Friday, May 25, 2018

မြန်မာပြည်မှ နိုင်ငံခြားပို့ကုန်များအကြောင်း

(၁)

သည်ကနေ့ (24/5/2018) စင်ကာပူမှ The Straits Times သတင်းစာတွင် အသက် (၁၃) နှစ်သာရှိသေးသည့် မြန်မာ မိန်းကလေးကို အိမ်အကူလုပ်သား (FDW - Foreign Domestic Worker) အဖြစ် တင်သွင်းလာသည့် အေးဂျင့်နှစ်ခုကို ဖမ်းဆီးလိုက်ကြောင်း သတင်းပါလာ၏။ အသက်မပြည့်သူကို FDW အဖြစ် တင်သွင်းလာသည့် ပထမဆုံး အမှုလည်း ဖြစ်၏။ မြန်မာတို့ကား ပထမစွဲချေပြီ။

ထိုစင်ကာပူအေးဂျင့်နှစ်ခုမှာ Vista Employment Services နှင့် Casa Employment Specialist တို့ဖြစ်၏။ မြန်မာအိမ်အကူ မိန်းကလေးနှစ်ဦးမှာ နော်လှစန်း နှင့် ထက်ထက်ဖြိုးဝေ တို့ ဖြစ်၏။ ထိုမိန်းကလေးနှစ်ဦးကို မြန်မာပြည်ပြန်ပို့ရန် MOM က အေးဂျင့်များသို့ အမိန့်ထုတ်လိုက်သည်။ အနှီမိန်းကလေးနှစ်ဦးမှာ နောင်တွင် စင်ကာပူမြေသို့ ခြေချခွင့် မရတော့ပြီ။ ထိုအကြောင်း ကို မြန်မာသံရုံးသို့လည်း သတင်းပို့ထားပြီးဖြစ်၏။

စင်ကာပူနိုင်ငံတွင် အိမ်အကူလုပ်သား (FDW) အဖြစ်အလုပ်လုပ်ရန် အသက် (၂၃) နှစ်ပြည့်ရမည်။ ၂၀၀၅ ခုနှစ်မတိုင်မီက အသက် (၁၈) နှစ်ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှစကာ အသက် (၂၃) နှစ်ဟု ပြင်လိုက်ခြင်း ဖြစ်ပါသည်။

ယခု စင်ကာပူအေးဂျင့်နှစ်ခုမှာ ဒဏ်ငွေ ၅၀၀၀ သို့မဟုတ် ထောင် ၆ လ သို့မဟုတ် ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်လုံး ချခံရနိုင်ပါသည်။   

(၂)

မြန်မာပြည်မှ အိမ်အကူမိန်းကလေးများ စင်ကာပူသို့ နေ့ရှိသရွေ့ ရောက်လာနေသည်။ အဘယ်ကဲ့သို့ သိသနည်း။ ကျွန်ုပ်မှာ အိမ်အကူမိန်းကလေးများ (တခါတလေ ယောက်ျားလေးများလည်းပါသည်။ ဤကား စကားချပ်) စင်ကာပူ ရောက်ရောက်ချင်း မည်ကဲ့သို့ နေထိုင်၊ လုပ်ကိုင်ရမည့်အကြောင်း သင်ကြားပေးရသော သင်တန်းဆရာ ဖြစ်နေသောကြောင့်တည်း။ ဤသင်တန်း တက်ရောက်အောင်မြင်ပြီးမှ အလုပ်လုပ်ခွင့် Work Permit ထုတ်ပေးတာဖြစ်သည်။ စနေနေ့များဆို အုံလိုက်ကျင်းလိုက် ရောက်လာတတ်၏။

စာသင်နားချိန်တွင် ထိုမိန်းကလေးများအား ဘယ်အရပ်ကနည်း ဟု တီးခေါက်ကြည့်၏။ အများစုမှာ ချင်းပြည်နယ်နှင့် ဧရာဝတီ တိုင်းက ဖြစ်၏။ ဧရာဝတီတိုင်းက ကရင်နှင့်မြန်မာ ဆတူနီးပါးလောက်လာသည်။ ရခိုင် တစ်ယောက်စ နှစ်ယောက်စ ပါသည်။ အညာဘက်ကလာသူ ခပ်ရှားရှားဖြစ်၏။ ရှမ်းပြည်မှ ကြိုကြားကြိုကြားလာသည်။

အချို့ရုပ်ကလေးများမှာ အတော်နုသည်။ အသက် ၂၃ နှစ်ပြည့်ပုံမပေါ်။ သို့သော် ပတ်စ်ပို့စာအုပ်ထဲတွင်မတော့ ၂၄ နှစ် ဖြစ်နေ လေသည်။

အချို့မှာ ကိုယ့်နာမည်ပင် ဖြောင့်အောင်မရေးတတ်။ ကိုင်ထားတာကတော့ ဆယ်တန်းအောင်လက်မှတ်။ ဒါနဲ့ ကျွန်တော်လည်း ကိုင်း၊ ဒါဆို ဟောဒါလေးတွေ ဖြေကြည့်စမ်းပါဟု ဉာဏ်စမ်းပုစ္ဆာအချို့နှင့် ဂဏန်းသင်္ချာ အနည်းငယ် မေးလိုက်သည်။ သူဖြေထားတာကြည့်ပြီး အတော်လေး သေချင်စိတ်ပေါက်သွားသည်။ (ပုံတွင်ကြည့်ပါ) 


သို့သော် ကျွန်တော်ကတော့ ဘာမှတ်ချက်မှ မပေးလိုက်ပါ။ ရုံးကိုတော့ သူ ဆယ်တန်းအောင်တယ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ဟု ပြောလိုက်သည်။ ရုံးကတော့ ငါတို့ကတော့ သူကိုင်ထားတဲ့အောင်လက်မှတ်ပဲ ကြည့်တယ် ဆို၏။ ကျွန်တော် ဘာမှမလုပ်ချင်ပါ။ သူတို့ စင်ကာပူ ရောက်လာဘို့ ဘယ်လောက်တောင် ရင်းခဲ့ရသလဲ မသိ။ ကိုယ့်ကြောင့် ဒုက္ခရောက်ရမည်ကို ကျွန်တော် မလိုလားပါ။ MOM က မိသွားရင်တော့လည်း ဘာတတ်နိုင်မတုံး။

ကျွန်တော်ကတော့ သူတို့ကို ဘယ်လိုနေကြ၊ ဘယ်လိုလုပ်ကြဟဲ့ ဟု (သူတို့သင်ရိုးထက် အပိုဆောင်းကာ) အပင်ပန်းခံ၊ သေသေချာချာ ကျကျနန ရှင်းလင်းပြောပြပါသည်။ ကိစ္စရှိလျှင် ဖုန်းဆက်ရန် ကျွန်တော့်ဖုန်းနံပါတ်လည်း ပေးလိုက်၏။ အနို့ ကျွန်တော်တတ်နိုင်တာ ဒါပဲရှိသည်။ ဒီ့ပြင် ဘာများတတ်နိုင်ပါမည်နည်း။

(၃)

ပြောချင်သည်မှာ မြန်မာအစိုးရကို ဖြစ်၏။

၂၀၁၄ ခုနှစ်မှစကာ နိုင်ငံခြားသို့ မြန်မာအိမ်အကူလုပ်သားများသွားခြင်းကို ပိတ်ပင်လိုက်သည်။ (စာရွက်ထဲမှာ ပိတ်တာဗျ။ လေဆိပ်ရောက်ရင်တော့ ကိုယ့်ဘာသာ ကျုပ်ကျက်လိကြပေါ့နော။)

တားလည်း ထွက်နေကြတဲ့အတူတူ ဘာဖြစ်လို့ ဖိလစ်ပိုင်လို မလုပ်သနည်း။ ဆန်မရှိ၊ေ-ာက်စားကြီး ဆိုသည့်စကားပုံကို ရှေးလူကြီးများက မြန်မာအစိုးရအတွက် ရည်စူး၍ ထားခဲ့တာ ဖြစ်မည်။

ထို ပိတ်သည်ဆိုသည့် လူကြီးများကို ကျွန်ုပ်က လော်ကြီးဖြင့် အော်မေးလိုက်ချင်ပါသည်။

ဟေ့လူတွေ၊ ခင်ဗျားတို့ပဲ မိတ်တွေပို့တာ ပိတ်ထားတယ်ဆို။ သဟာဖြင့် ဘယ့်နှာကြောင့် မဟာရန်ကုန် ရွှေမြို့တော်က မိတ် အေဂျင်စီတွေကို လွှတ်ထားသတုံး။

ဟာကွာ၊ တောကကောင်မလေးတွေ စားဝတ်နေရေး အဆင်ပြေပါစေတော့ရယ်လို့ ငါတို့က စေတနာနဲ့ပါကွ။

ဒါဖြင့်လည်း အဲဒီ ပိတ်တယ်ဆိုတာကြီး ပြန်ရုပ်သိမ်းလိုက်ပြီး ဖွင့်လိုက်ပါလားဗျ။

အာ၊ ဒါကတော့ ဟို အဲ အဟဲ၊ ဒီကိစ္စတွေ မင်းမသိပါဘူးကွာ။

အနည်းဆုံးတော့ ဘာတွေ ဘယ်လိုလုပ်ရမယ်ဆိုတာလောက်တော့ သေသေချာချာလေးဖြစ်သွားအောင် အဲသည့်ဟာတွေကို သင်တန်းလေးဘာလေး ပေးပက်ပြီးမှ လွှတ်ပါလားဗျ။

မင်းပြောသလို အဲသလောက် မလွယ်ဘူးလကွ။ ကိုယ့်ဘာသာ စင်ကာပူမှာ အေးအေးနေစမ်းပါ ငါ့လူရာ။

ရန်ကုန်တွင် အိမ်အကူသင်တန်းကျောင်းဖွင့်ပါ။ သင်တန်းခန်းများကို စင်ကာပူမှ အိမ်ခန်းများအတိုင်း တသဝေမတိမ်း ပြင်ဆင်ပါ။ စင်ကာပူတွင်သုံးကြသည့် အိမ်အသုံးအဆောင်များ (ဖုန်စုပ်စက်၊ အဝတ်လျှော်စက်၊ ထမင်းပေါင်းအိုး၊ မီးပူ၊ ဂက်စ်မီးဖို၊ အဲယားကွန်း စသည်) ဖြည့်ဆည်းထားပါ။ ထိုပစ္စည်းများကို မည်ကဲ့သို့ သုံးရမည်ကို mop တိုက်တာကအစ သင်ပေးပါ။ ဖြစ်နိုင်လျှင် သူတို့ပြောသည့် ဒေသိယ အသုံးအနှုန်းများကိုပါ သင်ပေးပါ။ အင်္ဂလိပ်လို အချင်းချင်း ပြောခိုင်းခြင်းဖြင့် လေ့ကျင့်ပေးပါ။

ဤကဲ့သို့သာ စင်ကာပူမလာခင် သူတို့ကို ကျကျနနပြင်ဆင်ပေးပါက ပြဿနာများ အတော်လျော့သွားမည်။

နောက်တစ်ခုမှာ အသက်လိမ်သည့်ကိစ္စ၊ ပညာအရည်အချင်းလိမ်သည့်ကိစ္စများကို ပြတ်ပြတ်သားသား အရေးယူသင့်သည်။ ငါတို့ ပိတ်ထားတာပဲကွ။ မင်းတို့ဟာမင်းတို့ ညာတာပါတေးနဲ့ထွက်နေတာ ငါတို့နဲ့ဘာဆိုင်လို့တုံး ဟု မျက်နှာလွဲ ခဲပစ်စကား မဆိုပါလင့်။ ဟလို၊ ဟိုဆရာကြီး။ ခင်ဗျားပြောတော့ အိမ်ထောင်ဦးစီးဆိုဗျ။ အိမ်ထောင်ဦးစီးတစ်ယောက်လုပ်နေပြီး ကိုယ့်သားသမီးတွေ လုပ်ချင်တိုင်း လုပ်နေတာ ပစ်ထားရသလားဗျာ။

ထိုအသက်နှင့် ပညာရေးကို ညာနေသည့်အထဲတွင် အစိုးရဌာနများလည်း တာဝန်မကင်း။ ဟို နိုတြီပတ်ဘလစ် ဆရာကြီးများ ကလည်း တုံးများကို ပေါပေါလောလော ထုပေးနေကြသည်။ ကိုယ့်အသက်ကိုမှ ကိုယ်အားမနာ။ ကိုယ်ကိုင်ထားသည့် ဘွဲ့ကြီးကိုမှ ကိုယ် မရှက်တတ်ကြ။

(၄) ဖိုးတွမ်တီးမြန်မာ

မြန်မာပြည် ညာသည့်ကိစ္စကတော့ ကမ်းကိုကုန်နေပြီ ဖြစ်ပါသည်။
သွားလေသူ ဦးနေဝင်းလက်ထက်က စာတတ်မြောက်ရေး လှုပ်ရှားမှုဆိုတာကြီး လုပ်သည်။ တစ်နိုင်ငံလုံး ဟီးထနေအောင် လုပ်သည်။ ကျွန်တော်တို့လည်း ပါသပေါ့။ ပထမ မြို့နယ်လုံးကျွတ် စာတတ်မြောက်ရေး အောင်ပွဲကျင်းပသည်။ သောက်ကျိုးနဲ။ ဘာတဲ့ မြဝတီမင်းကြီးဦးစ စစ်ကြောင်း၊ လှိုင်ထိပ်ခေါင်တင် စစ်ကြောင်း စသည်ဖြင့် ရွာများမှ လှည်းအစီးရေ ရာနှင့်ချီကာ မြို့သို့ ချီတက်လာကြ၏။ တကယ့်ကို ကြီးကြီးကျယ်ကျယ် ကျင်းပကြတာဖြစ်၏။

ပါးကွက်ကျားကြီးနှင့်၊ ခေါင်းပေါင်းကြီးပေါင်းထားသည့် အဒေါ်ကြီးက စင်ပေါ်တက်ကာ ကျုပ်တို့ တစ်သက်လုံး ကန်းလာခဲ့တာ၊ အခု စာတတ်မြောက်ရေးကောင်းမှုကြောင့် မျက်စိမြင်ပြီတော့ ဆိုကာ အသံကြီးများ တုန်ယင်၊ မျက်ရည်စက်ကြီးများ ပေါက်ပေါက် ပေါက်ပေါက်ကျလျက် သတင်းစာကြီးကို ဟုတ်တိပတ်တိ ဖတ်ပြ၏။ ကျွန်တော်သည်ပင်လျှင် အဲဒါ ငါတို့သင်တာကွ ဟု ဝမ်းသာ လွန်းလှသဖြင့် ကျလာသည့်မျက်ရည်များကို သုတ်တာ ပတ်တီး (ဟုတ်ပေါင်) တစ်သျှုးသုံးလိပ်လောက် ကုန်သွားသည် ဟူ၏။

သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများကလည်း အသားကုန် လော်ကြသည်။ ဘယ်သူပြိုင်လို့ လှပါတော့နိုင်ဆိုတာ အဲသည်အကြောင်း ကို ရိုက်ထားတာဖြစ်၏။ လုပ်အားပေးဆရာမလေးတွေအပြန် လက်ဆောင်တောင်းကြီးထမ်းကာ လှည်းနောက်က အပြေး လိုက်လာသော အံ့ကျော်ကြီးကိုကြည့်ကာ ကျွန်ုပ်သည်ပင် ဝမ်းနည်းဝမ်းသာဖြစ်လျက် မျက်ရည်သုံးပေါက်လောက် ကျသွား သေး၏။

နောက်တော့ မြို့နယ်လုံးကျွတ်အောင်ပွဲနှင့်အားမရတော့ဘဲ တိုင်းလုံးကျွတ်အောင်ပွဲလုပ်သည်။ ဒါလည်း အားမရသေး နိုင်ငံလုံးကျွတ် စာတတ်မြောက်ရေးဆိုကာ ကမ္ဘာကိုပါ ညာလေသည်။ ကမ္ဘာကြီးကလည်း ဟုတ်တိပတ်တိ၊ အညာခံကာ ဘာတဲ့၊ မိုဟာမက် ရီပါဘာလာဘီဆိုလား ဆုကြီးတောင် ပေးလိုက်သေးသည်။

ကျွန်ုပ်တို့ကား ညာသည့် ယဉ်ကျေးမှုတွင် ကြီးပြင်းလာသူများဖြစ်လေရာ ယခုထိ အလိမ်အညာကို နေ့စဉ် ထမင်းစားရေးသောက် လုပ်တတ်နေကြသည်မှာ အဆန်းမဟုတ်ပါလေတော့။

ကျွန်တော်ကတော့ သင်တန်းတွင် သူတို့ကို ရိုးသားခြင်းအကြောင်း အကျယ်တဝင့် ရှင်းပြကာ ရိုးရိုးသားသား နေထိုင် လုပ်ကိုင်ကြဘို့ သင်ပေးလိုက်ပါသည်။ ဘယ်လောက်လိုက်နာကြလိမ့်မည် မသိ။

နိဂုံး

အစိုးရအရာရှိမင်းများ ခင်ဗျာ -

တစ်လတစ်လ ရာနှင့်ချီထွက်နေသည့် အိမ်အကူလုပ်သား မိန်းကလေးများကိစ္စကို သည်အတိုင်း လက်ပိုက်ကြည့်မနေကြပါနှင့်။ တစ်ခုခုတော့ အရေးတယူလုပ်ကာ စီစီစစ်စစ် လုပ်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။

လိုအပ်လျှင် ကျွန်တော့်ကို ခေါ်လိုက်ပါ။ လာကူပါမည်။ သို့သော် နိုင်ငံနှင့်ချီသည့်ကိစ္စဖြစ်၍ ကိုယ့်ထမင်းကိုယ်စားပြီး၊ ကြီးဒေါ့်နွား ကိုတော့ အလကား ကျောင်းမပေးနိုင်ပါ။ ထိုက်သင့်အားလျော်စွာသော ဉာဏ်ပူဇော်ခတော့ ယူပါမည်။

သည်က ဥပဒေများအကြောင်းကို သေသေချာချာရှင်းပြမည် ဖြစ်သလို ဘာတွေ ဘယ်လိုလုပ်ရမည်ကိုလည်း ကျကျနန သင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၅ မေလ၊ ၂၀၁၈





ထင်းတလှည့်ဖြစ်သွားရရှာသော ကမ်းနားသစ်ပင်တို့အကြောင်း

မလေးရှားမှ နာဂျစ်အဖြစ်ကို ကြည့်ပြီး ကျွန်တော် အတော်သံဝေဂ ရမိ၏။

အဲလေ၊ နာဂျစ်မှ မဟုတ်ပါ။ မဟုတ်တာလုပ်ခဲ့သူ နိုင်ငံခေါင်းဆောင်၊ စစ်ခေါင်းဆောင်များမှာ တစ်နေ့တွင် ဤလမ်းသို့ မလွဲမသွေ သွားကြရမည်ဖြစ်၏။ (မဟုတ်တာလုပ်ခဲ့လင့်ကစား ဤလမ်းသို့မစံမြန်းကြရသူများမှာ ကျွန်ုပ်တို့ မြန်မာပြည်၌သာ ရှိလေသည်။ ကျွန်ုပ်တို့ရွှေပြည်ကြီးကား မည်သည့်နိုင်ငံ စံနှုန်းနှင့်မျှ ညှိနှိုင်းတိုင်းတာလို့မရသော၊ မြန်မာ့နည်း၊ မြန်မာ့ဟန်၊ မြန်မာ့စံဖြင့် သွားနေသည့် အလွန်ထူးခြားသော နိုင်ငံတစ်နိုင်ငံဖြစ်၏။ ကျွန်ုပ်ပြောတာ မယုံလျှင် ပူးတွဲပါဇယားကို ကြည့်ပါ။ အခြား နိုင်ငံများကိုသာ တိုင်းတာလို့ရသည်။ မြန်မာနိုင်ငံကိုမူ မည်ကဲ့သို့တိုင်းရမှန်းမသိ၍ လက်မြှောက်ထားရခြင်း ဖြစ်၏။ မြန်မာနိုင်ငံကား Out of KPI ဖြစ်လေသည်။ ဤကား စကားချပ်)



ငါ့အိမ်ဝင်ရှာတာကလည်းကွာ၊ သူခိုးဓားပြအိမ် ဝင်ရှာတာကျနေတာပဲ ဟု နာဂျစ်က ညည်းညူသည်ဆို၏။ သိမ်းလိုက်သမှ လက်ဖွဲ့ ပစ္စည်းများတောင် မချန်။ နာဂျစ်ကို ကာလအတော်ကြာကြာကတည်းက မေတ္တာတုံးနေခဲ့သော ကျွန်ုပ်သည်ပင်လျှင် သနားမိ မလိုလို ဖြစ်သွားသေးသည်။

ဖိလစ်ပိုင်မှ အာဏာရှင် မားကို့စ်ဆိုလျှင် သေတာတောင်မှ မြှုပ်စရာမြေမရှိ။ အဲလေ၊ သူများတိုင်းပြည်တွေ သွားမပြောပါနှင့်။ ကိုယ့်တိုင်းပြည်မှာပင် ပြစရာ နမူနာတွေ အပုံအပင်။ ပြည်သူ့မေတ္တာကို ခံယူခဲ့သည့် မြန်မာပြည်မှ အာဏာရှင် မစ္စတာ ဗိုလ်နေဝင်း သည်လည်း ဤအစားထဲက မဟုတ်ပါလော။ သူသာ တကယ်စေတနာအမှန်နှင့် တိုင်းပြည်ကို လုပ်ကျွေးခဲ့ပါလျှင် သူသေသည့်အခါ ပြည်သူအပေါင်းက ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရတုန်းလို ဝမ်းနည်းပူဆွေးကာ ယနေ့တိုင် တသနေကြမည်မှာ မလွဲပါ။ ယခုတော့ သေတာတောင် သူ့ခမျာ လူသိမခံရဲ။ တိုးတိုးတိတ်တိတ် သေရရှာလေသည်။ ကျွတ်ကျွတ်ကျွတ်။

နောက်ပြီး ထောင်ထောင်ထောင်ထောင်နှင့် ဟိုတစ်ယောက်ရှိသေးသည်။ ထောက်လှမ်းရေးတို့၏ဘုရင်၊ နဝတ အတွင်းရေးမှူး (၁) ဆိုလား။ သူ့ကိုကြည့်ကာ ကျွန်တော်သည်ပင်လျှင် မြန်မာပြည်မှာ သူ့လောက်အာဏာရှိတာ နှစ်ယောက်မရှိဟု အထင်ကြီးခဲ့မိ သည်ထိ ဖြစ်ခဲ့၏။ သို့သော် များမကြာမီ ထောင်နန်းစံရပြန်လေရာ ကျွန်ုပ်မှာ သံဝေဂပါမက ဒန်ဝေဂ၊ ကြေးဝေဂ၊ ခဲဝေဂ စသည့် မာလတီသတ္တုဝေဂမျိုးစုံထိ ရခဲ့လေ၏။ လေကတော့ ခုထိ မလျှော့သေး။ ယခင်က ထောင်ထောင်ထောင်ထောင် လုပ်ခဲ့သလို ယခုလည်း ခပ် ထောင်ထောင်ထောင်ထောင်ပင် ဖြစ်ပါသည်။

(လောလောလတ်လတ် ပြဿနာတက်နေသည့် ဟို ဝန်ကြီးတွေ၊ ညွှန်ချုပ်တွေ အကြောင်းတော့ လူတွေကြားထဲ ပွစိတက်နေပြီမို့ ချန်ခဲ့ပါတော့မည်။)

၁၉၈၈ နောက်ပိုင်းတွင် မှန်ကင်းဘဝမှ နေ့ချင်းညချင်း ထင်းဖြစ်သွားကြရရှာသည့် ဗိုလ်မှူး၊ ဗိုလ်ချုပ်အပေါင်းမှာ မနည်းလှပါပေ။ တပ်မတော်မှတ်တမ်းရုံးမှာတော့ စာရင်းအတိအကျရှိမည်။ မှန်ကင်းဘဝမှ ထင်းဖြစ်ရသူများဟုသာ စာရင်းကောက်လိုက်ပါက မြန်မာနိုင်ငံသည် ဂင်းနစ်မှတ်တမ်းဝင်လောက်သည်။

ရှေးလူကြီးများက မင်းခယောက်ျား၊ ကမ်းနားသစ်ပင် ဟု အမှုထမ်းများဘဝကို ကမ်းနဖူး၌ပေါက်နေသည့် သစ်ပင်နှင့် ခိုင်းနှိုင်းခဲ့၏။ ကမ်းနဖူးတွင် ပေါက်နေသည့် သစ်ပင်မှာ ဘယ်လိုမှ အစိုးမရ။ နေ့ပြိုမလား၊ ညပြိုမလား မသိနိုင်။ ကြိုက်သည့်အချိန် ပြိုသွားနိုင်တာ ဖြစ်၏။ ဤစကားပုံမှ မင်း ဆိုသည်မှာ ဘုရင်ကိုဆိုလိုတာ ဖြစ်၏။ ဘုရင့်အမှုထမ်းများကား ပိုလို့ဆိုးသေးသည်။ ဘုရင်၏ ရွှေစိတ်တော်ကလေး တစ်ချက်မျှ ညှိုးလိုက်သည်နှင့် ချက်ချင်းသေသွားနိုင်တာ ဖြစ်၏။ အတော်ဆိုးလေသည်။

သူရဲကောင်းဝါဒကို ကိုးကွယ်သည့်စိတ်မျိုးရှိသည့် ကျွန်ုပ်သည်ပင်လျှင် ဘုရင်စနစ်ကို မနှစ်မျို့။ သဘောမကျနိုင်။ ဘယ့်နှယ်ကွယ်။ လူပျိုတော် ငအောင်ဒင်၊ မိမိတ်ကိုကြိုက်မိတာနဲ့ပဲ ကိုရင်ကြီးငမြတ်စံကို မဲဇာပို့ရတယ်လို့။ ရိုင်းလိုက်လေ။ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမပေါင်ကျိုးတယ်ဆိုတာ အဲသဟာကို ပြောတာဖြစ်မည်။ အောင်မယ်၊ ဒါတောင် သတ်တော့မလို့။ ငမြတ်စံရဲ့မိန်းမ မိရွဲက မယ်တော်ကြီးကို အလျှောက်ကောင်းလို့ ဆိုပါလား။ မြတ်စွာဘုရား။

တစ်ခါတစ်ခါတော့ မြန်မာပြည်၏ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တုံးတိတိအဆုံးသတ်ပေးခဲ့သည့် အင်္ဂလိပ်များကို ကျွန်တော် ကျေးဇူးတင်မိ၏။ ယခု ပါလီမန်ဒီမိုကရေစီခေတ်တွင်မူ (ထင်တာပြောတာ၊ ဟုတ်မဟုတ် မသေချာပါ။) မင်းမှုထမ်းများမှာ မိမိသာ မဟုတ်တာမလုပ်ပါက ထင်းအဖြစ်ရောက်စရာ မရှိဟု ကျွန်ုပ်ထင်သည်။ ပြည်သူ့အကျိုးကို စေတနာမှန်မှန်နှင့် ဆောင်ရွက်သွား သူတို့ လူသေလျှင်သော်မှ နာမည်မသေသည့် သာဓကများ ကျွန်ုပ်တို့ လက်တစ်ကမ်းတွင် ရှိသည်။

သဟာနှင့်များတောင်မှ သည်သာဓကများကို နမူတာမယူ။ နမူနာယူရကောင်းမှန်းမသိ။ တစ်ဘဝစာမျှ စံစားရမည့် ဥစ္စာပစ္စည်းများ ကို တစ်သံသရာလုံး ယူသွားလို့ရမည့်အလား လောဘဇောတိုက်ကာ ရမည်ဆိုလျှင် ဘနဖူး၊ သိုက်တူးနေကြသူများကို ကျွန်တော် ကြည့်ကာ အတော်သနားမိလေသည်။

ဤကဲ့သို့သော သူများမှာ ရှေးယခင်ကသာမဟုတ်။ ယနေ့မျက်မှောက်ကာလတွင်လည်း အပုံအပင်ရှိလေသည်။ မဟုတ်တာ လုပ်သဖြင့် ဒုက္ခရောက်သွားသူများကို မိမိတို့ မျက်စိရှေ့တွင် မြင်နေလင့်ကစား ယခုတိုင် လက်ရဲဇက်ရဲ၊ စားသောက်နေကြသူများ ၏ သတ္တိ၊ အဲလေ မိုက်ရူးရဲဆန်မှုကို ကျွန်ုပ်သည် မချီးကျူးဘဲမနေနိုင်လောက်အောင် ဖြစ်မိ၏။

ကောင်းခြင်း၊ မှန်ခြင်း၊ တရားမျှတခြင်း၊ ရိုးသားခြင်း၊ သစ္စာရှိခြင်း စသည့် သဘောတရားများသည် ဖောက်လွဲဖောက်ပြန် ပြုတတ်သည့် သဘောမရှိ။ လူမျိုးမရွေး၊ ဘာသာမရွေး၊ အချိန်ကာလမရွေး အမြဲမှန်နေလေ၏။

မိမိမျက်စိရှေ့တွင် မဟုတ်တာလုပ်၍ ဒုက္ခရောက်သွားသူများအား သင်ခန်းစာယူလျက် မှန်တာလုပ်၍ နာမည်ကောင်းရနေသူများကို အတုယူကာ လူ့လောကကောင်းကျိုး ပြုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

အေးငြိမ်း

၂၄ မေလ၊ ၂၀၁၈

Tuesday, May 22, 2018

အငြင်းပွားစရာ ပို့စ်တစ်ခု

သည်ကိစ္စက ယခုမှ အငြင်းပွားစရာဖြစ်နေတာ မဟုတ်။ ဟိုး ယခင့်ယခင် ရှေးခေတ်များကတည်းက ပြက္ခဒိန် ပညာရှင်ကြီးများ အကြားတွင် အငြင်းပွားနေခဲ့တာ ဖြစ်၏။

အခြားမဟုတ်ပါ။ သဘာဝလပြည့်နှင့် ဝေါဟာရလပြည့်တို့ ညီညွတ်ရေး၊ လထပ်ရက်ငင်များ မှန်ကန်ရေး ဖြစ်၏။

မြန်မာပြက္ခဒိန်ကို ကြည့်မိသူများ ယခုနှစ်တွင် တန်းခူးလကွယ်၌ သင်္ကြန်ကျပြီး ကဆုန်လဆန်း ၃ ရက်နေ့၌ နှစ်ဆန်းသည်ကို သတိပြုမိပါလိမ့်မည်။ သို့အတွက် ယခု ၁၃၈၀ ပြည့်နှစ် မြန်မာပြက္ခဒိန်တွင် နှစ်စပိုင်း၌ တန်ခူးလ တစ်လလုံးပျောက်နေပြီး ကဆုန်လနှင့် နှစ်ဆန်းပါသည်။ တန်ခူးလနှင့်စရမည့် မြန်မာပြက္ခဒိန်၌ အစဦးဆုံးလတွင် တန်ခူးပျောက်ကာ ကဆုန်ဖြစ်နေခြင်းမှာ လျော်ကန်သင့်မြတ်လှသည်ဟု ကျွန်ုပ်ကတော့ မထင်ပါ။

ယခုနှစ် စင်ကာပူ၏ ကဆုန်လပြည့်နေ့ (Vesak Day) မှာ မေလ ၂၉ ရက်နေ့ ဖြစ်၏။ အကယ်၍သာ မြန်မာပြက္ခဒိန်တွင်လည်း မေလ ၂၉ ရက်သာ ကဆုန်လပြည့်ဖြစ်ပါက နှစ်အစပိုင်းလမှာ တန်ခူးလ ဖြစ်သွားပါလိမ့်မည်။ မြန်မာပြက္ခဒိန်မသုံးသည့် စင်ကာပူက မြန်မာပြက္ခဒိန်အင်္ဂါရပ်နှင့် ညီညွတ်နေသလိုဖြစ်လျက် (ညီညွတ်သည်ဟုမဆိုလို) မြန်မာပြက္ခဒိန်က ကဆုန်နှင့် နှစ်စထားခြင်းမှာ ရီစရာဖြစ်၏။ ဤကဲ့သို့ အခြားနိုင်ငံများက တော်တည့်မှန်ကန်သလိုဖြစ်နေပြီး မြန်မာနိုင်ငံက သွဲတလောက် ဖြစ်နေခြင်းကို လွန်ခဲ့သည့် အနှစ် ၅၀ ကျော်က ဆရာတော်ကြီးများ ထောက်ပြသည့်တိုင် (ပုဆိုးမဝတ်ထားသူက လုံခြုံသည်ဟု ဆိုခြင်းကို လက်မခံနိုင်ပါ) ဆိုကာ အကျောက်အကန် ကန့်ကွက်ခဲ့ကြဖူးလေသည်။

"ပုဆိုးမဝတ်သူက လုံခြုံသည်" ဆိုသည့်စကားကို ခေတ်ကာလသားသမီးများ နားလည်နိုင်မည်မထင်၍ အနည်းငယ်ရှင်းပြပါအံ့။
သူတို့ဆိုလိုသည်မှာ မြန်မာနိုင်ငံသည် မြန်မာ့ရိုးရားအစဉ်အလာနှင့် နက္ခတ်တာရာ ကိန်းဂဏန်းများအရ မြန်မာပြက္ခဒိန်ကို စီရင် ကျင့်သုံးလာခဲ့သည်မှာ နှစ်ပေါင်း ရာနှင့်ချီ ကြာခဲ့ပါပြီ။ အခြားနိုင်ငံများမှာ မြန်မာများကဲ့သို့ ဘာနက္ခတ် ကိန်းခန်းမှမရှိဘဲ နေသွား တစ်ခုတည်းကိုသာယူကာ စီရင်၏။ ထို့ကြောင့် အခြားနိုင်ငံများက ကဆုန်လပြည့်က မြန်မာထက်ပိုမှန်သည် ဆိုခြင်းမှာ ပုဆိုး ဝတ်မထားသူက ပိုပြီးလုံခြုံနေသည်နှင့် တူပါသည် ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

အဘယ်ကြောင့် ဤကဲ့သို့ဖြစ်ရသည်ကို ပြက္ခဒိန်အကြောင်း နားမလည်သူများအား ရှင်းပြရန် မလွယ်ကူလှပါ။ သို့တိုင် ကျွန်ုပ်ကို နည်းနည်းလောက် ပြောခွင့်ပြုပါ။

မြန်မာပြက္ခဒိန်မှာ နေသွားလသွားနှစ်ပါးစလုံးကို အခြေခံထား၍ နေလသွားပြက္ခဒိန် (Lunisolar Calendar) ဟုခေါ်၏။ တစ်နှစ်တာ အချိန်အပိုင်းအခြားကို နေမင်းကြီး ကမ္ဘာကိုတစ်ပတ်ပြည့်သည့်အချိန် (မျက်မြင်)။ (တစ်နည်း) ကမ္ဘာကြီး နေကို တစ်ပတ်တိတိ ပတ်မိသည့်အချိန်ကို ယူသည်။ အချိန်ကာလအားဖြင့် ၃၆၅ ရက်ကျော်ဖြစ်၏။ သို့သော် တန်ခူး၊ ကဆုန်စသည့် တစ်လချင်းကိုမူ လမင်းကြီး ကမ္ဘာကို တစ်ပတ်ပတ်ရန် ကြာချိန်ကို ယူ၏။ လမင်းက ကမ္ဘာကို တစ်ပတ်ပတ်ရန် ကြာချိန်မှာ ၂၉ ရက်ခွဲ ဖြစ်၏။ ၂၉ ရက်ခွဲကို တစ်လလုပ်ရန်မှာ လက်တွေ့မကျလှသောကြောင့် ပထမတစ်လကို ၂၉ ရက်၊ ဒုတိယတစ်လကို ၃၀ ရက်ဟု လုပ်ထား ကြရခြင်း ဖြစ်၏။

တစ်နှစ်တာကာလ ၁၂ လ အတွင်း ထိုနေသွားရက်များနှင့် လသွားရက်များမှာ ၁၁ ရက်ခန့် ကွာခြားလေ၏။ ထိုအခါ ထိုရက်များကို ညှိရန် လထပ်ပေးရ၏။ ထိုအခါ မည်သည့်အချိန်တွင် လထပ်မည်ဆိုသည်မှာ အရေးတကြီး ဖြစ်လာလေ၏။

အမှန်က ဘာမှမခဲယဉ်းပါ။ ပိုလာသည့်ရက်များ တစ်လပြည့်သည့်အချိန်တွင် လထပ်လိုက်ပါက ကိစ္စပြီး၏။ (ပိုလာသည့်ရက်များ တစ်လပြည့်သည့်အချိန်ကို ပြက္ခဒိန်စကားဖြင့် အဓိမာသ်ပြိုသည်ဟု ခေါ်၏။ ဤကား စကားချပ်)

သို့သော် မြန်မာနိုင်ငံတွင်မူ ဤမျှလောက် မလွယ်ပါ။ အဘယ်ကြောင့်မလွယ်သနည်းဆိုသော် ရှေးခေတ်ဟောင်းအယူအဆများကို မစွန့်လွှတ်နိုင်သူ၊ တရားသေဖက်တွယ်ထားလိုသူ၊ လှေနံဓားထစ် တယူသန်များကြောင့်ဖြစ်၏။ ပို၍ဆိုးသည်မှာ မြန်မာပြက္ခဒိန်၌ လထပ်ခြင်းနှင့် ရက်ငင်ခြင်းကို လွတ်လပ်စွာလုပ်မရအောင် ဘာသာရေးနှင့် ချုပ်ထားခြင်းဖြစ်၏။ အဘယ်ကဲ့သို့ချုပ်သည် စသည့် အကြောင်းများမှာ အတော်ရှုပ်ထွေးလှ၏။ အသေးစိတ်သိလိုသူများ ကျွန်တော်ရေးသား ထုတ်ဝေထားသည့် မြန်မာပြက္ခဒိန် စာအုပ်တွင် ဖတ်ကြည့်ပါ။

သူတို့က မြန်မာပြက္ခဒိန်သည် လက်ရှိနေလနက္ခတ်တာရာများနှင့် ညှိနှိုင်းတွက်ချက်ရသောကြောင့် မြန်မာပြက္ခဒိန်ကို အနှစ် ၅၀၊ ၁၀၀ ကြိုမတွက်နိုင်။ တစ်နှစ်ပြီးမှတစ်နှစ် တွက်ယူ အတည်ပြုရမည်ဆို၏။ ကျွန်ုပ်အဖို့မူ ဤအဆိုမှာ အလွန်ရီစရာကောင်းသည့် ပြက်လုံးတစ်ခုသာ ဖြစ်လေသည်။ (ကျွန်တော့် အယူအဆများကိုလည်း အနှီ လှေနံဓားထစ်ဆရာကြီးများက လက်မခံမည်မှာ ရာခိုင်နှုန်းတစ်ရာ၏ ဟိုဘက်ကို နှစ်ဘူတာလောက်လွန်နေသေးသည်။)

အဘယ်ကြောင့်နည်း။
ကောင်းကင်မှ နေလနက္ခတ်တာရာများ သွားလာနေပုံမှာ မြန်မာပြည်မှ ဥပဒေများလို သည်ကနေ့တစ်မျိုး၊ နောက်နေ့တစ်ဖုံ၊ စိတ်ထင်လျှင် တစ်နည်း၊ စိတ်မထင်လျှင် တစ်သွယ်၊ ထင်တိုင်းကြဲနေတာမဟုတ်။ သူ့အစီအစဉ်နှင့်သူ သွားနေတာ ဖြစ်၏။ အနည်းငယ် အတိမ်းအစောင်းရှိသည့်တိုင် ထိုအတိမ်းအစောင်းမှာ နှစ်ပေါင်း ထောင်သောင်းချီမှ အနည်းငယ် ရွေ့သွားတာသာ ဖြစ်၏။ နှစ် လေးငါးဆယ်လောက်အတွက် ဘာမှ ဖြစ်လောက်စရာ မရှိ။ အနှစ် ၁၀၀ လောက်ကြာမှ တစ်ခါ ပြန်ညှိလျှင်ရသည်။ ခရစ်နှစ်များတွင်လည်း အနှစ် ၁၀၀ ကြာမှ တစ်ခါ ညှိတာဖြစ်၏။ တကယ့်တကယ်သာဆို ကွန်ပြူတာပညာရပ်များ သည်လောက် တိုးတက်နေသည့် ခေတ်ကြီးတွင် အနှစ် ၁၀၀ စာသာမဟုတ်။ တွက်နေစရာလည်းမလို။ ပရိုဂရမ်တစ်ခုရေးကာ လိုချင်သည့်နှစ်ကို ရိုက်ထည့်လိုက်ပါက အလိုရှိသော ပြက္ခဒိန်ထွက်လာအောင် လုပ်နိုင်လေသည်။

သို့သော် ဘယ်လိုလုပ်ရသည်ကို ကျွန်တော့်လာမမေးပါနှင့်။ ကျွန်တော်ကား ကွန်ပြူတာကို စာစီစာရိုက်နှင့် သူများရေးထားသည့် အတင်းအဖျင်းများကို ဖတ်ဖို့လောက်သာ သုံးတတ်သည်။ ပရိုဂရမ်ဆိုတာ နကန်းတစ်လုံးမှ သိသူမဟုတ်။ ကိုရန်နိုင်အေးတို့ လုပ်နိုင်သည်။ သူတို့ကိုသာ လုပ်ခွင့်ပေးလိုက်မည်ဆိုလျှင် ကိစ္စပြတ်သည်။

တကယ့် ပညာရှိ ဆရာ့ဆရာတော်ကြီးများကို ကျွန်ုပ်လို ဘာမှမဟုတ်သည့် မလောက်လေး မလောက်စား၊ ပမွှားတစ်ကောင်က ဤကဲ့သို့ ပြောရပါမည်လားဟု စိတ်ဆိုးလျှင် ဆိုးနိုင်ပါ၏။ ဆဲချင်လျှင် ဆဲသွားနိုင်ပါ၏။

ကျွန်ုပ်ပြောတာဟုတ်မဟုတ်၊ နားလည်တတ်ကျွမ်းသည့် ခေတ်ပညာတတ် ဆရာလေးများနှင့် ဆွေးနွေးကြည့်နိုင်ပါသည်။

ဗုဒ္ဓဘာသာကိုးကွယ်သူများရှိသော နိုင်ငံများ၏ ၂၀၁၈၊ ကဆုန်လပြည့်နေ့ (Vesak Day) များ

မြန်မာ၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား - ဧပြီလ ၂၉ ရက်
နီပေါ - ဧပြီလ ၃၀ ရက်
ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ ဗီယက်နမ် - မေလ ၂၉ ရက်

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၁ မေလ၊ ၂၀၁၈

Wednesday, May 16, 2018

မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေးခရီးမှ အဟန့်အတားများ

သူကိုယ်နှိုက်ကတောင် မြန်မာပြည်မှာ မနေနိုင်ဘဲနဲ့ လူတကာကို ဟိုပြောဒီပြော ဆိုကာ ကျွန်ုပ်ကို မျက်မုန်းကျိုးသူများလည်း အတော်များလှ၏။

အဘယ်ကဲ့သို့သောသူများ မျက်မုန်းကျိုးမည်ကို မိတ်ဆွေတို့ ခန့်မှန်းမိနိုင်ပါသည်။ သို့သော် ကျွန်ုပ်အဖို့မူ "ခွေးဟောင်၍ တောင်မရွေ့၊ ရေချိုးပေး၍ ကျီးမဖြူ" ဟူသည့် တိုင်းရင်းသားစကားပုံလို ဘာမှ မှုစရာအကြောင်း မရှိပါလေ။ အဲလေ သည်လို အပြောခံရသည့်အတွက်လည်း ဘယ်သူ့ကိုမှ ကြောက်စရာမရှိ။ ကျွန်ုပ်တွင် ပြုတ်စရာ ရာထူးလည်းမရှိသလို မတရားသဖြင့် ရယူ ပိုင်ဆိုင်ထားသည့် ပစ္စည်းဥစ္စာများလည်း တစ်ပြားဘိုးမှ မရှိသဖြင့် ကိုယ့်လိပ်ပြာကိုယ် အလွန်အင်မတန် သန့်သောကြောင့် မကြောက်ခြင်း ဖြစ်သတည်း။ လိပ်ပြာသန့်သူသည် သန်းခေါင်ယံ တံခါးခေါက်သံကို ကြောက်စရာမလို ဟု အင်္ဂလိပ်စကားပုံက ဆိုထားသည် မဟုတ်လော။

နိုင်ငံအတွင်း အမြင်မတော်တာများ တွေ့လာလျှင်တော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျွန်ုပ်ကတော့ ပြောနေရဦးမည် သာ ဖြစ်လေသည်။ အပြောမခံချင်လျှင် မဟုတ်တာ မလုပ်ကြပါနှင့်။ ဒါတောင် ရေငုံနှုတ်ပိတ်နေသည့် ကိစ္စတွေ အတော်များများ ရှိသေးသည်။ ဟိုတလောက ထိန်ပင်မီးကိစ္စမှာ အတော်များများ ရေးပြီးကာမှ ပြန်ဖျက်လိုက်သည်။ အချက်အလက်တွေလည်း သေသေချာချာမသိရ၍ ဖြစ်၏။

တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဘို့ ဆိုသည်မှာ အုန်းပွဲငှက်ပျောပွဲတင်ပြီးဆုတောင်း၊ ဘယ်ဂါထာကို ဘယ်နှစ်ခေါက်ရွတ် ဆိုတာနှင့် မပြီးနိုင်မှန်း မိတ်ဆွေတို့ သိပါသည်။ တကယ်အကျိုးရှိသည့် ကိစ္စတွေကို တကယ်စေတနာပါပါ လက်တွေ့ အကောင် အထည်ဖော်ကြမှ ဖြစ်နိုင်မည်။

v  စေတနာတော့ရှိပါရဲ့၊ ရမ်းတုတ်တာမျိုးဆိုလျှင်လည်း အကျိုးမရှိ။
v  လုပ်တော့လုပ်ပါရဲ့၊ တကယ်စေတနာရှိလို့ မဟုတ်ဘဲ လူမြင်ကောင်းရုံလောက် လုပ်လျှင်လည်း အကျိုးမရှိ။
v  ဉာတကာနဉ္စ သင်္ဂဟော ဘို့အတွက် ပရောဂျက်တွေ ခွင်ဖန်တာမျိုးဆို ပိုဆိုးသေးသည်။
v  အဲလေ နိုင်ငံဖွံ့ဖြိုးရေးဆိုကာ ပရောဂျက်များတော့ လုပ်ပါသည်။ သို့သော် ပရောဂျက်ထဲရောက်တာတော်တော်၊ အိတ်ထဲရောက်တာ များများဆိုလျှင်လည်း သာဓုခေါ်စရာအကြောင်း တစ်ပြားဘိုးမှ မရှိပါ။

အားမနာတမ်းပြောရလျှင် ကျွန်ုပ်တို့ရွှေပြည်ကြီးမှ ပရောဂျက်ဆိုသည့် ပိုက်ဆံကို ဘုန်းဘောလအော ဖြုန်းတီးပစ်နေသည့် အရာ တော်တော်များများတွင် အထက်ဖော်ပြပါ လေးမျိုးထဲမှ တစ်မျိုးမဟုတ်တစ်မျိုးနှင့် ငြိနေသည်ချည်း ဖြစ်သည်ဟု ကျွန်ုပ်ဆိုလျှင် လွန်သည်ဟု နှာခေါင်းရှုံ့ကြမည်လော။

အကျိုးရှိတာတွေသာ မလုပ်ရှိရမည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် အလုပ်များကိုမူ အစိုးရ ဆိုသူများကရော၊ အစိုးရမဟုတ်သည့် သူများကပါ အားတက်သရော ဝိုင်းဝန်းလုပ်ကိုင်နေကြခြင်းကိုမူ ကျွန်ုပ် အလွန် စိတ်ပျက်မိ လေသည်။

ထိုအကျိုးမရှိသည့်လုပ်ရပ်များအနက် အချို့ကို ဖော်ပြပါမည်။ သဘောမတူသူများရှိပါက ကွန်မင့်တွင် လွပ်လပ်စွာ ဆဲသွားပါ။

သမ္မတအသစ်တက်လာတော့ လုပ်လိုက်ရတဲ့ သမ္မတ ထောက်ခံပွဲ။ သမ္မတကြီးသည် သူ့ကိုထောက်ခံသည့်အတွက် အလုပ်များကို ပိုပြီး အားကျိုးမာန်တက် လုပ်နေရတာ ဖြစ်ပါသလား။ သဟာဆို ဤထောက်ခံပွဲများ မလုပ်လျှင် မလုပ်မရှုပ်မပြုတ်၊ အသာလေး နေသွားမည်လား။ ဤထောက်ခံပွဲများလုပ်ခြင်းဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ဘာများ အထောက်အကူပြုပါသနည်း။

နောက်ပြီး မနေ့တစ်နေ့က ဖြစ်ခဲ့သည့် "စစ်ပွဲတွေရပ်" ကိစ္စ။ ဤကဲ့သို့ စစ်ပွဲတွေရပ် ကမ်ပိန်းတွေလုပ်တိုင်းသာ စစ်ပွဲများ ရပ်သွားရမည်ဆိုလျှင် ဆယ်စုနှစ်တစ်ခုမကရှိပြီဖြစ်သော၊ ရာနှင့်ချီသော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဘာကြောင့် လုပ်ရတော့ မည်နည်း။ တစ်နိုင်ငံလုံး အဲသလို ကမ်ပိန်းတွေ လျှောက်လုပ်ရုံသာ ရှိသည်။

နောက်ပြီး ကျွန်ုပ်အလွန်မြင်ပြင်းကပ်လှသော ကြက်သားစားပွဲတော်၊ ဝက်သားစားပွဲတော်၊ ပဲစားပွဲတော်။ (နောက်ဆိုလျှင် နွားသားစားပွဲတော်၊ ခွေးသားစားပွဲတော်များ ဆက်လုပ်မလာဘူး မပြောနိုင်။) ဤအသားစားပွဲတော်များကျင်းပခြင်းသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ GDP တက်လာရေး၊ လူတော်လူကောင်းများ ပေါ်ထွက်လာရေးအတွက် ဘယ်နှစ်ပြားဘိုးများ အထောက်အကူ ပြုပါသနည်း။ ဤအသားစားပွဲတော်များက ကြက်ငှက်တုပ်ကွေး ရောဂါ၊ ဝက်နားရွက်ပြာရောဂါများ မဖြစ်အောင် တားဆီးနိုင်လိမ့် မည်ဟု အသင်ထင်ပါသလား။ ဤသည်မှာ ပီဘိ မယောင်ရာဆီလူးသည့် ကိစ္စသာဖြစ်ချေသည်။

နောက်ပြီး နိုင်ငံအနှံ့အပြားတွင် ကိစ္စပေါင်းစုံဖြင့် ဖြစ်နေသည့်  ဆန္ဒပြပွဲများ၊ ကန့်ကွက်ပွဲများ၊ အကြီးအကျယ် အူလိုက်သည်းလှိုက် ထောက်ခံပွဲများ၊ ဘာပွဲများ၊ ညာပွဲများ။ သူတို့ကိုကြည့်ရတာ ကျွန်တော် အတော် မျက်စိနောက်မိလေသည်။
(လူ ၁၀၀ လျှင် ၉၉ ယောက် (ကျန်သည့်တစ်ယောက်မှာ ကျွန်ုပ်ဖြစ်၏။) ထောက်ခံနေသည့် ဘာသာရေးပွဲတော်များ အကြောင်း ကိုမူ မပြောတော့ပါ။)

အများမှာလည်း ယောယိမ်းလိုက်၊ ဘသားယိမ်းလိုက် ဖြစ်၏။ ဘာဟေ့ဆိုတာနှင့် ဝိုင်း ဆွမ်းကြီးလောင်းလိုက်ကြတာ ဖြစ်သည်။ ကိုယ်လုပ်တာ ဟုတ်မှန်းမဟုတ်မှန်း မဝေခွဲနိုင်။ မဆုံးဖြတ်တတ်။

မြန်မာပြည်၏ အဓိကထုတ်ကုန်ကို လက်ညှိုးထိုးပြစမ်းပါ။ ဆန်စပါး ဟု ဆိုပါမည်လား။ မြန်မာနိုင်ငံမှထွက်သည့် ဆန်စပါးသည် နိုင်ငံတကာ ဆန်စပါးအရည်အသွေးကို ရင်ဘောင်တန်းနိုင်ပါသလား။ မြန်မာနိုင်ငံမှ တင်ပို့နေသည့်ဆန်သည် နိုင်ငံအတွက် အားကိုးရလောက်အောင် နိုင်ငံခြားဝင်ငွေ ရှာပေးနိုင်ပါသလား။ ဟိုတစ်နှစ်က အာဖရိကကိုသွားသည့် ဆန်သင်္ဘော ကမ်းတောင် မကပ်ရသေး။ ပင်လယ်ထဲကျောက်ချထားစဉ် QC တွေလာစစ်တော့ အရည်အသွေးမမီလို့ဆိုကာ လှည့်ပြန်ခဲ့ရသည်။ ဤသည်မှာ စီးပွားရေးအရသာ နစ်နာသည်မဟုတ်။ အခြားနိုင်ငံများ သိသွားပါက သိက္ခာမကျပါသလော။ ထိုအခါ မြန်မာ့ဆန်ကို ဘယ်သူ ဝယ်ချင်ပါမည်နည်း။

မြန်မာပြည်တွင် သည်မျှမြေများပေါ၊ စိုက်စရာများပေါနေသည့်တိုင် မလေးရှားမှ စားအုန်းဆီကို မှာယူတင်သွင်းနေရခြင်းကို ရှက်တတ်ကြပါ။ မြေပဲ၊ နှမ်း နှင့် နေကြာကိုပဲ ဖြစ်အောင်စိုက်ပါ။ တွေ့ကရာ သစ်ဆိမ့်ဆီ လုပ်လိုလုပ်။ ကြက်ဆူဆီ လုပ်လိုလုပ်။ စိတ်ရူးပေါက်တိုင်း လျှောက်မလုပ်ကြပါနှင့်။ ဘယ်သူ့အတွက်မှ အကျိုးမရှိ။

အထက်ပါကိစ္စများ၏ အဓိကပြဿနာမှာ အလုပ်မရှိခြင်းဖြစ်၏။
ထို အားအားလျားလျား လမ်းပေါ်ထွက် ဆန္ဒပြနေသူများသည် နေ့တိုင်းမအားမလပ်အောင် အလုပ်လုပ်နေရသည် ဖြစ်အံ့။ တစ်ရက် အလုပ်ပျက်လျှင် တစ်ရက် လုပ်ခအဖြတ်ခံရအံ့။ ထိုသူများ နေ့တွက်အဖြတ်ခံပြီး လမ်းပေါ်တက်လာမည် သင်ထင်ပါသလား။
ထို့ထက် လုပ်ခကိုသာ မြက်မြက်စွက်စွက်ကလေးရသည်ဖြစ်အံ့။ နေ့တွက်ဖြတ်လိုက်လျှင် ဖြတ်သလောက် သိသိသာသာ ထိသည် ဆိုငြားအံ့။ ထိုသူများသည် အလုပ်ကို ၎င်းတို့၏ မိန်းမများထက် ပိုခင်တွယ်လိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ် ရဲရဲကြီးပြောလိုက်ပါသည်။

နောက်အကြောင်းရင်းတစ်ခုမှာ မိမိလုပ်သည့်အလုပ်ကို ဟုတ်သည်၊ မှန်သည်၊ စဉ်းစားချင့်ချိန်နိုင်စွမ်းဖြစ်၏။ ဤသည်ကို သင်ယူ ပေးလို့ရပါသည်။ သို့သော် စိတ်မထင်တိုင်းလျှောက်ပြောင်းနေသည့် မဟောင်းနိုင်သည့် စနစ်သစ်ပညာရေးများနှင့်တော့ ဘယ်လိုနည်းနှင့်မှ မရနိုင်ပါ။

ဤသည်တို့ကား မြန်မာပြည် ဖွံ့ဖြိုး၊ တိုးတက်ခြင်းကို ပိတ်ပင်တားဆီးနေသည့် အကြောင်းများ ဖြစ်သတည်း။
သည်ပုံစံနှင့်ဆို အနှစ် ၂၀ မပြောပါနှင့်။ (အရီးတို့ပြောသလို) ရှေ့သွားနှစ်ချောင်း ဖင်ပြောင်းပေါက်တောင် စင်ကာပူကို မမီနိုင်ပါ။ သူတို့ကား အရှိန်အဟုန်နှင့် ရှေ့သို့သွားနေသူများ ဖြစ်သည်။ ကျွန်ုပ်တို့ကား အရှိန်အဟုန်နှင့် နောက်ပြန်ယက်နေသူများဖြစ်၏။

ကျွန်ုပ်ပြောတာကို မိတ်ဆွေတို့ လက်ခံရမည်၊ သဘောတူရမည်ဟု အသားလွတ် မဆိုလို။ အိမ်ပြန်ရောက်လျှင် လက်ပေါ် နဖူးတင်၍သော် လည်းကောင်း၊ နဖူးပေါ် လက်တင်၍သော်လည်းကောင်း။ အပြန်ပြန် အလှန်လှန် စဉ်းစားကြည့်ပါ။ ဒါမှ မကြိုက်သေးဆိုလျှင်တော့ ဆဲသာသွားလိုက်ပါတော့ ခင်ဗျား။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၆ မေလ၊ ၂၀၁၈

Saturday, May 12, 2018

စင်ကာပူမှ ကျောင်းသားများ အက်ဆေး ရေးရပုံ

သားရေးထားတာကို ကြွားလို၍ မဟုတ်ပါ။

သူများသားသမီးတွေ လုပ်ပုံကို ကျွန်ုပ်တို့ ရွှေပြည်ကြီးမှ ပညာရှိမင်းများ သိသာစေရန် အရိပ်အမြွက်မျှ ပြောပြခြင်း ဖြစ်ပါသည်။

(လက်ရှိရေးနေသည့် စာအုပ်ပြီးသွားလျှင်တော့ စင်ကာပူတွင် စာသင်ပုံများကို အကျယ်တဝင့် ရေးပြပါဦးမည်။
လောလောဆယ် ကျွန်တော့်သားက စင်ကာပူတွင် ကျောင်းတက်နေသမို့ သူတို့ လုပ်ပုံကိုင်နည်းများကို အတော်လေး တီးမိ ခေါက်မိရှိပြီဟု ဆိုနိုင်ပါသည်။ သူ GCE O အောင်ပြီးသွားလျှင်တော့ သည့်ထက် ပိုရေးနိုင်ပါလိမ့်မည်။ ထိုအခါကျမှ KG မှသည် GCE O အထိ သီးသန့် စာတစ်အုပ် ရေးထုတ်ပါမည်။)

အက်ဆေးရေးရန် ဖြစ်ရပ်တစ်ခုကို အရုပ်ကလေးများနှင့် ပြထားသည်။


ထိုအရုပ်ကလေးများကို ကြည့်ကာ ကိုယ့်ဘာသာ ဇာတ်လမ်းဆင်ရသည်။


ထိုဇာတ်လမ်းကြောရိုးကို အခြေတည်ကာ အက်ဆေးရေးရခြင်း ဖြစ်ပါသည်။



သူက ခဲတံနှင့်ရေးထားတာဆိုတော့ နည်းနည်း မှုန်နေပါလိမ့်မည်။ သည်းခံဖတ်တော်မူပါ။

အေးငြိမ်း

၁၅ ဧပြီ၊ ၂၀၁၈

ကျွန်တော်မရေးချင်သည့် ကိစ္စတစ်ခု

လှိုင်သာယာမှ မီးခိုးများသည် အပြင်မှာထက် ဖေ့စ်ဘုတ်၌ ပိုမွှန်သည်ထင်၏။

သည်အကြောင်း ကျွန်တော်ရေးလိုက်ချင်သည်မှာ လက်ကို ယားနေပါသည်။ သို့သော် ရေးလဲမရေးချင်ပါ။ အဘယ်ကြောင့်ဆိုသော် အကြောင်းအချက်များကို ခိုင်ခိုင်လုံလုံ၊ တိတိကျကျ၊ ပြည့်ပြည့်စုံစုံ မသိရ၍ ဖြစ်ပါသည်။ ကျွန်တော်သိချင်သည်များကို သိရလျှင် သည့်ထက်ပိုရေးနိုင်ပါလိမ့်မည်။ ကျွန်တော်ကလည်း ရေးလျှင် ပိဿာလေးနှင့် ဘေးပစ်သလိုရေးတတ်လေတော့ မသိဘဲ ရမ်းရေးလိုက်ပါက တရားစွဲခံရမှာလည်း ကြောက်ရသေးသည်။

ဖတ်ရသည့်သတင်းများအရတော့ တာဝန်ယူမှု၊ လူအများအတွက် စဉ်းစားကာ စီမံပေးမှု၊ မီးသတ်ရဲဘော်များ၏ ကျန်းမာရေး အတွက် စီစဉ်ထားမှုများမှာ အားရစရာ မရှိပါ။ သူတို့ဘယ်လိုတွေ၊ ဘာတွေလုပ်နေရမှန်းမသိ၍ သည်အကြောင်း ထားလိုက်ပါ။ (သတင်းတွေဖတ်တယ်ဆိုတော့ မင်းက ဖေ့စ်ဘုတ်သတင်းတွေပဲ ဖတ်တာပဲကွ ဟု အပြစ်မတင် မစောပါနှင့်ခင်ဗျာ။ ကျွန်တော် မြန်မာ့အလင်း၊ ကြေးမုံ၊ The Voice, Seven Days သတင်းစာ ၄ စောင် ဖတ်ပါသည်။ မြန်မာ့အလင်း နှင့် ကြေးမုံကို moi website မှ download လုပ်ကာ ဖတ်ပါသည်။ The Voice ကို ဆရာဦးကျော်မင်းဆွေက ပို့ပေးသဖြင့် နေ့တိုင်းဖတ်ရပါသည်။ Seven Days သတင်းများကို email subscribe လုပ်ထားသဖြင့် သတင်းများကို နေ့စဉ် လက်ခံရရှိပါသည်။ ထို့ပြင် The Voice website နှင့် Seven Days website ၌လည်း ဖတ်ပါသည်။)

ယခု ဖြစ်သင့် ဖြစ်ထိုက်သည်များကို အကြမ်းဖျဉ်း ရေးပြပါမည်။ ဆရာကြီးလုပ်ခြင်းမဟုတ်ပါ။ ဒီလိုဒီလိုတော့ ဖြစ်သင့်တယ်ဟု တွေးမိသမျှ ရေးပြခြင်းသာ ဖြစ်ပါ၏။

အမှိုက်ဆိုပေမင့် အမှိုက်အားလုံး တူတာမဟုတ်ပါ။ အမှိုက်ကို စနစ်တကျစီမံခန့်ခွဲရမည်ဆိုလျှင် အမှိုက်ကို စုစဉ်ကတည်းက အမျိုးအစားအလိုက်စုရမည်။ ထိုအမှိုက်များကို ဖျက်ဆီးရာတွင် အမှိုက်အမျိုးအစားကိုလိုက်၍ သင့်တော်သောနည်းများဖြင့် ဖျက်ဆီးရမည် ဖြစ်၏။

ဥပမာ - ဆေးရုံကထွက်သည့်အမှိုက်များ၊ ဓာတုဗေဒအမှိုက်များကို အိမ်မှထွက်သည့်အမှိုက်များနှင့် ရောပစ်၍ မရပါ။

ကျွန်တော်တို့မြန်မာပြည်တွင် ဆေးရုံထွက် အမှိုက်များနှင့် ရေဆိုးရေညစ်များကို မည်သူက တာဝန်ယူ ဖျက်ဆီး၊ သန့်စင်ပေးပါ သနည်း။ ဓာတုဗေဒအမှိုက်များကို မည်ကဲ့သို့စုဆောင်းပြီး မည်ကဲ့သို့ ဖျက်ဆီးပစ်ပါသနည်း။

ထိုအမှိုက်များကို စနစ်တကျ စုဆောင်းကာ အန္တရာယ်မရှိအောင် ဖျက်ဆီးပါသလား။ ကျွန်တော် မသိပါ။ ထိုအန္တရာယ်အမှိုက်များကို လူအများစွန့်ပစ်သည့် အမှိုက်များနှင့် ရောပစ်သည်ဆိုလျှင် အလွန် အန္တရာယ်များလှပါသည်။

လှိုင်သာယာမှ အမှိုက်ပုံကြီးတွင် သာမန်အမှိုက်များအပြင် လူနှင့်ပတ်ဝန်းကျင်ကို များစွာထိခိုက်စေနိုင်သော အမှိုက်များ ရောပါနေမည်မှာ မြေကြီးလက်ခတ်မလွဲပါ။

သို့ဆိုလျှင် ထိုအမှိုက်များကို မီးလောင်ပါက ထွက်လာမည့်မီးခိုးတွင် အဆိပ်အတောက်များ ပါလာမည်မှာ မလွဲပါ။ ထိုလေ၌
မည်သည့်အဆိပ်ဓာတ်ငွေ့များပါလာမည်ကို ဓာတ်ခွဲကြည့်မှ သိနိုင်ပါမည်။ သည်မျှကြီးမားသည့် အမှိုက်ပုံကြီးကို မီးလောင်လျှင် ချက်ချင်းမီးငြိမ်းသတ်ဘို့ မလွယ်ကြောင်း တွက်ဆနိုင်ပါသည်။ ထို့ပြင် အမှိုက်ဆွေးများကို မီးလောင်သဖြင့် မီးတောက်ဖြင့် လောင်မည် မဟုတ်ဘဲ မီးခိုးများအူမည်ဖြစ်ကြောင်းလည်း ခန့်မှန်းနိုင်ပါသည်။

ထိုအခါ ထိုအနီးပတ်ဝန်းကျင်မှ လုပ်သားပြည်သူများ၏ ကျန်းမာရေးအတွက်ကိုတွက်ဆကာ ပညာပေးအစီအစဉ်များ လုပ်ပေးရန်၊ လိုအပ်သည့် ကျန်းမာရေး အထောက်အကူပစ္စည်းများ (Dust mask) ပံ့ပိုးပေးရန် အပူတပြင်း ကြိုးစားရပါမည်။

အထူးအားဖြင့် မီးသတ်ရဲဘော်များ၏ ကျန်းမာရေးကို အထူးတလည် ဂရုစိုက်ရမည်။ ၎င်းတို့မှာ မီးနှင့်အနီးဆုံးနေရာတွင် နေကြရမည့်သူများဖြစ်၍ မီးခိုးများကို အများဆုံး ရှူရှိုက်ရမည့်သူများ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို အသက်ရှူ အထောက်အကူပြု ကိရိယာ (Respirator) များ အလုံအလောက် ပံ့ပိုးပေးကာ ဝတ်ဆင်ခိုင်းရမည်။ လိုအပ်လျှင် Supply air respirator များပါ ပံ့ပိုးပေးရမည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများမှာ ထိုနေရာ၌ နာရီပေါင်းများစွာ နေကြရမည့်သူများ ဖြစ်၍တည်း။ ထားပါ။ မြန်မာနိုင်ငံ၌ Supply air respirator များမရနိုင်ဆိုလျှင် အနည်းဆုံး 3M Respirator များတော့ ရနိုင်ပါသည်။ (ဈေးတော့ ကြီးသဗျ။ ပန်ဂိုလင်းမှာ မအေးနှင်းယုမေးကြည့်တာ တစ်ခုကို ၇ သောင်းတဲ့။)

ထို့ပြင် ထိုမီးသတ်ရဲဘော်များကို အလှည့်ကျ အဆိုင်းဖြင့် လုပ်ခိုင်းရပါမည်။ (အဆိုင်းဖြင့် လုပ်ခိုင်းသည်ဆိုခြင်းမှာ ထိုနေရာမှ ထွက်ခွာပြီး အခြား လေကောင်းလေသန့်ရမည့် နေရာသို့ ထွက်ခွာသွားခိုင်းခြင်းကို ဆိုလိုပါသည်။ အဆိုင်းနဲ့တော့ လုပ်ရပါရဲ့။ ထိုအနီးတွင်ပင် အဆင်သင့်စောင့်နေရသည်ဆိုပါက မလုပ်ရ၍ ခဏအနားယူရတာသာရှိပါမည်။ မီးခိုးများကို တောက်လျှောက် ရှူနေရမည်ဖြစ်၍ ကျန်းမာရေးရှူထောင့်မှ ကြည့်လျှင် ဘာမှ မထူးပါ။)

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက လူထုအတွက် ဘာတွေလုပ်ပေးနေသည်ကိုလည်း ကျွန်တော်မသိ၍ မရေးချင်ပါ။ သို့သော် ဖေ့စ်ဘုတ်ဓာတ်ပုံများတွင် တွေ့ရမြင်ရတာတွေကတော့ စိတ်ချမ်းသာစရာ မရှိပါ။ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်မတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် အင်တာဗျူးထားတာ ဖတ်ရပါသည်။ သူဘာတွေပြောတယ်ဆိုတာသိချင်လျှင် ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံတို့တွင် ဖတ်နိုင်ပါသည်။

ယခု သန်းခေါင်ကျော်ပြီဆိုတော့ အိပ်ပါတော့မည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၇ ဧပြီ၊ ၂၀၁၈

Tuesday, May 8, 2018

ဂီတစာဆိုများအား ဦးညွတ်ခြင်း

ကျွန်တော် ဂီတအကြောင်း နားမလည်ပါ။ တူရိယာနှင့်ပတ်သက်၍လည်း ဝါးလက်ခုပ်တောင် ဖြောင့်အောင်မတီးတတ်ပါ။ သို့သော် သီချင်းများကိုတော့ နှစ်သက်ပါသည်။ မြန်မာသီချင်း၊ အင်္ဂလိပ်သီချင်း၊ တရုတ်သီချင်းစသည်တို့ကို နားထောင်ပါသည်။ အခွင့်ရတိုင်း သီချင်းဆိုတတ်ပါသည်။ သို့သော်အသံက အော်လိုက်တိုင်း ဘယ်ပျောက်ပျောက်သွားမှန်းမသိသဖြင့် စိတ်ပျက်စရာ ကောင်းလှ၏။ ဇော်ဝင်းထွဋ်၏ "ဂန္ထဝင်စိမ်း" လိုသီချင်းမျိုးကို စိတ်ရှိလက်ရှိ အော်ပစ်လိုက်ချင်သော်လည်း စုတ်ချာလှသော အသံပါရမီကြောင့် မအော်နိုင်။ (ဂန္ထဝင်စိမ်းကိုနှစ်သက်ခြင်းနှင့် တွံတေးသိန်းတန်၏ ပန်းနွယ်ကစိမ်းကို ကြိုက်ခြင်းမှာ ရေချိန်အတူတူလောက်ပင် ဖြစ်၏။ ဤကား စကားချပ်)

ကျွန်တော်က တောမှာမွေးတော့ ငယ်စဉ်က အလှူ၊ မင်္ဂလာဆောင်များတွင် လော်ကြီးများနှင့် အသားကုန်ဟစ်တာ နားဆင်ခဲ့ ရသည်။ တွံတေးသိန်းတန်၊ ဟင်္သာတထွန်းရင်၊ ဟသာင်္တအောင်တင်ဝင်း စသည့်သီချင်းများကို အလွတ်ရဖူးသည်။ သူတို့ သီချင်းလေးများမှာ နှစ်သက်စရာဖြစ်၏။

ပိုးကိုက်ပါလာသည့် . . . . . ပန်းကို . . . . . . . . . . ပွင့်လာသောအခါ . . . . . ဥယျာဉ်မှူးမှာ . . . . . ပန်းတစ်ပင်လုံးကို . . . . . အမြစ်ပါမကျန်အောင် . . . . . တူးဆွလို့ ပစ်ရိုး မရှိခဲ့ပါ . . . . .

တွံတေးသိန်းတန့်သီချင်းများကို ဆိုရတာ အတော်တော့ ဂွကျသည်။ သူ့သီချင်းသံစဉ်နှင့် တီးလုံးများမှာ ခပ်ဆင်ဆင်ဖြစ်၍ တခါတလေ သည်သီချင်းဆိုရင်း ဟိုသီချင်း ရောက်သွားတတ်၏။

၁၉၈၂ ခုနှစ်က ကျွန်တော် ခရမ်းချောင်းတူးဖော်ရေး လူငယ်လုပ်အားပေး ပါသွားစဉ် စခန်းသိမ်းပွဲ၌ အဆိုအကများဖြင့် ဖျော်ဖြေကြ၏။ (ထိုစဉ်က "ဗျတ္တလိုပန်းဆက်သမားပါကွယ်" သီချင်းကိုဆိုခဲ့သော သူငယ်ချင်း စိုးနီကို သတိရမိပါသေး၏။ စိုးနီနှင့် ကျွန်တော်တို့မှာ အလွန်ခင်သော သူငယ်ချင်းများ ဖြစ်ကြသည်။) လုပ်အားပေးထဲမှ တစ်ယောက်က တွံတေးသိန်းတန်၏ "ကိုယ်ရယ်၊ မင်းရယ်၊ ပိတောက်ရယ်" ကို ဆို၏။ စတုံးက "ကိုယ်ရယ်၊ မင်းရယ်၊ ပိတောက်ရယ်" နှင့်စပြီး ဆုံးတော့ "အချစ်တစ်ပွဲ၊ စစ်ပွဲတစ်ရာ" နှင့် ဆုံးလေသည်။ နားထောင်နေသည့် ပရိသတ်တောင် အတော်များများမှာ သီချင်းလွဲနေမှန်း ပြောပြမှ သိ၏။  ကျွန်တော်လည်း သူ့လို မကြာခဏမှားဖူးသည်။

သီချင်းတစ်ပုဒ်ဖြစ်ဘို့ရာ ဂီတသံစဉ်သာမက တေးသီချင်းစာသားများလည်း လို၏။ တေးသီချင်းစာသားမရှိက သီချင်းမဖြစ်နိုင်။ တေးသီချင်းစာသားများဟူသည် ရိုးရိုးစာသားနှင့် မတူကြောင်း ပြောနေစရာကို မလိုပါ။ တေးသီချင်းဟူသည် ကဗျာတစ်မျိုးပင် ဖြစ်၏ မဟုတ်လော။ တေးသီချင်းစာသားကလေးများမှာ သေသေချာချာ သိရလေ တန်ဘိုးရှိလေဖြစ်၏။

နောက်ပြီး သီချင်းစာသားနှင့် သံစဉ် လိုက်ဖက်ရန်လည်း လိုပေသည်။ "ရဲရဲတောက် ဒို့ဗမာတွေ" ဆိုသည့် စစ်ချီသီချင်းကို အိညောင့် အိညောင့် ဆိုလို့မရ။ အားနှင့်မာန်နှင့်၊ တစ်ခါတည်း ဓားနှင့် တက်ခုတ်ချင်စိတ်ပေါက်လာအောင် ဆိုရတာ ဖြစ်သည်။ သည်သီချင်းမျိုးမှာ ဆိုရသူရော၊ နားဆင်ရသူများပါ ဇာတိသွေးဇာတိမာန်များ တက်ကြွကာ ကြက်သီးတဖျင်းဖျင်း ထလာသည်ထိ ဖြစ်၏။

သို့သော် အလွမ်းအဆွေးသီချင်းကို Rap တေးသွားနှင့်ဆိုလိုက်သည့်အခါ ငါးပါးမှောက်လေတော့၏။ (ခင်မောင်တိုးသီချင်းကို ဖြူဖြူကျော်သိန်း ဆိုတာကို မရည်ရွယ်ပါခင်ညာ။ တိုက်ဆိုင်သွားလျှင် ခွင့်လွှတ်ပါ။)

ကိုယ်ပိုင်သံစဉ်ဖြစ်စေ၊ ကော်ပီဖြစ်စေ။ ကျွန်တော်ကတော့ တေးသီသူများကို အလေးအမြတ်ပြုပါသည်။ ကော်ပီသံစဉ်ပင်ဖြစ်စေ ထိုသံစဉ်နှင့်လိုက်အောင် မြန်မာတေးစာသားများ သီကုံးရသေးသည်မဟုတ်လော။ ဥပမာ - အယ်လ်ခွန်းရီ၏ ABBA ကော်ပီသီချင်း များ၊ ဇော်ဝင်းထွဋ်၏ ရွက်လွှင့်ခြင်း သီချင်းများကို နားထောင်ကြည့်ပါ။ ကျွန်တော်ကတော့ အလွန်နှစ်သက်လေသည်။ ကော်ပီသီချင်းများကို နှာခေါင်းရှုံ့သူများထဲတွင် ကျွန်တော် မပါပါ။ သူ့တေးသွားကို နှစ်သက်၍ ကိုယ့်ဘာသာစကားနှင့် ပြန်သီကုံး ကြသည်မှာ ဘာမှားပါသနည်း။ ဤလိုသီကုံးမှုသည် မြန်မာတွင်သာမက တစ်ကမ္ဘာလုံး၌ ရှိလေသည်။

တေးစကားလုံးဆိုသည်မှာ သာမန်စာလုံးများမဟုတ်။ ဂီတစာဆိုတို့၏ နှလုံးသည်းပွတ်အတွင်းမှ စီးကျလာသည့် ရတနာ ကလေးများ ဖြစ်၏။ ရတနာဟူသည် လူအများနှစ်သက်သည့် အရာဖြစ်သည် ဟု အဓိပ္ပာယ်ရှိ၏။ ထို့ကြောင့်ပင် ရတနာလုံး ကလေးများ သီကုံးထားသည့် တေးသီချင်းများကို လူအများ နှစ်သက်ကြခြင်းဖြစ်လေသည်။

ကျွန်တော်အလွန်နှစ်သက်မိသော တေးစကားလုံးများတွင် ပန်းရည်ဘဏ်တိုက် ဟူသော စကားလုံးလေးမှာ ထိပ်ဆုံးကပါ၏။
ဒါဖြင့် ဘယ်သီချင်းစာသားကို အကြိုက်ဆုံးလဲ ဟု မေးလာလျှင် ကျွန်တော် မဖြေတတ်ပါ။ ဟိုးယခင်က မေရှင်၏ ကျေးစေတမန် ကိုကြိုက်သလို လူချွန်လူကောင်းကိုလည်း ကြိုက်ခဲ့သည်။ စစ်သွေးတွေက . . . . တဝေဝေ . . . . ။ လှသဗျာ။ သီကုံးထားတာလေး။ မာမာအေး၊ တင်တင်မြ၊ ရီရီသန့်၊ ချိုပြုံး . . အို၊ အများကြီးဆိုမှ အများကြီးပါ။ (သည်းခံပါခင်ဗျာ။ သီချင်းရေးသူများကို ဂုဏ်ပြုလိုသော်လည်း သီဆိုသူကိုသာ အတိအကျမှတ်မိပြီး ဂီတစာဆိုများကို သေသေချာချာမမှတ်မိ၊ သီချင်းအတော်များများ၏ သီချင်းရေး ဆရာများကိုလည်း မသိသောကြောင့် သူတို့နာမည်များကို မရေးနိုင်ခြင်း ဖြစ်ပါသည်။) တေးရေးသူတော်တော်များများကို ကျွန်တော် မသိပါ။

သူ့သီချင်းလေးများကို ချစ်မိ၍ တွံတေးသိန်းတန်၏ သီချင်းများကိုသီဖွဲ့သူ ဂီတစာဆိုသောင်းတင်ဋ္ဌေးကို ကျွန်တော် အတော် အထင်ကြီးလေးစားမိ၏။ နောက်ပြီး ဂီတစာဆို ဟင်္သာမြင့်ငွေ၊ မောင်ကြေးမုံ။ ပလေးဘွိုင်သန်းနိုင်၏ သီချင်းများကို ရေးသူ သုခမိန်လှိုင်နှင့်ယံယံ။ ကိုလေးလွင်။ စိုင်းထီးဆိုင်၏ သီချင်းများကို ဒိုင်ခံရေးသူ စိုင်းခမ်းလိတ်။ (ကြုံတုန်းကြွားရလျှင် တက္ကသိုလ် ဆရာဆရာမများ အထူးမွမ်းမံသင်တန်းတွင် ဆရာစိုင်းခမ်းလိတ်နှင့် ကျွန်တော်တို့ ဆုံခဲ့ဖူးပါသည်။ နှုတ်ခမ်းမွေးသဲ့သဲ့နှင့် ဆရာ့ပုံစံမှာ သူ့သီချင်းကလေးများလိုပင် အလွန်အေးအေးဆေးဆေး ရှိလှ၏။) သည်ဂီတစာဆိုများကား အလွန်အဖိုးတန်လှသော ရတနာများပင် ဖြစ်ပါသည်။ နောက် အလွန်လှပသော သီချင်းလေးတစ်ပုဒ်ဖြစ်သည့် "အညာပုဂံဘုရားဖူး" ဖန်တီးရှင် ရေနံ့သာ ဝင်းမောင်။

၁၉၉၇ ဒီဇင်ဘာလတွင် ကျွန်တော် စိုက်ပျိုးရေးတက္ကသိုလ်မှ ထွက်လာပြီးနောက် စင်ကာပူမသွားမီစပ်ကြား ကိုဖိုးခွား၏ မြန်မာ ဆီလီကွန်ဗဲလေးတွင် အလုပ်ဝင်လုပ်သည်။ များမကြာမီ မောင်ကြေးမုံ၏သား ခန့်ချောလည်း အလုပ်ဝင်လာလေရာ သူနှင့် သူငယ်ချင်းဖြစ်ရ၏။ တစ်နေ့တွင် ခန့်ချော၏ ညီလား၊ အစ်ကိုလား တစ်ဦး ကွယ်လွန်လေရာ အသုဘသွားရင်း ဂီတစာဆို မောင်ကြေးမုံတို့အိမ် ရောက်ဖူး၊ ဆရာနှင့် ကိုယ်တိုင် တွေ့ဖူးရလေ၏။ အသုဘရှုလာသည့် သုမောင်နှင့်လည်း ဆုံဆည်းရသည်။ ထိုစဉ်က သူတို့အိမ်မှာ ကျောက်မြောင်းထဲတွင် ရှိလေသည်။ ကျွန်တော့်ဘဝတွင် ဂီတစာဆိုတစ်ဦးနှင့် ပက်ပင်းတိုးဖူးသည်မှာ ဤတစ်ကြိမ်သာ ရှိခဲ့ဖူး၏။

ကျွန်တော်က သီချင်းချစ်သူဖြစ်သဖြင့် စစ်ချီသီချင်းများမှအစ ရွှေမန်းတင်မောင်၏ အောင်ပါစေသီချင်း အလယ် (သူက ဆိုရတာ အားရပါးရရှိလှသည်။ သို့သော် ကျွန်တော့်အသံနှင့်မကိုက်။ ကိုအောင်ကိုကိုချစ်မှ အပြတ်ဟဲနိုင်သည်။ ဤကား စကားချပ်။) ပြည်ထွန်းရွှေ၏ မီးဘေးရှောင် မလောင်ခင်တား အဆုံး . . အားလုံး ကြိုက်သည်ချည်းဖြစ်၏။

သြော် မောင်တို့အညာမှာ . . တမာပင်တန်းတွေနဲ့ . . . ထန်းပင် ထန်းတော . . လွမ်းမောစရာပဲ . . ရွှေဂုံသူရယ် . . ရွှေဂုံသူရယ် . . . . ဆိုတာကိုလည်း ကြိုက်သည်။ ကိုင်ဇာ၏ လူတကာထဲမှာတော့ . . . . . ဘယ်သူနဲ့မှလည်း . . . မတူပါဘူး . . . . ဆိုသည့် ယောနသံစင်ယော် ကိုလည်း ကြိုက်သည်။ ထူးအိမ်သင်၏ အိပ်ယာထဲကထ . . . နေ့တိုင်းငါရောက်နေကျ . . . . စသည့် တစ်နေ့စာ အလွဲများ၊ ညီလေးရေ စသဖြင့် အကုန်ကြိုက်သည်။ စိုင်းထီးဆိုင်သီချင်းများ၊ ခင်မောင်တိုး အို . . ကျွန်ုပ်ကြိုက်တာ တွေသာ အကုန်ချရေးရပါမူ ဘုတ်အုပ်ကြီးတစ်အုပ်စာလောက် ဖြစ်သွားလိမ့်မည်။

သတင်းစာထဲတွင် ဤပွဲကို ကာယကံရှင်မသိဘဲ စီစဉ်သည့်အတွက် ဘာဖြစ်သည်၊ ညာဖြစ်သည်နှင့် ကြော်ငြာများ ထည့်ပြီး သကာလ ခင်မောင်ထူးနှင့် မေဆွိတို့၏ စိတ်ရောင်စုံတေးစီးရီးလေး ပျောက်ချင်းမလှ ပျောက်သွားရခြင်းကိုမူ အလွန်ဝမ်းနည်းမိပါ သည်။ ထိုစီးရီးထဲမှ သီချင်းလေးများမှာလည်း အတော်ကောင်း၏။ ကျွန်တော်လိုက်ရှာကြည့်တော့ စီးရီးတစ်ခုလုံး စုစည်းထားတာ မတွေ့ရ။ အထူးသဖြင့် မေဆွိနှင့်ခင်မောင်ထူးတို့၏ စိတ်ရောင်စုံ ဖြစ်ပါသည်။ လုံးဝ ဖျောက်ဖျက်ပစ်လိုက် ကြသည်ထင်၏။ ထိုအထဲမှ တစ်ပုဒ်ကို ခင်မောင်ထူးက မန္တလေးကျုံးဘေးတွင်သီဆိုကာ နန္ဒာလှိုင်သရုပ်ဆောင်ထားသော သီချင်းမှာမူ အတော်မိုက်လေသည်။ ရွှေမန်းသူလေးဖြစ်၏။ (ထိုတေးစီးရီး လက်ဝယ်ရှိသူများ ပြန်လည်ဝေငှပေးကြပါ။)

သို့ဆိုလျှင် အဘယ်သီချင်းများကို ကျွန်တော်မကြိုက်သနည်း။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ဧယဉ်ကျူးသည့် ငိုချင်းများကို ကျွန်တော်မကြိုက်ပါ။ တြာချင်း၊ ဒုံးချင်း၊ ညည်းချင်း စသည်တို့အနက် ငိုချင်းသည်လည်း အနုပညာတစ်ခုပင်ဖြစ်၏။ သေတာကို တဖွဲ့တနွဲ့ငိုပြတာ ဖြစ်ပါသည်။ ဘုန်းကြီးပျံများတွင် ငိုချင်းကို ထည့်သွင်းတတ်ကြသည်။ ကျွန်တော်တော့ မကြည့်ဖူးခဲ့ပါ။ ဗီဒီယို စသည်တို့တွင် မြင်ဖူးပါသည်။

အနုပညာဟူသည် ဖန်တီးမှုဖြစ်၏။ ၎င်းသည် စိတ်ခံစားမှုနှင့်လည်း တိုက်ရိုက်ဆက်နွယ်နေသည်။ နှလုံးသားခံစားမှုမပါဘဲ လက်ရာမြောက်အနုပညာတစ်ခု မဖြစ်နိုင်။

ဝမ်းနည်းစရာကောင်းသည်မှာ အနုပညာရှင်များ၏ နေဝင်ချိန် ဖြစ်ပါသည်။ တချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည့် အနုပညာရှင်များ၊ ချို့ချို့တဲ့တဲ့နှင့် လူမသိသူမသိ ကွယ်လွန်သွားရသည့် သတင်းများ ကြားသိရသည့်အခါ ကျွန်တော် အလွန် စိတ်မကောင်း ဖြစ်မိပါသည်။

ထိုအထဲတွင် အထက်၌ဖော်ပြခဲ့သည့် ပန်းရည်ဘဏ်တိုက် ဖန်တီးရှင်လည်း ပါပါသည်။ ပန်းရည်ဘဏ်တိုက် ဖန်တီးရှင်ကို လူအတော်များများ မသိကြပါ။ ပြည်ဘက်က ဆိုလား။ ကျွန်တော်သည်ပင်လျှင် နာမည်မေ့နေပါပြီ။ သူလည်း ဆင်းဆင်းရဲရဲနှင့် ကွယ်လွန်သည်ဆိုလား။ ရေဆင်းတွင်ရှိစဉ်က ကိုအောင်လှိုင် ပြောဖူးပါသည်။ အတိအကျမသိပါ။

ခေတ်များ မည်မျှပြောင်းသွားသည်ဖြစ်စေ။ ကျွန်တော်ကတော့ သီချင်းဖန်တီးရှင်၊ ဂီတစာဆိုများကို ချစ်ခင်မြတ်နိုး၊ တန်ဘိုးထား နေမည်သာ ဖြစ်ပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၈ မေလ၊ ၂၀၁၈

စိတ်ရောင်စုံ link
https://phyuniwarpyar.blogspot.sg/2014/12/blog-post_57.html?m=1

Naing Linn Soe ပန်းရည်ဘဏ်တိုက်က ကန်မြဲ (ကမြဲ) ဦးအေးကျော်ပါ၊ သီရိမင်္ဂလာ၊ အညာမြေ၏၊ မဏ္ဍိုင် တောင်သုံးလုံးဆိုင် အစရှိသော ပုပ္ပါးတောင်သီးချင်း၊ ရုပ်သေးပွဲ သွားရအောင် စတဲ့ သီချင်းတွေရေးခဲ့သူပါ။

Sein Mya မောင်ကြီးပြန်လာပြီထွေးညို၊၊ ကိုယ်ရယ်မင်းရယ်ပိတောက်ရယ်၊အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ချစ်သည်းဘယ်ခါရှိပါ့မယ် စသဖြင့် အများစုကို သောင်းတင်ဋ္ဌေး ရေးခဲ့တာမှန်ပါတယ်၊ဆောင်းရယ်နှင်းရယ်ချစ်သူရယ် ကတော့ ဆရာလှထွဋ် လက်ရာပါ၊ ချစ်ရက်ရှည်ရှည် အင်းယားမြေကတော့ ပုသိမ်မောင်စိမ်းသူ ရေးဖွဲ့ခဲ့တာပါ။

ကန် မြဲ အေး ကျော် ဟု သိရပါသည် ။
ဇဂျမ်းနှင့် ကန် မြဲမှာ တစ် ဆက် တည်းဖြစ် ပါသည် ။
ဆရာတင် မိုး၏ဇာတိဖြစ် ပြီး သူရဲ့နွားတဲထဲတွင် ရေးဖွဲ့ခဲ့သည် ဟု ဆရာတင် မိုး၏ညီအရင်းနှင့်  ကော့ သောင်းတွင် ဆုံခဲ့သူ ရဲ ကျော် သူရ၏ပို့စ် တွင် ဖတ် ခဲ့ဘူးပါသည် ။

မြင်းခြံခရိုင်၊တောင်သာမြို့နယ်၊ကန်မြဲရွာ ဖြစ်ပါတယ်၊

Sein Mya တွံတေး သိန်းတန်ရဲ့ အကျော်ကြားဆုံးသီချင်းများကို ရေးသားသူမှာ တွံတေးသိန်းတန် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်၊
ထွေးညို၊၊ နှမလက်လျှော့နေလေတော့ ၊ ပန်းနွယ်ကစိမ်း၊ အသီးတစ်ရာ အညှာတစ်ခု၊ အမေ့ပါးက သနပ်ခါး၊ လေးဆယ်ကျော်အချစ်၊မေတ္တာမီးအိမ်၊ဖိုးလမင်း ကိုအောင်သွယ်ခိုင်းမယ် စသဖြင့်  .. ။