Thursday, August 13, 2026

ကွကိုယ်လုပ်ခြင်း အနုပညာ

ကျော်က လက်မှုကိစ္စလေးတွေ ကိုယ့်ဘာသာလုပ်ရတာ ဝါသနာပါတယ်။

ဟိုတစ်နေ့က ပန်းကန်ဆေးတဲ့ ရေစင်မှာ ရေပိုက်ခေါင်းက ရေတွေ တစက်စက်နဲ့ ယိုစိမ့်ကျလာတယ်။ အဲဒီခေါင်း တပ်ထားတာ တစ်နှစ်ပဲရှိသေးတယ်။ မနှစ်က ဇူလိုင်လ ၁၄ ရက်နေ့မှာ တပ်တာ။ (ကိုယ်က ပစ္စည်းတွေ ဝယ်လာတယ်၊ တပ်တယ်ဆိုရင် ဝယ်တဲ့ရက်စွဲ၊ တပ်တဲ့ရက်စွဲတွေ မှတ်ထားလေ့ ရှိတယ်။ ရေခဲသေတ္တာ ဝယ်လာတယ်နော်။ ရေခဲသေတ္တာပေါ်မှာ ဝယ်တဲ့ရက်စွဲ ရေးထားတယ်။ နောက်ပြီး ပန်ကာ၊ ရေနွေးအိုး စသဖြင့်ပေါ့။ နောက်ဆုံး မနက်ပြန် ညပြန် ဆေးထိုးနေရတဲ့ အင်ဆူလင်ဆေးပိုက်ပေါ်မှာတောင် ဆေးထိုးပိုက် အသစ်ထုတ်လာရင် အသစ်ထုတ်တဲ့ရက်စွဲကို ရေးထားတာ။ ကော်ဖီပုလင်း ဖောက်ရင်လည်း ဘယ်နေ့က ဖောက်တယ်။ ကောင်မလေးအသစ်တစ်ယောက်နဲ့ တွဲရင်လည်း ဘယ်နေ့က စတွဲ . . . တွဲ . . . ဟုတ်ပေါင်၊ မွှားလို့၊ အဟိစ်)

 

ဆိုတော့ ရေပိုက်ခေါင်းလဲဘို့ hardware shop မှာ ရေပိုက်ခေါင်းဝယ် (အစိတ်ပေးရတယ်), အိမ်ပြန်ရောက်တော့ ကွကိုယ်တပ်။ ဟော တစ်နာရီအတွင်း ပြီးတယ်။ (အမှန်ဆို ပိုက်ခေါင်းတပ်တာက ခဏပါ။ ဒါပေသိ သိတယ်မှလား။ ဘေစင်အောက်မှာ ရှိသမျှ အိုးတွေခွက်တွေ ပလုံးတွေ စုဆောင်းထည့်ထားတာဆိုတော့ အဲဒါတွေ ဖယ်နေရတာက အချိန်ပိုကုန်တယ်။ ပိုက်ခေါင်း တပ်ပြီးတော့လည်း အဲဒီနေရာက အမှိုက်သရိုက်တွေကို ရှင်းအုံးဟဲ့၊ ရေပတ်တိုက်အုံးဟဲ့ နဲ့ အတော်အလုပ်ရှုပ်တာ။ နောက်ပြီး ဒီအတိုင်းထိုးထည့်ထားတဲ့ အဲသည် အိုးတွေခွက်တွေကိုလည်း သေသေချာချာ ပြန်စီထည့်အုံး။ အာလာမာ့ တအား အရှုပ်လုပ် (ဟုတ်ပေါင်) အလုပ်ရှုပ်တာ။)

 

ဆိုတော့ ကွကိုယ်တပ်လိုက်တော့ ပိုက်ခေါင်းဘိုး အစိတ်ပဲ ကုန်တယ်။ ရေပိုက်ပြင်တဲ့သူဆို အနည်းဆုံး ၁၀၀ လောက် ပေးရမှာ။ ဆိုတော့ ပိုထွက်လာတဲ့ ၇၅ ကျပ်ကို ချိစ်လေးဝယ်ပြီး ဗက်၆၉ နဲ့ မြည်းလို့ရတာပေါ့ဗျာ။ ဟဲဟဲ လဂါး စဒါဘာ၊ တားက အဲသဟာတွေ မလုပ်တတ်ပါဘူး။ (ကိုယ့်ဟာကိုယ် ဝယ်သောက်ရမယ်ဆိုရင်)

 

တကယ်လို့ ပန်းကန်ဆေး ရေစင်ပိတ်ပြီဆိုမှဖြင့် ရေပိုက်ပြင်တဲ့သူခေါ်ရင် ၃၀၀ ကျော်ပေးရတယ်ခညာ။ ဟိုးအရင်တုံးက ကျုပ် ပိုက်သမားခေါ်လုပ်လိုက်တာ ၃၀၀ ကျော်ထွက်သွားတယ်။ အဲသဟာနဲ့ နင့်တော့ ၃၀၀ ပေးမနေဘူး။ ကွကိုယ် လုပ်မကွဆိုပြီး ဟော၊ အခုကျတော့ ဘေစင်မပိတ်အောင် Water jet နဲ့ မကြာခဏ ထိုးချပေးတယ်။ နောက်ပြီး ဘေစင် ပိတ်ရင် ဆေးဘို့ Basin clog remover ဆေးပုလင်းတွေလည်း ဝယ်ဆောင်ထားတယ်။ (ခညားတို့ ဘေစင်ပိတ်ရင် ကျုပ်ခေါ်လိုက်ဗျာ။ ၁၅၀ နဲ့ လုပ်ပေးမယ်။ ဟဲစ် ဟဲစ်)

 

အဲသလိုပဲ၊ အဲကွန်း အောက်ဒိုးယူနစ် ဆေးတယ်နော်၊ ကွကိုယ် ဆေးတယ်။

လှည့်ဖွင့်ရတဲ့ တံခါးလက်ကိုင်ဘုသော့ကို ကွကိုယ်လဲတယ်။

ပြတင်းပေါက်လက်ကိုင်တွေ၊ ဘီရိုလက်ကိုင်တွေ ကျိုးတယ်နော်။ ကွကိုယ် လဲတပ်တယ်။

မီးဖိုချောင်က ပုဂံစင်ကြီး ကျိုးကျတယ်နော်။ ကွကိုယ် ပြန်ပြင်တပ်တယ်။

(မီးသီးမီးလုံးလဲတာ၊ မီးခလုတ်ပြင်တာတွေတော့ စကားထဲ ထည့်မပြောတော့ပါဘူး။ ဟဲဟဲ)

 

တလောတုံးကတော့ ရေချိုးခန်းထဲက ရေပူရေအေးခေါင်းလက်ကိုင် ကျွတ်ထွက်လာတယ်။

သွပ်ပြားတွေဆိုရင်တော့ ရေပိုက်ပြင်တဲ့သူခေါ်ပြီး လဲလိုက်တာပေါ့။ ပိုက်ဆံ ၁၀၀ တော့ အောက်ထစ်ပေါ့ဗျာ။

ဒါပေမယ့် ကျော်ကတော့ ကျော်ပဲဗျာ ဟဲစ် ဟဲစ်

 

လက်ကိုင်ပြုတ်ထွက်လာတဲ့နေရာကို ကြည့်လိုက်တော့ လက်ကိုင်ကို တက်ဖလွန်လေးထောင့်ခေါင်းပေါ် စွပ်တပ် ထားတာကိုး။ အဲဒီနေရာက ပြုတ်ထွက်လာတာ။

ဆိုတော့ ကျော်လည်း လက်ကိုင်ကို အပေါ်တည့်တည့်ကနေ လွန်နဲ့ဖောက်ပြီး တက်ဖလွန်ကို မူလီနဲ့စုပ်ထည့်လိုက်တာ အော်လဂျင်နယ်ထက်တောင် ကောင်းသေးဗျာ။ ဆဒ္ဒန်ဆင်မင်းနဲ့ဆွဲတောင် ပြုတ်မထွက်တော့ဘူး။ 

 


 

 

ပြီးခဲ့တဲ့လက စာအုပ်ဘီရိုနှစ်ခု ပစ်ထားတာတွေ့တယ်။ အသစ်နီးပါး ကောင်းသေးတယ်။ အဆင့်တွေ မကောင်းတော့ဘူး။ တံခါးပတ္တာတွေ ပြုတ်ထွက်ကုန်ပြီ ဆိုတော့ ပစ်လိုက်တာ။

 

အဲဒါကြီး ကျော် ကောက်လာပြီး တံခါးပတ္တာ အသစ်တွေ ပြန်တပ်၊ ဆိုက်ထဲက grinder ငှားလာ၊ ဒိုင်းမွန်းကတ်တာ ဝယ်ပြီး  အဆင့်တွေ ကွကိုယ် ပြန်တပ်လိုက်တော့ ဟောစ်၊ အသစ်နီးပါး ပြန်ကောင်းသွားရော။ သားအတွက်တစ်လုံး၊ အိမ်ငှား ကောင်လေးတွေအတွက် တစ်လုံး ပေးလိုက်တယ်။ တူနယ် တဲ့နယ်။

 

ကိုယ့်ဆီမှာနော် လက်ထိုးလွှ အကြီးတစ်ခု အသေးတစ်ခု၊ Drill machine အကြီးတစ်ခု အသေးတစ်ခု၊ ဟို့ 5 mm ပေါက်စနလေးကနေ 32 mm ထိ open, ring – spanner ဆိုဒ်မျိုးစုံ။ ဝက်အူလှည့်လား၊ +, - အရွယ်မျိုးစုံ ဆိုဒ်မျိုးစုံ ရှိသဗျာ။ ဟို့ မျက်မွေးလောက်ရှိတဲ့ ဝက်အူကနေ ဝက်အူ အကြီးကြီးတွေထိ လှည့်လို့ရတယ်။

 

လျှပ်စစ်ပစ္စည်းတွေကို ခဲဂဟေဆော်တဲ့ ဂေါက်ရှိတယ်၊ ဂဟေစုပ်ခွက်နဲ့ ထင်းရူးဆီ၊ ခဲဂဟေချောင်းတွေ ရှိတယ်။

 

ကျော် တစ်ခု ကံကောင်းတာက သားကလည်း အဲသဟာတွေ ဝါသနာပါတယ်။

သူ့ကို သင်ပေးသမျှ စိတ်ပါလက်ပါ လေ့လာပြီး ကိုယ်တိုင်လုပ်လေ့ရှိတယ်။

ကိုယ်က နည်းနည်းလောက် ဘေးက ကြည့်နေရုံပဲ။

ဟိုတစ်နေ့က တံခါးဘုလဲတာ ကျော်က နည်းနည်းလောက် ပြပေးရုံဘဲ။ သားလုပ်တတ်တယ် ဆိုပြီး သူ့ဘာသာသူ လဲတာ။

သားရေ ဖေရီး စက်ဘီးပေါက်လို့ ဖာပေးပါအုံးကွာ ဆိုရင်လဲ သူ့ဖာသာသူ ဖာတယ်။

 

ဒါပေမယ့် ခက်တာက ဒီကောင်က လူဗျင်း။

ပထမတစ်ခါပဲ ခိုင်းလို့ရတယ်။ သူသိသွားပြီဆို နောက်ဟာတွေကျ ခိုင်းလို့မရတော့ဘူး။ ဖေရီး၊ သား မအားဘူး။ ကွကိုယ်လုပ် ဆိုပါလာ့စ်။ ယခွမ်း

 

ကုတင်တို့၊ စားပွဲ၊ ကုလားထိုင်တို့ဝယ်ရင် သူတို့က အထုပ်လိုက်ပို့ပေးတာ။ ဝယ်ကတည်းက ဆင်ပေးရမလား ဆိုပြီး မေးတယ်။ သူတို့ကိုဆင်ခိုင်းရင် အနည်းဆုံး ၃၀ လောက် ပေးရတယ်ခညာ။ ကျော်လား။ ဘယ် သူတို့ကို ဆင်ခိုင်းနေမတုံး ဗျာ။ သားရေ ရော့ ဆိုပြီး manual စာရွက်လေးပေး။ သူက ဖတ်၊ ဖေရီး ဒါကိုဒီမှာတပ်၊ ဒီဝက်အူဒီမှာစုပ် ဆိုပြီး သူ့ကို ကိုယ်က ကူပေးရုံပဲ။ အကုန် ကွကိုယ် ဆင်ကြတာ။ ဆင်ခ ပိုက်ဆံ ၃၀ သူတို့ပေးမယ့်အစား ဘီယာဝယ်သောက်ရင် အနည်းဆုံး ၄ လုံးလောက်ရသဗျာ။ နော

 

ကိုယ့်လူတို့လဲ အဲသလို အိမ်က တိုလီမုတ်စလေးတွေ ကွကိုယ် လုပ်ကြည့်ပါလား။

ကိုယ်လုပ်တာ အောင်မြင်သွားလို့ ကိုယ့်လက်ရာလေးကိုယ်ကြည့်ပြီး ပီတိဖြစ်ရတာလဲ အရသာတစ်ခုပဲဗျ။

 

အေးငြိမ်း

(ကွကိုယ်လုပ်ရတာ ဝါသနာပါသူ)

၁၃ ဩဂုတ်စ်၊ ၂၀၂၆

Wednesday, July 29, 2026

Mind your business.

သည်ကနေ့ ကျွန်ုပ် MRT စီးဘို့တန်းစီနေတော့ ရှေ့က အမျိုးသမီးကျောကုန်းက စာတန်းတစ်ခုကို သွား ဖတ်မိ၏။

“Mind your business.” ဟူ၏။

ကိုယ့်ကိစ္စပဲ ကိုယ် ဂရုစိုက်ပါကွာ။

(သူများ သောက်ရေးတွေ ဝင်မပါချင်ပါနဲ့) ဟု အဓိပ္ပာယ်ရ၏။

ဤစာတန်းကလေးကိုမြင်တော့ ကျွန်ုပ်ခေါင်းထဲ အတွေးပေါင်း ၁၀၀၀၀ နှင့် ၆၀၀၀ ဝင်လာ၏။

 

ကျွန်ုပ်တို့သည် တခါတလေ ကိုယ်နှင့်မဆိုင်သည့်ကိစ္စများနှင့် အလုပ်ရှုပ်နေတတ်၏။

အထူးအားဖြင့် ကျွန်ုပ်သည် အရွယ်နုစဉ်အခါက သူများကိစ္စများနှင့် အတော် အလုပ်ရှုပ်ခဲ့ဖူး၏။ သူများကိစ္စနှင့် ရုံးရောက် ဂတ်ရောက် ရောက်ခဲ့ဖူး၏။ သူများကိစ္စနှင့် ငွေကြေးအတော်များများ ကုန်ခဲ့ဖူး၏။ ကိုယ်နှင့် တစ်ပြားသားမှမဆိုင်သော သူများကိစ္စနှင့် အခြားသူများနှင့် စကားများ ရန်ဖြစ်ခဲ့ဖူး၏။ သူများကိစ္စနှင့်ပင် ကိစ္စအတော် များခဲ့ဖူး၏။

 

အခု အသက် ၆၀ ကျော်လာလို့ ပြန်စဉ်းစားလိုက်တော့ ဤမျှမိုက်မဲသော အလုပ်များကို အဘယ်ကြောင့်လုပ်ခဲ့မိမှန်း ကျွန်ုပ်ကိုယ်ကျွန်ုပ် နားမလည်နိုင်ရိုးအမှန် ဖြစ်၏။ အဲလေ သူများဒုက္ခရောက်နေတာကို မကြည့်နိုင်လို့၊ မျက်စိရှေ့မှာ အမြင်မတော်လို့၊ လောကကြီးမှာ မဟုတ်တာနှင့် မဟတ်တာတွေ တွေ့လာရလျင် ဒီပြဿနာတွေကို ဖြေရှင်းဘို့ ဘုရားသခင်က ငါ့ကို လူ့ပြည်လွှတ်လိုက်တာပဲ ဟု တွေးထင်ထားသောကြောင့် ဖြစ်ပါလိမ့်မည်။

 

ကိုယ့်ကိစ္စမဟုတ်တာ ဝင်ပါမိလို့ ဒွတ်ခများရပုံအကြောင်း တွေးမိတော့ မောင်ထင်၏ “ထားဝယ်လုံချည်” ကို သွား သတိရမိ၏။

 

ထားဝယ်လုံချည်ကို ဘယ်နှစ်ခေါက်ပြန်ဖတ်ဖတ် ကျွန်ုပ်အဖို့ ရိုးသွားသည် မရှိပါ။ တစ်ခါဖတ်လျင် တစ်ခါကြိုက်သည်သာ ဖြစ်၏။

 

ဇာတ်လမ်းမှာ ပီဘိ ရိုးရိုးကလေးဖြစ်၏။

ရွာတစ်ရွာမှာ လင်မယား ရန်ဖြစ်၏။ ကျွန်ုပ်တို့ဇာတ်လိုက်ကြီး ကိုဒေါင်းက မနေနိုင်သဖြင့် ဝင်ရှင်း၏။

နောက်ဆုံး ဂတ်ရောက်ပြီး ဒဏ်ရိုက်ခံရတော့ ဒဏ်ကြေးဆောင်ရအောင် သူ့အစ်မပေးထားသည့် ထားဝယ်လုံချည်ကလေးကို ငွေ ၆ ကျပ်နှင့် အပေါင်ဆုံးသွားရပုံအကြောင်း ဖြစ်၏။

 

ဤသည်မှာ ကိုဒေါင်းသည် သူများလင်မယားကြား ဝင်ရှုပ်မိသဖြင့် ဒွတ်ခများရခြင်း ဖြစ်၏။

တစ်နည်းကား ကိုဒေါင်းသည် Mind your business. ကို မလေ့လာ မသင်ကြားခဲ့ရသောကြောင့် သူ့အစ်မကြီး ပေးထားသည့် ထားဝယ်လုံချည်လေး အပေါင်ဆုံးရခြင်း ဖြစ်သတည်း။

 

သို့သော်လည်းပေါ့လေ။ ကိုယ်နဲ့ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ၊ ဒုက္ခရောက်၊ ပြဿနာတွေတက်နေသူတွေကိုတော့ ကူညီကောင်းတယ် ထင်ပါရဲ့ (ပိုက်ဆံတော့ မချေးနဲ့နော)။

 

ဒါပေသိ တချို့ကိစ္စတွေမှာ မသိချင်ယောင်ဆောင်နေလိုက်တာ ပိုပြီး ဇယားရှင်းပါသည်။ ဒီခေတ်ကြီးမှာ လူတွေကလည်း သစ္စာရှိကြတာမဟုတ်။ ကျေးဇူးဆိုတာ ဂျိုနဲ့လားဟု မေးကြမည့်ခေတ် ဖြစ်၏။

 

သို့အတွက် ကူညီချင်လျင်တောင်မှ ကြည့်ကျက်ကူညီကြပါမည့်အကြောင်း စေတနာအပေါင်းနှင့် ကြေငြာမောင်း ခတ်လိုက်ရပြန်သည် ဟူလို။

 

အချိန်သိပ်မရလို့ ခပ်တိုတိုပဲ ရေးလိုက်ပါ၏။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၉ ဇူလိုင်လ၊ ၂၀၂၆

Friday, July 3, 2026

Proud of Your Job

သည်ကနေ့ အတန်းအားချိန်၌ ကျွန်ုပ်၊ ကိုပီတာနှင့် လဖက်ရည်ဆိုင်ထိုင်ရင်း ထွေရာလေးပါးပြောနေစဉ် မိတ်ဆွေ ထလိန်နာတစ်ဦး ပေါက်ချလာ၏။ သူနှင့်ကိုပီတာက တမီလိုပြောကြ၏။ ကျွန်ုပ်လည်း ပါးစပ်အဟောင်းသားနှင့် နားထောင်နေရ၏။

 

သူထွက်သွားမှ ကိုပီတာက ပြောပြ၏။

 

သူက Safety Officer လုပ်ချင်နေတာဗျ။ အဲဒါ MOM ကိုတင်တော့ reject ဖြစ်တယ်။ အဲဒီတော့ ကိုအေးငြိမ်းကလည်း စာရေးကောင်းတယ် ဆိုတော့ သူက ကိုအေးငြိမ်းကို သူ့အတွက် write up ရေးပေးစေချင်တာ။

 

အဲဒီတော့ ကျွန်တော်လည်း ပြောလိုက်တယ်။

ဒီမယ်ကိုယ့်လူရဲ့။ Write up ရေးတယ်ဆိုတာ ရီးစားစာရေးသလို စိတ်ရူးထင်ရာလျှောက်ပြီး ရေးချင်တိုင်း ရေးလို့မရဘူး။ ခင်ဗျားမှာ ဘာအတွေ့အကြုံတွေရှိသလဲ၊ Safety နဲ့ ပတ်သက်လို့ ဘာတွေလုပ်ခဲ့ဖူးသလဲ၊ အသေးစိတ်တွေ အကုန်သိဘို့ လိုတယ်။ နောက်ပြီး ခင်ဗျားက MOM ကို တစ်ခါတင်ပြီးသားဆိုတော့ အလျင်တင်ထားခဲ့တဲ့စာကိုလည်း ဖတ်ကြည့်ဘို့ လိုတယ်။ ဘာတွေရေးထားပြီး ဘာကြောင့် reject ဖြစ်သလဲ။ Review လုပ်ကြည့်ရမယ်။ blah blah blah . . .

 

သူက စီဗယ်အင်ဂျင်နီယာဗျ။ အင်ဂျင်နီယာမှ တကယ့် စီနီယာအင်ဂျင်နီယာကြီး။ ဆိုတော့ ဆက်ဆံရတာကလည်း ပရောဂျက်မန်နေဂျာတို့၊ အလုပ်ရှင်တို့၊ အရာရှိကြီးတွေနဲ့ ဆက်ဆံရတယ်။

 

အခု သူ ဒီရောက်လာတော့ သူ့ကို အလုပ်သမားတန်းတွေပဲ ပေးထားတော့ သူ အတော် စိတ်ပျက်နေတယ်။ သူက အင်ဂျင်နီယာကြီးဆိုတော့ အင်ဂျင်နီယာ ဒီပလိုမာတန်းတွေ၊ Supervisor တန်းတွေ သင်ချင်တယ်။ နေတာကလည်း ရီရွှန်းမှာဆိုတော့ အဝေးကြီး။

 

အခု သူက အလုပ်သမားတန်းတွေ သင်ရတော့ ဆက်ဆံရတာက အလုပ်သမားတွေ။ လာတာက ဗျောက်သောက်။ ပြောလို့ဆိုလို့ရတဲ့ကောင်တွေ ရှိတယ်။ ဂျစ်ကန်ကန်ကောင်တွေ ရှိတယ်။ စာအနည်းအပါး တတ်လို့ သင်လွယ် တတ်လွယ်တဲ့ကောင်တွေ ရှိသလို ဒီလိုပြောလို့လည်း မရ၊ ဟိုလိုပြောလို့လည်းမသိ၊ တကယ့် စောက်တလွဲ ကောင်တွေနဲ့လည်း တွေ့ရတယ်။ ဆိုတော့ သူ အတော်လေး ဓာတ်ပျက်နေတယ်။

 

ရောက်စတုံးက သူ့ကို second trainer မနက်တစ်တန်း၊ နေ့ခင်းတစ်တန်းပဲ ပေးတော့ အတော် ရင်ခံသွားတယ်။

 

(မှတ်ချက်။      ။ အလုပ်သမားသင်တန်းများ၏ လက်တွေ့ပိုင်း၌ ငြမ်းစင်တက်ရတာပါ၏။ ငြမ်းစင်မှာ နှစ်ထပ်ဖြစ်ပြီး အပေါ်ထပ်မှာ သင်တန်းဆရာ တစ်ယောက်၊ အောက်ထပ်မှာ သင်တန်းဆရာတစ်ယောက် ရှိရ၏။ အောက်က သင်တန်းဆရာမှာ အဓိကဖြစ်ပြီး အားလုံး သူပဲလုပ်ပြရ၏။ အပေါ်ထပ်က သင်တန်းဆရာမှာ second trainer ဖြစ်ပြီး ဘာမှ အထွေအထူး လုပ်စရာမလို။ အပေါ်တက်လာသည့် သင်တန်းသားတွေကို သူတို့လုပ်တာ မှန်/မမှန်ကြည့်ပြီး မှားနေလျင် ပြင်ပေးရုံရှိ၏။ second trainer အတွက် သင်တန်းချိန်ကို ၂ နာရီပေးထား၏။ သို့သော် လက်တွေ့လုပ်ချိန်မှာ တစ်နာရီထက် ပိုမကြာသည်ဖြစ်ရကား ကျန်သည့်တစ်နာရီမှာ ကော်ဖီသောက်ရင်း ဖေ့စ်ဘုတ်ပွတ်လျက် ရသောပိုက်ဆံ ဖြစ်၏။ အင်မတန် သက်သာသည့် အလုပ်ဖြစ်၏။

 

သည်တော့ ကိုယ့်ဆရာက မနက်ပိုင်းတစ်တန်း၊ နေ့ခင်းပိုင်းတစ်တန်းအတွက်ကို second trainer ပေးထားတော့ တစ်နေ့လုံးမှ နှစ်နာရီပဲလုပ်ရပြီး အချိန်တွေ သောက်စ်ကျိုးနဲ ပိုနေသည့်အတွက် ရင်ခံရခြင်း ဖြစ်သတည်း။ ဤကား စကားချပ်)

 

ဒီတော့ ကျွန်တော်က သူ့ကိုအကြံပေးတယ်။

မင်း သီလာ့ကိုပြော။ (သီလာ့မှာ အတန်းများကို စီစဉ်ပေးရသူဖြစ်၏။) ငါ ဒါတွေဒါတွေ တတ်တယ်။ ဒါတွေ ဒါတွေ သင်နိုင်တယ်။ အဲဒီအတန်းတွေရှိရင် ငါ့ကိုစီစဉ်ပေးပါကွာ ပြောထား။ သူတို့ အတန်းရှိရင် ထည့်ပေးလိမ့်မယ်။

 

နောက်တော့ သူ MEWP သင်တတ်မှန်းသိသွားတော့ အခု သူ့ကို Scissor Lift, Boom Lift သင်တန်းတွေ တောက်လျှောက်ပေးနေတယ်။ ဒါပေမယ့် အဲဒါကျတော့လည်း သူ မကြိုက်ပြန်ဘူးတဲ့ဗျ။

 

ကိုအေးငြိမ်းလဲ ဒါတွေသင်နေတာ သိပါတယ်ဗျာ။ MEWP တို့ ဖောက်ကလစ်တို့ဆိုတာ အင်မတန် သက်သာတဲ့အလုပ်။ မနက်ပိုင်း စာလေးသင်ပြီးရင် နေ့ခင်းကျ ‘ဟေ့ကောင်တွေ ဒါကို ဒီလိုလုပ်ရတယ်၊ ဒါကို ဒီလိုမလုပ်ရဘူး’ ပြပေးပြီး သူတို့ကိုလုပ်ခိုင်း၊ ကိုယ်က အနည်းအပါးပြင်ပေး၊ တယ်တူနိမ်ခတ်နေလို့ရတာကို။ ဒါပေမယ့် အဲဒါကိုလည်း သူမကြိုက်ဘူး။

 

(ကြားဖြတ်၍ပြောရလျင် သူ ဘာကြောင့် MEWP သင်တန်းကို မယူချင်မှန်း သည်ကနေ့မှ ကျွန်ုပ် Scissor Lift သင်တန်း သွားသင်တော့မှ သိရ၏။ MEWP သင်တန်း လက်တွေ့ကို ဟို့ ၃ ထပ်မှာ လုပ်ရ၏။ ၃ ထပ်ဆိုလို့ လွယ်လွယ်လေး မမှတ်နဲ့ ခညာ။ သူက Industrial building ဆိုတော့ တစ်ထပ်ကို ၆ မီတာလောက် (အဲဒါထက်တောင် ပိုချင်ပိုနိုင်ပါသည်) မြင့်၏။ သူ့ ၃ ထပ်က သာမန်အဆောက်အဦ ၆ ထပ်စာလောက် မြင့်၏။ ထိုအထပ်ကို တက်ဘို့ ယခင်က ဓာတ်လှေကား ရှိ၏။ သို့သော် ဓာတ်လှေကားမှာ မဖြစ်ညစ်ကျယ် သာမန် လူစီးဓာတ်လှေကားကလေးမဟုတ်။ ဓာတ်လှေကားထဲမှာ နာဠာဂီရိဆင်ကို အာဠာဝကဘီလူး တက်စီးထားသည့် အတွဲ ၄ တွဲစာလောက် ထည့်သယ်နိုင်သော ဧရာမ Cargo Lift အကြီးကြီးဖြစ်၏။

 

အမေရိကန်က အီရန်ကို နားဘန်ကျင်းသဖြင့် ၂၀% မျှသော ရေနံလမ်းကြောင်း ပိတ်သွားသည်ကို အကြောင်းပြ၍ ကမ္ဘာပေါ်ရှိနိုင်ငံများမှာ သူ့ထက်ငါ အပြိုင်အဆိုင် ဈေးတွေ လှိမ့်တက်ကြလေရာ ယခင်က တစ်လကို ၈၀ - ၁၀၀ လောက်သာ ပေးရသော ကျွန်ုပ်အိမ်မှ မီတာခမှာ ယခုအခါ ၃၅၀ လောက်ဖြစ်လာလေရာ . . .

 

လူ ၅၀ - ၆၀ လောက်တင်နိုင်သော ထို cargo lift ကြီးကို ယခင်က ၅ ယောက်လည်းစီး၊ တစ်ယောက်တည်းလည်း စီး လုပ်နေရာ မီးခများ မည်မျှတောင် ကျနေသည်မသိ။

 

ယခု ညောင်ဦးကမ်းပါးပြိုသဖြင့် စမ္ပာနဂိုရ်က နွားမကြီး ပေါင်ကျိုးသည့်ကိစ္စကြောင့် အဲစ်ဗားဆေ့က ထို ကာဂိုလစ်ကြီးကို ပျက်သည်ဆိုကာ ပိတ်ထားလိုက်လေတော့၏။ ဗိန်ပိန့်ပိန်

 

စက်ဘီးကို ကီလို ၂၀ လောက် မမောမပန်းဘဲ တောက်လျောက်စီးနိုင်သည့် ကျွန်ုပ်ပင်လျင် အပေါ်ရောက်တော့ လျှာတန်းလန်း ထွက်နေလေရာ ဗိုက်ပူပူကြီးနှင့် ကီလို ၈၀ လောက်လေးသည့် ခန္ဓာကိုယ်ကြီးကို သယ် တက်လာရသော ကျွန်ုပ်တို့ မိတ်ဆွေကြီးကို ကျွန်ုပ် ကိုယ်ချင်းစာမိရပါတော့သတည်း။

 

ကျွန်ုပ်သင်သည့်အတန်းကို သူစာမေးပွဲစစ်ရမည်ဖြစ်သဖြင့် သူနှင့်တွေ့၏။ ကိုယ့်လူ၊ ဒီနေ့ ဒီမှာလားဟု မေးတော့ ဒီကို နေ့တိုင်းလိုလို လာရတယ် ဟု မချိသွားဖြဲကလေး ပြောပါ၏။ တခါတလေ တက်ရသည့် ကျွန်ုပ်ပင်လျင် သေချင်စိတ် ပေါက်နေရာ နေ့တိုင်းတက်နေရသည့် သူ့ကို လွန်စွာမှ သနားမိပါတော့၏။ အင်း, ဒီပုံနဲ့ဆိုရင်တော့ ကိုယ့်လူ နောက် ၂ လ လောက်နေရင် ကီလို ၆၀ လောက်ထိ ကျသွားလိမ့်မယ် ဟု ပြောခဲ့ပါ၏။ ဤကား စကားမချပ်)

 

နောက်ပြီး ကိုအေးငြိမ်းလဲ Safety Officer လုပ်ဖူးတာပဲဗျာ။ သိပါတယ်။ MOM ဆိုလည်း ကိုယ့်ဆီရောက်လာ၊ NEA ဆိုလည်း ကိုယ်ပဲ ဖြေရှင်းရ။ အလုပ်သမားတွေက ပြောလို့မရ၊ မန်နေဂျာက ဖိထောင်းဆိုတော့ တကယ်လို့ သူသာ Safety Officer ဖြစ်လာရင်လည်း အဲဒီဒဏ်တွေ သူခံနိုင်မှာ မဟုတ်ဘူးဗျ။

 

အဓိကပြဿနာက ငါ ဘာကောင်ပဲဆိုပြီး သူ့ကိုယ်သူ မာန်မချနိုင်တာပဲဗျ။

ကျွန်တော်တို့လည်း အင်ဂျင်နီယာဒီပလိုမာတန်းတွေ သင်ချင်တာပေါ့ဗျာ။ ဒါပေမယ့် ကိုယ်က သူတို့ကုမ္ပဏီမှာ လုပ်နေရတာ။ သူတို့ မပေးတာချည်း ဘယ့်နှယ်လုပ်မလဲ။ ငါ့တော့ မပေးရကောင်းလားဆိုရင် ကိုယ်ပဲ စိတ်ဆင်းရဲ ရမှာပဲ။

 

ကျွန်တော်တို့တာဝန်က ကိုယ်သင်ရတဲ့အတန်းကို အကောင်းဆုံးဖြစ်အောင် သင်ပေးဘို့ပဲ မဟုတ်ဘူးလားဗျာ။

စူပါဗိုက်ဆာတန်းသင်လဲ ပိုက်ဆံရမှာပဲ၊ အလုပ်သမားတန်း သင်လဲ ပိုက်ဆံရမှာပဲ။ ကျွန်တော်တို့ အခုလုပ်နေတာ ဘာကြောင့်လုပ်နေတာလဲ။ ပိုက်ဆံရဘို့ပဲ မဟုတ်ဘူးလား။ အလုပ်သမားတန်းပဲ သင်သင်။ စူပါဗိုက်ဆာတန်းပဲ သင်သင် ပိုက်ဆံရ မပြီးဘူးလားဗျာ။

 

ဒီတော့ တကယ်လို့ သူသာ အဲဒီ ‘ငါဘာကောင်လဲ’ ဆိုတာကြီးကို ခွာချလိုက်နိုင်ရင် ပြီးပြီ။ သူ့ရဲ့ “ငါက စီနီယာ အင်ဂျင်နီယာကွ၊ ငါက အရာရှိကြီးတွေနဲ့ပဲ ဆက်ဆံလာတဲ့ အကောင်ကွ” ဆိုတဲ့ အဲဒီ မာနကြီးကို ဖယ်ပစ်လိုက်မှ အဆင်ပြေလိမ့်မယ်။

 

ကိုင်း အချိန်တွေလဲ ကျော်ကုန်ပြီ။ သွားကြစို့ရဲ့။

 

ကိုပီတာထွက်သွားတော့ ကျွန်တော် ငယ်ငယ်က ကျက်ခဲ့ဖူးသည့် ကဗျာလေးတစ်ပုဒ်ကို ရွတ်လိုက်မိပါသည်။

 

တောင်တွင်း ယဉ်မင်းကြိုင် ၏ နေကြာ (သို့မဟုတ်) သောကရာဇဝင်ကို ဖတ်ကြားခြင်း

 

ခဝါချထား၊ မာနများလည်း

ဖဝါးနုအောက်၊ အားပြုမှောက်လျက်

မြွေဟောက်အသေ၊ ကြွေခြောက်နေသလို

ဟန်တွေမပြ၊ မာန်ဖြေချလို့

တစ်စမဖြုံ၊ ဘဝဘုံမှာ

ကြုံသလိုပျော်၊ ကျွန်တော်နေကြာ

 

ဪ - အကျွန်ုပ်သည်လည်း မြွေဟောက်အသေ၊ ကြွေခြောက်နေသလို၊ ဟန်တွေမပြ၊ မာန်ဖြေချထားတာ နှစ် အတန် ကြာခဲ့ပါပြီ ပကောလေ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း (လေးမျက်နှာ)

၃ ဇူလိုင်၊ ၂၀၂၆