Showing posts with label Environment. Show all posts
Showing posts with label Environment. Show all posts

Wednesday, June 5, 2019

သောက်ရေ


(၁) သောက်ရေ

ယောက်ျားကြီးတစ်ယောက်၏ ခန္ဓာကိုယ်အလေးချိန် ၆၅%၊ မိန်းမကြီးတစ်ယောက်၏ ခန္ဓာကိုယ်အလေးချိန် ၅၅% မှာ ရေဓာတ် ဖြစ်၏။ လူကြီးတစ်ယောက်၏ ခန္ဓာကိုယ်တွင် ရေဓာတ်ပါဝင်မှုမှာ ၄၅% နှင့် ကလေးတစ်ယောက်၏ ရေဓာတ်ပါဝင်နှုန်းမှာ ၇၀ မှ ၈၀% ဖြစ်၏။

လူတစ်ယောက် ရေသောက်သုံးရန် မည်မျှလိုသည်ဆိုသည်မှာ ရေသောက်သုံးသူ၏ အသက်အရွယ်၊ ကိုယ်လက်လှုပ်ရှားမှု၊ နေထိုင်ရသည့်/အလုပ်လုပ်ရသည့်နေရာ၊ ကျန်းမာရေးအခြေအနေ စသည့် အချက်များစွာပေါ် မူတည်နေ၏။ သာမန်အပူချိန်တွင် မိန်းမကြီးတစ်ယောက်အတွက် တစ်နေ့ရေလိုအပ်ချက်မှာ ၂.၇ လီတာ ဖြစ်ပြီး ယောက်ျားကြီး တစ်ယောက် အတွက် လိုအပ်ချက်မှာ ၃.၇ လီတာဖြစ်၏။ သို့သော် နေပူကျဲကျဲထဲတွင် အလုပ်လုပ်ရသူများမှာ ရေပိုသောက်ရန်လို၏။
(ရေ ၁ လီတာ = ပုလင်းကြီး ၁ ပုလင်း)

မြေမျက်နှာပြင်ရေ (surface water) နှင့် မြေအောက်ရေတို့တွင် အင်အော်ဂဲနစ်မင်နရယ်များ ပျော်ဝင်လျက်ရှိ၏။ သောက်ရေတွင် လည်း သတ္တုဓာတ်များ ပျော်ဝင်လျက်ရှိပါသည်။

ခန္ဓာကိုယ်တွင် ရေအချိုးအစား မျှတရန်မှာ အလွန်အရေးကြီး၏။ နေပူထဲတွင် အလုပ်လုပ်သည့်အခါ ရေဓာတ်ခန်းခြောက်ပြီး အန္တရာယ်ရှိ၏။ ထို့အတူ အချိန်တိုအတွင်း ရေကို အများအပြားသောက်ပါက ရေအဆိပ် (water intoxication) တက်၍ သေသည်ထိ အန္တရာယ်ရှိ၏။

သောက်ရေ (drinking water) ကို သောက်သုံးရေ (potable water) ဟုလည်း ခေါ်၏။ သောက်ရေဆိုသည်မှာ သောက်ရန် အတွက် သို့မဟုတ် အစားအသောက်များချက်ပြုတ်ရာ၌ အန္တရာယ်ကင်းစွာ အသုံးပြုရန်အတွက် သင့်တော်သည့်ရေကို ခေါ်၏။
အစားအသောက်ပြင်ရန်အတွက်သော်လည်းကောင်း၊ သောက်သုံးရန်အတွက်သော်လည်းကောင်း သုံးသည့်ရေမှာ အလွန်နည်း သည့် ပမာဏပင်ဖြစ်စေကာမူ လူတို့၏ ကျန်းမာရေးအတွက် အလွန်အရေးကြီး၏။ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ရေပိုက်ခေါင်းမှလာသည့် ရေသည် သောက်သုံးရန် ရေအရည်အသွေးများနှင့် ပြည့်မီသည် ဆို၏။ သောက်သုံးရန်အပြင် အခြားသုံးသောရေများမှာ ရေချိုးရန်၊ ဆေးကြောရန်၊ အိမ်သာသုံးရန်၊ စိုက်ပျိုးရေးအတွက် စသည်တို့ဖြစ်၏။ ရေညို (Grey water) ကို အိမ်သာရေလောင်းရန်၊ အပင်များ ရေလောင်းရန်၊ ဆေးကြောရန်နှင့် စိုက်ပျိုးရေးတို့အတွက် သုံးနိုင်၏။

မှတ်ချက်။            ။ အသုံးရည်ကိုလိုက်၍ ရေကို ရေဖြူ (white water)၊ ရေညို (grey water) နှင့် ရေမဲ (black water) ဟု အမျိုးအစားခွဲနိုင်၏။ ရေဖြူဆိုသည်မှာ သောက်သုံးရန် သင့်တော်သည့်ရေ ဖြစ်၏။ ဥပမာ - မိုးရေနှင့် အဝီစိတွင်းရေ။ မီးဖိုချောင်မှ သော်လည်းကောင်း၊ ရေချိုးခန်းမှ သော်လည်းကောင်း ထွက်လာသည့်ရေများမှာ ရေညိုဖြစ်၏။ ဘက်တီးရီးယားနှင့် ပိုးမွှားများ ပါနိုင်သည့်တိုင် အနည်းငယ်မျှသာပါသည်။ ရေမဲဆိုသည်မှာ အိမ်သာမှထွက်လာသည့် လူ၏မစင်တို့ပါဝင်နေသည့်ရေကို ခေါ်သည်။ ဘက်တီးရီးယားနှင့် ရောဂါပိုးများ အများအပြား ပါဝင်နေသည်။

အဆိပ်အတောက်များပါဝင်မှုပမာဏပေါ်မူတည်ကာ ရေကို အသုံးပြုရန် ငြင်းပယ်နိုင်သည်။ ဥပမာ - စက်ရုံများမှ ထွက်လာသည့် ရေ။

ကမ္ဘာအဝှမ်း၌ ၈၉% ရာခိုင်နှုန်းမျှသော လူများမှာ သောက်သုံးရန်သင့်တော်သည့် ရေကို ရရှိကြသည်။ ကမ္ဘာပေါ်မှ လူဦးရေ ၄.၂ ဘီလီယံတို့သည် ရေပိုက်ခေါင်းမှ ရေကိုရရှိကြပြီး ၂.၄ ဘီလီယံမျှသောလူများမှာ အများပိုင် ရေပိုက်လိုင်းများမှသော်လည်းကောင်း၊ ရေတွင်းရေကန်တို့မှသော်လည်းကောင်း ရေကိုရရှိကြ၏။ အန္တရာယ်ကင်းသည့် သောက်သုံးရေရရှိရေးမှာ လူသားတစ်ယောက်၏ အခြေခံအခွင့်အရေးဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆို၏။
(၁ ဘီလီယံ = သန်း ၁ ထောင်)

ကမ္ဘာပေါ်တွင် လူသားပေါင်း ၁ မှ ၂ ဘီလီယံသည် အန္တရာယ်ကင်းသောသောက်သုံးရေကို မရရှိကြ။ သို့မို့ကြောင့်ပင် တစ်ပတ် လျှင် လူပေါင်း ၃ သောင်းခန့် သေကြေပျက်စီးနေကြရသည် ဆို၏။ ၂၀၁၀ ခုနှစ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကမ္ဘာပေါ်တွင် အန္တရာယ်မကင်းသည့် သောက်ရေကြောင့် သေဆုံးရသည့် လူအရေအတွက်မှာ ကမ္ဘာစစ်များကြောင့် သေဆုံးရ သည့် လူဦးရေထက်ပင် ပိုမိုများပြားသေးသည်ဟု ပြောခဲ့ပါသည်။

(၂) အန္တရာယ်ကင်းတဲ့သောက်ရေဆိုတာ ဘာလဲ

၂၀၁၇ ခုနှစ်တွင်ထုတ်ပြန်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အစီရင်ခံစာအရ "အန္တရာယ်ကင်းသည့် သောက်သုံးရေ" ဟူသည် "အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူတို့သက်တမ်းတလျှောက် ရေကိုသောက်သုံးခြင်းကြောင့် လူ့ကျန်းမာရေး ကို တစ်စုံတစ်ရာ အန္တရာယ်မဖြစ်စေမည့်ရေ" ဖြစ်သည်ဟု ဆို၏။

" အန္တရာယ်တစ်စုံတစ်ရာမဖြစ်အောင် စီမံထားသော သောက်သုံးရေ" ဟူသည်မှာ "အညစ်အကြေးတစုံတရာမပါဝင်စေဘဲလျက် လိုသည့်အခါတွင် ရနိုင်သောရေ" ဖြစ်၏။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၇၁% ဖြစ်သော ၅.၂ ဘီလီယံသည် အန္တရာယ် ကင်းသောရေကို ရနိုင်ခဲ့သည်ဆို၏။  

"တိုးတက်ကောင်းမွန်သော ရေအရင်းအမြစ် (improved water source)" နှင့် "မတိုးတက်မကောင်းမွန်သေးသော ရေအရင်း အမြစ် (unimproved water source)" ဟူသော စကားလုံးနှစ်ခုကို ၂၀၀၂ ခုနှစ်က UNICEF, WHO နှင့် JMP တို့က သောက်ရေ ကို စောင့်ကြည့်လေ့လာရေး ကိရိယာအဖြစ် သုံးခဲ့၏။

"တိုးတက်ကောင်းမွန်သော ရေအရင်းအမြစ် (improved water source)" တွင် အိမ်ရောက်အောင် ရေပိုက်လိုင်းဖြင့် သွယ်တန်း ထားသည့် ရေ၊ အများပြည်သူသုံး ရေပိုက်ခေါင်းမှရေ၊ အဝီစိတွင်းရေ၊ ကောင်းစွာထိန်းသိမ်းထားသည့် တွင်းရေ၊ သေချာစွာ သိုလှောင်ထားသည့် မိုးရေ စသည်တို့ပါဝင်သည်။ ထို့ပြင် တိုးတက်ကောင်းမွန်သော ရေအရင်းအမြစ်တွင် အလိုရှိသည့်အခါ အလွယ်တကူ အဆင်သင့်ရနိုင်သည့်ရေ၊ အိမ်အတွင်းထိ ရောက်နေသောရေ၊ မည်သည့်အညစ်အကြေးမှ ရောနှောပါဝင်မနေသည့် ရေ၊ အသွားအပြန် နာရီဝက် ခရီးအကွာအဝေးတွင်ရှိသောရေ စသည်တို့ကိုပါ ထည့်သွင်းထားပါသေးသည်။  

မှတ်ချက်။            ။ အသွားအပြန် နာရီဝက် ခရီးအကွာအဝေးတွင်ရှိသောရေ ဟူသည့်သတ်မှတ်ချက်မှာ SDC - Swiss Agency for Development and Cooperarion က သတ်မှတ်ထားတာဖြစ်ပါသည်။ အဘယ်ကဲ့သို့သတ်မှတ်သည်ကို သိလိုပါက အောက်ပါ link တွင် ဖတ်ရှုနိုင်ပါသည်။ https://www.shareweb.ch/site/Water/resources

"တိုးတက်ကောင်းမွန်သော ရေအရင်းအမြစ်" မှာ လူ့အညစ်အကြေားများ ရောနှောမပါဝင်ရလေအောင် ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်ထားသည့် ပိုက်ဖြင့် သွယ်တန်းထားသည့် ရေလည်းဖြစ်သည်။ ၂၀၁၄ ခုနှစ်လေ့လာချက်များအရ တိုးတက်ကောင်းမွန် သော ရေအရင်းအမြစ်၏ ၂၅% တွင် လူ့အညစ်အကြေးများ ပါဝင်နေသည်ဟု ဆို၏။



(၃) ရေရနိုင်သော အရင်းအမြစ်များ

ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၀% ကို ရေထုက ဖုံးလွှမ်းထား၏။ ထိုရေတို့အနက် ၉၇.၂% သောရေတို့မှာ ဆားငံရေများဖြစ်၏။ သို့အတွက် ရေချိုပမာဏမှာ ၂.၈% မျှသာရှိလေသည်။ ရေချိုရရှိနိုင်သော အရင်းအမြစ်များမှာ အောက်ပါတို့ဖြစ်၏။

Ø  မြေအောက်ရေ (ground water) (စိမ့်စမ်းရေ၊ အဝီစိတွင်းရေ)
Ø  မိုးရေ၊ နှင်းရေ၊ မြူရေ (precipitation) (မိုးရေ၊ စမ်းချောင်းရေ၊ ရေခဲမြစ်ရေ) 
Ø  မြေမျက်နှာပြင်ရေ (Surface water) (မြစ်၊ ချောင်း၊ အင်း၊ အိုင်များမှ ရေ)
Ø  ဇီဝရေ (Biological) (အပင်များမှရေ)
Ø  ဆားငံရေကို ကျိုချက်ယူသောရေ (Desalinated seawater) (ပင်လယ်ရေကို ကျိုချက်ယူသောရေ)
Ø  ချွေး (Astmospheric water generator) (စိုထိုင်းဆများသော လေထုကို ပေါင်းခံယူသောရေ၊ ချွေးရေ)

ရေရနိုင်သည့် နောက်အရင်းအမြစ်တစ်ခုမှာ သုံးပြီးသားရေကို ပြုပြင်၍ ပြန်လည်သုံးစွဲခြင်းဖြစ်၏။ လူနေအိမ်များမှ ထွက်လာသည့် ရေဆိုးရေညစ်များကို ပြန်လည်ပြုပြင်သုံးစွဲနိုင်သည်။ ပြုပြင်ထားသည့်ရေများကို စက်မှုလုပ်ငန်းများ၌သော် လည်းကောင်း၊ သစ်ပင် များ ရေလောင်းရာတွင်သော်လည်းကောင်း၊ အိမ်သာရေဆွဲချရာတွင်သော်လည်းကောင်း သုံးနိုင်သည်။ ထိုမျှမက အဆင့်မြင့် နည်းပညာများသုံးလျက် သောက်သုံးရေရသည်ထိပင် ပြုပြင်ယူနိုင်လေသည်။

စမ်းရေကို အချို့နေရာများ၌ ပုလင်းသွတ်၍ ရောင်းချကြ၏။ ရေပိုက်ခေါင်းမှ လာသောရေ၊ အစိုးရရေပေးဝေရေးစနစ်မှ ပေးသော ရေတို့မှာ အန္တရာယ်ကင်းစွာ စိတ်ချလက်ချ သောက်သုံးနိုင်၏။ ထိုရေများကို သောက်ရေအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ အန္တရာယ်ကင်းသော သောက်ရေဖြစ်သည်အထိ ပြုပြင်ပေးထားသည်။ ပြုပြင်ထားသည့်ရေကို သုံးစွဲသူများထံ ရောက်အောင် ပိုက်များဖြင့် သယ်ပို့ပေး၏။ ပိုက်များဖြင့်သယ်ပို့ရာတွင် ရေယိုစိမ့်ပြီး ဆုံးရှုံးမည့်အရေးကိုလည်း ထည့်သွင်းစဉ်းစား ရမည်။ ထိုမျှသာမက ရေပိုက်လိုင်းများကို မြေကြီးအောက်မှ သွယ်တန်းရာတွင် ပေါက်နေသည့် ပိုက်နေရာမှ ရေညစ်များ၊ ရောဂါ ပိုးမွှားများ ဝင်လာနိုင်သည့် အန္တရာယ်ကိုလည်း သတိပြုရမည် ဖြစ်၏။

စင်ကာပူတွင် ရေကို အရင်းအမြစ်လေးခုမှ ရယူသည်။ ၎င်းတို့မှာ -
၁။ မလေးရှားမှ ဝယ်ယူသောရေ (Imported Water)
၂။ မိုးရေ (Local Catchment Water)
၃။ ပင်လယ်ရေးကို ကျိုချက်ယူသောရေ (Desalinated Water)
၎။ အိမ်များမှ စွန့်ထုတ်လိုက်သော သုံးပြီးသားရေများကို ပြန်လည် သန့်စင်သုံးသောရေ (NEWater) . . . တို့ ဖြစ်၏။

စင်ကာပူသည် ကောင်းကင်မှရွာချလိုက်သည့် မိုးရေများကို အလဟဿအဖြစ်မခံပါ။ ထိုမိုးရေများကို သေချာစွာပြုပြင်ထားသည့် မြောင်းကြီး၊ မြောင်းငယ်များဖြင့် ရေကန်ကြီးများဆီကဲ့ယူကာ လှောင်ထားသည်။ ထို့နောက် ထိုလှောင်ထားသော ရေများကို ပြုပြင်ကာ ပြန်သုံးသည်။

ထို့အတူပင် အိမ်များမှ စွန့်ထုတ်လိုက်သည့် ရေဆိုးရေညစ်များကိုလည်း လွှင့်မပစ်ဘဲ ပြန်၍သန့်စင်ကာ သုံးသည်။ ထိုရေကို NEWater (ရေသစ်) ဟု ခေါ်၏။ တစ်နိုင်ငံလုံးမှ ရေဆိုးများကို ရေပြုပြင်ရေးစက်ရုံ (water reclamation plant or new water factory) များသို့ပို့ကာ ပြုပြင်ယူ၏။ စင်ကာပူတွင် ရေပြုပြင်ရေးစက်ရုံ လေးခုရှိသည်။

စင်ကာပူသည် မြေအောက်ရေကို လုံးဝထုတ်ယူသုံးစွဲခြင်းမရှိ။ ပင်လယ်ရေကို ကျိုချက်ကာ ရေချိုဖြစ်အောင်သုံးသည့် ကမ္ဘာ့နိုင်ငံ များတွင် စင်ကာပူသည် တစ်နိုင်ငံ အပါအဝင်ဖြစ်၏။ လက်ရှိတွင် ပင်လယ်ရေချက်စက်ရုံ ၆ ခုရှိပြီး ၂၀၆၀ ခုနှစ်သို့ ရောက်လျှင် တစ်နိုင်ငံလုံး ရေလိုအပ်ချက်၏ ၂၅% ကို ဤရေများဖြင့် ဖြည့်ဆည်းမည် ဖြစ်၏။

မလေးရှားမှ ရေကို စာချုပ်နှစ်ခုဖြင့်ဝယ်ယူခဲ့ရာ ပထမစာချုပ်မှာ ၂၀၁၁ ခုနှစ်တွင်သက်တမ်းကုန်သွားပြီဖြစ်၏။ ဒုတိယစာချုပ်မှာ ၂၀၆၁ ခုနှစ်တွင် သက်တမ်းကုန်မည်ဖြစ်သည်။ ထိုစာချုပ်သက်တမ်းကုန်လျှင် မလေးရှားမှ ရေကိုဝယ်ယူခြင်းအား ရပ်တန့်လိုက်ပြီး မိမိပိုင်ရေဖြင့်သာ လုံးဝသုံးစွဲသွားမည် ဖြစ်၏။ မိုးရေမှာ အကန့်အသတ်ရှိသဖြင့် ပင်လယ်ရေကို ကြိုချက်သောရေ နှင့် ပြန်ပြင်ရေ (NEWater) ကို အဆများစွာ တိုးမြှင့်လိုက်မည် ဖြစ်သည်။ ထို့ကြောင့် စင်ကာပူနိုင်ငံ၏ ရေအရင်းအမြစ် ရယူပုံမှာ အခြားနိုင်ငံများ ထက် ပိုမိုထူးခြားသည်ဟု ဆိုနိုင်မည် ဖြစ်၏။

ယခုအခါ မြန်မာနိုင်ငံ ဒေသများစွာ၌ပင် သောက်သုံးရေအခက်အခဲကို ကြုံနေကြရပြီ။ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် မြေအောက် ရေများကို အကန့်အသတ်မရှိ ထုတ်ယူသုံးစွဲနေကြ၏။ ဤသည်မှာ ကြိုဆိုရမည့်အရာတစ်ခုမဟုတ်။ မြေအောက်ရေဟူသည် အကန့်အသတ်ရှိ၏။

မြန်မာနိုင်ငံအနေနှင့် မိုးရေခံဒေသများစွာရှိလေရာ အခမဲ့ရသော မိုးရေကို ချောင်းမြောင်းများမှ တဆင့် ပင်လယ်ထဲသို့ အလဟဿ စီးဆင်းကုန်ဆုံးစေမည့်အစား စုဆောင်းပြီး အကျိုးရှိရှိပြန်လည် အသုံးချနိုင်ရန် စီမံကိန်းများချလျှက် လုပ်ကိုင်သင့်သည့် အချိန်သို့ ရောက်နေပြီဖြစ်၏။ ယခုကတည်းက မစီမံလျှင် မဝေးလှတော့သော အနာဂတ်ကာလ၌ ရေပြဿနာနှင့် မလွဲမသွေ ကြုံကြရ လိမ့်မည်။

(၄) ရေအရည်အသွေး

ရေအရည်အသွေးကို အောက်ပါအတိုင်း သုံးမျိုး ခွဲနိုင်၏။

Ø  ရုပ်ဂုဏ်သတ္တိ (physical)
Ø  ဓာတ်ဂုဏ်သတ္တိ (chemial)
Ø  အနုဇီဝဂုဏ်သတ္တိ (microbiological)

ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများတွင် heavy metal, organic compound, total suspended solids (TSS), turbidity စသည်တို့ပါ၏။ အနုဇီဝဂုဏ်သတ္တိများတွင် ကိုလီဖောင်းဘက်တီးရီယား၊ အီးကိုလီ၊ ကိုလယ်ရာဘက်တီးရီးယား၊ ဗိုင်းရပ်စ် စသည်တို့ပါ၏။

ဓာတ်ဂုဏ်သတ္တိများတွင် နိုက်တြိတ်၊ နိုက်တြိုက်၊ အာဆင်းနစ် စသည်တို့ပါပြီး လူတို့အား နာတာရှည်ရောဂါများကို ဖြစ်စေနိုင် သည်။ ရုပ်ဂုဏ်သတ္တိ၌ အမှုန်အမွှား၊ ပိုးကောင်မွှားကောင်၊ မစင်အညစ်အကြေး စသည်တို့ပါပြီး လူတို့၏ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်သည်။ အကယ်၍ ရေထဲတွင် fecal coliforms (E.Coli ကဲ့သို့) တွေ့လျှင် ထိုရေတွင် မစင်အညစ်အကြေးများ ရောပါ နေပြီဟု သံသယရှိနိုင်ပါသည်။

ထို့ပြင် ရေထဲတွင် protozoan oocysts (ဥပမာ - Cryptosporidium sp.), Giardia lamblia, Legionella နှင့် viruses (enteric) တို့ပါဝင်နိုင်သေးသည်။ မိုက်ခရိုဘိုင်ယယ်လ် ပက်သိုဂျင်းနစ်များမှာ လူတို့၏ကျန်းမာရေးကို ချက်ချင်းထိခိုက်စေနိုင်လေရာ အထူး အလေးထားရမည့် အရာတစ်ခုဖြစ်၏။

ကမ္ဘာပေါ်တွင် သောက်သုံးရေများကို အဓိကညစ်ပတ်စေသည့်အရာမှာ လူတို့၏ အညစ်အကြေးပင်ဖြစ်၏။ ၂၀၀၆ ခုနှစ်တွင် ရေကြောင့်ဖြစ်ရသော ရောဂါများကြောင့် သေကြေပျက်စီးကြသူများမှာ ၁.၈ သန်းရှိပြီး သန့်ရှင်းသောသောက်ရေ မရှိသူမှာ ၁.၁ ဘီလီယံရှိ၏။ ကျေးလက်တောရွာများတွင် အိမ်သာများကို ချောင်း၊ မြောင်းကမ်းနဖူးတို့တွင် ဆောက်လုပ်လေ့ရှိရာ လူတို့၏ အညစ်အကြေးများ အဓိကပါဝင်နေသည့်ရေမှာ ၎င်းတို့ နေ့စဉ်သုံးစွဲနေသည့် ချောင်းရေပင်ဖြစ်၏။

သောက်ရေ၏ အရည်အသွေးနှင့်ပတ်သက်၍ စံနှုန်း၊ လမ်းညွှန်၊ ဥပဒေ၊ နည်းဥပဒေ များစွာရှိ၏။ အလိုရှိသူများ WHO website တွင် စာအုပ်များကို အခမဲ့ download လုပ်ကာ ဖတ်ရှုနိုင်ပါသည်။ ISO တစ်ခုတည်းပင် ရေအရည်အသွေးနှင့်ပတ်သက် ၍ ISO 24510 အပါအဝင် စံနှုန်းပေါင်း ၃၀၀ နီးပါးရှိ၏။ (Ref: ISO and Water)

ရေအရည်အသွေးနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံနှုန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။







(၅) ရေနှင့် ကျန်းမာရေး

သောက်ရေအတွက် အဓိကပြဿနာမှာ ရေမသန့်ရှင်းမှုပင် ဖြစ်၏။ ရေမသန့်မှုကြောင့်ဖြစ်သည့် ရောဂါမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေသူများ၏ ၉၀ % မှာ အသက် ၅ နှစ်အောက် ကလေးငယ်များဖြစ်၏။ အာဟာရချို့ယွင်းမှုကြောင့် ခန္ဓာကိုယ်ခုခံအား ကျဆင်းရသည်။ ထိုအခါ အလွယ်တကူ ရောဂါရသည်။ ရောဂါဒဏ်ကို ခံနိုင်ရည်မရှိ။ ၂၀၀၀ မှ ၂၀၀၃ ခုနှစ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်သေရသော အသက် ၅ နှစ်အောက် ကလေးငယ်များမှာ ဆာဟာရ အာဖရိကဒေသ၌ ၇၆၉ ၀၀၀၊ တောင်အာရှဒေသတွင် ၆၈၃ ၀၀၀ ရှိသည်ဆို၏။

အကယ်၍ ရေဖြန့်ဖြူးရေးစနစ်ကို ပိုမိုကောင်းမွန်အောင် လုပ်ပေးနိုင်လျှင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုကို ၂၅ % ထိ၊ ရေသိုလှောင်မှုစနစ်ကို ပိုမိုကောင်းမွန်အောင် လုပ်ပေးနိုင်လျှင် ၃၉ % ထိ လျှော့ချနိုင်မည်။

၁၉၈၀ ခုနှစ်တွင် ကုလသမဂ္ဂက "International Decade of Water" (အပြည်ပြည်ဆိုင်ရာ ရေဆယ်စုနှစ်) အဖြစ် ကြေငြာခဲ့၏။ အဝီစိတွင်းရေသည် မြစ်ချောင်း၊ တူးမြောင်း၊ ကန်များမှရေထက် သောက်သုံးရန် ပိုမိုအန္တရာယ်ကင်းသည်ဟု ယူဆခဲ့ကြ၏။ ဂရင်းနိုက်ကျောက်များပျော်ဝင်မှုကြောင့် ရေတွင် ဖလူအိုရိုဒ်အလွန်အကျွံပါဝင်၍ လူပေါင်း သန်း ၆၀ ခန့် အဆိပ်သင့်ခဲ့ကြ၏။ ရလဒ်မှာ ကလေးငယ်များ၌ အရိုးများ ပုံပျက်ပန်းပျက်ဖြစ်ခြင်း ဖြစ်၏။ ဖလူအိုရိုဒ် ပမာဏနည်းလျှင် သွားများကို အထောက်အကူ ပြုသော်လည်း များလျှင်မူ အရိုးများ၏ ပုံပန်းကို ထိခိုက်စေသည်။

နောက်တစ်ခုမှာ အာဆင်းနစ်အဆိပ်သင့်မှု ဖြစ်၏။ ကမ္ဘာ့နိုင်ငံ ၇၀ တွင် လူ သန်းပေါင်း ၁၄၀ မှာ အာဆင်းနစ် အဆိပ်သင့်မှုဒဏ်ကို ခံခဲ့ရသည်ဆို၏။

ဤအချက်များက ပြည်သူများအတွက် သောက်သုံးရေဖြန့်ဖြူးရာတွင် အစိုးရများသည် သောက်ရေ၌ အဆိပ်ဓာတ်ပါဝင်မှုကို သေ သေချာချာ၊ မှန်မှန်ကန်ကန်၊ တိတိကျကျ စစ်ဆေးသင့်ကြောင်း ဖော်ပြနေ၏။

(၆) ရေကို သန့်စင်သုံးစွဲခြင်း

အဝီစိတွင်းရေနှင့် စမ်းချောင်းရေများအပါအဝင် မည်သည့်ရေကိုမဆို မသုံးမီ ပြုပြင်ရန်လို၏။ မည်ကဲ့သို့ပြုပြင်ရမည်နည်း ဟူသည်မှာ သည်ရေကို မည်သည့်နေရာက ရသနည်း ဆိုသည့်အပေါ် များစွာမူတည်နေ၏။ မြို့ကြီးများမှ အများပြည်သူ ရေပေးဝေရေးစနစ်အတွက် ရေသန့်စင်စက်ရုံကြီးများရှိရန် လိုသကဲ့သို့ အိမ်သုံး အဝီစိတွင်း/ရေတွင်းများမှရေကို သန့်စင်သည့် အိမ်သုံး ရေသန့်စင်စက်ကလေးများလည်း ရနိုင်ပါသည်။

ရေသန့်စင်စက် မရနိုင်သောကျေးလက်တောရွာများတွင် ရေကိုကြိုချက်သောက်ခြင်းဖြင့် ရေ၌ပါဝင်သည့် ရောဂါပိုးမွှားများကို သေစေနိုင်၏။ သို့သော် ပြဿနာမှာ ရေကိုကြိုချက်သောက်ရန် လောင်စာ (ထင်း) လိုခြင်းနှင့် ကြိုပြီးသားရေကို မည်ကဲ့သို့ လှောင်မည်နည်း ဟူသည့် ပြဿနာ ဖြစ်သည်။

နောက်တစ်နည်းမှာ လောင်စာမလိုသော ရေသန့်စင်ရုံအသေးစားများ ဖြစ်၏။ ၎င်းကို ကျောက်ခဲ၊ သဲ၊ မီးသွေးတို့သုံး၍ လုပ်နိုင်၏။ နေရောင်မှရသည့် ခရမ်းလွန်ရောင်ခြည်ကို သုံးနိုင်၏။ ဤကဲ့သို့သော ရေသန့်စင်ရုံကလေးများ မည်ကဲ့သို့ ပြုလုပ်အသုံးချရမည်ကို အစိုးရအနေဖြင့် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန်၊ လိုအပ်သော ပစ္စည်းကိရိယာများ ပံ့ပိုးပေးရန် လို၏။

နောက်တစ်ခုမှာ ရေတွင်း၊ ရေကန်၊ အဝီစိတွင်းများနှင့် အိမ်သာများကို ဝေးဝေးထားရန် ဖြစ်၏။ အကြံပေးထားသည့် အကွာအဝေး မှာ မီတာ ၃၀ ဖြစ်၏။ ထို့အပြင် ရေကန်ဆောက်လျှင် မြေပြင်အထက် ၂ မီတာအမြင့်၌ ဆောက်ရပါမည်။




နိဂုံး

ရေသည်အသက်ဖြစ်၏။
ဤကမ္ဘာပေါ်မှ ရေအရင်းအမြစ်မှာ မကုန်နိုင်မခမ်းနိုင် ရရှိနေနိုင်သည့် အရာမဟုတ်။ မြေအောက်ရေသော် လည်းကောင်း၊ မြစ်ချောင်းအင်းအိုင်များမှ ရေသော်လည်းကောင်း အကန့်အသတ် ရှိ၏။ အလွန်ကြီးမားလှသော ရေအရင်းအမြစ်တစ်ခုမှာ ရေခဲ တောင်များဖြစ်၏။ ယခုအခါ ရာသီဥတု ပူနွေးလာမှုကြောင့် ရေခဲတောင်များ အရည်ပျော်လာနေ၏။ ဝင်ရိုးစွန်း ရေခဲတောင်များမှ အရည်ပျော်သွားသည့်ရေသည် သမုဒ္ဒအတွင်း စီးဆင်းသွားပြီး သုံးမရသောရေများ ဖြစ်သွား၏။

ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများ၌ အစိုးရက အများပြည်သူသို့ပေးသည့် ရေပမာဏမှာ လိုအပ်ချက်ထက် များစွာလျော့နည်း နေသေးသည်ဖြစ်ရာ ပြည်သူတို့မှာ ရေပြဿနာကို မိမိတို့ဘာသာ ဖြေရှင်းကြရ၏။ ထိုအခါ အိမ်တိုင်းလိုလို အဝီစိတွင်းများ ပေါ်လာ ၏။ ဤသည်မှာ ကောင်းသောလက္ခဏာမဟုတ်။ မြေအောက်ရေကို အတိုင်းအဆမရှိ စုပ်ယူသုံးစွဲနေခြင်းသည် အလွန် အန္တရာယ် များလှ၏။ ဤကိစ္စကို ပြဿနာအကြီးအကျယ်မတက်မီ စောစီးစွာဖြေရှင်းထားရန် သင့်လှ၏။

ထို့ပြင် အများပြည်သူ သောက်သုံးနေသည့်ရေသည် ကျန်းမာရေးနှင့် ညီညွတ်၊ မညီညွတ်ဆိုသည်ကို အစိုးရက ကမကထလုပ်ကာ စစ်ဆေးပေးနေမှုများကိုလည်း မတွေ့ရသလောက်ဖြစ်၏။

ဤသည့်ကိစ္စများကို အာဏာပိုင်အဖွဲ့အစည်းများအနေနှင့် အဆောတလျင်ဆောင်ရွက်ရန် လိုနေပြီဖြစ်ကြောင်း အသိပေး နှိုးဆော် လိုက်ရပါသတည်း။

အေးငြိမ်း (လေးမျက်နှာ)

References:

https://en.wikipedia.org/wiki/Drinking_water
https://en.wikipedia.org/wiki/Pit_latrine
https://en.wikipedia.org/wiki/Water_supply_and_sanitation_in_Singapore
ISO: ISO and Water
WHO: Guideline for Drinking Quality

Wednesday, January 16, 2019

အမှိုက်များကို စီမံခန့်ခွဲခြင်း


၁။ နိဒါန်း

            တိုးတက်လာသော လူနေမှုစနစ်သစ်တွင် နည်းပညာအသစ်အဆန်းများ ပေါ်လာသည်နှင့်အမျှ လူသုံးကုန်ပစ္စည်း အသစ် အဆန်းများလည်း တိုးတက်များပြားလာ၏။ စီးပွားရေးလုပ်ငန်းရှင်တို့သည် မိမိတို့၏ ကုန်ပစ္စည်းများကို ပိုမိုလှပအောင်၊ ဆွဲဆောင်မှု ရှိအောင် ထုတ်လုပ်လာကြ၏။ ကုန်ပစ္စည်းကိုသာမက ထုပ်ပိုးပစ္စည်းများကိုပါ ပိုမိုလှပသေသပ်အောင် ထုတ်လုပ်ကြ၏။ ထိုအခါ ယခင်က သမားရိုးကျ ထုပ်ပိုးပစ္စည်းများထက် ပိုမိုများပြားလာ၏။ အမှန်တွင် ထို ထုပ်ပိုးပစ္စည်းဆိုသည်မှာ အလိုရှိသောပစ္စည်း ဝယ်ယူသူ၏ လက်တွင်းသို့ ရောက်သွားသည်နှင့် တပြိုင်နက် အမှိုက်ဖြစ်သွားလေတော့၏။
            တန်ဘိုးကြီးသော ကလေးကစားစရာပစ္စည်းများတွင် အရုပ်ထက် ထုပ်ပိုးပစ္စည်းက ပိုများ၏။ ထို့အတူပင် တန်ဘိုးကြီး အီလက်ထရောနစ်ပစ္စည်း တစ်ခုခုတွင်လည်း ပစ္စည်းထက် ထုပ်ပိုးပစ္စည်းက ပိုများသည်သာ ဖြစ်၏။
            လူနေမှုစနစ် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အတူ မြို့ပြနေသူများလည်း ပိုမိုများပြားလာခဲ့၏။ တောမှာထက် မြို့မှာက ပိုက်ဆံ ရှာရပိုလွယ်သည်ဖြစ်ရာ တောနေလူတန်းစားများသည် မိသားစုလိုက် မြို့ပြဆင်ခြေဖုံးဒေသများသို့ ပြောင်းရွှေ့နေထိုင်လာကြ၏။ ထိုအခါ မြို့ကြီးများ၏ ကြီးထွားနှုန်းမှာ အလွန်လျှင်မြန်လာ၏။ မြို့ပြနေသူများသည် ကျေးလက်နေ ပြည်သူများထက် အမှိုက်များကို ပိုမိုစွန့်ပစ်ကြ၏။ မြို့ပြတွင် လူဦးရေတိုးလာသလောက် အမှိုက်ပစ်နှုန်းမှာလည်း ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့၏။
            လူဦးရေ ၅ သန်းခွဲခန့်နေထိုင်သည့် ရန်ကုန်တွင် တစ်နေ့လျှင် အမှိုက်တန်ပေါင်း ၂၃၀၀ ကျော်စွန့်ပစ်နေကြသည် ဟု ရန်ကုန်စည်ပင်က ဆိုပါသည်။ ထိုအထဲမှ တန် ၂၀၀၀ လောက်ကိုသာ စည်ပင်ကသိမ်းနိုင်ပြီး ကျန် တန် ၃၀၀ ကျော်မှာ အိမ်ကြို အိမ်ကြား၊ လမ်းကြိုလမ်းကြားများ၌ စွန့်ပစ်ခြင်းကို ခံကြရသည် ဆို၏။
            ယခင် ဆယ်စုနှစ်သုံးခု အကျော်လောက် ကာလဆီက တစ်ခါသုံးပစ္စည်းဆိုသည်မှာ ကြားမျှပင် မကြားစဖူး။ ယခုခေတ် တွင်မူ တစ်ခါသုံးပစ္စည်းများကို တွင်တွင်ကျယ်ကျယ် သုံးလာကြ၏။ ယခင်က လက်ကိုင်ပုဝါ ဆောင်ကြသည်။ ယခုတော့ တစ်ရှူး ဆောင်၏။ လက်ကိုင်ပုဝါက လျှော်ဖွပ်ပြီး အကြိမ်ကြိမ်ပြန်သုံးလို့ရသည်။ တစ်ရှူးဆိုတာ တစ်ခါသုံးပြီး လွှင့်ပစ်ရသည့်အရာ ဖြစ်၏။
            ယခင်က အလှူမင်္ဂလာဆောင် အခမ်းအနားများတွင် ကြွေပန်းကန်၊ ကြွေရေသုတ် သံပန်းကန်များ သုံးကြ၏။ ထို ပန်းကန် များမှာ ဆေးကြောပြီး အကြိမ်ကြိမ်ပြန်သုံးလို့ရ၏။ ယခုခေတ်တွင်မူ တစ်ခါသုံး ဖော့ပန်းကန်၊ ခွက်ယောက်များ သုံးကြ၏။ ဈေးဝယ်သွားသည့်အခါတွင်လည်း ဈေးခြင်းတောင်းပင်မလို။ ဆီဝယ်တာကအစ ပလတ်စတစ်အိတ်များကို သုံး၏။ ထိုပစ္စည်း အားလုံးမှာ တစ်ခါသာသုံးလို့ရ၏။ တစ်ခါသုံးပြီး လွှင့်ပစ်လိုက်ရသည့် အရာဖြစ်၏။ ပေကျံနေသည့် ပလတ်စတစ်အိတ်ကို မည်သူမှ လျှော်ဖွပ်ပြီး ပြန်သုံးရန် စိတ်ကူးလိမ့်မည်မဟုတ်။ လက်တွေ့လည်း မကျ။
            ယခုအခါတွင် ဖွံ့ဖြိုးသည့်နိုင်ငံကြီးများ၌ စွန့်ပစ်ပစ္စည်းများကို ပြန်လည် အသုံးချရန် ကြိုးစားနေကြ၏။ တစ်ခါသုံးပစ္စည်း များကို ပြန်လည်အသုံးပြု၍ရသည့် ပစ္စည်းများဖြင့် အစားထိုး ထုတ်လုပ်လာကြ၏။ ယုတ်စွအဆုံး အစားအသောက် အကြွင်းအကျန် များကိုပင် အခြား လူသုံးကုန်များအဖြစ် ပြန်လည်ထုတ်ရန် သုတေသနပြုနေကြ၏။
            လူများရှိနေသရွေ့ အမှိုက်များလည်း ရှိနေမည်ဖြစ်ရာ ထိုအမှိုက်များကို နိုင်နိုင်နင်းနင်းရှင်းပစ်ရန်မှာ အလွန်အရေးကြီးလှ ၏။ ဤသည်ကို အမှိုက်စီမံခန့်ခွဲရေးစနစ် ဟု ခေါ်၏။
            ယခု အမှိုက်များကို မည်ကဲ့သို့စီမံခန့်ခွဲရမည်ဆိုသည်ကို အောက်ဖော်ပြပါ ရည်ညွှန်းစာအုပ်များမှ ထုတ်နုတ်၍ ရေးသား လိုက်ပါသည်။ ဖော်ပြပါစာအုပ်များမှာ ဤဆောင်းပါးရေးသားရန် ရည်ညွှန်းရုံမျှဖြစ်၍ အလုံးစုံ ဘာသာပြန်ထားခြင်းမဟုတ်ပါ။

ရည်ညွှန်းစာအုပ်များ -

၁။ Integrated Solid Waste Management for Local Governmanrs: A Practical Guide_Asian Development Bank
၂။ Guide to Municipal Solid Waste Management_American University of Beirut
၃။ Waste to Resources: A Waste Management Handbook_The Energy and Resources Institute, India
၂။ အမှိုက်မာများကို ဘက်စုံစီမံခန့်ခွဲရေး စနစ် (Integrated Solid Waste Management)

            ဤစာတမ်းမှာ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အာရှနိုင်ငံများတွင် အမှိုက်များကို စနစ်တကျနှင့် ထိထိရောက်ရောက် ဖြစ်အောင် မည်ကဲ့သို့ စီမံခန့်ခွဲရမည့်အကြောင်း လက်တွေ့ကျကျ အကြံပေးထားသည့် စာတမ်းတစ်စောင် ဖြစ်၏။ ထိုစာတမ်း ပြုစုရာတွင် ADB သည် ၎င်းတို့၏စီမံကိန်းများ၊ အတွေ့အကြုံများနှင့် သုတေသနများမှ ရသည့်အချက်အလက်များကို အခြေခံ ထားသောကြောင့် ဤစာတမ်းက နိုင်ငံများမှ စည်ပင်သာယာရေးအဖွဲ့များ၊ အစိုးရများ၊ အမှိုက်များကို စနစ်တကျ သန့်ရှင်းလိုသူများ အတွက် များစွာ အထောက်အကူပြု၏။ ADB အနေနှင့် ဤစာတမ်းပါ အကြံပြုချက်များကို အာရှနိုင်ငံ၊ မြို့ကြီးများသည် လိုက်နာ ကျင့်သုံးကြခြင်းဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထား၏။ ဤစာအုပ်ငယ်ကို ၂၀၁၇ ခုနှစ်က ထုတ်ခဲ့သည်ဖြစ်ရာ ခေတ်မီနည်းစနစ်များလည်းပါ၏။
            ဤဆောင်းပါးမှာ ထိုစာအုပ်ကို တစ်အုပ်လုံး အတိအကျဘာသာပြန်ထားတာမဟုတ်။ မြန်မာနိုင်ငံ၌ လိုက်နာကျင့်သုံးနိုင် သော၊ လူအများ နားလည်လွယ်မည့် အပိုင်းများကိုသာ ထုတ်နုတ်၍ အခြားမှရသော အချက်အလက်များ ပေါင်းထည့်ပြီး ရေးသား ထား၏။ မူရင်းစာအုပ်ကို အင်တာနက်မှ အလွယ်တူ download လုပ်ယူနိုင်သလို ဤဆောင်းပါးရေးသူထံသို့လည်း စာရေး တောင်းခံနိုင်ပါ၏။
            မြန်မာနိုင်ငံအနေနှင့် ဤစာအုပ်ပါအချက်များကို လိုက်နာကျင့်သုံးခြင်းဖြင့် နေ့စဉ်နေ့တိုင်း လူတို့စွန့်ပစ်နေသည့် အမှိုက် များကို စနစ်တကျ စီမံခန့်ခွဲနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ယခု လုပ်ဆောင်ပုံအကျဉ်းကို ပထမဦးစွာ ရှင်းပြပါမည်။
           
(၁) အမှိုက်စီမံကိန်း - အမှိုက်များကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် စီမံချက်ချ လုပ်ကိုင်ရပါမည်။ ပထမဦးစွာ အမှိုက်အမျိုးအစား ခွဲရမည်။ မည်သည့်ဧရိယာမှ အမှိုက်မည်မျှစွန့်ပစ်နေသည်ကို သိရမည်။ မည်သည့်အမှိုက်များကို အများဆုံး စွန့်ပစ်နေ သည်ကို သိရမည်။ အမှိုက်များကို မည်ကဲ့သို့ လျှော့ချရန် လူထုကိုပညာပေးရမည် . . စသည်တို့ဖြစ်၏။ နည်းပညာ၊ ထုတ်ကုန်၊ လူနေမှုစနစ်တို့သည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည်ဖြစ်ရာ မိမိတို့ စီမံချက်ကို အမြဲမပြတ် ပြန်လည်သုံးသပ်စစ်ဆေးကာ ခေတ်မီနေအောင် လုပ်ဆောင်နေရမည်။

(၂) အမှိုက်အမျိုးအစား - အမှိုက်အမျိုးအစား (၄) မျိုးရှိ၏။ သို့ရာတွင် ဤအမှိုက် (၄) မျိုးစလုံးကို စည်ပင်သာယာမှ လက်ခံချင် မှ လက်ခံနိုင်ပါလိမ့်မည်။ သာမန်အမှိုက်များနှင့် ရောပစ်၍ မရသည့်အမှိုက်များကို သီးသန့်ခွဲကာ သီးသန့်နည်းပညာများ ဖြင့် ရှင်းပစ်ရမည်။ ထိုအမှိုက်များတွင် ဆေးရုံထွက်အမှိုက်၊ အက်စ်ဘက်စ်တိုးစ် (ကျောက်ဂွမ်း) စသည်တို့ပါ၏။

(၃) အမှိုက်ပုံးချထားခြင်းနှင့် အမှိုက်ပုံးများကို လိုက်လံသိမ်းဆည်းခြင်း - အမှိုက်ပုံးထားရာတွင် နေရာကိုလိုက်၍ အမှိုက်ပုံး အမျိုးအစား ကွဲသွားနိုင်၏။ ဥပမာ - လူနေအိမ်ခြေများအကြားထားသည့် အမှိုက်ပုံး၊ အထည်ချုပ်စက်ရုံတွင် ထားရမည့် အမှိုက်ပုံး၊ ဓာတုဗေဒစက်ရုံများတွင် ထားရမည့် အမှိုက်ပုံး။ ထို့ပြင် ထိုအမှိုက်ပုံးများကို မည်ကဲ့သို့ လိုက်လံသိမ်းဆည်း မည်၊ သိမ်းဆည်းမည့် အမှိုက်သိမ်းယာဉ်အမျိုးအစား စသည်တို့ကို အကုန်အကျ အနည်းဆုံး၊ အထိရောက်ဆုံး၊ လူများ အတွက်လည်း အဆင်အပြေဆုံးဖြစ်အောင် စီမံထားရန်လို၏။

(၄) အမှိုက်များကို ဖျက်ဆီးခြင်းနှင့် ပြန်လည်အသုံးချခြင်း - အမှိုက်များကို ဖျက်ဆီးရာတွင် သင့်တော်သောနည်းဖြင့် ဖျက်ဆီး ရန် လို၏။ ပြန်လည်အသုံးချနိုင်သည့် အမှိုက်များကို မည်ကဲ့သို့ပြန်လည်အသုံးချမည် ဟူသည့်အချက်ကိုပါ တစ်ပါတည်း ထည့်သွင်းစဉ်းစားရမည်။ ဤနေရာတွင် အမှိုက်မှသည် စွမ်းအင်ဆီသို့ (Waste-to-energy) နည်းစနစ်သည် ကောင်းမွန် သည့် နည်းတစ်ခုဖြစ်၍ အစိုးရများအနေနှင့် ထည့်သွင်းစဉ်းစားရန် အလေးအနက်တိုက်တွန်းပါသည်။ အမှိုက်များကို ဖျက်ဆီးရာတွင်လည်း ပတ်ဝန်းကျင်ကို မထိခိုက်စေရန်၊ ပြည်သူလူထု၏ ကျန်းမာရေးကို မထိခိုက်စေရန် စီမံချက်များ မစမီကတည်းက ထည့်သွင်း စဉ်းစားထားရမည်။

(၅) မြေဖို့ခြင်း - မည်မျှပင် အမှိုက်များကို လျှော့ချသည်ဆိုစေ၊ ပြန်လည်အသုံးချသည်ဆိုစေ၊ စွန့်ပစ်ရမည့်အမှိုက်များကတော့ ရှိနေမြဲဖြစ်၏။ ထိုအခါ ထိုအမှိုက်များကို မြေဖို့ရာ၌ သုံးနိုင်သည်။ ဤစာအုပ်တွင် အမှိုက်များကို မြေဖို့ရာ၌ မည်ကဲ့သို့ စနစ်တကျ အသုံးချနိုင်သည် ဆိုသည့်အကြောင်း ရှင်းပြထား၏။ မြေဖို့သည်ဆိုရာတွင် စွန့်ပစ်အမှိုက်များကို သည်အတိုင်း ဖို့တာ မဟုတ်ဘဲ အမှိုက်များကို အန္တရာယ်တစုံတရာ မရှိအောင် ပြုပြင်ပြီးမှ မြေဖို့တာ ဖြစ်၏။ အမှိုက်များကို မြေဖို့ရန် သင့်တော်အောင် မည်ကဲ့သို့ ပြုပြင်ရမည်ဆိုသည့်အကြောင်းကိုလည်း ရှင်းပြထား၏။

(၆) အမှိုက်သိမ်းရန် ကန်ထရိုက်ပေးခြင်း - အမှိုက်များကို လိုက်လံသိမ်းခြင်းမှာ အစိုးရ၏ အလုပ်မဟုတ်။ အမှိုက်သိမ်းရန် ပုဂ္ဂလိကကုမ္ပဏီများကို ကန်ထရိုက်ပေးကာ လုပ်ရပါမည်။ အစိုးရ၏အလုပ်မှာ အမှိုက်များကို သိမ်းဆည်းရန်၊ စွန့်ပစ်ရန်၊ ပြန်လည်အသုံးချရန် စီမံချက်များရေးဆွဲခြင်း၊ စံနှုန်းများချမှတ်ပေးခြင်း၊ မိမိတို့ ချမှတ်ထားသည့် စည်းကမ်းချက်များ အတိုင်း လိုက်နာလုပ်ဆောင်ခြင်း ရှိမရှိ ကန်ထရိုက်တာများကို စောင့်ကြည့်ခြင်း၊ မလိုက်နာသည့် ကန်ထရိုက်တာများကို အပြစ်ပေး အရေးယူခြင်း၊ အများပြည်သူကို ပညာပေးခြင်း စသည်တို့ လုပ်ဆောင်ရန်သာ ဖြစ်၏။ ဤစာအုပ်တွင် ကန်ထရိုက်ပေးခြင်းနှင့် ပတ်သက်၍လည်း ရှင်းလင်းတင်ပြထား၏။

၃။ အမှိုက်ကို အနည်းဆုံးသို့ လျှော့ချခြင်း

            ထိန်းချုပ်ရန် အကောင်းဆုံးနည်းလမ်းမှာ အရင်းအမြစ်ကို လျှော့ချခြင်းဖြစ်၏။ အမှိုက်ကိစ္စတွင်လည်း ဤအတိုင်းပင် ဖြစ်၏။ ထွက်လာသောအမှိုက်ကို စီမံခန့်ခွဲရမှာက ဒုတိယဖြစ်ပြီး ပထမဦးဆုံးလုပ်ရမှာက အမှိုက်များကို နည်းနိုင်သမျှနည်းအောင် လျှော့ချနိုင်ရေးပင် ဖြစ်၏။ ထွက်လာသည့်အမှိုက်နည်းသွားလျှင် ရှင်းရလည်း သက်သာသွားမည်။ အမှိုက်လျှော့ချခြင်းဖြင့် ရရှိမည့် အခြားအကျိုးအမြတ်များမှာ ပတ်ဝန်းကျင်ပိုမိုသန့်ရှင်းလာမည်။ အမှိုက်သိမ်းရသက်သာသွားသဖြင့် အမှိုက်သိမ်းစရိတ် လျှော့ချနိုင် မည်။ အမှိုက်သိမ်းရာတွင် သုံးရမည့် ပိုက်ဆံများကို အခြား အကျိုးရှိသည့်နေရာများတွင် သုံးနိုင်မည်။
            သို့ဆိုလျှင် အမှိုက်ထွက်ရှိမှု နည်းအောင် မည်သို့လုပ်ကြမည်နည်း။




အမှိုက်လျှော့ချရေးတွင် အရေးကြီးဆုံးတစ်ခုမှာ ထုပ်ပိုးပစ္စည်းများ လျှော့ချရေးဖြစ်၏။ ထုပ်ပိုးပစ္စည်းများ (စက္ကူများ၊ ကတ္ထူစက္ကူများ၊ ပလတ်စတစ်များ၊ စက္ကူပုံးများ၊ သတ္တုပုံးများ) ကို လိုသလောက်သာ သုံးပြီး မလိုအပ်သည့်အရာအားလုံး လျှော့ချရန် ဖြစ်၏။
            ဤအပိုင်းတွင် လူထုပညာပေးရေးလုပ်ငန်းသည် ကျယ်ကျယ်ပြန့်ပြန့် လိုအပ်၏။ ယခုခေတ်စားလာသည့် တစ်ခါသုံး ပစ္စည်းများကို ရှေးခေတ်ကသုံးခဲ့သည့် ထပ်ခါတလဲလဲ ပြန်သုံးလို့ရသည့် ပစ္စည်းများနှင့် ပြန်လည် အစားထိုးသုံးကြရမည်။ ပညာပေးရာတွင် လူထုကိုသာမက ကုန်ထုတ်လုပ်သူများ၊ ဖြန့်ဖြူးသူများကိုပါ ပညာပေးရမည်။ အမှိုက်လျှော့ချရန် ဆွဲဆောင်သည့် အနေနှင့် အမှတ်ပေးစနစ်ကို သုံးနိုင်သည်။ ထုတ်ကုန်တစ်ခုကို အကြိမ်ကြိမ်ပြန်သုံးနိုင်သည်ဆိုပါက အမှတ်ပေးစည်းမျဉ်းအလိုက် အမှတ်ပေးပြီး ထိုထုတ်ကုန်အတွက် အစိုးရက ထိုထုတ်ကုန်ထုတ်သည့် ကုမ္ပဏီကို ထောက်ပံ့ကြေးများပေးသည့် အစီအစဉ်မျိုး ဖြစ်၏။
            အမှိုက်လျှော့ချသည့်နည်းများ၌ အောက်ပါတို့ ပါဝင်နိုင်၏။ (သို့သော် ဤအချက်များသည် အပြည့်အစုံမဟုတ်သေး။ သည့်ထက်ပိုသည့်နည်းလမ်းများလည်း အများအပြားရှိနိုင်သေး၏။)
Ø  တစ်ရှုးအစား လက်ကိုင်ပုဝါသုံးခြင်း
Ø  တစ်ခါသုံး ပန်းကန်ခွက်ယောက်များအစား၊ ကြွေရည်သုတ်ပန်းကန်များ၊ ဟင်းခွက်များ၊ ဇွန်းများသာသုံးခြင်း
Ø  အချို့တစ်ခါသုံးပစ္စည်းများမှာ ထပ်ပြန်တလဲလဲ သုံးလို့ရသည်။ ထိုကဲ့သို့သော ပစ္စည်းများကို လွှင့်မပစ်ဘဲ ကောင်းစွာ ဆေးကြော၊ ကိုင်တွယ် အသုံးပြုခြင်း
Ø  ဈေးသွားသည့်အခါ မိမိပိုင်အိတ်၊ ပုံး၊ ပုလင်း၊ ခွက်များကို ယူသွားခြင်း
Ø  ပလတ်စတစ်အိတ်၊ ပုလင်း၊ ပုံးများအစား ဖန်ပုလင်း၊ သံပုံး၊ စဥ့်အိုးများ သုံးခြင်း
Ø  မိမိ၌ အသုံးမလိုသည့် ပစ္စည်းများကို မဝယ်ခြင်း၊ အသုံးလို၍ ဝယ်သည့်တိုင် လိုအပ်သလောက်သာ ချင့်ချင့်ချိန်ချိန် ဝယ်ယူသုံးစွဲခြင်း
Ø  အစားအသောက်များကိုလည်း လိုသလောက်သာ ချင့်ချိန်ဝယ်ယူခြင်း၊ ချက်ပြုတ်ခြင်း
Ø  စားသောက်ရာတွင် ကုန်နိုင်သလောက်သာ ထည့်စားခြင်း၊ အစားအသောက်ကို မလေလွင့်အောင် တတ်နိုင်သမျှ ထိန်းသိမ်းခြင်း
Ø  ပစ္စည်းများကို ပျက်လျှင် ချက်ချင်းလွှင့်မပစ်ဘဲ သုံးလို့ရသေးသမျှ ပြန်လည်ပြင်ဆင် အသုံးပြုခြင်း
Ø  ပလတ်စတစ်ပစ္စည်းများထုတ်လျှင် ပြန်လည်အသုံးပြု၍ရသည့် ပစ္စည်းများဖြင့်သာ ထုတ်ခြင်း
Ø  စာရွက်များကို တစ်ဘက်တည်းအစား၊ နှစ်ဘက်သုံးခြင်း
Ø  မလိုအပ်ဘဲ မိတ္တူမကူးရန်၊ မလိုအပ်သည့်နေရာများတွင် စက္ကူများကို မဖြုန်းတီးခြင်း

            ဤခေတ်တွင် အီလက်ထရောနစ် လူသုံးပစ္စည်းများလည်း အများအပြားပေါ်ပေါက်လာသည်ဖြစ်ရာ ပျက်စီးသွားသော ကြောင့်သော်လည်းကောင်း၊ မော်ဒယ်အောက်သွား၍ မသုံးချင်တော့သောကြောင့်သော် လည်းကောင်း၊ ပစ်လိုက်ရသည့် အီလက် ထရောနစ်အမှိုက်များလည်း တစ်နေ့တခြားများပြားလာခဲ့၏။ အီလက်ထရောနစ်အမှိုက်များကို သာမန်အမှိုက်များကဲ့သို့ ဖျက်ဆီး မရ။ မီးရှို့ဖျက်ဆီးသည့်တိုင် ထွက်လာသည့် မီးခိုးငွေ့များမှာ ဓာတုအဆိပ်ငွေ့များ ပါနေနိုင်လေရာ လူများ၏ ကျန်းမာရေးကို များစွာ ထိခိုက်စေနိုင်၏။
            အမှိုက်များလျှော့ချရေး အခြားနည်းလမ်းတစ်ခုမှာ ဥပဒေထုတ်၍ တားမြစ်ခြင်းဖြစ်၏။ ဥပမာ - ကုန်ထုတ်လုပ်သည့် ကုမ္ပဏီများကို မိမိထုတ်ကုန်အား ဘယ်နှစ်နှစ်ခံသည်ဟု အာမခံခိုင်းခြင်းဖြစ်၏။ သို့အတွက် တစ်လလောက်သုံးပြီး သုံးမရ၍ ပစ်လိုက်ရသော အန္တရာယ်မှ လျှော့ချနိုင်၏။ နောက်တစ်ခုမှာ ဓာတုဆေးဝါးအမှိုက်များကို ထုတ်လုပ်သူ/ဖြန့်ဖြူးသူထံ ပြန်ပို့ပေးရန် ဖြစ်၏။ ဤနည်းဖြင့် ဓာတုအမှိုက်များ နေရာတကာပြန့်သည့် အန္တရာယ်မှ ကာကွယ်နိုင်၏။ 
           
၎။ ပလတ်စတစ်အိတ်များ

            မော်ဒန်ခေတ်တွင် ပလတ်စတစ်သည် လူတို့အတွက် မရှိမဖြစ်လိုအပ်လာသည့် ပစ္စည်းဖြစ်လာ၏။ နေ့စဉ် လူ့ အသုံး အဆောင်များ၊ အလှပြင်ပစ္စည်းများ၊ အခမ်းအနားပြင် ပစ္စည်းများ၊ အိမ်ထောင်ပရိဘောဂများ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများ စသဖြင့် အမျိုးစုံလှ၏။ ထိုအထဲမှ အများဆုံးထုတ်ကုန်ကိုပြပါဆိုလျှင် ပလတ်စတစ်အိတ်များကို ပြရမည် ဖြစ်၏။ ရေသန့်ဘူးများ၊ အချိုရည်ဘူးများ၊ စားသောက်ကုန်ထုပ်ပိုးပစ္စည်းများ၊ နေ့စဉ်သုံး ထုပ်ပိုးပစ္စည်းများ စသည်တို့မှာ ပလတ်စတစ်ဘူး/အိတ်များ ချည်းဖြစ်၏ 




မည်မျှများသနည်းဟူမူ အမှိုက်အားလုံး၏ ၂၀% မှာ ပလတ်စတစ်အမှိုက်များဖြစ်သည်ဆို၏။ ထိုအထဲမှ အချို့ ပလတ် စတစ်ပစ္စည်းများမှာ အရည်ကြို၍ ပြန်သုံးလို့ရသည့်တိုင် အချို့မှာ ပြန်သုံးလို့မရ။ အဆိုးဆုံးကား ထိုပလတ်စတစ်ပစ္စည်းများမှာ သဘာဝအလျောက် ဆွေးမြေ့ပျက်စီးရန် နှစ်ပေါင်းများစွာ အချိန်ယူရခြင်းပင် ဖြစ်၏။ ထို့ကြောင့် ပလတ်စတစ်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သော၊ အလွယ်တကူဆွေးမြေ့နိုင်သော biodegradable plastic ဖြင့် အစားထိုးရမည်။ သို့တိုင် biodegradable plastic များမှာ သဘာဝပတ်ဝန်းကျင်အတွက် မကောင်းဟု ငြင်းဆိုချက်များရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုပလတ်စတစ်များမှာ အခြားပစ္စည်းများကဲ့သို့ မဟုတ်။ ပျက်စီးနိုင်သည့်အခြေအနေများဖြင့် ပြည့်စုံမှသာ ပျက်စီးနိုင်သည်ဆို၏။ အကောင်းဆုံးကား ပလတ်စတစ်အသုံးကို လျှော့ချရေးပင် ဖြစ်၏။ 




            အခြားတစ်နည်းမှာ ပလတ်စတစ်အား အခြား အန္တရာယ်ပိုနည်းသည့် ပစ္စည်းများဖြင့် အစားထိုးထုတ်လုပ်ခြင်းဖြစ်၏။ ဥပမာ - အအေးသောက်သည့် ပိုက်များထုတ်ရာတွင် ပလတ်စတစ်အစား ဆီစိမ်စက္ကူ (waxed paper) ဖြင့်ထုတ်ခြင်း၊ အစား အသောက်များ ထုပ်ပိုးသည့် ဘူး၊ ခွက်များကိုလည်း ပလတ်စတစ်အစား ဆီစိမ်စက္ကူဖြင့် ထုတ်လုပ်ခြင်း ရိုးရိုးပလတ်စတစ်အစား biodegradable plastic များသုံးခြင်း စသည်တို့ဖြစ်၏။

၅။ အမှိုက်များကို ခွဲခြားစုဆောင်းနည်း

            အမှိုက်များကို စနစ်တကျ ခွဲခြားစုဆောင်းနိုင်ရန်မှာ ပထမဦးစွာ အမှိုက်စုမည့်သူများကို ပညာပေးရန်ဖြစ်၏။ ဤအထဲတွင် အမှိုက်များကို အဘယ်ကြောင့် ခွဲခြားသယ်ရသည်။ အမှိုက်များကို ခွဲခြားသယ်ခြင်း၏ အကျိုးကျေးဇူး၊ အမှိုက်အမျိုးအစား၊ မည်ကဲ့သို့သော အမှိုက်များကို မည်ကဲ့သို့သော ပုံးများ၊ အိတ်များ၊ ကားများဖြင့် သယ်ရမည် စသည်တို့ကို သေသေချာချာ နားလည်အောင် သင်ပေးရမည်။ ဖြစ်နိုင်လျှင် အမှိုက်သယ်သည့်ကားကိုပါ မည်သည့်အမှိုက်ဆိုလျှင် မည်သည့်ကားက သယ်မည် ဆိုသည်ကိုပါ သတ်မှတ်ပေးထားမည်။ အမှိုက်သိမ်းကားများကို သီးသန့်နံပါတ်များ ပေးထားနိုင်၏။ ဥပမာ - 'အ' နံပါတ်ဖြင့်စလျှင် အိမ်သုံးအမှိုက်များကို သယ်သည့်ကား၊ 'ဆ' နံပါတ်ဆိုလျှင် ဆေးရုံ၊ 'စ' ဆိုလျှင် စက်ရုံ၊ 'ဓ' ဆိုလျှင် ဓာတုဗေဒ စသည်ဖြစ်၏။
            ဤနည်းတွင် အမှိုက်သိမ်းကားများကို မျိုးတူအမှိုက်ထွက်ရာ နေရာများသို့သာ သွားခိုင်းရန်ဖြစ်၏။ ဥပမာ - အိမ်မှထွက် သော အမှိုက်များကို လိုက်လံစုဆောင်းသယ်ယူသည့်ကားသည် လူနေရပ်ကွက်မှ အမှိုက်များကိုသာ စုရမည်။ စက်ရုံရပ်ကွက်များ သို့ မသွားရ။ ဆေးရုံထွက်အမှိုက်များကို စုဆောင်းသည့်ကားသည် ဆေးရုံ၊ ဆေးခန်းမှ အမှိုက်များကိုသာ စုရမည်။ အကယ်၍ ထို မျိုးတူစုအမှိုက်များသည် ကားတစ်စီးစာမရှိ ဆိုလျှင် လူအားဖြင့် စုနိုင်သည်။ ကားတစ်စီးပေါ်တွင် မတူသော အမှိုက်များကို သယ်လာနိုင်သည်။ သို့သော် အမှိုက်များကို မရောရ။ အကန့်များခွဲကာ သီးသန့်ထားရမည်။ အမှိုက်များကို စုရာတွင်လည်း သတ်မှတ်ချိန်အတိုင်း အချိန်မှန်မှန် စုရန်လို၏။
            ဤကဲ့သို့ အမှိုက်များကို မျိုးတူရာအလိုက်စုနိုင်ရန် မြို့ပြစနစ်မြေပုံပေါ်တွင် မည်သည့်နေရာများက မည်ကဲ့သို့သော အမှိုက် များထွက်သည်ကို အရောင်များဖြင့် သတ်မှတ်ထားရမည်။ ဥပမာ - လူနေရပ်ကွက်၊ သားစိမ်း၊ ငါးစိမ်းဈေး၊ စက်မှုဇုံ၊ ဆေးရုံ၊ ဓာတုဗေဒစက်ရုံ စသည်။
            အမှိုက်များကို ခွဲခြားရန် ထိရောက်သော နောက်တစ်နည်းမှာ လူထုပညာပေးရေးနည်း ဖြစ်၏။ ဤနည်းတွင် လူထုကို အမှိုက်အမျိုးအစား၊ ပြန်သုံးလို့ရသည့်အမှိုက်၊ ပြန်သုံး၍ မရနိုင်သောကြောင့် မီးရှို့ပစ်ရမည့် အမှိုက်၊ အန္တရာယ်ရှိသောအမှိုက် စသည်တို့သိအောင် ဟောပြောပြသ၍ အမှိုက်ပုံးများကိုလည်း ပြန်သုံးနိုင်သောအမှိုက်၊ အမှိုက်စို၊ မီးရှို့နိုင်သောအမှိုက်၊ အန္တရာယ် ရှိသောအမှိုက် စသဖြင့် ခွဲခြားထားပေးရမည်။ လူထုအနေနှင့် အမှိုက်များကို ခွဲခြားတတ်သည်။ မည်ကဲ့သို့ပစ်ရမှန်း သိသည် ဆိုသည့်တိုင် ပစ်စရာနေရာပံ့ပိုးပေးမထားပါက အမှိုက်အားလုံးကို ရောပြီးပစ်ရမည်သာ ဖြစ်လေသည်။

၆။ လူထုကိုပညာပေးခြင်း၊ သတင်းအချက်အလက်များဖြန့်ဝေခြင်း၊ လူထုဆက်သွယ်ရေးလုပ်ငန်းများအတွက် စီမံခြင်း

၆၊ ၁။ ပညာပေးခြင်းနှင့် ပတ်သက်သည့် သတိထားစရာများ

            လူထုပညာပေးရေးအပိုင်းသည် အရေးလည်းကြီးသလို အလွန်လည်း ကျယ်ပြန့်၏။ ဤအရေးသည် နေရာဒေသ တစ်ခု တည်းအတွက်သာမဟုတ်။ တစ်နိုင်ငံလုံးရှိ လူထုအတွက် ဖြစ်၏။ လူထုဟူသည် အတန်းအစား အမျိုးမျိုးရှိ၏။ ပညာတတ်သူလည်း ပါသလို၊ ပညာမတတ်သူလည်း ပါမည်။ ပြော၍ သဘောပေါက်လွယ်သူ ရှိသလို၊ သဘောပေါက်ရန် ခဲယဉ်းသူများလည်း ပါမည်။ ပြောရဆိုရ လွယ်သူများပါမည်ဖြစ်သလို အလွန်ခေါင်းမာသူများလည်း ပါနိုင်သည်။ မိမိပြောတာ လက်ခံမည့်သူများ ရှိသလို၊ ကဖျက်ယဖျက် လုပ်မည့်သူများလည်း ပါနိုင်ကြောင်း သတိထားရမည်။
            သွားလာရေးလွယ်ကူသည့် နေရာများရှိသလို သွားရေးလာရေး အလွန်ခက်သည့် နေရာများလည်း ပါမည်။ လျှပ်စစ်မီး ရနိုင်သည့်နေရာရှိသလို မီးမရသည့်နေရာလည်း ရှိမည်။ ထို့ကြောင့် ပညာပေးခရီးမစတင်မီ တွေ့ကြုံရနိုင်သော အခက်အခဲ အမျိုးမျိုးကို တင်ကြိုစဉ်းစားကာ ပြင်ဆင်ထားရန်လို၏။
            ပညာပေးမည့်သူများသည် ကျွမ်းကျင်သူများဖြစ်ရန်လို၏။ မိမိဟောပြောမည့် အကြောင်းအရာကို ကောင်းစွာသိနေရမည်။ ပြောသည့်အခါ နားထောင်သည့်ပရိသတ် နားလည်အောင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားနှင့် နိုင်နိုင်နင်းနင်း ပြောနိုင်ရ မည်။ ပရိသတ် မေးလာသမျှကို စိတ်ရှည်ရှည်နှင့် မှန်မှန်ကန်ကန် ရှင်းပြနိုင်ရမည်။ မိမိမသိလျှင် မသိသေးပါ၊ လေ့လာ၍ ပြန်လည် ဖြေကြားပေးပါမည်ဟု ရိုးရိုးသားသား ဝန်ခံရမည်။ သိဟန်မဆောင်ရ။
            ပြောသည့်အခါ မလိုအပ်သည်များကို အများကြီးသိုင်းဝိုင်း မပြောရ။ ပေးလိုသည့် အချက်ကို ကွင်းကနဲ၊ ကွက်ကနဲ၊ ဒက်ကနဲမြင်အောင်၊ မှတ်မိအောင် ဂရုစိုက်ပြောရမည်။ နားထောင်သည့် ပရိသတ်ကို မည်သည့်အတန်းအစား ပရိသတ်နည်းဟု ခန့်မှန်းကာ သူတို့နားလည်မည့်စကားလုံးကို သုံးနှုန်းပြောဆိုရမည်။
            မိမိတတ်ကြောင်း ပညာပြသည့် ပုံစံမျိုး ပေါက်မနေစေရ။ နားထောင်သည့် ပရိသတ်ကို ဘာမှမသိပါဘူးကွာ ဟု အထင် မသေးရ။ လေးလေးစားစား ဆက်ဆံရမည်။ ဟာသများထည့်ပြောခြင်းသည် ပရိသတ်ကို ဆွဲဆောင်နိုင်၏။ သို့သော် မဆိုင်သော ဟာသများ၊ ညစ်ပတ်သော ဟာသများကို အထူးသတိထား ရှောင်ကြဉ်ရမည်။
            အထူးအားဖြင့် အမှိုက်နှင့်မပတ်သက်သည့် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအကြောင်းများ လုံးဝထည့်မပြောရ။ ဟော ပြောသည့်အဖွဲ့ကို ဦးဆောင်သူအနေနှင့် ဟောပြောပွဲတလျှောက်လုံး စောင့်ကြည့် အကဲခတ်နေရန် လို၏။ ဟောပြောပွဲနှင့် မဆိုင်သည့်အရာများ ပါလာပါက၊ ဟောပြောနေသည့် အကြောင်းအရာမှ သွေဖည်သွားပါက လူမျိုးရေး၊ ဘာသာရေး အစွန်းရောက် သည့် စကားလုံးများပါလာပါက ချက်ချင်းရပ်တန့်စေရမည်။ ပြောသူကိုလည်း နောင် ဤကဲ့သို့မဖြစ်စေရန် သတိပေးရမည်။
            ပညာပေးမည့် ဒေသသည် မြို့ပြနှင့်ဝေးသည့်ဒေသ ဖြစ်ပါက အဖွဲ့သားများ၏ ကျန်းမာရေး၊ နေရေးထိုင်ရေး၊ စားရေး သောက်ရေး၊ သွားလာရေး၊ အန္တရာယ်ကင်းရေး၊ လုံခြုံရေး စသည်တို့ကို စနစ်တကျ ကြိုတင်စီမံထားရမည်။ ဖြစ်သလို စခန်း မသွားရ။ ဤလုပ်ငန်းမှာ ရေရှည်လုပ်ငန်းဖြစ်သဖြင့် ပါဝင်လုပ်ဆောင်မည့်သူများ အဆင်ပြေနေစေရန်၊ စိတ်ပျော်ရွှင်နေစေရန် အလွန် အရေးကြီး၏။ လုပ်ကိုင်နေရသူများ စိတ်မပါတော့လျှင်၊ စိတ်ပျက်နေလျှင်၊ မိမိလုပ်ငန်းကို စိတ်မဝင်စားတော့လျှင် မိမိ ရည်မှန်းချက် မအောင်မြင်နိုင်။


၆၊ ၂။ ပညာပေးမည့် အကြောင်းအရာ

            ပညာပေးရမည့် အကြောင်းအရာများတွင် အောက်ပါတို့ ပါဝင်မည်။

၁။ အမှိုက်များရှုပ်ပွနေသည့်၊ ညစ်ပတ်နံစော်နေသည့် လူမှုပတ်ဝန်းကျင်ကြောင့် ကြုံတွေ့ရမည့် ရောဂါဘယများ၊ စိတ် မကြည်မလင် ဖြစ်ရမှုများ၊ လူများအပေါ် ကျရောက်နိုင်သော အန္တရာယ်များ (impact of the poor waste management)
၂။ အမှိုက်များကို အနည်းဆုံးဖြစ်အောင် မည်ကဲ့သို့ နေထိုင်မည်။ (minimize the waste)
၃။ အမှိုက်မရှိအောင် မည်ကဲ့သို့ ရှောင်ရှားမည်။ (waste avoidance)
၎။ အမှိုက်များထဲမှ သုံးနိုင်သေးသည့် ပစ္စည်းများကိုရှာကာ ပြန်လည်သုံးမည်။ (reuse)
၅။ အမှိုက်များကို အသုံးပြု၍ အခြားပစ္စည်းများထုတ်လုပ်နိုင်အောင် တီထွင်ကြံဆမည်။ (recycle)
၆။ အမှိုက်များကို ဖြစ်ကတတ်ဆန်းပစ်ခြင်းဖြင့် ဖြစ်လာနိုင်သည့် ပြဿနာများ (consequences of improper dispose)
၇။ အမှိုက်ပစ်ရာတွင် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် မည်ကဲ့သို့ စနစ်တကျပစ်မည်။
၈။ အမှိုက်အမျိုးအစားနှင့် ထိုအမှိုက်အမျိုးအစားအလိုက် မည်ကဲ့သို့ ဖျက်ဆီးမည်။
၉။ ကလေးများကို ငယ်စဉ်ကပင် ကိုယ့်တာဝန်ကိုယ် ယူနိုင်အောင်၊ အမှိုက်ကို စည်းကမ်းမဲ့မပစ်ရလေအောင် လူကြီးသူမများက ပညာပေး၊ ဆိုဆုံးမရမည်။
၁၀။ အကယ်၍ အမှိုက်ပစ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများရှိပါက မည်သည့်ဥပဒေတွင် မည်ကဲ့သို့ ပြဋ္ဌာန်းထားကြောင်း၊ ဥပဒေကို ချိုးဖောက်ပါက မည်ကဲ့သို့ ပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်းပါ ရှင်းလင်းပြောပြရမည်။

၆၊ ၃။ ပညာပေးပုံပေးနည်းများ

            အမှိုက်အကြောင်း လူထုစိတ်ဝင်စားလာအောင် လူထုပညာပေးရာတွင် အောက်ပါနည်းများကို သုံးနိုင်သည်။ မိမိရံပုံငွေ အခြေအနေပေါ်မူတည်ကာ မည်သည့်နည်းကို သုံးမည် ရွေးချယ်နိုင်ပါသည်။

v  သရုပ်ပြခြင်းများ (အမှိုက်နမူနာများ၊ အမှိုက်အမျိုးအစား ခွဲပုံခွဲနည်း၊ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်အိတ် အမျိုးအစား စသည်တို့ကို ပြသရှင်းလင်းနိုင်ပါသည်။)
v  ပိုစတာများ
v  ဆိုင်းဘုတ်များ
v  ရေဒီယိုမှနေ၍ အမှိုက်အကြောင်း ဟောပြောခြင်း၊ အသံလွှင့်ဇာတ်လမ်းများ ဖန်တီးထုတ်လွှင့်ခြင်း၊ ဗီဒီယိုများရိုက်၍ တီဗီ ချယ်နယ်များမှ ပြသခြင်း၊ ကျောင်းများ၊ ရပ်ကွက်များအတွင်း ဗီဒီယိုများ လိုက်လံပြသခြင်း၊
v  လမ်းဘေးတွင် ရုံများထိုး၍ လမ်းသွားလမ်းလာများအား ရှင်းလင်းပြသ ပညာပေးခြင်း (အမှိုက်နမူနာများ၊ အမှိုက် အမျိုးအစား ခွဲပုံခွဲနည်း၊ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်အိတ်အမျိုးအစား စသည်တို့ကို ပြသထားနိုင်ပါသည်။)
v  အခြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များနှင့် အခါအားလျော်စွာ ဆွေးနွေးတိုင်ပင်ခြင်း
v  NGO အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
v  လုပ်အားပေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ၎င်းတို့၏ အကူအညီကို ရယူခြင်း
v  မြို့ကြီးများတွင် စည်ပင်သာယာနှင့် ပူးပေါင်း၍ ဟောပြောပွဲများ၊ သရုပ်ပြပွဲများ ဆောင်ရွက်ခြင်း
v  ဖေ့စ်ဘုတ်၊ တွစ်တာ၊ အင်စတာဂရမ်စသည့် လူမှုကွန်ရက်များသုံး၍ ပညာပေးခြင်း၊ စည်းရုံးခြင်း

၆၊ ၄။ ပညာပေးလုပ်ငန်း ဆောင်ရွက်ရမည့် နေရာများ

v  လူနေရပ်ကွက်များ
v  အစိုးရ မူ/လယ်/ထက် ကျောင်းများ
v  တက္ကသိုလ်၊ ကောလိပ် သိပ္ပံများ
v  ပုဂ္ဂလိက ကုမ္ပဏီများ (စက်ရုံအလုပ်ရုံများသာမက၊ စူပါမားကက်ကြီးများ၊ ဈေးများ၊ စားသောက်ဆိုင်များ စသည်တို့ပါ ပါ၏။)

၆၊ ၅။ အမှိုက်လျှော့ချခြင်း၊ အမှိုက်ပစ်ခြင်းဆိုင်ရာ ပညာပေးရာတွင် သုံးနိုင်သည့် အကြံပြုချက်များ

စီမံခန့်ခွဲခြင်း
ပြဿနာ / အဖြေ
ဆောင်ရွက်ရမည့်အရာ
စည်ပင်က အရေးယူဆောင်ရွက်ရန်
အမှိုက်မထွက်အောင် ရှောင်ရှားခြင်း
တစ်ခါသုံးပစ္စည်းများအစား အကြိမ်ကြိမ် ပြန် သုံးလို့ရသည့် ပစ္စည်းများကိုသုံးပါ။ တစ်ခါသုံး ဆပ်ပြာအထုပ်ကလေးများအစား ဆပ်ပြာထုပ် ကြီးများ ဝယ်ပါ။ ဈေးသွားလျှင် ကိုယ့်ခြင်း တောင်းနှင့်ကိုယ် သွားပါ။ ဆီ စသည့် အရည် များဝယ်ရန် ပုလင်းများသုံးပါ။ စုတ်ပြဲသွား သော အဝတ်ကို လွှင့်မပစ်ဘဲ ပြန်ဖာသုံးပါ။
ပြည်သူများနှင့် ဈေးဆိုင်များအား တစ်ခါသုံး ပစ္စည်းများ သုံးမည့်အစား အကြိမ်ကြိမ် ပြန်သုံး လို့ရသည့် ထည့်သိုစရာ၊ အိုးခွက်ပန်းကန်များ၊ အိတ်များ၊ ပုလင်းများသုံးရန် ပညာပေးပါ။ တိုက်တွန်းနှိုးဆော်ပါ။
အဝတ်ဟောင်းများကို မရှိဆင်းရဲသူများအား ဝေငှပေးကမ်းပါ။
ပြည်သူများအား သတင်းပေးခြင်း၊ ပညာပေး ခြင်း၊ ပြပွဲပြိုင်ပွဲ၊ ဟောပြောပွဲ၊ သရုပ်ပြပွဲများ လုပ်ခြင်း။
လိုအပ်လျှင် ပြည်သူများနှင့် ဈေးများကို လိုအပ်သောပစ္စည်းများ ထောက်ပံ့ပေးခြင်း
ပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း
အမှိုက်များကို မီးရှို့ခြင်းသည် လေထုကို ညစ် ညမ်းစေ၏။ ကျန်းမာရေးကို ထိခိုက်စေ၏။ အမှိုက်များကို မြစ်ချောင်းအင်းအိုင်များ၊ ချောင်းမြောင်းများအတွင်း ပစ်ခြင်းသည် ရေ ကောင်းရေသန့်များကို ညစ်ညမ်းစေ၏။
အမှိုက်များကို မီးရှို့မည့်အစား ပုံထားခြင်းဖြင့် သဘာဝမြေသြဇာရနိုင်ကြောင်း ပညာပေးပါ။
အမှိုက်များကို မြစ်ချောင်းများအတွင်း ပစ်မည့် အစား ကုန်းပေါ်တွင် ပုံထားပါက အလိုလို ဆွေးသွားမည်ဖြစ်ကြောင်း ဟောပြောပြသပါ။
ပြည်သူများအား သတင်းပေးခြင်း၊ ပညာပေး ခြင်း၊ ပြပွဲပြိုင်ပွဲ၊ ဟောပြောပွဲ၊ သရုပ်ပြပွဲများ လုပ်ခြင်း

အမှိုက်ကို ခွဲခြားခြင်း
မြို့များတွင် ဓာတုအမှိုက်၊ ဆေးရုံထွက်အမှိုက်၊ အိမ်များမှထွက်သောအမှိုက် စသဖြင့် ခွဲပစ်ရန်။
အမှိုက်သိမ်းကားများသည်လည်း အမှိုက်အမျိုး အစားလိုက်သိမ်းဆည်းရမည်။
ပြည်သူများကို အမှိုက်အမျိုးအစားခွဲခြားပစ်ရန် ပညာပေးပါ။ ဟောပြောပါ။ အမှိုက်အမျိုးအစား ခွဲရန် လိုအပ်သော အထောက်အပံ့ ဥပမာ - အမှိုက်ပုံးများ ထားပေးပါ။
ပြည်သူများအား သတင်းပေးခြင်း၊ ပညာပေး ခြင်း၊ ပြပွဲပြိုင်ပွဲ၊ ဟောပြောပွဲ၊ သရုပ်ပြပွဲများ လုပ်ခြင်း။ လိုအပ်သောပစ္စည်းများ ထောက်ပံ့ ပေးခြင်း
အမှိုက်ကို အနည်းဆုံးဖြစ်အောင် လုပ်ခြင်း
ပစ္စည်းဝယ်သည့်အခါ ပစ္စည်းတစ်မျိုးကို တစ်အိတ် ထုပ်မည့်အစား တစ်အိတ်ထဲတွင် အားလုံးရောထုပ်ပါ။ ပစ္စည်းကို လိုသလောက် သာဝယ်ပါ။ အစာကို ကုန်နိုင်သလောက်သာ ထည့်ပါ။
မလိုအပ်သောပစ္စည်းများကို ဝယ်ခြင်းဖြင့် အသုံးမတည့်သည့်အခါ ထိုအရာများသည် အမှိုက်များဖြစ်သွားသည်။ အစားအသောက် ချက်သည့်အခါ တန်ရုံမချက်သဖြင့် သွန်ပစ်ရ၍ အစားအသောက် အမှိုက်များထွက်သည်။
ဓာတုဗေဒကဲ့သို့ ဆေးများကို အကန့်အသတ် နှင့်သာရောင်းရန် ဥပဒေ၊ နည်းဥပဒေများ ထုတ်၍ ကန့်သတ်ခြင်း၊ ဆိုင်မှ ပလတ်စတစ် အိတ်အစား ကိုယ်ပိုင်အိတ် သယ်လာလျှင် မည်မျှလျှော့ပေးမည် စသဖြင့် ဆွဲဆောင်ခြင်း
စွန့်ပစ်ပစ္စည်းများအား ပြန်သုံးခြင်း (Reuse)
ဥပမာ - ဆိုင်မှထည့်ပေးလိုက်သော တစ်ခါသုံး ပလတ်စတစ်ခွက်သည် တစ်ခါသာမဟုတ်။ အကြိမ်ကြိမ်ပြန်သုံးလို့ရသဖြင့် လွှင့်မပစ်ဘဲ ကောင်းစွာဆေးကြောပြီး ပြန်သုံးနိုင်သည်။ အအေးဘူး၊ ရေသန့်ဘူး၊ ကော်ဖီပုလင်း စသည်တို့မှာလည်း အလာတူပင် ပြန်သုံးလို့ရ သော ပစ္စည်းများဖြစ်၏။ ဆေးကြောပြီး အခြား စားသောက်ကုန်များထည့်ရန် သုံးနိုင်၏။
ဤကဲ့သို့ ပြန်သုံးခြင်းသည် အမှိုက်ကို လျှော့ချ ရုံသာမဟုတ်သေး။ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ရာရောက်သည့်ပြင် ငွေကိုပါ ချွေတာရာ ရောက်ကြောင်း ပညာပေးဟောပြောရမည်။
ထိုပစ္စည်းများကို အခြားမည်သည့်ပုံစံနှင့် သုံး နိုင်သေးကြောင်း သရုပ်ပြပွဲများ ကျင်းပပေး ရမည်။
အမှိုက်ပုံးများထားရာတွင် ထိုကဲ့သို့သော ပုလင်း၊ ဘူး၊ ခွက်များထည့်သည့် အမှိုက်ပုံးကို သီးသန့် လုပ်ပေးထားရမည်။
အခြားပြန်သုံး၍ ရသည့် ပစ္စည်းများလည်း အလားတူပင်ဖြစ်၏။
ပြန်ပြင်သုံးခြင်း (Recycle)
ဥပမာ - အအေးသံဘူးများကို အိမ်အမိုးသွပ် ပြားများအဖြစ် စပ်သုံးခြင်း၊ သတင်းစာများကို ကုန်ထုတ်စက္ကူအဖြစ်သုံးခြင်း၊ ပလတ်စတစ် အိတ်များကို အမှိုက်အိတ်အဖြစ်သုံးခြင်း
လွှင့်ပစ်ရမည့်အမှိုက်များအား ပြန်ပြင်သုံးရန် သင်တန်းများပေးပါ။ သရုပ်ပြပွဲများလုပ်ပါ။ လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပါ။
ပြည်သူများ၊ လုပ်ငန်းရှင် အငယ်စားများကို လိုအပ်သော နည်းပညာများ၊ လက်နက် ကိရိယာ၊ စက်များ ထောက်ပံ့ပါ။ သင်တန်းများ ပေးပါ။
ချေဖျက်ခြင်း (Composting)
အစားအသောက် အကြွင်းအကျန်၊ သစ်ပင် သစ်ရွက် စသည်တို့ကို ဘက်တီးရီးယား၊ မှို၊ တီ ကောင်စသည်တို့ဖြင့် ချေဖျက်ခြင်းဖြစ်၏။ ထို မှ ထွက်လာသည့်မြေဆွေးများကို မြေသြဇာ လုပ်၍ ရ၏။
လုပ်နည်းမှာ လွယ်သည်။ လုပ်ပုံကိုင်နည်းကို အများပြည်သူများအား လက်တွေ့ပြသရမည်။ ရလာမည့် အကျိုးကျေးဇူးများကိုလည်း ရှင်းပြ ရမည်။
ပြည်သူများ၊ စိုက်ပျိုးတောင်သူများကို လိုအပ် သော နည်းပညာများ၊ လက်နက်ကိရိယာ၊ စက်များ ထောက်ပံ့ပါ။ သင်တန်းများပေးပါ။
သဘာဝပတ်ဝန်းကျင်အမှိုက်
သစ်ပင်သစ်ရွက်အမှိုက်များကို မီးရှို့မပစ်ပါနှင့်။ ၎င်းတို့ကို နည်းပညာသုံးပြီး သစ်ရွက်ဆွေး မြေသြဇာလုပ်၍ ရသည်။ ရလာသည့် မြေသြ ဇာများကို စိုက်ပျိုးရေးလုပ်ငန်း၌ ပြန်သုံးနိုင်၏။
လုပ်နည်းမှာ လွယ်သည်။ လုပ်ပုံကိုင်နည်းကို အများပြည်သူများအား လက်တွေ့ပြသရမည်။ ရလာမည့် အကျိုးကျေးဇူးများကိုလည်း ရှင်းပြ ရမည်။
ပြည်သူများ၊ စိုက်ပျိုးတောင်သူများကို လိုအပ် သော နည်းပညာများ၊ လက်နက်ကိရိယာ၊ စက်များ ထောက်ပံ့ပါ။ သင်တန်းများပေးပါ။
အမှိုက်မှသည် စွမ်းအင်ဆီသို့
အမှိုက်များကို မီးရှို့ပြီး ရလာသည့် အပူကို ရေ နွေးငွေ့တာဘိုင်အားလည်စေခြင်းဖြင့် လျှပ်စစ် ထုတ်သည့် စနစ်ဖြစ်၏။
ဤစက်ရုံအတွက် ငွေကြေးအရင်းအနှီး ကြီး သဖြင့် အစိုးရက စီမံကိန်းချလုပ်ကိုင်ရမည် ဖြစ်၏။
ပြည်ပနိုင်ငံများ၏ အကူအညီကို ရယူ ဆောင်ရွက်နိုင်သည်။

ဆက်ပါဦးမည်။



အေးငြိမ်း (လေးမျက်နှာ)