလာယံဇရပ်ကလေးများကို မျိုးစုံ အသုံးချ၏။

ထို့ကြောင့်ပင်လျှင် ၎င်းတို့ကို multi-purpose hall ဟု ခေါ်၏။ ဘက်စုံသုံးခန်းမ ဟု ဆိုရမည်လားမသိ။


ကျွန်ုပ်တို့ တိုက်အောက်တွင်လည်း ဤဇရပ်ကလေးမျိုး တစ်ခု ရှိ၏။

ထိုင်ခုံများကို သေသေချာချာစီလျှင် လူ (၁၀၀) ခန့် ဆန့်၏။

ထို့ထက်လူများလျှင်လည်း ပြဿနာမရှိပါ။ ဤဇရပ်ကလေးဘေးမှ ကွက်လပ်ကို ရွက်ဖျင်တဲများထိုးလျက် စားပွဲ၊ ထိုင်ခုံများ ချနိုင်သေး၏။

 

ကျွန်ုပ်တစ်ခု သတိထားမိသည်မှာ ဤဇရပ်ကလေးများတွင် -

တရုတ်လူမျိုးတို့သည် အသုဘအခမ်းအနားကို ကျင်းပကြ၏။

မလေးလူမျိုးတို့သည် အာဝါဟ ဝိဝါဟ မင်္ဂလာဆောင်ခြင်းအမှုကို ပြုကြကုန်၏။

အိန္ဒိယလူမျိုးတို့သည် ဒီပါဝလီစသည့် အခါကြီးရက်ကြီးများတွင် ဘာသာရေးဆိုင်ရာ အခမ်းအနားများ ပြုလုပ်ကြ၏။

 

နေ့ခင်းနေ့လယ်များတွင် မူကြိုကျောင်းမှ ကလေးငယ်များ ကစားခုန်စားနေတာ တွေ့ရ၏။

သောကြာနေ့ ညနေပိုင်း ၆ နာရီလောက်ဆိုလျှင် အဖွားကြီးများ၊ အသက်ကြီးပိုင်း အမျိုးသမီးကြီးများ၊ သက်လတ်ပိုင်း တချို့တို့ ဆောင်းဘောက်နှင့် သီချင်းများဖွင့်ကာ အေရိုးဗစ်ကစားကြ၏။ ၎င်းတို့ထံမှထွက်ပေါ်လာသည့် “ဟေး” ကနဲ အော်သံမှာ ဆွဲဆောင်မှုရှိလှ၏။

ကိုဗစ်ကာလ အစိုးရက ပြည်သူများကို နှာခေါင်းစည်းများ ဝေပေးသည့်အခါ ဤဇရပ်ကလေးများတွင် ဝေပေး၏။

 

ဤနေရာတွင်ပင် ကလေးများသည် စကိတ်စီးကြ၏။

ကန်မကလေးများသည် ကြက်တောင်ရိုက်ကြ၏။

နေ့ခင်းပိုင်းများတွင် အဖိုးကြီး အဖွားကြီးတို့သည် အတင်းတုတ်ကြ၏။

အဖွားကြီး လေးငါးဦးစုလျက် တိုက်ချိချွမ်ကစားနေသည်ကိုလည်း တွေ့နိုင်၏။

 

ထူးဆန်းသည်မှာ ဤဇရပ်ကလေးများတွင် -

တရုတ်လူမျိုးတို့ မင်္ဂလာအခမ်းအနား ကျင်းပသည်ကို မတွေ့ရ။

မလေးလူမျိုးတို့ အသုဘအခမ်းအနား ကျင်းပသည်ကို မတွေ့ရ။

အိန္ဒိယလူမျိုးတို့မူ မင်္ဂလာအခမ်းအနားရော၊ အသုဘအခမ်းအနားပါ ကျင်းပသည်ကို မတွေ့ရခြင်း ဖြစ်၏။

 

ကြေးမောင်းကလေး နောင် နောင် နောင် နောင် နှင့် ဗုံသံကလေး တဗုံဗုံတီးပြီး ယောမိသောဘော စသည့် တရုတ်ဘုန်းကြီးများ ရွတ်ဖတ်သံကြားရပြီဆိုလျှင် တရုတ်အသုဘ ဖြစ်ကြောင်း သိရ၏။

 

ဆောင်းဘောက်ကြီးများနှင့် သီချင်းများ ဖွင့်ထားလျှင် မလေးမင်္ဂလာဆောင် ဖြစ်ကြောင်း သိနိုင်၏။

 

တရုတ်အသုဘချရာတွင် အချို့မှာ ခမ်းခမ်းနားနား ချ၏။ သေပြီးနောက် နောက်ဘဝတွင် စည်းစိမ်ဥစ္စာများ ခံစားရစေနိုင်ရန် ရည်ရွယ်ချက်ဖြင့် အိမ်၊ ကား၊ အစေခံ နှင့် လူ့အသုံးအဆောင်ပစ္စည်း အရုပ်ကလေးများကို တည်ခင်းပြသထား၏။ ပိုက်ဆံသိပ်မရှိသူများ၏ အရုပ်ကလေးများမှာ သိပ်မများလှ။ ပိုက်ဆံချမ်းသာသူများကမူ ထိုအရုပ်များကို အမျိုးစုံအောင် တခမ်းတနား၊ ကြီးကြီးကျယ်ကျယ် ပြသကြလေ၏။

 

ပိုက်ဆံသိပ်မရှိသူများက ရွှေစက္ကူ၊ ငွေစက္ကူများကို စည်ပိုင်းပြတ်များအတွင်းထည့်ကာ မီးရှို့ကြ၏။ ပိုက်ဆံရှိသူများကမူ သံဇကာဖြင့် ယက်လုပ်ထားသော ခြင်းကြီးအတွင်း များလှစွာသော စက္ကူများထည့်ကာ ဟုန်းဟုန်းထနေအောင် မီးရှို့ကြ၏။

 

မလေးမင်္ဂလာဆောင်မှာ တမျိုးဆန်း၏။

စင်မြင့်ပေါ်တွင် သတို့သား၊ သတို့သမီးတို့ထိုင်နေပြီး အောက်တွင် ဧည့်ခံပွဲကြွလာသူတို့ကို အကျွေးအမွေးဖြင့် ဧည့်ခံ၏။ သတို့သား၊ သတို့သမီးတို့ထိုင်နေရာ ရှေ့တည့်တည့် အလယ်၌ လမ်းတစ်ခုလုပ်ထားပြီး သိုင်းကသကဲ့သို့ တစ်ယောက်ပြီး တစ်ယောက် ကပြအသုံးတော် ခံကြ၏။ ညနေပိုင်းတွင်မူ ကာရာအိုကေ ဆိုကြ၏။ ၎င်းတို့ဝတ်သော အဝတ်များမှာ ပိုးဖဲ ကဲ့သို့ အပြာတောက်တောက်၊ အနီတောက်တောက်၊ အစိမ်းတောက်တောက်၊ မရမ်းရောင် တောက်တောက် အရောင်များ ဖြစ်၏။

 

ကျွန်ုပ် စောကြောမိသည်မှာ -

တရုတ်တို့သည် ဤနေရာတွင် အသုဘချ၏။

မလေးတို့သည် ဤနေရာတွင်ပင် မင်္ဂလာဆောင် အခမ်းအနား ကျင်းပ၏။

ကျွန်ုပ်တို့ မြန်မာများအနေနှင့် အသုဘချထားခဲ့သည့်၊ အလောင်းပြင်ထားခဲ့သည့် မဏ္ဍပ်ထဲ၌ မင်္ဂလာဆောင် အခမ်းအနား ပြုရဲကြပါမည်လော ဆိုသည်ကို ဖြစ်၏။

 

ဥပမာ - ဆိုကြပါစို့။

ရွာတစ်ရွာတွင် မဏ္ဍပ်တစ်ခု ထိုးထားလျက် ထိုမဏ္ဍပ်အတွင်း၌ပင် အသုဘလည်းချ၊ မင်္ဂလာလည်းဆောင်ခြင်းကို ပြုရဲကြပါမည်လော။ ပြုဘို့ စိတ်သန့်ကြပါမည်လော။

ကျွန်ုပ်ကတော့ သိပ်မထင်ပါ။

မြန်မာတို့သည် အယူသီး၏။ (အားလုံးတော့လည်း ဟုတ်ချင်မှ ဟုတ်ပါမည်။)

သို့သော် ထိုအယူသီးသည့် လူတန်းစားထဲ၌ လူ့ဂွစာကျွန်ုပ် မပါပါ။

 

ဘုရားပေါ် မိန်းမ မတက်ရ ဆိုတာတို့ -

မိန်းမဝတ်သည့် ထမိန်ကိုင်မိရင်ပဲ ဘုန်းနိမ့်တယ်တို့ -

လူမိန်းမထက် ခွေးထီးက ပိုမြတ်တယ်တို့ -

လှေကားအောက်၊ ကြိုးတန်းအောက်ကို မဝင်ရဆိုတာတို့ -

 

စသည့်စကားလုံးများကို အမေမွေးကတည်းက ကျွန်ုပ်အဘိဓာန်မှ အပြီးတိုင် ဖယ်ရှားထားခဲ့တာ ဖြစ်၏။

 

သူတို့က အသုဘဆိုသည့် အခမ်းအနားကို မယူ။ အဆောက်အဦကိုပဲ ယူတာဖြစ်၏။ မင်္ဂလာဆောင်ရာနေရာ ဆိုတာကို ယူတာမဟုတ်။ အဆောက်အဦကိုပဲ ယူတာဖြစ်၏။

 

အသုဘချရာနေရာအဖြစ်သုံးလိုက်ခြင်းဖြင့် ထိုနေရာသည် ယုတ်နိမ့်မသွား။

ဘာမင်္ဂလာအခမ်းအနားကြီး ကျင်းပလိုက်ခြင်းအားဖြင့် ထိုနေရာသည် ဘုန်းကံကြီးမား မသွား။

နေရာသည် နေရာသာဖြစ်လျက် ဘုန်းနိမ့်သည် ဘုန်းမြင့်သည်ဆိုသည်မှာ လူတို့က သတ်မှတ်ထားတာသာ ဖြစ်၏။

အကယ်၍ ဘုန်းနိမ့်တယ် ဆိုပါစို့။

ဘုန်းနိမ့်တယ် ဆိုတာ ဘာပါနည်း။

ဘုန်းနိမ့်ခြင်းအားဖြင့် မည်ကဲ့သို့သော မကောင်းမှုများ ဖြစ်လာပါသနည်း။

 

အကယ်၍ ဘုန်းမြင့်တယ် ဆိုပါစို့။

ဘုန်းမြင့်တယ် ဆိုတာ ဘာပါနည်း။

ဘုန်းမြင့်ခြင်းအားဖြင့် မည်ကဲ့သို့သော ကောင်းကျိုးများ ဖြစ်လာပါသနည်း။ အများပြည်သူကို မည်ကဲ့သို့ အကျိုးပြုသွား ပါသနည်း။

 

ဤသည်မှာ ကျွန်ုပ်၏ အလွန်ဂွကျလှသော အယူအဆဖြစ်လျက် သင်တို့ ကြိုက်ရမည်ဟု မဆိုလို။

လူတိုင်း ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ကြိုက်နိုင်ခွင့်ရှိ၏။

 

မိတ်ဆွေတို့သည် မဟုတ်က၊ မဟတ်က အစွဲအလမ်းများကို ဖယ်ရှားပစ်နိုင်သူများ ဖြစ်ပါစေသောဝ်။

 

အေးငြိမ်း

၉ မေလ၊ ၂၀၂၃