Showing posts with label Working in Singapore. Show all posts
Showing posts with label Working in Singapore. Show all posts

Monday, September 29, 2025

Micro Learning အကြောင်း သိကောင်းစရာ

ကျော်တို့သူဌေးက မင်းတို့ ကွကိုယ်လုပ်ကြ၊ ငါ လုပ်မပေးနိုင်ပု ဆိုလို့။

ကျော်တို့လည်း ပလိုလုပ်ရမှန်းမသိလို့ . . . အဟင့် ရွှတ် စ် ပ် ခ်

 

စာမေးပွဲကျသည့် သကောင့်သားလေးများကို ဗမှားပြည်၏ အရှေ့မြောက်ဘက် နိုင်ငံကြီးကလာသော တစ်ခါမှ ရေမချိုးသည့် ကုမ္ပဏီကြီးတစ်ခုက ဘာမှလုပ်မပေးသည့်အတွက် ပိုက်ဆံမရသောအလုပ်များနှင့် အလွန် အကျိုးပေးလှသည့် ကျွန်ုပ်ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသဖြင့် ကျွန်ုပ်လည်း ငြင်းလို့မရဘဲ လုပ်ပေးရလေသော ဟူသတတ်။

 

Register လည်း ဘယ်လိုလုပ်ရမှန်းမသိ။

ဟိုက QR code, User Name, Password တွေ ပေးတော့လည်း မျောက်အုန်းသီးရသလို ဘာမှ မလုပ်တတ်။

လောဘတက်လှသော ကျွန်ုပ်ကလည်း ၇ ရက်လုံး အလုပ်လုပ်လေတော့ သူတို့ကို ချေးကသေးကစ လိုက်လုပ်မပေးနိုင်။

ထားပါတော့။ ဒါတွေပြောလို့ ပြီးမှာမဟုတ်။

နောက်ဆုံးတော့ မနိုင့်ရင်ကာနှင့် ပြီးသွားရလေသော ဟူ၏။

 

+++++++++++++++

 

စင်ကာပူ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်လုပ်မည့် အလုပ်သမားများသည် ယခင်အခေါ် CSOC, ယခုအခေါ် AWSHCS သင်တန်းကို တက်ရောက်ကြရ၏။ အောင်မြင်ကြရ၏။ ဤသင်တန်းမအောင်ဘဲနှင့် ဤ သင်တန်းဆင်း လက်မှတ် မရှိဘဲနှင့် အလုပ်လုပ်လို့မရ။ အလုပ်လုပ်ခွင့်မပြု။ ထို့ကြောင့် ဆောက်လုပ်ရေးလုပ်သားတိုင်း ထိုသင်တန်းကို တက်ရ၏။ အောင်ရ၏။

 

ယခင် CSOC သင်တန်းဆင်းလက်မှတ် ရှိပြီးသူတို့သည် သင်တန်းအသစ် (၂ ရက်သင်တန်း) ကို မတက်ဘဲနှင့် စာမေးပွဲချည်း ဖြေဆိုနိုင်၏။ ၎င်းကို Re-certification ခေါ်၏။ Re-cert က သင်တန်းတက်စရာမလိုဘဲ စာတွေ့+လက်တွေ့ စာမေးပွဲကို တန်းဖြေကြရတာ ဖြစ်၏။

 

၎င်းတို့မှာ စာမသင်ဘဲ ဒီအတိုင်း ဖြေကြရတာ ဖြစ်သဖြင့် များသောအားဖြင့် ကျ၏။ ကျချက် (အောင်ချက်မဟုတ်) ၉၅% လောက်ရှိသည်ဆိုလျင် သင်တို့ မအံ့ဩပါနှင့်။ ကျတာမှ အသားကုန်ကျ၏။ သောက်ကျိုးနည်း ကျ၏။ မဟားတရား ကျ၏။ ဟိုတစ်နေ့က ၁၄ ယောက်ဖြေတာ တစ်ယောက်ပဲ အောင်၏။

 

သင်တန်းတစ်ခါကျပြီးပြီဆိုလျှင် ၂ ရက်သင်တန်းကို သွားမတက်မီ Micro Learning (ML) ဆိုတာ တက်ရ၏။ Micro Learning အစီအစဉ် ကို ၂၀၂၄ ခုနှစ် ဇန္နဝါရီလက စတင်ခဲ့၏။ MOM ကတော့ Micro Learning programme သည် မတက်မနေရသင်တန်း မဟုတ်ပါ ဆို၏။ သို့သော် စာမေးပွဲကျသူများ Micro Learning တက်မထားလျှင် သင်တန်းကျောင်းများက သင်တန်းအပ် လက်မခံပါ။ ထို့ကြောင့် စာမေးပွဲကျသူများသည် Micro Learning ကို တက်ကို တက်ရ၏။

 

Micro Learning က ၂ နာရီအစီအစဉ်ဖြစ်၍ သင်တန်း သွားတက်ရတာ မဟုတ်ဘဲ ကိုယ့်ဖုန်းထဲကနေ လေ့လာရတာ ဖြစ်၏။

 

စုစုပေါင်း Module ၁၀ ခုရှိ၏။

 

1. Donning of Personal Protective Equipment - ဗီဒီယို - ၁၄ မိနစ်

2. Confined Space Management Training - ဗီဒီယို - ၇ မိနစ် ၁၆ စက္ကန့်

3. Firefighting training and general fire safety - ဗီဒီယို - ၇ မိနစ် ၄၂ စက္ကန့်

4. Slips, Trips and Falls - ဗီဒီယို - ၂ မိနစ် ၃၁ စက္ကန့်

5. Electrical Safety - ဗီဒီယို - ၇ မိနစ် ၀၂ စက္ကန့်

6. Work at Height - ဗီဒီယို - ၈ မိနစ် ၄၀ စက္ကန့်

7. Vehicular/Machine Safety - ဗီဒီယို - ၄ မိနစ် ၅၃ စက္ကန့်

8. Suspension Trauma - ၃ မိနစ် ၃၇ စက္ကန့်

9. Heat Exhaustion/Stroke - ၄ မိနစ် ၃၉ စက္ကန့်

10. Risk Assessment - ၃ မိနစ် ၄၀ စက္ကန့်

 

Micro Learning ကို နှစ်နေရာ၌ သင်တန်းအပ်နိုင်၏။

NTUC Learning Hub နှင့် SCAL Academy တို့ ဖြစ်၏။

 

Micro Learning အတွက် Register လုပ်ရ၏။ သင်တန်းကြေး $50.46 ဖြစ်၏။ Register လုပ်ပြီးလျင် သင်တန်းတက်ရမည့်နေ့ကို ပေးပါလိမ့်မည်။

 

သင်တန်းတက်ရမည့်နေ့တွင် Online လေ့လာရန် QR code, User Name နှင့် Password ပို့ပေးပါလိမ့်မည်။

User Name မှာ သင့် FIN No. ဖြစ်၏။

 

 ထို့နောက် ပေးထားသည့် QR code ကို scan လုပ်လျက် ပေးထားသည့် User Name, Password တို့နှင့် log in ဝင်ပြီး အထက်ဖော်ပြပါ သင်ခန်းစာ ၁၀ ခုကို တစ်ခုပြီးတစ်ခု လုပ်သွားရုံဖြစ်၏။

 








 သင်ခန်းစာများကို အစအဆုံးကြည့်ရ၏။ ကျော်လို့မရ။

တစ်ခုပြီးမှ နောက်တစ်ခု သွားလို့ရ၏။

သင်ခန်းစာ ၁၀ ခုစလုံးပြီးသွားလျင် ၃ ရက်အတွင်း လက်မှတ်ထုတ်ပေးပါလိမ့်မည်။

 

ထို့နောက်မှ ၂ ရက် ACS သင်တန်းကို သွားတက်ရမည်။

 

သို့သော် (အဟိ) သူ့ မိုက်ခရိုကလည်း ဘာတွေရေးလို့ ရေးထားမှန်းမသိ။

အသံတော့ ပါပါရဲ့။ မြန်မာလိုလည်း ပြောပါရဲ့ (အဟိ) ဘာတွေပြောလို့ ပြောနေမှန်းမသိ။

နောက်ပြီး ကြည့်နေရင်းတန်းလန်း ရှေ့ဆက်လို့ မရတာတွေလည်း ရှိသေးသည်။

 

အမှန်က ဘာ CSOC_Re-cert မှ လုပ်နေစရာမလိုပါ။

သက်တမ်းတိုးရတော့မယ်ဆို ၂ ရက်သင်တန်း တစ်ခါတည်းတက်။ တစ်ခါတည်းဖြေ။ တစ်ခါတည်းအောင်။ တူနယ်တဲ့နယ် လဗျောင်။

 

ခုတော့ CSOC_Re-cert တစ်ခါသွားတက်၊ တစ်ရက်ကုန်။ $$$ ကုန်။ ကျ။

မအောင်လို့ Micro Learning တစ်ခါထပ်တက်၊ တစ်ရက်ကုန်။ $$$ တစ်ခါထပ်ကုန်။

အဲဒါပြီးပြန်တော့ ၂ ရက်သင်တန်းတစ်ခါတက်၊ ၂ ရက်ကုန်။ $$$ တစ်ခါထပ်ကုန်။

 

အဲ့တာ ပါတွေလုပ်ကြတာဒုံးစ်။ ယခွမ်း

Six ရေး မပါတာတွေ။

 

ထားပါလေ။ အဲသဟာ ကျုပ်နဲ့မဆိုင်ပါ။ ကျော်လည်း ဘာမှ လုပ်လို့မရပါ။

မိုက်ခရို လမ်းနီး (အောင်မငီး) ဆိုတာ ဘာ ဆိုတာ မိတ်ဆွေတို့သိအောင် ပြောပြတာ ဖြစ်ပါသည်။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၉ စက်တင်ဘာလ၊ ၂၀၂၅


Saturday, April 26, 2025

စင်ကာပူက ပါတာညာတေး ကုမ္ပဏီတို့ အကြောင်း

စီနေရီယို (၁)

 

မစ္စတာညာစ်တာ နှင့် မဒမ်ပါစ်တေးတို့သည် ငွေယားကလေး လက်ထဲရှိသည်နှင့် ကုမ္ပဏီထောင်ကြလေ၏။ ကုမ္ပဏီ နာမည်ကို လင်မယားနှစ်ယောက်နာမည်ပေါင်းလျက် ပါတာညာတေးကုမ္ပဏီဟု အမည်ပေးကြ၏။ ဘာလုပ်မလဲ စဉ်းစား ကြတော့ သိပ်ခေါင်းမစားသည့် စာအုပ်ချုပ်သည့်လုပ်ငန်းကို လုပ်ရန် ရွေးကြ၏။ParTar NyarTay Publishing House ပေါ့။

 

စာအုပ်ထုပ်များကို သယ်ရန်၊ ချုပ်ပြီးစာအုပ်များဖြန့်ရန် စသည်တို့အတွက် အလုပ်သမားလို၏။

ဘယ်အလုပ်သမားခေါ်မလဲ စဉ်းစားတော့ ဘိုင်သေရမည့်၊ ပေးသမျှလခလေးယူကာ ခိုင်းသမျှ အသားကုန်လုပ်မည့် မြန်မာပြည်က ကင်ချီလေးများကိုခေါ်ရန် ဆုံးဖြတ်ကြ၏။

 

တစ်ပြားကိုနှစ်ပြားခွာရေးဟူသည့် ကုမ္ပဏီပေါ်လစီအရ ဘာတစ်ပြားမှ မကုန်ကျမည့် အွန်လိုင်းကြော်ငြာများ တင်၏။ 

အီးမေးနှင့် လျှောက်လွှာများ ရသည့်အခါ ဒဘျားမှ မကုန်သည့် Zoom နှင့် အင်တာဗျဲ၏။

ဘာတဲ့ ရာထူးက ‘ဂလပ်ဖစ်ဒီဇိုင်နာ’ ဟူ၏။ S Pass က ဘာဖစ်သယ်၊ ညာဖစ်သယ် ဆိုသည်နှင့် ဝပ်ပါမစ်တင်ပေးတာ လက်ခံလိုက်၏။ 

 

IPA ကျလာတော့ အလုပ်က “ဝယ်ဒါ” ဟူ၏။ ဝယ်ဒါဆိုလို့ ပစ္စည်းတွေလိုက်ဝယ်ရသည့် အဝယ်တော် မထင်ပါနှင့်။ ဟိုသံချောင်းနှင့် ဒီသံချောင်းနှစ်ခုကို ဆက်ရသည့် Welder ဖြစ်၏။ ကိုဟိုနင်းကလည်း IPA မှ ဖတ်တတ်ပါလေစ။ ဘာဖြစ်ဖြစ် စင်ကာပူရောက်ရင်ပြီးရော ဆိုပြီး ထွက်ချလာခဲ့၏။

 

ဒီရောက်တော့ ဘာဂလပ်ဖစ်ကိုမှ ဒီဇိုင်မနာရ။ သူ့ကို DTP (DeskTop Publishing) လုပ်ခိုင်း၏။​ မောင်မင်းကြီးသားက မလုပ်တတ်။ ထိုအခါ . . . 

ထိုအခါစ်ပေါ့ခညာ . . . 

 

ဂလပ်ဖစ်ဒီဇိုင်နာ လုပ်ဖို့ ရည်မှန်းချက်ကြီးနှင့် စလုံးရောက်လာသည့် ငမိုက်သားကလေးမှာ စာရွက်ထုပ်များကိုလည်း ထမ်းရ၏။ စာအုပ်ချုပ်ရာ၌လည်း ဝိုင်းကူရ၏။ ချုပ်ပြီးသားစာအုပ်ထုပ်ကြီးများကိုလည်း ထမ်းပိုးကာ . . . ငင့်စ်

 

ထိုသကောင့်သားကလေးကို မမလေးတစ်ယောက်က ကျွန်ုပ်ထံ ဆောင်ကြဉ်းလာ၏။ ဟောဒီမှာ ဒုက္ခသည်တစ်ယောက်၊​ကျုပ်ကျက်လိပေးပါအုံး ဆို၏။ ရှောက်ခယိုးနဲ၊ ကျုပ်များ “ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး” များ အောက်မေ့နေသလား မပြောဒတ်စ်။

 

“ကိုယ့်လူ အခုမှ ရောက်ခါစ ဘာမှ ထွေလီကာလီတွေ လျှောက်မလုပ်နဲ့အုံး။ တော်ကြာ ခဲတောင့်ခဲယဉ်း စင်ကာပူ ရောက်လာပြီးမှ ပြန်လွှတ်ခံရလို့ ဒွတ်ခ ဖြစ်နေမယ်။ ခုခဏသည်းညည်းခံလုပ်၊ ၄ - ၅ လ လောက်ကြာရင် ကိုယ်လိုချင်တဲ့ အလုပ်သစ်ထပ်ရှာ။ စာချုပ်ထဲမှာ အလုပ်ထွက်ချင်ရင် ဘယ်နှစ်လ ကြိုအသိပေးရမယ်ဆိုတာ ပါတယ်။ အဲဒီကာလ အတိုင်း လုပ်ပေးလိုက်ပြီး နောက်အလုပ်ကိုပြောင်း၊ MOM website မှာ စင်ကာပူက အေးဂျင့်စာရင်းရှိတယ်။ သူတို့နဲ့ ဆက်သွယ်ပြီး အလုပ်ရှာပေါ့။”

 

- ဟု ပြောလွှတ်လိုက်ရလေသော ဟူသတတ်။

 

 

စီနေရီယို (၂)

 

‘ဆရာ့၊ လုပ်ပါအုံး။ ကျနော်တော့ ခုနေ့ခင်းထွက်တဲ့ လေယာဉ်နဲ့ ပြန်ရတော့မယ်၊​ အဟင့် ရွှတ်စ်’

 

၁၅ ရက်နေ့မနက်ပိုင်း စာသင်နေတုံး ငမိုက်သားကလေးတစ်ယောက် ဖုန်းဆက်လာ၏။

 

‘ငမ်၊ ဘယ်လိုဖြစ်တာတုံး ကိုယ့်လူရဲ့’

‘Blah . . . blah . . . blah . . . 

 

ကျွန်ုပ်က ဘလွတ်ဘလွတ်နှင့် စာသင်နေရတော့ သူ့ကို အေးအေးဆေးဆေး စကားမပြောနိုင်။ ထို့ကြောင့် ကျွန်ုပ်ရှိရာသို့ လာခဲ့ရန် မြေပုံနှင့်တကွ ပေးလိုက်၏။ ထမင်းစားချိန်ရောက်တော့ စကားပြောကြ၏။

 

သူက ရောက်တာ ၂ လတောင် မပြည့်သေး။

ပြောတုံးက Welder အလုပ်၊ အခုလုပ်ရတော့ ဆောက်လုပ်ရေးအလုပ်သမား။

 

‘တားက ထိုင်းမှာ ၁၀ နှစ်လောက် ဝယ်ဒင်ဆော်လာတာ။ ဝယ်ဒင်ကောင်းကောင်း ဆော်တတ်တယ်။ အဲဒါ သူတို့က ဝယ်ဒါလုပ်ရမယ်ဆိုလို့လာခဲ့တာ။ အခု ကျွန်တော် ဘိလပ်မြေအိတ်တွေ၊​ သံချောင်းတွေထမ်းရလို့ မလုပ်နိုင်တော့လို့ အေးဂျင့်ကို ထရန်စဖာလက်တာ တောင်းတာ။ အေးဂျင့်က ပေးမယ်ပြောပြီး ခုတော့ အဟင့် ရွှတ်စ်’

 

ခုတော့ ဘာဖြစ်တုံး ကိုယ့်လူရဲ့။

 

အေးဂျင့်ပြောတော့ ထရန်စဖာလက်တာပေးမယ်တဲ့။ အဲဒါ အခုမနက် စာလာပေးတော့ သူပြောတဲ့ ထရန်စဖာလက်တာ မဟုတ်ဘူး။ အလုပ်ဖြုတ်တဲ့စာနဲ့ လေယာဉ်လက်မှတ်။ ကနေ့ညနေထွက်မဲ့လေယာဉ်နဲ့ ပြန်ရမယ်။

 

အနို့ ကိုရင့် IPA ထဲမှာ Construction Worker လို့ရေးထားပါလားကိုယ့်လူရဲ့။ Construction Worker ဆိုရင်တော့ ဆောက်လုပ်ရေးအလုပ်တွေ ခိုင်းမှာပေါ့။

 

Construction Worker တော့ဟုတ်တယ်လေ။ ဒါပေမယ့် သူတို့က ဝယ်ဒင်ဆော်ရမယ်ပြောလို့ တားလည်း လာခဲ့တာ။ အခုတော့ အဟင့် ရွှတ်စ်

 

အခု ကိုရင်ရောက်တာ ၃ လ တောင်မပြည့်သေးဘူး။ ဘာကိစ္စ transfer letter သွားတောင်းတာလဲ။ နည်းနည်းပါးပါး အခြေအနေကြည့်ကျက်လုပ်မှပေါ့။ ဒီအလုပ်မှာသည်းခံလုပ်။ နောက်တော့မှ ကိုယ်လိုချင်တဲ့အလုပ်ကို အေးဂျင့်နဲ့ရှာ။ အလုပ်ရပြီဆိုတော့မှ transfer letter တောင်းရတာ။ အခု ဘာလုပ်လို့ရတော့မတုံး။ ညနေပဲ ပြန်ရတော့မှာ။

 

တား ဆက်နေလို့ မရတော့ဘူးလားငင်။

 

ဟောဒီ Special pass ထဲမှာ 15/04/2025 နောက်ဆုံးထားပြီး စင်ကာပူက ထွက်ပေးပါလို့ ရေးထားတယ်။ ဒီနေ့ ၁၅ ရက်ဖြစ်နေပြီ။ အဲဒါမှ ကိုရင် စင်ကာပူထဲမှာဆက်နေရင် overstay နဲ့ အဖမ်းခံရလိမ့်မယ်။ ညနေထွက်နဲ့ လိန်ဘျံကြီးနဲ့သာ ဒိုးလိုက်တော့။ နောက်မှ အခြေအနေကြည့်ပြီး ပြန်လာ။

 

 

(၃)

 

အသင်တို့ စင်ကာပူလာဘို့ဆိုတာ လွယ်တာမဟုတ်။ ကျွန်ုပ်မေးကြည့်တော့ တချို့ဆို သိန်း ၃၀၀ လောက်တောင် ကုန်သည်ဆို၏။ သိန်း ၃၀၀ ဆိုတာ အိမ်တစ်လုံးစာလောက်ရှိ၏။ 

 

အသင်တို့သည် စင်ကာပူမလာမီကတည်းက သေသေချာချာ မေးမြန်းစုံစမ်းကြပါ။

ကိုယ်လုပ်ရမည့်အလုပ်၊ ကိုယ်လုပ်ရမည့် ကုမ္ပဏီ၊ ရမည့်လခ၊ နေရထိုင်ရမည့်ပုံစံနှင့် အခြား ခံစားခွင့် စသည်များ၊ သိသင့်သိထိုက်သည်များကို စုံစေ့အောင်မေးပြီးမှလာပါ။

 

IPA ထဲမှာ ဖော်ပြထားသည်တို့ကို နားလည်သဘောပေါက်အောင် ဖတ်ပါ။ မသိလျှင် အေးဂျင့်ကို မေးပါ။

စင်ကာပူရောက်ပြီးမှဆို ဘာမှ လုပ်လို့မရတော့။

 

စင်ကာပူရောက်ပြီဆို သည်အလုပ်ကို မကြိုက်လျှင်တောင် ၃ - ၄ - ၅ လ တန်သည် သည်းခံလုပ်ပါ။ နောက်အလုပ်ရဘို့ သေချာပြီဆိုမှ ကုမ္ပဏီပြောင်းဘို့ စဉ်းစားပါ။ ကိုယ့်ရှေးရေး မသေချာသေးပဲ ပေါက်ကရတွေ လျှောက်လုပ်လျှင် ကိုယ်က နာဘက်ကချည်းဆိုတာ သတိရပါ။

 

ပြောရတာလည်း မော့ဗာ့။​ ယခွမ်း

 

အေးငြိမ်း

၂၆ ဧပြီ၊ ၂၀၂၅

Tuesday, March 18, 2025

အသုံးတည့်သော Links များ

ကျွန်တော် အလုပ်သမားတွေအတွက် သိသင့်သိထိုက်တဲ့ ပို့စ်တွေ အများကြီး ရေးတင်ခဲ့ပါတယ်။ Blog မှာလည်း တင်ထားပါတယ်။

 

ပြန့်ကျဲနေတဲ့ အဲဒါတွေကို တစုတစည်းထဲ ရှာလို့ရအောင် စုစည်းပေးထားပါတယ်။


§IPA Letter

§လခနှင့် လခပြေစာ

§KET (အလုပ်ခန့်စာချုပ်)

§SGWorkPass and FWMOMCare

§SingPass

§Primary Care Plan

§RCs

§WICA (လုပ်ငန်းခွင်ထိခိုက်ရှနာမှု လျော်ကြေး ဥပဒေ

§MW Handbook_Burmese and English

§HealthServe

§Seek Help_Burmese

§Kick Back Infograph

§ဝပ်ပါမစ်အလုပ်သမားများ သိထားစရာ Powerpoint Slides

§ဝပ်ပါမစ်အလုပ်သမားများ သိထားစရာ_၁, ၂

§Core Trade

§အကူအညီပေးနေသည့် အဖွဲ့များ

 



Monday, March 17, 2025

WICA (လုပ်ငန်းခွင် ထိခိုက်ရှနာမှု လျော်ကြေး ဥပဒေ)

Ref:

https://www.mom.gov.sg/workplace-safety-and-health/work-injury-compensation

 

WICA ဟူသည် Work Injury Compensation Act ဖြစ်၏။

 

WICA အောက်တွင် မည်သူတို့ အကျုံးဝင်သနည်း

 

စင်္ကာပူတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများသည် လုပ်ငန်းခွင်၌ မတော်တဆမှုဖြစ်၍ သေဆုံး (သို့) ထိခိုက်ဒဏ်ရာရ (သို့) လုပ်ငန်းကြောင့် ရောဂါတစ်ခုခု ရပါက နစ်နာကြေးတောင်းခံနိုင်၏။

 

မည်သည့်မတော်တဆမှုများအတွက် နစ်နာကြေး မည်မျှရမည်၊ နစ်နာကြေးတောင်းခံရန် မည်သည်တို့ လုပ်ဆောင်ရမည် ကို WICA ၌ ပြဋ္ဌာန်းထား၏။

 

ဤဥပဒေသည် မည်မျှလခရသည်ဖြစ်စေ၊ စင်ကာပူနိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသား အလုပ်သမားဖြစ်စေ၊ မည်သည့် နိုင်ငံသားဖြစ်စေ၊ မည်သည့်အသက်အရွယ်ဖြစ်စေ၊ ကန်ထရိုက်နှင့် အလုပ်လုပ်နေသူ၊ အလုပ်သင် စသည့် အလုပ်လုပ်နေသူ အားလုံးအတွက် အကြုံးဝင်၏။

 

အိမ်အကူများ၊ မိမိကိုယ်တိုင် အလုပ်ခန့်ထားသူ (ဥပမာ - ကိုယ်ပိုင်ထမင်းဆိုင်ဖွင့်ထားသူ)၊ ယူနီဖောင်ဝတ်ထားသူ (ဥပမာ - စစ်သား၊ ရဲ၊ မီးသတ် စသည်)၊ independent contractor စသူတို့ WICA အောက်တွင် အကြုံးမဝင်ပါ။ ဆိုလိုသည်မှာ အိမ်အကူသည် မတော်တဆမှုဖြစ်ပါက WICA ဥပဒေအရ လျော်ကြေးမတောင်းနိုင်ပါ။

 

အလုပ်ထဲ၌ အလုပ်သမားတစ်ဦးဦး သေဆုံးပါက ၎င်းကိုမှီခိုနေသူသည် အလုပ်သမားကိုယ်စား နစ်နာကြေး တောင်းခံနိုင်၏။

 

WICA အောက်တွင် မည်သည့်နစ်နာကြေးများ တောင်းခံနိုင်သနည်း

 

အလုပ်လုပ်နေစဉ် ထိခိုက်ဒဏ်ရာရခြင်း/သေခြင်း၊ အလုပ်ကြောင့် ရောဂါဘယဖြစ်ခြင်းများအတွက် နစ်နာကြေး တောင်းခံနိုင်၏။ 

 

အကယ်၍ အသင်သည် ကုမ္ပဏီအတွက် နိုင်ငံခြားတိုင်းပြည် တစ်ခုခု၌ အလုပ်လုပ်နေစဉ် ထိခိုက်ဒဏ်ရာရပါကလည်း နစ်နာကြေး တောင်းခံနိုင်၏။ 

 

မည်သည့် မတော်တဆမှုများအတွက် WICA အောက်မှ​ နစ်နာကြေး တောင်းခံ၍ မရသနည်း။


§  မိမိအိမ်မှ အလုပ်သို့ ကိုယ်ပိုင်ကား/မိတ်ဆွေ၏ကား/အများပြည်သူသုံးယာဉ်ဖြင့် သွားရာမှ ထိခိုက်ဒဏ်ရာရခြင်း

§  အလုပ်ချိန်အတွင်း မိမိကိုယ်ရေးကိုယ်တာကိစ္စဖြင့် အခြားတစ်နေရာသို့ သွားရာမှ မတော်တဆမှုဖြစ်ခြင်း

§  အရက်သေစာသောက်စားပြီး အလုပ်လုပ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်း

§  မတော်တဆမှုဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း

§  ကုမ္ပဏီကခိုင်းသည့် အလုပ်မဟုတ်သော အခြားအလုပ်လုပ်စဉ် ထိခိုက်ဒဏ်ရာ ရခြင်း (ဥပမာ - အိမ်၌ ရေပိုက်ပြင်စဉ် လက်ကို ထုမိခြင်း)

 

မည်ကဲ့သို့သော နစ်နာကြေးများ တောင်းခံနိုင်သနည်း၊ မည်မျှရမည်နည်း


၁။ ဆေးကုသစရိတ် ခံစားခွင့် 

အလုပ်ကြောင့်ဖြစ်သော မတော်တဆမှုများအတွက် ဆေးကုသစရိတ်ကို ကုမ္ပဏီက ကျခံရမည်။ ကုမ္ပဏီက ကျခံရမည့် ဤဆေးကုသစရိတ်မှာ အလုပ်သမားတစ်ဦးလျှင် မတော်တဆမှုတစ်ခုအတွက် အများဆုံး $45,000 ဖြစ်၏။ (သို့) မတော်တဆမှုဖြစ်သည့်ရက်မှ တစ်နှစ်အတွင်း ကုန်ကျသည့် ဆေးကုသစရိတ်။ ထိုနှစ်ခုအနက် နည်းရာတစ်ခု

 

၂။ တစ်သက်တာမသန်မစွမ်းဖြစ်မှု/သေဆုံးမှု အတွက် တလုံးတခဲတည်း ခံစားခွင့်

ခံစားခွင့်ရှိသော ငွေကြေးပမာဏမှာ အသက်၊ ခန္ဓာကိုယ်၏ ပျက်စီးသွားသည့် အစိတ်အပိုင်း စသည်တို့ပေါ် မူတည် တွက်ချက်၏။

 

အလုပ်သမား၏ အသက်မြှောက်ဖော်ကိန်း (ထိုမြှောက်ဖော်ကိန်းကို First Schedule: 2 – Table B ၌ ဖော်ပြထား၏။

ဥပမာအားဖြင့် -

သေသည့်အမှုအတွက် အသက် ၁၄ နှစ်အောက်ဆိုလျှင် ၁၃၆ ဖြင့်မြှောက်ရမည်။

တစ်သက်တာမသန်မစွမ်းအမှုဆိုလျှင် အသက် ၃၀ ဖြစ်ပါက ၁၆၄ ဖြင့် မြှောက်ရမည်။

 

တစ်သက်တာ မသန်မစွမ်းဖြစ်မှုအတွက် တလုံးတခဲတည်း လျော်ကြေးကို ဇန္နဝါရီလ ၁ ရက်၊ ​၂၀၂၀ ခုနှစ်၌ ပြောင်းလဲ လိုက်ပါသည်။ အသစ်ပြောင်းလိုက်သော တလုံးတခဲတည်းခံစားခွင့်မှာ အောက်ပါအတိုင်းဖြစ်၏။

 

အနည်းဆုံး = $97,000 x % permanent incapacity 

အများဆုံး = $289,000 x % permanent incapacity

 

သေဆုံးမှုအတွက် တလုံးတခဲတည်း လျော်ကြေးမှာ ဇန္နဝါရီလ ၁ ရက်၊ ​၂၀၂၀ ခုနှစ်နောက်ပိုင်းအတွက် အနည်းဆုံး $76,000၊ အများဆုံး $225,000 ဖြစ်၏။

 

အထက်ဖော်ပြပါတန်ဘိုးများကို နိုဝင်ဘာလ ၁ ရက်၊ ၂၀၂၅ တွင် အောက်ပါအတိုင်း ထပ်မံတိုးမြှင့်ပါမည်။

သေဆုံးမှု - $269,000

တစ်သက်တာ မသန်မစွမ်းဖြစ်မှုအတွက် တလုံးတခဲတည်း လျော်ကြေး - $346,000

ဆေးကုသစရိတ် ခံစားခွင့် - $53,000

 

၃။ ဆေးခွင့်ခံစားခွင့်

လခအပြည့်နှင့် ခံစားခွင့်ရှိသော ဆေးခွင့်ခံစားခွင့်မှာ တစ်နှစ်လျှင် ၁၄ ရက်

လခအပြည့်နှင့် ခံစားခွင့်ရှိသော ဆေးရုံတက်ခွင့်ခံစားခွင့်မှာ တစ်နှစ်လျှင် အရက် ၆၀

 

လခသုံးပုံနှစ်ပုံနှင့် ခံစားခွင့်ရှိသော ဆေးခွင့်ခံစားခွင့်မှာ ၁၅ ရက်မှ တစ်နှစ်အထိ

လခသုံးပုံနှစ်ပုံနှင့် ခံစားခွင့်ရှိသော ဆေးရုံတက်ခွင့်ခံစားခွင့်မှာ ၆၁ ရက်မှ တစ်နှစ်အထိ

 

Temporary incapacity ဆိုသည်မှာ ယာယီအလုပ်မလုပ်နိုင်ခြင်းကို ဆိုလို၏။

 

နစ်နာကြေးကို စတင်လျှောက်ထားသည်မှ ၈ လ - ၁ နှစ်အကြာတွင် ရပါမည်။ မည်မျှကြာမည် ဆိုခြင်းမှာ အသင့်ဒဏ်ရာ ဆေးကုသမှုပေါ် မူတည်ပါသည်။ ဆေးကုသမှု ရက်ရှည်လေ နစ်နာကြေးရမည့်ကာလ ကြာလေ ဖြစ်ပါသည်။

 

MOM က နစ်နာကြေးမည်မျှရမည်ကို စာပို့လာပါလိမ့်မည်။ ထိုစာရွက်ပေါ်တွင် အသင်က သဘောတူညီကြောင်း လက်မှတ်ထိုး၍ ပြန်တင်လိုက်ပါက ၂၁ ရက်အတွင်း လျော်ကြေးငွေပိုက်ဆံ ရပါလိမ့်မည်။

 

ထိခိုက်ဒဏ်ရာရမှုအတွက် နစ်နာကြေးကို WICA အောက်တွင် တောင်းနိုင်သလို ရှေ့နေငှားပြီး ကုမ္ပဏီကို တရားစွဲလျက် လည်း တောင်းခံနိုင်၏။ WICA အောက်တွင် တောင်းခံခြင်းမှာ ရိုးရှင်းပါသည်။ နစ်နာကြေး ကိစ္စအဝဝကို ကုမ္ပဏီ၊ MOM နှင့် အာမခံကုမ္ပဏီတို့က ဆောင်ရွက်သွားပါလိမ့်မည်။ နစ်နာကြေးကို WICA ဥပဒေ၌ ပြဋ္ဌာန်းထားသည့်အတိုင်း တွက်ပေး ပါလိမ့်မည်။

 

ရှေ့နေငှားပြီး ကုမ္ပဏီကို တရားစွဲခြင်းမှာ ဤမျှလောက် မရိုးစင်းပါ။ သို့တိုင် အချို့သော သူတို့မှာ ဤလမ်းကို ရွေးလျက် ရှိပါသေး၏။

 

မည်သည့်နည်းလမ်းကို ရွေးမည်ဆိုခြင်းမှာ အသင်တို့အပေါ် မူတည်ပါသည်။

 

မှတ်ချက်။

WICA ဥပဒေမှာ အတော်ရှုပ်သလို အတော်လည်း များပါသည်။ သာမန်အားဖြင့် နားလည်ရခက်လှ၏။

ယခု ကျွန်ုပ်ဖော်ပြထားသည်မှာ အလွယ်ဆုံးနှင့် အရှင်းဆုံးဖြစ်အောင် ပြင်ရေးထားသမျှသာ ဖြစ်ပါ၏။

အသေးစိတ်သိလိုသူများ WICA ကို ဖတ်ကြည့်နိုင်ပါ၏။ 

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၇ မတ်လ၊ ၂၀၂၅

ည ၁၀း၃၅ နာရီ

အလုပ်သမားများကို ကူညီပေးနေသည့် အဖွဲ့များ

စင်ကာပူတွင် အလုပ်သမားများကို ကူညီပေးနေသည့် အဖွဲ့ အတော်များများရှိရာ အချို့ကို သိသာရုံမျှ ဖော်ပြလိုက် ပါသည်။ အသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့များ၏ website များတွင် ဖတ်နိုင်ပါသည်။

 

၁။ HEALTHSERVE

 

စိတ်ဝင်စားစရာနှင့် စပါမည်။

 

ကျွန်ုပ်သည် နာလှသဖြင့် သွားများကို တစ်ချောင်းစီနှုတ်လာခဲ့ရာ ယခုနောက်ဆုံးနှုတ်တာ အပေါ်သွား ၂ ချောင်း ဖြစ်၏။ ထိုသွားနှစ်ချောင်းမှာ တကယ့် ဝါးရမည့်နေရာက သွားများဖြစ်သဖြင့် ထိုသွားများမရှိဘဲ ဝါးလို့ အဆင်မပြေ။ သို့နှင့် ပြန်စိုက်မည်ဟု Jurong Point ရှိ NTUC သွားဆေးခန်းမှာ သွားပြ။

ငင့် စ်

ခန့်မှန်းချေ တစ်ချောင်းကို ၂၅၀၀ လောက် ကုန်မယ်ဆိုပါလား။ နှစ်ချောင်းဆို ၅၀၀၀

နိမေဂလိန်း

၅၀၀၀ ဆို ရွှေ ၂ ကျပ်ခွဲသားလောက် ဝယ်လို့ရ၏။ သို့နှင့် ရက်တွေဘာတွေချိန်းပြီးမှ -

စိုက်ဘူးကွာ ဆိုပြီး ထိုရက်ချိန်းများကို cancel လုပ်လိုက်လေ၏။

အဟိ

သည်အတိုင်း ရှိသည့်သွားလေးနှင့် ပေပြီး ဝါးနေသော ဟူသတတ်။ လူစ်မိုက်

 

အရင်တစ်ခါကလည်း သွားကိုက်လို့ သွားပြပါတယ်ဆိုမှ သွားကိုတော့ နှုတ်မပေးဘဲ ဂျမ်းထလိမင့်ဆိုကာ ပါးစပ်ကြီး အသားကုန်ဖြဲလျက် တဗျီးဗျီးနှင့် grinding တိုက်လွှတ်လိုက်၏။ ပိုက်ဆံသာ ၁၀၀ ထွက်သွား၏။ သွားနာတာက မပျောက်။ ကတောက်စ်

 

ဆိုတော့ အလုပ်သမားများအတွက် ဝမ်းသာစရာ သတင်းကောင်းလေး ပါးပါအံ့။

 

ဟိုတစ်နေ့က ကျွန်ုပ်ရေးခဲ့သည့် PCP (Primary Care Plan) မရှိသည့် အလုပ်သမားများအတွက် HealthServe ရှိ၏။ ဖျားတာနာတာ ခေါင်းကိုက်တာ ဗိုက်နာတာအတွက် $8.00 ပဲ ပေးရမည်။ ဆီးချို၊​ သွေးတိုး နာတာရှည်သမားများအတွက် $15 ပေးရမည်။

 

သွားနှင့် ပတ်သက်တာဆို သာမန်သွားပြဿနာများအတွက် $15 ပဲ ပေးရမည်။ အတန်ငယ် ရှုပ်ရှုပ်ထွေးထွေးဖြစ်လာပါက $30 ပဲ ပေးရမည်။ ဘုရားစူးရပါစေ့။ တကယ့်ကို ၁၅ ကျပ်ပဲပေးရပါသည် ဟု ထိုဆေးခန်းက ပြန်လာခဲ့သူက ဆို၏။

 

တည်နေရာမှာ -

1 Lorong 23, Geylang, Singapore 388352

အစိမ်းရောင်လိုင်း Aljunied MRT အနီး၌ရှိ၏။

ဖွင့်ချိန် ပိတ်ချိန်များနှင့် ဖုန်းနံပါတ်ကို Screen shot ပုံတွင်ကြည့်ပါ။

 

 


 

၂။ ACE

 

၂၀၂၀ အောက်တိုဘာလ ၁ ရက်နေ့က စကာ ACE (Assurance, Care and Engagement) ကို စတင်ခဲ့၏။ ရည်ရွယ်ချက် မှာ အလုပ်သမားဆောင်များ၌နေသည့် အလုပ်သမားများ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်စေရန် (A)၊​ အလုပ်သမားများ ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကူအညီပေးနိုင်ရန် (C)၊ အလုပ်သမားများနှင့် (E) အခြား စင်ကာပူနိုင်ငံသား၊ အလုပ်သမားအဖွဲ့များ၊ အလုပ်ရှင်၊ အဆောင်အုပ်ချုပ်ရေးအဖွဲ့ စသည်တို့နှင့် ဆက်ဆံရေး စသည်တို့ ဖြစ်၏။

 

ထို့ပြင် ကိုဗစ်ကဲ့သို့သော ကူးစက်နိုင်သည့် ရောဂါများ ဖြစ်ပွားလာပါက ကောင်းစွာ ထိန်းချုပ်နိုင်စေရန်၊​ အလုပ်ရှင် အလုပ်သမားအကြား လခမရသည့်ကိစ္စ၊​ လျော်ကြေးမရသည့် ပြဿနာ စသည်တို့ကို ဝိုင်းဝန်းကူညီ ဖြေရှင်းပေးနိုင်ရန် တို့လည်း ပါ၏။ ACE ဖွဲ့စည်းရခြင်း၏ မူလရည်ရွယ်ချက်မှာ ကိုဗစ်ဖြစ်နေစဉ်ကာလက အလုပ်သမားပေါင်းများစွာ စုပေါင်းနေထိုင်သည့် အဆောင်များ၌ ကိုဗစ်ကူးစက်မှုကို ကောင်းစွာ ထိန်းချုပ်ထားနိုင်ရန် ဖြစ်၏။

 

ACE အရာရှိများကို အလုပ်သမားဆောင်များ၌ ထားခြင်းဖြင့် MOM သည် အလုပ်သမားများ၏ အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေနိုင်၏။ ACE သည် အလုပ်သမား၊ အလုပ်ရှင်၊ အလုပ်သမားဆောင်နှင့် NGO အဖွဲ့များ အကြား ecosystem တစ်ခုတည်ဆောက်ရန်ဟု ACE ဥက္ကဌက ပြော၏။

 

အလုပ်သမား ၁၀၀ နှင့် အထက် ရှိသောအဆောင်များတွင် ACE က လုပ်အားပေး အလုပ်သမား ကိုယ်စားလှယ်များ ထားပေး၏။ ၎င်းတို့ကို Friend of ACE (Face) ဟု ခေါ်၏။ ထိုလုပ်အားပေးများကို စိတ်ကျန်းမာရေးနှင့် ရှေးဦးသူနာပြု သင်တန်းများ ပေးထား၏။ ကိုဗစ်ကာလက ထိုလုပ်အားပေးများက လုပ်သားအသစ်များကို မည်ကဲ့သို့ ကိုဗစ်စမ်းသပ်မှု (ART – Antigen Rapid Test) ကူညီပြသပေး၏။

 

အဆောင်၌နေသူ အလုပ်သမားများသည် မိမိတို့ အခက်အခဲ ပြဿနာများကို ACE အဖွဲ့ဝင်များထံ ချဉ်းကပ် အကူအညီ တောင်းနိုင်၏။ ACE officer များမှာ ကျောကုန်း၌ ACE logo ပါ အပြာရောင် (သို့) ခဲရောင် တီရှပ်များ ဝတ်ဆင်ထား၏။

ACE က ပြုလုပ်သည့် ပွဲလမ်းသဘင်များကို ပါဝင်ဆင်နွှဲနိုင်ရန် ACE Facebook: https://www.facebook.com/ACEGroupSpore/ သို့ မကြာခဏ ဝင်ကြည့်နိုင်ပါသည်။

 

၃။ TADM


TADM ဟူသည် Tripartite Alliance for Dispute Management ဖြစ်၏။ အငြင်းပွားမှုစီမံရေး သုံးပွင့်ဆိုင်အဖွဲ့ ဖြစ်၏။ သုံးပွင့်ဆိုင်အဖွဲ့ဆိုသည်မှာ လုပ်သားအင်အားဝန်ကြီးဌာန Ministry of Manpower (MOM), National Trades Union Congress (NTUC) နှင့် Singapore National Employers Federation (SNEF) တို့ စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်၏။

 

TADM က အောက်ပါတို့ကို ကူညီသည်။

Ø လခ၊ အချိန်ပိုကြေး စသည်တို့ကို အချိန်တိုင်အောင် မရသည့်ကိစ္စ

Ø မတရားသဖြင့် အလုပ်ဖြုတ်ခံရသည့် ကိစ္စ (Wrongful dismissals ဆိုသည်ကို MOM website တွင် အပြည့်အစုံ ဖတ်ကြည့်ပါ။)

Ø လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုအတွက် လျော်ကြေးမရသည့်ကိစ္စ

Ø SingPass ကို ပြန်လည် Resetting လုပ်ခြင်း

Ø Appointment ယူခြင်း

Ø လခ၊ အချိန်ပိုကြေးမရခြင်းတို့အတွက် လျှောက်ထားခြင်း

 

TADM သည် MOM ရုံး Hall A ၌ ရှိ၏။ လိပ်စာမှာ 1500, Bendemeer Road, S(339946) ဖြစ်၏။

TACM အကြောင်း အသေးစိတ်ကို tadm.sg တွင် ဖတ်နိုင်ပါသည်။

 

 

၄။ HOME


HOME (Humanitarian Organization for Migration Economics) ကို ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့၏။

 

HOME က အလုပ်သမားများ လခမရသည့်ကိစ္စ၊ အချိန်ပိုကြေးကို မှန်မှန်ကန်ကန် မရသည့်ကိစ္စ၊ လုပ်ငန်းခွင်၌ ထိခိုက်ဒဏ်ရာ ရသည့်အခါ နစ်နာကြေးမရသည့်ကိစ္စ၊ စိတ်အားဖြင့်သော်လည်းကောင်း၊ ကိုယ်ထိလက်ရောက်သော် လည်းကောင်း မတရားလုပ်ခံရသည့်/စော်ကားခံရသည့်ကိစ္စ စသည်တို့ကို အကူအညီပေး၏။

 

HOME ၌ ကဏ္ဍသုံးရပ်ရှိရာ Welfare, Empowerment နှင့် Advocacy တို့ ဖြစ်၏။

 

 

၄၊ ၁။ Welfare

 

ဤအောက်တွင် ခေါင်းစဉ် ၄ ခုရှိ၏။

 

၁။ Help Desk - အလုပ်သမားများ ဥပဒေအရ ပေးအပ်ထားသော ၎င်းတို့၏ အခွင့်အရေးများကို ချိုးဖောက်ခံရလျှင် အကူအညီပေး၏။ (ဥပမာ - လခမရခြင်း၊​ နစ်နာကြေးများ မရခြင်း၊ လုပ်သက်ခွင့် ဆေးခွင့်များ မရခြင်း)

 

၂။ Shelter - အလုပ်ရှင်နှင့်အဆင်မပြေ၍ ထွက်လာသူ အလုပ်သမားများအား (ဥပမာ - အိမ်အကူ) ထားပေးရန် လူ ၅၀ ဆန့် နေရာများ လုပ်ပေးထား၏။ တရားတဘောင်ဖြစ်သည့်အခါ ကိစ္စမပြီးပြတ်မချင်း ထိုနေရာများတွင် နေခွင့်ပြု၏။

 

၃။ Medical Treatment - ၎င်းတို့ထံ၌ နေထိုင်သူ အလုပ်သမားများအတွက် ပြင်ပလူနာ ဆေးကုသခွင့်၊ သွားဘက်ဆိုင်ရာ ဆေးကုသခွင့်များ ပေး၏။

 

၄။ Legal Aid - အလုပ်သမားများ ၎င်းတို့နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်ရနိုင်ရေးအတွက် ဥပဒေဘောင်အတွင်းမှ​အကူအညီပေး၏။

 

 

၄၊ ၂။ Empowerment  

 

ဤခေါင်းစဉ်အောက်တွင် Home Academy ရှိပြီး အိမ်အကူလုပ်သားများအတွက် အင်္ဂလိပ်စာသင်တန်း၊ အခြေခံ ကွန်ပြူတာသင်တန်း၊ မုန့်ဖုတ်နည်း၊ အလှပြင်နည်း၊ လူကြီးသူမများစောင့်ရှောက်နည်း၊ ငွေကြေးဆိုင်ရာ အတွက်အချက် စသည့်သင်တန်းများ သင်ကြားပို့ချပေး၏။

 

 

၄၊ ၃။ Advocacy

 

Home သည် ဥပဒေအရ ရပိုင်ခွင့်ရှိသည့် အလုပ်သမားများ၏ အခွင့်အရေးများအတွက် ကူညီပေးနေသည့် အဖွဲ့တစ်ခုဖြစ် ပြီး အလုပ်သမားများ၏ အခြေအနေကို သိစေရန် အများပြည်သူ ပညာပေးခြင်းနှင့် လှုပ်ရှားမှုများ ပြုလုပ်ပေးနေ၏။ ဤနည်းအားဖြင့် အလုပ်သမားများ၏ နေထိုင်မှုအဆင့်အတန်း ပိုမိုမြင့်မားလာအောင် ပြုလုပ်နိုင်မည်ဟု မျှော်လင့် ထားပါသည်။ အလုပ်သမားများ၏ နေမှုထိုင်မှုကို ပိုမိုအတွင်းကျကျ သိမြင်လာရန်နှင့် ၎င်းတို့၏ လူနေမှုဘဝအပေါ် အကျိုးသက်ရောက်မှုများကို လေ့လာနေ၏။ ထို့ပြင် အလုပ်သမားများ၏ နေမှုထိုင်မှုနှင့် အလုပ်ခန့်ထားမှုအပေါ် သုတေသနလည်း လုပ်လျက်ရှိ၏။

 

ဆက်သွယ်ရန်

 

အိမ်အကူမဟုတ်သူ အလုပ်သမားများ


ဖုန်း -6341 5535

လိပ်စာ - 495 Geylang Road, #02-01, Singapore 38945

ဖွင့်ချိန် - တနင်္လာမှ သောကြာ။ မနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ

 

အိမ်အကူများ


ဖုန်း - 9787 3122

လိပ်စာ -

၁။ 11 North Bridge Road, Peninsula Plaza, #04-32, Singapore 179098

၂။ 304 Orchard Road, Lucky Plaza, #06-22, Singapore 238863

၃။ 810 Geylang Road, City Plaza, #02-95, Singapore 409286

ဖွင့်ချိန် - တနင်္ဂနွေနေ့များတွင် ဖွင့်ပါသည်။

 

 

၅။ TWC2 (Transient Workers Count Too)

 

TWC2 website တွင် မြန်မာဘာသာနှင့်လည်း ဖတ်နိုင်ပါသည်။

HOME ကဲ့သို့ပင် TWC2 သည်လည်း အစိုးရမဟုတ်သော အဖွဲ့အစည်းပင် ဖြစ်၏။

ရွှေ့ပြောင်းလုပ်သားများ၏ အခက်အခဲ ပြဿနာများကို ဝိုင်းဝန်း ဖြေရှင်းပေးနိုင်ရန် TWC2 ကို ၂၀၀၄ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့၏။

 

အလုပ်သမား ပြဿနာများကို TWC2 သည် MOM နှင့် နီးကပ်စွာ ပူးပေါင်း ဖြေရှင်းပေးခဲ့၏။ TWC2 သည် အလုပ်အကိုင် ဆိုင်ရာ ဥပဒေများကို ကောင်းစွာ သိနားလည်သဖြင့် ပြဿနာများကို ဥပဒေဘောင်အတွင်းမှ​ ဖြေရှင်းပေး၏။ ဥပမာ -

လခမရသည့် ကိစ္စ

စာချုပ်ပါအချက်အလက်များကို ချိုးဖောက်ခံရသည့် ကိစ္စ

ထိခိုက်ဒဏ်ရာရသည့်အခါ နစ်နာကြေးမရသည့် ကိစ္စ - စသည်တို့ ဖြစ်၏။

အသေးစိတ်ကို အောက်ဖော်ပြပါ link တွင် ဖတ်ကြည့်နိုင်ပါသည်။

 

https://twc2.org.sg/info-for-clients-2021/basic-info-burmese/

 

Transient Workers Count Too
180B Bencoolen Street #09-01
The Bencoolen
Singapore 189648.

 

အနီးဆုံး MRT မှာ Down Town Line မှ DT13: Rochor MRT နှင့် DT22: Jalan Besar တို့ဖြစ်၏။ အစိမ်းရောင်လိုင်း EW12: Bugis ဘူတာမှ လမ်းလျှောက်သွားလျှင်လည်း မဝေးလှပါ။

 

ဖုန်း - 6297 7564

ဖွင့်ချိန် - တနင်္လာမှ သောကြာ။ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ

 

 

၆။ MWC (Migrant Workers’ Centre)

 

MWC ကို ၂၀၀၉ ခုနှစ်က NTUC နှင့် SNEF နှစ်ဖွဲ့ပေါင်းကာ ဖွဲ့စည်းခဲ့၏။ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်၏။ နိုင်ငံခြားသား အလုပ်သမားများ၏ အခက်အခဲ ပြဿနာများကို ဖြေရှင်းပေးရန် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်၏။

 

ဖုန်း - 6536 2692

လိပ်စာ - 579, Serangoon Road, Singapore 218193

ဖွင့်ချိန် -

အင်္ဂါ မှ သောကြာ ထိ - မနက် ၉ နာရီမှ ည ၇ နာရီထိ

စနေ၊​ တနင်္ဂနွေ - မနက် ၁၁ နာရီမှ ညနေ ၃ နာရီထိ

 

အထက်ပါအချက်အလက်များမှာ ဒီနေရာမှာ ဒါတွေရှိတယ် ဟု သတင်းပေးရုံမျှဖြစ်ပြီး အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာ website များ၌ ဖတ်နိုင်ပါသည်။

 

အခုတော့ ဒီမျှနှင့် ရပ်ပါမည်။

အခုတောင် တော်တော်ရှည်လှပြီ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁ မတ်လ၊ ၂၀၂၅ ခုနှစ်