(၁)
တောတောင်စိမ်းမှ၊ စမ်းရေရ၏
တောတောင်စိမ်းစို၊ သာယာပို၏
တောတောင်ခြောက်ခမ်း၊ လယ်ယာနွမ်း၏
ဥတုရာသီ၊ တောကိုမီ၏ (မှီ၏ မဟုတ်)
ကျေးငှက်သားရဲ၊ တောမှာမြဲ၏
ဤကမ္ဘာကြီးကို ကျေးဇူးပြုနေသည့်အရာများတွင် သစ်ပင် သစ်တောများသည်
ထိပ်ဆုံးကပါ၏။ ကမ္ဘာ့ရာသီဥတု ပုံမှန် အနေအထားတွင် ရှိနေအောင် သစ်ပင်သစ်တောများက ထိန်းထားပေးသည်။
လူတို့၏ စား၊ ၀တ်၊ နေရေးအတွက် သစ်ပင် သစ်တောများက ကျေးဇူးပြုသည်။ ကျွန်ုပ်တို့၏ နေ့စဉ်လူနေမှုဘ၀၌ပင်
သစ်ပင်သစ်တောများ၏ ကျေးဇူးမကင်း။ သစ်ပင်များသည် ကျွန်ုပ်တို့အား နေစရာကိုပေး၏၊ ၀တ်စရာကိုပေး၏၊
စားစရာကို ထောက်ပံ့၏။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် သစ်ပင်များကိုမီ၍သာ အသက်ရှင်နေထိုင်ကြရ၏။
သစ်ပင်များမရှိက ကျွန်ုပ်တို့အားလုံး မျိုးကန်းဘို့ ရှိလေသည်။
သစ်ပင်များရှိ၍ အရိပ်ရသည်။ သစ်ပင်များရှိ၍ တောင်ပြိုခြင်း၊
ကမ်းပြိုခြင်း၊ ရေများကို ထိန်းထားနိုင်ခြင်း၊ လေထုကို အေးမြ စေခြင်း၊ ကာဘွန်ဒိုင်အောက်ဆိုဒ်များကို
သန့်ရှင်းပေး၍ လေကောင်းလေသန့်ရစေခြင်း။ ထို့ထက် အရေးကြီးဆုံးမှာကား ရာသီဥတုကို ပုံမှန်ထိန်းပေးထားခြင်း
ဖြစ်၏။
ရာသီဥတုဖောက်ပြန်သောကြောင့် မိုးကရွာချင်သည့်အချိန်မှ ရွာသည်။
မိုးမရွာတော့ စိုက်ပျိုးရေး လုပ်ငန်းကို တိုက်ရိုက်ထိ ခိုက်သည်။ သစ်တောများကို ခုတ်ပစ်၍
သစ်တောများ မရှိသောကြောင့် ရွာချလိုက်သည့်မိုးရေများကို ထိန်းမထားနိုင်ဘဲ ရေကြီး ရေလျှံမှုများဖြစ်ရသည်။
သစ်ပင်သစ်တောများရှိခြင်း၏ အကျိုးကျေးဇူးကိုပြောရလျှင် အများကြီးဖြစ်ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့ ပတ်ဝန်းကျင်ရှိ သစ်ပင်များကို
မပျက်စီးအောင် ဂရုစိုက်ကြရမည်။ အရှည်တည်တံ့ ခိုင်မြဲနေအောင် ထိန်းသိမ်းကြရမည် ဖြစ်၏။
(၂)
လူတို့သည် နည်းမျိုးစုံဖြင့် သစ်ပင် သစ်တောများကို ဖျက်ဆီးကြ၏။
သစ်ပင်ကို ခုတ်ဘို့သာသိသည်။ သစ်ပင်စိုက်ကြမည် ဆိုတာကိုတော့ ငါ့အလုပ်မဟုတ်ဟု လူတိုင်းခံယူထားကြ၏။
သစ်ကိုင်းတစ်ကိုင်း ချိုင်ရမှာ၊ သစ်တစ်ပင်ခုတ်ရမှာ သူတို့အဖို့ ငှက်ပျောသီးအခွံခွာစားရသလောက်
လွယ်သည်။ ဘာမှ စိတ်ထဲမရှိ။ သစ်ပင်ဆိုတာ ခုတ်ဖို့ဖြစ်လာတာဟုများ ခံယူထားကြ လေသလားမသိ။
မည်မျှဆိုးသနည်းဟူမူ ကျွန်ုပ်တို့ရွာ (၀ါးတောကွင်းကျေးရွာ၊
လေးမျက်နှာမြို့နယ်၊ ဧရာဝတီတိုင်း) တွင် သစ်ရွက်တွေကြွေသည် ဆိုကာ ရွာထဲမှ သစ်ပင်ကြီးများကို
ခုတ်ပစ်သည်ဟူ၏။ မမပြန်ပြောပြတာကြားရတော့ ကျွန်ုပ်မှာ အံ့သြလွန်း၍ သေမတတ် ရှိချေသည်။
အလွန်အင်မတန် အသိတရား ခေါင်းပါးလှသူများပါပေတကား။ ဤသူများမှာ အခြားသူများမဟုတ်။ ကျွန်ုပ်၏
အဆွေအမျိုးများ ဖြစ်၏။ မနှစ်က သားရှင်ပြုဘို့ ရွာပြန်တော့ ရွာကြီးမှာ ခြောက်လို့ကပ်လို့၊
ပူလိုက်သည်မှာ ပြောစရာမရှိ။ ကျွန်တော်တို့ငယ်စဉ်ကနေခဲ့ရသောရွာနှင့် ဘာမှမတူ။ အတော်ကြီး
ဆုတ်ယုတ်ကျဆင်းသွားလေပြီ။
ဟိုတလောက ဘာတဲ့၊ ဖေ့စ်ဘုတ်မှာ ဖတ်လိုက်ရသည်။ ကျိုက္ခမီဘက်က
လမ်းနဘေးနားတွင် တန်းစီစိုက်ထားသည့် အလွန်အင်မတန်လှပသော ထန်းပင်တန်းကို ဖြိုလှဲပစ်မည်ဆိုတော့
ကျွန်တော့်မှာ ဘုရားတမိသည်။ အနှီလူကြီးများ၏ ခေါင်းထဲ ဘာတွေရှိသနည်းဆိုတာ ခွဲစိတ် လေ့လာလိုက်ချင်ပါဘိ။
ယခုလည်း လုပ်ပြန်ပြီ။
စစ်ကိုင်းတိုင်းဒေသကြီး၊
မုံရွာမြို့နယ်တွင် မုံရွာ-သာစည်-နောင်ကြီးအိုင်-ရွှေဘို ခရိုင်ချင်းဆက်လမ်းကို တိုးချဲ့ဖို့အတွက်
သစ်ပင်ကြီးပေါင်း ၂၀၀ ကျော်ကို ခုတ်ဘို့ ကြံစည်နေကြသည်ဆိုပါလား။ ဖျားဖျား။
ထိုလူကြီးမင်းများသည်
၎င်းတို့တစ်သက်တာတွင် သစ်ပင်ဘယ်နှစ်ပင် စိုက်ခဲ့ပြီးကြပြီနည်း။ ထိုသစ်ပင်တစ်ပင်ဖြစ်လာအောင်
ဘယ်နှစ်နှစ် စောင့်ခဲ့ရသည်ဆိုသည်ကို မတွက်မိပါသလော။ အသိဉာဏ်ပညာကလည်း နုံ့နဲ့လှပါဘိ။
နောက်ပြီး ခုတ်ဘို့ ကြံစည်နေသူတွေက အင်ဂျင်နီယာတွေဖြစ်သည်။ ၎င်းတို့အစား ကျွန်ုပ်မှာ ရှက်လှပါဘိ။
လမ်းနဲ့မလွတ်တဲ့အိမ်တွေ၊ မြေတွေ သိမ်းရမယ့် အခက်အခဲမျိုးစုံရှိနေ ဆိုပါလား။ တခြားလမ်းရှာပါ
မိတ်ဆွေများ။ အပင်ကြီးများကိုတော့ ရန်မရှာပါနှင့်ဟု မေတ္တာ ရပ်ခံပါရစေ။
အရင်လူတွေက
(သေရင်သူတို့နောက်ပါမယ့်အတိုင်း) လောဘဇောတိုက်ကာ တစ်နိုင်ငံလုံးရှိသစ်တောများကို အပြောင်ရှင်း၊
အပြတ်တုတ်သွားကြသည်။ ကျန်ကောင်းကျန်ရာ ကျန်တော့သည့် သစ်ပင်များကို ခုတ်မပစ်ကြဘို့ ယခုလူတွေကို
တိုက်တွန်း ပါသည်။ သည်လောက် ခေတ်မီဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံတော်သစ်ကြီးတွင်
(အရင်အစိုးရပြောခဲ့တာလေဗျာ) တခြား ဟိုက်တက်ခနော်လော်ဂျီများသုံးပြီး လုပ်ကြဘို့ တိုက်တွန်းပါသည်။
(၃)
စင်ကာပူကို ဥယျာဉ်နိုင်ငံဖြစ်အောင် ဘယ်လိုထိန်းသိမ်းထားသလဲ
ဆိုသည့်အကြောင်း ကိုတင်ဇော်အောင်၊ ဦးကျော်စိုး (မစ္စတာ ဂျော့ကျော်စိုး)၊ မနီနီအောင်တို့နှင့်တကွ
တခြား စိုက်ပျိုးရေးမိတ်ဆွေ တော်တော်များများကို အင်တာဗျူးပြီး ကျွန်တော် စင်ကာပူဥယျာဉ်နိုင်ငံ
နာမည်နှင့် စာအုပ်တစ်အုပ် ရေးသားကာ နှင်းဆီးဖြူစာပေမှ ထုတ်ဝေခဲ့ပါသည်။ သာသာယာယာ လှလှပပ
မြို့ကြီးတွင် နေထိုင်လိုကြသူများ ဖတ်ကြည့်ကြပါဟု တိုက်တွန်းပါ၏။
စင်ကာပူတွင် ဤကဲ့သို့သော သစ်ပင်ကြီးများကို ယဉ်ကျေးမှုအမွေအနှစ်စာရင်းသွင်းကာ
မည်သူ့အားမှ တို့ခွင့်၊ ထိခွင့် မပေးပါ။ ထိုသစ်ပင်ကြီးများ သူ့အလိုလိုသေလျှင်ပင် လူများသေသကဲ့သို့
သေစာရင်းမှတ်ပုံတင်ရ၏။ ထိုသစ်ပင်ကြီးများအား ခုတ်ဘို့ မဆိုထားပါနှင့်။ အကိုင်းကိုမျှ
မချိုင်ရ။ ထိုသစ်ပင်ကြီးများအား ရန်ရှာသူတို့ ကောင်းကောင်း ပြဿနာတက်သွားမည်။ မည်ကဲ့သို့
ပြဿနာတက်နိုင်သည်ကို ကျွန်တော့်စာအုပ်တွင် ဖတ်ကြည့်ကြပါ။
ယုတ်စွအဆုံး ကိုယ့်အိမ်ခြံဝင်းထဲက အပင်ကိုပင် ကိုယ့်ဘာသာ
ချိုင်ချင်တိုင်း ချိုင်လို့မရ။ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းကို အသိပေးရသည်။ သူတို့ဆီက
ခွင့်ပြချက်ယူရသည်။
ကျွန်တော့်စိတ်ထင်ပြောရလျှင် (အတိအကျတော့မသိပါ) မြန်မာနိုင်ငံတွင်
Urban Forestry (မြို့ပြသစ်တော) ဆိုင်ရာ ပညာရှင် အတော်နည်းပါလိမ့်မည်။ သစ်တောပညာရပ်နှင့်
မြို့ပြသစ်တောပညာရပ် မတူပါ။ အတော်လေးကွာပါသည်။ (ဘယ်လို ကွာသည်ကို ကျွန်တော့်စာအုပ်တွင်
ဖတ်ကြည့်ကြပါ။) မြို့ထဲမှ သစ်ပင်များသည် အဆောက်အဦများ၊ လမ်းများ၊ မီးကြိုးများ၊ တံတားများ၊
ရေမြောင်းများ စသည့် မြို့ပြဆိုင်ရာ အဆောက်အဦများနှင့် ဆက်စပ် ပတ်သက်နေပါသည်။ ထို့ကြောင့်
ထိုသစ်ပင်များကို ပြုပြင်ထိန်းသိမ်းရာတွင် တောထဲတွင် လွတ်လွတ်လပ်လပ် ပေါက်နေသည့် သစ်ပင်များကဲ့သို့
လုပ်လို့မရ။ အခန့်မသင့်က သေသွားနိုင်သည်။ အပင်ကြီး လဲသွားနိုင်သည်။
ထို မြို့ပြသစ်တောဆိုင်ရာပညာရှင်များကို အဘောရစ်စ်
(Arborist) ဟု ခေါ်၏။ ကိုတင်ဇော်အောင်မှာ ၀ါရင့် အဘောရစ်စ် တစ်ဦး ဖြစ်သည်။ ကျွန်တော့်သဘောပြောရလျှင်
စိုက်ပျိုးရေး၊ သို့မဟုတ် သစ်တောတက္ကသိုလ်တွင်လည်း အဘော်ရီ ကာလချာ (Arboriculture) ကို
ထည့်သွင်းသင်စေချင်လှ၏။ မြန်မာနိုင်ငံရှိမြို့ကြီးများမှ သစ်ပင်များကို ထိန်းသိမ်းဘို့ရာ
တကယ် တတ်ကျွမ်းနားလည်သည့် ပရော်ဖက်ရှင်နယ် အဘောရစ်စ်များ မရှိမဖြစ် လိုသည်။
အဘောရစ်စ်တစ်ယောက် ဘာတွေလုပ်ရသည်ကို ကိုတင်ဇော်အောင်၏ ဖေ့စ်ဘုတ်တွင်
ဖတ်ကြည့်ပါ။
(၄)
ထို မုံရွာမှ ခရိုင်ချင်းဆက်လမ်းမကြီးဖောက်ရန် သစ်ပင်ကြီးများကို
မခုတ်ဘဲ လမ်းလယ်တွင်ထားကာ ဖောက်မည်ဆိုပါစို့။
ရမ်းမဖောက်ကြပါနှင့်မိတ်ဆွေများ။ တတ်ကျွမ်းနားလည်သည့် အဘောရစ်စ်
တစ်ယောက်ငှားကာ လမ်းအင်ဂျင်နီယာများနှင့် ခေါင်းချင်းဆိုင် ဆွေးနွေးတိုင်ပင်လျှက် လမ်းဒီဇိုင်းထုတ်ဘို့
လိုပါသည်။ သစ်ပင်များလည်း လူကဲ့သို့ဖြစ်၏။ သူတို့ အသက်ရှင်နေထိုင်ဘို့ရာ ရေ၊ မြေ၊ အောက်ဆီဂျင်
လိုသည်။ သူတို့လိုအပ်သည့် ဓာတ်ပစ္စည်းများ အလုံအလောက်မရပါက တဖြည်းဖြည်း ညှိုးချုံးကာ
သေသွားနိုင်သည်။
သည်အကြောင်းကို ကိုတင်ဇော်အောင်ရေးထားတာ အောက်ကလင့်မှာ ဖတ်ကြည့်ပါ။
မြန်မာပြည်အတွက်ဖြစ်လို့ ကျွန်တော် ပိုက်ဆံအခကြေးငွေ တစ်ပြားမှ
မယူဘဲ လုပ်ပေးပါမယ် ဟု ကိုတင်ဇော်အောင်က ပြောသည်။ ကျေးဇူးအထူးတင်ပါသည် ကိုတင်ဇော်အောင်ခင်ဗျား။
သည်အကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ကို တင်ပြပေးကြပါ မိတ်ဆွေများ။ ခင်ဗျားတို့
ကျွန်တော်တို့ အကျိုးစီးပွားအတွက်မဟုတ်၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားအတွက် ဖြစ်ပါသည်။
(၅)
သစ်ပင်သစ်တောများကို ချစ်တတ်စေရန် သင်တို့ သားသမီးများအား
ကလေးဘ၀ကတည်းက သင်ကြားပေးကြပါ။ အဘယ်ကြောင့် သစ်ပင်များရှိရန် လိုအပ်သနည်းဆိုသည်ကို သူတို့နားလည်အောင်
ရှင်းပြပါ။
သစ်ပင်ခုတ်နေသူများအားလည်း မခုတ်ကြဘို့ အမြင်ကပ်ခံ၊ အမုန်းခံကာ
ပြောပြကြပါ။
အစိုးရက ခုတ်မည်ကြံလျှင် လွှတ်တော်ကိုယ်စားလှယ်များက တားမြစ်ကြပါ။
လူထုက ၀ိုင်းဝန်းအရေးဆိုပါ။
သည်ကိစ္စသည် သမန်ကာလျှံကာ ကိစ္စမဟုတ်။ ခုလည်းအရေးကြီးသည်။ နောင်အတွက်လည်း
အရေးကြီးသည်။ နိုင်ငံနှင့်ချီပြီး အရေးကြီးသည်။
တောပင်ကို တော်တော်ခုတ်ကြပါ့
တောပြုန်းလိမ့် နောက်နောင်
တောပြုန်းလို့ တောပြောင်
မိုးခေါင်တော့မှာဘဲ
မိုးခေါင်လို့ ရေမကြွယ်
သဲပင်လယ် ဖြစ်လိမ့်မလွဲ
(ဆရာဇော်ဂျီ)
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၅ ဇူလိုင်၊ ၂၀၁၆။ ၁၂း၄၅ နာရီ
ဖတ်ရန် Link:
ကျွန်တော်ချစ်သော စိုက်ပျိုးရေးပညာ အပိုင်း (၈) - ကိုတင်ဇော်အောင်
No comments:
Post a Comment