(၁) ဘိုးတော်ဘုရားနှင့် ကျွန်ုပ်
အခါတပါး ဘိုးတော်ဘုရားတည်းဟူသော မင်းတရားကြီးသည် အိမ်နိမ့်စံဘ၀က
စားခဲ့ရသော ပဲကုလားဟင်းကို ချင်ခြင်းတပ်လေ၏။ ထိုအခါ စားတော်ကဲတို့က ပဲကုလားဟင်းကို
အထူးစပယ်ရှယ် ချက်ပြုတ်ကာ ဆက်ကပ်ကြလေ၏။ သို့သော် ဘိုးတော်မင်းတရားကြီးမှာ အိမ်နိမ့်စံဘ၀က
စားခဲ့ရသော ပဲကုလားဟင်းလောက် စားမကောင်း၊ ခံတွင်း တွေ့တော်မမူချေ။ (ဟင်းနာမည် မှန်ချင်မှမှန်ပါလိမ့်မည်။
ငယ်ငယ်တုံးက ဖတ်ဖူးတာဆိုတော့ မေ့နေပြီ။)
ဘိုးတော်ဘုရား အိမ်နိမ့်စံဘ၀က စားခဲ့ရသော ဟင်းလျာများမှာ
ဘုရင်ဖြစ်လာသည့်အခါ စားရသော ဟင်းလျာများလောက် ကောင်းပါမည်လော။ မည်သည့်နည်းနှင့်မှ မကောင်းနိုင်ပါ။
သို့ဆိုလျှင် အနှီဘိုးတော်သည် သိပ်မနိပ်လှသော အိမ်နိမ့်စံဘ၀က တောထမင်း၊ တောဟင်းလျာများကို
အဘယ်ကြောင့် တောင်းတရဘိသနည်း။
(ဘိုးတော်ဘုရားတစ်ယောက်ရှိနေခြင်းဖြင့် ကျွန်ုပ်မှာ ရေးစရာကုန်ကြမ်းများ
၎င်းထံမှ ရနေသည်ဖြစ်လေရာ ထို ဘိုးတော် မင်းတရားကြီးကို ကျွန်ုပ်အနေနှင့် အထူးကျေးဇူးတင်ပါကြောင်း
ဤနေရာမှ မှတ်တမ်းတင်အပ်ပါသည်။ ဤကား စကားချပ်။)
ကျွန်ုပ်တို့ရွာ၌ ဦးထွန်းဝင်းဟူသောသူကြီးအိုကြီးတစ်ဦးသည်
ရှိ၏။ ဦးထွန်းဝင်း၌ သားထောက်သမီးခံမရှိ။ ဇနီးမှာလည်း ကွယ်လွန်ရှာလေပြီ။ အိမ်နီးနားချင်းတို့က
စောင့်ရှောက်သည့်တိုင် လက်လှုပ်မှ ပါးစပ်လှုပ်ရသော တောသူတောင်သားများအဖို့ ကိုယ့်အလုပ်နှင့်ကိုယ်ဆိုတော့ ဘယ့်နှာ အချိန်ပြည့်
ကြည့်နေနိုင်ပါမည်နည်း။ အထူးသဖြင့် ညရေးညတာ ကိစ္စများတွင် အနီးကပ် စောင့်ရှောက်ဘို့ရာ
မလွယ်ကူ။
ထို့ကြောင့် ပြုစုယုယမည့်သူမရှိသော တစ်ကောင်ကြွက် အဖိုးအိုကို
ရွာသားများက ကောင်းစေချင်သော စေတနာနှင့် မြို့မှ ဘိုးဘွားရိပ်သာသို့ ပို့လိုက်ကြ၏။
တစ်နှစ်ပင်မကြာ။ ဘိုးထွန်းဝင်း ၀ါးတောကွင်းသို့ ပြန်ပြေးချလာလေသည်။ အကြောင်းကား သခွတ်ပွင့်ဟင်းညိုနှင့်
ငရုပ်သီးထောင်း စားချင်လို့ ဟူ၏။ ဘာပြောပြော၊ ဘိုးဘွားရိပ်သာ၌ ၀ါးတောကွင်းမှာစားရတာထက်
အပုံကြီး သာပါလိမ့်မည်။ သို့ဆိုလျှင် ဘိုးထွန်းဝင်းအနေနှင့် မြို့မှအစားအစာများထက်
တောမှ ငြုပ်သီးထောင်းကို အဘယ်ကြောင့် ပိုပြီး နှစ်သက်ရပါသနည်း။
(၂) သဘာဝထမင်း
လူတို့ နေ့စဉ်နေ့တိုင်း အလုပ်လုပ်နေကြရာတွင် စားဘို့ဟူသောရည်ရွယ်ချက်တစ်ခု
အပါအ၀င်ဖြစ်၏။ လူတိုင်း အစာ စားကြသည်။ သို့သော် စားပုံစားနည်း မတူကြပါ။
တချို့က သဘာဝအတွက် စားသည်။
တချို့က အာဟာရအတွက် စားသည်။
တချို့ကျတော့ ပကာသနအတွက် စားကြလေသည်။
ဆင်းရဲသားများလောကတွင် ပထမအမျိုးအစားကို အတွေ့ရများ၍ အလယ်အလတ်တန်းစားများတွင်
ဒုတိယအမျိုးအစားကို တွေ့ရနိုင်မည်ဖြစ်ကာ တတိယအမျိုးအစားကိုမူ ငွေကိုရေလိုသုံးနေသူများအကြား၌
တွေ့နိုင်၏။
ကျွန်တော်ငယ်စဉ်က ကျောင်းပိတ်ရက်များတွင် ရွာသို့ပြန်လေ့ရှိ၏။
ထိုအခါများတွင် ဟိုအိမ်ကထမင်းခေါ်ကျွေး၊ သည်အိမ်က ထမင်းခေါ်ကျွေးနှင့် စားရတာ ပါးစပ်မလည်နိုင်အောင်
ရှိလေ၏။ ဘယ်နေ့မှာ ဘယ်အိမ်ကဖိတ်ထားတယ်ဆိုတာကို ညီမဖြစ်သူ စန်းစန်းဝင်းက စာရင်းလုပ်ထား၏။
နောက် အစ်ကိုကြီး ညနေကျ ဘယ်သူ့အိမ်မှာဟု သတိပေး၏။ ဧည့်သည် ထမင်းကျွေးတာ ဆိုတော့ မရှိရှိတာ
ဖွယ်ဖွယ်ရာရာ ချက်ကျွေးကြ၏။ ကျွန်တော်လည်း အားနာလိုက်တာဗျာ၊ အားနာလိုက်တာဗျာ တွင်တွင်
ပြောရင်း ထမင်းသုံးပန်းကန်လောက် ကုန်အောင် လွေးခဲ့သည်ချည်းဖြစ်၏။
တစ်နေ့တော့ (၁) ရပ်ကွက်သို့ ကျွန်တော်ရောက်သွားသည်။
(ကျွန်တော်တို့ရွာတွင် (၁) ကွက်၊ (၂) ကွက်၊ (၃) ကွက်၊ (၄)
ကွက် ဟု ရပ်ကွက်လေးခုရှိ၏။ ရပ်ကွက်တစ်ခုလျှင် အိမ်ခြေ (၆၀) စီရှိသည်။
(၁) ရပ်ကွက်မှလူများမှာ ဆင်းရဲကြသည်။ ပြေလည်သူ အနည်းအပါးသာရှိ၏။
(၄) ရပ်ကွက်တွင်လည်း ဆင်းရဲသူများ၏။ သို့တိုင် (၁) ရပ်ကွက်လောက် မဆိုးလှသေးဟု ဆိုနိုင်သည်။
(၂) ရပ်ကွက်နှင့် (၃) ရပ်ကွက်များတွင် အတန်အသင့် ပြေလည်သူ များသည်။ ကျွန်တော်တို့အိမ်မှာ
(၃) ရပ်ကွက်၌ ရှိပြီး အိမ်အမှတ် (၁၁၁) ဖြစ်သည်။ ရွာအလယ် တည့်တည့် နီးပါးလောက်တွင် ရှိသည်။
ဘာကြောင့်မှန်းမသိ၊ (၁) ရပ်ကွက်ဘက်သို့ ရောက်ဖြစ်သော်လည်း (၄) ရပ်ကွက် ဘက်သို့ ကျွန်တော်
အတော်လေး အသွားအလာနည်း၏။ ထိုရပ်ကွက်မှလူများကို သိပင်သိသော်လည်း စိတ်ထဲမှာ သိပ်ရင်းနှီးသလို
မခံစားရ။ ဤကားစကားချပ်။)
(၁) ရပ်ကွက်မှ ဦးကုလားကြီးနှင့် ဒေါ်ရှင်တို့အိမ်သို့ ကျွန်တော်ဝင်ခဲ့သည်။
သူတို့မှာ အတော်ဆင်းရဲရှာပါသည်။ အိမ်ကလေးမှာ ၀ါးထရံကာ၊ ၀ါးကြမ်းခင်း၊ ဖက်မိုးထားသော
ပီဘိ တဲပုတ်ကလေးဖြစ်၏။ ကျွန်တော်ရောက်သွားတော့ သူတို့မိသားစု ထမင်းစား နေကြ၏။ ကလေး
၈ ယောက်နှင့် မိသားစုဝိုင်းဖွဲ့ပြီး စားနေကြသည်မှာ အားကျစရာကြီးဖြစ်၏။ ထမင်းစားပွဲဝိုင်းမှာ
ညစ်ပတ် ပေရေနေပြီး အကွက်ပင်မပေါ်တော့။
ကျွန်တော့်ကိုမြင်တော့ လာဟေ့ မောင်အေးငြိမ်း၊ ကြုံတုန်းထမင်းစားသွားကွာ။
မရှင်ရေ ထမင်းခူးပါဟေ့ ဟု အတင်းထမင်း ကျွေးလေ၏။ ဤသည်မှာ ဟန်ဆောင်ပန်ဆောင် ခေါ်ခြင်းမဟုတ်။
အမှန်တကယ် ထမင်းစားရအောင်ခေါ်ခြင်းဖြစ်လေသည်။ ချစ်စရာတော့ဓလေ့ပါတည်း။
ကျွန်တော်လည်း အတန်တန်ငြင်းရင်း အိမ်ခါးပန်းတွင် တင်ပလွှဲထိုင်ကာ
၎င်းတို့မိသားစု ထမင်းဝိုင်းကို အကဲခတ်မိ၏။ ဟင်းမှာ ဖရုံညွန့်၊ ကင်းပုံညွန့်၊ ကတတ်ရိုး၊
ယင်းတိုက်ရွက်စသည့် ဟင်းသီးဟင်းရွက်များကိုစုပေါင်းကာ ဆီမပါ၊ ဆားနှင့်ပြုတ်ထားသော ဟင်းတစ်ခွက်။
ထိုဟင်းကို ကြွေများကွာ၍ ညစ်ပေနေပြီဖြစ်သော ကြွေရည်သုတ်သံဇလုံကြီးဖြင့် ထည့်ထား၏။ နောက်
ဟင်းတစ်ခွက်မှာ ငါးပိကိုကြိုပြီး ငြုပ်သီးခြောက်ကိုထောင်း၍ဖျော်ထားသော ငါးပိရည်ဟင်း
ဖြစ်၏။ ငါးတို့ အသားတို့ ဘယ်က ရမတုံးဗျာ။ ဒီအတိုင်း ငါးပိပလိန်းပေါ့။
ကလေးများမှာ ကြွေရည်သုတ် သံပန်းကန်ထဲ၌ ထမင်းနှင့်ဟင်းကို
ရောနယ်ပြီး အသီးသီးအသကအသက စားနေလိုက်ကြ သည်မှာ တကယ့်ကို မြိန်ရေရှက်ရေ ဖြစ်၏။ လူကြီးများလည်း
ထို့အတူပင်။
ဦးကုလားကြီးတို့မှာ ကိုယ်ပိုင်လယ်ယာမရှိ။ ရာသီအလိုက် ကြုံရာလုပ်သည်။
ပျိုးနှုတ်သည်၊ ကောက်စိုက်လိုက်သည်၊ မြက်ထမ်းရောင်းသည်၊ ကောက်ရိတ် အငှားလိုက်သည်၊ စပါးလှေ့လိုက်သည်
စသည်ဖြင့်။ ရသမျှလေးနှင့် ၀တ်ရေး၊ နေရေး၊ သာရေး၊ နာရေး အားလုံးမျှဝေသုံးစွဲလိုက်ရတော့
စားဘို့မှာ အနိုင်နိုင်သာ ကျန်တော့သည်။ ထို့ကြောင့် ဆန်ရှိရင်တော်ပြီ။ ဟင်းကိုမူ တောထဲမှ
ခူးဆွတ်လာသော ဟင်းသီးဟင်းရွက်များကို ဆားနှင့်ကြိုကာ စားကြရ၏။
ကျွန်တော်ရေဆင်းတွင် ကျောင်းဆရာလုပ်ခဲ့စဉ်က မမတို့က မုန့်ဟင်းခါးရောင်း၏။
ထို့ကြောင့် ညှပ်ခေါက်ဆွဲလုပ်ရန်အတွက် ညနေတိုင်းလိုလို ပေါက်ကုန်းရွာသို့ မုံ့ကြိတ်ရအောင်
ကျွန်တော်သွားရ၏။
မုံ့ကြိတ်သည့်အိမ်တွင် အသက် (၆၀) ကျော်လောက်ရှိသောအဖွားကြီးနှင့်
အသက် (၈) နှစ်လောက်ရှိသော မြေးငယ်ကို အမြဲလိုလို တွေ့ရ၏။ သူတို့ပဲ ဒိုင်ခံ မုန့်ကြိတ်ပေးသည်။
တခြားသူများမှာ ရံဖန်ရံခါမှ လာ၏။ ကျွန်တော်ရောက်သွားလျှင် အဖွားက သူ့မြေးကို ပေါ်ကြီးရေ၊
လူလေး၊ မုံ့ကြိတ်ရအောင်လာဟေ့ ဟု ခေါ်လေ့ရှိ၏။ တခါတရံ ပေါ်ကြီးထမင်းစားနေတာနှင့် တိုးတတ်သည်။
ပေါ်ကြီးထမင်းစားနေသည်ကို ကျွန်တော် တစေ့တစောင်းကြည့်မိ၏။ ထမင်းကို ဟင်းချိုရည်ဆန်းကာ
ဘူးရွက်နှင့်တူသော ဟင်းရွက်တစ်ရွက်ကို ဖဲ့ကာ မြှုပ်ကာဖြင့် ပလုပ်ပလောင်း စားနေသည်ကို
တွေ့ရတတ်လေသည်။
ထို ဦးကုလားကြီးတို့၊ ပေါ်ကြီးတို့မှာ အဘယ်မှာလျှင် ဗိုက်တာမင်သော၊
ပရိုတိန်းလော တွက်နေနိုင်ပါမည်နည်း။ ဗိုက်ပြည့် အောင် စားနေရတာကိုပင် ကျေးဇူးတင်ပါဦး။
သူတို့အဖို့တော့ ထမင်း၀၀စားရတာပင် ကုသိုလ်ထူးလှပြီ။
၎င်းတို့စားနေသည်မှာ အာဟာရအတွက်လည်းမဟုတ်၊ ပကာသနအတွက်လည်းမဟုတ်။
ပီဘိ သဘာဝ စားနေတာသာ ဖြစ်လေသည်။
(၃) အာဟာရထမင်း
ကျွန်တော်တို့တွင် မောင်နှစ်မ (၆) ယောက်ရှိ၏။ (အဖေကြီးတို့များ
ဘယ်လိုလုပ်မွေးလိုက်ပါလိမ့်။ ကျုပ်မှာ တစ်ယောက်တည်း တောင် အသည်းအသန်။) တစ်ယောက်မှာ
အိမ်ထောင်ကျ၍ တောမှာကျန်ခဲ့သည်။ ဆိုတော့ မောင်နှမ (၅) ယောက်၊ အဖေကြီးနှင့် အရီးအပျိုကြီး
(အမေ၏အစ်မ) တို့ စုနေကြ၏။ ကျွန်တော့်အမေက ညီမအငယ်ဆုံးလေး တစ်နှစ်သမီးတွင် ဆုံးပါးသွားသည်။
သည်မိသားစု (၇) ယောက်ကို ကျွန်တော့်အစ်မကြီးကပင် (ပိုက်ဆံရှာတာကအစ) အစစစီမံခန့်ခွဲ၊
ချက်ပြုတ် ကျွေးမွေးရလေသည်။ အနို့၊ အစ်မကြီး အမိအရာဆို မဟုတ်လော။ အဖေကြီးက လူအေး။ ပိုက်ဆံရှိသည်ဖြစ်စေ၊
မရှိသည်ဖြစ်စေ၊ ထမင်းကြမ်းခဲ ယပ်ခပ်စားသည့် အမျိုးထဲက ဖြစ်၏။ အလွန်စိတ်အေးချမ်းသာ ရှိလှသည်။
မိသားစုကကြီးပြီး ၀င်ငွေကနည်းလေတော့ အစ်မကြီးက စနစ်တကျ စီမံခန့်ခွဲရသည်။
ကျွန်တော်က ၀ါသနာအလျောက် စာအုပ်များဝယ်၏၊ ဖတ်၏၊ မှတ်၏၊ စု၏။
ကျွန်တော့်အစ်မကြီးက ကျွန်တော့်စာအုပ်များကို ယူဖတ်၏။ မှတ်၏။ နောက်ပြီး လက်တွေ့ အသုံးချလေသည်။
ထိုအထဲတွင် ကျန်းမာရေးနှင့်ပတ်သက်သော စာအုပ်များလည်း ပါသည်ဖြစ်ရာ အစားအသောက်ကို ငွေကုန်ကြေးကျလည်းမများ၊
အာဟာရလည်းဖြစ်အောင် စီမံလေ၏။ ကျွန်တော်က အမဲသားမစားတော့ ပရိုတိန်းဓာတ်ရအောင်ဆိုကာ ပဲပုပ်ကို
မကြာခဏ ချက်ကျွေးသည်။ ဈေးလည်းသက်သာ၊ အာဟာရ လည်းဖြစ်၊ ချက်ရလည်းလွယ်။ သူချက်ကျွေးတာတော့ဟုတ်ပါရဲ့။
ကြာတော့ ကျွန်ုပ်မှာ ပဲသာမဟုတ်၊ လူပါပုပ်ချင်လာလေ၏။ အနို့ ပဲပုပ်က နံသကိုး။ အသီးအရွက်များကိုလည်း
စုံအောင်ချက်ကျွေးသည်။ ဒါမှ ဗိုက်တာမင်စုံမှာကိုး ဟူ၏။
တခါတော့ ကျွန်တော် စာကြည့်တိုက်မှ သိပ္ပံမဂ္ဂဇင်း ငှားလာသည်။
သူယူဖတ်၏။ မဂ္ဂဇင်းထဲတွင် “နေ့လည်နေ့ခင်း သွားရေစာ ကို တခြားဟာတွေစားမဲ့အစား ပဲကြီးလှော်စားတာက
အပျင်းလည်းပြေ၊ စားလို့လည်းကောင်း၊ အာဟာရလည်းဖြစ် သဖြင့် ပဲကြီးလှော်ကိုသာစားသင့်ကြောင်း”
စသဖြင့် ပါလာလေ၏။ နောက်နေ့ ပျဉ်းမနားသွားတော့ ကျွန်တော်စာဖတ်ရင်းစားဘို့ ဆိုကာ ပဲကြီးလှော်
တစ်ပိဿာထုပ်ကြီး ၀ယ်ချလာလေတော့သည်။ (ကျွန်တော်က ညဘက်ဆိုလျှင် ပက်လက်ကုလားထိုင်၌ ရေနွေးတစ်အိုးနှင့်
ညဥ့်နက်သန်းခေါင် စာဖတ်လေ့ရှိ၏။)
ကျွန်တော်တို့ အစားသရမ်းလိုက်ပုံလည်း မပြောပါနှင့်။ ထိုတစ်ပိဿာပဲလှော်ထုပ်ကြီးကို
ဝင်တစ်ဆုပ် ထွက်တစ်ဆုပ်၊ အားပေးလိုက်ကြရာ သုံးရက်ပင်မလည်။ တက်တက်ပြောင်ပါလေ၏။ ကြာတော့
အစ်မကြီးလည်း မတတ်နိုင်။ ပွစိပွစိနှင့် ပဲလှော်မ၀ယ်ဖြစ်တော့။ ပဲကြီးလှော်ကလည်း ဈေးကြီးသကိုး။
ကျွန်တော်က တက္ကသိုလ်ကကျောင်းဆရာဆိုတော့ ချမ်းသာသည်လည်းမဟုတ်၊
ဆင်းရဲသည်လည်းမဟုတ်။ အတန်အသင့် နေနိုင်စားနိုင်ထဲကဟု ဆိုရမည်။ (အမှန်ကတော့ ဆင်းရဲတာပါဗျာ။
ကိုယ့်ရာထူးအဆင့်နဲ့ညီအောင် မုံ့ဟင်းခါးရောင်း၊ ကြက်မွေး နဲ့ မနည်းကြံဖန်နေရတာကိုး။)
မိတ်ဆွေတို့သိတော်မူကြသည့်အတိုင်း ကျောင်းဆရာတစ်ယောက်လစာနှင့်
(၇) ဦးပါသော မိသားစု ဘယ့်နှာလုပ် ဗိုက်ဝအောင် စားနိုင်ပါမည်နည်း။ သည်တော့ ရသည့်ပိုက်ဆံကလေးနှင့်လည်း
လောက်ငအောင်၊ အာဟာရလည်းဖြစ်အောင် တိုင်းတာ ချင့်ချိန်စားကြရတာ ဖြစ်သည်။
ဆိုတော့ ကျွန်တော်တို့စားတာကို အာဟာရထမင်းဟု ခေါ်နိုင်ပါလိမ့်မည်။
(၃) ပကာသန ထမင်း
ကျွန်တော့်သူငယ်ချင်း ကိုဟိုနင်းမှာ ဥပဒေဘွဲ့ယူပြီး အင်ဂျင်နှစ်ရာအလုပ်ကို
လုပ်နေလေသည်။ အရင်ကတော့ တောသား။ ကျွန်တော့်လိုပင် ရိုးရိုးအအထဲက ဖြစ်၏။ ခုတော့ မောင်
အရင်လိုမဟုတ်တော့ဘူး ဆိုသည့်သီချင်းထဲကလို တောသားငနုံ မဟုတ်တော့။ သူက သမိုင်းလမ်းဆုံနားက
ဟိုစက်ရုံဘေးနားမှာနေသည်။ သူဘယ်လိုထောကြောင်း သူပြောပြတာ ကြားရ တော့ ကျွန်တော့်မှာ
အံ့သြလွန်းလို့ သေမတတ်ရှိချေသည်။
တစ်နေ့ ကျွန်တော် ပျဉ်းမနားမှ ရန်ကုန်သို့ရောက်ခိုက် သူငယ်ချင်းတွေ
တော်တော်များများ ဆုံဖြစ်ကြသည်။ ဥပဒေ အင်ယာကြီးက ကျွန်တော်တို့ကို ပြုစုမည်ဆိုကာ တစ်ခုသော
လက်စ်တောရင့်သို့ ခေါ်သွား၏။ ကျွန်တော်လည်း ထုံးစံအတိုင်း အားနာလိုက်တာကွာဆိုလျှက် ကားရှေ့ခန်းမှ
အခန့်သား လိုက်ပါလာခဲ့၏။
သောက်လိုက်စားလိုက်၊ ရယ်လိုက်ပြောလိုက်ကြနှင့်ပင် အတော်ညည့်နက်လာ၍
ပြန်ကြမည်ဟု စာရင်းရှင်းရန် စားပွဲထိုး ကလေးကိုခေါ်ကာ ဘယ်လောက်ကျသလဲဟု မေး၏။ စားပွဲထိုးကလေးက
ကြိမ်ဗန်းကလေးနှင့် ဘီလ်စာရွက်ကလေး ယူလာ ပေး၏။ သူငယ်ချင်းက ပိုက်ဆံအထပ်လိုက် ထုတ်ရှင်းပေးလိုက်၏။
ပိုတာမင်းယူလိုက်တော့ ဟု ဘောက်ဆူးပင် ပေးလိုက်သေး သည်။
ငါးရာတန်နှင့် နှစ်ရာတန်အတော်များများကို တွေ့လိုက်ရ၍ ကျွန်တော်လည်း
ရင်တုန်စွာပင် မ၀ံ့မရဲနှင့် ဘီလ်စာရွက်ကလေးကို တောင်းကြည့်မိ၏။
အလိုလေး၊ မြတ်စွာဘုရား။ အောက်ခြေမှ ၅ လုံးမျှသော ဂဏန်းများကိုကြည့်ရင်း
ခုနင်က သောက်တားတာကလေးတွေ အကုန်ပျောက်ကာ ရင်တုန်၊ နှလုံးတုန်၊ တစ်ကိုယ်လုံးတုန်ကာ မျက်လုံးမျက်ဆန်များ
ပြူးမိလေ၏။ ပျက်သွားသော ဣနြေ္ဒကို ပြန်ဆယ်ရင်း သူငယ်ချင်းကိုကြည့်လိုက်တော့ မောင်မင်းကြီးသားမှာ
အရီအပြုံးပင်မပျက်။ ဘာတွေသဘောကျနေသည်မသိ၊ တဟားဟားနှင့်ပင် ရယ်နေလိုက်ချေသေး၏။ သြော်၊
ကိုယ့်မှာသာ အဆန်းတကြယ်ဖြစ်နေတာ။ သူတို့မှာတော့ ရိုးလို့ကိုး။
(အချိန်ကာလမှာ ၁၉၉၀ ခုနှစ်လွန်များကဖြစ်၍ ထိုစဉ်က ပြန်တမ်းဝင်အရာရှိတစ်ဦး၏လစာမှာ
၁၂၅၀ ကျပ် ဖြစ်ပါသည်။)
အရိမေတ္တယျဘုရားစူးရပါစေ့ခင်ဗျာ။ ဒါလောက်တန်ဘိုးကြီးတာတွေ
ကျွန်တော့်တစ်သက် တစ်ခါမှ မစားစဖူး (အဲလေ) မသောက်ခဲ့စဖူးပါ။ ယခုကုန်ကျစရိတ်များထဲတွင်
စားသည့်စရိတ်ထက်၊ သောက်သည့်စရိတ်က ပိုများပါသည်။ ကျွန်ုပ် ခုနင်က သောက်ခဲ့သည့် အရက်တစ်လုံး၏
တန်ဖိုးမှာ လစဉ်ကျွန်ုပ်ထုတ်နေသောလခ၏ သုံးဆမျှရှိကြောင်း သိလိုက်ရသည့်ခဏ ကျွန်တော့်မှာ
သောက်ထားသမျှကလေးတွေတောင် ပြန်အံထွက်မတတ်ရှိလေ၏။
ထိုအရက်မျိုးများကို တွေ့တော့တွေ့ဖူးပါ၏။ ယောင်လည်ယောင်လည်ငေးရင်း
စတိုးဆိုင်များတွင် တွေ့ဖူးခြင်း ဖြစ်ပါသည်။ ကိုယ်နှင့်ပတ်သက်သည့် ပစ္စည်းများမဟုတ်လေတော့
စိတ်လည်း မ၀င်စားမိပါ။ ယခုမှ ကိုယ်တိုင်ကိုယ်ကျ သောက်ဖူးခြင်း ဖြစ်လေသည်။ ကျွန်ုပ်မှာ
ဘီလ်စာရွက်ကိုမြင်တော့မှ ကိုယ့်ခေါင်းကို နာနာထုချင်မိလေ၏။ ကျွန်တော် မည်မျှတုံးလိုက်သနည်း
ဆိုလျှင် ကိုယ်သောက်နေသည့် အရက်ကိုပင် အကောင်းစားအရက်မှန်းမသိ။ သည်လောက်ဈေးကြီးမှန်းသာသိပါက
ဘယ်လောက်များ အရသာရှိပါလိမ့်ဟု တစိမ့်စိမ့်သောက်ကြည့်မိမည် ဖြစ်လေသည်။
အခုတော့ သောက်ပွဲစားပွဲသာပြီးသွားရော ကျွန်တော့်မှာ စားလို့မြိန်မှန်းမမြိန်မှန်းလည်းမသိ။
တန်ဘိုးကြီးလွန်းလှသော အရက်ကိုလည်း အရသာခံမသောက်မိ။ သူငယ်ချင်းတစ်စု အာပေါင်အာရင်းသန်သန်နှင့်
ပေါက်ကရစကားများကို စကားနိုင်လုပြောရင်း ပျော်ကြပါးကြတာကိုသာ မှတ်မိပါတော့သည်။
သဟာဆိုလျှင် ယခု ကျွန်တော်တို့ သောက်ခဲ့ကြ၊ စားခဲ့ကြတာသည်
သဘာဝအတွက်လည်းမဟုတ်၊ အာဟာရအတွက်လည်း မပါ။ ပကာသနသီးသီးပင် မဟုတ်ပါလော။
(၄) အစားအသောက်ကို တန်ဘိုးမထားကြသူများ
၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁ ရက်နေ့က ကိုရင်ဂျစ်တို့အဖွဲ့နှင့်
တစ်သုံးလုံးဘုရားဖူးခရီးစဉ်သို့ လိုက်ခဲ့ပါသည်။ နှစ်ကူးကာလများ တွင် ကျွန်တော် ခွင့်နှင့်
မြန်မာပြည်ပြန်နေတာများ၏။ ခုမှ ဘာ့ကြောင့် မပြန်ဖြစ်သည်ကို မမှတ်မိတော့။
ဘုရားဖူးများကို ဘတ်စ်ကားကြီးများဖြင့် စင်ကာပူရှိ ရောက်သင့်ရောက်ထိုက်သောနေရာများသို့
လိုက်ပို့၏။ ကိုယ်သာ မသိတာ။ ဘုရားဖူးခရီးစဉ်လိုက်ပါသူ အတော်များလေသည်။
ခရီးစဉ်မစမီ ဘုန်းကြီးကျောင်းအတွင်း၌ ထမင်းကျွေးသည်။ ထုံးစံအတိုင်း
ဘူဖေးပေါ့ခင်ဗျာ။
ဘူဖေးဆိုတော့ ကြိုက်သလောက် ထည့်စားလို့ရ၏။ ဟင်းအမယ်များမှာလည်း
အတော်စုံပါသည်။ စားသောက်ပြီးတော့ ကျွန်တော်လျှောက်ကြည့်သည်။ စားလို့မကုန်ပဲ ချန်ထားခဲ့သော
ထမင်းပန်ကန်များ အတော်များလေသည်။ အချို့ပန်းကန်များ အတွင်း၌ ကြက်ပေါင်များမှာ ထိပင်မထိရသေး။
သည်အတိုင်း ချန်ခဲ့သည်။ ထမင်းကို တစ်စေ့ကမှမကျန်အောင် စားလေ့ရှိ သော ကျွန်ုပ်အနေနှင့်
အတော်မသက်မသာ ခံစားရလေ၏။ ကင်မရာကိုထုတ်၍ ဓာတ်ပုံရိုက်ဦးမည် ကြံသေးသော်လည်း လူ အတော်များများ
စားသောက်နေသေးသည်ဖြစ်ရာ မကောင်းတတ်သည်နှင့် အသာငြိမ်နေလိုက်ရသည်။
ဒါ သည်တစ်နေရာတည်း မဟုတ်ပါ။ ပိုက်ဆံပေးစားရသော ထမင်းဆိုင်များတွင်လည်း
ထမင်းကို အကုန်မစားပဲ ချန်သွားသူ များကို မိတ်ဆွေတို့ နေရာအတော်များများတွင် တွေ့ဖူးကြပါလိမ့်မည်။
ကျွန်တော်တို့ပရောဂျက်တွင် နေ့လည်စာကို ကျွန်တော် ဘားနတ်၊ ဂျာမန်၊ ဟိုက်တောင်း၊ တစ်ခါတရံ
ရာဂျာတို့နှင့် အတူသွားစားတတ်၏။ ဘားနတ်နှင့် ဂျာမန်တို့ကတော့ သိပ် မဆိုးပါ။ မှာထားသမျှ
အကုန်စားတတ်၏။ ကျန်တောင် အနည်းအပါးသာ ကျန်တတ်သည်။ သို့သော် ဟိုက်တောင်းမှာ ဘယ်တော့မှ
ထမင်းကို ကုန်အောင်မစား။ မှာထားသမျှ၏ ထက်ဝက်ကျော်မျှသာ စား၏။ နောက်ပြီး ရာဂျာလည်း အတူတူပင်
ဖြစ်သည်။
ကျွန်တော်လည်း မနေနိုင်မထိုင်နိုင် ပြောမိလေသည်။ မင်းကွာ၊
ထမင်းတွေမှာထားပြီး ဘာလို့ အကုန်မစားသတုံး ဆိုတော့ ငါ ကုန်မှမကုန်ဘဲကွ ဟု ဆို၏။ ဟအကောင်၊
မင်းဒီအသက်အရွယ်ရောက်နေပြီ။ ကိုယ်ဘယ်လောက်ကုန်မယ်ဆိုတာ ခုထိ မချင့်ချိန်နိုင်သေးဘူးလား။
မကုန်နိုင်ပဲ ဘာလို့မှာသတုံး။ ကုန်သလောက်ပဲ မှာလို့မရဘူးလား ဟု ကိုယ်နှင့်လည်း ဘာမှ
မဆိုင်ပါဘဲလျှင် အသားလွတ်ခွတ်လေ၏။ သူတို့ကိုသည်လိုပြောသည့်အတွက် ကျွန်တော့်ကို သိပ်မကြည်လင်ကြ။
စင်ကာပူတွင်နေသူများ သတိပြုမိပါလိမ့်မည်။ အိန္ဒိယဆိုင်များက
ထမင်းနှင့်ဟင်းကို အများကြီး ထည့်ပေးသည်။ ကျွန်တော့် လိုလူမျိုးဆို နှစ်ယောက်လောက်
စားလို့ရသည်။ သည်တော့ ကျွန်တော် အိန္ဒိယထမင်းစားဖြစ်လျှင် ထမင်းကို ထက်ဝက် လောက်သာထည့်ဘို့
ကြိုမှာထားရ၏။ မြန်မာဆိုင်များမှာစားလျှင်လည်း ထမင်းနှင့်ဟင်းကို လျှော့ထည့်ဘို့ မှာတာသာ
ဖြစ်လေသည်။
ငါက အများကြီးထည့်ပေးပါလို့ မှာတာမှမဟုတ်ဘဲကွ။ သူတို့ထည့်ပေးတာကို
ဟု မပြောပါနှင့်။ ငါ့ပိုက်ဆံနဲ့ငါဝယ်စားတာကွ၊ ငါ့ဘာသာ ဘယ်လိုစားစားပေါ့ဟု တာဝန်မဲ့စကားကို
မဆိုပါနှင့်။ သည်ကမ္ဘာပေါ်တွင် အစာရေစာမ၀လင်သောကြောင့် သေဆုံးနေကြရသူများ သန်းနှင့်ချီရှိသည်။
မိတ်ဆွေတို့တော့ မပြောတတ်ပါ။ ကျွန်တော်ကတော့ အစားအသောက်ကောင်း ကလေးများစားရလျှင် ကိုယ့်မိသားစုကိုသာမက
ပေါ်ကြီးတို့လို ကလေးများ၊ ကျွန်တော်တို့ ရွာကဆင်းရဲသားများကို သတိရမိသည်သာ ဖြစ်လေ၏။
ကျွန်တော် တရုတ်နှစ်ကူး၌ အ၀အပြဲတုတ်နေချိန်တွင် ငါတို့ရွာကကလေးတွေလည်း
သည်လိုမျိုး အ၀အပြဲ ကျွေးချင်လိုက်တာဟု တွေးမိပါသည်။ ထို့ကြောင့်ပင် သားတို့ရှင်ပြုတော့
ကြိုက်သလောက် စားကြပေစေ။ ဘယ်သူ့ကိုမှ မတားနဲ့။ သူတို့စားလို့ ဘယ်လောက်ကုန်မတုံးဟု လွှတ်ပေးထားလိုက်တာ
ဖြစ်ပါသည်။ ဒါတောင် အလှူစာရင်းကို စုစုပေါင်း လိုက်တော့ စားသောက်စရိတ်မှာ ဒါလောက်ကုန်တာမဟုတ်။
တခြား ဗာဟီရတွေက ပိုကုန်ကြောင်း တွေ့ရလေသည်။
အိမ်တွင်လည်း ထမင်းဟင်းများမကုန်၍ သွန်ပစ်ရလျှင် ကျွန်တော်
အလွန်စိတ်ဆိုး၏။ ကျွန်တော်တစ်ယောက်တည်း ချက်စားတုံးကဆို ထမင်းလည်းစားပြီး ထမင်းအိုး၊
ဟင်းအိုး၊ ပန်းကန်ခွက်ယောက်များမှာ အားလုံးပြောင်စင်လျှက် ဘာမှ မကျန်ရလေအောင် ချင့်ချိန်ချက်တာ
ဖြစ်လေသည်။ ကျွန်တော့်ဝါဒမှာ ကုန်သလောက်ချက်၊ ချက်သမျှအကုန်စား ဟူ၍ ဖြစ်လေ၏။ ကိုယ်နှင့်နီးစပ်ရာ
ကလေးသူငယ်များကိုလည်း အစားအသောက်ကို ကုန်သလောက်သာထည့်၍ ထည့်သလောက် အကုန်စားရန် တတွတ်တွတ်မှာတတ်လေသည်။
ထမင်းသာမဟုတ်သေး။ အချို့သူများမှာ ရေသောက်တာတောင် ခွက်ထဲရှိရေကို
ကုန်အောင်မသောက်။ သောက်ပြီး ခွက်ထဲရှိ လက်ကျန်ရေကို ပက်ကနဲ သွန်ပစ်တတ်ကြသည်။ အဘယ်ကြောင့်ပါနည်း။
ရေကိုအကုန်သောက်လိုက်လျှင် နူသွားမှာမို့လား။ ထမင်းကိုအကုန်စားလိုက်ခြင်းဖြင့်
သိက္ခာဘယ်လောက် ကျသွားပါသနည်း။
ဆိုင်များ၌ အကုန်မသောက်ပဲချန်ခဲ့သော အအေးဘူးများ၊ မစားဘဲချန်ခဲ့သော
အစားအသောက်များကိုသာ တစ်ကမ္ဘာလုံး လိုက်စုလိုက်ပါက မြို့ကြီးတစ်မြို့လောက်ကိုပင် ကောင်းကောင်းကျွေးနိုင်လိမ့်မည်
ထင်ပါသည်။
ဆက်ပါဦးမည်။
No comments:
Post a Comment