(၁) ကွမ်းယာဆိုင်များ ပိတ်စေ
. . . . . . . . . မြို့နယ်မှ ထုတ်ပြန်သည့်စာ
သို့
ဦး/ဒေါ် . . . . . . .
ကွမ်းပစ္စည်း/ကွမ်းယာဆိုင်
. . . . . . . . . . ရပ်ကွက်
. . . . . . . . . . မြို့
အကြောင်းအရာ။ ။ ကွမ်းယာဆိုင်များ ရောင်းချခွင့် ပိတ်သိမ်းမည်ဖြစ်ကြောင်း
ကြိုတင် အသိပေးအကြောင်းကြား ခြင်း
. . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . .
သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်သည့် ကွမ်းပစ္စည်းနှင့်
ကွမ်းယာဆိုင် ဖွင့်လှစ်ရောင်းချခြင်း လုပ်ငန်းအား လျှော့ချ၍ အခြားအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ
ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ပါရန် နှင့်
. . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . .
လုပ်ငန်းလိုင်စင်မရှိဘဲ ဆိုင်ဖွင့်လှစ်ရောင်းချပါက
စည်ပင်သာယာရေးအဖွဲ့များ ဥပဒေပုဒ်မ ၆၇၊ ပုဒ်မခွဲ (ဆ) အရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း
. . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . .
++++++++++++++++++++++++++
နေပြည်တော်မှစာ
ကွမ်းယာဆိုင်များ ရောင်းချခြင်းကို ပိတ်ပင်နေသည့်
လုပ်ဆောင်ချက်များ နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ် ၀န်ကြီးချုပ်များသို့ ညွှန်ကြားချက်ထုတ်ပြန်
နေပြည်တော်၊ ဇွန်လ ၁၄ ရက်
ကွမ်းစားသုံးခြင်းသည် ပြည်သူတစ်ရပ်လုံး၏
ကန်းမာရေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေနိုင်သည့်အပြင် စည်းကမ်းမဲ့
ကွမ်းတံတွေးထွေးမှုများကြောင့်း ပတ်ဝန်းကျင် ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေနိုင်သဖြင့်
ကွမ်းစားသုံးမှု ကျဆင်းပပျောက်ရေးအတွက် အမြန်အကောင်အထည်ဖော်ရမည့်အချက်များကို ရည်ညွှန်းချက်
(၁) ပါ စာဖြင့် အကြောင်းကြားခဲ့ပါသည်။
. . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . .
ပြည်သူလူထုအား အခွင့်အာဏာ အသုံးချ၍ ခြိမ်းခြောက်ခြင်း၊
အနိုင်အထက် ပြုမူခြင်းများသည် . . . . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . ဥပဒေစိုးမိုးရေးကို ကရုဏာတရားဖြင့် ယှဉ်၍ လုပ်ကိုင်ဆောင်ရွက်ကြရန်
လမ်းညွှန်ချက်နှင့် ဆန့်ကျင်နေပါသည်။ . . . . . . . . .
ဟူး . . တော်ပါသေးရဲ့။
(၂) ရာဇ၀င်ထဲမှာ ကွမ်းယာကို ထားခဲ့
မြန်မာတို့ယဉ်ကျေးမှုတွင် ကွမ်းယာစားသုံးခြင်းသည်လည်း
တစ်ခုအပါအ၀င်ဖြစ်၏။
အကယ်တန္တု ကွမ်းစားခြင်းအလေ့အထသည် မနေ့တစ်နေ့ကမှ
ထပေါ်လာသည့် ခေတ်ပေါ်အလေ့အထတစ်ခုမဟုတ်မူ၍ ဟိုး ရှေးဘုရင်များလက်ထက်ကတည်းက စားခဲ့ကြတာ
ဖြစ်၏။ နှစ်ပေါင်း ရာနှင့်ချီစားလာခဲ့သည့် ကွမ်းသည် ယခင်အခါ ကာလများက ဘာပြဿနာမှမပေါ်။
ယခုခေတ်ကျမှ အစိုးရက ၀င်ရောက်စွက်ဖက်ယူရသည်ထိ ဖြစ်လာခဲ့သည်မှာ ရာဇ၀င် ရိုင်းလှပေစွ။
မာမာအေးသီဆိုခဲ့သော ရ၀ိန္ဒု ဒသန - နေလပြတဲ့
မင်္ဂလာအညီ၊ ကန္ဒ၀စ္ဆ - နားကိုသခြင်း ပြုပါသည် စသည့် မင်္ဂလာ (၁၂) ပါး သီချင်းကို မိတ်ဆွေတို့
နားဆင်ကြဖူးပါသည်။ ထို မင်္ဂလာ (၁၂) ပါးတွင် တမ္ဘုလပတ္တ - ကွမ်းခွံ့မင်္ဂလာ လည်းပါ၏။ (ကျွန်တော်ကတော့ မင်္ဂလာ (၁၂) ပါးမှာ
ဟိန္ဒူယဉ်ကျေးမှုမှ ဆင်းသက်လာသည် ထင်ပါသည်။ ကွမ်းခွံ့မင်္ဂလာ၊ နေလပြ မင်္ဂလာနှင့် နတ်ပြသည့်မင်္ဂလာတို့ကို
ဗုဒ္ဓဘာသာအယူအဆဟု မထင်ပါ။ ကျွန်တော်ထင်တာ မှားကောင်းမှားနိုင်ပါသည်။)
ထို့ကြောင့် ကွမ်းယာကို ရှေးမြန်မာတို့
မည်မျှ အမြတ်တနိုးထား စားသုံးကြကြောင်း ခန့်မှန်းနိုင်ပါသည်။
အမှန်ဆိုရလျှင် ကွမ်းနှင့်ပတ်သက်သည့် စာစကား၊
အထောက်အထားများ မြန်မာသမိုင်းတွင် အတော်များများ တွေ့ရသည်။ ပါးစပ်ရာဇ၀င်ပဲဆိုဆို၊ ပုဂံသမိုင်းပဲပြောပြော
ပုပ္ပားကိုပန်းသွားခူးရင်း ဘီလူးမနှင့်ညားသည့် ဗျတ်တအကြောင်း၊ ငါ့မြေးတော်များ မလိမ်မိုးမလိမ်မာရှိလှသည်။
ရွှေဖော့ရိုးနှင့်ရိုက် ဆုံးမစေ ဆိုသည်ကို လည်မြိုကို တုတ်တိုနှင့်နှက်သဖြင့် သေရသည်ဆိုသော
ရွှေဖျဉ်းညီနောင်အကြောင်း မိတ်ဆွေတို့ သိပါသည်။ သည်ပုံပြင်တွင် လူသတ်ကုန်းပေါ် ရောက်နေတာတောင်
ကွမ်းတရာ၊ ရေတမှုတ်စားချင်သေးသည့်အတွက် ချစ်သူ ကိုဗျတ်ဝိကို အင်မတန်ချော၊ အင်မတန်လှသည့်
မအိုဇာက ကွမ်းယာသွားပေး ရသည့်အကြောင်းလည်း ပါ၏။
ဆိုတော့ ဗျတ်ဝိဗျတ္တတို့ ခေတ်ကတည်းက ပုဂံမှာ
ကွမ်းစားခြင်းအလေ့အထ ရှိနေခဲ့ပြီ ဖြစ်၏။ အဲလေ၊ ဗျတ်ဝိ၊ ဗျတ္တတို့က သူတို့နဲ့အတူတူ ကွမ်းတွေယူလာလို့
စ စားတာလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့နော။ အဲသလိုသာဆို ကွမ်းယာအစ၊ ဗျတ်ဝိက လို့တောင် ဆိုလို့ရပေလိမ့်ဦးမည်။
တခါကလည်း ကွမ်းနှင့်ပတ်သက်လို့ ပြဿနာ တက်ခဲ့ဖူးသေး၏။
ရခိုင်ဘုရင် မင်းထီး ဆို ထင်ပါရဲ့။
ဘုရင်မင်းထီးက ပြည်သူကို တရားနှင့်အညီ အုပ်စိုးသည်။
သူထုတ်ထားသည့် ဥပဒေကို သူကိုယ်တိုင် လေးစားလိုက်နာသည် ဆို၏။
သူရို့ခေတ်တုံးကလည်း အတော် ကွမ်းစားကြတာ
ဖြစ်မည်။
ကွမ်းယာသည့်အခါ ထုံးဘူးမှထုံးကို လက်ညှိုးနှင့်ကော်ကာ
ကွမ်းရွက်ကိုသုတ်သည်။ လက်ညှိုးတွင် ပေနေသည့် ထုံးများကို ရှင်းရန် နန်းတော်တိုင်များသို့
သုတ်ကြလေတော့ နန်းတော်တိုင်များမှာ ထုံးသုတ်ရာတွေနှင့် ပွစာတက်နေသည် ဆို၏။
ထိုအခါ ဘုရင်က နန်းတော်တိုင်များကို ထုံးမသုတ်ရ၊
ထုံးသုတ်သည့်လက်ညှိုးကို ဖြတ်စေ ဟု အမိန့်ထုတ်သည်။
များမကြာမီ နန်းတော်တိုင်တွင် ထုံးသုတ်ရာတစ်ခုတွေ့လေ၏။
ကိုင်း၊ ထုံးသုတ်တဲ့သူကို ခေါ်ခဲ့စမ်း၊ ငါကိုယ်တော်မြတ်ကိုယ်တိုင်
လက်ညှိုးကိုဖြတ်ပြီး အပြစ်ပေးတော်မူမယ်။
မှန်လှပါ။ အရှင်မင်းတရားကြီးကိုယ်တော်တိုင်
ရက္ခိုင်သက္ကရာဇ် ဘယ်နှစ်ခုနှစ်၊ ဘယ်လ၊ ဘယ်ရက်၊ ဘယ်အချိန်မှာ ကွမ်းယာပြီး နန်းတော်တိုင်ကို
သုတ်ခဲ့ကြောင်း ကျွန်တော်မျိုးကြီး မှတ်တမ်းတင်ထားကြောင်းပါ ဘုရား။
ဟိုက်ရှာလပတ်ရည်။ သလိုဖြင့် ငါ့ဟာငါပဲ ဖြတ်ရတော့မပေါ့
ဆိုကာ သူ့လက်ညှိုးကိုသူ ဖြတ်တောက် အပြစ်ပေးခဲ့သည်ဟု ဖတ်ရှုရဖူးပါသည်။
သဟာနှင့်မျှ မပြီးသေး။
ကွမ်းတံတွေးထွေးမှုကြောင့် အကြီးအကျယ် ပြဿနာတက်ခဲ့သော
ကိစ္စတစ်ခု မြန်မာရာဇ၀င်တွင် ရှိခဲ့ဖူးသေး၏။
တစ်ခါသော် ရာဇသင်္ကြန်အမတ်ကြီး လမ်းလျှောက်လာစဉ်
သီဟသူမင်းသား နောက်ကပါလာသည်ကို သတိမထားမိသဖြင့် အင်္ကျီလက်မသိမ်းမိ။ ထိုအခါ မင်းသားက အမတ်ကြီး၏
အင်္ကျီလက်ကို ကွမ်းသွေးဖြင့် ထွေးလိုက်သည်။ အမတ်ကြီးက မင်းသားလာသည်ကို မမြင်မိပါဆိုသည့်တိုင်
စိတ်မပြေ။ အမတ်ကြီးလည်း မှတ်ထား၍ ကွမ်းသွေးစွန်းပေသော အင်္ကျီကို သေတ္တာတွင်း၌ သိမ်းထားလေသည်။
အမှန်တွင် သီဟသူမင်းသားက အကြီးဖြစ်၍ နန်းရထိုက်၏။
သို့သော် သူက ရာဇသင်္ကြန်အမတ်ကြီးကို ကွမ်းသွေးဖြင့် ထွေးပြီး စော်ကားထားသောကြောင့် အမတ်ကြီးက
နရသီပတေ့ကို နန်းရအောင် အကြံအဖန်လုပ်ပေးလိုက်သည်။ နရသီဟပတေ့ ကလည်း ကျေးဇူးဆပ်ပါမည်
ဆို၏။
နရသီဟပတေ့ မင်းဖြစ်လာသော် မေ့လျော့ပြီး
အမတ်ကြီးကို မချီးမြှောက်မိ။ ရာဇသင်္ကြန်လည်း စိတ်နာသည်နှင့် ပန်းကပ်ပဲ့ကို ဆောင်၍ နန်းတော်သို့
တက်၏။ (ပန်းကပ်ဟူသည်မှာ ကွမ်း၊ ပန်းထည့်သော အသုံးအဆောင် ကွမ်းအစ်ကို ဆိုလိုသည်။ ပန်းကပ်ပဲ့ဟူသည်
မကောင်းတော့သော၊ ပျက်စီးနေပြီဖြစ်သော၊ ပဲ့ရွဲ့နေသည့် ပန်းကပ်ကို ဆိုလိုသည်။)
မင်းကြီးက - အဖိုးရာဇသင်္ကြန်၊ အဘဲ့ကြောင့်
ပန်းကပ်ပဲ့ကို စားသနည်း ဟု မေး၏။
အရှင့်သား၊ ပန်းပွတ်သည် သားမြေးတို့ ကောင်းစားနေသည်ဖြစ်၍
ပန်းပွတ်မည့်သူမရှိသောကြောင့် ပန်းကပ်ပဲ့ကို စားရပါသည် ဟု ဖြေ၏။ (ဆိုလိုသည်မှာ နရသီဟပတေ့၏
မိခင်မှာ မြစ်သာရွာသူ၊ ပန်းပွတ်သည်၏ သမီးဖြစ်၏။ ပန်းပွတ်သည်၏မြေး ဘုရင် ဖြစ်နေသဖြင့်
ပန်းပွတ်သည်တို့ ပန်းမပွတ်တော့ ဟု အမျိုးကို ထိခိုက်၍ ဆိုခြင်းဖြစ်လေသည်။)
မင်းကြီးလည်း နှလုံးနာသည်ဖြစ်၍ အဖိုး၊ ရာဇသင်္ကြန်၊
ဘုရားစေတီများကို ထီးတင်သောအခါ အသို့တင်သနည်း။
အရှင့်သား ငြမ်းဖြင့်တင်ပါသည်။
ထီးအထက်သို့ရောက်သော် ငြမ်းကို အသို့ပြုသနည်း။
အရှင့်သား၊ ငြမ်းကိုဖျက်မှ တင့်တယ်ပါသည်။
အိမ်း၊ ငါကား ထီးနှင့်တူ၏။ အမတ်ကြီးကား
ငြမ်းနှင့်တူ၏။ ငါသည်မင်းဖြစ်၍ အထက်သို့ရောက်ပြီ။ ငြမ်းနှင့်တူသော အမတ်ကြီးကိုဖျက်မှ
တင့်တယ်တော့မည် ဆိုကာ ရာဇသင်္ကြန်ကို စည်းစိမ်မှနှုတ်၍ ဒလသို့ ပို့လေ၏။
ဤသည်မှာ ကွမ်းသွေးကြောင့် တက်ရသော ပြဿနာ
ဖြစ်လေသည်။
မြန်မာရာဇ၀င်တွင် ကွမ်းနှင့်ပတ်သက်သော အမှတ်အသားများ
တော်တော်များများ ရှိလေသည်။
ထိုအထဲတွင် စကားတောင်စားလည်း တစ်ယောက်အပါအ၀င်ဖြစ်၏။
မြို့ဝန်ရုံးတက်သွားရာ၌ နောက်တော်ပါးကလိုက်ပါလာသည့်
ကွမ်းအစ်ကိုင် စကားတောင်စားကို မြို့ဝန်က ငါ့ဆီက ကျသမျှ အကုန်ကောက်ခဲ့ဟု မှာထားလေရာ
စကားတောင်စားလည်း မြင်းချေးယို၍ ပါချလိုက်သော ချေးတုံးများကို ကွမ်းအစ်ထဲသို့ ကောက်ထည့်ခဲ့သည်
ဆို၏။ မြို့ဝန်က စာရွက်စာတမ်း စသည်တို့ဆိုလိုသည်။ အကုန်ကောက်ခဲ့ဟူသောစကားကို ကပ်ဖဲ့ကာ
စကားတောင်စားက မြင်းချေးပါမကျန်ကောက်ခဲ့ခြင်းဖြစ်၏။
မြန်မာမင်းများလည်း အတော်ကွမ်းကြိုက်သည်ထင်၏။
သူတို့သွားလေရာ ကွမ်းအုပ်ဆောင်သွားသည်။ သည်ကွမ်းအုပ်ကိုင်ဘို့ ကွမ်းရေတော်ကိုင်ဟု ရာထူးတောင်ပေးထားပါသေး။
(ကွမ်းရေတော်ကိုင်ဆိုတာ ကွမ်းအုပ်ကိုင်တဲ့သူကို ဆိုလိုတယ် ထင်ပါရဲ့၊ မှားရင် ပြင်ပေးကြပါ။)
အောင်မယ်၊ ကွမ်းတောင်ကိုင်ဆိုတာ နှယ်နှယ်မှတ်လို့။
ရွာမှာ အလှဆုံးလည်းဖြစ်၊ အကျင့်စာရိတ္တလည်းကောင်း၊ မျိုးရိုးလည်း ကောင်းသူကိုမှ ရွေးတာဖြစ်သည်။
ကွမ်းတောင်ကိုင်ဆိုလို့ ခင်ခင်ထူးရဲ့ မအိမ်ကံကိုလည်း သတိရမိပါရဲ့။
ဒါ့ပြင် ကွမ်းကို စာတွေထဲမှာတောင် တခမ်းတနား
ထည့်သွင်းစပ်ဆိုကြ၏။
တောင်တွင်းရှင်ငြိမ်းမယ်၏ မောင့်ကိုလွမ်းတော့
အိုင်ချင်းတွင် -
ဘကိုလွမ်းလည်း၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊
သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့်၊ ပြေဖူးငဲ့ရှင်။
မောင်ကလေး၊ မောင့်ကိုလွမ်းတော့၊ သောက်တော်ရေချမ်း၊
စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့်၊ မပြေပါလို့၊ သောက်တော်ရေအိုး၊
ကျွမ်းထိုးကောင်နှယ်၊ အပျိုဖြူ ငယ်နှမမှာလ၊ ကြုံရတယ်ရှင်။ ။ - ဟု စပ်ဆိုခဲ့ပါသည်။
ဦးယာ၏ အိပ်ပျော်ရာမှ အဲချင်းတွင် -
ကွမ်းရေငယ်မှ နှင်းဆီ၊ သုံးတတ်ပြီဘဲ၊ မောင့်ဆီကိုသာ၊
တ-မျှော်ခွေလိပ်၊ အနိုင်မှိတ်လို့၊ အိပ်ပျော်ရာမှာ - စသဖြင့် ဖွဲ့ခဲ့၏။ အောင်မယ် ကွမ်းတံတွေးများ
နှင်းဆီပန်းရောင်နဲ့တောင် နှိုင်းထားပါသေး။
နောက် ကွမ်းကဗျာတစ်ပုဒ်ကတော့ ဘယ်သူရေးမှန်း
ဘယ်ခေတ်ကပေါ်ခဲ့မှန်း မမှတ်မိတော့။ သို့သော် ခပ်ငယ်ငယ် ကျောင်းသားဘ၀က အလွတ်ကျက်ခဲ့တာဆိုတော့
ခုထိ ပါးစပ်ထဲမှာ အလွတ်ရတုံး။
တံတားဦးက ကွမ်းနုဝါ၊ ငမြာကဆေး
ကွမ်းသီး တောင်ငူနှင့်၊ ကိုင်းထုံးဖြူ ပြည်ရှား
သာ ၀ါးလို့ထွေး။
(၃) ရှေးမြန်မာတို့နှင့် ကွမ်းယာ
ကျွန်တော်ငယ်ငယ် ရွာမှာနေခဲ့တုံးက ကြီးဒေါ်များ၊
အဖွားများနှင့် အတူနေခဲ့တာဖြစ်၏။ ထိုစဉ်က အရီးတို့၊ အမေကြီးတို့ ကွမ်းထည့်စားသည့် ကွမ်းအစ်ကြီးကို
ခုထိမြင်ယောင်နေမိပေသေး၏။ ကြေးနှင့်လုပ်ထားတာဖြစ်ပြီး ကြေးအစ်ကြီးထဲတွင် နှစ်အံထပ်ထည့်ထားသည်။
နှစ်အံအောက်တွင်မတော့ နေရာအတော်များများ လပ်နေသည်။ ထိုလပ်နေသည့်နေရာတွင် ကွမ်းများထည့်သည်။
ဒုတိယအံထဲတွင် ဆေးရွက်ကြီးများ ထည့်သည်။ အပေါ်ဆုံးအံတွင် ကွမ်းညှပ်နှင့် ကွမ်းသီးစိတ်များ
ထည့်သည်။ ကွမ်းသွေးထွေးဘို့လည်း ကြွေရေသုတ် ထွေးခံကြီးလည်းရှိ၏။ ဧည့်သည်များလာလျှင်
ထိုကွမ်းအစ်ဖြင့် ဧည့်ခံသည်။
အိမ်တော်တော်များများမှာလည်း ကွမ်းအစ်ရှိ၏။
ကွမ်းစားကြ၏။ အလှူမင်္ဂလာဆောင်များတွင်လည်း ကွမ်းဖြင့်ဧည့်ခံသည်သာ ဖြစ်၏။ သို့သော် သူတို့စားတာ
ဘာပြဿနာမှ မကြားခဲ့ရ။ မကြားဆို သူတို့ကွမ်းထဲတွင် ဘာမှ သိပ်ထွေထွေထူးထူးမပါ။ ကွမ်း၊
ကွမ်းသီး၊ ထုံး၊ ဆေး။ သည်မျှသာဖြစ်၏။ နောက်ပြီး ကွမ်းကို အရမ်းကာရော စားတာမဟုတ်။ အရသာခံလို့
ရရုံ။ အပျင်းပြေ စားကြတာဖြစ်၏။ အဖွားကြီးတွေဆို ကွမ်းသီးမ၀ါးနိုင်လို့ သံဆုံထဲ ထည့်ထောင်းပြီးတောင်
စားကြသေးသည်။
သည်ဘက်ခေတ်တွင် ကွမ်းနှင့်ပတ်သက်၍ စပ်ဆိုထားသည်များထဲမှ
ဆရာကြီး သခင်ကိုယ်တော်မှိုင်းအကြောင်း ဖွဲ့ဆိုထား သည့် ဆရာတင်မိုး၏ကဗျာကို ကြိုက်သည်။
ကွမ်းအစ်တလုံး၊ ယောင်တထုံးနှင့်
ရင်ဖုံးအင်္ကျီ၊ ဖျင်ပင်နီနှင့်
ရင်ဖုံးအင်္ကျီ၊ ဖျင်ပင်နီနှင့်
ယောထည်ပုဆို၊ မင်ကြောင်ထိုးနှင့်
အဖိုးက၀ိပညာရှိ။
နောက်ပြီး သုမောင်ကလည်း ကျွန်တော်တို့သည် ကွမ်းစားကြ၏။ အရေလည်းမရ၊
အဖတ်လည်းမရပါဟု စာအုပ်ကြော်ငြာတွင် ရေးခဲ့သော ကွမ်းစကားစာအုပ်လည်း ထွက်ခဲ့၏။ စာအုပ်ကြော်ငြာသာ
ဖတ်မိပြီး စာအုပ်ကိုတော်တော်နှင့် မဖတ်ဖြစ်ပါ။ စာအုပ်ကို ကွမ်းစကား ဟု နာမည်တပ်ထားသော်လည်း
ကွမ်းစားခြင်းအကြောင်းကိုသော်လည်းကောင်း၊ ကွမ်းအကြောင်းကို သော်လည်းကောင်း ရေးထားခြင်းမဟုတ်။
ကွမ်းစကားဟု နာမည်တပ်ရခြင်းမှာ သူရေးသော စာပုံသဏ္ဍာန်နှင့် ပိုဆိုင်သည်။ ကွမ်းစကား အမှာစာ၌
-
စာဖတ်ပရိသတ်အချို့နှင့် စာပေဝေဖန်ရေးဆရာအချို့က (ဒါဟာ ၀တ္ထုတိုလည်းမဟုတ်၊
စာညွန့်လည်း မဟုတ်၊ ဆောင်းပါးလည်းမဟုတ်၊ စာတမ်းငယ်လည်း မဟုတ်၊ အတ္ထုပ္ပတ္တိလည်းမဟုတ်
. . . ) မည်သည့်စာစုမျိုးတွင် အကျုံးဝင်သနည်းဟု မေးခွန်းထုတ်ကြပါသည်။ ထိုအခါ ကျွန်တော်က
ကျွန်တော့်စာစုတွေကို ကျွန်တော်က ကွမ်းစားသလို ၀ါးသလိုရေးတာပါ ဟု ပြန်ဖြေ၏။ -
ဟု ဤစာအုပ်ကို ကွမ်းစကားဟု အမည်ပေးရခြင်းအကြောင်း အကျယ်တ၀င့် ရှင်းထား၏။
ကွမ်းနှင့်ပတ်သက်သောစာအုပ်များ စာပေဗိမာန်က
ထုတ်ခဲ့သည်ဟု ခပ်ရေးရေးမှတ်မိပါသည်။ သို့သော် ဘယ်စာအုပ်များ ဖြစ်သည်။ ဘယ်တုံးကထုတ်ဝေခဲ့သည်ဆိုသည်ကို
ကောင်းကောင်းမမှတ်မိတော့ပါ။ ကျွန်တော်ငယ်စဉ်က စာပေဗိမာန် စာအုပ်များကို လစဉ်မှာယူခဲ့ရာ
စာအုပ်တော်တော်များများ ရှိခဲ့ဖူး၏။ သို့သော် ကျွန်တော်တို့ကျောင်းတက်ရတာ တစ်နေရာထဲ
မဟုတ်။ ဟိုပြောင်း သည်ရွှေ့နှင့်။ စာအုပ်များလည်း ဘယ်ရောက်ကုန်သည်မသိ။ အကုန် ပျောက်ပျက်ကုန်သည်။
နှမြောစရာ ကောင်းလှပါဘိ။ အထူးသဖြင့် လေးမျက်နှာအိမ် ဖျက်လိုက်တော့ ဖြစ်သည်။
ကျွန်တော်တို့နေခဲ့သည့် လေးမျက်နှာက င၀န်မြစ်ပေါ်တွင်ရှိသည်။
နှစ်တိုင်း မြစ်ကမ်းပါးပြိုသည်။ လေးမျက်နှာမှလူများမှာ တခြားအလုပ်ထက် အိမ်ပြောင်းအိမ်ရွှေ့လုပ်ရသည့်အလုပ်က
ပိုများသည်ဟုပင် ထင်ပါသည်။ သည်လိုနှင့် ကျွန်တော်တို့ စာအုပ်များမှာလည်း သင်္ခါရတရားကို
မလွန်ဆန်နိုင်။ ပျောက်ပျက်ကုန်ကြရသည်။ လေးမျက်နှာမှ ရေဆင်းသို့ပြောင်းလာတော့ ကျွန်တော်အိမ်မှာမရှိ။
ဖောင်ကြီးသင်တန်းတက်နေသည်။ မမတို့ သူတို့ဘာသာ သူတို့ ဖောင်ဖျက်လာကြတာဖြစ်သည်။ စာအုပ်ဆိုလို့
တစ်အုပ်မှတောင် ပါမလာဟု ထင်ပါသည်။ ပါတောင် အနည်းအကျဉ်းလောက်ပဲ ပါပါလိမ့်မည်။ ရေဆင်းမှ
ရန်ကုန်သို့ပြောင်းလာကြတော့ အများဆုံးပစ္စည်းများမှာ စာအုပ်များဖြစ်၏။ ပီနန်အိတ်ကြီးနှင့်
(၇) လုံးရှိသည်။ အခြား ကြီးကြီးမားမားပစ္စည်းဆိုလို့ ကုတင်နှင့် အိမ်ထောင်ပရိဘောဂ အနည်းငယ်သာ
ဖြစ်၏။
အဲလေ၊ ကွမ်းအကြောင်းပြောရင်းကနေ စာအုပ်တွေအကြောင်းရောက်သွားတယ်။
ဆောရီး။
(၄) သည်ဘက်ခေတ် ကွမ်းယာ
ကွမ်းယာဆိုတော့ ကျွန်တော့်ဘ၀တွင် ယနေ့တိုင်
မှတ်မိနေသေးသော ကွမ်းယာနှင့်ပတ်သက်သည့် အဖြစ်အပျက်ကလေး တစ်ခုလည်း ရှိခဲ့ပါသေး၏။
ကျွန်တော်ရေဆင်းရောက်တော့ အသက် ၂၈ နှစ်။
စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာများနှင့် သိပ်မပေါင်းဖြစ်။ စိုက်ပျိုးရေး သုတေသနက လူပျိုသိုးကြီးများနှင့်
အဖွဲ့ကျသည်။ ကျောင်းရောက်တော့ ကျောင်းများပိတ်ထားသဖြင့် ဘာမှ အလုပ်မရှိ။ သည်တော့ သူတို့နှင့်
လဖက်ရည်ဆိုင်ထိုင်သည်။ ညနေ တခါတလေ အရက်လိုက်သောက်ဖြစ်သည်။ အရက်က အမြဲသောက်ဖြစ်တာမဟုတ်။
ညနေတိုင်လျှင် သူတို့မသွားမနေနိုင် အမြဲသွားသည့်နေရာမှာ ကွမ်းယာဆိုင် ဖြစ်၏။ ထားပါတော့
နာမည်တော့။ သူတို့ အဲသည်ဆိုင်သွားလျှင် ကျွန်တော်လည်း သူတို့နှင့်အတူ လိုက်နေကျဖြစ်၏။
သို့သော် ကွမ်းယာဝယ်လို၍ သော်လည်းကောင်း၊ ကွမ်းစားချင်၍သော်လည်းကောင်း မဟုတ်။ သက်သက်
အလုပ်မရှိ၍ ဖြစ်၏။
တစ်နေ့တော့ ထိုဆိုင်မှအမျိုးသမီးက မဆီနှင့်မဆိုင်
ကျွန်ုပ်ဘက်လှည့်ကာ ခင်ဗျားနော်၊ သူတို့နဲ့ပေါင်းတာ ကြည့်ပေါင်း။ ခင်ဗျားက ကျောင်းဆရာ
ဟု အသားလွတ် ခွပ်လေသည်။ ကျွန်တော်က လက်ထောက်ကထိက၊ သူက ကွမ်းယာရောင်းသူ။
နောက်ပြီး သူတို့နဲ့ကြည့်ပေါင်းပြောရအောင်
ကျွန်တော့်မိတ်ဆွေများမှာ တစ်ယောက်မှ ကလေကချေမပါ။ အားလုံး အရာရှိကြီးများ၊ အရာရှိပေါက်စနများချည်းဖြစ်သည်။
ရင်ထဲ အတော်အောင့်သွားသော်လည်း ကျွန်တော်
ဘာမှ ပြန်မပြောခဲ့ဟု မှတ်မိပါသည်။ နောက်တော့ သူ့ဆိုင်ကို ကျွန်တော် သိပ်မလိုက်ဖြစ်တော့။
ကိုအောင်လှိုင်တို့၊ ကိုထွန်းရွှေတို့ လဖက်ရည်ဆိုင်လောက်ရောက်သည့်အချိန်ကျမှ လိုက်သွားသည်။
အောင်မယ်၊ ကွမ်းယာရောင်းတယ်ဆိုပြီး အထင်မစမောလိုက်ပါနှင့်ခင်ဗျား။ ကျွန်တော်တို့လို
ပြန်တမ်းဝင်အရာရှိပေါက်စန လခများလောက်တော့ ပျင်းတောင်ပျင်းသေးသည်။
တခါကလည်း ဟင်္သာတတွင် စိုက်ပျိုးရေးမှ အရာရှိမမတစ်ယောက်ကို
ကွမ်းယာရောင်းသည့် အမျိုးသမီးက အစ်မရယ်၊ ဒီ မဖြစ်စလောက်လခလေးနဲ့ လုပ်မနေစမ်းပါနဲ့။
ကျွန်မတို့လို ကွမ်းယာရောင်းစမ်းပါ ဟု ပြောလေရာ အရာရှိမမမှာ အနာပေါ် တုတ်ကျလျှက် ဟင်၊
နင့်ကွမ်းယာကို ငါ၊ အခုချက်ချင်း ထရောင်းလို့ရတယ်။ ငါ့ရာထူးကို နင်လိုချင်ပါတယ်ဆိုလို့
အခုချက်ချင်း ရနိုင်မလား ပြောစမ်းဟု ကက်ကက်လန် ရန်တွေ့လိုက်ရာ ဟိုခမျာ ဇက်ကလေးပုသွားရသည်ဟု
ကြားဖူးလေသည်။
ကျွန်တော်ထင်တာပြောရလျှင် ကွမ်းယာကို လူငယ်လူကြီးတို့
အသည်းအသန် စားလာကြတာ ၈၈ အရေးအခင်းနောက်ပိုင်းမှ ဖြစ်မည် ထင်ပါသည်။ ဘာကြောင့်လဲတော့
မသိပါ။ ကျွန်တော်တို့ ကျောင်းသားဘ၀က ကွမ်းယာယဉ်ကျေးမှုမှာ သည်မျှ မထွန်းကားသေး။ ခုတော့
သူတို့ကွမ်းစားတာက ကွမ်းကိုကြိုက်လို့ စားရုံမဟုတ်တော့ဘဲ (လူကြီးတွေပြောသလို) အရူးစား၊
အပေါစား စားခြင်းဖြစ်၏။ ကျွဲစား၊ နွားစား စားခြင်းဖြစ်၏။ ကွမ်းကို ဘူးလိုက်ဆောင်ထားကာ
တစ်ယာမကုန်မီ နောက်တစ်ယာကို ထိုးထည့်ပြီး အဆက်မပြတ်စားခြင်းဖြစ်၏။
ကျွန်တော့်မိတ်ဆွေကိုသောင်းတန်ဆိုလျှင်
ဘယ်နေရာရောက်လိုက်၊ ရောက်လိုက် ကွမ်းယာဆိုင်ကိုသာ ဦးစွာရှာလေသည်။ စကားပြောလျှင် ကွမ်းယာပလုပ်ပလောင်းနှင့်။
ဤသည်ကို ကျွန်တော်က နည်းနည်းမှမကြိုက်။ ကိုမိုးဦးဆိုလျှင်လည်း ပင်နင်ဆူလာကပြန်တော့မည်ဆိုလျှင်
ကွမ်းကို တစ်ပတ်စာ အထုပ်လိုက် သယ်သွားလေ့ရှိ၏။
ကျွန်တော့်အမျိုးသမီး၏ ညီမ၏ ယောက်ျား၏ အစ်ကို
(ဘယ်လိုစပ်ရမှန်းတောင်မသိတော့) မှာ ကွမ်းကြောင့် ပါးစောင်ကင်ဆာ ဖြစ်ကာ ပါးများပဲ့ကျလျှက်
များမကြာမီကာလက အသက်ဆုံးပါးခဲ့ဖူးလေသည်။ မိမိတို့ရှေ့မှာ မိမိတို့ မောင်ဖွားတစ်ယောက်လုံး
ကွမ်းဖြင့် အသက်သေခဲ့ရသည့်တိုင် သူ့အိမ်သားများမှာ ကွမ်းကို မဖြတ်နိုင်။ ယခုထိ အသည်းအသန်စားတုံး
ဖြစ်၏။ သိပ်မကြာ ခင် နောက်တစ်ယောက် ကင်ဆာဖြစ်ရန် သေချာနေပါသည်။
ကျွန်တော်တို့ တစ်မိသားစုလုံး၊ တစ်ယောက်မှ ကွမ်းမစား၊ ဆေးလိပ်မသောက်ပါ။
ရန်ကုန်မှ ကျွန်တော်တို့အိမ်တွင် မည်သည့် ဧည့်သည်ကိုမှ ကွမ်း၊ ဆေးလိပ်များဖြင့် ဧည့်မခံပါ။
ကွမ်းစားတတ်၊ ဆေးလိပ်သောက်တတ်သည့် ဧည့်သည်များကိုလည်း အပြင်၌သာ စား/သောက် စေပါသည်။ မည်သို့မှ မထင်ပါနှင့်။
ကျွန်တော်တို့အိမ်လာလျှင် ကျွန်တော်တို့စည်းကမ်းကို လိုက်နာရ ပါမည်။ အရက်သောက်လာသူများကိုလည်း
လက်မခံပါ။
(၅) နိဂုံး
ကွမ်းစားခြင်းကို လုံးဝဖြတ်ရမည်ဟု မဆိုလို။
ဥပဒေဖြင့် ကွမ်းမရောင်းရ။ ကွမ်းစားသူများကို ထောင်ချမည်ဟု လုပ်မှာကိုလည်း မလိုလားပါ။
အလွန်အကျွံမဖြစ်အောင် ထိန်းရန်သာ လိုပါသည်။ ပြည်သူလူထုကို ထိထိရောက်ရောက် ပညာပေးရန်
လိုပါသည်။ ထို့ပြင် ကွမ်းယာထဲထည့်စားသည့် အန္တရာယ်ဖြစ်စေသော ပေါက်တတ်ကရဆေးများကိုလည်း
ထိန်းချုပ်ရန် လိုပါသည်။ ဤသည်တို့မှာ မူးယစ်စေတတ်သည့်ဆေးဝါးများဖြစ်လျှင် မူးယစ်ဆေးဝါးဥပဒေဖြင့်
ထိန်းချုပ်လို့ရနိုင်ပါသည်။
နောက်ပြီး ကွမ်းယာရောင်းသည့်ဆိုင်များကို
လိုင်စင်လုပ်ခိုင်းပါ။ သူတို့ကိုလည်း ပညာပေးသင်တန်းများ တက်ခိုင်းပါ။ အသက် (၁၈) နှစ်အောက်
ကလေးများကို အရက်၊ ဆေးလိပ်၊ ကွမ်းယာရောင်းခြင်းကို ကန့်သတ်ပိတ်ပင်ပါ။ ဤသည်ကိုမှ မလိုက်နာလျှင်
အရေးယူပါ။
ကွမ်းတံတွေးထွေးသည့်ကိစ္စကိုမူ ကွမ်းသွေးသာမက
အခြား မည်သည့်အမှိုက်မှ မပစ်ရ။ တံတွေကို တွေ့ကရာမထွေးရစေရန် လုပ်ပါ။ ဥပဒေထုတ်ပါ။ မိလျှင်
ပြတ်ပြတ်သားသား အရေးယူပါ။ အရေးကြီးသည်မှာ တရားဥပဒေစိုးမိုးရေးနှင့် လူအများ ဥပဒေကို
လေးစားလိုက်နာလာကြရန် ဖြစ်ပါသည်။ ဤကဲ့သို့ ဥပဒေအသက်ဝင်လာရန်မှာ တရားဥပဒေစိုးမိုးရေးကို
လက်တွေ့ အကောင်အထည်ဖော်နေသူ ၀န်ထမ်းများအပေါ် များစွာ မူတည်နေပါသည်။ လိုင်းကြေးယူပြီး
သုံးလုံးဒိုင်တွေကို ဖွင့်ခွင့်ပေး ထားခြင်းမျိုးဆိုလျှင်တော့ ဥပဒေပေါင်း နှစ်သိန်းခုနစ်သောင်းလောက်
ထုတ်ထားလဲ မောင်ထုတ်သာ ဖြစ်ပါလိမ့်မည်။ ဘာမှ ထူးလာလိမ့်မည် မဟုတ်ပါ။
လူကြီးတွေကလည်း လူငယ်တွေအတွက် စံနမူနာပြဖြစ်အောင်
နေပြပါ။ ကိုယ်ကိုယ်နှိုက်က ဆေးလိပ်သောက်နေလျှင် ကိုယ့်သားသမီးကို ဆေးလိပ်မသောက်အောင်
မည်ကဲ့သို့ ဆုံးမပါမည်နည်း။ ကိုယ်ကိုယ်နှိုက်က ကွမ်းစားနေလျှင် ကိုယ့်သားသမီးကို ဘယ့်နှယ်လုပ်
ကွမ်းမစားအောင် သွန်သင်ပါမည်နည်း။
လူငယ်များအား သူတို့နေချင်သလို နေပါစေ။
သို့သော် ဘောင်ကျော်မသွားပါစေနှင့်။ ဆုံးမစရာရှိလျှင် ဆုံးမပါ။ နားလည်အောင် ပြောဆိုဆုံးမဘို့လိုပါသည်။
ကြိုက်လို့စားသည်ဆိုလျှင်ပင် ကွမ်းယာကို
ထိန်းထိန်းသိမ်းသိမ်း စားနိုင်သူများဖြစ်ကြပါစေသတည်း။
ပက်ကနဲ တွေ့ကရာကို ကွမ်းသွေးထွေးသူများ
မဖြစ်အောင် မိမိကိုယ်မိမိ၊ မိမိအသိနှင့်မိမိ ထိန်းနိုင်ကြသူများ ဖြစ်ကြပါစေကုန်သတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၉ ဇွန်လ၊ ၂၀၁၆။ ၁း၀၁ နာရီ
No comments:
Post a Comment