Thursday, March 30, 2023

ကျွန်ုပ်နှင့် ဂျင်းအထွက်ဆုံးတိုင်းပြည် အကြောင်း

ကမ္ဘာပေါ်တွင် ဂျင်းအထွက်ဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်မည် ကျွန်ုပ်ထင်၏။

အခြားတိုင်းပြည်များတော့ မသိ။

မြန်မာပြည်တွင်မတော့ ဂျင်းကို ဌာနပေါင်းစုံက ထုတ်လုပ်၏။ 

 

အစိုးရဌာနများကလည်း ထုတ်လုပ်၏။

ပုဂ္ဂလိကဌာနများကလည်း ထုတ်လုပ်၏။

တစ်ဦးချင်း ထုတ်သလို အစုအဖွဲ့နှင့်လည်း ထုတ်လုပ်၏။

ပညာတတ် ဆိုသူများကလည်း ထုတ်လုပ်၏။

ပညာမတတ်သူများကလည်း ထုတ်လုပ်၏။ 

ဆင်းရဲချမ်းသာမရွေး လူတန်းစားပေါင်းစုံက ဂျင်းကို ထုတ်လုပ်၏။

 

ကွာခြားချက်ကား -

ပညာမတတ်သူများက ထုတ်လုပ်သည့်ဂျင်းမှာ အတက်လိုက်ဖြစ်ပြီး

ပညာတတ်သူများကတော့ ဂျင်းကို စားကောင်းသောက်ကောင်းဖြစ်အောင် ပြုပြင်ပြီးထုတ်၏။

အစိုးရဌာနများက ထုတ်သည့် ဂျင်းမှာ ဟိတ်ကြီးဟန်ကြီးနှင့်ဖြစ်ပြီး

ပုဂ္ဂလိကဌာနများက ထုတ်သည့် ဂျင်းမှာ စပ်ဖျင်းဖျင်းဖြစ်၏။

 

ထူးဆန်းသည်မှာ -

ဂျင်းအထုတ်လုပ်နိုင်ဆုံးဌာနမှာ ဘာသာရေးဆိုင်ရာဌာနများနှင့် ဘာသာရေးပုဂ္ဂိုလ်များ ဖြစ်နေခြင်း ဖြစ်၏။

ဘာသာရေးဂျင်းမှာ လူကြိုက်အများဆုံး၊ ဈေးကွက်အဝင်ဆုံး၊ အရောင်းရဆုံးနှင့် အစပ်ဆုံးဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဘာသာရေးဂျင်းမှာ ယခုမှထွက်လာခြင်းမဟုတ်ဘဲ နှစ် ရာပေါင်းများစွာကတည်းက ပေါ်ထွက်လာခဲ့ပြီး လူအများကြားတွင် အမြစ်တွယ်နေပြီ ဖြစ်သောကြောင့် ဖြစ်သတည်း။

 

ကျွန်ုပ်မှာ ဂျင်းသုတ်ကြိုက်သူဖြစ်၍ မည်သည့်ဌာနက မည်သည့်ဂျင်းမျိုးထုတ်သည်။

ဘာသာရေးဌာန/ပုဂ္ဂိုလ်များ၌ မည်သည့်ဂျင်းများ ရှိသည် စသည်တို့ကို အတော်စုံစုံလေး လေ့လာထားမိပါ၏။

သို့သော် ဘာသာရေးဌာန/ပုဂ္ဂိုလ်များက ထုတ်သည့်ဂျင်းများကို ထုတ်ပြလိုက်လျှင် အပြင်သွားသည့်အခါ ဟဲလ်မက် မပြတ် ဆောင်းထားရကိန်းရှိ၍သော် လည်းကောင်း -

အစိုးရဌာနများက ထုတ်သည့်ဂျင်းများကို ထုတ်ပြလျှင် ငါးပိကြော်စားရမည့်အရေးကို မြင်မိ၍သော် လည်းကောင်း  

ထုတ်ဖော်မပြဝံ့ ဖြစ်ရပါ၏။

 

ဂျင်းများထဲက အထင်ရှားဆုံးဥပမာတချို့ကို ထုတ်ပြပါမည်။


မဆလခေတ်က ဦးနေဝင်းသည် ပထမ ၄ နှစ်စီမံကိန်း၊ ဒုတိယ ၄ နှစ်စီမံကိန်း၊ တတိယ ၄ နှစ်စီမံကိန်းများ သောက်ကျိုးနဲ အောင်မြင်ခဲ့ပါသည်ဟု တတိုင်းပြည်လုံးအား ဂျင်းထည့်ခဲ့၍ မြန်မာပြည်သည် အရှေ့တောင်အာရှ၌ ထိပ်သီးဘဝမှ ဘိတ်ချီးဘဝသို့ ကျခဲ့ရ၏။


အသားမည်းမည်းနှင့် အဝါရောင်အဝတ် ဝတ်ထားသူတစ်ဦးက “မင်းကြီး၊ အသင်သည် လူပေါင်းများစွာကို သတ်သည့် အတွက် အပြစ်မရှိ၊ ထိုအထဲ၌ သီလရှိသူ (ဆိုလား) တစ်ဦးသာပါ၍ ထိုတစ်ဦးအတွက်သာ အပြစ်ရှိသည်ဟု ဘုရားဟော လိုလို ဘာလိုလိုနှင့် လူအများကို ဂျင်းထည့်ခဲ့၏။

 

ကိုဗစ်ဖြစ်ခါစကလည်း ဟိုတိုင်းပြည်ကြီးမှ ဟိုဆရာတစ်ယောက်သည် ဘာ နာမတော်ကို ရွတ်လိုက်သည်နှင့် ကိုဗစ် မဖြစ်နိုင်တော့ဆိုကာ အာပေါင်အာရင်းသန်သန်နှင့် ဆီမဆွတ်ဘဲ အသားလွတ်ထည့်နေတာမြင်ရတော့ ကျွန်ုပ်မှာ ငါးခူပြုံး ပြုံးမိပါ၏။

 

သည်ကြားထဲ မိုင် ၂၀၀၀ ဝေးလို့ ရောက်မလာတာ ဆိုသည့် ဂျင်းသုတ်ကို ကျွေးဘို့ ညပေါင်းများစွာ သုတေသနပြုလိုက် ရသော သနားစရာ ဆရာမကြီးကလည်း ရှိပါလေသေး။ ချွတ် ချွတ် ချွတ် စ်ခ်ပ်

 

လူတကာ၊ ဌာနတကာ၊ အဖွဲ့အစည်းတကာက အမျိုးမျိုးအစားစားသော ဂျင်းများကို အင်တိုက်အားတိုက် ထုတ်လုပ် လျက်ရှိရာ ကြာသော် လူတို့မှာ မည်သည်က အစစ်အမှန်၊ မည်သည်က ဂျင်း ဟူ၍ပင် မခွဲခြားနိုင်တော့သည့် အခြေအနေ သို့ ဆိုက်လျက် ရှိ၏။

 

ကျွန်ုပ်အဖို့မူ ထို ဂျင်းများအားလုံးကို စုပေါင်းယိုထိုးလျက် “၉၆ ပါး ရောဂါပျောက်သည့် အထူးစပယ်ရှယ် ဂျင်းယို” ဟုနာမည်တပ်ပြီး နံနံခြားသို့ တင်ပို့ရန် စိတ်ကူးလျက် ရှိနေပါတော့သတည်း။

 

လူများခပင်း၊ ဂျင်းထည့်ခြင်း

ကင်းရှင်းကြပါစေ။

 

အေးငြိမ်း

၃၀ မတ်လ၊ ၂၀၂၃





Wednesday, March 22, 2023

သိကြားမင်း လူ့ပြည်ဆင်းခြင်းအကြောင်း

နိဒါန်း

 

ဂရိတွေးခေါ်ပညာရှင်ကြီး ဆိုကရေးတီးသည် လူငယ်လေးများ အတွေးအခေါ်မှန်လာစေရန်၊ လမ်းမှန်ရောက်လာစေရန်၊ လူကောင်းကလေးများ ဖြစ်လာစေရန် သွန်သင်ဆုံးမပေးမှုကြောင့် ရောမအာဏာပိုင်များက ၎င်းကို သေဒဏ်ပေးခဲ့ရာ သူက အဆိပ်ခွက်ကို ကိုကာကိုလာအမှတ်ဖြင့် အေးအေးဆေးဆေး သောက်သွားခဲ့၏။

 

‘အမှန်တရားနှင့် အသက်’ နှစ်ခုအနက် အမှန်တရားကိုသာ ရွေးချယ်သွားသော ဆိုကရေးတီး၏ စိတ်ဓာတ်ကို ကျွန်ုပ်သည် မလေးစားဘဲ မနေနိုင်။ 

 

ယောအတွင်းဝန်သည်လည်း မဟုတ်တာကို မဟုတ်ကြောင်း အသက်ကို ပမာမထားဘဲ ရှင်ဘုရင်ကို ပြောခဲ့ဖူးလေပြီ။

 

ယခု ကျွန်ုပ်လည်း လူအများ၏ အမုန်းကိုခံပြီး မှန်ရာကို ထောက်ပြပါအံ့။ 

 

ဤဆောင်းပါးကို ဖတ်ပြီးလျှင် ဤပို့စ်အောက်၌ ကျွန်ုပ်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုမည့်သူများ၊ ချောင်းရိုက်ချင်သူများ၊ ပေါ်တင်တမျိုး/နောက်ကွယ်တွင်တစ်မျိုး ဆဲကြမည့်သူများ၊ ဖေ့စ်ဘုတ်တွင် block မည့်သူများ၊ နောင်အခါ မျက်နှာကိုပင် မကြည့်ချင်လောက်အောင် မုန်းသွားမည့်သူများ၊ မင်းကဘာကောင်မို့လို့လဲ၊ ဘယ်လောက်တတ်လို့လဲ ဟု ချဲလင်းလုပ် လာမည့်သူများ အများအပြား ပေါ်လာပါလိမ့်မည်။ 

 

သို့သော် မဟုတ်တာကြီးကို အဟုတ်လုပ်နေကြသူများအား မဟုတ်တာကို မဟုတ်ကြောင်း လူအများ အမုန်းခံ၍ ပြောရန် ကျွန်ုပ် ဝန်မလေးပါ။ ပို၍ ဖတ်လိုသေးသူများ ကျွန်ုပ်၏ blog တွင်ရေးထားသော ၂၀၀၈ ခုနှစ် အစပိုင်း ပို့စ်များတွင် ဖတ်ကြပါရန်။ 

 

http://shwenyein.blogspot.com/2008/09/religion_21.html

 

(၁)

 

တော်လှန်ရေးကာလကြီးမှာ ကျွန်တော် ဟိုအကြောင်း သည်အကြောင်းတွေရေးဘို့ သိပ် စိတ်မပါပါ။

ခါတိုင်းဆို သင်္ကြန်ရောက်တိုင်း သင်္ကြန်နှင့်ပတ်သက်တာတွေ ကျွန်တော် ရေးလေ့ရှိ၏။

ယခုလည်း ဖေ့စ်ဘုတ်မှာ “ဆရာတော် ဥူးသုမင်္ဂလ ဒယ်အိုးဆရာတော်” ဟု အမည်တပ်လျက် ပို့စ်တစ်ခု တွေ့မိသောကြောင့် ရေးမလား မရေးဘူးလား၊ မရေးဘူးလား ရေးမလား နှင့် ၃၇ ကြိမ်လောက် စဉ်းစားပြီးမှ မနေနိုင်လို့ ရေးလိုက်ရပြန်ပါ၏။

 

အစကို “ဗြဟ္မဏဝါဒ” က လိမ်သမျှကို “ဗုဒ္ဓဘာသာ ငတုံး” တွေ အကုန်ခံရတယ် - ဟု ချီ၏။

 

“ဗြဟ္မဏဝါဒ” က “ဗုဒ္ဓဘာသာ” တွေကို လိမ်တာလား၊ ဗုဒ္ဓဘာသာဝင်တွေက ဗြဟ္မဏဝါဒကဟာတွေကို ဘူမသိ၊ ကိုးမသိ ရမ်းသမ်းဆွဲယူ လက်ခံကျင့်သုံးနေတာလား ကျွန်တော်အခုပြောပြပါမည်။ (ကျွန်တော် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ကြောင်း မိတ်ဆွေတို့ သိပါ၏။)

 

 

ထိုဆရာတော် ပြောသည်ကို ထောက်ခြင်းအားဖြင့် သင်္ကြန်ဆိုတာဘာလဲဟု သူကိုယ်တိုင် ရေရေရာရာမသိမှန်း သိသာလှ၏။ နောက်ပြီး သင်္ကြန်စာကိုလည်း သေသေချာချာ ဖတ်ဖူးမည် မထင်ပါ။ 

 

သူက လူအများယုံကြည်ကိုးကွယ်နေသည့် နာမည်ကြီးဆရာတော် ဖြစ်လေတော့ အကုန် ငါသိတယ်၊ ငါတတ်တယ် ဟု ထင်နေသလား မပြောတတ်။

 

သူပြောသည့်စကားများမှာ သာမန် အရပ်ထဲ၌ လူအများပြောနေကြသည့် စကားများ ဖြစ်၏။ ဆိုတော့ သင်္ကြန် အကြောင်းကိုလည်း သာမန်အရပ်သားများ သိသည့် အသိလောက်သာ ရှိ၏။

 

သင်္ကြန်မှာ သိကြားမင်းဆင်းတယ်ဆိုတာ မြန်မာအများစုက ကြားဖူးနားဝနှင့် ပေါက်တတ်ကရ လျှောက်ပြောနေတာသာ ဖြစ်ပြီး ဗြဟ္မဏဝါဒနှင့် လားလားမှ မပတ်သက်ပါ။ မည်သည့် ကျမ်းစာထဲမှာမှ သင်္ကြန်၌ သိကြားမင်းဆင်းသည်ဟုလည်း မပါပါ။ ဆရာတော့်အနေနှင့် အရပ်ပြောစကားများကို ရည်ညွှန်းမည့်အစား တိကျခိုင်လုံသည့် ကျမ်းစာများကို ရည်ညွှန်းသင့်လှ၏။

 

သူပြောသည့် ကျွဲစီးဆင်း၊ နွားစီးဆင်းတာ ဘယ်သူလဲ ဆိုတာကို ကျွန်တော် ဆရာဦးမင်းသိမ်း၏ သင်္ကြန်စာကို screen shot ရိုက် ပြပါမည်။ အသင်တို့ ကြည့်ကြပါ။




ဤသင်္ကြန်စာထဲတွင် သိကြားမင်းဟူသည့် စကားလုံးပါပါသလား။ 

 

ဤသင်္ကြန်သည်ပင် အဘယ်က လာတာပါနည်း။ ယခု ထိုဆရာတော်တို့ ဝါဆိုရန် သုံးနေသည့် ပြက္ခဒိန်သည် အဘယ်က လာပါသနည်း။ အသင်တို့၊ ထိုဆရာတော်တို့ သိပါသလော။

 

နောက်ပြီး အတာအိုးထားတာ၊ အတာစားတာ နှင့် ဗြဟ္မာခေါင်းကိုင်တာသည်လည်း လားလားမှ မဆိုင်ပါ။ သူစိတ်ထဲထင် တာကို ရမ်းတုတ်တာသာ ဖြစ်ပါသည်။ 

 

အမှန်ဆို ဆရာတော် ဥူးသုမင်္ဂလ ဟောသည်ဟု ဆိုထားသော ထိုအကြောင်းအရာများမှာ တစ်ခုမှ မမှန်ပါ။

 

သင်္ကြန်အကြောင်း၊ ဗြဟ္မာမင်းဦးခေါင်းကို နတ်သမီးများ ကိုင်ကြသည့်အကြောင်း စသည်တို့ကို အသင်တို့ သိလိုပါမူ ကျွန်ုပ် ရေးသားထုတ်ဝေထားသည့် “မြန်မာပြက္ခဒိန်” စာအုပ်ရှိပါသည်။ ဝယ်ဖတ်ကြည့်ကြပါ။ သည်အကြောင်းမှာ ပြောစရာ အများကြီးရှိ၍ သည်ပို့စ်လေးမျှနှင့် မလုံလောက်ပါ။ 

 

စိတ်ဝင်စား၍ ဖတ်ချင်ကြလျှင် ထိုပြက္ခဒိန်စာအုပ်ကို ကျွန်ုပ်၏ shwenyein blog ၌ ဖတ်နိုင်၏။ ပြက္ခဒိန်အကြောင်းမှာ ၂၀၁၂ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလထိ ပို့စ်ပေါင်း (၄၅) ခုရှိ၏။

 

http://shwenyein.blogspot.com/2012/07/blog-post_1862.html

 

(၂)

 

မြန်မာတွေ ဘူမသိ ကိုးမသိနှင့် ယူထားတာတွေအကြောင်း နည်းနည်းလောက် ပြောပြပါရစေဦး။

 

အသင်တို့ ယုံကြည် ကိုးကွယ်နေကြသည့် ပိဋကတ်သုံးပုံကို စောင့်သည်ဆိုသော သူရဿတီမှာ အဘယ်သူဖြစ်သည်ကို သိပါသလား။

 

နောက်ပြီး အသင်တို့ အိမ်ခေါင်းရင်း၌ ချိတ်ထားသည့် မြတ်စွာဘုရားပုံတော်နှင့် ဉုံ - မဏိပဒ္ဓမေဟုံ ဟူသည့် ဂါထာပါ ဉုံ ဆိုသည့်စကားကို အသင်တို့ သိပါသလား။

 

အယ် . . .

နောက်ပြီးတော့ အသင်တို့ပဲ ဘုန်းတော် အနန္တ၊ ဉာဏ်တော်အနန္တနှင့်၊ သုံးလောကထွတ်ထား မြတ်စွာဘုရားဆိုပြီး   ရှိခိုးကော်ရော်လျက် အသင်တို့ပဲ ခေါင်းကို ရေဖြိုလောင်းနေသည့် သနားစရာ ဘုရားပေါက်စနလေးများထားသည့် နေရာက ဂြိုဟ်တိုင် ဆိုတာတွေကရော ဘာတွေပါနည်း။ လေ့လာကြည့်ကြပါဦး။

 

(ဪ - ကြည့်ရတာ ဂြိုဟ်တိုင်တွေမှာထားတဲ့ ဘုရားလေးတွေက အရွယ်ကလည်းသေး၊ ရုံထားတာကလည်း ထုံးသင်္ကန်း ဆိုတော့ ဘုန်းမကြီးဘူးထင်ပါရဲ့။ ရွှေတိဂုံဘုရားတို့၊ မဟာမြတ်မုနိတို့ကမှ ရွှေတွေ ပိဿာပေါင်းများစွာ ချီရှိနေတော့ ဘုန်းပိုကြီးမယ် ထင်ရဲ့။ အင်း . . . အင်း)

 

နောက်ပြီး မြတ်စွာဘုရားက တန်ခိုးတော်အနန္တဆိုတော့ ခေါင်းကို ရေ အခွက် ၄၀ လောက် ဖြိုလောင်းနေတာလောက် ကတော့ ဖြုံတောင် ဖြုံမယ် မထင်ပါဘူး။ (ကျုပ်သာဆို နမိုးနီးယားဖြစ်နေလောက်ပြီ။)

 

နောက်ပြီး အဆိုတော်ကြီး ဒေါ်မာမာအေးဆိုထားတာ ဘာတဲ့ “ရဝိန္ဒုဒဿန နေလပြတဲ့ မင်္ဂလာအတည်၊ ကဏ္ဏဝိဇ္ဈန နားကိုသခြင်း ပြုပါသည်” ဆိုတာကြီးကရော ဘာတုံး။ နည်းနည်းလောက် လေ့လာကြည့်ကြပါ မိတ်ဆွေများ။

 

နိဂုံး

 

စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြ ဟူသော မြန်မာစကားပုံသည် ရှိ၏။

အထူးသဖြင့် လူအများကိုးကွယ်နေသည့် ဘုန်းကြီးများ၊ နိုင်ငံ့ခေါင်းဆောင်များ။ လူသိထင်ရှား စာရေးဆရာ၊ အဆိုတော် စသည်တို့သည် စကားကို လက်လွတ်စပယ် မပြောသင့်။ အထူးသဖြင့် ပရိသတ် ဗိုလ်ပုံအလယ်၌ မပြောသင့်ကြောင်း ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ကျွန်ုပ် ပို့စ်တစ်ခု ရေးခဲ့ဖူး၏။ 

 

http://shwenyein.blogspot.com/2010/09/blog-post_12.html

 

အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏စကားတစ်ခွန်းသည် လူအများအပေါ် များစွာ အကျိုးသက်ရောက် စေနိုင်သောကြောင့် ဖြစ်၏။

 

ယခု သိကြားမင်းအကြောင်းကို ပြောသည့် ဆရာတော်သည် လူအများက ကြည်ညိုလေးစားကာ တရားပွဲပေါင်း မြောက်များစွာ ဟောပြောပြသနေသူ ဖြစ်၏။

 

ထိုကဲ့သို့သောပုဂ္ဂိုလ် အနေနှင့် ကျမ်းစာများအား ရှာဖွေလေ့လာလျက် လူအများ မှားယွင်းမှတ်ယူနေသည်ကို ပြန်လည် တည့်မတ်ပေးရမည့်အစား သူကပါ ဝိုင်းဝန်း ဘေးတီးပေးနေသည်ကိုတော့ ကျွန်ုပ်အနေနှင့် ဘယ်လိုနည်းနှင့်မှ မနှစ်မြို့နိုင်ပါချေ။

 

<<ဗြဟ္မဏဝါဒီတွေက သူတို့ ဗြဟ္မဏဝါဒီအကြောင်း မြန်မာပြည်တွင်းမှာလာပြီး မြန်မာဗုဒ္ဓဘာသာဝင်တွေကို  ဟောပြောပြသတာမျိုးတွေ ကျွန်ုပ် တစ်သက်နှင့်တစ်ကိုယ် မတွေ့ခဲ့မိဖူးပါ။ “ရှိပါသည်၊ ခင်ဗျားမသိလို့ပါ” ဆိုလျင်ဖြင့် ကျွန်ုပ်ကို သတင်းပလင်းလေးများ ပေးကြပါဘိ။>>

 

တခြားလူမျိုး တခြားဘာသာတွေကို စော်ကားမော်ကား ပြောသည့် တိုင်းပြည်များကိုသာ စစ်စစ်ပေါက်ပေါက် လိုက်ကြည့်လိုက်လျှင် မြန်မာပြည်သည် ထိပ်ဆုံးက နေပါလိမ့်မည်။ အထူးသဖြင့် ဗုဒ္ဓဘာသာ ဘုန်းကြီးများ ဖြစ်၏။

 

ကိုင်း မိတ်ဆွေတို့ -

 

နည်းပေါင်းစုံသုံးလျက် ကျွန်ုပ်ကို အသားကုန် ဆဲနိုင်ပါပြီ။ 

 

http://shwenyein.blogspot.com/2018/04/blog-post_43.html

 

အကယ်၍ ယခု ကျွန်ုပ်ရည်ညွှန်းသည့် ပို့စ်ပါ စကားများကို ဆရာတော် ဥူးသုမင်္ဂလ မပြောခဲ့ပါဆိုလျှင်တော့ ကျွန်ုပ်သည် ဆရာတော်ကို လက်ဆယ်ဖြာ ထိပ်မှာမိုးလျက် တောင်းပန်ပါ၏။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၃ ဧပြီလ၊ ၂၀၂၂








Monday, March 20, 2023

လူရိုးကို သင်္ချိုင်းမှလွဲ၍ အခြားနေရာများ၌ ရှာလို့မတွေ့နိုင် ဆိုခြင်းအကြောင်း

ဤဒွန္နယာကြီး၌ လူလိမ်များဖြင့် ပြည့်နှက်လျက် ရှိ၏။

ကျွန်ုပ်စိတ်ထင် လူ ၁၀၀ ၌ ၉၉ ယောက်လောက်မှာ လူလိမ်များ ဖြစ်၏။

လိမ်နည်းကလည်း ပေါင်းစုံလှ၏။

 

ကျွန်ုပ်ငယ်စဉ်က ဆရာကြီး ဦးပြုံးချို၏ ‘နေအေးလိမ်နည်း’ စာအုပ်ကို ဖတ်ခဲ့ရဖူးလေရာ လိမ်တဲ့နေရာမှာတော့ အတော် တော်တဲ့ကောင် ဟု နေအေးကို အထင်ကြီးခဲ့ဖူး၏။ ယခု ၂၁ ရာစုလူလိမ်များမှာမူ နေအေးကိုပင် ပြန်လိမ်မည့်၊ နေအေးက ဆရာတင်ရမည့် လူလိမ်များ ဖြစ်လေသည်။

 

တမြန်မနေ့က မြန်မာပြည်မှ မိန်းကလေးတစ်ယောက် ကျွန်ုပ်ကို ဆက်သွယ်လာ၏။

စလုံးက အမျိုးသမီးတစ်ယောက်က သူ အလုပ်ရှာပေးမည်ဆိုကာ ပိုက်ဆံတောင်းသွား၏။

နောက်ပြီးတော့ IPA letter တစ်စောင်ပို့လိုက်၏။

စာက အတု။

ပြီးတော့ စင်ကာပူကို လာလို့ရပြီဆိုကာ လေယာဉ်လက်မှတ်တစ်စောင်ကိုလည်း ပို့လိုက်ပြန်လေ၏။

လေယာဉ်လက်မှတ်ကလည်း အတု။

 

သနားစရာ မမကလေးခမျာ လေယာဉ်ကွင်းရောက်တော့မှ ‘ငှယ် - နိလက်မှတ်က အစစ်မဟုတ်ပု။ အတုကြီးဟဲ့’ ဆိုသဖြင့် အရှက်ကွဲကာ ပြန်ခဲ့ရလေ၏။

 

(ဟယ် - အခွက်ကလေး သနားကမားနဲ့ သောက်ကျင့်ကလည်း တန်ပါ့။ လူတွေဆီက လိမ်စားဘို့ထက် တခြားဟာ လုပ်မစားတတ်တော့ဘူးလား။ သောက်လုပ်မလုပ်ချင်လည်း လင်ကောင်းကောင်းယူပြီး မောင် - ပင်ပန်းလာသလား။ လာ လာ ဇက်ကြောလေး ဆွဲပေးမယ်ဆိုပြီး နှပ်စားလို့ရပါ့။)





နောက်ပြီးတော့ ပြီးခဲ့တဲ့အပတ်က မြန်မာ အလုပ်သမားလေးတစ်ယောက် လာ၏။

ကိုရင်တစ်ယောက်တည်းလား ဆိုတော့ တခြားသူတွေက ပြန်ပို့ခံရမှာကြောက်လို့ လိုက်မလာရဲကြဘူး ဟု ဆို၏။

ကိုင်း ဆိုစမ်းပါအုံး ဆိုတော့ -

 

၎င်းတို့မှာ အလုပ်ခန့်စာချုပ်ဆိုတာ ရှိဘို့ဝေးလို့ ကြားတောင် မကြားစဖူး။

(အလုပ်ခန့်စာချုပ်ကို အလုပ်ဝင်ပြီး ၁၄ ရက်အတွင်း အလုပ်သမားများကို ထုတ်ပေးရ၏။)

ကိုယ့်လခကို ဘယ်လောက်ပေးနေသလဲဆိုတာလည်း မသိ။

လခထုတ်သည့်အခါ လူများကို တန်းစီခိုင်း၏။

နောက်ပြီးတော့ တစ်ယောက်ချင်းစီခေါ်ကာ လခပြေစာပေါ်တွင် လက်မှတ်ထိုးခိုင်း၏။

လခပြေစာကို ကြည့်ခွင့်မပေး၊ ဓာတ်ပုံရိုက်ခွင့်မပြု။

အချိန်ပို ဘယ်နှစ်နာရီလုပ်သည်၊ ဘာတွေဖြတ်တောက်ထားသည် ဘာတစ်ခုမှ မသိရ။

(လခပြေစာကို လခနှင့်အတူ ထုတ်ပေးရ၏။)

 

နောက်ပြီး သူ့အစ်ကိုဝမ်းကွဲတစ်ယောက် လက်ဒဏ်ရာရတာကို MOM ကို သတင်းမပို့ဘဲ ဖုံးဖိထားခဲ့၏။ နစ်နာကြေး တစ်ပြားမှ မရ။

 

ယခင် On-boarding centre မဝင်ရခင်က အလုပ်သမားများ စင်ကာပူလေဆိပ် ရောက်လာပြီဆိုလျှင် ကတွတ်ပေါက်က ဗျိုင်းစောင့်သလို စောင့်နေ၏။ နောက်ပြီးတော့ ကန်ထရိုက်စာရွက်များပေါ် အတင်းအဓမ္မ လက်မှတ်ထိုးခိုင်း (သို့) လက်ဗွေနှိပ်ခိုင်း၏။ ငနဲသားကလေးများမှာ စာရွက်ထဲ ဘာတွေရေးလို့ ရေးထားမှန်းမသိ၊ ဘာစာရွက်တွေကို လက်မှတ်ထိုးလိုက်လို့ ထိုးလိုက်ရမှန်းမသိ။

နောက်ပြီးတော့မှ ငုတ်စိပဲကျန်အောင် အဖြတ်ခံရလေတော့၏။

 

ယခု On-boarding centre မှ ထွက်လာပြီဆိုတော့လည်း အလားတူပင် စာရွက်တစ်ထပ်ကြီးကို ဘာတစ်လုံးမှ ဖတ်ခွင့် မပေးဘဲ လက်မှတ်ထိုးခိုင်း၏။

 

နောက်ပြီးတော့မှ ကန်ထရိုက်စာချုပ်ထဲတွင် ‘မင်းတို့ နေမကောင်းရင် တစ်နှစ်ကို ကုမ္ပဏီက ၄၀၀ ပေးမယ်။ ကျန်တာ ကွကိုယ်ပေးရမယ်’ ရေးထားကြောင်း သိရလေ၏။

 

နောက်ပြီး IPA ထဲမှာ allowance ပါသည်ကို စာချုပ်ထဲမှာ ထည့်ပြီး ဖော်ပြမထား၊ လခထဲ ထည့်မပေး။

စနေနေ့မှာ နေ့တစ်ဝက်ပဲ သာမန်လုပ်ခနှင့် လုပ်ရမှာကို တစ်နေ့လုံး မနက် ၈ နာရီကနေ ညနေ ၅ နာရီထိ သာမန်လခပဲ ပေးတာ။

စုံပါသည်။ အတော့်ကို စုံပါသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာလက OCBC ဘဏ်တွင် account ဖွင့်ထားသူများထံမှ စင်းဒေါ်လာ ၁၃.၇ သန်းဘိုး လိမ်သွား၏။ ဖြစ်ပုံမှာ -

OCBC ဘဏ် account ဖွင့်ထားသူများဆီသို့ OCBC Bank ဟုဆိုကာ ဖုန်းမတ်စိများ ဝင်လာ၏။

‘ဟေ့ကောင်တွေ မင်းတို့အကောင့် တာမနိတ်ဖြစ်တော့မယ်၊​ မြန်မြန်လော့အင်ဝင်လိုက်’

လူတွေလည်း ငါ့အကောင့်လေး ပိတ်သွားရင် ငါ့ပိုက်ဆံတွေ ဆုံးရချည့်ဆိုကာ log in ဝင်လိုက်၏။ ဤသို့ log in ဝင်လိုက်သည်နှင့်တပြိုင်နက် ပလုံဟုပင် မြည်သံမကြားလိုက်ရဘဲ အကောင့်ထဲရှိသမျှပိုက်ဆံတွေ အကုန် ပြောင်တောင်တက်ပြီး တက်တက်ပြောင်ပါလေတော့၏။

 

OCBC ဘဏ်ကလည်း ကောင်းတယ် ခင်ဗျာ။ ၂၀၂၂ မတ်လနောက်ဆုံးထားပြီး အလိမ်ခံရသူတွေကို ပိုက်ဆံအားလုံး ပြန်လျော်ပေးခဲ့၏။ လက်သည် မည်သူမှန်း မသိရလေ။

 

နောက်ပြီး RIT မုခ်ဦးပေါ် တက်အီးပါသွားသည့် တင်လိမ်ထွန်းအကြောင်း မိတ်ဆွေတို့ ကောင်းကောင်း သိပါသည်။

တင်လိမ်ထွန်း ဘာဖြစ်သွားသနည်း။

အဟိစ် - ဘာမှ မဖစ်ပါ။ တူနယ်တဲ့နယ် လဗျောင် ဟုပင် က,ထွက်သွားပါသေးသည်။

တင်လိမ်ထွန်းကို ဖွဘုတ်ပေါ်၌ အသားကုန် ဆော်ပလော်တီးစဉ် ကာလများက “ဆရာကြီး - ဆရာကြီးဘာမှ အားမငယ်ပါနဲ့။ ဆရာကြီးဟာ သမီးတို့ရဲ့ ဆရာအစစ်ပါ။” ဟု အားပေးနေသည့် ဟာမကလေးများလည်း ရှိနေပေသေးရာ တင်လိမ်ထွန်းလို လူစားများ ဤလောက၌ ရှိနေခြင်းမှာလည်း မဆန်းလှပါချေ။

 

တင်လိမ်ထွန်းလို လူမျိုးလည်း စင်ကာပူမှာ ရှိပါသေးသည်။ 

22 Nov 2022 CNA သတင်းတွင် လူတစ်ယောက် NTU လက်မှတ်အတုဖြင့် စင်ကာပူမှ နာမည်ကြီးကုမ္ပဏီတစ်ခု ဖြစ်သည့် Gain City တွင် Finance Director (Wow wow wow) အဖြစ်လုပ်ကာ စင်းဒေါ်လာ ၅ သောင်းကျော် ရယူ သွားကြောင်း ဖတ်လိုက်ရ၏။ လက်မှတ်အတုတောင်မှ တစ်ခုတည်းမဟုတ်။ NTU, NUS, Andrews Uni ဘွဲ့လက်မှတ် ၃ စောင် ဖြစ်၏။ ‘သားက ကျန်းမာရေးမကောင်းလို့ပါနော် . . ဘာဖစ်ပါတယ် . . ညာဖစ်ပါတယ်’ နှင့် ထောင် ၁၅ လ ကျသွားလေ၏။ အင်း - ၁၅ လ ဆိုတော့ ၁ နှစ်နဲ့ ၃ လပေါ့နော်။ မဆိုးပါ။ လုပ်စားပျော်ပါသည်။


https://www.channelnewsasia.com/singapore/yeoh-keng-swee-fake-university-degrees-top-dollar-jobs-busted-construction-firm-checks-ntu-3098231

 

အသင်မိတ်ဆွေတို့ -

ကျွန်ုပ်ကို အထင်မကြီးပါလင့်။ 

ကျွန်ုပ်ကား အလွန် ဒူလှသူဖြစ်၏။

အခြားသူများ အလိမ်ခံရခြင်းမှာ အသိပညာမရှိ၍သော်လည်းကောင်း၊ အ,လွန်း၍သော်လည်းကောင်း အလိမ်ခံရခြင်း ဖြစ်ပြီး -

ကျွန်ုပ်အလိမ်ခံရခြင်းမှာမူ ဒူလွန်း၍ အလိမ်ခံရခြင်း ဖြစ်၏။

တစ်နည်းအားဖြင့်လည်း ကျွန်ုပ်မှာ အလိမ်ခံရခြင်းကို ပျော်မွေ့သူတစ်ဦး ဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်ပါ၏။

 

ကျွန်ုပ်ငယ်စဉ်က ‘လူရိုး သင်္ချိုင်းမှာသာ ရှိသည်’ ဟူသည့် ပုံပြင်လေးတစ်ပုဒ် ဖတ်ခဲ့ဖူးပါ၏။ 

ထိုစဉ်က ဘာကိုဆိုလိုမှန်း မသိခဲ့။

ယခု အသက် (၆၀) ကျော်၊ သိန်း ၁၀၀၀ လောက် အလိမ်ခံရပြီးသည့်အခါကျမှ လူရိုးဟူသည် သင်္ချိုင်းမှလွဲ၍ အခြားနေရာများ၌ ရှာလို့မတွေ့နိုင် ဆိုသည်ကို မျက်မြင်ဒိဋ္ဌ သိရပါတော့သတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၀ မတ်လ၊ ၂၀၂၃

 

Ref:

 

https://www.straitstimes.com/singapore/courts-crime/jail-for-man-who-used-forged-qualifications-to-land-jobs-for-more-than-10-years

 

https://www.channelnewsasia.com/singapore/fake-university-degree-counterfeit-qualifications-companies-3342801

 

https://www.channelnewsasia.com/singapore/court-woman-forges-documents-o-level-certificate-job-application-pre-school-principal-3233041

Sunday, March 19, 2023

စင်ကာပူတွင် အလုပ်လုပ်နေသည့် ဝပ်ပါမစ်သမားတို့ သိထားသင့်သည့် အချက်များ

အပိုင်း (၁)

https://www.youtube.com/watch?fbclid=IwAR3gBKGXt0anjT7JzcwFHvefxnNoKiramVW3DXAnXT4bP9JOzHpO6QE1aJc&v=yG0aACWQZMM&feature=youtu.be


အပိုင်း (၂)

https://www.youtube.com/watch?fbclid=IwAR2Yb9XJ9u-u-5hUXWgb_VbOxIfIWXaLZ4Lm-9yTgSl8SEAM0U57r3MBAng&v=2Q8nGaMOjvA&feature=youtu.be




ကျွန်ုပ် ငှက်ပျောသီးစားခြင်း အကြောင်း

ကျွန်ုပ်သည် သစ်တော့သီး၊ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး၊ မာလကာသီး၊ သရက်သီးစသည့် သစ်သီးများကို စားလေ့ရှိရာ ကျွန်ုပ်ကြိုက်နှစ်သက်သည့် အသီးတစ်မျိုးမှာ ငှက်ပျောသီးဖြစ်၏။

 

ငှက်ပျောသီးသည် စားရလွယ်၏။ အရသာချိုမြိန်၏။ အာဟာရတန်ဘိုးလည်း မြင့်၏။

 

သို့သော် ဈေးကွက်ဝင်အောင် စီးပွားဖြစ် စိုက်ထားသည့် ငှက်ပျောသီးနှင့် ကျွန်ုပ်တို့တောမှ စီးပွားဖြစ်မဟုတ်ဘဲ ဥယျာဉ်၊ အိမ်များထဲ၌ စိုက်ထားသည့် ငှက်ပျောသီးမှာမူ ကွာချင်တိုင်း ကွာလေသည်။ 

 

ယခု ကျွန်ုပ်မှာ တစ်ပြည်ရပ်ခြား တိုင်းတစ်ပါးတွင် နေနေရသူဖြစ်သဖြင့် ကျွန်ုပ်တို့ရွာထွက် ငှက်ပျောသီးများကို စားဘို့ရာ အခွင့်မသာတော့ဘဲ ဈေးကွက်တွင် တင်ပို့ရောင်းချရန် စီးပွားဖြစ် ထုတ်လုပ်ထားသည့် ငှက်ပျောသီးများကိုသာ လိမ်ပိမ်လျက် စားရလေတော့၏။ အတွေ့ရများသည်မှာ မလေးရှားမှ တင်သွင်းလာသော ငှက်ပျောသီးများ ဖြစ်၏။

 

ကျွန်ုပ်တို့တောမှ သဘာဝအလျောက် စိုက်ပျိုးထားသည့် ငှက်ပျောသီးများမှာ မှည့်ပြီး ရက်အတန်ကြာသည့်တိုင် အထဲမှ အသားမှာ ပျော့ပြဲ၊​ ပျက်စီးသွားခြင်းမရှိ။ အမှည့်လွန်သည်မရှိ။ အခွံများ မည်းသွားသည့်တိုင် အသားမှာ မာနေသေးလျက် အရသာပျက်မသွားဘဲ စားလို့ကောင်းနေသေးသည်သာ ဖြစ်၏။ အခွံမှာလည်း မာသည်။ အခွံများမှာ မည်းသွားသည့်တိုင် ပျော့ပြဲပျက်စီးသွားခြင်းမရှိ။ သည်အတိုင်း ခွာစားလို့ ရလေသည်။ 

 

ကျွန်ုပ်မှတ်မိသလောက် ပြောရလျှင် ကျွန်ုပ်တို့ဘက်မှထွက်သည့် ငှက်ပျောသီးမျိုးများမှာ ရေသီလံ၊​ ဖီးကြမ်း၊ ရခိုင်၊ ဆင်စွယ်၊ သီးမွှေး၊ ရွှေငှက်ပျော၊ နံ့သာပု၊ ငှက်ပျောချဉ်တို့ ဖြစ်၏။ သို့တိုင် အများဆုံးစိုက်ကြသည်မှာ ရေသီလံ နှင့် ဖီးကြမ်းနှစ်မျိုးသာဖြစ်၏။ ကျွန်ုပ်ကတော့ ထိုနှစ်မျိုးလုံးကို ကြိုက်၏။ သူ့အရသာနှင့်သူ စားလို့ ကောင်းပါသည်။ ဆင်စွယ် ငှက်ပျောသီးကြီးများမှာ အလွန်ကြီးမားပြီး ငှက်ပျောပင်မှာ လေးပေမပြည့်သော ခွေးအောင်လှိုင်၏ အရပ်လောက်သာ ရှိသဖြင့် ငှက်ပျောခိုင်ကြီးမှာ မြေကြီးသို့ ထောက်လျက်ရှိလေ၏။ ရွှေငှက်ပျောသီး၏ အရသာကိုမူ ကျွန်ုပ်မကြိုက်ပါ။




 

(ငှက်ပျောသီးနှင့် ဆက်စပ်၍ ကျွန်ုပ်တို့ရွာဘက်မှ အယူသီးပုံတစ်ခုမှာ နေမကောင်းသူကို ငှက်ပျောသီး မကျွေးရ၊ အဖျားတက်တတ်သည် ဟူ၏။ နောက်မှ ရှေးလူကြီးများ၏ မဟုတ်က၊ မဟတ်က အယူသီးပုံများကို သပ်သပ် စာတစ်ပုဒ် ရေးထုတ်ပါဦးမည်။)

 

သို့သော် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ထားသည့် ငှက်ပျောသီးများမှာမူ အခွံဝါပြီဆိုသည်နှင့် ချက်ချင်း စားရ၏။ အနည်းငယ်မှ အထားမခံ။ အခွံဝါလာပြီး နောက်တစ်နေ့ဆိုလျှင် အခွံဝါဝါပေါ်၌ အမဲပြောက်များ စတင်ပေါ်လာတော့၏။ အသင်သည် အမဲပြောက်များ ပေါ်လာသည့်တိုင် ထို ငှက်ပျောသီးကို မစားသေးဘဲ နောက်တစ်နေ့သို့ ဆက် ရွှေ့ထားမည် ဆိုအံ့။ အထဲမှ အသားများမှာ အညိုရောင်သမ်းပြီး ပြဲသွားကာ စားမကောင်းတော့ကြောင်း တွေ့ရပါလိမ့်မည်။ အသားသာ မက အခွံမှာလည်း ခွာလိုက်သည်နှင့် အလယ်မှ ပြတ်ထွက်ကုန်တော့၏။ ထို့ကြောင့် ထိုငှက်ပျောသီးများဝယ်လျင် အနည်းငယ် စိမ်းနေသေးသော အသီးများကို ရွေးဝယ်ရ၏။ များများလည်း ဝယ်လို့မဖြစ်။ တစ်ခါစားစီ ဝယ်တာ အကောင်းဆုံးဖြစ်၏။




ပြောရလျှင် စားရသည့်အရသာချင်းလည်း မတူပါ။ 

စီးပွားဖြစ် ငှက်ပျောများမှာ အရသာဖုန်ဖွားဖွားနှင့် စားလို့သိပ်ကောင်းလှတယ် မဟုတ်ပါ။

ကျွန်ုပ်တို့ တောငှက်ပျောမှာမူ အသားကျစ်ပြီး စားလို့ လေးလေးပင်ပင် ချိုလေသည်။

 

ကျွန်ုပ်တို့ရွာတွင် ငှက်ပျောသီးရင့်မှည့်ပါက အဖီး အစိမ်းလိုက်ကို ခုတ်၏။ ထို့နောက် စဉ့်အိုးထဲထည့်။ ငှက်ပျောဖက်၊ ကောက်ရိုးများ အပေါ်ကအုပ်ကာ မီးရှို့ပြီး အပူပေး၍ မှည့်စေ၏။ စီးပွားဖြစ်ထုတ်သည့် ငှက်ပျောသီးများမှာ အဘယ်မှာလျင် စဉ့်အိုးထဲထည့် မီးဖုတ်နိုင်ပါမည်နည်း။ အလိုအလျောက် မှည့်ရတာ ဖြစ်၏။



တခါတရံတွင် မဟေသီက ငှက်ပျောသီး သေးသေးကလေးများ ဝယ်လာ၏။ ထိုငှက်ပျောသီး သေးသေးကလေးများမှာ မှည့်သွားလျှင် အခွံနှင့်အသားကပ်သွားပြီး ခွာရအလွန်ခက်၏။ အခွံကိုခွာလိုက်လျှင် အသားတွင်ကပ်နေသည့် အခွံ အတွင်းပိုင်း ပါမလာဘဲ အပြင်ဘက်အခွံပါးပါးကလေးသာ ပါလာ၏။ ထိုအခါ စားလိုက်သည့်အခါ ထိုကပ်ကျန်ခဲ့သည့် အခွံကိုပါ စားရလေ၏။ ဤသည်ကို ကျွန်ုပ် အလွန်မုန်းလေသည်။ ထိုငှက်ပျောသီးကလေးများမှာ စားသည့်အခါမှာသာ တစ်လုံးကို နှစ်ကိုက်လောက်နှင့် ကုန်သွားသော်လည်း တစ်လုံးစားဘို့ အခွံနွှာရတာ အတော်အချိန်ကုန်သလို လက်လည်း ညစ်ပတ်၏။ ထိုငှက်ပျောသီးစားသည့်အခါ ထွက်လုဆဲဆဲ ဒေါသကို အတင်းအောင့်အည်း ကျိတ်မှိတ် မြိုသိပ်ခါ ထားရသည့် ဒုက္ခမှာလည်း မသေးလှပါချေ။

 

တောငှက်ပျောသီးနှင့် စီးပွားဖြစ်ငှက်ပျောသီး ကွာခြားပုံမှာ ဗမာကြက်နှင့် စီပီကြက် ကွာသကဲ့သို့ ကွာ၏။ စီပီကြက်မှာ မြန်မြန်ကြီး၊ မြန်မြန်အသားပေါ်၊ မြန်မြန်စား ဖြစ်သဖြင့် ပွယောင်းယောင်းနှင့် စားလို့ မကောင်း။ ဗမာကြက်ကတော့ ဘူးသီးကလေးနှင့်ရောကာ ကာလသားချက်ကလေးများ ချက်စားလိုက်ရလျှင်ဖြင့် ကတောက်စ်။

 

ထို့အတူပင် စီးပွားဖြစ်ငှက်ပျောမှာလည်း မြန်မြန်စိုက်၊ မြန်မြန်ကြီး၊ မြန်မြန်ခုတ်၊​ မြန်မြန်ဈေးပို့ကာ မြန်မြန်စားရသဖြင့် ငှက်ပျောသီးများမှာ သဘာဝအတိုင်းကြီးလာရတာ မဟုတ်ဘဲ အတင်းရော အဓမ္မပါ ကြီးခိုင်းထားတာဖြစ်လေရကား အသားက ပွယောင်းယောင်း၊ ဖုန်ဖွားဖွားဖြစ်နေရတာ မဆန်းပါလေ။

 

ဤသည်ကား ကျွန်ုပ် နေ့တိုင်းလိုလိုစားနေသည့် ငှက်ပျောသီးအကြောင်း ဖြစ်သတည်း။

များမကြာမီ နေ့တိုင်းမဟုတ်တောင် တစ်ပတ်လျှင် ၃ - ၄ ရက်လောက် စားဖြစ်သည့် အုန်းသီးအကြောင်း ဆက်ပါဦးမည်။

 

အေးငြိမ်း

19/03/2023: 00:42 hrs



Monday, March 6, 2023

ကျွန်ုပ်သည် မည်ကဲ့သို့သော အဖေမျိုးဖြစ်သနည်း ဆိုခြင်း အကြောင်း

သားကျောင်းက ပြန်လာတော့ သိပ် မျက်နှာမကောင်း။

ပြီးတော့ I am so sorry. ဟု ဆို၏။

ဘာတုံးကွ သားရဲ့ ဟု မေးလေသော် သူက ရူပဗေဒဘာသာရပ်ကို ကောင်းစွာ မဖြေနိုင်ကြောင်း ပြော၏။

ဒါလေးများ သားရယ်၊ သား မဖြေနိုင်ဘူးဆိုတော့ ကျန်တဲ့ တစ်တန်းလုံးလည်း မဖြေနိုင်ဘူးဆိုတာ သိပ် သေချာသပေါ့ကွာ၊ အဲဒါနဲ့များ သားက ဘာများ ဝမ်းနည်းစရာရှိတုံး လကွ ဆိုတော့ -

ဟုတ်တယ်၊ တချို့ကောင်မလေးတွေဆို ငိုကြတယ် ဆို၏။

 

သားက သူ့သူငယ်ချင်းကို သနားတယ် ဆိုလေသော် - 

ဘာကြောင့်တုံးကွ။

သူ စာမေးပွဲမဖြေနိုင်ရင် သူ့အမေက တအားဆူတာ။

 

မိဘတွေကို ဖေကြီးမကြိုက်တာ အဲသဟာပဲကွ။

ဘယ့်နှယ်ကွာ၊ ကလေးက စာမေးပွဲမဖြေနိုင်လို့ စိတ်ဓာတ်ကျလာရတဲ့အထဲ သူတို့က အားပေးစကား ပြောရမဲ့အစား ဆူရတယ်လို့။ လွဲလိုက်လေကွယ်။

သူတို့အဲသလို ဆူလိုက်လို့ အမှတ်က ပိုကောင်းလာမှာလားကွာ။ ကလေး ပိုပြီးစိတ်ဆင်းရဲသွားတာပဲရှိမယ်။ 

စာမေးပွဲမဖြေနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ ကလေးကို မိဘက စိတ်ဓာတ်မကျအောင် အားပေးရမှာကွ။

 

သား အခု မဖြေနိုင်တာကို ဘာမှ ဝမ်းနည်းနေစရာမရှိဘူး။ အခု သား ဘယ်မှာ အားနည်းနေသလဲဆိုတာ သိသွားပြီ။ ဆိုတော့ အဲဒီအားနည်းတဲ့အပိုင်းကို ဖိဖိစီးစီး လုပ်လိုက်ဖို့ပဲ။ 

 

ပူပန်တာနဲ့ နောင်တရတာဟာ သားအတွက် ဘာမှ အကျိုးမပြုဘူး။

နောင်ဘာဖြစ်မလဲ ပူနေလို့ရှိရင် အဲဒါကြီးက ဖြစ်မလာတော့ဘူးတဲ့လား။

ဖြစ်စရာရှိရင်တော့ ဖြစ်မှာပဲကွ။

အဲဒီတော့ သားပူနေတာ ဘာအကျိုးရှိသလဲ။ ဘာမှ အကျိုးမရှိဘူး။

အကျိုးမရှိတဲ့အရာကို အပင်ပန်းခံပြီး ဘာလို့လုပ်နေမတုံး။

စိတ်ပူတယ်ဆိုရင် စိတ်ဓာတ်အင်အားကို ယုတ်လျော့ ကျဆင်းစေတယ်ကွ။

ဘယ်တော့မှ​ စိတ်မပူနဲ့။

 

နောက်ပြီး ငါ မှားသွားပြီ။ ဒါမှမဟုတ် ငါ မလုပ်လိုက်ရလေခြင်းလို့လည်း ဘယ်တော့မှ​ နောင်တမရနဲ့ကွ။

နောင်တရနေလို့၊ အဲဒီအမှားကိုတွေးပြီး စိတ်ဆင်းရဲနေလို့လည်း အဲဒီအမှားက အမှန်ပြန်ဖြစ်လာမလား။

ဝေးပါသေးရဲ့ကွာ။

ဒါဆို ဘာမှအကျိုးမရှိတဲ့ နောင်တကို ဘယ့်အတွက် ရနေမတုံးကွ။

 

အရေးကြီးတာက အရင်ဖြစ်ခဲ့တဲ့ အမှားကနေ သင်ခန်းစာယူပြီး နောင်မဖြစ်အောင် ကြိုးစားဘို့ပဲကွ။

 

နောင်ဘာဖြစ်ချင်သလဲ၊ ဘာဖြစ်ရမလဲ၊ ဘယ်တော့ ဘာလုပ်ရမလဲဆိုတာ ခုကတည်းက ကြိုတင်ပြင်ဆင် ထားရမယ်။ အဲဒီအခါကျတော့ တကယ်လုပ်ရတဲ့အခါ ကသီလင်တမဖြစ်တော့ဘူး။ ချောချောမွေ့မွေ့နဲ့ ပြီးသွားနိုင်မယ်။

 

ဆိုတော့ အရေးအကြီးဆုံးအချိန်က လက်ရှိအချိန်ပဲ။ 

လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်အောင်လုပ်။

လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် အသုံးချ။

အချိန်ဆိုတာ ပြန်မရနိုင်ဘူး။

 

တကယ်လို့သာ သားဟာ လက်ရှိအချိန်ကို အကောင်းဆုံး အသုံးချသွားနိုင်မယ်ဆိုရင် -

နောင်အတွက်လည်း ပူစရာမလိုတော့သလို -

ငါ မလုပ်လိုက်ရလေခြင်း စတဲ့ နောင်တလည်း ရစရာမလိုတော့ဘူးပေါ့ကွာ။

 

စာမေးပွဲမဖြေနိုင်လို့တော့ဖြင့် ဘာမှ သား စိတ်ဓာတ်ကျစရာမလိုဘူး။

သားမဖြေနိုင်တဲ့ဘာသာကို ဖေကြီးကူလုပ်ပေးမယ်။

 

စာမေးပွဲမှာ အမှတ်မကောင်းလို့ ကလေးကိုဆူမယ်ဆိုတဲ့ မိဘတွေထဲမှာ ဖေကြီးမပါဘူးကွ။

ဘာဖြစ်လို့လဲဆိုတော့ ဖေကြီးက ဦးအေးငြိမ်းဖြစ်နေလို့ဘဲ။ အဟက်စ်

 

မနေ့က သား ရူပဗေဒဘာသာရပ်မှာ မဖြေနိုင်လို့ စိတ်မကောင်းဖြစ်နေတာကို ကျွန်ုပ် အားပေးခဲ့သော စကားများ ဖြစ်ပါ၏။

 

မှတ်ချက် -

 

သူတို့ ရူပဗေဒဘာသာရပ် မေးခွန်းများမှာ သိပ်မလွယ်လှပါ။ အတော်ခေါင်းစားသော မေးခွန်းများ ဖြစ်၏။

ကျွန်ုပ်မှာ ရူပဗေဒဘာသာရပ်ကို စိတ်ဝင်စားသူဖြစ်ပြီး အတော်အတန် နားလည်သူ တစ်ဦးဖြစ်၏။

သို့သော် သူတို့မေးခွန်းများကို ကျွန်ုပ်ဖြေသည့်အခါ အချို့အဖြေများကို မှန်အောင် မဖြေနိုင်ပါ။

သားက စာအုပ်တွေကို ကျောင်းမှာပဲ ထားခဲ့သည့်အတွက် ယခုတော့ မေးခွန်းများကို မပြနိုင်သေးပါ။

နောက်နေ့ကျမှ သားကို စာအုပ်တွေ ပြန်ယူလာခိုင်းပြီး မေးခွန်းများ တင်ပေးပါမည်။

 

နောက်တစ်ခုမှာ သူတို့စာအုပ်များကို ကြည့်ပြီး ကျွန်ုပ် အတော် စိတ်မကောင်းဖြစ်မိ၏။

အကြောင်းကား သူတို့စာအုပ်များနှင့် မြန်မာပြည်က ပြဋ္ဌာန်းစာအုပ်များမှာ အထဲမှ စာသားများသာမက အရည်အသွေး၊ အပြင်အဆင်တို့မှာ ကွာချင်တိုင်းကွာလှပါသည်။ (ကျွန်ုပ်ထံ၌ မြန်မာပြည်မှ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် အားလုံးနီးပါး ရှိပါသည်။

 

စာအုပ်ဈေးတွေလည်း ကြည့်လိုက်ပါအုံး။

သင်္ချာစာအုပ်တစ်အုပ်တည်းကို မြန်မာငွေ ၂ သိန်းလောက်ရှိတယ်ခင်ဗျာ။ အောင်မငီးစ်

 

အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေ။

(ကြင်စိုးနဲ့ ကြင်စိုးဘောလျက်တွေ မပါ။)

 

အေးငြိမ်း

၅ မတ်လ၊ ၂၀၂၃