Tuesday, June 14, 2022

ဘေးလူအမြင်ဖြင့် ကြည့်ခြင်း

ပွဲဆူသွားသည့် “မေတ္တာရှင် (ရွှေပြည်သာ) ၏ နှလုံးသားကို ထိသောစာများ” နှင့် ပတ်သက်၍ ကျွန်ုပ်အမြင်ကို နည်းနည်းလောက် ပြောချင်ပါသည်။ ဤကဲ့သို့ ကျွန်ုပ်ပြောလိုက်ခြင်းအားဖြင့် ‘စာအုပ်ထဲမှာ သူ့စာတွေမပါလို့ သည်လို သဘောထားနိုင်တယ်။ သူရေးထားတဲ့စာတွေပါရင် ဘယ်လိုနေမလဲ’ ဟု သော်လည်းကောင်း၊ ‘လူမိုက်အားပေး လုပ်နေတယ်’ ဟုသော်လည်းကောင်း ပြောလာကြမှာ ကြိုသိနေပါ၏။

 

ကျွန်ုပ်က မေတ္တာရှင်(ရွှေပြည်သာ) ကို ကြည်ညိုလေးစား အားကျနေသူတစ်ယောက် မဟုတ်သလို မေတ္တာရှင် (ရွှေပြည်သာ) ၏ စာဖတ်ပရိသတ်လည်း မဟုတ်ပါ။ ရိုးရိုးသားသား ဝန်ခံရလျှင် သူရေးသည့်စာများကိုလည်း တစ်ပုဒ်မှ မဖတ်ဖူးခဲ့ပါ။ 

 

ဤသို့ပြောခြင်းဖြင့် မေတ္တာရှင်(ရွှေပြည်သာ) ကို အထင်မကြီးဟု ဆိုလိုရာ မရောက်ပါ။ ယခု ကျွန်ုပ်၏ ထင်မြင်ချက်ကို ပြောရာ၌ မေတ္တာရှင်(ရွှေပြည်သာ) ကို ကာကွယ်လို၍ ပြောခြင်းမဟုတ်ကြောင်း သိသာစေလို၍ ဖြစ်ပါသည်။

 

ယခု ကျွန်ုပ်က နှလုံးသားကို ထိသောစာများ စာအုပ်ထဲတွင်ပါရှိသည့် စာရေးဆရာများဘက်က သော်လည်းကောင်း၊​ ထုတ်ဝေသူဘက်က သော်လည်းကောင်း မပါဘဲ ဘေးလူ (ပွဲကြည့်ပရိသတ်) အနေနှင့် ရှုမြင် သုံးသပ်ကြည့်ပါမည်။

 

သည်ကဲ့သို့ စာအုပ်ထုတ်လိုက်ခြင်းဖြင့် တတိုင်းတပြည်လုံး သည်စာအုပ်ကို တွေ့ကြ၊ ဖတ်ကြ လိမ့်မည်ဆိုတာ မေတ္တာရှင်(ရွှေပြည်သာ) သေချာပေါက်သိပါလိမ့်မည်။ လူအများဖတ်စေချင်လို့ သည်စာအုပ်ကို ထုတ်တယ် ဆိုတာလည်း သူပြောပါသည်။ သူ ညာပြောတာမဟုတ်ဟု ကျွန်ုပ်ကတော့ ယုံပါသည်။

 

သို့ဆိုလျှင် -

သိလျက်နှင့် သည်စာတွေကို သူ ခိုးပြီး စာအုပ်ထုတ်ပါမည်လား။

(ခိုးသည်ဆိုလျှင် ခိုးပြီး လူမသိသူမသိ ဝှက်ထားရမည်မဟုတ်ပါလား။ ဟောသည်ပစ္စည်း ငါခိုးလာတယ်ဟေ့ ဟု မည်သည့် သူခိုးကမှ သူခိုးရွှေရ တပြပြ လုပ်နေမည် မထင်ပါ။)

 

အကယ်၍သာ သည်စာအုပ်ထုတ်လိုက်လျှင် သည်လို အပြောခံရလိမ့်မည်။ သည်မျှ သိက္ခာကျရလိမ့်မည်မှန်း သူသိလျှင် သည်လိုလုပ်လိမ့်မည်ဟု ကျွန်ုပ်ကတော့ မထင်ပါ။

 

သူ ဘုန်းကြီးလူထွက်ဖြစ်သည်ကို မေ့မထားသင့်ဟု ကျွန်ုပ် ထင်ပါသည်။ 

ဘုန်းကြီးဆိုသည်မှာ သူများပြင်ပြီးသားကို အသာလင့်အသင့် ထိုင်စားရတာ ဖြစ်၏။

သည့်အတွက် ဘာတွေကို ဘယ်လိုလုပ်ရမည်၊ လူတို့၏ကျင့်ဝတ်ဆိုတာဘာ၊ ဘာတွေကိုတော့ လုပ်သင့်သည်၊ ဘာတွေကို တော့ မလုပ်သင့် ဆိုသည်ကို သူ နားလည်ချင်မှ နားလည်ပါလိမ့်မည်။ ကျွန်ုပ်မသိပါ။

သူ စာတွေရေး၊ စာအုပ်တွေထုတ် ဆိုသည့်တိုင် စာအုပ်ထုတ်သည့် ကိစ္စ (ယခင်က) သူ့ဒါယကာ၊ ဒါယိကာမတွေကသာ လုပ်ပေးပါလိမ့်မည်။ လူထွက်လာပြီဆိုတော့လည်း သူကိုယ်တိုင် လိုက်လုပ်တာ ဟုတ်ချင်မှ ဟုတ်ပါမည်။ ကျွန်ုပ်မသိပါ။

 

စာရေးဆရာများထံမှ ခိုင်မာသည့် ကြိုတင်ခွင့်ပြုချက်မယူဘဲ အခြားသူများ၏ စာများကိုယူကာ စာအုပ်ထုတ်တာ သူ မှားပါသည်။ သောက်ကျိုးနည်း မှားပါသည်။ သို့တိုင် -

 

စာရေးဆရာများ၏ စာများကို မသမာသည့်စိတ်ဓာတ်ဖြင့် ခိုးယူကာ စီးပွားရှာသည်ဆိုတာ ဖြစ်နိုင်/မဖြစ်နိုင် စဉ်းစားဘို့ ကောင်းပါသည်။ 

 

ကျွန်ုပ် ကိုယ့်ပိုက်ဆံနှင့်ကိုယ် စာအုပ်များ ထုတ်ဖူးပါသည်။ ယခု “ငြမ်း” စာအုပ်ကိုလည်း ကိုယ့်ပိုက်ဆံနှင့်ကိုယ် ထုတ်ပါ သည်။ ကိုယ်ရေးထားတာလေး စာအုပ်အဖြစ် မြင်ချင်လို့သာ အရဲစွန့်ထုတ်ပါသည်။ အမြတ်ရဘို့မရဘို့ မသေချာလှပါ။ ကျွန်ုပ် စာအုပ် (၁၅) အုပ် ထွက်ပြီးပါပြီ။ သို့သော် တစ်အုပ်ကမှ ပိုက်ဆံ မြိုးမြိုးမြက်မြက် ကိုင်လိုက်ရသည် မရှိပါ။ ပိုက်ဆံလေး စွပ်ကယ်စွပ်ကယ်ရလိုက်။ ဟိုလိုလို သည်လိုလိုနှင့် ကုန်သွားလိုက်ချည်းသာ ဖြစ်၏။ ပြန်ရတာသာ မမြင်ရပေမယ့် စာအုပ်ထုတ်တော့ဖြင့် သိန်း ၂၀၊ သိန်း ၃၀ စသဖြင့် ဝုန်းကနဲ ကုန်သွားတာ ဖြစ်၏။ 

 

ကျွန်ုပ် Forklift, Excavator, Crane (၃) အုပ်ကို ပိုက်ဆံ သိန်း (၃၀) ရင်းကာ ထုတ်ထားပါသည်။ ကျွန်ုပ်ပိုက်ဆံ မဟုတ်ပါ။ ကိုနေမျိုးမောင်က ကိုင်း အဲဒီ သိန်း (၃၀) ယူထား။ ပြန်ရလာတဲ့ပိုက်ဆံတွေကို နောက်စာအုပ်တွေ ဆက်ထုတ် ဟု ဆိုကာ ရင်းပေးထားတာ ဖြစ်၏။ ၂၀၂၀ ဇူလိုင်လက သိန်း (၃၀) ရင်းထားသည့် ထိုစာအုပ် (၃) အုပ်မှ ယခုတိုင် (၈) သိန်းသာ ပြန်ရပါသေးသည်။ နောက် ဂွန်ဒိုလာစာအုပ်ကလေးထုတ်ချင်တာတောင် မထုတ်နိုင်သေး။ မည်ကဲ့သို့ ထမင်းစားပါမည်နည်း။

 

သို့မို့ကြောင့် သည်ကိစ္စတွင် သူ မသိလို့ မှားမိတာဖြစ်လိမ့်မည်ဟု ကျွန်ုပ် ထင်ပါသည်။ 

အခုလည်း သူ တော်တော် နောင်တရနေလောက်ပါပြီ။ (မြတ်ခိုင်၏အင်တာဗျူးကို ကျွန်ုပ်ကြည့်ပြီးပါပြီ။)

နာမည်လည်း အတော် ပျက်သွားပါပြီ။

သို့အတွက် ဆဲတာဆိုတာတွေ ရပ်တန်းက ရပ်ကြဘို့ မေတ္တာရပ်ခံလိုပါ၏။

 

(ကျွန်ုပ်၏ အတ္တနောမတိကိုသာ ပြောခြင်းဖြစ်ပြီး မိတ်ဆွေတို့ သဘောတူရမည်ဟု မဆိုလို။

လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါ၏။)

 

ဟိုဂန်းမသားတွေ မြန်မြန်မ thar ပေါ်ပါစေသတည်း။ 

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၄ ဇွန်လ၊ ၂၀၂၂

 






Monday, June 13, 2022

သိပ်လွမ်းတယ် အမေ














သိပ်လွမ်းတယ် အမေ -

အမေ့ရဲ့ သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါး ပြောဟန်ဆိုဟန်လေးတွေ -

အမေ့ရဲ့ ဟန်တွေပန်တွေ ဘာမှမရှိဘဲ လွတ်လွတ်လပ်လပ် ဟက်ဟက်ပက်ပက် ရီလိုက်ပုံလေးတွေ -

အမေ့ရဲ့ အားနဲ့မာန်နဲ့ လျှောက်လှမ်းသွားတဲ့ ခြေလှမ်းကျဲကြီးတွေ -

သား သိပ်လွမ်းတယ် အမေ -

အမေ့ကိုလွမ်းလေ ဟိုအာဏာရူးတွေကို ပါးချချင်လေပဲ အမေ -

 

သားတို့တိုင်းပြည်မှာလေ -

တိုက်ပုံဝတ်ပြီး လူကြီးလူကောင်းဟန်ဆောင်ထားတဲ့သူတွေက အသားကုန် ယုတ်မာနေကြတယ် အမေ -

တိုင်းပြည်ကိုချစ်လှချည်ရဲ့လို့ ဖင်ကုန်းအော်နေတဲ့သူတွေက တိုင်းပြည်ကို မီးတင်ရှို့နေကြတယ် အမေ -

တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ့်သူတွေက တိုင်းသူပြည်သားတွေရဲ့ ခေါင်းကို သေနတ်နဲ့ ချိန်ပစ်နေကြတယ် အမေ -

တရားဥပဒေ တရားဥပဒေလို့ အော်နေကြပြီး မတရားတဲ့သူတွေကို ကာကွယ်ပေးနေတဲ့ လူကြီးလူမကောင်းတွေ ရှိတယ် အမေ -

အမျိုးဘာသာသာသနာလို့ ကျုံးအော်နေပြီး ဘုရားရွှေကို ခွာနေတဲ့သူတွေ ရှိတယ်အမေ -

ရွှေရောင်မောင့်ကျက်သရေခေါင်းပေါင်းကြီးတွေပေါင်း၊ ရွှေရောင် ပါကားတိုက်ပုံကြီးတွေဝတ်၊ ရွှေရောင် ဘန်ကောက်လုံချည် အကောင်းစားကြီးတွေ ဝတ်ပြီး လမ်းဘေး ပလက်ဖောင်းပေါ်ကနေ ရွှေတိဂုံဘုရားကို ရှိခိုးနေတဲ့ စောက်ပေါကြီးတသိုက်လည်း ရှိသေးတယ် အမေ-

နိဗ္ဗာန်ရောက်ကြောင်း တရားဟောနေတဲ့သူတွေက လူသတ်သမားတွေကို အားပေးနေတဲ့သူတွေ ရှိတယ်အမေ -

အဲသဟာတွေတွေ့လေ သားတော့ ဟိုအာဏာရူးတွေကို ပါးချချင်လေပဲ အမေ -

 

၂၀၁၅ မှာ သားတို့ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ သူခိုးတွေကို ဖယ်ရှားပစ်ပြီး တိုင်းပြည်အတွက် တကယ် အလုပ်လုပ်မယ့်သူတွေကို ပုခုံးထမ်းတင်ပေးခဲ့တယ် အမေ -

အဲဒီတုန်းကလေ လွှတ်တော်ထဲကို ပင်နီတွေဝင်လာတာတွေ့တော့ သားတို့မှာလေ ဝမ်းသာလွန်းလို့ မျက်ရည်များတောင် စို့မိပါတယ် အမေ -

ဒါပေမယ့် လွှတ်တော်ဆိုတာတောင် လွတ်လွတ်လပ်လပ်လွှတ်တော်မဟုတ်၊ ဘယ်သူကမှ ရွေးတာမဟုတ်ဘဲ လွှတ်တော်ထဲကို အတင်းအဓမ္မ ဇွတ်ဝင်ထိုင်နေပြီး အကုန်လုံးထ ကန့်ကွက်လိုက်၊ ပေါက်တတ်ကရတွေ ပြောလိုက် လုပ်နေတဲ့ ခွားသဒေါင်းဇေးတွေကို မြင်ရတိုင်း -

သားတော့ အဒီအာဏာရူးတွေကို ပါးချည်း လှိမ့်ချချင်တော့တာပဲ အမေ -

 

ဒါတင်ဘယ်ကအုံးမလဲ အမေ -

ကိုယ့်တစ်နေရာစာလေး လက်လွတ်သွားမှာစိုးလို့ ဘာမှ သောက်ဖြစ်မရှိတဲ့သူတွေကို လက်ကလေးတွေ ယှက်ပြီး ဘုရားထူးနေကြတဲ့သူတွေလည်း ရှိသေးတယ် အမေ -

ကိုယ့်ရာထူးလေး တည်မြဲဘို့အတွက် စစ်အာဏာရူးတွေကို တိုက်ထုတ်နေတဲ့သူတွေကို အလုပ်ဖြုတ်စာတွေ ထုတ်လိုထုတ်၊ တရားမဝင်တဲ့ ချေးငွေတွေ ပြန်ဆပ်လိုဆပ်ခိုင်း စသဖြင့် မတရားသဖြင့် လုပ်နေတဲ့ သား မိတ်ဆွေတွေ လည်း ရှိသေးတယ် အမေ -

သားလေ - သူတို့ကို ဒီဘဝတင်သာမကဘဲ သံသရာအဆက်ဆက် မိတ်ဆွေအဖြစ်ကနေ အပြီးတိုင် ရပ်စဲလိုက်ပါတယ် အမေ - 

တစ်နည်းအားဖြင့် သူတို့ဟာ တိုင်းပြည်ရဲ့ သစ္စာဖောက် လောက်ကောင်တွေပါ အမေ -

အဲဒီလောက်ကောင်တွေသာ မရှိရင် သားတို့နိုင်တာ ကြာပေါ့ အမေ - 

အဲဒီအတွက်လည်း အဲဒီ လောက်ကောင်တွေကို သားကတော့ ရင်ထဲ အသည်းထဲ နှလုံးထဲ ကျောက်ကပ်ထဲ ရိုးတွင်းချင်ဆီထဲကနေ မုန်းပါတယ် အမေ -

 

ဒါပေမယ့် အမေ -

သားတို့ဟာ အမေ့သားတွေပါ -

သေနတ်ရှိတိုင်း ထင်ရာကျဲလို့ရမယ်လို့ ထင်နေတဲ့ $$$ရူးတွေကို သားတို့ဟာ မြန်မာ့မြေပေါ်ကနေ အပြီးတိုင် ဆေးချဘို့ တစ်ကမ္ဘာလုံးက မြန်မာတိုင်း ဝိုင်းဝန်းနေလိုက်ကြတာ မြန်မာ့သမိုင်းမှာ တစ်ခါမှတောင် မကြုံခဲ့ဖူးပါဘူး အမေ -

တစ်ရွာလုံး ပြာကျသွားတဲ့ကြားထဲက အာဏာရူးတွေကို တိုက်ထုတ်နေတဲ့ မြန်မာ့သားကောင်းလေးတွေကို နားကပ်တွေ ချွတ်လှူကြတာ သားတို့မြန်မာပြည်သားတွေပါ အမေ -

သားတို့စုပေါင်းအားနဲ့ အဲဒီ စစ်ခွေးတွေကို နိုင်ကိုနိုင်ရမယ် အမေ -

သားတို့ အောင်ပွဲကို လှမ်းမြင်နေရပါပြီ အမေ -

အနာဂတ်မှာ သားတို့ဟာ ဘယ်ခွေးသူခိုးမှ မရှိတဲ့ နိုင်ငံတော်သစ်ကြီးကို လှလှပပ ထူထောင်ကြမယ် အမေ -

 

သားတို့ မြန်မာပြည်သားစစ်စစ်တွေရဲ့ ရင်ထဲ အသည်းထဲ နှလုံးထဲမှာ အမေရှိတယ် -

 

ပန်းတွေပန်ထားတဲ့ အမေ 

အပြုံးတွေနဲ့ ပြန်လာမယ့်နေ့ကို 

သားတို့ ကြိုနေမယ်

 

<<အမေ့မွေးနေ့ အကြိုအတွက် ရင်ထဲက စကား>>

 

အေးငြိမ်း

၁၃ ဇွန်လ၊ ၂၀၂၂

Saturday, June 11, 2022

ကျွန်ုပ်၏ ‘ငြမ်း’ နှင့် လှည်းခ ငါးကျပ် အကြောင်း

ကျွန်တော်ခပ်ငယ်ငယ် တောမှာနေစဉ်က “ဖရုံသီးတစ်ရာ တစ်မတ်၊ လှည်းခ ငါးကျပ်” ဟု အရီးတို့ ဦးကြီးတို့ ပြောတာ ကြားဖူးခဲ့ရ၏။ အရွယ်ငယ်သေးတော့ ဘာကိုဆိုလိုမှန်းမသိ။ အခုကျမှ လက်တွေ့မျက်မြင် သဘောပေါက် သိနားလည် ရတော့၏။ 

 

၂၀၀၇ ခုနှစ်လောက်က ကျွန်တော် အရေးကြီးသော စာတစ်စောင် အင်္ဂလန်ကို ပို့ဖူး၏။ စာမှာ သာမန်စာအိတ်တစ်အိတ် ပင်ဖြစ်၏။ DHL ဖြင့်ပို့ရာ ပို့ခ စင်းဒေါ်လာ ၅၀ ပေးရ၏။ စာ၏တန်ဘိုးမှာ ၁၀ တောင်မှ မတန်ပါ။

 

အလားတူပင် ကျွန်တော် စာအုပ်များ Amazon မှ ဝယ်ဖူး၏။ တစ်ပတ်နွမ်းစာအုပ်များမှာ အမေရိကန်ဒေါ်လာ ၁၅ ကျပ် ၂၀ လောက်သာ ပေးရ၏။ သို့သော် ပို့ခမှာမူ အမေရိကန်ဒေါ်လာ ၃၅ ကျပ် ၄၀ လောက်ပေးရ၏။ 

 

ဤသည်ပင်လျှင် “ဖရုံသီးတစ်ရာ တစ်မတ်၊ လှည်းခ ငါးကျပ်” မဟုတ်ပါလော။ အခြား အလားတူ စကားပုံတစ်ခုမှာ “ဆင်ဖိုးထက် ချွန်းဖိုးကြီး”၊ “တန်ဖိုးထက် လက်ခကြီး” စသည်တို့ဖြစ်၏။

 

ပုံနှိပ်ပစ္စည်းများကို ဒေါ်လှနှင့်ဝယ်ရလေရာ ဒေါ်လှဈေးတက်လေ ပုံနှိပ်ခ တက်လေ ဖြစ်၏။ သို့မို့ကြောင့် ယခု ပုံနှိပ်ခမှာ ယခင်က စာအုပ်တန်ဘိုးလောက် ဖြစ်နေလေ၏။ စာအုပ်ပုံနှိပ်တော့ ဆရာမျိုးက စာအုပ်တန်ဘိုး ကို ‘၅၀၀၀’ လုပ်ချင်၏။ ကျွန်ုပ်က စာဖတ်သူများကို အားနာ၍ ‘၄၀၀၀’ ပဲ လုပ်ပါဗျာ ဟု ပြောလိုက်၏။ 

 

ကနေ့ည “ငြမ်း” စာအုပ် ဖြန့်ချိရေးနှင့်ပတ်သက်၍ Zoom meeting လုပ်ကြ၏။ သည်တော့မှ သူတို့ မြေပြင်အခက်အခဲ များကို သိရလေ၏။ အထူးသဖြင့် ဖြန့်ချီရေးပိုင်းမှ ကုန်ကျစရိတ်များ ဖြစ်၏။ နယ်ဘက်များသို့ ပို့ရသည့်အခါ တခါတလေ ပို့ခက စာအုပ်တန်ဘိုးထက် များနေတတ်၏။ ထိုအခါ စာဖတ်သူများမှာ အောင့်သီးအောင့်သက်ဖြင့် “ငင့် - စာအုပ် တောင်မှ အဲသလောက် မတန်တာ၊ ဘာကိစ္စငါတို့က သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကို လုပ်ကျွေးနေရမှာတုံး။ မဝယ်ဘူးခွာ” ဟု တင်းခံလေတော့၏။ သို့အတွက် ဆရာမတစ်ယောက်က သူ့စာအုပ်ကို တန်ဘိုးမြှင့်လျက် ဖရီးဒလစ်ဘရီ လုပ်လေ၏။ ထိုအခါ စာဖတ်သူများမှာ စာအုပ်တန်ဘိုးကို ဈေးကြီး သည့်တိုင် ကျေကျေနပ်နပ် ပေးဝယ်ကြသည် ဆို၏။ ထိုအခါကျမှ ကျွန်ုပ်လည်း ကျွန်ုပ်၏ သံမဏိခေါင်းကို ရာဘာခေါင်း ပြန်ပြောင်းရလေ၏။ 

 

သို့နှင့် သူတို့က စာအုပ်တန်ဘိုးကို ၆၀၀၀ လုပ်ချင်ပါသည့်ဆိုတော့ ကျွန်ုပ်မှာ ဘာမှ မဆိုသာတော့ဘဲ သဘောတူလိုက် ရတော့၏။ စာအုပ်များ ထုပ်ပိုး၊ စတစ်ကာမှာ၊ ကပ် စသဖြင့် စီစဉ်ရမှာဖြစ်သဖြင့် ဆယ်ရက်လောက် အချိန်ယူရမည် ဆို၏။ ဆိုတော့ စာအုပ်များကို ၂၇၊ ၂၈ လောက်တွင် စဖြန့်မည်။ စာဖတ်သူများ လက်ထဲကို လကုန်လောက် ရောက်မည် ဆို၏။ 

 

စင်ကာပူသို့ သယ်လာမည့်စာအုပ်များကိုမူ သယ်ခသိပြီးမှ ပြောလို့ဖြစ်ပါမည်။ စင်ကာပူသို့ စာအုပ်များ တစ်ပတ်အတွင်း ရောက်လာပါလိမ့်မည်။ 

 

ငြမ်းစာအုပ် မှာယူရန် ပုံစံ

 

https://docs.google.com/forms/d/e/1FAIpQLSdGGJXwlOOTMb87L_etOiA-v9sooEBKR9NZUE9Ffo68iINxLw/viewform



အားပေးသူအပေါင်းကို ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၀ ဇွန်လ၊ ၂၀၂၂

Tuesday, June 7, 2022

အိမ်အကူလုပ်သားများအတွက် ဖတ်စရာမှတ်စရာ လေ့လာစရာ စာအုပ်ငယ်များ

ရွှေ့ပြောင်းအိမ်အကူလုပ်သားများအတွက် လမ်းညွှန်


https://www.mom.gov.sg/-/media/mom/documents/publications/guides/mdw-handy-guide-english-burmese.pdf

 

အိမ်အကူလုပ်သားများအတွက် အန္တရာယ်ကင်းရေး လမ်းညွှန်


https://www.mom.gov.sg/-/media/mom/documents/publications/guides/safety-guidelines-for-mdws-dos-and-donts-english-burmese.pdf

 

သင့်စိတ်ကျန်းမာရေး ပိုမိုကောင်းမွန်လာစေရန် လမ်းညွှန်


https://www.mom.gov.sg/-/media/mom/documents/publications/mdw-and-employer-guide-to-enhancing-mental-well-being/a-guide-to-enhancing-your-mdw-mental-well-being-burmese.pdf

 

ငွေကြေးစီမံခန့်ခွဲမှု လမ်းညွှန်


https://www.mom.gov.sg/-/media/mom/documents/publications/fdw-money-management-guide/fdw-money-management-guide-burmese.pdf

 

အင်တာနက်ဖြင့် ငွေလွှဲလိုသူများအတွက် လမ်းညွှန်


https://www.mom.gov.sg/-/media/mom/documents/covid-19/posters/guide-to-sending-money-home-safely-e-remittance-burmese.pdf

 

Inform No. 27

https://www.mom.gov.sg/-/media/mom/documents/publications/inform/inform-issue-27-burmese.pdf




Sunday, June 5, 2022

ရွှေ့ပြောင်းအလုပ်သမားများအတွက် လမ်းညွှန်

အလုပ်သမားများ သိသင့်သိထိုက်သည်များကို ဤစာအုပ်ငယ်တွင် ဖတ်ရှု လေ့လာနိုင်ပါသည်။

 

မြန်မာဘာသာဖြင့်

https://www.mom.gov.sg/-/media/mom/documents/publications/mw-guides/mw-handy-guide-burmese.pdf

 

အင်္ဂလိပ်ဘာသာဖြင့်

https://www.mom.gov.sg/-/media/mom/documents/publications/mw-guides/mw-handy-guide-english.pdf

 

 

သင့်စိတ်ကျန်းမာရေး ပိုမိုကောင်းမွန်လာစေရန် လမ်းညွှန် (အိမ်အကူများအတွက်)

 

https://www.mom.gov.sg/-/media/mom/documents/publications/mdw-and-employer-guide-to-enhancing-mental-well-being/a-guide-to-enhancing-your-mdw-mental-well-being-burmese.pdf

 




အလုပ်သမားဆီက ပိုက်ဆံတောင်းလို့မရ/လခထဲက ဖြတ်လို့မရတဲ့ဟာတွေ

အလုပ်ရှင်တွေဟာ အလုပ်သမားတွေဆီကနေ ဟောသဟာတွေအတွက် လခထဲက ဖြတ်လို့မရ/ ပိုက်ဆံတောင်းလို့ မရပါဘူး။

 

၁။ မင်းကို ငါတို့ကုမ္ပဏီမှာ အလုပ်ခန့်ရလို့ ဆိုတဲ့ အကြောင်းပြချက်။ ကုမ္ပဏီဟာ အေးဂျင့်မဟုတ်လို့ အလုပ်သမားကို တိုက်ရိုက် အလုပ်ခန့်ခြင်းအတွက် အေးဂျင့်ခ တောင်းယူလို့မရပါဘူး။

 

၂။ အလုပ်သမားတစ်ယောက်အတွက် ကုမ္ပဏီက စင်ကာပူဒေါ်လာ ၅၀၀၀ တန် Security Deposit ဝယ်ရပါတယ်။ အဲဒါကုမ္ပဏီက ဝယ်ရတာပါ။ အလုပ်သမားနဲ့ မဆိုင်ပါဘူး။ အဲဒီအတွက် Security Deposit ဘိုးဆိုပြီး အလုပ်သမား လခထဲက ဖြတ်လို့မရ/ ပိုက်ဆံတောင်းလို့ မရပါဘူး။

 

၃။ အလုပ်သမားတစ်ယောက်အတွက် ကုမ္ပဏီက တစ်နှစ်ကို စင်ကာပူဒေါ်လာ ၁၅၀၀၀ တန် ဆေးအာမခံ ဝယ်ရပါတယ်။ အဲဒါကုမ္ပဏီက ဝယ်ရတာပါ။ အလုပ်သမားနဲ့ မဆိုင်ပါဘူး။ အဲဒီအတွက် ဆေးအာမခံဘိုးဆိုပြီး အလုပ်သမား လခထဲက ဖြတ်လို့မရ/ ပိုက်ဆံတောင်းလို့ မရပါဘူး။

 

၄။ ဖျားတာ၊ နာတာ၊ ဗိုက်နာတာ၊ ခေါင်းကိုက်တာတွေအတွက် ဆေးကုသစရိတ်ကို အလုပ်ရှင်က ပေးရပါတယ်။ (နံပါတ် (၃) မှာ ဖော်ပြထားတဲ့ ဆေးအာမခံထဲက) တစ်သောင်းခွဲထက်ကျော်သွားရင်တော့ ပိုတဲ့ပိုက်ဆံကို အလုပ်ရှင်/ အလုပ်သမား မျှဝေကျခံရပါတယ်။ ဘယ်လောက်မျှဝေကျခံမယ်ဆိုတာကို စာချုပ်ထဲမှာ ထည့်ရေးလေ့ရှိပါတယ်။

 

၅။ ဝပ်ပါမစ် သက်တမ်းတိုးဘို့ဆိုပြီး အလုပ်ရှင်ဟာ အလုပ်သမား လခထဲက ဖြတ်လို့မရ/ ပိုက်ဆံတောင်းလို့ မရပါဘူး။ အဲသဟာ ကုမ္ပဏီက လုပ်ပေးရမှာပါ။

 

၆။ အစိုးရက စီစဉ်ပေးတဲ့ မဖြစ်မနေတက်ရတဲ့ သင်တန်းတွေအတွက် သင်တန်းကြေးကို ကုမ္ပဏီက ပေးရပါတယ်။ အလုပ်သမား လခထဲက ဖြတ်လို့မရ/ ပိုက်ဆံတောင်းလို့ မရပါဘူး။ ဒါပေမယ့် Safety သင်တန်းမှာ ကျလို့ ပြန်တက် ရရင်တော့ ကုမ္ပဏီတွေက ပိုက်ဆံထပ်မပေးတော့ပဲ ကိုယ့်ဘာသာ ပေးရတတ်ပါတယ်။ တချို့ သဘောကောင်းတဲ့ ကုမ္ပဏီတွေကတော့ သင်တန်းကြေး ထပ်ပေးတတ်ပါတယ်။ 

 

၇။ အလုပ်သမားအတွက် အစိုးရကို လဲဗီး (levy) ကြေးဆိုပြီး ကုမ္ပဏီက ပေးရပါတယ်။ အဲဒါ ဥပဒေအရ ကုမ္ပဏီက ပေးရတာဖြစ်လို့ အလုပ်သမားလခထဲက ဖြတ်လို့မရ/ ပိုက်ဆံတောင်းလို့ မရပါဘူး။

 

၈။ တကယ်လို့ ကုမ္ပဏီမှာဆက်မလုပ်တော့ဘူး၊ မြန်မာပြည်ကို အပြီးပြန်တော့မယ်ဆိုရင် လေယာဉ်လက်မှတ်ခကို အလုပ်ရှင်က ပေးရပါတယ်။ အလုပ်သမားလခထဲက မနှုတ်ရပါဘူး။

 

၉။ မင်းတို့ဆီမှာ ပိုက်ဆံတွေထားရင် ကုန်လိမ့်မယ်။ ငါတို့စုပေးထားမယ်ဆိုပြီး အလုပ်သမားရဲ့ သဘောဆန္ဒမပါဘဲ ကုမ္ပဏီက အတင်းအကြပ် စုခိုင်းလို့မရပါဘူး။ 

 

တချို့ကုမ္ပဏီတွေက အိမ်ခန်းလခ ဖြတ်ပြီး တချို့ကုမ္ပဏီတွေက မဖြတ်ပါဘူး။ အိမ်ခန်းလခ တချို့တဝက်ကို ကုမ္ပဏီက ဖြတ်ပိုင်ခွင့်ရှိပါတယ်။

 

တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်း (PPE) တွေကို ကုမ္ပဏီက ပံ့ပိုးပေးရပါတယ်။ PPE ဝယ်ဘို့ဆိုပြီး အလုပ်သမား လခထဲက ဖြတ်လို့မရ/ ပိုက်ဆံတောင်းလို့ မရပါဘူး။ (တချို့ကုမ္ပဏီတွေ ဖြတ်နေကြတာတွေ ရှိပါတယ်။ အဲသလို လုပ်ခွင့်မရှိပါဘူး။)

 

တကယ်လို့ အလုပ်ရှင်နဲ့ အလုပ်သမားအကြား ပြဿနာတက်ရင် (၃) နေရာမှာ အကူအညီတောင်းလို့ ရပါတယ်။

 

၁။ MOM (Ministry of Manpower)

ဖုန်းနံပါတ် - ၆၄၃၈ ၅၁၂၂

လိပ်စာ - ၁၅၀၀၊ ဘန်ဒါမီယာလမ်း (1500, Bendemeer Road)

 

၂။ TADM (Triparite Alliance for Dispute Management)

Website link: https://www.tal.sg/tadm

TADM က MOM ရဲ့ တတိယထပ်မှာ ရှိပါတယ်။

 

၃။ MWC (Migrant Worker Centre)

FB Link: https://www.facebook.com/mwcsg

ဖုန်းနံပါတ် - ၆၅၃၆ ၂၆၉၂

လိပ်စာ - 579, Serangoon Road

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၅ ဇွန်၊ ၂၀၂၂

Friday, June 3, 2022

ကိုဗစ်ကာကွယ်ဆေးထိုးမှတ်တမ်းကို ပြန်လည် ရှာဖွေ သိမ်းဆည်းခြင်း (စင်ကာပူ)

ကိုဗစ်ကာကွယ်ဆေးထိုးမှတ်တမ်းကို Soft copy (ဖုန်းထဲတွင် pdf ဖြင့်) သို့မဟုတ် hard copy (စာရွက်ဖြင့်) သိမ်းဆည်းနိုင်၏။

 

အချို့မှာ ကာကွယ်ဆေးထိုးစဉ်က မှတ်တမ်းစာရွက်ကို မည်သည့်နေရာတွင် သိမ်းမိမှန်းမသိ၍ ဒွတ်ခများလျက်ရှိ၏။ သို့မို့ကြောင့် ကျွန်ုပ်က မိမိတို့ ကိုဗစ် ကာကွယ်ဆေးထိုးမှတ်တမ်းကို မည်ကဲ့သို့ ပြန်လည် ရယူနိုင်သည်ကို ပြန်လည် မျှဝေလိုက်ရပါကြောင်း . . . 

 

ကိုဗစ် ကာကွယ်ဆေးထိုးမှတ်တမ်းကို နှစ်နေရာမှ ထုတ်ယူနိုင်၏။ 

 

ပထမတစ်ခုမှာ Trace Together Apps မှ ဖြစ်၏။ 

Trace Together Apps တွင် Vaccination status ပါ၏။

၎င်းကို နှိပ်လိုက်ပါ။

အောက်တွင် လုပ်ပုံလုပ်နည်း အဆင့်ဆင့် ပြထားပါသည်။




သို့သော် ခရီးသွားမည့်သူများအတွက် လက်မှတ်ကို Notarise website မှ ထုတ်ယူရပါမည်။

 

နောက်တစ်ခုမှာ Notarise Website မှ ဖြစ်၏။ Notarise Website ကို အောက်ပါ link မှ သွားပါ။ အောက်တွင် လုပ်ပုံလုပ်နည်း အဆင့်ဆင့် ပြထားပါသည်။

 

https://www.notarise.gov.sg










ကျေးဇူးတင်ပါသည်။


အေးငြိမ်း

၃ ဇွန်လ၊ ၂၀၂၂