Tuesday, September 20, 2016

ခရီးသွားခြင်း အနုပညာ (၁)

(၁) ခရီးသွားခြင်း

ကျွန်ုပ်တို့သည် မွေးလာကတည်းက တသွားတည်း သွားနေကြရ၏။
အမိဝမ်းတွင်းက ကျွတ်လာပြီဆိုသည်နှင့် ၀မ်းလျားထိုးကာ သွားဘို့ စတင်ကြိုးစားရတော့၏။
ထို့နောက် လေးဘက်ထောက် သွားသည်။ နောက်တော့ လမ်းလျှောက်တတ်ရန် ထပ်ဆင့် ကြိုးစားရပြန်၏။
ဤသည့်နောက် သွားတတ်ပါပြီဆိုကတည်းက သေသည်ထိ မရပ်မနား သွားနေကြရလေတော့သတည်း။
မည်မျှအထိ သွားရမည်နည်း။
နိဗ္ဗာန်မရသရွေ့ကာလပတ်လုံး တစ်သံသရာလုံး သွားနေကြရမည်သာ ဖြစ်ပေသည်။
သို့ဖြစ်ရာ နေ့တဒူဝ လုပ်နေကြရသည့် သည် ခရီးသွားခြင်းကိစ္စအကြောင်း သိမထားသင့်ပါသလော။
အမှန်ပင် သိထားသင့်ပေ၏။
သိထားသင့်သော ခရီးသွားခြင်းအနုပညာအကြောင်း တွေးမိသမျှ ရေးလိုက်ရပါကြောင်း။

(၂) ကွင်းကောက်သို့ ၉၆၉၃ ခရီး

ကျွန်တော်တို့သည် တခါတခါ အရည်မရအဖတ်မရ စကားများကို ပြောတတ်ကြ၏။ (အလွန်ကြည်ညိုစရာကောင်းသည့် မြတ်စွာဘုရား၏ ဂုဏ်ပုဒ်တစ်ခုမှာ အရည်မရအဖတ်မရ စကားများကို မည်သည့်အခါမှ မည်သည့်အကြောင်းကြောင့်နှင့်မှ မပြောခြင်း ဖြစ်၏။)

ကျွန်တော် စိုက်ပျိုးရေးတက္ကသိုလ်တွင် ရှိနေစဉ် တစ်နေ့သနှိုက် ကိုထွန်းရွှေ၊ ကိုအောင်လှိုင်၊ အငယ်လေး စသူတို့နှင့် ပျဉ်းမနား၌ အရက်သောက်ရင်း ငြင်းကြခုံကြ၏။ ဘာမှအရေးကြီးသည့် ကိစ္စမဟုတ်ပါ။ ကိုထွန်းရွှေက ကားများပေါ်လာသဖြင့် သွားရလာရ အဆင်ပြေသည့်အကြောင်းပြောသည်။ ကျွန်တော်က ကားများပေါ်လာသဖြင့် ကားအက်ဆီးဒင့်များ မကြာခဏ ဖြစ်ကာ သေကြကြေကြရသည့်အကြောင်း၊ ကားထက်လှည်းက ပို safe ဖြစ်ကြောင်းငြင်းသည်။ ငြင်းသမှ တစ်ဆိုင်လုံး ဆူညံ ပွက်လောရိုက်နေအောင် အော်ဟစ် ငြင်းကြခုံကြတာဖြစ်၏။

အမှန်က သူသာစေ၊ ငါနာစေဆိုသည့်သဘောဖြင့် ငြင်းတာမဟုတ်။ ဟုတ်တာမဟုတ်တာ အပထား။ နည်းနည်းမူးလာတော့ သူငယ်ချင်းအပေါင်းအသင်းတို့ဘာဝ ငြင်းကြခုံကြ စကားနိုင်လုကြဖြင့် ပျော်ကြပါးကြတာသာ ဖြစ်၏။ ဘာအကျိုးရှိသနည်း။ ဘာမှ အကျိုးမရှိပါ။

ဤသည်မှာ ခရီးသွားသည့်ကိစ္စနှင့်ပတ်သက်၍ ကျွန်တော် အမှတ်တရရှိနေသောအကြောင်း ဖြစ်ပါသည်။

ကျွန်တော်က တောရွာကလေးမှာ မွေးသည်။ ကျွန်တော်တို့ရွာမှာ ဟို့ . . . ရခိုင်ရိုးမတောင်ခြေတွင် ကပ်နေသည့် ရွာကလေး တစ်ရွာဖြစ်၏။ ၀ါးတောကွင်းကျေးရွာဟု ခေါ်သည်။ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း၌ ရှိ၏။ ကျွန်တော်တို့ရွာ၏ ဟိုမှာဘက်တွင် ဘာရွာမှမရှိတော့။ အဲသလောက်ကို ခေါင်သည်။ ရိုးမကိုကျော်ပြီး ရွာမှ တစ်ညအိပ်ခရီးသွားလိုက်လျှင် ရခိုင်ပြည်နယ်၊ ဂွမြို့သို့ ရောက်တော့၏။ (Google earth တွင် Wadawgwin village ဟု ကျွန်တော်ထည့်ထားပါသည်။)

၁၉၇၀ ခုနှစ်ကျော်ကာလများက ကျွန်တော်တို့ရွာများဘက်၌ လမ်းပမ်းဆက်သွယ်ရေးဆို၍ ၉၆၉၃ ကလွဲပြီး ဘာမှမရှိ။ ခြေလျင်လမ်းတောင် လမ်းရယ်လို့ သေသေချာချာ ရှိတာမဟုတ်။ လယ်ကန်သင်းပေါင်များပေါ်တွင် ခြေလျင်တလှည့်၊ ကုန်းကြောင်းတလှည့် လျှောက်ရတာ ဖြစ်လေသည်။

ဝါးတောကွင်းကျေးရွာတွင် အခြေခံပညာ မူလတန်းကျောင်းရှိသည်။ ကျွန်တော်တို့မောင်နှမများ လေးတန်းအောင်ကြတော့ ဦးကြီးဖိုးထောင်၊ ဦးကြီးငချစ်၊ အရီးမယ်ဟံတို့ ခေါင်းချင်းဆိုင်ကာ တူ၊ တူမများကို မြို့ကျောင်းပို့စာသင်ရန် တိုင်ပင်ကြ၏။ (ထိုခေတ်က ကျွန်တော်တို့အရပ်တွင် စာတတ်ပုဂ္ဂိုလ်ဆို၍ ကြားမျှပင်မကြားစဖူး။ သည်လိုအခြေအနေ၌ တောမှာနေရင် လူမွေးလူတောင် ပြောင်မှာမဟုတ်ဘူးဆိုကာ ကျွန်တော်တို့ကို မြို့သို့လွှတ်ပြီး စာသင်စေသော ဦးကြီး အရီးတို့ကျေးဇူးကို မည်သည့်နည်းနှင့်မှ ကျွန်တော်ကုန်အောင် ဆပ်နိုင်မည် မဟုတ်ပါ။ သူတို့သာ မြေတောင်မှောက်မပေးခဲ့ပါက ကျွန်တော် မည်မျှပင် တော်နေသည်ဖြစ်ပါစေ၊ သည်အခြေအနေရောက်လာဘို့ဆိုတာ အိပ်မက်မျှပင် မက်နိုင်မှာမဟုတ်ပါ။ ဤကား စကားချပ်။)

ကျွန်တော်တို့မောင်နှမများမှာ ကိုယ့်အိမ်မှာကိုယ်နေတာနည်းပြီး များသောအားဖြင့် ခေါင်းရင်းရှိ အရီးအပျိုကြီးများအိမ်တွင် နေကြသည်။ ထို့ကြောင့် ကျွန်တော်တို့မောင်နှမများကို ကျောင်းထားရန် ကျွန်တော်တို့အိမ်ကိုဖျက်ကာ ကွင်းကောက်တွင် ပြောင်းဆောက်သည်။ ရွာမှာကျန်ရစ်ခဲ့သော မိသားစုက အရီးတို့နှင့်အတူ ပေါင်းနေသည်။

အမှန်ဆို ကွင်းကောက်မှာ မြို့ဟုပင် မခေါ်နိုင်။ တိုက်နယ်ခေါ် မြို့မကျ၊ ရွာမက မြို့ပေါက်စနလေး ဖြစ်၏။ ရိုးမတောင်ခြေက လာခဲ့သော ကျွန်တော့်အဖို့တော့ ကွင်းကောက်မှာ ဧရာမရွှေမြို့တော်ကြီးဖြစ်သလို ကွင်းကောက်သူ ကွင်းကောက်သားများ မှာလည်း မြို့သူမြို့သားကြီးများ ဖြစ်လေတော့၏။ ဆိုတော့ ၎င်းတို့ကို အလွန် အထင်ကြီးပေသကိုး။

ကျွန်တော်ကွင်းကောက်မှာ ကျောင်းစတက်တော့ လေးတောင်အောင်ခါစ ကလေးဘ၀ပင် ရှိသေး၏။ ရေတောင် ပုဆိုး ရေလဲနှင့် ချိုးတတ်သေးတာမဟုတ်။ လူကြီးတွေပြောတာတော့ ကျွန်တော်တို့ရွာမှ ကွင်းကောက်ထိ ၁၄ မိုင်ရှိသည်ဆို၏။ (Google earth တွင် ကျွန်တော်တိုင်းကြည့်တော့ ၈ မိုင်ကျော်ရှိသည်။ သို့သော် ဒါက အဖြောင့်တိုင်းတာဖြစ်ပြီး ကန်သင်းပေါင် များပေါ်မှ ကွေ့ကောက်သွားသည့်အတိုင်း တိုင်းရလျှင် ဆယ်မိုင်ကျော်ပါလိမ့်မည်။)

သည်မျှကြမ်းတမ်းလှသည့်ခရီးကို ဆယ်နှစ်သား ကျော်လောက်မှစပြီး ကျွန်တော်တို့ လျှောက်ခဲ့ရသည်။ ခရီးသွားချိန် ၄ နာရီ ကျော်ကြာ၏။ တောလမ်းတွေဖြတ်သွားရတော့ ကျွတ်တွေ၊ မျှော့တွေတွယ်သည်။ ခြေသလုံးကို မြက်များရှသည်။ မိုးတွင်း ဆိုလျှင် လမ်းက ရွှံ့များနှင့်ချောနေတော့ တဗိုင်းဗိုင်း လဲကျသည်။ နွေဘက်ဆိုလျှင် အရိပ်မရှိ။ နေပူကျဲကျဲတွင် လျှောက်ကြရ သည်။ သို့တိုင် ကျွန်တော်တို့မှာ မမောနိုင်၊ မပန်းနိုင်။ ကလေးတို့ဘာဝ လမ်းတလျှောက် ဆော့ရင်း၊ ပြေးရင်းလွှားရင်းဖြင့် မကြာခဏ ရွာပြန်ကြသည်။ အောင်မယ်၊ တောလမ်းခရီးများတွင် ကျွတ်များ၊ မျှော့များနှင့်ပင် ပြေးတမ်းလိုက်တမ်း ဆော့ကြ တာ မှတ်မိပါသေးသည်။ ရေထဲတွင် မျှော့ကြီးများ တလန်းလန်းပြေးနေသည်ကို ရေစပ်သို့ဆင်းလိုက်၊ မျှော့များ လိုက်လာသည့်အခါ ကုန်းပေါ်တက်ပြေးလိုက်။ ကြောက်လည်း မကြောက်တတ်ကြ။

တစ်ခေါက်တွင် ရွာမှ ကွင်းကောက်သို့ ပြန်အလာ၊ လမ်းမှ နားသည့်နေရာ၌ ကျွန်တော် ဖိနပ်မေ့ကျန်ခဲ့၏။ ဖိနပ်မှာ ဆင်ကြယ် ဖိနပ်ဖြစ်ပြီး တစ်ခါနှစ်ခါ လောက်သာစီးရသေးသောကြောင့် အသစ်နီးပါးပင်ရှိသေးသည်။ ဆင်ကြယ်ဖိနပ်တစ်ရံဈေးမှာ ထိုစဉ်က စပါးသုံးတင်းဈေးလောက်ရှိလေရာ ကျွန်တော်တို့လို မရှိဆင်းရဲသားများအဖို့ အလွန်ဈေးကြီးလှပေ၏။ အတော် ဝေးဝေးရောက်မှ သတိရပြီး နားခဲ့ရာနေရာသို့ ဖိနပ်ရှာရန် ကျွန်တော် အတင်းပြန်ပြေး၏။ မမလည်း တကြော်ကြော်အော်လျှက် ကျွန်တော့်နောက်မှ လိုက်လေသည်။ သို့သော် ဖိနပ်ကလေးမှာ မရှိတော့ချေ။

ကျွန်တော့်ကိုချစ်စိတ်ဖြင့် မိဘများက ဈေးကြီးလှသောဖိနပ်ကို ၀ယ်ပေးထားခြင်းဖြစ်သည့်အတွက် ကျွန်တော့်မှာ အလွန် ၀မ်းနည်းမိလေ၏။ ထို့ထက် ဖိနပ်ပြန်ရရန် မသေချာလှသော ခရီးဝေးကို အပြေးပြန်လာခြင်းဖြင့် နောက်မှလိုက်လာသည့် အစ်မဖြစ်သူကို ပင်ပန်းအောင်လုပ်မိလေရာ ပိုပြီး စိတ်မကောင်းဖြစ်မိခဲ့ရကြောင်း ယခုထက်တိုင် မှတ်မိနေပါသေးသည်။

တစ်ခုသော မိုးတွင်းဘက်တွင် ရွာမှလာသော ကိုချစ်လှိုင်တို့နှင့်အတူ ကျွန်တော်တို့ရွာပြန်ကြ၏။ လမ်းတွင် ချောင်းကူးကြ ရသည်။ ချောင်းမှာ ငါးပိပုံးချောင်းဖြစ်ပြီး ထောက်ကြံ့ကွင်းရွာအနီးတွင်ရှိ၏။ မိုးသည်းသည့်အခါ အလွန်ရေစီးသန်သည်။ ကျွန်တ်ာတို့ချောင်းနဖူးနားရောက်တော့ တောင်ကျရေများ တ၀ုန်းဝုန်းစီးနေ၏။ ကိုချစ်လှိုင်က ဟဲ့ကောင်လေး၊ ကောင်မလေး တွေ ငါ့ခါးကိုဖက်ထားဟုဆိုကာ ချောင်းကို အတင်းဖြတ်ကူး၏။ ကျွန်တော်တို့လည်း မကြောက်မရွံ့ ကိုချစ်လှိုင်ခါးကိုဖက်ကာ လိုက်လေသည်။ ယခုပြန်တွေးကြည့်မှ အလွန်အသည်းထိတ်မိလေ၏။ ထိုစဉ်က ကိုချစ်လှိုင်မှာ အရက်ကလေး ထွေနေသည်။ ကံကောင်းထောက်မ၍သာ ရေနစ်မသေကြခြင်း ဖြစ်၏။

ကွင်းကောက်အလာ လမ်းတွင် ခြင်ကိုက်ကွင်း၊ ပိန္နဲကွင်းစသော ရွာများကို ဖြတ်ရ၏။ ထိုရွာများမှမြေမှာ မြေကြီးမဟုတ်။ သဲများဖြင့် ပြည့်နေ၏။ သဲကျွံသောကြောင့် လမ်းလျှောက်ရတာ အလွန် ပင်ပမ်းလေသည်။ ပိန္နဲကွင်းမှလွန်လာသော် အလယ်ရိုး ဆိုသောရွာသို့ ရောက်သည်။ အလယ်ရိုးမှ ကွင်းကောက်ထိ လယ်ကွင်းများကိုဖြတ်ကာ ဖောက်ထားသော တာကြီးရှိသည်။ တာမှာ အဖြောင့်ဖြစ်ပြီး မည်သည့်အရိပ်မှ မရှိ။ မဆုံးနိုင်မပွဲနိုင် သည်တာကြီးလျှောက်ရတာ ကျွန်တော်တို့အဖို့ အလွန်ပင်ပမ်း လှလေသည်။ လမ်းတွင် ခရီးသွားများ နားနေရန်ဆောက်ထားသော သာလာယံဇရပ်ကလေးများရှိ၏။ ထိုဇရပ်များသို့ ရောက်လျှင် ကျွန်တော်တို့မှာ ခြေပစ်လက်ပစ်နားတတ်ကြ၏။ အနို့ လမ်းလျှောက်ရတာ အလွန်ပင်ပမ်းလှသကိုး။

တခါတရံ ရွာမှဈေးသည်များ ကွင်းကောက်သို့ ဈေးဝယ်လာကြ၏။ အမျိုးသမီးများဆိုလျှင် အချိန်နှစ်ဆယ် (ပိသာချိန် ၂၀)။ အမျိုးသားများက အချိန်အစိတ်။ ထမ်းရွက်သယ်ပိုးကာ ထိုခရီးကို သွားကြရ၏။ ယခုပြန်တွေးမိတော့ တွေးရုံမျှနှင့်ပင် အလွန်မောလှပြီ။ နွေဘက်ဆိုလျှင်တော့ နွားလှည်းများ တစ်ခါတစ်ရံရှိတတ်သည်။ ထိုအခါများတွင် လှည်းကြုံစီးပြီး ပြန်ကြ၏။ 

(၃) လေးမျက်နှာခရီး

ကွင်းကောက်က အင်္ဂပူမြို့နယ်အပိုင်ဖြစ်ပြီး ကျွန်တော်တို့ရွာက လေးမျက်နှာမြို့နယ်ထဲမှာရှိသည်။ ဆိုတော့ အလုပ်ရှာရ လွယ်စေရန် ကျွန်တော် ၈ တန်းအောင်သောနှစ်တွင် အရီးတို့ လေးမျက်နှာသို့ ပြောင်းကြပြန်သည်။ ၉ တန်း၊ ၁၀ တန်းကို လေးမျက်နှာ အထက်တန်းကျောင်းတွင် ကျွန်တော်တက်ခဲ့ရ၏။

လေးမျက်နှာက င၀န်မြစ်ဘေးတွင် ရေကာတာကြီးကို ဟိုဘက်သည်ဘက်တန်းကာ ဆောက်ထားသော မြို့တန်းရှည်ကြီး ဖြစ်၏။ အစိုးရရုံးစိုက်ရာမြို့ဖြစ်၍သာ မြို့ဟုနာမည်တပ်ရသော်လည်း လေးမျက်နှာတွင် ကားဆို၍ ဆိုက္ကားသာ ရှိသည်။ ဆိုက္ကားတောင် များများစားစားရှိတာမဟုတ်။ တစ်မြို့လုံးပေါင်းလို့ ဆိုက္ကား ဆယ်စီးပြည့်အောင်မရှိ။ ဆိုက္ကားရှိသည်ဆိုရင် တောင် ဘယ်နားသွား နင်းရပါမတုံး။ မြို့မှာ တာကြီးတစ်ခုပဲ အားထားပြီး လျှောက်စရာလမ်း ရှိသည်။ ကျန်သည့်လမ်းများမှာ လမ်းသွယ်လေးများ ဖြစ်၏။ အဲလေ ဆိုက္ကားအသာထားလို့ စက်ဘီးတောင် ပြောပလောက်အောင် မရှိပါ။ စက်ဘီးပိုင်သူများမှာ ယခုခေတ် ပါဂျဲရိုးပိုင်သူများလောက် ဂုဏ်ရှိလေသည်။ (နည်းနည်း သာသာထိုးထိုးလေးပြောတာပေါ့နော။)
(ခုတော့ ကျွန်တော်တို့ငယ်စဉ်ကနေခဲ့သော ထိုမြို့ကြီးမှာ မြစ်ထဲပါသွားလေပြီ။ ယခုလက်ရှိလေးမျက်နှာမြို့မှာ အသစ်တည်ထား သော မြို့ဖြစ်၏။ သည်မြို့သစ်မှာ ကျွန်တော် မနေစဖူး။)

ကိုးတန်းကျောင်းသားကြီးဆိုတော့ ကျွန်တော်လည်း လူပျိုပေါက်ဖြစ်လာပြီ။ သို့သော် မိဘများက ရွာမှာဆိုတော့ ကျောင်းပိတ်တိုင်း ရွာပြန်တုံး။ လေးမျက်နှာက ကွင်းကောက်ထက်စာလျှင် နည်းနည်း ပိုဝေးသည်။ (Google earth မှာ ကျွန်တော်တိုင်းကြည့်တော့ ရွာမှလေးမျက်နှာသို့ ၁၂ မိုင် ရှိသည်။ ကွေ့ကွေ့ကောက်ကောက်သွားလျှင် ၁၄ မိုင်လောက် ရှိမည်ပေါ့။) ထူးပါဘူး။ လေးမျက်နှာလည်း ကွင်းကောက်ခရီးလိုပဲ ၉၆၉၃ သာ များပါသည်။

သို့သော် မိုးတွင်းဘက်များတွင် လယ်တံငယ်မှ လေးမျက်နှာသို့ လှေရှိ၏။ လှေလှော်သူများမှာ ဦးအောင်ငြိမ်းနှင့် ကိုတင်ဝင်ကြီး တို့ ဖြစ်သည်။ ကျွန်တော်တို့မောင်နှမများမှာ သူတို့လှေကို စီးတာများသည်။ နောက်ပိုင်းတွင် ပန်းတောကြီးမှ လေးမျက်နှာသို့ စက်လှေ ထွက်၏။ သို့သော် ကျွန်တော်ဘွဲ့ရသည်ထိ ဦးအောင်ငြိမ်းတို့လှော်သော လှေနှင့်သာ စီးနင်းလိုက်ပါခဲ့တာ များပါသည်။ လှေခရီးမှာ ရိုးနှင့်ချောင်းငယ်များမှ သွားရတာဖြစ်၍ ထိုချောင်းငယ်နှင့် ရိုးများ၌ ရေကျသွားသည့်အခါ လှေလည်း မပြေးနိုင်တော့။ သည်တော့ ကျွန်တော်တို့ လေးမျက်နှာသို့ ခြေလျင်လျှောက်ကြရသည်။

ကျွန်တော်တို့ငယ်စဉ်က ပန်းတောကြီးနှင့် နင်းကြမ်းရွာကြားတွင် စိန်ကြီးရှိသည်။ စိန်ဆိုသည်မှာ မိုးတွင်းဘက်၌ ရေများဖြင့် ပြည့်နေပြီး ရေကျသွားသည့်အခါ ကိုင်းတောကြီးများပေါက်သည့် နေရာဖြစ်၏။ ထိုနေရာမှ မြေကြီးများမှာ မိုးတွင်းဘက် ရေနှင့်ထိလိုက်လျှင် အလွန်စေးပြီး နွေဘက် ခြောက်သယောင်းသွားသည့်အခါ ကျောက်ခဲများကဲ့သို့ မာကျောလေသည်။ ယောင်လို့မှ ခလုတ်မတိုက်မိစေနှင့်။ ခြေမ ဟက်တက်ကွဲသွားမည်။ လေးမျက်နှာ၊ ခတ္တူပိုင်းမှ အိုးလုပ်သူများသည် ထိုမြေများကို လာသယ်ကြရ၏။ မိုးတွင်းဘက် ရေများသည့်အခါ ထိုစိန်ကြီးမှာ ရေပြင်ကြီးဖြစ်လျှက် လှေများဖြင့် ဖြတ်သန်း သွားလာကြရသည်။

မိုးတွင်းတွင် ထိုစိန်ကြီးအတွင်း၌ လယ်သမားများက ဆစ်တိုးစပါး စိုက်ကြ၏။ ဆစ်တိုးစပါး သို့မဟုတ် တစ်တောင်ပိုစပါး ဟူသည် ရေမျက်နှာပြင်အထက် အမြဲတစ်တောင်ပိုနေကာ ရေမည်မျှတက်သည်ဖြစ်စေ ရေနှင့်အတူမြင့်တက်လာသောကြောင့် မည်မျှ ရေကြီးသော်လည်း နစ်မသွားသောစပါးဖြစ်၏။ သူက ရေမျက်နှာပြင်အပေါ် အမြဲ တစ်ဆစ်တိုးနေသည်။ ထို့ကြောင့် ဆစ်တိုးစပါးဟု ခေါ်ခြင်းဖြစ်လေ၏။

ရေကျသွားလျှင် ကြဲခင်း စိုက်ကြသည်။ ကြဲခင်းဟူသည် ထွန်တာ၊ ယက်တာ၊ စိုက်တာ၊ ပျိုးတာ ဘာမှမလုပ်ဘဲ ရေကျ သွားသဖြင့် ကျန်ခဲ့သည့်နုံးမြေများပေါ်တွင် စပါးမျိုးစေ့များကို ကြဲပက် စိုက်ပျိုးသည့်စနစ်ဖြစ်၏။ သူက ကရိကထ အတော် နည်းသည်။ ထွက်လာသည့် စပါးကို အသင့်ကောက်ရိတ်လိုက်ရုံဖြစ်သည်။ ဆန်မှာနီပြီး သိပ်တော့ စားမကောင်းပါချေ။

ကျွန်တော်တို့ရွာနှင့် လေးမျက်နှာကြားတွင် သည် စိန်ကြီးခံနေသဖြင့် မိုးတွင်းဘက်၌ လှေ၊ စက်လှေများဖြင့် ကူးကြရသည်။ ရာသီမရွေး သည်စိန်ကြီးကိုဖြတ်သွားနိုင်ရန် တာဖောက်ကြ၏။ သို့သော် ဟိုနားတာကျိုးလိုက် သည်နားတာကျိုးလိုက်ဖြင့် သိပ်အလုပ်မဖြစ်။ နောက်တော့ တာကျိုးသည့်နေရာတွင် တံတားများဆောက်ကြသည်။ သည်တော့မှ တာကျိုးတာ နည်းနည်း လျော့သွား၏။ တာပေါက်လာတော့ တာပေါ်မှသွားလို့ရသဖြင့် လှေ၊ စက်လှေများကို သိပ်အားကိုးစရာ မလိုတော့။ သို့တိုင် တာပေါ်မှ မြေကြီးမှာ မိုးရေနှင့်ထိလိုက်လျှင် စေးကပ်ပြီး ဘယ်လိုမှ သွားမရသဖြင့် စက်ဘီးနှင့်လာသူများ၊ ဖိနပ်စီးသူများအဖို့ အတော် ဒုက္ခများကြရ၏။  တာရှိသည်ဆိုစေ၊ လှေ၊ စက်လှေများကိုမူ လက်မလွှတ်နိုင်သေး။

သည် တာနှင့်ပတ်သက်၍ အမှတ်ရစရာကလေးများလည်း ရှိပါသေး၏။

န၀တတို့ ခေတ်ကောင်းစဉ် မြို့နယ်အုပ်ချုပ်ရေးမှူးများအားလုံးကို စစ်ဗိုလ်များချည်း ခန့်ထား၏။ တစ်ခုသောနှစ်တွင် လေးမျက်နှာမြို့နယ်သို့ အုပ်ချုပ်ရေးမှူး ဗိုလ်ကြီးထန်းဟာ ရောက်လာလေသည်။ ချင်းလူမျိုးဖြစ်သည် ဆို၏။ ဗိုလ်ထန်းဟာက အထက်တွင် ကျွန်တော်ပြောခဲ့သည့် တာကြီးကို ပြင်သည်။ သူပြင်ပုံမှာ အနားမှလူများကို ချောဆွဲပြီး ပြင်ခြင်းဖြစ်၏။ လူများမှာ အလုပ်ကပျက်၊ ပင်ကပင်ပန်းဆိုတော့ အချင်းချင်း နောက်သလို ပြောင်သလိုနှင့် မြေကြီးထည့်ထားသော ခြင်းများကို ထမ်းသည့်အခါ ငါ - - မသား၊ ထမ်းဟာ ဟု ဆိုကြလေသော ဟူသတတ်။

တစ်ခါသား ကျောင်းသို့လာသည့်ဆရာမနှစ်ယောက်နှင့် ဗိုလ်ထန်းဟာ လမ်းတွင်ဆုံမိကြ၏။ ဗိုလ်ထန်းဟာက မေးသည်။
ဘယ့်နဲ့လဲ ဆရာမတို့၊ တာလမ်းမကြီး လျှောက်ရတာ ကောင်းရဲ့မဟုတ်လား။
ဟုတ်ကဲ့၊ ကောင်းပါတယ်ဆင့်။
ကောင်းမှာပေါ့၊ နင့်လင်လုပ်ထားတာကိုး။
ဆိုတော့ ဆရာမကလေးများမှာ ငိုရမလို၊ ရီရမလို ဖြစ်ချေသော ဟူ၏။

နွေဘက်ကျလျှင်တော့ နွားလှည်းများ ခရီးကြုံတတ်ပါသည်။ လေးမျက်နှာက မြို့နယ်ဆိုတော့ ရွာမှလူများ မကြာခဏ ရောက်သည်။ ကျွန်တော်တို့လည်း ကလေးတို့ဘာဝ ရွာမှလူများရောက်လာလျှင် ပျော်၏။ ကျောင်းပိတ်သည့်အခါများတွင် ရွာမှ လှည်းကြုံများဖြင့် ကျွန်တော်တို့ ရွာပြန်သည်။ လှည်းများမှာ အလွတ်လှည်းဟူ၍ သိပ်မရှိ။ အိုးတင်သည့်လှည်း၊ အခြား ၀န်စည်စလယ်များတင်သည့်လှည်း စသည်တို့ဖြစ်သည်။

တခါတခါ လှည်းစီးရသည်ကို ကျွန်တော် စိတ်မသန့်ဖြစ်မိကြောင်း အမှန်အတိုင်း ၀န်ခံပါရစေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့က လှည်းပေါ်တွင် အခန့်သားထိုင်လိုက်ကာ နွားများက တရံမလပ် ရုန်းကန်နေကြရသည်ကို မတရားဟု ခံစားမိသောကြောင့် ဖြစ်ပါသည်။ နွေနေ့ခင်း နေပူပူအခါကာလများတွင် လှည်းပေါ်ထိုင်နေသူများပင် ပေါင်းအိုးထဲ ၀င်ထိုင်နေရသကဲ့သို့ ဖြစ်လေရာ အောက်တွင် နေကပူ၊ ဖုံကပူနှင့် လှည်းဆွဲနေရသော နွားကြီးများကိုကြည့်၍ ကျွန်တော် သနားမိပါသည်။

သို့သော် နွားများကလည်း နွားလည် ခင်ဗျ။ ဘယ်သူမောင်းတတ်သလဲ။ ဘယ်သူမမောင်းတတ်ဘူးလည်း သိသည်။ အဖေကြီး စသော ရွာမှလူများ လှည်းမောင်းတာ ဘာမှမခဲယဉ်း။ သက်တောင့်သက်သာ ဖြစ်သည်။ သို့သော် ကျွန်တော်နွားကြိုးကို ကောက်ကိုင်လိုက်ပြီ ဆိုသည်နှင့် နွားများက သိသည်။ ဟင်းဟင်း၊ အချဉ်တစ်ကောင်တော့လာပြီ။ ပညာပြလိုက်ဦးမှ ဆိုပြီး ပေကပ်ကပ်လုပ်၏။ ဟိုဆွဲသည်ဆွဲ ဆွဲ၏။ ဘယ်ဘက်လှည့်ချင် ဘယ်ဘက်ကြိုးကိုဆွဲ၊ ညာဘက်ကွေ့ချင် ညာဘက်ကြိုးကိုဆွဲ၊ ရပ်ချင်လျှင် ကြိုးနှစ်ချောင်းလုံးစုံဆွဲ ဆိုသည့် သင်ခန်းစာလောက်တော့ ကျွန်တော် ကောင်းကောင်းကျေညက်ပါသည်။ ဒါပေသိ ကျွန်တော် ကြိုးနှစ်ချောင်းလုံး ခြေစုံကန်ဆွဲထားသည့်တိုင် မောင်မင်းကြီးသားများက ရပ်မပေး။ အတင်းပြေးသည်။ ညာဘက်ကြိုးဆွဲပေမင့် ညာဘက်ကိုကွေ့ချင်မှ ကွေ့သည်။ သည်ကောင်ကြီးများကို ကျွန်တော်ချစ်ပါသည်။ သို့သော် မသွားပဲ ပေကပ်နေသည့်အခါ စိတ်တိုတိုနှင့် ကြိမ်ဖြင့်နှက်၏။ သို့ပေမင့် ငနဲသားများကတော့ အဟိ၊ မင်းရိုက်တာလောက်တော့ အယားတောင်ပြေသေးတယ် ဆိုကာ မြက်ဝါးတောင် မပျက်။

(၄) လေးမျက်နှာ - ဟင်္သာတ ခရီး

ဆယ်တန်းအောင်လာတော့ ဟင်္သာတတွင် ဒေသကောလိပ် တက်ရသည်။ ဟင်္သာတမှာ ကျောထောက်နောက်ခံ ကောင်းလှသည့် မြို့ကြီးတစ်မြို့ဖြစ်၏။ စီးပွားရေးကောင်းသည်။ အစားအသောက်ပေါသည်။ လူများမှာ အနေအထိုင် ရိုးသားသည်။ ရိုးရိုးသားသားစီးပွားရှာကြသည်။ ငြိမ်းငြိမ်းချမ်းချမ်း ရှိသည်။ ဟင်္သာတဖာလူဒါမှာ ရန်ကုန်ဖာလူဒါထက် ပိုကောင်းသည်။ ဘယ်နားကဆိုင်မှာပဲစားသည်ဖြစ်စေ ဟင်္သာတမုန့်ဟင်းခါးမှန်လျှင် စားလို့ကောင်းသည်ချည်း။

တောကြိုအုံကြားကလာသည့် ကျွန်ုပ်အဖို့ သည်လိုမြို့ကြီး၌ အဘယ်မှာလျှင် ဆွေမျိုးရှိနိုင်ပါမည်နည်း။ သည်တော့ ဦးကြီးနှင့် အရီးတို့ပင် ကျွန်တော့်အတွက် နေစရာရှာရသည်။ ဦးကြီးငချစ်က သူတို့ရွာမှ ဦးပဉ္စင်းတစ်ပါး အပြင်ပတ္တမြားကျောင်းတိုက်၌ စာသင်နေသည်ကို အကြောင်းပြု၍ ထိုကျောင်း၌ နေရရေး စုံစမ်းသည်။ သို့သော် ထိုကျောင်းတွင် မနေဖြစ်။ ကျွန်တော်တို့ရွာမှ ကျွန်တော်တို့နှင့် ဆွေမျိုးနီးစပ်တော်သော ဦးပဉ္စင်း မောင်တင်ဝင်းမှာ ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက်တွင် အငယ်တန်း တက်နေသည်။

သူက ကျောင်းထိုင်ဆရာတော်ကို လျှောက်ထားပေးသည်။ ဆရာတော်က ကျောင်းတွင် မည်သည့်ကျောင်းသားမှ မထားဟု ဆိုသော်လည်း ကျွန်တော့်ကိုမူ သနားသောအားဖြင့် ခြွင်းချက်ဖြင့် ထားပေးမည်။ နောက်ထပ် ဘယ်ကျောင်းသားမှ လက်မခံ ဆိုကာ လက်ခံလိုက်၏။ ဆရာတော့်ကျေးဇူးကား ကြီးမားလှပါပေတောင်း။ နို့မဟုတ်လျှင် အကျွန်ုပ်မျက်နှာမွဲမှာ ဘယ်သောင်ဘယ်ကမ်း ဆိုက်မည်မသိနိုင်။

ဟင်္သာတတွင် ကျောင်းတက်ရပြီဆိုတော့ ကျွန်တော့်ခရီးသွားစတိုင်လည်း အဆင့်မြင့်လာရပေသပေါ့။ ယခင်က ၀ါးတောကွင်းမှ လေးမျက်နှာသို့ ၉၆၉၃ ဖြင့် သွားနေရသည့်ဘ၀မှ ယခု စက်တပ်ယာဉ်များစီးကာ သွားလာရပေပြီ။

လေးမျက်နှာမှ ဟင်္သာတမှာ သိပ်ပင်မဝေးလှသော်လည်း သွားရေးလာရေးကိစ္စကိုမူ အဆင်ပြေ၊ ချောမွေ့လှသည်ဟု မဆိုနိုင်ပါ။

ဟင်္သာတသို့သွားရန် လေးမျက်နှာမှ မနက် ၄ နာရီထွက်သောစက်လှေဖြင့် လိုက်ရသည်။ ကျွန်တော်တို့အိမ်က စက်လှေဆိပ် အနီးတွင်ရှိ၍ အဆင်ပြေ၏။ ကျွန်တော်ကျောင်းသားဘ၀က လေးမျက်နှာ-အိုင်သပြု စက်လှေခမှာ တစ်ကျပ် ဖြစ်၏။ မောင်းချိန်ကလည်း တစ်နာရီနီးပါးကြာသည်။ တစ်ခါတလေ မော်တော်ဘုတ်ထွက်သည်။ ကမ်းနားတွင် ဘာမီးမှမရှိ။ ကျွန်တော်တို့အိမ်နောက်ဘက်တွင် လမ်းမီးတိုင် တစ်တိုင်ရှိသည်။ ထိုမီးရောင် ခပ်မှိန်မှိန်ဖြင့် စက်လှေပေါ် ရမ်းတက်ကြရတာ ဖြစ်၏။

ကျွန်တော်တို့ဆီမှ စက်လှေများတွင် တပ်ထားသည့် အင်ဂျင်များမှာ အန္တရာယ်များလှသည်။ အင်ဂျင်ဖလိုင်းဝှီးတွင် မည်သည့် အကာအရံမှ မပါ။ သည်အတိုင်း လည်နေတာဖြစ်သည်။ တစ်ခါက စက်လှေမောင်းသူတစ်ယောက် ထိုဖလိုင်းဝှီးနှင့်ညိပြီး သေဖူးသည်။

စက်လှေမောင်းသူတို့မှာ ခရီးသည်များထံမှ ပိုက်ဆံကောက်ရန် လွယ်အိတ်ကို လည်ပင်းတွင်လွယ်လျှက် ရင်ဘတ်ရှေ့တွင် တွဲလောင်းချထားသည်။ စက်နှိုးရန် ဂေါက်နှင့် အင်ဂျင်ကိုအလှည့်တွင် ဖလိုင်းဝှီးထဲ လွယ်အိတ်ညပ်ကာ ခေါင်းကို ဆွဲရိုက်မိပြီး သေခြင်းဖြစ်၏။

ယခု မြန်မာပြည် တစ်နံတစ်လျား သုံးနေကြသည့် အင်ဂျင်များတွင်ရော မည်သည့်အင်ဂျင်တွင် ဖလိုင်းဝှီးကိုကာထားတာ တွေ့ဖူးပါသနည်း။ ဝေးစွ။ ကာဘို့ထားပါဦး၊ ကြားတောင် မကြားစဖူး။ လက်တွန်းထွန်စက်၊ ထော်လာဂျီ စသည်တို့တွင် တပ်ဆင်ထားသည့် အင်ဂျင်များတွင် မည်သည့်အကာအရံမှ မပါ။ သည်အတိုင်း အတုံးလိုက်တင်ထားခြင်းဖြစ်၏။

အိုင်သပြုရောက်တော့လည်း မမြင်မကမ်းနှင့် ကမ်းပေါ် ရမ်းတက်ကြရတာ ဖြစ်ပါသည်။ ထို့နောက် ဟင်္သာတထွက်မည့် ကားဆီသို့ပြေး။ ကားဆိုလို့ ဘယ်ကားမှန်း သေသေချာချာ သိတာမဟုတ်။ သူများတက်သည့်နောက် ရမ်းတက်ရတာ ဖြစ်သည်။

ကားကိုလည်းကြည့်လိုက်ပါဦးခင်ဗျာ။ ယခု ကျွန်ုပ်တို့စီးမည့် ကားဒီဇိုင်းမှာ ၁၉ ရာစုနှစ် အစပိုင်းလောက်က ဒီဇိုင်း ဖြစ်မည် ထင်ပါသည်။ ကျွန်တော်တို့ငယ်ငယ်က ချီဗရိုလက်ဟု အသံထွက်မှားခဲ့သည့် ချက်ဗလက်ကားစုတ်ကြီးများ ဖြစ်သည်။ အမှန်ဆို သည်ကားအိုကြီးများမှာ လူတင်ဘို့ဟုတ်ဟန်မတူ။ ဆန်အိတ်စသည့် ၀န်စည်စလယ်များ တင်သည့်ကား ဖြစ်ပါလိမ့် မည်။ သို့သော် လူစီးကားဟူ၍ သီးသန့်မရှိသော ကျွန်ုပ်တို့ဆီမှာ သည်ကားကြီးကိုပင် အိတ်စ်ပရက်စ်အမှတ်ဖြင့် စီးကြရ ကုန်၏။

စီးသည်ဆိုတော့လည်း သက်တောင့်သက်သာလို့တော့ ယောင်လို့မှ မထင်လိုက်ပါနှင့်။ ကားတစ်စီးလုံး ၀မ်းထဲတွင်ရော၊ ခေါင်းမိုးပေါ်တွင်ပါ ကုန်ပစ္စည်းများ အပြည့်တင်ထား၏။ ထိုဝန်စည်စလယ်များကြားမှပင် ခရီးသည်များမှာ ဖြစ်သလို လိုက်ကြရလေသည်။

ကားကိုယ်ထည်မှာ သစ်သားများဖြင့် ပြုလုပ်ထား၏။ ဘေးတစ်ဖက်တစ်ချက်တွင် လူထိုင်ဘို့ရာ ပေပျဉ် (ဗျက် ၁ ပေ၊ အထူ ၁ လက်မ) တစ်ချပ်စီ ခင်းထားသည်။ သို့သော် တင်စရာကုန်ဆို၏ လုံးဝမရှိမှသာ ထိုနေရာ၌ ထိုင်ခွင့်ရကြသည်။ ထို လူထိုင်ဘို့ ခင်းထားသည့် ပျဉ်ပြားနှစ်ချပ်အကြားတွင်ရှိသော ကွက်လပ်တွင်မတော့ ကုန်ပစ္စည်းများကို ကားခေါင်မိုးရောက်သည်ထိ နင်းကန်ပြွတ်သိပ်တင်၏။ ကုန်များမှာ လူထိုင်ပျဉ်ပြားထိရောက်သည်။ ကုန်များနှင့်ပြည့်နေတော့ ထိုင်ရတာ မလွတ်မလပ်။ ဒူးကိုကွေးကာလည်းကောင်း၊ စောင်းကာလည်းကောင်း၊ တစ်ယောက်နှင့်တစ်ယောက် ကြပ်ညပ်ကာ ထိုင်ကြရတာ ဖြစ်၏။ ယောက်ျားသော၊ မိန်းမသော ရွေးမနေနိုင်။ စင်ကာပူကကောင်မလေးတွေသာ သည်ကားမျိုးစီးရလျှင် ရဲကိုဖုံးဆက်လို့ အမျိုးဆုံးမည်မဟုတ်။


များသောအားဖြင့်တော့ အမျိုးသားများမှာ အပ်ပါးမှ လိုက်ပါကြရ၏။ (ယခင်က ခရီးသည်တင် ကားကြီးကားငယ်များမှာ ယခုခေတ်လို ဘယ် အိတ်စ်ပရက်စ်တွေ ဘာတွေရှိပါမတုံး။ ကုန်တင်ကားပေါ်မှာ ဖြစ်သလို လိုက်ကြရတာ ဖြစ်သည်။ သည်တော့ ကားခေါင်မိုးပေါ်မှာ ခြံခတ်ကာ အမျိုးသားများက ထိုခေါင်မိုးပေါ်မှ စီးနင်းလိုက်ပါကြ၏။ ထိုခေါင်မိုးကို ကျွန်ုပ်တို့က Upper ဟု သမုတ်သည်။ မီးရထားတွင် ရိုးရိုးတွဲနှင့် အထူးတွဲ (upper) ဟုရှိလေရာ ကားခေါင်မိုးကိုလည်း ကျွန်ုပ်တို့က အထူးတန်းဟု သရော်ကာ အပ်ပါးဟု ခေါ်ခြင်းဖြစ်လေသည်။ ဤကား စကားချပ်။)

ဆက်ပါဦးမည်။

No comments: