သူများအဖေတွေတော့
မပြောတတ်။
ကျွန်ုပ်သား၏
အဖေဖြစ်ရခြင်းကား သိပ်မလွယ်လှပါချေ။
သားငယ်ငယ်
ပရိုင်မာရီတက်နေစဉ်က သူတို့ကျောင်းက ဘီတယ်အထီးနှင့်အမ တစ်စုံ ပေးလိုက်၏။
သူတို့မျိုးပွားပုံကို လေ့လာဘို့ဆိုလား။ အဲသဟာနှင့် အဲသည်အကောင် ဇနီးမောင်နှံကို
ထမင်းထည့်သည့် ပလတ်စတစ်ဘူးထဲ၌ ကွေကာအုတ်ကို လေးပုံသုံးပုံလောက်ထည့်ကာ
မွေးထားလိုက်၏။ သိပ်မကြာခင် ကျွန်ုပ်တို့လည်း မြန်မာပြည်ကို အလည်အပတ် (တစ်လလားမသိ)
ပြန်ကြ၏။
ဗမှားပြည်က
ပြန်လည်းလာရော . . . အောင်မငီး . . . ဘူးထဲမှာ ဘီတယ်ကောင်တွေ ဖြစ်သည့်အကောင်ကဖြစ်
ဘီတယ် ဖြစ်လုဖြစ်ဆဲ ပိုးတောင့်တဲကောင်ကြီးများကလည်း မနည်း။ ဘူးတစ်ခုလုံး အဲသည်
အကောင်တွေနဲ့ ပြည့်ကျပ်နေရော ခညာ။ အဲသဟာနှင့် သားရယ် ဒီအကောင်တွေ ဖေရီးတို့
ဘာလုပ်ရမှာတုံးကွာဟု တောင်းတောင်းပန်ပန်နှင့် အောက်ဆင်း ကာ ခြုံများအတွင်း ဘေးမဲ့ လွှတ်ပေးလိုက်ရလေသော
ဟူ၏။
ဘီတယ်ကောင်တွေရှင်းသွားပြီး
များမကြာမီပင် ပုရွက်ဆိတ် မွေးချင်ရပြန်၏။ ပုရွက်ဆိတ်အထီးက အကောင်ငယ်တယ်။ အမက
အကောင်ပိုကြီးတယ်။ ပုရွက်ဆိတ်ပေါင်း ဘယ်လောက်မှာမှ ပုရွက်ဆိတ်အမက တစ်ကောင်ပဲရှိတယ်။
အဲဒီ ပုရွက်ဆိတ်အုံတုတ်ကို ပုရွက်ဆိတ်ဘုရင်မကြီးက အုပ်ချုပ်တာ . . blah blah blah,
ထားဇမ်းဘာခွာ။ မင့်ပုရွက်ဆိတ်ကို ငါက ဘာသွားလုပ်ရမှာတုံး။
ဒါပေသိ
မောင်မင်းကြီးသားက သူလိုချင်လျင် ဒါမှဒါ။ ဆိုတော့ ပုရွက်ဆိတ် အမတစ်ကောင်
လှမ်းမှာ၏။ စင်ကာပူ ဒေါ်လှ အစိတ်တောင် ပေးရ၏။ သားရယ်၊ ဗမှားပြည်မှာသွားဝယ်ရင်
အစိတ်ဘိုးဆို ပုရွက်ဆိတ်အုံ ၁၀ ခုလောက်တောင် ရပါသခွာ။ အာ . . မတူဘူး ဖေရီးရဲ့။ သူက
ကနေဒါကတောင် မှာယူထားရတာ . . . balh blah blah, အချိန်းအချက် လုပ်ပြီး Jurong
Point ၌ သူ့ပရွက်ဆိတ်မ,ကို သွားယူရ၏။ မစားရ မသောက်ရဘဲ ကျွန်ုပ်လည်း ပိုက်ဆံအစိတ်
ထွက်သွားလေ၏။
ပုရွက်ဆိတ်မ,ကြီးကို
ပလတ်စတစ်ဘူးထဲထည့်။ သူစံမြန်းဘို့ နန်းတော်လုပ်ပေး။ အစားအသောက်နှင့် ရေထည့်။
နောက်ပြီး လေဝင်ပေါက်လည်း လုပ်ပေးရသေးတယ်ခညာ။ ဝယ်ပြီး များမကြာမီပင်
ကျွန်ုပ်တို့တသိုက် ခရီးထွက်ကြ ပြန်လေ၏။ ဘယ်သို့ မြန်းကြမှန်း မမှတ်မိတော့။
ခရီးသွားရာက ပြန်လာတော့ ပုရွက်ဆိတ် ဘုရင်မကြီးမှာ သူစံမြန်း နေရာ နန်းတော်၌
မရှိတော့။ ဘယ်တိုင်းဘယ်ပြည်ကို ကြွချီတော်မူသွားသည်မသိ။ ကျွန်ုပ်မှာသာ
ပိုက်ဆံကုန်၊ အလုပ်ရှုပ်ရ၏။
ပုရွက်ဆိတ်မ,ကြီး
ပျောက်သွားပြီးသည့်နောက် ကျွန်ုပ်လည်း တိုက်အောက်ဆင်းကာ ပုရွက်ဆိတ်တွင်းများကို
လိုက်ရှာ ၏။ ပုရွက်ဆိတ်များသွားရာနောက်ကို နောက်ယောင်ခံကြည့်တော့
မောင်မင်းကြီးသားများက အကြိုအကြားများအကြား တိုးဝှေ့ပျောက်ကွယ်သွားရာ ကျွန်ုပ်လည်း
ပုရွက်ဆိတ် ၄ - ၅ တန်းမျှ နောက်ယောင်ခံကြည့်ပြီး “Hunt the Ant’s Queen Mission” ကို
လက်လျှော့လိုက်ရသော ဟူ၏။ လက်မလျှော့လို့လည်း မဖြစ်ပေဘူးခညာ။ တော်ကြာ
တိုက်အကြိုအကြား တွေကြား ကုန်းကုန်းကုန်းကုန်း နဲ့ သူခိုးဆိုပြီး ရဲလာဖမ်းနေမှ
ဟုတ်စ်ပေ့ ဖြစ်နေမယ်။ ထူးဆန်းပါပေ့
ဆတွတ်ရယ်။
နောက်တော့
ရွှေငါးလေးတွေ မွေးချင်တယ် ဆိုပြန်၏။ ကျွန်ုပ်လည်း စက်ဘီးတစ်စီးနှင့် အနီးအနားက
ဈေးများ၌ ရွှေငါး ရောင်းသည့်ဆိုင်များကို လိုက်စုံစမ်းရ၏။ ငါးကန်ဝယ်ပြီး
ရွှေငါးကလေး ၃ ကောင်ကို သေသေချာချာ ကျကျနန မွေးတာ ပါဘဲ။
အောက်ဆီဂျင်မော်တာလေးလည်းပါ၏။ အစာလည်း မနက်ပြန်ညပြန် မှန်မှန်ကျွေး၏။ သို့သော်
ဘာကြောင့်မှန်း မသိ၊ ရွှေငါးလေးတွေမှာ သိပ်မခံ။ ခဏနှင့် သေကုန်၏။ သေတော့
အသစ်ပြန်ဝယ်ထည့်၏။ နောက်ရောက်လာသည့် ကောင်လေးတွေမှာလည်း သိပ်မခံဘဲ သေကုန်ပြန်၏။
နောက်တော့ ကျွန်ုပ်လည်း မောင်မင်းကြီးသားကို တောင်းတောင်း ပန်ပန်နှင့်
ငါးကန်ကြီးပါ လွှင့်ပစ်လိုက်ရပြန်တော့၏။
ရွှေငါးလေးတွေကိစ္စပြီးပြန်တော့
ခွေးမွေးဘို့ ပူဆာပြန်၏။ သို့သော် ခွေးမွေးဘို့ကိုမူ ကျွန်ုပ် အကျောက်အကန်
ငြင်းဆန် ၏။ မွေးချင်တာကသူ။ တကယ်လုပ်ရမှာက ကျွန်ုပ်။ ခွေးချေးကြုံးရမည်။ အလုပ်မရှိ
အလုပ်ရှာကာ ခွေးလမ်းလျှောက် ပေးရမည်။ ရေချိုးပေးရအုံးမည်။ နေမကောင်းလျင် ဆေးခန်းသွားပြရမည်။
မဟန် မဟန်၊ ဘယ်လိုနည်းနှင့်မှ ကျွန်ုပ် လက်မခံနိုင်။
ကျွန်ုပ်သည်
အကောင်ပလောင်တွေ မွေးဘို့ရာ နည်းနည်းကလေးမှ စိတ်မဝင်စားပါ။ သည်အကောင်တွေ အသက်ဆက်
ဘို့ အလွန် ကရိကထများလှသောကြောင့် ဘာအကောင်ပလောင်ကိုမှ မမွေးချင်ပါ။ အဲလေ
အပင်လေးတွေစိုက်ဘို့တော့ စိတ်ဝင်စားပါသည်။
သို့နှင့်ပင်
စက်ကင်ဒလီ ရောက်လာ၏။ နည်းနည်းကြီးလာတော့ အကောင်မဟုတ်တော့။ အပင် ဖြစ်ပြန်၏။
ကျွန်ုပ်သည်
အပင်နှင့်ပတ်သက်၍ မြက်ပင်အကြောင်းတောင် ကောင်းကောင်းသိတာမဟုတ်။ မြက်မှာ မြေစာမြက်၊
သမန်းမြက်၊ ဆင်ငိုမြက်၊ ခွေးသေးပန်းမြက် (ဟုတ်ပေါင်)၊ နောက်ပြီး ဘာတယ်။
ဈေးကြီးပေးဝယ်ရတဲ့ ဂျပန်မြက်၊ ကိုးရီးယားမြက်၊ အာဂျင်တီးနားမြက် ဘာမြက်အကြောင်းမှ
မသိပါ။
သို့နှင့်
မအေးအေးမွန်ကို လှမ်း အပူကပ်ရ၏။ သူတို့က တန်းမှာချိတ်တဲ့ချိတ်၊ အိုးနှင့်တကွ
ပန်းပင်လေးတွေ လာပို့ပေး၏။ ပို့စကတော့ လှလှပပလေးပေါ့ဗျာ။ သို့ပေသိ သီတင်းပတ်
အနည်းငယ်အကြာ၌ အရွက်များပေါ်၌ အကွက်အကွက်များ ထ လာ၏။ မအေးမွန်ရေ၊ လုပ်ပါအုံးဟ ဟု
ဓာတ်ပုံရိုက်ပို့လိုက်တော့ သူက အဲဒါ နေလောင်တာ၊ အရိပ်ဘက် နည်းနည်း ရွှေ့ပေးဆိုတော့
ဟုတ်သွားပြန်၏။
ကျွန်ုပ်လည်း
မနက် အလုပ်မသွားမီတစ်ခါ၊ ညနေ အလုပ်ကအပြန်တစ်ခါ တစ်နေ့လျင် နှစ်ကြိမ်
ရေမှန်မှန်လောင်းပေး၊ တခါတရံ မြေဩဇာလေး နည်းနည်းဖြူးပေးလုပ်တော့ အပင်ကလေးများမှ
အပင်ကြီးများ ဖြစ်လာ၏။ ကြီးသမှ နွယ်ပင်ကြီးများ ဖြစ်လာလျက် အိမ်နံရံများ၊
မျက်နှာကြက်များဆီ အကုန် လျှောက်သွားကုန်ကြလေ၏။
ပထမတော့
အိမ်ရှေ့ဝရံတာမှ အောက်ဖက်ကို ချကြည့်၏။ သို့သော် အောက်ကလူတွေ
ကွန်ပလိန်းလုပ်မှာကြောက်၍ မိုးရေပိုက်၌ အပင်များကို ခွေကာပတ်ကာနှင့် တင်လိုက်ရ၏။
အပင်တွေက
နံရံပေါ်သုတ်ထားသည့် ဆေးများအောက်ကို တိုးဝှေ့ဝင်သွားပြီး ဆေးများ
အချပ်လိုက်ကွာကုန်လေရာ များမကြာမီပင် HDB က အပင်များအားလုံးရှင်းပေးပါဟု
စာလာကပ်သွားလေ၏။ တူနယ်တဲ့နယ်
သို့နှင့်
ကျွန်ုပ်လည်း ရေလောင်း၊ ပေါင်းသင်၊ မြေဩဇာထည့်နှင့် တသသ မွေးမြူထားရသည့်
နွယ်ပင်ကြီးများကို နှမြောလှစွာနှင့် အကုန်ရှင်းလိုက်ရလေတော့၏။ အဟင့် ရွှတ်စ်
နောက်တော့
သားနှင့်ကျွန်ုပ် စက်ဘီးကိုယ်စီစီးကာ Old Chua Chu Kang ဘက်မှ နပ်စရီဖမ်းများသို့
သွားကြ၏။ အပင် လေးတွေမှာ လှလှပပ၊ စုံစုံလင်လင် ရှိလှ၏။ လှလှပပပန်းပင်လေးများကို
ပန်းအိုးနှင့်တကွ ဝယ်ခဲ့၏။
ပန်းပင်လေးများကို
သူ့အခန်းထဲ ထားချင်ပါတယ် ဆိုသဖြင့် ကျွန်ုပ်လည်း နံရံမှာ အပေါက်များ ဖောက်လျက်
တန်းလုပ် ကာ ပန်းအိုးများကို ချိတ်ဆွဲပေးရ၏။ သို့သော် နေ၊ လေတို့လိုရကား
အပင်လေးများမှာ ညှိုးငယ်လာသဖြင့် အပြင် ထုတ်ရပြန်၏။ ယခွမ်း
ကျွန်ုပ်လည်း
ယုယုယယနှင့် ရေလောင်းပေါင်းသင် လုပ်ပေးတာပါဘဲ။ သို့သော် သိပ် ကြာကြာမခံ။
တစ်နှစ်ကျော်ကြာ လာသော် အပင်လေးများမှာ အိုလာပြီး တဖြုတ်ဖြုတ်နှင့်
တစ်ပင်ပြီးတစ်ပင် အနိစ္စသဘောနှင့် ကိစ္စချောကုန်ကြလေ သတည်း။ နောက်ဆုံး
တစ်ပင်ပဲကျန်တော့ရာ ခုထိ ရေလောင်းပေးနေပါ၏။ သို့သော် အပင်ကလေးမှာ မသေရုံအသက်မျှ
ရှိတော့လျက် ဘယ်လိုမှ ဝေဝေဆာဆာ ဖြစ်မလာတော့။
ကျွန်ုပ်
လက်သမားဆရာ လုံးလုံးဖြစ်ရပြန်ခြင်း
==================================
အခုကျတော့
အကောင်လည်းမဟုတ်၊ အပင်လည်းမဟုတ်။ အသံဘက် ရောက်သွားပြန်၏။
ဟို့
ဓာတ်ပြားခေတ်က ဓာတ်ပြားကြီးတွေ ဝယ်၏။ အနှီဓာတ်ပြားကြီးများကို ဖွင့်ဘို့
ဓာတ်စက်တစ်လုံးလည်း ဝယ်၏။
ကျွန်ုပ်
စင်ကာပူလာစ ကာလများက သီချင်းတိပ်ခွေတွေ သယ်လာ၏။ အများကြီးခင်ဗျာ။ တစ်ခါပြန်
တစ်ခါယူလာတာ ဆိုတော့ မရှိဘူးဆို ခွေ ၅၀ လောက်တော့ အနည်းဆုံးရှိမည်။ နောက် MP3, MP4,
MP900501 တွေ ပေါ်လာတော့ ထိုတိပ်ခွေကြီးများနှင့်ကက်ဆက်ကို ကျွန်ုပ်လည်း
လွှင့်ပစ်လိုက်၏။
ဤကဲ့သို့
အလွန်တန်ဘိုးရှိလှသော တိပ်ခွေများကို လွှင့်ပစ်ရပါမည်လားဟု ကျွန်ုပ်ကို
အပြစ်တင်တော်မူ၏။
သားရယ်
သားကိုဝယ်ပေးထားတဲ့ spotify မှာ သီချင်းတွေ ထောင်ပေါင်းများစွာရှိပါသကွာဆိုတော့
မတူဘူး ဆိုပါလား။ ဘာမတူတာလဲ ကျွန်ုပ်တော့ နားမလည်ပါ။
ကျွန်ုပ်အဖို့တော့
သီချင်းပဲ၊ ဓာတ်ပြားဖြစ်ဖြစ်၊ တိပ်ခွေဖြစ်ဖြစ်၊ အွန်လိုင်းကပဲဖြစ်ဖြစ်
နားထောင်ရပြီးရော မဟုတ်လား ခညာ။
ကျွန်ုပ်
သဘောတူမည်မဟုတ်မှန်း သိနေသဖြင့် သူ့အမေကို ညာတာပါတေးနှင့်ခေါ်သွားကာ
မောင်မင်းကြီးသားက Home Theater System ကြီး ဝယ်လာ၏။
(ဘာလုပ်ဖို့ဖြစ်မတုံး၊
နားအရသာခံဘို့ပေါ့ ခညာ)
ဘယ်လောက်ပေးရတုံးဆိုတော့
၅၀၀ လိုလို ပြော၏။ အဆူခံရမှာစိုးလို့ အတိအကျမပြော။
သူက
AI အကူအညီဖြင့် ဟိုနေရာမှာ Sub-woofer ထားမည်။ ဒီနေရာမှာ Surround Speaker ထားမည်။
ဒီနေရာမှာ ကတော့ Right Front Speaker ကို ဘယ်လောက် အမြင့်မှာထားမည်။
သူထိုင်သည့်နေရာနှင့် မည်မျှအကွာအဝေး၊ မည်သည့်ထောင့်မှာ ရှိရမည် အားလုံး တွက်ချက်
နေရာချ၏။ ပြဿနာက သည်မှာတင်မပြီး။
ဘာခေါ်မလဲ၊
Surround Speaker ဆိုလားတင်ဘို့ နံရံကပ်စင် ဆင်ရမည်။ တစ်ခုတည်းမဟုတ်။ ဘယ်တစ်ခု
ညာတစ်ခု။
သူ
သီချင်းများဖွင့်သည့်အခါ ဘေးဘယ်ညာ၊ အပေါ်အောက်အခန်းများကို အနှောက်အယှက်မဖြစ်စေရန်
ထို speaker ကြီးများအောက်တွင် တုံခါမှုနှင့် ဆူညံသံကိုစုပ်သည့်ပုံးများ
ခံထားရမည်ဆို၏။ အောင်စ်မငီး
ဘယ်သူ့ပြဿနာမတုံး။
ကျွန်ုပ်ဆီရောက်လာသဟာပေါ့ခင်ဗျာ။
သူက
ဆောင်းဘောက်အောက်ခံပုံးများကို အလျား၊ အနံ၊ အမြင့် အတိုင်းအတာများနှင့်တကွ
ပုံဆွဲပြီး လာပေး၏။
အောက်ဘက်မှာ
ရာဘာဆင်းဒွစ်ညှပ်မည်။ ပုံးထဲမှာတော့ သဲဖြင့် ဖြည့်မည်။
သည်တစ်ခါပရောဂျက်ကတော့
အတော့်ကို အီစလန်ဝေအောင် လုပ်လိုက်ရ၏။ ကျွန်ုပ်က တစ်ပတ်ကို ၇ ရက်စလုံး
အလုပ်လုပ်တော့ အလုပ်ကပြန်လာပြီး ညဘက်ကျမှ လုပ်ရတာ ဖြစ်၏။ ဩဂုတ်လ ၂၃ ရက်ကစလုပ်လိုက်တာ
စက်တင်ဘာလ ၇ ရက်ကျမှ အားလုံးပြီး၏။ စုစုပေါင်း ၁၆ ရက် ကြာ၏။
စုစုပေါင်း
စင်နှစ်ခုနှင့် ပုံး ၄ လုံး လုပ်ရ၏။
စင်အတွက်
သူ့ဘာသာသူ အီကီယာကနေ သွားဝယ်၏။
သူ့ပုံးတွေလုပ်ဖို့
သစ်သားလို၏။ သစ်သားတွေ ဖြတ်ဘို့တောက်ဘို့ လွှလို၏။
ကျွန်ုပ်မှာ
လက်ထိုးလွှအကြီးနှင့် band saw အသေးတစ်ခုရှိ၏။ သို့သော် သည်ပုံးတွေလုပ်ဖို့
သည်လွှများလောက်နှင့် အလုပ်မဖြစ်နိုင်။ ထို့ကြောင့် ကျွန်ုပ်က Shopee မှနေ၍
Circular Saw တစ်ခု မှာလိုက်၏။ $41 ပေးရ၏။ ဩဂုတ်လ ၂၂ ရက်နေ့တွင် ရောက်လာ၏။
စမ်းမောင်းကြည့်လိုက်တော့
. . .
အာလာမာ့
. . .
အဖိုးနည်းတော့
အိုးကွဲပဲ ရတာပေါ့ခညာ။
လွှသွားအဝိုင်းဗဟိုနှင့်
စက်၏ဗဟိုချက်က အတိအကျမဟုတ်ဘဲ မဆိုစလောက် ထူးအိမ်သင်ဖြစ်နေ (ဟုတ်ပေါင်) နည်းနည်းလေး
လွဲနေ၏။ ယင်းဂလစ်ရှ်လို eccentric ဟုခေါ်၏။ ထို့ကြောင့် ခလုတ်ကိုဖွင့်လိုက်သည့်အခါ
ညက်မနေဘဲ အနည်းငယ် ခါ နေ၏။ စမ်းဖြတ်ကြည့်လိုက်တော့ လွှသွားရာမှာ 5 mm လောက်
ဖြစ်နေ၏။ လွှသွားဝိုင်းကို ပြန်ဖြုတ်၊ ပြန်တပ်ကြည့်၏။ မထူး။ ကျွန်ုပ်လည်း အနည်းငယ်
စိတ် စနိုးစနောင့် ဖြစ်သွား၏။ သားက ဖေရီးက ဈေးပေါတာတွေ လျှောက်ဝယ်တာကိုးဟု
အပြစ်တင်တော်မူ၏။ အေးဘာခွာ စ်
လွှတော့ရလာပြီ။
ဖြတ်စရာ ပျဉ်ချပ်တွေလိုက်ရှာရဦးမည်။
စင်ကာပူကပဲ။
ဘယ်မှာ လွယ်လွယ်ကူကူ ပျဉ် ဝယ်လို့ရမလဲခင်ဗျာ။
ထို့ကြောင့်
ကျွန်ုပ်က အနည်းငယ် လူခြေတိတ်ချိန်၌ ဘလောက်များအောက်သို့ စက်ဘီးတစ်စီးနှင့်
ပတ်ကြည့်၏။ 663C အောက်တွင် ကုတင်ခင်းသည့် အထပ်သားပြား၊ ကပ်လျက် 664A အောက်တွင်
ဘီရိုကိုဖျက်ထားသည့် သစ်သားပြားများ တွေ့၏။
သစ်သားပြားများမှာ
နီညိုရောင်နှင့် အတော်လေး ကောင်းသေး၏။ သိပ်မပျက်စီးသေး၊ ကြည့်လိုက်လျင်
အသစ်ကျပ်ချွတ် အတိုင်း ထင်ရ၏။ သို့သော် အလေးချိန်သိပ်မစီး၊
ခပ်ပေါ့ပေါ့ဖြစ်ကြောင်း သတိထားမိ၏။ သို့နှင့် အိမ်ပြန် လက်တွန်းလှည်းယူကာ
ထိုအပြားများကို ဝမ်းသာအားရ အကုန် မ,ချလာ၏။
သို့တိုင်
သည်အပြားများကို သည်အတိုင်း ကောက်ကက်ဖြတ်လိုက်လို့ မဖြစ်သေး။ 1000 Watt ရှိသော
Circular Saw မှာ အတန် ပါဝါပြင်းရကား ၎င်းကထွက်လာမည့် အမှုန်များဖြင့် တစ်အိမ်လုံး
ရွဲကုန်လိမ့်မည်။ သို့အတွက် ဧည့်ခန်းထဲက စားပွဲကို ကောက်လာသည့်
အထပ်သားပြားများဖြင့်ကာလိုက်၏။ အပေါ်ကို အသင့်ရှိနေသော တာပေါ်လင်စဖြင့်
အုပ်လိုက်တော့ အလုပ်စားပွဲတစ်လုံး ဖြစ်လာ၏။ သစ်သားပြားများကို ညှပ်ရန် M10 F-Clamp
နှစ်ခုဝယ်၏။ တစ်ခုကို ၇ ကျပ်ခွဲပေးရ၏။
ထို့နောက်
သူပေးထားသည့်ပုံကိုကြည့်ကာ တိုင်းထွာ၊ မျဉ်းများဆွဲ အမှတ်အသားများပြု။
ကောက်လာသည့်
နီညိုရောင် အပြားကို စမ်းဖြတ်ကြည့်လိုက်တော့ . . .
OMG
ပျဉ်ပြားများမှာ
အမှန်အကန်သားများ မဟုတ်ဘဲ အကြံအဖန်သားများ ဖြစ်နေလေ၏။
အထဲမှာ
ဘောင်လေးတွေခွေကာ အထပ်သားပြားများဖြင့် အုပ်ထားတာ ဖြစ်၏။ အပေါ်က
ဖော်မိုက်ကာပြားများ ကပ်ထားတော့ အောင်မယ် ဟုတ်တိပတ်တိ
တကယ့်သစ်သားအစစ်ကြီးတွေလိုလို ဘာလိုလို။ ဒါကြောင့် ပေါ့ပါတယ် ထင်နေတာကိုး။ ယခွမ်း
ကျွန်ုပ်လည်း
ကောက်လာသည့် ထိုအပြားကြီးများကို အကုန် ပြန်ပစ်လိုက်ရလေသော ဟူသဒတ်။ ကတောက်စ်
ဆရာသမားက
Safety first ဆိုကာ ကျွန်ုပ်ကို dust mask, ear plug, handglove များ
အကုန်ဝတ်ခိုင်း၏။ သူလည်း နားကြပ်နှင့် mask နှင့်။
စက်က
နည်းနည်းခါနေတာဆိုတော့ ဖြတ်ကာစမှာ သိပ်အဆင်မပြေ။ ဟိုဘက်ပြေးလိုက်၊ ဒီဘက်ပြေးလိုက်။
နောက်ပြီး အပြားများမှာ သစ်သားမဟုတ်။ အားလုံး ကြိတ်သားချည်းဖြစ်သဖြင့်
နည်းနည်းလေးမှ အထိမခံ။ တစ်မိနစ်လျင် အပတ်ရေ တစ်သောင်းနီးပါး လည်နေသည့်
လွှပြားနှင့် ထိလိုက်သည်နှင့် ပဲ့ထွက် စားကုန်တော့၏။ ထို့ကြောင့် အလွန့်ကို သတိထား
ဖြတ်ရ၏။ တစ်ပြားနှစ်ပြားလောက်ဖြတ်ပြီးတော့မှ အထာသိသွားပြီး ကောင်းကောင်း
ထိန်းနိုင်လာတာဖြစ်၏။ သို့သော် တစ်ညနှင့် အကုန်မပြီး။ ဖေရီး တော်တော့၊ တော်ကြာ
အကုန် ကွန်ပလိန်းလာလိမ့်မယ်ဟု ဆရာသမားက သတိပေးသဖြင့် ရပ်လိုက်ရ၏။
ဟုတ်တိပတ်တိ
မ,လာသည့် အပြားများကို အကုန်ပစ်လိုက်ရတော့ နောက်ထပ် အပြားများ ထပ်ရှာရသဖြင့်
တစ်ခါတည်း နှင့် အကုန် မဖြတ်လိုက်နိုင်သေး။ အပြားကလည်း ရှာရခက်သဗျာ။
အဓိကလိုသည့်အပြားများကို
အကုန်ဖြတ်ပြီးတော့ တစ်အိမ်လုံးလည်း ဖုန်များနှင့် ပြည့်သွားလေ၏။ လိုသည့်အပြားများ
ဖြတ်ဘို့ ၄ ရက်လောက် အချိန်ယူလိုက်ရ၏။ နောက်ထပ်လိုသည့် အပြားများကို
လက်ထိုးလွှနှင့်ပဲ ဖြတ်တော့မည်ဟု working table ကို အကုန်ပြန်ဖြုတ်လိုက်၏။
ဖုန်များကိုလည်း တတ်နိုင်သမျှ အကုန်ရှင်းရ၏။
လွတ်လွတ်လပ်လပ်သာ
ဖြတ်ရမည်။ ဘေးအိမ်တွေလည်း မပူရ၊ ဖုန်အတွက်လည်း မပူရ၊ သစ်သားပြားများကလည်း အကုန်
အပြည့်အစုံရှိသည်ဆို တစ်နာရီ၊ အလွန်ဆုံး ၂ နာရီလောက်ဆို အကုန်ပြီးပါသည်။ သို့သော်
HDB တိုက်ခန်း ဖြစ်သဖြင့် အကန့်အသတ်တွေက များလှ၏။
ကျန်သည့်
fabrication ပိုင်းကတော့ သိပ်မခက်တော့ပါ။ ကျွန်ုပ်မှာ drill မျိုးစုံ၊ size စုံ၊
ဝက်အူမျိုးစုံ အရွယ်စုံရှိသဖြင့် အလွယ်တကူပင် ဆင်နိုင်၏။ ဝက်အူမစုပ်မီ ဦးစွာ drill
bit သေးသေးလေးနှင့် လမ်းကြောင်းပေးရ၏။ အပြားတွေက သိပ် မထူသဖြင့် နည်းနည်းလေးမှ
လွဲလို့မရ။ 90’ တည့်တည့်ဝင်သွားဘို့လို၏။ ဟော drill နှင့်လည်း ဖောက်ပေးလိုက်ရော
ဝက်အူများမှာ ရှောရှောရှူရှူ၊ ဘာပြဿနာမှ မရှိဘဲ ဝင်သွား၏။
သားကလည်း
drill ကို သူဖောက်မည် တကဲကဲဖြစ်နေ၏။ သို့သော် သူက ဝ,တော့ ဆောင့်ကြောင့်
မထိုင်နိုင်။ ကြမ်းပြင်ပေါ်မှာ ထိုင်ချပြီး အဝေးကလှမ်းဖောက်တာဖြစ်၍
ဘယ်လိုနည်းနှင့်မှ 90’ အတိအကျ မရနိုင်။ သို့အတွက် အသာနေပါကွာ ဖေရီးဖောက်ပြီးမှ သား
ဝက်အူစုပ် ဟု ပြောရ၏။
သားက
6 mm ထူသည့် EPDM အပြားကြီး မှာ၏။ Size 600 x 600 ရှိ၏။ ၎င်းကိုဖြတ်တောက်ပြီး
အောက်က အပြား နှစ်ပြားအကြားညှပ်၏။ နောက်ပြီးတော့ ဝက်အူအရှည်နှင့် စုပ်လိုက်တော့
သူလိုချင်သည့် vibration absorber base ရသွား၏။
နောက်ပြဿနာက
ထိုပုံးထဲဖြည့်ဘို့ သဲ ဖြစ်၏။
သူက
ဖေရီး၊ သဲဝယ်မယ်နော် ဆိုတော့ ကျွန်ုပ်လည်း ခပ်ပေါ့ပေါ့ပင် ဝယ်လကွဟု
မီးစိမ်းပြလိုက်၏။
များမကြာမီ
သဲအိတ်ရောက်လာ၏။ ငင့် သဲက မဖြစ်စလောက်။ သား အဲဒါ ဘယ်လောက်လဲဆိုတော့ 5 kg ဆို၏။
ဘယ်လောက်ပေးရတုံးဆိုတော့ $8, ငင့် - တေဗျဇီ။ ကြည့်လိုက်တော့ Garden sand ဟု
ရေးထား၏။ သားရယ် construction သဲဝယ်ရင် ၁ ကျပ် ၂ ကျပ်ဆို အများကြီးရပါသကွာ ဆိုတော့
သား ဖေရီးကို မေးသားပဲဟု ပြန်ပြောသဖြင့် ကျွန်ုပ်လည်း ဇက်ကလေး အသာပုသွားရလေသော
ဟူ၏။
ပုံးထဲကို
သဲထည့်လိုက်သော သဲမှာ ဖင်ကပ်သာသာပဲရှိ၏။ အပင်တွေစိုက်တုံးက မြေကြီးများကို
ကျွန်ုပ်က ပန်းအိုးထဲ၌ သည်အတိုင်းထားလေရာ ထိုမြေကြီးများကိုယူကာ သဲ ၅
ကီလိုနှင့်ရောလိုက်တော့ တစ်ပုံးပြည့်သွား၏။ နောက်တစ်ပုံး အတွက်မူ ကျွန်ုပ်က Google
၌ Construction Material Supplier ဟု ရှာလိုက်တော့ ကျွန်ုပ်တို့ရုံးနှင့်
သိပ်မကွာသည့် JooKoon Circle တွင် ဆိုင်တစ်ဆိုင်တွေ့၏။ ဖုံးဆက်မေးတော့ ကနေ့ညနေ ၄
နာရီ ဆိုင်ပိတ်မယ် ဆို၏။
ထမင်းကို
နည်းနည်းစောစားပြီး လက်စွဲတော် စက်ဘီးလေးနှင့် ထွက်ခဲ့။ သိပ်မရှာလိုက်ရပါ။
ဆိုင်ကိုတွေ့၏။ ကျွန်ုပ်လည်း သဲ ကီလို ၂၀ ဝယ်လိုက်၏။ Concrete sand ကီလို ၂၀ မှ
$2.70 ပဲ ပေးရပါသည်။ အသင့်ယူလာသည့် ဆန်အိတ်ခွံထဲ၌ ၁၀ ကီလိုစီခွဲထည့်ပြီး
စက်ဘီးလက်ကိုင် တစ်ဘက်တစ်ချက်၌ ချိတ် သယ်လာခဲ့၏။ ဘယ်ဗျာ၊ ငယ်ငယ်တုံးကလည်း
စက်ဘီးဘားတန်းပေါ်မှာ ကောင်မလေးကို တင် တင် (ဟုတ်ပေါင်) နင်းဖူးတာဆိုတော့ ကီလို ၂၀
လောက်တော့ ဘယ်ဖြုံလိမ့်မတုံး။ (လဂါးပြောတာ၊ မနည်း ချွေးပြန်အောင် နင်းရတယ်ဗျို့)။
အဲဒါတင်
ဘယ်ဟုတ်လိမ့်မတုံးဗျာ။ သူ့စင်အတွက် နံရံကို အပေါက်ဖောက်ဖို့ Concrete drill
ကြီးငှားလာတာကလည်း လေးလိုက်တာ မပြောပါနဲ့တော့။ ဖေရီး ဖြည်းဖြည်းနင်းနော်။
ပလက်ဖောင်းပေါ်ကပဲနင်း၊ ကားလမ်းပေါ်လုံးဝမတက်နှင့် သားကလည်း တဖွဖွ မှာပါ၏။
ကျွန်ုပ်လည်း စုစုပေါင်း ကီလို ၃၀ လောက် လေးတာကြီးသယ်လျက် Tuas ကနေ Boon Lay
ရောက်အောင် သတိကြီးစွာထားလျက် နင်းလာရသော ဟူသတတ်။
သို့တိုင်
သဲကီလို ၂၀ မှာ သူ့ပုံးနှင့်ပြည့်ရန် အတန်လိုနေသေးသည်ဖြစ်ရကား ကျွန်ုပ်လည်း
မြေကြီး အလီဘာဘာလုပ်ရန် ထမင်းစားပြီးတော့ ထွက်ခဲ့ရပြန်ချေ၏။ (ရုံးကပြန်လာတော့ AYE
လမ်းဘေးမှာ လမ်းပြင်ဘို့လား ဘာလားမသိ၊ မြေကြီး များ တူးထားတာ တွေ့ခဲ့၏။) သားက
စိတ်မချ။ ဖေရီး၊ တော်ကြာ မြေကြီးခိုးလို့ဆိုပြီး ရဲဖမ်းထားအုံးမယ်။ မြေကြီး ၂
ကော်လောက်နဲ့ ဖမ်းမယ်ဆိုလည်း ဖမ်းပေ့စေပေါ့ သားရယ် ပြောကာ ဆန်အိတ်လွတ်တစ်ခုနှင့်
ထွက်ခဲ့၏။
အဘားလေး၊
ကျွန်ုပ်က မြေကြီးထင်ထားသည့်အရာများမှာ မြေကြီးမဟုတ်၊ Lean concrete ခင်းရန်
ကျောက်ခဲ၊ သလဲ များ ရောထားသည့် မြေစာများဖြစ်ရကား အလွန် လေးလှချေ၏ တကား။
အိမ်ပြန်ရောက်လို့ သဲ ကီလို ၂၀ နှင့်ရောကာ ပုံးထဲလည်း ဖြည့်ထည့်လိုက်ရော
ပုံးကြီးမှာ မမ,နိုင်လောက်အောင်ကို လေးသွားလေတော့၏။ ကျွန်ုပ်လည်း ချိန်စက်ယူ
ချိန်ကြည့်ရာ ပုံးလေးမှာ သိပ်ပင် မကြီးလှသော်လည်း ကီလို ၃၀ လေးကြောင်း သိရ။
ဝက်အူများဖြင့်စုပ်ထားသည့်
ကျွန်ုပ်၏ ကြိတ်ပြားများမှာ သည်အလေးချိန်ကို ကြာကြာခံနိုင်မည်မထင်။ သို့အတွက်
သားရေ၊ ခဏနေအုံးကွာ ဟု ဆိုတာ နောက်နေ့တွင် ဘရက်ကက်များဝယ်ကာ အားလုံးကို
ချုပ်လိုက်ရလေ၏။ သဲများ မှာ အလွန်လေးရကား အောက်ခံပြားကြီးမှာ ခွက်ကျလာ၏။
အောက်ခံပြားများအောက်တွင် ရာဘာခြေထောက်တုံးလေးများ တပ်ထား၏။ သို့နှင့်
ရာဘာပြားတစ်ချပ် ထပ်မှာကာ အခင်းအောက်၌ ပီဗီစီကော်နှင့်ကပ်ကာ ထပ်ပိုးလိုက်ရ၏။
တကယ်လုပ်ရတဲ့
ကျုပ်မပြောနဲ့။ ခညားတို့တောင် ဖတ်ရတာ အတော် မောသွားပြီ မဟုတ်လား။
တော်ပြီဗျာ။
ပြောရတာ မောထှာ အိပ်တော့မယ်။
အဲသဟာကြောင့်
ကျုပ်သားရဲ့အဖေဖြစ်ရတာ မလွယ်ဘူးလို့ ပြောသဟာပေါ့ ခညာ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၁
စက်တင်ဘာ၊ ၂၀၂၆