Thursday, December 29, 2022

ဘိုင့်ဘိုင် တွမ်တီတူး

(၁)

 

တစ်နှစ်ကုန်ပြန်ပြီ။

 

ဘာတွေဘယ်လိုဖြစ်နေပါစေ။

အချိန်ရထားကြီးကတော့ ဘယ်သူ့ကိုမှ မငဲ့ကွက်ဘဲ သွားမြဲသွားနေလျက်ရှိ၏။

 

ကျွန်ုပ်တို့အိပ်နေစဉ်၌လည်း သွားနေ၏။ 

စားနေစဉ်၌လည်း သွားနေ၏။ 

အိမ်သာတက်နေစဉ်၌လည်း သွားနေ၏။

ဝမ်းနည်းနေစဉ်၌လည်း သွားနေ၏။ 

ပျော်နေစဉ်၌လည်း သွားနေ၏။ 

ကောင်မလေးနှင့် ပလူးနေစဉ်၌လည်း သွားနေ၏။ 

Live လွှင့်ပြီး လိုင်းပေါ်တက်ဆဲနေစဉ်၌လည်း သွားနေ၏။ 

ဟိုသောက်ရူးက လျှပ်စစ်ရထားပြောပြီး စက်ဘီးစီးခိုင်းတော့လည်း သွားနေ၏။ 

စက်ဘီးစီးရမည်ဟု မိန့်ခွန်းအဆန်းကြီးများ ပြောသည်ကို တခါဖူးမှ မကြားစဖူးသည့် အဆိုအမိန့်မှတ်ပြီး မှတ်စုစာအုပ်ကလေးများထုတ်လျက် ကုပ်ကုပ် ကုပ်ကုပ်နှင့် လိုက်မှတ်နေစဉ်၌လည်း သွားနေ၏။

လူများတကာကျွေးသည့်ထမင်းကို စားလျက် မင်းက ဘုန်းကြီးဝတ်ဖူးလို့လားဟု စော်ကားမော်ကားပြောနေစဉ်၌လည်း သွားနေ၏။

ဘုရားဟောလိုလို၊ ဇာတ်တော်လိုလိုနှင့် မဟုတ်ကမဟတ်ကများကို ကိုးကားလျက် သီလမလုံတဲ့သူတွေကိုသတ်တာ လုံးဝအပြစ်မရှိဟု ပလ္လင်ပေါ်ကနေပြီး အာပေါင်အာရင်းသန်သန်နှင့် လူတွေကို ဂျင်းအတက်လိုက် ဆီမဆွတ်ဘဲ ထည့်နေစဉ်၌လည်း သွားနေ၏။

လူများတကာတွေ ပြေးလွှားပုန်းအောင်းနေစဉ် ဟင်းခွက် (၄၇၅) ခွက်လောက်နှင့် ၎င်းတို့နှစ်ဦး မြိန့်မြိန့်ကြီး အပင်းဆို့နေစဉ်၌လည်း သွားနေ၏။ 

CDM တွေကြောင့် လစ်လပ်သွားသည့် နေရာများ၌ အစားထိုးခန့်ထားသည်ကို သူတို့တော်လို့ပဲ ရလာတာလိုလိုနှင့် ဝမ်းသာအားရ ချီးယားစ်ဟု ဂုဏ်ယူနေကြစဉ်၌လည်း သွားနေ၏။ 

လူများတကာတွေ ရွာမီးရှို့ခံရလို့ ဒုက္ခများနေစဉ်၌ နင်တို့ ဒုက္ခများတာ ငါနဲ့ဘာမှမဆိုင်ဆိုကာ ဘာပွဲ၊ ညာပွဲကြီးတွေ ခံလျက် ချိတ်ထမိန်ကြီးများကို ပုဆိုးလုပ်ဝတ်ပြီး ပျော်ရွှင်ကြည်နူးနေကြစဉ်၌လည်း သွားနေ၏။

အသင်တို့သည် ဖေ့စ်ဘုတ်ပို့စ်များကိုဖတ်လျက် ကွန်မင့်များ ရေးနေစဉ်၌လည်း သွားနေ၏။

မနက်မိုးလင်းသည်နှင့် မြေနိုးခွေးအောင်လှိုင် မြန်မြန်မသာပေါ်ပါစေ ဟု ကျွန်ုပ် ကျိန်ဆဲနေစဉ်၌လည်း သွားနေ၏။ စစ်ခွေးတွေအကုန်လုံး မဟာအဝီစိငရဲကျပြီး ဘယ်ဘုရားချွတ်လို့မှ မကျွတ်ပါစေနှင့်ဟု ကျွန်ုပ်ဆုတောင်းနေစဉ်၌လည်း သွားနေ၏။ 

 

ဘာတွေဘယ်လိုဖြစ်နေပါစေ။

အချိန်ရထားကြီးကတော့ မည်သူ့ကိုမှ မငဲ့ကွက်ဘဲ သွားမြဲသွားနေလျက်ရှိ၏။

 

 

(၂)

 

ခုမှ အသက် (၁၆) နှစ်မပြည့်တတ်၊​ ပြည့်တတ်သာ ရှိသေးသည့် သားက သူ့ရှေ့ရေးအတွက် စိတ်ပူကြောင်း ဆွေးနွေး လာသည့်အခါ ကျွန်ုပ်က -

 

“သား - စိတ်ပူတဲ့အတွက် ဘာတစ်ခုမှ ကောင်းကျိုးမရှိဘူး။ ဘာအလုပ်မှလည်း မပြီးဘူး။ စိတ်ပူ လို့သာ ပြဿနာတွေပြေလည်မယ်ဆို ဖေကြီး ဘာအလုပ်မှ မလုပ်တော့ဘဲ စိတ်ပဲ ထိုင်ပူနေတော့မှာပေါ့လကွ။ သား နောင်ရေးကိုတွေးတာ မှားတယ်လို့ ဖေကြီးမဆိုလိုပေမယ့် အရေးကြီးဆုံးက လက်ရှိအချိန်ကို အကောင်းဆုံး အသုံးချ ဘို့ပဲကွ။ ပစ္စုပ္ပန်အချိန်တွေကို သား အကောင်းဆုံးအသုံးချမယ်ဆိုရင် ကောင်းတဲ့ အနာဂတ်ကို မလွဲမသွေရမှာပဲ။ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားတဲ့သူတစ်ယောက် မဖြစ်စေနဲ့။”

 

သားက သူ့ဗိုက်မှ ရွှဲနေသည့် အဆီများကို ရှင်းထုတ်ဘို့ရာ ညနေတိုင်း ကျွန်ုပ်နှင့် ပြေးလိုက်၊ လမ်းလျှောက်လိုက် လုပ်၏။ သို့လမ်းလျှောက်ရင်းမှ သူနှင့် ကျွန်ုပ် ထွေရာလေးပါး စကားများ ပြောဆိုဖြစ်ကြ၏။ ထိုသို့ပြောဆိုရင်းမှ သူ့အကြောင်း ကိုယ့်အကြောင်း အပြန်အလှန်နားလည်ရ၏။ သူဖြစ်ချင်တာ ကိုယ်လုပ်ချင်တာတွေ ဆွေးနွေးခွင့်ရ၏။ (အိမ်မှာနေစဉ် သူကလည်း သူ့ဘာသာသူ အလုပ်ရှုပ်၊​ ကိုယ်ကလည်း ကိုယ့်ဘာသာ အလုပ်ရှုပ်ဆိုတော့ သားအဖချင်းတွေ တစ်အိမ်တည်းနေပေမင့် အေးအေးဆေးဆေး သိပ် စကားမပြောဖြစ်။ အခုလို လမ်းလျှောက်ထွက်တော့မှ​ ပြောဖြစ်၏။)

 

“အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဘို့ရာ အလုပ်ကို အသည်းအသန်လုပ်ရမယ်ဆိုတဲ့ အယူအဆဟာ နောက်ကျကျန်နေ ခဲ့ပြီကွ။ ဒီခေတ်မှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဘို့ အိုင်ဒီယာကောင်းတစ်ခု အင်မတန်မှ အရေးကြီးတယ်။ ဥပမာ - ဖေ့စ်ဘုတ်ကိုထောင်တဲ့ ဇူကာဘတ်ကွာ။ အခုဆို ဇူကာဘတ်ဟာ ဘာမှမလုပ်ဘဲ နှပ်နေရင်းနဲ့၊ အိပ်နေရင်းနဲ့၊ စားနေရင်းနဲ့ သူ့အိတ်ထဲကို ပိုက်ဆံတွေ ဟောကနဲ၊ ဟောကနဲ ဝင်နေသကွ။ အဲဒါ အိုင်ဒီယာပဲ။ သား Metaverse အကြောင်း ကြားဖူးလား။ (ဟုတ်၊ ကြားဖူးတယ်။) တကယ်လို့ metaverse သာ အောင်မြင်သွားရင် လူတွေရဲ့ဘဝဟာ အတော့်ကို အဆင်ပြေသွားမယ်။ ဇူကာဘတ်လည်း ပိုက်ဆံတွေ မလိုချင်တော့လောက်အောင် ရလိမ့်မယ်။ အဲဒါ အိုင်ဒီယာပဲကွ။”

 

https://www.youtube.com/watch?v=gElfIo6uw4g

 

ကျွန်ုပ်က သားကို စမတ်ဖုန်းဖြင့် နမူနာပြ၏။

ကျွန်ုပ်တို့ငယ်စဉ်က ဖုန်းကို တစ်ယောက်နှင့်တစ်ယောက် စကားပြောဘို့လောက်သာ အသုံးဝင်သည်ဟု တွေးမိခဲ့ကြ၏။ ဖုန်းကို စာဖတ်ဘို့၊ စာရေးဘို့၊ ရုပ်ရှင်ကြည့်ဘို့၊ ဘဏ်လုပ်ငန်းတွေလုပ်ဖို့ စသဖြင့် ဘက်စုံသုံးလို့ ရလိမ့်မည်ဟု တွေးခဲ့ကြပါသလော။ ဝေးစွ။ ဟော - အခု ဖုန်းတစ်ခုဖြင့် လုပ်ငန်းများစွာ လုပ်လို့ရနေပြီ။ 

ဤသည်မှာ “အကြံကောင်းလျှင် တစ်ချက်” ဖြစ်၏။

 

အသင်တို့ကြီးပွားအောင်မြင်ရေးမှာ နေ့မအား၊ ညမနား အလုပ်လုပ်နေဘို့မဟုတ်။ အကြံကောင်းတစ်ချက်သာ လို၏။

အဲလေ - လွယ်လွယ်နဲ့တော့ ဘယ်ဖြစ်ပါလိမ့်မတုံး။

 

(၃)

 

ကျွန်ုပ် မြန်မာပြည်မပြန်ရတာ (၃) နှစ်တင်းတင်း ပြည့်ပါပြီ။

၂၀၂၀ တွင် ဝက်မသားတရုတ်တို့လုပ်သည့်အတွက် တစ်ကမ္ဘာလုံး ကိုဗစ်နှင့် နပန်းလုံးလိုက်ရပြီးသကာလ ကျွန်ုပ်လည်း မြန်မာပြည် မပြန်နိုင်။

၂၀၂၁ နှင့် ၂၀၂၂ တွင် ဝက်မသားတို့၏ မယားပါသား ခွေးမသားမင်းအောင်လှိုင်လုပ်၍ မြန်မာပြည် မပြန်နိုင်ပြန်။

 

ကျွန်ုပ်သည် မြန်မာပြည်မှာမွေးပြီး မြန်မာပြည်ကထမင်းကိုစား ကြီးလာသည့်အတွက် မြန်မာပြည်ကြီးကို ချစ်ပါသည်။

ကျွန်ုပ် မြန်မာပြည်ပြန်စဉ် နေရာအနှံ့လျှောက်သွားကာ ရှုခင်းများကိုကြည့်ရတာ အလွန် ချိုမြိန်လှပါသည်။

စင်ကာပူမှ လူလုပ်အလှအပများသည် ကျွန်ုပ်တို့ဆီက သဘာဝတောတောင် ရေမြေအလှအပများကို မည်သို့မှ လိုက်လို့ မမီပါ။ စင်ကာပူမှ အလှအပများမှာ ခဏတဖြုတ် အလည်လာပြီး ကြည့်ရှုဘို့သာ ကောင်းပါသည်။  (လူတစ်ယောက်နဲ့တစ်ယောက် ခံစားချက်ချင်းတော့ မတူနိုင်ဘူးပေါ့။) 

 

သူတို့ဆီက ပေါ့ရွှတ်ရွှတ် ဘာညာသာရကာ အစားအသောက်များထက် ကျွန်ုပ်ကတော့ ငါးပိချက်နှင့် ချဉ်ဟင်းကိုသာ ခံတွင်းတွေ့ပါသည်။ ကျွန်ုပ်တို့ဆီက ငါးရံ့ရေချိုချက်ကလေးမှာ စားလို့ ချိုမြိန်လှပါဘိတောင်း။

 

ကျွန်ုပ်မြန်မာပြည် ပြန်ချင်လှပါသည်။

မိတ်ဆွေများနှင့်တွေ့၊ ထွေရာလေးပါးပြော၊ ပေါ့ပါ့ပါးပါး ပြောကြဆိုကြ၊ စားကြသောက်ကြ၊ ရီကြမောကြ။

ဤသည်ပင် ဘဝအရသာမဟုတ်ပါလော။

အခုတော့ မတတ်သာ၍ ကြိတ်ပြီးလွမ်းရင်း ဆွေးရင်းနှင့်သာ အချိန်ကုန်ရပါသည်။

ကျွန်ုပ် မြန်မာပြည် ပြန်ချင်တိုင်း ဟို ဝမ်းတွင်းရူး ခွေးမသားကို အသားကုန် ကျိန်ဆဲမိပါသည်။

၎င်းကြောင့် ကျွန်ုပ်တို့ မြန်မာပြည်သား လူအများတို့ ဒုက္ခများကြရသည်။

ပိုက်ဆံတွေ အလဟဿ ကုန်ဆုံးရသည်။

အချိန်တွေ အလဟဿ ဖြုန်းတီးပစ်ရသည်။

 

ထိုမေဘေးနှင့် အပေါင်းအပါအားလုံးတို့သည် အမြန်ဆုံး မသာပေါ်ကြပါစေသတည်း။

မြန်မာပြည်သား လူအများတို့ အမြန်ဆုံး ငြိမ်းချမ်းပါစေသတည်း။

 

မှတ်ချက်။        ။အလိုက်ကမ်းဆိုးမသိဘဲ ကျွန်ုပ်ထံလာပြီး Happy New Year ကြသူအားလုံးကို ဘလောက်ပါမည်။ <<အဲသည်ဂန်းမသားတွေ အကုန်မသာပေါ်ကုန်မှ ပြန်ပြီး ဟက်ပီးနယူးယီးယားပါမည်။>>

 

အေးငြိမ်း

29/12/2022

Wednesday, December 21, 2022

စင်ကာပူတွင် အလုပ်လုပ်မည့်သူတို့ သိသင့်သောအကြောင်းအရာများ (၃)

(၇) S Pass

 

မြန်မာပြည်က လူတွေကတော့ S Pass ကို Special Pass ဟု ခေါ်ကြ၏။ မဟုတ်ပါ။ မသိဘဲ ရမ်းတုတ်ကြတာသာ ဖြစ်၏။ ယခင်က Singapore work pass ကို အလုပ်သမားနှင့် ပညာရှင်ဟု အတန်းအစားနှစ်ခု ခွဲထားရာ အလုပ်သမား များအတွက်ထုတ်ပေးသည့် Work Permit မှာ R Pass ဖြစ်၏။ ပညာရှင်များအတွက် Work Pass မှာ Employment Pass ဖြစ်ပြီး လစာကိုလိုက်၍ P1 Pass, P2 pass နှင့် Q Pass ဟု (၃) မျိုး ခွဲထား၏။ လစာ ၂၅၀၀ ထက်နည်းလျှင် Q1 EP, လစာ ၃၅၀၀ ထိကို P2 EP, လစာ ၇၀၀၀ ထက်ကျော်လျှင် P1 EP ဟုခေါ်၏။ ယခု မရှိတော့ပါ။ လစာများလည်း ပြောင်းကုန်ပါပြီ။ 

 

၂၀၀၅ ခုနှစ်က အလယ်အလတ်တန်းစား ကျွမ်းကျင်သူများကို S Pass ဟု နောက်ထပ် Pass တစ်မျိုး ထပ်ထုတ်ပေးခဲ့ပြီး လခ ၁၈၀၀ ဖြစ်၏။ ယခုတော့ လိုအပ်ချက်လည်းပြောင်း လစာလည်း ပြောင်းပါပြီ။

 

အလုပ်သမားများမှာ လခကောင်းကောင်းလေးလည်း လိုချင်၊ ငါက S Pass ကွလို့လည်း ပြောချင်၊ အလုပ်ရှင်ကလည်း လခ အပြည့်မပေးချင်။ သည်တော့ ရပါတယ်ကွာ၊ ငါ့ကို ၁၂၀၀ ပဲပေးပါ။ S Pass တင်ပေးပါတွေ ဖြစ်ကုန်တော့၏။ အခု အော်ဇီမှာ အခြေကျနေပြီဖြစ်သည့် ကိုရေချမ်းကတော့ “ကျွန်တော်တို့ဆီက S Pass ကတော့ ကားရေဆေးနေတယ်၊ ဟဲဟဲ” ဟု ဆို၏။ ကျွန်ုပ် Safety Officer အဖြစ်နှင့် ဘူကစ်တီမားပရောဂျက်တွင် အလုပ်လုပ်ခဲ့စဉ်က ကျွန်ုပ်တို့ နေ့တိုင်း ထမင်းသွားစားသည့် ထမင်းဆိုင်မှ စားပွဲထိုးကောင်လေးမှာလည်း S Pass ပင်ဖြစ်၏။ ကျွန်ုပ်အမြဲဝတ်သွားလေ့ရှိသည့် နေကာမျက်မှန် Safety Glass ကိုပင် မရမကတောင်း၍ ပေးလိုက်ရပါသေးသည်။ (ကျွန်ုပ် သည်အကြောင်းတွေ မပြောချင်သေးပါ။ အသက် (၇၀) ကျော်လျှင်တော့ အကုန်သုတ်ပါမည်။) 

 

ယခုလည်း MOM က ဘယ်လိုပင် စည်းမျဉ်းများ ချထားပါစေ။ အလီဘာဘာ S Pass များ များစွာရှိနေဆဲ ဖြစ်၏။

သို့တိုင် ယခု MOM Website မှ S Pass လိုအပ်ချက်များကို သိလိုသူတို့ သိစေရန် အကျဉ်းမျှ ရေးပြလိုက်ပါ၏။ အကျယ် ဖတ်လိုသူတို့ ကျွန်ုပ် ဘလောက်တွင် ဖတ်နိုင်ပါ၏။

 

http://shwenyein.blogspot.com/2008/12/working-in-singapore-part-ii.html

http://shwenyein.blogspot.com/2015/07/s-pass.html

 

S Pass တစ်ဦး၏ အခြေခံလစာမှာ စက်တင်ဘာလ ၁ ရက်၊ ၂၀၂၃ အထိ ၂၅၀၀ ဖြစ်ပြီး ထိုနေ့နောက်ပိုင်းတွင် ၃၀၀၀ ဖြစ်၏။ ထိုလခကို ဖြည်းဖြည်းချင်း တိုးသွားမှာ ဖြစ်၏။ လခများ ပြောင်းလဲပုံကို screen shot ရိုက်ပြထားပါသည်။ 




 S Pass လျှောက်လို့ရ/မရကို MOM Website အောက်ပါ link တွင် မိမိဘာသာ စစ်နိုင်၏။

 

https://www.mom.gov.sg/eservices/services/employment-s-pass-self-assessment-tool

 

“အကယ်၍ လျှောက်လို့ရသည် ဟု အဖြေထွက်မှ လျှောက်လျှင် ရဘို့ ၉၀% သေချာပါသည်။ လျှောက်လို့မရ ဟု အဖြေ ထွက်လျှင် မလျှောက်ပါနှင့်။ မရဘို့များသည်။” ဟုလည်း ဖော်ပြထား၏။

 

S Pass လျှောက်ဘို့ အစိုးရအသိအမှတ်ပြုကျောင်းတစ်ခုမှ ဒီပလိုမာလက်မှတ် ရ,ရမည်။ ထိုကျောင်းတစ်ခုသည် အမှန်အကန်ကျောင်းလား၊ အကြံအဖန်ကျောင်းလား ဆိုသည်ကို စစ်ရန်လည်း link ပေးထား၏။ ထို့ပြင် နိုင်ငံခြားသား တစ်ဦးကို S Pass မလျှောက်မီ ထိုရာထူးကို ဦးစွာကြော်ငြာရ၏။ ကြော်ငြာပြီး လူမရတော့မှ နိုင်ငံခြားသားအတွက် S Pass လျှောက်ခွင့်ပေး၏။ (အဘယ်ကြောင့်ကြော်ငြာရသည် စသည့် သမိုင်းကြောင်းမှာ အတန်ငယ်ရှည်သဖြင့် မပြောတော့ပါ။)

 

အကယ်၍ S Pass တစ်ဦးသည် ပုံသေလစာ ၆၀၀၀ နှင့်အထက်ရပါက မိသားစုအတွက် Dependant’s Pass လျှောက်လို့ ရ၏။

 

ဝပ်ပါမစ်သမားများက ကျွန်ုပ်ထံသို့ စုံစမ်းလာသည့် မေးခွန်းများထဲတွင် အမေးအများဆုံးမေးခွန်းများထဲမှ တစ်ခုမှာ “ကျွန်တော်တို့ S Pass လျှောက်လို့ရသလား” ဖြစ်၏။

 

ရပါသည်။ သူတို့သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်မီလျှင် ဝပ်ပါမစ်သမားများသည် S Pass ပြောင်း လျှောက်လို့ရ၏။ S Pass လျှောက်လို့ရမရကို အထက်ဖော်ပြပါ Self-assessment tool တွင် စစ်လို့ရ၏။

 

ဝပ်ပါမစ်မှ S Pass သို့ပြောင်းလျှောက်ရန် စင်ကာပူမှ​ ထွက်ပေးစရာမလို။ S Pass လျှောက်ရန်အတွက် လက်ရှိ ဝပ်ပါမစ်ကို cancel လုပ်ရန်မလို။ S Pass approve ဖြစ်ပြီဆိုမှ ဝပ်ပါမစ်ကို cancel လုပ်ပြီး S Pass ကို ပြောင်းနိုင်၏။

 

S Pass လျှောက်ထားစဉ် ဝပ်ပါမစ်သက်တမ်းကုန်သွားပါက ဝပ်ပါမစ်ကို သက်တမ်းတိုးပေးရန် အလုပ်ရှင်က MOM သို့ လျှောက်ထားနိုင်၏။

 

လစာများတိုးမြင့်လာသည့်အတွက် EP တစ်ဦးသည် ဆက်လက်၍ EP အဖြစ်မရပ်တည်နိုင်တော့ပါက S Pass ပြောင်း လျှောက်လို့ရ၏။

 

S Pass တစ်ဦးသည် PR လျှောက်လို့ရ၏။ (လျှောက်လို့ရတာပြောတာနော။ ကျမကျဆိုတာကတော့ လျှောက်ကြည့်တဲ့ အခါ သိမှာပေါ့နော။)

 

S Pass တစ်ဦးသည် ကုမ္ပဏီနှစ်ခုတွင် အလုပ်လုပ်ခွင့်မရှိ။

 

စင်ကာပူသို့ Visit Pass နှင့်လာသူများလည်း S Pass လျှောက်နိုင်၏။ သို့သော် S Pass အဖြေမသိရသေးမီ Visit Pass သက်တမ်းကုန်သွားပါက စင်ကာပူမှ ပြန်ထွက်ပေးရမည်။ အဖြေကို ကုမ္ပဏီသို့ အကြောင်းကြားမည်။

 

S Pass တစ်ဦးသည် စင်ကာပူတွင် ကိုယ်ပိုင်ကုမ္ပဏီထောင်ခွင့် မရှိ။ တိုတိုပေါက်ပြီး ပိုက်ဆံတွေ အများကြီးရှိလာလို့ ကုမ္ပဏီထောင်ချင်သပဆို S Pass ကို cancel လုပ်ပြီး EntrePass လျှောက်ရမည်။

 

S Pass တစ်ဦးအတွက် CPF ထည့်ပေးစရာမလို။

 

S Pass တစ်ဦးသည် စင်ကာပူနိုင်ငံသား၊ PR တို့နှင့် လက်ထပ်ဘို့ရာ MOM သို့ လျှောက်နေစရာမလို။ 

 

သတ်မှတ်ချက်များနှင့် ကိုက်ညီပါက S Pass မှ EP သို့ ပြောင်းလျှောက်နိုင်၏။ EP သို့ပြောင်းလျှောက်ရန် စင်ကာပူမှ​ ထွက်ပေးစရာမလို။ EP လျှောက်ရန်အတွက် လက်ရှိ S Pass ကို cancel လုပ်ရန်မလို။

 

ကုမ္ပဏီသည် S Pass တစ်ဦးအတွက် security bond ဝယ်စရာမလို။

 

S Pass တစ်ဦးသည် အခြား ကုမ္ပဏီတစ်ခုသို့ ပြောင်းလိုပါက လက်ရှိ S Pass ကို cancel လုပ်ရန်မလို။

 

စားသောက်ဆိုင်များသည် S Pass ခန့်ထားလို့မရ။ ထမင်းဆိုင်တစ်ခု၌ စားပွဲထိုးနေသည့် S Pass တစ်ဦးနှင့် ကျွန်ုပ်ဆုံခဲ့ဖူးကြောင်း အထက်တွင် ဖော်ပြခဲ့ပါ၏။ ဘာကြောင့်လဲ မမေးပါနှင့်။ ကျွန်ုပ်မသိပါ။ အဲ့လယ် 

 

ကျွန်ုပ် S Pass နှင့်လုပ်ခဲ့စဉ်က လဲဗီးကြေးမှာ ၅၀ မျှသာ ဖြစ်၏။ ကိုတာမှာလည်း ၂၅% ထိ ခွင့်ပြုထားပါသည်။ ယခုတော့ များစွာ ပြောင်းလဲသွားပါပြီ။ S Pass အတွက် လဲဗီးကြေးနှင့် ကိုတာကို screen shot ရိုက်ပါထားပါသည်။





 

EP (Employment Pass) များမှာ ပညာတတ်များဖြစ်၍ ရေးမပြတော့ပါ။ 

 

ပိုပြီး အသေးစိတ်သိလိုသေးသူများ အောက်ပါ website တို့တွင် ဖတ်နိုင်ပါ၏။

 

၁။ Employment Act

https://sso.agc.gov.sg/act/ema1968

 

၂။ Employment of Foreign Manpower Act

https://sso.agc.gov.sg/Act/EFMA1990

 

၃။ Work Pass Regulations

https://sso.agc.gov.sg/SL/EFMA1990-S569-2012?DocDate=20220930

 

၄။ MOM Website

https://www.mom.gov.sg/

 

ပြီးပါပြီ။

 

အေးငြိမ်း

၂၁ ဒီဇင်ဘာလ၊ ၂၀၂၂

စင်ကာပူတွင် အလုပ်လုပ်မည့်သူတို့ သိသင့်သောအကြောင်းအရာများ (၂)

(၄) ပါ့တိုင်းကလီနာ ညာတာပါတေး

 

ဘာတဲ့။ သူတို့ခေါ်သည့်အထဲ၌ Part time cleaner ပါ ပါသည်ဆိုပါကလား။ ဆန်းပေစွ။

မိတ်ဆွေများခင်ဗျား -

စင်ကာပူတွင် မည်သည့် Work Permit သမားကိုမှ Part Time Cleaner မခန့်ပါ။

၎င်းတို့ပြောသည့် Part time cleaner ဆိုသည့်အကြောင်း ကျွန်ုပ် ရှင်းပြပါမည်။

 

(ကျွန်ုပ် ဤအကြောင်းများကို မရေးချင်ပါ။ အသက် (၇၀) ကျော်မှ စင်ကာပူက ညာတာပါတေးများအကြောင်းကို အိတ်သွန်ဖာမှောက် ရေးရန် ကြံရွယ်ထားပါသည်။ သို့သော် လူအများ၏ မသိနားမလည်မှုကို ခုတုံးလုပ်ကာ လုပ်စားနေကြသောကြောင့် အမုန်းခံကာ ရေးလိုက်ရခြင်း ဖြစ်ပါ၏။)

(အခြားသူများလည်း မထိရအောင် ဤအပိုဒ်ကို ရေးလိုက်ဖျက်လိုက် ၃ ခါလောက်လုပ်လိုက်ရပါသည်။ အစကတော့ အတော်ပြည့်ပြည့်စုံစုံရေးရန် ကြံပါသည်။ သို့သော် မလိုလားအပ်သည့် ကိစ္စများ မပေါ်စေရန် အားလုံးပြန်ဖျက်လိုက်ပြီး အကျဉ်းချုပ်မျှသာ ဖော်ပြလိုက်ပါ၏။)

 

အေးဂျင့်၊ အိမ်ရှင်နှင့် မိန်းကလေးများပေါင်းလျက် MDW (Migrant Domestic Worker) အိမ်အကူဝပ်ပါမစ်လျှောက်၏။ တကယ်ကျလာတော့ ထိုမိန်းကလေးသည် ထိုအိမ်၌ ထိုအလုပ်ကိုမလုပ်။ သူ့ဘာသာသူအခန်းငှားနေပြီး သူ့ဘာသာသူ ခုနင်ကပြောသည့် part time cleaner လုပ်လေ၏။ 

 

အေးဂျင့်များ part time clearner အလုပ်ရမည်ဟု ခေါ်ခြင်းမှာ ဤသဘောပင် ဖြစ်ပါလိမ့်မည်။ ဤနည်းဖြင့်မဟုတ်လျှင် အခြားနည်း ဘာနည်းရှိပါသနည်း။ ကျွန်ုပ်ကတော့ မမြင်မိပါ။ MOM Website မှာ ဖော်ပြထားတာလည်း မတွေ့မိပါ။ 

 

ဝပ်ပါမစ်သမားများသည် ဝပ်ပါမစ်ပေါ်တွင် ဖော်ပြထားသည့် အလုပ်ကိုသာ လုပ်ရမည်။ ဝပ်ပါမစ်စည်းကမ်းသတ်မှတ် ချက်များကို မလိုက်နာပါက အမြင့်ဆုံး စင်ကာပူဒေါ်လာ ၂၀,၀၀၀ နှင့် ထောင် (၂) နှစ်၊ အပြစ်ပေး အရေးယူလို့ရ၏။

 

(၅) စင်ကာပူတွင် အလုပ်လုပ်ရန် ထုတ်ပေးထားသည့် Work Pass များ

 

EFMA (Work Passes) Regulations အရ ထုတ်ပေးသည့် Work Pass အမျိုးအစား (၈) မျိုးမှာ အောက်ပါအတိုင်း ဖြစ်၏။

 

(a)

work permit (including a training work permit);

(b)

S pass;

(c)

employment pass (including a training employment pass);

(d)

personalised employment pass;

(e)

EntrePass;

(f)

work holiday pass;

(g)

miscellaneous work pass; and

(h)

letter of consent.

 

ထိုအထဲမှ လူသိအများဆုံး Pass သုံးမျိုးမှာ Work Permit, S Pass နှင့် Employment Pass သုံးမျိုးဖြစ်ပြီး ဥပဒေထဲတွင် လည်း ထို pass သုံးမျိုးလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ဖော်ပြထား၏။ (ကျွန်ုပ်၏ ‘အနာဂတ်တစ်ခု ဖန်တီး တည်ဆောက်ခြင်း’ စာအုပ်ထဲတွင်မူ ထိုစည်းမျဉ်းစည်းကမ်းများကို အပြည့်အစုံ ဖော်ပြထားသော်လည်း ယခုမူ MOM Website ၌ ဖော်ပြထားသည့်အတိုင်း အကျဉ်းမျှသာ ဖော်ပြပါမည်။)

 

Work Permit ၌ နှစ်မျိုးရှိ၏။ (၁) အိမ်အကူလုပ်သားများအတွက် Work Permit for Migrant Domestic Worker ဖြစ်ပြီး နောက်တစ်မျိုးမှာ (၂) ကျန် Work Permit လုပ်သားများအတွက် ဖြစ်၏။ 

 

Work Pass သမားများအတွက် လိုက်နာရမည့် ဥပဒေနှစ်မျိုးရှိ၏။ တစ်မျိုးမှာ အလုပ်ရှင်များအတွက် ဖြစ်ပြီး နောက် တစ်မျိုးမှာ အလုပ်သမားများအတွက် ဖြစ်၏။ အလုပ်ရှင်မလိုက်နာလျှင် အလုပ်ရှင်ကို အရေးယူမည်။ အလုပ်သမား မလိုက်နာလျှင် အလုပ်သမားကို အရေးယူမည်။

 

 

(၆) ဝပ်ပါမစ် (Work Permit)

 

(၆က) အလုပ်သမား

 

ဝပ်ပါမစ်ကို မကျွမ်းကျင်လုပ်သား (သို့) ကျွမ်းကျင်လုပ်သားများအတွက် ထုတ်ပေး၏။ ပါမစ်သက်တမ်းမှာ များသော အားဖြင့် (၂) နှစ်ဖြစ်သော်လည်း (၁) နှစ်သာ ထုတ်ပေးသည့်ဝပ်ပါမစ်များလည်းရှိ၏။ ပါမစ်သက်တမ်းမှာ အလုပ်သမား၏ ပတ်စ်ပို့သက်တမ်း၊ Security bond နှင့် အလုပ်ခန့်ထားသည့် သက်တမ်းစသည်တို့ပေါ် မူတည်၏။ 

 

၁။ ဝပ်ပါမစ်အလုပ်သမားသည် ဝပ်ပါမစ်ပေါ်တွင် ဖော်ပြထားသည့် အလုပ်ရှင်၌သာလုပ်ရမည်။ ဝပ်ပါမစ်ပေါ်တွင် ဖော်ပြ ထားသည့် အလုပ်ကိုသာလုပ်ရမည်။

 

၂။ ဝပ်ပါမစ်အလုပ်သမားကို စင်ကာပူ၌ မည်သည့်စီးပွားရေးလုပ်ငန်းမှ လုပ်ခွင့်မပြု။ အခြားစီးပွားရေးလုပ်ငန်းများ၌ လည်း ပါဝင်ခွင့်မပြု။

 

၃။ ဝပ်ပါမစ်အလုပ်သမားသည် အလုပ်ရှင်က ပေးထားသည့် နေရာ၌သာ နေရမည်။ အကယ်၍ အလုပ်ရှင်က ပေးထား သည့်နေရာ၌ မနေဘဲ အခြားတစ်နေရာ၌ နေမည်ဆိုပါက မိမိနေမည့်နေရာကို အလုပ်ရှင်အား အသိပေးရမည်။ အလုပ်ရှင်သည် အလုပ်သမားနေမည့် နေရပ်လိပ်စာကို MOM သို့ သတင်းပို့ရမည်။

 

၄။ ဝပ်ပါမစ်အလုပ်သမားသည် စင်ကာပူနိုင်ငံအတွင်း သွားလာသည့်အခါ မူရင်းဝပ်ပါမစ်ကဒ်ကို အမြဲယူသွားရမည်။ အစိုးရအရာရှိများက တောင်းဆိုသည့်အခါ ထုတ်ပြရမည်။

 

၅။ MOM ၏ အတည်ပြုချက်မရပဲ စင်ကာပူနိုင်ငံတွင်း၌သော်၎င်း၊ စင်ကာပူနိုင်ငံပြင်ပတွင်သော်၎င်း စင်ကာပူနိုင်ငံသား (သို့) စင်ကာပူနိုင်ငံ၌ အမြဲနေထိုင်ခွင့်ရသူ (Permanent Resident) နှင့် လက်မထပ်ရ။ ဤအချက်မှာ ဝပ်ပါမစ်ကို ပယ်ဖျက်ပြီးသည့်နောက်/သက်တမ်းကုန်သွားသည့်နောက်၌ပင် အကျုံးဝင်၏။

 

၆။ (MOM ၏ အတည်ပြု ချက်ဖြင့် စင်ကာပူနိုင်ငံသား (သို့) စင်ကာပူနိုင်ငံ၌ အမြဲနေထိုင်ခွင့်ရသူနှင့် လက်ထပ်ပြီးသူများမှ အပ) ဝပ်ပါမစ်သမားသည် စင်ကာပူနိုင်ငံ၌ အလုပ်လုပ်နေစဉ် ကိုယ်ဝန်မဆောင်ရ။ ကလေးမမွေးရ။

 

၇။ ဝပ်ပါမစ်ပေါ်၌ ဖော်ပြထားသည့် လုပ်ငန်း (Sector) ၌သာ လုပ်ရမည်။ ဝပ်ပါမစ်ပေါ်၌ ဆောက်လုပ်ရေးဟု ဖော်ပြထားလျှင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု၌သာ လုပ်ရမည်။ သင်္ဘောကျင်း၊ ကုန်ထုတ်လုပ်ငန်းတို့၌ လုပ်ခွင့်မပြု။

 

၈။ အိမ်အကူလုပ်သားဖြစ်ပါက ဝပ်ပါမစ်ကဒ်ပေါ်၌ ဖော်ပြထားသည့် အလုပ်ရှင်အတွက်သာလုပ်ရမည်။ အလုပ်ရှင်က ၎င်း၏ မိဘများအိမ်၊ သားသမီးများအိမ်၌ လုပ်ရန်ခိုင်းလာလျှင် မလုပ်နိုင်ကြောင်းငြင်းရမည်။ ဝပ်ပါမစ်ကဒ်ပေါ်၌ ဖော်ပြ ထားသည့် လိပ်စာ၌သာ နေရမည်။ (အချို့ အိမ်ရှင်များသည် နောက်တစ်ဦးကို အိမ်အကူလုပ်သားအဖြစ်ခန့်ကာ ၎င်း မွေးထားသည့်ခွေးများကို ကြည့်ရှုစောင့်ရှောက်ခိုင်းတာများလည်း ရှိ၏။ အိမ်အကူလုပ်သားအဖြစ် ခန့်ထားပါက အိမ်အကူလုပ်ငန်းများကိုသာ ခန့်ပိုင်ခွင့်ရှိ၏။)(အိမ်အကူပြဿနာများမှာ များစွာရှိ၏။ နောင်တချိန်တွင် ကျွန်ုပ် အပြည့်အစုံရေးပြီး စာအုပ်ထုတ်ဘို့ ကြံရွယ်ထားပါသည်။ ယခုတော့ မရေးပါရစေနှင့်ဦး။)

 

၉။ မည်သည့်နေ့မဆို ည ၁၀း၃၀ နာရီမှ မနက် ၇း၀၀ နာရီထိ အများပြည်သူပိုင်နေရာများတွင် အရက်မသောက်ရ။

 

၁၀။ ရန်မဖြစ်ရ။ သည်ကနေ့ရန်ဖြစ်လျှင် မနက်ဖြန် ပြန်ပို့ခံရမည်။

 

၁၁။ အခြားလူမျိုး၊ ဘာသာများကို စော်ကားမော်ကားမလုပ်ရ။ သည်ကနေ့လုပ်လျှင် မနက်ဖြန် ပြန်ပို့ခံရမည်။

 

၁၂။ မည်သည့်နိုင်ငံရေး လှုပ်ရှားမှုမျိုးကိုမှ မလုပ်ရ။ လုပ်လျှင် အဖမ်းခံရမည်။

 

အခြား စည်းမျဉ်းစည်းကမ်းများစွာရှိသေးသော်လည်း အကျယ်မချဲ့တော့ပါ။

 

 

(၆ခ) အလုပ်ရှင်

 

၁။ အလုပ်သမားတစ်ဦးစီအတွက် စင်းဒေါ်လာ ၅၀၀၀ တန် Security bond ဝယ်ရမည်။

၂။ အလုပ်သမားတစ်ဦးစီအတွက် တစ်နှစ်လျှင် စင်းဒေါ်လာ ၁၅၀၀၀ တန် ဆေးအာမခံ (Medical Insurance) ဝယ်ရမည်။ (အချို့ကုမ္ပဏီများသည် အလုပ်ရှင်အလုပ်သမား ကန်ထရိုက်စာချုပ်၌ ဆေးကုသစရိတ်ကို ကုမ္ပဏီက တစ်နှစ်လျှင် ၄၀၀ ပေးမည်။ ကျန်သည့်ကုန်ကျစရိတ်များကို အလုပ်သမားက ကျခံရမည်ဟု ရေးထားတတ်၏။ ဤကဲ့သို့ ရေးထားလျှင် ထိုစာချုပ်ကို လက်မှတ်မထိုးပါနှင့်။ ကုမ္ပဏီက အကုန်အကျခံရမည့် ဆေးအာမခံမှာ ၄၀၀ မဟုတ်။ တသောင်းခွဲ ဖြစ်၏။)(ဤစာချုပ်မျိုး အလုပ်သမားတစ်ဦးထံ၌ တွေ့ဖူးပါသည်။ အလုပ်သမားများ၏ မသိနားမလည်မှုကို အသုံးချကာ ကုမ္ပဏီက မတရားလုပ်ခြင်းဖြစ်၏။)

၃။ အစိုးရကတက်ခိုင်းသည့် မဖြစ်မနေတက်ရသော သင်တန်းများ (ဥပမာ - FWSIP, AWSHCS စသည်) အတွက် သင်တန်းကြေးကို ပေးရမည်။

၄။ အလုပ်သမားအတွက် အစိုးရကိုသွင်းရသည့် လဲဗီးကြေးကို ပေးဆောင်ရမည်။

၅။ ဝပ်ပါမစ်လျှောက်ခ၊ သက်တမ်းတိုးခတို့ကို ပေးရမည်။

၆။ အိမ်အကူလုပ်သားဖြစ်လျှင် ၆ လတကြိမ်လုပ်ရသော အိမ်အကူ၏ ဆေးစစ်ခကို အိမ်ရှင်က ပေးရမည်။

၇။ အလုပ်သမားအတွက် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသော နေရာထိုင်ခင်းတစ်ခု စီစဉ်ပေးရမည်။

၈။ အလုပ်သမားတစ်ဦးကို သက်တမ်းကုန်၍ဖြစ်စေ၊ ရန်ဖြစ်၍ ပြန်ပို့လျှင်ဖြစ်စေ၊ အလုပ်ဖြုတ်ပြီးပြန်ပို့လျှင်ဖြစ်စေ၊ မည်သည့်အကြောင်းကြောင့် ပြန်ပို့ပို့၊ ပြန်ပို့သည့် လေယာဉ်လက်မှတ်ခကို ကုမ္ပဏီက ဝယ်ပေးရမည်။

၉။ ၂၀၂၂ ဧပြီလ ၁ ရက်နေ့မှစကာ ဆောက်လုပ်ရေး၊ သင်္ဘောကျင်း၊ ကုန်ထုတ်လုပ်ငန်းများ၌ လုပ်ကိုင်သည့် အလုပ်သမားများအတွက် Primary Care Plan ဝယ်ရမည်။

၁၀။ ၎င်းတို့ကုမ္ပဏီ၌ အလုပ်ခန့်ထားရသည်ဟူသည့် အကြောင်းပြချက်ဖြင့် အလုပ်သမားဆီက အေးဂျင့်ခ တောင်းမယူရ။

၁၁။ လခကို တစ်လတစ်ကြိမ် ထုတ်ပေးရမည်။ လခကို လခထုတ်ရက်မှ (၇) ရက်အတွင်း ပေးရမည်။ အချိန်ပိုကြေးကို လခထုတ်ရက်မှ (၁၄) ရက်အတွင်း ပေးရမည်။

၁၂။ အလုပ်သမားအား လစာ၊ နစ်နာကြေးစသည်တို့ အကြေမပေးချေဘဲ ၎င်းနိုင်ငံသို့ ပြန်မပို့ရ။

၁၃။ အလုပ်ခွင်၌ မတော်တဆမှုဖြစ်လျှင် ဆေးကုသစရိတ်၊ ဆေးခွင့်ခံစားခွင့်နှင့် တသက်တာမသန်မစွမ်းဖြစ်မှုအတွက် တလုံးတခဲတည်းခံစားခွင့်ရှိသည့် နစ်နာကြေးများ ပေးရမည်။ (ဤအပိုင်းသည် အတန်ကျယ်ပြန့်သဖြင့် အသေးစိတ် မဖော်ပြတော့ပါ။ WICA ဟူသည့်ခေါင်းစဉ်ဖြင့် ကျွန်ုပ် ဗီဒီယိုရိုက်ကာ တင်ပြထားပါသည်။ ရှာဖွေနားထောင်ကြည့်ကြပါ။)

၁၄။ ဝပ်ပါမစ်ပေါ်၌ ဖော်ပြထားသည့်အလုပ်မှလွဲ၍ အခြားအလုပ်များ မခိုင်းရ။ (ဥပမာ - ဝပ်ပါမစ်ပေါ်၌ Construction Worker ဟု ဖော်ပြထားပါက သူပိုင် စားသောက်ဆိုင်၌ သန့်ရှင်းရေးလုပ်ရန် ခိုင်းပိုင်ခွင့်မရှိ။)

၁၅။ အလုပ်သမားသည် အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်လုပ်ခွင့်မရှိ။ လိုင်စင်မရှိဘဲ အေးဂျင့်လုပ်လျှင် စင်းဒေါ်လာ ရှစ်သောင်းဒဏ်ရိုက်ခံရမည်။ ထောင် (၂) နှစ်ချမည်။

 

 

(၆ဂ) ခံစားပိုင်ခွင့်

 

အလုပ်သမားများသည် MOM က မိမိကို ထုတ်ပေးထားသည့် IPA letter ကို သေချာစွာ နားလည်ထားသင့်၏။ အခြား သူများပြောစကားကို နားမယောင်ပါနှင့်။ MOM က ထုတ်ပေးထားသည့် IPA letter ပါ အချက်အလက်များသာ တရားဝင်သည်။ အလုပ်ရှင်က ထုတ်ပေးသည့် ကန်ထရိုက်စာချုပ်သည် (၁) IPA letter နှင့် (၂) ဥပဒေပါ အချက်အလက်များနှင့် ကိုက်ညီရမည်။

 

အလုပ်သမားသည် ကန်ထရိုက်စာချုပ်၌ ဖော်ပြထားသည့် အသိပေးရမည့်ကာလ (Notice period) အတိုင်း အသိပေးလျက် မည်သည့်အချိန်၌မဆို အလုပ်ထွက်၍ ရ၏။ ဥပမာ - စာချုပ်ထဲ၌ တစ်လကြိုတင် အသိပေးရမည် ဟု ဖော်ပြထားလျှင် တစ်လအသိပေးလျက် အလုပ်ထွက်နိုင်၏။ အကယ်၍ တစ်လလုပ်မပေးချင်လျှင် တစ်လစာ ပေးလျော်၍ ထွက်နိုင်၏။ အလုပ်သမားက အလုပ်ထွက်ချင်သည်ကို အလုပ်ရှင်သည် မထွက်ရဟု အတင်းအကြပ် တားမြစ်လို့မရ။ တားမြစ်ပါက MOM သို့ သွားတိုင်ပါ။

 

အလုပ်လုပ်သည့် အလုပ်သမားတိုင်း တစ်ပတ်တစ်ရက် နားရက်ရ၏။ ထိုနေ့သည် တနင်္ဂနွေသော်၎င်း၊ အခြားတနေ့သော်၎င်း ဖြစ်နိုင်၏။ ထိုနေ့တွင် အလုပ်မဆင်းရလျှင် ပိုက်ဆံမရ။ အလုပ်ဆင်းရလျှင် နှစ်ဆရမည်။

 

နေထိုင်မကောင်း၊ ဖျားနာခြင်းများအတွက် တနှစ်လျှင် ဆေးခွင့် (၁၄) ရက်၊ ဆေးရုံတက်ခွင့် အရက် (၆၀) ရ၏။ ထိုရက်များတွင် အခြေခံလစာအပြည့် ခံစားခွင့်ရှိ၏။ 

 

လုပ်ငန်းခွင်၌ မတော်တဆမှုဖြစ်ပါက ဆေးခွင့် (၁၄) ရက်၊ ဆေးရုံတက်ခွင့် အရက် (၆၀) ရ၏။ ထိုရက်များတွင် အခြေခံလစာအပြည့် ခံစားခွင့်ရှိ၏။ ထိုရက်များထက်ပိုလျင် ဆေးခွင့် (၁၅) ရက်မြောက်နေ့မှသည် တနှစ်အထိ၊ ဆေးရုံတက်ခွင့် (၆၁) မြောက်နေ့မှသည် တနှစ်အထိ အခြေခံလစာ၏ သုံးပုံနှစ်ပုံ ခံစားခွင့်ရှိ၏။

 

နားမလည်သော စာရွက်စာတမ်းများ၊ သဘောမတူသော စာရွက်စာတမ်းများ၊ ဘာမှမရေးထားသည့် စာရွက်စာတမ်းများ၊ မမှန်မကန်ရေးထားသည့် လခပြေစာများကို လက်မှတ်မထိုးပါနှင့်။ ကုမ္ပဏီက အတင်းအကြပ်လက်မှတ်ထိုးလာလျှင် MOM ကို တိုင်ပါ။

 

တနေ့လျှင် သာမန်လုပ်ချိန် (၈) နာရီ (ပုံမှန်အားဖြင့် မနက် ၈ နာရီမှ ညနေ ၅ နာရီထိ)။ တပတ်လျှင် သာမန် အလုပ်လုပ်ချိန် (၄၄) နာရီဖြစ်၏။ (တနင်္လာမှ သောကြာထိ မနက် ၈ နာရီမှ ညနေ ၅ နာရီ + စနေ မနက် ၈ နာရီမှ နေ့ခင်း ၁၂ နာရီထိ) - ထိုအချိန်တွင် အခြေခံလုပ်ခရမည်။ ထို့ထက်ပိုသည့် အလုပ်ချိန်များအတွက် အချိန်ပိုလုပ်အားခ ရမည်။ အချိန်ပိုလုပ်အားခမှာ အခြေခံလခ၏ တစ်ဆခွဲ ဖြစ်၏။

 

တနာရီလုပ်ခကို ဖော်ပြထားသည့် ပုံသေနည်းအရ တွက်နိုင်၏။ ဤတွင်ဖော်ပြထားသည့် အခြေခံလစာမှာ IPA letter ထဲ၌ ဖော်ပြထားသည့် Basic salary ဖြစ်၏။

 

 

ဝပ်ပါမစ်အကြောင်း အသေးစိတ်သိလိုသူများ ကျွန်ုပ်၏ ရွှေငြိမ်းဘလောက်တွင် ဖတ်နိုင်ပါသည်။

 

http://shwenyein.blogspot.com/2015/07/work-permit.html


ဆက်ပါဦးမည်။


အေးငြိမ်း

20/12/2022

စင်ကာပူတွင် အလုပ်လုပ်မည့်သူတို့ သိသင့်သောအကြောင်းအရာများ (၁)

() အင်္ဂါဂြိုဟ်သို့ အပြီးတိုင် ခရီးထွက်သွားပြီဖြစ်သည့် လောကပါလတရား

 

မြန်မာနိုင်ငံအခြေအနေကြောင့် လက်ရှိအနေအထားတွင် နိုင်ငံခြားသို့ ထွက်လိုသူများ အလွန်အမင်း များပြားလျက်ရှိ၏။ အများစုမှာ နိုင်ငံခြား၌ အလုပ်လုပ်ဖို့အရေးသာသိပြီး မည်ကဲ့သို့သော အလုပ်များရှိသည်၊ မည်သည့်အလုပ်များ လုပ်လို့ မရ စသည်တို့ကို ဘာမှမသိ။ ဤသည်ကပင်လျှင် လူလိမ်များအတွက် လိမ်ဘို့ရာ အလွန်ကြီးမားသော အခွင့်အလမ်း ကောင်းကြီးတစ်ခု ဖြစ်နေပေတော့၏။ 

 

လောကပါလတရားတို့သည် (၂၁) ရာစုတွင် အားလုံးဆိတ်သုဉ်းကုန်ပြီထင်၏။ 

လူတို့သည် လုပ်ရကောင်းမှန်း မသိ၊ မလုပ်ရကောင်းမှန်းမသိ။ အကုန်လုပ်ကြ၏။

ပိုက်ဆံရဘို့ဆိုလျှင် တပါးသူ ဘယ်လိုနေနေ၊ ဘ​ယ်လို ဒုက္ခ ရောက်ရောက်၊ လုပ်လို့ရသမျှ အကုန်လုပ်ကြလေကုန်၏။

ဒီပိုက်ဆံတွေကို သူတို့ဘယ်လို ခက်ခက်ခဲခဲရှာလာရတယ် ဆိုတာ သူတို့အလုပ်မဟုတ်။ 

သူတို့သိသည်မှာ သူ့အိတ်ထဲက ပိုက်ဆံ၊ ကိုယ့်အိတ်ထဲ ရောက်လာရေးသာ ဖြစ်၏။

ဟိုနိုင်ငံရောက်လို့ သူတို့ ဘယ်လိုဒုက္ခတွေ တွေ့လိမ့်မယ်ဆိုတာ သူတို့စိတ်မဝင်စား။

ပိုက်ဆံ မြိုးမြိုးမျက်မျက်ကို နေ့မဆိုင်း၊ ညမဆိုင်းရဘို့အရေးသာ သူတို့ စိတ်ဝင်စား၏။

 

လိမ်လို့ပဲ ရောက်ရောက်၊ ညာလို့ပဲ ရောက်ရောက်၊ ခိုးလို့ပဲ ဖြစ်ဖြစ်၊ ဝှက်လို့ပဲဖြစ်ဖြစ်၊ တရားလို့ပဲ ရရ၊ မတရားလို့ပဲ ရရ။ 

ပိုက်ဆံရဘို့ဆို ရှိသမျှနည်းအားလုံးသုံးကာ လုပ်ကြလေကုန်၏။

စိတ်ပျက်စရာကောင်းလှသော လောကကြီးပါပေတည်း။

သည်လောကမှာ လူကောင်းသူကောင်းများ ကျန်မှ ကျန်ပါသေး၏လောဟု ကျွန်ုပ် တခါတခါ အတော် စိတ်ကုန်မိလေ၏။

 

(၂) လိမ်ပုံလိမ်နည်း နိဿရည်း

 

ယခုနှစ် စက်တင်ဘာလ ဒုတိယပတ်က ရန်ကုန်၊ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ဆိုကာ ပင်းတယမြို့နယ်မှ လူ (၂၀) ကို တဦးလျှင် သိန်း (၂၀) နှင့် မလေးရှားပို့ပေးမယ်ပြောပြီး ဟဲဟိုးလေယာဉ်ပေါ်တင်ပေးလိုက်သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့၏။ ဤသည်မှာ သိပ်တော့မဆန်းလှပါ။ ဟိုးယခင်နှစ်များကလည်း ကိုးရီးယားဆိုပြီး ပုဂံလေယာဉ်ပေါ် တင်ပေးခဲ့ဖူးလေပြီ။

 

ယခုလည်း တစ်ဦးလျှင် (၂၆) သိန်းနှင့် လူပေါင်း (၁၀၀)​ ထံမှ ပိုက်ဆံလိမ်လည်မှု ဖြစ်ပြန်လေပြီ။ ဤလိမ်နည်းမှာလည်း သိပ်တော့ အသစ်အဆန်းမဟုတ်။ ယခင်ကလည်း ထိုနည်းအတိုင်း လိမ်ခဲ့ဖူးပြီဖြစ်၏။ ယခုကတော့ လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်ခြင်းမျှသာတည်း။ (အသေးစိတ်သိရလျှင် ပြန်တင်ပေးပါမည်။)

 

လိမ်နည်းမှာသိပ်တော့ မခဲယဉ်းပါ။ လူတိုင်းသိသည့် နည်းများစွာထဲက အင်မတန်ရိုးစင်းလှသည့် နည်းတစ်နည်းမျှ ဖြစ်ပါ၏။ ဤနည်းကိုသုံးဘို့ အသင့်တွင် “စာနာတတ်သည့် နှလုံးသား” မရှိဘို့ တစ်ခုသာ လိုပါသည်။

 

၁။ မြို့လယ်ခေါင်၌ အခန်းကြီးတစ်ခန်း (ထရိတ်ဒါးလို ဟော်တယ်ကြီးတစ်ခု၏ အခန်းဆိုပါက ပိုကောင်း၏။) ငှားပါ။

၂။ ထိုအခန်းကို ပိုက်ဆံခပ်ပေါပေါသုံးလျှက် မြင်လိုက်ရရုံနှင့် ရင်တုံပန်းတုံဖြစ်သွားလောက်အောင် ကျကျနန ခမ်းခမ်း နားနား အပျံစား ရုံးခန်းကြီးတစ်ခုအဖြစ် အသွင်ပြောင်းပါ။

၃။ ကုမ္ပဏီဆိုင်းဘုတ်ကြီးကိုလည်း ရွှေရောင်စာလုံးအကြီးကြီးတွေ၊ မြင်ရရုံနှင့် အဖျားဒီဂရီ (၁၀၄) လောက်ရောက် သွားအောင်ပြင်ဆင်လျက် ချိတ်ဆွဲထားပါ။

၄။ သွက်သွက်လက်လက်၊ ချက်ချက်ချာချာ ပြောတတ်ဆိုတတ် အလန်းဇယားလေး (၃) ယောက်လောက်ကို မီနီစကဒ်နှင့် မနေ့ကမှ ဆိုင်ကရွေးလာသည့် အနောက်တိုင်းဝတ်စုံ နက်ပြာရောင်များ ဆင်ပေးထားပါ။ ကိုးရီးယား မင်းသားလေးများကပင် အရှူံးပေးရမည့် အင်မတန်မှလည်း မျက်နှာချို၊ အပြောကောင်းလှသည့် ကောင်လေး (၃) ယောက်လောက်ကိုလည်း အနောက်တိုင်း၏ ဟိုဘက်ခပ်ကျကျနိုင်ငံမှ ဝတ်စုံများ ဆင်ပေးထားပါ။ ၎င်းတို့စီးထားသည့် ရှူးဖိနပ်များမှာ ပြောင်လက်နေပါစေ။

၅။ Lever Arch ရုံးသုံးဖိုင်ကြီးများကို အနည်းဆုံး အခု (၂၀၀) လောက်ဝယ်ပြီး အထဲ၌ “ဒန်အိုးပေါက်၊ ကြေးအိုးပေါက်” သမားထံမှ စက္ကူများကို ပိဿာချိန်နှင့်ဝယ်လျှက် အပြည့်ဖြည့်။ အနည်းဆုံး မတ်တပ်ဘီရိုကြီး (၄) လုံး၊ ဘီရိုအနိမ့် (၂) လုံးလောက်တွင် အပြည့်ဖြည့် ထားပါ။

၆။ ထိုဘီရိုများပေါ်တွင် အင်္ဂါဂြိုဟ်၊ ပလူတိုဂြိုဟ်တို့မှရလာသည့် ဘာလက်မှတ်၊ ညာလက်မှတ် စသည်တို့ကို မှန်ဘောင် ကြီးများသွင်းလျက် ထောင်ထားပါ။ ဈေးထဲတွင် တစ်ခု ၁၅၀၀ လောက်ပေးရသည့် ပလတ်စတစ် ထရိုဖီလေး (၃) (၄) ခုလောက် ထားနိုင်လျှင် ပိုကောင်းပါသည်။

၇။ မန်နေဂျာရုံးခန်းတွင်း၌မူ တစ်နေ့လျှင် အနည်းဆုံး ဘီယာ (၃) ပုလင်းမျှသောက်ထားသည့် ဗိုက်နှင့် ကိုယ်အလေးချိန် အနည်းဆုံး ပေါင် (၃၀၀) ခန့်ရှိသူ (မေးနှစ်ထပ်ဖြစ်ရမည်) တစ်ဦးသည် လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ၊ မှန် သေးသေးလေးပါသည့် မျက်မှန်ကို တပ်လျှက် အင်္ဂလိပ်သတင်းစာကြီးတစ်စောင်ကို ဟန်ပါပါနှင့် ဖတ်နေစေရမည်။ (သတင်းစာမှာ မည်သည့်နိုင်ငံ၊ မည်သည့်ခုနှစ်ထုတ် စသည်တို့မလိုပါ။ စာရွက်ကြီးလျက် အင်္ဂလိပ်စာလုံးများပါလျှင် ရပါပြီ။)

၈။ တခန်းကို အင်တာဗျူးမည့်အခန်းနှင့်တူအောင် ပြင်လျှက် အခန်းဝ၌ “အခွင့်မရှိ မဝင်ရ” ဟူသော ဆိုင်းဘုတ် ချိတ်ထားရမည်။

၉။ အခန်းရှေ့တွင် လုံခြုံရေးနှစ်ဦးကို နေ့စားနှင့်ငှားလျက် ချထားရမည်။ လုံခြုံရေးများမှာ ဗလတောင့်ရမည်။ တက်တူးများပါနိုင်လျှင် ပိုကောင်း၏။

 

အားလုံးပြင်ဆင်ပြီးသွားပြီဆိုလျှင် မလေးရှား၊ စင်ကာပူ၊ ဒူဘိုင်း၊ ယူအေအီး၊ ဂျပန်၊ ကိုးရီးယားနိုင်ငံများ၌ မည်သည့် အလုပ်များအတွက် လူများခေါ်နေကြောင်း၊ အလျင်အမြန်လိုအပ်နေသဖြင့် မည်သည့်နေ့ နောက်ဆုံးထား လျှောက်ရမည် ဖြစ်ကြောင်း စသည်များကို တစ်မျိုးလျှင် အနည်းဆုံး ကြော်ငြာစာရွက် ၃၀၀၀ ထောင်ခန့် ရိုက်နှိပ်ဖြန့်ဝေပါ။ ကြော်ငြာ စာရွက်သည် ကြွေစက္ကူ ဖြစ်ရမည်။ ကြော်ငြာတိုင်းတွင် လေယာဉ်ပျံပုံ၊ ဟိုနိုင်ငံက စက်ရုံပုံများ ပါရမည်။

 

ထိုနိုင်ငံများအတွက် အလုပ်လျှောက်လွှာများကို တစ်မျိုးစီလျှင် အနည်းဆုံး ၅၀၀ ခန့်ရိုက်နှိပ်ပါ။ 

 

အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် လုပ်ငန်းစလို့ရပါပြီ။

 

လာသမျှလူအားလုံးကို လျှောက်လွှာတစ်စောင်လျှင် (၁၀၀၀) နှုန်းဖြင့်ရောင်းပါ။ မျက်နှာကို အချိုသာဆုံး ပြုံးထားပါ။ အလုပ်များမှာ အလျင်အမြန်လိုအပ်နေသဖြင့် နက်ဖြန်၊ သဘက်သွားရတော့မည်။ မည်သည့်နေရာကိုမှ ခရီးမလွန်ပါ စေနှင့်။ ကျွန်ုပ်တို့နှင့် အဆက်အသွယ် မပြတ်ပါစေနှင့် စသည့် စကားများကို ကောင်မလေးထံမှ အဖြေတောင်းနေသည့် သကောင့်သားလေးဟန်ဖြင့် တတွတ်တွတ် မှာနေရမည်။

 

ထိုအခါတွင်ကား -

အသင်တို့ ပိုက်ဆံကို သဲ့ယူသလိုရပါလိမ့်မည်။

နောက်ရောက်လာသူများကို ခပ်တည်တည်နှင့် နေရာလပ်မကျန်တော့လို့ပါ။ နောက်အသုတ် သိပ်မကြာခင် လာပါလိမ့်မယ်၊ အဲဒီတော့မှ ထပ်လာပါ ဟု ရုပ်တည်တည်နှင့် ငြင်းလွှတ်ပါ။

သည်မျှဆိုလျှင် ဒုံးမဝေးသည့် အသင်မိတ်ဆွေတို့ သဘောပေါက်ပါပြီ။

 

အသင်တို့သည် အဘယ်ကြောင့် စင်ကာပူလာပြီး ဒုက္ခခံနေပါမည်နည်း။ 

ပိုက်ဆံဆိုသည်မှာ ရှာရလွယ်ပါဘိတောင်း။

 

(၃) အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း

 

၂၀၀၈ ခုနှစ်က ကျွန်ုပ် “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” ဟူသည့် စာအုပ်တစ်အုပ် ရေးထုတ်ခဲ့ပါသည်။ စင်ကာပူသို့ အလုပ်လာလုပ်လိုသည့် လူငယ်များအတွက် ရည်ရွယ်ရေးသားခဲ့ခြင်း ဖြစ်၏။ 

 

ထိုစာအုပ်တွင် လပ်ဂေ့ချ်ပြင်ခြင်း၊ ဗီဇာလျှောက်ခြင်း၊ လေယာဉ်လက်မှတ်ဝယ်ခြင်း၊ လေယာဉ်စီးခြင်း၊ မိမိလပ်ဂေ့ချ်ကိုရွေးခြင်း အစရှိသည်မှ အစ -

 

စင်ကာပူတွင် အလုပ်လုပ်နိုင်သည့် Work Passes များ အကြောင်း၊ ၎င်းတို့လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ အကြောင်း၊ မိမိဘဝတိုးတက်ရေးအတွက် စင်ကာပူတွင် တက်နိုင်သော သင်တန်းများအကြောင်း၊ 

 

စင်ကာပူပညာရေးစနစ်၊ စင်ကာပူလူနေမှုစနစ်၊ စင်ကာပူမှ သယ်ယူပို့ဆောင်ရေး၊ အစားအသောက်များ အလယ် -

 

စင်ကာပူတွင် ပြစ်မှုကျူးလွန်လျှင် မည်ကဲ့သို့အပြစ်ပေး အရေးယူသည်။ မည်သည့်ပြစ်မှုများ ကျူးလွန်လျှင် ကြိမ်ဒဏ်၊  သေဒဏ်ပေးခြင်း ခံရမည် အစရှိသည်တို့ အဆုံး -

 

တော်တော်ပြည့်ပြည့်စုံစုံ ရေးထားပါသည်။

 

ပြောင်းလဲလာသည့် အခြေအနေများနှင့်လိုက်လျောညီထွေစွာ ပြန်ပြင်လျက် ဤစာအုပ်ကို ၂၀၁၁ တွင် ပြန်ထုတ်ရန် ကြံစည်ခဲ့ပါသေးသည်။ သို့သော် တဝက်တပြက်သာ ပြင်နိုင်ပြီး စာအုပ်ဖြစ်မလာခဲ့ပါ။

 

၂၀၁၇ ကလည်း တကြိမ် ကြိုးစားခဲ့ပါသေး၏။ သို့သော် အခြားစာအုပ်များ ရေးနေသည်နှင့် မအားလပ်သောကြောင့် ထိုစာအုပ်ကို ထပ်မထုတ်ဖြစ်ခဲ့ပြန်ပါ။ ယခုဆို ၁၄ နှစ်မျှ ကြာခဲ့ပါပြီ။ ကျွန်ုပ် ရေးထားသမျှ အားလုံးကို Shwe Nyein Blog တွင် တင်ထားပါသည်။ ဖတ်လိုသူတို့ 2008, 2009 post များတွင် ဖတ်နိုင်ပါသည်။ သို့သော် အချက်အလက် တော်တော် များများ ပြောင်းကုန်ပါပြီ။ 

 

ယခုလည်း ထပ်မံစိတ်ကူးမိပြန်ပါပြီ။ 

တခြားစာအုပ်များကို မကိုင်ဘဲ သူ့ချည်းဇောက်ချလုပ်လျှင် (၆) လလောက်ဆို စာတစ်အုပ် ဖြစ်လာနိုင်၏။

ဂွကျသည်မှာ လူများသည် ကျွန်ုပ် အပြည့်အစုံပေးထားသည့် သတင်းစကားကို အချိန်ပေးဖတ်ရှုလေ့လာ မှတ်သား ဘို့ထက် အပြောကောင်းကောင်းနှင့် ပြောသူများစကားကိုသာ (ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ)  နားယောင် နေကြခြင်း ဖြစ်၏။ ကျွန်ုပ် ထိုစာအုပ် ဆက်မထုတ်ဖြစ်ရခြင်းမှာ ထိုအကြောင်းသည် အဓိကအကြောင်းတစ်ခု ဖြစ်ပါသတည်း။ 


ဆက်ပါဦးမည်။


အေးငြိမ်း

19/12/2022