Wednesday, September 30, 2020

စလုံး၌ ကြိုတင်မဲပေးခြင်း

မိတ်ဆွေအပေါင်းတို့ -

 

မနက်ဖြန်မှစတင်ကာ အသင်တို့သည် အသင်တို့ အလိုရှိအပ်သော အစိုးရတစ်ရပ်ကို ရွေးချယ်ခွင့် ရပေတော့မည်။

မဲပေးခြင်းဟူသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်၏။

သည်နိုင်ငံထဲမှာနေပြီး ကိုယ့်အစိုးရကို ကိုယ်ရွေးချယ်ရန် ပျက်ကွက်သူသည် နိုင်ငံသားတာဝန် ပျက်ကွက်သူသာ ဖြစ်၏။

အသင်တို့သည် နိုင်ငံသားပြီသစွာ တာဝန်ကျေကြပါကုန်လော့။

ဗလွတ်ရွှတ်တလူများ ပြောစကားကို နားမယောင်လေနှင့်။

မဲမပေးရန် လှုံ့ဆော်နေသူများမှာ စမ်းမ်သင်းရောင်းနေသူများသာ ဖြစ်၏။

 

မဲပေးခွင့်ရရန် ပထမဆုံးလုပ်ရမည့်အလုပ်မှာ မဲစာရင်းတွင် ကိုယ့်နာမည်ပါမပါ ဦးစွာစစ်ဆေးရန်ဖြစ်၏။

မဲစာရင်းတွင် မိမိနာမည်ပါမလာပါက အောက်တိုဘာ ၂ ရက်နေ့ နောက်ဆုံးထားပြီး သံရုံး email: ge2020info@gmail.com ကို ပို့ပြီးအကြောင်းကြားပါ။ 

မဲစာရင်းတွင်နာမည်မပါသူများကို သံရုံးက မြန်မာနိုင်ငံသို့ ပြန်လည် အကြောင်းကြားပါလိမ့်မည်။

 

မဲစာရင်းတွင် မိမိနာမည်တွေ့ပါက စာမျက်နှာနံပါတ်နှင့် အမှတ်စဉ်ကို မှတ်ထားပါ။

မဲပေးသည့်နေ့တွင် မိမိအမှတ်စဉ်ကို ပြောလိုက်ပါက ချက်ချင်းရှာနိုင်သဖြင့် အချိန်ကုန်သက်သာမည်ဖြစ်၏။

 

မဲပေးမည့်နေ့တွင် မိမိရက်ချိန်းယူထားသည့်နေ့ အချိန်မတိုင်မီ ရောက်အောင်သွားပါ။

နိုင်ငံရေးတံဆိပ်/အမှတ်အသားပါသည့် အဝတ်အစားများ ဝတ်မသွားပါနှင့်။

မဲရုံတွင် ဘောပင်ပေးထားပါလိမ့်မည်။ သို့သော် လိုရမယ်ရဆောင်သွားစေချင်ပါသည်။ မင် အပြာ (သို့) အနက်

စင်ကာပူတွင် အမြဲမိုးရွာတတ်၍ ထီးဆောင်သွားပါ။ အဆာပြေမုန့်၊ ရေ တို့လိုချင်လိုပါမည်။

အရေးကြီးသည်မှာ အောက်ပါ စာရွက်စာတမ်းသုံးခု ဖြစ်ပါသည်။ ယနေ့ညကတည်းက ပြင်ထားပါ။

 

၁။ Booking လုပ်စဉ်က ပို့ပေးထားသည့် computer bar code ပါသည့် စာရွက်

၂။ ပတ်စ်ပို့

၃။ Work Permit, S Pass, EP, PR ကဒ်မူရင်း

 

လူတစ်ဦးလျှင် အနည်းဆုံး မဲ (၃) မဲပေးရပါမည်။

၁။ ပြည်သူ့လွှတ်တော်

၂။ အမျိုးသားလွှတ်တော်

၃။ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်

၄။ အကယ်၍ လူမျိုးစုများဆိုလျှင် မိမိလူမျိုးစုအတွက် လူမျိုးရေးရာဝန်ကြီးအတွက် တစ်မဲ ထပ်ပေးရပါမည်။

 

မဲစာရွက်ရပြီဆိုလျှင် စစ်ဆေးကြည့်ပါ။ 

မဲစာရွက်သည် ပေါက်ပြဲ/ပျက်စီးမနေရ။

မဲရုံမှူးလက်မှတ်ပါရမည်။

ရွေးကောက်ပွဲ တံဆိပ်တုံးနှိပ်ထားရမည်။

မဲစာရွက်သည် ပေါက်ပြဲပျက်စီးနေ၊ မဲရုံမှူးလက်မှတ်၊ တံဆိပ်တုံးတို့မပါပါက မဲရုံမှူးထံတွင် အသစ်တောင်းပါ။

ထို့နောက် လျှို့ဝှက်ဆန္ဒမဲပေးခန်းထဲသို့သွားပါ။

မဲပေးသည့်အခါ ပုံတွင်ပြထားသကဲ့သို့ မိမိရွေးချယ်လိုသည့် ကိုယ်စားလှယ်လောင်းဘေး အကွက်ထဲတွင် အမှန်ခြစ် ခြစ်ရပါမည်။

ထို့နောက် မဲစာရွက်ကိုခေါက်ရွက် မဲပုံးအတွင်းထည့်ပါ။

ပြီးလျှင် လက်သန်းကို မင်တို့ပါ။



ပြည်နယ်နှင့်တိုင်းအလိုက် ကောင်တာများခွဲထားပါသည်။ ပုံတွင်ကြည့်ပါ။ 

မိမိ ပြည်နယ်/တိုင်းရှိရာ ကောင်တာသို့သွားပါ။



လာသည့်အခါ မျက်နှာအကာ Face Mask တပ်လာပါ။

Covid ကာလဖြစ်၍ လူစုလူဝေးမလုပ်ရန် တင်းတင်းကြပ်ကြပ်တားမြစ်ထားပါသည်။

စုရုံးစုရုံးမလုပ်ပါနှင့်။

စိန့်မာတင်လမ်း တစ်ဖက်တစ်ချက်တွင် ၁ မီတာစီခြား၍ တန်းစီရပါမည်။

ထို့နောက် မဲပေးပြီးသည်နှင့် ချက်ချင်းပြန်ပါ။ သူငယ်ချင်းစောင့်တာဘာညာ မလုပ်ပါနှင့်။

 

မိမိမဲပေးမည့်ရက်နှင့် အချိန် ကို သေသေချာချာမှတ်သားထားပါ။ မမေ့ပါစေနှင့်။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၃၀ စက်တင်ဘာလ၊ ၂၀၂၀

ဒီမိုး၊ ဒီရေ၊ ဒီလူတွေနဲ့

မြန်မာနိုင်ငံ အစိုးရလုပ်ပုံကိုင်ပုံတွေနဲ့ ပတ်သက်လို့ စိတ်ပျက်မိသည့်အကြောင်း ရေးခဲ့ပေါင်းများပါပြီ။

 

ယခု ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းယူရာမှာလည်း အမှားအယွင်းပေါင်း သောင်းခြောက်ထောင်နှင့်ဖြစ်၏။

 

ဤသည်ကပင် အစိုးရလုပ်ပုံများ မည်မျှ အသုံးမကျသည်ကို တစ်နည်းအားဖြင့် ဖော်ပြနေခြင်းဖြစ်၏။

 

မဲစာရင်းဆိုသည်မှာ သည်တိုင်းပြည်တွင်နေသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ စာရင်းသာဖြစ်သည်။

လူတစ်ယောက်၏ မွေးနေ့သက္ကရာဇ်၊ အဖေ၊ အမေ၊ မှတ်ပုံတင်နံပါတ် စသည်တို့မှာ ပြောင်းလဲသွားသည့် အရာများ မဟုတ်။ 

နေရပ်သာ ပြောင်းချင်ပြောင်းရမည်။ နေရပ်ပြောင်းသည်ဆိုလျှင် ပြောင်းသည့်နေရပ်ကို update လုပ်လိုက်ရုံမျှ ဖြစ်၏။

သေသူကိုနုတ်၊​ အသက် (၁၈) နှစ်ပြည့်သူကို ပေါင်းထည့်။

နေရပ်ပြောင်းသူကို ဒီဘက်ကနုတ်ပြီး ဟိုဘက်ပြောင်းထည့်။

မဲစာရင်းလုပ်တယ်ဆိုတာ ၅ နှစ်ပြည့်တိုင်း အသစ်က ပြန်စနေရတာမဟုတ်။

 

၅ နှစ်တစ်ခါ . . . 

နင့်အဖေနာမည်က ဘယ်သူတုံး။ အဲဒါနင့်အဖေစစ်မစစ် နင်ဘယ်လိုသိနိုင်မလဲ၊ 

နင့်အမေနောက်ယောက်ျားက ဘယ်သူတုံး၊ 

နင့်ပထွေးက ကြယ်စင်တို့ လမင်းတို့နဲ့အဆက်အသွယ်ရှိသလား . . . စသဖြင့် လိုက်မေးနေစရာ အကြောင်းကို မရှိ။

နဂိုရှိပြီးသားစာရင်းကို ပြန်ပြီး apdate လုပ်လိုက်ရုံမျှဖြစ်၏။

 

၎င်းတို့တွင်အဘယ်ကြောင့် ခဲယဉ်းနေရမှန်း ကျွန်ုပ် နားကို မလည်နိုင်ပါ။

ကျွန်ုပ်အဖို့မူ သားအတွက် အရုပ်ဝယ်ပေးရတာလောက်တောင် မခဲယဉ်းပါ။

(ကျွန်ုပ်သားအတွက် အရုပ်ဝယ်ပေးရတာ ဘယ်လောက်ခေါင်းစားမှန်း မိတ်ဆွေတို့ကို အခါအခွင့်သင့်လျှင် ပြောပြပါဦးမည်။)

 

မြန်မာပြည်ဘက်က မဲစာရင်းတွေ ထားလိုက်ပါတော့။ 

စင်ကာပူဂ လူဒွေ ပြောဘာဒယ် . . . 

(ပြောရင်းနဲ့တောင် နားရွက်ကို တံတွေးနဲ့သွားဆွတ်ချင်လာပြီ)

 

ကျွန်ုပ်တို့မှာ တစ်ခုခုလုပ်တော့မည်ကြံတိုင်း အဖေနာမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ စသည့် ၆ ရေး မပါသည်များကို လျှောက်ရေးနေရသည်။ 

 

ပုံစံ (၁၅) တင်တော့ ကျွန်ုပ်တို့၏ အချက်အလက်များ အကုန်ပေးခဲ့ပြီး ဖြစ်၏။

 

မဲပေးမည့် တိုင်း/ပြည်နယ်၊ မြို့နယ်

အမည်

တိုင်းရင်းသားလူမျိုး

မှတ်ပုံတင်အမှတ်

မွေးသက္ကရာဇ်

အဖေ

အမေ

နေရပ်လိပ်စာ (မြန်မာ နှင့် စင်ကာပူ)

ဖုန်းနံပါတ်

 

ထိုအချက်အလက်များပေးပြီးနောက် ပုံစံ (၁၅) တင်သူများစာရင်းထွက်လာသည်။

ထို စာရင်းကို မြန်မာပြည်ပေးလိုက်ပြီး မြန်မာပြည်က မဲပေးခွင့်ရှိသူများစာရင်း ပြန်ပို့လာသည်။

သိရသလောက် ပုံစံ (၁၅) တင်တာနှင့် မဲပေးခွင့်ရသူဦးရေက ၂၀၀၀ လောက်ကွာနေသည် ဆို၏။ ဟုတ်မဟုတ်တော့ မသိ။

 

မဲပေးခွင့်ရသူများစာရင်းထွက်လာတော့ မဲပေးဘို့ တန်းစီနံပါတ်ယူရ၏။

တန်းစီနံပါတ် (Q နံပါတ်) ယူတော့လည်း လည်း လည်း . . . . 

 

နာမည်

မွေးသက္ကရာဇ်

ပတ်စ်ပို့နံပါတ်

မှတ်ပုံတင်နံပါတ်

ဖင်နံပါတ် (ဖင်ဆိုဒ်ကို ပြောတာမဟုတ်ဘူးဗျို့။ စင်ကာပူမှာ နိုင်ငံခြားသားတွေကို နိုင်ငံခြားသား မှတ်ပုံတင်နံပါတ် FIN – Foreign Identification Number ထုတ်ပေးထားတာကို ပြောတာ။ မဟုတ်တာတွေလည်း လျှောက်တွေးမနေနဲ့အုံး။)

 

ထပ်ဖြည့်ရပြန်၏။ မလိုပါ။ အဲသဟာတွေ လိုကိုမလိုတော့ပါ။

ပုံစံ (၁၅) ဖြည့်တုံးက အကုန်ပါပြီးသားဟာ ဘာကြောင့် ထပ်လိုချင်ရပါသနည်း။ ခွီး

နာမည်နဲ့ ပတ်စ်ပို့နံပါတ် (၂) ခုပါရင် ရပါပြီ။

မဲထည့်မည့်နေ့၊ အချိန်၊ မဲထည့်ရမည့် တိုင်း/ပြည်နယ်၊ မြို့နယ်များလိုတာ မှန်ပါ၏။

 

ဖြစ်ပုံက . . . 

ပုံစံ (၁၅) ဖြည့်တုံးက မြန်မာလို ဖြည့်ရသည်။ အခုက အင်္ဂလိပ်လို ဖြည့်ရသည်။ 

မြန်မာတွေကလည်း စာလုံးတွေကို ပေါင်းချင်သလို ပေါင်းသည်။

ဥပမာ - ခိုင် ဆိုပါစို့။​ Khine ဖြင့် ခိုင် သည်။ Khaing ဖြင့် ခိုင် သည်။ ဆိုတော့ ပုံစံ (၁၅) တင်ထားပေသိ၊ ယခု မဲပေးဘို့ booking လုပ်သည့်အခါ ပုံစံ (၁၅) မတင်ထားပါဆိုသည့် message တွေရသည်။

အဲသည်တော့ မဲစာရင်းကိုပြန်ရှာ၊ သံရုံးကို email ပို့ စသည့် မလိုလားအပ်သော အလုပ်များ လုပ်ရ၏။ 

 

တချို့ကျတော့ စင်ကာပူက မဲစာရင်းမှာပါသည်။​ မြန်မာပြည်က မဲစာရင်းမှာမပါ။

တချို့ကျတော့ မြန်မာပြည်က မဲစာရင်းမှာပါသည်။ စင်ကာပူက မဲစာရင်းမှာ မပါ။

လူပေါင်း သောင်း ၆ ထောင်နှင့် အလုပ်လုပ်နေရသည့် သံရုံး၏ ဒုက္ခကို တွေးကြည့်ရုံနှင့် သိနိုင်၏။

လူ ၄ - ၅ - ၁၀ ယောက်လောက် လုပ်ပေးသည့် ကျွန်ုပ်ပင်လျှင် အတော် ဦးဏှောက်ခြောက်၏။

တချို့ကျ FIN ကိုပင် မှန်အောင်မရေးတတ်။ FIN No. က ဂဏန်း ၇ လုံးပါသည်။ ရေးထာတာက ၆ လုံးတည်း။ အဲဒါ S Pass ပါတဲ့။ တချို့ကျ တိုင်း/ပြည်နယ်ပဲ ပေးသည်။ မြို့နယ်မပါ။ 

 

သူတို့သာ လုပ်တတ်မည်ဆိုလျှင် ဘာမှ မခဲယဉ်းပါ။

လူနာမည်သာ တူချင်တူရမည်။ ပတ်စ်ပို့နံပါတ်ကတော့ တူစရာကို အကြောင်းမရှိ။

အဲသဟာကြောင့် ပတ်စ်ပို့နံပါတ်နဲ့သာ filter လုပ်ချလိုက်လျှင် ဘယ်သူဆိုတာ ချက်ချင်းပေါ်လာမည်ဖြစ်၏။ 

ယခု booking ယူရာတွင်လည်း ပတ်စ်ပို့နာမည်ရိုက်၊ လူနာမည်ရိုက်လိုက်လျှင် ကိစ္စပြီး၏။ 

အရင်တစ်ခါရေးခဲ့သလို ပတ်စ်ပို့နံပတ်ကိုလည်း သက်တမ်းတိုးတိုင်း ဘယ့်နှာကြောင့် အသစ်ပြန်ပေးနေရသည်ကို နားကို မလည်နိုင်ပါ။ ပတ်စ်ပို့နံပါတ်က တော်ကြာ MA ဖြစ်လိုက်၊ တော်ကြာ MD ဖြစ်လိုက်။ 

 

ပြဿနာကတော့ သောင်း ၆ ထောင် ဖြစ်ပါသည်။

သေချာတာကတော့ နောက်တစ်ခါ ရွေးကောက်ပွဲကျလည်း ကိုယ့်အဖေနာမည်၊ အမေနာမည်၊ ပထွေးနာမည်။ ယောက္ဖတစ်ဝမ်းကွဲနာမည်၊ ပထမဆုံးရည်းစားနာမည်တွေ အကုန်ပြန်ဖြည့်ရဦးမည်။

 

ဤအရာအားလုံးမှာ စီမံခန့်ခွဲမှုအမှားများ ဖြစ်၏။

 

ကျွန်ုပ်မှာ စိတ်ပျက်လျက်ကပင် မလုပ်လို့ကလည်း မဖြစ်တော့ လုပ်ပေးနေရသေးသည်သာ ဖြစ်၏။

သည်ဘဝရှိနေသရွေ့ သည်ဒုက္ခများ ရှိနေဦးမည်ဖြစ်၏။

သည်တော့ သည်ဒုက္ခများကလွတ်အောင် ၂၀၃၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး တရားထိုင်တော့မည်။

အခုတော့ ဖိုးဒုက္ခ၊ မယ်ဒုက္ခတွေဘို့ ဆက် အလုပ်ရှုပ်လိုက်ဦးမည်။

 

စိတ်ပျက်ပါ (ဟုတ်ပေါင်၊ ယောင်ကုန်ပြီ) ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၃၀ စက်တင်ဘာလ၊ ၂၀၂၀

Friday, September 25, 2020

ရွှေပြည်ကြီးမှ ကလေးကြီးတို့အကြောင်း

(၁)

 

ဦးသန့်ရေးသည့် မြန်မာနိုင်ငံမှ ကလေးကြီးများအကြောင်းကို တစ်ခါက ကျွန်ုပ်ဖတ်ဖူးခဲ့၏။ စာအုပ်လား၊ ဆောင်းပါးလား၊​မည်သည့်စာအုပ်တွင်ဖြစ်သည် ဆိုသည်တို့ကိုမူ မမှတ်မိတော့ပါချေ။

 

ထိုဆောင်းပါးတွင် ဦးသန့်က မြန်မာနိုင်ငံမှ လူများသည် အသက်ကြီးလာသည့်တိုင် လူကြီးများဖြစ်မလာ (ရင့်ကျက်မလာ) ကြဘဲ ကလေးများတွင်ရှိသည့် စိတ်ဓာတ်မျိုးသာ ဆက်လက်ရှိနေကြသေးကြောင်း၊ ၎င်းတို့သည် လူကြီးလူကောင်း ဆန်ဆန် ပြုမူရကောင်းမှန်းမသိကြဘဲ ကလေးများ တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်ပါက ပေးထားသည့် အရုပ်ကို ပြန်တောင်းသကဲ့သို့ အလွန် ကလေးကလားနိုင်သည့် အလုပ်များကို လုပ်ကြကြောင်း၊ ၎င်းတို့သည် လူကြီးများမဟုတ်၊ အသက်ကြီးနေသည့် ကလေးကြီးများသာဖြစ်ကြောင်း စသည်တို့ဖြစ်၏။ ဥပမာ တစ်ယောက်နှင့် တစ်ယောက် စိတ်အခန့် မသင့်လျှင် Facebook မှ Unfriend လုပ်ပစ်တာမျိုးဖြစ်၏။

 

မြန်မာပြည်မှ ကလေးဆိုးကြီးများအကြောင်း ကျွန်တော် ဥပမာအနည်းငယ်ပြပါမည်။

 

တချိန်က လျှမ်းလျှမ်းတောက်ခဲ့သည့် အလွန်အာဏာပါဝါပြင်းသူ တစ်ယောက်သည် ၎င်း၏ ရွှေခေတ်များတွင် ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ရွှေချခြင်း၊ ဘာဆက်ကပ်ခြင်း၊ ညာဆက်ကပ်ခြင်း စသည်တို့ကို ကြီးကျယ်ခမ်းနားစွာ ပြုကာ ၎င်းလုပ်ခဲ့သည့် အလှူတော်မြတ်ကြီးများအား လူတစ်ရပ်စာလောက် ဓာတ်ပုံကြီးများဖြင့် တန်ဆောင်းများတွင် ချိတ်ဆွဲ မှတ်တမ်းတင်ခဲ့၏။

 

မှန်ကင်းတလှည့်၊ ထင်းတလှည့်ဟူသော စကားအရ ထိုအထင်ကရ ပုဂ္ဂိုလ်ကြီးမှာ မှန်ကင်းဘဝမှ ထင်းဘဝသို့ ဗြုန်းစားကြီး နေ့ချင်းညချင်း ပြောင်းသွားလေ၏။ 

 

ထိုအခါ မှန်ကင်းဘဝကပြုခဲ့သော ၎င်း၏ လူတစ်ရပ်စာလောက်ရှိသည့် အလှူမှတ်တမ်း ဓာတ်ပုံကြီးများမှာ ထင်းအဖြစ်သို့ သခင်နှင့်အတူ ဘဝပြောင်းလျက် ဖြုတ်ချသိမ်းဆည်းခြင်း ခံခဲ့ရလေ၏။ 

 

၎င်းကဲ့သို့ပင် အာဏာပြင်းသူ လူကြီးတစ်ယောက်သည်လည်း မြန်မာပြည်အလယ်ပိုင်းမှ အထင်ကရ တက္ကသိုလ်ကြီး တစ်ခုတွင် ဓမ္မာရုံကြီးဆောက်လုပ်လှူဒါန်းကာ ၎င်း၏အလှူကို ကမ္ဗည်းကျောက်စာတိုင် စိုက်ထူ မှတ်တမ်းတင်ခဲ့၏။

 

အဆိုပါအရာရှိကြီးမှာလည်း အထက်တွင်ဖော်ပြခဲ့သော ပုဂ္ဂိုလ်ကြီးကဲ့သို့ပင် မထင်မှတ်ဘဲ ဗြုန်းဒိုင်းဆိုသလို ထင်းဘဝသို့ ပြောင်းရွှေ့စံမြန်းတော် မူရပြန်လေရာ ၎င်းစိုက်ထူခဲ့သော အဆိုပါကျောက်စာတိုင်ကြီးမှာလည်း ၎င်း၏သခင်ကဲ့သို့ပင် ချက်ချင်းလက်ငင်း ဖယ်ရှားခံခဲ့ရလေ၏။

 

၂၀၁၇ ခုနှစ်ကထင်ပါသည်။ ကိုစံပွင့်၏ ဖိတ်ခေါ်မှုကြောင့် တနင်္သာရီတိုင်း ရေဖြူသို့ ကျွန်ုပ်ရောက်ခဲ့၏။ ကိုစံပွင့်က ရေဖြူမှ အထင်ကရ နေရာများသို့လိုက်ပို့၏။

 

“ဟောဒါကတော့ ဘာလူကြီးလာတုံးက တည်းသွားတဲ့ တဲ။ အဲဒီတဲကို ဘယ်သူမှ​ မထိရဲလို့ ဒီအတိုင်း ထားရတယ် (. . . . ဆိုလား၊ မေ့နေပြီ။ သေသေချာချာ မမှတ်မိတော့။ အဲဒီသဘော ဆန်ဆန်ပါဘဲ။)

 

နောက်ပြီးတော့ ရောင်ခြည်တော်လွှတ်သည် ဆိုသည့်ဘုရားသို့ လိုက်ပို့၏။

ထိုဘုရားတွင် ဘုရားသို့တက်သော စင်္ကြံလှေခါး၌ အလှူရှင်များကို ကမ္ဗည်းတင်ထား၏။

ဘုရားရောက်ခါနီးတိုင် ၂ လုံး၊ ၃ လုံးတွင် ကမ္ဗည်းများကို ခွာထားသည်။

ဤ လပ်နေသည့် ကမ္ဗည်းနေရာတို့မှာ အနှစ် ၂၀ ကျော်မျှသော ကာလအတွင်း မြန်မာနိုင်ငံကြီးကို ထိပ်သီးမှ ဘိတ်ချီးဖြစ်အောင် သမသွားတော်မူထသော မြန်မာ့စွမ်းဆောင်ရှင် ရွှေတံဆိပ်ဆုရ ဦးနေဝင်း၏ သားသမီးများ အလှူဖြစ်ကြောင်း၊ ယခု ထိုကမ္ဗည်းတို့မှာလည်း ၎င်းတို့၏ သခင်များနှင့်အတူ မြောင်းအတွင်း သက်ဆင်းကုန်ကြတာ ဖြစ်ကြောင်း ကိုစံပွင့်က ရှင်းပြ၏။ (ကြံကြံဖန်ဖန်လည်း သိတတ်တဲ့သူပဗျာ။)

 

ကျွန်ုပ်၏ အတ္ထနောမတိအရ ပြောရပါမူ ဤသည်တို့မှာ ကလေးများ ရန်ဖြစ်၍ အရုပ်ပြန်တောင်းသည့် လုပ်ရပ်များနှင့် အတူတူပင်ဖြစ်၏။ 

 

အဲလေ၊ ဤသည်မှာ မြန်မာနိုင်ငံက ကလေးကြီးများတင် မဟုတ်ပါ။

သူတို့ကိုယ်သူတို့ ဂျင်းတဲလ်မင်းဟု ထင်မှတ်နေကြသည့် အနောက်နိုင်ငံမှ လူကြီးဆိုသူများလည်း ထိုနည်းနှင်နှင်ပင် ဖြစ်၏။ 

 

များမကြာသေးမီက အနောက်ဖက်တလွှားမှ နိုင်ငံများသည် မည်သူကမှလည်း မတိုက်တွန်းရပါဘဲလျက်၊ မည်သူကမှလည်း မတောင်းဆိုရပါဘဲလျက် သူတို့သဘောနှင့်သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို ဘွဲ့ထူးဂုဏ်ထူးများ အသီးသီး အသက အသက ပေးအပ်ကြကုန်၏။ လူတစ်ကိုယ်စာမျှရှိသည့် ပန်းချီကားကြီးများကို ခန်းမကြီးများအတွင်း ချိတ်ဆွဲကြလေကုန်၏။

 

သို့သော် ပိုက်ဆံချမ်းသာကြကုန်သော။ ဟိုအဖွဲ့ သည်အဖွဲ့ကြီးများကို ရံပုံငွေများများ ထည့်ဝင်ကာ ထိုအဖွဲ့ကြီးများကို ချယ်လှယ်ချင်သလို ဝင်ရောက်ချယ်လှယ်ကြကုန်သော သူဌေးနိုင်ငံများက သူတို့၏မယားပါသားများနှင့် လင်ပါ သမီးများကို မြန်မာနိုင်ငံက ဂျီနိုဆိုက်နေပါသည်ဟု စွပ်စွဲချက်များကို သံယောင်လိုက်လျက် သခင်အားရ ကျွန်ဒဏ်ဝ ဆိုသလို ၎င်းတို့ စိတ်လိုလက်ရပေးအပ်ထားသည့် အနှီ ဂုဏ်ထူး၊ ဘွဲ့ထူးကြီးများကို ပြန်လည်ရုပ်သိမ်း၊ ရုပ်ပုံကားချပ်များ ကို ပြန်လည်ဖြုတ်ချ . . စသဖြင့် အင်မတန် ကလေးကလားနိုင်လှသည့် လုပ်ရပ်များကို တွေ့ရလေသည့်အခါ ကျွန်ုပ်မှာ ရီချင်ပက်ကျိဖြစ်မိလေ၏။ ထို့ပြင်တဝလည်း ငယ်စဉ်အခါ ကာလများဆီက ဘုမသိ၊ ဘမသိ အနောက်နိုင်ငံများကို စွပ်စက် အထင်ကြီးနေခဲ့မိသည့် ကိုယ့်ကိုယ်ကိုယ်လည်း သွားချီးယိုးဒယားကသည်ထိ ပါးချချင်မိလေ၏။

 

ထိုမျှသာမက ဆရာမြသန်းတင့်၏ “တောင်သမန် ရွှေအင်းက လေညင်းဆော်တော့” ကို ဖတ်ရပြန်သည့်အခါ အနှီ ဗြိတိသျှတည်းဟူသောလူမျိုးများ၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကို အတော်ပင် အထင်သေးခဲ့လေပြီ။ Viking ထဲတွင် သားဖြစ်သူ စစ်ထွက်တိုက်နေစဉ် ကိုယ့်သား၏မယား (ကိုယ့်ချွေးမ) ကို ပြန်ပြီး နသားပါးယားလုပ်သည့် ဘုရင်ကြီးကို တွေ့ရသည့်အခါ (ဟုတ်သည်မဟုတ်သည် အပထား) ၎င်းတို့အား အော့နှလုံးနာမိသည့် ကျွန်ုပ်ကို အသင်တို့ အပြစ်ဆိုပါ မည်လား။

 

(၂)

 

မြန်မာနိုင်ငံ၏ရှေ့ရေးကို အဆုံးအဖြတ်ပေးမည့် ပွဲကြီးအား ဝိုင်းဝန်းကူညီကြရန် ကျွန်ုပ်၏ ချစ်မိတ်ဆွေတစ်ဦးက Whatsapp group တစ်ခုထူထောင်ကာ လုပ်အားပေးမည့်သူများကို ထည့်၏။ ကျွန်ုပ်နာမည်မှာလည်း ထိပ်ဆုံးက ပါလာ လေရာ ထို group အတွင်းရောက်လာသမျှ message များကို ကျွန်ုပ်မှာ ဖတ်မိလေ၏။

 

ထိုအခါ ကျွန်ုပ်မှာ အရှင်လတ်လတ် သီရိမင်္ဂလာဈေးသို့ ကျသွားဘိသကဲ့သို့ ခံစားမိလေ၏။

၎င်းတို့၏ ပြောစကားများကို ကျွန်ုပ်က သီရိမင်္ဂလာဈေး ဘာသာစကားအဖြစ် ပြောင်းကြည့်ရာ အောက်ပါအတိုင်း တွေ့ရ၏။

 

အစ်မရေ ဟိုအသီးတွေရှိသေးလား။

မရှိတော့ဘူး၊ ကုန်ပြီ။

ဟင် - ငါ့ဘို့ချန်ထားပါ ပြောထားရက်နဲ့ အကုန်ရောင်းရသလားဟဲ့၊ ဗိုင်းဒါမ။

 

အဒေါ်ကြီး ဒီအရွက်တွေက ဘယ်ဈေးလဲ။

(အခြားတစ်ယောက်) တစ်ပုံကို ၈၀၀။

ဟဲ့ - နင့်ကိုမေးတာမဟုတ်ဘဲ ဘာကိစ္စဝင်ပါရသလဲ။ ဆိုင်ရှင်ဖြေလိမ့်မယ်။ နင့်အပေါက်ကို ပိတ်ထား။

(ဆိုင်ရှင်) နင့်ပုံပန်းနဲ့ တကယ်ဝယ်နိုင်မှာကြောင့် မေးနေတာလား။

အောင်မာ လူကိုများ အထင်သေးလို့ . . . 

. . . . . . . . .

. . . . . . . . .

. . . . . . . . .

 

၎င်းတို့၏ message များကို ဖတ်ပြီး ကျွန်ုပ်မှာ အတော် စိတ်ကုန်မိ၏။

၎င်းတို့သည် စင်ကာပူသို့ လာရောက်အလုပ်လုပ်နေသူများဖြစ်၍ တစုံတရာသောအဆင့်တွင် ရှိလိမ့်မည် (သို့) ရှိသင့်သည်ဟု ကျွန်ုပ်ထင်ပါသည်။ 

 

အဘယ်ကြောင့် ဤကဲ့သို့ဖြစ်ရသည် ဆိုခြင်းကိုမူကား ကျွန်ုပ် မတွေးတတ်ပါ။ ကျွန်ုပ်စိတ်ထဲတွင် တစ်ခုခုတော့ လွဲနေသလို ခံစားမိပါသည်။

 

(၃)

 

ဟိုး . . . . တလောဆီက (ယခင်) အာဏာရပါတီကြီးက ပုဂ္ဂိုလ်ကြီးများသည် လက်ကြီးများကို ဘယ်ဘက်သို့ ဆန့်သူကဆန့်၊ ညာဘက်သို့ ဆန့်သူကဆန့်ဖြင့် အလွန်ပေါချာချာနိုင်လှသည့် ပါဖောမင့်များကို လုပ်ပြလေရာ ကျွန်ုပ်မှာ အံ့ဩကုန်နိုင်ဘွယ်ပါတကား။ ထူးပေဆန်းပေလှတကား။ မဖြစ်စဖူး ထူးကဲပေစွတကား ဟု မြည်တမ်းမိလေသော ဟူသတတ်။ 

 

အသက်များသာ ၄ - ၅ - ၆၀ ဖြစ်လာသည်။ ယခုထိ ကလေးစိတ်မကုန်သေး။ အလွန်ပေါလှသည့် လုပ်ရပ်များကို လုပ်နေသူ ထိုလူကြီးများလက်ထဲသို့ ကျွန်ုပ်တို့သည် အဘယ်ကဲ့သို့နိုင်ငံ့အာဏာကို ထည့်ရပါမည်နည်း။

 

ထိုကဲ့သို့သော ပေါချာချာလုပ်ရပ်များကို ထိုပါတီကြီးမှ ထိုလူကြီးများသာ လုပ်သည်ဟု ကျွန်ုပ်ထင်ခဲ့မိ၏။

ကျွန်ုပ်ကား ကျွန်ုပ်တို့တိုင်းပြည်မှ လူကြီးဆိုသူများအပေါ် အလွန် အထင်ကြီးလွန်းလေစွ တကား။

 

ဟိုတစ်နေ့က အပြာရောင် ပါတီတစ်ခုမှ လူများသည်လည်း ထိုကဲ့သို့ပင် ပေါချာချာဖြင့် အာထရာမင်းဆန်ဆန် လက်ကြီးများထောင်လျက် ပါဖောမင့် လုပ်ပြပြန်လေရာ ကျွန်ုပ်အတွက် ထိုပါတီအား မဲမထည့်ရေး ပို သေချာသွားစေ လေတော့၏။ (နဂိုတည်းကလည်း ထည့်မယ် စဉ်းစားမထားပါဘူးနော့။)

 

အသက်ကြီးသည့်တိုင် ယခုကဲ့သို့ ပေါချာချာများလုပ်နေသူများကို မဲထည့်မည်ဆိုလျှင် သင်တို့လောက် မိုက်မဲသူ ဤလောက၌ ရှိမည်မဟုတ်တော့ချေ။

 

နောက်ပြီး သူတို့ပါတီထဲမှပင် တစ်ယောက်ကလည်း “မြန်မာနိုင်ငံတော်၏ အိမ်ဦးခန်းတွင် အောင်အတိတ်၊ အောင်နိမိတ်နှင့် အောင်တော်မူစေတီကြီးအား (.....) ဖြင့် မဟာစေတီတော်ကြီး တည်ထားကိုးကွယ် ပူဇော်ပါမည်။” တဲ့။

အင်းအင်း . . အဲသလောက် မြင့်မားလှတဲ့ ရည်မှန်းချက်ကြီးရှိသူအား မဲထည့်ကြပါကုန်လော့။ 

 

ပါတီဝင် ၆ သန်းလောက်ရှိသည်ဆိုသည့် ဟိုပါတီတစ်ခုကလည်း 'မြန်မာနိုင်ငံသားများအားလုံး တစ်နှစ်ဝင်ငွေ ကျပ် ၃၆ သိန်း၊ တစ်ရက်ဝင်ငွေ ကျပ်တစ်သောင်း ရရှိစေရမည်'၊ 'အာဏာရပါက ၅ နှစ်အတွင်း စင်ကာပူနိုင်ငံထက်သာစေရမည်'၊ 'ရွာတိုင်းကတ္တရာလမ်းခင်းပေးမည်လို့ ကြွေးကြော်တယ်ဆိုပါလား။ ဘာတဲ့၊​ သူတို့ကြွေးကြော်သံတွေကြိုက်လို့ ပါတီဝင်ခဲ့တာပါ ဆိုတဲ့သူတောင် ရှိသေး။

 

၎င်းတို့လုပ်ကိုင်၊ ပြောဆိုနေပုံများမှာ အရပ်ထဲ၌ ကလေးများ အပျော်တမ်း ကစားခုန်စားနေသည်ထက်မပိုဟု ကျွန်ုပ်ကတော့ မြင်ပါသည်။

အနှီပုဂ္ဂိုလ်ဂျီးများမှာ မြန်မာနိုင်ငံကို အုပ်ချုပ်မင်းလုပ်ရန် ကြံစည်နေကြသူများ ဖြစ်၏။

အံ့ဩကုန်နိုင်စွတကား။

မြန်မာပြည်ကြီးအတွက် ကျွန်ုပ်မှာ အလွန်အင်မတန်လှပင် ရင်တုန်ပန်းတုန် ရှိလှချေ၏။

အဲလေ၊​ အဲသလိုလူတွေအုပ်ချုပ်ခဲ့ကြလို့လည်း မြန်မာနိုင်ငံကြီး သည်အခြေဆိုက်နေတာ ဆန်းတော့ မဆန်းလှပါ။

 

ရွေးကောက်ပွဲရက်မှာ နီးသထက် နီးလာချေပြီ။

မိတ်ဆွေများခင်ဗျား။ ရွေးကောက်ပွဲဆိုသည်မှာ မြန်မာပြည်၏ အနာဂတ်ကို ပုံဖော်ရန် အလွန်အရေးကြီးလှသည့် ကိစ္စ တစ်ခု ဖြစ်၏။ 

ဘယ်လိုလူတွေလက်ထဲကို အာဏာထည့်မည်ဆိုတာ သင်တို့ ရွေးချယ်ပိုင်ခွင့်ဖြစ်ပါသည်။

အသင်တို့ လူရွေးမမှားပါကုန်လင့်။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၅ စက်တင်ဘာလ၊ ၂၀၂၀