Showing posts with label Education. Show all posts
Showing posts with label Education. Show all posts

Thursday, February 26, 2026

မြန်မာစာ၊ မြန်မာမှု

(၁)

 

ကျွန်ုပ် စိတ်ကူးချိုချိုမှထုတ်သော မြန်မာစာ၊ မြန်မာမှုကို ဖတ်ရ၏။

စာအုပ်ကလေးမှာ သိပ်ပင်မကြီးလှသော်လည်း အင်မတန် အဖိုးတန်သောစာများ ဖြစ်၏။

 

ထိုစာအုပ်ထဲတွင် -

မြန်မာစကားအကြောင်း၊ မြန်မာစကားပြေအကြောင်း၊ မြန်မာပြဇာတ်စာပေအကြောင်း၊ မြန်မာကဗျာအကြောင်း၊ မြန်မာဝတ္ထုတိုအကြောင်း၊ မြန်မာဝတ္ထုအကြောင်း၊ မြန်မာသတင်းစာအကြောင်း၊ မြန်မာမဂ္ဂဇင်းအကြောင်း၊ မြန်မာစာပေသမိုင်းအစ စသည်တို့ပါ၏။

မြန်မာစာအကြောင်း စိတ်ဝင်စားသူတို့ ဤစာအုပ်ကလေးကို ဖတ်သင့်လှ၏။

ဤစာအုပ်၌ မြန်မာစာ ဖြစ်ပေါ်တိုးတက်လာပုံအကြောင်း လေ့လာခွင့်ရမည်။

 

ဤသည်တို့မှာ ဆရာကြီးများ ပြုစုထားသည့် စာတမ်းများ ဖြစ်၏။

ကျွန်ုပ် ဆရာကြီးဦးဝန် (မင်းသုဝဏ်) ၏ မြန်မာစကားအကြောင်းကို ဖတ်တာ ဆယ်ရက်၊ နှစ်ပတ်လောက် ဖတ်ရ၏။ အဘယ်ကြောင့်ဆိုသော် ဆရာကြီး၏ စာတမ်းထဲ၌ သိစရာ၊ တတ်စရာ၊ မှတ်စရာ၊ လေ့လာစရာတွေ များလှ၏။ ဤသိစရာများကိုကျော်ပြီး ကျွန်ုပ် ရှေ့ဆက်မသွားနိုင်။

 

ဥပမာ - စာတမ်းထဲ၌ “ရှင်မဟာရဋ္ဌသာရက ကိုးခန်းပျို့၊ အပိုဒ် ၂ တွင် “အိန့်၊ မိန့်၊ ထိန့်” ရေးထုံးကို ‘သံမြတ်သာအိန့်၊ ဤသို့မိန့်၏၊ ကျော်ထိန့်အံ့ဖွယ်’ ဟု စပ်ထုံးပြုခဲ့သည်” ဟု ပါရှိရာ ကျွန်တော် ကိုးခန်းပျို့ကို ရှာဖတ်ရပြန်ပါ၏။

 

ကျွန်ုပ် ကိုးခန်းပျို့ကို ဖတ်စဉ်က ထိုလင်္ကာများမှာ မြန်မာစာလုံးပေါင်းနှင့် သက်ဆိုင်နေကြောင်း မသိခဲ့။ ဆရာကြီး ရှင်းပြမှ နားလည်ရ၏။

 

“. . . ၊ ဟတ္ထိပါလာ၊ ဇာတကကို၊ လင်းပြထင်စွာ၊ ဟောပိမ့်ငှာတည့်၊ ကာယာနုတ္ထ၊ စသည်မေးရှောင်း၊ သို့အကြောင်းဟု၊ ထေရ်ပေါင်းပရိသတ်၊ ပြန်လျှောက်လတ်သော်၊ သံမြတ်သာအိမ့်၊ ဤသို့မိန့်၏၊ ကျော်ထိန့်အံ့ဘွယ်၊ ဇမ္ဗူလယ်၌၊ သုံးဆယ်စုံအင်၊ ဖြည့်ကျိုးထင်သည်၊ . . .”

 

ထို့နောက် -

“ပြည်ထဲပြည်လာ၊ ဝစိမ့်ငှာလျင်၊ ဝသာအဆွဲ၊ ချခဲပိုဒ်များ၊ . . .” ဟု သံဝရပျို့ အပိုဒ် ၁၅၄ မှစကာ ဖွဲ့ဆိုပြသည် ဆိုပြန်တော့ သံဝရပျို့ကို ရှာဖတ်ရပြန်၏။

 

ပြည်ထဲပြည်လာ၊ ဝစိမ့်ငှာလျင် က ပိုဒ်ရေ ၁၆၅ ကျမှ လာ၏။

၁၆၅။ ပြည်ထဲပြည်လာ၊ ဝစိမ့်ငှာလျင်၊ ဝသာအဆွဲ၊ ချခဲ့ပိုဒ်များ၊ ဆယ့်တစ်ပါးကို၊ မင်းသားသံဝရ၊ မိန့်ဟန်ပြ၏။ အချသည်တု၊ ကြွင်းကျန်ရှုသော်၊ တခုကိုမျှ၊ ဘယ်သူရအံ့၊ ဤမှရွေ့မွေ့၊ ကြွေလည်းဝဆွဲ၊ မကွဲငွေ့တူ၊ ဟူလင့်ကစား၊ နှစ်ပါးယှဉ်ထ၊ ဟရမလို၊ ဝကိုချည်းသာ၊ ဧကာရန္တ၊ မြန်မာ့အမှု၊ မှတ်တခုဖြင့်၊ စေ့ငုရှာဖွေ၊ ရတတ်စေလော့၊ ကြံနေသင်းသီး၊ သည်ကိုမှီး၍၊ အသီးဆန်းပြား၊ ချဘွယ်များလည်း၊ မရှားလေသေး၊ သပ်ကြောင်းပေးသည်။        နည်းရှေးဥပဒေသတည်း။

 

အမှန်ကိုဆိုရလျှင် ဤစာများကို ကျွန်ုပ်အနေနှင့် လုံးစေ့ပတ်စေ့ နားလည်သလားဆိုတော့ နားမလည်ပါ။

ဤစာများမှာ အမှန်တကယ် တတ်သိနားလည်သော ဆရာတစ်ဦးက မသင်ပြမပေးမချင်း အကုန်အစင် သိနားလည်ဘို့ မလွယ်လှပါ။

 

ဤစာတမ်း၌ မြန်မာစကားနှင့် အခြားဘာသာစကားများ ဆက်စပ်နေပုံ၊ အခြားဘာသာများမှ ဆင်းသက်လာသည့် မြန်မာ စကားလုံးများ အကြောင်း စသည်တို့ကို အတော် စုံစုံလင်လင် ဖော်ပြထား၏။ ရှေးပညာရှိကြီးများ ပြုစုခဲ့သည့် မြန်မာ စကား၊ မြန်မာစာဆိုင်ရာ စာအုပ်များအကြောင်းကိုလည်း အတော် ပြည့်ပြည့်စုံစုံ ဖော်ပြထား၏။

 

ရှေးက ပညာရှိကြီးများသည် မြန်မာစာ ရေးသားရာတွင် သတ်ပုံမှန်ကန်ရေးကို အထူး ဂရုပြုခဲ့ကြ၏။ သတ်ပုံကျမ်းများစွာ ကိုလည်း ပြုစုခဲ့ကြရာ အချို့မှာ အောက်ပါတို့ဖြစ်၏။

 

အသျှင်ဥက္ကံသမာလာ ၏ ဝဏ္ဏဗောဓနသတ်အင်း

ဒုတိယကျော်အောင်စံထားဆရာတော် ၏ ဝေါဟာရတ္ထပကာသနီကျမ်း

လှေသင်းအတွင်းဝန် ဦးချိန် ၏ ဝေါဟာရလိနတ္ထဒီပနီကျမ်း

စိန္တကျော်သူ ဦးဩ ၏ ကဝိလက္ခဏာသတ်ပုံကျမ်း

လက်ဝဲနော်ရထာ ၏ မြန်မာသံယောဂဒီပနီကျမ်း

ဦးကျော်ထွန်း ၏ ကဝိမျက်မှန် သတ်ပုံကျမ်း

 

ထိုမျှသာမကသေး။ ဆရာကြီးဦးဖိုးလတ်က မြန်မာစကား အဖွင့်ကျမ်းကို ပြုစုခဲ့၏။ သူ့ခေတ်သူ့အခါအလိုက်ပေါ်ခဲ့သော ဘန်းစကားများကိုလည်း စာတစ်စောင် ပေတစ်ဖွဲ့ ပြုစုခဲ့ကြ၏။

 

ယခုခေတ်တွင်လည်း ကွီး၊ ဘွီး၊​ စဆရက၊ သူကတော့ ခပ်ချေချေပဲ၊ ဂျင်းထည့်သည်၊ မူစကူဒူးသည်စသည့် ဘန်းစကား အများအပြား ပေါ်ပေါက်လျက် ရှိရာ ၎င်းတို့ကို စုစည်း၍ စာတစ်စောင် ပေတဖွဲ့ ပြုစုသင့်လှ၏။ အဲလေ ပြုစုထားသည့် စာအုပ်များပင် ထွက်ချင် ထွက်နေပါလိမ့်မည်။ ကျွန်ုပ်မသိတာလည်း ဖြစ်နိုင်ပါ၏။

 

(၂)

 

မြန်မာစကားပြေ အကြောင်းကို ဆရာဇော်ဂျီက တင်ပြထား၏။ ဆရာကြီးက မြန်မာစကားပြေ ဖြစ်ထွန်းပေါ်ပေါက်လာပုံ နှင့် ပတ်သက်၍ ဝါဒရေးရာ၊ မျက်မှောက်ခေတ် အဖြစ်အပျက်၊ လူမှုပြဿနာ၊ မြန်မာတိုင်းရင်းသား စသဖြင့် အစုများ ဖွဲ့ကာ တင်ပြထားပုံမှာ နှစ်သက်ဖွယ်ဖြစ်၏။

 

သို့သော် ကျွန်ုပ်စိတ်ကို စနောင့်စနင်းဖြစ်စရာ စာအချို့လည်း ပါ၏။ အခြားမဟုတ်ပါ။ ဆရာဦးဝင်းမွန်နှင့် ဦးဇော်မြင့်တို့ တင်သွင်းသော မြန်မာကဗျာစာတမ်း အဆုံး၌ . . .

 

“ဤစာတမ်းရှင်များကား ကိုယ့်ပြည်သူနှင့် ကိုယ့်ပြည်သူအရေးအခင်းကိစ္စ အဓိကဝါဒီများဖြစ်ပါသည်။ ကိုယ့်ပြည်သူ တစ်ရပ်လုံး၏ အရေးအခင်းကိစ္စဟုဆိုအပ်သော (၁) နယ်ချဲ့ဆန့်ကျင်ရေး (၂) အမျိုးသားစည်းလုံးညီညွတ်ရေး (၃) ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးကိစ္စများကိုသာ အဓိကအာရုံစိုက်၍ မဏ္ဍိုင်ဗဟိုပြု၍ ရှေ့တန်းတင်၍ ရေးဖွဲ့သော ကဗျာများ ပေါ်ထွက်လာစေရန် ဆန္ဒပြုနေသူများ ဖြစ်ပါသည်။

 

 

“နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးဟူသော လုပ်ငန်းစဉ်သုံးရပ် ချမှတ်၍ ကဗျာများ၊ ဝေဖန်ရေးဆရာများ၊ သဘောတရားပညာရှင်များနှင့် ကဗျာချစ်မြတ်နိုးသော ပြည်သူများ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့” . . . ဟု ဖော်ပြထား၏။

 

ကဗျာဆိုသည်မှာ တစ်ခုခုအပေါ် ကဗျာဆရာ၏ ရင်တွင်းခံစားချက်ကို ဖွဲ့ဆိုထားတာဖြစ်သည်ဟု ကျွန်ုပ် ထင်ပါသည်။ သို့ဖြစ်၍ ကဗျာဖွဲ့ဆိုခြင်းကို အထက်ပါလုပ်ငန်းစဉ်သုံးရပ်နှင့် ဘောင်ခတ်လိုက်လျင် ကဗျာ့နယ်ပယ်သည် အလွန် ကျဉ်းမြောင်းသွားလိမ့်မည် ထင်ပါသည်။ ထိုဘောင်သုံးရပ်ထဲမဝင်လျင် ကဗျာမဖွဲ့ရတော့ပြီလောဟုလည်း မရဲတရဲ တွေးမိပါသည်။ ဆရာကြီးတို့ မြန်မာကဗျာများ ဖြစ်ပေါ်တိုးတက်လာပုံအကြောင်းကို ခေတ်အလိုက်ခွဲပြီး တင်ပြထားသည် တို့မှာ အလွန် ကောင်းပါသည်။ သို့တိုင် နောက်ဆုံးကောက်ချက်ချပုံကိုတော့ဖြင့် အကျွန်ုပ် သဘောမကျလှပါ။

 

ကျွန်ုပ်သည် ကဗျာချစ်သူဖြစ်၍ ဟို့ ငယ်စဉ်တောင်ကျေး ကလေးအရွယ်ကတည်းက မဂ္ဂဇင်းပါ ကဗျာများကို ဗလာစာအုပ်၌ ကူးယူ ရေးမှတ်ခဲ့သူ၊ ကြီးလာသည့်အခါ ကဗျာစာအုပ်များကို ဝယ်ယူစုဆောင်း ဖတ်ရှုခဲ့သူ ဖြစ်၏။ ကျွန်ုပ်က ရှေးက ကဗျာများကိုလည်း ကြိုက်၏။​ ခေတ်ပေါ်ကဗျာများကိုလည်း နှစ်သက်၏။

 

ကျွန်ုပ်ထံတွင် မုဒုလက္ခဏပျို့၊ သံဝရပျို့၊ လောကသာရပျို့၊ နတ်သျှင်နောင် ရတုပေါင်းချုပ် အစ၊ လှေတစ်စင်းနှင့် သီချင်းသည်၊ ဗေဒါလမ်း၊ ဂီတဉ္ဖလီ၊ ဘောင်းဘီဝတ်မိုးတိမ်၊ ထင်းရူးပင်ရိပ်၊ ဟိုက္ကူကဗျာ မြည်းစရာ၊ မောင်ခွေးဘို့ ကဗျာများ၊ ထီလာစစ်သူ၏ ကဗျာပေါင်းချုပ် အလယ်၊ သမုဒယခြေရာ ကဗျာများ၊ ရှင်မရေ၊ Kဇော် ၁၀၀၊ မင်းကအောင်ချိမ့်လား အဆုံး ကဗျာစာအုပ် အတော်များများ ရှိ၏။ ငယ်ငယ်က ကျောင်းသုံး ဗလာစာအုပ်တွင် လက်ရေးနှင့် ကူးယူခဲ့သော ကဗျာများလည်း အတော်များ၏။ မန်လည်ဆရာတော်ကြီး၏ မဃဒေဝလင်္ကာသစ်ကို ကူးယူခဲ့တာ အရွက် ၆၀ ဗလာစာအုပ် တစ်အုပ်မကပါ။ (ကျွန်ုပ်မှာ ငယ်စဉ်က စာအုပ်ဝယ်ရလောက်အောင် ပိုက်ဆံမပိုခဲ့။)

 

အထက်တွင်ဖော်ပြခဲ့သည့် ဆရာကြီးတို့၏ ပေတံ ၃ ခုနှင့်သာ တိုင်းလိုက်ပါက ကျွန်ုပ်လက်ထဲမှ ထိုကဗျာများမှာ တစ်ခုမှတောင် သုံးလို့ရတော့မည် မဟုတ်။

 

ဆရာကြီးတို့ပြောသလို -

‘သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏၊ . . . .” စသည့်

တိုင်းကျိုးပြည်ပြု ကဗျာများလည်း လိုအပ်သကဲ့သို့ . . .

 

‘တောစံပယ်ဖြူ၊ ဝတ်မှုန်ကျင်းတဲ့ သင်းကျူကျူကို၊ လေခြူလို့လွှင့်၊ ပန်းထုံတဲ့လေချိုမှာ၊ ရွှေချိုးပျို ကူသံဆင့်ပေလိမ့် . . .” စသည့် ကဗျာများလည်း အမှန်တကယ်ပင် လိုအပ်လှပါသည်။

 

(၃)

 

ကျွန်ုပ် သဘောအကျဆုံးမှာကား စာတမ်းရှင်တို့က ၎င်းတို့ရည်ညွှန်းကိုးကားခဲ့သည့် စာအုပ်များကို စာရင်းပြုစုပေး ထားရာ ကျွန်ုပ်မှာ ဖတ်စရာစာအုပ်စာရင်းကို အလိုအလျောက် စုပြီးဆောင်းပြီးသား ဖြစ်တော့၏။ ကျွန်ုပ်မှာ လောဘကြီးသူ ဖြစ်ရကား ကွန်ပြူတာ၌ စာအုပ်သုံးအုပ်လောက်ဖွင့်လျက် တပြိုင်နက် တစ်အုပ်ပြီးတစ်အုပ် ဖတ်သော ဟူ၏။ ထို့ပြင် စာတစ်အုပ်ကို ကွန်ပြူတာနှင့် ဖုန်း၌ သွင်းထားကာ ကွန်ပြူတာနှင့် ဖတ်ခွင့်ကြုံလျင် ကွန်ပြူတာနှင့် ဖတ်၏။ ကားရထားစီးသည့်အခါ၊ စောင့်သည့်အခါများ၌ ဖုန်းဖြင့် ဖတ်၏။ ကျောပိုးအိတ်ထဲ၌လည်း စာတစ်အုပ် အမြဲပါ၏။

 

မြန်မာစာ မြန်မာမှု စာအုပ်ကလေးမှာ စာမျက်နှာ ၃၀၀ ပင် မပြည့်တတ်သော်လည်း ကျွန်ုပ်မှာ တစ်လကျော်လောက် ဖတ်ယူရ၏။ အဘယ်ကြောင့် ထိုမျှကြာရသနည်းဟူမူ အထက်၌ ဖော်ပြခဲ့သလို စာတမ်းထဲ၌ စာတစ်အုပ်ကို ရည်ညွှန်း လိုက်၊ လိုက်ရှာဖတ်လိုက် လုပ်နေသောကြောင့် ဖြစ်၏။

 

စာပေဝါသနာပါသူများ ဖတ်ကြည့်ကြပါရန် ထပ်မံတိုက်တွန်းလိုက်ပါ၏။

 

အေးငြိမ်း

၂၆ ဖေဖော်ဝါရီလ၊ ၂၀၂၆

 




 


Tuesday, June 17, 2025

ငါ ဘယ်လိုလူ ဖြစ်ချင်သလဲ

ကျွန်ုပ် ခုနင်က အိပ်မက် မက်၏။ ခုနင်ကဟုဆိုရခြင်းမှာ အိပ်မက်မက်အပြီး နိုးလာ၍၊ အိပ်ရေးလည်း ဝ,နေပြီဖြစ်၍ ပြန်မအိပ်တော့ပဲ ထလာပြီး မမေ့ခင် ချက်ချင်း ကောက်ရေးလိုက်သောကြောင့် ဖြစ်သတည်း။ အနို့ စာဆိုတာ ရေးချင်နေသည့်အချိန် ရေးလိုက်ရမှ စာကောင်းတစ်ပုဒ် ဖြစ်တတ်သည်ကိုး။

 

အိပ်မက်ဆိုတော့ ခပ်ဝါးဝါး။ မေးသူမှာ ခင်မောင်ဆွေလိုလို ဖြစ်ပြီး ဘာသာတွဲ အရွေးရခက်နေသူမှာ ကိုမင်းမင်းဦး လိုလို ဖြစ်၏။ ကိုရေးချမ်းကိုတောင် ရိပ်ခနဲ တွေ့မိသလိုလို ဖြစ်၏။ (ခင်မောင်ဆွေမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၌ ညွှန်ကြားရေးမှူးလားမသိ၊ ထိ ဖြစ်သည်ဟု သတင်းသဲ့သဲ့ကြားမိ။ ၂၀၁၇ ခုနှစ်လောက်က မန်းလေးသွားစဉ် ကိုမင်းမင်းဦးနှင့် တွေ့ခဲ့၊ ကိုရေချမ်းကတော့ အော်ဇီမှာ)

 

အိပ်မက်ထဲတွင် ဘာသာတွဲရွေးရခက်နေပုံနှင့် ပတ်သက်၍ စကားပြောမိကြ၏။ 

ဘယ်သာကို ယူမည်နည်း။

 

ကိုယ်စိတ်ဝင်စားသည့် ဘာသာကိုယူပါ။

ထိုဘာသာရပ်တွင် ဆရာကြီးတစ်ဆူဖြစ်သည်ထိ လေ့လာပါ။ သင်ယူပါ။

ကိုယ်စိတ်ဝင်စားသည့် ဘာသာရပ် ဖြစ်သည့်အတွက်လည်း ထိုဘာသာရပ်ကို လေ့လာခြင်း၌ အသင် ပျော်မွေ့နေပါလိမ့်မည်။

ထိုအလုပ်ကို လုပ်နေခြင်းသည်ပင်လျင် အသင်၍ အပန်းဖြေမှုတစ်ခု ဖြစ်နေပါလိမ့်မည်။

(ကိုယ်စိတ်မဝင်စားသည့် အလုပ်ကိုလုပ်နေရခြင်းသည်ကား ခက်ခဲပင်ပန်းလှ၏။)

 

အသင်သည် ဂဏန်းသင်္ချာ၊ အတွက်အချက်များ၌ မမွေ့လျော်တတ်သူဖြစ်အံ့။ အင်ဂျင်နီယာဘာသာရပ်ကို စိတ်မဝင်စားသူ ဖြစ်အံ့။ အင်ဂျင်နီယာကျောင်း တက်ဘို့ မကြိုးစားပါနှင့်။ 

 

အသင်သည် လူ့ခန္ဓာကိုယ် တည်ဆောက်ပုံကို စိတ်မဝင်စားသူဖြစ်အံ့။ အင်မတန်ခက်ခဲလှသည့် ဆေးပညာ အခေါ်အဝေါ် များကို စိတ်မဝင်စားသူ ဖြစ်အံ့။ ဆေးကျောင်းတက်ဘို့ မကြိုးစားပါနှင့်။

 

အများယောင်လို့ယောင်၊ အမောင် တောင်မှန်း မြောက်မှန်းမသိ။​ အမှတ်ကောင်းတာနှင့်ပဲ မိဘတွေက တိုက်တွန်းလို့။ သူများစကားနားယောင်ပြီး အင်ဂျင်နီယာကျောင်း သွားတက်သည်၊ ဆေးကျောင်းသွားတက်သည် ဆိုပါစို့။ ဤသည်မှာ အသင့်ကိုယ်အသင် နှိပ်စက်ရာ ရောက်၏။ 

 

ကိုယ်စိတ်မဝင်စားသည့် အတွက်အချက်များ၊ စကားလုံးများ၊ ဝေါဟာရများကို ကျက်မှတ်နေရခြင်းဖြင့် အသင်သည် ကောင်းကောင်း စိတ်ညစ်ရမည်။

 

အသင်သည် လယ်သမား ဖြစ်နေပါသလား။ လယ်သမားဘဝကို ဘာမှ အားငယ် စိတ်ပျက်နေစရာမလို။

 

အကောင်းဆုံး လယ်သမားဖြစ်အောင် ကြိုးစားပါ။

ငါ့လယ်က မြေကြီးဟာ ဘယ်လို မြေကြီးမျိုး ဖြစ်သလဲ။ ဘယ်ဓာတ်တွေ ဘယ်လောက်ပါပြီး ဘယ်ဓာတ်တွေ ထပ်ဖြည့်ဘို့ လိုနေသလဲ။ ဘယ်စပါးမျိုးနဲ့ သင့်တော်သလဲ။ 

စပါးပင်မှာ ကျတတ်တဲ့ ရောဂါတွေက ဘာလဲ။ အဲဒီရောဂါတွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။ ရောဂါတွေ ကျလာရင် ဘယ်လိုလုပ်ရမလဲ။

စပါးရဲ့ ဖျက်ပိုးတွေက ဘာကောင်တွေလဲ။ အဲဒီအကောင်တွေကို ဘယ်လိုကာကွယ်ရမလဲ။

ရေကို ဘယ်အချိန်မှာ သွင်းပြီး ဘယ်အချိန်မှာ ထုတ်ရမလဲ။

စပါးကို အထွက်နည်းစေတဲ့ အကြောင်းတွေက ဘာတွေလဲ။

စပါးကို အထွက်တိုးအောင် ဘယ်လိုလုပ်ရမလဲ။

ဘယ်စပါးမျိုးဟာဖြင့် စားလို့ကောင်းတဲ့မျိုး ဖြစ်သလဲ။ 

ဒီစပါးမျိုးကို ဘယ်အချိန်မှာရိတ်ရင် အကောင်းဆုံးလဲ။

အလေအလွင့်နည်းအောင် ဘယ်လိုလုပ်ရမလဲ။

 

အများကြီးပါ။ ပညာရပ်ဟူသည် လေ့လာသင်ယူလို့ ကုန်သွားသည့်အရာ မဟုတ်။ ကိုယ်မသိတာတွေ အများကြီးရှိသည်။ မသိချင်သေးလို့သာ ဘာမှ သိစရာမရှိတာဖြစ်၏။

 

အာ - ငါတို့က စိုက်ပျိုးရေးတက္ကသိုလ်မှ မတက်ခဲ့ရတာကိုးကွ ဟု မပြောပါနှင့်။ 

အသင်တို့ လေ့လာချင်သပဆို လေ့လာလို့ရ၏။ တက္ကသိုလ်တက်ရမှ မဟုတ်။ ကိုယ့်လေ့လာသင်ယူချင်စိတ်ကသာ အရေးကြီး၏။ မသင်ယူချင်လျင် ဘာမှမရ။ သင်ယူချင်ပါက အကုန်ရ၏။

လယ်သမားကောင်းတစ်ယောက် ဖြစ်ဘို့ရာ စိုက်ပျိုးရေးဘွဲ့ရစရာ မလို။ လယ်သမားကောင်းတစ်ယောက် ဖြစ်ချင်စိတ်သာ လို၏။

 

ကျွန်ုပ်တို့မှာ ရွေးချယ်ခွင့် အလွန်နည်းပါးလှ၏။ ဘယ်မိဘရဲ့ သားသမီး ဖြစ်ချင်ပါတယ်လို့ ရွေးခွင့်မရှိ။ ဘာလူမျိုး ဖြစ်ချင်လိုက်တာ လို့ ရွေးခွင့်မရှိ။ အသားဖြူချင်လိုက်တာ၊ ရုပ်လှချင်လိုက်တာလို့ ရွေးခွင့်မရှိ။ ဖြစ်လာသည့်ဘဝကို လက်ခံနိုင်ပါစေ။ ဖြစ်လာသည့် ဘဝမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပဲ အရေးကြီး၏။ 

 

ကျွန်ုပ်အသက် ၁၄-၅-၆ နှစ်ခန့်က စန္ဒာမဂ္ဂဇင်းပါ သက်လုံ၏ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ခဲ့ဖူး၏။ ဆောင်းပါးနာမည်ကို မမှတ်မိတော့ပါ။ တောက်တယ်ကျင်းထဲကလိုလို ထင်ပါသည်။ သို့သော် ကျွန်ုပ်လက်ထဲ၌ ရှိသော စေ့ထားသည့် တံခါးများ စာအုပ်ထဲ၌ ထိုစာကြောင်းလေးကို မတွေ့မိဟု ထင်ပါသည်။ နောက်မှ သေသေချာချာ ပြန်ဖတ်ကြည့်ရဦးမည်။ (ဤတွင် စကားစပ်မိ၍ ပြောရလျှင် အသင်တို့သည် သက်လုံ ၏ ‘စေ့ထားသော တံခါးများ’ ကို မသေခင် တစ်ခေါက်လောက်တော့ ဖတ်ဖြစ်အောင် ဖတ်ပါဟု ကျွန်ုပ်က တိုက်တွန်းလိုက်ပါ၏။)




 ထိုဆောင်းပါးထဲ၌ အောက်ပါအတိုင်း ပါ၏။

 

“ခြေထောက်ရယ်လို့ ဖြစ်လာရတဲ့အစိတ်အပိုင်းဟာ ငါဟာ သူများခေါင်းပေါ်မှာ ခေါင်းပေါင်းစ တလူလူနဲ့ ဦးခေါင်း မဖြစ်ရပါလားလို့ တွေးပြီး ဘာမှ စိတ်ပျက် အားငယ်နေစရာ မလိုဘူး၊ မီးဟဲ့ဆိုရင် ရေကို အမြန်ဆုံးပြေးသယ်နိုင်ဘို့ပဲ လိုတယ်။”

 

ဤသည်မှာ အသင်တို့ ဘဝတလျှောက်လုံး လိုက်နာကျင့်သုံးရမည့် နီတိ ဖြစ်၏။

 

သားကတော့ ပြတ်သားလှ၏။

ဖေရီး၊​ လူ့ဘဝဆိုတာ တစ်ခါပဲ ရတာ။ 

တစ်ခါပဲရတဲ့ ဘဝမှာ ကိုယ်စိတ်မဝင်စားတာကြီးလုပ်ပြီး သားကတော့ အသက်ရှင်မနေနိုင်ဘူး။

ကိုယ်စိတ်ဝင်စားတာလုပ်ရင်းနဲ့ပဲ ပျော်မွေ့နေမယ်။

ပိုက်ဆံ အရေးကြီးတာမှန်ပေမယ့် ငွေပုံပေါ်ထိုင်ပြီး မပျော်တဲ့ဘဝဖြစ်နေရင် အလကားပဲ။

 

(ဤအကြောင်းများကို ကိုစံပွင့်၏ ဖိတ်ကြားမှုဖြင့် တနင်္သာရီတိုင်း၊ ကံပေါက်ကို ရောက်စဉ် အထက်တန်းကျောင်းများ၌ (ကျောင်း ၃ ကျောင်း ထင်ပါသည်။ ကောင်းကောင်း မမှတ်မိ) ကျောင်းသားကလေးများကို ပြောပြခဲ့ပါ၏။ ဘာတွေ ပြောခဲ့၊ မေးခဲ့ဖြေခဲ့သည်များကို ကျွန်ုပ်၏ shwenyein blog ၌ ဖတ်နိုင်ပါသည်။ ဤကား စကားချပ်)

 

 

မိမိလက်ရှိဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားကြပါဟု တိုက်တွန်းလိုက်ပါ၏။

 

 

ကျေးဇူးတင်ပါသည်။

 

 

အေးငြိမ်း

၁၇ ဇွန်လ၊ ၂၀၂၅

နံနက် ၇း၀၈ နာရီ

Monday, October 7, 2024

GCE (O) မြန်မာစာ

မနက်ဖြန်ဆိုလျှင် Mother Tongue ကို မြန်မာစာ ယူထားသူ ကျောင်းသား/သူများသည် ၂၀၂၄ ခုနှစ်အတွက် GCE (O) မြန်မာစာ စာမေးပွဲကို ဖြေဆိုကြရတော့မည် ဖြစ်၏။

 

ဖြေဆိုရမည့်နေရာမှာ MOELC, 136 Cairnhill Road, Singapore 229722 ဖြစ်ပြီး Newton MRT အနီး၌ ရှိ၏။ 

 

မေးခွန်းတွင် Section A, Section B, Section C ဟု အပိုင်း သုံးပိုင်းရှိပြီး စုစုပေါင်း အမှတ် (၁၀၀)၊ ဖြေဆိုချိန် ၃ နာရီ ဖြစ်၏။

 

Section A

========

 

Section A က Composition နှစ်ပုဒ် ဖြေရမှာ ဖြစ်၏။ မြန်မာလိုဆို စာစီစာကုံး ပဲဆိုကြပါစို့။ သို့သော် သူက စာစီစာကုံး မဟုတ်ပါ။

 

မေးခွန်း ၅ ပုဒ်ပေးထားပြီး ကြိုက်ရာ ၂ ပုဒ်ကို ရွေးဖြေရမည်။ တစ်ပုဒ်လျှင် ၂၅ မှတ် နှင့် နှစ်ပုဒ်အတွက် အမှတ် ၅၀ ဖြစ်၏။ မေးခွန်းအားလုံး၏ ၅၀% အမှတ်ပေးထားရာ အရေးအကြီးဆုံး အပိုင်းလည်း ဖြစ်၏။

 

မေးခွန်းက သိပ်အပြောင်းအလဲ မရှိ။ နှစ်တိုင်း ပုံစံတူ ဖြစ်၏။

 

နံပါတ် a) က သေဒဏ်ပေးတာ တရားတယ်လို့ ထင်သလား။ ဘာကြောင့်လဲ ဟူသော မေးခွန်းမျိုးဖြစ်၏။ ထိုအကြောင်း အရာကို ရေးဘို့ရာ ထိုခေါင်းစဉ်နှင့်ပတ်သက်သည့် အထွေထွေဗဟုသုတ ရှိထားရန်လိုသကဲ့သို့ မည်သည့်အတွက်ကြောင့် သဘောတူ/မတူကို ရေးရမှာ ဖြစ်၏။ ထို့ကြောင့် သိပ်ရေးဘို့မလွယ်လှ။ ကျွန်ုပ် သဘောအရပြောရပါလျှင် ထို နံပါတ် a) ကို မရွေးပါနှင့်။

 

နံပါတ် b) က တစ်စုံတစ်ယောက်ထံ စာရေးခိုင်းတာဖြစ်၏။ ဥပမာ - စားသောက်ဆိုင် ညစ်ပတ်နေသဖြင့် ဆိုင်မန်နေဂျာ ထံ စာရေးတိုင်တာမျိုး၊ အလုပ်လျှောက်တာမျိုး၊ ကျောင်းဝင်ခွင့်ရဘို့ ကျောင်းအုပ်ကြီးဆီ စာရေးတာမျိုး စသဖြင့် ဖြစ်၏။ အကယ်၍ ကိုယ့်ကျောင်းက ပွဲတစ်ခုခုအကြောင်း သူငယ်ချင်းထံ စာရေးရတာမျိုးဆိုလျှင်တော့ ရေးလို့ကောင်းသည့် အကြောင်းအရာဖြစ်၏။ ထို့ကြောင့် ရေးခိုင်းသည့် အကြောင်းအရာမှာ မိမိ သိထားသည့် အကြောင်းအရာဆိုလျှင်မူ ရေးနိုင်ပါသည်။ မဟုတ်ပါက မရေးသင့်။

 

နံပါတ် c) က တကယ်လို့ ကျောင်းမှာအခန်းအနားလုပ်ဖို့ တာဝန်ပေးခံရရင် ဘာတွေ ဘယ်လိုပြင်ဆင်မလဲ ဟူသော ခေါင်းစဉ်မျိုးဖြစ်၏။ များသောအားဖြင့် မိမိ၏ မွေးနေ့ပါတီ စသည့် အခန်းအနားတစ်ခုခု ပွဲလမ်းတစ်ခုခုအကြောင်း မေးတတ်၏။ ကိုယ်သိသော အကြောင်းအရာဖြစ်မှသာ ရွေးသင့်၏။ မဟုတ်ပါက မရေးသင့်။

 

နံပါတ် d) က မိမိသွားရောက်ခဲ့သော အခန်းအနားတစ်ခုအကြောင်း၊ မိမိပါဝင်ဆင်နွှဲခဲ့ဖူးသော အားကစားပြိုင်ပွဲ တစ်ခု အကြောင်း စသဖြင့် ရေးခိုင်းတတ်၏။ ရေးလို့ကောင်းသည့် အကြောင်းအရာတစ်ခု ဖြစ်၏။ မိမိအတွေ့အကြုံကို ပြန်ရေး ပြရုံသာ ဖြစ်၏။ သိပ်အထွေအထူး စဉ်းစားနေစရာမလို။

 

နံပါတ် e) က လူနှစ်ယောက် စကားပြောသည့် ပုံစံ ဖြစ်၏။ အဘွားကြီးနှစ်ဦး ရှေးဟောင်းနှောင်းဖြစ်တွေပြောတာ၊ ဆရာမနှစ်ဦး သူတို့သင်ရသည့် ကျောင်းသားတွေအကြောင်း ပြောတာ၊ ကျောင်းသားနှစ်ဦး မိမိတို့၏ ဆရာဆရာမတွေ အကြောင်း ပြောတာ စသဖြင့်ဖြစ်၏။ နေ့စဉ်သုံး ဝေါဟာများသုံးလျက် စကားပြောသကဲ့သို့ ရေးရတာဖြစ်၍ ရေးလို့ အကောင်းဆုံးနှင့် အလွယ်ဆုံးဖြစ်၏။ မဖြစ်မနေ ရွေးရမည့် ခေါင်းစဉ် ဖြစ်၏။

 

ရေးရာတွင် စာဟန်ဖြစ်စရာမလို။ စကားပြောဟန်နှင့်ပင် ရေးနိုင်၏။ ကျောင်းသားများ မြန်မာစကားနှင့် စာကို မည်မျှ အထိ နားလည်သည်၊ သဘောပေါက်သည်၊ မြန်မာစကား အသုံးအနှုန်း ဝေါဟာရများ မည်မျှ ကြွယ်ဝသည် စသည်တို့ကို မေးထားတာဖြစ်၏။ စာလုံးပေါင်း အရေးကြီးသည်မှန်သော်လည်း ဤမျှလောက် အသန်းအသန် အာရုံစိုက်ရန် မလိုပါ။

 

Section A ကို အမှတ် ၅၀ ပေးထားသဖြင့် ဖြေဆိုချိန်ကိုလည်း အချိန်တစ်ဝက် (တစ်နာရီခွဲ - မိနစ် ၉၀) ယူပါ။ တစ်ပုဒ်လျှင် ၄၅ မိနစ် ဖြစ်၍ အေးအေးဆေးဆေး အချိန်ယူရေးလို့ရ၏။

 

Section B 

========

 

Section B က ဘာသာပြန်ဖြစ်ပြီး နှစ်ပုဒ် ပါ၏။ 

ပထမအပုဒ်မှာ မြန်မာမှ​ အင်္ဂလိပ်သို့ ပြန်ဆိုရမည်။ ၁၀ မှတ် 

မြန်မာစာ ကောင်းကောင်းဖတ်တတ်လျှင်၊ ဆိုလိုရင်း အဓိပ္ပာယ်ကို နားလည်လျှင် ခပ်လွယ်လွယ် ဖြေနိုင်၏။ မြန်မာစာ မဖတ်တတ်လျှင် မလွယ်။

 

ဒုတိယအပုဒ်မှာ အင်္ဂလိပ်မှ မြန်မာသို့ ပြန်ဆိုရမည်။ အမှတ် ၂၀

၎င်းကိုဖြေဘို့ မြန်မာစာ ကောင်းကောင်းရေးတတ်ရမည်။ မြန်မာလို မရေးတတ်လျှင် မလွယ်။

အင်္ဂလိပ်စကားလုံးများကို နားလည်ပေသိ ထိုဝေါဟာရမှာ မြန်မာလို ဘယ်သို့ခေါ်သည်ဟု မသိလျှင် ဒွတ်ခရောက်မည်။ သို့မို့ကြောင့်လည်း အမှတ် ၂၀ ပေးခြင်းဖြစ်၏။

 

၁၀ မှတ်ပေးသည့် ပထမအပုဒ်နှင့်

အမှတ် ၂၀ ပေးသည့် ဒုတိယအပုဒ် နှစ်ခုယှဉ်လိုက်လျှင် ပထမအပုဒ်ကတောင် အမှတ်ပိုများချင် များနေပါလိမ့်ဦးမည်။

 

Section C

=======

 

Section C က Comprehension ဖြစ်ပြီး အမှတ် ၂၀ ပေးထား၏။

မြန်မာဝတ္ထုတိုများထဲက တစ်ခုခုကို ကောက်နုတ်ကာ ဖော်ပြထားပြီး မေးခွန်းတိုများ ဖြေခိုင်းခြင်း ဖြစ်၏။ 

ယခင်က တစ်ပုဒ်လျှင် ၄ မှတ်နှင့် ၅ ပုဒ်ဖြေခိုင်းသော်လည်း ယခုမူ တစ်ပုဒ်လျှင် ၁ မှတ်၊ ၂ မှတ်၊ ၃ မှတ် စသည်ဖြင့် ၁၀ ပုဒ်၊ ၁၂ ပုဒ်လောက် ဖြေခိုင်း၏။ 

ပေးထားသည့် စာပိုဒ်ကို သေသေချာချာ ဖတ်ရှုနားလည်မှ ဖြေနိုင်မည်။

အချို့မေးခွန်းများမှာ စာပိုဒ်ထဲတွင်မပါ။ ကိုယ့်စကားနှင့်ကိုယ် ရေးရတာဖြစ်၏။

 

Section A - ၂ ပုဒ်။ တစ်ပုဒ်ကို ၂၅ မှတ်။ ဖြေဆိုချိန် - တစ်ပုဒ်ကို ၄၅ မိနစ်ယူပါ။

 

Section B - ဘာသာပြန်

မြန်မာမှ အင်္ဂလိပ် - ၁၀ မှတ်။ ဖြေဆိုချိန် - ၁၈ မိနစ်ယူပါ။

အင်္ဂလိပ် မှ မြန်မာ - အမှတ် ၂၀။ ဖြေဆိုချိန် - ၃၆ မိနစ်ယူပါ။

 

Section C – Comprehension

အမှတ် ၂၀။ ဖြေဆိုချိန် - ၃၆ မိနစ်ယူပါ။

 

၂၀၂၃ မေးခွန်းများကို စမ်းဖြေကြည့်ပါ။

 

ဖြေနိုင်ကြပါစေ။

 

အေးငြိမ်း

07/10/2024








Monday, March 6, 2023

ကျွန်ုပ်သည် မည်ကဲ့သို့သော အဖေမျိုးဖြစ်သနည်း ဆိုခြင်း အကြောင်း

သားကျောင်းက ပြန်လာတော့ သိပ် မျက်နှာမကောင်း။

ပြီးတော့ I am so sorry. ဟု ဆို၏။

ဘာတုံးကွ သားရဲ့ ဟု မေးလေသော် သူက ရူပဗေဒဘာသာရပ်ကို ကောင်းစွာ မဖြေနိုင်ကြောင်း ပြော၏။

ဒါလေးများ သားရယ်၊ သား မဖြေနိုင်ဘူးဆိုတော့ ကျန်တဲ့ တစ်တန်းလုံးလည်း မဖြေနိုင်ဘူးဆိုတာ သိပ် သေချာသပေါ့ကွာ၊ အဲဒါနဲ့များ သားက ဘာများ ဝမ်းနည်းစရာရှိတုံး လကွ ဆိုတော့ -

ဟုတ်တယ်၊ တချို့ကောင်မလေးတွေဆို ငိုကြတယ် ဆို၏။

 

သားက သူ့သူငယ်ချင်းကို သနားတယ် ဆိုလေသော် - 

ဘာကြောင့်တုံးကွ။

သူ စာမေးပွဲမဖြေနိုင်ရင် သူ့အမေက တအားဆူတာ။

 

မိဘတွေကို ဖေကြီးမကြိုက်တာ အဲသဟာပဲကွ။

ဘယ့်နှယ်ကွာ၊ ကလေးက စာမေးပွဲမဖြေနိုင်လို့ စိတ်ဓာတ်ကျလာရတဲ့အထဲ သူတို့က အားပေးစကား ပြောရမဲ့အစား ဆူရတယ်လို့။ လွဲလိုက်လေကွယ်။

သူတို့အဲသလို ဆူလိုက်လို့ အမှတ်က ပိုကောင်းလာမှာလားကွာ။ ကလေး ပိုပြီးစိတ်ဆင်းရဲသွားတာပဲရှိမယ်။ 

စာမေးပွဲမဖြေနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ ကလေးကို မိဘက စိတ်ဓာတ်မကျအောင် အားပေးရမှာကွ။

 

သား အခု မဖြေနိုင်တာကို ဘာမှ ဝမ်းနည်းနေစရာမရှိဘူး။ အခု သား ဘယ်မှာ အားနည်းနေသလဲဆိုတာ သိသွားပြီ။ ဆိုတော့ အဲဒီအားနည်းတဲ့အပိုင်းကို ဖိဖိစီးစီး လုပ်လိုက်ဖို့ပဲ။ 

 

ပူပန်တာနဲ့ နောင်တရတာဟာ သားအတွက် ဘာမှ အကျိုးမပြုဘူး။

နောင်ဘာဖြစ်မလဲ ပူနေလို့ရှိရင် အဲဒါကြီးက ဖြစ်မလာတော့ဘူးတဲ့လား။

ဖြစ်စရာရှိရင်တော့ ဖြစ်မှာပဲကွ။

အဲဒီတော့ သားပူနေတာ ဘာအကျိုးရှိသလဲ။ ဘာမှ အကျိုးမရှိဘူး။

အကျိုးမရှိတဲ့အရာကို အပင်ပန်းခံပြီး ဘာလို့လုပ်နေမတုံး။

စိတ်ပူတယ်ဆိုရင် စိတ်ဓာတ်အင်အားကို ယုတ်လျော့ ကျဆင်းစေတယ်ကွ။

ဘယ်တော့မှ​ စိတ်မပူနဲ့။

 

နောက်ပြီး ငါ မှားသွားပြီ။ ဒါမှမဟုတ် ငါ မလုပ်လိုက်ရလေခြင်းလို့လည်း ဘယ်တော့မှ​ နောင်တမရနဲ့ကွ။

နောင်တရနေလို့၊ အဲဒီအမှားကိုတွေးပြီး စိတ်ဆင်းရဲနေလို့လည်း အဲဒီအမှားက အမှန်ပြန်ဖြစ်လာမလား။

ဝေးပါသေးရဲ့ကွာ။

ဒါဆို ဘာမှအကျိုးမရှိတဲ့ နောင်တကို ဘယ့်အတွက် ရနေမတုံးကွ။

 

အရေးကြီးတာက အရင်ဖြစ်ခဲ့တဲ့ အမှားကနေ သင်ခန်းစာယူပြီး နောင်မဖြစ်အောင် ကြိုးစားဘို့ပဲကွ။

 

နောင်ဘာဖြစ်ချင်သလဲ၊ ဘာဖြစ်ရမလဲ၊ ဘယ်တော့ ဘာလုပ်ရမလဲဆိုတာ ခုကတည်းက ကြိုတင်ပြင်ဆင် ထားရမယ်။ အဲဒီအခါကျတော့ တကယ်လုပ်ရတဲ့အခါ ကသီလင်တမဖြစ်တော့ဘူး။ ချောချောမွေ့မွေ့နဲ့ ပြီးသွားနိုင်မယ်။

 

ဆိုတော့ အရေးအကြီးဆုံးအချိန်က လက်ရှိအချိန်ပဲ။ 

လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်အောင်လုပ်။

လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် အသုံးချ။

အချိန်ဆိုတာ ပြန်မရနိုင်ဘူး။

 

တကယ်လို့သာ သားဟာ လက်ရှိအချိန်ကို အကောင်းဆုံး အသုံးချသွားနိုင်မယ်ဆိုရင် -

နောင်အတွက်လည်း ပူစရာမလိုတော့သလို -

ငါ မလုပ်လိုက်ရလေခြင်း စတဲ့ နောင်တလည်း ရစရာမလိုတော့ဘူးပေါ့ကွာ။

 

စာမေးပွဲမဖြေနိုင်လို့တော့ဖြင့် ဘာမှ သား စိတ်ဓာတ်ကျစရာမလိုဘူး။

သားမဖြေနိုင်တဲ့ဘာသာကို ဖေကြီးကူလုပ်ပေးမယ်။

 

စာမေးပွဲမှာ အမှတ်မကောင်းလို့ ကလေးကိုဆူမယ်ဆိုတဲ့ မိဘတွေထဲမှာ ဖေကြီးမပါဘူးကွ။

ဘာဖြစ်လို့လဲဆိုတော့ ဖေကြီးက ဦးအေးငြိမ်းဖြစ်နေလို့ဘဲ။ အဟက်စ်

 

မနေ့က သား ရူပဗေဒဘာသာရပ်မှာ မဖြေနိုင်လို့ စိတ်မကောင်းဖြစ်နေတာကို ကျွန်ုပ် အားပေးခဲ့သော စကားများ ဖြစ်ပါ၏။

 

မှတ်ချက် -

 

သူတို့ ရူပဗေဒဘာသာရပ် မေးခွန်းများမှာ သိပ်မလွယ်လှပါ။ အတော်ခေါင်းစားသော မေးခွန်းများ ဖြစ်၏။

ကျွန်ုပ်မှာ ရူပဗေဒဘာသာရပ်ကို စိတ်ဝင်စားသူဖြစ်ပြီး အတော်အတန် နားလည်သူ တစ်ဦးဖြစ်၏။

သို့သော် သူတို့မေးခွန်းများကို ကျွန်ုပ်ဖြေသည့်အခါ အချို့အဖြေများကို မှန်အောင် မဖြေနိုင်ပါ။

သားက စာအုပ်တွေကို ကျောင်းမှာပဲ ထားခဲ့သည့်အတွက် ယခုတော့ မေးခွန်းများကို မပြနိုင်သေးပါ။

နောက်နေ့ကျမှ သားကို စာအုပ်တွေ ပြန်ယူလာခိုင်းပြီး မေးခွန်းများ တင်ပေးပါမည်။

 

နောက်တစ်ခုမှာ သူတို့စာအုပ်များကို ကြည့်ပြီး ကျွန်ုပ် အတော် စိတ်မကောင်းဖြစ်မိ၏။

အကြောင်းကား သူတို့စာအုပ်များနှင့် မြန်မာပြည်က ပြဋ္ဌာန်းစာအုပ်များမှာ အထဲမှ စာသားများသာမက အရည်အသွေး၊ အပြင်အဆင်တို့မှာ ကွာချင်တိုင်းကွာလှပါသည်။ (ကျွန်ုပ်ထံ၌ မြန်မာပြည်မှ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် အားလုံးနီးပါး ရှိပါသည်။

 

စာအုပ်ဈေးတွေလည်း ကြည့်လိုက်ပါအုံး။

သင်္ချာစာအုပ်တစ်အုပ်တည်းကို မြန်မာငွေ ၂ သိန်းလောက်ရှိတယ်ခင်ဗျာ။ အောင်မငီးစ်

 

အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေ။

(ကြင်စိုးနဲ့ ကြင်စိုးဘောလျက်တွေ မပါ။)

 

အေးငြိမ်း

၅ မတ်လ၊ ၂၀၂၃