Thursday, July 22, 2021

ကိုဗစ် ၁၉ ဆောင်းပါးများ Link

အမျိုးတို့ရေ -

 

ကျွန်တော်ရေးထားတဲ့ -

၁။ ကိုဗစ်၁၉ နှင့် အောက်ဆီဂျင်အကြောင်း သိကောင်းစရာ

၂။ ကိုဗစ် ၁၉ ဖြင့်သေဆုံးသူ၏ ရုပ်အလောင်းကို အန္တရာယ်ကင်းစွာ ကိုင်တွယ်ခြင်း

 

စတဲ့ ဆောင်းပါးတွေကို pdf နဲ့ mediafire မှာ တင်ပေးထားပါတယ်။ ဖတ်တဲ့နေရာမှာ FB ထက်စာရင် ပိုအဆင်ပြေပါတယ်။

Download လုပ်ရတာ အခက်အခဲရှိရင် ပြောပါခင်ဗျား။

 

Link:

 

https://www.mediafire.com/file/fjj6lqibsd669lo/ကိုဗစ်+၁၉+ဖြင့်သေဆုံးသူ၏+ရုပ်အလောင်းကို+အန္တရာယ်ကင်းစွာ+ကိုင်တွယ်ခြင်း.pdf/file

https://www.mediafire.com/file/om1nv7t5d4nrrrc/ကိုဗစ်၁၉+နှင့်+အောက်ဆီဂျင်အကြောင်း+သိကောင်းစရာ.pdf/file

 

ကိုဗစ် ၁၉ ဖြင့်သေဆုံးသူ၏ ရုပ်အလောင်းကို အန္တရာယ်ကင်းစွာ ကိုင်တွယ်ခြင်း

(၁) အချီး

 

ကျွန်ုပ်သည် ဖေ့စ်ဘုတ်ကို မဖွင့်ရဲလောက်အောင်ပင် ဖြစ်မိ၏။

ဖေ့စ်ဘုတ်ကိုဖွင့်လိုက်သည်နှင့် ဘယ်သူကတော့ ဆုံးပါးသွားပြန်ပြီ။

အမေရယ် ငြိမ်းချမ်းစွာ အနားယူပါတော့။

ကျွန်တော်ဘယ်လိုပင်ကြိုးစားပေမယ့် အဖေကတော့ ကျွန်တော်တို့ကို ခွဲသွားခဲ့ပြီ . . . 

စသည့်ပို့စ်များကို မမြင်ချင်မှအဆုံး ဖတ်နေရလေ၏။

ဖေ့စ်ဘုတ်သည် နာရေးကြော်ငြာ စာမျက်နှာအဖြစ်သို့ ပြောင်းလိုက်လေပြီလားဟု ကျွန်တော် သံသယပင် ဝင်မိ၏။

ကျွန်ုပ်တို့ပြည်သူများ၏ ဒုက္ခကိုကြည့်ကာ အလွန်ဝမ်းနည်း နာကျည်းမိလေ၏။

 

ထို့ထက် . . . 

ကိုဗစ် ၁၉ ဖြင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို ကိုင်တွယ်နေသူများကို တွေ့ရပြန်တော့ စိတ်မသက်မသာ ဖြစ်မိ၏။

 

သို့မို့ကြောင့် ကျွန်ုပ်က WHO အပါအဝင် ဩစတေးလျား၊ မလေးရှားစသောနိုင်ငံများမှ ကိုဗစ်ရောဂါဖြင့် သေဆုံးသူ များအား ကိုင်တွယ်မည်သူများအတွက် လမ်းညွှန်စာစောင်များကို ရည်ညွှန်းလျက် ဤဆောင်းပါးကို ရေးလိုက်ပါ၏။ 

 

ဆောင်းပါးအဆုံးတွင် ရည်ညွှန်းစာစောင်များ၏ link များလည်း ပေးထားရာ မူရင်း ဖတ်လိုသူများ ဤ link များ၌ ဖတ်နိုင်ပါ၏။ 

 

ဤစာစောင်ကို ကျန်းမာရေးဝန်ထမ်းများ၊ ရင်ခွဲရုံဝန်ထမ်းများ၊ ရပ်ကွက်လူကြီးများ၊ ကျန်းမာရေးဆိုင်ရာ အစိုးရဌာန လူကြီးများ၊ ဘာသာရေးခေါင်းဆောင်များအတွက် ရည်ညွှန်းရေးသားပါသည်။ ထို့ပြင် ဤစာစောင်က အယုတ်၊ အလတ်၊ အမြတ်မရွေး ကိုဗစ်၁၉ ဖြင့်သေဆုံးသူများကို မည်ကဲ့သို့ စီမံရမည်ဟု လမ်းညွှန်ချက် ပေးထား၏။ ကိုဗစ် ၁၉ ပိုး၏ ပြောင်းလဲမှုသဘာဝကိုလိုက်၍ ဤစာစောင်ပါအချက်အလက်များလည်း အနည်းနှင့်အများ ပြောင်းလဲနိုင်ပါသည်။ နောက် ဆုံးရ သတင်းအချက်အလက်များကို WHO ၏ မူရင်းစာမျက်နှာတွင် ကြည့်ရှုနိုင်၏။ 

 

Link to refer:

https://www.who.int/emergencies/diseases/novel-coronavirus-2019

https://www.who.int/emergencies/diseases/novel-coronavirus-2019/technical-guidance

 

ကျွန်ုပ်ရည်ညွှန်းသည့် ဤစာစောင် ရိုက်နှိပ်ရက်စွဲမှာ ၄ စက်တင်ဘာလ၊ ၂၀၂၀ ဖြစ်၏။

ဤစာစောင်တွင် အောက်ပါအချက်အလက်များကို ပြန်ပြင်ထား၏။

§  အလောင်းထည့်မည့်အိတ် လိုအပ်ချက်

§  အလောင်းကို ရင်ခွဲမည့်သူများအတွက် တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်း လိုအပ်ချက်

§  အလောင်းကို ရင်ခွဲမည့်နေရာအတွက် လိုအပ်သည့် လေပေးစနစ်

§  မြှုပ်နှံခြင်း၊ မီးသင်္ဂြိုဟ်ခြင်းအတွက် လမ်းညွှန်ချက်

 

ဤဆောင်းပါးကလေးအား ကိုဗစ်ရောဂါဖြင့် သေဆုံးသူများအတွက် နာရေးကူညီနေသူများအား ပေးလိုက်ကြပါဘိ။

ကျွန်ုပ်၏ ဤဆောင်းပါးသည် နာရေးကူညီမှုလုပ်နေသူ ပရဟိတသမားများနှင့် ဆေးဝန်ထမ်းများ၊ အများပြည်သူတို့ အတွက် အကျိုးတစုံတရာဖြစ်ထွန်းမည်ဆိုလျှင် ကျွန်ုပ် အားထုတ်ရကျိုးနပ်ပါပြီ။

 

(၂) အဓိက စဉ်းစားရမည့်အချက်များ


Ref:

Infection prevention and control for the safe management of a dead body in the context of COVID-19: WHO_4 September, 2020

 

ကိုဗစ် ၁၉ သည် SARS-CoV-2 ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းနှင့် အဆုပ်ဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်၏။ ကိုဗစ်ရောဂါဖြစ်လျှင် ဖျား၏၊ ချောင်းဆိုး၏၊ ခံတွင်းပျက်၏၊ အားနည်း၏၊ အသက်ရှူရခက်၏။ ထိုပြင် လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်းတို့လည်း ဖြစ်တတ်သေး၏။ အချို့လူနာ များတွင် မည်သည့်ရောဂါလက္ခဏာမှ မပြဘဲလည်း ရှိတတ်၏။

 

§  ကိုဗစ်ရောဂါသည် ကိုဗစ်ရောဂါရှိနေသူ၏ ချောင်းဆိုး၊ နှာချေ၊ စကားပြောရာမှ ထွက်လာသည့် တံတွေးအမှုန် အမွှားများ၊ ချွဲသလိပ်များဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိတွေ့ရာမှ ကူးစက်တတ်၏။ 

§  ကိုဗစ်လူနာများသည် ဆေးရုံဆေးခန်းများ၌သော် လည်းကောင်း၊ အိမ်၌သော်လည်းကောင်း၊ အခြားနေရာများ၌ သော်လည်းကောင်း သေနိုင်၏။

§  ကူးစက်နိုင်သောရောဂါများဖြင့် သေသူများကို ရောဂါကူးစက်ပျံ့ပွားခြင်းမဖြစ်စေရန် မီးသင်္ဂြိုဟ်သင့်၏။ (သို့သော် ဤအဆိုမှန်ကြောင်းကိုမူ လက်တွေ့သက်သေမပြရသေးပါ။)

§  ကိုဗစ်ကြောင့်သေသည့် ရုပ်အလောင်းများကို ကိုင်တွယ်သူများ၏ အန္တရာယ်ကင်းရေးမှာ အလွန် အရေးကြီး၏။ ရုပ်အလောင်းများကို မကိုင်တွယ်မီ ၎င်းတို့အား လက်အိတ်၊ လက်သန့်ဆေးရည်၊ တစ်ကိုယ်ရည် ကာကွယ်ရေး ပစ္စည်း၊ ပိုးသတ်ဆေး စသည်တို့ လုံလောက်စွာထားပေးရမည်။ (မည်သည်တို့ ပံ့ပိုးပေးရမည်ကို နောက်ဆက်တွဲ ၁ နှင့် ၂ တွင် ကြည့်ပါ။)

§  သေဆုံးသူများအား ၎င်းတို့ ဘာသာတရား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများအလိုက် ပြုစရာရှိတာများ ပြုပေးသင့် ၏။ 

§  အာဏာပိုင်တို့သည် ကိုဗစ် ၁၉ ဖြင့် သေဆုံးသူများအား တစ်ဦးချင်းစီအလိုက် သေဆုံးရသည့် အကြောင်းရင်း၊ မိသားစုများ၏ ပိုင်ခွင့်၊ ကူးစက်နိုင်ချေရှိသည့်အလားအလာ စသည်တို့ကို စီမံခန့်ခွဲပေးရမည်။

 

(၃) သေဆုံးသူ၏ နေအိမ်/ဆေးရုံဆေးခန်းများမှ ရင်ခွဲရုံ/အအေးတိုက်/သုဿာန်/မီးသင်္ဂြိုဟ်စက်များသို့ ပို့ဆောင်ရန် ရုပ် အလောင်းအား ထုပ်ပိုးခြင်း/ပြင်ဆင်ခြင်း


ရုပ်အလောင်းအားကိုင်တွယ်မည့် ကျန်းမာရေးဝန်ထမ်း/ရင်ခွဲရုံဝန်ထမ်း/သုဘရာဇာများ/နာရေးကူညီသူများသည် Infection Prevention and Control (IPC) စံနှုန်းများနှင့် လုပ်ထုံးလုပ်နည်းများကို အတိအကျလိုက်နာရန်လို၏။ ရုပ်အလောင်းထားရှိရာ ပတ်ဝန်းကျင်ကို ပိုးသတ်ဆေး ဖြန်းထားရမည်။ အလောင်းကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီး နောက် မိမိတို့၏ လက်များကို သေချာစွာ ပိုးသတ်ထားရမည်။ တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံ (မျက်နှာအကာ (Face shield) သို့မဟုတ် အန္တရာယ်ကင်းမျက်မှန် (Goggles), မျက်နှာအကာ (medical mask), ရေမစိမ့်နိုင်သည့် ကိုယ်ရုံအဝတ် (impermeable gown)၊ ပလတ်စတစ်အကာစွပ်ထားသည့် ဖိနပ် (closed footwear) နှင့် လက်အိတ် (handgloves)) ဝတ်ဆင်ထားပါ။





§  အလောင်းမှ အပ်၊ ပိုက်၊ ပြွန်အစရှိသည်တို့ကို ဖြုတ်ပါ။

§  ခန္ဓာကိုယ်မှ အရည်များကျနေလျှင် ထိုအရည်များကို အောက်သို့မကျစေရန် ပလတ်စတစ်အခင်းပေါ် အလောင်းကို တင်ပါ။

§  အလောင်းအား ရေချိုးခြင်း၊ အဝတ်သစ်များလွှမ်းပေးခြင်း၊ အပ်ချည်ကြိုးဖြင့် ခြေမကို ပူးချည်ခြင်းစသည်တို့ လုပ်သူများ သည်လည်း အထက်တွင် ဖော်ပြထားသည့် တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများ ဝတ်ဆင်ခြင်း၊ လက်များကို ပိုးသတ် ခြင်းများ ပြုရမည်။

§  ကိုဗစ်ဖြင့်သေသည့် အလောင်းကို မပုပ်မသိုးအောင် ဆေးထိုးခြင်းမလုပ်ပါနှင့်။ တတ်နိုင်သမျှ အမြန်ဆုံး ချပစ်ရမည်။ မတတ်သာ၍ မပုပ်မသိုးဆေးထိုးသည့်တိုင် တတ်ကျွမ်းနားလည်သူကသာ ထိုးရပါမည်။

§  အလောင်းကို သယ်ယူရန် အလောင်းထုပ်သည့်အိတ်၊ ပလတ်စတစ်အခင်း၊ ခေါင်း စသည်တို့သုံးနိုင်၏။

§  အလောင်းကိုကြည့်ရန် အိတ်၊ ပလတ်စတစ်အိတ်များကိုခွဲခြင်း၊ ခေါင်းဖွင့်ခြင်း စသည်တို့လုပ်သည့်အခါ လုပ်သူသည် မျက်နှာအကာ (medical mask), လက်အိတ်များ ဝတ်ဆင်ထားရမည်။

§  မိသားစုဝင်များက အလောင်းကို ကြည့်လိုက ကြည့်နိုင်၏။ သို့သော် မျက်နှာအကာ ဝတ်ဆင်ထားပါ။ အလောင်းကို တို့ထိခြင်း၊ နမ်းရှုပ်ခြင်းများ မပြုရ။ တစ်ဦးနှင့်တစ်ဦး (၁) မီတာခွာနေပါ။ ကြည့်ပြီးသည့်အခါ လက်ကို လက်သန့်ဆေးရည်ဖြင့် ဆေးပါ။

§  အလောင်းကို အိတ်/ခေါင်းများ အတွင်းမှ မထုတ်ပါနှင့်။

 

(၄) ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ခြင်း

---------------------------------------------------

 

ကိုရိုနာဗိုင်းရပ်စ်သည် အရာဝတ္ထုမျက်နှာပြင်များ (ဥပမာ - သတ္တုမျက်နှာပြင်၊ မှန်၊ ပလတ်စတစ် စသည်) တွင် ၉ ရက်မျှ ထိ အသက်ရှင်နေနိုင်၏။ SARS-CoV-2 ဗိုင်းရပ်စ်ကို ပလတ်စတစ်နှင့် အစွန်းအထင်းခံ သံမဏိ မျက်နှာပြင်များတွင် ၇၂ နာရီထိမျှ စမ်းသပ်တွေ့ရှိနိုင်၏။ ထို့ကြောင့် ကိုဗစ်ဖြင့်သေဆုံးသွားသူ ထားခဲ့သည့်နေရာကို သေချာစွာ သန့်ရှင်းရေးလုပ် ရန်မှာ မရှိမဖြစ် လိုအပ်၏။ 

 

§  ကိုရိုနာဗိုင်းရပ်ဖြင့် သေဆုံးသူများအား သယ်ရန်၊ ထားရန် နေရာများကို အလွယ်တကူ သန့်စင်နိုင်၊ ဆေးကြော နိုင်သည့် ပစ္စည်း (ဥပမာ - အစွန်းအထင်းခံ သံမဏိ၊ ပလတ်စတစ်အကောင်းစား) များဖြင့် ပြုလုပ်ပါ။ 

§  အလောင်းကို ချပြီးသည်နှင့် အလောင်းသယ်ယူသည့် ပစ္စည်းများကို ချက်ချင်း ပိုးသတ်ဆေး ဖြန်းပါ။

§  အလောင်းချထားသည့်နေရာများကို အလောင်းဖယ်ပြီးသည်နှင့် တပြိုင်နက် ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောပါ။ 

§  ထို့နောက် အနည်းဆုံး 1000 ppm (0.1%) ဆိုဒီယမ်ဟိုက်ပို ကလိုရိုဒ် (bleach) သို့မဟုတ် 70% အက်သနော ကို ထိုမျက်နှာပြင် ပေါ်တွင် အနည်းဆုံး (၁) မိနစ်ကြာအောင် ဖုံးထားပါ။

§  ဆေးရုံသုံး ပိုးသတ်ဆေးများ သုံးနိုင်ပါသည်။ သို့သော် ဘယ်နှစ်မိနစ်ကြာအောင် ဖုံးထားရမည်ဆိုသည်ကို ထုတ်လုပ်သူ လမ်းညွှန်ထဲ၌ ဖော်ပြထားသည့်အတိုင်း လိုက်နာပါ။

§  ပိုးသတ်ဆေးဖြန်းသူများသည်လည်း အထက်တွင်ဖော်ပြခဲ့သည့် တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများ ဝတ်ဆင်ရပါမည်။

§  အလောင်းနှင့်ထိတွေ့ထားသည့် ပစ္စည်းများကို ဟိုပစ်ဒီပစ်၊ အလွယ်တကူ စွန့်မပစ်ပါနှင့်။ ဆေးရုံသုံး ပစ္စည်းများကို စွန့်ပစ်သည့်နည်းများအတိုင်း စွန့်ပစ်ရပါမည်။ ဤနည်း မရနိုင်ပါက မီးရှို့ပစ်ပါ။

 

(၅) မြေမြှုပ်ခြင်း/မီးသင်္ဂြိုဟ်ခြင်း


 

§  ကိုဗစ်၁၉ ဖြင့်သေသူ၏ အလောင်းကို မြေမြှုပ်၍ရသလို မီးသင်္ဂြိုဟ်၍လည်း ရ၏။ ဓလေ့ထုံးတမ်းစဉ်လာများ နှင့် မိသားစု၏ ရွေးချယ်မှုအပေါ် မူတည်လုပ်ပါ။ 

§  သေဆုံးသူ၏ ကျန်ရစ်သည့် ပစ္စည်းများအား မည်ကဲ့သို့ စွန့်ပစ်ရမည်ကို အစိုးရက ဥပဒေ၊ နည်းဥပဒေများ ချမှတ်ဆောင်ရွက်ရမည်။

§  မြေမြှုပ်ခြင်း၊ မီးသင်္ဂြိုဟ်ခြင်းမပြုမီ မိသားစုဝင်များက အလောင်းကို ကြည့်လိုက ကြည့်နိုင်၏။ သို့သော် မျက်နှာ အကာ ဝတ်ဆင်ထားပါ။ အလောင်းကို တို့ထိခြင်း၊ နမ်းရှုပ်ခြင်းများ မပြုရ။ တစ်ဦးနှင့်တစ်ဦး (၁) မီတာ ခွာနေ ပါ။ ကြည့်ပြီးသည့်အခါ လက်ကို လက်သန့်ဆေးရည်ဖြင့် ဆေးပါ။

§  မိသားစုဝင်များနှင့် လိုက်ပို့သူများသည် အစိုးရကသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ (ဥပမာ - လူ ဘယ်နှယောက်သာ အသုဘကိုလိုက်ပို့ရမည်၊ မျက်နှာအကာ ဝတ်ဆင်ထားရမည်။ တစ်ဦးနှင့်တစ်ဦး တစ်မီတာ ခွာနေရမည် စသည်တို့ကို လိုက်နာရမည်။

§  အခေါင်းကို မြေချသူ၊ မီးသင်္ဂြိုဟ်စက်အတွင်း သွင်းသူများသည် အခေါင်းကို မြေချအပြီး။ မီးသင်္ဂြိုဟ်စက်အတွင်း သွင်းပြီးသည်နှင့် ဝတ်ထားသည့်လက်အိတ်ကို ချွတ် လွှင့်ပစ်ပါ။ လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောပါ။

§  အလောင်းကို အဝတ်အစားမပါဘဲ မီးသင်္ဂြိုဟ်စက်အတွင်းသွင်းသည်ဆိုလျှင် စက်အတွင်း သွင်းသူများသည် medical mask တပ်ရမည်။ ရေလုံ ရာဘာလက်အိတ် စွပ်ရမည်။ ပြီးလျှင် လက်ကို သေချာစွာ ဆေးရမည်။

§  မြေချသူ၊ မီးသင်္ဂြိုဟ်သူများကို လူအနည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် လျှော့ချပါ။ မလိုအပ်ဘဲ လူပို မခေါ်ပါနှင့်။

 

(၆) အိမ်တွင်သေသူများကို မိသားစုဝင်များ/မိတ်ဆွေများက ချခြင်း/သင်္ဂြိုဟ်ခြင်း

 

§  အလောင်းကို ကိုင်တွယ်ခြင်း၊ လှိမ့်ခြင်း၊ နေရာရွှေ့ခြင်းတို့မပြုမီ ပလတ်စတစ် သို့မဟုတ် အဝတ်စဖြင့် လုံလုံ ခြုံခြုံ ရစ်ပတ်ထားပါ။ မည်သည့်လှုပ်ရှားမှုမျိုးမှ မပြုရသေးမီ အလောင်း၏မျက်နှာကို non-medical mask (အဝတ်မျက်နှာအကာ) ဖြင့် အုပ်ပေးထားပါ။ ဓလေ့ထုံးစံများက ခွင့်ပြုမည်ဆိုလျှင် အလောင်းထည့်သည့် အိတ်ဖြင့်လည်း ထည့်နိုင်ပါသည်။

§  ဓလေ့ထုံးတမ်းများအရ အလောင်းကို ရေချိုးခြင်း၊ အမွေးအမှင်များရိတ်ခြင်း၊ လက်သည်းခြေသည်းများ ညှပ်ခြင်း စသည်တို့ပြုရမည်ဆိုပါက ပြုလုပ်မည့် အိမ်သူအိမ်သား/ဘာသာရေးခေါင်းဆောင်သည် လက်အိတ် ဝတ်ထားရမည်။ အကယ်၍ လှုပ်လှုပ်ရှားရှားလုပ်၍ အလောင်းမှ အရည်များလွင့်စဉ်လာနိုင်သည်ဆိုပါက လုပ်ကိုင်မည့်သူများသည် မျက်နှာကာကွယ်ရေးပစ္စည်း (ဥပမာ - မျက်နှာအကာ (face shield), အန္တရာယ်ကင်း မျက်မှန် (goggles), နှာခေါင်းနှင့်ပါးစပ်ကို အုပ်နိုင်သည့် မျက်နှာအကာ (medical mask)) စသည်တို့ ဝတ်ဆင် ထားရပါမည်။ မျက်နှာအကာကို (N95 သို့မဟုတ် FFP2 သို့မဟုတ် ၎င်းနှင့်ညီမျှသော မျက်နှာအကာ) တို့ ဝတ်ဆင်သင့်ပါသည်။





§  အလောင်းကို ကိုင်တွယ်မည့်သူများသည် Apron (အရည်စသည်တို့ စဉ်ခြင်းမှ ကာကွယ်နိုင်ရန် အဝတ်အစား များ အပေါ်မှ ထပ်အုပ်ကာ ဝတ်ရသော အကာအဝတ်), အရည်များ စိမ့်မဝင်နိုင်သည့် တစ်ကိုယ်လုံးကို ဖုံးအုပ်နိုင်သည့် လက်ရှည်အဝတ် (long sleeved fluid resistant gown) တို့ကို ဝတ်ဆင်သင့်ပါသည်။ အလောင်းကို ကိုင်တွယ်ပြီးသည်နှင့် တပြိုင်နက် ထိုအဝတ်များကို တစ်ခါတည်း လွှင့်ပစ်လိုက်ပါ။ သို့မဟုတ် ချက်ချင်းလျှော်ပါ။

§  နာရေးအတွက် အလောင်းကို ပြင်ဆင်သူများသည် အိမ်သူအိမ်သားများအား အလောင်းကို မထိရန်၊ နမ်းရှုပ် ခြင်း မပြုရန် သတိပေးရပါမည်။

§  နာရေးအတွက် အလောင်းကို ပြင်ဆင်သူများအား ကူညီသူများသည်လည်း လက်အိတ်၊ မျက်နှာအကာ စသည်တို့ ဝတ်ဆင်ကာ ကိစ္စပြီးသည်နှင့်တပြိုင်နက် လက်များကို ဆပ်ပြာ၊ ရေတို့ဖြင့် သေသေချာချာ ဆေးကြောရပါမည်။

§  သေဆုံးသူ၏ မိသားစုဝင်များအနေဖြင့် တတ်နိုင်သမျှ အလောင်းနှင့် ဝေးဝေးနေပါ။

§  အလောင်းကို မြေမြှုပ် သင်္ဂြိုဟ်မည်ဆိုပါက ရောဂါအခံရှိသူများ၊ အသက် (၆၀) ကျော်သူများအနေနှင့် မြေမြှုပ် သည့်နေရာသို့ လိုက်ပါလျှင် အထူးသတိထားရပါမည်။ အကာအကွယ်ပစ္စည်းများ (ဥပမာ - medical mask) ဝတ်ဆင်ထားရပါမည်။ မြေမြှုပ်သည့်နေရာတွင် ပါဝင်မည့် လူအရေအတွက်ကို နည်းနိုင်သမျှ နည်းပါစေ။

§  အသုဘရှုလာသူများအနေနှင့် အလောင်းနှင့်တကွ သေဆုံးသူ၏ ပစ္စည်းပစ္စယများကို ထိတွေ့ကိုင်တွယ်ခြင်း မပြုရ။ အသုဘရှု လာသည့်အခါ အကာအကွယ်ပစ္စည်းများ (ဥပမာ - medical mask) ဝတ်ဆင်လာပါ။ တစ်ယောက်နှင့်တစ်ယောက် (၁) မီတာ ခွာနေပါ။

§  နေထိုင်မကောင်းသူများ အသုဘရှုရန် လုံးဝမလာတာ အကောင်းဆုံးဖြစ်ပါသည်။

§  အလောင်းကို ဂူသွင်းမည်ဆိုလျှင်လည်း ဂူသွင်းမည့်သူများသည် လက်အိတ်၊ မျက်နှာအကာ စသည်တို့ သေချာ စွာ ဝတ်ဆင်ထားရမည်။ ဂူသွင်းပြီးသည်နှင့် တပြိုင်နက် လက်ကို ဆပ်ပြာ၊ ရေတို့နှင့် သေချာစွာ ဆေးကြောပါ။

§  ပြန်ပြီး လျှော်သုံး၍ ရသော တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများကို ထုတ်လုပ်သူ၏ ညွှန်ကြားချက်အတိုင်း သေချာစွာ လျှော်ဖွပ်/ဆေးကြောပါ။

§  မသန့်ရှင်းတော့သော ပစ္စည်းများ၊ ရောဂါပိုးကပ်ငြိနေနိုင်သည့်ပစ္စည်းများ၊ သုံးပြီးသား တစ်ကိုယ်ရည် ကာကွယ်ရေး ပစ္စည်းများကို တွေ့ကရာလွှင့်မပစ်ပါနှင့်။ ပလတ်စတစ်အိတ်နှင့် သေချာစွာ ထုပ်ပိုးပြီးမှ ပစ်ပါ။

§  အလောင်းကို မြေမြှုပ်ခြင်း၊ ဂူသွင်းခြင်း၊ မီးသင်္ဂြိုဟ်ခြင်းစသည်တို့မှာ အချိန်ဆိုင်းထား၍မရသော လုပ်ငန်းများ ဖြစ်၏။ သို့သော် သက်ပျောက်ဆွမ်းကျွေးခြင်း၊ ရက်လည်ဆွမ်းသွပ်ခြင်းတို့ကဲ့သို့သော အသုဘ အခန်းအနားများ ကိုမူ တတ်နိုင်သမျှ နောက်ဆုတ် လုပ်ရပါမည်။ အနည်းဆုံးတော့ ယခုဖြစ်နေသည့် ကပ်ရောဂါကာလကြီး ကျော်လွန်သွားသည်ထိ ဖြစ်၏။ ဆွမ်းသွပ်အခန်းအနားလုပ်ချင်လျှင်သော်မှ ထိုပွဲများသို့ လူများများ မဖိတ်သင့် ပါ။ လာသည့်လူများအားလုံးသည် နှာခေါင်းစည်းဝတ်ဆင်ထားရမည်။ တစ်ဦးနှင့်တစ်ဦး တစ်မီတာခွာနေရမည်။ တစ်ဦးနှင့်တစ်ဦး စကားပြောခြင်းကို တတ်နိုင်သမျှ လျှော့ချရမည်။ လက်ကို မကြာခဏဆေးရမည် (သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့် သန့်ရှင်းရေးလုပ်ရမည်။

§  သေဆုံးသူ၏ ကျန်ရစ်သောပစ္စည်းများကို မီးရှို့ရန် မလိုအပ်ပါ။ သို့တိုင် ထိုပစ္စည်းများကို ကိုင်တွယ်သည့်အခါ လက်အိတ်ဝတ်ရပါမည်။ နှာခေါင်းစည်း တပ်ရပါမည်။ ထိုပစ္စည်းများကို ဆပ်ပြာ၊ ရေတို့ဖြင့် သေချာစွာ လျှော်ဖွပ်ရပါမည်။ လျှော်ဖွပ်ပြီးသည့်အခါ အက်သနော ၇၀%, ဟိုက်ပိုကလိုရိုဒ် သို့မဟုတ် 1000 ppm (0.1%) ပါ bleach solution တို့ဖြင့် ပိုးသတ်ပါ။

§  ကိုဗစ်ရောဂါကြောင့် သေဆုံးသူ သုံးစွဲခဲ့သည့် စောင်၊ ခြင်ထောင်၊ အိပ်ယာစသည်တို့ကို အဝတ်လျှော်စက်ရှိလျှင် အဝတ်လျှော်စက်၌ အပူချိန် ၆၀ - ၉၀ ဒီဂရီစင်တီဂရိတ် (၁၄၀ - ၁၉၄ ဒီဂရီဖာရင်ဟိုက်) တွင် အဝတ်လျှော် ဆပ်ပြာရည်/ဆပ်ပြာမှုန့်ဖြင့် လျှော်ပါ။ 

§  အကယ်၍ အဝတ်လျှော်စက်မရနိုင်ပါက ထို စောင်၊ ခြင်ထောင်တို့ကို ပုံး/ခွက်ကြီးတစ်ခုတွင်ထည့်စိမ်ပါ။ ရေနွေးကြွက်ကြွက်ဆူဖြင့် လောင်းချပါ။ တုတ်ဖြင့်မွှေပါ။ ရေများကို မစင်ပါစေနှင့်။ ထို့နောက် ရေနွေးအားလုံး သွန်လိုက်ပါ။ ထို့နောက် ကလိုရင်း ၀.၀၅% ပါသည့်ရေဖြင့် အနည်းဆုံး နာရီဝက်ကြာအောင်စိမ်ပါ။ ထို့နောက် ရေလျှော်ပြီး ခြစ်ခြစ်တောက် ပူနေသည့် နေရောင်အောက်တွင် ခြောက်သွေ့သည်ထိ လှန်းပါ။

 

 

 

(၇) အခြားအချက်အလက်များ

 

အရည်များထွက်နေသမျှကာလပတ်လုံး သေဆုံးသွားသူ၏ ခန္ဓာကိုယ်မှ အခြားသူများသို့ ကိုဗစ်ရောဂါပိုး ကူးစက်နိုင်၏။ အကြောင်းကား ခန္ဓာကိုယ်တွင်းမှ ထွက်လာသည့် အရည်များသည် ခန္ဓာကိုယ်တွင်းမှ ရောဂါပိုးများကို ပြင်ပသို့ သယ်ထုတ်လာသောကြောင့် ဖြစ်သတည်း။

(Source: https://www.thenewsminute.com/article/tnm-explainer-can-dead-bodies-covid-19-victims-spread-disease-129347)

 

၂၀၂၀ ခုနှစ် မတ်လ ၂၄ ရက်နေ့ထုတ် WHO စာစောင်တွင် အီဘိုလာ၊ မာဘာ့ခ်၊ ခိုလယ်ရာ ရောဂါများဖြင့်သေသည့် အလောင်းများမှလွဲ၍ ကျန်အလောင်းများမှာ ရောဂါကူးစက်နိုင်သော အလောင်းများမဟုတ်ဟု ဆို၏။ ထို့ပြင် ကိုဗစ် ရောဂါပိုးသည် လေထဲမှနေ၍ ကူးစက်တတ်သော ရောဂါမဟုတ်ဟု ဖော်ပြထား၏။

(Ref:

Infection Prevention and Control for the safe management of a dead body in the context of COVID-19: 24/03/2020)

 

သို့သော် ပြန်ပြင်ထားသည့် ၂၀၂၀ စက်တင်ဘာ ၄ ရက်နေ့ထုတ် အဆိုပါ စာစောင်တွင်မူ ထိုအပိုဒ်များကို ဖြုတ်ခဲ့တာ တွေ့ရ၏။ ထို့ကြောင့် ကိုဗစ်၁၉ သည် လေထဲမှကူးစက်နိုင်၏။ ကိုဗစ်၁၉ ဖြင့်သေသည့် အလောင်းများမှတဆင့် ရောဂါပိုး ကူးစက်နိုင်သည်ဟု ယူဆနိုင်၏။

 

ထို့ကြောင့် မြေမြှုပ်သည်ဖြစ်စေ၊ မီးရှို့ သင်္ဂြိုဟ်သည်ဖြစ်စေ အလောင်းကို ကိုင်တွယ်ရာတွင် အထူးသတိထားရမည်။ သို့သော် သင်္ဂြိုဟ်စက် မီးခိုးခေါင်းတိုင်မှထွက်လာသည့် မီးခိုးများတွင်မူ မည်သည့် အကြောင်းနှင့်မှ ဗိုင်းရပ်စ် ကပ်ပါ မလာနိုင်ပါ။ အကြောင်းကား ကိုဗစ်ဗိုင်းရပ်စ်သည် အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ်တွင် ၅ မိနစ်မျှသာ အသက်ရှင်နိုင်၏။ မီးသင်္ဂြိုဟ်စက်၏ အပူချိန်မှာ ၇၆၀ မှ ၉၈၀ ဒီဂရီစင်တီဂရိတ်မျှရှိလေရာ အလောင်းကို မီးသင်္ဂြိုဟ်လိုက်သည်နှင့် ပိုးများ ပါ တပါတည်း သေကြေပျက်စီးကုန်ကြလေ၏။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၉ ဇူလိုင်၊ ၂၀၂၁

 

ရည်ညွှန်း စာရွက်စာတမ်းနှင့် Website များ

=================================

 

https://www.medrxiv.org/content/10.1101/2020.08.03.20167593v1

https://www.straitstimes.com/singapore/bodies-of-covid-19-patients-to-be-handled-according-to-strict-protocols-which-include

http://covid-19.moh.gov.my/garis-panduan/garis-panduan-kkm/Annex_20_Forensic_Guidelines_02122020.pdf

https://www.who.int/publications/i/item/infection-prevention-and-control-for-the-safe-management-of-a-dead-body-in-the-context-of-covid-19-interim-guidance

https://www.health.nsw.gov.au/Infectious/factsheets/Pages/covid-19-funeral-directors.aspx

https://www.ncbi.nlm.nih.gov/pmc/articles/PMC7290165/