Showing posts with label General. Show all posts
Showing posts with label General. Show all posts

Thursday, August 13, 2026

ကွကိုယ်လုပ်ခြင်း အနုပညာ

ကျော်က လက်မှုကိစ္စလေးတွေ ကိုယ့်ဘာသာလုပ်ရတာ ဝါသနာပါတယ်။

ဟိုတစ်နေ့က ပန်းကန်ဆေးတဲ့ ရေစင်မှာ ရေပိုက်ခေါင်းက ရေတွေ တစက်စက်နဲ့ ယိုစိမ့်ကျလာတယ်။ အဲဒီခေါင်း တပ်ထားတာ တစ်နှစ်ပဲရှိသေးတယ်။ မနှစ်က ဇူလိုင်လ ၁၄ ရက်နေ့မှာ တပ်တာ။ (ကိုယ်က ပစ္စည်းတွေ ဝယ်လာတယ်၊ တပ်တယ်ဆိုရင် ဝယ်တဲ့ရက်စွဲ၊ တပ်တဲ့ရက်စွဲတွေ မှတ်ထားလေ့ ရှိတယ်။ ရေခဲသေတ္တာ ဝယ်လာတယ်နော်။ ရေခဲသေတ္တာပေါ်မှာ ဝယ်တဲ့ရက်စွဲ ရေးထားတယ်။ နောက်ပြီး ပန်ကာ၊ ရေနွေးအိုး စသဖြင့်ပေါ့။ နောက်ဆုံး မနက်ပြန် ညပြန် ဆေးထိုးနေရတဲ့ အင်ဆူလင်ဆေးပိုက်ပေါ်မှာတောင် ဆေးထိုးပိုက် အသစ်ထုတ်လာရင် အသစ်ထုတ်တဲ့ရက်စွဲကို ရေးထားတာ။ ကော်ဖီပုလင်း ဖောက်ရင်လည်း ဘယ်နေ့က ဖောက်တယ်။ ကောင်မလေးအသစ်တစ်ယောက်နဲ့ တွဲရင်လည်း ဘယ်နေ့က စတွဲ . . . တွဲ . . . ဟုတ်ပေါင်၊ မွှားလို့၊ အဟိစ်)

 

ဆိုတော့ ရေပိုက်ခေါင်းလဲဘို့ hardware shop မှာ ရေပိုက်ခေါင်းဝယ် (အစိတ်ပေးရတယ်), အိမ်ပြန်ရောက်တော့ ကွကိုယ်တပ်။ ဟော တစ်နာရီအတွင်း ပြီးတယ်။ (အမှန်ဆို ပိုက်ခေါင်းတပ်တာက ခဏပါ။ ဒါပေသိ သိတယ်မှလား။ ဘေစင်အောက်မှာ ရှိသမျှ အိုးတွေခွက်တွေ ပလုံးတွေ စုဆောင်းထည့်ထားတာဆိုတော့ အဲဒါတွေ ဖယ်နေရတာက အချိန်ပိုကုန်တယ်။ ပိုက်ခေါင်း တပ်ပြီးတော့လည်း အဲဒီနေရာက အမှိုက်သရိုက်တွေကို ရှင်းအုံးဟဲ့၊ ရေပတ်တိုက်အုံးဟဲ့ နဲ့ အတော်အလုပ်ရှုပ်တာ။ နောက်ပြီး ဒီအတိုင်းထိုးထည့်ထားတဲ့ အဲသည် အိုးတွေခွက်တွေကိုလည်း သေသေချာချာ ပြန်စီထည့်အုံး။ အာလာမာ့ တအား အရှုပ်လုပ် (ဟုတ်ပေါင်) အလုပ်ရှုပ်တာ။)

 

ဆိုတော့ ကွကိုယ်တပ်လိုက်တော့ ပိုက်ခေါင်းဘိုး အစိတ်ပဲ ကုန်တယ်။ ရေပိုက်ပြင်တဲ့သူဆို အနည်းဆုံး ၁၀၀ လောက် ပေးရမှာ။ ဆိုတော့ ပိုထွက်လာတဲ့ ၇၅ ကျပ်ကို ချိစ်လေးဝယ်ပြီး ဗက်၆၉ နဲ့ မြည်းလို့ရတာပေါ့ဗျာ။ ဟဲဟဲ လဂါး စဒါဘာ၊ တားက အဲသဟာတွေ မလုပ်တတ်ပါဘူး။ (ကိုယ့်ဟာကိုယ် ဝယ်သောက်ရမယ်ဆိုရင်)

 

တကယ်လို့ ပန်းကန်ဆေး ရေစင်ပိတ်ပြီဆိုမှဖြင့် ရေပိုက်ပြင်တဲ့သူခေါ်ရင် ၃၀၀ ကျော်ပေးရတယ်ခညာ။ ဟိုးအရင်တုံးက ကျုပ် ပိုက်သမားခေါ်လုပ်လိုက်တာ ၃၀၀ ကျော်ထွက်သွားတယ်။ အဲသဟာနဲ့ နင့်တော့ ၃၀၀ ပေးမနေဘူး။ ကွကိုယ် လုပ်မကွဆိုပြီး ဟော၊ အခုကျတော့ ဘေစင်မပိတ်အောင် Water jet နဲ့ မကြာခဏ ထိုးချပေးတယ်။ နောက်ပြီး ဘေစင် ပိတ်ရင် ဆေးဘို့ Basin clog remover ဆေးပုလင်းတွေလည်း ဝယ်ဆောင်ထားတယ်။ (ခညားတို့ ဘေစင်ပိတ်ရင် ကျုပ်ခေါ်လိုက်ဗျာ။ ၁၅၀ နဲ့ လုပ်ပေးမယ်။ ဟဲစ် ဟဲစ်)

 

အဲသလိုပဲ၊ အဲကွန်း အောက်ဒိုးယူနစ် ဆေးတယ်နော်၊ ကွကိုယ် ဆေးတယ်။

လှည့်ဖွင့်ရတဲ့ တံခါးလက်ကိုင်ဘုသော့ကို ကွကိုယ်လဲတယ်။

ပြတင်းပေါက်လက်ကိုင်တွေ၊ ဘီရိုလက်ကိုင်တွေ ကျိုးတယ်နော်။ ကွကိုယ် လဲတပ်တယ်။

မီးဖိုချောင်က ပုဂံစင်ကြီး ကျိုးကျတယ်နော်။ ကွကိုယ် ပြန်ပြင်တပ်တယ်။

(မီးသီးမီးလုံးလဲတာ၊ မီးခလုတ်ပြင်တာတွေတော့ စကားထဲ ထည့်မပြောတော့ပါဘူး။ ဟဲဟဲ)

 

တလောတုံးကတော့ ရေချိုးခန်းထဲက ရေပူရေအေးခေါင်းလက်ကိုင် ကျွတ်ထွက်လာတယ်။

သွပ်ပြားတွေဆိုရင်တော့ ရေပိုက်ပြင်တဲ့သူခေါ်ပြီး လဲလိုက်တာပေါ့။ ပိုက်ဆံ ၁၀၀ တော့ အောက်ထစ်ပေါ့ဗျာ။

ဒါပေမယ့် ကျော်ကတော့ ကျော်ပဲဗျာ ဟဲစ် ဟဲစ်

 

လက်ကိုင်ပြုတ်ထွက်လာတဲ့နေရာကို ကြည့်လိုက်တော့ လက်ကိုင်ကို တက်ဖလွန်လေးထောင့်ခေါင်းပေါ် စွပ်တပ် ထားတာကိုး။ အဲဒီနေရာက ပြုတ်ထွက်လာတာ။

ဆိုတော့ ကျော်လည်း လက်ကိုင်ကို အပေါ်တည့်တည့်ကနေ လွန်နဲ့ဖောက်ပြီး တက်ဖလွန်ကို မူလီနဲ့စုပ်ထည့်လိုက်တာ အော်လဂျင်နယ်ထက်တောင် ကောင်းသေးဗျာ။ ဆဒ္ဒန်ဆင်မင်းနဲ့ဆွဲတောင် ပြုတ်မထွက်တော့ဘူး။ 

 


 

 

ပြီးခဲ့တဲ့လက စာအုပ်ဘီရိုနှစ်ခု ပစ်ထားတာတွေ့တယ်။ အသစ်နီးပါး ကောင်းသေးတယ်။ အဆင့်တွေ မကောင်းတော့ဘူး။ တံခါးပတ္တာတွေ ပြုတ်ထွက်ကုန်ပြီ ဆိုတော့ ပစ်လိုက်တာ။

 

အဲဒါကြီး ကျော် ကောက်လာပြီး တံခါးပတ္တာ အသစ်တွေ ပြန်တပ်၊ ဆိုက်ထဲက grinder ငှားလာ၊ ဒိုင်းမွန်းကတ်တာ ဝယ်ပြီး  အဆင့်တွေ ကွကိုယ် ပြန်တပ်လိုက်တော့ ဟောစ်၊ အသစ်နီးပါး ပြန်ကောင်းသွားရော။ သားအတွက်တစ်လုံး၊ အိမ်ငှား ကောင်လေးတွေအတွက် တစ်လုံး ပေးလိုက်တယ်။ တူနယ် တဲ့နယ်။

 

ကိုယ့်ဆီမှာနော် လက်ထိုးလွှ အကြီးတစ်ခု အသေးတစ်ခု၊ Drill machine အကြီးတစ်ခု အသေးတစ်ခု၊ ဟို့ 5 mm ပေါက်စနလေးကနေ 32 mm ထိ open, ring – spanner ဆိုဒ်မျိုးစုံ။ ဝက်အူလှည့်လား၊ +, - အရွယ်မျိုးစုံ ဆိုဒ်မျိုးစုံ ရှိသဗျာ။ ဟို့ မျက်မွေးလောက်ရှိတဲ့ ဝက်အူကနေ ဝက်အူ အကြီးကြီးတွေထိ လှည့်လို့ရတယ်။

 

လျှပ်စစ်ပစ္စည်းတွေကို ခဲဂဟေဆော်တဲ့ ဂေါက်ရှိတယ်၊ ဂဟေစုပ်ခွက်နဲ့ ထင်းရူးဆီ၊ ခဲဂဟေချောင်းတွေ ရှိတယ်။

 

ကျော် တစ်ခု ကံကောင်းတာက သားကလည်း အဲသဟာတွေ ဝါသနာပါတယ်။

သူ့ကို သင်ပေးသမျှ စိတ်ပါလက်ပါ လေ့လာပြီး ကိုယ်တိုင်လုပ်လေ့ရှိတယ်။

ကိုယ်က နည်းနည်းလောက် ဘေးက ကြည့်နေရုံပဲ။

ဟိုတစ်နေ့က တံခါးဘုလဲတာ ကျော်က နည်းနည်းလောက် ပြပေးရုံဘဲ။ သားလုပ်တတ်တယ် ဆိုပြီး သူ့ဘာသာသူ လဲတာ။

သားရေ ဖေရီး စက်ဘီးပေါက်လို့ ဖာပေးပါအုံးကွာ ဆိုရင်လဲ သူ့ဖာသာသူ ဖာတယ်။

 

ဒါပေမယ့် ခက်တာက ဒီကောင်က လူဗျင်း။

ပထမတစ်ခါပဲ ခိုင်းလို့ရတယ်။ သူသိသွားပြီဆို နောက်ဟာတွေကျ ခိုင်းလို့မရတော့ဘူး။ ဖေရီး၊ သား မအားဘူး။ ကွကိုယ်လုပ် ဆိုပါလာ့စ်။ ယခွမ်း

 

ကုတင်တို့၊ စားပွဲ၊ ကုလားထိုင်တို့ဝယ်ရင် သူတို့က အထုပ်လိုက်ပို့ပေးတာ။ ဝယ်ကတည်းက ဆင်ပေးရမလား ဆိုပြီး မေးတယ်။ သူတို့ကိုဆင်ခိုင်းရင် အနည်းဆုံး ၃၀ လောက် ပေးရတယ်ခညာ။ ကျော်လား။ ဘယ် သူတို့ကို ဆင်ခိုင်းနေမတုံး ဗျာ။ သားရေ ရော့ ဆိုပြီး manual စာရွက်လေးပေး။ သူက ဖတ်၊ ဖေရီး ဒါကိုဒီမှာတပ်၊ ဒီဝက်အူဒီမှာစုပ် ဆိုပြီး သူ့ကို ကိုယ်က ကူပေးရုံပဲ။ အကုန် ကွကိုယ် ဆင်ကြတာ။ ဆင်ခ ပိုက်ဆံ ၃၀ သူတို့ပေးမယ့်အစား ဘီယာဝယ်သောက်ရင် အနည်းဆုံး ၄ လုံးလောက်ရသဗျာ။ နော

 

ကိုယ့်လူတို့လဲ အဲသလို အိမ်က တိုလီမုတ်စလေးတွေ ကွကိုယ် လုပ်ကြည့်ပါလား။

ကိုယ်လုပ်တာ အောင်မြင်သွားလို့ ကိုယ့်လက်ရာလေးကိုယ်ကြည့်ပြီး ပီတိဖြစ်ရတာလဲ အရသာတစ်ခုပဲဗျ။

 

အေးငြိမ်း

(ကွကိုယ်လုပ်ရတာ ဝါသနာပါသူ)

၁၃ ဩဂုတ်စ်၊ ၂၀၂၆

Wednesday, July 29, 2026

Mind your business.

သည်ကနေ့ ကျွန်ုပ် MRT စီးဘို့တန်းစီနေတော့ ရှေ့က အမျိုးသမီးကျောကုန်းက စာတန်းတစ်ခုကို သွား ဖတ်မိ၏။

“Mind your business.” ဟူ၏။

ကိုယ့်ကိစ္စပဲ ကိုယ် ဂရုစိုက်ပါကွာ။

(သူများ သောက်ရေးတွေ ဝင်မပါချင်ပါနဲ့) ဟု အဓိပ္ပာယ်ရ၏။

ဤစာတန်းကလေးကိုမြင်တော့ ကျွန်ုပ်ခေါင်းထဲ အတွေးပေါင်း ၁၀၀၀၀ နှင့် ၆၀၀၀ ဝင်လာ၏။

 

ကျွန်ုပ်တို့သည် တခါတလေ ကိုယ်နှင့်မဆိုင်သည့်ကိစ္စများနှင့် အလုပ်ရှုပ်နေတတ်၏။

အထူးအားဖြင့် ကျွန်ုပ်သည် အရွယ်နုစဉ်အခါက သူများကိစ္စများနှင့် အတော် အလုပ်ရှုပ်ခဲ့ဖူး၏။ သူများကိစ္စနှင့် ရုံးရောက် ဂတ်ရောက် ရောက်ခဲ့ဖူး၏။ သူများကိစ္စနှင့် ငွေကြေးအတော်များများ ကုန်ခဲ့ဖူး၏။ ကိုယ်နှင့် တစ်ပြားသားမှမဆိုင်သော သူများကိစ္စနှင့် အခြားသူများနှင့် စကားများ ရန်ဖြစ်ခဲ့ဖူး၏။ သူများကိစ္စနှင့်ပင် ကိစ္စအတော် များခဲ့ဖူး၏။

 

အခု အသက် ၆၀ ကျော်လာလို့ ပြန်စဉ်းစားလိုက်တော့ ဤမျှမိုက်မဲသော အလုပ်များကို အဘယ်ကြောင့်လုပ်ခဲ့မိမှန်း ကျွန်ုပ်ကိုယ်ကျွန်ုပ် နားမလည်နိုင်ရိုးအမှန် ဖြစ်၏။ အဲလေ သူများဒုက္ခရောက်နေတာကို မကြည့်နိုင်လို့၊ မျက်စိရှေ့မှာ အမြင်မတော်လို့၊ လောကကြီးမှာ မဟုတ်တာနှင့် မဟတ်တာတွေ တွေ့လာရလျင် ဒီပြဿနာတွေကို ဖြေရှင်းဘို့ ဘုရားသခင်က ငါ့ကို လူ့ပြည်လွှတ်လိုက်တာပဲ ဟု တွေးထင်ထားသောကြောင့် ဖြစ်ပါလိမ့်မည်။

 

ကိုယ့်ကိစ္စမဟုတ်တာ ဝင်ပါမိလို့ ဒွတ်ခများရပုံအကြောင်း တွေးမိတော့ မောင်ထင်၏ “ထားဝယ်လုံချည်” ကို သွား သတိရမိ၏။

 

ထားဝယ်လုံချည်ကို ဘယ်နှစ်ခေါက်ပြန်ဖတ်ဖတ် ကျွန်ုပ်အဖို့ ရိုးသွားသည် မရှိပါ။ တစ်ခါဖတ်လျင် တစ်ခါကြိုက်သည်သာ ဖြစ်၏။

 

ဇာတ်လမ်းမှာ ပီဘိ ရိုးရိုးကလေးဖြစ်၏။

ရွာတစ်ရွာမှာ လင်မယား ရန်ဖြစ်၏။ ကျွန်ုပ်တို့ဇာတ်လိုက်ကြီး ကိုဒေါင်းက မနေနိုင်သဖြင့် ဝင်ရှင်း၏။

နောက်ဆုံး ဂတ်ရောက်ပြီး ဒဏ်ရိုက်ခံရတော့ ဒဏ်ကြေးဆောင်ရအောင် သူ့အစ်မပေးထားသည့် ထားဝယ်လုံချည်ကလေးကို ငွေ ၆ ကျပ်နှင့် အပေါင်ဆုံးသွားရပုံအကြောင်း ဖြစ်၏။

 

ဤသည်မှာ ကိုဒေါင်းသည် သူများလင်မယားကြား ဝင်ရှုပ်မိသဖြင့် ဒွတ်ခများရခြင်း ဖြစ်၏။

တစ်နည်းကား ကိုဒေါင်းသည် Mind your business. ကို မလေ့လာ မသင်ကြားခဲ့ရသောကြောင့် သူ့အစ်မကြီး ပေးထားသည့် ထားဝယ်လုံချည်လေး အပေါင်ဆုံးရခြင်း ဖြစ်သတည်း။

 

သို့သော်လည်းပေါ့လေ။ ကိုယ်နဲ့ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ၊ ဒုက္ခရောက်၊ ပြဿနာတွေတက်နေသူတွေကိုတော့ ကူညီကောင်းတယ် ထင်ပါရဲ့ (ပိုက်ဆံတော့ မချေးနဲ့နော)။

 

ဒါပေသိ တချို့ကိစ္စတွေမှာ မသိချင်ယောင်ဆောင်နေလိုက်တာ ပိုပြီး ဇယားရှင်းပါသည်။ ဒီခေတ်ကြီးမှာ လူတွေကလည်း သစ္စာရှိကြတာမဟုတ်။ ကျေးဇူးဆိုတာ ဂျိုနဲ့လားဟု မေးကြမည့်ခေတ် ဖြစ်၏။

 

သို့အတွက် ကူညီချင်လျင်တောင်မှ ကြည့်ကျက်ကူညီကြပါမည့်အကြောင်း စေတနာအပေါင်းနှင့် ကြေငြာမောင်း ခတ်လိုက်ရပြန်သည် ဟူလို။

 

အချိန်သိပ်မရလို့ ခပ်တိုတိုပဲ ရေးလိုက်ပါ၏။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၉ ဇူလိုင်လ၊ ၂၀၂၆

Monday, June 15, 2026

အိမ်ထဲအထိ ဝင်လိမ်သော လူလိမ်အကြောင်း

ဤ ၂၁ ရာစုနှစ်ကို လူလိမ်ရာစုဟု ကင်ပွန်းတပ်ဘို့ ကောင်းလှ၏။ အဘယ်ကြောင့်ဆိုသော် ယခုအခါကာလတွင် ဤလောကကြီး၌ လူလိမ်များနှင့် ပြည့်နှက်လျက် ရှိသောကြောင့်တည်း။

 

မနေ့က (တနင်္ဂနွေနေ့) ကျွန်ုပ် စာသင်နေစဉ် သားက ဖုန်းခေါ်လာ၏။

 

‘ဖေရီး၊ တံခါးဝမှာ လူတစ်ယောက် ရောက်နေတယ်။ သားတို့အိမ်က ဓာတ်ငွေ့ပိုက်လိုင်း စစ်ချင်လို့တဲ့’

‘ငမ်၊ ဒါဖြင့် သူ့မှာ HDB ရဲ့ authorisation letter တောင်းလိုက်။ ပြီးတော့ သူ့ ID Batch ကိုပါ ဓာတ်ပုံရိုက် ပို့လိုက်၊​ တံခါး ဖွင့်မပေးနဲ့အုံး’

 

သူဓာတ်ပုံရိုက်ပို့လို့ ကြည့်လိုက်တော့ သူ့ဝန်ထမ်းကတ်နှင့် ကုမ္ပဏီတစ်ခုက အရောင်းကိုယ်စားလှယ်အဖြစ် ခန့်ထားသည့်စာကို တွေ့ရ၏။

 

‘ဟဲ့အကောင်၊​ မင်း ငါယင်းဂလစ်ရှ်လို ရှင်းရှင်းလင်းလင်း ပြောနေတာ နားမလည်ဘူးလား။ ငါတောင်းတာက HDB ရဲ့ authorisation letter ကွ။ မင်းကုမ္ပဏီကစာကို ငါကဘာလုပ်ရမှာတုံး။’

 

‘ဟုတ်စ်၊ ဒါကဒီလိုရှိပြီး ဟိုဟာက ဟိုလိုရှိပါတယ်ခညာ၊ ကျော်တို့က HDB တိုက်ခန်းတွေ မီးရေးထင်းရေး စိတ်ချရအောင် blah blah blah’

 

‘ကိုင်း၊ ကိုယ့်လူ၊ မင်း စစ်ချင်သပဆို စစ်။ ပြီးတော့ ဘာလုပ်ရမယ်ဆိုတာ အသေးစိတ် ငါ့ကိုပြောပြ။’

 

အတော်ကြာတော့ သားက ဖုန်းခေါ်ပြန်၏။ သူက ‘မင်းတို့မီးဖိုက အရမ်းအန္တရာယ်များတယ်။ ဓာတ်ငွေ့တွေ ယိုစိမ့်နေ တယ်’ ဆို၏။ ‘အလဲ့ကွယ်၊ မီးဖိုက ဓာတ်ငွေ့ယိုစိမ့်မှန်း မင်းက ဘယ်လိုသိသလဲ’ သူက မီးဖိုကိုဖွင့်ပြီး ဗီဒီယိုနှင့် ပြ၏။ ‘ဟောသမှာတွေ့လား၊ ဒီဘက်က မီးများနေပြီး ဒီဘက်က မီးနည်းနေတာ။ အဲဒါ ဓာတ်ငွေ့ယိုစိမ့်နေတဲ့ လက္ခဏာပဲ’

 

ကျွန်ုပ်လည်း ရီချင်ပက်ကျိရှိလှသည်နှင့် . . .

‘ဒီမယ်ကိုယ့်လူ၊ ငါ မင်းအမေမင်္ဂလာမဆောင်ခင်ကတည်းက အင်ဂျင်၂၀၀ ဘွဲ့ကို ရခဲ့တာကွ။ မင်း ဓာတ်ငွေ့မီးဖို အကြောင်း သိချင်သပဆို ငါအခု Woodlands Spectrum မှာရှိတယ်။ လာခဲ့၊ ငါသင်ပေးမယ်’

 

ကျွန်ုပ်ကို ပြောမရသည်နှင့် သူက သားကို ညာတာပါတေးနှင့် သွားပြောပြန်၏။ မင်းတို့မီးဖိုကို မပြင်ရင် အရမ်း စိုးရိမ်ရတယ်။ သူများတွေဆို ၃၀၀၀ ကျော်လောက် တောင်းမှာ။ ငါ မင်းတို့ကို ၁၂၀၀ နဲ့လုပ်ပေးမယ်။ blah blah blah . .

 

သူ့ကိုယ်သူ ကုဋေ ၁၆၀ သူဌေးသားထင်နေသူ ကျွန်ုပ်သားတော်မောင်က ပိုက်ဆံပေးချင်တာ လက်ယားနေ၏။

သူ့အမေက လက်မခံ။

ဟိုအကောင်က ကျွန်ုပ်ထံ ဖုန်းဆက်ပြန်၏။ အခု deposit ပေးပါ ဆိုပါလား။

 

‘ဟဲ့အကောင်၊ မင်းဟာ ဘာလုပ်မယ်မှန်းလည်းမသိ၊ ဘယ်လောက်ကုန်မှန်းလည်းမသိဘဲ ငါက deposit ပေးရအောင် မင်းက ငါ့မယားပါသားလား’

 

‘တကယ်လို့ ပိုက်ဆံချေမယ်ဆို ဘယ်လိုချေမလဲ’

‘တယ် ဒီခွေးမသားဟာ တယ်လဲ လက်ပေါက်ကပ်ပါကလား၊ ဟေ့ကောင် invoice ပေးတဲ့အခါ အဲဒီအထဲမှာ ပိုက်ဆံ ဘယ်လိုချေရမယ်ဆိုတဲ့ information အပြည့်အစုံပေးရတယ်ဆိုတာလောက်မှ မင်းနားမလည်ဘူးလား’

 

သို့နှင့် အမျိုးသမီးကို မီးဖိုပြင်ဘို့အတွက် deposit ၃၀၀ ပေးပါ။ Grab နဲ့ လွှဲပေးပါဟု တောင်းပြန်၏။

သားက ပေးချင်တာ လက်ယားနေပြီ။ မေရီး ပေးလိုက်။ ပေးလိုက်။

အမျိုးသမီးလုပ်သူက ဖုန်းဆက်ပြန်၏။ ကျွန်ုပ်လည်း သားကို ပိုက်ဆံ တစ်ပြားကမှ မပေးဘို့ တားရပြန်၏။

 

တော်ပါသေး၏။

ကျွန်ုပ်မဟေသီ၏ အကောင့်မှာ ဆွစ်ဇာလန်ဘဏ်ထက် စိတ်ချရသည်ဖြစ်ရကား ဟိုအကောင်မှာ ဘာမှ လုပ်လို့မရ။

(နင်မပြောနဲ့၊ နာတောင် ဘာမှလုပ်လို့မရလို့ လက်လျှော့ထားရတာ၊ အဟိ)

 

ကျွန်ုပ်လည်း စိတ်တိုလာသည်ဖြစ်၍ . . .

‘ဟေ့ကောင်၊ မင်းက ငါ့ကို အားအားလျားလျား၊ အယားလေးနဲ့ ဟန်းနီးမွန်းထွက်နေတာ မှတ်လို့လား။ ငါစာသင်နေတာ အနှောက်အယှက်ဖြစ်တယ်ကွ။ မင်းအခု ငါ့အိမ်က ထွက်ပါ။’

‘ဟိုလေ ဒါကဒီလိုရှိပြီး ဟိုဟာက ဟိုလိုရှိပါတယ်’

‘ဟေ့ကောင်၊ မင်းထွက်မလား မထွက်ဘူးလား၊ ငါ ရဲကိုခေါ်လိုက်ရမလား’

 

ထိုအခါကျမှ ပြူးပြူးပြာပြာနှင့် ထွက်သွား၏။ ဖိနပ်တောင် အိမ်ရှေ့မှာ မစီးရဲသည်နှင့် ဟို့ဘက်ရောက်မှ စီးလေသော ဟူ၏။

 

အိမ်ပြန်ရောက်မှ ကျွန်ုပ်က သားကို ဆုံးမရ၏။

 

‘ဒီမယ် သား၊ ဒီကမ္ဘာကြီးမှာ လူလိမ်တွေနဲ့ ပြည့်နေတယ်။ မင်း ဘယ်သူ့ကိုမှ မယုံလေနဲ့။ ဖေရီး အလိမ်ခံခဲ့ရတာတွေ သားကို အားလုံးပြောပြခဲ့ပြီးပြီ။ သားအလှည့်မှာ အလိမ်မခံရစေနဲ့။ အဲဒီကောင်ပြတဲ့ မီးဖို မီးမညီတာက gas diffuser က အပေါက်ကလေးတချို့ ပိတ်နေလို့ကွ၊ အဲဒီအပေါက်ကလေးတွေကို အပ်ကလေးနဲ့ သေသေချာချာ ဖွင့်ပေးလိုက်ရင် ပြီးတယ်။ ဖေရီး ကောင်းကောင်းလုပ်တတ်တယ်။ တစ်ပတ်ကို ၇ ရက်စလုံး အလုပ်လုပ်နေရလို့ ဘယ်လိုမှ မအားလို့ မလုပ်ဖြစ်တာ။ သားအမေ ဒီမီးဖိုတစ်ခုလုံးလဲတာမှ ၇၅၀ ပဲ ပေးရတယ်။ လဲပြီးတာ ၅ နှစ်တောင် မပြည့်သေးဘူး။ တကယ်လို့ သူပြောသလို ဓာတ်ငွေ့ယိုစိမ့်နေတယ်ဆိုရင် အနံ့ ရရမှာပေါ့ကွ။ အခု သား ဘာနံ့ရသလဲ။ blah blah blah . . .’

ဖူး ပြောရတာ မောထှာ။ ယခွမ်းဒဲ့မှ

 

မိတ်ဆွေများခင်ဗျား -

ဤဒွန္နယာကြီး၌ လူလိမ်များဖြင့် ပြည့်နှက်လျက် ရှိသည်ဖြစ်ရကား အသင်တို့သည် အလိမ်မခံရစေရန် ကြပ်ကြပ် သတိပြုကြပါဟု သတိပေးလိုက်ရပါကြောင်း . . .

 

လူအချင်းချင်း လိမ်လည်ခြင်း၊ ကင်းရှင်းကြပါစေ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၅ ဇွန်လ၊ ၂၀၂၆

Thursday, June 4, 2026

သေခြင်းအနုပညာ

မြေဝသုန်ရေ

ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တစ်ယောက်ကို

ဆီးကြိုပေတော့ . . . .

 

ဗန်းမော်တင်အောင် သေဆုံးသည့်အခါ မြသန်းတင့်က ‘မုန်တိုင်းထဲကလူ’ ဆိုပြီး အက်ဆေးရေး၏။

ကျွန်ုပ်သည် ဆရာမြ၏ အက်ဆေးများကို နှစ်သက်စွာဖတ်ရှုလေ့ရှိရာ ဤအက်ဆေးသည်လည်း အလွန်ကောင်းသည့် အက်ဆေးတစ်ပုဒ် ဖြစ်၏။

 

သတ္တဝါမှန်က မွေးလာလျင် သေရမှာချည်း ဖြစ်၏။

သိပ္ပံပညာရှင်တို့က မသေဆေးကို ရှာဖွေကြ၏။ အိုမင်းရင့်ရော်ခြင်းကို တားဆီးနိုင်မည့် နည်းလမ်းများကို ရှာဖွေကြ၏။

သို့သော် ကျွန်ုပ်ကတော့ အနှီသိပ္ပံပညာရှင်များ၏ အယူအဆထက် ဗုဒ္ဓ၏ အယူအဆကို ပိုကြိုက်၏။

 

မြတ်ဗုဒ္ဓက မွေးလာလျင် သေကိုသေရမည်။ မည်သူမှ တားလို့မရ။ ဤသည်မှာ သဘာဝဖြစ်၏။ သဘာဝကို လွန်ဆန်ဘို့ သူ မကြိုးစား။

 

ဗုဒ္ဓ၏ အယူအဆမှာ မွေးလာလျင် သေရမည်။ မမွေးလျင် မသေရ။ သို့အတွက် မမွေးအောင် လုပ်ကြရမည်။ မမွေးအောင် ဘယ်လိုလုပ်မည်နည်း။

 

နောက်ထပ် တဖန် ဘဝအသစ်ဖြစ်လာမည့် အကြောင်းများကို ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံသုံးကာ ဖြတ်တောက် ပစ်ရမည်။ အဘယ်ကြောင့် ဘဝသစ် ဖြစ်ကြရသနည်း။ အကြောင်းရှိလျင် အကျိုးရှိရမည်။ ထိုအကျိုးကို သတ်ပစ်နိုင်လျင် နောက်ထပ် ဘဝတဖန် မဖြစ်တော့။ ဘဝမဖြစ်တော့လျင် သေဘို့အကြောင်းလည်း မရှိတော့။

 

ကျွန်ုပ်ရေးသည့် ဤစာ၏ ရည်ရွယ်ချက်မှာ ဘဝသစ်တဖန် မဖြစ်အောင် ဘယ်လိုလုပ်ကြမည်နည်းဟု သင်ပေးဘို့ မဟုတ်။ ဘဝသစ်တဖန် မဖြစ်အောင် ဘယ်လိုလုပ်ကြမည် ဆိုသည့်အကြောင်းများကို မြတ်စွာဘုရားဟောထားသည့် တရားများ ထောင်သောင်းမက ရှိ၏။

 

ဤစာကို ကျွန်ုပ်ရေးရခြင်းမှာ ကျွန်ုပ်လည်း သေရမည်။ သင်တို့လည်း သေရမည်။ အားလုံး တစ်နေ့ကျ သေကြရမည့် သူချည်းဖြစ်၏။ သို့ဆိုလျင် ဘယ်လိုသေမည်နည်း။ ဒါ အရေးကြီး၏။

 

လူတစ်ယောက် ဘယ်လိုလူစားမျိုးဖြစ်သည်ဆိုခြင်းကို ထိုသူ အသက်ရှင်နေစဉ်ကထက် ထိုသူ သေဆုံးသွားသည့်အခါ ကျမှ ပိုမိုသိရှိကြရ၏။ ဘယ်လိုသိကြရသနည်း။ လူအများ၏ တုံ့ပြန်ပုံနှင့် အကဲဖြတ်လို့ရ၏။

 

ဗိုလ်ချုပ်တို့ လုပ်ကြံခံရစဉ်က လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် တစ်တိုင်းပြည်လုံး ယူကျုံးမရ၊ အပူလုံးကြွခဲ့ ကြ၏။ ဗိုလ်ချုပ်သည် အသက် ၃၀ ကျော်ကလေး၊ လူရွယ်ဘဝ၊ ထက်တုံးမြက်တုံး၊ သန်တုန်းမြန်တုန်း၊ တိုင်းပြည် အတွက် အလုပ်လုပ်လို့ကောင်းတုန်း အချိန်၌ လုပ်ကြံခံခဲ့ရတာ ဖြစ်၏။ ဗိုလ်ချုပ် တိုင်းပြည်အတွက် လုပ်ခဲ့ရတာ ဆယ်နှစ်လောက်သာ ရှိပါသည်။ သို့နှင့်များတောင် တစ်နိုင်ငံလုံးက အဘယ်ကြောင့် ယူကျုံးမရ၊​ မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ကြရပါသနည်း။

 

ဦးနေဝင်း သေဆုံးစဉ်အခါက မည်သူတစ်ဦးတစ်ယောက်များ ပူဆွေးဝမ်းနည်းနေတာ တွေ့ဖူးပါသနည်း။ ဝမ်းမနည်း သည့်အပြင် အေဘေး၊ ခုမှသေရသလားဟု ကျိန်ဆဲတောင် နေလိုက်ကြပေသေး၏။ မသာတောင် ပေါ်ပေါ်ထင်ထင် မချရဲ။ အမှန်ဆို ဦးနေဝင်းသည်လည်း တိုင်းပြည်အတွက် နှစ်ပေါင်းအတော်ကြာအောင် လုပ်သွားခဲ့တာ ဖြစ်၏။ သို့တိုင် ဦးနေဝင်းသည် ဘယ့်အတွက် ဗမာပြည်သူလူထု၏ မေတ္တာကို မရခဲ့ပါသနည်း။ (ကျွန်ုပ်ဆိုလျင် ယခုတိုင် နေဝင်းဆိုသည့် အသံကြားရလျင် ရောက်သည့်အရပ်ကနေ ဖနောင့်နှင့် ပြေး ပြေး ပေါက်လိုက်ချင်စိတ် ရှိတုံးဖြစ်၏။)

 

မြန်မာပြည်တွင် ၎င်းတို့ သေဆုံးသွားသည့်အတွက် ကြီးစွာသော ဆုံးရှုံးမှုကြီးဖြစ်ပြီး ဝမ်းနည်း တ,သ ပူဆွေးရသူများ ရှိသကဲ့သို့ ၎င်းတို့သေဆုံးခြင်းသည် တိုင်းပြည်အတွက် ကောင်းခြင်းမင်္ဂလာဖြစ်ပြီး လူအများ ဝမ်းပမ်းတသာ ဖြစ်ကြရ သူများလည်း မနည်းလှပါပေ။ ထိုသူများသည်ကား လောကအမှိုက်များသာတည်း။

 

သေတာ ဘာမှ မဆန်းပါ။

သို့သော် အဘယ်ကဲ့သို့ သေမည်နည်း။

လူအများ တမ်းတပူဆွေးရသည့်သူအဖြစ်၊ နှမြောတသ နေရမည့်သူအဖြစ် သေမည်လား။

မြေနိုး၊ သေတာကောင်းတယ် ဟု ဝိုင်းပြီး မေတ္တာ အပို့ခံ သေမည်လား။

 

အသင်သည် လူပီသသူဖြစ်အံ့။ လူအများအကျိုး၊ တိုင်းပြည် ကောင်းရာကောင်းကျိုးကို မိမိတတ်နိုင်သမျှ သယ်ပိုး ထမ်းရွက်ခဲ့သူ ဖြစ်အံ့။

သင်သေသွားပြီး နှစ်များစွာ ကြာသည့်တိုင် လူအများ၏ နှုတ်ဖျားတွင် တသသနှင့် စွဲကျန်နေခဲ့မှာ သေချာပါသည်။

သင် ဘယ်လိုလူမျိုးဖြစ်သည်ကို ကိုယ့်ဘာသာ ပြဌာန်းလို့မရ။ ပြည်သူများက ဝိုင်းဝန်း သတ်မှတ်ပေးတာ ဖြစ်၏။

 

ငါ ဘာဖြစ်ချင်တယ်ဆိုတာ ပါးစပ်နှင့် ပြောနေလို့ ရတာမျိုးမဟုတ်။

တကယ့် ရင်ထဲအသည်းထဲက စေတနာအရင်းခံနှင့် မိမိတတ်နိုင်သလောက် နှုတ်ဖြင့်ဖြစ်စေ၊​ လက်ဖြင့်ဖြစ်စေ အများပြည်သူ အကျိုးကို သယ်ပိုးထမ်းရွက်နိုင်ဘို့သာ လို၏။

 

ကုသိုလ်လိုချင်လို့ အလှူလုပ်တာမျိုး၊ နာမည်လိုချင်လို့ သူတပါးကိုကူတာမျိုးတော့ မလုပ်ပါနှင့်ဟု အလေးအနက် တိုက်တွန်းလိုပါ၏။ ပိုက်ဆံကုန်တာသာနှင့် မောတာသာ အဖတ်တင်ပါလိမ့်မည်။

သင်ဘာလုပ်နေတယ်ဆိုတာ၊ သင်ဘယ်လိုလူမျိုးဖြစ်တယ်ဆိုကို ညာဝါဖြီးဖြန်းလို့မရ။ ပြည်သူများကား သင့်ထက် ပါးသေးသည်။

 

သင်၏ စေတနာအရင်းခံနှင့် လုပ်ကိုင်ဆောင်ရွက်နေသမျှသည် အသေဖြောင့်ဘို့အတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိပါလေ။ သင်သာ တကယ် ကောင်းတာတွေလုပ်နေတာ မှန်လျင် သေမှာကို နည်းနည်းမှ ကြောက်စရာမလို။ ကောင်းတာလုပ်ပြီး သေသူသည် ဘယ်အခါမှ ဇောက်ထိုးမျိုးမျှော် ကျစရာ အကြောင်းမရှိ။ ဘယ်ဘုံရောက်ပါစေ ဆုတောင်းနေစရာ မလို။ အသင်သည် လက်ရှိဘုံဘဝထက် ကောင်းသည့်ဘုံကို ရောက်မှာဖြစ်သဖြင့် အသင်၏ ဆွေမျိုး သင်္ဂဟများအနေနှင့်လည်း အထွေအထူး ပူပန်နေစရာ အကြောင်းကို မရှိ။

 

အဲသဟာသည် သေခြင်းအနုပညာပင် ဖြစ်ပါသတည်း။

 

အချုပ်ပြောရလျင် ကိုယ်ဘာလုပ်နေသည်ကို ကိုယ့်ဘာသာကိုယ် သိပါစေ။

 

အခု ဤစာကို ဖတ်နေသူ အသင်မိတ်ဆွေသည်လည်း ဘယ်ကဲ့သို့သော သေနည်းဖြင့် သေချင်ပါသနည်း။

ဤသည်မှာ အခြားသူအပေါ် မူမတည်။ အသင်ကိုယ်တိုင်၏ လုပ်ဆောင်ချက်အပေါ်မှာသာ မူတည်နေကြောင်း။

 

အသေဖြောင့်သူများ ဖြစ်ကြပါစေကုန်သတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၄ ဇွန်လ၊ ၂၀၂၆

Sunday, May 31, 2026

စိတ္တရလေခါ၊ ဘိန်းစားရေချမ်း၊ ဆဲတတ်သူများနှင့် တညနေ နှင့် American Sniper

၁။ သရက်နှင့်အိုး၊ ကြွက်နှင့်မိုး

 

ပုဂ္ဂလပညတ်ပါဠိတော်လာ လူ (၄) မျိုးကို ရှင်မဟာရဌသာရက သရက်နှင့်အိုး၊ ကြွက်နှင့်မိုး ဟု ပြဆို၏။

၁။ ပြောလည်းမပြော၊ လုပ်လည်းမလုပ်သူ (သို့) အဆင်းလည်းမရှိ၊ အချင်းလည်းမရှိသူ

၂။ ပြောတော့ပြောပါရဲ့၊ လက်တွေ့မလုပ်သူ (သို့) အဆင်းသာရှိပြီး အချင်းမရှိသူ

၃။ လုပ်တော့လုပ်ပြီး မပြောသူ (သို့) အချင်းရှိပြီး အဆင်းမရှိသူ

၄။ ပြောလည်းပြောပြီး လုပ်လည်းလုပ်သူ (သို့) အဆင်းလည်းရှိပြီး အချင်းလည်းရှိသူ

 

“စိတ္တရလေခါ”၊ “ဘိန်းစားရေချမ်း”၊ “ဆဲတတ်သူများနှင့် တညနေ” တို့တွင် လူနှစ်မျိုးနှစ်စား၊ “American Sniper” တွင် လူသုံးမျိုးသုံးစား အကြောင်း ဖော်ပြထား၏။ ဘီအီးဒီအောင်သိုက်ကတော့ ပန်းမြိုင်လယ်က ဥယျာဉ်မှူးတွင် လူ့၊ လူ၊ လူး၊ လူ့ထက်လူ ဟု လူ (၄) မျိုး ရှိသည်ဆို၏။ ကျော်ဟိန်းက ကွမ်းသွေးကို ဗျစ်ခနဲထွေးကာ ‘ဒါဖြင့် ခင်ဗျားကရော လူ့လား၊ လူလား၊ လူးလား လို့ သူ့ကိုပြန်မေးတော့ ငါကတော့ ‘လွတ်’၊ ဘယ်ထဲမှ မချိတ်မိဘဲ လွတ်နေတာ ဟု ဖြေလေ၏။

 

ဤဒွန္နယာကြီးရှိလူများကို အတန်းအစားခွဲလိုက်လျင် အကြမ်းဖျဉ်းအားဖြင့် လူကောင်းနှင့် လူဆိုးဟု နှစ်မျိုးရနိုင်ပါသည်။ သို့သော် ကောင်းသည်လည်းမဟုတ်၊ မကောင်းသည်လည်းမဟုတ်သော လူတန်းစားလည်း ရှိ၏။ ကောင်းလည်း မကောင်း၊ ဆိုးလည်းမဆိုးသည့်တိုင် ဘာတစ်ခုမှ သုံးလို့စားလို့မရသော လူတန်းစားသည်လည်း သီးသန့်ရှိသေး၏။ ထို့ကြောင့် လူတန်းစား (၄) မျိုးလောက်ရှိသည်ဟု ဆိုလျင် မှားမည်မထင်ပါ။

 

၂။ စိတ္တရလေခါ

 

ကျွန်ုပ် ပါရဂူဘာသာပြန် စိတ္တရလေခါကို စဖတ်သည်မှာ လပေါင်းအတော်ကြာသွားပြီ။ နောက် ဘာကိစ္စတွေ များမှန်း မသိ။ တဝက်လောက် ဖတ်ပြီး ဆက်မဖတ်ဖြစ်။ အခုမှ ဆက်ဖြစ်သည်။ အခု ပြန်ဖတ်တော့ ယခင်နေရာမှမဟုတ်ဘဲ အစကပင် ပြန်ဖတ်ပါသည်။ နှစ်ထပ်ရှိမှ မှတ်မိမှာကိုး။

 

စိတ္တရလေခါက ‘မကောင်းမှုဆိုတာဘာလဲ’ ဟု မေးခွန်းထုတ်ကာ မကောင်းမှုဟူသည် မည်သည့်အရာဖြစ်သနည်း ဆိုသည်ကို စူးစမ်းထား၏။

 

သို့တိုင် ဝတ္ထုရေးဆရာ ‘ဘဂဝတီ ကျရန်ဗရမာ’ ၏ နောက်ဆုံးကောက်ချက်ကိုမူ ကျွန်ုပ်မကြိုက်ပါ။ သဘောမတူပါ။

ဝတ္ထုရေးဆရာက ‘မကောင်းမှုဆိုတာ လူ့အမြင် တဦးနဲ့တဦး မတူခြင်းရဲ့ အခြားအမည်နာမ ဝေါဟာရ စကားလုံးမျှသာ ဖြစ်တယ်။​ လူတိုင်းဟာ ဘဝဇာတ်ခုံပေါ်မှာ ကိုယ်ကျရာအခန်းကဏ္ဍကနေ ကပြ အသုံးတော်ခံနေကြရတာသာ ဖြစ်ပြီး ကောင်းမှု၊ မကောင်းမှုဆိုတာ မရှိနိုင်။ အဲဒါ မင်းတို့လက်ခံချင်ခံ။ လက်မခံချင်နေ။ ငါကတော့ မင်းတို့ကို လက်ခံပါလို့ အတင်းမတိုက်တွန်းချင်ဘူး။’ ဟု ဖော်ပြထား၏။

 

ဝတ္ထု၌ ရသေ့ကြီးက တပည့်နှစ်ဦးကို လူနှစ်ဦးထံပို့ပြီး မကောင်းမှုကို ရှာဖွေခိုင်း၏။ တစ်ဦးမှာ ကာမဂုဏ်အာရုံတို့နှင့်သာ အချိန်ဖြုန်းနေသည့် ဗီဇဂုတ္တဖြစ်ပြီး နောက်ဆုံး၌ မိမိနှင့် မည်သို့မှမသက်ဆိုင်သူ တပည့် (သေတံက) အတွက် အားလုံးကို စွန့်လွှတ်ကာ အနစ်နာခံသွားခဲ့၏။ အခြားတဦးမှာ တရားအားထုတ်မှု၌သာ မွေ့လျော်နေသော ကုမာရဂီရိ ဖြစ်ပြီး မိန်းမချောတစ်ဦး (စိတ္တရလေခါ) နှင့်တွေ့ကာ ပျက်စီးသွား၏။ သို့သော် သူ့ကိုယ်သူပြန် အဖတ်ဆယ်ပါသည်။ သူ့တပည့်မှာ ဝိသာလဒေဝ ဖြစ်၏။

 

ထိုအခါ ထိုသူတို့ထံရောက်သွားသူ တပည့်နှစ်ဦး၏ အမြင်များလည်း မတူကြတော့။ သေတံကအတွက် ဗီဇဂုတ္တသည် အလွန်မြင့်မြတ်သူ ဖြစ်ပြီး ဝိသာလဒေဝကတော့ မကောင်းမှုများဖြင့် ပြည့်နှက်နေသည့် လူရူးလူမိုက်တစ်ဦးဟု ရှုမြင်၏။

ကုမာရဂီရိကို ဝိသာလဒေဝက လောကထက် သာလွန်မြင့်မြတ်သူဟု ထင်မြင်နေပြီး သေတံက ကမူ တကိုယ်ရည် ကောင်းစားဘို့ ကြိုးစားနေသည့် အတ္တသမားဟု စွပ်စွဲ၏။

 

အသင်တို့သည် စိတ္တရလေခါကို ဖတ်ပြီးသူများ ဖြစ်ပါက မည်သူကောင်းပြီး မည်သူမကောင်းဆိုသည်ကို မိမိဘာသာ ဆုံးဖြတ်နိုင်ပါသည်။ ဤကမ္ဘာလောကကြီး၌ ဗီဇဂုတ္တနှင့် ကုမာရဂီရိတို့ကဲ့သို့သောလူများ အများအပြားပင် ရှိပါသည်။

 

၃။ ဘိန်းစားရေချမ်း

 

ဆရာမကြီး ခင်နှင်းယု၏ ဘိန်းစားရေချမ်းမှာမူ မြန်မာပြည်အောက်ပိုင်း (ထားဝယ်) မှ တကယ့်အဖြစ်အပျက် ဖြစ်၏။ ကိုရေချမ်းမှာ မြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် သေဆုံးခဲ့ပါသည်။

 

လူအများက ဘိန်းစား၊ ဘာမှ သုံးလို့စားလို့မရတဲ့အကောင်ဟု ဝိုင်းပယ်ထားသည့် ဘိန်းစားရေချမ်းမှာ အများ ထင်သကဲ့သို့ ကလေကချေကောင် မဟုတ်ဘဲ တကယ့်သူတော်ကောင်း ဖြစ်နေပြီး မနက်တိုင်း ကြေးစည်သံ တဝေဝေ နှင့် ဘုရားကို ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား အော်ဟစ်ရှိခိုးနေသော အရပ်က လူသူတော်ကောင်းကြီးဟု ထင်နေသူကြီးကမှ တကယ့် လူယုတ်မာအစစ်ကြီး ဖြစ်နေလေ၏။ ဤသည်မှာလည်း လူမသိ၊ သူမသိ။ လူသိမခံဝံ့သော အဖြစ်အပျက်တစ်ခု ဖြစ်လျက် ဤကဲ့သို့သော အဖြစ်အပျက်များသည်လည်း ဤဒွန္နယာကြီး၌ မည်မျှရှိလိမ့်ဦးမည်မသိ။

 

၄။ ဆဲတတ်သူများနှင့် တညနေ

 

ဆရာမ ဂျူး၏ ဆဲတတ်သူများနှင့် တညနေကိုမူ ကျွန်ုပ် အတော်လေး ကြိုက်နှစ်သက်၏။

ဆရာမ၏ ဝတ္ထုတိုလေးထဲ၌လည်း လူနှစ်မျိုးနှစ်စားကို တွေ့ရ၏။

တမျိုးမှာ ဘဝကို ဘာမှ အလေးမထား၊ ပျော်ပျော်ပါးပါးပင် အော်ဟစ်ဆဲဆိုနေသည့် ပေါ့ပေါ့နေ ပေါ့ပေါ့စားသမားများ ဖြစ်၏။ သို့သော် တကယ့် ဒုက္ခနှင့် ကြုံတွေ့လာသည့်အခါ ထိုသူများကမှ အင်တိုက်အားတိုက် ကြုံးကြသူများဖြစ်ပြီး -

နောက်တဦးမှာမူ ပညာတတ်၊ အရာရှိဖြစ်လျက် တကယ့် ဒုက္ခနှင့် ကြုံတွေ့လာသည့်အခါတွင်မူ ဤသည့်ပြဿနာမှာ ငါနဲ့မဆိုင်၊ သူများတွေ လုပ်လိမ့်မယ်ဟု ခံယူထားကြသူများ ဖြစ်၏။

 

ဆရာမ၏ လူနှစ်မျိုးနှစ်စားမှာ လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့် အတော့်ကို ဟပ်မိလေ၏။ မြန်မာ့လွတ်လပ်ရေးအတွက် အသက်သွေးချေးစတေး၊ စည်းစိမ်ပြုတ်၊ ဘဝပျက်သည်အထိ ကြိုးစားရုန်းကန်နေသူများ ရှိသလို သူများတွေလုပ်တာ ဘာမှစိတ်မဝင်စား၊ နေသာသလိုနေကာ လွပ်လပ်ရေးရမှ လွတ်လပ်ရေး၏ အသီးအပွင့် အမြိုက်အရသာကို တမြိန့်မြိန့် ခံစားလျက် ငါတို့ ဘယ်လောက်တောင် ဘယ်လိုတွေလုပ်လိုက်ရတာ စသဖြင့် လက်သီးလက်မောင်း တန်းရန် အဆင်သင့်ပြင်နေသူများလည်း မနည်းလှပါချေ။ ၎င်းတို့သည်ကား လူလည်ကြီး သားသမီးများပါပေတည်း။

 

ဤလောကကြီး၌ လူလည်ကြီးတို့၏ သားသမီးများ များပြားလှချေ၏ တကား။

 

၅။ American Sniper

 

American Sniper ၌ သားဖြစ်သူ ကျောင်းမှာ အနိုင်ကျင့်ခံရသည့်အတွက် လူသုံးမျိုးအကြောင်း ဖအေလုပ်သူက သားနှစ်ဦးကို ဆုံးမ၏။

 

There are three types of people in this world.

Sheep, wolves and sheepdogs.

Some people believe that evil doesn’t exist in the world.

And if it ever darkened their doorstep, they wouldn’t know how to protect themselves.

Those are sheeps.

And then you got predators. They use violence to prey on the weak. They are the wolves.

And there are those who’ve been blessed with the gift of aggression and overpowering need to protect the flock. These men are the rare breed that live to confront the wolf. They are the sheepdog.

 

ဒီကမ္ဘာပေါ်မှာ လူသုံးမျိုးရှိသကွ။

သိုးလိုလူ၊ ဝံပုလွေလိုလူ၊ သိုးထိန်းခွေးလိုလူ ပဲ။

လောကမှာ မိစ္ဆာဆိုတာမရှိပါဘူးကွာလို့ ယုံနေပြီး အဲဒီမကောင်းဆိုးရွားက အိမ်တံခါးလာခေါက်တော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမှန်း မသိတော့ဘူး။ အဲလိုကောင်တွေဟာ သိုးလိုကောင်တွေပဲ။

နောက်ပြီး သားကောင်လိုက်ရှာနေတဲ့ သားရဲတိရစ္ဆာန်တွေလည်း ရှိသကွ။ သူတို့ကတော့ ဝံပုလွေတွေပဲ။

နောက်ပြီး အကာအကွယ်လိုနေတဲ့သူကို ဝံပုလွေတွေနဲ့ မျက်နှာချင်းဆိုင် တိုက်ခိုက်မယ့် သူတွေလည်း ရှိတယ်။ သူတို့ကတော့ သိုးထိန်းခွေးတွေပဲ။

 

ငါတို့ဟာ သိုးတွေကို မွေးမြူနေတာမဟုတ်ဘူး။

အေး - ဝံပုလွေဖြစ်လာခဲ့ရင်လည်း ဟောဒီခါးပတ်နဲ့ ငါကိုယ်တိုင် ရိုက်မှာပဲ . . .

ဆိုကာ ဝတ်ထားသည့် ခါးပတ်ကြီးကို ဖြုတ်လျက် စားပွဲပေါ် ဗြန်းကနဲရိုက်တင်လိုက်ရာ ကျွန်ုပ်တောင် ကျောစိမ့်မိ သွားပါသေး၏။

 

၆။ ငါ ဘယ်လိုလူမျိုးလဲ

 

ဤသည်မှာ ကမ္ဘာပေါ်ရှိ လူများကို အစားစားခွဲပြထားပုံ ဖြစ်၏။ ကျွန်ုပ် ဖတ်ဖူးသလောက် မှတ်မိသလောက် ပြန်ရေး ပြခြင်းဖြစ်၏။

 

ဤစာဖတ်နေသူ အသင်သည်လည်း ငါရော . . .

 

- ပြောသလိုလုပ်ပြီး လုပ်သလိုပြောတဲ့သူလား

- ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား လူလား

- အရေးအကြောင်းဆို တကယ်အားကိုးရမယ့်သူလား၊ လူလည်ကြီး သားသမီးလား

- သိုးလား၊ ဝံပုလွေလား၊ သိုးထိန်းခွေးလား . . .

 

စသည်ဖြင့် ခေါင်းစားကြပါစေကုန်သတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၃၁ မေလ၊ ၂၀၂၆

 

 

စိတ္တရလေခါ

http://www.mediafire.com/file/cx55u978pxpstk3/

 

ဘိန်းစားရေချမ်း

https://www.facebook.com/356Myat.Thu.Aung/posts/%E1%80%98%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%85%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%81%E1%80%BB%E1%80%99%E1%80%BA%E1%80%B8____________________%E1%80%81%E1%80%84%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%9A%E1%80%AF%E1%80%81%E1%80%9B%E1%80%AE%E1%80%B8%E1%80%9E%E1%80%BD%E1%80%AC%E1%80%B8%E1%80%9B%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%8A%E1%80%BA-%E1%80%85%E1%80%AD%E1%80%94%E1%80%BA%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%95%E1%80%BA-%E1%80%95%E1%80%94%E1%80%BA%E1%80%9B%E1%80%81%E1%80%BC/459988826368564/

 

ပန်းမြိုင်လယ်မှ​ ဥယျာဉ်မှူး

https://www.youtube.com/watch?v=uyuH9quVeKY

 

ဆဲတတ်သူများနှင့် တစ်ညနေ

https://bamakyel.wordpress.com/wp-content/uploads/2009/11/juu-sae-tat-thu-myar-nae-1-evening.pdf

 


Saturday, May 23, 2026

The Call of the Wild

‘The Call of the Wild’ အကြောင်း ရေးပေးပါလို့ ကိုရွှေသန်းက တောင်းဆိုလာတော့လဲ ရေးလိုက်ရပြန်ပေတာပေါ့ လဗျာ။

 

ဇာတ်လမ်းကတော့ ခွေးတစ်ကောင်အကြောင်းပါ။ ဒါပေမဲ့ သာမန်ခွေးမဟုတ်တာတော့ သေချာတာပေါ့ ကိုရွှေသန်းရယ်။

သူ့နာမည်က “Buck” ပါတဲ့။

 

‘ဘတ်’ ရဲ့ မူရင်းသခင်က တရားသူကြီး။ သူ့ဘဝ အစပိုင်းမှာ သူ့သခင်နဲ့ လမ်းလေးလျှောက်လိုက်၊ အစားကောင်း စားလိုက်၊ အိပ်လိုက်နဲ့ အင်မတန် ဇိမ်ကျတဲ့ ဘဝပေါ့ဗျာ။

 

ဒါပေမဲ့ သူ့ကို ခိုးပြီးရောင်းစားခံလိုက်ရတာကနေစပြီး သူ့ဘဝ တဆစ်ချိုး ပြောင်းသွားတော့တာပဲ။

သူ့သခင်အသစ်က စာပို့သမား။ စာပို့ရတာမှ အင်မတန်ကြမ်းတမ်းလှတဲ့ ရာသီဥတုနဲ့ခရီး မိုင် ၂၀၀၀ ကျော်ကိုဖြတ်ပြီး စာတွေပို့ရတာ။ ဘတ်က သူဌေးသားဘဝက လာခဲ့တာမို့ အစပိုင်းမှာ စွပ်ဖားဆွဲလို့ အဆင်မပြေဘူး။ ရေခဲပြင်ပေါ်မှာ မလျှောက်တတ်တော့ မကြာခဏ ချော်လဲတယ်။ နောက်တော့လည်း ဒီလိုနဲ့ အဆင်ပြေသွားရတာပါဘဲ။

 

ဘတ်က အသိဉာဏ်ရှိတယ်။ အရာရာကို စဉ်းစားချင့်ချိန်နိုင်တယ်။ သနားကြင်နာတတ်တယ်။ ကိုယ်ချင်းစာတရား ရှိတယ်။ တခြားသူတွေအပေါ် မျှမျှတတ ဆက်ဆံတတ်တယ်။

 

စွပ်ဖားဆွဲတဲ့ခွေးအဖွဲ့ရဲ့ ခေါင်းဆောင်က လူမိုက်၊ နောက်ရောက်လာတဲ့ ဘတ်က သူ့ထက်သာတော့ မနာလိုဘူး။ ဆိုတော့ ဘတ်ကို အသေအကျေကိုက်တယ်။ သူက ခေါင်းဆောင်ဆိုတော့ ဘတ်က အစပိုင်းမှာ သည်းခံနေသေးတယ်။ ဘတ် အလူးအလဲခံနေရတော့ သူရို့အဖွဲ့က အတော်စိုးရိမ်နေပြီ။ ဒါပေမဲ့ ခေါင်းဆောင်လုပ်တဲ့သူက မိုက်လုံးကြီးလေတော့ ဘာမှမတတ်နိုင်ဘဲ ဒီအတိုင်းကြည့်နေကြရတယ်။ နောက်တော့ သူ့အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာလို့ ဘတ်လည်း မတတ်သာတဲ့အဆုံး ပြန်ဖိုက်ရတော့တယ်။ သူက ဗလကောင်းလေတော့ ဟိုပျူစောထီးကောင်ကို (ဟုတ်ပေါင်) ခေါင်းဆောင်လူမိုက်ကို ဂုတ်ကနေကိုက် လွှင့်ပစ်လိုက်တော့ တခါတည်း ကျောင်းမှန်ကန်မှန်းသိပြီး ထွက်ပြေးသွားတာ ပြန်ကို မလာရဲတော့ဘူး။

 

ခေါင်းဆောင်ခွေး မရှိတော့ သူ့သခင်က သူတို့အုပ်စုထဲက အတွေ့အကြုံရှိတဲ့ တစ်ကောင်ကို ခေါင်းဆောင်ခန့်တယ်။ ဘတ်က လက်မခံဘူး။ သူတို့အဖွဲ့ကလည်း ဘတ်ကိုပဲ ခေါင်းဆောင်တင်ချင်နေတော့ မတတ်သာတဲ့အဆုံး သူ့သခင်က ဘတ်ကို မယုံရဲယုံရဲနဲ့ ခေါင်းဆောင်ခန့်လိုက်ရတယ်။

 

ဘတ်က အစွမ်းပြလိုက်တာ မိုင် ၂၄၀၀ လောက်ခရီးကို ရက်ပေါင်း ၈၀ နဲ့ အရောက်သွားနိုင်ခဲ့တယ်။ (လမ်းခရီးက နှင်းမုန်တိုင်းရဲ့ ဒုက္ခ၊ သုက္ခတွေကိုတော့ ရုပ်ရှင်ထဲမှာ ကြည့်ပေါ့ဗျာ။) သူ့သခင်စာပို့သမား ပါရောက်ပြောတာလေး မှတ်စရာကောင်းတယ်။ ‘ဒီမယ်ဘတ်၊ ငါတို့ဟာ စာတွေကိုမျှလောက်သာ သယ်လာတာ မဟုတ်ဘူးကွ။ လူတွေရဲ့ ဘဝတွေ၊ မျက်ရည်တွေ၊ ချစ်ခြင်းမေတ္တာတွေကို သယ်လာတာကွ” တဲ့။ သူ့သခင်ပြောတာကို ဘတ်က သဘောပေါက် တယ်။

 

အပြန်ခရီးကျတော့ စာထုပ်ကြီးကိုသယ်ပြီး ဘတ်တို့တသိုက် ပြန်ခဲ့ကြတယ်။ ဒါပေမဲ့ အဖိုးကြီးတစ်ယောက်က  သူတို့အပြန်မှာ ထည့်ပေးလိုက်မဲ့ စာကိုရေးနေတာ မပြီးသေးဘူး။ အဖိုးကြီး စာအိတ်ကိုင်ပြီး အပြေးထွက်လာတော့ ဘတ်တို့ရထားက စထွက်နေပြီ။ အရှိန်တောင် အတော်ရနေပြီ။

 

အဖိုးကြီး စာအိပ်ကိုင်ပြီး အပြေးထွက်လာတာကို ဘတ်လည်း မြင်လိုက်ရော စွပ်ဖားကို တုံ့ကနဲရပ်လိုက်တယ်။ သူ့ရဲဘော်တွေအကုန်လုံး အလဲလဲ အပြိုပြိုနဲ့ပေါ့။ သူ့သခင်လည်း အတော်စိတ်ဆိုးတယ်။ နောက်တော့ ဘတ်က အဖိုးကြီးဆီကစာကို သွားယူပေးတယ်။ အဲဒါနဲ့ အဖိုးကြီး ‘သော်တွန်’ (ဟယ်ရီဆင်ဖို့ဒ်) နဲ့ ဘတ်နဲ့ မိတ်ဆွေဖြစ်သွားတယ်။

 

နောက်တော့ တယ်လီဂရပ်စာပို့စနစ် ပေါ်လာတော့ ဒီလောက်ကြမ်းတမ်းပြီး အလှမ်းဝေးလှတဲ့ စာပို့စနစ်ကို ဖျက်သိမ်း လိုက်တော့ သူ့သခင်ရော ဘတ်တို့အဖွဲ့ပါ အလုပ်ပြုတ်ရပြန်တယ်။ ဘတ်တို့အဖွဲ့ သခင်အသစ်နဲ့ နှစ်ပါးသွားရပြန်ရော။

 

အဲဒီ သခင်အသစ်က ‘မီးမလာရင် ဖယောင်တိုင် ထွန်းနေပါလား’ တို့၊ ‘လယ်သမားတွေ ထမင်းတစ်နပ်လျှော့စားပါလား’ တို့ ဆိုတဲ့ လူစားမျိုး။ ရေခဲထဲနစ်နေတဲ့ စွပ်ဖားကို အတင်းဆွဲခိုင်းတော့ ဘတ်တို့လည်း အသားကုန်ရုန်းတာပဲ။ ဒါပေမဲ့ စွပ်ဖားက တုပ်တုပ်တောင် မလှုပ်ဘူး။ သူရို့သခင်က ဘတ်တို့အဖွဲ့ကို ခွေးပျင်းတွေ၊ အစားတော့ စားချင်တယ်။ အလုပ်တော့ မလုပ်ချင်ဘူးဆိုပြီး ကြာပွတ်နဲ့ နင်းကန်ရိုက်တယ်။

 

ဘတ်ရဲ့မိတ်ဆွေ သော်တွန်ရောက်လာပြီး ဟယောင်၊ မင်းရထားက ရေခဲထဲနစ်နေတာ ဘယ်လိုလုပ်ဆွဲမလဲကွ ဆိုတော့ ငါ့အလုပ်ကို ဘာလာရှုပ်တာလဲ ဆိုပြီး ရန်လုပ်တယ်။ အဖိုးကြီးက တုံးကြီးယူပြီး လှည်းကို ရေခဲထဲက ဆယ်ထုတ်ပေးလိုက်တော့မှ စွပ်ဖားလည်း ရွေ့တော့တယ်။ ဘတ်က မြစ်ကိုဖြတ်ဘို့ သဘောမတူဘူး။ အဲဒါနဲ့ သူ့သခင်လည်း ဘတ်ကို အသေအကျေရိုက်ပြန်တယ်။ သော်တွန်က ဟယောင်၊ ခုအချိန်မြစ်ကို မဖြတ်နဲ့အုံး။ ခဏနေ ရေခဲတွေ အကုန်အရည်ပျော်တော့မှာ၊ အကုန်မာလကီးယားလိမ့်မယ် ဆိုတော့ သူတို့သခင်လူမိုက်က အဲဒါမင်းနဲ့ ဘာဆိုင်သလဲ ရန်လုပ်ပြန်တယ်။

 

သော်တွန်လည်း ဘတ်ကို လှည်းက ကြိုးဖြတ်ပြီး ထမ်းလာခဲ့တယ်။ ဘတ်ခမျာ လမ်းတောင် မလျှောက်နိုင်တော့ဘူး။

 

သော်တွန်က အရက်သောက်တယ်။ ဘတ်က မကြိုက်ဘူး။ သော်တွန်ရဲ့ အရက်ခွက်ကို မှောက်ပစ်တယ်။ နောက်တော့ အရက်ပုလင်းကို အပြင်ယူသွားပြီး နှင်းထဲမှာမြှုပ်၊ သူ့ကိုယ်လုံးကြီးနဲ့ ဖိထားလို့ သော်တွန်လည်း အေးဘာခွာ ဆိုပြီး လက်မြှောက်လိုက်ရတယ်။

 

ဒီတောင်ရဲ့ဟိုဘက်မှာ ဘာတွေရှိသလဲဆိုတာ ငါ့သားက တအားသိချင်တယ်။ (သူ့သားက ဆုံးသွားပြီ) ငါတို့ သွားရအောင်ကွာ လို့ သော်တွန်က ပြောတော့ ဘတ်လည်း သဘောတူတာနဲ့ သူတို့ ခရီးထွက်ခဲ့တယ်။

 

နောက်ဆုံး သူတို့ ချောင်းတခုနားမှာ စတည်းချတော့ ရွှေတုံးတွေ တွေ့တာနဲ့ ရွှေရှာကြတယ်။

သူ့စီးပွားရေးကို နှောင့်ယှက်ရကောင်းလားဆိုပြီး ဘတ်ရဲ့သခင်ဟောင်းက သူတို့ဆီ နောက်ယောင်ခံ လိုက်လာပြီး သော်တွန်ကို သတ်ဘို့ ကြိုးစားတယ်။

 

ဘတ်လည်း အဲဒီကောင်ကို မီးလောင်နေတဲ့ တဲထဲ တွန်းထည့်လိုက်တယ်။

 

နောက်တော့ ဘတ်ဟာ တကိုယ်လုံး ဖွေးဖွေးဖြူနေတဲ့ ကောင်မလေး ချောချောလေးနဲ့တွေ့ပြီး တအိုးတအိမ် ထူထောင်တယ်။

 

သော်တွန်က ဘတ်ရေ၊ ဒီနေရာကမှ မင်းရဲ့ဇာတိ အစစ်အမှန်ပဲကွ။ သူတို့ဟာ မင်းရဲ့ အဆွေအမျိုးတွေပဲ။ မင်းဒီမှာပဲ သူတို့နဲ့ ပျော်ပျော် နေခဲ့ပါတော့ကွာ တဲ့။

 

The Call of the Wild ဟာ သာမန်ခွေးတစ်ကောင် အကြောင်းမျှသာမဟုတ်ဘဲ ဘေးဒုက္ခရောက်တဲ့အခါ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဒုက္ခကို ရင်ဆိုင်တတ်ဘို့၊ အချင်းချင်း အပြန်အလှန် သစ္စာရှိကြ၊ ရိုင်းပင်းကြ၊ ချစ်ခင်ကြဘို့၊ ကိုယ့် အသက်ရှင်ရပ်တည်မှုအတွက် အားမလျှော့ဘဲ ဖြစ်လာတဲ့အခြေအနေကို အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်ဖြေရင်းကြဘို့ စတဲ့ လူ့ဘဝရဲ့ အရေးကြီးတဲ့ အချက်တွေကို မီးမောင်းထိုးပြထားတာလည်း ဖြစ်ပါတယ်။

 

ရုပ်ရှင်က ကောင်းဆို မူရင်းဝတ္ထုကလည်း ကောင်းပေသကိုးဗျာ။

ဂျက်လန်ဒန်ရဲ့ ဝတ္ထုပါ။ ဝတ္ထုနာမည်ကလည်း The Call of the Wild ပါပဲ။ ဆရာကြီး ဂုဏ်ဝင်းက ‘အရိုင်းခေါ်သံ’ ဆိုပြီး မြန်မာပြန်ထားပါတယ်။

 

ကိုယ်ကတော့ ဂျက်လန်ဒန်ရဲ့ ဝတ္ထုတွေဆို အသည်းစွဲပဲ။ ကိုကြည် (ပြင်ဦးလွင်) ဘာသာပြန်ထားတဲ့ ဂျက်လန်ဒန်ရဲ့ လက်ရာမွန် သုံးပုဒ် ဆိုတဲ့စာအုပ်ရှိတယ်။ အသက်ကလေးရယ် ရှည်စေလို မီးရအောင်ဖို၊ အမဲနှပ် တပန်းကန် စသဖြင့်။ ဖတ်ကြည့်ကြစမ်းပါဗျာ။ ကောင်းမှကောင်း။ နတ်နွယ်ဘာသာပြန်ထားတာတွေတော့ မဖတ်ဖူးသေးပါဘူး။

 

ကိုရွှေသန်းရေ -

ကျွန်တော်က “The Call of the Wild” ကို NetFlix ကနေ ကြည့်ပါသဗျာ။

 

ကိုယ့်လူကြည့်ချင်ရင် ဟောဒီမှာ YouTube link:

https://www.youtube.com/watch?v=tea0aJarTfk

 

စာအုပ်ဖတ်ချင်ရင် ဟောဒီမှာ . . .

https://www.scribd.com/doc/123892147/%E1%80%A1%E1%80%9B%E1%80%AF%E1%80%AD%E1%80%84-%E1%80%B8%E1%80%B1%E1%80%81%E1%81%9A%E1%80%9E%E1%80%B6-%E1%80%82%E1%80%AF%E1%80%8F-%E1%80%9D%E1%80%84-%E1%80%B8-%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%BB%E1%80%95%E1%80%94

 

အာ - စာအုပ်ဖတ်ရတာ ပျင်းပါတယ်ဗျာ ဆိုရင် Audio book နားထောင်ပေါ့လဗျာ။

https://www.youtube.com/watch?v=AOIy2LonJvs

 

The Call of the Wild ကို ကြိုက်ရင် Togo ကိုလည်း ကြိုက်ပါလိမ့်မယ်။

စွပ်ဖားဆွဲတဲ့ခွေး အကြောင်းပဲ။ မင်းသားကြီးက ကိုယ်ကြိုက်တဲ့မင်းသားကြီး ဝီလီယမ်ဒေဖိုး

 

အဲလေ၊ တခုမေ့သွားတယ်။

ဝမ်းနည်းစရာကတော့ ဘတ် ဆိုတဲ့ခွေးကြီးဟာ တကယ့်ခွေးအစစ်မဟုတ်ဘဲ ကွန်ပြူတာနဲ့ သလီးဒီအယ်နီမေးရှင်း လုပ်ထားတဲ့ ခွေးကြီးပါ တဲ့စ်။

 

အားလုံးကို ကျေးဇူးတင်ပါတယ်။

 

အစကတော့ အတိုချုပ်ရေးမလို့ဘဲ။ ရေးရင်း ရေးရင်း နည်းနည်း လက်လွန်သွားတယ်။

ဆော်တီး

 

အေးငြိမ်း

၂၃ မေလ၊ ၂၀၂၆