Sunday, July 26, 2015

သြဂုတ်လ၊ ၂၀၁၅ ဟောပြောပွဲများ အစီအစဉ်

၁။ နေ့ရက်           ။ ၈ - ၈- ၂၀၁၅
အချိန်                ။ နေ့လည် ၂ နာရီ
နေရာ                 ။ UMFCCI ၊ အမှတ် ၂၉ ၊ မင်းရဲကျော်စွာလမ်း၊ ရန်ကုန်
ပြောမည့်အကြောင်းအရာ    ။ လုပ်ငန်းခွင်မတော်တဆမှုတွေကို ဘယ်လိုလျှော့ချမလဲ။

၂။ နေ့ရက်           ။ ၉ - ၈- ၂၀၁၅
အချိန်                ။ နေ့လည် - - နာရီ
နေရာ                 ။ - - - - ခန်းမ ၊ မန္တလေး
ပြောမည့်အကြောင်းအရာ    ။ လုပ်ငန်းခွင်မတော်တဆမှုတွေကို ဘယ်လိုလျှော့ချမလဲ။

၃။ နေ့ရက်           ။ ၁၁ - ၈ - ၂၀၁၅ 
အချိန်                ။ နေ့လည် ၂ နာရီ
နေရာ                 ။ မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်း 

ပြောမည့်အကြောင်းအရာ    ။ အမျိုးသားကျွမ်းကျင်မှုစံနှုန်းများ အရေးကြီးပုံ
(Importance of National Competency Standards)

ဟောပြောပွဲအပြီးမှာ အမေး၊ အဖြေကဏ္ဍရှိပါတယ်။
ကိုယ်သိချင်တာတွေကို စာရွက်နဲ့ရေးထားပေးပါ။
ကျွန်တော်သိသလောက် ပြန်ဖြေပေးပါမယ်။

ဟောပြောပွဲမှာ ကျွန်တော့်စာအုပ်တွေကို (ထုတ်ဝေသူတွေဆီကတောင်းပြီး) ရောင်းချပေးပါမယ်။ လက်ကျန် ဘယ်လောက်ရှိမယ်ဆိုတာတော့ သေသေချာချာ မသိသေးပါဘူး။

၁။ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း - ၁၀ အုပ်လောက်ပဲ ကျန်တော့တယ်။
၂။ ဘ၀ခါးခါး - ဖြန့်ချီသူထံမှ ယူပါမည်။
၃။ ပိုက်ပြင်ပိုက်ဆက်လက်စွဲ - ထုတ်ဝေသူထံမှ ယူပါမည်။
၎။ တာယာအန္တရာယ်ကင်းဝေးရေး - ထုတ်ဝေသူထံမှ ယူပါမည်။
၅။ မြန်မာပြက္ခဒိန် - ထုတ်ဝေသူထံမှ ယူပါမည်။
၆။ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး (ဆောက်လုပ်ရေး) - ထုတ်ဝေသူထံမှ ယူပါမည်။

အားပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း

အေးငြိမ်း
၂၅ ဇူလိုင်၊ ၂၀၁၅။ ည ၉း၂၈ နာရီ

ကျွန်ုပ် ငိုရမလို ရီရမလို ဖြစ်ရခြင်း အကြောင်း

ကျွန်ုပ်မှာ အလုပ်ရှုပ်သည့်အတွက် တစ်ခါတစ်ခါ ကမ္ဘာလောကကြီးနှင့် အဆက်ပြတ်သွားတတ်၏။
ထိုအခါ အခြားသူများက “ဆိုက်ကားနင်းပြီး သူဌေးဖြစ်ကြံကြမည်” ဆိုတာ ဘာပြောပါလိမ့် နားမလည်သဖြင့် ဖေ့စ်ဘွတ်တစ်ခွင် ပြဲပြဲစင်အောင် မနည်းလိုက်ရှာရ။ နောက်မှ သူများတွေတင်ထားလို့ ကျွန်တော့်မိတ်ဆွေအရင်းဖြစ်သည့် ၅ နှစ်အတွင်း စင်ကာပူနှင့်တူအောင်လုပ်ဖို့ လက်ယားနေသူကြီးပြောမှန်း သိရ။

သည်ကနေ့လည်း ကိုနွယ်ဝင်းက ကျွန်ုပ်တို့ လခတွေတိုးတော့မည်ဟု သူ့အစ်မများက ရန်ကုန်က ၀မ်းသာအားရ လှမ်းဖုံးဆက်ကြောင်းပြောတော့ ကျွန်တော့်မှာ အူကြောင်ကြောင် ဖြစ်ရ။
နောက်မှ သူက အဲဒါ ကြေးမုံသတင်းစာထဲမှာပါတာ အစ်ကိုရ ဆိုတော့ ကမန်းကတန်း ၀မ်းသာအားရ ကြေးမုံသတင်းစာ ပြေးလှန်ပြီး ရီရတော့မလိုဖြစ်ရ။

နောက် MOM website ကိုဖွင့်၊ အပြေးအလွှားဖတ်ပြီး အကြောင်းစုံသိတော့မှ ငိုရတော့မလိုဖြစ်ပြန်ရ။

သြော် - ဘယ်သူကများ ဘာသာပြန်လိုက်လေတယ်မသိ။ အဲသဟာ နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာပါတဲ့ခင်ဗျာ။

နေဦးဗျာ။ နည်းနည်းလောက်ရှင်းပြပါရစေဦး။

ကျွန်တော် သိပ်မကြာသေးခင်က Dependant’s Pass နဲ့ Long Term Visit Pass အကြောင်း ရေးတင်ခဲ့ပါတယ်။ အဲဒီမှာ ဇနီးမယား၊ သမီးသားတွေအတွက် Dependent’s Pass လျှောက်ချင်ရင် အဲဒီလျှောက်ပေးမဲ့ S Pass သို့မဟုတ် EP holder သည် အနည်းဆုံး လခ ၄၀၀၀ ရ ရမယ်။ မိဘတွေအတွက် LTVP လျှောက်ပါက လခ အနည်းဆုံး ၈၀၀၀ ရ ရမယ်ဆိုတာ ရေးခဲ့ပါတယ်။

အဲဒါကို အခု ဟောသလို ပြောင်းလိုက်ပါတယ်။ ၁ စက်တင်ဘာ၊ ၂၀၁၅ ကစပြီး -

၁။ ဇနီးမယား၊ သမီးသားတွေအတွက် Dependent’s Pass လျှောက်ချင်ရင် အဲဒီလျှောက်ပေးမဲ့ S Pass သို့မဟုတ် EP holder သည် အနည်းဆုံး လခ ၅၀၀၀ ရ ရမယ်။

၂။ မိဘတွေအတွက် LTVP လျှောက်ပါက လခ အနည်းဆုံး ၁၀၀၀၀ ရ ရပါမယ်။ (သေပြီဆြာ)

၃။ လက်ရှိရထားတဲ့ Dependent’s Pass နဲ့ LTVP ရထားသူတွေအတွက် သူတို့ကိုစပွန်စာပေးတဲ့ (စပွန်စာဆိုတဲ့အသံကြားရင် ကြက်သီးထထသွားတယ်။ ရန်ကုန်က စပွန်စာဆိုတဲ့သူတွေအကြောင်း သွား သွားတွေးမိလို့) S Pass, EP တို့ဟာ သူတို့ကိုင်ထားတဲ့ S Pass, EP သက်တမ်းမကုန်သေးသရွေ့ ဆက်နေလို့၊ သက်တမ်းတိုးလို့ ရပါ၏။ သို့သော် အနှီ ကို S Pass, ကို EP တို့သည် အလုပ်ရှင်တစ်ဦးတည်း၌သာ ရှိနေရမည်။ ဟိုဟိုသည်သည်ခုန်ကူးလိုက်သည်နှင့် ထို Dependent’s Pass နဲ့ LTVP တို့ကို မူအသစ်နှင့် ထပ်လျှောက်ရမည်ဖြစ်၏။

MOM က GTH = Go to hell လို့ ကြေငြာလိုက်တာကို ကြေးမုံက GTH = Go to heaven လို့ ဘာသာပြန်လိုက်တယ်။ 
(ရန်ကုန်ပြန်ရောက်တော့မှ ကြေးမုံသတင်းစာတိုက်သွားပြီး ကျွန်ုပ်ကို ငို၍ရီ၍မရသောမျက်နှာ ဖြစ်အောင်လုပ်ခဲ့တဲ့ အယ်ဒီတာကို တတောင်နဲ့သွားထောင်းဦးမယ်။)


ဟောဒီမှာ ကြေးမုံ နဲ့ မူရင်း MOM ကြေငြာချက်စာ။



=================================================

ကျွန်တော် စိတ်ပေါက်ပေါက်နဲ့ရေးလိုက်တာ လူကြီးလူကောင်းမပီသဘူး။ အတော့်ကို မှားသွားတယ်။ အခု ကျွန်တော့်ပရိသတ် တစ်ယောက်က ထောက်ပြလာမှ သတိဝင်လာတယ်။ (ဦးမြင့်ဆွေတုံးက တစ်ခါဖြစ်ဖူးပြီ။ ဒါတောင်မမှတ်သေး။)
တကယ်ဆို နိုင်ငံပိုင်သတင်းစာကြီးကို ဝေဖန်ရာမှာ ပညာရှိဆန်ဆန် အချက်နဲ့အလက်နဲ့ သေသေချာချာ ပြောပြရမှာ။
အခုကတော့ အတော်လေးရိုင်းသွားတယ်။ အဲဒါကြောင့် ပထမ ပို့စ်ကို ပြန်ပြင်ရေးလိုက်ပါတယ်။
(အဲသလောက် ရိုင်းရိုင်းစိုင်းစိုင်း ရေးလိုက်မိတဲ့အတွက် ကြေးမုံသတင်းစာနဲ့ သက်ဆိုင်သူများကို အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ)
++++++++++++++++++++++++++++++++++

၂၄ ဇူလိုင်၊ ၂၀၁၅ ကြေးမုံသတင်းစာမှာ ၂၃ - ၇ - ၁၅ ရက်နေ့ကဖော်ပြထားတဲ့သတင်းကို အမှားပြင်ဆင်ချက် ပါလာပါတယ်။
ဒါပေမဲ့ အဲဒီမှာ ဖော်ပြထားတာတွေဟာလည်း လွဲချော်မှုတွေ ရှိနေပါသေးတယ်။

၁။ (နိုင်ငံခြားသား အလုပ်သမားများ) လို့ဖော်ပြထားတာ စာဖတ်သူတွေကို ရှုပ်ထွေးစေနိုင်ပါတယ်။ နိုင်ငံခြားသား အလုပ်သမားအားလုံးကို မဆိုလိုပါဘူး။ S Pass နဲ့ EP နှစ်မျိုးတည်းသာ ဖြစ်ပါတယ်။
၂။ (မြှင့်တင်ရန်လိုအပ်) ဆိုတာကို (လစာသတ်မှတ်ချက် မြှင့်တင်) လို့ဆိုမှ ပိုပြီး သင့်တော်ပါလိမ့်မယ်။
၃။ (လုပ်ခလစာနှုန်းထား သတ်မှတ်ချက်ကို ခံစားခွင့်ရှိရန် လိုအပ်မည်) လို့ရေးထားတာ စာဖတ်သူတွေအနေနဲ့ နားလည်ရခက်တာမို့ ပိုမိုချောမွေ့ပြေပြစ်တဲ့ စကားပြေနဲ့သာ ရေးသင့်ပါတယ်။
၎။ (စင်ကာပူဒေါ်လာ ၄၀၀၀ ခံစားခွင့်ရှိရာမှ) လို့ ဘာသာပြန်ထားတာကို (ယခင်ကသတ်မှတ်ချက်မှာ အနည်းဆုံး လခ ၄၀၀၀ ဖြစ်သည်) လို့ ရေးသင့်ပါတယ်။
၅။ (အကြံပြုလွှာတွင်ဖော်ပြ) ဆိုတာလည်း အကြံပြုလို့ မသုံးသင့်ပါဘူး။ အဲဒါဟာ ဥပဒေပါ။ - ဖော်ပြထားသည် လို့ရေးရင် လုံလောက်ပါတယ်။
၆။ (အလုပ်လုပ်ခွင့်ရရှိထားသူ နိုင်ငံခြားသား လုပ်သားများသည်) ဆိုတာကို အစပိုင်းမှာဖော်ပြပြီးပါပြီ။ (စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေသည့် S Pass နှင့် Employment Psss ကိုင်ဆောင်ထားသူများသည်) လို့သာ ဖြစ်သင့်ပါတယ်။

အကယ်၍ ထပ်မံသိရှိသေးလိုပါက (ကြေးမုံသတင်းထောက်များအပါအ၀င်) မည်သူမဆို ကျွန်တော့်ထံ လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။
အေးငြိမ်း
၂၄ ဇူလိုင်၊ ၂၀၁၅

Wednesday, July 22, 2015

စင်ကာပူတွင် ကျောင်းတက်လိုသူများနှင့် မိမိသားသမီးများအား စင်ကာပူတွင်ကျောင်းထားလိုသူများ အတွက်

စင်ကာပူပညာရေးစနစ်ကြီးတစ်ခုလုံး မရေးတော့ပါ။ ကျောင်းထားလိုသူ၊ ကျောင်းတက်လိုသူများအတွက် သိသင့်သလောက် ကိုသာ အကျဉ်းချုပ်ရေးပါမည်။

=================================================================

အကြမ်းဖျဉ်းအားဖြင့် ပညာရေးကို Pre-School, Primary Education, Secondary Education, Tertiary Education ဟု လေးပိုင်းခွဲနိုင်ပါသည်။ မြန်မာလိုခပ်လွယ်လွယ် ဘာသာပြန်ရလျှင် မူကြို၊ မူလတန်း (ပထမဆင့်)၊ အထက်တန်း (ဒုတိယဆင့်) နှင့် အထက်တန်းပြီးအတန်း (တတိယဆင့်) ဟု ခေါ်နိုင်ပါမည်။ (မြန်မာကတော့ အဆင့်မြင့်တန်း ဟု ခေါ်လိုက်သေး၏။ အဆင့်မြင့်ပညာဦးစီးဌာနဆိုတာ စိုက်ပျိုးရေးမှတ်တိုင်နားမှာရှိသည်။)

၁။ စင်ကာပူမှ ပညာရေးစနစ်

မူကြို

စင်ကာပူပညာရေး၌ မူကြိုတန်းအတွက် အသက် ၄ နှစ်မှ ၆ နှစ်ထိ ဟု သတ်မှတ်ထား၏။ မူကြိုတန်းဟူသည် အရွယ်မရောက် သေးသည့် ကလေးငယ်များအား စာသင်ပေးရန်မဟုတ်။ သူတို့အား မိမိကိုယ်မိမိ ယုံကြည်စိတ်ချလာစေရန်၊ လူများနှင့် ပေါင်းသင်း ဆက်ဆံတတ်လာစေရန်၊ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာတတ်စေရန်၊ တီထွင်ဖန်တီးနိုင်သည့်အစွမ်းကို ဖွင့်ပေးရန်၊  သင်ကြားရေးနှင့်ပတ်သက်သည့် ကလေးများ၏ အရည်အသွေးကို ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ပေးရန်တို့ ဖြစ်သည်။
မူကြိုတန်းတွင် K1 နှင့် K2 ဟု နှစ်တန်းရှိပါသည်။ Kindergarten 1 နှင့် 2 ဖြစ်၏။ K2 ရောက်လျှင် Primary 1 အတွက် လိုအပ်သော ပြင်ဆင်မှုများပါ သင်ကြားပေး၏။

ပထမဆင့်

ပထမဆင့် (မူလတန်း) တွင် Primary 1 Primary 6 (P1 to P6) ထိ ၆ တန်းရှိ၏။ ပထမ ၄ နှစ် (P1 to P4) ကို အခြေခံအဆင့် (foundation stage) ဟု သတ်မှတ်ပြီး နောက် ၂ နှစ်ကို ပဏာမအဆင့် (orientation stage) ဟုခေါ်သည်။ ပထမဆင့်၏ အဓိကရည်ရွယ်ချက်မှာ မိခင်ဘာသာစကား၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်ကို ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ကျွမ်းကျင်စေရန် ဖြစ်သည်။ ထို ပထမဆင့် ၆ တန်း၏နောက်ဆုံးအဆင့်အဖြစ် အစိုးရစစ် မူလတန်းကျောင်းထွက်စာမေးပွဲ - PSLE (Primary School Leaving Examination) ကို ဖြေဆိုကြရသည်။
ကျောင်းသားများကို ကျောင်းသင်ခန်းစာပြင်ပ လှုပ်ရှားမှုအဖြစ် (CCA - Co-Curricular Activities) နှင့် (CIP - Community Involvement Programmes) တွင် ပါဝင်လှုပ်ရှားစေသည်။

ဒုတိယဆင့်

ဒုတိယဆင့် (အထက်တန်း) တွင် Secondary 1 မှ  Secondary 4 (Sec 1 to Sec 4) ထိ ၄ တန်းရှိ၏။ မူလတန်းကျောင်းထွက် စာမေးပွဲမှ ရလဒ်ပေါ်မူတည်ကာ Express, Normal (Academic) or Normal (Technical) ဟု ခွဲထားသည်။ ဒုတိယဆင့်ပြီးလျှင် Express တန်းများက GCE (O) level (General Certificate of Education - Ordinary level) စာမေးပွဲကို ဖြေဆိုရသည်။ Normal တန်းများက GCE (N) level (Normal) ကို ဖြေဆိုရသည်။ မည်သည့်ကျောင်းသားမဆို အနည်းဆုံး CCA တစ်ခုတော့ ယူရသည်။ ထို CCA ဆောင်ရွက်ချက်များကို JC (ဂျူနီယာကောလိပ်) ၊ CI (Centralized Institute) နှင့် ITE (Institute of Technical Education) ၀င်ခွင့်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားသည်။ 

တက္ကသိုလ်ဝင်တန်း

ဂျူနီယာကောလိပ် - ၂ နှစ် သို့မဟုတ် Centralized Institute - ၃ နှစ်ပြီးလျှင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ GCE (A) level စာမေးပွဲကို ဖြေရသည်။ ထိုစာမေးပွဲအောင်လျှင် တက္ကသိုလ် တက်ရ၏။

တတိယဆင့် (Post Secondary Education)

ITE (Institute of Technical Education)

Sec 4 ပြီးလျှင် သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း ITE (Institute of Technical Education) ကို တက်နိုင်၏။ ITE College Central, ITE College East နှင့် ITE College West ဟု ကျောင်းသုံးကျောင်းရှိသည်။ သက်ကြီး၊ သက်ငယ် ပညာသင်ယူသူတို့အတွက် အလုပ်အကိုင်နှင့် ပတ်သက်သည့် အသိပညာ၊ ကျွမ်းကျင်မှု၊ အရည်အသွေး၊ စဉ်ဆက်မပြတ် လေ့လာသင်ယူရေးနယ်ပယ်များတွင် အခွင့်အလမ်းများရရှိအောင် ဖန်တီးပေးသည်။
            ထိုကျောင်းများတွင် အချိန်ပြည့်တက်လို့ရသလို အလုပ်လုပ်ရင်းကျောင်းတက်လိုသူတို့အဖို့ အချိန်ပိုင်း (ညနေပိုင်း) သင်တန်းများလည်း တက်လို့ရသည်။ ဒီပလိုမာ သင်တန်းများ ရှိသလို အချိန်ပြည့်သင်တန်း (Nitec and Higher Nitec) ၉၈ ခု ရှိ၏။ အချိန်ပိုင်းသင်တန်းများမှာမူ အတော်များပါသည်။ အပြည့်အစုံကို ITE website တွင် ဖတ်နိုင်ပါသည်။

Polytechnics

            စင်ကာပူတွင် ပိုလီတက္ခနစ်ကျောင်း ၅ ကျောင်းရှိ၏။
Ø  နန်ယန်းပိုလီတက္ခနစ် (Nanyang Polytechnic)
Ø  နီအန်းပိုလီတက္ခနစ် (Ngee Ann Polytechnic)
Ø  ရီပတ်ဘလစ်ပိုလီတက္ခနစ် (Republic Polytechnic)
Ø  စင်ကာပူပိုလီတက္ခနစ် (Singapore Polytechnic)
Ø  တီးမားဆက်ပိုလီတက္ခနစ် (Temasek Polytechnic)

ပိုလီတက္ခနစ်ကျောင်းများတွင် သက်ဆိုင်ရာဘာသာရပ်များ၌ ကျွမ်းကျင်အောင်၊ လုပ်ငန်းခွင်အတွင်း အဆင်သင့် လက်တင်သုံးရအောင် လေ့ကျင့်သင်ကြားပေးသည်။ အချိန်ပြည့် ၃ နှစ် ဒီပလိုမာ သင်တန်းများဖြစ်၏။

တက္ကသိုလ်များ

            စင်ကာပူရှိတက္ကသိုလ်သုံးခုမှာ အောက်ပါတို့ဖြစ်သည်။

၁။ NUS (National University of Singapore)
၂။ NTU (Nanyang Technological University)
၃။ SMU (Sinagpore Management University)

            ထို့ပြင် Singapore University of Technology and Design နှင့် ၂၀၀၉ က တည်ထောင်ခဲ့သော Singapore Institute of Technology နှင့် Private University များဖြစ်သော SIM University, Lasalle College of The Arts နှင့် NAFA (Nanyang Academy of Fine Arts), BCA Academy တို့လည်း ရှိသေး၏။

၂။ စကောလားရှစ်များ

မြန်မာပြည်မှ ကျောင်းသူကျောင်းသားများ စင်ကာပူတွင် ကျောင်းတက်ရန် ပညာသင်ဆုအများအပြား ရှိ၏။ အောက်တွင် အချို့ဆုများကို ဖော်ပြထားပါသည်။ ကြိုက်ရာရွေးချယ် လျှောက်ထားနိုင်၏။ ဆုအမျိုးအစားမှာ အလွန်များပြား လှသဖြင့် သည်နေရာတွင် အပြည့်အစုံရေးပြဘို့မဖြစ်နိုင်ပါ။ Link များကို comment ၌ပေးထားပါသည်။ ထိုဆိုဒ်များတွင် ၀င်ရောက် ဖတ်ရှုကြ၊ လျှောက်ထားကြပါကုန်။

၁။ ASEAN Undergraduate Scholarship (AUS)
၂။ Dr Goh Keng Swee (GKS) Scholarship
၃။ Temasek Education Foundation (Tef) Sunburst Scholarship

၎။ Nanyang Scholarship

၅။ College Scholarship

၆။ Earth Observatory of Singapore (EOS) Undergraduate Scholarship

၇။ NTU Science and Engineering Undergraduate Scholarship
၈။ REP Scholarship
၉။ BCA–Industry Built Environment Undergraduate Scholarship
၁၀။ NYP International (NYPi) Scholarship

အထူးသတင်း

တောကဆိုတော့ ဘာအဆက်အသွယ်မှလည်းမရှိ။ အင်တာနက်သုံးပြီး စကောလားရှစ်လည်း ဘယ်လိုရှာရမှန်းလည်း မသိ။ စင်ကာပူသွားပြီးတော့ ကျောင်းလေးကလည်း တက်ချင်သေး။ ကျောင်းတက်ရလောက်အောင်လည်း ပိုက်ဆံက မရှိ -  ဆိုသူများအတွက် - လမ်းစတစ်ခု ပေးပါမည်။
စင်ကာပူနိုင်ငံမှ Ngee Ann Polytechnic နှင့် Nanyang Polytechnic များတွင် သူနာပြုဒီပလိုမာ စကောလားရှစ် လျှောက်ပေးသော အေးဂျင့်ရှိ၏။ ရန်ကုန်မြို့ထဲရှိ (သုခစုစံ) အမည်ရ အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်ဖြစ်ပါသည်။
လိပ်စာ - အမှတ် ၅၀၆။ အခန်း - A-2 ။ ပထမထပ်၊ ကုန်သည်လမ်းနှင့် ၃၉ လမ်းထောင့်။ ကျောက်တံတားမြို့နယ်။ ရန်ကုန်။ ဖုံး - ၃၇၇၃၄၃၊ ၃၇၇၃၄၄၊ ၃၈၅၇၅၈၊ ၃၈၆၈၇၇။ (ဟေ့လူတွေ၊ ကျုပ်ကိုကြော်ငြာခ ပေးဗျာ။)

လိုအပ်ချက်

၁၀ တန်းအောင်ပြီး အသက် (၁၆) နှစ်ပြည့်ပြီး ဖြစ်ရမည်။ (ဘွဲ့ရပြီးသူများ လျှောက်ခွင့်မပြု။)
၁၀ တန်းတွင် သင်္ချာနှင့် သိပ္ပံဘာသာရပ်များ ဂုဏ်ထူးထွက်ရမည်။

သင်တန်းကာလ - ၃ နှစ်
သင်တန်းပြီးလျှင် စင်ကာပူနိုင်ငံ၌ ၆ နှစ် အလုပ်လုပ်ရမည်။
ထောက်ပံ့ကြေး - S$900 ရမည်။
အကျိုးဆောင်ခ - S$1200 + ၅ သိန်း

လုပ်ငန်းအစီအစဉ်

အလုပ်မအပ်မီ ဆေးစစ်ပါ။ ဆေးစစ်အောင်မှ အလုပ်အပ်လက်ခံပါမည်။
အလုပ်အပ်လျှင် ကျောင်းတက်မည့်သူနှင့် အုပ်ထိန်းသူပါ လာရမည်။
ပထမအကြိမ် - စရံငွေ ၁ သိန်း ပေးရမည်။
အင်တာဗျူးအောင်လျှင် ဒုတိယအကြိမ် - ၄ သိန်းပေးရမည်။
(မှတ်ချက်။            ။ အင်တာဗျူးအောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ အင်တာဗျူးကြေးပေးရမည်။)
ကျောင်းခေါ်စာရလျှင် တတိယအကြိမ် - S$1200 ပေးရမည်။ (ငွေလွှဲနှုန်းနှင့်မြှောက်ကာ မြန်မာငွေနှင့်ပေးချေရမည်။)
(မှတ်ချက်။           ။ လောလောဆယ် မြန်မာငွေလွှဲနှုန်းမှာ စင်ကာပူတစ်ဒေါ်လာလျှင် မြန်မာကျပ် ၈၈၀ ခန့်ဖြစ်၏။)
စရံ ၁ သိန်းပေးထားပြီး အင်တာဗျူးမဖြေလျှင် စရံ ၁ သိန်းဆုံးမည်။
အင်တာဗျူးအောင်ပြီးမှ ဆက်မလုပ်တော့ဆိုလျှင် စရံငွေဆုံးမည့်ပြင် ၅ သိန်း ထပ်လျော်ရမည်။

(ကျွန်တော်သိသမျှ အဲဒါအကုန်ဖြစ်ပါသည်။ ဒီထက်ပိုသိလိုသေးသူများ သုခစုစံသွားမေးပါ။ ကျွန်တော့်ကို ထပ်မမေးပါနှင့်တော့။)

၃။ Primary 1 လျှောက်ထားလိုသူများ

            စင်ကာပူနိုင်ငံသား (SC) နှင့် စင်ကာပူ PR (SPR) မဟုတ်သူ နိုင်ငံခြားသားကျောင်းသားများသည် စင်ကာပူတွင် ကျောင်းတက်ခွင့်ရရန် လျှောက်ထားနိုင်သည်။
            ကျောင်းအပ်မည့်နှစ်၏ ဇန္န၀ါရီလ ၁ ရက်နေ့တွင် အသက် ၆ နှစ်နှင့် ၆ နှစ်အထက်ပြည့်ပြီးသော ကလေးများသည် နောက်တစ်နှစ်ကျောင်းဖွင့်ချိန်တွင် Primary 1 တက်ရန် လျှောက်ထားနိုင်သည်။ ဥပမာ - 2 Jan 2009 မှ 1 Jan 2010 အကြား မွေးဖွားသည့် ကလေးငယ်များအား ၂၀၁၆ တွင် P1 ထားရန် လျှောက်ထားနိုင်သည်။ သို့သော် လျှောက်တိုင်းရလိမ့်မည်ဟု အာမ မခံပါ။ SC နှင့် SPR များအားလုံးကျောင်းအပ်ပြီး နေရာလပ်မှ လပ်သည့်နေရာများအတွက် စဉ်းစားမည် ဖြစ်ပါသည်။
            ကျောင်းထားလိုသော နိုင်ငံခြားသားကလေးမိဘများအနေနှင့် ကျောင်းဝင်ခွင့်ရရန် တစ်နှစ်ကြိုပြီး ပြင်ဆင်ရန် လို၏။ ဥပမာ - ၂၀၁၆ တွင် P1 ထားလိုသည့် ကျောင်းသားမိဘများသည် 2015 P1 Reistration Exercise လုပ်ရန်လိုပါသည်။
ယခုနှစ်အတွက် မှတ်ပုံတင်ရမည့်နေ့မှာ ၂၇ သြဂုတ်၊ ၂၀၁၅ ဖြစ်ပြီး ရလဒ်ကို ၃၀ နိုဝင်ဘာ၊ ၂၀၁၅ တွင်ကြေငြာပါမည်။

မှတ်ပုံတင်ခြင်း

ကလေးကျောင်းအပ်ရန် နေရာလပ်သောကျောင်းများတွင် ၂၇ သြဂုတ်လ၊ ၂၀၁၅ နေ့ နံနက် ၈ နာရီမှ ၁၁ နာရီ၊ နေ့လည် ၂း၃၀ မှ ၄း၃၀ နာရီအတွင်း အောက်ပါစာရွက်စာတမ်းများနှင့်အတူ မှတ်ပုံတင်ရပါမည်။ မိဘကိုယ်တိုင်မလာနိုင်လျှင် ကိုယ်စားလှယ်လွှဲစာဖြင့် လာနိုင်၏။

v  ကျောင်းသားကလေး၏ မွေးစာရင်း
v  ကျောင်းသားကလေး၏ ပတ်စ်ပို့
v  ကျောင်းသားကလေး၏ မိဘနှစ်ပါး၏ ပတ်စ်ပို့၊ NRIC/Re-entry Permit/EP/WP
v  ကျောင်းသားကလေး၏ ကာကွယ်ဆေးထိုးမှတ်တမ်း
v  ကျောင်းမှတောင်းသော အခြားစာရွက်စာတမ်းများ


ကာကွယ်ဆေးထိုးရန် အသက်အပိုင်းအခြားအလိုက် သတ်မှတ်ထားရာ အောက်ပါဇယားအတိုင်း ဖြစ်ပါသည်။



ကလေးကျောင်းအပ်ရန် နေရာလပ်သောကျောင်းများစာရင်းကို ကွန်မင့်တွင်ပေးထားသော website တွင် ကြည့်နိုင်ပါသည်။

၃။ P2 မှ P5, Sec 1 မှ Sec 3 လျှောက်ထားလိုသူများ

            ၂၀၁၆ တွင် P2 to P5, Sec 1 to Sec 3 တက်လိုသည့် ကလေးများသည် Admissions Exercise for International Students (AEIS) ဖြေဆိုရန် ၈ ဇူလိုင်၊ ၂၀၁၅ နေ့မှ ၂၈ သြဂုတ်လ၊ ၂၀၁၅ ထိ မှတ်ပုံတင်နိုင်ပါသည်။ AEIS ၀င်ခွင့်စာမေးပွဲကို ၃၀ စက်တင်ဘာ၊ ၂၀၁၅ တွင် ဖြေရပါမည်။
            အသက်ကိုလိုက်၍ အတန်းကို သတ်မှတ်ထားရာ အသက်ကန့်သတ်ချက်မှာ အောက်ပါဇယားအတိုင်း ဖြစ်၏။




AEIS Test အတွက် Entry Proof ကို 21/9/15 ရက်နေ့တွင် အီးမေးပို့ပါမည်။
29/9/15 တွင် Sec 1 to 3 အတွက် AEIS Test ဖြေရပါမည်။
30/9/15 တွင် Primary 2 to 5 အတွက် AEIS Test ဖြေရပါမည်။
14/12/15 တွင် တက်နိုင်သောကျောင်းစာရင်း ထုတ်ပြန်ပါမည်။
15/12/15 ~ 29/12/15 တွင် P2 to P5,Sec2 & Sec3 ကျောင်းသားများ လူကိုယ်တိုင် ကျောင်းသို့သတင်းပို့ရပါမည်။
24/12/15 တွင် Sec 1 တက်နိုင်သော ကျောင်းစာရင်းထုတ်ပြန်ပါမည်။
28/12/15 ~ 11/01/16  တွင် Sec 1 ကျောင်းသားများ လူကိုယ်တိုင် ကျောင်းသို့သတင်းပို့ရပါမည်။

AEIS Test အတွက် 8/7/15 မှ 28/8/15 အတွင်း Online Application လုပ်ရပါမည်။ (Comment တွင် link ပေးထားပါသည်။) စာမေးပွဲဝင်ကြေး စင်းဒေါ်လာ ၆၇၂ ပေးရပါမည်။ Online မှ Credit card ဖြင့်ပေး၍ရသလို စာရွက်စာတမ်းများသွားပေးသည့်အခါမှ NETS ဖြင့်ပေး၍လည်း ရပါသည်။
Online Application လုပ်အပြီး ၇ ရက်အတွင်း အောက်ပါ supporting documents များကို MOE ရုံးချုပ်တွင် သွားတင်ရပါမည်။
၁။ ကျောင်းသား၏ မွေးစာရင်း မိတ္တူ (မြန်မာလိုဖြစ်နေပါက နိုတြီပြန်ပါ။)
၂။ ကျောင်းသားပတ်စ်ပို့၏ ဓာတ်ပုံပါသောစာမျက်နှာ မိတ္တူ
၃။ ကျောင်းသားမိဘနှစ်ပါးပတ်စ်ပို့၏ ဓာတ်ပုံပါသောစာမျက်နှာ မိတ္တူ
၎။ မိဘ၏ IC Card မိတ္တူ (ရနိုင်လျှင်)

MOE Headquarter
1 North Buona Vista Drive
Singapore 138675

Buona Vista MRT, Exit D မှ ထွက်လိုက်ပါ။ ရုံးချုပ်သို့ တန်းရောက်၏။ Customer Service တွင် တင်လိုက်ပါ။ ၅ မိနစ်တောင် မကြာပါ။

၎။ ပိုလီကျောင်းတက်လိုသူများ

မှတ်ချက်။             ။ ဆယ်တန်းတွင် အမှတ်ကောင်းသူများ မြန်မာပြည်မှ စက်မှုတက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ် စသည် တက်ပါ။ စင်ကာပူမှ ပိုလီလာမတက်ပါနှင့် ဟု အကြံပေးပါရစေ။ ကျွန်တော်ကတော့ စင်ကာပူလာတက်ဘို့ အားမပေးပါ။ မြန်မာပြည်က ကျောင်းပြီးတော့မှ စင်ကာပူလာ အလုပ်လုပ်လည်း သူများနှင့်တန်းတူပင် လခ ရပါသည်။

ဒါမှ တက်ချင်သေးသပဆို -

ဆယ်တန်းတွင် အမှတ်ကောင်းလျှင် မွမ်းမံသင်တန်းနည်းနည်းပါးပါးတက်ပြီး ၀င်ခွင့်ဖြေလျှင် ရ၏။
ဆယ်တန်းတွင် အမှတ်မကောင်းပါက GCE’O’ သင်တန်းပြန်တက်ပါ။ ထိုသို့ တစ်နှစ်လုံး ပြန်တက်ရလျှင် သိန်း ၅၀ လောက်ကုန်မည်။

ဖိုးစိန်လမ်းတွင် RV Centre ရှိ၏။ (RV Centre များမှာ အင်ဒိုနီးရှား၊ ကမ္ဗောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူတို့တွင်လည်း ရှိပါသည်။ ဤကား စကားချပ်။)
လိပ်စာ - ၁၂G, ဖိုးစိန်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။ ဖုံး - ၅၄၁ ၈၈၆
ထို RV Centre သို့သွားပါ။ လိုသမျှ အကုန်သူတို့လုပ်ပေးပါလိမ့်မည်။
(ပိုက်ဆံကိုတော့ စပါးကျီနှင့်လှောင်ထားပါ။)

စင်ကာပူတွင် ပိုလီကျောင်းတက်ခြင်းအတွက် ကျောင်းလခ အလွန်အင်မတန် ဈေးကြီးပါသည်။ နှစ်ဝက်တစ်တန်းလျှင် စင်းဒေါ်လာ တစ်သောင်းနှစ်ထောင်ကျော်ရှိ၏။
သို့သော် တစ်သောင်းနှစ်ထောင်ကျော် ဆိုလို့လည်း အားမငယ်ပါနှင့်။ အစိုးရက ၇၅၀၀ လောက်ပေးသဖြင့် ကိုယ့်အိတ်ထဲက ၃၀၀၀ လောက်သာ ပေးရပါလိမ့်မည်။ ဆိုတော့ ၃၀၀၀ x ၈၈၀ = ၂၆ သိန်းကျော် (အောင်မျယ်လေး)
၂၆ သိန်းကျော်ဆိုလို့လည်း စိတ်မပျက်ပါလင့်။ ဘဏ်ကချေးလို့ရပါသည်။
DBS ဘဏ်တွင် Tuition Fee Loan ချေးလို့ရသည်။ ကျောင်းတက်နေတုံး အတိုးတစ်ပြားမှ ပေးစရာမလို။ ကျောင်းပြီးလို့ အလုပ်လုပ်တော့မှ ကိုယ့်လစာထဲက ပြန်ဆပ်လို့ရသည်။
ထိုဘဏ်ချေးငွေရလျှင် ကျောင်းလခ ၆ လမှ စင်းဒေါ်လာ ၁၀၀၀ လောက်သာသွင်းရတော့မည်။ သဟာလောက်တော့ မပေးနိုင်စရာ ဘာရှိမတုံး။

နေစရိတ်၊ စားစရိတ်

အိမ်လခ - ၄၅၀ လောက်
အသုံးစရိတ် - ၄၅၀ ~ ၅၀၀ လောက် (အိမ်မှာထားပြီး ထမင်းကျွေးထားတာတောင် ကျွန်တော့်တူမကတော့ တစ်လကို ၆၀၀ လောက်သုံးသည်။ ကျွန်တော်သုံးတာတောင် ၂၅၀ ~ ၃၀၀ ထက်မပို။)

ဒါလောက်ဆို ကိုယ့်ဘာသာ ချင့်ချိန်လို့ရပါပြီ။

၅။ စင်ကာပူမှ တက္ကသိုလ်တစ်ခုခုကို တက်လိုသူများ

            တက္ကသိုလ်တက်မည့်အဆင့်ဖြစ်သောကြောင့် သက်ဆိုင်ရာ တက္ကသိုလ် website များမှာ ကိုယ့်ဘာသာကိုယ်သာ ရှာဖွေဖတ်ကြပါလေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၂ ဇူလိုင်၊ ၂၀၁၅

Reference For more detail:

Scholarship Website Links:

ASEAN Undergraduate Scholarship (AUS)

Dr Goh Keng Swee (GKS) Scholarship

Temasek Education Foundation (Tef) Sunburst Scholarship

Nanyang Scholarship


College Scholarship


Earth Observatory of Singapore (EOS) Undergraduate Scholarship


NTU Science and Engineering Undergraduate Scholarship

REP Scholarship

BCA–Industry Built Environment Undergraduate Scholarship

NYP International (NYPi) Scholarship

ကလေးကျောင်းအပ်ရန် နေရာလပ်သောကျောင်းများစာရင်း

AEIS Test အတွက် Online Application link

DBS Bank, Tuition Fee Loan Scheme

တက္ကသိုလ်များ

NUS : http://nus.edu.sg
NTU : http://www.ntu.edu.sg
SMU : http://www.smu.edu.sg
Singapore University of Technology and Design : http://www.sutd.edu.sg
Singapore Institute of Technology: http://singaporetech.edu.sg
SIM University: http://www.sim.edu.sg
Lasalle College of The Arts: www.lasalle.edu.sg
NAFA (Nanyang Academy of Fine Arts): www.nafa.edu.sg
BCA Academy: https://www.bcaa.edu.sg

ပိုလီကျောင်းများ

Nanyang Polytechnic: www.nyp.edu.sg
Ngee Ann Polytechnic: www.np.edu.sg
Republic Polytechnic: www.rp.edu.sg
Singapore Polytechnic: www.sp.edu.sg
Temasek Polytechnic: www.tp.edu.sg

ITE ကျောင်းများ

https://www.ite.edu.sg

Tuesday, July 21, 2015

မီးဖွားခွင့်အကြောင်း သိကောင်းစရာ

မကြာခဏ မေးလာကြသဖြင့် မီးဖွားခွင့်အကြောင်း ရေးသားလိုက်ရပါကြောင်း။ ဤတွင်ရေးထားသည်များအားလုံးမှာ MOM website, Maternity Leave အကြောင်းမှ ဖြစ်ပါသည်။

မွေးလာမည့်ကလေးသည် စင်ကာပူနိုင်ငံသားဖြစ်ပါက အလုပ်လုပ်နေသောမိခင်သည် မီးဖွားခွင့် ၁၆ ပတ်ရသည်။ ထိုခွင့်ရက်များအတွက် အစိုးရက လခပေးသည်။

အောက်ဖော်ပြပါအချက်များနှင့် ကိုက်ညီပါက (မွေးလာမည့်ကလေးသည် စင်ကာပူနိုင်ငံသားမဟုတ်ပါက) အလုပ်လုပ်နေသော မိခင်သည် (Employment Act အရ) မီးဖွားခွင့် ၁၂ ပတ် ခံစားခွင့်ရ၏။

ü မိခင်သည် Employment Act အောက်တွင် အကြုံးဝင်ရမည်။
ü ကလေးမီးမဖွားမီ မိခင်သည် လက်ရှိအလုပ်ရှင်ထံတွင် အနည်းဆုံး ၃ လ တစ်ဆက်တည်း အလုပ်လုပ်ထားသူ ဖြစ်ရမည်။

အကယ်၍ မိခင်သည် -

Ø  ကလေးမီးမဖွားမီ မိခင်သည် လက်ရှိအလုပ်ရှင်ထံတွင် အနည်းဆုံး ၃ လ တစ်ဆက်တည်း အလုပ်လုပ်ထားသူ။
Ø  ကလေးမီးဖွားသည့်အချိန်တွင် အတူနေ မိမိ၏သားသမီးအရင်း ၂ ယောက်ထက်ပိုနည်းသူ။
-       ဖြစ်ပါက အလုပ်ရှင်သည် မီးဖွားခွင့် ၁၂ ပတ်မှ ပထမ ၈ ပတ်အတွက် လခပေးရမည်။

v  မိခင်သည် မိမိ မီးဖွားခွင့်မယူမီ အနည်းဆုံး တစ်ပတ်ကြိုတင်၍ အလုပ်ရှင်ကို အကြောင်းကြားရမည်။ အကယ်၍ အကြောင်းကြားရန် ပျက်ကွက်ပါက အလုပ်ရှင်အနေနှင့် လခ၏ ထက်ဝက်ကိုသာ ပေးနိုင်သည်။
v  စာချုပ်ချုပ်ထားသည့်ကိစ္စများမှလွဲ၍ မီးဖွားခွင့် ၁၂ ပတ်မှ ကျန်သည့် ၄ ပတ်ကို လခပေးရန်မလို။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၉ ဇူလိုင်၊ ၂၀၁၅