Showing posts with label Engineering. Show all posts
Showing posts with label Engineering. Show all posts

Sunday, June 14, 2026

ဂဟေ သီအိုရီနှင့် လက်တွေ့

“ကိုအေးငြိမ်း - ဟိုမှာ ကုလားဆိုင် အသစ်တစ်ခုဖွင့်ထားတယ်။ လာဗျာ လက်ဖက်ရည် သွားသောက်ရအောင်”

 

မနေ့က ကိုပီတာနှင့်တွေ့တော့ သူ လက်ဖက်ရည်သောက် ခေါ်သည်နှင့် လိုက်သွား၏။ ဆိုင်က ခုမှ အသစ်။ ဖွင့်တာ မကြာသေး။ ကျွန်ုပ်တို့ ကျောင်းဘေးနား ကပ်လျက်။

 

လက်ဖက်ရည်သောက်ရင်း ဂဟေဆော်တာနှင့် ပတ်သက်၍ သူ့ကို မေးရ၏။ သူက နှစ်အတန်ကြာ ဂဟေဆော်လာခဲ့သူ ဖြစ်၏။ ဝါသနာအရ လေ့လာလိုက်စားခဲ့သောကြောင့် ကျွန်ုပ်သည် ဂဟေနှင့်ပတ်သက်၍ စာတွေ့ဗဟုသုတ အနည်း အကျဉ်း ရှိပါ၏။ လက်တွေ့အရမူ သူများတွေ ဆော်နေတာသာ တွေ့ဖူးသည်။ ကိုယ်ကိုယ်တိုင် တစ်ခါမှ မဆော်ခဲ့စဖူး။

 

ပထမတစ်ခုက သူတို့ အမ်ပီယာကို ဘယ်လိုချိန်သလဲဆိုတာ သိချင်၏။ ဘယ်ဂဟေ၊ သံပြားအထူဘယ်လောက်ဆိုရင် အမ်ပီယာဘယ်လောက် ထားရသည်ကို စာအုပ်များထဲ၌ ဇယားများဖြင့် ဖော်ပြထားတာ ဖတ်ဖူးပါ၏။ သို့သော် တကယ့် လက်တွေ့မှာ သူတို့ အဲသလို စာအုပ်ကြီးထဲမှာ ပြထားတဲ့အတိုင်း အတိအကျ လိုက်နာပါသလား။

 

နောက်တစ်ခုက Shock Prevention Device ကို ကျွန်ုပ် သိပ်မရှင်းပါ။ Ever Safe ၏ Experiential Learning Station တွင် ဂဟေဆော်စက်နှစ်လုံး ယှဉ်ပြထား၏။ တစ်လုံးက without Shock Preventor, နောက်တစ်လုံးက with Shock Preventor. Without Shock Preventor ဂဟေစက်တွင် ဗို့အား ၉၀ လောက်ပြထားပြီး with Shock Preventor ဂဟေစက်တွင် ဗို့အားကို ၁၀ လောက်ပြထား၏။ ဤသည်မှာ မှန်ပါရဲ့လား။ 10V နှင့် သတ္တုကို အရည်ပျော်အောင် ဆော်နိုင်ပါမည်လား။ ဤတွင် ပြထားသည့် 10V ဆိုသည်မှာ မည်သည့်နေရာက 10V ပါနည်း။ ဂဟေချောင်းကို ကိုက်သည့် electrode holder မှ ဗို့အားလား။ ဤသည်ကို ကျွန်ုပ် မရှင်း။

 

နောက်တစ်ခု ကျွန်ုပ်သိချင်သည်မှာ ဂဟေဆော်သူများ ကြုံတွေ့ရသည့် ပြဿနာများ ဖြစ်၏။

 

ဤတွင် ကိုပီတာပြောပြတာကို ကျွန်ုပ်က ပြန်လည် ဖောက်သည်ချလိုက်ပါ၏။ ကျွန်ုပ်တို့မှာ တီးတိုင်း ခဏတဖြုတ် လာရတာဖြစ်၍ သိပ်အချိန်မရ။ သူပြောသလောက် ပြန်ရေးပြပါမည်။

 

အမ်ပီယာချိန်တာက လုပ်ငန်းအတွေ့အကြုံပေါ် အများကြီးမူတည်တယ် ကိုအေးငြိမ်းရဲ့။

သံပြားအလိုက်၊ အီလက်ထရုတ် အရွယ်အလိုက် သတ်မှတ်ထားတဲ့ အမ်ပီယာရှိတယ်။ ဒါပေမယ့် အဲဒါကို အသေယူလို့ မရဘူး။ မီးက အခြေအနေအများကြီးပေါ် မူတည်နေတယ်။

 

ဥပမာ ဆိုကြပါစို့။

ဝပ်ရှော့ထဲမှာ ကိုယ်တစ်ယောက်တည်း ဂဟေဆော်နေတယ်ဆိုပါတော့။ မီးကို အရမ်းတင်စရာမလိုဘူး။ ဗို့အားအပြည့် ရနေလို့ သတ်မှတ်ထားတဲ့ အမ်ပီယာထက် နည်းနည်းတောင် လျှော့လို့ရသေးတယ်။ ဥပမာ - သတ်မှတ်ထားတာက 75A ဆိုပါတော့။ 74A လောက် လျှော့ချလို့ရတယ်။

 

ဒါပေမယ့် ဝပ်ရှော့ထဲမှာ ဂဟေဆော်နေတာ ၄ - ၅ ယောက်လောက် ဖြစ်လာပြီဆိုရင်တော့ ဗို့အားကျလာတယ်။ အဲလေ၊ အများကြီးတော့ မကျဘူးပေါ့။ ဒါပေမယ့် တစ်ချိန်ထဲမှာ တပြိုင်နက်ဆော်လိုက်ရင် ကျသွားတယ်။ အဲဒီအတွက် မီးကို တင်ပေးရတယ်။ အဲဒီအတွက် ဂဟေဆော်တော့မယ်ဆို ကိုယ်နဲ့တချိန်တည်း ဂဟေဆော်တဲ့သူ ဘယ်နှစ်ယောက်ရှိသလဲ ဆိုတာ ကြည့်ရတယ်။ ရမ်းဆော်လိုက်ရင် ဂဟေသား ပျက်သွားတတ်တယ်။

 

ဒါက အခြေအနေတစ်ရပ်။

 

နောက်တစ်ခုက ဂဟေဆော်စက်။

ဂဟေဆော်စက်တွေကလည်း အမျိုးတူ၊ မော်ဒယ်တူတဲ့တိုင်အောင် တကယ် ဂဟေဆော်တဲ့ အခါကျတော့ မီးပေးရတာ ချင်း မတူဘူးဗျ။ တချို့စက်တွေက ပုံမှန်ရတယ်။ တချို့စက်တွေကျတော့ နည်းနည်း ပိုပေးရတာ၊ နည်းနည်း လျှော့ပေး ရတာတွေ ရှိတယ်။

 

ဆိုတော့ နေ့တိုင်း ဂဟေဆော်နေတဲ့သူဆို ကိုယ်သုံးနေကျ ဂဟေစက်ကို မှတ်ထားရတယ်။ တကယ်လို့ ကိုယ့်စက်ကို နောက်တစ်ယောက် ယူသွားလို့ စက်ပြောင်းဆော်ရပြီဆို သတိထားရတယ်။ အဲဒီအခါ တကယ်လို့ ဝပ်ရှော့မှာ ဂဟေစက် ၃ လုံးရှိတယ်ဆိုပါတော့။ ဘယ်စက်တော့ အမ်ပီယာ ဘယ်လောက် ထားရတယ်။ ဘယ်စက်ကတော့ ဘယ်လောက်မှ ရတယ်ဆိုတာ ကျွန်တော်ကတော့ စာအုပ်လေးထဲမှာ တေးပြီးမှတ်ထားတယ်။ အဲလိုလုပ်ထားမှ ဘယ်စက်ကို သုံးရင် အမ်ပီယာဘယ်လောက်ချိန်ရမယ်ဆိုတာ သိမှာ။ မဟုတ်လို့ တစ်ခါဆော်တိုင်း တစ်ခါစမ်းနေရရင် ဘယ် အလုပ်ဖြစ်တော့ မတုံးဗျာ။

 

ဒါက ဂဟေဆော်စက်။

 

နောက်တစ်ခုက ကိုယ်ဂဟေဆော်မယ့် သံပြား။

WPS (Welding Procedure Specification) ထဲမှာ သံပြားအထူ ဘယ်လောက်ဆိုရင် ဘယ်ဂဟေချောင်းကို သုံးရမယ်။ အမ်ပီယာဘယ်လောက် ထားရမယ်။ အကုန်ဖော်ပြထားတယ်။ ဒါကလည်း ယေဘူယျအားဖြင့်ပဲ။ သံပြားချင်း အတူတူ တောင်မှ ဟိုသံပြားနဲ့ ဒီသံပြား နည်းနည်းကွာသွားတတ်သေးတယ်။ (material composition လို့ ခေါ်မယ်ထင်တယ်။) ဟုတ်တယ်၊ သတ္တုမှာပါတဲ့ အရောတွေပေါ်မူတည်ပြီး ကွာတတ်တယ်။

 

တကယ်လို့ အလူမီနီယမ်ကို ဆော်မယ်ဆိုရင် အလူမီနီယမ်က သူ့ချည်းမဟုတ်ဘူး။ သူ့အပေါ်မှာ coating တလွှာ ရှိသေး တယ်။ အဲဒီ coating ကို အရည်ဖျော်ဘို့က အလူမီနီယမ်လိုတဲ့အပူထက် ပိုများတယ်။ ဆိုတော့ အဲဒါကို မသိဘဲ ဒီအတိုင်း သာဆော်လို့ကတော့ အထဲက အလူမီနီယမ်အသားတွေကို စားသွားတတ်တယ်။ ဆိုတော့ အလူမီနီယမ်ကို ဂဟေ မဆော်ခင် အဲဒီအပေါ်လွှာကို sand paper (ကော်ပတ်) နဲ့ စားပစ်ရတယ်။ ဒါမှ အလူမီနီယမ်သီးသီးကို ဂဟေဆော်လို့ ရမှာ။ မဟုတ်ဘူးဗျ။ Grinding တိုက်တာ မဟုတ်ဘူး။ Sand paper disc ရှိတယ်။ အဲဒါနဲ့ စားပစ်ရတာ။

 

ဂဟေဆော်တာ မီးများသွားရင် undercut ဖြစ်တတ်တယ်။ မီးနည်းရင်တော့ ဂဟေချောင်း ကောင်းကောင်းအရည် မပျော်ဘဲ အချောင်းလိုက်လိုမျိုး လိုက်လာတတ်တယ်။ မီးမှန်နေရင် ဂဟေဆော်တဲ့အခါ ဂဟေသားအရည်လေးက ကိုယ်ဆွဲတဲ့နောက် လှလှပပလေး လိုက်လာတယ်။ သတ္တုနှုတ်ခမ်းကို အဲဒီဂဟေသားလေးနဲ့ ဖုံးသွားတယ်။ ဟော - ဆော်ပြီးသွားရင် ဂဟေသားလေးကလည်း လှလို့။ ဆော်တဲ့သူကလည်း စိတ်ကျေနပ်လို့။

 

ဆိုတော့ ဂဟေဆော်တာမှာ ဂဟေသားကောင်းရဘို့ အရမ်းသတိထားရတယ်။

ကျွန်တော်ကတော့ ဂဟေမဆော်ခင် အစမ်းဆော်ကြည့်တယ်။

ဆိုကြပါစို့ဗျာ။ တိုင်ကီအကြီးကြီးကို ဆော်တော့မယ်ဆိုပါစို့။

တိုင်ကီကို တကယ်မဆော်ခင် အဲဒီတိုင်ကီရဲ့ သံပြားနဲ့ အလားသဏ္ဍာန်တူတဲ့ သံပြားကို အမှိုက်ပုံးထဲက ကောက်ပြီး ကိုယ်သုံးမယ့် ဂဟေစက်၊ တကယ်ဆော်မယ့် ဂဟေချောင်းတွေသုံးပြီး မီးအနည်းအများ အရင်ချိန် ဆော်ကြည့်ရတယ်။ ကိုယ့်စိတ်ကြိုက် ဂဟေသား ရပြီဆိုမှ တိုင်ကီကိုဆော်ရတယ်။ မဟုတ်လို့ ဒီအတိုင်း တိုင်ကီကြီးကို ကောက်ဆော်ထည့် လိုက်လို့ မီးနည်းတာ များတာတွေ ဖြစ်သွားရင် သေရော။

 

ဂဟေဆော်တဲ့အခါ သံပြားသန့်ဘို့ကလည်း အင်မတန် အရေးကြီးတယ်။ သံပြားမှာ တခြား ချေးညှော်တွေ သံချေး အစအနတွေ လုံးဝ ကပ်မနေရဘူး။ လုံးဝ သန့်စင်နေရတယ်။ မဟုတ်ရင်၊ ဂဟေသားကို သွားထိတတ်တယ်။

 

သူက ကျွန်ုပ်ဘို့ မဆာလာတီး မှာပေး၏။ သူ့မဆလာတီးမှာ သောက်ကယိုးနည်းချိုသဖြင့် ကျွန်ုပ် မသောက်နိုင်။ ဆီးချို ဖြစ်ပါပြီဆိုကတည်းက ကျွန်ုပ်က သကြား၊ အချိုများကို ရှောင်လာတာဖြစ်၍ ကုလားလဖက်ရည်နှင့် တွေ့သောအခါ မူးမေ့သွားမတတ် ဖြစ်မိလေသော ဟူ၏။ သို့နှင့် အားတော့နာပါရဲ့ . . . တစ်ဝက်လောက်သောက်ပြီး ပစ်လိုက်ရလေ၏။

 

အချိန်လည်း ကျော်နေပြီဖြစ်၍ နောက်တော့ ဆက်ကြသေးတာပေါ့ဗျာ ဆိုပြီး ကျွန်ုပ်တို့မှာ စကားတပြောပြောနှင့် ပြန်ခဲ့ကြလေသတည်းစ်။

 

VRD (Voltage Reduction Device) အကြောင်း ဆောင်းပါးသီးသန့် ရေးပါမည်။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၄ ဇွန်လ၊ ၂၀၂၆

Monday, June 2, 2025

မြန်မာပြည် မှ တိုင်းတာရေးစနစ် စံနှုန်းများ (၂)

ကျွန်ုပ်ထံ၌ ‘ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး အစိုးရ’ လက်ထက်က ထုတ်ဝေခဲ့သော “တွက်ချက်မှု အမျိုးမျိုးနှင့် ပတ်သက်သည့် စံနှုန်းများ” ဆိုသည့် စာအုပ် ရှိ၏။ ဘဏ္ဍာရေးနှင့် အခွန်ဌာနက ထုတ်တာဖြစ်ပြီး ထုတ်ဝေသည့်ခုနှစ် ဖော်ပြမထား။ ကျောဖုံး၌မူ ‘ဗးပ/၄၃/၂၃/၇,၅/၆၇/၇။’ ဟု ဖော်ပြထားရာ ဤစာအုပ်ကို မည်သည့်အမိန့်နှင့် ထုတ်ဝေခြင်း ဖြစ်ကြောင်း ဖော်ပြထားချက် ဖြစ်ပါလိမ့်မည်။ ဤတွင်ပါသည့် ၆၇ ဆိုသည်မှာ ခုနှစ်ဖြစ်ပြီး ၆၇/၇ ဆိုသည်မှာ ဤစာအုပ် သည် ၁၉၆၇ ခုနှစ်၌ ထုတ်ဝေသည့် ဤအမျိုးအစားစာအုပ်များအနက် ၇ အုပ်မြောက် စာအုပ်ဖြစ်သည်ဟု ဆိုလိုဟန် ရှိ၏။





 ကျွန်ုပ်တွေ့ဖူးသည့် နောက်တစ်အုပ်မှာမူ ဆောက်လုပ်ရေးလုပ်ငန်းအတွက် သီးသန့်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ထုတ်ဝေ၏။ စာအုပ်အမည်မှာ ‘အဆောက်အဦလုပ်ငန်း အခြေခံ စံနှုန်းများ’ ဖြစ်၏။

 

 

“တွက်ချက်မှု အမျိုးမျိုးနှင့် ပတ်သက်သည့် စံနှုန်းများ” စာအုပ်မှာ စိတ်ဝင်စားစရာ ကောင်းပါ၏။ သို့သော် လိုအပ်သည်ထက် မလိုအပ်သည်တို့ အလွန်များလှ၏။ အမှားလည်း မကင်း။ နောက်ပြီး မြန်မာအခေါ်အဝေါ်များကို အင်္ဂလိပ်လို စာလုံးပေါင်းပြထားသည်များမှာလည်း လိုအပ်သည်ဟု ကျွန်ုပ် မထင်ပါ။ 

 

ဥပမာ - လမြူ = Lemyus, လမယ် = La-mes, 

 

ရီစရာတောင် ကောင်းပါသေးသည်။

 

ထိုစာအုပ်၌ ရှေးယခင်က မြန်မာအတိုင်းအတာများဖြစ်သည့် ဆံခြည်၊ နှမ်း၊ မုယော၊ လက်သစ်၊ မိုက်၊ ထွာ၊ တောင်၊ လံ၊ တာ၊ ဥဿဘ၊ ကောသ၊ ဂါဝုတ်၊ ယူဇနာ စသည်တို့ကိုပါ ဖော်ပြထားသဖြင့် စိတ်ဝင်စားစရာ ကောင်းပါသည်။ 

 

ယခင်ကရှိခဲ့သည့် အတိုင်းအတာ အတော်များများမှာလည်း ယခု အသုံးမများလှတော့ပါ။ 

ယခင်က မီလီမီတာ၊ စင်တီမီတာ၊ ဒက်စီမီတာ၊ မီတာ၊ ဒက်ကာမီတာ၊ ဟက်တိုမီတာ၊ ကီလိုမီတာ စသည်ဖြင့် ရှိခဲ့ပါ လိမ့်မည်။ သို့သော် ယခုခေတ်တွင်မူ မီလီမီတာ၊ စင်တီမီတာ၊ မီတာ၊ ကီလိုမီတာ တို့သာ အသုံးများပါသည်။ ဒက်စီမီတာ၊ ဒက်ကာမီတာ၊ ဟက်တိုမီတာ၊ မီရီယာမီတာ၊ မက်ဂါမီတာ စသည်တို့ကို မသုံးတော့ပါချေ။

 

နောက်ပြီး Unit Conversion ၌ -

၁ ဆံခြည် = ၀.၀၇၉၃၇၅ မီလီမီတာ = ၀. ၀၀၇၉၃၇၅ စင်တီမီတာ = ၀.၀၀၀၇၉၃၇၅ ဒက်စီမီတာ = ၀.၀၀၀၀၇၉၃၇၅ မီတာ = ၀.၀၀၀၀၀၇၉၃၇၅ ဒက်ကာမီတာ = ၀.၀၀၀၀၀၀၇၉၄ ဟက်တိုမီတာ = ၀.၀၀၀၀၀၀၀၇၉၄ ကီလိုမီတာ = ၀.၀၀၀၀၀၀၀၀၀ မီရီယာမီတာ = ၀.၀၀၀၀၀၀၀၀၀ မဂ္ဂါမီတာ

 

- ဟု ဖော်ပြထားသည်ကို ကျွန်ုပ်ကတော့ လိုအပ်သည် မထင်ပါ။ သုတေသနသမားများအတွက် ရည်ရွယ်ထားလျင်တော့ မပြောတတ်ပါ။ 

 

ဤကဲ့သို့သော ဖော်ပြချက်များ အတော်များပါသည်။ ဆိုရလျှင် ပထမ စာမျက်နှာ ၁၂၀ ကျော်မှာ ဤကဲ့သို့သော Unit conversion ချည်းများ ဖြစ်၏။ Computer နှင့် calculator များ မပေါ်သေးသည့် ထိုခေတ်က ဤ ကိန်းဂဏန်းများ ရအောင် အတော့်ကို လုပ်ယူခဲ့ရပါလိမ့်မည်။ ယခုခေတ်တွင်မူ unit conversion အတွက် ဤမျှ ဒုက္ခများနေစရာ မလိုတော့ပါ။ ကိုယ်လိုသည့် ယူနစ်ကို အလွယ်တကူ ပြောင်းလို့ ရနေပါပြီ။  

 

စိတ်ဝင်စားစရာက စာမျက်နှာ ၁၂၆၊ အပိုင်း (စ) ကျမှ စ၏။

 

အပိုင်း (၈)

 

၁။ ပစ္စည်းအမျိုးမျိုး၏ ထုထယ်နှင့် အလေးချိန် နှိုင်းယှဉ်ချက် စံနှုန်းများ။

၂။ သစ်တိုင်းတာပုံ။

၃။ သစ်အမျိုးမျိုး၏ တကုဗပေ အလေးချိန်စံနှုန်းများ။

၄။ ထင်းအမျိုးအစားအလိုက် တိုင်းတာပုံ အရေအတွက်နှင့် ညီမျှသောအလေးချိန်။ 

၅။ မီးသွေးတိုင်းတာပုံ အရေအတွက်နှင့် ညီမျှသောအလေးချိန်။

၆။ ကုန်ပစ္စည်းအမျိုးမျိုး၏ အလေးချိန်များ။

၇။ ကောက်ပဲသီးနှံအမျိုးမျိုး၏ တတင်းနှင့် ညီမျှသော အလေးချိန်များ။ 

၈။ ကောက်ပဲသီးနှံအမျိုးမျိုး၏ မြန်မာ၊ အင်္ဂလိပ်၊ ဥရောပ အလေးချိန်တွင်ရှိသောတင်းရေ။

၉။ ဆန်အခြင်အတွယ်နှင့် ညီမျှသော အလေးချိန်များ။

၁၀။ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၏ တတင်းတွင်ရှိသော အလေးချိန်များ နှိုင်းယှဉ်ချက်။ 

၁၁။ စာရေးစက္ကူနှင့် ပုံနှိပ်စက္ကူတို့၏ အလေးချိန်များ။

၁၂။ ပြည်သူ့ရေနံလုပ်ငန်း (P.O.I.) တွင်အသုံးပြုသည့် အခြင်အတွယ်များ။ 

၁၃။ ဝါး အမျိုးမျိုးတို့၏ အလျားနှင့် အချင်းစံနှုန်းများ။

 

ဤဇယားများတွင် ဖော်ပြထားသည်တို့မှာမူ လက်တွေ့ တွက်ချက်မှုများအတွက် အလွန် အသုံးတည့်ပါလိမ့်မည်။ သို့တိုင် ဤဖော်ပြထားချက်များအားလုံး မှန်ပါရဲ့လားဆိုတာ ပြန်လည်စစ်ဆေးကြည့်ဘို့ လိုပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အချို့ဖော်ပြချက်များမှာ မှားယွင်းနေပါသည်။ 

 

ဥပမာ -

 

စာမျက်နှာ ၁

အလေးချိန်စံနှုန်းများ ဖော်ပြရာ၌ -

၂ ရွေးလေး = ၁ ရွေးကြီး

၃ ၃/၄ ရွေးကြီး = ၁ ပဲသား

၁ ကျပ်သား = ၁၂၀ ရွေးလေး = ၆၀ ရွေးကြီး

 

- ဟုဖော်ပြထားသည်ကို ကျွန်ုပ်ကတော့ မှန်သည်ဟု မထင်မိပါ။

 

ယခုခေတ်တွင် ၁ ပဲသား = ၈ ရွေး 

၁ ကျပ်သား = ၁၆ ပဲ = ၁၂၈ ရွေး ဟု သုံးကြပါသည်။

 














 

 စာမျက်နှာ ၁၂၇ 

ရေ၏ အလေးချိန်ကို ၁ ကုဗမီတာတွင် ၉၉၃.၁၅ ကီလိုဂရမ် 

၁ ကီလိုဂရမ်လျှင် ၁၀၀၆.၉၂ ကုဗစင်တီမီတာ - စသဖြင့် ဖော်ပြထားတာ မှားပါသည်။

ရေ၏ အလေးချိန်မှာ ၁ ကုဗမီတာလျှင် ၁၀၀၀ ကီလိုဂရမ် 

၁ ကီလိုဂရမ်လျှင် ၁၀၀၀ ကုဗစင်တီမီတာ - ဖြစ်၏။

 

စာမျက်နှာ ၁၂၈

ဘိလပ်မြေ

၁ တန်ကို ၂၆ ကုဗပေ

၁ ကုဗမီတာကို ၁၃၇၇ ကီလိုဂရမ် 

 

စာမျက်နှာ ၁၃၁

ကွန်ကရစ်

၁ ကုဗမီတာကို ၁၉၂၂ ကီလိုဂရမ် - စသည်တို့မှာ မှန်သည်မထင်ပါ။

 

စာမျက်နှာ ၁၄၃ ၌ သစ်လုံး၏ ထုထည် ပုံသေနည်းကို ဖော်ပြထားသည်မှာ ဆိုးရွားစွာ မှားယွင်းနေပါသည်။ သစ်လုံး၏ ထုထည် ဆိုသည်မှာ ဆလင်ဒါ၏ ထုထည်ပင် ဖြစ်၏။ ဆလင်ဒါ ထုထည်ကို ၈ တန်းကျောင်းသား (အမှန်တကယ် ကျောင်းတက် လေ့လာခဲ့သည့် ကျောင်းသားကို ဆိုလိုပါသည်။ အဖြေလွှာပေါ်တွင် နာမည်နှင့်ခုံနံပါတ်သာ ရေးပြီး အတန်းအောင်လာသည့် ကျောင်းသားများ မပါ။) ပင် တွက်တတ်ပါသည်။

 

ဤစာအုပ်ကို ပြင်ဆင်သည်မှာ ပညာတတ် လူကြီးများက ပြုစုခဲ့သည်ဆိုခြင်းမှာ ယုံမှားသံသယ ဖြစ်စရာ မလိုပါ။

သဟာဖြင့် အဘယ်ကြောင့် ဤမျှ မှားယွင်းရပါသနည်း။

 

ဝမ်းနည်းစရာကောင်းသည်မှာ သည်မျှ အသေးစိတ် ကိန်းဂဏန်းများ အများအပြား ဖော်ပြထားသည့်တိုင် တင်း၊ တောင်းများ၏ အတိုင်းအတာများကို ဖော်ပြမထားခြင်း ဖြစ်၏။

 

စာမျက်နှာ ၁၆၂ တွင် စပါးတစ်တင်းလျှင် ၁၂.၇ ပိဿာ၊ ၄၆ ပေါင်၊ ၂၀.၈၆ ကီလိုဂရမ်

စာမျက်နှာ ၁၆၅ တွင် ပိဿာ ၁၀၀ ၌ စပါး ၇.၈၂၆ တင်း၊ တတန်တွင် ၄၈.၆၉ တင်း - စသဖြင့် ဖော်ပြထား၏။

 

စာမျက်နှာ ၁၆၇ တွင် ဆန် တပြည် ကို ၁.၃ ပိဿာ၊ ၄.၆ ပေါင်၊ ၂.၁၂ ကီလိုဂရမ် ဟု ဖော်ပြထားသည်များမှာ ကျွန်တော် တိုင်းတာတွက်ချက်ထားသည့် ရလဒ်များနှင့် ကွာဟ နေ၏။

 

နောက် စိတ်ဝင်စားစရာတစ်ခုမှာ ထိုခေတ်က ရှိခဲ့သည့် ငွေကြေးယူနစ်များ ဖြစ်၏။ 

 

စာ ၂၁၂

မလေးရှားနိုင်ငံ သုံးငွေ - ဒေါ်လာ (ယခုအချိန်တွင် မလေးရှား ရင်းဂစ်)

စင်ကာပူပိုက်ဆံ - မလေးရှားဒေါ်လာ (ယခုအချိန်တွင် စင်ကာပူဒေါ်လာ)

ဗီယက်နမ် - ပီယက်စတား (ယခုအချိန်တွင် ဗီယက်နမ် ဒေါင်)

 

စာမျက်နှာ ၂၁၁ ၌ ရွှေဈေးများကို ဖော်ပြထား၏။

မြန်မာငွေ ၁ ကျပ် ပေးလိုက်လျှင် ရွှေ ၀.၁၈၆၆၂၁ ဂရမ် ရမည်။ ရွှေ ၁ ကျပ်သားလျှင် ၁၆.၃၃ ဂရမ် ရှိ၏။ 

ထို့ကြောင့် ရွှေ ၁ ကျပ်သားလျှင် မြန်မာငွေ ၈၇ ကျပ်ခွဲ (မြတ်စွာဘုရား) ဖြစ်၏။ (ဘှာ - ဒဂယ်ကျောတာ)

(သဟာကြောင့် ကျွန်တော်တို့ ငယ်ငယ်က လခ ၂ ခါထုတ်ပြီးရင် ရွှေ ၁ ကျပ်သား စုလို့ရတယ် ဟု ဆရာဦးမြသန်းက ပြောခဲ့တာ ဖြစ်ပါသည်။)

 

ဟောင်ကောင် ၁ ဒေါ်လာ = မြန်မာငွေ ၀.၇၈ ကျပ်

ဂျပန် ၁ ယန်း = မြန်မာငွေ ၀.၀၁၃ ကျပ်

မလေးရှား ၁ ဒေါ်လာ = မြန်မာငွေ ၁.၅၅ ကျပ်

ယိုးဒယား ၁ ဘတ် = မြန်မာငွေ ၀.၂၂ ကျပ်

ဗြိတိသျှ ၁ ပေါင် = မြန်မာငွေ ၁၁.၄၂ ကျပ် (OMG)

အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၄.၇၆ ကျပ် (LMD = let me die)

 

ဤကဲ့သို့သော စာအုပ်မျိုး ယခု ထုတ်ဝေသေးသလား ကျွန်ုပ်မသိပါ။

ထုတ်ဝေခြင်း မရှိ ဆိုလျှင် သေသေချာချာ သုတေသနလုပ်၊ တိုင်းတာ၊ တွက်ချက်ပြီး စံနှုန်းစာအုပ် ပြုစုကြပါရန် ကျွန်ုပ်က အလေးအနက် တိုက်တွန်းပါ၏။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၃၁ မေလ၊ ၂၀၂၅

မနက် ၁၀း၃၉ နာရီ 

မြန်မာပြည်မှ စနစ်နှင့် စံနှုန်းများ

၂၀၁၇ ခုနှစ်၏ တစ်ခုသော သာယာသည့်နေ့တစ်နေ့တွင် အကျွန်ုပ်သည် WSHM ၏ ကျေးဇူးဖြင့် ဆီဒိုးနားဟိုတယ်၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ စံချိန်စံညွန်းနေ့ ဟူသည့် အခမ်းအနားတစ်ခုကို မျက်စိလည် လမ်းမှားကာ ရောက်ရှိသွားလေသော ဟူသတတ်။

 

မြန်မာနိုင်ငံ စံနှုန်းအဖွဲ့နှင့် အခြားသော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကြီးများ တက်ရောက်လာကာ ဘယ်စံနှုန်းကတော့ဖြင့် ဘယ်သို့၊ ဘယ်စံနှုန်းကတော့ဖြင့် ဘယ်နည်း စသည်ဖြင့် စံချိန်စံညွှန်းများအကြောင်း အားရပါးရ ပြောပြကြသည်ကို နားထောင်ရလေရာ ကျွန်ုပ်မှာ မြန်မာပြည်ကြီး၏ ရှေ့ရေးအတွက် အထူးပင် အားတက်မိလေရာ ကြက်သီးမွေးညင်း များပင် အထူး ထလေသော ဟူ၏။

 

သို့တိုင် မြန်မာပြည်ကြီးအတွက် အလွန်မကျေမချမ်းနိုင်သော အရာတစ်ခုသည် ကျွန်ုပ်ရင်တွင်း၌ တနုံ့နုံ့နှင့် နှစ် အတန်ကြာ ကိန်းအောင်းလာခဲ့သည်ဖြစ်ရာ ကျွန်ုပ်၏ မကျေနပ်ချက်များကို ဤပွဲ၌ ဖော်ထုတ်ခွင့်ရတော့မည်ဖြစ်၍ ကျွန်ုပ်မှာ အထူး ဝမ်းသာမိလေ၏။

 

အလွန်လှပသော ဆလိုက်များဖြင့် တစ်ယောက်ပြီးတစ်ယောက် ဟိုစတင်းဒတ်၊ သည်စတင်းဒတ်များအကြောင်း  အာပေါင်အာရင်းသန်သန် ပြောကြပြီးသကာလ အမေးအဖြေကဏ္ဍ၌ မေးကြ ဖြေကြလေ၏။ ကျွန်ုပ်ကိစ္စမှာ အတန်ငယ် ရှည်လျားသည့်ပြင် လူကြီးများ ဆံပင် (၇) ချောင်းလောက် ဖြူမည့်အရေးဖြစ်သည့်အတွက် ကျွန်ုပ်မှာ အားလုံး မေး/ဖြေ ပြီးသည်ထိ စိတ်ရှည်လက်ရှည် စောင့်နေလေ၏။

 

‘နောက်ထပ်မေးစရာ/ဆွေးနွေးစရာများ ဆိပါသေးလားဆင်’ ဟု ခပ်ချောချော အခမ်းအနားမှူး မမလေးက ကြေငြာ လေသော် ကျွန်ုပ်သည် နေရာမှထလျက်-

ပုဆိုးကိုလည်း ပြင်ဆီး၏။

အညောင်းအညာလည်း အနည်းငယ် ဆန့်၏။ 

အဟမ်း အဟမ်းဟု ချောင်းလည်းအနည်းငယ် ဟန့်၏။

ထို့နောက် မျက်နှာကို ပြုံးသည်လည်းမဟုတ်၊ မပြုံးသည်လည်းမဟုတ်၊ အနေတော်ဖြစ်အောင် ပြင်ပြီးသကာလ -

 

ဟုတ်စ်၊ ကျွန်တော့်နာမည်ကတော့ ဦးအေးငြိမ်းလို့ ခေါ်ပါသဗျ။ လူကြီးမင်းတို့ တင်ပြခဲ့တဲ့ စံချိန်စံညွှန်းများဟာတော့ဖြင့် အလွန်အင်မတန့်ကို အားရစရာ ကောင်းပါတယ်ခင်ဗျ။ တကယ်လို့များ ကျွန်တော့်အနေနဲ့ မြန်မာစံချိန်စံညွှန်းနဲ့ ပတ်သက်လို့ ဆွေးနွေးလို့များ ရခဲ့ရင် နည်းနည်းလောက် ဆွေးနွေးခွင့်ပြုပါခင်ဗျ . . . ဟု စကားခံလိုက်၏။ (သို့တိုင် ဤကဲ့သို့ စကားခံခြင်းမှာ အသားကုန် သုတ်တော့မည့် ရှေ့ပြေးနိမိတ်ဖြစ်ကြောင်း ၎င်းတို့ မရိပ်မိသည့်အတွက် ထိုလူကြီးလူကောင်း အပေါင်းကို ကျွန်ုပ်မှာ အားနာမိသလိုလိုတော့ ဖြစ်မိသေး၏။)

 

ဟုတ်၊ ဟုတ်၊ ရပါတယ်ဆင့်၊ ဆွေးနွေးပါဆင့်။

 

ဟုတ်၊ ကျွန်တော် ၃ ခုလောက် ဆွေးနွေးချင်ပါတယ် ခင်ဗျ။

ပထမတစ်ခုက ကျွန်တော်တို့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ စိုက်ထားတဲ့ မိုင်တိုင်တွေ ကြည့်လိုက်တော့ မိုင်တိုင်နဲ့ ကီလိုမီတာတိုင်တွေကို တစ်တိုင်ခြားစီလောက် ထူထားတာ တွေ့ရပါသဗျ။ 

 

အဲဒီအတွက် ကျွန်တော်တို့နိုင်ငံမှာ FPS စနစ်ကို သုံးနေတာလား၊ CGS, MKS, SI စနစ်ကို သုံးနေတာလား ဆိုတာ သိချင်ပါတယ်ခင်ဗျ။

 

နောက်ပြီး ဆောက်လုပ်ရေးလောကမှာ သဲတို့ ထုံးတို့ကိုတော့ ပုံးနဲ့မှာတယ်၊ ကွန်ကရိဖျော်တော့ ကုဗမီတာနဲ့ သုံးတယ်။ ကျန်တဲ့အတိုင်းအတာတွေကိုတော့ ပေ၊ လက်မနဲ့ တိုင်းတာကြတော့ ကျွန်တော်တို့ဟာ ဘယ်သူ့ကို အဖေခေါ်နေသလဲ ဆိုတာ ပြတ်ပြတ်သားသား သိပါရစေခင်ဗျ။

 

ဒုတိယတစ်ခုက -

ကောက်ပဲသီးနှံတွေ ရောင်းဝယ်ကြတဲ့နေရာမယ် တင်းတွေတောင်းတွေ သုံးကြပါသဗျ။

အဲဒီတင်းတွေတောင်းတွေကို တစ်တင်းဟာ ကုဗပေမည်မျှ၊ တစ်ပြည်ဟာ ကုဗလက်မ မည်မျှ သတ်မှတ်ထားတာများ ရှိပါသလားခင်ဗျ။

နောက်ပြီး ဈေးထဲမှာ ဆီချင်တဲ့ခွက်တွေကို ၁၀ သားခွက်၊ ၅၀ သားခွက်၊ တစ်ပိဿာခွက်ဆိုပြီး သံဖြူခွက်တွေ ဝယ်လို့ ရပါတယ်ခင်ဗျ။ အဲဒီအတွက် ဆီတစ်ပိဿာကို ဘယ်နှစ်လီတာလို့များ သတ်မှတ်ထားတာ ရှိပါသလားခင်ဗျ။

နောက်ပြီးတော့ ဈေးထဲမှာ သုံးနေတဲ့ ပိဿာလေးတို့၊ ၅၀ သားလေးတို့ဟာ တကယ့် တစ်ပိဿာ၊ ၅၀ သား ရှိသလား ဆိုတာ ဘယ်လိုသိနိုင်မလဲ ခင်ဗျ။

 

တတိယတစ်ခုက -

ရောင်းတဲ့ဝယ်တဲ့အခါမယ် အလေး၊ ချိန်ခွင်၊ တင်းတောင်းတွေ သုံးကြပါတယ်။ အဲဒီအလေးချိန်ခွင် တင်းတောင်းတွေ မှန်/မမှန် ဘယ်သူကများ ချိန်ကိုက်ပေးပါသလဲ။ ချိန်ကိုက်တဲ့စနစ်များ ရှိပါသလားခင်ဗျ။ အဲဒီ အလေးချိန်ခွင် တင်းတောင်းတွေအားလုံးကို တပြေးညီဖြစ်အောင် ချိန်ကိုက်ပေးဘို့လား စဉ်းစားထားကြပါသလားခင်ဗျ

 

ဟုတ်ကဲ့။ ကျွန်တော်သိချင်တာ အဲသလောက်ပါပဲ ခင်ဗျ။

 

ဒန်တန့်တန်

 

ထိုအခါ အခန်းတွင်း ရှိသမျှသော လူအပေါင်းတို့၏ မျက်နှာများသည် ကျွန်ုပ်ထံ လှည့်လာတာ တွေ့ရလေ၏။ 

သူတို့မျက်နှာများတွင် -

အင်း၊ ငါတို့ စိန်ကောင်းကျောက်ကောင်း ရောင်းနေကြတဲ့နေရာမယ်၊ ဘယ်က ဆေးရိုးသည်ကများ လာ ဂလန့်တိုက်နေပါလိမ့် ဟူသော မေးခွန်းများ အထင်းသားပေါ်နေကြောင်း ကျွန်ုပ် ဖတ်ရှုတွေ့ရှိရလေ၏။

 

ယူနီဖောင်းဝတ်ထားသူ အသက် ၄၀ လောက်ရှိမည့် အမျိုးသမီးတစ်ဦး ကျွန်ုပ်အနီးချဉ်းကပ်လာလျက် ကျမကတော့ ဘယ်ဌာကပါ။ အခု ဦးအေးငြိမ်းပြောတာတွေ လုပ်ဖို့လို့ စီစဉ်နေပါတယ်ဆင့် . . . ဟု ဆိုလာလေ၏။

 

ကျွန်ုပ်မှာ မချိပြုံးကလေးပြုံးလျက် ဪ ဟုတ်လား။ အခုလိုသိရတာဖြင့် ဝမ်းသာပါပေရဲ့ခင်ဗျာ ဟု တုံ့ပြန်လိုက်လေ၏။ (ဗိုက်ထဲကတော့ ငါသိပါတယ် သာလိကာရယ်၊ ပေါက်တတ်ကရတွေ လျှောက်မပြောပါနဲ့ဟယ် ဟု ရေရွတ်နေမိလေ၏။)

 

ကျွန်ုပ်သည်ကား အလွန်ဂွကျသူ ဖြစ်ပေ၏။

အခြားသူများ ဘာစတင်းဒတ်၊ ညာစတင်းဒတ်စသည်ဖြင့် အကြီးကြီးများ ပြောနေကြချိန်၌ ကျွန်ုပ်က ဘာမဟုတ်သည့် အလေးချိန်ခွင် တင်းတောင်းကိစ္စများ ပြော၏။ ကျွန်ုပ်လောက် ဂွကျသူ ရှိပါမည်လား။

 

စင်ကာပူကို ရန်ကုန်တိုင်း ဝံကြီးဂျုပ်စ် ဦးဖြိုးမင်းသိန်းတို့ လာတုံးကလည်း လူကြားသူကြားထဲ တုပ်ထည့်လိုက်သေးသည် မဟုတ်ပါလော။

 

နောင်ကို အသင်တို့လုပ်မည့် ပွဲများ၌ ကျွန်ုပ်ကို မဖိတ်ပါလင့်။ အသင်တို့ နောင်တရမည့်ကိစ္စ ကျွန်ုပ် မလိုလားပါ။

 

 

ဆက်ပါဦးမည်။

 

 

အေးငြိမ်း

၂၈ မေလ၊ ၂၀၂၅

Thursday, April 10, 2025

QC နှင့် Traceability Record အရေးကြီးပုံ အကြောင်း

ငလျင်လှုပ်တော့ အဆောက်အဦများ ပြိုကြ၏။ ကန်ထရိုက်နှင့်ဆောက်သည့် အဆောက်အဦကြီးများကို မည်ကဲ့သို့ ဆောက်ခဲ့ကြပါသနည်း။ ကျွန်ုပ် အမှန်တကယ် မသိပါ။

 

ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် QC နှင့် Traceability Record စနစ်သည် မရှိ၊ မည်သူမှ မသုံးဟု ထင်၏။ 

အဆောက်အဦတစ်ခု ဆောက်သည်ဖြစ်စေ၊ ပစ္စည်းတစ်ခု ထုတ်သည်ဖြစ်စေ၊ QC နှင့် Traceability Record သည် အလွန်အရေးကြီး၏။ မည်ကဲ့သို့ အရေးကြီးကြောင်း ပြောပြပါမည်။ 

 

ဤအကြောင်း ယခင်ကလည်း ကျွန်ုပ် ပြောဖူးပါ၏။ သို့သော် ကျွန်ုပ်ကဲ့သို့ ငချွတ်၊ ဘာကောင်မှမဟုတ်သော ပမွှား တစ်ကောင် ပြောသည့်စကားကို မည်သည့် စဆရက (ဟုတ်ပေါင်) ဆရာ့ဆရာကြီးများသည် နားထောင်ပါသနည်း။ အကယ်၍ ကျွန်ုပ်က ၎င်းတို့ရှေ့တည့်တည့်သို့ သွားပြောသည်ဖြစ်အံ့။ အနှီဆရာကြီး၊ ထိုဆရာကြီး၊ ၎င်းဆရာကြီးများ သည် ကျွန်ုပ်ပြောသည်များကို နှုတ်ခမ်းလေး တစ်ချက်ရွဲ့လျက် မျက်လုံးလေးမှေးကာ အထင်မကြီးသည့် မျက်နှာပေးမျိုး နှင့် မကောင်းတတ်၍ နားထောင်နေရသည့်ပုံစံမျိုးကို မုချမသွေ တွေ့ရပါလိမ့်မည်။

 

ကျွန်ုပ်တို့သည် သတင်းစာများထဲ၌ အဆောက်အအုံတစ်ခု ဆောက်ပြီးသည့်အခါ မည်သည့်တာဝန်ရှိပုဂ္ဂိုလ်ကြီးက လာရောက်စစ်ဆေးကြောင်း သတင်းများကို မကြာခဏ ဖတ်ကြရ၏။ နောက်လိုက်တပည့်တစ်ဦးက ဖဲထီးကြီး ဆောင်းထားပေးတော်မူသည်ကို ခံယူတော်မူထသော အနှီပုဂ္ဂိုလ်ကြီးက လက်ညှိုးတထိုးထိုးနှင့် မလိုအပ်သည်များ မှာကြားနေသည်ကို နောက်ပါ တိုက်ပိုင်ဝတ် အရာရှိ အရာခံကလေးများသည် မြတ်စွာဘုရားက ဗျာဒိတ်ပေးတော် မူသည့်အလား ခဲတံလေးကို တံတွေးဆွတ်လျက် လိုက်လံ မှတ်သားနေကြသည်ကို သနားစဖွယ် မြင်တွေ့ကြရပါသည်။

 

ဘှာ . . . စစ်ဆေးတာ၊ ဘာကိုစစ်ဆေးတာတုံး။ 

အဆောက်အအုံ အားလုံးဆောက်ပြီးမှ ဟိုလက်ညှိုးထိုး၊ ဒီလက်ညှိုးလုပ်တာကို စစ်ဆေးသည် မခေါ်။ ဤသည်ကို ဆီလူးသည် ဟု ခေါ်၏။ မည်သည့်နေရာကို လူးသနည်း။ မယောင်သည့်နေရာကို လူးခြင်းဖြစ်၏။ အဆောက်အဦအားလုံး ဆောက်ပြီးမှ ဘာကိုစစ်ပါမတုံး။ ဆောက်ပြီးမှ လာစစ်လို့ ဘာလုပ်ရပါမတုံး။ မင်းဆောက်ထားတာ စတင်းဒတ်နဲ့မညီဘူး ကွာ ဆိုပြီး အားလုံးဖြိုချပြီး အသစ်ဆောက်ခိုင်းမလို့လား။ ဖွမ် . . . 

 

++++++++++++++++++++++++++++++++++++

 

QC စစ်တယ်ဆိုတာ ဟို့ အဆောက်အဦမဆောက်ခင် Drawing ဘဝကတည်းက စစ်ရတာ ဖြစ်၏။ သူတို့တွက်ချက်ထား တာတွေ မှန်ရဲ့လား။ Safe ဖြစ်ရဲ့လား။ နားလည်တတ်ကျွမ်းသူ Competent person က စစ်ရ၏။

 

Drawing အားလုံး approved ဖြစ်သွားပြီဆိုလျင် ထို drawing အတိုင်း ဆောက်ရ၏။ ထို drawing ထဲ၌ ဖော်ပြထား သည့် ပစ္စည်းများကို ထို drawing ၌ဖော်ပြထားသည့် အတိုင်းအတာများအတိုင်း ဆောက်ရ၏။ Project specification ဆိုတာရှိ၏။ သုံးသည့် ပစ္စည်းအားလုံး၌ material specification ရှိ၏။ 

 

ထိုကန်ထရိုက်တာများသည် ထို drawing အတိုင်း ဆောက်သလား။ ဖော်ပြထားသည့် ပစ္စည်းများကို သုံးသလား။ အတိုင်းအတာတွေ မှန်ရဲ့လား စစ်ရ၏။ ထိုစစ်ဆေးသူသည် QC ဖြစ်၏။ ထို QC အား ပေါက်တတ်ကရလူကို ခန့်၍မရ။ အရည်အသွေးပြည့်မီသော Competent person အင်ဂျင်နီယာကို ခန့်ရ၏။ QC သည် ထိုအကြောင်းအရာများ အားလုံးကို နားလည်ထားရ၏။

 

QC သည် ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုလုံးကို မျက်စိဒေါက်ထောက် ကြည့်နေ၏။ 

 

လူနှင့်ပတ်သက်၍ -

§  သည်ဆောက်လုပ်ရေးလုပ်ငန်းမှာသုံးသည့် အလုပ်သမားတွေသည် သူတို့အလုပ်ကို တကယ် ကျွမ်းကျွမ်း ကျင်ကျင် လုပ်တတ်ရဲ့လား။ သင်တန်းလိုလျှင် သင်တန်းပေးထားရဲ့လား။ လက်မှတ်လိုလျှင် လက်မှတ် ရှိရဲ့လား။ လိုင်စင်လိုလျှင် လိုင်စင်ရှိရဲ့လား။

§  သူတို့ကို ကြီးကြပ်မည့် supervisor သည် drawing ကို ဖတ်တတ်ရဲ့လား။ အလုပ်သမားတွေကို စီမံ ခန့်ခွဲတတ်ရဲ့လား။ သူ့အလုပ်မှာ ဘာပစ္စည်းတွေလိုတယ်၊ ဘာကိုဘယ်လိုလုပ်ရမယ်ဆိုတာ သိရဲ့လား။ ဘာကို အရင်လုပ်ပြီး ဘာကိုတော့ နောက်မှလုပ်ရမယ်ဆိုတာ နားလည်ရဲ့လား။

 

Drawing များသည် နောက်ဆုံးထုတ် (latest version) ဟုတ်သလား။ Drawing များအားလုံး ပြည့်ပြည့်စုံစုံရှိရဲ့လား။ အားလုံးကို approved လုပ်ပြီးပြီလား။ Drawing master list ရှိသလား။

 

ပစ္စည်းများ site ထဲရောက်လာသည်နှင့် ထိုပစ္စည်းများသည် သတ်မှတ်ထားသည့် specification များနှင့် ကိုက်ညီသလား။ အရွယ်အစား၊ အရေအတွက် အားလုံးမှန်ကန်ရဲ့လား။ အပြစ်အနာအဆာပါသည့် ပစ္စည်းများကို ပြန်ပို့သည့် procedure ရှိသလား။

 

တည်ဆောက်သည့်အခါတွင်လည်း သတ်မှတ်ထားသည့် ပစ္စည်းများကို သုံးသလား။ Drawing နှင့် ကိုက်ညီရဲ့လား။ အတိုင်းအတာတွေ မှန်ရဲ့လား။ သတ်မှတ်ထားသည့် အချိန်အတွင်း ပြီးရဲ့လား။

 

စမ်းသပ်စရာ (ဥပမာ - ကွန်ကရိ၏ အရည်အသွေး) ရှိလျင်လည်း ဓာတ်ခွဲခန်းကို ပို့သလား။ စမ်းသပ်ချက်ရလဒ်တွေ ရလာပြီလား။ စမ်းသပ်ချက်တွေအားလုံး အောင်မြင်ရဲ့လား။ ထိုဓာတ်ခွဲခန်းမှတ်တမ်းများကို သေသေချာချာ သိမ်းထားရ၏။

 

တစ်ခုမကျန် အားလုံးစစ်ရ၏။

 

စစ်သည်ဆိုရာတွင်လည်း ခါးကလေးထောက်၊ မျက်မှန်အနက်ကလေးတပ်လျက် Good, OK. OK, Good ဆို ပြီးသွားတာ မျိုး မဟုတ်။ Traceability Record ဆိုတာ ရှိ၏။ ပစ္စည်း၏နာမည်၊ Model No., Serial No., Heat No., Type, Size စသည် အားလုံးကို မှတ်တမ်းတင်၊ ရေးသွင်းရ၏။ လုပ်သမျှ အလုပ်အားလုံးကို မှတ်တမ်းတင်ရ၏။ ဂဟေဆော်လျှင် ဂဟေဆော်သူ၏ အမည်၊ မှတ်ပုံတင်နံပါတ်၊ Welder No., WSP No., Joint No. အားလုံးကို မှတ်တမ်းတင်ရ၏။

 

ကုန်ကုန်ပြောရလျှင် ပစ္စည်း ပစ္စည်းမို့လို့၊ လူ လူမို့လို့၊ အလုပ် အလုပ်မို့လို့ အားလုံး မှတ်တမ်းရှိရ၏။

သို့မှသာ ဂဟေဆက်တစ်ခု ချို့ယွင်းသွားသည် ဆိုပါစို့။ သည်ဂဟေဆက်ကို မည်သူဆော်ခဲ့သနည်း။ မည်သည့် WPS နှင့် ဆော်ခဲ့သနည်း။ NDT Test လုပ်သည့်မှတ်တမ်းရှိသလား စသည်တို့ နောက်ကြောင်းပြန် လိုက်နိုင်မည်။ ချို့ယွင်းချက် ရှာနိုင်မည်။

 

ထို့ကြောင့် QC ဌာနသည် ကြီး၏။ တစ်ယောက်တည်း လုပ်လို့မရ။ Super structure, infra structure, material controller, procurement, facility, machinery, electrical, painting, welding စသဖြင့် လုပ်ငန်းကြီးလျင် ကြီးသလို QC ပေါင်းများစွာ ရှိနိုင်၏။ လူတစ်ဦးတည်းက ထိုအရာအားလုံးကို နားလည်တတ်ကျွမ်းဘို့ဆိုတာ ဘယ်နည်းနှင့်မှ မဖြစ်နိုင်။

 

ကျွန်ုပ်တို့ဆီတွင် QC များကို မွေးထုတ်ပြီးပါပြီလား။ သေသေချာချာ QC လုပ်တတ်သည့်သူများ ရှိပါပြီလား။ 

 

ယခုငလျင်တွင် ပြိုပျက်သွားသည့် အဆောက်အဦများကို ဆောက်ခဲ့ကြသူများသည် ကျွန်ုပ်အထက်တွင် ပြောခဲ့သည်များ ကို လုပ်ခဲ့ကြပါသလား။ လုပ်ခဲ့ကြသည့် မှတ်တမ်းမှတ်ရာများ ရှိကြပါသလား။ 

 

လူဟူသည် အမှားနှင့်မကင်းနိုင်။

သို့သော် မှားခဲ့သော အမှားမှ သင်ခန်းစာယူနိုင်မှ လူလိမ္မာဖြစ်မည်။

သည်အမှားကိုပင် ထပ်ခါတလဲလဲ ကျူးလွန်နေသူကား လူမိုက်စင်စစ် ဧကန်ဖြစ်တော့၏။

 

အသင်တို့သည် လူမိုက်များ မဖြစ်ကြပါကုန်လင့်။

အချိန်မီ သင်ခန်းစာ ယူကြပါကုန်လော့။ 

လေ့လာကြပါကုန်လော့၊ သင်ယူကြပါကုန်လော့၊ သူများလုပ်သည်တို့ကို အတုခိုးကြပါကုန်လော့။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

10/04/2025; 23:07 hr