(၁)
Plan B အကြောင်း အချို့ သိကြပြီးဖြစ်ပါလိမ့်မည်။ မသိသေးသူများ
လေ့လာနိုင်ကြစေရန် ကျွန်ုပ်သိထားသမျှကလေးကို ပြန်လည် ဝေငှလိုက်ရခြင်း ဖြစ်ပါကြောင်း။
အချို့ကိစ္စများမှအပ
မည်သည့်နေရာတွင်မဆို Plan B ရှိရန် အရေးကြီး၏။ အဘယ်ကြောင့်အရေးကြီးရသည်
ဆိုသည့် အကြောင်း ယခု ကျွန်ုပ်တင်ပြပါအံ့။
လွန်ခဲ့သော
(၃) နှစ်ခန့်က ညီမတစ်ယောက် လက်မှတ်ပေး၍ ကျွန်တော် ပြင်သစ်သံရုံးမှ ယဉ်ကျေးမှုကဇာတ်သို့
သွားကြည့်ပါ သည်။ သံရုံးပွဲဆိုတော့ လူကြီးလူကောင်းတွေ လာကြသပေါ့။
သံရုံးရှေ့
မြက်ခင်းပြင်တွင်ပင် စင်ကလေးထိုးကာ ပွဲကျင်းပသည်။ ကျွန်ုပ်တို့လည်း
တစ်နေရာတွင် စုထိုင်ပြီး ပွဲအထွက်ကို ဟိုဟိုသည်သည်ငေးရင်း စောင့်လင့်ကြ၏။
လူအတော်စုံနေပြီမို့
များမကြာမီ ပွဲထွက်တော့မည်ဟု ခန့်မှန်းနေစဉ်မှာပင် ရန်ကုန်မီးက ဗွေဖောက်ကာ ဖြတ်ကနဲ
ပြတ်သွားပါ လေတော့၏။ မီးပြတ်သွားတော့ ဘာလုပ်လို့ရတော့ပါမည်နည်း။ အားလုံး မှောင်ထဲတွင်ပင်
ထိုင်နေကြရ၏။ တော်ကြာတော့ ဟိုနား သည်နားတွင် ပိုးစုံးကြူးမျှသော အလင်းရောင်ကလေးများ
ပေါ်ထွက်လာပါသည်။ ဖယောင်းတိုင်များ လာထွန်းပေးတာ ဖြစ်၏။
ကလေးများမှာ
ဟိုဟိုသည်သည် ပြေးလွှားဆော့ကစားလျှက်။ ဆိုင်းဆရာမှာ တပုံပုံနှင့် သူ့ဆိုင်းကို တီးလုံးစမ်းလျက်။
မီးပြတ်နေတာ ကျွန်တော့်စိတ်ထင် နာရီဝက်ကျော်လောက် ကြာပါလိမ့်မည်။ သံရုံးမှလူတွေအစား
ကျွန်တော့်မှာ ရှေ့တွင် ထိုင်နေကြသည့် လူကြီးလူကောင်းများကိုသာ အားနာမိပါတော့သည်။
(၂)
ကျွန်တော်ယခုလုပ်နေသည့်
ကွန်ဒိုပရောဂျက်တွင် ဆပ်ကန်ထရိုက်တာ ၂၅ ဦးမှ အလုပ်သမားပေါင်း ၃၅၀ လောက်ရှိသည်။ အရေးအကြောင်းဆိုလျှင်
သည်လူအားလုံးကို အလျှင်အမြန် လုပ်ငန်းခွင်အတွင်းမှ အန္တရာယ်ကင်းစွာ ထုတ်သွားနိုင်ရန်
အစီအမံများ လုပ်ထားရသည်။ ၎င်းကို Emergency
Preparedness ဟု ခေါ်၏။ သည်အစီအမံ တကယ်အလုပ်ဖြစ်မဖြစ်ကို ၆ လ တစ်ခါ ဇာတ်တိုက်ပြီး စမ်းသပ်ကြည့်ရသည်။
၎င်းကို Emergency Drill ဟု ခေါ်သည်။ စင်ကာပူမှ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ဤကဲ့သို့လုပ်ရန်
ဥပဒေနှင့် ပြဋ္ဌာန်းပေးထား၏။ မလုပ်ပါက ထိုဥပဒေအရ အရေးယူလို့ရသည်။
ဤအစီအမံတွင် ထွက်ပေါက်များ၊ လျှောက်လမ်းများနှင့် အရေးပေါ်စုရပ်များ
ထားရသည်။ လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမား အားလုံးကိုလည်း အရေးအကြောင်းဆို မည်သည့်နေရာကထွက်၊
မည်သည့်နေရာတွင်စု၊ မည်ကဲ့သို့လုပ်ရမည်ကို လေ့ကျင့် သင်ကြားပေးထားရ၏။
အကယ်၍ မီးလောင်ပြီဆိုပါစို့။ သတ်မှတ်ထားသည့် ထွက်ပေါက်၊ လျှောက်လမ်း
သို့မဟုတ် စုရပ်ကိုပိတ်ကာ လောင်နေပြီ ဆိုပါက မည်သို့လုပ်ရမည်နည်း။
ထို့အတွက် Plan B ထားပေးရသည်။ Plan B ဆိုသည်မှာ အကယ်၍ မူလစီစဉ်ထားသည့်နေရာတွင်
ပြဿနာတက်ပါက နောက်တစ်နေရာတွင် လုပ်နိုင်ရန် အရံသင့် အပိုဆောင်ထားခြင်းကို ဆို၏။
ကျွန်တော်တို့ လုပ်ငန်းခွင်၌ ၀င်/ထွက်ပေါက် နှစ်ပေါက်ရှိသည်။
တစ်ပေါက်ကို ပိတ်ထားပြီး နောက်တစ်ပေါက်ကိုသာ သုံး၏။ ပိတ်ထားသောအပေါက်နားတွင် ကွက်လပ်ရှိသည်။
ထိုပိတ်ထားသော တံခါးပေါက်နှင့် ကွက်လပ်မှာ အရေးပေါ်အစီအမံ အတွက် Plan B ဖြစ်သတည်း။
(၃)
နာနတ်တောလမ်းရှိ
ကျွန်တော်တို့ပြည်ရိပ်မွန်မှ တိုက်ခန်းများမှာ တက်/ဆင်းရန်
လှေခါးတစ်ပေါက်သာ ပါသည်။ ထိုအပေါက်ကိုပိတ်ပြီး မီးလောင်လျှင် ဘယ့်နှာလုပ်မည်နည်း။ ဟုတ်ကဲ့၊
ကျွန်တော်တို့လည်း မညံ့ပါ။ Plan B အဖြစ်
နောက်ဘက်တွင်
အရေးပေါ်လှေခါး ရှိပါသည်။ အင့်ဟင်၊ ပြည်ရိပ်မွန်က အရေးပေါ်လှေခါးတွေ ဘယ်နားသွား တပ်ထားပါ
လိမ့်။ နေပါဦး၊ သေသေချာချာ ကြည့်ပါရစေဦး။
အလဲ့ကွယ်၊
ဟိုမှာ တွဲလောင်းကျနေတဲ့ဟာကို သေချာကြည့်စမ်းပ။ သေချာပါပြီ။ အဲသဟာ အရေးပေါ်လှေခါး သေချာပေါက်
ဖြစ်ရမည်။ မဟုတ်ရင် အဲဒီ လက်သန်းလောက် သံချောင်းလေးတွေကို တက်ကင်တွဲပြီး ဘာလုပ်ဖို့
တွဲလောင်းချထား ပါမတုံး။
နေပါဦးကွယ်။
အဲဒီလှေခါးကို ဘယ်နားကနေ တက်ရမှာပါလိမ့်။ မီးဖိုချောင်ပြူတင်းပေါက်က ကျော်တက်ရအောင်ကလည်း
ပြတင်းပေါက်နဲ့ လှေခါးနဲ့က အဝေးကြီး။ သြော် - စူပါမင်းလို လေထဲကပျံပြီး တက်ဘို့ ဒီဇိုင်းထုတ်ထားတာ
ဖြစ်မည်။ ဒါမှ သူခိုးတွေဘာတွေ တက်လာရင် အိမ်ထဲဝင်လို့ မရမှာကိုး။ တော်လိုက်သည့် ဒီဇိုင်းဆရာ။
ဦးဏှောက်ကိုထုတ်၊ ဘာဘီကျူး လုပ်ပြီး ကားလ်စ်ဘာ့ခ်နှင့် မြည်းပစ်ဖို့ကောင်းလှသည်။
အဲလေ၊
တက်လို့ရတယ်ပဲ ထားပါဦး။ အဲဒီ တက်ကင်တွဲပြီး နံရံမှာ ဖြစ်သလိုချိတ်ထားတဲ့ လှေခါးသာအားကိုးရရင်
မီးလောင်လို့ သေမှာက မသေချာ။ လှေခါးပြုတ်ကျပြီး မာလကီးယားဘို့က ပိုသေချာလေသည်။
(၄)
ကျွန်ုပ်တို့တိုင်းပြည်တွင်
တန်ဘိုးမဖြတ်နိုင်သော ရတနာတုံးကြီးသည် ရှိ၏။ ထိုရတနာတုံးကြီးမှာ ၄၉ သန်းခွဲမျှသော ကျွန်ုပ်တို့ မြန်မာပြည်သားများ၏ တစ်ခုတည်းသော မျှော်လင့်ချက်ရောင်ခြည်လည်း
ဖြစ်၏။ (အဘယ်ကြောင့် မြန်မာပြည် လူဦးရေ လျော့နည်းသွားရသနည်းဟူမူ ငွေ ၃၀၀၀ မျက်နှာကြောင့်
ဗိုလ်စိန်မှန်ကွင်းသို့ ချီတက်ကြသော မျိုးချစ်စစ်စစ် ပင်နီများနှင့် ၎င်းတို့၏ အပေါင်းအပါများကို
နှုတ်ထားလိုက်၍ ဖြစ်သည်။ ဤကား စကားချပ်)
သူသည်
ကျွန်ုပ်တို့ကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ရွက်တင်လို့ပေးခဲ့ပြီ။ လုပ်လိုက်မဟဲ့ဟု
အားခဲသည့်တိုင် အသက်က ကြီးလှပြီ။ လူကနေသော်လည်း ဇရာကမနေ။ သည်လောက် လုပ်နိုင်တာကိုပင်
ချီးကျုးပါဦး။ ဘယ်လောက်လုပ်ချင် လုပ်ချင်။ နောက်ထပ် ဆယ်နှစ်လုပ်နိုင်ဦးမည်လား။ မသေချာပါ။
သို့ဆိုလျှင်
သူ့နေရာကို မည်သူ ဆက်ခံမည်နည်း။ ဆက်ခံမည့်သူကို ရွေးပြီးပြီလား။ ထို့ထက် လေ့ကျင့်ပေးနေပြီလား။
လူတစ်ဦးတစ်ယောက်အပေါ်တွင် တိုင်းပြည် ကံကြမ္မာကိုပုံအပ်ထားရခြင်းကား ကောင်းသည့် လက္ခဏာမဟုတ်။
နောက်ပြီး သည်လိုလူမျိုးရဘို့ဆိုတာ မွေးချင်တိုင်း မွေးထုတ်လို့ရတာမျိုးကလည်း မဟုတ်ပြန်။
လေ့ကျင့်ပေးသည့်တိုင် နဂိုပါရမီ ဓာတ်ခံနှင့် ကိုယ်စွမ်းကိုယ်စကလည်း ရှိပါဦးမှ ဖြစ်မည်။
သင်လို့ရတိုင်းသာ အာဇာနည်များထွက်နေပါက မခက်ပါလော။
သည့်အတွက်
နောင်အနာဂတ်တွင် အစိုးရလုပ် အုပ်ချုပ်မည့်သူများကိုရော ရွေးဘို့စဉ်းစားပြီးပြီလား။
မြေအုတ်တို့နေရာတွင် အစားထိုးမည့် ကျောက်အုတ်များကို ရှာနေပြီလား။ သူတို့ကို လေ့ကျင့်ပေးဘို့၊
သင်ကြားပေးဘို့ရော အစီအမံတွေ လုပ်ပြီး ပြီလား။
ဤသည်မှာ
မြန်မာနိုင်ငံအဖို့ အလွန်အရေးကြီးသော Plan B ဖြစ်၏။
ပေါ့ပေါ့လေး မတွက်ကြပါနှင့် မိတ်ဆွေများ။
ငကန်းသေရင် ငစွေပေါ်လိမ့်မယ် ဟူသော စကားပုံမှာ အခြားနေရာများအတွက်သာဖြစ်မည်။
သည်နေရာတွင် မမှန်နိုင်။ နောက်ပေါ်လာသည့်ငစွေများသည် တိုင်းပြည်တွင်ရှိသမျှ မြေပေါ်မြေအောက်၊
ရေပေါ်ရေအောက် သယံဇာတများကို ဖြုန်းတီး သွားသည့်သူများထက် ပိုဆိုးနေလျှင် မခက်ပါလား။
ထိုနေရာမျှသာ မဟုတ်ပါ။ အခြားအရေးကြီးသော နေရာများအတွက်ပါ
Plan B ထားသင့်လေသည်။ Plan B သည် မူရင်း လူနှင့် မည်သည့်နည်းနှင့်မှ ထပ်တူထပ်မျှ တူနိုင်မည်မဟုတ်ပါ။
သို့မို့ကြောင့် မတူတဲ့အတူတူတော့ လုပ်မနေပါနဲ့တော့ကွာ ဟုလည်း မပြောစကောင်း။ ဘာမှ လုပ်မထားတာထက်စာလျှင်
အကြောင်းဟေ့ဆိုလာပါက ကြိုတင်လေ့ကျင့်ပေးထားသူသည် အမှန်တကယ် အသုံးတည့်သူ ဖြစ်လာလိမ့်မည်။
ထိုသူသည် မူရင်း လူဟောင်းထက်တောင် တော်ချင် တော်နေပါလိမ့်ဦးမည်။
(၅)
ကိုင်း၊
စင်ကာပူတစ်နိုင်ငံလုံး မီးပြတ်သွားပါပြီတဲ့ကွာ၊ မင်း သင်္ဘောကို ဘယ်လိုကမ်းကပ်မလဲ ဆိုပြီးတော့
သူတို့က ဆင်မြူလေတာ (simulator) တွေနဲ့ လေ့ကျင့်ခိုင်းတာ
အစ်ကိုရ ဟု အံ့ဖုန်းပိုင်၏ အဖေက ပြောပါသည်။ ပိုင်းလော့တွေထဲမှာ ခေါင်တွေကိုချည်းရွေးပြီး
လေ့ကျင့်ပေးထားတာ ရှိတယ်။ စစ်အတွင်းတို့၊ အရေးပေါ်အခြေအနေတို့မှာ ဆိပ်ကမ်း ဘယ်လောက်
ကြီးဆိုးနေပါစေ၊ ကပ်လို့မရဘူးဆိုတာ မရှိစေရအောင် လေ့ကျင့်ပေးထားတယ်။
နောက်ပြီးတော့ စစ်ဖြစ်လို့ ချန်ဂီလေဆိပ်ကြီးပျက်သွားသည့်တိုင်
လေယာဉ်မဆင်းနိုင်ရ မရှိရလေအောင် စီမံထားတယ်။ လေကြောင်းထိန်း သိမ်းရေးစခန်းက မြေအောက်မှာလည်း
တစ်ခုရှိသေးတယ်လို့ပြောတယ်။ ဘယ်လိုအကြောင်းကြောင့်မှ လေကြောင်း ဆက်သွယ်ရေးကို မထိခိုက်အောင်
စီမံထားတာလို့ ဆိုတယ်။
အဲဒါတင်မကသေးဘူး။
မီးအတွက်၊ ရေအတွက် အကုန် back up system ရှိတယ်လို့
ကြားဖူးတယ်။
သည်အကြောင်း
ကျွန်တော် သေသေချာချာ မသိပါ။ သို့သော် သူပြောတာဖြစ်နိုင်ပါသည်။ နောက်ပြီး နိုင်ငံ့ခေါင်းဆောင်များ
အတွက် လက်ရွေးစဉ်များမွေးကာ လေ့ကျင့်ပေးသည်။ အကယ်၍ အစိုးရတဖွဲ့လုံး ဖွဟဲ့ မဆိုကောင်းဆိုကောင်း
တစ်ခုခု ဖြစ်သွားပါပြီတဲ့။ ဘယ်လိုလုပ်ကြမလဲ ဟု ကြိုတင်တွက်ဆကာ စီစဉ်ထားခြင်းဖြစ်သည်။
အစိုးရ
အရာထမ်း၊ အမှုထမ်း ရာထူးကြီးကြီး (ဥပမာ - မြို့တော်ဝန်၊ အုပ်ချုပ်ရေးမှုး၊ ညွှန်မှုး၊ ညွှန်ချုပ်၊
ဝန်ကြီး စသည်) တစ်နေရာရာတွင် တာဝန်ထမ်းဆောင်ရန် ထိုအစိုးရလုပ်ငန်းများနှင့် ရင်းနှီးနေသူများသာ
ဖြစ်ရပါမည်။ သို့မဟုတ်ပဲ မိုးကျရွှေကိုယ်များ ခန့်ထားလိုက်ပါက ၀ယ်သာမကောင်းရင် လဲတပ်လိုက်ပေါ့ကွ
ဆိုသူများနှင့် ငြားပါလိမ့်မည်။
လက်အောက်ငယ်သား
အမှုထမ်း၊ အရာထမ်းများ မတတ်လျှင် သင်ပေးသွားလို့ရသည်။ လုပ်ရင်းကိုင်ရင်း တတ်သွားလိမ့်မည်။
သို့သော် ရာထူးကြီးကြီးများတွင် တာဝန်ယူရသူများအား လက်အောက်ငယ်သားများက ပြန်သင်ပေးနေရပါက
အမြင်မတော် ဆင်တော်နှင့်ခလောက် ဖြစ်မနေပါလော။
ထို့ကြောင့်
နိုင်ငံ့ထိပ်ပိုင်းတာဝန်များကို ထမ်းဆောင်ရန် ထက်ထက်မြက်မြက် တက်တက်ကြွကြွရှိသော၊ အမြော်အမြင်ရှိသော၊
ပညာတတ်လူငယ်မျိုးဆက်သစ်များအား ရွေးချယ်လျာထားကာ နိုင်ငံရေးပညာများ သင်ပေးရမည်။ အုပ်ချုပ်ရေးနှင့်
စီမံ ခန့်ခွဲရေး ပညာများ သင်ပေးရမည်။ ကာယလေ့ကျင့်ခန်းများ များများလုပ်ခိုင်းရမည်။
(ဂျပန်ပြည်တွင်မတော့ အိမ်ရှေ့မင်းသား များကို ရေခဲရေတွင် စိမ်ခိုင်းသည်၊ ခန္ဓကိုယ်ကို
တုတ်ဖြင့်ရိုက်သည်။ ခေါင်းပေါ် အုန်းသီးတင်ကာ ခွဲသည် စသော အလွန်ပြင်းထန်သည့် လေ့ကျင့်ခန်းများ
လုပ်ခိုင်းသည်ဟု ဖတ်ဖူးပါသည်။)
ပလေတို၏
သမ္မတနိုင်ငံကျမ်းကို အားလုံးမဟုတ်တောင် ကျွန်တော် တော်တော်များများ ကြိုက်၏။ ထိုစာအုပ်တွင်
နိုင်ငံခေါင်းဆောင်များကို မည်ကဲ့သို့ မွေးမြူယူရမည်ကို အသေးစိတ်ဖော်ပြထားပါသည်။ (စာအုပ်လိုချင်သူများ
ကျွန်တော့်ဆီ လှမ်းတောင်းလိုက်ပါ။)
နိုင်ငံခေါင်းဆောင်များအား
မည်ကဲ့သို့ မွေးမြူရမည့်အကြောင်း သိသူများ မြန်မာနိုင်ငံတွင် အများအပြားရှိနိုင်ပါသည်။
ထို ဆရာကြီးသမားကြီးများသည် ရေငုံနှုတ်ပိတ်နေတော် မမူကြပဲ ကျမ်းတစ်စောင် ပေတစ်ဖွဲ့ပြုစုကာ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် သမ္မတထံ တင်ပြပါမည့်အကြောင်း ဤနေရာမှ တိုက်တွန်းလိုက်ရပါသည်။
(လုပ်ပြီးရင်လဲ ပြီးနေလောက်ရောပေါ့။ ကျွန်တော်မသိတာလည်း ဖြစ်နိုင်ပါသည်။)
နိဂုံး
မြန်မာပြည်မှမီးသည်
အစိုးမရကြောင်း၊ ပြတ်ချင်သည့်အချိန်ပြတ်မည်၊ လာချင်သည့်အချိန်လာမည် ဆိုသည်ကို သင်တို့
မသိပါ သလော။ အမှန်ပင်သိ၏။ သို့ဆိုလျှင် မီးပျက်တတ်မှန်းသိလျှက်နှင့် အဘယ်ကြောင့် မီးစက်ကို
အရံသင့်မထားပါသနည်း။ နိုင်ငံကြီးတစ်ခုမှ သံရုံးအနေနှင့် ရံပုံငွေမရှိဆိုတာတော့ မည်သည့်နည်းနှင့်မှ
မဖြစ်နိုင်။ ပွဲစီစဉ်သူများ ညံ့တာသာ ဖြစ်ပါသည်။
ရုပ်ရှင်ရုံများတွင်ရော
မီးစက် အရံသင့်ရှိပါသလော။ ရုပ်ရှင်ပြနေတုံး မီးပျက်သွားလျှင် “မီးပျက်သွားလို့ ခဏလေး သည်းခံစောင့်ပေးကြပါခင်ဗျာ” ဆိုရုံနှင့်
ပြီးသွားမည်လော။ ဤသည်ကို အင်္ဂလိပ်လို contingency plan ဟု ခေါ်ပါသည်။ အရေးပေါ်အစီအမံဟု
ဘာသာပြန်ရမည်လား မပြောတတ်။
ရုပ်ရှင်ရုံများတွင် မီးပျက်ပါက ရုပ်ရှင်ကြည့်သူများ အာရုံမပျက်စေရန်
မီးစက်ဖြင့် ချက်ချင်းကောက်ပြလို့ရစေရန် စီစဉ်ထား ခြင်းကို plan B ဟု ခေါ်သည်။ ယခု သည်လောက်တိုးတက်နေသည့်ကာလတွင်
လမ်းမီးနှင့် မီးစက်အကူးအပြောင်းတွင် ရုပ်ရှင်ပြနေသည့်အပေါ်မထိခိုက်စေပဲ ကူးပြောင်းသွားနိုင်သည့်
စနစ်ပင် လုပ်လို့ရနိုင်ပါလိမ့်မည်။
ရန်ကုန်သူ၊
ရန်ကုန်သားတို့ကား မီးအတွက် plan B ကို နည်းမျိုးစုံဖြင့်
သုံးကြသည်။ အချို့က မီးစက်များထား၏။ အချို့က ဘက်ထရီများ ထား၏။ အချို့ကျ ဘက်ထရီနှင့်အင်ဗာတာတွဲကာ
သုံး၏။
မိတ်ဆွေများရော plan B ထားဖူးကြပါ၏လော။
(သေချာတာကတော့ နောက်တစ်ခါပွဲကျ ကျွန်ုပ်ကို ပြင်သစ်သံရုံးက
ဖိတ်တော့မှာ မဟုတ်တော့ဘူးဗျို့။)
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၄
စက်တင်ဘာ၊ ၂၀၁၆ နံနက် ၁း၃၄ နာရီ
No comments:
Post a Comment