ရန်ကုန် - မန္တလေးလို အဝေးပြေးကားများကတော့ ဘီအမ်လို၊ ဟီးနိုးလို
ဘတ်စ်ကားကြီးများဖြစ်သည်။ သို့သော် ဘတ်စ်ကား ဆို၍လည်း အထင်မကြီးပါနှင့်။ သူလည်း ၀န်စည်စလယ်များကို
ကားတွင်းကားပြင် မချိမဆန့်တင်တာသာ ဖြစ်ပါသည်။ လူများများတင်နိုင်ရန် မူလပါလာသော ခုံများအားလုံးကိုဖြုတ်၍
မြန်မာမှုပြု၏။ ထို မြန်မာမှုပြုထားသောထိုင်ခုံများမှာ ပီဘိ ဘုရားစူးရပါစေ့ ထိုင်ခုံများဖြစ်၏။
ခရီးရှည်လိုက်ပါစီးနင်းရမည့် သူများအတွက် ပြင်ထားသည့် သစ်သားထိုင်ခုံများမှာ
ဗျက် ၈ လက်မလောက်သာ ရှိ၏။ နောက်ပြီး ရှေ့ခုံနှင့်နောက်ခုံကို ပီဘိ ကျဉ်းကျဉ်းကလေး လုပ်ပေးထားသည်။
ထိုင်လိုက်လျှင် ရှေ့ခုံနောက်မှီနှင့် ဒူးနှင့် တိုက်နေ သည်။ ထိုင်ခုံအကျယ်မှာလည်း
ကျွန်ုပ်တို့လို လူဗလံကလေးများအတွက်ရည်စူးပြီး ဒီဇိုင်းဆွဲထားသဖြင့် နည်းနည်း ၀သူများ
ထိုင်လိုက်လျှင် ၀ါးလုံးခေါင်းထဲ ဆင်ဝင်သကဲ့သို့ ရှိချေသည်။ ၀သူနှစ်ယောက် ယှဉ်ထိုင်ဘို့ရာ
ဘယ်နည်းနှင့်မှ အဆင်မပြေ။
ကျွန်ုပ်တို့တိုင်းပြည်မှ စီးပွားရေးပညာရှင်များကား လူများအတွက်
နည်းနည်းမှ ထည့်စဉ်းစားဖော်မရ။ ကားပေါ်တွင် စီးနင်း လိုက်ပါမည့်သူများကို ကျည်ဆံများကဲ့သို့သဘောထားလျှက်
ကားပေါ်လူတင်သည့်အခါ ကျည်ကပ်များအတွင်း ကျည်ဆံများ ထိုးထည့်သကဲ့သို့လည်းကောင်း၊ ကြက်ခြင်းများအတွင်း
ကြက်များထည့်သကဲ့သို့လည်းကောင်း အတင်းထိုးထည့်တာ ဖြစ်သည်။
နောက်ပြီး ဘေးမှထိုင်ခုံများတွင် တင်ရတာ အားမရ။ အလယ်ခုံဆိုတာ
လုပ်လိုက်သေး၏။ ထိုအလယ်ခုံဆိုသည်များမှာလည်း ပီဘိ ထိုင်လို့ရသည်ဆိုရုံကလေး လုပ်ပေးထားတာဖြစ်သည်။
ကားပေါ်မှာ ဘယ်နေရာမှာမှ ထိုင်စရာမရှိတော့ဘူးလား။ ကိစ္စမရှိ။
နောက်ဘက်တွင် ခြေနင်းခုံရှိသေးသည်။ ယောက်ျား ဘသားရော၊ မိန်းမဘသားများပါမကျန် ခြေနင်းခုံပေါ်
တွဲလွဲခို လိုက်ကြသည်။ ခရီးသည်မည်မျှလာသည်ဖြစ်စေ၊ မတင်နိုင်တော့ဆိုတာ မရှိစေရ။ ခြေနင်းခုံမှာ
နင်းလို့မရတော့လျှင် ကားဘေးမှာ တွဲလွဲခို လိုက်လို့ရသေးသည်။
ဘာ၊ အက်ဆီးဒင့်၊ ဟုတ်လား။ မပူပါနှင့်ခင်ဗျား။ ကားပေါ်ကပြုတ်ကျရလောက်အောင်
မြန်လှသည်မဟုတ်ပါ။ ကားကမြန်မြန် မောင်းလို့ရသည်ဆိုစေ။ လမ်းမှာ ချိုင့်ခွက်အပြည့်နှင့်ဖြစ်သဖြင့်
တစ်နာရီ ၁၅ မိုင်နှုန်းလောက်သာ မောင်းလို့ရ၏။ ထို့ကြောင့် နာရီဝက်လောက်မောင်းရမည့်ခရီးကို
၃ နာရီလောက် ကြာလေသည်။ ထိုကားသည်ပင်လျှင် တစ်နေ့လုံးမှ တစ်စီးသာရှိ၏။
အိုင်သပြုမှ ဟင်္သာတသို့ တိုက်ရိုက်ကားဖြင့်သာမက ခမောက်စုမှလည်း
သွားလို့ရသေး၏။ အိုင်သပြုမှ ခမောက်စုသို့ ကားဖြင့်သွား။ ခမောက်စုကနေ ဟင်္သာတသို့ ရထားဆက်စီး။
သို့သော် ကျွန်တော်ကတော့ ဟင်္သာတကားမမီမှသာ ခမောက်စုလမ်းကို ရွေးပါသည်။ သူက လမ်းထောင့်သကိုး။
မနက်ပိုင်း ဟင်္သာတသို့လာသည့်ကားမှာ နေ့ခင်း ၃ နာရီလောက်ဆိုလျှင်
အိုင်သပြုသို့ ပြန်ပါသည်။ ဘယ်အချိန်ကားထွက်မလဲ မမေးပါနှင့်။ သူတို့ကုန်ပြည့်သည့်အချိန်မှ
ထွက်မည်။ ဘာမှမဝေးလှသော ဟင်္သာတကိုသွားဘို့ရာ မနက်အစောကြီးထရ သကဲ့သို့ ပြန်တော့လည်း မိုးချုပ်မှ
ပြန်ရောက်သည်။ လမ်းတွင် ဟိုစောင့်၊ သည်စောင့်နှင့် အချိန်များ အလွန်ကုန်လှသည်။
လမ်းတွင်လည်း သက်တောင့်သက်သာ လိုက်ရသည်မဟုတ်။ တစ်ယောက်ယောက်က
ကုန်များနှင့်ဆင်းသည် ဆိုကြပါစို့။ ထိုကုန်များကို ချဘို့ရာ တစ်ကားလုံးမှလူများ အောက်ဆင်းကြရသည်။
နောက်ပြီး ကုန်များကို မွှေနှောက်ရှာဖွေချ။ အပေါ် ပြန်တက်။ ကားပေါ်ပြန်တက်တော့လည်း ပြဿနာများလိုက်သေး၏။
ဟဲ့၊ အဲဒါ ငါ့နေရာ။
အောင်မာ၊ ကောင်မ လူပါးဝလို့၊ ငါအရင်ရောက်နှင့်နေတာ နင့်အလုံး
မမြင်ဘူးလား။
သယ်၊ သူခိုးက လူဟစ်လို့ . . . .
&^%$*@%^>”*&^%
ကဲဗျာ။ တော်ကြပါတော့။ ကျွန်တော်ရှိကြီးခိုးပါရဲ့။ ဒီမှာ ကားကြပ်ရတဲ့အထဲ။
အော်ကြီးဟစ်ကျယ်မျှနှင့် ပြီးသွားလျှင် ကံကောင်း။
ဤသည်မှာ ၁၉၈၀ ကျော်ပတ်ဝန်းကျင်များလောက်က လေးမျက်နှာမှ ဟင်္သာတသို့
ခရီးသွားရာ၌ တွေ့ကြုံရသည့် ကျွန်တော်တို့ဒုက္ခသုက္ခများ ဖြစ်ပါသတည်း။
(၅) ရန်ကုန်ရွှေမြို့တော်သွား မြို့လား
ရန်ကုန်ကို မဆိုထားပါနှင့်။ ဟင်္သာတတောင် မရောက်ဖူးပဲ သေသွားသူများ
ကျွန်ုပ်တို့ရွာမှာ ဒုနှင့်ဒေးရှိသည်။ ကျွန်တော့် စိတ်ထင် ရွာသားအားလုံး၏ ၇၀ ရာခိုင်နှုန်းလောက်မှာ
မိမိအနီးပတ်ဝန်းကျင်ရွာများလောက်ကလွဲ၍ မြို့ပြင်ကနား ရောက်ဖူး ကြသူများမဟုတ်ပါ။
မရောက်ဖူးတော့ မြို့ကိုသွားရမှာ အလွန်ကြောက်ကြသည်။ အသည်းအသန်
မမာမကျန်းဖြစ်နေသည့်တိုင် မြို့ဆေးရုံကိုတော့ မသွား။ အသေသာခံမည်ဆိုသည့်သူများ အတော်များ၏။
မြို့သွားရမှာကြောက်သည့်အထဲတွင် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲ တာလည်း တစ်ကြောင်းပါပါသည်။
(ယခုခေတ်တွင်တော့ လမ်းပမ်းဆက်သွယ်ရေးမှာ ယခင်ကလောက် မဆိုးတော့၍ တစ်သက်လုံး ဘယ်မှမရောက်ဖူးသူများပင်
ရန်ကုန်သို့ တစ်ခေါက်တကျင်းတော့ ရောက်လာဖြစ်လေပြီ။ ရွာမှာ လုပ်ငန်း ကိုင်ငန်းအဆင်မပြေ၍
ရန်ကုန်တက် အလုပ်လုပ်နေသော ၀ါးတောကွင်းရွာသူရွာသားများပင် အတော်များနေပြီ ဖြစ်၏။)
ကျွန်တော် စက်မှုတက္ကသိုလ်ကျောင်းသားဘ၀က ရန်ကုန်လာရသည့်ခရီးမှာ
အတော်ထောင့်သည့် ခရီးဖြစ်၏။ ရထားနှစ်တန်၊ ကားနှစ်တန်၊ မော်တော်နှစ်တန် စီးရလေသည်။ ဒါတောင်
ရွာမှ ရန်ကုန်သို့ နေ့ချင်းရောက်တာမဟုတ်။ လေးမျက်နှာက မနက် ၄ နာရီလောက်ထွက်မှ ရန်ကုန်သို့
ည ၇ နာရီလောက် ရောက်တာ ဖြစ်သည်။
ကျွန်တော်တို့ ကျောင်းသားဘ၀က မည်သည့်တက္ကသိုလ်တက်ရမည်ကို ဆယ်တန်း၊
ဒေသကောလိပ် ပထမနှစ်၊ ဒုတိယနှစ် - သုံးနှစ်ပေါင်း အမှတ်ဖြင့် ခွဲတာဖြစ်သည်။ ဆယ်တန်းတွင်
ကျွန်တော် အမှတ်သိပ်ကောင်းလှတာ မဟုတ်။ ရူပ+ဓာတု ဂုဏ်ထူး တစ်ဘာသာပဲ ထွက်သည်။ (ကျွန်တော်တို့ဆယ်တန်းကျောင်းသားဘ၀က
ရူပဗေဒနှင့်ဓာတုဗေဒ နှစ်ခုပေါင်းကို စာမေးပွဲ မေးခွန်းတစ်ခု ဖြစ်၏။) စုစုပေါင်းအမှတ်
၃၇၉ မှတ်ပဲရတာဖြစ်၏။
(ကျွန်တော်တို့ဆယ်တန်းတွင် စနစ်သစ်ဆိုကာ မြန်မာစာ၊ သင်္ချာ၊
အင်္ဂလိပ်စာ၊ (ရူပ+ဓာတု)၊ (ပထ၀ီ+ဘောဂ)၊ သမိုင်း ဟု ခြောက်ဘာသာ သင်ရသည်။ စနစ်ဟောင်းတွင်
ဆယ်တန်းကို ၀ိဇ္ဇာ၊ သိပ္ပံခွဲထား၏။ စနစ်သစ်ကျတော့ ၀ိဇ္ဇာ၊ သိပ္ပံ မခွဲတော့ဘဲ ဘာသာရပ်အားလုံး
သင်ရသည်။ စာမေးပွဲဖြေတော့ (ရူပ+ဓာတု) က မေးခွန်းတစ်ခု၊ (ပထ၀ီ+ဘောဂ) က မေးခွန်းတစ်ခု။
စုစုပေါင်း မေးခွန်း (၆) ခု။ ကျွန်တော်ဆယ်တန်းအောင်ပြီး သိပ်မကြာလိုက်။ စနစ်သစ်ဆိုကာ
ဝိဇ္ဇာ၊ သိပ္ပံ ပြန်ကွဲသွားပြန်သည်။ တွဲလိုက်၊ ခွဲလိုက်နဲ့ တတ်လည်းတတ်နိုင်တဲ့လူတွေခင်ဗျာ။)
ဆယ်တန်းတွင် အမှတ်မကောင်းပေမင့် ဒေသကောလိပ်တွင် ကျွန်တော်
စာကို အသည်းအသန်ကြိုးစားသည်။ ဒေသ ကောလိပ်ပထမနှစ်တွင် (နိုင်ငံရေးသိပ္ပံ၊ အင်္ဂလိပ်၊ သင်္ချာ၊
ရူပ၊ ဓာတု) ၅ ဘာသာကို ၃၈၂ မှတ်။ ဒုတိယနှစ်တွင် မြန်မာစာ တစ်ဘာသာပိုကာ ၆ ဘာသာကို ၄၁၈
မှတ်ရ၏။ ထို ဒေသကောလိပ်အမှတ်များ ကယ်၍ စက်မှုတက္ကသိုလ်သို့ ခုံနံပါတ် M 137 ဖြင့် ရောက်လာလေ၏။
ထိုစဉ်က ကျွန်တော်တို့အရပ်၌ စက်မှုတက္ကသိုလ်၊ ဆေးတက္ကသိုလ်များသို့ တက်ခွင့်ရသူများမှာ
လက်ချိုးရေလို့ရလေရာ ကျွန်ုပ်မှာ ကိုယ်တိုင်မသိရပါဘဲလျှက် အတော်မျက်နှာပန်းပွင့်လေသော
ဟူသတတ်။
စက်မှုတက္ကသိုလ်တက်ဘို့ ရန်ကုန်လာရမည်ဆိုတော့ ဦးကြီးနှင့်အရီးတို့
ခေါင်းကိုက်ကြပြန်၏။ ဘယ်မှာတည်းမည်နည်း။ ဟင်္သာတမှာတောင် ဆွေမျိုးမရှိတာ၊ ရန်ကုန်ဆိုတာ
ဝေလာဝေးပေါ့။ ဟင်္သာတတွင် ကျွန်တော်တည်းခဲ့သော မိုးကောင်း ကျောင်းတိုက်မှ မိတ်ဆွေဦးပဉ္စင်းများ၏
ကျေးဇူးဖြင့် စမ်းချောင်း၊ အောင်မင်္ဂလာတိုက်သစ်တွင် ခေတ္တ တည်းခိုခွင့်ရ၏။
ရန်ကုန်တွင် တက္ကသိုလ်တက်ရမည်ဆိုတော့ အိမ်က ကျွန်တော့်အတွက်
ကျွန်းသေတ္တာစပ်ပေးသည်။ အကောင်းကြီးတော့ ဘယ်ဟုတ်မတုံးခင်ဗျာ။ ၆ x ၆ မူးပျဉ်ကို ဖြတ်ပြီး
ကပ်ရိုက်ထားတာပေါ့။
ထိုကျွန်းသေတ္တာကြီးသယ်လျှက် တက္ကသိုလ်တက်ရန် ကျွန်တော် ရန်ကုန်သို့လာ၏။
လိုက်ပို့သူမှာ အစ်ကိုတစ်ဝမ်းကွဲ ကိုတင်ထူး ဖြစ်လေသည်။ ကျွန်တော်တို့ ဘယ်ကနေဘယ်လို
ရန်ကုန်ရောက်လာမှန်း မမှတ်မိတော့။ မှတ်မိသည်မှာ ရန်ကုန်ကို ဟိုင်းလတ်ကားလေး စီးလာသည်။
တစ်ယောက်ပြီးတစ်ယောက် ဆင်းသွားကြလေရာ ကားပေါ်တွင် ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်သာ
ကျန်တော့သည်။ ကားစပယ်ယာက ညီလေးတို့ ဘယ်မှာဆင်းမလဲဆိုတော့ ကျွန်တော်တို့မှာ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်လျှက် ကိုင်း၊ ဖြစ်ချင်ရာဖြစ်ကွ ဟု ဟောသည်နေရာမှာဆင်းမဗျာ ဆိုကာ ဆင်းချလိုက်လေ၏။
ဆင်းသာဆင်းလာရသည်။ ဘယ်နေရာရောက်လို့ ရောက်နေမှန်းမသိ။ (နောက်မှ
ကျွန်တော်တို့ဆင်းသည့်နေရာမှာ ပြည်သူ့ လွှတ်တော်ရှေ့မှန်းသိရသည်။ သည်နေရာက တည်းမည့်
အောင်မင်္ဂလာတိုက်သစ်နှင့် သိပ်မဝေးလှ၊ ကံကောင်းသည်ဟု ဆိုရ မည်။) နောက်တော့ ကားငှားကာ
အောင်မင်္ဂလာတိုက်သစ်သို့လာ၊ ထိုကျောင်းမှာပင် ခေတ္တတည်းခို။ နောက်တော့ ကျောင်းအပ်၊ ဘာညာကိစ္စတွေလုပ်ပြီး
အဆောင်ရလေသည်။ စဥ့်ကူဆောင် အခန်းအမှတ် ၁၃၃ တွင် မိတ္ထီလာမှ ဖိုးသံချောင်း နှင့် အတူတူနေရ၏။
စာမေးပွဲကြီးအပြီး ကျောင်းပိတ်လို့ အိမ်ပြန်ကြတော့ ထိုကျွန်းသေတ္တာကြီးကို
ကျွန်တော် အောင်မင်္ဂလာတိုက်သစ်သို့ သွားထားသည်။ ကျောင်းဖွင့်လို့ ပြန်လာတော့ ကျွန်တော်သေတ္တာအပ်ခဲ့သည့်
ဦးပဉ္ဇဇင်း မရှိတော့။ ပြန်သွားပြီဆိုလား။ ပြောင်းသွားပြီဆိုလား ပြော၏။ ကျွန်တော်လည်း
ဆရာတော်ကိုလျှောက်ကာ သေတ္တာကိုပြန်ယူရန်လုပ်သည်။ မင်းက ဘယ်က ကောင်မှန်းမသိဘဲနဲ့ ငါကပေးလို့ဖြစ်မလားကွ
ဆိုလေ၏။ ဟိုက်ရှားဘား။ အဲဒါမှ ရှောက်ပြဿနာ။ ကျွန်တော်လည်း အကြံရကြပ်နေစဉ် ဟေး၊ မောင်အေးငြိမ်း၊
ဘယ်တုံးကပြန်ရောက်တာတုံးဟု လှမ်းနှုတ်ဆက်သံကြားမိ။ ကျွန်တော်နှင့်သိသော အခြား ဦးဇင်းတစ်ပါး
လာနှုတ်ဆက်တာ ဖြစ်ပါသည်။ ယခင်က သူမရှိ။ ပြီးခဲ့သည့်လကမှ ရောက်လာတာ ဆို၏။ ကျွန်တော်လည်း
ဖြစ်ကြောင်းရယ် ကုန်စင်ကို နတ်သံနှောပြောမှ ဦးဇင်းက ထောက်ခံပေး၏။ ထိုအခါမှ ဆရာတော်လည်း
ကျွန်တော့်သေတ္တာကြီးကို ပြန်ယူခွင့် ပြုလေသည်။ ကျွန်ုပ်မှာ အတော်လေး ရင်တုန်၊ နှလုံးတုန်
ဖြစ်လိုက်ရသေး၏။ အနို့၊ ကျွန်ုပ်တွင်ပိုင်သမျှသော ပစ္စည်းဥစ္စာ အားလုံးကို သည်သေတ္တာအတွင်း
စုဆောင်းထည့်ထားတာ မဟုတ်ပါလော။
နောက်တော့ ကျွန်တော်တို့ရွာမှ (အမေမယ်ညိုတို့နှင့် ထင်ပါသည်)
ဆွေမျိုးတော်သည့် ဦးညွန့်မောင်နှင့် အဆက်ရကာ သူတို့အိမ်တွင် တည်းလို့ ရသွားလေသည်။
ဦးညွန့်မောင်က ကျွန်တော့်ကို အတော်ခင်၏။ ကျွန်တော့်သေတ္တာ အလေးကြီးကို သူတို့အိမ်ခန်းရှိရာ
သုံးထပ်သို့ သူပင်ထမ်းတင်သွားတာ ဖြစ်သည်။ နှစ်ယောက် မ,ပါမယ်ဆိုတာတောင် မရ။ သူတို့အိမ်က
ဘာတာတွင်ရှိသည်။ ဂုံလျှော်စက်ရုံဆိုလား မှ ၀န်ထမ်းများအတွက် အစိုးရပေးထားသော တိုက်ခန်းများ
ဖြစ်သည်။ အဆင်ကပြေချင်တော့ သူတို့တိုက်ခန်းနှင့် ကျွန်တော်နေရသော စဥ့်ကူဆောင်မှာ ကျောချင်းကပ်လျက်
ဖြစ်သဖြင့် လမ်းလျှောက်သွား၍ပင် ရလေသည်။ ယခုတော့ ဦးညွန့်မောင်လည်း ဆုံးရှာလေပြီ။ သူ့သားသမီးများနှင့်တော့
ယခုတိုင် အဆက်မပြတ်ပါ။ ပြီးခဲ့သည့် နွေတုံးက အလှူကိုတောင် လာကြသေးသည်။
ကျေးဇူးပါ ဦးညွန့်မောင်ခင်ဗျား။
ကျွန်တော့် ရန်ကုန်ရွှေပြည်တော်သွား တောလားက ယခုမှစမှာ ဖြစ်ပါသည်။
ကျွန်တော်ငယ်စဉ်က အတော်နုံသူ ဖြစ်၏။ (ယခုလည်း သိပ်မထူးလှပါ။
ခပ်ထူထူပင်ဖြစ်ပါသည်။) ရန်ကုန်တွင် ကျောင်းတက် နေစဉ် ကာလတစ်လျှောက်လုံး တစ်ခါကလေးမှ
ရထားလက်မှတ် မရစဖူး။ လက်တန်းပေါ်ထိုင်လိုက်လိုလိုက်။ ခုံများအကြား မတ်တပ်ရပ်လိုရပ်နှင့်
စီးခဲ့ရသည်ချည်း ဖြစ်၏။ သို့ကလိုဆိုလိုက်သော် ကျွန်တော့်အား ၀ီရိယနည်းသူဟု မထင်လိုက်ကြပါနှင့်။
ကျွန်တော်လည်း တတ်စွမ်းသရွေ့ အများတကာနည်းတူ တန်းစီသည်သာ ဖြစ်ပါသည်။ သို့သော် လက်မှတ်ရသူများစာရင်းတွင်
ကျွန်ုပ်တစ်ခါမှ မပါခဲ့။
လေးမျက်နှာမှ ဟင်္သာတသို့ လာရသည့်ခရီးစဉ်ကို အထက်တွင် ပြောခဲ့ပြီ။
အိုင်သပြု - ဟင်္သာတ အိတ်စ်ပရက်စ်ကားကြီး ဟင်္သာတမြို့သို့ဆိုက်သည်နှင့် ဆိပ်ကမ်းသို့ပို့ပေးမည့်ကားဆီ
အပြေးသွားရပြန်၏။ နွေဘက်ဆိုလျှင် မြစ်နှင့်ဟင်္သာတမြို့ အကြား၌ သောင်ပြင်ကြီးခံနေသဖြင့်
သင်္ဘောများမှာ ဟင်္သာတသို့ရောက်အောင် မဆိုက်နိုင်။ သို့အတွက် ဟင်္သာတမြို့ပေါ်မှ နေ၍ ဆိပ်ကမ်းရောက်အောင်
သောင်ပြင်ကြီးကို ဖြတ်သွားရတာ ဖြစ်သည်။ ထိုကားမှာလည်း အိုင်သပြုကားနှင့် ညီအစ်ကို တော်၏။
သို့သော် သူက ခရီးသည်များချည်းပို့ပေးတာဆိုတော့ ၀န်စည်စလယ် သိပ်မပါ၍ ထိုင်စီးရသည်။
ခရီးကလည်း သိပ်မဝေးလှ။
ဆိပ်ကမ်းရောက်သည်နှင့် အထုပ်အပိုးများဆွဲကာ သင်္ဘောပေါ် တက်ရပြန်၏။
သင်္ဘောပေါ်သို့ ကုန်းဘောင်ပေါ်မှ လျှောက် တက်ရသည်။ ကုန်းဘောင်ဆိုသည်မှာ ပျဉ်ပြားကြီးနှစ်ချပ်ကို
ယှဉ်ခင်းကာ သင်္ဘောနှင့် ကုန်းပေါ်သို့ဆက်ပေးထားသော တံတား ဖြစ်၏။ ပျဉ်ပြားညွတ်ပက်၊ ညွတ်ပက်ပေါ်လျှောက်ရတာ
လျှောက်ခါစက ဒူးခပ်တုန်တုန်။
သင်္ဘောပေါ်၌ ဟိုနားရပ်၊ သည်နားရပ်၊ ဟိုငေးသည်ငေးဖြင့် လိုက်ပါလာရာ
တစ်နာရီခန့်မောင်းမိလျှင်ပင် သာရဝေါသို့ ဆိုက်တော့၏။ သာရဝေါရောက်ပြန်သော် အထုပ်အပိုးများကိုဆွဲလျှက်
ရထားလက်မှတ်ရုံရှိရာသို့ အသားကုန်ပြေးရပြန်၏။ ၅ နာရီကျော်လောက်စီးရမည့် ရထားကို ထိုင်ခုံကလေးနှင့်များ
စီးရလေမလားဟူသော မျှော်လင့်ချက်ကလေးနှင့် ဖြစ်၏။ သို့သော် မျှော်လင့်သလို တစ်ခါမှ ထိုင်ခုံလက်မှတ်
မရဖူးပါ။ ၀စ်သောက်နှင့်သာ အမြဲငြားသတည်း။
(နွေဘက်တွင် သောင်ကြီးခံနေသဖြင့် ဆိပ်ကမ်းသို့ ကားစီးသွားကြရသော်လည်း
မိုးတွင်းဘက်တွင်မူ ဟင်္သာတမြို့ထိ သင်္ဘောဝင်လို့ရပါသည်။ ဘယ်နေရာကစီးသလဲဆိုတာတော့ မေ့နေပြီ။
ဦးဘရဲဆိပ်ကမ်းလား၊ သပြေပင်ကျောင်းလား တစ်ခုခု ဖြစ်ပါ၏။ သို့အတွက် နွေရာသီထက် မိုးရာသီက
သွားရလာရ ပိုအဆင်ပြေသည် ဆိုရမည်။)
များမကြာမီ ရထားတွဲဆိုင်းများ တအိအိနှင့် ထိုးလာသည်။ ခုံလက်မှတ်မရသည့်နောက်မတော့
ဘယ်တွဲ ဘယ်မှာရှိတယ် ဆိုတာ ရှာနေစရာမလိုတော့။ နီးရာတွဲ တစ်ခုခုပေါ်တက်လိုက်ကာ အဆင်ပြေမည့်နေရာကို
ရွေးရ၏။ သည်အချိန်မှစ၍ ရန်ကုန်အ၀င်ထိ ဈေးသည်များ၏ ဒုက္ခကို ကောင်းကောင်းခံရတော့သည်။
ဟောဒီက ပြောင်းဖူးပြုတ်ပူပူလေး။ အစ်ကိုရေ စာလေးခွေ အားပေးပါဦး။
မုန့်ဖက်ထုတ် ယူကြဦးမလား စသဖြင့်။ ကြက်ဥပြုတ်၊ ငုံးဥပြုတ်၊ ဆေးလိပ်၊ ကွမ်းယာ စသည့်ဈေးသည်
အတော်စုံလှ၏။ ကျွန်တော်က လူသာမွဲသော်လည်း အင်မတန် - င်ခေါင်း ကျယ်သည်။ လမ်းဘေးမှ၊ ကားဂိတ်မှ၊
ရထားပေါ်မှ အစားအသောက်များကို မစား။ ခရီးသွားသည့်အခါ
ပေါင်မုန့် တစ်ထုပ် ၀ယ်သွားသည်။ ဆာလျှင် ပေါင်မုန့်ထုတ်စားသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ စာကလေးကြော်များမှာ ဘယ်တုံးကတည်းက
ကြော်ထားတာမသိ။ ရောင်းမကုန်လို့ ကျန်နေတာ ဘယ်နှစ်ရက်ရှိပြီလဲ သူတို့ကိုယ်တိုင်တောင်
သိချင်မှ သိမည်။ မုန့်ဖက်ထုပ်ဆိုတာ ဖက်နှင့် အသားကုန် ထုတ်ထားပြီး ဖက်လည်းကုန်ရော ထွက်လာသည့်မုန့်မှာ
ကျွန်တော့်လက်မသာသာပဲ ရှိတော့၏။ ကောက်ညှင်းကျည်တောက် ဆိုလို့ စားချင်လှချည်ရဲ့လို့များ
မ၀ယ်လိုက်လေနှင့်။ ကောက်ညှင်းကျည်ထောက်၏ အဆစ်မှာ အလယ်လောက်တွင်ရှိသည်။ အဆို့မှာ အနည်းဆုံး
တစ်မိုက်လောက်ရှိ၏။ အဆစ်နှင့်အဆို့ကိုဖယ်လိုက်လျှင် အထဲမှကောက်ညှင်းမှာ လက်တစ်ဝါး လောက်သာ
ရှိတော့သည်။
သိပ်မကြာခင် မုံ့ဟင်းခါးသည် တက်လာသည်။ သူတို့က အုပ်စုနှင့်။
ပန်းကန်လိုက်ဝေသူကဝေ၊ မုံ့ထည့်သူကထည့်၊ အကြော် စသည်နှင့် ဟင်းရည်ထည့်သူကထည့်။ နောက်မုံ့ပန်းကန်ဝေသူ၊
ပန်းကန်ဆေးသူ စသဖြင့်။ ထမင်းစားခြင်းအနုပညာတွင် သည် အကြောင်း ကျွန်တော်ရေးခဲ့ပါ၏။ လူအများကြားထဲရောင်းရတာဆိုတော့
ဟိုကျော်လိုက်၊ သည်ခွလိုက်။ ဟင်းရည်များလည်း ဖိတ်လိုဖိတ်။ ဟင်းရည်အိုးကိုတော့ မကြည့်ပါလေနှင့်။
အိုးနှုတ်ခမ်းပတ်လည်တွင် ဟင်းရေများစဉ်ထားလိုက်သည်မှာ . . . . ။
သူတို့အုပ်စုလာလျှင် ကျွန်တော် ခပ်ဝေးဝေးသွားနေ၏။ မုံ့ဖတ်များ၊
ဟင်းရည်များ စဉ်မည်စိုး၍တကြောင်း၊ ကိုယ့်အပေါ် ကျော်ခွသွားတာ မကြိုက်၍တကြောင်းတို့ကြောင့်
ဖြစ်၏။
နောက်ပြီးခေါက်ဆွဲသုတ်ရောင်းသည့်အသည်မှာလည်း အတော် ညစ်ပတ်လှ၏။
အဲလေ မညစ်ရအောင်ကလည်း ရထားပေါ်မှာ ဘယ်ရေကရလို့ ဆေးရပါမတုံး။
လက်ပံတန်းလောက် ရောက်လာလျှင် ခမောက်ကြီး တက်လာ၏။ ခမောက်ကြီးဆောင်းထားသော
လူ၀၀ကြီးတစ်ယောက် တက်လာကာ ခမောက်ကြီး ဟု အော်လျှက် ကရေကယာမုံ့များကို ကပ်ကြေးဖြင့်ညှပ်ကာ
အလကားလိုက်ကျွေးသည်။ နောက်ပြီးမှ ဈေးရောင်းသည်။ သူကျွေးတာစားလို့ မ၀ယ်လည်း ဘာမှ မဖြစ်ပါ။
သို့သော် သူ့မဟာဗျူဟာ အောင်မြင်ပါသည်။ နှစ်အနည်းငယ်အတွင်း ခမောက်ကြီး အကြီးအကျယ်ချမ်းသာသွားသည်
ဆို၏။ နောက်ပိုင်း ခမောက်ကြီးကို မတွေ့ရတော့ပဲ ခမောက်စုတ်များ တက်လာကြသည်။ ကျွန်တော့်ဆရာခမောက်ကြီးက
ကျွန်တော့်ကို နည်းပေးသွားတာပါ ဘာညာနှင့် လုပ်သေးသည်။ သို့သော် အတုသည် အစစ်လောက်ကောင်းနိုင်ပါမည်လား။
နောက်ခမောက်များ အောင်မြင်သည်ဟု မကြားမိပါ။
စာအုပ်ရောင်းသည့်အသည်များ၊ စာအုပ်ငှားသူများလည်း ပါလာတတ်သေးသည်။
ဦးပေါ်ဦးလျှောက်ထုံး၊ ဆရာကြီး ပီမိုးနင်း၏ စာအုပ်များ၊ ဘုရားရှိခိုးစာအုပ်များ၊ သီချင်းစာအုပ်
စသည် အတော်စုံလှ၏။ မွေးညှပ်၊ ဇာဂနာ၊ ရှုဆေးဘူး၊ အပ်၊ အပ်ချည်၊ တွယ်အပ်၊ နားဖာကလော် စသည့်
တိုလီထွာလီရောင်းသည့်အသည်များလည်း လာ၏။
ရထားပေါ်မှာ ဈေးရောင်းရတာ အန္တရာယ်များလှပါသည်။ သူတို့က ရထားတစ်တွဲနှင့်တစ်တွဲကို
ကူးသန်းသွားလာနေကြရ သည်ဖြစ်ရာ တွဲအကူးတွင် ခြေချော်လက်ချော်ပြုတ်ကျပါက အသက်အန္တရာယ်ရှိသည်။
နောက်ပြီး ဈေးသည်များမှာ အတင့်ရဲ လှ၏။ ထွက်ခွာစပြုနေပြီဖြစ်သော ရထားပေါ် အတင်းပြေးတက်သည်။
ရထားမရပ်မီ ခုန်ဆင်းသည်။ နောက်ပြီး သူတို့က လူ အလွတ်ချည်းထဲမဟုတ်။ လက်ထဲတွင် ဈေးချင်းတောင်းများ
ဆွဲထားရသေး၏။
ကြားဘူတာများ၌ ခရီးသည် အတက်အဆင်းရှိသည့်တိုင် ရှုပ်ရှက်ခပ်နေလောက်အောင်
မရှိပါ။ လက်ပံတန်းဘူတာလောက် တွင်သာ ခရီးသည်အတက်အဆင်းများသည်။ သြော် လက်ပံတန်းဆိုလို့
သတိရတာလေး မျှဝေလိုက်ပါရစေဦး။
ရန်ကုန်သို့သွားရာတွင် သာရဝေါ - လက်ပံတန်းရထားကိုစီးပြီး
လက်ပံတန်းမှ ကျွန်းကလေးကိုလာကာ ကျွန်းကလေးမှ ရန်ကုန်သို့ပြေးဆွဲသော ကားများစီး၍လည်း
သွားနိုင်သေး၏။
တစ်ခါသား ကျွန်တော်၊ အဖေကြီးနှင့် ဟင်္သာတမှ ဦးဇင်းနှစ်ပါးတို့
ရန်ကုန်သို့ လာကြသည်။ ဆွမ်းစားချိန်ရောက်နေ၍ လက်ပံတန်းဘူတာမှ ထမင်းဆိုင်တွင်ပင် ဦးဇင်းများကို
ဆွမ်းကပ်ကြသည်။ ကျွန်တော်တို့လည်း စားသည်ပေါ့။
ကျွန်တော့်ဘ၀တွင် စားခဲ့ရသော ထမင်းပွဲပေါင်း ထောင်နှင့်ချီရှိသည့်အနက်
ဒုတိယ အချာဆုံးသော ထမင်းပွဲကို ပြပါဆိုလျှင် ယခု လက်ပံတန်းဘူတာမှ ထမင်းဆိုင်တွင် စားခဲ့ရသော
ထမင်းပွဲကို ပြရပါလိမ့်မည်။ ဟင်းများကိုတော့ မမှတ်မိတော့ပါ။ အမဲသားဟင်း ထင်၏။ ထမင်းကလည်း
ချာတူးလန်၊ ဟင်းကလည်း ချာတူးလန်။
(အချာဆုံးထမင်းပွဲများတွင် နံပါတ် (၁) စွဲသော ထမင်းပွဲသည်ကား
နတ်မောက်သို့သွားစဉ် လေးအိမ်စုဆိုသော ရွာကလေး၌ ကားစောင့်ရင်း စားခဲ့ရသော ထမင်းပွဲ ဖြစ်ပါ၏။
သည်ထမင်းပွဲအကြောင်း တစ်နေရာ၌ ကျွန်တော် ရေးခဲ့ဖူးပါသည်။ အစားအသောက် ချေးမများတတ်သော
ကျွန်တော်သည်ပင် ထမင်းပွဲတစ်ဝက်ကုန်အောင် မစားနိုင်ခဲ့။)
ရထားစီးခြင်း၌ ကျွန်တော်စိတ်အပျက်ဆုံးအရာကို ပြပါဆိုလျှင်
အိမ်သာကို ပြရမည် ဖြစ်သည်။ ရထားအိမ်သာဆိုသည်မှာ အခန်းငယ်တစ်ခုကို တံခါးတပ်လျှက် အခန်းငယ်အလယ်၌
ကြမ်းပြင်ကို အပေါက်ဖောက်ထားတာသာ ဖြစ်ပါသည်။ အထဲမှာ ဘာဆို ဘာမှမရှိ။ တဒုန်းဒုန်း ခုတ်နေသောရထားပေါ်တွင်
တလှုပ်လှုပ် အိမ်သာတက်ရတာ ဆိုတော့ ကြမ်းပြင်များတွင် ဟိုသင်းများနှင့် စွန်းထင်း ညစ်ပေနေလေ၏။
အောင်မယ်၊ ရထားပေါ်က အိမ်သာက ဟ၀ှာတွေကို စုဆောင်းထားတာမဟုတ်တော့
စွန်းထင်းတာတွေနှင့် နံတာလောက်သာ ရှိသည်။ ကြည့်မြင်တိုင်ဘူတာမှ အိမ်သာကတော့ . . . ဝေါ့။
အသံကြားတာနှင့်တောင် အန်ချင်လှပြီ ဖြစ်၏။ ကံဆိုးသူ ကျွန်ုပ်မှာ ပြဿနာကိုရှင်းဘို့ရာ
တစ်ခါလေး ၀င်မိပါသည်။ ဆယ်ခါလောက် ပြန်ပြီး နောင်တရသွား၏။ အနံ့အသက်ကိုမူ မပြောပါနှင့်။
ခင်ဗျားတို့ထင်ထားတာထက် သုံးဆလောက် ပိုနံပါသည်။
မှော်ဘီလောက်ရောက်တော့ အတော်မှောင်နေပြီဖြစ်ရာ ဈေးသည်များလည်း
စဲသွားပြီး ခရီးသည်များလည်း ကိုယ့်အာရုံနှင့် ကိုယ် အတော်ငြိမ်နေကြပြီ။ ကျွန်တော်လည်း
လက်တန်းတစ်ခုကိုမှီကာ အိပ်ငိုက်လိုက်ပါခဲ့၏။
ည ၆ နာရီကျော်လောက်တွင် အင်းစိန်ဘူတာသို့ ၀င်သည်။ သည်တွင်
ခရီးသည် အတော်များများဆင်းကြရာ ရုတ်ရုတ်၊ ရုတ်ရုတ် ဖြစ်ကြပြန်၏။ လူလည်း အတော်ချောင်သွားပြီ။
ည ၇ နာရီလောက်တွင်မတော့ ကြည့်မြင်တိုင်ဘူတာသို့ ရထားဆိုက်ပါတော့သည်။
စက်မှုတက္ကသိုလ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်ကျောင်းသူကျောင်းသားများကို
သမိုင်းကောလိပ်ကျောင်းဆောင်များတွင် ထားသည်။ ပဉ္စမနှစ်နှင့် နောက်ဆုံးနှစ်များကိုတော့
ကြို့ကုန်းကျောင်းဆောင်များတွင် ထား၏။ ဆိုတော့ ကျွန်တော်က ကြည့်မြင်တိုင်ရောက်အောင်
လိုက်မနေတော့ဘဲ အင်းစိန်တွင်ပင်ဆင်းကာ အဆောင်သို့လာသည်။
ထိုစဉ်က ဘတ်စ်ကားခမှာ ပြား (၆၀)။ သာရဝေါ - ရန်ကုန် ရထားခမှာ
(၇) ကျပ်။ ဟင်္သာတ - သာရဝေါ သင်္ဘောခမှာ (၁) ကျပ်၊ အိုင်သပြု - ဟင်္သာတ ကားခမှာ (၃) ကျပ်။
လေးမျက်နှာ - အိုင်သပြု မော်တော်ခမှာ (၁) ကျပ်။ ကျွန်တော်တို့ရွာမှ လေးမျက်နှာထိ ၉၆၉၃
ဆိုတော့ တစ်ပြားမှ ကုန်စရာမလို။
ဆိုတော့ ရွာမှရန်ကုန်ခရီးကို (၁၃) ကျပ်လောက်သာ ကျသည်။ အဲလေ
(၁၃) ကျပ်လောက်လို့လည်း မပြောနဲ့ဦးပေါ့နော။ မိုးတွင်းငါးပေါချိန်ဆို ကျွန်ုပ်တို့လေးမျက်နှာမှာ
ငါးတစ်ပိဿာမှ (၄) ကျပ်။ စားစမ်းအ၀။ စပါးတစ်တင်းမှ တစ်ဆယ် ရှိတာကိုး ဗျာ။
တခါတလေ ရထားလူသိပ်ကြပ်သည့်အခါများတွင် ခြေနင်းခုံပေါ်ကတောင်
နင်းလိုက်ရသည့်အခါများ ရှိပါသေး၏။ သို့သော် ကြုံတောင့်ကြုံခဲဖြစ်၍ များသောအားဖြင့်တော့
အထဲမှာ တစ်နေရာစာ ရပါသည်။
သည်လမ်းသည်ခရီးကိုပင် ကျွန်တော် ဆယ်စုနှစ်တစ်ခုနီးပါး ကျင်လည်
သွားလာခဲ့ရ၏။ ကြာတော့လည်း ဒုက္ခဟု မမြင်မိတော့။
ယခုတော့ မြန်မာပြည်ကြီး ချောက်ထဲကျဘို့ လက်နှစ်လုံးလောက်
အလိုတွင် ကယ်တင်ခဲ့ရသည်ဟု သူတို့ကိုယ်သူတို့ ကြွေးကျော်ထားသော ကျေးဇူးရှင်ကြီးများ၏
ကျေးဇူးတော်ကြောင့် ပုသိမ်မုံရွာလမ်းမကြီးပေါက်လျှက် ကျွန်တော်တို့ရွာမှ ဟင်္သာတသို့သွားချင်လျှင်
ဖြစ်စေ၊ ရန်ကုန်သို့ သွားချင်လျှင် ဖြစ်စေ၊ ကွင်းကောက် - ရန်ကုန်ဆွဲသော ကားဖြင့် အလွယ်တကူ
သွားနိုင်ပြီ ဖြစ်ပါသည်။ ရွာမှခပ်စောစောထွက်၊ ကားလမ်းလာစောင့်၊ သူရို့အခေါ် မှန်လုံကားစီးပြီးလိုက်ပါလာလျှင်
ရန်ကုန်သို့ နေ့လည် ၁ နာရီလောက်တွင် ရောက်ပါ၏။ ထို့အတူ ရန်ကုန်မှရွာသို့ ပြန်လိုလျှင်လည်း
ထိုကားကိုပင်စီးကာ လိုက်ပါနိုင်သည်။ ရန်ကုန်မှ ၆ နာရီလောက်ထွက်သောကား ဖြစ့်လိုက်လျှင်
ကျွန်တော်တို့ရွာသို့ နေ့လည် ၁ နာရီကျော်တွင် ရောက်၏။ ကားလက်မှတ်ဖြတ်ဘို့ရာလည်း မခဲယဉ်းပါ။
ကွင်းကောက်သို့ ဖုံးဆက်၍ လှမ်းမှာလိုက်ရုံဖြစ်သည်။ လယ်တံငယ်လမ်းခွဲမှာ ဘယ်နှစ်ယောက်တက်မယ်
. . . စသဖြင့်။
သည်လို သွားရေးလာရေးအဆင်ပြေအောင် လမ်းများဖောက်၊ တံတားများဆောက်ပေးခဲ့သော
အနှီကယ်တင်ရှင် မောင်မင်းကြီးသားများသည် ဘုန်းကြီးကြပါစေ၊ အသက်ရှည်ကြပါစေ။ အနာမျိုး
(၉၆) ပါး ကင်းပါစေ။ (ယခုခေတ်ပေါ် ကင်ဆာတို့၊ AIDS တို့၊ SARS တို့၊ Dengue fever စသည်တို့
မပါ။) ဘေးဥပါဒ်ရန်စွယ်၊ အန္တရာယ်အပေါင်း ကင်းဝေးကြပါ စေကြောင်း ဆုတောင်းလိုက်ပါ၏။
ခရီးသွားလာ မိတ်သဟာ ကျန်းမာသုခ ရှိပါစေ။
ဆက်ပါဦးမည်။
No comments:
Post a Comment