Showing posts with label မြန်မာစာ. Show all posts
Showing posts with label မြန်မာစာ. Show all posts

Thursday, February 26, 2026

မြန်မာစာ၊ မြန်မာမှု

(၁)

 

ကျွန်ုပ် စိတ်ကူးချိုချိုမှထုတ်သော မြန်မာစာ၊ မြန်မာမှုကို ဖတ်ရ၏။

စာအုပ်ကလေးမှာ သိပ်ပင်မကြီးလှသော်လည်း အင်မတန် အဖိုးတန်သောစာများ ဖြစ်၏။

 

ထိုစာအုပ်ထဲတွင် -

မြန်မာစကားအကြောင်း၊ မြန်မာစကားပြေအကြောင်း၊ မြန်မာပြဇာတ်စာပေအကြောင်း၊ မြန်မာကဗျာအကြောင်း၊ မြန်မာဝတ္ထုတိုအကြောင်း၊ မြန်မာဝတ္ထုအကြောင်း၊ မြန်မာသတင်းစာအကြောင်း၊ မြန်မာမဂ္ဂဇင်းအကြောင်း၊ မြန်မာစာပေသမိုင်းအစ စသည်တို့ပါ၏။

မြန်မာစာအကြောင်း စိတ်ဝင်စားသူတို့ ဤစာအုပ်ကလေးကို ဖတ်သင့်လှ၏။

ဤစာအုပ်၌ မြန်မာစာ ဖြစ်ပေါ်တိုးတက်လာပုံအကြောင်း လေ့လာခွင့်ရမည်။

 

ဤသည်တို့မှာ ဆရာကြီးများ ပြုစုထားသည့် စာတမ်းများ ဖြစ်၏။

ကျွန်ုပ် ဆရာကြီးဦးဝန် (မင်းသုဝဏ်) ၏ မြန်မာစကားအကြောင်းကို ဖတ်တာ ဆယ်ရက်၊ နှစ်ပတ်လောက် ဖတ်ရ၏။ အဘယ်ကြောင့်ဆိုသော် ဆရာကြီး၏ စာတမ်းထဲ၌ သိစရာ၊ တတ်စရာ၊ မှတ်စရာ၊ လေ့လာစရာတွေ များလှ၏။ ဤသိစရာများကိုကျော်ပြီး ကျွန်ုပ် ရှေ့ဆက်မသွားနိုင်။

 

ဥပမာ - စာတမ်းထဲ၌ “ရှင်မဟာရဋ္ဌသာရက ကိုးခန်းပျို့၊ အပိုဒ် ၂ တွင် “အိန့်၊ မိန့်၊ ထိန့်” ရေးထုံးကို ‘သံမြတ်သာအိန့်၊ ဤသို့မိန့်၏၊ ကျော်ထိန့်အံ့ဖွယ်’ ဟု စပ်ထုံးပြုခဲ့သည်” ဟု ပါရှိရာ ကျွန်တော် ကိုးခန်းပျို့ကို ရှာဖတ်ရပြန်ပါ၏။

 

ကျွန်ုပ် ကိုးခန်းပျို့ကို ဖတ်စဉ်က ထိုလင်္ကာများမှာ မြန်မာစာလုံးပေါင်းနှင့် သက်ဆိုင်နေကြောင်း မသိခဲ့။ ဆရာကြီး ရှင်းပြမှ နားလည်ရ၏။

 

“. . . ၊ ဟတ္ထိပါလာ၊ ဇာတကကို၊ လင်းပြထင်စွာ၊ ဟောပိမ့်ငှာတည့်၊ ကာယာနုတ္ထ၊ စသည်မေးရှောင်း၊ သို့အကြောင်းဟု၊ ထေရ်ပေါင်းပရိသတ်၊ ပြန်လျှောက်လတ်သော်၊ သံမြတ်သာအိမ့်၊ ဤသို့မိန့်၏၊ ကျော်ထိန့်အံ့ဘွယ်၊ ဇမ္ဗူလယ်၌၊ သုံးဆယ်စုံအင်၊ ဖြည့်ကျိုးထင်သည်၊ . . .”

 

ထို့နောက် -

“ပြည်ထဲပြည်လာ၊ ဝစိမ့်ငှာလျင်၊ ဝသာအဆွဲ၊ ချခဲပိုဒ်များ၊ . . .” ဟု သံဝရပျို့ အပိုဒ် ၁၅၄ မှစကာ ဖွဲ့ဆိုပြသည် ဆိုပြန်တော့ သံဝရပျို့ကို ရှာဖတ်ရပြန်၏။

 

ပြည်ထဲပြည်လာ၊ ဝစိမ့်ငှာလျင် က ပိုဒ်ရေ ၁၆၅ ကျမှ လာ၏။

၁၆၅။ ပြည်ထဲပြည်လာ၊ ဝစိမ့်ငှာလျင်၊ ဝသာအဆွဲ၊ ချခဲ့ပိုဒ်များ၊ ဆယ့်တစ်ပါးကို၊ မင်းသားသံဝရ၊ မိန့်ဟန်ပြ၏။ အချသည်တု၊ ကြွင်းကျန်ရှုသော်၊ တခုကိုမျှ၊ ဘယ်သူရအံ့၊ ဤမှရွေ့မွေ့၊ ကြွေလည်းဝဆွဲ၊ မကွဲငွေ့တူ၊ ဟူလင့်ကစား၊ နှစ်ပါးယှဉ်ထ၊ ဟရမလို၊ ဝကိုချည်းသာ၊ ဧကာရန္တ၊ မြန်မာ့အမှု၊ မှတ်တခုဖြင့်၊ စေ့ငုရှာဖွေ၊ ရတတ်စေလော့၊ ကြံနေသင်းသီး၊ သည်ကိုမှီး၍၊ အသီးဆန်းပြား၊ ချဘွယ်များလည်း၊ မရှားလေသေး၊ သပ်ကြောင်းပေးသည်။        နည်းရှေးဥပဒေသတည်း။

 

အမှန်ကိုဆိုရလျှင် ဤစာများကို ကျွန်ုပ်အနေနှင့် လုံးစေ့ပတ်စေ့ နားလည်သလားဆိုတော့ နားမလည်ပါ။

ဤစာများမှာ အမှန်တကယ် တတ်သိနားလည်သော ဆရာတစ်ဦးက မသင်ပြမပေးမချင်း အကုန်အစင် သိနားလည်ဘို့ မလွယ်လှပါ။

 

ဤစာတမ်း၌ မြန်မာစကားနှင့် အခြားဘာသာစကားများ ဆက်စပ်နေပုံ၊ အခြားဘာသာများမှ ဆင်းသက်လာသည့် မြန်မာ စကားလုံးများ အကြောင်း စသည်တို့ကို အတော် စုံစုံလင်လင် ဖော်ပြထား၏။ ရှေးပညာရှိကြီးများ ပြုစုခဲ့သည့် မြန်မာ စကား၊ မြန်မာစာဆိုင်ရာ စာအုပ်များအကြောင်းကိုလည်း အတော် ပြည့်ပြည့်စုံစုံ ဖော်ပြထား၏။

 

ရှေးက ပညာရှိကြီးများသည် မြန်မာစာ ရေးသားရာတွင် သတ်ပုံမှန်ကန်ရေးကို အထူး ဂရုပြုခဲ့ကြ၏။ သတ်ပုံကျမ်းများစွာ ကိုလည်း ပြုစုခဲ့ကြရာ အချို့မှာ အောက်ပါတို့ဖြစ်၏။

 

အသျှင်ဥက္ကံသမာလာ ၏ ဝဏ္ဏဗောဓနသတ်အင်း

ဒုတိယကျော်အောင်စံထားဆရာတော် ၏ ဝေါဟာရတ္ထပကာသနီကျမ်း

လှေသင်းအတွင်းဝန် ဦးချိန် ၏ ဝေါဟာရလိနတ္ထဒီပနီကျမ်း

စိန္တကျော်သူ ဦးဩ ၏ ကဝိလက္ခဏာသတ်ပုံကျမ်း

လက်ဝဲနော်ရထာ ၏ မြန်မာသံယောဂဒီပနီကျမ်း

ဦးကျော်ထွန်း ၏ ကဝိမျက်မှန် သတ်ပုံကျမ်း

 

ထိုမျှသာမကသေး။ ဆရာကြီးဦးဖိုးလတ်က မြန်မာစကား အဖွင့်ကျမ်းကို ပြုစုခဲ့၏။ သူ့ခေတ်သူ့အခါအလိုက်ပေါ်ခဲ့သော ဘန်းစကားများကိုလည်း စာတစ်စောင် ပေတစ်ဖွဲ့ ပြုစုခဲ့ကြ၏။

 

ယခုခေတ်တွင်လည်း ကွီး၊ ဘွီး၊​ စဆရက၊ သူကတော့ ခပ်ချေချေပဲ၊ ဂျင်းထည့်သည်၊ မူစကူဒူးသည်စသည့် ဘန်းစကား အများအပြား ပေါ်ပေါက်လျက် ရှိရာ ၎င်းတို့ကို စုစည်း၍ စာတစ်စောင် ပေတဖွဲ့ ပြုစုသင့်လှ၏။ အဲလေ ပြုစုထားသည့် စာအုပ်များပင် ထွက်ချင် ထွက်နေပါလိမ့်မည်။ ကျွန်ုပ်မသိတာလည်း ဖြစ်နိုင်ပါ၏။

 

(၂)

 

မြန်မာစကားပြေ အကြောင်းကို ဆရာဇော်ဂျီက တင်ပြထား၏။ ဆရာကြီးက မြန်မာစကားပြေ ဖြစ်ထွန်းပေါ်ပေါက်လာပုံ နှင့် ပတ်သက်၍ ဝါဒရေးရာ၊ မျက်မှောက်ခေတ် အဖြစ်အပျက်၊ လူမှုပြဿနာ၊ မြန်မာတိုင်းရင်းသား စသဖြင့် အစုများ ဖွဲ့ကာ တင်ပြထားပုံမှာ နှစ်သက်ဖွယ်ဖြစ်၏။

 

သို့သော် ကျွန်ုပ်စိတ်ကို စနောင့်စနင်းဖြစ်စရာ စာအချို့လည်း ပါ၏။ အခြားမဟုတ်ပါ။ ဆရာဦးဝင်းမွန်နှင့် ဦးဇော်မြင့်တို့ တင်သွင်းသော မြန်မာကဗျာစာတမ်း အဆုံး၌ . . .

 

“ဤစာတမ်းရှင်များကား ကိုယ့်ပြည်သူနှင့် ကိုယ့်ပြည်သူအရေးအခင်းကိစ္စ အဓိကဝါဒီများဖြစ်ပါသည်။ ကိုယ့်ပြည်သူ တစ်ရပ်လုံး၏ အရေးအခင်းကိစ္စဟုဆိုအပ်သော (၁) နယ်ချဲ့ဆန့်ကျင်ရေး (၂) အမျိုးသားစည်းလုံးညီညွတ်ရေး (၃) ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးကိစ္စများကိုသာ အဓိကအာရုံစိုက်၍ မဏ္ဍိုင်ဗဟိုပြု၍ ရှေ့တန်းတင်၍ ရေးဖွဲ့သော ကဗျာများ ပေါ်ထွက်လာစေရန် ဆန္ဒပြုနေသူများ ဖြစ်ပါသည်။”

 

 

“နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးဟူသော လုပ်ငန်းစဉ်သုံးရပ် ချမှတ်၍ ကဗျာများ၊ ဝေဖန်ရေးဆရာများ၊ သဘောတရားပညာရှင်များနှင့် ကဗျာချစ်မြတ်နိုးသော ပြည်သူများ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့” . . . ဟု ဖော်ပြထား၏။

 

ကဗျာဆိုသည်မှာ တစ်ခုခုအပေါ် ကဗျာဆရာ၏ ရင်တွင်းခံစားချက်ကို ဖွဲ့ဆိုထားတာဖြစ်သည်ဟု ကျွန်ုပ် ထင်ပါသည်။ သို့ဖြစ်၍ ကဗျာဖွဲ့ဆိုခြင်းကို အထက်ပါလုပ်ငန်းစဉ်သုံးရပ်နှင့် ဘောင်ခတ်လိုက်လျင် ကဗျာ့နယ်ပယ်သည် အလွန် ကျဉ်းမြောင်းသွားလိမ့်မည် ထင်ပါသည်။ ထိုဘောင်သုံးရပ်ထဲမဝင်လျင် ကဗျာမဖွဲ့ရတော့ပြီလောဟုလည်း မရဲတရဲ တွေးမိပါသည်။ ဆရာကြီးတို့ မြန်မာကဗျာများ ဖြစ်ပေါ်တိုးတက်လာပုံအကြောင်းကို ခေတ်အလိုက်ခွဲပြီး တင်ပြထားသည် တို့မှာ အလွန် ကောင်းပါသည်။ သို့တိုင် နောက်ဆုံးကောက်ချက်ချပုံကိုတော့ဖြင့် အကျွန်ုပ် သဘောမကျလှပါ။

 

ကျွန်ုပ်သည် ကဗျာချစ်သူဖြစ်၍ ဟို့ ငယ်စဉ်တောင်ကျေး ကလေးအရွယ်ကတည်းက မဂ္ဂဇင်းပါ ကဗျာများကို ဗလာစာအုပ်၌ ကူးယူ ရေးမှတ်ခဲ့သူ၊ ကြီးလာသည့်အခါ ကဗျာစာအုပ်များကို ဝယ်ယူစုဆောင်း ဖတ်ရှုခဲ့သူ ဖြစ်၏။ ကျွန်ုပ်က ရှေးက ကဗျာများကိုလည်း ကြိုက်၏။​ ခေတ်ပေါ်ကဗျာများကိုလည်း နှစ်သက်၏။

 

ကျွန်ုပ်ထံတွင် မုဒုလက္ခဏပျို့၊ သံဝရပျို့၊ လောကသာရပျို့၊ နတ်သျှင်နောင် ရတုပေါင်းချုပ် အစ၊ လှေတစ်စင်းနှင့် သီချင်းသည်၊ ဗေဒါလမ်း၊ ဂီတဉ္ဖလီ၊ ဘောင်းဘီဝတ်မိုးတိမ်၊ ထင်းရူးပင်ရိပ်၊ ဟိုက္ကူကဗျာ မြည်းစရာ၊ မောင်ခွေးဘို့ ကဗျာများ၊ ထီလာစစ်သူ၏ ကဗျာပေါင်းချုပ် အလယ်၊ သမုဒယခြေရာ ကဗျာများ၊ ရှင်မရေ၊ Kဇော် ၁၀၀၊ မင်းကအောင်ချိမ့်လား အဆုံး ကဗျာစာအုပ် အတော်များများ ရှိ၏။ ငယ်ငယ်က ကျောင်းသုံး ဗလာစာအုပ်တွင် လက်ရေးနှင့် ကူးယူခဲ့သော ကဗျာများလည်း အတော်များ၏။ မန်လည်ဆရာတော်ကြီး၏ မဃဒေဝလင်္ကာသစ်ကို ကူးယူခဲ့တာ အရွက် ၆၀ ဗလာစာအုပ် တစ်အုပ်မကပါ။ (ကျွန်ုပ်မှာ ငယ်စဉ်က စာအုပ်ဝယ်ရလောက်အောင် ပိုက်ဆံမပိုခဲ့။)

 

အထက်တွင်ဖော်ပြခဲ့သည့် ဆရာကြီးတို့၏ ပေတံ ၃ ခုနှင့်သာ တိုင်းလိုက်ပါက ကျွန်ုပ်လက်ထဲမှ ထိုကဗျာများမှာ တစ်ခုမှတောင် သုံးလို့ရတော့မည် မဟုတ်။

 

ဆရာကြီးတို့ပြောသလို -

‘သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏၊ . . . .” စသည့်

တိုင်းကျိုးပြည်ပြု ကဗျာများလည်း လိုအပ်သကဲ့သို့ . . .

 

‘တောစံပယ်ဖြူ၊ ဝတ်မှုန်ကျင်းတဲ့ သင်းကျူကျူကို၊ လေခြူလို့လွှင့်၊ ပန်းထုံတဲ့လေချိုမှာ၊ ရွှေချိုးပျို ကူသံဆင့်ပေလိမ့် . . .” စသည့် ကဗျာများလည်း အမှန်တကယ်ပင် လိုအပ်လှပါသည်။

 

(၃)

 

ကျွန်ုပ် သဘောအကျဆုံးမှာကား စာတမ်းရှင်တို့က ၎င်းတို့ရည်ညွှန်းကိုးကားခဲ့သည့် စာအုပ်များကို စာရင်းပြုစုပေး ထားရာ ကျွန်ုပ်မှာ ဖတ်စရာစာအုပ်စာရင်းကို အလိုအလျောက် စုပြီးဆောင်းပြီးသား ဖြစ်တော့၏။ ကျွန်ုပ်မှာ လောဘကြီးသူ ဖြစ်ရကား ကွန်ပြူတာ၌ စာအုပ်သုံးအုပ်လောက်ဖွင့်လျက် တပြိုင်နက် တစ်အုပ်ပြီးတစ်အုပ် ဖတ်သော ဟူ၏။ ထို့ပြင် စာတစ်အုပ်ကို ကွန်ပြူတာနှင့် ဖုန်း၌ သွင်းထားကာ ကွန်ပြူတာနှင့် ဖတ်ခွင့်ကြုံလျင် ကွန်ပြူတာနှင့် ဖတ်၏။ ကားရထားစီးသည့်အခါ၊ စောင့်သည့်အခါများ၌ ဖုန်းဖြင့် ဖတ်၏။ ကျောပိုးအိတ်ထဲ၌လည်း စာတစ်အုပ် အမြဲပါ၏။

 

မြန်မာစာ မြန်မာမှု စာအုပ်ကလေးမှာ စာမျက်နှာ ၃၀၀ ပင် မပြည့်တတ်သော်လည်း ကျွန်ုပ်မှာ တစ်လကျော်လောက် ဖတ်ယူရ၏။ အဘယ်ကြောင့် ထိုမျှကြာရသနည်းဟူမူ အထက်၌ ဖော်ပြခဲ့သလို စာတမ်းထဲ၌ စာတစ်အုပ်ကို ရည်ညွှန်း လိုက်၊ လိုက်ရှာဖတ်လိုက် လုပ်နေသောကြောင့် ဖြစ်၏။

 

စာပေဝါသနာပါသူများ ဖတ်ကြည့်ကြပါရန် ထပ်မံတိုက်တွန်းလိုက်ပါ၏။

 

အေးငြိမ်း

၂၆ ဖေဖော်ဝါရီလ၊ ၂၀၂၆

 




 


Thursday, June 13, 2024

၎င်း နှင့် လည်းကောင်း

ကျွန်ုပ်ကို “၎င်း နဲ့ လည်းကောင်း” ဘာကွာသလဲ ဟု မေးလာသဖြင့် ရေးလိုက်ရပြန်ပါချေသည် တမုံ့။

 

မြန်မာစာတွင် ‘၍’ ‘၌’ ‘ဤ’ ‘၎င်း’ ‘ဩ’ ‘ဪ’ ‘ဧ’ ဟူသည့် စကားလုံးကလေးများရှိရာ ‘၍’ ‘၌’ ‘၎င်း’ ‘၏’ စကားလုံး ကလေးများ မည်ကဲ့သို့ ဖြစ်ပေါ်လာရသည်ကို BBC ‘အလင်္ကာပုလဲပန်း’ အစီအစဉ်၌ မြန်မာစာအဖွဲ့က ဆရာကြီး ဒေါက်တာဦးထွန်းတင့်က ရှင်းပြပေးခဲ့ဖူးပါ၏။ 

 

အခြားအရာများကိုထား၍ ဆရာကြီးရှင်းပြထားသည့် ‘၎င်း’ ဖြစ်ပေါ်လာပုံကို အရင်းအတိုင်း ဖောက်သည် ချလိုက်ပါ၏။

 

"၎င်း"

 

"၎င်း" ကိုတော့ နာမဝိသေသနအဖြစ် ဖြစ်စေ၊ နာမ်စားအဖြစ် ဖြစ်စေသုံးပါတယ်။ ဝါကျဆက် သမ္ဗန္ဓ အဖြစ်သုံးတဲ့အခါမှာ တော့ "၎င်း" အက္ခရာနဲ့ မရေးဘဲ "လည်းကောင်း"လို့ ရေးပါတယ်။ ပုဂံခေတ်တုန်းက "လေကောင်" သို့မဟုတ် "လေည်ကောင်" လို့ ရေးပါတယ်။ ပုဂံခေတ်က ဝစ္စပေါက် မသုံးပါဘူး။ အသံထွက်တာကတော့ "လေ"ကို "လေး"လို့ အသံထွက်ပါတယ်။ "လေည်" ကို "လည်း"လို့ အသံထွက်ပါတယ်။ အဲဒီတော့ "လေးကောင်း" သို့မဟုတ် "လည်းကောင်း" လို့ အသံထွက်ပါတယ်။ အဓိပ္ပာယ်၊ အနက် အတူတူပါပဲ။ "လေးကောင်း"ကို အတိုကောက် ရေးချင်တဲ့ အခါ "လေး" အစား ဂဏန်းသင်္ချာ "၄" နဲ့ အစားထိုးပါတယ်။ "ကောင်း"ဆိုတဲ့ အသံတခုလုံးကိုယ်စား "ငသတ် ဝစ္စပေါက်" ပဲယူပါတယ်။ အဲသလို ယူပြီး ရေးလိုက်တော့ "၎င်း" ဖြစ်သွားပါတယ်။

 

ဆရာကြီးရှင်းပြထားသည်ကို ကြည့်ခြင်းအားဖြင့် ‘၎င်း’ မှာ ‘လည်းကောင်း’ ကို အတိုကောက် ရေးထားမှန်း သိရ၏။ ‘၎င်း’ နှင့် ‘လည်းကောင်း’ မှာ အဓိပ္ပာယ် အတူတူပင် ဖြစ်ကြောင်းလည်း သိရ၏။ ဤသည်ကို ခဏထားလိုက်ပါဦး။

 

ထို့နောက် ကျွန်ုပ် မြန်မာအဘိဓာန်များကို လှန်လှော စူးစမ်းကြည့်မိ၏။

 

ကျွန်ုပ်တွင် မြန်မာအဘိဓာန် နှစ်အုပ်ရှိလေရာ တစ်ခုမှာ ‘ခရီးဆောင်မြန်မာအဘိဓာန်’ ဖြစ်ပြီး pdf version နှင့် ဖြစ်၏။ 

နောက်တစ်အုပ်မှာ ၂၀၁၈ ခုနှစ်က တတိယအကြိမ် ပြင်ဆင်ထုတ်ဝေထားသည့် “မြန်မာအဘိဓာန်” ဖြစ်၏။ ကျွန်ုပ် မြန်မာစာ အဝေးသင်တက်တုံးက ဝယ်ထားတာဖြစ်၏။

 

၁၉၉၉ ခုနှစ်၊ ပထမအကြိမ်ထုတ်၊ ‘ခရီးဆောင်မြန်မာအဘိဓာန်’ စာမျက်နှာ ၂၉၉ တွင် -

 

လည်း/လဲ/စည်း - အတူတကွဖြစ်ကြောင်း၊ ပါဝင်ကြောင်းပြသော စကားလုံး။ 

~ ကောင်း/လဂေါင်း/သမ် - ရှေ့ပုဒ်နောက်ပုဒ်တို့ကို တစ်ပေါင်းတည်းအနက်ကောက်ယူရန် ပြသည့် စကားလုံး။

၎င်း/လဂေါင်း/ နဝိ၊ နစ - ထို နှင့်အတူတူ

 

(ဤတွင်ဖော်ပြထားသည့် /စည်း ဟူသည်မှာ ပစ္စည်း၊ သမ် ဆိုသည်မှာ သမ္ဗန္ဓ၊ နဝိ ဆိုသည်မှာ နာမဝိသေသန၊ နစ ဆိုသည်မှာ နာမ်စား အသီးသီး ဖြစ်၏။) 

 

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကား ဦးစီးဌာန၊ မြန်မာစာအဖွဲ့ ထုတ် “မြန်မာအဘိဓာန်” (တတိယအကြိမ် ပြင်ဆင်ဖြည့်စွက်ပုံနှိပ်ခြင်း) ၂၀၁၈၊ မတ်လ။ စာမျက်နှာ ၃၃၂ တွင် -

 

လည်း/လဲ/စည်း - အတူတကွဖြစ်ကြောင်း၊ ပါဝင်ကြောင်းပြသော စကားလုံး။

လည်းကောင်း/လဂေါင်း/သမ် - ရှေ့ပုဒ် နောက်ပုဒ်တို့ကို တစ်ပေါင်းတည်း အနက်ကောက်ယူရန် ပြသည့် စကားလုံး

၎င်း၊ နစ၊ နဝိ - ယင်း၊ ထို။

 

- ဟု ဖော်ပြထား၏။ 

 

ဤသည်ကို ကြည့်ခြင်းအားဖြင့် ရှေ့စကားနှင့် နောက်စကား အတူတူဖြစ်လျှင် “လည်းကောင်း” ကို သုံးကြောင်း သိနိုင်၏။

‘၎င်း’ ၏ အဓိပ္ပာယ်မှာ ‘ယင်း၊ ထို’ ဖြစ်ကြောင်း သိနိုင်၏။

 

ဤသို့ဆိုလျှင် ရှင်းပါပြီ။ ‘၎င်း’ နှင့် ‘လည်းကောင်း’ နှစ်ခုစလုံးက တူညီသည့်ပုဒ်တစ်ခုကို ညွှန်းဆို၏။ သို့သော် ညွှန်းပုံ ညွှန်းနည်း မတူသလို ဝါကျထဲ၌ ထည့်သုံးရာ၌လည်း မတူပါ။ 

 

“၎င်း”

------

 

‘၎င်း’ က ရှေ့တွင်ပြဆိုခဲ့သော တစ်ခုခု၊ တစ်ယောက်ယောက်ကို ညွှန်း၏။ 

 

ဥပမာ ၁ - 

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက အရှိန်မြှင့်လုပ်ဆောင်ပါက ၎င်း၏နျူကလီးယားမူဝါဒကို ပြုပြင်ပြောင်းလဲနိုင်ဖွယ် ရှိကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောကြားခဲ့သည်။

(NP_12/06/2024)(https://npnewsmm.com/news/66695d78f25e2359ad51f537)

 

ဤတွင်

‘၎င်း၏နျူကလီးယားမူဝါဒ’ ဆိုသည်မှာ ‘ရုရှား၏မူဝါဒ’ ဖြစ်၏။

‘၎င်း’ သည် ရုရှားကို ရည်ညွှန်း၏။

 

ဥပမာ ၂ -

လူတန်းစားတစ်ခုသည် ၎င်း၏သီးခြားသော လူတန်းစားအမြင်ကို ထုတ်ဖော်ပြောဆိုရန်အတွက် ၎င်း၏ အကျိုးစီးပွား နှင့်သာ ကိုက်ညီသော စကားလုံးများ၊ ဝေါဟာရများ၊ စကားစုများကို ရှာဖွေတီထွင်ကောင်း တီထွင်ကြမည် ဖြစ်သော်လည်း . . . 

(မာ့က်စ်ဝါဒနှင့် တွေးခေါ်မြော်မြင်ရေး - မြသန်းတင့်။ တတိယအကြိမ်၊ ၂၀၁၆။ စာ ၅၉)

 

ဤတွင် ‘၎င်း၏သီးခြားသော လူတန်းစားအမြင်’ နှင့် ‘၎င်း၏အကျိုးစီးပွား’ မှ ‘၎င်း’ သည် ထိုလူတန်းစားတစ်ခုကို ရည်ညွှန်း၏။

 

ဥပမာ ၃ -

 

‘လည်းကောင်း’

------------------

 

‘လည်းကောင်း’ ကို တူညီသောပုဒ် နှစ်ခုသုံးခု ရည်ညွှန်းသည့်အခါ သုံး၏။ 

 

ဥပမာ ၁ -

မုန့်လက်ဆောင်းကို အုန်းနို့တွဲ၍ လည်းကောင်း၊ ထန်းလျက်တွဲ၍လည်းကောင်း၊ မုန့်လက်ဆောင်းနှင့် ထန်းလျက်တွဲ၍လည်းကောင်း၊ မုန့်လက်ဆောင်းဖတ်ကို သကြားရည်၊ နှမ်းရည်မွှေးရော၍ လည်းကောင်း၊ မုန့်လက်ဆောင်း၊ သာဂူကျို၊ အုန်းနို့ တွဲ၍လည်းကောင်း၊ သာဂူပျဉ်၊ ကောက်ညှင်းပေါင်း၊ အုန်းနို့ ကျောက်ကျော၊ ပေါင်မုန့်ဖြင့် တွဲကာ ရွှေရင်အေးလုပ်၍လည်းကောင်း နည်းအမျိုးမျိုး စီမံပြုလုပ်၍ စားတတ်ကြသည်။

(မုန့်လက်ဆောင်း - ဝီကီပီးဒီးယား)(my.wikipedia.org/wiki/မုန့်လက်ဆောင်း)

 

- ဆိုရာ၌ 

 

မုန့်လက်ဆောင်းကို အခြားအဆာပလာများဖြစ်သည့် အုန်းနို့၊ ထန်းလျက်၊ သကြားရည် စသည်တို့နှင့် အမျိုးမျိုး ပြောင်းလဲတွဲဖက်ကာ စားနိုင်သည်ဆိုခြင်းကို ‘လည်းကောင်း’ ဖြင့် ဆက် ပြထား၏။ ဤတွင် တူညီသည်မှာ မုန့်လက်ဆောင်း ဖြစ်၏။ မည်ကဲ့သို့ပင် ရောရော၊ မုန့်လက်ဆောင်းသည် ပင်တိုင်ဖြစ်၏။ ထို့ကြောင့် လည်းကောင်း ဟု သုံးနိုင်ခြင်းဖြစ်၏။

 

ဥပမာ ၂ -

ဤသို့ တိုင်းရင်းသားလူမျိုးအားလုံး ပူးပေါင်းကာ နယ်ချဲ့ဗြိတိသျှကို လက်နက်စွဲကိုင်၍ တိုက်ခိုက်နေသည့်အချိန်အတွင်း ၁၉၉၇ ခုနှစ်မှစ၍ မြန်မာပြည်ရှိ မြို့ကြီးများဖြစ်သော မော်လမြိုင်မြို့၌ သာသနာ့ဓာရ အသင်းသည်လည်းကောင်း၊ မြင်းခြံမြို့၌ ဗုဒ္ဓကလျာဏမိတ္တ အသင်းသည် လည်းကောင်း၊ မန္တလေးမြို့၌ ဗုဒ္ဓဘာသာ သာသနာ့ နုဂ္ဂဟ အသင်းသည် လည်းကောင်း၊ ပခုက္ကူမြို့၌ အလားတူ ဘာသာ ရေး အသင်းအဖွဲ့များသည်လည်းကောင်း ပေါ်ပေါက်လာကာ ၁၉ဝ၆ ခုနှစ်တွင် ရန်ကုန်မြို့၌ ဗုဒ္ဓဘာသာ ကလျာဏယုဝ (ဝိုင်အမ်ဘီအေ) အသင်းကို ဖွဲ့စည်းသည်။

(တိုင်းရင်းသားလူမျိုးများ၏ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း၊ ၁၉၇၁ မဆလပါတီ)

 

အထက်ပါ ဥပမာများ၌ -

“အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက အရှိန်မြှင့်လုပ်ဆောင်ပါက ‘၎င်း’၏နျူကလီးယားမူဝါဒကို ပြုပြင်ပြောင်းလဲ နိုင်ဖွယ် ရှိကြောင်း” 

ဟူသည့် စာကြောင်းကို -

“အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက အရှိန်မြှင့်လုပ်ဆောင်ပါက ‘လည်းကောင်း’၏နျူကလီးယားမူဝါဒကို ပြုပြင်ပြောင်းလဲနိုင်ဖွယ် ရှိကြောင်း” 

 

- ဟု မရေးနိုင်ကြောင်း မိတ်ဆွေတို့ သိပါသည်။

 

ဤမျှဆိုလျှင်ပင် ‘၎င်း’ နှင့် ‘လည်းကောင်း’ တို့သည် အနက်ပင်တူသော်လည်း အသုံးမတူကြောင်း သိနိုင်ပါပြီ။

 

သို့သော် -

ယခင်က ‘လည်းကောင်း’ နေရာတွင် ‘၎င်း’ ကို တွင်တွင်ကြီး သုံးခဲ့ကြ၏။

 

ဥပမာ ၁ -

သို့နှင့်ပင် အချို့က နိဗ္ဗာန်ဟူသည် ဘာမျှမရှိဟူ၍၎င်း၊ ရုပ်ထူးနာမ်ထူး ဝိဉာဉ်ထူးရှိသည်ဟူ၍၎င်း၊ နိဗ္ဗာန်ဝင်ပြီးသော ပုဂ္ဂိုလ်များသည် တပါးစီ တဆူစီ တယောက်စီရှိနေကြသည်ဟူ၍၎င်း မိမိတို့လိုရာဆွဲပြီး အသီးအသီး အသက အသက ထက်မြင်ချက်ပေးလျက် ရှိကြလေသည်။

(နိဗ္ဗာန်ဟူသည် ဘယ်သို့နည်း - ရေးသူ ရွှေဥဒေါင်း။ ငွေတာရီမဂ္ဂဇင်း အမှတ် ၅။ ၁၉၆၀၊ နိုဝင်ဘာလ)

 

ဥပမာ ၂ -

ဤသို့ လောက၏အဆုံးကို ခြေဖြင့် ပြေးသွား၍ မရောက်နိုင်ကြောင်း လော က၏အဆုံးသို့ မရောက်ဘဲကိုလည်း ဒုက္ခမှ မလွတ်နိုင်ကြောင်းကို ဟောကြားပြီး လျှင် ထိုဗြဟ္မာနတ်သားအား လောကကို၎င်း, လောက၏ ဖြစ်ကြောင်းကို၎င်း, လောက၏ချုပ်ဆုံးရာ ဌာနကို၎င်း, လောက၏ ချုပ်ဆုံးရာဌာနသို့ ရောက်အောင် သွားပုံ နည်းလမ်းကို၎င်း ဟောကြားလေလျှင် ထိုရောဟိတသ ဗြဟ္မာနတ်သား

(သေက္ချတောင်ဆရာတော် - ပဏ္ဍိတဝေဒနိယ ဒီပနီကျမ်း၊ စာမျက်နှာ ၂၃)

 

ဥပမာ ၃ -

တေန၊ ထိုများစွာသော ရဟန်း အပေါင်းတို့ ပရိနိဗ္ဗာန်စံကြခြင်းကြောင့်။ နိဗ္ဗာနဓာတုယာ၊ နိဗ္ဗာနဓာတ်၏။ ဝါ၊ နိဗ္ဗာန်ဟူသော မဟာအတုလ သုဒဿနမြို့ကြီး၏။ ဦနတ္တံ ဝါ၊ ဆုတ်ယုတ်လျော့ပါးသော အဖြစ်သည်၎င်း၊ ပူရတ္တံ ဝါ၊ မဆံ့တင်းကြမ်း ပြည့်လျှမ်းပိုမိုသော အဖြစ်သည်၎င်း။ န ပညာယတိ၊ မထင်။

(သေက္ချတောင်ဆရာတော် - ပဏ္ဍိတဝေဒနိယ ဒီပနီကျမ်း၊ စာမျက်နှာ ၁၆)

 

ဥပမာ ၄ -

ဘိက္ခဝေ၊ ရဟန်းတို့။ လောကေ၊ လောက၌။ ယာကာစိ၊ အမှတ်မရှိ အလုံး စုံကုန်သော။ သဝန္တိယော၊ မြစ်ကြီး မြစ်ငယ် လယ် ယာ ချောင်း မြောင်း ရေအပေါင်းတို့သည်။ မဟာသမုဒ္ဒ မဟာသမုဒ္ဒရာသို့။ အပ္ပေန္တိ၊ စီးဝင်ကုန်၏။

အန္တလိက္ခာဓာရာ၊ အကြင်ကောင်းကင်ကျ မိုဃ်းရေမိုးပေါက်တို့ သည်လည်း။ ပပတန္တိ၊ ကျကုန်၏။ တေန၊ ထိုမြစ်ကြီး ငါးသွယ် မြစ်ငယ် ငါးရာ၊ လယ် ယာ ချောင်း မြောင်း ကောင်းကင် မိုဃ်းရေတို့ တတွေတွေ စီးသွန်ချခြင်း ကြောင့်။ မဟာသမုဒ္ဒဿ၊ မဟာသမုဒ္ဒရာ၏။ ဦနတ္တံဝါ၊ ဆုတ်ယုတ် လျော့ပါး သော အဖြစ်သည်၎င်း။ ပူရတ္တံ ဝါ၊ ပြည့်ဖြိုး ပိုလျှံသော အဖြစ်သည်၎င်း။ န ပညာယတိ-သေယျထာပိ၊ မထင်မရှားဘိသကဲ့သို့။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝမေဝ ခေါ၊ ဤမဟာသမုဒ္ဒရာကြီး အတူပင်လျှင်။ မမသာသနေပိ၊ ငါဘုရား၏ သာသနာဘော်၌လည်း။ ဗဟူ ဘိက္ခူ၊ များစွာသော ရဟန်းတို့သည်။ အနုပါဒိ- > နိဗ္ဗာနဓာတုယာ၊ အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့်။ စေပိ ပရိနိဗ္ဗာ-

(သေက္ချတောင်ဆရာတော် - ပဏ္ဍိတဝေဒနိယ ဒီပနီကျမ်း၊ စာမျက်နှာ ၁၅)

 

ချုပ်ရလျှင် -

တစ်ခုခုကို ရည်ညွှန်းလိုလျှင် ‘၎င်း’ ကို သုံးမည်။

ဦးဖေတင်၌ ခွေးတစ်ကောင်ရှိ၏။ ၎င်းခွေးသည် လိမ္မာ၏။

 

တူညီသည့်ပုဒ်များကို တွဲလိုလျှင် ‘လည်းကောင်း’ ကို သုံးမည်။

ကျွန်ုပ်သည်လည်းကောင်း၊​ ကျွန်ုပ်၏သားသည်လည်းကောင်း ရုပ်ရှင်ကို အလွန်ကြိုက်လေသည်။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၃ ဇွန်လ၊ ၂၀၂၄