Saturday, February 25, 2023

ကျွန်ုပ်နှင့် ပညာဒါနသင်တန်းများ အကြောင်း

ကျွန်ုပ်ဘဝတွင် အလွန်မိုက်မဲသော အလုပ်များကို လုပ်ခဲ့မိရာ တစ်ခုမှာ လူများကို အလကားပညာသင်ပေးခဲ့မိခြင်း ဖြစ်သတည်း။

 

ကျွန်ုပ် ရေဆင်းတွင်ရှိစဉ်က ရွာများမှ ဆယ်တန်းကျောင်းသူ/ ကျောင်းသားကလေးများကို အခမဲ့ပညာသင်ပေးခဲ့ဖူး၏။ ကျွန်ုပ်က သင်္ချာနှင့် ရူပဗေဒကို အထူးစိတ်ဝင်စားသူဖြစ်သဖြင့် သူတို့ကို ဆယ်တန်းသင်္ချာနှင့် ရူပဗေဒ သင်ပေး၏။ ကျွန်ုပ် အစ်မကြီးကတော့ “ဟဲ့ - နင်က အလကားသင်ပေးတော့ အလကားဆရာပဲ ဖြစ်မှာပေ့ါဟဲ့” ဟူ၍ ပြော၏။ 

 

သို့သော် မိုက်မဲလှသော ကျွန်ုပ်မှာ ပိုက်ဆံရသော အလုပ်များထက် ပိုက်ဆံမရသော အလုပ်များလုပ်ကိုင်ရန် အထူး ဝါသနာပါသူ ဖြစ်လေရကား ကျွန်ုပ်အစ်မကြီး၏ စကားကို နားမထောင်။ ကျွန်ုပ်တို့အိမ်မှ ၂ ကီလိုမီတာခွဲခန့်ရှိသော သူတို့ရွာအရောက် စက်ဘီးကလေး ချောက်ချက်ချောက်ချက် နင်းလျက် သွားသင်ပေးသော ဟူသတတ်။

 

အောင်မယ်၊ အစပိုင်းတော့ လူအစည်သား။

သို့သော် ၂ ချိန်၊ ၃ ချိန်ခန့်သင်ပြီးတော့ တစတစ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြ၏။

အစတော့ ဪ - သူတို့မအားလို့ မလာတာ ထင်ပါရဲ့ဟု ပြန်လာလိမ့်နိုး မျှော်မိသေး၏။ တစ်လလောက်ကြတော့မှ သူတို့ ကျွန်ုပ်ကို အပြီးတိုင် စွန့်ခွာသွားမှန်း သိရသတည်း။

ချုပ်လိုက်သော် ကျွန်ုပ်စာသွားသင်နေသည့် အိမ်မှ (၂) ယောက်နှင့် နောက်တစ်ယောက်၊ ပေါင်း (၃) ယောက်သာ ကျန်၏။ အခြားတစ်ယောက်တော့ မပြောတတ်။ ကျွန်ုပ်စာသွားသင်နေသည့် အိမ်မှ (၂) ယောက်မှာမူ သူတို့အိမ်သို့ အလိုက်ကန်းဆိုး မသိ၊ အတင်းရောကာရော စာလာသင်နေသည့် ကျွန်ုပ်ကို အားနာပါးနာနှင့် လာထိုင်ပေးနေရတာ ဖြစ်ပါလိမ့်မည်။

 

စင်ကာပူရောက်တော့ ၂၀၀၉ ခုနှစ်မှစကာ ပင်နင်ဆူလာတွင် ပညာဒါနသင်တန်းများကို ဖွင့်ပြန်၏။ ဖွင့်သမှ ကုန်ကျစရိတ်များကို အိတ်စိုက်ကာ သင်ပေးခြင်းဖြစ်၏။ အစပိုင်းတွင် အခန်းငှားခကို မိတ်ဆွေများထံမှ အလှူငွေ ကောက်လျက် သင်ခြင်းဖြစ်၏။ နောက်တော့ ကိုသက်နိုင်စိုးနှင့်ပေါင်းလျက် ၎င်း၏ အခန်းတွင် သင်၏။

ကျွန်ုပ်က Piping Engineering အကြောင်း၊ ဆရာမခိုင်က အင်္ဂလိပ်စာ စသဖြင့် သင်၏။ ဦးနေမင်းဟိန်းတော့ ဘာသင်တာလဲ မမှတ်မိတော့ပါ။ ဟောပြောပွဲ ပေါက်စနကလေးများ၊ အင်္ဂလိပ်ကျပန်းစကားပြောပြိုင်ပွဲများလည်း လုပ်ပေး၏။ 

 

ထိုစဉ်ကလည်း သင်တန်းအစတွင် အတော်များ၏။ နောက်သင်တန်းများတွင်မူ သင်တန်းတက်ပါမည်ဟု စာရင်းပေးတာ ၄၀။ တကယ်လာတက်တော့ ၂၀။ သင်တန်းဆင်းတော့ ၅ ယောက်နှင့် သင်ခဲ့ရတာဖြစ်၏။ 

 

စာသင်တယ်ဆိုတာ ပြီးပြီးရော သင်လို့မရ။ သင်ဘို့အတွက် စာတွေပြန်ဖတ်ရ၏။ လိုအပ်သော စာရွက်စာတမ်းများ ပြင်ရ၏။ 

 

လာတက်သူများမှာ လာနားထောင်ရုံမျှ၊ သင်တန်းပြီးသွားတော့လည်း ပုဆိုးလေးဖုတ်ဖက်ခါ ထပြန်သွားရုံ ဖြစ်၏။

သို့သော် ၎င်းတို့ ဤကဲ့သို့ ပုဆိုး/လုံချည်လေး ဖုတ်ဖက်ခါ ထပြန်သွားနိုင်ဘို့အရေး ကျွန်ုပ်တို့မှာ များစွာ စီစဉ်ရ၏။ အခန်းနေရာ၊ သင်တန်းရက်၊ အချိန်၊ ပရော်ဂျက်တာ၊ ထိုင်ခုံ၊ စားပွဲ၊ ရေ၊ မုန့်စသည်။ နောက်ပြီးတော့ အဲသဟာတွေက အလကားရတာမဟုတ်။ အကုန်ပိုက်ဆံပေးရတာချည်း ဖြစ်၏။ 

 

နောက်ပြီး ကျွန်ုပ်က စင်ကာပူ အနောက်ဘက် အစွန်ဆုံးမှာနေတာ။ ပင်နင်ဆူလာက မြို့ထဲမှာ။ အိမ်ကနေ အဲသည့်နေရာ ရောက်ဘို့ ၄၅ မိနစ်ကြာ ရထားစီးရသည်။ သွားဘို့လာဘို့ ပြင်တာဆင်တာနှင့် အနည်းဆုံး ၁ နာရီလောက် အချိန်ပေး ရ၏။ 

 

ကိုယ်က သည်လောက် အားစိုက်လုပ်ပေးနေပါလျက် သူတို့က တန်ဘိုးမထားတော့ ၃ - ၄ ပတ်လောက် (၅ ပတ်၊ ၆ ပတ်လောက်လည်း ဖြစ်နိုင်ပါသည်။ မေ့နေပြီ။) သင်ပြီးသည်နှင့် ဆက်မသင်တော့ဘဲ ရပ်လိုက်ပါသည်။

 

နောက်ပြီး ကျွန်ုပ်၏ မိုက်မဲမှုတစ်ခုကို ပြောပြပါရစေဦး။

 

၂၀၀၇ - ၂၀၀၈ ခုနှစ်များဆီက ကနေဒါမှ ဦးဝင်းအောင်ကျော်ဆိုသူက ကျွန်ုပ်ဆီ ဆက်သွယ်လာလျက် ကနေဒါကို လူပို့ဘို့ ကြိုးစားပါသည်။ ဆိုလိုတာက ကျွန်ုပ်ကို အေးဂျင့်လုပ်ခိုင်းမည်ပေါ့။ သို့သော် မအောင်မြင်ပါ။ ဤသည့်အကြောင်းများကို ကျွန်ုပ်၏ ခရစ္စတိုဖာပေါက်ကျိုင်း ၌ အပြည့်အစုံရေးပြထားပါသည်။

 

ဟိုဘက်တွင် အလုပ်လည်းသေချာနေပြီ။ ရွေးလည်းထားပြီးပြီ ဖြစ်သည့် မြန်မာ (၅) ဦးကို ပို့ရန် စီစဉ်ကြ၏။ ကိုရေချမ်း၏ မိတ်ဆွေ အရင်းခေါက်ခက်တစ်ဦးလည်းပါ၏။ အလုပ်က ပိုက် နှင့် ဂဟေ အလုပ် ဖြစ်၏။ Steam Fitter ဟု ခေါ်၏။

သို့သော် သည်အတိုင်းသွားလို့မရ။ 

Trade Test ဆိုသည့် စာမေးပွဲများ ဖြေရမည်။

မေးခွန်းက (၃) ခုဖြစ်ပြီး အင်္ဂလိပ်စာ၊ ပိုက် နှင့် ဂဟေ ဖြစ်၏။ 

သာမန်အလုပ်သမားများအနေနှင့် ကနေဒါက Trade Test မေးခွန်းများမှာ အလွန်ခက်ပါသည်။ 

 

ဆိုတော့ အနှီ သကောင့်သား (၅) ဦးကို ကျွန်ုပ်တို့ အင်္ဂလိပ်စာ၊ ပိုက် နှင့် ဂဟေ သင်တန်းများ ပေး၏။ လက်တွေ့မဟုတ်၊ စာတွေ့ ဖြစ်၏။ လက်တွေ့က သူတို့ကျွမ်းကျင်ပြီးသားဖြစ်၏။ ကျွမ်းကျင်လို့လည်း ဇကာတင် ရွေးထုတ်ထားတာ ဖြစ်၏။

အဓိကသင်ပေးရသူမှာ ကျွန်ုပ်ဖြစ်၏။ 

 

ပညာအခြေခံနည်းသူများကို သင်ပေးရတာ ဘယ်လောက်ခက်ပြီး ဘယ်လောက်လက်ဝင်သလဲဆိုတာ မိတ်ဆွေတို့ သိပါ သည်။ သို့သော် ၎င်းတို့ စာမေးပွဲဖြေနိုင်လောက်သည်ထိ ကျွန်ုပ် ရအောင်သင်ပေးလိုက်နိုင်ပါသည်။

သင်သမှ စနေတနင်္ဂနွေနေ့တိုင်း တစ်နေ့ကို အနည်းဆုံး (၃) နာရီလောက် သင်တာဖြစ်၏။ ၃ - ၄ လလောက် ကြာ၏။

ဤကဲ့သို့ သူတို့အကျိုးစီးပွားအတွက် ကျွန်ုပ်က အားကျိုးမာန်တက် သင်ပေးနေသော်လည်း ပိုက်ဆံမူ တပြားတချပ်မှ (ကနေ့ထိ) မရခဲ့လေ။

 

ဤကနေဒါ လူပို့သည့်ကိစ္စနှင့်ပတ်သက်၍လည်း ကျွန်ုပ်မှာ ပိုက်ဆံတပြားမှမရဘဲ (၃၀၀၀) တောင် ကုန်သွားသေး၏။ (ကျွန်ုပ်သာ မြန်မာနိုင်ငံသမ္မတ လုပ်ရလျှင် တစ်နိုင်ငံလုံးကို အကြွေးနှင့် ထိုးဆပ်ရကိန်းရှိ၏။ ကျွန်ုပ် မြန်မာပြည် သမ္မတ ဖြစ်မလာခြင်းကား မြန်မာပြည်သူတို့အဖို့ အလွန်ကံထူးသည်ဟု ဆိုနိုင်ပေ၏။) ဘာကြောင့်လဲ သိလိုသူများ ခရစ္စတိုဖာပေါက်ကျိုင်းတွင် ဖတ်နိုင်ပါသည်။

 

တိုတိုပြောကြပါစို့။

 

ယခု နွေဦးတော်လှန်ရေး ရံပုံငွေအတွက် အဖွဲ့တစ်ခု၏ စီစဉ်ပေးမှုဖြင့် သင်တန်းတစ်ခုပေး၏။

စာရင်းပေးတော့ ၄၀၊ လာတက်တော့ ၂၂ ယောက်၊ အခုလက်ကျန် ၁၂ ယောက်။ အဟက်ဟက်စ်

 

ကျွန်ုပ်က CDM တွေကို အားနာလို့ ရမှ ရပါစေတော့ရယ်လို့ သင်ပေးတာဖြစ်၏။ ကျွန်ုပ်အလိုအရမူ ပိုက်ဆံမရဘဲ ဘာမှမလုပ်တော့ ဟု တွေးထားပြီးသား ဖြစ်၏။

 

သည့်အတွက် နောက်တစ်ခါ သူတို့က ကျွန်ုပ်ကို သင်ပေးပါဟု လာပြောလျှင် စာရင်းနှင့်အတူ တခါတည်း ပိုက်ဆံပါ သွင်းခိုင်းပါမည်။ ပိုက်ဆံပေးသွင်းသူများကိုသာ လက်ခံသင်ပါမည်။ ပိုက်ဆံရပြီးပြီဆိုလျှင်တော့ တချိန်မှ လာမတက်လဲ သင်တို့သဘောသာ ဖြစ်၏။

 

အထက်၌ ဖော်ပြခဲ့သည်တို့မှာ ပိုက်ဆံတပြားမှ မရဘဲ အိတ်စိုက်ပြီး ကျွန်ုပ်သင်ပေးခဲ့သော ပညာဒါန သင်တန်းများ အနက်မှ အချို့ဖြစ်၏။ မြန်မာစာသင်တာ ဘာညာတို့ မပါသေး။

 

((အိတ်စိုက်ပြီး စာသင်သည့် မိုက်မဲမှုမျိုးသာမက ဟောပြောပွဲများကိုလည်း အိတ်စိုက်ပြီး မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ အများအပြား လုပ်ခဲ့ပါသေး၏။)

 

နောင်များမတော့ ဘာပညာမှ မဒါနတော့ပါ။ ဆယ်ခါပြန်ဆလံ။ ဘိုင့်ဘိုင်။ 

ပိုက်ဆံရလျှင် သင်ပါမည်။ ပိုက်ဆံမရလျှင် မသင်ပါ။ 

စင်ကာပူက လူများပြောသလို No money, no talk.

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၅ ဖေဖော်ဝါရီလ၊ ၂၀၂၃။ နေ့လယ် ၁၂း၃၆ နာရီ

Saturday, February 18, 2023

ကျွန်ုပ် စိတ်မဝင်စားသည့်အရာများ

ဤဒွန္နယာကြီးတွင် ကျွန်ုပ်စိတ်မဝင်စားသည့် အရာများသည် ရှိ၏။

 

ထိုအရာများထဲတွင် ရွှေငွေ ကျောက်သံပတ္တမြားတို့သည် ထိပ်ဆုံးက ပါ၏။

ဘယ့်ကလောက် အဖိုးတန်လှသည့် စိန် ဖြစ်ပါစေ။ ပတ္တမြားငမောက်သည် ပြည်တန်သည် ဆိုစေ။

ကျွန်ုပ် စိတ်မဝင်စားပါ။

သူ့ဟာသူ ပြည်ပဲတန်တန်၊ ရွှေတောင်ပဲ တန်တန်။ 

ကျွန်ုပ်စိတ်ထဲတင်မတော့ တယ်ပြီး တန်လှတယ်၊ လိုချင်တပ်မက်စိတ် ရှိလှတယ် မဟုတ်ပါ။

 

ကျောက်မျက်ပြပွဲများတွင် အရည်လဲ့နေသော ကျောက်စိမ်းတုံးကလေးများ တွေ့ဖူးပါ၏။ 

သို့တိုင် လှလိုက်တာ ဟုလောက်သာ ခံစားမိပါသည်။ ဝယ်ပြီးသိမ်းထားချင်စိတ်၊ ဝတ်ဆင်လိုသောစိတ်မူ နှမ်းစေ့လောက် မှ မဖြစ်ပေါ်မိ။

စိတ်မှမဝင်စားတော့ ကျောက် အကြောင်းကိုလည်း နားမလည်ပါ။ 

ဘယ်လောက်အရည်ရှိသည်၊ ဘယ်နှစ်ကာရက်၊ ဘယ်နှစ်ရတီ စသည်၊ ဘယ်ကျောက်ကဖြင့် ဘယ်လောက်တန်သည် စသည်တို့ကို နည်းနည်းမှ မသိ။

 

ငယ်စဉ်က တင်စိန်ငယ် ရေးသည့် စာပေဗိမာန်ထုတ် စိန်အကြောင်း စာအုပ် ဖတ်ဖူးခဲ့၏။

ဘယ်လောက်ကြီးသည့်စိန်ကြီးကတော့ဖြင့် လူကိုခိုက်တတ်သည် ဆိုတာလည်း ပါ၏။ အာဖရိက က ဘာစိန်ကြီးဆိုလား။ စိန်ကတန်ဘိုးကြီးလွန်းသဖြင့် လူကို ခိုက်တတ်သည်ဆိုတာလည်း ကျွန်ုပ်ကတော့ မယုံပါ။ တန်ဘိုးကြီးသည့်စိန်ဖြစ်သဖြင့် လူတို့ လိုချင်လောဘတက်ကာ တစ်ဦးနှင့်တစ်ဦး သတ်ကြဖြတ်ကြတာသာ ဖြစ်ပြီး စိန်ကြောင့် ခိုက်တာမဟုတ်။ စိန်ဟူသည် ကျောက်ခဲတစ်ခုသာဖြစ်၏။ ကျောက်ခဲက လူကို အဘယ်ကဲ့သို့ ခိုက်ပါမည် နည်း။ သင်တို့ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ။ ဤသည်မှာ ကျွန်ုပ်၏ အယူအဆဖြစ်၏။

 

နောက်တစ်ခု ကျွန်ုပ် စိတ်ဝင်စားလို့မရသည်မှာ ရွှေငွေ လက်ဝတ်လက်စားများ ဖြစ်၏။

ကျွန်ုပ်ငယ်စဉ်က ကြီးဒေါ်များက လက်စွပ်လုပ်ပေးရန် ကြံသေး၏။ လိုတော့ သုံးလို့ရတာပေါ့ ဟု အကြောင်းပြ၏။ ကျွန်ုပ်က လက်မခံ။

ယောက်ျားတန်မဲ့ ရွှေငွေလက်ဝတ်လက်စားများ ဝတ်ရမှာ ကျွန်ုပ် သေမလောက် ရှက်လှ၏။

ယောက်ျားတန်မဲ့နှင့် ရွှေတန်းလန်း၊ ငွေတန်းလန်း ဝတ်စားထားသူများကိုလည်း နှာခေါင်းရှုံ့မိ၏။ 

အတော်တန်ဘိုးကြီးမည့် လက်စွပ်ကြီးကို လူမြင်အောင်ပြလျှက် မင်းအောင်လှိုင် ကြွားတာမြင်တော့ ထိုအဆန်ချောင်၊ လူ့ဘူးတောင်းကို ကျွန်ုပ် အလွန်အထင်သေးမိ၏။

တန်ဘိုးရှိသူ၊ လူ့အဖိုးတန်များသည် လက်ဝတ်လက်စားများ ဝတ်ကာ ထုတ်ကြွားနေစရာကို မလို။

၎င်းတို့သည် အဘယ်ကဲ့သို့သောလူများဖြစ်သည်ကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းက သိသည်။

 

 

နောက်ပြီး အဝတ်အစား

 

ကျွန်ုပ် စိတ်မဝင်စားသည့် နောက်အရာတစ်ခုမှာ အဝတ်အစား ဖြစ်၏။

ကျွန်ုပ်ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည်တို့မှာ ကျွန်ုပ်ကိုယ်တိုင် ဝယ်သည်ဟူ၍ မရှိသလောက်ဖြစ်ပြီး များသောအားဖြင့် အခြားသူများ ဝယ်ပေးတာ ဖြစ်၏။ များသောအားဖြင့် ကျွန်ုပ်၏နှမအငယ်က ဝယ်ပေး၊ အင်္ကျီများကို ချုပ်ပေး၏။ 

 

ကျွန်ုပ်ကိုယ်တိုင်ဝယ်သည့် အဝတ်အစားများလည်း ရှိပါ၏။ သို့သော် အထည်ကလေးလှလို့ တမင် သွားဝယ်တာမျိုး မဟုတ်ဘဲ အကြောင်းအပေါင်းသင့်လို့ ဝယ်တာသာ ဖြစ်၏။​ ဝယ်သည့်အကြိမ်အရေအတွက်မှာ လက်ချိုးရေလို့ ရသဖြင့် အားလုံးကို ကျွန်တော်မှတ်မိနေပါ၏။ 

 

ပထမ -

၂၀၀၅ ခုနှစ်က မြန်မာပြည်မှ ပြန်အလာ၊ ကျွန်ုပ်၏ သေတ္တာကို သင်္ဘောသားများ မှားယူသွား၍ ဝတ်စရာလုံးဝ မရှိသောကြောင့် ဝယ်ရ၏။ (ထိုအကြောင်းကို ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၁၉)။ (၇၂) ဥစ္စာမှန် ပြန်ရ” အခန်း၌ အပြည့်အစုံ ဖော်ပြထား၏။ ဤကား စကားချပ်)

နောက်တကြိမ်မှာ ကိုထွန်းအောင်မြင့်တို့က ဘာတဲ့၊ Levi’s မှာ ဘောင်းဘီတွေ ဈေးချနေတယ် ဆိုပြီး လိုက်ပြသဖြင့် ဂျင်းပင်နှစ်ထည် ဝယ်ခြင်းဖြစ်၏။ ထိုနှစ်ထည်အနက် အနက်ရောင်တစ်ထည်မှာ ရေတက်ပြီး နှစ်လက်မလောက် ကျုံ့ဝင်သွားရာ ဝတ်သည့်အခါ ကျပ်ထုပ်လျက် ခါးကိုလည်း အပြည့်မစိနိုင်။ ကျွန်ုပ်မှာ ထိုဘောင်းဘီဝတ်သည့်အခါတိုင်း စိတ်မသက်မသာ ဖြစ်ရ။

 

နောက်အကြိမ်များမှာ - 

-        ၂၀၁၅ ရွေးကောက်ပွဲအတွက် လုပ်အားပေးလုပ်ကြမည်ဆိုတော့ တီရှပ်အဖြူဝတ်လာပါဆို၍ ကျွန်ုပ်မှာ မရှိသည်နှင့် ယူနီကလိုမှ ပြေးဝယ်လိုက်ရတာ တစ်ခါ

-        နွေဦးတော်လှန်ရေးက ရောင်းသည့် Spring Revolution စာတမ်းပါသည့် အပြာနုရောင် တီရှပ် (၂) ထည်

-        ပြီးတော့ ချစ်စု ပုံ ပါသည့် All Absurd တီရှပ် (၂) ထည်

 

တွေးစမ်း၊ တွေးစမ်း ဘာတွေရှိသေးတုံး။

 

ငမ် -

 

ဒါပဲ၊ အဲဒါပါပဲ။ ကျွန်ုပ်တစ်သက်လုံး ကျွန်ုပ်ကိုယ်တိုင် မှတ်မှတ်ရရဝယ်သည့် အဝတ်အစားများမှာ ဤမျှသာ ဖြစ်၏။ 

 

အဝတ်အစားကို စိတ်မဝင်စားလေတော့ ဘယ်တံဆိပ် ဘယ်လောက်တန်မှန်းလဲ မသိ။

ဟိုးတစ်နှစ်က အသိတစ်ယောက်အတွက် safety ဆိုင်ရာ စာရွက်စာတမ်းများ ပြင်ပေး၏။ 

ကျွန်ုပ်က ဘယ်ဈေးတောင်းရမှန်းမသိ။ ထို့ကြောင့် ပိုက်ဆံမယူလိုက်။

ထိုအခါ သူက တီရှပ်နှင့် ကွန်ပြူတာလွယ်သည့်အိတ် ဝယ်ကာ လက်ဆောင်ပေး၏။

ကျွန်ုပ်က အမှုမဲ့ အမှတ်မဲ့ပင်ယူကာ သည်အတိုင်း ဘီရိုထဲ ထိုးထည့်ထားလိုက်၏။ 

အတော်ကြီးကြာလို့ ဘီရိုရှင်းရင်း ထိုတီရှပ်ထွက်လာတော့ သားက ဖေကြီး၊ အဲဒီတီရှပ်က အရမ်းဈေးကြီးတယ် ဆိုမှ အင်္ကျီမှ ဈေးကိုကြည့်မိ။ မြတ်စွာဘုရား

ဘုရားစူးရပါစေ့။ ကျွန်ုပ်ကိုယ်ပေါ်တွင် ဤမျှဈေးကြီးသည့် အဝတ်အစားကို မွေးကတည်းက ယခုအချိန်ထိ တစ်ခါဖူးမျှ မဝတ်ခဲ့စဖူး။

ကျွန်ုပ်အနေနှင့်မူ သည်မျှဈေးကြီးသည့် တီရှပ်ကိုလည်း အခြားတီရှပ်များနှင့် သိပ်ထူးလှတယ် မထင်မိပါ။

အိတ်လည်း ထို့အတူပင် ဖြစ်၏။ အတော်လေး ဈေးကြီးပါသည်။

ကျွန်ုပ်လို လူ့ဂွဇာအနေနှင့် လူမြင်ကောင်းရုံ သင့်တင့်လျောက်ပတ် အဝတ်အစား ၃ - ၄ စုံမျှဆို လိုတာထက်တောင် ပိုနေပါပြီ။ ကျွန်ုပ်က အဝတ်အစား များများပိုင်ရမှာကို အလွန်မုန်းသူတစ်ဦး ဖြစ်၏။

 

ကျွန်ုပ်၏သဘောကိုသာ မထောက်မညှာတမ်း ပြောရမည်ဆိုပါလျှင် ထို ဗမာငွေနှင့် နှစ်သိန်းနီးပါးမျှတန်သည့် တန်ဘိုးကြီးတီရှပ်ထက် လယ်တီဆရာတော်ဘုရားကြီးရေးသည့် ဥတ္တမပုရိသဒီပနီကျမ်းကလေးကို ပို၍ မြတ်နိုးပါသည်။

 

 

အလှပြင်ပစ္စည်းနှင့် အမွှေးအကြိုင်

 

နောက်ပြီး အလှပြင်ပစ္စည်း၊ အမွှေးအကြိုင်များကို ကျွန်ုပ် နည်းနည်းကလေးမှ စိတ်မဝင်စား။ 

ကျွန်ုပ် ငယ်စဉ်ဘဝက ဆံပင်ကိုပင် ခေါင်းမဖြီးခဲ့စဖူး။

ကျွန်ုပ်၏အစ်ကိုကြီးဖြစ်သူ ကိုအေးသောင်းက လူပျိုဆိုတာ သပ်သပ်ယပ်ယပ် ပြင်ပြင်ဆင်ဆင်နေမှပေါ့ကွ ဆိုကာ ဘီး ဝယ်ပေးခဲ့ဖူး၏။ တစ်ခါမှ မသုံးဖြစ်။

အများသုံးကြသည့် ရေမွှေးနံ့ကို ကျွန်ုပ် အော်ဂလီဆန်လှ၏။ 

 

ကျွန်ုပ်ကျောင်းသားဘဝက ပုဆိုးအင်္ကျီ သုံးစုံသာရှိ၏။ လျှော်လိုက်ဖွပ်လိုက်ဝတ်လိုက်။ ဝတ်လိုက်လျှော်လိုက်ဖွပ်လိုက်။

သည်တုံးက မီးပူဆိုတာ ကျွန်တော်နှင့်လားလားမှ ပတ်သက်သည့် ပစ္စည်းမဟုတ်။ လျှော်ပြီးသား အဝတ်တွေကို ခေါက်ကာ ခေါင်းအုံးအောက်ထားလိုက်လျှင်ပင် ကိစ္စပြီးတော့၏။ 

 

ကျွန်ုပ်ဘဝတွင် တစ်ခါမှ မှန် မထားခဲ့စဖူး။ 

မှန်ကြည့်ဘို့ဆိုတာ ကျွန်ုပ်အလုပ်မဟုတ်။

ကျွန်ုပ်ကား အဲသလောက်ထိ အလှအပပစ္စည်းများနှင့် ရင်းနှီးခဲ့တာဖြစ်၏။

(ကျွန်ုပ်၏သားကား ကျွန်ုပ်နှင့် ပြောင်းပြန်ဖြစ်သတည်း။ သူရေချိုးပြီးတော့ မျက်နှာကို ဟိုဟာဒီဟာတွေလုပ်တာ အနည်းဆုံး နာရီဝက်ကြာ၏။ သူသုံးသည့်ပစ္စည်းများကို ကျွန်ုပ် တစ်ခုမှ နားမလည်။)

ကျွန်ုပ်သုံးသည့်ပစ္စည်းများကို ပြရမည်ဆိုလျှင် -

-        Lux ဆပ်ပြာတစ်တုံး

-        ရှစ်ဂိတ် (ဟုတ်ပေါင်) ကိုးဂိတ် သွားတိုက်ဆေး တစ်ဘူး

-        သွားတိုက်တံတစ်ချောင်း

 

ဒါပဲဖြစ်ပါ၏။ ရေချိုးခန်းထဲ ရှိသမျှ ဘူးတို၊ ဘူးရှည်၊ ဘူးလတ်များ အားလုံးမှာ သား၏ ပစ္စည်းများ ဖြစ်သတည်း။

 

 

ချက်ပြုတ်ခြင်းနှင့် အစားအသောက် 

 

နောက် ကျွန်ုပ်စိတ်မဝင်စားသည့်အရာမှာ အချက်အပြုတ်နှင့် အစားအသောက် ဖြစ်၏။ 

ကိုယ့်ဘာသာချက်စားရတုံးကလည်း ကျွန်ုပ်မှာ ကြုံသလိုတည့်သလို ကောက်ကက်ချက်လိုက်တာ ဖြစ်သလို အပြင်မှာ ဝယ်စားရပြီဆိုတော့လည်း အဆင်ပြေရာတစ်ခု ကောက်ကက် စားလိုက်တာသာဖြစ်၏။ ကျွန်ုပ်က အစားအသောက် သိပ် ဇီဇာကြောင်တတ်သူ မဟုတ်။ ဟိုအစားအသောက်ကတော့ ကောင်းလိုက်တာဟုလည်း သိပ်မရှိ။

အဲလေ Butter Naan နှင့် Cheese Dosai တို့ကိုမူ ကြိုက်၏။ 

 

ဤနေရာတွင်လည်း သားမှာ ကျွန်ုပ်နှင့် ပြောင်းပြန်ဖြစ်၏။

ချက်တာပြုတ်တာဟာ life skill တစ်ခုဖြစ်လို့ တတ်ထားသင့်တယ်ဆိုပြီး သူကတော့ အသက် ၁၂ နှစ်သားလောက် ကတည်းက သူ့ဘာသာသူ ချက်ပြုတ်ပြင်ဆင် စားတတ်နေပြီ။

 

မနေ့က (သူ့အမေရန်ကုန်ပြန်သွား) ဖေကြီးကို သား အရသာရှိရှိချက်ကျွေးမယ် ဆိုကာ Jurong Point သွားပြီး သွသူ ဟင်းချက်ဘို့တွေဝယ်၊ ဟင်းကို ဒန်အိုးကြီးတစ်လုံးချက်။

ဟကောင် မင်းဟာ ဘယ်ဘိုးဘယ်ဘွားတွေ စားလို့ကုန်ပါတော့မတုံးကွာ ဆိုတော့ . . 

အာ . . ဖေကြီးရ၊ ဘယ့်နှာလုပ်နေ့တိုင်းချက်နေနိုင်ပါမတုံး။ ဒါဆို အနည်းဆုံး ၃ ရက်လောက် စားလို့ရတယ် ဟု ဆို၏။

ငါတော့ လတ်လတ်ဆတ်ဆတ် ချက်ထားတာပဲ ကြိုက်ပါသကွာ။ နွှေးစားရတဲ့ဟင်းတွေဆို မုန်းလွန်းလို့။






 

သူချက်တာ တော်တော်ကောင်းပါသည်။ 

ဒန်အိုးကြီးတစ်လုံးချက်ထားသည့် ဟင်းသီးကုလားဟင်းကို သားအဖနှစ်ယောက်စားလိုက်တာ အိုးတစ်ဝက်လောက် ကျသွားလေ၏။

သည်ကနေ့တော့ သူ့သူငယ်ချင်းတွေကိုပါကျွေးမည် ဆိုသဖြင့် ကျွန်ုပ်က ထမင်းနှစ်ချိုင့်၊ ဟင်း ဘူးကြီးနှင့်တစ်ဘူး ကျောင်းကိုထည့်ပေးလိုက်၏။ အပြန်တော့ သူ တော်တော်ပျော်လာ၏။ အနို့ သူ့သူငယ်ချင်းတွေက သူချက်ထားတဲ့ဟင်းကို အင်မတန် ချီးကျူးဆိုကိုး။

 

နောက်နေ့ကျ ဒီ့ထက်ပိုကောင်းတဲ့ဟင်း ချက်ကျွေးမယ် ဆို၏။

ကျွန်ုပ်ထက် ပိုစွံသည့် သားပါတကား။

 

 

များမကြာမီ -

ကျွန်ုပ်စိတ်ဝင်စားသည့်အရာများ ဆက်လာပါမည်။

 

 

မင်းဒေါင်းဇားလှိုင်နှင့် ၎င်း၏ဘောကို လျက်နေသူအားလုံး

အမြန်ဆုံး မာလကီးယားကြပါစေသတည်း။

 

 

ကျေးဇူးတင်ပါသည်။

 

 

အေးငြိမ်း

၁၈ ဖေဖော်ဝါရီလ၊ ၂၀၂၃

Saturday, February 11, 2023

Google Map Timeline အကြောင်း

မနေ့က Google Maps Timeline မှ January update ဆိုကာ စာတစ်စောင် ပို့လှာ၏။

ဤကဲ့သို့သော email မျိုးကို ယခင်ကလည်း လက်ခံရရှိခဲ့ဖူးပါ၏။ 

သို့သော် အရေးမကြီးဟု အမှတ်တမဲ့ပင်ထားလိုက်၏။ ဖွင့်မကြည့်ဖြစ်။

မနေ့ကတော့ ဘာတွေများပါလိမ့်ဟု အနည်းငယ်ဖွင့်ကြည့်မိတော့ အောင်မငီးစ် . . . . ။

အတော်လေးတောင် ရင်တုန်ပန်းတုန် (ရင်တုန်တာကိုနားလည်ပြီး ပန်းတုန်တာ ဘာလဲဆိုတာ မသိကြောင်း ယခင်က ဝန်ခံခဲ့ဖူးပြီးဖြစ်) နှင့် အထိတ်တလန့်ဖြစ်မိ။

 

ကျွန်ုပ် ဘယ်နေ့ ဘယ်အချိန်တုံးက ဘယ်နေရာတွေကို သွားထားသည်။ 

အကွာအဝေးဘယ်လောက်ရှိသည်။ ဘယ်နှစ်မိနစ်ကြာသည်။ 

ထိုနေရာမှ နောက်ထပ် ဘယ်နေရာသို့ ရွှေ့သည်။

ထိုနေရာတွင် ဘယ်လောက်ကြာကြာနေသည်။

အောင်မယ် တချို့နေ့တွေဆို ကိုယ်ဖွင့်ကြည့်ထားသည့် အင်တာနက်စာမျက်နှာများကိုပါ ပြထားသေး၏။

ရှောက်ကယိုးနဲ။

 

ဘယ်လောက်ကြာကြာကတည်းက ကျွန်ုပ်ကို နောက်ယောင်ခံလိုက်ကြည့်နေသလဲ ဟု စပ်စုတော့ ၂၀၁၇ ဇွန်လ ၁၇ ရက်နေ့ကတည်းက စမှတ်လာတာ တွေ့ရ၏။ ထို့အရင် ရက်များအတွက်တော့ မှတ်တမ်းမတွေ့ရ။

 

လကုန်သည့်အခါ လချုပ်စာရင်း ပို့ပေးသေး၏။

ဒီလထဲမှာ ဘယ်တွေကို သွားခဲ့တယ်။ စုစုပေါင်း ဘယ်နှစ်နေရာ။

ခြေလျင်လျှောက်သွားတာ ဘယ်နှစ်ကီလိုမီတာ။ ဘယ်နှစ်နာရီ။

စက်ဘီးစီးတာ ဘယ်နှစ်ကီလိုမီတာ။ ဘယ်နှစ်နာရီ။

ကား/ရထားစီးတာ ဘယ်နှစ်ကီလိုမီတာ။ ဘယ်နှစ်နာရီ စသည်။

 

သို့သော် တချို့နေရာများ၌ ပြုံးချင်စရာများတွေ့ရ၏။

Driving က ဘယ်နှစ်ကီလို၊ ဘယ်နေရာကနေ ဘယ်နေရာထိ ဆိုတာ ပြထား၍ ဖြစ်၏။

သည်နေရာတွင် ကိုဂူဂယ်မျက်စိလည်သွားတာ ဖြစ်မည်။

ကျွန်ုပ်က ကားမမောင်းတတ်၊ နွားပဲမောင်းတတ်တာ ဖြစ်၏။

သည့်အတွက် ဘတ်စ်ကားစီးတာကို ကားမောင်းတာဟု တမင်သက်သက် လွှတ် အထင်ကြီးတာဖြစ်မည်။ အဟက်စ်

 

သို့သော်လည်းပေါ့လေ။

သူ့ဟာ ဘယ်လောက်တိကျသလဲတော့မသိ။

ဇန္နဝါရီမှတ်တမ်းတွင် ကျွန်ုပ် လမ်းလျှောက်တာကို ၂ နာရီမျှသာ ပြထားရာ တစ်လလုံးမှ ၂ နာရီပဲ လမ်းလျှောက်တာ ဟုတ်ရောဟုတ်ပါလေရဲ့လားဟု သံသယဖြစ်မီ။ 

သို့သော် ဖြစ်ချင်လည်း ဖြစ်နိုင်ပါသည်။

အနို့ ကျွန်ုပ်က အလုပ်နှင့်အိမ်၊ အိမ်နှင့် အလုပ်ကလွဲလို့ တခြားသိပ်မသွား။

အလုပ်သွားတာကလည်း စက်ဘီးနှင့်ဆိုတော့ လမ်းလျှောက်စရာနေရာဆိုလို့ Jurong Point သွားတာလောက်ပဲ ရှိ၏။ 

 

ကိုဗစ်ကာလတုံးက တရုတ်မ လင်မယား PR cancel လုပ်၍ တိုင်းပြည်မှ နှင်ထုတ်ခံခဲ့ရဖူး၏။

အကြောင်းမှာ ၎င်းတို့ ကိုဗစ်ဖြစ်နေ၍ SHN (Stay Home Notice) ပေးထားသည်ကို အငြိမ်မနေဘဲ တွေ့ရာ လျှောက်သွားနေသောကြောင့် ဖြစ်၏။

အဘယ်ကြောင့် PR cancel လုပ်ကာ ပြန်ပို့သည်အထိ အရေးယူသနည်းဆိုသော် ၎င်းတို့က ကိုယ့်အပြစ်ကို ဝန်မခံ။ အတင်း ငြင်းသောကြောင့် ဖြစ်သတည်း။

ထိုအခါကျမှ တရားရုံးက မင်းတို့ ဘယ်ကော်ဖီဆိုင်ကို ဘယ်အချိန်ကထွက်သွားတယ်။ အဲဒီမှာ ဘယ်နှစ်မိနစ် ထိုင်ခဲ့တယ်။ အဲဒါပြီးတော့ ဘယ်တွေကို လျှောက်သွားတယ် စသဖြင့် အကုန် အသေးစိတ် ထုတ်ပြတော့၏။

 

ထိုသတင်းကိုဖတ်ရတော့ ကျွန်ုပ်မှာ သိပဲ သိနိုင်လှချည့်ဟု အတော် အံ့ဩမိခဲ့၏။

 

ယခု Google Timeline ကို ကိုယ်တွေ့မျက်မြင် တွေ့ရတော့မှ ၎င်းတို့၏ နည်းပညာများကို ဩချမိရပါတော့၏။

 

နောက်ကျရင် -

မင်း ဘယ်နေ့တုံးက ညစာကို ဘာဟင်းတွေနဲ့ စားခဲ့တယ်။

မင်း မနေ့က မိန်းမနဲ့စကားများတုံးက ဘာစကားတွေ ပြောခဲ့တယ်။

မင်း ညက ဘာအိပ်မက်တွေ မက်ခဲ့တယ်။

မင်း ကွန်ပြူတာကြည့်တုံးက ဘယ်ကောင်မလေးပုံကို ဘယ်လောက်ကြာအောင် ကြည့်ခဲ့တယ် . . . ဆိုတာတွေပါ မှတ်ကုန်ရင် ဒိုးခ။

 

မဖြစ်လာဘူးလို့ မပြောနိုင်။

ကျောချမ်းစရာ တက်ခနော်လော်ဂျီများပါပေတကား။

 

ဟို ခေါဘဏီ မိသားစု

ဆင်တိုစာမှာ ရိုလာကိုစတာစီးရင်း ပြုတ်ကျပြီး အကုန် မာလကီးယားကြပါစေ။

 

အေးငြိမ်း

၁၁ ဖေဖော်ဝါရီလ၊ ၂၀၂၃

၀၀း၃၀ နာရီ











Wednesday, February 8, 2023

ဧည့်စာရင်းစစ်ခြင်း ဟူသည် နိုင်ငံသားများ၏ အခွင့်အရေးကို ပြောင်ချိုးဖောက်ခြင်းဖြစ်သည် ဆိုခြင်းအကြောင်း

သည်ကမ္ဘာပေါ်တွင် ဧည့်စာရင်းစစ်သည့်နိုင်ငံဆို၍ မြန်မာတစ်နိုင်ငံသာ ရှိမည် ထင်၏။ 

အမှန်စင်စစ် ဧည့်စာရင်းစစ်ခြင်းသည် နိုင်ငံသားတို့၏ အခွင့်အရေးကို ပြောင်ချိုးဖောက်ခြင်းလည်း ဖြစ်ဘိ၏။

ဘာအပြစ်မှ ကျူးလွန်ထားခြင်းမရှိသူတစ်ဦး၏ နေအိမ်အတွင်းသို့ ညကြီးမိုးချုပ် သည်အတိုင်း ပြောင်ကျူးလွန် ဝင်ရောက်ခွင့်ရှိပါသလား။

 

စေ့စေ့တွေးကြည့်ပါလျှင် ဧည့်စာရင်းစစ်ခြင်းသည် လူတစ်ဦး၏ ဂုဏ်သိက္ခာကို စော်ကားရာလည်း ရောက်၏။ 

မည်သူသည် မည်သည့် သူခိုးဓားပြများကို အိမ်ပေါ် အခန့်သား တင်ထားပါမည်နည်း။

၎င်းတို့ ဧည့်စာရင်းစစ်ခြင်းဖြင့် အနှီအိမ်ရှင်သည် ရာဇဝတ်သားများနှင့် ဆက်ဆံနေနိုင်သူဟု စွပ်စွဲရာလည်း ရောက်၏။ 

 

အဘယ်ကြောင့် ဧည့်စာရင်းစစ်သနည်း။

ထိုဧည့်စာရင်းစစ်ခိုင်းသူ၊ သူတို့ကိုယ်သူတို့ အစိုးရဟု ထင်မှတ်နေသည့် နိုင်ငံတော်အာဏာကို မတရား ရယူထားသူများ က အခြားသူများသည်လည်း ၎င်းတို့ကဲ့သို့ပင် ကြမ်းပိုးသူခိုးအလုပ်ကို လုပ်လိမ့်မည်ဟု အထင်ရောက်နေသောကြောင့် လူများကို ယုံထင်ကြောင်ထင် ထင်ကာ ဧည့်စာရင်းစစ်ခြင်းဖြစ်၏။

၎င်းတို့သည် နိုင်ငံသူနိုင်ငံသား၊ ပြည်သူလူထုအပေါင်းကို ၎င်းတို့၏ ရန်သူသဖွယ် သဘောထားကြောင်း ဧည့်စာရင်းစစ်ခြင်းက ဖော်ပြလျက် ရှိ၏။


၎င်းတို့သည် တရားသဖြင့် အာဏာကို ရထားသူများ ဖြစ်ပါက ဧည့်စာရင်း စစ်ပါမည်လော။

၎င်းတို့သည် ပြည်သူက ချစ်မြတ်နိုးသူများ ဖြစ်ပါက ဧည့်စာရင်း စစ်ပါမည်လော။

၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချသူများ ဖြစ်ပါက ဧည့်စာရင်း စစ်ပါမည်လော။

၎င်းတို့သည် ကိုယ့်လိပ်ပြာ ကိုယ်သန့်သူများ ဖြစ်ပါက ဧည့်စာရင်း စစ်ပါမည်လော။

 

သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့ ဧည့်စာရင်းစစ်ရဘိသနည်း။

ရှင်းပါသည်။

၎င်းတို့ဧည့်စာရင်းစစ်သည် ဆိုခြင်းမှာ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ရန်ရှာမည့်၊ ပြည်သူတို့ကို ဒုက္ခပေးမည့် လူဆိုးသူခိုးတို့ကို လိုက်လံရှာဖွေခြင်းမဟုတ်။

၎င်းတို့ဧည့်စာရင်းစစ်ခြင်း၏ ရည်ရွယ်ချက်မှာ အများပြည်သူတို့ စိတ်အေးချမ်းသာ နေရစိမ့်သောငှာ သူခိုးဒန္တများကို နှိမ်နှင်းလို၍ မဟုတ်။ 

 

၎င်းတို့ဧည့်စာရင်းစစ်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့ မတရားရယူထားသော အာဏာအား တရားမျှတမှုကို လိုလားသော အမျိုးကောင်းသားတို့က ၎င်းတို့ထံမှ ပြန်ပြီးတော့များ လုယူလေမလား၊ ၎င်းတို့ကို ပြန်ပြီးတော့များ တိုက်ခိုက်ဘို့ ကြံစည် နေသလား ဟု လိုက်လံရှာဖွေခြင်းမျှ ဖြစ်၏။ 

 

အမှန်ကိုဆိုရပါမူ လူဆိုးသူခိုး၊ ကြာကူလီ၊ မုဒိမ်းသမားများမှာ ၎င်းတို့၏ လက်ရုံး၊ ၎င်းတို့၏ မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းများ ဖြစ်ကုန်လျက် -

အများပြည်သူတို့၏ အကျိုးကို ဆောင်ကြဉ်းလိုသူ လူတော်လူကောင်းများမှာ ၎င်းတို့၏ ရန်သူအစစ်ကြီး ဖြစ်ပေ၏။ 

 

လူတစ်ယောက်သည် စိတ်ကောင်းနှလုံးကောင်းရှိသူဖြစ်အံ့။ လူတစ်ယောက်သည် ပညာတတ်ပြီး မှန်မှန်ကန်ကန် တွေးခေါ်မြော်မြင်တတ်သူဖြစ်အံ့။ လူတစ်ယောက်သည် မှန်ကန်သည့်စကားကို ပြောသူဖြစ်အံ့။ လူတစ်ယောက်သည် မတရားမှုကို ဖော်ထုတ်ကာ တရားမျှတမှုကိုသာ အလိုရှိသူဖြစ်အံ့။ လူတစ်ယောက်သည် အများပြည်သူတို့၏ အကျိုးကို ဆောင်ကြဉ်းကာ ပြည်သူတို့အကျိုးကို ဦးထိပ်ရွက်လိုသူဖြစ်အံ့။

 

ထိုသူ၊ အနှီသူ၊ ၎င်းသူသည် သူတို့ရန်သူဖြစ်၏။ သူတို့မျက်မုန်းကျိုးသူဖြစ်၏။ ထိုသူတို့မှာ ၎င်းတို့၏ရန်သတ္တရုပြုခြင်းကို တစ်နည်းမဟုတ် တစ်နည်း ခံကြရဘို့ ရှိလေသည်။

 

အနှီသူတစ်ဦးသည် အလွန်ဒူသူဖြစ်အံ့။ မှန်/မမှန်၊ သင့်/မသင့်၊ တော်/မတော် စဉ်းစားတွေးခေါ်နိုင်စွမ်း နည်းနည်းမှမရှိဘဲ ၎င်းတို့အလိုကျ ဟုတ်ကဲ့ခင်ဗျ၊ အင်းခင်ဗျ ဟု တွင်တွင် ခေါင်းညိတ်တတ်သူဖြစ်အံ့။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ၎င်းတို့အလိုကျ ဘောင်းတော်ညိတ်၊ စိတ်တော်သိပြီး အားလုံးဆောင်ကြဉ်းပေးတတ်သူဖြစ်အံ့။ ထိုသူတို့သည် လက်ရဲ ဇက်ရဲ သတ်ရဲ ဖြတ်ရဲတတ်သူဖြစ်အံ့။

 

ထိုသူ၊ အနှီသူ၊ ၎င်းသူသည် ၎င်းတို့၏ မိတ်ဆွေအစစ်ဖြစ်၏။ သူတို့နှင့် အမြီးစားဘက်၊ ခေါင်းစားဘက်များ ဖြစ်တော့၏။ 

 

ကျွန်ုပ်တို့သည် ထိုဂျပိုးသူခိုးများကို မျိုးဖြုတ်ပစ်ရမည်။

ကျွန်ုပ်တို့သည် ထိုလူကြီးလူမကောင်းများကို တောထုတ်ပစ်ရမည်။

ကျွန်ုပ်တို့သည် ထိုကြောင်သူတော်၊ ကြွက်သူခိုးကြီးများကို အပြီးသတ် ချေမှုန်းပစ်ရမည်။

 

၎င်းတို့သည် ကျွန်ုပ်တို့မျှော်မှန်းထားသည့် နိုင်ငံတော်သစ်ကြီးအတွက် ကြီးစွာသော ဆူးညောင့်ခလုတ်များ ဖြစ်ဘိ၏။

၎င်းတို့ရှိနေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့သွားမည့်ခရီး မဖြောင့်ဖြူးနိုင်။

ကျွန်ုပ်တို့က ရှေ့တစ်လှမ်းတိုးမည်ကြံတိုင်း ၎င်းတို့က နောက်သို့ နှစ်လှမ်းဆွဲချနေလေရာ အဘယ်မှာ ပန်းတိုင်သို့ ရောက်ပါတော့မည်နည်း။

 

ကျွန်ုပ်တို့ နွေဦးတော်လှန်ရေးသည် ထိုဗရုတ်သုက္ခများနှင့် ၎င်းတို့၏ အပေါင်းအပါများအားလုံးကို မြန်မာ့နိုင်ငံရေးစင်မြင့်မှ အပြီးတိုင် ဖယ်ရှားပစ်နိုင်လိမ့်မည်ဟု ကျွန်ုပ် မျှော်လင့်ပါသည်။

 

အရေးတော်ပုံ အောင်ရမည်။

 

အေးငြိမ်း

၈ ဖေဖော်ဝါရီလ၊ ၂၀၂၃

ည ၉း၅၉ နာရီ