Sunday, June 28, 2020

Integrated Management System

Integrated Management System lecture videos download link:

Day 1

Day 2

Day 3

Day 4

Day 5

ဂျင်းပုံပြင်

ကျွန်ုပ်ငယ်စဉ်က ရွှေသွေးဂျာနယ်တွင် ပုံပြင်တစ်ခု ဖတ်ခဲ့ဖူး၏။
ထိုစဉ်ကမူ ငယ်သေးတော့ ဘာကို ဆိုလိုမှန်းမသိခဲ့။
ယခုမှ လူအများကို အထူးသဖြင့် ရာထူးရာခံ ကြီးကြီးမားမား လက်ကိုင်ရှိထားသူများကို ဂျင်းထည့်ရတာ အလွန်လွယ်ကူ ကြောင်း ပညာပေးထားတာမှန်း သဘောပေါက်ပါတော့၏။

ပုံပြင်ကလေးမှာ ရိုးရိုးကလေး ဖြစ်၏။
ပညာရှိတစ်ဦးကို ရွှေနန်းတော်ရှိ နန်းတွင်းသူများမှ စကာ သူတို့ပုံတူကို ဆွဲခိုင်း၏။ 
သူတို့ပုံတူမှာ လုံးဝ တူစေရမည်။ သို့သော် မျက်နှာမှ တင်းတိပ်၊ ဝက်ခြံ စသည်တို့ကို ဖျောက်ပေးရမည်။ ထည့်မဆွဲရ။
နန်းတွင်းသူက စလိုက်သော ပုံတူဆွဲဇာတ်လမ်းမှာ အခြား မင်းညီမင်းသားများ၊ နောက်ဆုံး ဘုရင်နှင့် မိဖုရားတိုင်အောင် ဓာတ်ကူးသွားလေ၏။ 
သူတို့လည်း ရွှေနန်းတွင်းသူများကဲ့သို့ပင် ထိပ်ပြောင်နေသူက ဆံပင်ထည့် ဆွဲခိုင်း၏။
သွားခေါနေသူက သွားကို မခေါအောင် ဆွဲခိုင်း၏။

ထိုအခါ ပညာရှိကလေးက အင်း၊ ဒီ ၆ ရူးတွေကိုတော့ ငါ ပညာပေးမှတော်မယ်ဟု စဉ်းစားကာ အစီအမံတစ်ခု လုပ်လေ၏။

သူက သူတို့အားလုံး၏ ပုံတူကိုဆွဲပေးပါမည်ဟု ဝန်ခံကတိပြု၏။ ပုံတူဆွဲရန် ၇ ရက်မျှ အချိန်တောင်း၏။
ထို့နောက် ပုံတူဆွဲရန် မဏ္ဍပ်ကြီး ထိုး၏။ သူက မဏ္ဍပ်ထဲက ဘယ်မှမထွက်ဘဲ တစ်ချိန်လုံး မဏ္ဍပ် lock down လုပ်၏။

Lock down (၇) ရက်ပြည့်မြောက်သည့်နေ့တွင် ကိုရွှေပညာရှိကလေး တဲအတွင်းမှ​ ပြုံးပြုံး ပြုံးပြုံးနှင့် ထွက်လာ၏။ 
နန်းတွင်းသူ၊ နန်းတွင်းသားအပေါင်းတို့လည်း ၎င်းတို့၏ ပုံတူကို စိတ်အားထက်သန်စွာ မျှော်လင့်နေကြလေသတည်း။ 

မဏ္ဍပ်ရှေ့တွင် လူစုံလေသော် ပညာရှိကလေးက ကြေငြာ၏။

“အို - နန်းတွင်းတော်သူ နန်းတွင်းတော်သား အပေါင်းတို့ -
ယခု အကျွန်ုပ် အသင်တို့အားလုံး၏ ပုံတူကို ဆွဲပြီးသွားပါပြီ။
သို့သော် တစ်ခုရှိသည်မှာ ကျွန်ုပ်ဆွဲထားသည့် ပုံတူများကို ဘုန်းကံရှိသူကသာ မြင်ရပါလိမ့်မည်။
ဘုန်းကံနိမ့်သူများနှင့် ကျွန်ုပ် ပုံတူကားချပ်များမှာ လားလားမှ​ မထိုက်တန်သည့်အတွက် ဘုန်းကံနိမ့်သူများ ပုံကို တွေ့မြင်ရမည် မဟုတ်ပါ။”

ထိုနံရောအခါတွင် -

မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ လေပေါ်လေအောက်ကို အစိုးရသည့်၊ ရွှေတွင်း၊ ငွေတွင်း၊ ပယင်း၊ ဒုတ္ထာတို့၏ အရှင်သခင်၊ (ကွကိုယ်ပေးထားသော) အဘိဓမ္မာ မဟာဘာဒတ်ထဂလုဂလုဘွဲ့တံဆိပ်တော်များပိုင်ရှင်၊ ၁၀၁ ပါး သောမင်းတို့၏ ထိပ်ခေါင်၊ စာဖတ်နေတော် မူထသော ရေမြေ့သနင်း ပြည့်ရှင်မင်းကြီး (ဟယ်မယ်လေး၊ မောထှာ၊ ငါ့လခွမ်းဒဲ့မှ) က သူ့ပုံတူတော်ကိုကြည့်ရန် -

မင်းယောက်ျားတို့ဝတ်သည့် အတောင်နှစ်ဆယ်သော ပုဆိုးတော် အစနှစ်ဘက်ကို မနိုင်မနင်းမ,ကာ ကြွချီတော် မူလာလေ၏။ 

ငါ့ပုံတူတော်ကို ပြနင်းကီးတော်မူစမ်း မောင်မင်း
မှန်လှပါ၊ ဒီဘက်ကို ကြွတော်မူပါ အရှင်မင်းကြီး

အလွန်ခမ်းနားစွာ ပြင်ဆင်ထားသည့် မဏ္ဍပ်ကြီးထဲတွင် စင်မြင့်ကြီးရှိကာ ထိုစင်မြင့်ကြီးကို အဖိုး အမေရိကန်ဒေါ်လာ တစ်သိန်း ထိုက်တန်သည့် (မှတ်ချက်။          ။ ရှေးကစာများတွင်မူ ‘အဖိုးတစ်သိန်းထိုက်တန်သည့်’ ဟုသာ ရေးပါသည်။ သို့သော် ထို တစ်သိန်းမှာ unitless ဖြစ်နေသည့်အတွက် ကျွန်ုပ်က ပိုမိုတိကျသွားစေရန် US Dollar ဟု ဖြည့်စွက်ထားပါ ကြောင်း။ ဤကား စကားချပ်) ကတ္တီပါ ကားချပ်ကြီးဖြင့် ဖုံးအုပ်ထားလေ၏။ 

ပညာရှိကလေးက အချက်ပြလိုက်လေသော် မင်းချင်းနှစ်ယောက်က တစ်ယောက်တစ်ဖက်စီမှဆွဲကာ ကတ္တီပါ ကားချပ်ကြီးကို ဖွင့်လှစ်ပြလိုက်လေ၏။ 

ကတ္တီပါကားချပ်ကြီး၏ နောက်ကွယ်တွင် ဘာဆို ဘာမှ မရှိချေ။

ရွှေသွေးဂျာနယ်များကို ဖတ်နေရာမှချကာ ကြွချီတော်မူလာသည့် မင်းတြားကြီးလည်း အံ့ဩလွန်းမက အံ့ဩ သွားတော်မူကာ ချွေးစီးများပင် ပျံတော်မူလာလေသော ဟူသတတ်။

ဟိုက် ရှာလဘတ်ရည်၊ ဘာမှလည်း မတွေ့ရပါကလား။
ဖျား ဖျား၊ ၆ကျိုးတွေတော့ နည်းကုန်ပြီ။
ခုနင်က မစ္စတာငြိမ်းဆိုတဲ့ ပညာရှိလေး ပြောသွားတာ ဘုန်းကံမရှိတဲ့သူတွေ သူ့ပုံကို မမြင်ရဘူးတဲ့။
ဒိုးခပါဘဲခွာ။

ငါ့မှာ ဘာ ၆ ဘုန်းကံ၊​ တစ်ပဲဘိုးမှ မရှိပါကလား။
ဒါပေမယ့် အဟိ၊ ဒီကိစ္စ ငါတစ်ယောက်တည်း သိလို့ တော်ဘာဒေးရက်။
ဟိုအပြင်က အူကြောင်ကြောင် ငနဲတွေ သိလို့မဖြစ်ဘူး။
ဒီအကောင်တွေဆွာ ငါ သနားလို့သာ ဘာကောင်ကြီးတွေဖြစ်နေတာ။ တစ်ကောင်မှ ခေါင်းထဲမှာ ဦးဏှောက်ရှိတဲ့ ကောင်တွေမှုတ်ဘူး။
ဒီအကောင်တွေကို ငါ ဂျင်းထဲ့မှ ဘဲ။
ပိုင်လိုက်လေကွာ။

ပညာရှိကလေးလည်း မင်းတြားကြီး ဘာများလုပ်လေမလဲဟု အရိပ်အခြည်ကို ကြည့်ကာနေ၏။

မင်းတြားကြီးလည်း မဏ္ဍပ်ထဲမှ ပြုံးပြုံး ပြုံးပြုံးနှင့် ပြန်ထွက်လာကာ အောက်ပါအတိုင်း ကြေငြာလေ၏။

အို - မင်းချင်းအပေါင်းတို့ -
မိုက်ချက်ကတော့ ကမ်းကုန်ပါလား ကရို့။
ရွှေတွင်း၊ ငွေတွင်း၊ ပယင်း၊ ဒုတ္ထာတို့ကို အစိုးရတော်မူသော ငါ ကိုယ်တော်မြတ်ကြီး၏ ပုံတော်ကား အလွန်တရာမှပင် ပီပြင်လှပါပေသည်။ ငါကိုယ်တော်၏ ပုံတူတော်ကို ငါပင်လျှင် မမှတ်မိ။ ငါ့ပုံတော်မှာ ယခုလို အိုမင်းရွတ်တွနေသော ပုံတော်မဟုတ်။ 

ဟိုယခင် မေသန်းနု၊ ခင်သန်းနု၊ ဝါဝါဝင်းရွှေ၊ ဆွေဇင်ထိုက်တို့ ဝိုင်းဝိုင်းလည်နေစဉ်ကအတိုင်း အင်မတန်ချော၊ အင်မတန်လှသည့် အသက် ၂၀ အရွယ် မင်းသားပုံအတိုင်း ဖြစ်တော့သည်။ 
ပညာရှိကလေးကား အင်မတန် လက်ရာမြောက်လှပေစွ၊ အလွန်တော်ပေစွ၊ အံ့ဩတမော ထူးကဲလှပေစွ။ သည်လိုမျိုးဆွဲနိုင်သူမှာ ဇမ္ဗူထိပ်၌ သူတစ်ဦး တည်းသာရှိသည်ဟု ငါကိုယ်တော်မြတ် ရဲရဲကြီးအာမခံပေသည်။

ဘွရှင်မင်းတြားကြီးက ဤကဲ့သို့မိန့်တော်မူလိုက်သည့်အခါ နန်းတွင်းသူ နန်းတွင်းသားတို့မှာ ပျားအုံကို ဒုတ်နှင့်ထိုးလိုက် သကဲ့သို့ (ကျွန်ုပ်၌ သည့်ထက်ပိုကောင်းသည့် ဥပမာရှိပါသည်။ သို့သော် အရိုက်ခံရကိန်းမြင်၍ အသာ ဥ ထားလိုက်ရ ပါကြောင်း) မိမိတို့ပုံတူကိုကြည့်ရန် အသားကုန် ရွပိုးထိုးနေကြလေကုန်သတည်း။

ပထမ မိဖုရားခေါင်ကြီး၊ ထို့နောက် မိဖုရားငယ်များ၊ အိမ်ရှေ့စံ၊ အိမ်နောက်စံ၊ အိမ်ဘေးစံများ၊ ထို့နောက် လွှတ်တော်ကိုယ်စားလှ . . လှ . . . (ဟုတ်ပေါင် မွှားကုန်ပြီ) မင်းညီမင်းသားများ၊ ထို့နောက် ထို့နောက် . . . 

အသီးသီး အသက အသက ဝင်ကြည့်ကြကုန်၏။ 

၎င်းတို့သည်လည်း ဘာမှမရှိသည့် နံရံကြီးကို ကြည့်ကာ - 
ဟယ်၊ တယ်လှတဲ့ငါပါလား။ ဟောတော်၊ ကျုပ်မျက်နှာက ဝက်ခြံတွေကို ဖျက်ပေးထားတယ်၊ တော်လိုက်တာ နှင့် တစ်ယောက်တပေါက် ဆူညံနေကြလေကုန်သတည်း။

ပညာရှိကလေးမှာ ရီချင်စိတ်ကို မအောင့်နိုင်သည်ဖြစ်၍ ထိုနေရာမှ ဝေးရာသို့ ထွက်သွားရလေရာ ယခုတိုင် မပြန်ရဲဘဲ စင်ကာပူနိုင်ငံတွင် နေထိုင်နေသည်ဟု ကျွန်ုပ်တို့ သိရလေသည်။

ဤသည်ကား ငယ်စဉ်က ရွှေသွေးဂျာနယ်၌ ကျွန်ုပ်ဖတ်ခဲ့ဖူးသည့် ဂျင်းပုံပြင်ကို မိတ်ဆွေတို့အား ပြန်လည် ဝေငှခြင်းမျှ ဖြစ်ပါသည်။ ခေတ်မီစေရန်မူ အသုံးအနှုန်းအနည်းငယ်ကို ပြန်ပြင်ထားကြောင်း ဝန်ခံပါ၏။

လူအချင်းချင်း၊ ဂျင်းထည့်ခြင်း
ကင်းရှင်းကြပါစေ။

အေးငြိမ်း
၂၈ ဂျင်းလ (ဟုတ်ပေါင်) ဇွန်လ၊ ၂၀၂၀

Tuesday, June 23, 2020

တစ်ခါတစ်ခါ ကျွန်တော် အတော် စိတ်ပျက်မိခြင်း အကြောင်း

ဖေ့စ်ဘုတ်သတင်းများဖတ်၍ တစ်ခါတစ်ခါ ကျွန်တော် အတော် စိတ်ပျက်မိလေသည်။
စိတ်ပျက်ရပါများတော့လည်း ပျက်စရာစိတ်တောင် မကျန်တော့ပါ။
ကြွေးထူမပူ၊ သန်းထူမယား ဆိုသလို မြန်မာပြည်သူများအတွက်ကတော့ ရိုးအီလို့ပင် နေပါပြီ။

အဲယားကွန်းမီးခလုတ်ကို ဖွင့်မိလို့ ဆရာမလေးတစ်ယောက်ကို တရားစွဲသည် ဆိုတော့ ကျွန်တော့်မှာ အံ့ဩလွန်း၍ သေမတတ်ဖြစ်ချေသည်။ 

မီးလောင်တယ်ဆိုတာ ဝါယာကြိုးဆင်ထားတာ စနစ်မကျလို့၊​ မကောင်းလို့၊ ပြုပြင်ထိန်းသိမ်းမှုတွေ မလုပ်လို့ ဆိုတာ ကလေးကစ၊ ခွေးကစ သိသည်။ ဤသည်မှာ အထွေအထူး တွေးစရာမလို။ ပုံမှန် တွေးတတ်၊ ခေါ်တတ်သည့်လူတိုင်း သိနိုင်သည်။ သင်တို့မယုံလျှင် ထိုသတင်းအောက်ဖက်မှ​ ကွန်မန့်များကိုဖတ်ကြည့်ပါ။ 

ဤသည်မှာ စိတ်ဝင်စားစရာ ဖြစ်၏။
ဆေးသိပ္ပံပညာရှင်များအနေနှင့် ဤကဲ့သို့ တွေးခေါ်သည့် ဦးဏှောက်၏ ဖွဲ့စည်းတည်ဆောက်ပုံကို ခွဲစိတ် လေ့လာသင့် လှ၏။ သာမန်လူများတွေးသကဲ့သို့ မတွေးတတ်သည့် ဦးဏှောက်သည် မည်သည့်ဦးဏှောက်မျိုး ဖြစ်ဘိသနည်း။

ဇူလိုင်လ ၅ ရက်နေ့၌ ပြောမည့် Competency အကြောင်းတွင် အဲသဟာလည်း ပါပါသည်။
အလုပ်သမားမှားလျှင် တစ်ခုပဲမှားမည်။ စီမံခန့်ခွဲသူတွေမှားပြီဆိုလျှင်တော့ ရာစုနှစ်တစ်စုစာ သွားပါလေရော့။ မျိုးဆက် ၂ ဆက်၊ ၃ ဆက်စာ မျိုးကန်းသွားမည်။ ကျွန်ုပ်တို့ရွှေပြည်ကြီးတွင်မတော့ မြန်မာပြည်ဟု စတင် သန္ဓေတည်ပါပြီ ဆိုကတည်းက မှားခဲ့သည့် စီမံခန့်ခွဲမှုမှာ သည်ကနေ့တိုင်အောင်ပင် ဖြစ်တော့သည်။  

ဟိုတစ်နေ့က ဖတ်လိုက်ရသည့်သတင်းကိုတော့ သာဓု (၈၇) ခါလောက် ခေါ်လိုက်မိ၏။

မြန်မာပြည်ကြီးကို အုပ်ချုပ်မင်းလုပ်ခြင်းဖြင့် အနစ်နာခံ ပေးဆပ်လိုက်ရသည့် ဂုဏ်ကျေးဇူးများကို အားပေး ချီးမြှောက်သည့် အနေနှင့် မြေကွက်များ ချထားပေးသည် ဆိုလား။ 
သာဓု၊ သာဓု၊ သာဓု။ ကတညုတ၊ ကတဝေဒီ ဆို ရှိ မဟုတ်လား အမတ်မင်းရဲ့။ 

ဩော် - နေပြည်တော်ဆိုတာကြီးကို စတည်ကတည်းကိုက ဤသည့် နေရာမှာ အများပြည်သူနှင့် လားလားမှ​ ပတ်သက်သည့် နေရာမဟုတ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်မည့်သူများ အတွက်သာ ဖြစ်ချေသည်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နိုင်သည်ဆိုတာ တော်ရုံတန်ရုံ အရည်အချင်းနှင့် ဖြစ်တာမဟုတ်။ သည်တော့ သူတို့ကို အများပြည်သူများနှင့် ရောကာထားလိုက်လျှင် ‘သန’ ကုန်မည်။ ထို့ကြောင့် သီးသန့်ထားရသည်။

ရှေးယခင်မင်းများ လက်ထက်ကတည်းကိုက အုတ်ရိုးအမြင့်ကြီးတွေခတ်ထားသည့် ဘုရင့်မင်းနေပြည်တော်ဆိုတာ မင်းညီမင်းသား၊ သူဌေးသူကြွယ်များသာ နေသည့် အရပ်ဖြစ်သည်။ သာမန်ကျောမွဲ၊ ဆင်းရဲသား၊ အညတြ၊ အနုံညာတ၊ တောသူတောင်သား လယ်သမားများမှာ မဟာဆီ မဟာသွေးများသာ နေထိုင်ကြသည့် မင်းနေပြည်တော် ဆိုတာကြီးနှင့် မဆိုင်။ ဘာမှမဆိုင်။ လားလားမှ မဆိုင်ပါ။ ရှင်ဘုရင်များ ကြွချီလာပြီဆိုလျှင် ပုဆစ်ဒူးတုပ်ကာ ခေါင်းငုံ့ခစားကြရသည်။ မော်ဖူးစေဆိုမှ ခေါင်းမော့ရဲတာဖြစ်သည်။

နိုင်ငံ့ဂုဏ်ကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့်တိုင် ပေးစရာမြေမရှိ၍ မြေကွက်ကလေး တစ်ကွက် တလေမှ မရကြရှာသော စင်ကာပူမှ ဝန်ကြီးများကို ကျွန်ုပ်လွန်စွာမှ သနားကရုဏာ သက်မိလေသည် တမုံ့။ ချွတ် ချွတ် ချွတ်
မြန်မာပြည်မှ သောက်တလွဲများ အကြောင်းမှာ ရေးလို့ကုန်စရာမရှိပါ။
အထက်ဖော်ပြပါအကြောင်းနှစ်ခုမှာ ကျွန်ုပ်ရင်ထဲ၌ တနုပ်နုပ်ဖြစ်နေသောကြောင့် ရေးလိုက်ရပါသည်။
ရေးလက်စဖြစ်သော Heat Exchanger အကြောင်း ဆက်ရေးလိုက်ပါဦးမည်။

လူအချင်းချင်း မြောင်းထဲဆင်းခိုင်းခြင်း၊​ ကင်းရှင်းကြပါစေ။

ငိုချင်ပါသည်။ (ဟုတ်ပေါင်၊ မှားကုန်ပြီ) 
ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၃ ဇွန်လ၊ ၂၀၂၀

Monday, June 15, 2020

Singapore Garden City



ဒီစာကို Select ပေးပြီးရေးပါ...
Type your summary here

Type rest of the post here

Monday, June 8, 2020

Skill Future Singapore အကြောင်း သိကောင်းစရာ - ၂

(၉) iN-Learn 2020

            SkillsFuture Singapore က iNnovative Learning 2020 ဒါမှမဟုတ် iN-Learn 2020 ကို တီထွင်လိုက်တယ်။ ခေတ်ကြီးက အမြဲတိုးတက်ပြောင်းလဲနေတော့ သမရိုးကျ ပုံစံတွေနဲ့ မရတော့ဘူး။ သင်နည်းတွေကိုလည်း ခေတ်နဲ့အညီ လိုက်ပြောင်းဘို့ လိုတယ်။ အဲဒီအတွက် လူကြီးတွေကို သင်နေတဲ့ Continuing Education and Training (CET) ကို blended learninig ပုံစံပြောင်းတယ်။
            သူ့ကို မောင်းနှင်ဘို့ People, Ideation, Collaboration, Technology, and Intelligence ဆိုပြီး အပိုင်း (၅) ပိုင်းပါတယ်။

၁) လူ (People) - လူတွေရဲ့စွမ်းရည်ကို မြှင့်တင်ပေးမယ့် အစီအစဉ်တွေ
၂) စိတ်ကူး (Ideation) - သင်ကြား/လေ့ကျင့်ရေးပိုင်းမှာ ဘယ်လိုပြဿနာတွေရှိသလဲ၊ အဲဒီပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတဲ့ အကြံကောင်း၊ ဉာဏ်ကောင်းတွေနဲ့ ပရိုဂရမ်တွေရေးပြီး ပြိုင်ရတယ်။ နိုင်တဲ့သူကို စင်းဒေါ်လာ ၂ သိန်း ဆုချမယ်။
၃) ပူးပေါင်းဆောင်ရွက်ခြင်း (Collaboration) - သူတို့မှာ iN-LAB ဆိုတာလုပ်ထားတယ်။ သင်ကြားရေးအတွက် လိုအပ် တဲ့ ကိရိယာတွေ၊ နည်းပညာတွေ၊ စမ်းသပ်ခန်းတွေ ပံ့ပိုးပေးထားတာ။ CET ရဲ့ ပါတနာနဲ့ သင်တန်းဆရာတွေ၊ သင်တန်းကျောင်းတွေဟာ အဲဒီ iN-LAB ကနေတဆင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်လို့ရတယ်။ အကြံဉာဏ် စိတ်ကူး တွေ ဖလှယ်လို့ရတယ်။ သင်ကြားရေးနဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေလည်း ရိုက်လို့ရတယ်။

ကြားဖြတ်ပြောရရင် စင်ကာပူက သင်တန်းဆရာတွေဟာ တစ်နှစ်ကို CPD hr ၁၀ နာရီ ယူရတယ်။ IAL (Institute of Adult Learning) ရဲ့ iN-Lab မှာ ဆီမီနာတွေ၊ ဝပ်ရှော့တွေ၊ ရက်တို/ရက်ရှည်သင်တန်းတွေ အများကြီးရှိတယ်။ IAL မှာ အသင်းဝင်ထားလိုက်ရင် iN-Lab က ဆီမီနာတွေ၊ ဝပ်ရှော့တွေကို အခမဲ့တက်လို့ရတယ်။ ကျွန်တော်တော့ CPD hr တွေ ကို အဲဒီမှာ သွားတက်လိုက်တာပဲ။ အကြောင်းအရာတွေကလည်း စိတ်ဝင်စားဘို့ ကောင်းတယ်။ ပိုက်ဆံမကုန်တဲ့ပြင် ညစာလည်း ကျွေးသေးတယ်။ ကော်ဖီ၊ မိုင်လို၊ အအေး ကြိုက်သလောက် သောက်။ ဝိုး . . . 

၄။ ဉာဏ် (intelligence) - ပြည်တွင်းကရော နိုင်ငံတကာကပါ သုတေသနအဖွဲ့တွေနဲ့ ပူးပေါင်းပြီး နည်းပညာနဲ့ တီထွင် ဆန်းသစ်မှုတွေကို သင်ကြားရေးမှာ ဘယ်လို အကောင်းဆုံး အသုံးချမလဲ ဆိုတာ စုဆောင်းတယ်။ ပြီးတော့ အဲဒီက ရလာတဲ့အချက်တွေနဲ့ iN-LEARN 2020 ကို ပိုမိုကောင်းလာအောင် ပြုပြင် မွမ်းမံတယ်။

ဟောဒါက iN-Lab မှာ ကျွန်တော် တက်ခဲ့တဲ့ သင်တန်းတွေပါ။ 
အဖွဲ့ဝင်မဟုတ်တဲ့သူတွေ ၃၀၀ ကျော်ပေးတက်ရတဲ့ workshop တွေကို အဖွဲ့ဝင်တွေ အခမဲ့တက်နိုင်ပါတယ်။




 အဖွဲ့ဝင်မဟုတ်တဲ့သူတွေ $428 ပေးရတဲ့ သင်တန်းကို အဖွဲ့ဝင်တွေ $42.80 ပဲ ပေးရတယ်။

            အဲဒီမှာ ကြည့်ကြည့်လိုက်ပါ။ စင်ကာပူက သင်တန်းတွေဟာ အင်မတန်မှ ဈေးကြီးပါတယ်။ ၃ နာရီစာ ဟောပြောပွဲတစ်ခုကို ၃၀၀ ကျော်ပေးရတယ်။ မြန်မာငွေနဲ့ဆို တစ်နာရီကို တစ်သိန်းပေးရတာ။ စင်ကာပူနိုင်ငံသားတွေနဲ့ PR တွေက $128. 
            ဒါထက် စကားစပ်မိလို့ ပြောရအုံးမယ်။ စင်ကာပူမှာ ပညာရေးအသုံးစရိတ် အင်မတန် ကြီးမြင့်ပါတယ်။ အခု ကျွန်တော့သား မြန်မာလိုဆို မူလတန်းပေါ့။ ၆ တန်းတက်နေတာ။ တစ်လကို စင်ကာပူဒေါ်လာ ၄၈၀။ မြန်မာငွေနဲ့ ၅ သိန်း နီးပါးပေးရပါတယ်။ ကျူရှင်လခကလည်း အလားတူပဲ။ ၅၀၀။ ပန်းချီသင်တန်းလခက တစ်လကို ၂၀၀။ ဆိုတော့ တခြားဘာစရိတ်မှ မပါသေးဘဲ အဲဒီ ကျောင်းလခ၊ ကျူရှင်လခတွေချည်းပဲ တစ်လကို $1000 မြန်မာငွေနဲ့ ဆယ်သိန်း လောက်ရှိပါတယ်။ အဲဒါ ကျွန်တော် ဗမာပြည်ကို မပြန်နိုင်သေးတဲ့ အချက်တွေထဲက အရေးကြီးဆုံး အချက် တစ်ချက် ပေါ့ဗျာ။ ဗမာပြည်မှာ ရှာလို့ရတဲ့ပိုက်ဆံနဲ့ အဲဒီ အဖိုးအခတွေ ပေးနိုင်ဘို့ မလွယ်ပါဘူး။

(၁၀) Skills Framework

The 5 Trends Shaping the Future of Work


            နောက်တစ်ခုကတော့ SkillsFuture Singapore (SSG) က အလုပ်ရှင်တွေ၊ လုပ်ငန်းအဖွဲ့အစည်းတွေ၊ ပညာရေးနဲ့ သင်တန်းကျောင်းတွေရဲ့ အကူအညီနဲ့ ရေးဆွဲထားတဲ့ ကျွမ်းကျင်မှု မူဘောင် (Skills Frame) ဖြစ်ပါတယ်။



            Skills Framework ကနေ လူတွေဟာ သတင်းအချက်အလက် အပြည့်အစုံပေးထားတဲ့ လုပ်ငန်းခွင်တွေမှာ ကိုယ်နဲ့ ဘယ်လုပ်ငန်းကတော့ဖြင် အံဝင်ခွင်ကျဖြစ်မလဲဆိုတာ ရွေးချယ်လို့ရပါတယ်။ နောက်ပြီးတော့ ကိုယ့်ကျွမ်းကျင်မှု ကို အမြဲအဆင့်မြှင့်နေနိုင်ပြီး ကိုယ့်သက်မွေးဝမ်းကျောင်းမှုအတွက် အစီအမံတွေ လုပ်ထားလို့ရပါတယ်။


            Skills Framework က ဘာကို ဦးတည်သလဲဆိုတော့ ကိုယ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းခွင်တွေမှာ ပိုပြီး တတ် မြောက်ကျွမ်းကျင်လာရေးပါဘဲ။ အဲဒါတင်သာမကဘဲ တခြားလုပ်ငန်းတွေက ရတဲ့ အတတ်ပညာတွေကိုလည်း ကိုယ့် လုပ်ငန်းမှာ အသုံးချတတ်အောင် လုပ်ပေးတယ်။ ဥပမာ (ဥပမာ ပြောတာနော၊ တကယ်လည်း နာမနေနဲ့ဦး) ဆရာမတွေ အိမ်မှာ ကလေးထိန်းခဲ့တဲ့ အတတ်ပညာကို ကျောင်းမှာ ခလေးထိန်းတဲ့အခါ အသုံးချဘို့။ အဲဒါ ကျွန်တော်ပြောတာ မဟုတ်ဘူးနော်။ ဘယ်သူပြောတယ်ဆိုတာ လူကြီးမင်းတို့ သိပါတယ်။
            
(၁၁) လိုအပ်သော အရည်အသွေးနှင့် တောင့်တအပ်သော ကျွမ်းကျင်မှု

How Will Jobs Transform in the Future?



(၁၂) ကိုယ့်အလားအလာကို သိပြီး ရှေ့သို့တစ်ဆင့် တက်လှမ်းခြင်း


နိဂုံး

            ကျွန်တော် စင်ကာပူပိုလီမှာ Safety Officer သင်တန်းကို ၂၀၀၈ ခုနှစ်မှာ တက်ခဲ့ပါတယ်။ WSH Level C သင်တန်းပေါ့။ အင်မတန် ဈေးကြီးပါတယ်။ အဲဒီတုန်းက သင်တန်းကြေး ၃၈၀၀ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ပေးခဲ့ရတာ သိပ်မများဘူး။ ၉၀၀ - ၁၀၀၀ လောက်ပဲထင်တယ်။ ဆယ်နှစ်ကျော်ပြီဆိုတော့ မေ့နေပြီ။ 
သူတို့နိုင်ငံသားတွေနဲ့ PR တွေကို ပိုက်ဆံမတတ်နိုင်လို့ သင်တန်းမတက်ရဘူးဆိုတာ မရှိရလေအောင် အထောက်အပံ့တွေ ပေးထားပုံလေး အဲဒီ Safety Officer သင်တန်းကို နမူနာထား ပြောပြပါမယ်။
စင်ကာပူပိုလီမှာ Safety Officer သင်တန်းတက်ရင် နိုင်ငံခြားသားတွေဆိုရင် $ 5693 ကျပါတယ်။ မြန်မာငွေ ၅၆ သိန်းလောက်။
ဒါပေမယ့် စင်ကာပူနိုင်ငံသားတွေနဲ့ PR တွေ SSG (SkillsFuture Singapore) အထောက်အပံ့ လျှောက်လို့ရ ပါတယ်။ SSG က ၅၀% ပေးတဲ့အတွက် စင်ကာပူနိုင်ငံသားတွေနဲ့ PR တွေအဖို့ သင်တန်းကြေး ၃၀၀၀ ပဲ ပေးရပါမယ်။
Mid-Career Enhanced Subsidy ဆိုရင် 90% ($4780) ထိရလို့ အဲဒါသာ လျှောက်လို့ရရင် သင်တန်းကြေး ၉၀၀ ပဲ ပေးရပါမယ်။

နောက်တစ်ခါ -
Small Medium Enterprise (SME) Funding ကလည်း 90% ရတယ်။ အဲဒါသာ လျှောက်လို့ရရင် သင်တန်းကြေး ၉၀၀။

နောက်တစ်ခုက -
Workfare Training Support (WTS) Funding။ သူကျတော့ 95% ထိ ရတယ်။
အဲဒါသာ လျှောက်လို့ရရင် ၅၇၀၀ လောက်ကျတဲ့သင်တန်းကို $637 နဲ့ တက်လို့ရတယ်။

            အဲဒါဟာ စင်ကာပူအစိုးရက သူတို့နိုင်ငံသားတွေကို ကျွမ်းကျင်ပညာရှင်တွေ ဖြစ်လာအောင် ဘယ်လို အစီအမံ တွေ လုပ်ပေးထားတယ် ဆိုတာပါဘဲ။
            အခု ကျွန်တော်ပြောတာဟာ အစိုးရအစီအမံတွေထဲက ပီဘိ သေးသေးလေးတစ်ခုမျှသာ ရှိပါသေးတယ်။ တခြား အစီအစဉ်တွေ အများကြီး ရှိပါသေးတယ်။

            အဲတော့ စင်ကာပူကို စားအုန်းဆီနဲ့ ကျော်ချင်နေတဲ့ ဆရာ့ဆရာကြီးများကို ပြောပြလိုက်ကြပါဗျာ။ သူများ သားသမီးတွေ ဘာတွေလုပ်နေတယ်ဆိုတာ နည်းနည်းလောက် မျက်စိဖွင့်ကြည့်လိုက်ကြပါအုံးလို့။

            ပြောတာလည်း အရမ်းများသွားပြီဆိုတော့ ဒီလောက်နဲ့ နားပါမယ်။ မပျင်းမရိ နားထောင်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ခင်ဗျား။

လာမယ့် တနင်္ဂနွေကျရင်တော့ စင်ကာပူဟာ သူတို့အတွက် သောက်ရေ၊ သုံးရေရအောင် ဘယ်လိုလုပ်သလဲ ဆိုတာရယ်။ (စင်ကာပူမှာ ရေချိုမထွက်တာ လူတိုင်းသိမယ်ထင်ပါတယ်။)
သူတို့တိုင်းပြည်ကို သန့်ရှင်းသပ်ယပ်လှပနေအောင် ဘယ်လိုထိန်းထားတယ် ဆိုတာရယ်။
စင်ကာပူကို သစ်ပင်တွေ၊ ပန်းပင်တွေနဲ့ စိမ်းစိုလှပနေဘို့ ဘယ်လိုဖန်တီးထားသလဲ။
အမှိုက်ကင်းစင်ရေးအတွက် ဘာတွေ လုပ်ထားသလဲ . . စတာတွေကို ပြောပြပါမယ်။
ခုလိုပဲ လာရောက် အားပေးကြဘို့ ဖိတ်ခေါ်ပါတယ် ခင်ဗျား။

ကျေးဇူးတင်ပါတယ်။

အေးငြိမ်း
၄ ဇွန်လ၊ ၂၀၂၀

Skill Future Singapore အကြောင်း သိကောင်းစရာ - ၁

နိဒါန်း


What is SkillsFuture - video

စင်ကာပူဟာ လူအရင်းအမြစ်ပျိုးထောင်ရေးကို အစဉ်တစိုက် ကြိုးစားလုပ်ဆောင်နေတယ်ဆိုတာ စင်ကာပူမှာ နေသူတိုင်း သိပါတယ်။
စင်ကာပူမှာ အလုပ်လုပ်သူတိုင်းဟာ မသိချင်လို့၊​ မတတ်ချင်လို့ကို မရဘူး။ သိကိုသိရအောင်၊ မတတ်မနေရ တတ်ကိုတတ်ရအောင် အစိုးရက နည်းမျိုးစုံနဲ့ လုပ်ပါတယ်။ စင်ကာပူကို ရိုးရိုးအလုပ်သမား အနေနဲ့လာရင်တောင် trade course ကို သိန်း (၃၀) လောက်ပေးပြီး မြန်မာပြည်မှာ တက်ခဲ့ကြရတယ်။ အဲဒီလက်မှတ်ရှိတာတောင် high levy အနေနဲ့ပဲ ရှိသေးတယ်။ low levy ဖြစ်ချင်ရင် သင်တန်းထပ်တက်။​ လက်မှတ် ထပ်ယူ။ ဒါနဲ့တောင် မပြီးသေးဘူး။ စင်ကာပူရောက်တာနဲ့ အလုပ်လုပ်ဖို့ Basic safety course ကို တက်ကြရသေးတယ်။ အဲဒါမတက်ဘဲ အလုပ်လုပ်လို့မရ။ 
နောက်ပြီး လုပ်သမျှအလုပ်တိုင်းအတွက် သင်တန်းတက်ရတယ်။​ မတက်ချင်လို့မရ။ အဲဒါကို ဥပဒေနဲ့ ပြဌာန်း ထားတယ်။ ဥပဒေကတော့ Factories (Trainings) Order ဖြစ်ပါတယ်။ 
စင်ကာပူမှာ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအတွက် ဥပဒေက WSH Act (Workplace Safety and Health Act) ဖြစ်ပါတယ်။ အဲဒီဥပဒေမှာ အလုပ်ရှင်တွေက အလုပ်သမားတွေအတွက် ပံ့ပိုးပေးရမှာတွေကို ပြဌာန်းထားတယ်။ ပုဒ်မ 12. (3). (e) အရ အလုပ်ရှင်ဟာ အလုပ်သမားတွေကို -
၁။ သင်တန်းပေးဘို့
၂။ အလုပ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် အပြည့်အစုံပေးဘို့
၃။ ပြည့်စုံတိကျတဲ့ ညွှန်ကြားချက်ပေးဘို့
၄။ အနီးကပ်ကြီးကြပ်မှုပေးဘို့ - အဲဒီ (၄) ချက်လိုတယ်။

            ခုပြောမယ့် အကြောင်းအရာကတော့ စင်ကာပူအစိုးရဟာ လူတွေကို ကျွမ်းကျင်လုပ်သားတွေဖြစ်လာအောင် ဘယ်လို စီမံထားတယ်။ ဘာတွေလုပ်နေတယ်ဆိုတာ ဖြစ်ပါတယ်။ 
            SkillsFuture ဆိုတာကတော့ စင်ကာပူနိုင်ငံသားတွေဟာ သူတို့ ဘယ်လိုအခြေအနေမှာပဲ မွေးဖွားခဲ့၊​ မွေးဖွားခဲ့၊ သူတို့ဘဝကို ဘယ်လိုပဲစခဲ့၊ စခဲ့။ သူတို့ရည်မှန်းထားတဲ့ပန်းတိုင်ကို ရောက်နိုင်စေဘို့ သူတို့ဘဝတလျှောက် မြင့်သထက် မြင့်လာအောင် လုပ်နိုင်စေမယ့် တမျိုးသားလုံးဆိုင်ရာ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုကြီးကနေ စင်ကာပူနိုင်ငံ သားတွေဟာ ကျွမ်းကျင်မှုတွေ၊ စိတ်ဓာတ်ခွန်အားတွေနဲ့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး/လူမှုဘဝမြင့်မားရေးတွေမှာ လူတိုင်းလူတိုင်း ကျရာအခန်းကဏ္ဍကနေ ပါဝင်ထမ်းဆောင်လာနိုင်မှာ ဖြစ်ပါတယ်။
            ကျောင်းသားဘဝ၊ အလုပ်ဝင်စ၊​ ရုန်းကန်နေရဆဲကာလတွေမှာ ဘယ်လိုအခြေအနေတွေပဲ ရှိနေပါစေ။ သင်ဟာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူ ဖြစ်လာအောင် လုပ်နိုင်ဘို့ SkillsFuture ရဲ့ အစီအစဉ်မှာ ရင်းမြစ်တွေ ရှိနေတယ် ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ တတ်မြောက်ကျွမ်းကျင်တယ်ဆိုတာ လက်မှတ်ကလေးတစ်ခု ပိုင်ဆိုင်ရုံမျှသာ မဟုတ်ပါဘူး။ လေ့လာရင်း၊​ သိထားတာတွေကို လက်တွေ့ အသုံးချရင်း နဲ့ လုပ်ငန်းအတွေ့အကြုံတွေကနေ ကိုယ့်အလုပ်ကိုကိုယ် တကယ်လက်တွေ့ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်လာအောင် လုပ်ဘို့လိုပါတယ်။ 
            အဲဒါကိုကြည့်ခြင်းအားဖြင့် စင်ကာပူဟာ သူတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရာမှာ နိုင်ငံသားတိုင်း ပူးပေါင်း ပါဝင်ဘို့နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတွေရဲ့ အရည်အချင်းကို မြှင့်တင်ပေးဘို့ ဘယ်လောက် အလေးထားတယ် ဆိုတာကို တွေ့နိုင်ပါတယ်။

Future Economy Council, ပညာရေး၊ သင်တန်းကျောင်း၊ အလုပ်ရှင်တွေ၊ သမဂ္ဂအဖွဲ့တွေရဲ့ အကူအညီနဲ့ တစ်သက်လုံး စဉ်ဆက်မပြတ်လေ့လာရင်း၊ ပိုမိုတတ်မြောက်အောင် ကြိုးစားပြီး ကိုယ့်ရဲ့ ပိုမိုတောက်ပတဲ့အနာဂတ်ကို ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်ပါမယ်။ အဲဒါဟာ . . . 
သင့်ရဲ့ ကျွမ်းကျင်မှု၊ အရည်အသွေး နဲ့ အနာဂတ် . . . ပါဘဲ။

 (၁) မူဘောင် (Frame work)

Skill Future Framework

A series of simple sectoral guides for everyone to make informed decisions on . . . . 


1. Education and training                   

2. Career Development

3. Skills Upgrading

(၂) SkillsFuture က ဘယ်သူ့အတွက်လဲ

Your Skill Future Journey - video

စင်ကာပူမှာ ရှိနေသူတိုင်းဟာ SkillsFuture ခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပါဘဲ။ ပညာရေး ဒါမှမဟုတ် အလုပ်နဲ့ ပတ်သက်လို့ မင်းကိုယ်တိုင်ရဲ့ ရွေးချယ်မှုပဲဖြစ်ဖြစ်၊ တခြားသူကို လမ်းညွှန်တာပဲ ဖြစ်ဖြစ် အဲဒါတွေဟာ လူတစ်ယောက် ရဲ့ အလားအလာကို အမြင့်ဆုံးထိ ဆွဲတင်ဘို့ နဲ့ သူ့ရဲ့ကျွမ်းကျင်မှုမှာ ဆရာတစ်ဆူဖြစ်အောင် မြေတောင်မြှောက်ပေးဘို့ ဦးဆောင်သွားနိုင်ရမယ်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဘို့နဲ့ အောင်မြင်မှုတွေရဘို့ ဘဝတလျှောက်လုံး သင်ယူဘို့နဲ့ ကျွမ်းကျင်မှုအရာမှာ ဆရာတစ်ဆူဖြစ်နေအောင်လုပ်ဖို့ ဘယ်လိုလုပ်မလဲဆိုတဲ့ လမ်းကြောင်းတွေ ချမှတ်ထားရမယ်။ ဒီနေရာမှာ စင်ကာပူနိုင်ငံသားတိုင်း၊ အလုပ်တိုင်း၊ ဘဝရဲ့ အဆင့်တစ်ခုတိုင်းကို ထည့်တွက်ရမယ်။
ဒီမှာ SkillsFuture ခရီးစဉ်ကို အကျဉ်း ရှင်းပြပါမယ်။
ကလေးတွေကို လူ့ဘဝမှာ ဘယ်လိုနေရထိုင်ရမယ်၊ အလုပ်လုပ်တဲ့အခါ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုစိတ် ထားရမယ်ဆိုတာကို ကျောင်းမှာကတည်းက ခိုင်မာအောင် အခြေချပေးလိုက်ရမယ်။ သူတို့ကို ဘယ် လုပ်ငန်းကိုပဲ ဝင်ဝင် အားအင်တွေ၊ စိတ်ဝင်စားမှုတွေနဲ့ ရည်မှန်းချက်တွေကို ပေးနိုင်ရမယ်။ 
ကလေးတွေဟာ ပညာရေးကနေမှတဆင့် သူတို့ဘာကိုစိတ်ဝင်စားသလဲ၊ ဘာကိုလုပ်ချင်သလဲ ဆိုတာ ရွေးချယ် နိုင်ရမယ်။ ဒီ SkillsFuture အစီအစဉ်က ကလေးတွေကို လုပ်ငန်းခွင် သတင်းအချက်အလက်တွေကို ပေးတဲ့အတွက် သူတို့ဟာ ကိုယ် ဘာကိုစိတ်ဝင်စားသလဲ ဆိုတာရယ်၊ ဘယ်ဧရိယာမှာ သူပိုပြီး အားသာသလဲ ဆိုတာတွေကို ရှာနိုင်မယ်။
ဒီမှာ စိတ်ပျက်စရာတစ်ခုကို ပြောရအုံးမယ်။
မြန်မာပြည်က ကျောင်းသားတွေ/မိဘတွေ အနေနဲ့ ရွေးချယ်စရာကို နှစ်လမ်းပဲထားတယ်။ 
၁။ ဆရာဝန်ဖြစ်ဘို့. ၂။ အင်ဂျင်နီယာဖြစ်ဘို့
သိပ်စိတ်ပျက်စရာကောင်းတယ်။
ဆရာဝန်နဲ့ အင်ဂျင်နီယာလိုင်း မရရင်ကိုဘဲ လူ့ဘဝမှာ လူဖြစ်ရှုံးပြီ။ သုံးစားလို့မရတော့ဘူး။ အခြေအနေကို ကလည်း အဲဒီအတိုင်းကို ဖြစ်နေတယ်။ ဆိုတော့ ကလေးတွေဟာ သူတို့လုပ်ချင်တာ၊ သူတို့စိတ်ဝင်စားတာကို စွမ်းစွမ်းတမံ မလုပ်နိုင်တော့ဘူး။​ အဲဒါဟာ အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်တယ်။ ကိုယ်စိတ်မဝင်စားတဲ့အလုပ်ကို လုပ်နေရတဲ့သူတစ်ယောက်ဟာ ဘယ်တော့မှ အောင်မြင်နိုင်စရာ အကြောင်းမရှိဘူး။ ရလဒ်အနေနဲ့ ဆရာဝန် စာရေးဆရာတို့၊ ဆရာဝန်အဆိုတော်တို့ ပေါ်လာရော။
စင်ကာပူမှာ ခလေးတွေကို သူတို့စိတ်ဝင်စားတာ လုပ်နိုင်ဘို့ ဘယ်လိုရွေးချယ်ခွင့်တွေ ပေးထားတယ်ဆိုတာကို ရှေ့မှာ ကျွန်တော် ထပ်ရှင်းပြပါဦးမယ်။ 
အခု ကျွန်တော့်သားဟာ ပန်းချီဆွဲတာ အင်မတန် ဝါသနာပါတယ်။ ကျွန်တော်ကလည်း သူဝါသနာပါတဲ့ ပန်းချီ ကိုပဲ အားပေးတယ်။ သူလိုချင်သမျှ ပန်းချီပစ္စည်းတွေကို ဘယ်လောက် ဈေးကြီးကြီး ဝယ်ပေးတယ်။ အဲဒီအတွက် သူဟာ ၁၃ နှစ်သားပဲရှိသေးပေမယ့် ဟောဒီမှာ သူဆွဲထားတဲ့ ပန်းချီကားလေးတွေ ကြည့်ပါ။  
အခု SOTA (School Of The Art, Singapore) လျှောက်ထားတယ်။ မနက်ဖြန် ၈ ရက်နေ့ ညနေ ၆ နာရီဆို ဝင်ခွင့်တွေ ထုတ်ပြန်ကြေငြာလိမ့်မယ်။ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ပန်းချီဝါသနာပါတဲ့သူ့ကို ဆရာဝန်/အင်ဂျင်နီယာလုပ်ဖို့ ကျွန်တော် တိုက်တွန်းလိမ့်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ငယ်ငယ်က ဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို သားကို အပြည့်အဝပေးထားတယ်။ သူမလုပ်ချင်တာ မလုပ်စေရဘူး။ 
            ဒါပေမယ့် ကျောင်းကထွက်လာပြီးနောက် သူ့မှာ အလုပ်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေ ဘယ်မှာရှိအုံးမှာလဲ။ အလုပ်ဝင်တဲ့အခါ သူ့အနေနဲ့ ငါရွေးတာ မှန်ရောမှန်ရဲ့လားလို့ သံသယတွေ ဖြစ်နေနိုင်တယ်။ အဲဒီအတွက် ကျောင်းမှာ လေ့လာသင်ကြားတာနဲ့ လုပ်ငန်းခွင်မှာ လေ့လာသင်ကြားတာကို ပေါင်းစည်းပေးဘို့လိုတယ်။ အဲသလိုလုပ်ခြင်းအားဖြင့် ခုမှစအလုပ်ဝင်စ သူတွေအနေနဲ့ လုပ်ငန်းကျွမ်းကျင်မှုကိုရော လုပ်ခလစာကိုပါရမယ့် အခွင့်အလမ်းတွေကို ရလာမယ်။ တချိန်တည်းမှာပဲ သူဟာ ကျွမ်းကျင်လုပ်သားဖြစ်တယ်ဆိုတဲ့ လုပ်ငန်းခွင် ထောက်ခံချက်တွေကိုပါ ရနိုင်တယ်။ အဲဒါကြောင့် သူဟာ အစကောင်းမယ်။
            အလုပ်လုပ်ပြီး သိပ်မကြာခင်မှာ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ငါ့ကျွမ်းကျင်မှုနဲ့ ငါလုပ်နေရတာတွေဟာ အံဝင်ခွင်ကျ ဖြစ်ရဲ့လား။ ငါ့အလုပ်ကို ပိုပြီး ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်ဘို့ သင်တန်းတွေ တက်ဘို့လိုမလား၊ ငါ့ကိုယ်ငါ ပိုပြီး အဆင့်မြှင့်ရမလား။
            ဒီအဆင့်ကျတော့ သင့်ကို ပိုကျွမ်းကျင်လာအောင်၊ သင့်ကျွမ်းကျင်မှုတွေကို အဆင့်မြှင့်နိုင်အောင်၊ ကျွမ်းကျင်မှု အသစ်တွေ သင်ယူနိုင်အောင် SkillsFuture က သင့်ကို ကူညီပါလိမ့်မယ်။
            SkillsFuture က အင်မတန်ကျယ်ပြန့်တဲ့ ပညာရေးနဲ့ သင်တန်းတွေကို ပံ့ပိုးပေးပါတယ်။ Biotechnology, Supply Chain Management, Digital Media Creation, Nursing စသဖြင့် ဘာသင်တန်းတွေ တက်ချင်သလဲ။ တက္ကသိုလ်တွေ၊ ပိုလီတက္ကနစ်တွေ၊ ITE တွေ၊ စဉ်ဆက်မပြတ် သင်ယူရေးအစီအစဉ်တွေကနေ အချိန်ပိုင်း လေ့လာ သင်ယူလို့ရပါတယ်။ 
            အချိန်ပြည့်သင်တန်းတက်ဘို့ အချိန်မရှိဘူးလား။ ပြဿနာမရှိပါဘူး။ ရက်တိုသင်တန်းတွေလည်း ရှိပါတယ်။ တစ်ပိုင်းချင်း တက်ပေါ့။ သင်တန်းတက်ဘို့ အစိုးရရဲ့ အထောက်အပံ့တွေ၊ Study award တွေ၊ sponsorship တွေ ရှိပါတယ်။ အခုက သင်ကြားရေးတွေ အဆင့်မြင့်လာတော့ ကျောင်းသွားစရာမလိုတော့ဘဲ အွန်လိုင်းကနေ အချိန်မရွေး၊ နေရာမရွေး လေ့လာသင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပါပြီ။ 
            ဒါနဲ့ ပင်စင်ယူသွားရင်ရော လေ့လာသင်ယူဘို့ လိုအုံးမလားဗျာ။ လိုတာပေါ့။ သင်ယူတယ်ဆိုတဲ့နေရာမှာ အကန့် အသတ်၊ အသက်အရွယ်ဆိုတာ မရှိပါဘူး။ စဉ်ဆက်မပြတ် လေ့လာသင်ယူနေဘို့ လိုပါတယ်။ 
SkillsFuture ဟာ စင်ကာပူနိုင်ငံသားတိုင်းကို လေ့လာသင်ယူရေးမှာ အထောက်အကူ ပေးပါတယ်။ အဲဒါအပြင် သူတို့ဟာ သူတို့ရဲ့ အသိပညာတွေကို ပြန်လည်မျှဝေ ပေးရင်းနဲ့ သူတို့ လူ့အဖွဲ့အစည်းကို အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။ SkillsFuture ဟာ . . . 
သင့်ရဲ့ ကျွမ်းကျင်မှု၊ အရည်အသွေး နဲ့ အနာဂတ် . . . ပါဘဲ။

(၃) တွန်းအား (၄) ရပ်

SkillsFuture: Your Skills, Your Asset, Your Future


§  လူတစ်ယောက်ချင်းစီကို ပညာရေး၊ လေ့ကျင့်ရေးနဲ့ အသက်မွေးမှုလုပ်ငန်းတွေမှာ သေသေချာချာ သတင်းပေး ထားတဲ့ ရွေးချယ်မှုတွေ လုပ်စေနိုင်ဘို့
§  လိုအပ်ချက်တွေကို တုန့်ပြန်နိုင်မယ့် ပေါင်းစည်းထားတဲ့ အရည်အသွေးမြင့် ပညာရေးနဲ့ လေ့ကျင့်ရေးစနစ်တစ်ခု ထူထောင်ဘို့
§  အလုပ်ရှင်တွေရဲ့ အသိအမှတ်ပြုခြင်းကို မြှင့်တင်ဘို့နဲ့ ကျွမ်းကျင်မှုနဲ့ တတ်မြောက်မှုတွေပေါ် အခြေခံထားတဲ့ သက်မွေးမှုလုပ်ငန်းတွေ ထူထောင်ဘို့
§  တစ်သက်တာ လေ့လာသင်ယူမှုမှာ ပါဝင်မယ်၊ အထောက်အကူပြုမယ်ဆိုတဲ့ အလေ့အထကို မြှင့်တင်ဘို့

(၄) ကျောင်းသားတွေအတွက်

            ကျောင်းသားတွေဟာ ကိုယ့်အနာဂတ်အတွက် ရွေးစရာတွေက များလွန်းတော့ ဘာရွေးရမှန်း မသိဘူး။ အဲဒီအတွက် ကိုယ့်သက်မွေးဝမ်းကျောင်းအလုပ်အတွက် ဘယ်ပညာရေးလိုင်းကို ယူမလဲ။ ကိုယ့်ဘဝရဲ့ အဆင့်တိုင်းမှာ ကိုယ်စိတ်ဝင်စားတဲ့၊ ကိုယ့်အားသာချက်နဲ့ကိုက်ညီတဲ့၊​ ကိုယ့်ရည်မှန်းချက်နဲ့ကိုက်ညီတဲ့ ပညာရေးလမ်းကြောင်းကို ရှာပါ။ နောက်ပြီးတော့မှ ကိုယ့်ကျွမ်းကျင်မှု၊ ကိုယ့်အစွမ်းအစကို ပြနိုင်ဘို့ လမ်းကြောင်း ရေးဆွဲရမယ်။
            ဘယ်လမ်းကြောင်းကိုပဲ ရွေးရွေး၊ အနာဂတ်ဘဝ အောင်မြင်ရေးဆိုတာကတော့ ဘယ်ဘွဲ့ကို ရတာလဲဆိုတာ ထက် အများကြီး ပိုပါသေးတယ်။ ဘာအလုပ်ကိုပဲ လုပ်သည်ဖြစ်စေ၊ ကိုယ်ရွေးချယ်ထားတဲ့ နယ်ပယ်မှာ ကိုယ်ဟာ စပယ်ရှယ်လစ်စ်တစ်ယောက် ဖြစ်ဘို့အတွက် ဘဝတစ်လျှောက် စဉ်ဆက်မပြတ် လေ့လာသင်ယူနေဘို့လိုပါတယ်။ ကိုယ် ဆက်ပြီး လေ့လာလေလေ၊ ကိုယ့်အတွက် အခွင့်အလမ်းတွေ ပိုပွင့်လာလေလေ၊ ကိုယ့်ပညာတွေ ပိုပြီး တန်ဘိုးရှိလာ လေလေ ဖြစ်မယ်။
            အလုပ်လုပ်ရင်း ပညာသင်ဘို့ SkillsFuture က စီမံထားတာတွေ -
မှတ်ချက်။        ။ SkillsFuture အစီအမံများမှာ အလွန်များပါသည်။ အကုန်ဘာသာပြန်ရလျှင် စာအုပ်ကြီးတစ်အုပ်စာ ရှိသဖြင့် လိုရင်းမျှသာ ပြောပါမည်။ အသေးစိတ်ကို skillsfuture.sg website တွင် ဖတ်နိုင်ကြပါသည်။

            ဘယ်လိုနည်းနဲ့ ကျောင်းပြီးခဲ့၊ ကျောင်းပြီးခဲ့၊ SkillsFuture အစီအစဉ်နဲ့ နိုင်ငံသားတိုင်းဟာ ဒီပလိုမာ၊ ဘွဲ့၊ ဘွဲ့လွန် စတာတွေကို အလုပ်လုပ်ရင်း ဆက်လက် လေ့လာ သင်ယူနိုင်ကြမှာ ဖြစ်ပါတယ်။           

၁) ITE – SkillsFuture Work-Study Diploma – ITE ကျောင်းဆင်းများ ဆက်လက်လေ့လာသင်ယူရန် (၁၂ လမှ ၃၆ လထိ သင်တန်းများ)
၂) Poly – SkillsFuture Work-Study Diploma – Poly ကျောင်းဆင်းများ ဆက်လက်လေ့လာသင်ယူရန် (၁၂ လမှ ၁၈ လထိ သင်တန်းများ)
၃) Poly & A Level – SkillsFuture Work-Study Degree – Poly နှင့် ဂျူနီယာကောလိပ် ကျောင်းဆင်းများ ဘွဲ့ရသည် ထိ ဆက်လက်လေ့လာသင်ယူရန် 
၄) အခြား မော်ဂျူလာလက်မှတ်ရ သင်တန်းများ

            အဲဒီသင်တန်းတွေကတော့ ကျောင်းဆင်းစ လူငယ်တွေကို ကိုယ့်အလုပ်နဲ့ဆိုင်တဲ့ ပညာရပ်တွေကို လက်တွေ့နဲ့ ဆက်စပ် သင်ကြားပေးတာ ဖြစ်ပါတယ်။ ဒီသင်တန်းတွေကိုတက်ဘို့ ကျောင်းပြီးစ (၃) နှစ်အတွင်း ဖြစ်ရမယ်။ စင်ကာပူ ဥပဒေအရ စစ်မှုထမ်းပြီး လုပ်ငန်းခွင်ဝင်ဘို့ အဆင်သင့် ဖြစ်နေတဲ့သူ ဖြစ်ရမယ်။
            သူက စာသင်ခန်းထဲမှာ စာချည်းသင်နေတာ မဟုတ်ဘူး။ On-the-job training ခေါ်တဲ့ လုပ်ငန်းခွင်ထဲ တကယ် သွားပြီး တကယ်လုပ်ကြရတာမျိုး။ နောက်ပြီး အလုပ်အခြေခံ ပရောဂျက်တွေ ရေးကြရတာမျိုး။ ဒီသင်တန်းပြီးသွားရင် တော့ ကိုယ့်ဘဝ တိုးတက်ရာတိုးတက်ကြောင်းအတွက် တန်ဘိုးရှိလှတဲ့ (လုပ်ငန်းခွင်က လက်ခံတဲ့) ဒီပလိုမာလက်မှတ် ရမှာဖြစ်ပါတယ်။ သင်တန်းတက်ဘို့အတွက် SkillsFuture အစီအစဉ်ကနေ စင်ကာပူဒေါ်လာ ၅၀၀၀ ပေးပါတယ်။
            SkillsFuture က အလုပ်သမားတွေအတွက်သာ မကသေးဘူး။​ ကိုယ့်အလုပ်သမားတစ်ယောက်ကို အဲသလိုမျိုး ဒီပလိုမာသင်တန်းတစ်ခု တက်ဘို့ စီစဉ်ပေးတယ်ဆိုရင် အဲဒီ အလုပ်ရှင်ကို စင်းဒေါ်လာ တစ်သောင်းခွဲ ပေးပါသေးတယ်။

(၅) အလုပ်ဝင်စသူတွေအတွက် (SGUnited Skills)(SGUS)

            စင်ကာပူမှာ သက်ကြီးပညာရေးကျောင်း (Lifelong Learning Centres) တွေ အများကြီး ရှိတယ်။ IAL (Institute of Adult Learning), IHL (Institute of Higher Learning), CET (Continuing Education Training) စသဖြင့်။ တချို့ကျ ကျောင်းသီးသန့်ရှိပြီး တချို့ကျ ကျောင်းသီးသန့်မရှိဘူး။​ ဥပမာ - IAL က ကျောင်းသီးသန့်ရှိတယ်။ သင်တန်းတွေလည်း အများကြီးပေးတယ်။ ဒါပေမယ့် PACE Academy (Professional & Adult Continuing Education Academy) က စင်ကာပူပိုလီက ဖွင့်ထားတာ။ ကိုယ်တို့ Safety Officer သင်တန်းတက်တော့ အဲဒီမှာ သွားတက်တာ။ အဲဒီမှာလည်း သင်တန်းတွေ အများကြီးရှိတယ်။
            SGUS က ၆ လကနေ ၁၂ လထိ အချိန်ပြည့်သင်တန်းဖြစ်တယ်။ ဒါပေမယ့် သင်တန်းတက်ဘို့ တစ်လကို ၁၂၀၀ ရတယ်။ အဲဒါအပြင် SkillsFuture Credit ကနေလည်း ပိုက်ဆံထုတ်ယူလို့ရသေးတယ်။ 

(၆) SkillsFuture Credit


            SkillsFuture Singapore အကြောင်းပြောရင် SkillsFuture Credit အကြောင်း မပါလို့မရဘူး။ သူက သင်တန်းတွေတက်ဘို့ ပိုက်ဆံပေးတာကိုး။
            အဲဒါကဘာလဲဆိုတော့ စင်ကာပူနိုင်ငံသားတွေကို အလုပ်မှာ ပိုမိုကျွမ်းကျင်လာအောင် သင်တန်းတွေတက်ဘို့ အစိုးရက ပိုက်ဆံပေးတာ။ အသက်အစိတ်နဲ့အထက် စင်ကာပူနိုင်ငံသားတွေဟာ သင်တန်းတက်ဘို့ ပိုက်ဆံ ၅၀၀ စီ ရကြတယ်။ သူ့မှာက expiry date မရှိဘူး။ မကုန်မချင်းသုံးလို့ရတယ်။ 
အဲဒါအပြင် Mid-career support ဆိုပြီး အသက် ၄၀ နဲ့ ၆၀ ကြားလူတွေကို ၅၀၀ ထပ်ပေးသေးတယ်။ အဲဒီ ၅၀၀ ကို ၅ နှစ်အတွင်း သုံးရမယ်။ အဲဒါကို မသုံးဘဲထားမယ်ဆိုရင်တော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အလိုလို ပျက်ပြယ် သွားလိမ့်မယ်။ 
SkillsFuture Credit ကို သုံးနိုင်တဲ့သင်တန်းတွေ အများကြီးရှိတယ်။ လူကြိုက်အများဆုံးက Information and Communication သင်တန်းတွေ, ဒုတိယက Personal Development သင်တန်းတွေ နဲ့ အင်ဂျင်နီယာသင်တန်းတွေက တတိယ၊ Business Management သင်တန်းတွေက စတုတ္ထနဲ့။ Safety သင်တန်းတွေက နံပတ် (၅) နေရာမှာ ရှိပါတယ်။

(၇) MySkillsFuture

            နောက်တစ်ခုက MySkillsFuture. MySkillsFuture ဆိုတာက ကိုယ်ဘယ်သင်တန်းတွေ တက်ချင်သလဲ ကြိုက်ရာသင်တန်း ရွေးတက်လို့ရတယ်။ တက်ခဲ့သမျှသင်တန်းတွေကိုလည်း အင်တာနက်မှာ မှတ်ထားတယ်။ ဘယ်သင် တန်းတွေဘယ်လောက်တက်ပြီးပြီ။ ကိုယ်တက်ခဲ့တဲ့သင်တန်းကိုလည်း ကိုယ့်ဘာသာ မှတ်ထားလို့ရတယ်။ ကိုယ့်မှာရှိတဲ့ လိုင်စင်တွေလည်း အဲဒီမှာ သိမ်းထားလို့ရတယ်။ အလုပ်လျှောက်ဖို့ CV, Resume  တွေကိုလည်း အဲဒီမှာ သိမ်းထားနိုင် တယ်။ ကိုယ့်မှာ SkillFuture Credit ဘယ်လောက်ရှိသေးလဲ။ ဘာတွေလျှောက်ချင်သလဲ။
            ဘာစာအုပ်တွေဖတ်ချင်သလဲ။ ဗီဒီယိုတွေကြည့်မလား စသဖြင့် တော်တော်များများ လုပ်လို့ရတယ်။ ဒီမှာ ကျွန်တော့် MySkillFuture Account နမူနာကို ပြထားပါတယ်။ ခုက နမူနာဖြစ်လို့ အကုန်မဟုတ်ပါဘူး။ ကျွန်တော် တက်ထားတဲ့သင်တန်းတွေဟာ အခု ၃၀ မကပါဘူး။ SkillsFuture မှာတောင် ကျွန်တော် တက်ထားတဲ့သင်တန်း အားလုံး မတွေ့ပါဘူး။ သေးသေးဖွဲဖွဲသင်တန်းလေးတွေ မပါဘူး။ အရာရောက်တဲ့သင်တန်းတွေပဲ ထည့်ထားတယ်။






















            ပိုက်ဆံကုန်မှာကြောက်ရင် အခမဲ့တက်လို့ရတယ့်သင်တန်းတွေ ရှိပါ့။ ဟောဒီသင်တန်းတွေဟာ ပိုက်ဆံမကုန် ဘဲ တက်လို့ရတဲ့သင်တန်းတွေပါ။ ဒါက နမူနာပြထားတာပါ။ တခြားသင်တန်းတွေလည်း အများကြီးရှိပါတယ်။





ဒါကတော့ စာအုပ်တွေကို ညွှန်းထားတာပါ။ ဖတ်ချင်ရင် ငှားဖတ်လို့ရပါတယ်။


(၈) သင်တန်းကျောင်းတွေ (Training Providers)

            ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးတဲ့နေရာမှာ သင်တန်းကျောင်းတွေရဲ့ အခန်းကဏ္ဍဟာလည်း အင်မတန် အရေးကြီးပါတယ်။ သင်တန်းကျောင်းတွေဟာ စီးပွားရေးလုပ်ငန်းတွေက အမှန်တကယ် လိုအပ်နေတဲ့ ကျွမ်းကျင် သင် တန်းသားတွေ မွေးထုတ်ပေးဘို့ အရေးကြီးပါတယ်။ အဲဒီအတွက် စီးပွားရေးလုပ်ငန်းတွေမှာ အမှန်လိုနေတာ ဘာတွေလဲ ဆိုတာသိဘို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်သွားဘို့ လိုပါတယ်။

ဒီနေရာမှာ သတိရတုံး ကျွန်တော်တစ်ခု ကြားညှပ် ပြောချင်ပါတယ်။ ဒါက SkillsFuture ခေါင်းစဉ်အောက်က တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆက်စပ်နေလို့ပါ။ 
စင်ကာပူက NTU (Nanyang Technology University) လိုမျိုး နိုင်ငံခြားတက္ကသိုလ်တွေဟာ ကုမ္ပဏီကြီးတွေ က ဒါရိုက်တာတွေ၊ မန်နေဂျင်းဒါရိုက်တာတွေကို ဖိတ်ခေါ်ပြီး ကျောင်းမှာ ဟောပြောပွဲတွေ လုပ်ပေးပါတယ်။ အထူး သဖြင့် နောက်ဆုံးနှစ် ကျောင်းသားတွေကိုပါ။ အဲဒီမှာ သူတို့က လုပ်ငန်းခွင်ထဲက သဘောသဘာဝတွေ၊ သူတို့ပေးမယ့် အခွင့်အရေးတွေ၊ သူတို့လိုချင်တာတွေကို ပြောပြပါတယ်။ ကျောင်းသားတွေကလည်း သိချင်တာတွေ ပြန်မေးပေ့ါ။ 
အဲဒါတင်မကသေးပါဘူး။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွေကလည်း စာအုပ်ထဲပါတာတွေချည်း နင်းကန် သင်နေ တာမဟုတ်ဘဲ ကုမ္ပဏီကြီးတွေကိုခေါ်ပြီး သူတို့ ဘာတွေလိုသလဲ၊​ ဘယ်လိုဟာမျိုးတွေ သင်ပေးစေချင်သလဲ စသဖြင့် ဆွေးနွေးကြတယ်။ ကုမ္ပဏီတွေက တကယ်လိုတဲ့ အတတ်ပညာရှင်တွေ မွေးထုတ်ပေးနိုင်အောင် ကြိုးစားကြတယ်။ မဟုတ်လို့ရှိရင် ကျောင်းကတော့ သီအိုရီတွေ သင်ပေးလိုက်ပါရဲ့။ အလုပ်ထဲရောက်မှ ဘယ်ကစကိုင်ရမှန်းမသိ, ယောင်နနတွေ ဖြစ်နေလိမ့်မယ်။ 
အဲဒါဟာ အစိုးရ၊ တက္ကသိုလ်၊ ကျောင်းသား၊ ကုမ္ပဏီ - ၄ ဦး ၄ ဖလှယ်လုံး ကောင်းတဲ့ အစီအမံပါ။
ကျောင်းသားတွေဟာ ကျောင်းဆင်းပြီး အလုပ်ထဲရောက်တာနဲ့ ယောင်နနဖြစ်မနေတာ့ဘဲ ချက်ချင်း အလုပ်လုပ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်စိတ်ချမှုရှိလာတယ်။ ပိုပြီး ကြိုးစားချင်စိတ် ဖြစ်လာတယ်။
ကုမ္ပဏီတွေအနေနဲ့လည်း ဝန်ထမ်းအသစ်တွေကို ဘာမှ ထပ်သင်စရာမလိုတော့ဘဲ ချက်ချင်း အသုံးချနိုင်လို့ ပိုပြီး အကျိုးအမြတ် ဖြစ်ထွန်းတယ်။
ဟောဒီတက္ကသိုလ်က ထွက်လာတဲ့ ကျောင်းသားတွေဟာ တကယ် အသုံးတည့်တဲ့ ကျောင်းသားတွေ ဆိုပြီး တက္ကသိုလ်လည်း နာမည်ရတယ်။
လုပ်ငန်းနဲ့ကိုက်ညီတဲ့ ဝန်ထမ်းတွေ ရလို့ အစိုးရအနေနဲ့လည်း ကုန်ထုတ်လုပ်ရေးမှာ တက်လာတယ်။

            အဲဒါဟာ SkillsFuture ရဲ့ သင်တန်းကျောင်းတွေနဲ့ အလုပ်ရှင်တွေ နီးနီးကပ်ကပ် ဆက်ဆံပြီး ပူးတွဲ အလုပ်လုပ် ကြရမယ်ဆိုတဲ့ မူဝါဒနဲ့လည်း ကိုက်ညီနေပါတယ်။ ကျောင်းသားတွေကို ကျောင်းမှာကတည်းက လုပ်ငန်းခွင်အတွက်ကို ဦးတည်သင်ကြားပေးဘို့ အပေါ်မှာ ကျွန်တော်ပြောခဲ့ပါပြီ။

            ဒီမှာ အလျဉ်းသင့်လို့ နောက်ထပ် စင်ကာပူက ကျောင်းတွေဟာ သူတို့ကျောင်းသားတွေကို ဘယ်လို လေ့ကျင့် ပေးတယ်ဆိုတာ နည်းနည်းလောက် ထည့်ပြောပါရစေ။
            ကျွန်တော့်သားက အခု Primary 6 တက်နေပါတယ်။ အချင်းချင်းကပ်ကြွားရရင် အဖေတူသားဆိုတော့ တော် သဗျ။ တချိန်လုံး အိပ်ယာပေါ် လှဲနေပြီး youtube ကြည့်နေပေမယ့် သူတို့အတန်းမှာ တစ်ကျောင်းလုံး top 5 ဝင်ပါတယ်။ ဆိုတော့ ကျောင်းအပ်မယ့် ခလေးတွေနဲ့ မိဘတွေကို ရှင်းပြဘို့ တော်တဲ့ကျောင်းသား ၁၀ ယောက်လောက်ကို လေ့ကျင့် ပေးတယ်။ အင်တာဗျူးနည်း၊ presentation လုပ်နည်း၊ ခုမှကျောင်းလာခါစ ကလေးပေါက်စနတွေကို coach လုပ်နည်း စသဖြင့်ပေါ့။ 
ဆိုတော့ သူတို့ဟာ မူလတန်းမှာကတည်းက အင်တာဗျူးကို ဘယ်လိုမေးရမယ်၊ ဘယ်လိုဖြေရမယ်။ မျက်နှာ အနေအထား၊ လက်ကိုဘယ်လိုထားရမယ်၊ စကားပြောရင် တောင်ကြည့်မြောက်ကြည့် မကြည့်ရဘူး။ မျက်နှာချင်းဆိုင်ပြီး မျက်လုံးကို ကြည့်ပြောရမယ် စတာတွေကို နားလည်နေပြီ။ ကျောင်းလာအပ်တဲ့ မိဘတွေကို ကျောင်းအကြောင်း ရှင်းပြ တတ်နေပြီ။ 
သား Primary 5 မှာတုံးက ကျောင်းမှာ ကျောင်းသားတွေဆွဲထားတဲ့ ပန်းချီကားတွေစုပြီး အမျိုးသား စာကြည့်တိုက်မှာ ပြပွဲလုပ်တယ်။ သားက အင်္ဂလိပ်စကားအသံထွက်ကောင်းလို့ presenter အဖြစ် သူ့ကိုရွေးတယ်။ ကျောင်းကလည်း သူတို့ကျောင်း အကြောင်း ကြွားချင်တော့ အကောင်ကြီးကြီးတွေပါ ဖိတ်တာပေါ့။ အဲဒီမှာ သားက သူတို့ကျောင်းမှာ ပန်းချီကို ဘယ်လိုသင်တဲ့အကြောင်း၊ ကျောင်းသားတွေဟာ ပန်းချီသင်ခန်းစာတွေကို ဘယ်လိုလုပ်ရ တယ် ဆိုတဲ့အကြောင်း ရှင်းပြရတယ်။
ကျွန်တော်ဆိုလိုချင်တာက သူတို့က ခလေးတွေကို ငယ်ငယ်ကတည်းက လူတောတိုးရဲအောင်၊ လူရာဝင်လာ အောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလာအောင် ပျိုးထောင်ပေးတယ်။ ခလေးတွေဟာ လူကြီးတွေနဲ့စကားပြောဘို့ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်မနေတော့ဘူး။ ပရိတ်သတ်ရှေ့ ထွက်ပြောရင် တုန်တုန်ယင်ယင် ဖြစ်မနေတော့ဘူး။ နောက်ပြီး သူတို့က ခလေးတွေကို နေရာပေးတယ်။ လူရာသွင်းတယ်။ မြန်မာပြည်မှာတော့ ခလေးတွေမို့လို့ ပါမလာနဲ့။ ဟဲ့ - ခလေး တွေ သွားကြ၊ ရှုပ်ကိုရှုပ်တယ် လို့ မောင်းထုတ်ခံရတယ်။ 

            အခုက သင်တန်းကျောင်းတွေ အကြောင်းပြောတာမို့လို့ SkilsFuture အောက်မှာ မပါပေမယ့် စင်ကာပူက သင်တန်းကျောင်း အကြောင်းရယ်၊​ သင်တန်းဆရာတွေ အကြောင်းရယ် နည်းနည်း ပြောပြပါမယ်။
            စင်ကာပူမှာ သင်တန်းကျောင်းတစ်ခုထောင်ဘို့ ပိုက်ဆံရှိရုံနဲ့မရပါဘူး။ အစိုးရရဲ့လိုအပ်ချက်တွေကို ပြည့်မီမှ လိုင်စင်ချပေးပါတယ်။ သင်တန်းကျောင်းဟာ ဆူညံတဲ့ပတ်ဝန်းကျင်မှာ မရှိရဘူး။ လက်တွေ့သင်တန်းတွေအတွက် လုံလောက်တဲ့ အကျယ်အဝန်းရှိရမယ် စတဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေအပြင် သင်တန်းအတွက် လိုအပ်တဲ့ စာရွက် စာတမ်းတွေကိုပါ အပြည့်အစုံ ပြင်ပေးရပါတယ်။ (ကျွန်တော် အဲဒီစာရွက်စာတမ်းတွေ ပြင်ပေးတဲ့အလုပ်ကိုလည်း လုပ်ပါတယ်။ သင်တန်းတစ်ခုစာ စာရွက်စာတမ်းအပြည့်အစုံပြင်ရမယ်ဆို $3000 ယူပါတယ်။ ဒါကတော့ ကြော်ငြာပေ့ါ ဗျာ။)
            အဲဒီစာရွက်စာတမ်းတွေမှာ ဘာတွေပါသလဲဆို နမူနာပြောပြရရင် သင်တန်းဆရာလက်စွဲ၊ သင်တန်းသား လက်စွဲ၊ သင်ပုံသင်နည်းအစီအစဉ် (ဘယ်နှနာရီကနေ ဘယ်နှနာရီထိ၊ ဘယ်ခေါင်းစဉ်ကို slide No. ဘယ်လောက်ကနေ ဘယ်လောက်ထိ ကြာမယ်။) (နာရီ၊ မိနစ်)။ စာမေးပွဲကို ဘယ်လိုစစ်မယ်။ လက်တွေ့ ဘယ်လိုလုပ်မယ်။ လက်တွေ့လုပ် ဘို့အတွက် လမ်းညွှန်၊ နမူနာမေးခွန်း စသဖြင့် အတော်များပါတယ်။
            သင်တန်းဆရာတစ်ယောက်အနေနဲ့ နောက်တစ်ယောက်မအားလို့ ကြားထဲကဖြတ်ဝင် သင်ရမယ်ဆိုပါစို့။ သူ့ကို ဘာမှ ပြောမသွားသည့်တိုင် သင်ပုံသင်နည်း အစီအစဉ်ကြည့်ပြီး ဘာအခက်အခဲမှ မရှိဘဲ သင်သွားနိုင်တယ်။ နောက်ပြီး သင်တန်းဆရာဆိုတာ slide ဖတ်တတ်ရုံနဲ့ သင်တန်းဆရာ ဖြစ်ချင်လို့မရဘူး။ သင်တန်းဆရာဖြစ် သင်တန်းကို သွားတက် ရတယ်။ သူသင်မယ့်သင်တန်းနဲ့ပတ်သက်တဲ့ လုပ်ငန်းအတွေ့အကြုံ ၅ နှစ်ရှိရတယ်။ ဖောင်ဝပ်ကို တစ်ခါမှ မမြင်ဖူးသူ တစ်ယောက်အဖို့ ဖောင်ဝပ်အကြောင်း ဘယ်လိုသင်မလဲ။
            အဲဒါနဲ့ပတ်သက်ပြီး သင်တန်းကျောင်းတစ်ခု ထူထောင်ခြင်း ဆိုတဲ့ခေါင်းစဉ်၊ သင်တန်းဆရာများကို ပြုစု ပျိုးထောင်ခြင်း ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ကျွန်တော် WSH Myanmar ဂျာနယ်ထဲမှာ ရေးထားတာရှိပါတယ်။ အသေးစိတ် သိချင်တဲ့သူတွေ ဝယ်ဖတ်ကြည့်ပါ။ ဒီမှာတော့ ပြောနေတာကနေ ဘေးချော်သွားမှာစိုးလို့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါ။

အပိုင်း (၂) သို့ဆက်ရန် . . . .