ပုဂံခေတ်က
တည်သွားခဲ့သော စေတီပုထိုးပေါင်းမှာ မနည်းလှ။ အင်ဂျင်နီယာနည်းပညာဟူသည်ကို အနံ့မျှ မနံစဖူးသော
ခေတ်က အဆောက်အဦးများကို နှစ်ပေါင်းထောင်နှင့်ချီကြာအောင် မပျက်မစီးပဲ တည်ဆောက်နိုင်သည်ဆိုသော
စွမ်းရည်မှာ မနည်းလှ။ သို့သော် ထိုအဆောက်အဦများကို တည်သွားသည့် အင်ဂျင်နီယာကြီးများ၊
ပိသုကာကြီးများ၏ နာမည်ကို မှတ်သားမိသူ၊ မှတ်တမ်းတင်ထားမိသူ ဘယ်နှစ်ယောက်ရှိပါသနည်း။
သို့သော်
သူတည်းတစ်ယောက် အစချီ မျက်ဖြေလင်္ကာကိုရေးဖွဲ့ခဲ့သည့် အနန္တသူရိယအမတ်ကား ယနေ့ထိုင် ထင်ပေါ်
ကျော်ကြားနေဆဲတည်း။
ပုဂံခေတ်သာမဟုတ်ပါ။
မြန်မာ့သမိုင်းတွင် ကုန်းဘောင်ခေတ်ကျမှပေါ်ခဲ့သော ဖန်ချက်ဝန် ဦးရွှေအိုးစသည့် အင်ဂျင်နီယာ
ကြီးများလောက်သာ နာမည်ကျန်ခဲ့သည်။ ယခင့်ယခင်က ဟံသာဝတီနန်းတော်ကြီး၊ ကေတုမတီနန်းတော်
စသည်တို့ကို တည်ဆောက် ခဲ့သည့် အင်ဂျင်နီယာများ နာမည်ကျန်ခဲ့ပါသလော။ ဟင့်အင်း။
သို့သော်
ရှင်မဟာရဋ္ဌသာရ၊ နတ်သျှင်နောင်၊ လှိုင်ထိပ်ခေါင်တင်၊ နန်းတွင်းသူမိဖြူ၊ မိညို၊ ဦးကြီး၊
ဦးမင်း စသော စာဆိုတို့ နာမည်ကား ယခုတိုင် မသေ။ စာပေလိုက်စားသူတိုင်း သိကြသည်။
ထိုမျှသာမကသေး။
အနှီ
ပုဂံဘုရားစသည်တို့ကို မည်ကဲ့သို့ အခိုင်အခံ့တည်ဆောက်သွားခဲ့သည်ဆိုသည့် မှတ်တမ်းမှတ်ရာများရော
ကျန်ခဲ့ပါသလော။ ဝေးစွ။ သို့သော် သူတည်းတစ်ယောက် လင်္ကာကလေးမှာမူ စာလုံးတစ်လုံးမှ မချွတ်ယွင်းရစေပဲ
ယနေ့တိုင် တည်တံ့ခိုင်မြဲနေပေလေသေး၏။
သည်မျှလောက်ဆိုလျှင်
ကဗျာစာပေနှင့် အခြားအတတ်ပညာတို့ မည်မျှကွာခြားကြောင်း မိတ်ဆွေတို့ ရိပ်မိလောက်ပါပြီ။
စာဆို
ဟူသည်ကို ဖန်တီးယူလို့မရ။ ငွေပေးပြီး သင်ယူလို့မရ။
ဤသည်မှာ
ပါရမီ၏ အရာသာဖြစ်ချေသည်။
ကံကောင်းထောက်မစွာဖြင့်
ကျွန်တော်သည် ကဗျာချစ်သူ၊ စာချစ်သူတစ်ဦးဖြစ်ခဲ့၏။ ဟို့ ငယ်စဉ်တောင်ကျေး ကလေးဘ၀ ကတည်းက
ကျွန်တော် ကဗျာများကို နှစ်ခြိုက်ခဲ့သည်။ မဂ္ဂဇင်းတွင်ပါသည့်ကဗျာများကို ဖတ်ရရုံနှင့်
အားမရ။ ဗလာစာအုပ်ထဲတွင် ကူးယူမှတ်သား၊ ကျက်မှတ်ခဲ့လေသည်။
ချောတမူ၊
မနောဖြူ၊ သဘောအူစင်း
အပြောမူလင်းတဲ့၊
တို့တောသူ
ဟန်တွေ၊
ပန်တွေ၊ မာန်တွေမထပ်
ကန်ရေခပ်တဲ့၊
တို့တောသူ . . . စသည့်အဖွဲ့များကို အသည်းစွဲခဲ့သည်။
မောင်မောင်ရယ်
ဘယ်ခါညှိုးပါဘု
မြတ်နိုးရင်
ပန်ချင်ပန်လေ့
မပန်ချင်
တွင်တွင် ငြင်းရင်လည်း
တသင်းသင်းနေမယ်
နော် . . .
လှလိုက်တာခင်ဗျာ။
ဆရာတင်မိုး၏ သည်ကဗျာလေးကို ကျွန်တော်နှစ်ခြိုက်သည်ဆိုတာထက် ဟိုဘက် သုံးဘူတာလောက် လွန်နေသေး၏။
ဒေသကောလိပ်ကျောင်းသားဘ၀က
ဆရာကြီးမင်းသုဝဏ်၏ ကဗျာလေးတစ်ပိုင်းတစ်စကို သင်ရသည်။
တောစံပယ်ဖြူ
ဝတ်မှုံကျင်းတဲ့
သင်းကြူကြူကို
လေခြူလို့လွှင့်
ပန်းထုံတဲ့လေချိုမှာ
ရွှေချိုးပျို
ကူသံဆင့်ပေလိမ့် . . .
ချစ်စရာကောင်းလိုက်တာခင်ဗျာ။
တောဖွဲ့။ ကျွန်တော်က တောသားဆိုတော့ တောဖွဲ့များကို အလွန်နှစ်သက်သည်။
သို့သော်
ဆရာမင်းသုဝဏ်၏ သည်အဖွဲ့လောက် ကျွန်တော့်နှလုံးကို သိမ်းကြုံးဆွဲငင်နိုင်သည့်အဖွဲ့များကို
သည်ကနေ့ထိ မတွေ့မိသေး။
သည်ကဗျာပိုင်းကလေးတွေ့တော့
တစ်ပုဒ်လုံးကိုဖတ်ချင်၍ အသည်းအသန်လိုက်ရှာသည်။ သို့သော် တောဆိုတော့ ဘယ် လွယ်လွယ်နဲ့ရလိမ့်မတုံး။
ရန်ကုန်ရောက်လာတော့
စာအုပ်အဟောင်းဆိုင်များတွင်လိုက်မွှေရသည်။ နောက်တော့မှ လမ်းဘေးစာအုပ်ဆိုင်တွင် မင်းသုဝဏ်
ကဗျာများ ဆိုသော စာအုပ်အဟောင်းကလေး သွားတွေ့၏။ ကျွန်တော့်မှာ သုံးပိဿာလောက်ရှိသော ရွှေတုံးကို
ခလုတ်တိုက် လဲမိသူအလား ထိုကဗျာစာအုပ်ကလေးကို ကမန်းကတန်း ၀ယ်မိသောဟူ၏။
သို့သော်
စာအုပ်ကလေးမှာ ဟောင်းလှပြီ။ စာအုပ်ချုပ်သူက စာမျက်နှာများကို ဦးဇောက် ပြောင်းပြန်ချုပ်ထားလေရာ
စာမျက်နှာများကို မနည်းရှာဖတ်ရသည်။ စာမျက်နှာများလည်း မစုံတော့။ စာမျက်နှာ ၃၃ မှ ၄၈
ထိ ပျောက်နေသည်။
သို့သော်
မရှိတာထက်စာလျှင် အပုံကြီးတော်သေးသည် ဟု စိတ်ကိုဖြေရ၏။ (မိတ်ဆွေများတွင်ရှိလျှင် ဝေမျှကြပါကုန်။)
ယခု
ထိုစာအုပ်ကလေးကို ကဗျာချစ်သူမိတ်ဆွေများ ဖတ်ရှုနိုင်စေရန် ဝေငှလိုက်ပါသည်။
စာမျက်နှာများ
ရှေ့နောက်ပြောင်းပြန်ဖြစ်နေ၍ JPEG ဖိုင်ပြောင်းကာ ပြန်စဉ်ထားပါသည်။
ဖတ်ရှု
ခံစားနိုင်ကြပါစေကုန်သတည်း။
အေးငြိမ်း
၁၃
သြဂုတ်၊ ၂၀၁၆။ နေ့လည် ၁း၁၀ နာရီ
No comments:
Post a Comment