Showing posts with label Health. Show all posts
Showing posts with label Health. Show all posts

Friday, October 17, 2025

CGM and NUHS App

Ottai စက်၌ ကိုယ့်လှုပ်ရှားမှု (လမ်းလျှောက်/ပြေး/စက်ဘီးစီး) စသည်တို့ကို မှတ်တမ်းတင်ထားနိုင်၏။

၃ ရက် average, ၁၄ ရက် average စသည့် မှတ်တမ်းများ ကြည့်နိုင်၏။

ဆီးချိုကျလျှင်/တက်လျင် အချက်ပေးစနစ် setting လုပ်ထားလို့ရ၏။

 

နောက်တစ်ခါမှာလျင် ဘာမှာရကောင်းမလဲ သားနှင့်တိုင်ပင်ရပါဦးမည်။

 

၂။ NUHS App

 

၁။ CGM

 

ကျွန်ုပ်က CGM စက်ကလေးအကြောင်း ရေးလိုက်တော့ စိတ်ဝင်စားသူ အတော်များတာ တွေ့ရ၏။

(ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆီးချိုရောဂါနှင့် နှစ်ပါးသွားနေရသူများ အတော့်ကို များနေကြောင်း ခန့်မှန်းနိုင်ပါ၏။)

 

ကျွန်တော့် အဆက်မပြတ် ဆီးချိုတိုင်းစက် (CGM) စက်ကလေးက Ottai တံဆိပ်ဖြစ်၏။ သူများတွေတော့ မပြောတတ်။ ကျွန်တော်ကတော့ သည်စက်ကလေးကို အတော်လေး သဘောကျပါသည်။

 

သည်စက်ကလေးကို စတပ်တာ 04/10/2025, 19:07 hr, နောက် ၁ ရက်နှင့် ၆ နာရီဆို သက်တမ်းကုန်မည်။ ဆိုတော့ ၁၄ ရက် သုံးရ၏။ ဆိုတော့ တစ်ရက်ကို စလုံး 3.25 လောက် ကျသည်။ ကိုယ့်ကျန်းမာရေးအတွက်ဆိုတော့ သိပ်မဆိုးလှဟု ထင်ပါသည်။

 

ပိုလီက နင့်ဆီးချိုတော့ ငါတို့မနိုင်တော့ဘူး။ အထူးကုနဲ့ သွားပြချေ ဟု အချိန်းအချက် လုပ်ပေးလိုက်သဖြင့် 13/10/2025 က NUH ၌ အထူးကုနှင့် ပြရ၏။ အထူးကု ဆရာမကြီးက သေသေချာချာ မေးစမ်းကာ ကျွန်ုပ် ဆီးချို အတက်ကြမ်း၊ အကျကြမ်းရသည့် ဖြစ်နိုင်သော အခြေအနေများကို ရှင်းပြ၏။ သူက ဟိုမုန်းကိုလည်း သံသယရှိသည်။ ကျွန်ုပ် စားတာသောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ဆေးသောက်တာ အားလုံး ပုံမှန်ပင်ဖြစ်၏။ ကျွန်ုပ်က ချိုတာနှင့်ပတ်သက်လာလျှင် ‘ချို’ ပါသော မိန်းကလေး ဓာတ်ပုံများတောင် ကြည့်တာမဟုတ်။

(အဲလေ တခါတလေ ဘီယာသောက်တာလောက်ကတော့ ဘာမှ မဖြစ်လောက်ပါဘူးနော့။ ဟိ)

 

ကျွန်ုပ်လည်း ဂုဏ်ယူဝင့်ကြွားစွာနှင့် နာ့မှာ ဟောသဟာလေး တပ်ထားတယ် ဟု CGM လေး ပြလိုက်တော့ သူက Ottai apps လေး ဖွင့်ကြည့်ကာ ဟိုနှိပ်သည်နှိပ်လုပ်၏။ ကျွန်ုပ်လည်း ကျွန်ုပ် download လုပ်ထားသည့် data များ ပြလိုက်တော့ သူ အတော် ခေါင်းကိုက်သွားဟန်တူ၏။ အနို့ စက်က ဖတ်ရတန်ဘိုးတွေကို ၅ မိနစ်တိုင်း record လုပ် ထားတာ ဆိုတော့ Data တွေက ထောင်ဂဏန်း တော်တော်များ၏။ 

 












သို့နှင့် ကျွန်ုပ်လည်း summary report များကို ဖွင့်ပြ။

သူက ငါတို့ system က အဲဒီ Ottai ကို recognise မလုပ်ဘူးဆိုပြီး သူတို့ (အစိုးရ) က အသိအမှတ်ပြု သုံးစွဲနေသည့် စက်ကလေးတပ်ရန် ညွှန်းလိုက်၏။ သူတို့စက်က FreeStyle Libre ဖြစ်၏။

 

ဆရာမကြီးက မက်ဖော်မင်တစ်မျိုးပဲ ချန်ထားပြီး ကျန်ဆေးများအားလုံးကို ဖြတ်လိုက်၏။

ပြီးတော့ NovoRapid ဆိုသော Quick acting insulin ပေးလိုက်၏။ တစ်ခါထိုး ၃ ယူနစ်နှင့် မနက်စာ၊ နေ့လယ်စာ၊ ညစာ မစားမီများတွင် ထိုးရမည်။ နောက်တစ်လ ထပ်ချိန်းလိုက်၏။

 

ဆရာမကြီးဆီက ထွက်လာတော့ နောက်တစ်ခန်း၌ သူနာပြုဆရာမကြီးက ကျွန်ုပ်ကို သူတို့စက်ကလေး တပ်ပေးကာ သုံးပုံသုံးနည်းကိုလည်း သေသေချာချာရှင်းပြပေးလိုက်၏။ သည်စက်ကုန်သွားလို့ နောက်ထပ် စက်အသစ်ဝယ်ချင်လျှင် ဝယ်လို့ရအောင် promotion code လေးလည်း ပေးလိုက်၏။

 

နောက်ပြီး လိုအပ်သော mobile apps ကို install လုပ်၊ Setting လုပ်။

သူရို့စက်က ပိုဈေးကြီး၏။ ၁၄ ရက်ခံစက်ကို $110 လောက် ပေးရ၏။

နောက်ပြီး Ottai လို ဆီးချိုတန်ဘိုးကို အဆက်မပြတ် တောက်လျှောက်ပြနေတာ မဟုတ်။ သိချင်လျှင် စက်ကို apps နှင့် scan လုပ်ကြည့်ရ၏။

 

CGM စက်ကို အစာမစားမီတစ်ခါ၊ အစာစားပြီး နှစ်နာရီကြာတစ်ခါ၊ ညအိပ်ယာဝင်ခါနီးတစ်ခါ တစ်နေ့ ၇ ခါ scan လုပ်ရမည်။

 

ဆိုတော့ ကျွန်ုပ်မှာ နဂိုရှိပြီးသား Ottai နှင့် သူတို့တပ်ပေးလိုက်သော Libre, ဘယ်တစ်ခု၊ ညာတစ်ခု နှစ်ခု ဖြစ်သွားလေ၏။ (ထူးဆန်းပါပေ့ ဆတွတ်ရယ်)

 

 

အကယ်၍ ဆီးချိုကျပါက ဆီးချိုတိုင်းသည့် စက်ကလေးနှင့်ပါ တိုင်းကြည့်ပါ။ CGM ဖတ်ရတန်ဘိုးများကို စိတ်မချပါနှင့်ဟု မှာလိုက်သေး၏။

 

ကျွန်ုပ်ကလည်း သောက်တလွဲခညာ။

အခန်းထဲမှာတုံးက သတိအရသား။ ပြန်ထွက်လာတော့ . . .

ပိုက်ဆံပေးဘို့ စက်ထဲလည်း scan လုပ်လိုက်ရော အောင်မငီး . . . ကိုယ်မျှော်လင့်မထားသည့် $$$ ပမာဏကို တွေ့လိုက် ရတော့ အတော်တောင် ခေါင်းမူးသွားလို့ နီးစပ်ရာဆာမလေးကို လှမ်းဖက် (ဖြစ်ချင်တာပြောတာ ) . . . အတော်လေး မျက်လုံးပြူးသွားကာ နှစ်ခါ သုံးခါပြန် ဖတ်လိုက်ရလေသော ဟူသတတ်။

 

အဲသဟာနှင့် ခေါင်းတွေဘာတွေကိုက်ကက်ပြီး ဆေးယူဘို့မေ့ကာ လက်ချည်းဗလာ ပြန်လာခဲ့လေ၏။

 

အိမ်ရောက်ခါနီးမှ ဆေးမေ့ကျန်ခဲ့တာ သတိရ။ အဲသဟာနှင့် အိမ်ပြန်ထမင်းစား။ ဆေးရုံကို ဆေးယူဘို့ တစ်ခါပြန်သွား။

ဆေးယူပြီးတော့ ပိုက်ဆံပေး။ ဆာမပြတာ၊ သွေးဘာညာစစ်တာ၊ ပိုက်ဆံ ၅၃၀ ကျော် ထွက်သွား၏။


 ကိုယ့်အကောင့်ထဲမှာက အဲသလောက် မကျန်တော့တာနှင့် Financial Controller ကို အကူအညီတောင်းပြီး သူ့အကောင့်ထဲမှ ပေးလိုက်ရ၏။

 

ဘာကြောင့်များ ဒီလောက် ဈေးကြီးသွားရပါလိမ့်ဟု bill ထဲ ဖတ်ကြည့်လိုက်တော့ ကိုယ်မသိသော ဆေးစစ်ချက်တွေ အတော်များတာ တွေ့ရ၏။

 


 စင်ကာပူက mobile apps တွေအကြောင်း ကျွန်ုပ် တစ်ခါ ရေးပြခဲ့ဖူးပါ၏။

ယခု တိုက်ဆိုင်လာလို့ NUHS app အကြောင်း နည်းနည်းလောက် ပြောပါရစေဦး။

 

အခြား apps များကဲ့သို့ပင် NUHS app သည်လည်း အလွန် အသုံးတည့်လှ၏။

ကိုယ့် appointment ရက်များ ကြည့်လို့ရသည်။

ကိုယ့်ကို ဘာဆေးတွေ ပေးထားသလဲ ကြည့်လို့ရသည်။ ဘယ်ဆေးကို ဘယ်လောက်သောက်ရမယ် မေ့မှာမပူရတော့။

နောက်ပြီး ဆေးကုန်လို့ရှိလျင်လည်း ထပ်မှာလို့ရသည်။

ဆရာဝန်ပြခ ပိုက်ဆံမပေးရသေးဘူးဆိုလျင် ပေးလို့ရသည်။

နောက်ပြီး ဆေးရုံဆေးခန်းပြခဲ့သော ပြေစာများအားလုံး ကြည့်လို့ရသည်။ Download လုပ်လို့ရသည်။

(များသောအားဖြင့်တော့ ကျွန်ုပ်က ပြနေကျ ဆေးစစ်တာတွေအတွက် ဆေးခန်းမှာ အချိန်ကုန်ခံတန်းစီပြီး ပိုက်ဆံပေးလေ့မရှိပါ။ နောက်တော့မှ app ထဲကြည့်၊ ကျန်သည့်ပိုက်ဆံကို ပေးလေ့ရှိ၏။ ဘာမှ မခဲယဉ်းပါ။)

မိတ်ဆွေတို့ သိနိုင်ရန် screen shot များ ပြလိုက်ပါသည်။

 








ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၇ အောက်တိုဘာ၊ ၂၀၂၅

Saturday, July 17, 2021

ကိုဗစ်၁၉ နှင့် အောက်ဆီဂျင်အကြောင်း သိကောင်းစရာ (၃)

(၈) လုပ်ငန်းသုံးအောက်ဆီဂျင်ဓာတ်ငွေ့နှင့် ကျန်းမာရေးသုံးအောက်ဆီဂျင်ဓာတ်ငွေ့တို့ ကွာခြားပုံ

 

Ref:

https://www.ima-india.org/ima/pdfdata/Industrial%20Oxygen%20vs%20Medical%20Oxygen.pdf

 

 

ကျန်းမာရေးသုံးအောက်ဆီဂျင်၌ အနံ့မရှိ။

ကျန်းမာရေးသုံး အောက်ဆီဂျင်မှာ မူလကတည်းက ကျန်းမာရေးအတွက်သုံးရန် ရည်ရွယ် ထုတ်လုပ်ထားခြင်းဖြစ်၏။ ကျန်းမာရေးသုံး အောက်ဆီဂျင်ကို ကျန်းမာရေးသုံး ဖိညှစ်စက် (medical air compressor) များဖြင့် ထုတ်လုပ်၏။ ကျန်းမာရေးသုံး ဖိညှစ်စက်များမှာ ဆီမပါသော သို့မဟုတ် ဆီကိုနည်းနိုင်သမျှနည်းအောင် သုံးထားသည့် ဖိညှစ်စက်များ ဖြစ်၏။ အိုးအတွင်းပိုင်းတွင် သံချေးမတက်စေရန် ကျန်းမာရေးသုံး အောက်ဆီဂျင်အိုးများကို ရေမထိစေရ။

ကျန်းမာရေးသုံး အောက်ဆီဂျင် ထည့်မည့်အိုးများကို လုံးဝသန့်ရှင်းနေစေရန်၊ အညစ်အကြေးများ လုံးဝကင်းစင်နေစေ ရန်၊ ကျန်းမာရေးကို ထိခိုက်စေမည့် အခြား မည်သည့်ပစ္စည်းမှ ရောပါမလာစေရန် အိုးသန့်ရှင်းမည့်နည်းလမ်းများကို တင်းကြပ်သည့် ဥပဒေ၊​ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ထားရ၏။  

ကျန်းမာရေးသုံးအောက်ဆီဂျင်ကို ခရိုင်ယိုဂျဲနစ်အိုး (cryogenic cylinder) များ၌ ထည့်သွင်းသိုလှောင်ရ၏။ အောက်ဆီဂျင်အိုးအတွင်း အခြား မည်သည့် အညစ်အကြေးမှ မရှိစေရ။ (free from any contaminants.)

 

စက်မှုလုပ်ငန်းသုံးအောက်ဆီဂျင်ကို ထုတ်လုပ်ရာတွင် ချောဆီသုံး ဖိညှစ်စက်များ သုံး၏။ သို့အတွက် ထွက်လာသည့် အောက်ဆီဂျင်တွင် ဆီအညစ်အကြေးများ ရောပါလာနိုင်၏။ လုပ်ငန်းသုံးအောက်ဆီဂျင်မှာမူ မီးရှို့ရန်အတွက် သီးသီးသာ ဖြစ်၍ ကျန်းမာရေးသုံးအောက်ဆီဂျင်လောက် သန့်ရှင်းရန်မလို။ ၎င်းကိုထည့်မည့် ဓာတ်ငွေ့အိုးကိုလည်း အထူးတလည် သန့်ရှင်းနေစရာမလို။

 

စက်မှုလုပ်ငန်းသုံးအောက်ဆီဂျင်ကို ဓာတ်ငွေ့ဖြင့်ဖြတ်ခြင်း၊ ဓာတ်ငွေ့ဖြင့်ဂဟေဆော်ခြင်း လုပ်ငန်းများအတွက် သုံး၏။ စက်မှုလုပ်ငန်းသုံးအောက်ဆီဂျင်သည် ကျန်းမာရေးလုပ်ငန်းသုံး အောက်ဆီဂျင်လောက် သန့်ရှင်းမှုမကောင်း။ လုပ်ငန်းသုံး အောက်ဆီဂျင်ကို အသက်ရှူရန် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ထားခြင်း မဟုတ်မူ၍ အသက်ရှူရန် အသုံးပြုခြင်းအတွက် မသင့်တော်လေ။

 

လုပ်ငန်းသုံးဓာတ်ငွေ့အိုးကို ကျန်းမာရေးသုံးဓာတ်ငွေ့အိုးအဖြစ် ပြောင်းလဲ အသုံးပြုတော့မည်ဆိုလျှင် အိုးအတွင်း၌ အညစ်အကြေး လုံးဝကင်းစင်နေရန် သန့်ရှင်းရေးအတွက် တင်းကြပ်သော အစီအမံများ ချမှတ်ကာ လက်တွေ့လည်း လုပ်ဆောင်ရန် လို၏။

 

သို့သော် မြန်မာနိုင်ငံ၌ ဤကဲ့သို့လုပ်ဆောင်ရန် စည်းမျဉ်းများရော၊ လုပ်ပုံကိုင်နည်း အစီအမံများပါ မရှိသည်ဖြစ်၍ ခြုံပြီး ပြောရပါမူ လုပ်ငန်းသုံးဓာတ်ငွေ့အိုးကို ကျန်းမာရေးသုံးဓာတ်ငွေ့အိုးအဖြစ် သုံးစွဲရန် လုံးဝ မသင့်တော်ပါဟု ဆိုရမည်သာ ဖြစ်၏။

 

အများလေ့လာနိုင်ရန် ဓာတ်ငွေ့အိုး အရွယ်များကို ဖော်ပြလိုက်ပါသည်။ သို့သော် နိုင်ငံကိုလိုက်၍ ဖော်ပြချက်များ ကွာဟနိုင်ပါသည်။







(၈) အောက်ဆီဂျင်ကို အန္တရာယ်ကင်းစွာအသုံးပြုနည်း

 

အောက်ဆီဂျင်အိုးကို မကိုင်တွယ်မီ သင့်လက်များကို သန့်ရှင်းရန် လို၏။ အယ်လ်ကိုဟောပါသည့် လက်သန့်ဆေးရည် ဖြင့် သန့်စင်ပါ။ လက် လုံးဝသွေ့ခြောက်သွေ့သွားမှ ကိုင်ပါ။ လက်ကို moisturizer သို့မဟုတ် sun cream လိမ်းထားပါ က လက်ကို လုံးဝ သွေ့ခြောက်သည်ထိ သုတ်ပစ်ပါ။ 

 

အောက်ဆီဂျင်ဓာတ်ငွေ့အိုးကို ကိုင်တွယ်ရာတွင် သင့်လက်၌ မည်သည့်ဆီမှ ပေကျံမနေပါစေနှင့်။ အောက်ဆီဂျင် ဓာတ်ငွေ့အိုးကို ဆီ၊ အမဲဆီများလုံးဝမထိပါစေနှင့်။ (အောက်ဆီဂျင်နှင့် အမဲဆီထိမိပါက ပြင်းထန်စွာ ပေါက်ကွဲတတ်၏။)

 

အောက်ဆီဂျင်သည် ကိုယ်တိုင်မီးမလောင်နိုင်။ သို့သော် မီးလောင်မှုကို အားပေး၏။ ထို့ကြောင့် အောက်ဆီဂျင်များ ယိုစိမ့်လျက် အခန်းတွင်း၌ စုပြုံမနေစေရန် အထူးသတိပြုပါ။ အခန်းတွင်းလေထု၌ အောက်ဆီဂျင်ပါဝင်မှု ၂၃.၅% ထက်ပိုပါက ပစ္စည်းများသည် အလွန်မီးလောင်လွယ်သည့်ပြင် အလွန်ပြင်းထန်စွာလည်း လောင်ကျွမ်းနိုင်၏။

 

အောက်ဆီဂျင်စုစက်များအနေနှင့် မထောင်းတာလှသော်လည်း အောက်ဆီဂျင်အိုး ဖြစ်ပါမူ အထူးသတိထား ကိုင်တွယ်ရန်လို၏။

 

အောက်ဆီဂျင်အိုးထားမည့်နေရာတွင် မီးလောင်လွယ်သည့်/မီးလောင်နိုင်သည့် ပစ္စည်းများ (ဥပမာ - ဓာတ်ဆီ) မရှိစေရ။

အောက်ဆီဂျင်အိုးသည် မီးလောင်လွယ်သည့်/မီးလောင်နိုင်သည့် ပစ္စည်းများမှ အနည်းဆုံး ပေ ၂၀ အကွာတွင် ရှိရမည်။

အောက်ဆီဂျင်အိုးကို လဲမကျစေရန် သေချာစွာ တုပ်နှောင်ထားရမည်။

အောက်ဆီဂျင်အိုးကို လေဝင်လေထွက်ကောင်းသည့်နေရာ၌ ထားရမည်။

 

နိဂုံး

 

ကိုဗစ်ရောဂါသည် အလွန်ရှုပ်ထွေး၏။ ကုစရာဆေးလည်း သတ်သတ်မှတ်မှတ် မရှိ။ လူနာ၏ အခြေအနေကိုကြည့်ကာ မည်သို့ကုသရမည်ကို ဆရာဝန်များက ဆုံးဖြတ်ရတာ ဖြစ်၏။ ကိုယ့်ဘာသာကိုယ် ဟိုဆေးကောင်းတယ်၊ ဒီဆေးသောက် ရမယ်ဟု ပေါက်တတ်ကရများ မလုပ်ပါနှင့်။ ဆရာကယ်မှ အနာအယ် လိမ့်မည်။ 

 

!!!!! ****** <<< အထူးအားဖြင့် ပြောလိုသည်မှာ ဖေ့စ်ဘုတ်မှ ဂျင်းများကို မယုံပါနှင့်။ >>> ****** !!!!!

 

§  နေထိုင်မကောင်းဖြစ်လာပြီဆိုလျှင် ဆရာဝန် အမြန်ပြပါ။

§  Swab test ရနိုင်လျှင် swab test စစ်ပါ။

§  ကိုဗစ်စစ်ဆေးစရာမရနိုင်လျှင် အခြားသူများနှင့် မရောပဲ သီးသန့်နေပါ။ 

§  မိမိအိမ်၌ဖြစ်လျှင်ပင် အခြားသူများနှင့် ရောမနေပဲ သီးသန့်ခန်း၌ ခွဲနေပါ။ သီးသန့်ခန်းမရနိုင်ပါက အနည်းဆုံး ၁ မီတာ (၃ ပေ) ခွာနေပါ။ 

§  မိမိနေရာ အခန်းသည် လေဝင်လေထွက် ကောင်းရမည်။

§  အနည်းဆုံး (၁၄) ရက် တခြားသူများနှင့် လုံးဝ မဆက်ဆံ/မထိတွေ့ပါစေနှင့်။ သင့်မိသားစုဝင်တွေကိုပင်လျှင် အနည်းဆုံး (၁) မီတာ (၃ ပေ) အကွာမှသာ ဆက်ဆံပါ။ 

§  မလိုအပ်ဘဲ စကားမပြောပါနှင့်။ 

§  ပါးစပ်နှင့်နှာခေါင်းကို မျက်နှာအကာ အမြဲတပ်ထားပါ။

 

ကိုဗစ်ဖြစ်လျှင် ဗိုင်းရပ်စ်ပိုးကြောင့် လူနာသည် အောက်ဆီဂျင်လိုနိုင်၏။ သို့တိုင် အားလုံးမလိုပါ။ ကိုဗစ်လူနာများ၏ ၁၀ မှ ၁၅% သာ အောက်ဆီဂျင်ပေးရန် လို၏။ 

 

ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းမှာ လျင်မြန်စွာ မြင့်တက်လာလေရာ အသက်ရှူရ ခက်နေသူများ အတွက် အောက်ဆီဂျင်ကို ရသည့်နည်းဖြင့် သယ်ယူရန် ကြိုးစားကြသည်ကို တွေ့မြင်နေရ၏။ ဤသည်မှာ အလွန် အန္တရာယ်များလှ၏။ မိမိ အောက်ဆီဂျင်ထည့်မည့်အိုးကို ယခင်က ဘာဓာတ်ငွေ့များ ထည့်ခဲ့သည်ကို သိပါသလော။ ထိုအိုးမှထွက်လာမည့် အောက်ဆီဂျင်၏ သန့်စင်မှုကို မည်ကဲ့သို့ တိုင်းပါသနည်း။ 

 

အောက်ဆီဂျင်ကို အဆုပ်အတွင်းသို့ တိုက်ရိုက်ပို့ပေးသည်ဖြစ်ရာ ထိုအောက်ဆီဂျင်၌သာ အဆိပ်အတောက် ဓာတ်ငွေ့ များ ပါလာပါက လူနာကို ကယ်ရာမရောက်၊ အမြန်သေတွင်းသို့ပို့ရာ ရောက်မည်ဖြစ်ကြောင်း သတိပေးလိုက်ပါ၏။

 

အောက်တွင် ဖေ့စ်ဘုတ် ပို့စ်တစ်ခုကို တွဲတင်ပေးလိုက်ပါသည်။ သတိထားနိုင်ရန် ဖြစ်ပါ၏။





အောက်ဆီဂျင်နှင့် ကိုဗစ်လူနာအကြောင်းသိကောင်းစရာ ဤတွင်ရွေ့ ပြီးပါပြီ။

မြန်မာပြည်သား လူအများတို့သည် ကိုဗစ်ဘေးမှ အမြန်ဆုံးကင်းဝေးကြပါစေ။

မင်းအောင်လှိုင်အမှူးပြုသော စစ်ခွေးများနှင့် ရဲခွေးများသည်လည်း သေချင်းဆိုးနှင့် အမြန်ဆုံး မသာပေါ်ကြပါစေ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း (လေးမျက်နှာ)

၁၇ ဇူလိုင်လ၊ ၂၀၂၁

 

ရည်ညွှန်း website များ

 

၁။ https://www.theguardian.com/world/2021/apr/29/explainer-why-is-getting-medical-oxygen-for-covid-patients-in-some-countries-so-difficult

၂။ https://air-source.com/blog/what-is-medical-oxygen/

၃။ https://www.cgdev.org/sites/default/files/Covid-19-and-Oxygen.pdf

၄။ https://www.business-standard.com/article/current-affairs/steps-to-secure-oxygen-for-covid-19-patients-and-supply-into-the-future-121051000215_1.html

၅။ https://www.aljazeera.com/news/2021/5/11/covid-19-why-how-and-when-is-medical-oxygen-used

၆။ https://www.ncbi.nlm.nih.gov/pmc/articles/PMC7834975/

၇။ https://www.cdc.gov/coronavirus/2019-ncov/videos/oxygen-therapy/Basics_of_Oxygen_Monitoring_and_Oxygen_Therapy_Transcript.pdf

၈။ https://www.raillynews.com/2020/12/What-are-the-types-of-oxygen-tube-and-how-to-use-it/

၉။ https://www.ncbi.nlm.nih.gov/pmc/articles/PMC1113986/

၁၀။ https://www.hcpro.com/SAF-330490-874/Know-the-medical-gas-cylinder-storage-requirements.html


ကိုဗစ်၁၉ နှင့် အောက်ဆီဂျင်အကြောင်း သိကောင်းစရာ (၂)

(၅) အောက်ဆီဂျင်စုစက် (Oxygen Concentrator)

 

အောက်ဆီဂျင်စုစက်မှာ သေးငယ်၏။ ထိုစက်က လေကို စုပ်ယူပြီး လေထဲ၌ ၇၈% ပါဝင်နေသည့် နိုက်ထြိုဂျင်ဓာတ်ငွေ့ ကို ထုတ်ပစ်လိုက်၏။ ထိုအခါ လုံးဝနီးပါးသန့်စင်သည့် အောက်ဆီဂျင်ကို ရလေသည်။ ထိုစက်မှာ အိမ်သုံးဖြစ်၏။ များသောအားဖြင့် ထိုစက်ကို နာတာရှည်အဆုပ်ရောဂါ ခံစားနေရသူများအတွက် သုံးကြ၏။ ၁၉၉၀ ခုနှစ်များဆီက အလယ်အလတ် သို့မဟုတ် ဆင်းရဲသည့်တိုင်းပြည်များတွင် ဆေးရုံများ၌ ထိုစက်များကို ထိထိရောက်ရောက် သုံးခဲ့ကြ၏။

 

ဓာတ်ငွေ့အိုးထက်စာလျှင် အောက်ဆီဂျင်စုစက်သည် ပိုပြီး အန္တရာယ်နည်း၏။ အလွယ်တကူသယ်ဆောင်နိုင်၏။

 

(ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့က ၂၀၀၇ ခုနှစ်ခန့်က မင်းဘူးဆေးရုံကြီးသို့ Oxygen Concentrator စက် တစ်လုံးလား၊ နှစ်လုံးလားမသိ လှူခဲ့ဖူးပါသည်။)

 

lpm (တစ်မိနစ်လျှင် ၅ လီတာ) အောက်ဆီဂျင်စုစက်များကို သာမန် ကိုဗစ် ၁၉ ရောဂါသည်များအတွက် သုံးနိုင်သည် ဆိုစေ။ ရောဂါ အပြင်းအထန် ခံစားနေရသူများအတွက် မလုံလောက်ပါ။

 

အောက်ဆီဂျင်စုစက်တစ်လုံးလျှင် ကလေး (၅) ဦး (သို့မဟုတ်) ရောဂါခံစားနေရသည့် လူကြီး (၂) ဦး တစ်ပြိုင်နက် သုံးနိုင်၏။ အောက်ဆီဂျင်စုစက်က လေထဲမှ အောက်ဆီဂျင်ကိုယူသည်ဖြစ်ရာ အောက်ဆီဂျင်ကို အဆက်မပြတ် ပေးနိုင်၏။ ပြန်ဖြည့်နေစရာမလို။ ဈေးမှာလည်း သင့်ပါသည်။ အမေရိကန်ဒေါ်လာ ၅၀၀ မှ ၁၀၀၀ ကြားခန့်ရှိ၏။ စက်အမျိုးအစားကိုလိုက်၍ ပိုပြီးကောင်းသော စက်များမှာမူ စင်ကာပူဒေါ်လာ ၃၀၀၀ ခန့်ထိ ရှိပါသည်။ သို့သော် လျှပ်စစ် မီးလို၏။ စက်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သူလို၏။ ပြုပြင်ထိန်းသိမ်းတတ်သူ လို၏။ အမေရိကန်၊ ဥရောပ၊ တရုတ်၊ အိန္ဒိယ နှင့် ရုရှားနိုင်ငံတို့တွင် ထုတ်လုပ်၏။

 

လေထုထဲရှိ အောက်ဆီဂျင်ကို စုယူပုံမှာ ရိုးရှင်းပါသည်။ 

လေထုထဲတွင် အောက်ဆီဂျင် ၂၁% နှင့် နိုက်ထြိုဂျင် ၇၈% ပါပြီး ကျန် ၁% မှာ အာဂွန်၊ ကာဘွန်ဒိုင်အောက်ဆိုဒ်၊ နီယွန်၊ ဟီလီယမ်နှင့် ဟိုက်ဒြိုဂျင်တို့ ဖြစ်၏။  

 

လေကိုစုပ်ယူပြီး အပူချိန်ကို အနုတ် ၁၈၁ ဒီဂရီစင်တီဂရိတ်ရောက်အောင် လျှော့ချလိုက်၏။ ထိုအခါ အောက်ဆီဂျင်မှာ အရည်ဖြစ်သွား၏။ ရေဆူမှတ် အနုတ် ၁၉၆ ဒီဂရီစင်တီဂရိတ်ရှိသော နိုက်ထြိုဂျင်မှာမူ အငွေ့ဘဝနှင့်သာ ရှိသေးရာ အရည်ဖြစ်နေပြီဖြစ်သော အောက်ဆီဂျင်ကို ဖောက်ထုတ်ယူလိုက်၏။ ထို့နောက် ဖိအားကိုလျှော့ချလိုက်ပြီး ဖိအားနိမ့် ပေါင်းခံအိုးထဲတွင် သန့်စင်၏။ ထိုသန့်စင်ပြီးသား အောက်ဆီဂျင်အရည်များကို ခရိုင်ယိုဂျင်းနစ်အိုးများတွင်ထည့်ကာ သယ်ယူ၏။

 

- 181° Cအပူချိန်တွင် အာဂွန်သည်လည်း အောက်ဆီဂျင်နှင့် အတူရောပြီး အရည်ပျော်လိုက်လာသည်ဖြစ်ရာ အောက်ဆီဂျင်နှင့်အတူ အာဂွန်လည်း ရောပါလာ၏။ ထို့ကြောင့် အောက်ဆီဂျင်စုစက်က ထုတ်ပေးလိုက်သည့် အောက်ဆီဂျင်မှာ လုံးဝသန့်စင်သည့် အောက်ဆီဂျင် (၁၀၀% အောက်ဆီဂျင်) မဟုတ်။ အာဂွန် ၅% ခန့် ပေါင်းစပ် ပါဝင်နေသည့် အောက်ဆီဂျင် ၉၅% သာဖြစ်၏။ အကယ်၍သာ အောက်ဆီဂျင်ကို ပိုဆွဲသုံးမည်ဆိုပါက အောက်ဆီဂျင် ပါဝင်နှုန်းမှာ ၈၅-၉၀% ထိ ကျဆင်းသွားနိုင်ပေသေး၏။ 

 

အောက်ဆီဂျင်စုပုံ နောက်တစ်မျိုးမှာ ဇီယိုလိုက် (Zeolite) သုံး၍ စုခြင်းဖြစ်၏။ အောက်တွင် အောက်ဆီဂျင်စုစက် တစ်လုံး အလုပ်လုပ်ပုံကို ဖော်ပြထား၏။



အောက်ဆီဂျင်စုစက် အလုပ်လုပ်ရာတွင် အဆင့် (၅) ဆင့်ရှိ၏။

၁။ သာမန်လေထုထဲမှ လေကို စုပ်ယူခြင်း

၂။ အောက်ဆီဂျင်ကို ဖိသိပ်ခြင်း

၃။ လေထဲမှ နိုက်ထြိုဂျင်ကို ဖယ်ထုတ်ခြင်း

၄။ အောက်ဆီဂျင် မည်မျှထုတ်မည်ကို ချိန်ညှိခြင်း

၅။ သန့်စင်ပြီးသား အောက်ဆီဂျင်ကို လူနာထံ ပို့လွှတ်ခြင်း

 

အောက်ဆီဂျင်စုစက်၌ အစိတ်အပိုင်းကလေးများ များစွာပါ၏။ အဓိက အစိတ်အပိုင်း (၂) ခုမှာ ဖိသိပ်စက် (compressor) နှင့် ဇကာ (sieve bed filter) တို့ဖြစ်၏။ Compressor က လေကိုဖိသိပ်လိုက်ပြီး စက်အတွင်းရှိ ဇကာများဆီသို့ ပို့ပေးလိုက်၏။ ဇကာ (sieve bed filter) က လေထဲမှ နိုက်ထြိုဂျင်ကို ဖယ်ထုတ်ပေး၏။ ဇကာအတွင်း၌ ဇီယိုလိုက် ခေါ် လူလုပ်အလူမီနီယမ်ဆီလီကိတ် ပစ္စည်းတစ်မျိုးရှိ၏။ ဇီယိုလိုက်တွင် အပေါက်ကလေးများပါသည့် မျက်နှာပြင် ခြောက်ဖက်ရှိ၏။ ၎င်းက ဓာတ်ငွေ့မော်လီကျူးကလေးများကို အရွယ်နှင့်ပိုစွန်းအလိုက် ဖမ်းယူထား၏။

 

အောက်ဆီဂျင်စုစက်၌ ဇကာနှစ်ခုပါ၏။ 

အောက်ဆီဂျင်စုစက်အတွင်း ဝင်လာသည့်လေကို ဖိညှစ်လိုက်ပြီး ပထမဇကာတစ်ခုကို ဖြတ်စေ၏။ ရလာသည့် အောက်ဆီဂျင်ကို ထုတ်ကုန်တိုင်ကီအတွင်း၌စု၏။ ထိုအခါ ပထမဇကာ၌ နိုက်ထြိုဂျင်များဖြင့် ပြည့်နှက်သွား၏။ 

ထို့နောက် ဖိညှစ်ထားသည့်လေကို ဒုတိယဇကာဘက်သို့ ပို့ပေးလိုက်၏။ 

ပထမဇကာမှ လေညှစ်စက်ကို အပြင်သို့ထုတ်လိုက်၏။ ထိုအခါ ထုတ်ကုန်တိုင်ကီအတွင်းမှအောက်ဆီဂျင်သည် ပထမ ဇကာအတွင်း ပြန်ဝင်လာ၏။ ပထမဇကာအတွင်း၌ ဖိအားကျသွားသည့်အခါ ဇီယိုလိုက်က နိုက်ထြိုဂျင်ကို ထုတ်ပစ်လိုက် ၏။ 

 

နိုက်ထြိုဂျင်နှင့် အောက်ဆီဂျင်သည် အတူပြန်လာပြီးနောက် လေထုထဲသို့ စွန့်ပစ်လိုက်၏။ ထိုလေကို ဖိညှစ်ကာ ဒုတိယ ဇကာသို့ပို့လိုက်၏။ ဒုတိယဇကာမှ အောက်ဆီဂျင်ကို ထုတ်ကုန်တိုင်ကီအတွင်းသို့ ပို့လွှတ်လိုက်၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ထိုအစဉ်ကြီးတစ်ခုလုံး အစအဆုံး ပြန်လည်ပတ်ပြန်လေ၏။

 

အခြားအရေးပါသည့် အစိတ်အပိုင်းများမှာ အောက်ဆီဂျင်စုစက်ကို အပူလွန်ကဲခြင်းမဖြစ်စေရန် ထိန်းပေးထားသည့် အအေးခံစနစ်။

လုံးဝသန့်စင်ပြီးသွားသည့် အောက်ဆီဂျင်ကို လူနာဆီပို့လွှတ်ပေးမည့် အောက်ဆီဂျင်ပိုက် (nasal cannula) တို့ဖြစ်၏။ Cannula က အောက်ဆီဂျင်စုပ်ယူနိုင်စွမ်းကို ပိုကောင်းစေ၏။ 

 

သယ်ယူရွှေ့ပြောင်းနိုင်သည့် အောက်ဆီဂျင်စုစက်များကို အောက်ဆီဂျင်ရစေရန် နှစ်မျိုးဆင်ထားနိုင်၏။ တစ်မျိုးမှာ pulse dose ဖြစ်ပြီး နောက်တစ်မျိုးမှာ continuous flow ဖြစ်၏။

Pulse dose ကို နေ့ဘက်တွင်သုံး၏။ ၎င်းမှာ အသက်ရှူရန် အောက်ဆီဂျင်ကို cannula မှပို့ပေး၏။

Pulse dose နည်းပညာသုံး အောက်ဆီဂျင်စုစက်မှာ ပိုပြီးကျစ်လျစ်၏။ ဘက်ထရီကို ပို၍ ကြာရှည်စွာသုံးနိုင်၏။

 

Continuous flow ဒီဇိုင်း အောက်ဆီဂျင်စုစက်မှာ ပြွန်များမှတဆင့် ပို၍တည်ငြိမ်သော အောက်ဆီဂျင်စီးနှုန်းကို ပေး၏။ အိပ်နေစဉ် အောက်ဆီဂျင်ပေးရန်လိုသူများအတွက် ဤဒီဇိုင်းမှာ ပိုမိုသင့်တော်၏။

 

အသေးစား အောက်ဆီဂျင်စုစက်များကို ၁၂ ဗို့ ကားဘက်ထရီဖြင့် မောင်းနှင်နိုင်၏။ ထိုစက်ကလေးများမှာ ၁၀ ကီလိုမျှသာလေးပြီး တစ်နေရာနှင့်တစ်နေရာ ရွှေ့ရာ၌ လွယ်ကူစေရန် ဘီးတပ်ထား၏။ အောက်ဆီဂျင်စုစက်များကို လေအဝင်အထွက် ကောင်းစွာရသည့်နေရာ၌ ထားရ၏။

 

အောက်ဆီဂျင်စုစက်ကို သုံးရန်လွယ်ကူ၏။ ၎င်းတွင် အဖွင့်အပိတ်ခလုတ်နှင့် အောက်ဆီဂျင်စီးဆင်းနှုန်းကို ချိန်ညှိပေး သည့် ခလုတ်သာပါ၏။ 




§  အောက်ဆီဂျင်စုစက်ကို ထိန်းသိမ်းရန်လည်း လွယ်ကူပါ၏။ စက်နောက်ဘက်ရှိ ဖုန်စစ်ကို တစ်ပါတ်တစ်ခါ ဆေးပေးပါ။ စက်ကို တစ်နှစ်တစ်ကြိမ် servicing လုပ်သင့်၏။

§  အောက်ဆီဂျင်စုစက်ကို ၂၄ နာရီဖွင့်သုံးနိုင်၏။ မလိုအပ်ပါက ရေငွေ့ပေးကိရိယာ (humidifier) သုံးစရာမလိုပါ။ အကယ်၍ လေသိပ်ခြောက်လာပြီဆိုပါမူ ရေငွေ့ပေးကိရိယာ သုံးနိုင်ပါသည်။ ရေငွေ့ပေးကိရိယာအတွက် ပေါင်းခံရည်ကို သုံးပါ။ ပေါင်းခံရည်ကို တစ်နေ့တစ်ခါ လဲပေးပါ။



§  အောက်ဆီဂျင်စုစက်သည် လေကောင်းကောင်း ဆွဲသွင်းရန် နှင့် လေဆိုးထုတ်ရန် နေရာအကျယ်အဝန်း လုံလုံလောက်လောက် လို၏။ စက်ကို လေကောင်းလေသန့်ရသည့် နေရာ၌ ထားပါ။

§  အောက်ဆီဂျင်စုစက်ကို အိမ်ထောင်ပရိဘောဂများမှ အနည်းဆုံး တစ်ပေ သို့မဟုတ် နှစ်ပေခန့်ခွာထားပါ။ 

§  အောက်ဆီဂျင်ကို လူနာအားမပေးမီ စက်ကို ၁၅ မိနစ်မှ မိနစ် ၂၀ လောက်ကြာသည်ထိ မောင်းထားပါ။ (တည်ငြိမ်ပြီး သန့်စင်သော အောက်ဆီဂျင်ရစေရန်ဖြစ်၏။)

§  အောက်ဆီဂျင်ပိုက်ကို ခွေခေါက် မနေပါစေနှင့်။ တတ်နိုင်သမျှ ဆန့်ထားပါ။

§  အတွင်းပိုင်းမှ လေစစ်ကိရိယာများ ဖုံများကပ်ငြိ၍ ပျက်စီးခြင်းမဖြစ်စေရန် စက်ကို တစ်လလျှင် အနည်းဆုံး (၁၀) နာရီ မောင်းပေးပါ။ (၁၀ နာရီ ဆက်တိုက်ဖြစ်စရာမလို။) 

§  အကယ်၍ ရေငွေ့ထည့်ကိရိယာ (humidifier) သုံးပါက စက်ကို လစဉ်သန့်ရှင်းရေးလုပ်ပါ။ သန့်ရှင်းရေးလုပ်သည့်အခါ အပေါ်ပိုင်းနှင့် အောက်ပိုင်းကို ရေနွေးနွေးဖြင့် အသာအယာ ပွတ်တိုက် ဆေးကြောပါ။ ဓာတုဆေးရည်၊ ကြမ်းတမ်းသော ရေမြှုပ် စသည်တို့ မသုံးပါနှင့်။ အကယ်၍ ခြစ်ရာများပေါ်သွားလျှင် ထိုခြစ်ရာများအတွင်း၌ ဘက်တီးရီးယားတို့ ပေါက်ဖွားတတ်၏။

 

(၆) အောက်ဆီဂျင် ထုတ်စက် (Oxygen Generator)

 

လေကိုယူပြီး အောက်ဆီဂျင်ထုတ်ပေးသည့် နောက်စက်တစ်မျိုးမှာ အောက်ဆီဂျင်ထုတ်စက် (Oxygen Generator) ဖြစ်၏။ ထိုစက်ကြီးများမှာမူ တစ်နာရီလျှင် လီတာ ၅၀၀၀ ခန့်ထိ ထုတ်နိုင်၏။ တစ်နေ့လျှင် အောက်ဆီဂျင် ဓာတ်ငွေ့အိုး အလုံး (၃၀) မှ (၅၀) ထိ ဖြည့်နိုင်၏။ ထိုစက်ကြီးများမှာမူ ဈေးကြီး၏။ စက်တစ်လုံးလျှင် အမေရိကန်ဒေါ်လာ တစ်သိန်း (မြန်မာငွေ သိန်း ၁၄၀၀ ခန့်) ရှိ၏။ ထိုစက်ကို မောင်းနှင်ဘို့ရာ ဇီဝနည်းပညာအတတ်ပညာရှင်များ လို၏။ ထိုစက်ကြီး များကိုမူ ရေရှည်သုံးရန်အတွက် ရင်းနှီးမြှုပ်နှံသင့်၏။ များသောအားဖြင့် ထိုစက်ကြီးများကို အမေရိကန်နှင့် တရုတ်က ထုတ်၏။ စက်လည်ပတ်ရန် မည်သည့်ကုန်ကြမ်းမျှ မလို။ လျှပ်စစ်မီးရှိလျှင် ရပြီ။

 

ကျန်းမာရေးသုံး အောက်ဆီဂျင်ထုတ်စက်များသည် European Directive 93/42/EEC on Medical Device နှင့် ကိုက်ညီ ရမည်။ အများအားဖြင့် Pressure Swing Adsorbtion (PSA) technology ကို သုံး၏။ 

 

အောက်ဆီဂျင်စုစက်နှင့် ထုတ်စက်များ၏ ကောင်းကွက်မှာ နေရာမရွေးသုံးလို့ရ၏။ စက်လည်ပတ်ရန် ကုန်ကြမ်းမလို။ လိုအပ်ပါက အောက်ဆီဂျင်ကို တောက်လျှောက် ပေးနေနိုင်၏။







(၇) ကိုဗစ်လူနာတစ်ဦးအတွက် အောက်ဆီဂျင်မည်မျှပေးရန် လိုသနည်း

 

Ref:

https://www.indiatoday.in/coronavirus-outbreak/story/how-much-oxygen-a-covid-19-patient-needs-is-oxygen-concentrator-enough-1798378-2021-05-03

 

နားနေချိန်၌ သာမန်လူကြီးတစ်ဦးသည် တစ်မိနစ်လျှင် လေ (၇) လီတာမှ (၈) လီတာထိ ရှူသွင်း ရှူထုတ်လုပ်၏။ ဆိုလိုသည်မှာ တစ်နေ့လျှင် လေ ၁၁,၀၀၀ လီတာကို ရှူသွင်း ရှူထုတ်လုပ်၏။ ရှူသွင်းလိုက်သော လေတွင် အောက်ဆီဂျင် ၂၁% ပါ၍ ရှူထုတ်လိုက်သောလေတွင် အောက်ဆီဂျင် ၁၅% မျှ ပါ၏။ ရှူသွင်းလိုက်သော လေမှ အောက်ဆီဂျင်မည်မျှကို ခန္ဓာကိုယ်က စုပ်ယူထားလိုက်သနည်း ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ ကျန်းမာရေးဆိုင်ရာ အချက်များပေါ် များစွာမူတည်နေ၏။

 

အကယ်၍ ကိုဗစ်လူနာတစ်ဦးသည် အောက်ဆီဂျင် ၉၀% အောက် လျော့ကျသွားသည် ဆိုအံ့။ ၎င်းကို အောက်ဆီဂျင် ပေးရန်လို၏။ သွေးထဲ၌ အောက်ဆီဂျင်ပါဝင်နှုန်းကို Oximeter ဖြင့် အလွယ်တကူ စစ်နိုင်၏။ ကိုဗစ်လူနာတစ်ဦး အောက်ဆီဂျင်လိုမလိုကို ၆ မိနစ် လမ်းလျှောက်စမ်းသပ်နည်းဖြင့် အောက်ပါအတိုင်း စမ်းသပ်နိုင်သည် ဆို၏။

 

လမ်းမလျှောက်မီ အောက်ဆီဂျင်ကို စစ်ပါ။ မှတ်ထားပါ။

ထို့နောက် ၆ မိနစ် လမ်းလျှောက်ပါ။ 

လမ်းလျှောက်ပြီးသည့်အခါ အောက်ဆီဂျင်ကို ထပ်မံစစ်ဆေးပါ။

လမ်းလျှောက်ပြီးနောက် တိုင်းတာ၍ရသည့် အောက်ဆီဂျင်တန်ဘိုးသည် - လမ်းမလျှောက်မီ ရှိသည့် အောက်ဆီဂျင် တန်ဘိုးထက် (ပိုမြင့်လာရမည့်အစား) လျော့ကျသွားသည်ဆိုပါက ဤလူနာအား အောက်ဆီဂျင်ပေးရန် လိုအပ်နေပြီ ဟု သတိပေးလိုက်ခြင်းပင် ဖြစ်သတည်း။

 

အကယ်၍ လူနာသည် ၆ မိနစ်မျှပင် လမ်းလျှောက်ရန် မတတ်နိုင်တော့ ဆိုလျှင်မူ အလျင်အမြန် အောက်ဆီဂျင် ပေးရန် လို၏။

 

မည်သည့် ကိုဗစ်လူနာသည် အောက်ဆီဂျင်မည်မျှလိုသနည်း ဟူသည်မှာ အခြေအနေများစွာပေါ် မူတည်နေပါ၏။ ပုံသေ ကားကျ တွက်ထားလို့မရ။

အချို့မှာ တစ်မိနစ်လျှင် (၁) လီတာမှ (၂) လီတာထိ လိုနိုင်၏။

အောက်ဆီဂျင်ပေးမှု မထိရောက်ပါက (၃) လီတာမှ (၄) လီတာထိ လိုနိုင်၏။

 

အချို့လူနာများမှာ HFNC (High Flow Nasal Cannula) လို၏။ ထိုလူနာများကိုမူ အောက်ဆီဂျင် တစ်မိနစ်လျှင် ၆၀ လီတာထိ လိုသည်ဆို၏။ အချို့လူနာများသည် တစ်နေ့လျှင် အောက်ဆီဂျင် ၈၆,၀၀၀ လီတာထိ လိုသည် ဆို၏။


အပိုင်း (၃) သို့ဆက်ရန်


အေးငြိမ်း (လေးမျက်နှာ)

၁၇ ဇူလိုင် ၂၀၂၁