Thursday, November 26, 2020

တင်း၊ တောင်း၊ ပိဿာ နှင့် နို့ဆီဘူးတို့ အကြောင်း

ဟိုတစ်နေ့က ဒေါက်တာညီညီ တင်ထားသည့် ပို့စ်အတိုလေးကို ဖတ်မိရာမှ ရင်ထဲ ကျလိကျလိဖြစ်လာ၍ ရေးလိုက်ရပြန်ပါကြောင်း။

 

(၁) Specific Gravity (Sp. Gr.)

 

ပစ္စည်းတိုင်းတွင် ကိုယ်ပိုင် အလေးချိန်ရှိ၏။ ပစ္စည်းတစ်ခုနှင့်တစ်ခု အလေးချိန်ချင်းမတူ။ 

ပစ္စည်းတစ်ခုတည်းပင်လျှင် အခြေအနေနှင့် အချိန်အခါကိုလိုက်၍ အလေးချိန်၊ အလျား၊ ထုထည် စသည်တို့ ပြောင်းသွားတတ်၏။

ပစ္စည်းတို့၏ အလေးချိန်ကို နှိုင်းရအလေးချိန် (Specific Gravity (Sp. Gr.)) ဖြင့် ဖော်ပြ၏။ 

ရေ၏ နှိုင်းရအလေးချိန်မှာ ၁ ဖြစ်၏။ သာမန် လေထုအပူချိန်နှင့် ဖိအားတွင် ရေ ၁ ကုဗမီတာသည် ၁ တန် လေး၏။ ရေ ၁ လီတာသည် ၁ ကီလိုဂရမ် လေး၏။

ပစ္စည်းများ၏ အလေးချိန်ကို ရေ၏ အလေးချိန်ဖြင့် နှိုင်းယှဉ် တွက်ချက်၏။

ပစ္စည်းအချို့၏ Sp. Gr. ကို နမူနာဖော်ပြရလျှင် အောက်ပါအတိုင်းဖြစ်၏။

 

ဒန် - ၂.၇

ကြေးဝါ - ၈.၄၈

ကြေးနီ - ၈.၉၆

သံ - ၇.၈၇

ခဲ - ၁၁.၃၅

သွပ် - ၇.၁၂

ပင်လယ်ရေ - ၁.၀၂

 

ရေ၏ နှိုင်းရအလေးချိန်မှာ ၁ ဖြစ်ကြောင်း အထက်တွင် ဆိုခဲ့ပြီ။

သို့အတွက် ဒန် ၁ ကုဗမီတာသည် ၂.၇ တန် လေး၏။

သံ ၁ ကုဗမီတာသည် ၇.၈၇ တန် လေးသည် ဟု အလွယ်တကူ သိနိုင်ပေပြီ။

 

ယခုပြောမည့်အကြောင်းမှာ စပါးဖြစ်၏။

သီးနှံတိုင်းတွင်လည်း စံအလေးချိန်ရှိ၏။ သို့သော် မည်မျှလေးသည်ဆိုခြင်းကို သီးနှံ၏ အခြေအနေပေါ် မူတည် တွက်ရမည်။ စပါးသီးနှံအတွက်မူ ၁) စပါးမျိုးစိတ် နှင့် ၂) ရေငွေ့ပါဝင်နှုန်းသည် အဓိကအချက်ဖြစ်မည်။

စပါးမျိုးစိတ်တစ်ခုတည်းပင်လျှင် ရေငွေ့ပါဝင်မှုအပေါ်မူတည်ကာ အလေးချိန်ပြောင်းနိုင်သေး၏။

ဆန်၏ အလေးချိန်မှာ 1.452 g/ml ဖြစ်ပြီး လုံးဝန်းသောစပါး အလေးချိန်မှာ 1.182 g/ml နှင့် အခြားစပါးမျိုးများမှာ 1.224g/ml ဖြစ်သည်ဟု https://onlinelibrary.wiley.com/doi/abs/10.1002/jsfa.2740230204 ၌ ဖော်ပြထား၏။

သို့သော် ဤသည်မှာ ဆန်/စပါးအားလုံးအတွက်ဖြစ်ပြီး ဆန်/စပါးမျိုးကွဲတစ်ခုချင်းအလိုက်ဆိုလျှင် kg/m3 ဟု ဖော်ပြပါက ပိုပြီးနားလည်ရလွယ်ပေမည်။ 

 

မြန်မာနိုင်ငံတွင် ကောက်ပဲသီးနှံများကို ရောင်းဝယ်သည့်အခါ ရှေးအခါ ကာလများကတည်းက ပြည်တောင်း၊ စိတ်တောင်း၊ တင်းတောင်းတို့ကိုသာ သုံးခဲ့၏။ ထိုပြည်တောင်းစသည်တို့၏ အရွယ်အစားအကြီးအသေးကို အောက်ပါ အတိုင်း တိုင်းတာ၏။

 

၂ လမြူ = ၁ လမျက်

၂ လမျက် = ၁ လမယ်

၂ လမယ် = ၁ စလယ်

၂ စလယ် = ၁ ခွက်

၂ ခွက် = ၁ ပြည်

၄ ပြည် = ၁ စိတ်

၂ စိတ် = ၁ ခွဲ

၂ ခွဲ = ၁ တင်း

 

ယခုခေတ်တွင်မူ လမြူ၊ လမျက်၊ လမယ်၊ စလယ်၊ ခွက် စသည့်အသုံးများပျောက်ခါ ၎င်းတို့နေရာ၌ နို့ဆီဘူးကို အစားထိုး သုံးစွဲလိုက်၏။ ၁ လမြူ ဆိုသည့်ပမာဏမှာ မည်သည်ကို အခြေခံ၍သတ်မှတ်သည်ကို ကျွန်ုပ်မသိပါ။ သင်တို့လည်း သိမည်မထင်ပါ။ သို့သော် နို့ဆီဘူးတစ်ဘူး၏ ပမာဏကိုမူ လူတိုင်း အလွယ်တကူ သိနိုင်၏။ 


ယခု ပြဿနာမှာ စပါးမျိုးမတူသည့်အလိုက် ကွာခြားသွားသော ထုထည်များအကြောင်း ဖြစ်၏။

 

(၂)



 ဒေါက်တာညီညီက The Commerce Journal တွင်ပါသည့် ဆောင်းပါးကို ရည်ညွှန်းကာ -

“ဘာ့ကြောင့်များ တစ်တင်းရဲ့ထုထည်ဖြစ်တဲ့ကုဗပေက ပြောင်းလဲနေရသလဲ?” ဟု မေးခွန်းထုတ်ထား၏။

 

Ref:

https://www.facebook.com/nyi.nyi.14661/posts/1752169188285251?comment_id=1752779108224259&reply_comment_id=1752837064885130&notif_id=1606134220244148&notif_t=comment_mention&ref=notif

 

၂၀၁၈ ဇွန်လ ၁၁ ရက်နေ့ထုတ် စီးပွားရေးသတင်းဂျာနယ်၊ အတွဲ ၁၈၊ အမှတ် ၂၃၊ စာမျက်နှာ ၁၇ ၌ DOCA (Domestic) ၏ “မြန်မာ့ပေါ်ဆန်း၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အလားအလာ မျှော်မှန်းချက်” ဆောင်းပါးတွင် အောက်ပါအတိုင်း ဖော်ပြထားသည်ကို (ပုံတွင်ရှု) ဒေါက်တာညီညီက မေးခွန်းထုတ်ထားတာ ဖြစ်၏။



သူ့ပို့စ်အောက်တွင် ဆွေးနွေးထားသည့် ဆွေးနွေးချက်များမှာ ပညာရသလို စိတ်ဝင်စားစရာလည်း ကောင်း၏။


ဆောင်းပါး၌ စပါးအရွယ်အစားနှင့်ပုံသဏ္ဌာန်မတူသည့်အတွက် volume နဲ့ ချိန်တွယ်ရင် (volume ကလည်း ဘာသာပြန်စရာ မြန်မာစကားလုံးမရှိဘူးနဲ့တူပါရဲ့။ ဒါမှမဟုတ် ထုထည်ဆိုရင် မြန်မာတွေနားမလည်မှာစိုးလို့ ယင်းဂလစ်ရှ်လို မှုတ်လိုက်ရတာလည်း ဖြစ်နိုင်ပါ၏။) ကွဲပြားသည် ဆို၏။

 

မှားပါသည်။

 

သူပြောသည့် volume ဆိုတာ ထုထည်ဖြစ်၏။ ထုထည်ကို ချိန်လို့မရပါ။ ချင်လို့သာရပါသည်။ (မြန်မာစကားလည်း ဘာသုံးလို့ သုံးရမှန်းမသိ။) 

ထုထည်သည် ထုထည်သာဖြစ်၍ ကွဲစရာအကြောင်းကို မရှိပါ။ တစ်တင်းသည် တစ်တင်းထုထည်သာရှိ၏။ တစ်ပြည်သည် တစ်ပြည် ထုထည်သာရှိ၏။ ဘာကမှ ကွဲစရာမရှိ။ 

သူက ၄၆ ပေါင်ကိုက် စပါးတစ်တင်း၌ ငစိန်ဆိုရင် ဘလား ဘလား ကုဗပေ၊ ရွှေဝါထွန်းဆိုရင် ဘလား ဘလား ကုဗပေ၊ ငကျွဲဆိုရင် ဘလား ဘလား ကုဗပေ စသဖြင့် တွက်ချက်သုတေသနပြုထား၏။

 

ယခင်တစ်ခါကလည်း ဆရာမကြီးတစ်ဦးက ဝူဟန်နှင့် မြန်မာပြည်မှာ မိုင် ၂၀၀၀ ကျော်ဝေးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ရောက်မလာတာဖြစ်ကြောင်း ညပေါင်းများစွာ အိပ်ရေးပျက်ခံကာ သုတေသနလုပ်ပြီး တင်ပြခဲ့လေရာ ကျွန်ုပ်မှာ ကျွတ်စ်၊ ကျွတ်စ်၊ ကျွတ်စ် ဟု သုံးကြိမ်တိုင်တိုင် ကျွတ်စ်ထိုးမိခဲ့၏။ 

 

ယခုလည်း ကျွန်တော်တို့ဌာနက လေ့လာတွေ့ရှိရပါတယ် ဟု ရေးပြီး ၎င်းတို့ လေ့လာတွေ့ရှိချက်များကို ဤဆောင်းပါး၌ ဖော်ပြထားလေရာ ကျွန်ုပ်မှာ နောက်တစ်ဖန် ကျွတ်စ်သုံးကြိမ် ထိုးမိပြန်လေ၏။

 

ဤသည်တို့မှာ ချစ်တီးခေါင်း သန်းရှာသည့် အလုပ်များဖြစ်ပြီး သူတို့အတွက်၊ (၇) ရက်သားသမီးတို့အတွက်၊ တိုင်းပြည် အတွက်၊ မည်သူ့အတွက်မှ အကျိုးမများပါ။

 

သူက ၄၆ ပေါင်ကိုက် စပါးတစ်တင်း ဟု ဆိုထားရာ ဤသည်ကိုက လွဲနေပါသည်။ 

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ၆တလွဲအသုံးကြီးကို ၂၁ ရာစုထိတိုင် မပြင်။ သည်အတိုင်း ဆက်သုံးနေသေးသည်မှာ လွန်စွာ ဝမ်းနည်းဘွယ်ရာ ဖြစ်တော့၏။ 

 

စပါးမျိုးကိုလိုက်၍ နှိုင်းရအလေးချိန်ကွာသွားပါသည်။ သို့အတွက် ၄၆ ပေါင်ဟု ပုံသေသတ်မှတ်မည်ဆိုလျှင် စပါးမျိုးကို လိုက်ပြီး တစ်တင်းထက် ပိုချင်ပိုနိုင်သလို လျော့ချင်လည်း လျော့နိုင်ပါသည်။ အကယ်၍ တစ်တင်းကို ပုံသေသတ်မှတ် မည်ဆိုလျှင် စပါးမျိုးကိုလိုက်ပြီး ၄၆ ပေါင်ထက် ပိုချင်ပိုမည်၊ လျော့ချင် လျော့မည်။ 

 

ကျွန်ုပ်ကတော့ ၎င်းတို့ရေးထားတာကို နံနံဂျားကလူတွေ မဖတ်မိပါစေနဲ့ဟု ဆုတောင်းပါသည်။ အလွန်ရှက်စရာ ကောင်းလှ၏။

 

ထိုဂျာနယ် စာမျက်နှာ ၁၅ တွင်လည်း အတိုင်းအတာ အချင်အတွယ်များနှင့် ပတ်သက်၍ အလောင်းစည်သူမင်းက အမိန့် ထုတ်ပြန်ခဲ့သည်ဟု ဖော်ပြထား၏။ ကျွန်ုပ်အမှတ်မမှားဘူးဆိုလျှင် အလောင်းစည်သူမင်း မဟုတ်ပါ။ သာလွန်မင်းတရား ကြီး ဖြစ်ပါသည်။ ထိုဆောင်းပါး၌ပင် တစ်တင်းကို စံထားချင်တွယ်မှုကြောင့် အစိုဓာတ်ကိုလိုက်၍ ပေါင် ၄၀ မှ ၅၅ ပေါင် ထိ ဖြစ်နေကြောင်းကိုလည်း ပြဆိုထားပါသေး၏။ သို့ပါလျက်နှင့် ၄၆ ပေါင် တစ်တင်းဟု ပြောဆိုရေးသား၊ သုံးနှုန်း လက်တွေ့ကျင့်သုံးနေကြသည်ကို ကျွန်ုပ်အနေနှင့် နားမလည်နိုင် ဖြစ်မိ၏။ 

 

မြန်မာပြည်၌သုံးနေကြသည့် အလေးချိန်ခွင် တင်းတောင်းများ မှန်မမှန်၊ အဘယ်သကောင့်သားသည် ဂရုစိုက်ပြီး တိုင်းတာပါသနည်း။ မြန်မာပြည်၌သုံးနေကြသည့် အလေးချိန်ခွင် တင်းတောင်းများအတွက် စံ အလေးချိန်ခွင် တင်းတောင်းများကို အဘယ်ဌာန၌ ထားရှိပါသနည်း။ ထို အလေးချိန်ခွင် တင်းတောင်းများ မှန်ကန်ရေး ချိန်ကိုက် (calibration) ရန် မည်သူ စဉ်းစားပါသနည်း။ (အသက်ကလည်း မငယ်တော့ဘူးဆိုတော့ ရိုင်းပြတဲ့ အသုံးအနှုန်းတွေကို အတော် ထိန်းချုပ်ထားရသဗျို။)

 

မိတ်ဆွေတို့ (အဲလေ) ဂေါ်ဇီလာလောက်ကြီးသည့် အသင် ကိုလူကြီးတို့ -

 

ခညားတို့ပြောနေသည့် ၄၆ ပေါင်ကိုက်တစ်တင်း ဆိုသည့် မဟုတ်က၊ မဟတ်ကကြီးကို သည်ကနေ့မှစ၍ အားမနာ ပါးမနာ လွှင့်ပစ်လိုက်ကြပါ။

 

ကောက်ပဲသီးနှံများကို ကန်စွန်းဥ၊ ပဲသီး၊ မုန်လာဥနီ၊ ခွေးလယားသီး (ဟုတ်ပေါင်၊ လက်လွန်ကုန်ပြီ) စသည်အားလုံးကို အလေးချိန် - တစ်ကီလိုလျှင်ဘယ်လောက် စသဖြင့်သာ ရောင်းဝယ်ကြပါကုန်လော့။

 

အသင်တို့သည် ဒွတ္တဘောင်မင်းလက်ထက်က ခေတ်ဆွေး၊ စနစ်ဆွေးကြီးထဲ၌ အိပ်ပျော်နေရာမှ နိုးထကြကုန်လော့။

ပြောင်းမည်ဆိုပြီး စနစ်ကိုပြောင်းဘို့ စိတ်မကူး။ အိမ်ကမိန်းမကို အသစ်ပြောင်းဘို့ စိတ်ကူးနေသည်များကို စွန့်လွှတ်ကြပါ ကုန်လော့။

 

သည်အကြောင်းကို ကျွန်တော် ရေးခဲ့၊ ပြောခဲ့တာ တစ်ခါနှစ်ခါ မကတော့ပါ။ 

ဘာတဲ့၊ ကမ္ဘာ့စံချိန်စံညွှန်းများနေ့ ဆိုလား။ အဲသမှာလည်း ပြောခဲ့၏။ အဲလေ၊ ပြောခဲ့သည်ဆိုတာထက် ကလိခဲ့သည် ဆိုလျှင် ပိုမှန်ပါလိမ့်မည်။ ကျွန်ုပ်မေးခွန်းကို အိ အ နှင့် တိတိပပ ဘာမှ ပြန်မဖြေနိုင်။ 

နောက်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှာလည်း ဟောပြောပွဲလုပ်ပြီး ပြောခဲ့ဖူး၏။

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၃ ရက် နေ့စွဲဖြင့် တင်ထားသည့် ကျွန်တော့် ဘလောက်ပို့စ်မှာလည်း ဖတ်ကြည့်နိုင်ပါ၏။ ဟို့အရင် ၂၀၀၈ ခုနှစ်လောက်ကလည်း ရေးခဲ့ဖူးပါသည်။

 

Ref:

http://shwenyein.blogspot.com/2011/11/blog-post_03.html?fbclid=IwAR0nC-JfYPjFjd2XMZezPpYQ3CjzUMSVhtXdQ9vl9NCJL6ak3NWpWeNjJYs

 

သို့သော် ဘာတစ်ခုမှ အရာမထင်ခဲ့ပါ။

ဤကဲ့သို့သော အကျိုးမရှိသည့် အလုပ်များကို လုပ်ခဲ့သည်တို့မှာ ကျွန်ုပ်၏ မိုက်မဲမှုများစွာတို့အနက်မှ တစ်ခုသာ ဖြစ်ပါသည်။ ယခု သင်္ချိုင်းကုန်းနှင့် သိပ်မဝေးလှတော့သည့် အချိန်များတွင်မူ ထိုကဲ့သို့သော မိုက်မဲသည့်အလုပ်များကို မလုပ်တော့ပါ။ ယခုပို့စ်ကို အချိန်ကုန်ခံ ရေးရခြင်းမှာ အသင် လုံကလေး၊ လုံမကလေး၊ လုံကကြီး၊ လုံမကကြီးတို့ အတွေးတစ်စဖြင့် ရစကောင်းစေရဲ့ဟု (အကျိုးပင် သိပ်မများလှသော်လည်း) အချိန်ကုန်ခံကာ ရေးလိုက်ခြင်း ဖြစ်ပါသတည်း။

 

ဒွတ္တပေါင်အတွင်း၊ အိပ်နေခြင်း၊ ကင်းရှင်းကြပါစေ

 

အေးငြိမ်း

၂၆ နိုဝင်ဘာလ၊ ၂၀၂၀




Monday, November 9, 2020

မျှော်လင့်ချက် မနက်ဖြန်

ဒေါင်းကတဲ့နေ့


ဘယ်တောမှာနေနေ

ဘယ်မြေကိုပြောင်းပြောင်း

အရေးအကြောင်းဆို

သွေးမပြောင်းပါဘူး

ရှေး..ဒေါင်းတို့ရဲ့ သမိုင်းအစဉ်..

တိုင်းပြည်နဲ့လူမျိုး

ပြည်သူ့အကျိုးဆို အကြောင်းမရွေး

ဒေါင်းသွေးနီ..ခေါင်းမညွှတ်

ဒေါင်းခွပ်ခဲ့တဲ့ရာဇဝင်...

ပြည်သူတွေနဲ့ ထာဝရမခွဲ

ပြည်သူထဲမှာအတူနေ

အပူဝေအတူမျှ

ဒုက္ခအထွေထွေက လွတ်ကြောင်း

ခွပ်ဒေါင်း..ဟေ့ မာန်ဝင်

ရန်မြင်သမျှ..ရင်ဆိုင်တွေ့..။

စမ်းကလေးတွေ..အေး

ပန်းကလေးတွေ..မွှေး

ငှက်ကလေးတွေတေးဆို

ငြိမ်းချမ်းရေးကို..သူတို့ကြိုတော့

မြိုင်ယံညို..ဟိုး..ရိုး အခြေက

အိုးဝေ..အိုးဝေ..

မင်္ဂလာသံ..အပေါင်း ခ ရအောင်

အဲဒါ..ဒေါင်းက တဲ့နေ့။


မောင်စိန်ဝင်း(ပုတီးကုန်း)

 

သည်ကနေ့ည သင်တန်းအပြီး ဖေ့စ်ဘုတ်ဖွင့်၍ မဲရလဒ်များကို ကျွန်တော် စိတ်ဝင်စားစွာ ရှာဖတ်နေမိ၏။

NLD အပြတ်အသတ်နိုင်မည်ကို ကြိုသိနေပါသည်။ သို့တိုင် ဘယ်နှစ်မဲဖြင့် ဘယ်လို အနိုင်ရသည်ကို ကိုယ်တိုင်ကိုယ်ကျ ကြည့်လိုသေးသည် မဟုတ်လော။

 

ပထမ - နတ်မောက်၊ လဲဘူးအုပ်စု၊ ထန်းပင်မျှောင်ကျေးရွာ၊ မဲပေးသူ - ၅၈၉၊ NLD - ၅၈၉။ အောင်မငီး

ထို့နောက် ကျွန်ုပ်တို့ ကမာရွတ် (၈) ရပ်ကွက် မဲရုံ (၂)

ပြည်သူ့လွှတ်တော် - မဲစုစုပေါင်း - ၁၇၃။ NLD – 150, USDP – 10, PPP - 4

အမျိုးသားလွှတ်တော် - မဲစုစုပေါင်း - ၁၇၅။ NLD – 152, USDP – 11, PPP - 3

တိုင်းဒေသကြီးလွှတ်တော် - မဲစုစုပေါင်း - ၁၇၅။ NLD – 153, USDP – 12, PPP - 6

 

ထို့နောက် . . . ထို့နောက် . . . . ထို့နောက် . . . . 

မဲရလဒ် ဂဏန်းလေးများကိုကြည့်ရတာ အရသာရှိလှ၏။

ဖေ့စ်ဘုတ်ဖတ်နေသည့် ကျွန်ုပ်မျက်နှာကြီးကိုသာ ဓာတ်ပုံရိုက်ထားရပါမူ အသင်တို့သည် မှိုရသည့်မျက်နှာဆိုတာ ဘယ်လိုဆိုတာ ကောင်းကောင်း သဘောပေါက်ဖွယ်ရာရှိသည်။

နောက်ဆုံးမဲရလဒ်များ ထွက်မလာသေးသည့်တိုင် ကျွန်ုပ် အလွန်ပျော်လှ၏။

 

ထို့နောက် လွန်ခဲ့သည့် အနှစ် (၃၀) က ကျွန်ုပ်တို့ အလွန်အကျွံ အူလှိုက်သည်းလှိုက် ပျော်မြူးခဲ့ကြသည်များကို ပြန်ပြောင်း သတိရနေမိပါသည်။

 

၁၉၉၀ ပြည့်နှစ်၊ ပထမဆုံးအကြိမ် ရွေးကောက်ပွဲလုပ်ခဲ့တုံးက ဖြစ်၏။

ထိုစဉ်က ယခုလို ဖေ့စ်ဘုတ်ဘာညာ မပေါ်သေး။ ရွေးကောက်ပွဲရလဒ်ကို ရေဒီယိုမှ ကြေငြာ၏။ 

ကျွန်ုပ်မှာ စာအုပ်နှင့် ဘောပင်အဆင်သင့်ဆောင်ထားကာ လိုက်မှတ်၏။ 

ဆိပ်ကမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ဒေါ်စန်းစန်း၊ ၉၅% . . . .  ဝေး

ရေဒီယိုက တစ်ခါကြေငြာလိုက်၊ ကျွန်တော်တို့ တစ်ခါအူမြူးလိုက်။

၁၉၉၀ ရွေးကောက်ပွဲတွင် NLD က အပြတ်အသတ်အနိုင်ရသည့်အခါ ကျွန်တော်တို့မှာ ပျော်လိုက်သည့်ဖြစ်ခြင်း။

 

ကျွန်တော်က ခပ်တည်တည်နေတတ်သူဖြစ်ပြီး သူငယ်ချင်းများနှင့် အော်လိုက်ဟစ်လိုက်၊ ပျော်လိုက်ပါးလိုက်နေတာ အတော့်ကို ရှားပါသည်။

သို့သော် ထိုစဉ်အခါကမူ ကျွန်တော် အတော် ပျော်ခဲ့၏။

ကျွန်တော်မှတ်မိသလောက် ကျွန်တော့်ဘဝတွင် ထိုအခါကလောက် တစ်ခါမှ​ မပျော်မိခဲ့ဖူးပါ။

သို့သော် ကျွန်တော်တို့ အပျော်ကလေးများမှာ တာရှည်မခံခဲ့။

 

နိုင်ငံတော်ကြီး ဂျောက်ထဲကျဘို့ လက်နှစ်လုံးလောက်အလိုမှာ ကယ်တင်ခဲ့သည့် ကယ်တင်ရှင်ကြီးများက ရွေးကောက်ခံ ကိုယ်စားလှယ်များကို  နိုင်ငံတော်ပိုင် အဆောက်အဦအတွင်း၌ နိုင်ငံတော်စရိတ်ဖြင့် အစားအသောက်များကို ကျွေးထားကာ နှပ်နေစေခိုင်းခဲ့၏။ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များမှာ နိုင်ငံရေးအကြောင်း ဘာမှနားမလည် သဖြင့် ၎င်းတို့ကပင် အနစ်နာခံကာ နိုင်ငံတော်ကို အုပ်ချုပ်သွားခဲ့လေသည်။ ထို အနစ်နာခံခဲ့သူ မောင်မင်းကြီးသားများ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ၊ အနာမျိုး (၉၆) ပါးကင်းပါစေ။ (ကျွန်ုပ်ပြောသည့် ၉၆ ပါးထဲ၌ ကင်ဆာ၊ AIDS, Covid 19 စသည်တို့ မပါ။)

 

ဒုတိယတစ်ခါပျော်တာ ၂၀၁၅ ရွေးကောက်ပွဲ။

သို့တိုင် လွတ်လွတ်လပ်လပ် မပျော်နိုင်။

ဘယ်လိုတွေများ ယုတ်မာကြဦးမလဲဟု ကျွန်ုပ်ရင်မှာ တထိတ်ထိတ်။

နောက်ဆုံး ၂၀၁၆ မတ်လမှာ လက်ထဲကို အာဏာထည့်လိုက်ပြီ။

ပင်နီတွေ လွှတ်တော်ထဲဝင်သွားပြီဆိုမှ စိတ်ဒုံးဒုံး ချနိုင်တာဖြစ်၏။

ပင်နီတွေ လွှတ်တော်ထဲ ဝင်သွားတာကြည့်ပြီး ကျွန်တော့်မှာ မျက်ရည်များတောင် စို့မိလေသလား (မသိ)။

 

စို့ခဲ့သည့်မျက်ရည်လေးတောင် မခြောက်သေး။

ယခင် နယ်လှည့်ပါးရိုက်လာသည့် လူကြီးကို အတုခိုးကာ ဆရာမလေးများကို ရည်စားစကား လိုက်ပြောခိုင်းတာ တွေ့ရတော့ စို့ချင်အုံးဟဲ့မျက်ရည်ဟုဆိုကာ ကိုယ့်ပါးကိုယ် သုံးချက်တိတိ ချလိုက်မိပြန်၏။

 

ယခု တတိယအကြိမ်တွင်မူ ပျော်တော့ပျော်ပါသည်။ သို့တိုင် ပထမနှင့် ဒုတိယအကြိမ်များကို မမီနိုင်တော့တာ သေချာလှပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့မှာ ရေအောက် (ဟုတ်ပေါင်) မြေအောက်မြို့တော် စီမံကိန်းကြီးနှင့် ဝေးသွားပြီ ဖြစ်သောကြောင့်တည်း။

 

ယခု ရွေးကောက်ပွဲကာလတွင် ဟိုဘက်ခြံကလူတွေ၏ ယုတ်မာ၊ ညစ်ပတ်ပုံများကို အသင်တို့ မျက်ဝါးထင်ထင် တွေ့ခဲ့ကြရပြီး ဖြစ်၏။ ရွေးကောက်ပွဲ မဲ ကိုပင်လျှင် တရားသည့်နည်းဖြင့် ယှဉ်ပြိုင် အနိုင်ယူဘို့ စိတ်မကူး။ နည်းပေါင်းစုံဖြင့် ညစ်ပတ်စုတ်ပဲ့ကြလေ၏။ အကယ်၍ ထိုလူကြီးများ ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရထဲ ရောက်သွားပြီဆိုပါစို့။ အသင်တို့သည် ၎င်းတို့ကို လူကြီးလူကောင်းများ ဖြစ်သွားနိုင်ချေရှိသေးသည်ဟု ထင်နေပါသေး သလား။ ဝေးစွ (၆) ပါး။

 

ကျွန်ုပ်တို့တိုင်းပြည်ကို ချီးသပတ်လိုက်အောင် နှိပ်စက်သွားကုန်သည့် အနှီလူကြီးလူမကောင်းအပေါင်းတို့ကို လွှတ်တော် ခြံစည်းရိုးနားကိုပင် သီမလာနိုင်စေရန် တားဆီးရေးမှာ အသင်တို့ ကျွန်ုပ်တို့၏ မဟာတာဝန်ကြီးပင် ဖြစ်ချေ၏။

 

ယခု အသင်တို့သည် ဤတာဝန်ကြီးကို ကျေပွန်စွာ ထမ်းဆောင်ပြီးခဲ့လေပြီ။

သင်တို့သည် တာဝန်ကျေသည့် ဟိုဘက်ကို (၂) ဘူတာလောက်တောင် ကျော်နေပြီဖြစ်၏။

ကျွန်ုပ်သည် အသင်တို့ကို ကျေးဇူးတင်လှချေ၏။

 

မတရားမှုတို့ ကျဆုံးပါစေ။

တရားမျှတခြင်းသည်သာ အောင်ပွဲအဆက်ဆက် ခံနိုင်ပါစေသတည်း။

 

လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၉ နိုဝင်ဘာလ၊ ၂၀၂၀