Showing posts with label Fire Protection. Show all posts
Showing posts with label Fire Protection. Show all posts

Friday, January 24, 2020

လူမိုက်များတို့ တိုင်းပြည်

(၁)

သူများအမှားပေါ်မှ သင်ခန်းစာယူနိုင်ခြင်းသည် ပညာရှိဖြစ်၏။
ကိုယ့်အမှားအပေါ်မှ ကိုယ် သင်ခန်းစာယူနိုင်သူသည် သာမန်လူဖြစ်၏။
တစ်ခါအမှားလုပ်ပြီးတောင် သင်ခန်းစာမယူနိုင်။ သည်အမှားကို ထပ်ခါ ထပ်ခါ ကျူးလွန်နေသူကား လူမိုက်စင်စစ် ဧကန်ဖြစ်တော့၏။
(၂)
ရတနာပုံဈေးကြီးမီးလောင်တော့ ကိုနိုင်လင်းစိုးက “ဈေးတွေဘာကြောင့် နှစ်ခါပြန် မီးလောင်ရ ပါသလဲ” ဟုစပ်စုလာသည့်အခါ ဤသည်မှာ မိုက်မဲမှု၏ရလဒ်ဖြစ်၏ - ဟုဆိုကာ အထက်ပါ စာသားလေးကို ပေးပို့လိုက်ပါသည်။
မီးကာကွယ်ရေးအကြောင်း ကျွန်တော် ဆောင်းပါးများရေးကာ The Voice ဂျာနယ်၌ ထည့်ဖူးပါ သည်။
ကျွန်တော်တို့နိုင်ငံတွင် မီးလောင်၍ ဆုံးရှုံးရသည့် ပစ္စည်းဥစ္စာပမာဏမှာ တစ်နှစ်တစ်နှစ် မနည်းလှပါ။ သို့တိုင် မီးကာကွယ်ရေးကို မည်သူကမှ လေးလေးစားစားလုပ်တာ မတွေ့ရသေးပါ။ အဆောက်အဦတွေဆောက်ရင် ဘာတဲ့ မီးကာကွယ်ရေးစနစ်ပါရမယ် ဆိုလား။
အဟွတ် အဟွတ် . .
သောက်ကျိုးနဲ။ ပြောရင်း တံတွေးတောင် သီးတယ်။

မရိုးနိုင်တဲ့ ပုသိမ်က ပုံပြင်လေး ပြန်ကောက်ပါရစေ။
ကျွန်တော်တို့အုပ်စု ပုသိမ်ရောက်တော့ ဟော်တယ်တစ်ခုတွင် တည်း၏။
ဖိုးစပ်စု ကျွန်ုပ်မှာ ကိုယ့်ဘာသာအငြိမ်မနေဘဲ ဟော်တယ်ထဲ ဟိုဟိုသည်သည် လျှောက်ကြည့်၏။ စင်္ကြန်အဆုံးတွင် အလွန်မတ်စောက်လှသော လှေခါးတစ်ခုတွေ့မိ၍ စိတ်ထဲ မသင်္ကာသည်နှင့် သတိကြီးစွာထားကာ ဆင်းကြည့်၏။ လှေခါးဆုံးတော့ နံရံနှင့်ပိတ်နေ၏။ ဘယ်ကိုမှ ထွက်လို့မရ။
သို့နှင့် ကျွန်ုပ်လည်း ဟော်တယ်က မမကလေးကို မနေနိုင်မထိုင်နိုင် မေးကြည့်၏။
ဟိုလေ . . . ဟို အထပ်က လှေ လှေ လှေခါး က . . .
သူကလည်း အလွန်ပါးလှ၏။ ပါးလွန်းတော့ လုံချည်တောင် နှစ်ထပ်ခံဝတ် . . ဟုတ်ပေါင် . . ဓာတ်ဆီဓာတ်ဆံတို့နဲ့ မှားကုန်ပြီ။
ကျွန်ုပ်ဘာသိချင်သည်ကိုဒက်ကနဲတန်းသိ၏။
ဪ . . သဟာလား။
ဒါကဒီလိုဆိပါတယ်ဆင့်။
ဟော်တယ်ဆောက်တုံးက အရေးပေါ်ထွက်ပေါက်မပါတော့ ဆောက်ခွင့်မကျဘူးလေ။
အဲသဟာကြောင့် အဲဒီလှေခါးက အရေးပေါ်ထွက် ပေါက် ပေါက် . .
မြတ်စွာဘုရား။
အသင်တို့ သည်ကဲ့သို့သာ ဆက်လုပ်နေကြဦးမည်သာဆိုလျှင် ဤဈေးကြီးများသည် မီးကိုလေ . .
နှစ်ခါမက သုံးခါမက လေးခါမက ပြန်လောင်နေလိမ့်ဦးမည်ဆိုတာ ကျွန်ုပ် ရဲရဲကြီး အာမခံလိုက်ပါ သတည်း။
(၃)

ယခု မီးကာကွယ်ရေးဆောင်းပါး အပိုင်း (၁) မှာ Tech Digest သို့ပို့ထားသည့် ဆောင်းပါးဖြစ်ပါသည်။ ဘယ်လမှာ ပါမည်မသိ။ အပိုင်း (၂) ရေးပြီးလျှင် ထပ်တင်ပေးပါမည်။

ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၄၊ ဇန္နဝါရီလ၊ ၂၀၂၀



















Thursday, May 2, 2013

မီးအန္တရာယ်ကာကွယ်ရေး ပညာပေးအစီအစဉ် (၁)


၂၆၊ ၄၊ ၂၀၁၃ ည ၉ နာရီခွဲက ဗီအိုအေ မြန်မာပိုင်းအစီအစဉ်တွင် ထုတ်လွှင့်ခဲ့သည့် မီးအန္တရာယ်ကာကွယ်ရေး ပညာပေးအစီအစဉ် အပိုင်း (၁) ဖြစ်ပါသည်။



Friday, January 6, 2012

မီးလောင်မှုတွေကို ဘယ်လိုလျှော့ချမလဲ

(၁)


ကျွန်တော် စိတ်မကောင်းခြင်းကြီးစွာဖြင့် ဤစာကိုရေးပါသည်။


ကျွန်တော် အလွန်စိတ်မကောင်းဖြစ်ရခြင်းအကြောင်းမှာ ကျွန်တော်တို့တိုင်းပြည်တွင် မီးလောင်သည့်သတင်းများ မကြာခဏ ကြားနေရ၍ ဖြစ်၏။ မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း စသည်တို့မှာ သဘာဝဘေးအန္တရာယ်များဖြစ်သဖြင့် ပြုပြင်ရန်၊ တားဆီးရန် မလွယ်ကူလှပါ။ သို့သော် မီးလောင်ခြင်းမှာမူ သဘာဝ ဘေးအန္တရာယ်မဟုတ်။ လူ့ပယောဂကြောင့် ဖြစ်၏။ မီးလောင်၍ ပျက်စီးဆုံးရှုံးရသောတန်ဖိုးမှာ တစ်နှစ်တစ်နှစ် မနည်းလှပါ။ လူအသေအပျောက်လည်းရှိ၏။ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရသော ဥစ္စာများဖြစ်၍ အလွန်နှမြောစရာကောင်းပါသည်။ နိုင်ငံတော်အနေနှင့်လည်း ဆုံးရှုံးမှုတန်ဘိုးကြီးလှသည်။

ဤမီးများမှာ လူများ၏ ပေါ့ဆမှု၊ အသိပညာအားနည်းမှု၊ စည်းကမ်းမလိုက်နာမှု နှင့် အရေးကြီးဆုံးကား “စီမံခန့်ခွဲခြင်း အားနည်းမှု နှင့် စနစ်” တို့ကြောင့် ဖြစ်ပါသည်။

ယခု မြန်မာနိုင်ငံတွင် လောင်ခဲ့သော မီးများအကြောင်း အနည်းငယ် စေ့ငုကြည့်ပါမည်။

၁။ မီးသတ်ဦးစီးဌာန၏ တရားဝင်ထုတ်ပြန်သည့် စာရင်းများအရ ၂၀၁၀ ခုနှစ် မေလအတွင်းက မြန်မာတစ်နိုင်လုံးတွင် မီးလောင်မှု စုစုပေါင်း ၈၁ ကြိမ် ၊ ဇွန်လတွင် အကြိမ် ၄၀၊ ဇူလိုင်လတွင် ၃၄ ကြိမ်၊ သြဂုတ်လတွင် ၃၈ ကြိမ်၊ စက်တင်ဘာလတွင် ၃၃ ကြိမ်၊ အောက်တိုဘာလတွင် အကြိမ် ၅၀၊ ၂၀၁၁ ခုနှစ် မေလတွင် မီးလောင်မှု ၆၉ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။ ရန်ကုန်၊ မန္တလေး၊ ပဲခူး နှင့် မကွေးတိုင်းတို့တွင် မီးအများဆုံးလောင်ကာ မီးလောင်ရခြင်း အကြောင်းရင်းမှာ ပေါ့ဆမီးကြောင့်ဖြစ်ပြီး လျှပ်စစ်ကြောင့်လောင်ရခြင်းမှာ တတိယနေရာတွင်ရှိသည်ဟု ဆိုပါသည်။

၂။ ၂၀၀၈ ခုနှစ်အတွင်းက မီးလောင်မှု ၇၁၉ ခု ရှိခဲ့ပြီး မီးလောင်မှုကြောင့် ၂၈ ဦး သေဆုံးခဲ့သည်ဟု အစိုးရ ထုတ်ပြန်ချက် များကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြခဲ့သည်။

၃။ ၂၀၀၉ ဇွန်လ ၁၅ ရက်နေ့တွင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးငယ်တဦး အသက် ဆုံးရှုံးခဲ့သည်ဟု ဆိုပါသည်။ မီးလောင်ရခြင်းအကြောင်းရင်းမှာ ဖယောင်းတိုင်မီးကြောင့်ဖြစ်ပြီး အိမ်ခြေ ၄၀ မီးထဲပါသွား ခဲ့သည်။

၎။ ၂၀၁၀ မတ်လ ၁ ရက်နေ့က ရန်ကုန်မြို့၊ လသာရှိ သိမ်ကြီးဈေး D ရုံတွင် မီးလောင်ခဲ့သည်။ ပထမထပ်ရှိ စားသောက်ဆိုင် တန်းများမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ဆို၏။

၅။ ၂၀၁၀ အောက်တိုဘာ ၂၄ ရက်နေ့ ညသန်းခေါင်ကျော်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ ဈေးကြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းအားလုံး မီးလောင်ကျွမ်းခဲ့သည် မီးလောင်ကျွမ်းမှုကြောင့် ငွေပမာဏ သိန်း ၃၀,၀၀၀ ကျော် ဆုံးရှုံးခဲ့သည်။

၆။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ မြန်မာပြည်၌ မီးလောင်မှု ၆၈၄ ကြိမ် ဖြစ်ပွားခဲ့ပြီး လျှပ်စစ်ကြောင့် မီးလောင်မှု ၇၅ ကြိမ် ပါဝင်ခဲ့သည်ဟု ဆိုပါသည်။ ထိုသတင်းတွင် ဆက်လက်ဖော်ပြထားသည်မှာ လျှပ်စစ်ကြောင့် မီးလောင်မှုများတွင် အများစုမှာ ၀ါယာရှော့ဖြစ်ခြင်း၊ လျှပ်စစ်ဓါတ်အား မြင့်တက်ခြင်း၊ ချို့ယွင်းပျက်စီးနေသော လျှပ်စစ်ပစ္စည်းများသုံးခြင်း၊ မီးအားထိန်းကိရိယာ Safe Guard ပျက်စီးချို့ယွင်းခြင်း၊ ချို့ယွင်းပျက်စီးနေသည့် ၀ါယာကြိုး ဟောင်းများ၊ လျှပ်စစ်ပစ္စည်းများကြောင့်  လောင်ကျွမ်းခြင်းဖြစ်သည်ဟု ဆိုပါသည်။

၇။ ၂၀၁၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ၆ ရပ်ကွက်ရှိဆိုင်အမှတ် (၁ဝ/က) စက်သုံးဆီ အရောင်းဆိုင်တွင် ဓာတ်ဆီတိုင်ကီအား ဂေါက်တံဖြင့် ရိုက်ဖွင့်ရာမှ မီးစထွက်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။ ထိုနေ့မှာပင် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၂၉ လမ်းနှင့် ၇၆ x ၇၇ လမ်းကြားရှိ လမ်းဘေး စက်သုံးဆီ အရောင်းဆိုင်တွင် ပလတ်စတစ်ပုံးထဲထည့်ထားသော ဓာတ်ဆီအား ရေသန့်ဘူးထဲပြောင်းထည့်ရာမှ တည်ငြိမ်လျှပ်စစ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။

၈။ ၂၀၁၁ ဖေဖော်ဝါရီ ၂ ရက်နေ့၌ မကွေးတိုင်း၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ တပ်ကုန်းရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်၌ ပလတ်စတစ်ပုံးဟောင်းအတွင်း ဓာတ်ဆီထည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။

၉။ ၂၀၁၁ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ စံပြဈေးတွင် မီးလောင်ခဲ့ရာ ဆိုင်ခန်းပေါင်း ၁၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။ ၁၆ ရက်နေ့ကလည်း မန္တလေးမြို့အတွင်း နန်းတော်ရှေ့နှင့် ၄၂ လမ်း ခုံးကျော်တံတားအနီးတို့တွင်လည်း မီးလောင်ကျွမ်းခဲ့သည်။

၁၀။ မကွေးတိုင်း ၊ မကွေးမြို့နယ် ဆူးပစ်စမ်းကျေးရွာတွင် ၂၀၁၁၊ ဖေဖော်ဝါရီ ၁၂ ရက်က မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ ၁၀၀ ကျော် ဆုံးရှုံးခဲ့ပြီး လူဦးရေ ၈၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

၁၁။ ၂၀၁၁ ဖေဖော်ဝါရီ ၈ ရက်နေ့လယ်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆ ရပ်ကွက်၊ အပိုင်း လေး (၁၅/၄)၊ သီတာရေစင်လမ်း တွင်  မီးလောင်ခဲ့ရာ အိမ် ၁၄ လုံး ပြာကျသွားပြီး နောက်တစ်လုံးကို တစ်ခြမ်းလောင်သွားခဲ့သည်။

၁၂။ ၂၀၁၁ မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီမှ ၇ နာရီထိ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ထဟာ ကျေးရွာ၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပြာကျသွားသည်။ မတ်လ ၂ ရက်နေ့ကလည်း ထိုဒေသ၌ပင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ နိုင်ငံတော်ပိုင် ဂိုဒေါင် ၆ လုံး မီးလောင်ကျွမ်းခဲ့သည်။

၁၃။ ၂၀၁၁ မတ် ၂၁ ရက်နေ့ ည ၈ နာရီတွင် မုံရွာမြို့၊ အောင်ဇေယျုံရပ်ကွက်၌ ဖယောင်းတိုင်မီးကြောင့် မီးလောင်ရာ အိမ်ထောင်စု ၇၅ စု နေထိုင်သော နေအိမ်တိုက်တာ ၆၄ လုံး မီးလောင်ကျွမ်းခံရပြီး ကျပ်သိန်း ၁၇၀ ကျော်ဖိုး ဆုံးရှုံးခဲ့သည်။

၁၄။ ၂၀၁၁ ဧပြီလ ၂၅ ရက်နေ့က မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက် ၊ဘုရင့်နောင် ကားပစ္စည်းဈေးကြီးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဈေးရုံ(စ)၊ ဆိုင်အမှတ် (၃၄/၃၅)ကြားရှိ ဘရိတ်ကာ အပူလွန်ကဲရာမှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၁၅။ ရွှေပြည်သာစက်မှုဇုန်(၁)ရှိ VeVe အချိုရည်စက်ရုံတွင် ဧပြီလ ၂၆ ရက်နေ့ နံနက် ၁ နာရီ ၃၅ မိနစ် အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့၏။ Ve Ve အချိုရည်စက်ရုံ ပင်မဂိုဒေါင်အတွင်းရှိ ပစ္စည်းသိုလှောင်ခန်းတွင် အဲယားကွန်းပလပ်ခုံ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ Ve Ve အချိုရည်စက်ရုံ ပြုပြင်ထန်းသိမ်းရေးတာဝန်ခံအား ပ-၃၇၅/၂၀၁၁ ပုဒ်မ ၂၈၅ ဖြင့် အရေးယူခဲ့သည်။

၁၆။ ၂၀၁၁ ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၌ အနှိပ်ခန်းတစ်ခု မီးလောင်ခဲ့ပြီး နောက်တစ်ရက် ဇွန်လ ၂၀ ရက်နေ့တွင် ၁၆ ရပ်ကွက်၊ သုမင်္ဂလာလမ်းရှိ အထည်ချုပ်စက်ရုံကို မီးလောင်ခဲ့သည်။

၁၇။ ၂၀၁၁ စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ဗဟိုဈေးအနီး၌ မီးလောင်ခဲ့သည်။ လူနေအိမ် ၁၃ လုံး အပါအ၀င် ရွှေဆိုင်ခန်း (၅) ခန်း၊ နိုင်ငံခြားဖြစ် အိတ်အရောင်းဆိုင် ၁ ဆိုင် ၊ ဖိနပ်ဆိုင် ၂  ဆိုင်နှင့် အခြား လူသုံးကုန် ပစ္စည်းဆိုင်များ ပါသွားသည်။ ဆိုင်မှ အမျိုးသမီးငယ်တစ်ဦးက မီးပျက်၍ မီးစက်နှိုးစဉ် ဆီတိုင်ကီထဲ ဆီရှိ၊ မရှိ သိရန် မီးခြစ်ဖြင့် ခြစ်၍ကြည့်ရာမှ မီးစတင်လောင်ကျွမ်းခဲ့သည်ဆို၏။

၁၈။ ၂၀၁၁ အောက်တိုဘာ ၁၃ ရက်နေ့က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ အနောက်ကြို့ကုန်း၊ ငါးလုပ်ငန်း ဦးစီးဌာန၀င်းအတွင်းရှိ ငွေဗျိုင်းဖြူ စက်သုံးဆီဖြန့်ဖြူးရောင်းဝယ်ရေး စက်ရုံကုမ္ပဏီဝင်းအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့သည်။

၁၉။ ၂၀၁၁ အောက်တိုဘာ ၁၈ ရက်နေ့ ည ၁၂နာရီကျော်အချိန်၌ ဝါယာရှောခ့်ဖြစ်ကာ ရန်ကုန်၊ ဂွတ္တလစ် လျှပ်စစ်ဓာတ်အား ပေး စက်ရုံ၌ မီးလောင်မှုဖြစ်ပြီး ငွေကျပ်သိန်း ၉ဝ ကျော်ဖိုး ဆုံးရှုံးခဲ့သည်ဟု ဆိုပါသည်။

၂၀။ ၂၀၁၁ ဇူလိုင်လ ၅ ရက် နံနက် ၉နာရီ ခွဲခန့်တွင် မန္တလေးမြို့ ၃၅လမ်းနှင့် ၃၆လမ်းကြား၊ ၈၃လမ်းနှင့် ၈၄လမ်းအကြား ဦးကျားကြီးဝန်းအတွင်းရှိ စက်ဘီးနှင့်တာယာများ သိုလှောင်ရာ ဂိုဒေါင်တခုတွင် မီးလောင်ခဲ့ပြီး တိုက် ၃ လုံးနှင့် အိမ် ၄ အိမ် မီးလောင်ရာတွင် ပါသွားသည်။

၂၁။ ၂၀၁၀ မေလ ၂၄ ရက်နေ့ မင်္ဂလာဈေး ၀ါယာရှော့ခ်မီးကြောင့် ဆေးဝါးအရောင်းဆိုင် ၃၉၈ ဆိုင်၊ အလှကုန်ဆိုင် ၃၉၉ ဆိုင် နှင့် စားသောက်ဆိုင် ၄၈ ဆိုင် မီးလောင်ကာ ငွေကျပ်သိန်းပေါင်း ၂၀၉၂၆၃ သိန်း ဆုံးရှုံးခဲ့သည်။

၂၂။ ၂၀၁၀ ဇွန်လ ၃ ရက်နေ့ မုံရွာမြို့၊ ချင်းတွင်းရတနာဈေး မီးကြောင့် ဆိုင်ခန်း ၄၀၆ ခန်း မီးလောင်ပျက်စီးခဲ့သည်။

၂၃။ ၂၀၁၀ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရန်ကုန်၊ သင်္ဃန်းကျွန်းဈေးမီးကြောင့် ဆိုင်ခန်း ၆၅၁ ခန်း မီးလောင်ပျက်စီးခဲ့သည်။

၂၄။ ၂၀၀၈ ဒီဇင်ဘာလ မော်လမြိုင်မြို့ မြို့မဈေးမီးကြောင့် ဆိုင်ခန်း ၁၁၂၄ ခန်း မီးလောင်ပျက်စီးခဲ့သည်။

၂၅။ ၂၀၀၈ ဖေဖော်ဝါရီလ မန္တလေး ရတနာပုံဈေးမီးကြောင့် ဆိုင်ခန်း ၁၅၂၁ ခန်း မီးလောင်ပျက်စီးခဲ့သည်။

၂၆။ မြန်မာနိုင်ငံတွင် မီးသတ်အင်အား ၃၀၀၀ ကျော်၊ မီးသတ်ယာဉ် ၁၅၄၅ စီး၊ မီးသတ်စခန်း ၃၉၄ ခု ရှိသည်ဟု ဆို၏။ မြန်မာ တစ်နိုင်ငံလုံးအတွက် ဤအင်အားမှာ အလွန်နည်းလှသည် ထင်ပါသည်။

၂၇။ ယခုနောက်ဆုံး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်ဘေး၊ မေတ္တာမွန် ၀င်းအတွင်းရှိ ပစ္စည်းဂိုဒေါင်ရုံအချို့တွင် မီးလောင်မှုနှင့်ပေါက်ကွဲမှုများဖြစ်ပွားသောကြောင့် မီးသတ်တပ်ဖွဲ့ဝင် ၆ ဦး အပါအ၀င် သေဆုံးသူ ၁၇ ဦး၊ မီးသတ်တပ်ဖွဲ့ဝင် ၃၇ ဦးအပါအ၀င် ဒါဏ်ရာရသူ ၉၁ ဦးဟု ဆိုပါသည်။ သို့သော် ထိုဦးရေမှာ တိုးလာ နိုင်ဖွယ်ရှိပါသေးသည်။ မီးလောင်ပေါက်ကွဲမှုကြောင့် ကုန်လှောင်ရုံ ၁၆ လုံး၊ အိမ်ခြေ ၂၂၆ လုံး၊ မီးသတ်ယာဉ် ၂ စီး၊ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သိန်းတစ်ထောင်ကျော် ဟုသိရပါသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်၌ တစ်နှစ်လျှင် မီးလောင်မှုကြောင့် လူအသေအပျောက် မည်မျှရှိသည်၊ ပစ္စည်း ဥစ္စာများ မည်မျှဆုံးရှုံးနေရသည်ကို တွေ့နိုင်ပါသည်။ ဤအရာအားလုံးမှာ လူ့ပယောဂကြောင့် အလဟဿ ဆုံးရှုံး သွားရခြင်းဖြစ်၏။

(၂)

ကျွန်တော်သည် လက်ရှိတွင် စင်ကာပူနိုင်ငံ၌ Workplace Safety and Health Officer, Environmental Control Officer ရာထူးဖြင့် လုပ်ကိုင်နေသူဖြစ်၏။ တစ်ဖက်၌လည်း မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့အကျိုးငှာ အင်ဂျင်နီယာနှင့် အခြား သိသင့် သိထိုက်သည့် ဗဟုသုတရစရာ စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် မနားတမ်းရေးသား ထုတ်ဝေလျှက်ရှိပါသည်။

ယခုနောက်ဆုံးထုတ်ဝေရန် ပြင်ဆင်နေသောစာအုပ်မှာ “အရေးပေါ်လက်စွဲ” ဖြစ်ပါသည်။ ထိုစာအုပ်တွင် မီးအဘယ်ကြောင့် လောင်သနည်း။ မီးမလောင်ရန် မည်သည်တို့သတိထားရမည်နည်း။ မီးမလောင်စေရန် မည်သည်တို့ကာကွယ်မှု ပြုလုပ်ထားရ မည်နည်း။ မီးလောင်လာလျှင် မည်သို့လုပ်မည်နည်း စသည်တို့ကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ဖော်ပြထားပါသည်။ ထို့အပြင် မုန်တိုင်းတိုက်လျှင်၊ ရေကြီးလျှင် စသဖြင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက မည်ကဲ့သို့ လုပ်ရမည်။ မည်ကဲ့သို့ ပြင်ဆင်ထားရမည်။ ဒါဏ်ရာအနာတရဖြစ်လျှင် မည်ကဲ့သို့ ပြုစုရမည် စသဖြင့် အရေးပေါ်အခြေအနေများတွင် လုပ်ရမည့် ဆောင်ရန်၊ ရှောင်ရန်များကို စုဆောင်းပြုစုထားခြင်း ဖြစ်ပါသည်။

ဤစာအုပ်မှာ စီးပွားရေးအကျိုးအမြတ်အတွက် ထုတ်ခြင်းမဟုတ်။ ကျွန်တော် ရမည့်စာမူခကို ပိုက်ဆံအစား စာအုပ်များ ပြန်ယူပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ စာကြည့်တိုက်များသို့ လှူပါမည်။ ကျွန်တော်တို့ တိုင်းသူပြည်သားများအနေနှင့် ဤကဲ့သို့သော ဗဟုသုတများ မရှိသေးပါ။ အသိပညာမရှိ၍လည်း မသေသင့်ပဲ သေကြရသည်။ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကြရသည်။ ထို့ကြောင့် မြန်မာပြည်သား လူအများတို့ အသိပညာ ဗဟုသုတရစေခြင်း အလို့ငှာရည်ရွယ်၍ ဤစာအုပ်ကို ထုတ်ပါသည်။

နောင်တွင်လည်း ကျွန်တော့်လုပ်ငန်းအတွေ့အကြုံ၊ ဗဟုသုတများကို အခြေခံကာ မြန်မာနိုင်ငံတည်ဆောက်ရေးအတွက် လိုအပ်မည့် စာအုပ်များကို ဆက်လက်ပြုစုသွားမည်ဖြစ်ပါသည်။ ကျွန်တော်ယခုပြောလိုသည်မှာ ဤစာအုပ်အကြောင်း မဟုတ်ပါ။ မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပျက်နေသော အခြေအနေများကို အနည်းငယ် သုံးသပ်ပြလို၍ ဖြစ်ပါသည်။

ကျွန်တော့်အလုပ်အကိုင်ကို ဖော်ပြရခြင်းမှာ အောက်ပါရေးသားထားချက်များသည် ကျွန်တော့်စိတ်ကူးနှင့် ထင်ရာ လျှောက်ပြောခြင်း မဟုတ်။ ကျွန်တော့်အလုပ်နှင့် တိုက်ရိုက်ပတ်သက်နေသော အသိပညာ၊ ဗဟုသုတများကို မှီငြမ်း ကိုးကားပြီး ရေးသားထားကြောင်း သိစေလို၍ ဖြစ်ပါသည်။

(၃)

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်မှ ဂိုဒေါင်များ မီးလောင်ပေါက်ကွဲသောအခါ ဂိုဒေါင်ပိုင်ရှင်များကို အရေးယူမည် ဟု ဆိုပါသည်။ ယခင်ကလည်း ဤကဲ့သို့ပင် မီးလောင်သောအခါ မီးစတင်လောင်သည့် အိမ်၊ သို့မဟုတ် အဆောက်အအုံ ပိုင်ရှင် စသူတို့ကို အရေးယူခဲ့ဖူးပါပြီ။ သို့ဆိုလျှင် ဤကဲ့သို့ မီးလောင်သည့်အိမ်ရှင်ကို အရေးယူရုံမျှဖြင့် မီးလောင်မှုကို လျှော့ချ သွားနိုင်ပါမည်လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါသည်။

မင်္ဂလာတောင်ညွှန့်မှ ဂိုဒေါင်များ မီးလောင်ခြင်းသည် အဘယ်ကြောင့်လောင်ခြင်း ဖြစ်သနည်း။ ယခုထိ ရှင်းရှင်းလင်းလင်း မသိသေးပါ။ အကယ်၍ ၀ါယာရှော့ဖြစ်ရာမှ လောင်သည်ဆိုပါစို့။ အဘယ်ကြောင့် ၀ါယာရှော့ဖြစ်ရသနည်း။ ရှင်းပါသည်။ လျှပ်စစ်မီးကြိုးများကို စနစ်တကျသွယ်တန်း မထား၍။ ရှော့ဖြစ်သည့်အခါ မီးမလောင်ရန် ကြိုတင်ကာကွယ်မှုများ လုပ်မထား၍ ဖြစ်ပါသည်။

၂၀၁၀ ခုနှစ် မေလက မင်္ဂလာဈေးမီးလောင်ခြင်းသည် ရေနွေးအိုးတည်ထားရာမှ မီးပြတ်သွားရာ ခလုတ်မပိတ်မိခဲ့၍ မီးပြန်လာသောအခါ အပူလွန်၊ ၀ါယာရှော့ဖြစ်ပြီး လောင်ရသည်ဟု သတင်းများတွင် ဖတ်ရပါသည်။ ဤသတင်းကို ဖတ်မိသောအခါ ကျွန်တော် အလွန်အံ့သြမိပါ၏။ အပူလွန်ပြီး ရှော့ဖြစ်လျှင် ဘရိတ်ကာ(breaker) ကျရပါမည်။ သို့မဟုတ် ဖျူ့စ် (fuse) ပြတ်ရပါမည်။ ထိုအခါ မီးလောင်ရန် ဘာအကြောင်းမှ မရှိပါ။ ယခု ရှော့ဖြစ်သဖြင့် မီးလောင်သည်ဆိုတော့ လျှပ်စစ်ဝါယာလိုင်းများကို မည်သည့်စနစ်နှင့်မျှ ကာကွယ်မထားကြောင်း ထင်ရှားလှပါသည်။

ဤသည်မှာ မင်္ဂလာဈေးတစ်ခုထဲမဟုတ်ပါ။ အထက်တွင် ကျွန်တော်ဖော်ပြခဲ့သော မြန်မာပြည် မီးသတင်းများကို ဖတ်ကြည့်ပါ။ တော်တော်များများမှာ ၀ါယာရှော့ကြောင့်လောင်ခြင်းဆိုတာ တွေ့ရပါလိမ့်မည်။ သို့ဆိုလျှင် မြန်မာပြည်ရှိ အဆောက်အအုံများ မှ မီးပေးသည့်စနစ်တွင် ဘာအကာအကွယ်မှ လုပ်မထားသည်မှာ သေချာလှပါသည်။ 

ဤသို့ဆိုလျှင် ကျွန်တော်တို့မြန်မာနိုင်ငံတွင် အဆောက်အအုံများ ဆောက်လုပ်ရာ၌ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းသည့် အခါ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွန်းများ ရှိပါသလား။ အကယ်၍ ရှိခဲ့သည်ဆိုလျှင် ဆောက်လုပ်ရေး ကန်ထရိုက်တာများသည် ထို စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွန်းများကို လိုက်နာပါသလား။ ဤဆောက်လုပ်ရေး စည်းမျဉ်း စည်းကမ်း၊ စံချိန်စံညွန်းများကို လိုက်လံစစ်ဆေးမည့်သူများ ရှိပါသလား။ အကယ်၍ ရှိသည့်တိုင် ဤစစ်ဆေးရေး အရာရှိများ သည် မှန်မှန်ကန်ကန် စစ်ဆေးပါသလား။

အားမနာတမ်းပြောရလျှင် ကျွန်တော်ကတော့ ဤစနစ်များရှိမည် မထင်ပါ။ မြန်မာနိုင်ငံတွင် အဆောက်အအုံများ ဆောက်လုပ်ရာ၌ လိုက်နာရန်ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွန်းများရှိမရှိကို ကျွန်တော်မသိပါ။ ရှိသည့်တိုင် အနှီကန်ထရိုက်တာများသည် လိုက်နာလိမ့်မည် ဟု ကျွန်တော်မယုံကြည်ပါ။ လိုက်လံစစ်ဆေးမည့်သူများ ရှိသည်ဆိုလျှင်ပင် ထိုသူများသည် သတ်မှတ်ထားသော စံချိန်စံညွန်းများအတိုင်း ရှိမရှိ သေချာဂဏ စစ်ဆေးပါသလားဆိုတာ သက်ဆိုင်ရာ တာဝန်ရှိသူများအနေနှင့် ပြန်လည် ဆန်းစစ်ရန် အချိန်ကျရောက်နေပါပြီ။

ထို့ပြင် မည်သည့်အဆောက်အအုံဆိုလျှင် မည်ကဲ့သို့သော မီးကြိုးများသွယ်တန်းရမည်။ မသွယ်တန်းလျှင် ငွေဒါဏ် သို့မဟုတ် ထောင်ဒါဏ်မည်မျှချမည်ဆိုသည်ကို ပြဌာန်းထားသည့် ဥပဒေ ရှိပါသလား။ ကျွန်တော်မသိပါ။ စင်ကာပူတွင်တော့ အဆောက်အအုံ ဆောက်လုပ်ရေးမှာသာမက အရာရာတိုင်းကို ဥပဒေဖြင့် ပြဌာန်းထားပါသည်။ ဤဥပဒေကို လိုက်နာ၊ မလိုက်နာလည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ လိုက်လံစစ်ဆေးပါသည်။ ဥပမာ - BCA (Building Construction Authority), NEA (National Environment Agency), PUB (Public Utility Board) စသည်တို့ ဖြစ်၏။ မလိုက်နာသူများကိုလည်း သတ်မှတ်ထားသော ပြစ်ဒါဏ်များအတိုင်း အပြစ်ပေး၊ အရေးယူပါသည်။

အထက်ပါမီးလောင်ခဲ့သည့် ဂိုဒေါင်တွင် လျှပ်စစ်စနစ် သေသေချာချာ တပ်ဆင်မထားတာ သေချာသလောက် ဖြစ်ပါသည်။ ယခင်က တပ်ဆင်ထားသည်ဆိုလျှင်ပင် ပြင်ဆင်ထိန်းသိမ်းခြင်းရှိမရှိ၊ လက်ရှိသုံးနေသည့် လျှပ်စစ်စနစ်သည် စိတ်ချလက်ချ ဆက်လက်သုံးလို့ရ၊ မရဆိုတာ မည်သည့်အဖွဲ့အစည်းက တာဝန်ယူ စစ်ဆေးပါသနည်း။ ထို့ကြောင့် အကယ်၍သာ ဤဂိုဒေါင်များသည် ၀ါယာရှော့ကြောင့် မီးလောင်ရပါသည်ဆိုလျှင် ဂိုဒေါင်ပိုင်ရှင်ကို အရေးယူရမည့်အစား လျှပ်စစ်ဌာန သို့မဟုတ် ဤမီးကြိုးများကို သွယ်တန်းခဲ့သော ကန်ထရိုက်တာကိုသာ အရေးယူရန်ရှိပါသည်။

အကယ်၍ ထိုဂိုဒေါင်များသည် သိုလှောင်ထားသော ဓါတုပစ္စည်းများ ဓါတ်မတည့်ရာမှ မီးလောင်ပေါက်ကွဲခြင်းဖြစ်သည် ဆိုအံ့။ မည်သည့်ဓါတုပစ္စည်းကို မည်သည့်ဓါတုပစ္စည်းနှင့် တွဲမထားရ။ တစ်ခုနှင့်တစ်ခု အနည်းဆုံး မီတာမည်မျှကွာရမည်။ ထိုပစ္စည်းများ သိုလှောင်ထားသည့် နေရာသို့ နေရောင်တိုက်ရိုက်မကျရ၊ လေ၀င်လေထွက်ကောင်းရမည်၊ ဘယ်နှပေ အကွာတွင် မီးသတ်ဗူးတစ်ခုထားရမည်။ မည်ကဲ့သို့သော မီးကာကွယ်ရေးစနစ်များ တပ်ဆင်ထားရမည် ဆိုတာ ဥပဒေ၊ စည်းကမ်း၊ နည်းလမ်းများ ရှိပါသလား။ ရှိသည်ဆိုလျှင်ပင် ဤကဲ့သို့ ပြဌာန်းထားသည့်အတိုင်း သက်ဆိုင်ရာ အဖွဲ့အစည်းများ က သွားရောက် စစ်ဆေးပါသလား။ ဤကဲ့သို့ စစ်ဆေးရန် အဖွဲ့အစည်းများ ဖွဲ့ထားပါသလား။ ဤအဖွဲ့အစည်းများအား လုပ်ပိုင်ခွင့် မည်မျှပေးထားပါသနည်း။ ဤအဖွဲ့တွင် ပါဝင်နေသူများအနေနှင့် မိမိတာဝန်ကို လာဘ်မစားဘဲ မည်မျှ မှန်မှန်ကန်ကန် ထမ်းဆောင်ပါသနည်း အစရှိသည်တို့မှာ မေးခွန်းထုတ်စရာများ ဖြစ်ပါသည်။

ကုန်သည်ဟူသည် ပညာတတ်ဟုတ်ချင်မှ ဟုတ်မည်။ ပညာတတ်သည် ဆိုစေ၊ မည်သည့်ဓါတုပစ္စည်းကို မည်သည့်ပစ္စည်းနှင့် တွဲမထားသင့် ဆိုသည်ကို သိပါသလား။ ဤသည်မှာ အစိုးရက ဥပဒေဖြင့် ထုတ်ပြန်ပြဌာန်းထားရမည် ဖြစ်ပါသည်။ ဥပဒေ ရှိလျှက်နှင့်မှ မလိုက်နာလျှင်တော့ မလိုက်နာသူများကို ထိထိရောက်ရောက် အရေးယူရမည် ဖြစ်ပါသည်။ ဥပဒေမရှိဘဲ မည်ကဲ့သို့ လိုက်နာပါမည်နည်း။ ဤပစ္စည်းကို ထိုပစ္စည်းနှင့် တွဲမထားသင့်ကြောင်း မည်ကဲ့သို့ သိနိုင်ပါမည်နည်း။ အနှီပစ္စည်းများကို မည်ကဲ့သို့ သိုလှောင်ရမည်ဆိုသည့် အသိပညာ ဤကုန်သည်များတွင် ရှိပါ၏လော။ ဤသည်မှာ အစိုးရ၏ အလုပ်ဖြစ်၏။ ဤကဲ့သို့သာ မှန်မှန်ကန်ကန် လုပ်ကြမည်ဆိုလျှင် ဤမီးလောင်မှုများကို အတော်များများ လျှော့ချနိုင်မည် ဖြစ်ပါသည်။

ဓါတုပစ္စည်းများ သိုလှောင်ရာတွင်ပင် မဟုတ်ပါ။ မီးလောင်နိုင်သည့် ပစ္စည်းများနှင့် ပြည့်နှက်နေသော မင်္ဂလာဈေးကဲ့သို့ ဈေးများတွင်ရော။ မည်သည့်ပစ္စည်းများကို မည်သည့်နေရာတွင် ထားရမည်။ မည်သည့်ပစ္စည်းများကို ရောင်းချလိုလျှင် ဈေးအတွင်း၌ အရေအတွက်မည်မျှသာ ထားခွင့်ပြုသည်။ မည်သည့်ပစ္စည်းများ ရောင်းသူသည် မီးသတ်ဗူးဆောင်ထားရမည်။ မီးအရေးပေါ် အခြေအနေများတွင် အရေးပေါ်ကာကွယ်ရေးစနစ် မည်ကဲ့သို့ စီမံထားရမည် စသည်တို့ ပြဌာန်း ထားပါသလား။ ဈေးကြီးများအတွက် မည်ကဲ့သို့သော မီးကာကွယ်ရေး စနစ်များ တပ်ဆင်ထားပါသနည်း။ မီးတကယ်လောင်သည့်အခါ မည်ကဲ့သို့ တုံ့ပြန်ကြမည်ကို ကြိုတင်ဇာတ်တိုက်ထားခြင်း (Fire drill) မျိုးရော ရှိပါသလား။

မီးလောင်တော့မှ မီးသတ်ကားနှင့် သွားသတ်တာက ဒုတိယ ဖြစ်ပါသည်။ ပထမအရေးတကြီးဆောင်ရွက်ရမည်မှာကား မီးကာကွယ်ရေးစနစ်များ ဖြစ်ပါ၏။ မီးလောင်ရာကို မီးသတ်ကားနှင့်သွားသတ်နိုင်သည်ဆိုစေ။ မီးမှာ လောင်နှင့်ပြီဖြစ်သဖြင့် အနည်းနှင့် အများဆုံးရှုံးရမည်ဖြစ်ပါ၏။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမကောင်းပါသလော။

အာဏာပိုင်အဖွဲ့အစည်းများဘက်က ဘာတစ်ခုမှ ပံ့ပိုးမပေးပါဘဲလျှက် မီးလောင်တိုင်း မီးတရားခံကို အပြစ်ပေး၊ အရေးယူ နေသည်မှာ တစ်ခြမ်းသာ မှန်ပါသည်။ ကျန်တစ်ခြမ်းမှာ မတရားပါ။ ထမင်းအိုးတည်ရင်း မီးလောင်လျှင်တော့ ထိုသူကို ပြတ်ပြတ်သားသား အရေးယူရပါမည်။ သို့သော် ၀ါယာရှော့ကြောင့် မီးလောင်ခြင်းကိုမူ လျှပ်စစ်လုပ်ငန်းများ ၀န်ဆောင်မှု ပေးနေသော ဌာနကသာ တာဝန်ယူ ဖြေရှင်းပေးသင့်ပါသည်။ အိမ်ရှင်၏ အပြစ်ချည်းမဟုတ်ပါ။

(၄)

နောက်တစ်ခုမှာ မီးကာကွယ်ရေးစနစ် ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ မည်သည့်အဆောက်အအုံတွင် မီးကာကွယ်ရေးစနစ်များ တပ်ဆင်ထားပါသနည်း။ မည်သည့်အဆောက်အအုံ တွင်မှ မရှိပါ။ မြန်မာနိုင်ငံမှ ရပ်ကွက်၊ မြို့ရွာများတွင် မည်ကဲ့သို့သော မီးကာကွယ်ရေးစနစ်များ တပ်ဆင်ပေးထားပါသနည်း။ မည်သည့် မီးကာကွယ်ရေးစနစ်မှ မရှိပါ။ ယုတ်စွအဆုံး တကယ်အသုံးတည့်သည့် အရံမီးသတ်ပင် ကျကျနနမရှိပါ။ ယခုရှိနေနိုင်သည့် အရံမီးသတ် တပ်ဖွဲ့ဝင်များကိုရော မည်မျှလေ့ကျင့်ပေးထားပါသနည်း။ သူတို့တွင် မီးကာကွယ်ရေးနှင့် ပတ်သက်သည့် ဗဟုသုတ မည်မျှရှိပါသနည်း။ မီးကာကွယ်ရေး ဗဟုသုတသာမက အရေးဟေ့ဆိုလျှင် ကောက်သုံးနိုင်မည့် မီးသတ်ပစ္စည်း မည်မျှ ထောက်ပံ့ပေးထားပါသနည်း။ ထိုအရံမီးသတ်များကလည်း မီးဟေ့ဆိုလျှင် အရံသင့်ဖြစ်နေအောင် မည်မျှလေ့ကျင့် ထားပါသနည်း။ လုပ်သားပြည်သူများအားလည်း မီးနှင့်ပတ်သက်သော ပညာပေးဟောပြောပွဲများ လုပ်ပေးပါသလား။ လုပ်ပေးသည်ဆိုလျှင် မည်မျှ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးပါသနည်း။ မိမိတို့လုပ်တာ တကယ်ထိရောက်၊ မထိရောက် ပြန်လည် ဆန်းစစ်ပါသလား။

သတင်းများအရ ယခု နောက်ဆောက်ထားသော ဈေးကြီးများတွင် မီးကာကွယ်ရေးစနစ်များ ပါသည်ဟုဆိုပါသည်။ မည်သည့် standard များနှင့်ဆောက်လုပ်ထားသည်ကို ကျွန်တော်မသိပါ။ မီးကာကွယ်ရေးစနစ်တော့ တပ်ထားပါရဲ့။ တကယ်ရော အလုပ်လုပ်ရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါသည်။ မီးကာကွယ်ရေးစနစ် တပ်ဆင်ပြီးတော့ Test run သို့မဟုတ် commissioning ရော လုပ်ပါသလား။ အမြဲ ပုံမှန် ထိန်းသိမ်းပြုပြင်နေပါသလား။ မီးဟေ့ဆိုလျှင် အချိန်မရွေးဖွင့်နိုင်အောင် ဤစနစ်သည် အဆင်သင့် ဖြစ်နေပါသလား။ ဤစနစ်ကို ကိုင်တွယ်မည့် တာဝန်ခံ ခန့်ထားပါသလား။ ဤတာဝန်ခံသည် ဤမီးကာကွယ်ရေးစနစ်အကြောင်း ဂဃနဏ သိပါသလား။ ဤသည်တို့ကို ကျွန်တော်မသိပါ။ တာဝန်ရှိသူများအနေနှင့် လေ့လာဆန်းစစ်ကာ အရေးတယူဆောင်ရွက်သင့်ပါသည်။

ကျွန်တော်ဖြစ်စေချင်တာကတော့ နာမည်ခံမျှ မဟုတ်ဘဲ တကယ်အလုပ်ဖြစ်မည့် စနစ်တစ်ခု ဖြစ်ပါသည်။ စင်ကာပူတွင်တော့ ဤကဲ့သို့သော ဈေးကြီးများတွင် Fire Safety Manager ကို ဥပဒေအရ ခန့်ထားရပါသည်။ Fire Safety Manager ၏ တာဝန်နှင့် ၀တ္တရားများကိုလည်း အတိအကျ ပြဌာန်းထားပါသည်။ မီးနှင့်ပတ်သက်လျှင် သူ့တွင်တာဝန်အရှိဆုံးဖြစ်၏။ မြန်မာပြည်မှ ဈေးကြီးများတွင် မီးဟေ့ဆိုလျှင် မည်သူသည် တာဝန်အရှိဆုံးဖြစ်ပါမည်နည်း။  

နောက်တစ်ခုမှာ မီးကာကွယ်ရေး ပညာပေးဖြစ်၏။

မြန်မာပြည်သားလူအများတွင်ရော မီးနှင့်ပတ်သက်သည့် အသိပညာ မည်မျှရှိပါသနည်း။ ဘာအသိပညာမှမရှိပါဟု ကျွန်တော် ဆိုလျှင် လွန်မည်မထင်ပါ။ အရပ်သူအရပ်သားများကို ပညာပေးရန် ခက်သည်ဆိုအံ့။ စာသင်ကျောင်းများတွင် မီးကာကွယ်ရေး သင်တန်းများ အဘယ်ကြောင့် မလုပ်ပေးနိုင်ပါသနည်း။ အနည်းဆုံး ကျောင်းပိတ်ရက်၊ နွေရာသီသင်တန်းများ ပေးနိုင်ပါသည်။ ကျွန်တော်တို့ငယ်စဉ်က နွေကျောင်းပိတ်ရက်များတွင် ဆရာ၊ ဆရာမများက ပန်းချီသင်တန်း၊ ဂီတသင်တန်း၊ အားကစား သင်တန်း စသည်တို့ လုပ်ပေးပါသည်။ ယခုလည်း အရေးကြီးသော မီးကာကွယ်ရေးသင်တန်းများကို ကျောင်းများတွင် နွေရာသီသင်တန်းတစ်ခုအဖြစ် လုပ်မပေးသင့်ပါသလော။ မီးသတ်ဦးစီးဌာနနှင့် ကျောင်းများပူးပေါင်းကာ အထူးလုပ်သင့် ပါသည်။ မြန်မာပြည်တစ်ဝှမ်းမှ ကျောင်းအားလုံး ဂရုစိုက်ပြီး လုပ်ဖြစ်အောင် လုပ်ကြပါဟု အလေးအနက်တိုက်တွန်းပါသည်။

ကျောင်းသားငယ်များကို အပျော်ထမ်း မီးသတ်တပ်ဖွဲ့ ဖွဲ့ပေးထားလျှင် သူတို့ကျောင်းမှ ထွက်သွားသည့်အခါ အားကိုးအားထား ပြုရမည့် အရံမီးသတ်များ ဖြစ်မလာပါသလော။

ရပ်ရွာများအတွင်း၌လည်း မီးအသိပညာပေး ဟောပြောပွဲများ ကျင်းပပေးခြင်း၊ မီးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာ စောင်များ ရိုက်နှိပ်ဖြန့်ဝေခြင်း၊ အိမ်တိုင်းအိမ်တိုင်းတွင် မီးသတ်ဗူးများ ဆောင်ထားရန် နှိုးဆြော်ခင်း၊ မီးသတ်ဗူးအသုံးပြုနည်း သရုပ်ပြခြင်း၊ မီးသတ်ဗူးများကို သက်သာမည့်ဈေးနှုံးတစ်ခုဖြင့် ရောင်းချပေးခြင်း၊ မီးသတ်ဗူးရှိသည့်အိမ်များအားလည်း မီးသတ်ဗူးများ လိုက်လံစစ်ဆေးပေးသည့် ၀န်ဆောင်မှုပေးခြင်း စသည်တို့ ပြုလုပ်ပေးလျှင် မီးလောင်မှု အတော်များများကို လျှော့ချနိုင်လိမ့်မည်ဟု ကျွန်တော် အလေးအနက် ယုံကြည်ပါသည်။

မီးဟူသည် ရေတစ်မျိုးတည်ဖြင့်သတ်၍ ရစကောင်းသော အရာမဟုတ်။ မီးအမျိုးအစား ၅ မျိုး ရှိသည့်အနက် မီးတစ်မျိုးကိုသာ ရေဖြင့် သေသေချာချာ သတ်နိုင်သည်။ အခြားတစ်မျိုးကိုမူ ရေဖြင့် ငြိမ်းသတ်နိုင်သည့်တိုင် သေသေချာချာ၊ နိုင်နိုင်နင်းနင်း မသတ်နိုင်၊ ကျန် မီးအမျိုးအစား ၃ မျိုးကိုမူ ရေဖြင့်လုံးဝငြိမ်းသတ်၍ မရဆိုသည်ကို သိသူ ဘယ်နှယောက်ရှိပါသနည်း။ 

(၄)

မင်္ဂလာတောင်ညွန့်မီးတွင် မီးသတ်ရဲဘော်များ ကျဆုံးသွားသည်ကို ကြားရသောအခါ ကျွန်တော် ကိုယ့်ညီအစ်ကိုများ ဆုံးပါးသွားရသကဲ့သို့ပင် ၀မ်းနည်းမိ၊ မျက်ရည်လည်မိပါသည်။ သူတို့တွင် လုံလောက်သော မီးသတ်သည့်အသိပညာ ရှိပါသလား။ သူတို့ကိုယ်တိုင်ကို စိတ်ချလက်ချကာကွယ်ပေးမည့် မီးသတ်ဝတ်စုံများ ပံ့ပိုးပေးထားပါသလား။ မီးသတ်လျှင် မိမိကိုယ်တိုင်၏ အန္တရာယ်ကို မည်သို့ကာကွယ်ရမည်ကို ထိုရဲဘော်များ သေသေချာချာ သိပါသလား။ မီးသတ်ရင်း ထိခိုက်မှု များအတွက် ထိခိုက်မှုအာမခံ၊ ယခုကဲ့သို့ ဆုံးပါးသွားရခြင်းအတွက် အသက်အာမခံများ ထားပေးပါသလား။ ကျန်ရစ်သူ မိသားစုများအတွက် မည်ကဲ့သို့စီမံပေးထားပါသနည်း။ ကျွန်တော် မြန်မာနိုင်ငံမှ မီးသတ်စနစ်များနှင့် မကျွမ်းဝင်သောကြောင့် ဤကိစ္စများကိုမသိပါ။

ယခု ကျွန်တော်တို့ မြန်မာနိုင်ငံတော်သည် စနစ်ကျသော တိုင်းပြည်တစ်ပြည်ဖြစ်လာရန် အားယူနေပါသည်။

ဤသို့အကောင်အထည်ဖော်ရာတွင် ကျွန်တော်ဖြစ်စေလိုသည်မှာ အရာရာကို စနစ်တကျ၊ စံချိန်စံညွန်းများဖြင့် ပြုလုပ်စေ လိုသော ဆန္ဒဖြစ်ပါသည်။ သက်ဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ပြည်သူ့ကျန်းမာရေး၊ မြို့ပြကာကွယ်ရေး (စင်ကာပူတွင် မီးသတ် ကို မြို့ပြကာကွယ်ရေး - Singapore Civil Defence Force ဟုခေါ်ပါသည်။) စသည်တို့တွင် စံချိန်စံညွှန်းများ မရှိသေးလျှင်လည်း နိုင်ငံတကာ စံနှုံးများကိုလေ့လာကာ စတင်ပြဌာန်းရန် အချိန်ကျနေပါပြီ။

စင်ကာပူတွင် ပြဌာန်းထားသော ဥပဒေ စည်းကမ်းများမှာ အလွန်များပြား ထောင့်စေ့လှပါသည်။ လမ်းဘေးတွင်ရောင်းသော ဈေးသည်များကအစ ဥပဒေရှိ၏။ စားသောက်ဆိုင်များ၊ အများပြည်သူသုံးအိမ်သာ စသည်တို့အတွက် လိုက်နာရမည့် စံနှုံးများကို အသေးစိတ် ဖော်ပြထား၏။ လူနေအိမ်များကို မဆိုထားပါနှင့်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ ယာယီသွယ်တန်း သည့် မီးစနစ်များမှအစ စံနှုံးသတ်မှတ်ချက်များရှိသည်။ သူတို့သတ်မှတ်ထားသော စံနှုံးများကို မလိုက်နာပါက ပေးဆောင် ရမည့် ဒါဏ်ငွေများကိုပါ တစ်ပါတည်း ပြဌာန်းထား၏။

ကျွန်တော်တို့မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်းကဲ့သို့ သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ ၀န်ကြီးဌာနများ၊ အာဏာပိုင်အဖွဲ့အစည်းများမှ ဦးဆောင်ကာ -

-       ရောင်းရေးဝယ်တာများ၌ အလေးချိန်ခွင်၊ တင်းတောင်းများကို တစ်နိုင်ငံလုံး စံနှုံးတစ်ခုတည်း ဖြစ်စေရန် စံသတ်မှတ်ပေးခြင်း၊ သုံးနေသော အလေးချိန်ခွင်၊ တင်းတောင်းများသည် သတ်မှတ်ထားသော ဤစံနှုံးနှင့် ညီမညီ စစ်ဆေးသော အာဏာပိုင် အဖွဲ့အစည်းများ ဖွဲ့စည်းကာ စဉ်ဆက်မပြတ် အရေးယူ ဆောင်ရွက်စေခြင်း။ မလိုက်နာသူများကို ထိရောက်စွာ အရေးယူ အပြစ်ပေးခြင်း။

-       အဆောက်အဦများဆောက်လုပ်ရာတွင် ရေပေးသည့်စနစ်၊ မီးပေးသည့်စနစ်၊ မိလ္လာစနစ် မီးကာကွယ်ရေးစနစ် စသည်တို့ကို ဥပဒေဖြင့်ပြဌာန်းပေးခြင်း။ ဆောက်လုပ်ရာတွင် ဤဥပဒေများအတိုင်း လိုက်နာ၊ မလိုက်နာ စစ်ဆေးရန် အာဏာပိုင် အဖွဲ့အစည်းများ ခန့်ထားပေးခြင်း။

-       မြို့ပြ၊ ရပ်ကွက်၊ ကျေးလက်များတွင်လည်း ရေပေးဝေသည့်စနစ်၊ မီးပေးသည့်စနစ်၊ အမှိုက်သိမ်းသည့်စနစ်၊ မိလ္လာစနစ်များကို ဥပဒေဖြင့် သေသေချာချာပြဌာန်း လုပ်ဆောင်စေခြင်း။

စသည် စသည်တို့ကို သက်ဆိုင်ရာ ပညာရှင်များနှင့် တိုင်ပင်ညှိနှိုင်းကာ ဥပဒေ၊ စည်းကမ်း၊ နည်းလမ်းများ ပြဌာန်းလျှက် နိုင်ငံတော်ကို စနစ်တကျ ထူထောင်ကြစေလိုကြောင်း အကြံပြုရေးသားလိုက်ရပါသတည်း။


ကိုအေးငြိမ်းရေ


ဘလော့ဂ်ပေါ်တင်မယ်ဆိုရင်တော့ ရည်ညွှန်းထားတဲ့အချက်အလက်ကလေးတွေအတွက် footnote အနေနဲ့ ဒီလင့်ခ် ကလေးတွေပါထည့်ပေးပါခင်ဗျား။


၁. As World Millionaires Multiply, Singapore Holds Its Lead (http://www.businessweek.com//investor/content/jun2011/pi2011062_946842.htm)


၃. ရန်ကုန်မြေဈေး ( http://www.khitlunge.org.mm/news/news_detail.aspx?info_id=21970 ) နောက်ဆုံးပေါက်ဈေးသိလိုပါက ဈေးကွက်ဂျာနယ်တွင်ကြည့်ပါ။ ( http://www.zaygwet.com/estate_list.php )

၎. ဒေါက်တာတင်ထွန်းဦးထုတ်ဝေသည့် ပြည်မြန်မာ ဂျာနယ်မှ ရန်ကုန်မြေအောက်မိုးပျံရထားလမ်းသတင်း( http://swesonemedia.org/index.php?id=1701 )

ကိုဌေးဝင်းနိုင်

အေးငြိမ်း (လေးမျက်နှာ)

၂၉ - ၁၂ - ၂၀၁၁ ည နာရီပြန် တစ်ချက်တီးကျော်

Monday, November 7, 2011

မီးအကြောင်း သိကောင်းစရာ နှင့် မီးသတ်ဘူး အသုံးပြုနည်း

နိဒါန်း


ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀တွင် မီးသည်မရှိမဖြစ်လိုအပ်၏။ ကျွန်ုပ်တို့သည် မီးမရှိဘဲ အသက်ရှင်နေထိုင်ဘို့မလွယ်။ သို့သော် ထိုမီးအကြောင်းမသိလျှင်၊ ထိုမီးကို သေသေချာချာ ကိုင်တွယ်သုံးစွဲခြင်း မပြုလျှင် ၎င်းသည် ကျွန်ုပ်တို့အား များစွာဒုက္ခပေး၏။

ထို့ကြောင့် ထိုမီးအကြောင်း ဂဃနဏသိရန်၊ ထိုမီးကို သေသေချာချာ ထိန်းသိမ်းနိုင်ရန် ဤဆောင်းပါးကို ရေးပါသည်။
 

ဤဆောင်းပါးကိုဖတ်ပြီးသည်နှင့် သင်သည် -


ü  မီးဘာ့ကြောင့်လောင်ရသည် ဆိုသည်ကို သိလာမည်။

ü  လောင်တတ်သော မီးအမျိုးအစားများကို ခွဲခြားသိလာနိုင်မည်။

ü  မီးသတ်ဘူး အမျိုးအစားများကို ခွဲခြားသိလာနိုင်မည်။

ü  မည်သည့်မီးအတွက် မည်သည့် မီးသတ်ဘူးကို သုံးရမည်ဖြစ်ကြောင်း သိလာမည်။

ü  မီးသတ်ဘူးများကို ကောင်းမွန်စွာအလုပ်လုပ် မလုပ်၊ စစ်ဆေးနိုင်မည်။

ü  အကယ်၍ မီးသတ်ဘူးချို့ယွင်းနေလျှင် မည်သို့လုပ်ရမည်ကို သိလာမည်။


၁။ မီးတြိဂံ (Fire Triangle)
 

မီးလောင်ရန် အရာဝတ္တုသုံးမျိုးလိုသည်။ ၎င်းတို့မှာ -

၁။ အပူ (Heat)
၂။ အောက်ဆီဂျင် (Oxygen)
၃။ လောင်စာ (Fuel) - တို့ဖြစ်၏။
ဤသုံးမျိုးပြည့်စုံမှ မီးလောင်နိုင်သည်။ ဤသုံးမျိုးအနက် တစ်ခုခုမရှိပါက မီးမလောင်နိုင်။ သို့အတွက် မီးမလောင်နိုင်ရန်၊ တစ်နည်းအားဖြင့် မီးသတ်ရန် ဤသုံးမျိုးထဲမှ တစ်ခုခုကို ထုတ်ပစ်ရမည်။ အပူ၊ အောက်ဆီဂျင်၊ လောင်စာ မည်သည်ကို နုတ်ပယ်မည်နည်း။ လောင်နေသောမီးကို လောင်စာနှုတ်ယူဘို့ ဆိုတာမလွယ်။ ထိုအခါ ထိုမီးအား အောက်ဆီဂျင် ဆက်လက် မရနိုင်စေရန် ကြိုးပမ်းရပေမည်။ သို့မဟုတ် ရေများပက်ခြင်းဖြင့် အပူကိုငြိမ်းစေရသည်။ ၎င်းကို မီးသတ်သည်ဟု ခေါ်၏။

ရေပက်ပြီး အပူကိုအေးစေခြင်းဖြင့် မီးငြိမ်းစေခြင်းသည် ကာဘွန်လောင်စာများ (ဥပမာ - သစ်သား၊ စက္ကူ၊ အမှိုက်သရိုက်၊ အ၀တ်အထည် စသည်) အား ငြိမ်းသတ်ရန် အကောင်းဆုံးဖြစ်သည်။
 
မီးပြန့်နှံ့နှုန်းနှေးခြင်း၊ မြန်ခြင်း၊ မီးအနည်း၊ အများ ဆိုသည်တို့မှာ အချက်အလက်များစွာပေါ် မူတည်နေပါသည်။ ထိုအထဲတွင် အရေးကြီးဆုံးမှာ မီးလောင်နေသည့်နေရာ၌ လောင်စာမည်မျှ ရှိနေသနည်း၊ (အောက်ဆီဂျင်ပိုရအောင်) လေတိုက်နေသလား။
ပေါက်ကွဲစေတတ်သော ပစ္စည်းများရှိသလား စသည်တို့သည် အဓိက အချက်များဖြစ်ပေသည်။ အောက်ဆီဂျင်နည်းလျှင် မီးလောင်တာ နှေးသည်။ အောက်ဆီဂျင်များများရလေ မီးလောင်တာပိုမြန်လေ။ လေတိုက်လျှင် မီးကူးနှုံးမြန်တာ ဤသဘော တရားဖြစ်၏။ မီးလောင်စေတတ်သော ပစ္စည်းများ၊ ဥပမာ - စက္ကူ၊ သစ်သား၊ အ၀တ်အထည် စသည်တို့ များများရှိလျှင် မီးလောင်တာများမည်။

သို့ဖြစ်၍ မီးသတ်ခြင်း ဆိုသည်မှာ ဖြစ်နိုင်သည့်နည်းအားလုံးသုံးကာ အောက်ဆီဂျင်ကို အဆက်ဖြတ်ခြင်း၊ အပူကို လျှော့ချ ခြင်း၊ လောင်စာများကို သယ်ထုတ်ခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ မီးသတ်ရေးအတွက် ထိုနည်းများကို လေ့လာရန်လိုသည်။


၂။ မီးပိရမစ် (Fire Tetrahedron)


မီးလောင်ရန် အောက်ဆီဂျင်၊ လောင်စာ၊ အပူတို့အပြင် ၎င်းတို့ကို ဆက်စပ်ပေး မည့် တစ်ခုလည်းရှိသေး၏။ ၎င်းကို Chain Reaction ဟု ခေါ်သည်။ ဆိုလိုသည်မှာ ဓါတ်ဆီလည်းရှိသည်။ လေလည်းရှိသည်။ အပူလည်းရှိသည်။ သို့သော် ၎င်းတို့ကို မီးရှို့ပေးမည့် မီးပွားမရှိလျှင် မီးမလောင်နိုင်။ ဤအချက်သည် မီးကာကွယ်ရေးတွင် အလွန်အရေးကြီးသည်။ ဥပမာ - ဓါတ်ဆီဆိုင်များ၌ ဆေးလိပ်သောက်ခြင်းသည် အောက်ဆီဂျင်၊ အပူ နှင့် လောင်စာတို့ကို ပေါင်းကူးပေးခြင်းဖြစ်သည်။ ထို့အတွက်မီးလောင်သည်။ သည်ကမ္ဘာပေါ်တွင် လေရှိနေသရွေ့ကာလပတ်လုံး ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် အောက်ဆီဂျင် ရှိနေမည်။ ဓါတ်ဆီဆိုင်ဖြစ်သည့်အတွက် လောင်စာ သေချာပေါက်ရှိနေသည်။ နေပူနေတော့ အပူဆိုတာလည်း ရှောင်လွှဲလို့မရ။ ရှိနေမည်။ ထိုအခါ မီးမလောင်ရန်တားဘို့ ထိုအရာများကို ပေါင်းစည်း မပေးမိရန် တစ်ချက်သာရှိတော့၏။ ဤအရာကား ထိုပတ်ဝန်းကျင်တွင် မည်သည့်နည်းနှင့်မျှ မီးပွားမဖြစ်ပေါ်စေခြင်း ဖြစ်သည်။
 
၃။ အပူစီးခြင်း (Convection)

မီးလောင်ခြင်းမှ အလွန်ပူသော ဓါတ်ငွေ့၊ လေပူများထွက်လာသည်။ ထိုအပူငွေ့များမှာ သာမန်လေထက် ပိုပေါ့သဖြင့် အပေါ် တက်သွားသည်။ ၎င်းတို့ထွက်သွားသည့်အတွက် အနီးပတ်ဝန်းကျင်မှ လေများ ထိုနေရာကို အစားထိုးရန် ၀င်လာသည်။
ထိုအခါ မီးလောင်လျှင် လေတိုက်သည်ဆိုတာ ဖြစ်လာသည်။ အခန်းတွင်း၌မီးလောင်သည် ဆိုပါက အထက်သို့တက်သွား သော လေပူများသည် မျက်နှာကျက်နှင့် တိုးမိသည်။ ထိုအခါ ၎င်းတို့ထွက်ပေါက်ရှာသည့်အနေနှင့် မျက်နှာကျက်တစ်လျှောက် ပျံ့နှံ့သွားသည်။ အချိန်မီထွက်ပေါက်မရလျှင် မျက်နှာကျက် သို့မဟုတ် ထိုအနားတ၀ိုက် ပစ္စည်းများမှာ အလွန်ပူကျက်လာကာ (autoignition) အလိုအလျောက် မီးလောင်နိုင်သည်။ ထိုအခါ လေထွက်ပေါက်မရှိသော အလုံပိတ်အခန်းအတွင်း မီးလောင် ပါက မီးကူးအလွန်မြန်ခြင်း ဖြစ်သည်။ သို့အတွက် အဆောက်အအုံများ စတင်ဆောက်စဉ်ကတည်းက ထိုအချက်ကို ထည့်သွင်းစဉ်းစားကာ လေပူထွက်ပေါက် (Mechanical Ventilation ducts) များ ထားပေးရန်လိုသည်။
 
(ဓါတ်လှေခါးရှိသည့် အဆောက်အဦများတွင် မီးလောင်သည့်အခါ ဓါတ်လှေခါးကို လုံးဝမသုံးရ။ အကြောင်းမှာ ၂ ချက်ရှိသည်။ တစ်ချက်မှာ မီးလောင်သဖြင့် လျှပ်စစ်ပြတ်သွားပါက ဓါတ်လှေခါးအတွင်း ပိတ်မိနေမည်။ နောက်တစ်ချက်မှာ ဓါတ်လှေခါး လိုဏ်ပေါက်အတွင်းမှ မီးခိုးများ၊ လေပူများ အပြင်သို့ ထွက်သွားနိုင်သည်။)
 
၎။ အပူလျှောက်ခြင်း (Conduction)

သံချောင်းတစ်ချောင်းကို တစ်ဖက်စွန်းမှ အပူပေးလိုက်ပါက အခြားတစ်ဖက်စွန်းပါ ပူလာသည်။ ဤသည်မှာ အပူသည် အရာတ္တု အထူးသဖြင့် သတ္တုများအတွင်း လျှောက်ကူးသွားခြင်းကြောင့် ဖြစ်သည်။ သံထည်များနှင့်ဆောက်လုပ်ထားသော အဆောက်အဦများတွင် မီးလောင်ပါက မီးအပူသည် သံထုပ်ယောက် ဒိုင်းမြားသို့ ကူးသွားသည်။ ထိုမှတဆင့် ၎င်းတို့နှင့် ထိစပ်နေသော ပစ္စည်းများသို့ ကူးသွားသည်။ ထိုပစ္စည်းများ အပူလွန်ကဲလာပါက အလိုအလျောက် မီးလောင်နိုင်သည်။

မီးသတ်ရာတွင် ဤသို့သောနည်းဖြင့် အပူများစီးမသွားစေရန် သံဘောင်များကို ဖြိုဖျက်ချရသည်။ သံထည်ပစ္စည်းများနှင့် ထိနေသောပစ္စည်းများကို အဝေးသို့ ရွှေ့ထုတ်ရသည်။

၅။ အပူဟပ်ခြင်း (Radiation)

မီးဆိုတာ လောင်သည့်နေရာမှာတင် ပူတာမဟုတ်။ ၎င်းပတ်ဝန်းကျင်သို့လည်း အပူများဖြန့်ထုတ်သည်။ ဤသည်ကို radiation ဟု ခေါ်၏။ ထို့အတွက် မီးလောင်လျှင် ထိုပတ်ဝန်းကျင်ရှိ အရာများပါ ပူလာသည်။ ကြာလာလျှင် အလွန်ပူလာကာ အလို အလျောက်မီးလောင်နိုင်လာသည်။ သို့အတွက် မီးလောင်လျှင် မီးလောင်သည့်နေရာတစ်ခုတည်းသာ မဟုတ်ဘဲ အနီးပတ်ဝန်း ကျင်ကိုပါ ဂရုစိုက်ရန်လိုသည်။

မီးလောင်နေသည့် ပတ်ဝန်းကျင်တွင် သစ်သားအိမ်များရှိပါက ထိုသစ်သားအိမ်များကိုပါ ရေဖြန်းပေးရန်လိုသည်။ အထူးသဖြင့် သက်ငယ်မိုးထားသော အိမ်များမှာ အလွန်အန္တရာယ်များသည်။ ထိုခေါင်မိုးများပေါ်သို့ ရေကြိုဖြန်းထားရန် လိုသည်။ အနီးပတ်ဝန်းကျင်၌ ဆီတိုင်ကီများရှိပါကလည်း ထိုဆီတိုင်ကီများကို ရေဖြန်းရန်လိုသည်။ ထို့အတူပင် ဈေးများ၌ စာအုပ်ပုံများ၊ အ၀တ်ပုံများ စသည်တို့ကို မီးမလောင်မီ ရေကြိုဖြန်းထားရန် လိုသည်။


၆။ မီးအမျိုးအစား (Class of Fire)
 

မီးအမျိုးအစားခွဲရာတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့မတူပါ။ ISO (International Organization for Standardization) ကတစ်မျိုး၊ NFPA (National Fire Protection Agency) က တစ်မျိုး၊ Europe Standard ကတစ်မျိုး ဖြစ်သည်။

European Standard "Classification of fires" (EN 2:1992, incorporatiing amendment A1:2004) အရ မီးအမျိုး အစား Class A, Class B, Class C, Class D, Class F ဟု ၅ မျိုး ခွဲခြားနိုင်သည်။ သို့သော် အမေရိကန်စံနှုံးအရမူ Class A, Class B, Class C, Class D, Class K ဟု ဖြစ်၏။
 

ဥရောပစံနှုံး


Class A -  သာမန်မီးလောင်နိုင်သော ပစ္စည်းများ၊ ဥပမာ - သစ်သား၊ စက္ကူ၊ အ၀တ်အထည်၊ ပီဗီစီ၊ စက္ကူပုံး စသည်။

Class B -  မီးလောင်နိုင်သော အရည်၊ အခဲများ၊ ဥပမာ - ဓါတ်ဆီ၊ ဆီ၊ ဗင်ဇင်း စသည်။

Class C - မီးလောင်နိုင်သော ဓါတ်ငွေ့များ၊ ဥပမာ - သဘာဝဓါတ်ငွေ့၊ ဗျူတိန်း၊ ပရိုပိန်း စသည်။

Class D - မီးလောင်နိုင်သော သတ္တုများ၊ ဥပမာ - သံ၊ ဒန်၊ ကြေး၊ မက်ဂနီဆီယမ် စသည်။

Class F - ချက်ပြုတ်ရာတွင်သုံးသော ပစ္စည်းများ၊ ဥပမာ - ဆီ၊ အဆီ စသည်။


မှတ်ချက်။            ။ မီးဝင်နေသော လျှပ်စစ်ပစ္စည်းများကို ဤမီးအမျိုးအစားတွင် ထည့်သွင်းမထားပါ။


အမေရိကန်စံနှုံး


Class A -  သာမန်မီးလောင်နိုင်သော ပစ္စည်းများ၊ ဥပမာ - သစ်သား၊ စက္ကူ၊ အ၀တ်အထည်၊ ကောက်ရိုး၊ စက္ကူပုံး စသည်။

Class B -  မီးလောင်နိုင်သော အရည်နှင့် ဓါတ်ငွေ့များ၊ ဥပမာ - ဓါတ်ဆီ၊ ဆီ၊ သဘာဝဓါတ်ငွေ့၊ ဗျူတိန်း၊ ပရိုပိန်း စသည်။

Class C - မီးဝင်နေသော လျှပ်စစ်ပစ္စည်းများ၊ တစ်ခါတစ်ရံ ရှော့ဖြစ်တတ်သည်။ ၀ါယာများ အပူလွန်ကဲတတ်သည်။

Class D - မီးလောင်နိုင်သော သတ္တုများ၊ ဥပမာ - သံ၊ ဒန်၊ ကြေး၊ မက်ဂနီဆီယမ် စသည်။

Class F - ချက်ပြုတ်ရာတွင်သုံးသော ပစ္စည်းများ၊ ဥပမာ - ဆီ၊ အဆီ စသည်။


၇။ အဓိပ္ပါယ်သတ်မှတ်ချက်များ (Definitions)


ဤနေရာတွင် ကျွန်တော်က combustible ကို မီးလောင်နိုင်သော၊ flammable ကို မီးလောင်လွယ်သော ဟု ဘာသာပြန် ပါမည်။


မီးလောင်ရန်လိုသော အပူချိန် - အရာဝတ္ထုတစ်ခုသည် ဤအပူချိန်မရောက်မချင်း မီးမလောင်နိုင်။ ဤအပူချိန်ရောက်လျှင်

(flah point)                        မီးထလောင်မည်။


မီးလောင်နိုင်သော အရည် - flash point (မီးစွဲနိုင်သောအပူချိန်) ၆၀ ဒီဂရီစင်တီဂရိတ်နှင့် အထက်ရှိသော

(combustible liquid)        အရည်များ။


မီးလောင်နိုင်သော ပစ္စည်း - မီးလောင်နိုင်သော်လည်း အလွယ်တကူ မီးမစွဲနိုင်သော အစိုင်အခဲ၊ အရည်၊ အငွေ့။

(Combustible material)


မီးလောင်လွယ်သော အရည် -  flash point (မီးစွဲနိုင်သောအပူချိန်) ၆၀ ဒီဂရီစင်တီဂရိတ်အောက် ရှိသော၊ အပူချိန်

(flammable liquid)             ၃၇.၇ ဒီဂရီစင်တီဂရိတ်တွင် ငွေ့ရည်ဖိအား ၂.၇၅ ဘားထက် မကျော်သောအရည်များ။

                                       မီးစွဲရန် အလွန်လွယ်ကူသော အရည်များကိုခေါ်သည်။ ဤအထဲတွင် ဆေးသုတ်ရာတွင် 

                                       သုံးသည့် သင်နာ (thinner)၊ ဓါတ်ဆီ၊ ချွတ်ဆေး စသည်တို့ပါသည်။


မီးလောင်လွယ်သော ပစ္စည်း - အလွယ်တကူမီးလောင်နိုင်သော၊ မီးအားပြင်းသော၊ မီးကူးလွယ်သော အရည်၊ အငွေ့၊ အစိုင်

(flammable material)        အခဲ စသည်။ ဥပမာ - ဓါတ်ဆီ၊ 

 အောက်တွင် မီးလောင်လွယ်သော အရည်များကို ဖော်ပြထားပါသည်။ Autoignition Temperature ဆိုသည်မှာ ထို အပူချိန် သို့ရောက်လျှင် အလိုအလျောက်မီးထလောင်သည်ကို ဆိုလိုသည်။


နာမည်
Autoignition Temperature
Acetone (အက်ဆီတုန်း)
−17 °C (1 °F)
465 °C (869 °F)
>130 °C (266 °F)
−41 °C (−42 °F)
235 °C (455 °F)
Diesel (ဒီဇယ်)
>62 °C (144 °F)
210 °C (410 °F)
Ethanol (အက်သနော)
12.8 °C (55.0 °F)
365 °C (689 °F)
−45 °C (−49 °F)
170 °C (338 °F)
Gasoline (ဓါတ်ဆီ)
<−40 °C (−40 °F)
246 °C (475 °F)
Jet fuel (လေယာဉ်ဆီ)
>38 °C (100 °F)
210 °C (410 °F)
Kerosene (paraffin oil) (ရေနံဆီ)
>38–72 °C (100–162 °F)
220 °C (428 °F)
Methanol (မက်သနော)
11 °C (52 °F)
464 °C (867 °F)
35 °C (95 °F)
Vegetable oil (canola) စားဆီ
327 °C (621 °F)[1]


မှတ်ချက်။            ။ မီးလောင်လွယ်သော အရည်များသည် အငွေ့ပျံလွယ်သည် ဆိုသည်ကိုလည်း မမေ့သင့်။ ထိုအငွေ့များ

                         သည်လည်း မီးလောင်လွယ်သည်။ ဥပမာ - ဓါတ်ဆီပုံးကို ဖွင့်ထားပါက ဆီပုံးအပေါက်ဝမှ ဓါတ်ဆီငွေ့များ

                         တောက်လျှောက်ထွက်နေမည်။ ဤအငွေ့များအနီး မီးပွားကျပါက မီးလောင်နိုင်သည်။

 ၈။ မီးသတ်ဘူးအမျိုးအစား (Type of Fire Extinguishers)


သိပ်မကြီးသော မီးလောင်ခြင်းများအတွက်သာ မီးသတ်ဘူးကို သုံးနိုင်သည်။ သို့သော် မီးသတ်ဘူးဖြင့် မီးကိုငြိမ်းလိုက်နိုင်ခြင်း အားဖြင့် မီးသေးကလေးမှ မီးကြီးဖြစ်လာမည့် အန္တရာယ်ကို ကာကွယ်နိုင်သဖြင့် အလွန်အရေးကြီးသည်။ မီးတောက်သေးသေး ကလေးကို အချိန်မီ ငြိမ်းသတ်နိုင်ပါမှ တစ်ရပ်ကွက်လုံး၊ တစ်ဈေးလုံး၊ တစ်မြို့လုံး ပြာကျမည့် အန္တရာယ်ကို ကာကွယ်နိုင်မည်။
 

မီးအမျိုးအစားကိုလိုက်၍သတ်ရန် အောက်ပါအတိုင်း မီးသတ်ဘူးအမျိုးအစားများ သတ်မှတ်ထား၏။



မီးသတ်ဘူးအမျိုးအစားကို အရောင်ဖြင့်ခွဲထားသည်။ အထက်ပါဇယားကိုကြည့်ခြင်းဖြင့် မီးသတ်ဘူးအမျိုးအစား ၅ မျိုး ရှိကြောင်း သိနိုင်သည်။


က) မီးသတ်သည့်ပစ္စည်း - ရေ (Water) (အနီရောင်)


ရေဖြင့်မီးသတ်နိုင်သည်မှာ Class A မီးအမျိုးအစားသာဖြစ်၏။ အခြားမီးများကို ရေဖြင့်ငြိမ်းသတ်လို့မရ။ Class A မီးတွင် သစ်သား၊ စက္ကူ၊ အ၀တ် တို့ပါကြောင်း ပြောခဲ့ပြီ။ ဆီ၊ ဓါတ်ဆီ၊ လျှပ်စစ်မီးတို့ကို ရေဖြင့်မသတ်ရ။ မီးငြိမ်းသတ်သောအခါ မီးတောက်ပေါ်တည့်တည့် ထိုးရမည်။ အောက်မှစငြိမ်းသတ်ရမည်။ ပြီးမှ အထက်ပိုင်းသို့ ရွှေ့သွားရမည်။


ခ) မီးသတ်သည့်ပစ္စည်း - ရေမြှုပ် (Foam Spray) (အ၀ါရောင်)


ထိုမီးသတ်ဘူးအတွင်း၌ ရေ ၉၃ ရာခိုင်နှုံး၊ ဓါတုပစ္စည်း ၇ ရာခိုင်နှုံးပါသည်။ ၎င်းတို့ပေါင်းစပ်ရာမှ အမြှုပ်များဖြစ်လာသည်။ ဤမီးသတ်ဘူးကို Class A, Class B မီးအမျိုးအစားနှစ်မျိုးတွင် သုံးနိုင်သည်။ အခြားမီးများအတွက် သုံးလို့မရ။ မီးလောင် နေသော နေရာနှင့် အနီးတ၀ိုက်ကို အမြှုပ်များဖြင့် ဖုံးသွားသည်ထိ ဖြန်းပေးပါ။ ထိုအခါ မီးသည် ပြင်ပလေနှင့် အဆက်ပြတ် သွားသဖြင့် အောက်ဆီဂျင်မရသောကြောင့် ဆက်လက်မလောင်နိုင်တော့ပေ။


ဂ) မီးသတ်သည့်ပစ္စည်း - ပေါင်ဒါမှုံ့ (Dry Chemical Powder) (အပြာရောင်)


ချက်ပြုတ်သည့်ပစ္စည်းများအား လောင်သောမီး Class F မှလွဲ၍ ကျန်မီးအားလုံးကို သတ်နိုင်သည်။ မီးလောင်သော နေရာနှင့် အနီးတ၀ိုက်ကို အမှုံ့များဖြင့် ဖုံးသွားသည်ထိ ဖြန်းပေးပါ။ ထိုအခါ မီးသည် ပြင်ပလေနှင့် အဆက်ပြတ်သွားသဖြင့် အောက်ဆီဂျင်မရသောကြောင့် ဆက်မလောင်နိုင်တော့ပေ။


မီးသတ်သောအခါ ဧရိယာတစ်ခုလုံး ခြုံပြီး မဖြန်းပါနှင့်။ မိမိနှင့်အနီးဆုံးနေရာမှ စ၍ ဖြည်းဖြည်းချင်း မီးအားလုံးငြိမ်းသွားသည် ထိ ရှေ့တိုးပြီး ဖြန်းသွားပါ။ သတိပြုရန်မှာ ဤနည်းသည် အောက်ဆီဂျင်ကို အဆက်ဖြတ်ကာ မီးသတ်သောနည်း ဖြစ်သဖြင့် အမှုန်များပြယ်သွားပြီး အောက်ဆီဂျင်ပြန်ရသည်နှင့် အလွန်ပူနေသော မျက်နှာပြင်သည် Autoignition ဖြစ်ကာ မီးပြန်လောင် နိုင်သေးသည် ဆိုသည့်အချက်ဖြစ်၏။
 

လျှပ်စစ်ကြောင့် လောင်သောမီးဖြစ်ပါက လောင်နေသောမီးအပေါ်သို့ တည့်တည့် တိုက်ရိုက်ဖြန်းပါ။


ဃ) မီးသတ်သည့်ပစ္စည်း - ကာဘွန်ဒိုင်အောက်ဆိုဒ် (Carbon dioxide) (အနက်ရောင်)


Class B, Class D မီးများကို ငြိမ်းသတ်ရန် သုံးနိုင်သည်။ ကာဘွန်ဒိုင်အောက်ဆိုဒ်သည် လေထက်လေး၏။ ထိုအခါ သူရောက်သွားသောနေရာမှ အောက်ဆီဂျင်အားလုံးကို မောင်းထုတ်လိုက်ခြင်းဖြင့် မီးကိုငြိမ်းနိုင်သည်။ အထူးအားဖြင့် လျှပ်စစ် ကြောင့် လောင်သောမီးများအား ငြိမ်းသတ်ရန် အထူးသင့်တော်သည်။ အဘယ်ကြောင့်ဆိုသော ၎င်းဓါတ်ငွေ့သည် လျှပ်စစ် မစီးနိုင်၊ ပစ္စည်းများကို မစားနိုင်သောကြောင့်ဖြစ်၏။
 

သို့သော် ထမင်းဟင်းချက်သည့်နေရာတွင်လောင်လျှင် မသုံးသင့်။ အဘယ်ကြောင့်ဆိုသော် ဓါတ်ငွေ့လွှတ်ရန် မှုတ်ထုတ်လိုက် သော ဖိအားသည် ဆီများကိုလွင့်စင်စေကာ မီးကိုအလျှင်အမြန် ပြန့်စေသောကြောင့် ဖြစ်၏။ ထိုမီးသတ်ဘူးကို သုံးရာ၌လည်း ပေါင်ဒါမှုံ့ဘူးကဲ့သို့ပင် မိမိအနီးမှစကာ မီးသတ်ပြီး ဖြည်းဖြည်းချင်း ရှေ့တိုးသွားရပါမည်။
 

အထူးသတိပြုရန်


ကာဗွန်ဒိုင်အောက်ဆိုဒ်သည် လေထက်လေးကြောင်း ပြောခဲ့ပြီ။ သည့်အတွက် သူရှိနေသည့်နေရာမှ လေအားလုံးကို ထုတ်ပစ် ဘို့ကြိုးစားမည်။ ထို့ကြောင့် မြေအောက်ခန်း၊ အလုံပိတ်အခန်းများတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဘူးနှင့် မီးသတ်တော့မည် ဆိုပါ က အောက်ဆီဂျင်ပြတ်မည့် အရေးကိုပါ ထည့်စဉ်းစားရမည်။ လေမှုတ်သွင်းမထားသောအခန်း ဖြစ်ပါက အောက်ဆီဂျင် ၀တ်စုံ ၀တ်ပြီးမှသာ ၀င်ဖြန်းသင့်သည်။ မဟုတ်လျှင် ကိုယ့်ကိုယ့်ကိုယ် သတ်သကဲ့သို့ ရှိချေမည်။ ထိုမျှသာမက အခန်းတွင်းရှိသမျှလူ အားလုံးကိုလည်း အပြင်ထွက်ခိုင်းရမည်။


နောက်တစ်ချက်မှာ ဆိုင်ယာနိုက် သိုလှောင်ထားသောအခန်း၌ ကာဗွန်ဒိုင်အောက်ဆိုဒ် မီးသတ်ဘူးကို သုံးရန် မည်သည့် အခါမျှ မကြိုးစားပါလေနှင့်။ ကာဘွန်ဒိုင်အောက်ဆိုဒ်သည် ဆိုင်ယာနိုက်နှင့်ပေါင်းကာ ဟိုက်ဒြိုဂျင်ဆိုင်ယာနိုက်ကို ထုတ်ပေး မည်။ ထိုဓါတ်ငွေ့အနည်းငယ်မျှ ရှုမိရုံဖြင့်၊ တစ်ရှိုက်နှစ်ရှိုက်အတွင်း သေနိုင်သည်။ အထူးသတိထားပါလေ။


င) မီးသတ်သည့်ပစ္စည်း - ဓါတုဆေးရည် (အ၀ါရောင်)


Class A, Class F မီးများကို ငြိမ်းသတ်ရန် သုံးနိုင်သည်။ ထိုမီးသတ်ဘူးတွင် ရေ ၉၀ ရာခိုင်နှုံးနှင့် ဓါတုဆေးရည် ၁၀ ရာခိုင်နှုံး ပါသည်။ ထိုဆေးရည်များမှာ ဟင်းချက်ဆီနှင့်ထိလိုက်လျှင် ဆပ်ပြာအဖြစ်ပြောင်းသွားသည်။ ထိုအခါ ဆက်လက်မီးမလောင် နိုင်တော့။ မီးသတ်ဆေးရည်အတွင်း ပါလာသည့်ရေက အပူချိန်ကို လျော့ကျစေသည်။ ထိုအခါ မီးငြိမ်းသွားသည်။


၎င်းကို Class B, Class C, Class D မီးအတွက်မသုံးသင့်။ ဓါတုဗေဒဓါတ်ပြုကာ အခြေအနေကို ပိုဆိုးသွားစေနိုင်သည်။ လျှပ်စစ် ပစ္စည်းမီးများတွင်လည်း ဓါတ်လိုက်တတ်သဖြင့် မသုံးသင့်ပါ။


မီးသတ်သောအခါ ဆီပေါ်သို့ တိုက်ရိုက်ထိုးမချပါနှင့်။ ဆီများစဉ်ကုန်ပြီး မီးပြန့်သွားနိုင်ပါသည်။ မီးတောက်ကို ဦးစွာငြိမ်းပါ။

ထိုဆေးရည်သည် အယ်လ်ကာလီခပ်ပြင်းပြင်းပါ၏။ ထို့ကြောင့် သတိထား၍ ကိုင်တွယ်ပါ။ အရေပြား၊ မျက်လုံးများနှင့် ထိခဲ့ သော် ရေများများဖြင့် ဆေးပါ။ ပါးစပ်အတွင်းဝင်ခဲ့သော် ရေများများဖြင့်ဆေး၊ ပလုတ်ကျင်း၊ ရေများများသောက်၊ ထို့နောက် ဆရာဝန်နှင့်ပြပါ။
 

၉။ မီးသတ်ဘူးအား စစ်ဆေးခြင်း


မီးသတ်ဘူး လက်ထဲရှိနေပြီဖြစ်သော်လည်း သည်အတိုင်း ပစ်ထားလို့မရ။ မီးသတ်ဘူးသည် ကောင်းသောအနေအထား၊ မီးသတ်နိုင်သည့် အနေအထားတွင် အမြဲရှိနေရန် ပုံမှန်စစ်ဆေးနေဘို့လိုသည်။
 
မီးသတ်ဘူးတစ်ခုတွင် ပါဝင်သော အစိတ်အပိုင်းများကို အောက်တွင် ဖော်ပြထားပါသည်။




ဤနေရာတွင် မီးသတ်ဘူးတစ်လုံးအား ကောင်းမွန်သောအခြေအနေ၌ ရှိနေမနေ စစ်ဆေးနည်းကို ဖော်ပြလိုက်ပါ၏။
 

Ø  ဖိအားပြမီတာသည် အစိမ်းရောင်ဧရိယာအတွင်း ရှိနေမနေ။

Ø  မီးသတ်ခလုတ်သည် ကောင်းကောင်းအလုပ်လုပ်၊ မလုပ်။ ကွေးညွတ်နေ၊ မနေ။

Ø  ပင်သည် နေရာတကျရှိနေမနေ၊ အပြင်ထွက်နေမနေ။

Ø  မီးသတ်ပိုက်ခေါင်းသည် အမှုန်အမှိုက်များနှင့် ပိတ်ဆို့နေမနေ။

Ø  မီးသတ်ပိုက်သည် ကွဲနေ၊ ကျိုးနေမနေ။

Ø  ဆလင်ဒါအိုးသည် သံချေးတွေတက်နေသလား။ ပိန်ချိုင့်နေသလား။
 

အကယ်၍ အထက်ပါအခြေအနေတစ်ခုခုကို တွေ့ပြီဆိုပါက မီးသတ်ဘူးကို ဆိုင်ပြန်ပို့ပါ။ သို့မဟုတ် ၀ယ်လာသော ဆိုင်သို့ ဖုံးဆက်ပြီး သူတို့ကို (service) ပြန်ပြင်ခိုင်းပါ။ သို့မဟုတ် အသစ်နှင့်လဲခိုင်းပါ။
 

မီးသတ်ဘူး စစ်ဆေးခြင်းကို လစဉ်လုပ်ပါ။ လုပ်တိုင်းလည်း အောက်ဖော်ပြပါ စစ်ဆေးခြင်းမှတ်တမ်းကို ဖြည့်ပါ။
မီးသတ်ဘူး ပြုပြင်ထိန်းသိမ်းခြင်းကို နှစ်စဉ်လုပ်ရပါမည်။ လုပ်ပြီးတိုင်းလည်း မှတ်တမ်းတင်ထားရပါမည်။


၁၀။ မီးသတ်ဘူးကို ဘယ်လိုသုံးမလဲ


ဈေးများ၊ ဆိုင်များ၊ ရုံးများ၊ ဟိုတယ်များ၊ ကျောင်းများ၊ ဓမ္မာရုံများ၊ ရုပ်ရှင်ရုံများ၊ ကျေးရွာ၊ ရပ်ကွက်ရှိ အိမ်များတွင် မီးသတ်ဘူး ဆောင်ထားသင့်ပါသည်။ မီးသတ်ဘူးတစ်လုံးသည် မည်မျှမပေးရ။ သို့သော် သည်မီးသတ်ဘူးတစ်လုံးဖြင့် သိန်းပေါင်းများစွာ တန်သော ပစ္စည်းဥစ္စာ၊ အသက်သွေးချွေးတို့ကို အကာအကွယ်ပေးနိုင်သည်။


မီးသတ်ဆိုသူများလည်း မီးသတ်ဘူးအသုံးပြုနည်း သင်တန်းများကို ရပ်ကွက်၊ ကျေးရွာ၊ ဈေး၊ ကျောင်းများ၌ ပေးသင့်ပါသည်။ လက်ကမ်းစာစောင်များ ထုတ်ဝေကာ ဝေငှသင့်ပါသည်။ မီးသတ်ဘူးဆောင်ထားရန်လည်း တိုက်တွန်းသင့်ပါသည်။


နည်းသိလျှင် ဘာမှ မခဲယဉ်းပါ။ သို့သော် ဘာလုပ်လုပ်စနစ်တကျရှိလျှင် ထိရောက်၊ အကျိုးရှိမည်။ စနစ်တကျ လုပ်တတ်သည့် အလေ့အကျင့်များ မွေးမြူကြပါ။


မီးဟေ့ဆိုသည်နှင့် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း လုပ်သွားပါ။
 

*       လောင်သောမီးနှင့် ကိုက်ညီမည့် မီးသတ်ဘူးကို ဦးစွာရွေးပါ။ (ရန်ကုန်မှာတော့ လွယ်မည်မထင်။)

*       မိမိသုံးမည့် မီးသတ်ဘူးသည် ကောင်းကောင်းအလုပ်လုပ်မည့် မီးသတ်ဘူးလား အမြန်စစ်ဆေးပါ။

*       (အရေးကြီးဆုံးမှာ မီတာခွက်နှင့် လက်ကိုင်ခလုတ်ဖြစ်၏။)

*       မီးလောင်နေရာသို့ မဆင်မခြင် အတင်းတိုးဝင်မသွားပါနှင့်။ မိမိပြန်ထွက်လို့ရမည့်နေရာကို ဦးစွာရှာထားပါ။

*       မည်သည့်အရပ်မှ လေတိုက်နေသနည်း ဟု ကြည့်ပြီး လေညာမှနေပါ။ လေအောက်မှနေလျှင် မိမိထံမီးခိုးများ ဓါတ်ငွေ့များ ရောက်လာမည်။

*       ဖြစ်နိုင်လျှင် အပေါ်စီးမှ သတ်ပါ။ မီးအောက်ဖက်မှ မနေပါနှင့်။ မီးလောင်ပြီး ပြုတ်ကျလာသော ပစ္စည်းများမှာ မိမိအတွက် အန္တရာယ်ရှိသည်။

*       ထို့နောက်မှ အောက်တွင်ဖော်ပြထားသည့်အတိုင်း မီးသတ်ဘူးနှင့် မီးငြိမ်းသတ်ပါ။

မီးသတ်ဘူးသုံးရန် ဆောင်ပုဒ်မှာ PASS  ဖြစ်၏။


  ၁။ လက်ကိုင်အနီးရှိ သော့ချထားသော ပင်ကို ဆွဲနှုတ်ပါ။ (Pull the Pin)


၂။ မီးအခြေရှိရာသို့ မီးသတ်ဘူးခေါင်းကို ဦးတည်ထားပါ။ (Aim at the base of Fire)


၃။ လက်ကိုင်ကို ဖြစ်ညှစ်ပါ။ (Squeeze the top handle or lever)


၎။ မီးကိုဖုံးမိအောင် မီးပိုက်ခေါင်းကို ဘယ်ညာရမ်းပါ။ (Sweep from side to side)


၁၁။ အကယ်၍ မီးအားကောင်းနေသဖြင့် သင်သည် မီးသတ်ဘူးနှင့်နိုင်အောင် မငြိမ်းနိုင်တော့လျှင် -


ထိုနေရာရှိလူအားလုံးကို မီးလွတ်ရာသို့ သွားခိုင်းပါ။

ပတ်ဝန်းကျင်မှ လူများသိစေရန် မီးလောင်နေကြောင်း အော်ဟစ်အချက်ပေးပါ။

Fire Alarm ရှိလျှင် fire alarm ခလုတ်ကို နှိပ်ပါ။ သံချောင်းရှိလျှင် သံချောင်းခေါက်ပါ။

မီးကိုတတ်နိုင်သမျှ ထိန်းထားနိုင်ရန် တံခါးအားလုံး၊ ပြူတင်းပေါက်အားလုံးကို ပိတ်ပါ။
 

၁၂။ အောက်ပါအခြေအနေများတွင် မီးကိုငြိမ်းသတ်ရန် သို့မဟုတ် ထိန်းရန် မကြိုးစားပါနှင့်။
 

ü  ဘာကိုလောင်နေမှန်းမသိလျှင် - အကယ်၍ ဓါတုဗေဒပစ္စည်းကိုသာ လောင်နေပါက မီးခိုးတွင်ပါလာသော အဆိပ်ဓါတ်ငွေ့ သည် သင့်ကိုဒုက္ခပေးနိုင်သည်။ သို့မဟုတ် ဓါတ်ငွေ့အိုးဖြစ်နေပါက ပေါက်ကွဲလျှင် သင့်ကို တိုက်ရိုက်ထိခိုက်နိုင်သည်။ သို့အတွက် ဘာမှန်းမသိလျှင် မီးနှင့်ဝေးရာသို့ အမြန်ဆုံးထွက်သွားတာ အကောင်းဆုံး ဖြစ်ပါသည်။

ü     မီးကူးစက်နှုံး အလွန်မြန်လျှင် - မီးကူးနှုံးအလွန်မြန်လျှင် သင်ထိန်းနိုင်ဘို့ မလွယ်ပါ။ အသင့်ကို မီးမ၀ိုင်းမီ အခြားမိတ်ဆွေများ ကိုပါ အော်ဟစ် သတိပေးလျှက် ထိုနေရာမှ အမြန်ဆုံးထွက်ခွာပါ။


ü     မီးသတ်နေစဉ် အသင်သည် မသက်မသာခံစားလာရလျှင် - အကယ်၍ အသင်မီးသတ်နေစဉ် ခေါင်းမူးလာခြင်း၊ ကိုယ်လက် မအီမသာဖြစ်လာခြင်းတို့ ခံစားလာရလျှင် ထိုနေရာမှ အမြန်ဆုံး ထွက်သွားရန် လိုပါသည်။ အဘယ်ကြောင့်ဆိုသော် မီးခိုးထဲ တွင် မည်သည့်အဆိပ်အတောက်များ ပါလာမှန်းမသိ။ ခေါင်းမာစွာ ဆက်လက် မီးသတ်နေပါက ထိုနေရာတွင်ပင် လဲကျသွားပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါသည်။
 

ü   အရေးအကြီးဆုံးနှင့် ပထမဦးဆုံးလုပ်ရမည်မှာကား ထွက်ပေါက်ကို ဦးစွာရှာထားရန် ဖြစ်၏။ အသင်သည် မီးကိုနိုင်အောင် မငြိမ်းနိုင်တော့ဟုဆိုလျှင် ဤနေရာမှ အမြန်ဆုံးထွက်ခွာရန် လိုပါသည်။ ထွက်မည်ကြံမှ ထွက်ပေါက်ပျောက်နေခြင်းသည် အန္တရာယ် အလွန်ကြီးလှ၏။ မီးထဲတွင် ပိတ်မိနေတတ်သည်။


၁၃။ အဆောက်အဦများတွင် မီးသတ်ဘူးများ စနစ်တကျ ရှိနေမနေစစ်ဆေးပါ။


Ø  မီးသတ်ဘူးသည် ထမင်းဟင်းချက်ပြုတ်သည့်နေရာနှင့် အနည်းဆုံး ပေ ၃၀ အကွာတွင် တစ်ခု ထားရမည်။

Ø  ဈေး၊ ရုံး၊ စူပါမားကက် စသည်တို့တွင် ၇၅ ပေအကွာတိုင်း တစ်ခုကျ မီးသတ်ဘူးများ ထားရမည်။

Ø  မီးသတ်ဘူးကို လက်လှမ်းတမီတွင် ထားရမည်။ မြင့်လွန်းသော၊ နိမ့်လွန်းသော နေရာများတွင်မထားရ။

Ø  မီးသတ်ဘူးကို နံရံတွင် ချိတ်ဖြင့်ချိတ်ထားရမည်။

Ø  မီးသတ်ဘူးရှိသည့်နေရာကို မည်သည့်အရာများနှင့်မှ ပိတ်ဆို့မနေစေရ။ အမြဲရှင်းထားရမည်။

Ø  မီးသတ်ဘူး မီတာမှ လက်တံသည် အမြဲ အစိမ်းနေရာကို ညွှန်ပြနေရမည်။

Ø  မီးသတ်ဘူး စစ်ဆေးသည့်လက်မှတ်တွင် လစဉ်စစ်ဆေးကြောင်း ပြနေရမည်။

Ø  မကောင်းသောမီးသတ်ဘူးများကို ဟန်ပြချိတ်မထားရ။ ကောင်းသည့်မီးသတ်ဘူးနှင့် ချက်ခြင်းပြန်လဲရမည်။

Ø  မီးသတ်ဘူးကို သက်တမ်းကုန်ရက် ပြရန်မလွယ်ပါ။ ပြထားသည်ဆိုလျှင်ပင် စိတ်မချပါနှင့်။ အမြဲမျက်မြင်စစ်ဆေးပါ။


၁၄။ မှတ်စုများ


မှတ်စု ၁။             ။ မီးဖိုထဲတွင် ထမင်းဟင်း ချက်ပြုတ်နေစဉ် ဆီအိုးထဲမီးဝင်လောင်သည်။ စားဖိုမှုးသည် ပေါင်ဒါမီးသတ်ဗူးကို ယူပြီး ငြိမ်းလိုက်၏။ သို့သော် ဆီမှာအလွန်ပူနေသဖြင့် မီးလောင်ရန် အခွင့်အလမ်းရှိနေသေးသည်။ ပေါင်ဒါမှုန့်များ ပြယ်သွား သည်နှင့် အောက်ဆီဂျင်ဝင်လာကာ ဆီပူသည် အလိုလို မီးထလောင်နိုင်သည်။ ထို့ကြောင့် အရေးကြီးသည်မှာ လျှပ်စစ်မီးဖို ဖြစ်လျှင် မီးခလုတ်ကို ပိတ်ရန်၊ ဓါတ်ငွေ့မီးဖိုဖြစ်လျှင် ဓါတ်ငွေ့ခလုတ်ကို ပိတ်ရန် မမေ့မလျော့ သတိထားရမည်။


မှတ်စု ၂။             ။ ဆီတိုင်ကီများအနီး မီးလောင်သည်ဆိုပါစို့။ အရေးတကြီးလုပ်ရမည်မှာ အခြားဆီတိုင်ကီများကို မီးလွတ်ရာ သို့ အမြန်ရွှေ့ရန် ဖြစ်သည်။ ဆီဟူသည် အပူချိန်တစ်ခုရောက်လျှင် အလိုလိုမီးထလောင်တတ်သည်။ ထိုအခါ မီးအားပိုကြီးလာ သဖြင့် မထိန်းနိုင်ဖြစ်တတ်သည်။


မှတ်စု ၃။             ။ အကယ်၍ ဓါတ်ငွေ့အိုးများအနီး မီးလောင်လျှင်လည်း အလားတူပင် ဖြစ်၏။ မီးမလောင်သေးသော အခြား ဓါတ်ငွေ့အိုးများကို မီးလွတ်ရာအမြန်ပို့ရန် လိုသည်။


မှတ်စု ၄။             ။ ဆီ၊ လျှပ်စစ်စသော မီးများအတွက် ရေသည် သင့်တော်သော မီးသတ်ပစ္စည်း မဟုတ်။ အခန့်မသင့်လျှင် အခြေအနေ ပိုဆိုးသွားနိုင်သည်။


နိဂုံး


ယခု ကျွန်တော် မီးအကြောင်း၊ မီးသတ်စနစ်များအကြောင်း၊ မီးသတ်ဘူးများအကြောင်း၊ မီးသတ်ဘူးသုံးနည်း၊ စစ်နည်းများ အကြောင်း တော်တော်ပြည့်ပြည့်စုံစုံ ရေးသားခဲ့ပြီးပါပြီ။


ရည်ရွယ်ချက်ကား မြန်မာပြည်၌ မကြာခဏ မီးလောင်ကာ ပစ္စည်းဥစ္စာများ အကြီးအကျယ် ဆုံးရှုံးနေရသည့်တိုင် မီးဆိုတာ ဘာလဲ၊ မီးသတ်တယ်ဆိုတာ ဘာလဲ။ မီးကာကွယ်ရေးတွေ ဘာတွေလုပ်သင့်သလဲ မည်သူမျှမသိ၊ မည်သူမျှ ဂရုမစိုက်၊ အလေးမထားကြသောကြောင့် မြန်မာပြည်သားလူအများတို့ မီးဗဟုသုတများရစေရန် ဖြစ်ပါသည်။


မီးဆိုသည်မှာ နတ်ရေကန်ထဲကန်ချတာထက် အကြီးမြန်သေးသည်။ လောင်ခါစတွင် မထိန်းနိုင်လျှင် ဆေးလိပ်မီးပွားကလေး မှသည် ဈေးကြီးတစ်ခုလုံး၊ အိမ်ပေါင်းများစွာ၊ ရပ်ကွက်တစ်ခုလုံး ပြာကျသွားနိုင်သည်။ မီးလောင်ပြီဆိုလျှင် ဘာမှပြန်ရဘို့ မစဉ်းစားနှင့်တော့။ အသက်မသေတာ ကံကောင်း။


မီးကြောင့်ဘ၀ပျက်သွားကြရသူတွေ ဒုနှင့်ဒေးရှိသည်။ သဟာနှင့်များတောင် ဘဇာကြောင့် သည်မီးအရေးကို အရေးတကြီး လုပ်ကာ လူကြီးမင်းတို့ မစဉ်းစားကြ၊ အရေးတယူမလုပ်ကြတာ ကျွန်တော်ဖြင့် အံ့သြလို့မဆုံးပါ။ လူအများမှာလည်း မီးဟေ့ဆို လျှင်သာ မျက်ကလဲဆန်ပြာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကြသည်။ မီးမလောင်အောင် ငါတို့ဘယ်လိုကာကွယ်ကြမလဲ ဟု နည်းနည်းမှ အိပ်မက်ဖော်မရ။


ယခင်က မလုပ်ခဲ့သည်များ ထားလိုက်ပါတော့။ ယခု စလုပ်ကြပါတော့။ လုပ်ကြဘို့ အချိန်တန်ပါပြီဟု အလေးအနက် တိုက်တွန်းလိုပါသည်။


အရံမီးသတ် ဆိုသူများမှာလည်း အသစ်ကျပ်ချွတ် ယူနီဖောင်းကလေးကို ကြော့နေအောင်ဝတ်ကာ ပွဲလမ်းသဘင်များတွင် လူလုံးပြရုံသက်သက်မျှမဟုတ်ဘဲ မီးဟေ့ဆိုလျှင် တကယ်အားကိုးရမည့် သူများဖြစ်ရန် လေ့လာ၊ လေ့ကျင့်၊ ပြင်ဆင်ထားရ ပါမည်။ မိမိတို့ကိုယ်တိုင်လဲ လေ့ကျင့်၊ ပြည်သူများကို ပညာပေးခြင်း၊ ဟောပြောခြင်း၊ ပြပွဲပြိုင်ပွဲများလုပ်ပေးခြင်း လုပ်ပေးကြပါ ဟု ပြောလိုပါသည်။


အစိုးရမင်းများသည်လည်း မီးအရေးကို ဥပဒေ စည်းမျဉ်းများဖြင့် ကြပ်ကြပ်မတ်မတ် ကိုင်တွယ်လုပ်ဆောင်ကြရန် လိုပါသည်။


အင်ဂျင်နီယာပိုင်းဆိုင်ရာ၊ ပိသုကာဆိုင်ရာ၊ လျှပ်စစ်ဆိုင်ရာ မီးနှင့်ပတ်သက်သည့် ဒီဇိုင်းများ၊ တပ်ဆင်ပုံများကိုတော့ မဆက် တော့ပါ။ သည်အရာကား သက်ဆိုင်ရာ ကိုအင်ဂျင်နီယာတို့အလုပ် ဖြစ်တော့၏။ ယခုတော့ သည်မျှနှင့် နားပါမည်။


ကျွန်ုပ်တို့ မြန်မာပြည်ကြီးသည် ထူးချွန်ထက်မြက်သော ခေါင်းဆောင်ကောင်းများ၊ နိုင်ငံ့သားကောင်း၊ သမီးကောင်းကလေးများ မနှေးအမြန် ရလာပါစေသတည်း။


အားလုံးကို ကျေးဇူးတင်ပါသည်။


အေးငြိမ်း

7/11/2011, 4:30 pm
Blk 663D, Jurong West St. 65
#15-233
Singapore 644663
Tel: 97303027
Email: y_nyein@yahoo.com.sg