Monday, April 22, 2019

ကျွန်ုပ် ရီလည်းရီ၍ ငိုလည်းငိုရခြင်းအကြောင်း


(၁) အင်းလျားကန်ဘောင်မှ ပုသိမ်ထီးတစ်လက်၏ ရာဇဝင်

သင်္ကြန်ကာလက အင်းလျားကန်ဘောင်တွင် ပုသိမ်ထီးများ တက်ဖြုတ်သည့်သတင်းကို ဖတ်လိုက်ရပြီး ဖေ့စ်ဘုတ်တွင် တောသား၊ မြို့သား အငြင်းပွားပွဲကြီးကို တွေ့ရသည့်အခါ ကျွန်ုပ်မှာ ရီလည်းရီချင်၍ ငိုလည်းငိုချင်မိလေ၏။

ရီချင်ရခြင်းအကြောင်းမှာ ကျွန်ုပ်၏မိတ်ဆွေကောင်းများကိုကြည့်၍ စိတ်မသက်မသာဖြစ်မိသောကြောင့် ဖြစ်၏။ ကျွန်ုပ်၏ မိတ်ဆွေကောင်းများသည် ပစ်လိုက်သောခဲလုံးကိုသာမြင်ပြီး မည်သူပစ်သည်ဟူသည့် လက်သည်ကို မမြင်ကြခြင်းကား အံ့သြဘွယ် ကောင်းလေစွ။

ငိုချင်ရခြင်းအကြောင်းကား ဘာမဟုတ်သည့် ပုသိမ်ထီးတက်ဖြုတ်သူ ၃၀ ကို ဖမ်းဆီးအရေးယူသည် ဆိုသည့်သတင်းကို ဖတ်ရသည့်အတွက် ဖြစ်၏။ ကျွန်ုပ်တို့ အလွန်အားကိုးရသော ကိုလှရွှေတို့မှာ ပုသိမ်ထီးတက်ဖြုတ်သူများကို အရေအတွက် အတိအကျဖမ်းနိုင်စွမ်းရှိခြင်းအတွက် ကျွန်ုပ်မှာ ချီးမကျူးဘဲ မနေနိုင်ဖြစ်လေ၏။ သို့သော်လည်း လေးလောင်းပြိုင်၊ ငါးလောင်းပြိုင် တို့၏ လက်သည်၊ ဘယဆေးဥယျာဉ်ထဲတွင် ပျောက်ချင်းမလှ ပျောက်သွားသူ၊ ခြံဝင်းထဲတွင်ဖမ်းမိသော ဘီလျံနှင့်ချီတန်သည့် မူးယစ်ဆေးကား၏ လက်သည်များ ပျောက်နေခြင်းအတွက်မူ ကျွန်ုပ်မှာ ထိုကိုလှရွှေတို့ကို အင်းလျားကန်ဘောင်တွင် တန်းစီကာ ဖနောင့်နှင့်ပေါက်ချင်မိလေ၏။ 

ပုသိမ်ထီးတက်ဖြုတ်တာကို ကျွန်ုပ်ကတော့ ထူးဆန်းသည့်အဖြစ်ဟု မမြင်မိပါ။ ဤသည့်ဖြစ်ရပ်မှာ ကျွန်ုပ်တို့နိုင်ငံတွင် ဖြစ်နေကျ ဖြစ်ရပ်များထဲမှ တစ်ခုသာ ဖြစ်ပါသည်။

ယခု ကျွန်ုပ် မာလင် (Marlin) ဟူသော ရုပ်ရှင်ဇာတ်လမ်းတွဲကို ကြည့်နေပါသည်။ မှော်ကားဖြစ်၏။ သို့သော် ဇာတ်လမ်းဆင်ပုံလေး တွေမှာ ချစ်စရာကောင်းသဖြင့် တစ်ညလျှင် တစ်ကား သို့မဟုတ် နှစ်ကား (နောက်နေ့အလုပ်မရှိသည့်အခါများတွင် ညလုံးပေါက်) ကြည့်ဖြစ်၏။ ဇာတ်လမ်းတွဲတစ်ခုလျှင် မိနစ် ၄၀ ခန့်ကြာပါသည်။ ထိုကားထဲတွင် မှော် သို့မဟုတ် မှင်စာလေးတစ်ကောင်ကောင်က လူတစ်ဦး၏ ခန္ဓာကိုယ်အတွင်း ဝင်ပူးသည့်အခါ ထိုသူသည် မူလသဘာဝမှ ကင်းပျောက်ကာ မှင်စာလေး စေစားသမျှ လိုက်လုပ် နေရလေတော့၏။

ကျွန်ုပ်တို့ပြည်သူပြည်သားများမှာလည်း အထက်ပါ မှင်စာဝင်စားခံရသည့် သူများကဲ့သို့ပင် ဖြစ်လေ၏။

မကောင်းဆိုးဝါးများက ကျွန်ုပ်တို့တိုင်းသူပြည်သားများကို မှင်စာထည့်သွားခဲ့သည်မှာ ၁၉၆၂ ကတည်းက ဖြစ်၏။ ပထမ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဆိုသည့် ဝါဒဆိုးကြီးဖြင့် အတင်းအဓမ္မမှိုင်းတိုက်ကာ ထည့်၏။ ၁၉၈၈ နှစ်ပြီး နောက်ပိုင်းတွင်မူ နောက်လာသည့် မောင်ပုလဲ၊ ဒိုင်းဝန်ထက်ကဲဆိုသည့် မြန်မာစကားပုံအတိုင်း ကျွန်ုပ်တို့မှာ နောက်ဘုန်းကြီး နှစ်ချက်ခေါက်သည့် ဒဏ်ကို ခံခဲ့ရ၏။

ဦးနေဝင်းတည်းဟူသော မိစ္ဆာက ကျွန်ုပ်တို့ကို မှိုင်းတိုက်ရုံသာ တိုက်သွားပြီး မြေပေါ်မြေအောက် သယံဇာတများကို ဘာမှ ခိုးမသွား။ (ထင်တာပြောတာသာဖြစ်ပြီး သိပ်မသေချာလှပါ။) သို့သော် သရဲကြီးတော့ သဘက်ဟူသည့် စကားကဲ့သို့ နောက်တက်လာသည့် မကောင်းဆိုးရွားများမှာ ယခင်က မိစ္ဆာထက် အဆ ၃၀၀၀ လောက် ဆိုးလေ၏။

တိုင်းပြည်ကြီး ချောက်ထဲကျခါနီး လက်နှစ်လုံးလောက်အလိုတွင်ကပ်ခါ ကယ်တင်ခဲ့ရသော အနှီကယ်တင်ရှင်ကြီးများကား ယခင်က သရဲထက် အဆပေါင်းများစွာ ပိုဆိုး၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကျွန်ုပ်တို့ကို မှိုင်းလည်းတိုက်၏။ ကျေးဇူးရှင်ကြီးများဟု အထင်ခံရအောင်လည်း အတင်းအဓမ္မ လုပ်၏။ (ကျွန်ုပ်သည်ပင် ဝန်ထမ်းဘဝက အနှီကျေးဇူးရှင်ကြီးများ ထဲမှ တစ်ဦးကို ဖင်ဘူးဒေါင်းထောင်ကာ ရှိခိုးခဲ့ရပေလေသေး၏။ မဆိုးပါလားခင်ဗျာ)  

အနှီသဘက်ကြီးများကား နိုင်ငံအုပ်ချုပ်သူများ၏ နေရာကိုရခြင်းမှာ ၎င်းတို့၏ ရှေးဘဝေဘဝက ပြုခဲ့သော ကောင်းမှုကံများ အကျိုးပေးခြင်းဖြစ်သည်ဟု ယူဆကာ သည်တိုင်းပြည်တွင် ငါတို့လောက်တော်တာတတ်တာ ဘယ်သောက်ကမြင်းမသား တစ်ယောက်ကမှ မရှိဟု သွေးနထင်ရောက်လေတော့၏။ (၎င်းတို့အထဲမှ တစ်ယောက်မှာမူ ၎င်းတတ်ကြောင်း မပြောရမနေနိုင် ဖြစ်ခါ မြန်မာပြည်မှာ ငါ့လောက်တတ်တာ တစ်ယောက်မှမရှိဘူးဟု ထုတ်ဖော်ပြောရသည့်တိုင် ဖြစ်လေ၏။)

ထိုအခါတွင် နဂိုကမှ ချွတ်ချုံကျနေရသည့် မြန်မာပြည်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး ရှိသမျှ အရေးများကို အစွမ်းရှိသမျှ အကုန်ဖျက်ဆီးပစ်လေတော့၏။ နဂိုကမှ တည်းတည်းကလေးကျန်နေရသည့် ကျွန်ုပ်တို့ တိုင်းသူပြည်သားများ၏ ကိုယ်ကျင့်သိက္ခာ၊ အတွေးအခေါ်၊ အယူအဆ၊ ကိုယ်ချင်းစာတရား၊ ဗြဟ္မစိုရ်တရားတို့မှာ ၎င်းတို့၏ လက်သံပြောင်မှုဖြင့် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လေတော့သတည်း။ သစ္စာ၊ မေတ္တာဟူသည်မှာ ရွှေမန်းသဘင် လောက်သာ ကျန်သည်ထိ ဖြစ်လေတော့၏။

ဤသည်မှာ ကန်ဘောင်ပေါ်က ပုသိမ်ထီးများ တက်ဖြုတ်ရခြင်း၏ အဓိကလက်သည် တရားခံများအကြောင်းဖြစ်လေသည်။
ရာစုနှစ်တစ်ဝက်မျှ အချိန်ယူကာ ဖျက်ဆီးခဲ့သဖြင့် တစ်နိုင်ငံလုံး အလုံးစုံပျက်စီးသွားသည့် အခြေအနေကို ပြန်လည် အဖတ်ဆည်ဘို့ရာမှာ သုံးလေးနှစ်မျှနှင့် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်။ မိုးပေါ်က ကိုမာဃပင်လျှင် မတတ်နိုင်သည့် အခြေအနေ ဖြစ်၏။ ယဉ်ကျေးသော၊ ကိုယ်ကျင့်တရားကောင်းမွန်သော၊ စိတ်ဓာတ်နှင့် လူနေမှုအဆင့်အတန်း မြင့်မားသော၊ ဗြဟ္မစိုရ်တရား ထွန်းကားသည့် လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာအောင် အနှစ် ၃၀ မျှ အချိန်ယူပြီး ပြန်လည်တည်ဆောက်ယူရမည်ဟု ကျွန်ုပ်ဆိုလျှင် အသင်တို့ ငြင်းပါမည်လော။

၎င်းတို့က ကျွန်ုပ်တို့မျက်နှာကို အိုးမဲသုတ်ပေးထားသည်ဖြစ်ရာ ကျွန်ုပ်တို့မှာ နင်တို့ စောင်ခလေးတွေ တစ်ကောင်မှ သောက်သုံးမကျဘူး၊ ဘွဲ့သာရလာတယ် ဘာတတ်သလဲ ဟုလည်းကောင်း၊ နင်တို့ မြန်မာနိုင်ငံကလူတွေကို စည်းကမ်းမရှိဘူး။ အဲဒီထီးတက်ဖြုတ်တဲ့ကောင်တွေကို ကြည့်လိုက်အုံး၊ ဘယ်ကကောင်တွေလဲဆိုတာ၊ အခု ရွှေပြည်သာ၊ လှိုင်သာယာကို ဘယ်ကကောင်တွေ ရောက်လာသလဲ ဟု လည်းကောင်း၊ မိမိတို့သည်လည်း သည်ပုပ်ထဲက သည်ပဲများသာ ဖြစ်ပါလျက် ဘိန်းစားချင်းအတူတူ တစ်လုံးပိုရှူကြလေသတည်း။

ထိုကဲ့သို့သော အကြောင်းများကြောင့် ကျွန်ုပ်မှာ မျက်ရည်သုတ်လျှက် ဟားတိုက်ရီမိသည့်အဖြစ်နှင့် ကြုံရခြင်း ဖြစ်လေသည်။


(၂) အရက်သမားယောက်ဖက ရောင်းချပေါင်နှံသွားသည့် ပစ္စည်းကို ပြန်ရွေးရန် ကြံကြခြင်း

အထက်ဖော်ပြပါ ကယ်တင်ရှင်ကြီးများကား အလွန်နှစ်ရာမှ အမြော်အမြင်ကြီးသူများ ဖြစ်ကြလေ၏။ ၎င်းတို့မှာ ဉာတကာနဉ္စ သင်္ဂဟော ဟူသည့်တရားနှင့်အညီ ဆွေ (၇) ဆက် မျိုး (၇) ဆက် ကောင်းစားရေးကို ဝီရယအပြည့်ဖြင့် နေ့မအားညမအား အားထုတ်ကြံစည် ဆောင်ရွက်ကြလေ၏။ မင်းဆိုသည်မှာ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ လေပေါ်လေအောက်၊ ရွှေတွင်းငွေတွင်း၊ ပယင်းဒုဋ္ဌာတို့၏ အရှင်သခင်ဖြစ်သည် ဟူသည့်ထုံးကို နှလုံးမူလျှက် မြန်မာပြည်တွင်ရှိသမျှ သယံဇာတများမှာ ငါတို့ယောက္ခမက ပေးထားသည့် အမွေများဖြစ်သည်ဟု သဘောပိုက်ကာ ငါတို့အာဏာသခိုက် သိမ်းကြုံးပြီး ရသမျှ အကုန်ခိုးကြစို့ရဲ့ဟု ရှေ့ရေးနောက်ရေး ဘာမှ မစဉ်းစား။ တိုင်းပြည်ကောင်းစားရေးဟု အသံကောင်းဟစ်ကာ မဖြေရှင်းနိုင်မည့် ပြဿနာကြီးများကို တက်စေသော စီမံကိန်းကြီးများကို လက်မှတ်ထိုးခဲ့ကြ၊ အကြီးအကျယ် ဗျင်းခဲ့ကြလေ၏။

လက်ပံတောင်း၊ ကျောက်ဖြူ နှင့် မြစ်ဆုံပြဿနာတို့မှာ အနှီသကောင့်သားများ ပေးခဲ့သော အမွေဆိုးများပင် ဖြစ်သတည်း။ ရှေ့ရေး နောက်ရေးဘာမှ မစဉ်းစားဘဲ ၎င်းတို့တစ်စု လုပ်ခဲ့သမျှဆိုးမွေအားလုံးကို ကျွန်ုပ်တို့ ပြည်သူအပေါင်းမှာ ခါးစည်းခံနေကြရပြီ ဖြစ်၏။ ယခုတိုင် သက်ရှိထင်ရှားရှိနေသည့် လက်သည်အပေါင်းကား သည်ပြဿနာမှာ သူတို့နှင့် လားလားမှ မဆိုင်သကဲ့သို့ ရေငုံနှုတ်ပိတ်၊ မျက်စိမှိတ်ကာ နေကြလေသတည်း။ အတော်လည်း တရားကျစရာကောင်းသည့်သူများ ဖြစ်လေသည်။

သဟာတောင် ဟိုသတင်းထောက်မကလေး မေးသည့်ဟာကို ဟိုလူကြီးက နောက်ကြောင်းမပြန်ပါနဲ့၊ နောက်ကြောင်းမပြန်နဲ့လို့ ငါပြောနေတယ် ဟု စိတ်ဆိုးမာန်ဆိုး ပြောလေသေး၏။ ဟာဟ၊ ရီစရာကောင်းလိုက်တာ။ ဘယ်နောက်ကြောင်းပြန်ရဲမတုံးခင်ဗျာ။ အာဏာရသခိုက်ကာလက မဟုတ်တာမှန်သမျှ အကုန်လုပ်ခဲ့လေတော့ ဤအရာများကို ပြန်လည်ဖော်ထုတ်မှာ သေမလောက် ကြောက်ကြလေသည်။ ကောင်းတာ၊ ဟုတ်တာ၊ မှန်တာတွေလုပ်ခဲ့လျှင် ဘာကြောက်စရာ ရှိမတုံး။ အဖြေကား ပင်လယ်ပြင်တွင် ရေနံတင်သင်္ဘောကြီးဖြတ်မောင်းသွားသကဲ့သို့ အလွန်ထင်ရှားလှလေ၏။

လက်မှတ်ထိုးခဲ့သော စာချုပ်ကို အစိုးရဖြစ်နေသူတွေကိုယ်တိုင်က မဖတ်ရသေး။ ဖတ်ခွင့်မရှိဆိုတော့ တစ်ခုခုတော့ လွဲနေသည်ဟု ကျွန်ုပ်စိတ်ထဲမှာ ခံစားမိလေသည်။ ဘာတွေဘယ်လိုရေးခဲ့မှန်းမသိခဲ့သော ဤစာချုပ်ကို ကျွန်ုပ်တို့က ရမ်းသမ်းပြီး ရွေးယူမည် ဆိုခြင်းကို ကျွန်ုပ်ကတော့ သဘောမတူပါ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စမှာ ဤမျှလောက်ရိုးစင်းလိမ့်မည်မဟုတ်သောကြောင့် ဖြစ်ပေသည်။ ဘာတွေကို ဘယ်လိုချည်ထားခဲ့သည်ဆိုသည်ကို အသင်တို့ သိပါသလော။

အရက်သမားယောက်ဖက ရောင်းချပေါင်နှံသွားသည့် ပစ္စည်းကို အပေါင်ဆိုင်ကနေ ပြန်ရွေးဘို့ဆိုသည်မှာ အလွန်လွယ်ပါသည်။ ပိုက်ဆံပေးလိုက်သည်နှင့် ပစ္စည်းပြန်ရ၏။ ကိုလိုနီခေတ်က ချစ်တီးများ ပိုက်ဆံချေးပြီး လယ်သိမ်း၊ ယာသိမ်း၊ ပစ္စည်းသိမ်းသည် ဆိုခြင်းမှာ အလွန်ရှင်းလှ၏။ လိုသည့် ပိုက်ဆံကိုသာ အကျေပေးချေနိုင်ပါက ထိုပစ္စည်းများကို အချိန်မရွေး ချက်ချင်းပြန်ရနိုင်သည်။

သို့သော် တရုတ်တို့ကို ဤမျှရိုးစင်းလိမ့်မည်ဟု အသင်ထင်ပါသလား။ ဝေးစွ။ ကမ္ဘာ့နိုင်ငံ အတော်များများကို တရုတ်တို့က စီးပွားရေးနှင့် သိမ်းပိုက်ထားပြီးဖြစ်ရာ ဘာကိုဘယ်လိုယူရမည်ဆိုသည့် မဟာဗျူဟာကို ၎င်းတို့ကောင်းစွာတတ်ကျွမ်းကြ၏။ ဆွန်ဇူးက Art of War ဆိုသည့်စာအုပ်ဖြင့် ၎င်းတို့ကို ကောင်းစွာ သင်ကြားပေးခဲ့သည်ကို မမေ့ပါလင့်။ ကိုဌေးဝင်းနိုင် ဘာသာပြန် ထားသော "ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ်" စာအုပ်ကို မိတ်ဆွေတို့ ဖတ်ကြည့်ကြစေချင်ပါသည်။

ဟို အာဖရိကမှာ ဖျက်ဆီးခံရသည့် မြန်မာ့ဆန်များကိစ္စမှာလည်း ရိုးသားလှသည်ဟု ကျွန်ုပ်ကတော့ မထင်ပါ။ ကျွန်ုပ်မှာသာ လုပ်ခွင့်ရှိလျှင် ထိုဆန်နမူနာများကို သွားယူကာ တတိယနိုင်ငံတစ်ခုခုသို့ပို့လျက် ဓာတ်ခွဲကြည့်မည် ဖြစ်၏။ ထိုအခါ အဖြေ သိရပါလိမ့်မည်။ စဖြစ်သည့်ပြဿနာမှာ ဆန်အိတ်များ ကီလိုမပြည့်ခြင်းဖြစ်သည်။ ဤသည်ကို အကြောင်းပြကာ ဟိုနိုင်ငံက လက်မခံ၊ သည်နိုင်ငံမှ လက်မခံနှင့် နောက်ဆုံး စားသုံးရန်မသင့်ဆိုကာ မြေဖို့လိုက်ကြသည်။

စားသုံးရန်မသင့်ဆိုလျှင် စစ်ဆေးထားသည့် ဓာတ်ခွဲခန်းအဖြေများကို မြန်မာနိုင်ငံအစိုးရအနေနှင့် မတောင်းသင့်ပါသလော။ အစိုးရက မစ်ရှင်အဖွဲ့တစ်ခုစေလွှတ်ကာ ထိုဆန်နမူနာများယူလျှက် ဥရောပနိုင်ငံတစ်ခုခုတွင် စမ်းသပ်စစ်ဆေးကြည့်ရန် အဘယ်ကြောင့် မလုပ်ခဲ့ပါသနည်း။ မြန်မာနိုင်ငံအစိုးရ၏ မစ်ရှင်အဖွဲ့ကို လက်မခံဆိုလျှင် အခြား စိတ်ချရသည့် Third party တစ်ဖွဲ့ဖွဲ့ကို စေလွှတ်ကာ စုံစမ်းရန်ကိုမူ လက်ကိုခံရမည် ဖြစ်၏။ အိုင်ဗရီကို့စ်က လုံးဝလက်မခံပါဆိုလျှင် ဤသည်မှာ မရိုးသားကြောင်း ဝန်ခံနေရာ ရောက်ပါသည်။ (မြေမြှုပ်ပြီးသားဆန်ဖြစ်လျှင်တောင်မှ ပြန်ဖော်ကာ စစ်ဆေးလို့ရပါသေးသည်။)

ဤအကြောင်းကို ကျွန်ုပ်တို့က ကမ္ဘာ့အလယ်တွင် ဖွင့်ချပြရမည်ဖြစ်၏။ တစ်ကမ္ဘာလုံး၏ ထောက်ခံချက်ကို ရယူဘို့ရန်မှာ အလွန် အရေးကြီးလေသည်။ ယခု ကျွန်ုပ်တို့မြန်မာဆန်များမှာ စားသုံးရန်မသင့်ဟု မြေမြှုပ်လိုက်ကြသည့်သတင်းကို တစ်ကမ္ဘာလုံးက ကြားသိသွားလေပြီ။ ဤသည်မှာ အလွန်အန္တရာယ်များလှ၏။ ဤမျှအန္တရာယ်များသည့် ဆန်ကို မည်သည့်နိုင်ငံက ဝယ်လိုပါ မည်နည်း။

ဤအကြောင်းများကို စဉ်းစားမိသည့်အခါ ကျွန်ုပ်မှာ အလွန်မသက်မသာ ဖြစ်မိလေသည်။
ကျွန်ုပ်တို့မှာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ရလျက်ရှိ၏။
ဤမျှဒုက္ခများနေရသည့်ကြားထဲ အသင်တို့သည် ပညာတတ်များဖြစ်ပါလျက်၊ စဉ်းစားဆင်ခြင်တတ်သူများလည်း ဖြစ်ပါလျက် အရမ်းရောကာရော အချင်းချင်း မဖဲ့ကြပါနှင့်။ သင်တို့သည် အရီးတို့ပြောသလို ကိုယ့်ရွာမှာတော့ ကြက်ဖ၊ သူများရွာမှာ ကြက်မ မဖြစ်ချင်ကြပါနှင့်။

သင်တို့အဖြစ်မှာ ဈေးသို့တင်ပို့တော့မည့် ကြက်ခြင်းထဲမှ ကြက်များ အချင်းချင်း ခွပ်နေသကဲ့သို့ ဖြစ်သည်။

လူအချင်းချင်း ဟဝှာပြုခြင်း ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၂ ဧပြီ ၂၀၁၉

Thursday, April 18, 2019

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ


ရှားပါး၊ အဖိုးတန်စာအုပ်တစ်အုပ် မြန်မာစာပေ အမြုတေ FB page တွင်တွေ့၍ မိတ်ဆွေများအတွက် ပြန်လည် ဝေမျှပါသည်။

https://drive.google.com/file/d/1SFz12rJy5tS32FJ4x5z51dwKK-RvYDA1/view?fbclid=IwAR2TqNnnNZ82zFqnyy9FZsbxn-JAMiUJH5CN36wsw-zNZE_1KQoIs_s34Kk


Tuesday, April 16, 2019

၁၃၈၁ ခုနှစ်အတွက် နှစ်ကူးလက်ဆောင်


(၁) မြန်မာပုံနှိပ်စာလုံးများကို ဒစ်ဂျစ်တယ်စာလုံးများအဖြစ်ပြောင်းခြင်း

ကျွန်တော် ယခင်က ပုံနှိပ်စာလုံးများကို ဒစ်ဂျစ်တယ်စာလုံးများပြောင်းသည့်အခါ free OCR software ကို သုံးပါသည်။ ချစ်စရာကောင်းသည်မှာ မည်သည့်နေရာမှ မည်သည့်စာကိုဖြစ်စေ ပြောင်းလို့ရခြင်းဖြစ်၏။ ဥပမာ - လမ်းဘေးဆိုင်းဘုတ်တွင် တွေ့ရသော စာလုံးများကို Microsoft Word ဖြင့် ပြန်ရေးချင်သည်ဆိုပါစို့။ ထိုပုံကို ဓာတ်ပုံရိုက်ပြီး free OCR ဖြင့်ပြောင်းလိုက်လျှင် MS Word format ဖြင့် ထွက်လာလိမ့်မည်။ သို့သော် သူက အင်္ဂလိပ်စာလုံးများကိုသာပြောင်းလို့ရသည်။ မြန်မာစာကိုသာ ပြောင်းလို့ရလျှင် ပိုကောင်းမည်ဟု ကျွန်တော် မကြာခဏတွေးခဲ့မိဖူးသည်။ ဤကဲ့သို့သာ ပြန်ပြောင်းလို့ရလျှင် စာအုပ်များကို စာပြန်စီလိုသည့်အခါ စာစီစာရိုက်လုပ်စရာမလိုတော့သဖြင့် များစွာ အလုပ်သက်သာသွားပေမည်။

သည်နှစ် ဧပြီလ ၉ ရက်နေ့က ဖေ့စ်ဘုတ်တွင် မြန်မာစာလုံးများအား OCR ပြောင်းနည်းကို ဦးကြည်တိုး၏ ဖေ့စ်ဘုတ်၌ ဖတ်ရလေ သည်။ အလွန်ကျေးဇူးတင်မိ၏။ နောက်ပြီး သူက ဘာ software မှ မလို။ Google account တစ်ခုသာ လို၏။ မူရင်းကို ဖတ်လိုသူ များအတွက် ဦးကြည်တိုး၏ post link ပေးလိုက်ပါသည်။

https://www.facebook.com/kyitoe60/posts/1096401450557360?comment_id=1098454857018686
လုပ်ပုံလုပ်နည်းမှာ အလွန်လွယ်ပါသည်။
ပထမ gmail account တစ်ခုရှိရပါမည်။
gmail account ရှိလျှင် 15GB အခမဲ့ store လုပ်နိုင်သော google drive တစ်ခု ရပါသည်။ ထို google drive ထဲ၌ မိမိ၏ စာအုပ်၊ စာရွက်စာတမ်းများ သိမ်းထားနိုင်ပါသည်။

OCR ပြောင်းနည်းမှာ -
၁။ မိမိပြောင်းလိုသည့် စာအုပ် သို့မဟုတ် စာမျက်နှာ၊ စာသားကို scanner ဖြင့် scan ဆွဲပါ။ scanner မရှိပါက ဓာတ်ပုံရိုက်ပါ။ ဓာတ်ပုံကို စာမျက်နှာနှင့် ထောင့်မတ်ကျကျရိုက်ပါ။ ဓာတ်ပုံကြည်လင်ပြတ်သားရပါမည်။ မှုန်ဝါးနေခြင်း၊ ရွဲ့စောင်းနေခြင်း မရှိရ။
၂။ ကွန်ပြူတာမှ gmail ကိုဖွင့်ပါ။ ထိုမှတစ်ဆင့် google drive ကို ဖွင့်ပါ။
၃။ လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကို ပုံများဖြင့် ပြထားပါသည်။

ချစ်စရာကောင်းသည်မှာ ဟိုးယခင်က ခဲစာလုံးများဖြင့်ပုံနှိပ်ထားသည့် စာအုပ်များကိုပါ ပြောင်းနိုင်ခြင်းဖြစ်ပါသည်။ ကျွန်တော် မင်းသိင်္ခ၏စာအုပ်ကို နမူနာယူကာ ပြောင်းပြထားပါသည်။

မှတ်ချက်။            ။ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးဥပဒေကို မူရင်းဖိုင်အတိုင်း ပြောင်းကြည့်တာ မရပါ။ ဖတ်မရသော အင်္ဂလိပ်စာလုံးများနှင့် ထွက်လာပါသည်။ သို့သော် ဓာတ်ပုံရိုက်ပြီးပြောင်းကြည့်တော့ ရပါသည်။

(၂) ဇော်ဂျီမှ ယူနီကုတ်၊ ယူနီကုတ်မှ ဇော်ဂျီပြောင်းနည်း

ဘာမှ မခဲယဉ်းပါ။ အင်တာနက်ဖွင့်ပါ။ အောက်ပါလင့်ကိုဖွင့်ပါ။

https://www.rabbit-converter.org/Rabbit/

ထို့နောက် ဇော်ဂျီနှင့်ရေးထားသည်ဆိုလျှင် ဇော်ဂျီအကွက်ထဲတွင်၊ ယူနီကုတ်နှင့်ရေးထားတာဆိုလျှင် ယူနီကုတ်အကွက်ထဲတွင် copy and paste လုပ်လိုက်ပါ။ အသင်တို့အလိုရှိသော ဖောင့်ကို ရပါပြီ။

(၃) pdf file များကို ခွဲခြင်း၊ တွဲခြင်း

PDF Sam ကို အောက်ပါလင့်တွင် download လုပ်၊ install လုပ်ပါ။ pdf file များကို ကြိုက်သလို ခွဲရေး၊ တွဲရေး လုပ်နိုင်ပါသည်။

https://pdfsam.org

အားလုံးအဆင်ပြေကြပါစေခင်ဗျား။

အေးငြိမ်း
၁၆ ဧပြီ၊ ၂၀၁၉












Monday, April 15, 2019

အခွင့်ထူးခံ လူတန်းစား


သည်ကနေ့ ကျွန်ုပ်တို့ စာသင်ရာနေရာသို့ နိုင်ငံတော်ဝန်ကြီး (Minister of State for Manpower and National Development) လာရောက်လေ့လာကြည့်ရှူ၏။ လိုအပ်သည်များကို မှာစားရန် မဟုတ်။ မည်သည့် အဆောင်အယောင်မှ မပါ။ မည်သူမှ တန်းစီပြီး လက်အုပ်ချီ ကြိုဆိုနေစရာမလို။ မည်သည့် အခန်းအနားကြီးများမှ ကြီးကြီးကျယ်ကျယ် လုပ်ထားတာမရှိ။ မည်သူ့ကိုမှ အမှာစကားမပြော။ အလုပ်သမားများစားသည့် နေ့လည်စာကို အလုပ်သမားများစားသည့်နေရာ၌ပင် အလုပ်သမားများနှင့်အတူ စား၏။ သူက အလုပ်သမားများနှင့်အတူ စားတာဆိုတော့ ကျွန်ုပ်တို့က ကပ်လျက်စားပွဲတွင် နေရာယူရ၏။

သူက အလုပ်သမားများကို ကျွန်ုပ်တို့ မည်ကဲ့သို့သင်နေသနည်းသိရအောင် စာသင်ခန်းထဲဝင်ထိုင်ကာ လေ့လာ၏။ စာသင်ခန်းများသို့ လှည့်လည်ကြည့်ရှု၏။ ဤသင်တန်းသည် အလုပ်သမားအတွက် မည်မျှ အကျိုးများသနည်းဆိုသည်ကို အလုပ်သမားများအား မေးမြန်း၏။ စာရွက်စာတမ်းများပြင်ဆင်ထားပုံကို ကြည့်၏။

ဝန်ကြီးမှာ သာမန်ရှပ်အင်္ကျီလက်ရှည်ကို လက်ခေါက်လျက်၊ သာမန်ဘောင်းဘီ၊ သာမန်ရှူးဖိနပ်နှင့်၊ သူလိုငါလိုပင် ဖြစ်၏။ ၎င်းကိုကြည့်ရတာ ဇော်ဝင်းထွဋ်သီချင်းကိုကြိုက်ပုံရ၏။ လမ်းသွားသည့်အခါ ဘောင်းဘီထဲလက်နှိုက်ကာ သွားလေသည်။

သူ့ကို ကြည့်ရတာ သက်တောင့်သက်သာ ရှိလှ၏။ တာဝန်ရှိသူများ၊ အလုပ်သမားများနှင့် ပေါ့ပေါ့ပါးပါး စကားဆိုလို့၊ ရီလို့ မောလို့။ ဟိတ်ဟန်နဲ့တူတာဆိုလို့ ငါးပြားဘိုးတောင်မရှိ။

သူ့ဘာသာသာ ကြည့်စရာရှိတာကြည့်သည်။ မေးစရာရှိတာမေး၊ ပြောစရာရှိတာပြောသည်။ ဘယ်သူကမှ မျက်နှာလိုအားရ ပတ်ချာလည်ဝိုင်းပြီး သွားဖြီးနေတာမရှိ။ ရှင်းပြသူ တစ်ယောက်နှစ်ယောက်လောက်ကလွဲ၍ အခြား တာဝန်ရှိသူများမှာ သူနှင့်မလှမ်းမကမ်းတွင်နေလျက် သူမေးတာများကို ဖြေရုံမျှသာ ဖြစ်၏။

သူတို့ထမင်းစားနေသည့် ဓာတ်ပုံများပါ ကျွန်တော် ပူးတွဲတင်ထားပါသည်။ ဤဓာတ်ပုံများတွင် မိတ်ဆွေတို့ ဝန်ကြီးနှင့်တူသူကို ရှာကြည့်ကြစမ်းပါ။

ကန်တင်းထဲတွင်လည်း စားနေသူများမှာ ပုံမှန်စားသောက်လျက်၊ ရောင်းသူများကလည်း ပုံမှန်ရောင်းချလျက်။ ဘယ်သူ့ကိုမှ အနှောက်အယှက်မဖြစ်။ ဝန်ကြီးလာမှန်းတောင် သိပုံမပေါ်။ အဲလေ မီဒီယာတွေက ဒါ့ပုံတွေ၊ ဗီဒီယိုတွေရိုက်နေတာဆိုတော့ လူကြီးတစ်ယောက်ယောက်မှန်း ခန့်မှန်းမိပါလိမ့်မည်။ သို့သော် မည်သူဝန်ကြီးမှန်း သိဘို့မလွယ်။

ဤဖြစ်စဉ်ကလေးမှာ ဘာမှမကြာပါ။ စုစုပေါင်း ၁ နာရီလောက်သာ ကြာပါသည်။
၎င်းတို့ကိုကြည့်ပြီး ကျွန်တော် အလွန် ဝမ်းနည်းမိလေ၏။

ကျွန်ုပ်တို့တိုင်းပြည်၌ကား (အုပ်ချုပ်သူရော၊ အအုပ်ချုပ်ခံလူတန်းစားများပါ) ပဒေသရာဇ်စနစ်၏ အဆောင်အယောင်၊ အခမ်းအနား များကို လွန်လွန်ကဲကဲ နှစ်ခြိုက်နေကြပေလေသေး၏။

သာမန်လူတစ်ယောက်အနေနှင့် ဘာမှ မထူးခြားသူတစ်ဦးသည် အုပ်ချုပ်သည့်နေရာတစ်ခုခုကို ရောက်သွားသည်နှင့် အခွင့်ထူးခံ လူတန်းစား ဖြစ်သွားလေတော့သတည်း။ ၎င်းကိုယ်တိုင်က အခွင့်ထူး မခံလိုသည်ပင်ဖြစ်စေ။ အခွင့်အရေးကို မျှော်လင့်စောင့်စား နေသူများက ထိုသူကို အခွင့်ထူးခံဖြစ်ရေး အတင်း တွန်းအားပေးကြ၊ လုပ်ဆောင်ကြ၊ ဘေးတီးပေးကြလေ၏။ ၎င်းသည်လည်း ဘာသားနှင့်ထုထားသမို့တုန်း။ ကြာတော့ အခွင့်ထူးခံတို့၏ အရသာကို အော်တိုမက်တစ် ခံစားတတ်သွားလေတော့၏။ နောက်တော့ သူများပေးသည့် အခွင့်ထူးကို ခံမနေတော့ဘဲ အခွင့်ထူးများရရန် မိမိဘာသာ ကြံစည်သည့်အဆင့်သို့ တက်လှမ်း သွားလေသည်။

မလိုအပ်ဘဲ ကားတံခါးကို အတင်းပြေးဖွင့်ပေးခြင်း၊ အိတ်ကိုကိုင်ပေးခြင်း၊ ထီးမိုးပေးခြင်း၊ သူ့အတွက် ထိုင်ခုံကြီး သီးသန့် လုပ်ပေခြင်း၊ အခြားပြည်သူတွေကား လူမဟုတ်။ သူတို့သာ အရေးကြီးလေရကား အဆိုပါ လူကြီးမင်းတို့ ကြွချီတော်မူလာမည့် လမ်းတစ်လျှောက် ဘာ အနှောင့်အယှက်၊ အခက်အခဲမှ မရှိစေရ။ မီးပွိုင့်များအားလုံးကို စိမ်းစေလျက် အကောင်းစားကားကြီးကို မည်သူကမှ ရပ်တန့်ပိုင်ခွင့်မရှိဘဲ တဝီဝီ စီးစေခြင်း အစရှိသည်တို့သည် အခွင့်ထူးခံလူတန်းစားဖြစ်စေရန် တွန်းအားများပင်ဖြစ်၏။

ဤအပေါ်တွင် လုပ်ပိုင်ခွင့်ဟူသော မလိုင်ကလေးဖြူးကာ သူလက်မှတ်ထိုးပေးမှ ဖြစ်သည်ဟူသည့် အခွင့်အာဏာကလေးပါ ပေါင်းလိုက်လေတော့ မိုးမမြင်၊ လေမမြင်ဖြစ်သွားတာ မဆန်းတော့ပါချေ။

ကျွန်ုပ်တို့ပြည်သူများကလည်း မည်မျှဘေးတီးကောင်းသနည်းဟူမူ သူလုပ်စရာရှိလို့ လုပ်တာတောင် ကြံဖန်ကျေးဇူးတင်နေကြ ပေလေသေး၏။ (အဲလေ၊ သူတို့ကိုလည်း အပြစ်ဆိုလို့မရ။ အနို့ အရင်တုံးက ဒါမျိုးလုပ်တာ တွေ့မှ မတွေ့ဖူးပဲကိုး။) သို့သော် တော်ရုံတန်ရုံဖားပါ။ သူတို့ကြွချီတော်မူလာမည်ဆိုသည်နှင့် မဆီမဆိုင်ပြည်သူတွေကို နေပူထဲလှန်းကာ လက်အုပ်ချီခိုင်းတာကို တော့ဖြင့် ကျွန်တော် (အိမ်သာထဲက အီအီးတွေကို ရွံရှာသကဲ့သို့) အလွန်ရွံရှာမိလေသည်။

နောက်တစ်ခုရှိသေး၏။ ဝန်ထမ်းများကို မတရားခိုင်းစေခြင်းဖြစ်သည်။ မည်သည့်အချိန်ရောက်မည်မှန်းမသိသည့် လူကြီးဆိုသူကို ဝန်ထမ်းများမှာ နေပူကြီးထဲ စောင့်ကြရ၏။ တခါတလေ သူတို့ခမျာ ရုံးပိတ်ရက်ဖြစ်သော တနင်္ဂနွေနေ့ကြီးတွင် လာစောင့်ရသည်။ ဤသည်မှာ သက်သက် မတရားလုပ်တာသာ ဖြစ်၏။ ထိုဝန်ထမ်းများ တန်းစီမကြိုလျှင် ထိုလူကြီး၏ ခရီး အထမမြောက်တော့ ပြီလော။ ထိုကဲ့သို့ တန်းစီကြိုသည့်အတွက် မြန်မာနိုင်ငံအတွက်သော်လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့တစ်ခုအတွက်သော် လည်းကောင်း မည်သည့်အကျိုးစီးပွားများ ဖြစ်ထွန်းသွားပါသနည်း။

ထိုလာတန်းစီသည့် ဝန်ထမ်းများကို ရုံးပိတ်ရက်မှာ လာတန်းစီခိုင်းခြင်းအတွက် အချိန်ပိုကြေးပေးပါသလော။ ဥပဒေကို လေးစားလိုက်နာရမည့်သူများကိုယ်နှိုက်က ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြနေလေသည်။

ပို၍ဆိုးသည်မှာ ကိုယ်လုပ်တာ မှားလို့မှားနေမှန်းမသိ၊ ရှက်စရာကောင်းသည့် အပြုအမူမှန်းမသိဘဲ ဤသည်ကိုပင် ဂုဏ်ယူနေခြင်း ဖြစ်သတည်း။

ယခင်က ဤအပြုအမူများကို မုန်းတီးခဲ့သူများသည်လည်း ဤနေရာသို့ရောက်သွားသည့်အခါ ၎င်းတို့ကိုယ်တိုင် ဤကဲ့သို့ ကျင့်ကြံ နေထိုင် ပြုမူနေခြင်းကာ အဆိုးတကာ့ထိပ်ခေါင်ပင် ဖြစ်တော့၏။ ဤသည်မှာ အောက်ကလူများ၏ ဝိုင်းဝန်းဘေးတီးပေးမှုကို မခံနိုင်ခြင်း၏ ပြယုဂ်ဖြစ်ပေသည်။

စင်ကာပူဝန်ကြီးက အိန္ဒိယအလုပ်သမားများနှင့် အတူရောထိုင်ကာ စကားစမြည်ပြောနေသည်ကို ကြည့်ပြီးနောက် နေပူကျဲကျဲတွင် တန်းစီနေကြရှာကုန်သော အနှီယူနီဖောင်းဝတ် မမကလေးများကိုသတိရမိသောအခါ ကျွန်ုပ်မှာ အလွန်ဝမ်းနည်းမိပေသည်။ လူချင်းတူပါလျက် အဘယ်ကြောင့် အသက်ရှူခြင်း ကွဲကြရဘိကုန်သနည်း။

လူအချင်းချင်း နှိပ်စက်ခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း ၁၅၊ ဧပြီလ၊ ၂၀၁၉






Sunday, April 14, 2019

ကောဇာ ၁၃၈၁ ခုနှစ်၊ သာသနာ ၂၅၆၃၊ ခရစ် ၂ဝ၁၉ နှစ်ကူးအတွေး


ဖေ့စ်ဘုတ်ကြွလာ မိတ်သဟာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ

(၁) စားအုန်းဆီနှင့်ကြော်ခြင်း အကြောင်း
-------------------------------------------

တစ်နှစ်သစ်ပြန်ပြီ။
အချိန်တို့သည် တရွေ့ရွေ့ ကုန်ဆုံးလာနေ၏။
အသက်တို့သည်လည်း တဖြည်းဖြည်းကြီးလာကြကုန်၏။
သင်္ချိုင်းကုန်းနှင့်လည်း တဖြည်းဖြည်း နီးလာနေပြီ ဖြစ်၏။
သို့နှင့်တိုင် ကျွန်ုပ်တို့သည် သင်္ချိုင်းကုန်းအသံကိုမကြားလိုကြ။
ကိုယ့်ကိုယ်ကိုယ် သေခြင်းတရား၏ အဝေးမှာပင်ရှိသေးသည်ဟု လိမ်ညာ ဟန်ဆောင်နေကြလေကုန်၏။
(ကျွန်ုပ်ဆို ဘယ်အချိန်ကြည့်ကြည့်၊ ကိုယ့်ကိုယ်ကိုယ် အသက် ၃၀ လောက်သာ ထင်မိနေလေ၏။
ဘုရားစူးရပါစေ့၊ တစ်ခါမှ ၆၀ နားကပ်နေပြီဟု မတွေးမိ။ ထို့ကြောင့် ကျွန်ုပ်ကို ဘကြီးဟုလည်းကောင်း၊ အဘဟုလည်းကောင်း ခေါ်လာသူကို ဖနောင့်နှင့် ထ ပေါက်ချင်မိခြင်း ဖြစ်သတည်း။)

အသက်တစ်နှစ်ကြီးသွားပြီဆိုတော့ ငါ ဘာတွေများ ပိုထူးလာသလဲဟု မိမိကိုယ်ကိုယ် ဆန်းစစ်မိသူများ ရှိပါသလား။
ရှိသည့်တိုင် ရှားပါလိမ့်မည်။

သည်ကနေ့ သားတို့ကျောင်းကလုပ်သည့် ပန်းချီပြပွဲသွားတော့ သူနှင့်အတူ အတန်းဖော်ကျောင်းသားလေး တစ်ယောက် ပါလာသည်။ ခပ်သွက်သွက်ထဲက ဖြစ်၏။

သူက သူမှန်းထားသလောက် မရလျှင် ထမင်းမစားဘဲနေခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်ခတ်သည် ဟု သားကပြောပြ၏။
ဒါဖြင့် သူက ဘယ်သူနဲ့ ပြိင်နေတာလဲကွ ဟု မေးတော့ သူ့အစ်မနဲ့ပြီုင်တာ ဟု ဖြေပါသည်။
သူ့အစ်မက သူနဲ့အတန်းတူလား ဆိုတော့ သူ့အစ်မက Secondary 2 ဟု ပြောသည်။ (သူတို့က Primary 5)
ဒါဆို မင်းကောင် တစ်ခုခုတော့ မှားနေပြီကွ။ သူနဲ့အတန်းချင်းတူလို့ ပြိုင်တာဆို ဟုတ်သေးတယ်။ ခုတော့ သူ့ထက် အတန်းကြီးတဲ့ သူ့အစ်မနဲ့ပြိုင်တာဆိုတော့။
ဖေဖေကတော့ ကိုယ့်ဘာသာကိုယ်ပဲ နှိုင်းယှဉ်ကြည့်စေချင်တယ်။
မနှစ်က ငါ ဘယ်အဆင့်မှာရှိတယ်။ ဒီနှစ် ဘယ်လောက်ရောက်လာပြီ။ တက်လာသလား။ ကျသွားသလား စသဖြင့်ပေါ့။

ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်သာ နှိုင်းယှဉ်တာ အသင့်တော်ဆုံးဟု ယူဆပါသည်။ ကျွန်တော်ဆိုလိုသည်မှာ ဘယ်သူ့ကိုတော့ ဘယ်နှစ်ကျရင် (စားအုန်းဆီနဲ့) ကြော်ပစ်မည် ဆိုတာထက် မနှစ်က ငါတို့အခြေအနေ ဘယ်လောက်။ ဒီနှစ် ဘယ်လောက်တက်ရမည်။ ၂၀၃၀ ကျ ဘယ်အဆင့်ရောက်ရမည် စသည်ဖြင့် ကိုယ့်ဘာသာ ရည်မှန်းချက်တစ်ခုထားပြီး ကြိုးစားရမည်ကို ဆိုလိုပါသည်။

ကိုယ့်ဘာသာကိုယ် ဘယ်သွားနေမှန်းမသိဘဲ သွပ်ပြားကို (ဟုတ်ပေါင်) အခြားသူကို သွားပြိုင်နေတာ သိပ် နေရာမကျလှ ဟု ထင်ပါသည်။

ကျွန်တော့်အယူအဆ မှန်ချင်မှ မှန်ပါလိမ့်မည်။ သို့သော် ကျွန်တော်ကတော့ သည်အတိုင်းသာ ယူဆပါသည်။


(၂) လူမှန်နေရာမှန်သာ နေရာမချနိုင်ပါက မိုးကြီးသာ ချုပ်နေလိမ့်ဦးမည် ဆိုခြင်းအကြောင်း



များမကြာသေးမီက မြန်မာနိုင်ငံအဖို့ အလွန်အရေးကြီးသော စာရွက်စာတမ်းများပြင်ဆင်ရေးအတွက် နေပူတော်၊ ကကြီးခခွေးဂငယ်ဟော်တယ်တွင် အလုပ်ရုံဆွေးနွေးပွဲ ဆိုလား နှစ်ရက် ကျင်းပ၏။ (သူတို့ဟာသူတို့ ဘာဟော်တယ်လို့ပဲဆိုဆို ဖတ်သူများကတော့ ကကြီးခခွေးဂငယ်ဟော်တယ်ဟုသာ ဖတ်မည်ဖြစ်၏။ ကျွန်ုပ်လည်း ဤအတိုင်းသာ ဖတ်မိပါသည်။ ဤကား စကားချပ်)

သည်ဆွေးနွေးပွဲတွင် တာဝန်အရှိဆုံးဟု ဆိုရမည့်သူက သူလည်း ဘာမှနားမလည်ပါဘဲလျက် အခြားသိနားလည်သူများ ပြောသည် ကို အရေးမစိုက်။ သူထင်တာတွေသာ ရမ်းတင်နေသောကြောင့် အချိန်ကုန်၊ လူပန်းရုံသာရှိပြီး ဘာမှဆုံးဖြတ်ချက် မချနိုင်။
ထိုစာရွက်စာတမ်းများပြုစုရန် ဖွဲ့ထားသည့်ကော်မတီမှ အဖွဲ့ဝင်များသည်လည်း သည်ကိစ္စမှာ သူတို့နားလည်သည့်ကိစ္စ မဟုတ်သဖြင့် ဘာမှ တက်ခနစ်ကယ်လီးကျကျ မဆွေးနွေးနိုင်။ မအေးနှင်းယုက သူတို့ငြင်းခုံနေပုံက တကယ့် ကလေးတွေ ကစားစရာလုနေတဲ့အတိုင်းပဲ။ အရမ်းကို ရီစရာကောင်းတယ် ဟု မှတ်ချက်ပေးပါသည်။

မြန်မာနိုင်ငံအတွက် လက်တွေ့ကျတာတွေတော့မလုပ်။ Safety နှင့်တူတာဆိုလို့ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံနှုန်း ဘာဆို ဘာမှမရှိသေးသည့် မြန်မာနိုင်ငံအတွက် ပြီးပြည့်စုံပြီးသားဖြစ်သည့် အမေရိကန်တို့၊ ကနေဒါတို့က စတင်းဒတ်ကြီးတွေ ယူသုံးချင်ပါသည်ဆိုတော့။ ကျွန်တော်လည်း မြင်ပြင်းကပ်လှသည့်အတွက် ၂၀၁၇ ခုနှစ်တုံးက ဝပ်ရှော့တစ်ခုတွင် ဂွတိုက်ကာ မေးခွန်းထုတ်ခဲ့ဖူးလေရာ အနှီမမကလေးမှာ ကျွန်ုပ်ကိုလည်း အလွန်သောက်မြင်ကပ်လှသူကလေး ဖြစ်သတည်း။

ဝါ့ကင်းကော်မတီထဲပါသူများကိုလည်း ကျွန်ုပ်ကတော့ အပြစ်မမြင်ပါ။ သူတို့မှာလည်း ဘကြီးဦးတင်အေးကဲ့သို့သော သူများဖြစ်၏။ ၂၀၁၅ ရွေးကောက်ပွဲလုပ်မည်ဆိုတော့ ဘယ်သူ့ကို ကော်မရှင်ဥက္ကဌ လုပ်ခိုင်းရမလဲ ရှာသည်ဆို၏။ လုပ်နိုင်မည့်သူ တစ်ယောက်မှမတွေ့။ နောက်ဆုံး ဘကြီးဦးတင်အေးကို ဟေ့ကောင်၊ မင်း ဘယ်တုံးက ဘာရွေးကောက်ပွဲမှာ လုပ်ဖူးတယ် မဟုတ်လား။ အဲဒီအတွေ့အကြုံနဲ့လုပ်။ အနူတွေထဲမှာ မင်း အချောဆုံးပဲ ဆိုကာ တာဝန်ပေးသဖြင့် လုပ်ရခြင်းဖြစ်သည် ဆို၏။ ယခု ဝါ့ကင်းကော်မတီမှ အဖွဲ့ဝင်များသည်လည်း ထိုအတိုင်းဖြစ်ပါသည်။ သူတို့နာမည်ထည့်ထားလို့သာ လာရသည်။ သည်အကြောင်း ဘာ နကန်းတစ်လုံးမှ သိသူများမဟုတ်။ သည်တော့ သူတို့မှာ ကလေးတွေ ဇယ်တောက်ရင်း ငြင်းကြသလို ကိုယ်သိတာလေးနှင့် ငြင်းခုံနေကြသည်မှာ အဆန်းတော့ မဟုတ်လှ။

နောက်ပြဿနာတစ်ခုမှာလည်း အထက်ဖော်ပြပါ ဘကြီးဦးတင်အေးတို့ ပြဿနာလို သည်လူများကိုမှ အတင်း ဇွတ်မထည့်လျှင် လည်း ဘယ်သူ့သွားလုပ်ခိုင်းရပါမည်နည်း။ သည့်ထက်ပိုဆိုးသည်မှာကား တတ်သိနားလည်သူများကို ဆရာလုပ်ရမှာ သေမလောက် ကြောက်နေခြင်းဖြစ်၏။

သည်ပုံနှင့် မိုးကြီးချုပ်လိမ့်မည်။
အဲလေ မိုးကလည်း ဟိုနေရာချုပ်၊ သည်နေရာချုပ်နှင့် နေရာတကာချုပ်နေရတာဆိုတော့ ချုပ်စရာမိုးမရှိတော့လို့ မိုးနတ်မင်းကြီးတောင် လက်မြှောက်ရကိန်း ရှိ၏။

မိုးချုပ်ခြင်းကိစ္စများကို ၁၃၈၀ ၌သာ ထားခဲ့စေချင်၏။ ၁၃၈၁ ထိ ဆက်သယ်မသွားကြစေလို။

မက်ဆင်ဂျာမှ တဗွမ်းဗွမ်းရေလာလောင်းသူများကို စုပေါင်းကာ ဤနေရာမှ ပြန်လောင်းလိုက်ပါ၏။
အားလုံးစိုကြစေကုန်သတည်း။

ဗဝမ်း

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၃ ဧပြီ၊ ၂၀၁၉

Wednesday, April 3, 2019

ချစ်စရာကောင်းသော စင်ကာပူမှ ထောက်ပံ့ကြေးများ အကြောင်း (Government Subsidies)


စင်ကာပူတွင် အစိုးရမှပေးသော ထောက်ပံ့ကြေးများ နေရာအတော်များများ၌ ရှိ၏။

ဆိုကြပါစို့။

မြန်မာပြည်မှ စင်ကာပူသို့ ပိုလီကျောင်းလာတက်သော သာမန်ကျောင်းသားတစ်ယောက်အဖို့ အစိုးရထောက်ပံ့ကြေးသာ မရပါက ကျောင်းတက်ဖို့ရာ မလွယ်လှပါ။

One semester ( ၆ လတန်း တစ်တန်း) ကို ကျောင်းလခ ဘာကြေး၊ ညာကြေး စင်းဒေါ်လာ တစ်သောင်းကျော် ပေးရသည်။ ဆိုတော့ တစ်နှစ်လျှင် စင်းဒေါ်လာ နှစ်သောင်းကျော် (မြန်မာငွေ သိန်း ၂၂၀ ကျော်) ကျသည်။ သည်မျှဈေးကြီးလှသောကျောင်းကို သာမန် မိသားစုတစ်ခုမှ ပေါက်ဖွားလာသော ကျောင်းသားများအဖို့ မည်ကဲ့သို့ တက်နိုင်ပါမည်နည်း။

သို့သော် အစိုးရထောက်ပံ့ကြေးက တစ်ဝက်မက ရသည်။ ဥပမာအားဖြင့် ၆ လ တစ်တန်းအတွက် ကျောင်းလခ စင်းဒေါ်လာ ၁၀၂၇၂ ဆိုပါစို့။ အစိုးရက ၅၄၂၅ ထောက်ပံ့သည်။ ထိုထောက်ပံ့ကြေးအတွက် GST (အခွန်) ၃၇၉ ကိုလျှော်ပေးသည်။ ကျန်သည့် ကျောင်းလခပေါ်မှ GST - ၂၉၂ ကိုလည်း လျှော်ပေးသည်။ Half load tuition waiver ဆိုကာ နောက်ထပ် ၂၀၈၇ ထပ်လျှော့ သည်။

အားလုံးနှုတ်လိုက်တော့ ၂၀၈၇ သာ ကျန်သည်။
ထို့ပြင် ဘဏ်မှလည်း ကျောင်းတက်ဖို့အတွက် ချေးငွေ ချေးလို့ရပါသည်။ ဘဏ်ချေးငွေ ၁၅၆၅ ကိုနှုတ်လိုက်ပါက ကျောင်းသား အနေနှင့် စင်းဒေါ်လာ ၆၄၉ မျှသာ သွင်းရန် လိုတော့၏။

ဆိုလိုသည်မှာ နီအန်းပိုလီတွင် ကျောင်းတက်ပါက ၆ လတန်းတစ်တန်းလျှင် ကျောင်းလခ တစ်သောင်းကျော်မျှ ကျသင့်သော် လည်း တကယ်ကျောင်းသားက ပေးရန်လိုသည်မှာ ၆၄၉ မျှသာ ဖြစ်ပါသည်။ ဤပိုက်ဆံလောက်ကိုတော့ မပေးနိုင်စရာမရှိ။

သယံဇာတဟူ၍ ရေမျှပင်မရှိသော စင်ကာပူတွင် လူအရင်းအမြစ်ကိုသာ အဓိက ဦးစားပေးပျိုးထောင်ယူရသည်။ ထို့ကြောင့် လူများကို လူတော်လူကောင်းများဖြစ်လာအောင် အစဉ်ပြုစုပျိုးထောင်ပေးနေသည်။ Knowledge is power ဆိုသည့်စကားအတိုင်း သင်တန်းများကို အဆက်မပြတ်ပေးသည်။ ကျွန်တော်သည်လည်း အသက် ၆၀ နားကပ်နေသည့်တိုင် သင်တန်းများကို ဆက်တိုက် တက်နေရဆဲ ဖြစ်၏။ ကိုယ်ကိုယ်နှိုက်ကလည်း လေ့လာသင်ယူရမှာ ဝါသနာပါသကိုး။

သင်တန်းများကလည်း ဈေးကြီးသည်။ တချို့သင်တန်းများကို တစ်ရက်လျှင် ၄၀၀ လောက်ပေးရသည်။ ကျွန်တော် Internal Audit for Integrated Management System သင်တန်းသွားတက်တာ မြန်မာငွေနှင့် ၁၀ သိန်းလောက် ပေးရသည်။

သို့ဆိုလျှင် ပိုက်ဆံမတတ်နိုင်သူများမှာ သည်မျှဈေးကြီးလှသော သင်တန်းများကို မည်ကဲ့သို့ တက်ပါမည်နည်း။
မပူပါနှင့်။
အစိုးရထောက်ပံ့ကြေး ရှိပါသည်။
ထောက်ပံ့ကြေးဆိုရာတွင်လည်း ပုံသေမထားပါ။
သင်တန်းအလိုက်၊ အသက်အရွယ်အလိုက်၊ ပညာအရည်အချင်းအလိုက် ထောက်ပံ့ကြေးပေးသည်။
သိပ်ပညာမတတ်သော စင်ကာပူနိုင်ငံသား အဖိုးကြီးများ သင်တန်းတက်ပါက သင်တန်းကြေးကို ပီဘိ မဖြစ်စလောက်ကလေးသာ ပေးရသည်။ သင်တန်းကြေးအားလုံးလိုလိုကို အစိုးရကပေးသည်။

သူတို့က စနစ်ကောင်းလေတော့ ဘယ်သူသည် ဘာသင်တန်းတွေ ဘယ်တုံးက ဘယ်မှာတက်ထားသည်။ အောင်သည်။ ကျသည် စသည်ကို အင်တာနက်မှာ အကုန်ကြည့်လို့ရသည်။ အဲလေ skill future singapore အောက်က မဟုတ်သည့် သင်တန်း တွေတော့မပါ။

သို့အတွက် သူတို့ဆီမှာ မည်သူက သင်တန်းဘယ်နှစ်ခုတက်ပြီးပြီဆိုတာ စာရင်းအတိအကျရှိသည်။ Skill Connect အောက်က သင်တန်းတွေဆို သင်တန်းဆင်းလက်မှတ်ကို အင်တာနက်ကနေ ကိုယ့်ဘာသာ ပရင့်ထုတ်ယူလို့ရသည်။

အလုပ်မရှိလျှင် သင်တန်းတွေလျှောက်တက်ပါ။ သင်တန်းဘယ်နှစ်ခု တက်ပြီးပြီဆို ကိုယ့်ဘဏ်အကောင့်ထဲသို့ ပိုက်ဆံ ၂၀၀ စသဖြင့် ထည့်ပေးသည်။

Safety Officer သင်တန်း (WSH level C) သင်တန်းဆို အလွန်ဈေးကြီးသည်။ ကျွန်တော်တက်ခဲ့သော စင်ကာပူပိုလီတွင် တက်ပါက စင်းဒေါ်လာ ၅၆၈၃.၈၄ (မြန်မာငွေနှင့် ၆၅ သိန်းနီးပါး) ရှိ၏။ သို့သော် မကြောက်ပါနှင့်။

SSG Funding အောက်ကဆိုလျှင် အစိုးရက 50% ပေးလိမ့်မည်။
Mid-Career Enhanced Subsidy (MCES) အောက်ကဆိုလျှင် 90% ထိပေးသည်။
Workfare Training Support (WTS) Funding ဆိုလျှင် 95% ထိပေး၏။
Small Medium Enterprise (SME) Funding ဆိုလျှင် 50% ပေး၏။

ကျွန်တော်တက်တုံးက ၁၀၀၀ လားပဲပေးရသည်။ ၂၀၀၈ က တက်ခဲ့တာဆိုတော့ ကောင်းကောင်းမမှတ်မိတော့။

သို့သော်လည်းပေါ့လေ။ စင်ကာပူနိုင်ငံသားဖြစ်ရမည်။ PR ဖြစ်ရမည်။ ကျောင်းတက်ချိန် ၇၅% ပြည့်ရမည်။ စာမေးပွဲအောင်ရမည်။ အသက်ဘယ်လောက်ရှိရမည် ဆိုသည့် ကန့်သတ်ချက်လေးများတော့ ရှိသပေါ့။

ဆေးရုံတက်သည့်အခါ ဆရာဝန်ပြသည့်အခါများတွင်လည်း အနည်းနှင့်အများ ထောက်ပံ့ကြေးရပါသည်။
ယခုမှ လုပ်ငန်းစတင်မည့်သူများအားလည်း ကိစ္စဝိစ္စများဆောင်ရွက်သည့်အခါ အထူးလျှော့ဈေးပေးသေးသည်။

မြန်မာပြည်မှ မိတ်ဆွေများ သွားရေကျအောင် ပြောခြင်းမျှဖြစ်ပါသည်။ စင်ကာပူကို မလေးရှားစားအုန်းဆီနှင့် ကြော်လိုသူများ အတွက် မဟုတ်ပါ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၃ ဧပြီလ၊ ၂၀၁၉
(သင်တန်းနားချိန် ကတိုက်ကရိုက်ရေးရလို့ ခပ်တိုတိုလေးပဲရေးနိုင်တာ ခွင့်လွှတ်)

Monday, April 1, 2019

ကျွန်ုပ်တို့၌ ခေါ်စရာအဖေမရှိခြင်း အကြောင်း


နိုင်ငံသားတစ်ယောက်အနေနှင့် မတရားအလုပ်ခံရတာကို ကာကွယ်ပိုင်ခွင့် ရှိပါသလော


(၁)

ကိုယ်မကျူးလွန်သော ပြစ်မှုတစ်ခုအတွက် အပြစ်ပေးအရေးယူခံရသည်ဆိုပါက တရားပါမည်လားဟု အကျွန်ုပ်ကမေးလျှင် အသင် မည်ကဲ့သို့ဖြေပါမည်နည်း။ မတရားပါဟုသာ အသင်ဖြေမည်ထင်၏။ အကျွန်ုပ်ကလည်း ဤကဲ့သို့ပင် ဖြေချင်ပါသည်။ သို့သော် အောက်ပါအမှုများကို အသင် မည်ကဲ့သို့ယူဆပါသနည်း။

(၂)

များမကြာသေးမီက စင်ကာပူတွင် အိမ်အကူလုပ်သားအဖြစ် အလုပ်လုပ်ကိုင်ပြီး မြန်မာပြည်ပြန်လာသည့် မြန်မာအမျိုးသမီးငယ် တစ်ဦးသည် ငွေစက္ကူအတုကိုင်စွဲမှုဖြင့် အရေးယူခံခဲ့ရ၏။

အမှုမှာ အလွန်ရိုးစင်းလှပါသည်။
သူဝပ်ပါမစ်သက်တမ်းကုန်ပြီး အိမ်ပြန်မည်ဆိုတော့ သူ့အိမ်ရှင်က မြန်မာပြည်ပြန်ရောက်လျှင် စင်ကာပူဒေါ်လာတွေနှင့် တိုင်ပတ် နေမှာစိုးသဖြင့် စေတနာပိုကာ စင်ကာပူဒေါ်လာများကို မြန်မာပိုက်ဆံနှင့်လဲပေးလိုက်၏။ ပိုက်ဆံတွေမှာ အတုတွေဖြစ်နေသည်။

အတုနှင့်အစစ်ကလည်း တော်ရုံတန်ရုံခွဲဘို့ခက်သည်ထင်ပါသည်။ အနှီ မယ်ကံဆိုးကလေးမှာ မြန်မာပြည်ပြန်ရောက်လို့ မိသားစုတွေနှင့် ပျော်မယ်မှ မကြံရသေး။ ငွေစက္ကူအတုကိုင်ဆောင်မှုဖြင့် အချုပ်နန်းစံရလေသတည်း။

သူ့သူဋ္ဌေးပေးလို့ သည်ငွေစက္ကူတွေယူလာတာ သူ့မှာ အပြစ်ရှိပါသလား။
သူ့သူဋ္ဌေးကလည်း တမင်သက်သက် ညစ်ပတ်တာမဟုတ်။ ငွေလဲသည့်နေရာမှ ပေးလိုက်တာကို ယူလာရတာသာ ဖြစ်လေသည်။
သို့ဆိုလေသော် သူ့မှာရော အပြစ်ရှိပါသလား။

သူလည်း ဘာတစ်ခုမှ အပြစ်မလုပ်ပါဘဲလျက် သည်ကဲ့သို့ အပြစ်ပေးအရေးယူခံရခြင်းကို တရားပါသည်ဟု အသင်တို့ထင်ပါ သလား။

သည်အမှုအတွက် တရားရုံးဆုံးဖြတ်ချက်မှန်ပါသည်ဟု စကြာဝဠာတစ်ခုလုံးက ယူဆကြပါစေ။
ကျွန်ုပ်အတွက်မူ မည်သည့်နည်းနှင့်မှ မတရားဟု ခံယူပါသည်။

နိုင်ငံသားတစ်ယောက်အနေနှင့် မိမိမလုပ်သည့် အမှုတစ်ခုအတွက် မတရားအပြစ်ပေးခံရတာကို ကာကွယ်ပိုင်ခွင့် မရှိလေသလော။ သည်ကဲ့သို့ မတရားအလုပ်ခံရတာကို အကာအကွယ်ပေးမည့် ဥပဒေရော အကျွန်ုပ်တို့ မြန်မာနိုင်ငံ၌ မရှိလေသလော။ မိမိနိုင်ငံသားတစ်ယောက် မတရားအလုပ်ခံရတာကို အကာမကွယ်မပေးဟုဆိုလျှင် နိုင်ငံသားအခွင့်အရေးဆိုသည်မှာ ဘာပါနည်း။

ကျွန်ုပ်သည် ဥပဒေပညာရှင်မဟုတ်ပါ။ သို့သော် သည်အမှုကို သည်ကဲ့သို့ဆုံးဖြတ်သည့်အတွက်လည်း နည်းနည်းကလေးမှ မကျေနပ်ပါ။ အကယ်၍ အသင်တို့လက်ထဲသို့ ရောက်လာသည့်ငွေသည် အတုဖြစ်နေပြီး အသင်တို့ကို သည်ကဲ့သို့ ဖမ်းဆီးထောင်ချမည်ဆိုအံ့။ အသင်တို့သည် ငါ့ကိုက ကံဆိုးပါတယ်ဟု ကံကိုပုံချကာ သာသာကြည်ကြည် လိုက်သွားပါမည်လား။

(၃)

သိပ်မကြာသေးမီကပင် မြန်မာအိမ်အကူအမျိုးသမီးငယ်တစ်ဦးကို သူ့အိမ်ရှင်က မလေးရှားသို့ခေါ်သွားသည်။ စင်ကာပူနိုင်ငံသား တွေအတွက် မလေးရှားသို့သွားဘို့ရာ ဗီဇာမလို။ သို့သော် မြန်မာတို့အဖို့တော့ ဗီဇာလိုသည်။ ဤသည်ကို သူ့အိမ်ရှင်က သူတို့လိုပင် ဗီဇာမလိုဟုထင်ကာ သည်အတိုင်း ခေါ်သွားသည်။

အသွားတုံးက ဘာပြဿနာမှမရှိ။ မလေးရှားကနေ စင်ကာပူဘက်ကို ပြန်လာတော့ မလေးရှားလ.ဝ.က က ဗီဇာမပါဟုဆိုကာ ကောင်မလေးကို ဖမ်းသည်။ အိမ်ရှင်က လက်လွတ်စပယ် သည်အတိုင်းထွက်လာသည်။

မလေးရှားလ.ဝ.က သည် အဝင်တုံးက မဖမ်းပါဘဲလျက် ပြန်ထွက်လာသည့်အခါကျမှ အဘယ်ကြောင့် ပြဿနာရှာရဘိသနည်း။

အိမ်အကူမိန်းကလေး အများစုမှာ ပညာအရည်အချင်း နည်းပါးသူများ ဖြစ်လေရာ မလေးရှားသွားဘို့ ဗီဇာလိုမလိုဆိုသည်ကို သိချင်မှ သိပါလိမ့်မည်။ သူ့အိမ်ရှင်ခေါ်လို့လိုက်သွားတာဆိုတော့ ဖြစ်သမျှကိစ္စအဝဝ အိမ်ရှင်က ရှင်းပေးလိမ့်မည်ဟု စိတ်ထဲတွင် စွဲထင်ကာ လိုက်သွားတာ ဖြစ်ပါလိမ့်မည်။ အိမ်အကူကို သူတို့ခေါ်သွားတာ ဖြစ်သည့်အတွက် အိမ်ရှင်သည် ဗီဇာယူဘို့ရော လ.ဝ.က နှင့် ပြဿနာဖြစ်သည့်ကိစ္စ အဝဝကိုပါ သူ တာဝန်ယူ ဖြေရှင်းပေးရမှာ ဖြစ်သည်။ အဘယ်ကြောင့် ကောင်မလေးကို သည်အတိုင်း ပစ်ထားခဲ့ရဘိသနည်း။

ဗီဇာမပါသည့်ကိစ္စတွင် မည်သူ့မှာ အပြစ်ရှိပါသနည်း။ ဘာမှမသိသည့် အိမ်အကူမိန်းကလေးမှာ အပြစ်မရှိတာ သေချာပါသည်။ သို့သော် ဗီဇာမပါတာက သူဖြစ်နေသဖြင့် ဘုမသိ၊ ဘမသိ အဖမ်းခံရသည်။ သည်ကိစ္စ တရားပါသလား။

စကားစပ်၍ ပြောရလျှင် ၂၀၀၄ ခုနှစ်လောက်ကလည်း ကျွန်ုပ်ကိုယ်တိုင် ဤကဲ့သို့ ကြုံခဲ့ရဖူး၏။ ရုံးကိစ္စဖြင့် မလေးရှားသွားရမည် ဆိုတော့ ငါ့ဖို့ ဗီဇာလိုတယ်။ ဗီဇာလျှောက်ပေးပါ ဆိုသည်ကို မလိုပါဘူးကွာဆိုကာ အတင်းခေါ်သွား၏။ ကျွန်ုပ်လည်း ဘာမှ မပြောဘဲ လိုက်သွားပါသည်။ သူခေါ်သည့်ကိစ္စ သူ့ဟာသူ ရှင်းပစေဆိုကာ လိုက်သွားခြင်းဖြစ်၏။ မလေးရှားအဝင် လ.ဝ.က ရောက်တော့ ကျွန်ုပ်မှာ ဗီဇာမပါ၍ မဝင်ရ။ သည်တော့မှ စပ်ဖြဲဖြဲနှင့် ငါက ရသလားလို့ ဆိုကာ ပြန်လှည့်လာရလေသည်။

လောကကြီးသည် အလွန် တဖက်စောင်းနင်းနိုင်လှချေ၏။
ဥပဒေက နိုင်ငံသားများကို အကာအကွယ်ပေးသည်ဆိုလျှင် ဤစကားရပ်သည် အလုံးစုံမမှန်။ အကာအကွယ်ပေးသည် ဟူသော စကားရပ်၌ ပညာမတတ်သော၊ မျက်နှာမရှိသော၊ ပိုက်ဆံမရှိသော၊ ဘာရာထူးရာခံမှမရှိသော၊ ဘာဥပဒေမှ နားမလည်သော တောသူတောင်သားများမပါ။

ယခင် ကျွန်ုပ်တို့ငယ်ငယ်က ကျောင်းတွင် ဟန်မူရာဘီ၏ ကိုဓဥပဒေသည် လူချမ်းသာများကိုသာ အကာအကွယ်ပေးပြီး မျက်နှာမွဲ လူတန်းစား၊ အလုပ်သမားတို့အတွက် မဟုတ်ဟု သင်ကြားပို့ချခဲ့၏။ ငယ်ငယ်တုံးက မသိသေးလို့ အဟုတ်ထင်ခဲ့သည်။ ယခုတော့ ကျွန်ုပ်က ဟဟ ဟု ရီလိုက်ချင်ပါသည်။ ယခု အသင်တို့ ဥပဒေကရော ဟု ကျွန်ုပ်မေးလျှင် အသင်တို့ မည်သို့ဖြေမည်နည်း။ (ကျွန်ုပ်ပြောသည့်အထဲတွင် အိမ်ထဲမှာမိသည့် သန်းပေါင်းများစွာတန်သည့် မူးယစ်ဆေးများက ပိုင်ရှင်မဲ့သွားပြီး မဖြစ်ညစ်ကျယ် ဆေးကလေးရှူမိသည့် ငမိုက်သား မိုးအောင်ရင် ထောင် ၁၇ နှစ်ကျတာ မပါပါ။)

တရားဥပဒေသည် မျက်နှာရှိသူများရော၊ မျက်နှာမရှိသူများဘက်ကပါ အညီအမျှ ရပ်တည်ပေးသည် ဟူသည့်စကားကို ယုံစားဘို့ရာ ကျွန်ုပ်အနေနှင့် အချိန်အတော်ယူရပါဦးမည်။ အဲလေ သည်ဘဝမှာတောင် မီချင်မှ မီပါလိမ့်မည်။ နောင်ဘဝတောင် မသေချာ။

(၄)

လုပ်တတ်လျှင် ပိုက်ဆံရှာရတာလွယ်သည် ဟူသောခေါင်းစဉ်ဖြင့် ကျွန်ုပ်ရေးသည့်ပို့စ်၌ လူတို့၏ မသိနားမလည်မှုကို အခွင့်ကောင်းယူကာ ခေါင်းပုံဖြတ် အမြတ်ထုတ်နေသူများကို အထင်းသား မြင်နိုင်ပါသည်။ ဤသူတို့သည် နိုင်ဂျံဂါးက လူဂျီးလူဂေါင်း ဆိုသူများနှင့်ပေါင်း၍ အထင်ကရ သင်ဒန်းကျောင်းဂျီး ထောင်ကာ တောကြိုအုံကြားမှ ငမွဲကလေးများအား ကျောက်ခဲကို ဆီညှစ်သကဲ့သို့ ညှစ်ထုတ်လျက် ပိုက်ဆံများ ထားစရာမရှိအောင် ချမ်းသာလျက် ရှိကြကုန်၏။

မိမိပင်လျှင် တစ်လနေလို့ တစ်ခါ အသားဟင်းမစားရသော အနှီ ငမွဲကလေးအပေါင်းမှာ အနှီလူကြီးလူကောင်းအပေါင်းတို့အား တစ်လုံးလျှင် ဒေါ်လာ ၅၀၀ လောက်ပေးရသည့် အကောင်းစား အရက်များကို ရေသောက်သလိုသောက်နိုင်ရေးအတွက် ဝိုင်းဝန်းကာ ထောက်ပံ့နေကြရကုန်၏။

ဦးရေအားဖြင့် ရာဂဏန်းအတော်များများရှိသော လွှတ်တော်အတွင်းမှ လူကြီးလူကောင်းများသည် တိုင်းပြည်အတွင်း ဤမျှ ပျက်ချင်တိုင်းပျက်နေသည်ကို မသိမမြင်ကြခြင်းအား ကျွန်ုပ်အဖို့ အလွန်အံ့သြမိသည်ဆိုလျှင် လွန်သည် မထင်မိပါ။

(ဟကောင်၊ မင်း မသိဘဲနဲ့ ရမ်းမပြောနဲ့။ လွှတ်တော်ဆိုတာ ဥပဒေပြုဘို့ပဲလကွ။ အဲသဟာက အစိုးရနဲ့ဆိုင်တာ။ ငါတို့က ဘာလုပ်လို့ရမှာတုံး။)
(ဟုတ်ကဲ့။ ပြောမိတာမှားပါတယ် ခညာ။ အဲသဟာဆို ဟို - အစိုးရ ဆိုတဲ့လူကြီးများရော ခည။)
(သူတို့က ငါတို့အထက်မှာရှိတာလကွ။ အဲဒါ ငါတို့ဘာမှ လုပ်လို့မရဘူး။)
(ဂိန်၊ သေပါလေရော့ တောက ငမိုက်သားအပေါင်းတို့။)

နိဂုံးချုပ်ရလျှင် ကျွန်ုပ်တို့၌ ခေါ်စရာအဖေ ယခုတိုင်မရှိသေးကြောင်း သပ္ပူရိသနွယ်ဝင် သူတော်စင်အပေါင်းတို့ ခင်ဗျာ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၃၁ မတ်လ၊ ၂၀၁၉။ ည သန်းခေါင် ၁၂ နာရီတိတိ