Tuesday, September 20, 2016

ခရီးသွားခြင်း အနုပညာ (၃)

(၆) နေပြည်တော်သွား တောလား

နေပြည်တော်ဆိုသည့်ဟာကြီးကို မည်သည့်အခါမှ မြန်မာနိုင်ငံ၏မြို့တော်ဖြစ်သည်ဟု ကျွန်တော်မခံစားမိ၊ အသိအမှတ် မပြုမိပါ။ သူတို့ဟာ သူတို့ တော်ချင်သာတော်ရမည်။ နေပြည်တော်တွင် မြို့တော်အင်္ဂါရပ်နှင့်ညီသည့်အရာ ဘာရှိပါသနည်း။

နေပြည်တော်ဟူသည် လူသူနေသည့်အရပ် ဟုတ်ပါသလော။ ရုံးဝန်ထမ်းများသာ မဖြစ်သာလို့နေရသည့်နေရာဖြစ်သည်။ ၀န်ထမ်းအိမ်ယာ ဟိုတစ်စု၊ သည်တစ်စု စုထားပြီး ၀န်ကြီးရုံးများ ဟိုတကွက် သည်တစ်ကွက် ရှိနေရုံမျှဖြင့် မြို့တော် ဖြစ်နိုင်ပါ မည်လား။ လူသူလေးပါးမနေလိုသည့်အရပ်အား နိုင်ငံ၏မြို့တော် လုပ်လိုချင်းမှာ တော်ရုံတန်ရုံ ရူးရုံမျှဖြင့် မဖြစ်နိုင်။

ကျွန်တော်က တစ်ခါတစ်ရံမှ နေပြည်တော် ရောက်ရတာဖြစ်သည်။ ရောက်တော့လည်း လိုက်ပို့ပေးမည့် ကားလေးနှင့် အဆင်ပြေလှ၏။ သို့သော် ကျွန်တော့်သူငယ်ချင်း ဖိုးတင်စိုးတို့လို ၀န်ထမ်းများအဖို့ နေပြည်တော်လာရတာ ဘယ် လွယ်လိမ့်မတုံး။ တည်းသည့်နေရာကနေ ရုံးကို ဘာနှင့်သွားမည်နည်း။ ရုံးတစ်ခုနှင့်တစ်ခု ကူးချင်လျှင် ဘာနှင့် ကူးသတုံး။ ကျွန်တော် သေသေချာချာ မသိပါ။ သို့သော် ခက်တယ်ဆိုတာလောက်တော့ ခန့်မှန်းမိပါသည်။

ကျွန်တော် ဘွဲ့ရတော့ ၁၉၈၆။ ထိုစဉ်က အင်ဂျင်နီယာဘွဲ့ရပြီး အလုပ်တစ်ခုရဘို့ရာမလွယ်ဆိုတာကို သည်ခေတ်လူငယ်များ နားလည်နိုင်မည် မဟုတ်ပါ။ အလုပ်ရဘို့ တကယ်မလွယ် ဆိုတာလောက်သာ မှတ်ထားလိုက်ကြပါ။ သည်အကြောင်း ပြောရလျှင် တစ်ထောင့်တစ်ညထက် ပိုရှည်သွားနိုင်သည်။ နောင်အလျဉ်းသင့်လျှင် နောင်လာနောက်သားများအတွက် ဗဟုသုတရစေရန် အလို့ငှာ ရေးပါဦးမည်။

ဘွဲ့ရ အလုပ်လက်မဲ့ဘ၀ဖြင့် ဒုက္ခသုက္ခများနှင့် နပမ်းလုံးရင်း နောက်ဆုံးတော့ အလုပ်တစ်ခု ရပါသည်။ စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးအင်ဂျင်နီယာဌာန၌ လက်ထောက်ကထိက ဟူ၏။ သည်ဌာနရှိမှန်း ယခင်က သိတောင်မသိ။ ယခုမှ ကြားဖူးခြင်း ဖြစ်သည်။ အလုပ်ရတော့ ဒေါ်သင်းသင်းနိုင်နှင့် နှစ်ယောက်။

အလုပ်ခန့်စာရတော့ ယခု ကျွန်ုပ်တို့၏အိမ်နား။ စိုက်ပျိုးရေးမှတ်တိုင်ရှိ အဆင့်မြင့်ပညာဦးစီးဌာနတွင် သတင်းပို့ကာ လက်စွဲတော် ကျွန်းသေတ္တာကြီးကိုသယ်လျှက် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်သို့ ကျွန်တော် ရောက်ရပြန်၏။ ရေဆင်း၌ ကျွန်တော်အလုပ်စ၀င်တာ ၁၉၉၀ ပြည့်နှစ်၊ သြဂုတ်လ ၂၀ ရက်နေ့။

ထိုမှစကာ ရေဆင်းနှင့် ရန်ကုန်၊ မန္တလေး စသော မြို့များသို့ ကျွန်ုပ်ခရီးစဉ် ပြောင်းခဲ့ရပြန်ပါသတည်း။
ရေဆင်းသို့သွားရန် ရန်ကုန် - မန္တလေးအမြန်ရထားကိုစီးကာ ပျင်းလျှင်တောင် မနားရသော ပျဉ်းမနားဘူတာတွင် ဆင်းရ၏။
ကျွန်တော့်အတွက် အဆင်ပြေဆုံးရထားမှာ ရန်ကုန်မှ ည ၉ နာရီထွက်သော အမြန်ရထားဖြစ်ပါသည်။ ပျဉ်းမနားဘူတာသို့ နံနက် ၄ နာရီခန့်တွင်ဆိုက်သည်။ ဆိုတော့ မိုးမလင်းမီ ရေဆင်း ရောက်သည်။ အချိန်ကုန် သက်သာသပေါ့။

ခုတော့ အရာကလေးရှိလာပြီဆိုတော့ လက်မှတ်အတွက် သိပ်မခက်ခဲတော့။ နောက်ပြီး လက်မှတ်ဝယ်ပုံဝယ်နည်းကိုလည်း သိသွားပြီ။

အမြန်ရထားလည်းဖြစ်ပြန်၊ ညဘက်လည်းမောင်းပြန်ဆိုတော့ ရထားစီးရတာ အတော် သက်တောင့်သက်သာရှိပါသည်။ (ထိုင်ခုံတွေကို ဆိုဖာပြောင်းပေးရင် ဖင်မနာတော့ဘူးပေါ့ခင်ဗျာ။ အဲသလိုဆို ပိုစီးလို့ကောင်းမှာပေါ့။)
ခုတော့ ပျဉ်းမနားတောင်သွားစရာမလိုတော့။ ရေဆင်းမှစတင်ထွက်ခွာသော အဝေးပြေးကားကြီးများ ရှိနေပြီဖြစ်သဖြင့် ပိုလို့တောင် အဆင်ပြေပါသေးသည်။

အဆင်ပြေသည့်အတွက်လည်း သိပ်များများစားစား ရေးစရာမရှိပါ။ မရှိဆိုသော်လည်း ထူးထူးဆန်းဆန်း ရေးစရာတစ်ခု ရှိပါသေးသည်။

နေပြည်တော်ဆိုတာကြီးပေါ်လာတော့ ရန်ကုန် - နေပြည်တော် ရထားပြေးဆွဲသည်။ မိတ်ဆွေတို့ သိတော်မူကြသည့်အတိုင်း နေပြည်တော်ဆိုတာ ၀န်ထမ်းတွေချည်းနေပြီး သာမန် အရပ်သူအရပ်သား မရှိသည့်အရပ်ဖြစ်ရကား ခရီးသည်အားလုံးလိုလိုမှာ ပျဉ်းမနားဘူတာတွင် ဆင်းကြလေ၏။ နေပြည်တော်ရောက်တော့ ခရီးသည်မှာ ကျန်ကောင်းကျန်ရာ ကျန်တော့သည်။

ခရီးသည်မကျန်တော့ရော၊ ဘဇာဖြစ်သေးတုံးခင်ဗျာ။ ရထားစီးတယ်ဆိုတာ ဆင်းတော့မှ ပိုက်ဆံပေးရတာ မဟုတ်ကပဲ။ လက်မှတ်ဝယ်ပြီးမှ ရထားစီးရတာဖြစ်သဖြင့် သည်ရထားပေါ်ပါလာသည့်ခရီးသည်အားလုံး ရထားခပေးပြီးသူချည်းဖြစ်၏။ သို့သော် နေပြည်တော်ထိမလိုက်ဘဲ ပျဉ်းမနားမှာဆင်းကြရပါမလားဟု တစ်ယောက်သောသူသည် ဒေါအကြီးအကျယ်ပွ၏။ (ဘယ်တစ်ယောက်သောသူဆိုတာတော့ ကျွန်ုပ်မသိပါ။)

ထိုအခါ ရထားကို ပျဉ်းမနားတွင် မရပ်စေဘဲ နေပြည်တော်သို့ တိုက်ရိုက်မောင်းစေသည်။ ထို့ကြောင့် ပျဉ်းမနားမှာ ဆင်းရမည့် သူများမှာ နေပြည်တော်သို့ရောက်ခါမှ ပျဉ်းမနားသို့ တကူးတက ပြန်သွားရလေ၏။
လူငယ်လူရွယ် တတ်နိုင်သူများကမူ ရထားအရှိန်နှေးစဉ် ပျဉ်းမနားဘူတာ၌ ခုန်ချ ကျန်ခဲ့ကြ၏။
သည်အကြောင်းကို သိတော်မူသော ထို မာရ်နတ်၏မြစ်၊ ဒေ၀ဒတ်၏မြေး၊ အိုစမာဘင်လာဒင်၏သား၊ ဟစ်တလာ၏ သုံးဝမ်းကွဲ ယောက္ဖမှာ ရွှေဒေါတော်ဖောင်းပြန်ကာ ပျဉ်းမနားဘူတာကို သံဆူးကြိုးအထပ်ထပ်ကာလျှက် အပြီးတိုင် ပိတ်ပစ်လိုက်လေ တော့သတည်း။

အိုင်းအမာဟူသည် ဖြစ်လာကတည်းက လူကို ဘာကောင်းကျိုးပေးပါသနည်း။ တောက်လျှောက် ဆိုးကျိုးများသာ ပေးပေသည်။ ထို့အတူ ထို လူကြီးများသည်လည်း ကျွန်ုပ်တို့မြန်မာပြည်သူပြည်သားများအား ဘာကောင်းကျိုးပေးပါသနည်း။ ကျွန်တော်ငယ်စဉ်က ရန်သူမျိုးငါးပါးကို ကျက်မှတ်ရာတွင် ရေ၊ မီး၊ မင်း ဟု ပါလေရာ နိုင်ငံကိုအုပ်ချုပ်သည့်သူမှာ အဘယ်ကြောင့် ရန်သူဖြစ်ရကြောင်း နားမလည်ခဲ့။ ထိုမောင်မင်းကြီးသားများနှင့် နဖူးတွေ့ ဒူးတွေ့ တွေ့တော့မှ ကိုထွန်းရွှေ၏ သီချင်းကို ညည်းမိတော့သည်။

ရန်သူငါးပါးထဲမှာ အင်မတန် ဆိုးရွားလှတာ၊ မညှာတာ ဘယ်သူ့မှ မထောက်တာ သူခိုးဓားပြထက် ဆိုးတဲ့ ရန်သူဟာ . . . .
ဟုတ်ကဲ့။ ထိုမောင်မင်းကြီးသားတို့ကား သူခိုးဓားပြများထက် အဆပေါင်းများစွာ ဆိုးပါလေ၏။

ယခုတော့ ကျွန်တော်လည်း ပျဉ်းမနားမရောက်ဖြစ်တာကြာပြီ။ ပျဉ်းမနားဘူတာမှာ ယခင်ကကဲ့သို့ပင် ခရီးသည်များနှင့် စည်ကားနေလိမ့်မည်ဟု ယူဆပါ၏။

(၇) ခရီးသွားခြင်း အနုပညာ

သမိုင်းသင်ရတော့ ကျွန်တော်အလွန်ချီးကျူးခဲ့ရသော ခရီးသည်ကြီးများ ရှိပါသည်။ အခြားမဟုတ်ပါ။ အလောင်းမင်းတရားကြီး ရတနာသိင်္ခနေပြည်တော်ကနေ အယုဒ္ဓယသို့သွားတိုက်ရာတွင် ဘာကားရထားမှမရှိပဲ ခြေလျင်သွားတိုက်တာ ဖြစ်သည်။ မင်းကြီးနှင့် စစ်ဗိုလ်များမှာ ဆင်၊ မြင်း စသည်တို့စီးမည်ဖြစ်သော်လည်း သာမန် ရိုးရိုးရဲဘော်များမှာ ခြေလျင်စစ်သည်များ ဖြစ်ပါလိမ့်မည်။ သို့ဆိုလျှင် သူတို့သွားခဲ့သောခရီးကို မိတ်ဆွေတို့ စိတ်ကူးကြည့်လိုက်စမ်းပါခင်ဗျာ။ နည်းနည်းနောနော ခရီး မဟုတ်ပါ။ ကျွန်တော် Google earth မှ အဖြောင့်တိုင်းကြည့်ရာ ကီလို ၁၀၀၀ ကျော်သည်။ ခရီးသွားရာတွင် အကွေ့ အကောက်ပေါင်းများစွာဖြင့် သွားကြရမည်ဖြစ်ရာ အနည်းဆုံး ကီလီ ၁၂၀၀ ကျော်ပါလိမ့်မည်။ အလွန်ကြမ်းတမ်းလှသော သည် တောလမ်းခရီးရှည်ကြီးကို သွားခဲ့ကြသည်မှာ အံ့သြဘနန်းဖြစ်၏။

စစ်သူကြီး မဟာဗန္ဓုလ၏ ပန်းဝါခရီးသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်ပါသည်။ ယခုလည်း စစ်တိုက်ရအောင် မဟုတ်သည့်တိုင် ဆန္ဒပြခရီးရှည်များ ချီတက်နေကြပါသေး၏။

ကမ္ဘာကြီးဘယ်လိုရှိသတုံး။ တခြားနိုင်ငံကလူတွေ ဘယ်လိုနေကြစားကြ၊ ပြောကြဆိုကြသတုံး ဟု စူးစမ်းလေ့လာရန် အနောက်တိုင်းမှလူများသည် ခရီးသွားကြကုန်၏။ အရှေ့တိုင်းမှဆိုလျှင် ကိုးရီးယားနှင့် ဂျပန်နိုင်ငံသားတို့လောက်ပဲ သွားကြတာ တွေ့ဖူးပါသည်။ ယခုတော့ တရုတ်များလည်း ခရီးသွားကြ၏။ သွားသမှ ပူသကွာဆိုကာ လေယာဉ်ပြတင်းပေါက် တောင် ဖွင့်မယ် ကြံလိုက်သေးသည်။

ဗာ့စ်ကိုဒဂါးမားနှင့် ကိုလံဘတ်စ်တို့အကြောင်း ကျွန်တော်တို့ ငယ်စဉ်ကတည်းက သင်ခဲ့ရသည်။ ကမ်းမမြင်လမ်းမမြင် သမုဒ္ဒရာကြီးကို ထိုခေတ်က ၎င်းတို့သွားလာခဲ့သော ရေကြောင်းအတတ်ပညာမှာ အံ့သြဘနန်းဖြစ်၏။ သည်လို စွန့်စွန့်စားစား သွားခဲ့ကြလို့လည်း ကိုလိုနီနယ်ပယ်များ ချဲ့ထွင်နိုင်ခဲ့ကြခြင်း ဖြစ်၏။

ကျွန်တော်တို့မြန်မာများထဲမှ ကမ္ဘာလှည့်ခရီးသည်ဆိုတာ ရှားတောင့်ရှားပါး ဖြစ်ပါလိမ့်မည်။ အနို့၊ အားအားလျားလျား နိုင်ငံတကာ လျှောက်သွားဘို့ဆိုတာ ပိုက်ပိုက်လည်း လိုသေးသကိုးခင်ဗျ။

ကျွန်တော်ဖတ်ဖူးသော ခရီးသွားမှတ်တမ်းများမှာ သိပ်များများစားစားမရှိလှ။ ဒေါက်တာခင်မောင်ညွန့်၏ ကျွန်တော် မစ္စတာဘားမား စာအုပ်မှာ အတော်ဖတ်လို့ကောင်းလေသည်။ သို့သော် သူက အရွှန်းများနှင့် သူ့နိုင်ငံရပ်ခြား အတွေ့အကြုံများကို ရောမွှေထားရာ အချက်အလက် အင်အားနည်းသည်။

ကင်းဝန်မင်းကြီး၏ လန်ဒန်သွား နေ့စဉ်မှတ်တမ်း၊ ပြင်သစ် သွားနေ့စဉ်မှတ်တမ်းများမှာမူ အလွန်အင်မတန်မှကို အသေးစိတ်ပြီး  ပြည့်ပြည့်စုံစုံရေးသားထားလေ၏။ ကျွန်ုပ်တို့အနေနှင့် ခရီးသွားမှတ်တမ်းရေးမည်ဆိုလျှင် ကင်းဝန်မင်းကြီး၏ အမှတ်အသားကို နမူနာယူစရာ ကောင်းလေသည်။ နာရီ၊ မိနစ်ကအစ၊ လူဘယ်နှစ်ယောက်၊ ခရီးအကွာအဝေး ဘယ်မျှစသည်။ မည်မျှ အသေးစိတ်သနည်းဟူမူ မင်းကြီးအနေနှင့် တခြားဟာ ဘာမှမလုပ်ပဲ တစ်နေကုန်ထိုင်မှတ်နေသလား အောက်မေ့ရလောက် သည်ထိ ဖြစ်၏။ 

သိပ္ပံမောင်ဝ အောက်စဖို့တက္ကသိုလ် မှတ်တမ်းကိုမူ အမြည်းလောက်သာ ဖတ်ဖူးပါသည်။

ကျွန်တော်အလွန်နှစ်သက်သည့် နောက်ခရီးသွားမှတ်တမ်းတစ်ခုမှာ စာပေဗိမာန်ကထုတ်ခဲ့သည့် ဗိုလ်ဗလ (ရဲဘော်သုံးကျိပ်) ၏ လွတ်လပ်ရေး ခရီးတထောက် ဖြစ်ပါသည်။ ထိုစာအုပ်မှာ သမိုင်းမှတ်တမ်းတစ်ခုသာမက ရသမျိုးစုံကို ပေးစွမ်းနိုင်လေ၏။

ဆိုရလျှင် ထိုခရီးသွားမှတ်တမ်းများမှာ အလုပ်ကိစ္စနှင့်သွားကြရင်း မိမိခရီးစဉ်ကို မှတ်တမ်းတင်ထားခြင်းသာ ဖြစ်၏။ ကမ္ဘာကြီးကို စူးစမ်းလေ့လာရုံသီးသီးသွားသည့် အလည်အပတ်ခရီးစဉ်များမှာမူ မရှိသလောက်ရှားပါသည်။

ခရီးသွားရာတွင်လည်း လိုက်နာရမည့် ကျင့်ဝတ်များရှိပါသည်။ အဓိကမှာ မိမိကြောင့် တစ်ပါးသူ အနှောက်အယှက်မဖြစ်ရေးကို ထည့်သွင်းစဉ်းစားဘို့ ဖြစ်ပါသည်။

တစ်ခါက ကျွန်တော် ရေဆင်းမှ မိတ္ထီလာသို့ ဟိုင်းလတ်ကားလေးစီးကာ သွား၏။ ကျွန်တော်တို့က လိုင်းကားကို ကြားမှဖြတ်စီး ရတာဖြစ်သဖြင့် ကားပေါ်မှာထိုင်စရာ နေရာမရ။ နောက်မှ တွဲလွဲခို လိုက်ရ၏။ လမ်းတွင် ကားသွားနေစဉ် ရှေ့မှလူက ကွမ်းတံတွေးထွေးချလိုက်ရာ နောက်တွင် တွယ်လိုက်နေသော ကျွန်တော်တို့ အ၀တ်အစားများကို ကွမ်းသွေးများ ပေကျံကုန် ၏။ သူရို့မှာတော့ ကွမ်းစားမပျက်၊ စကားဖောင်ဖွဲ့တာ မပျက်။ မည်မျှ အလိုက်ကန်းဆိုး မသိလိုက်ပါသနည်း။

ထိုမျှသာမက ကားပေါ်မှ ကွမ်းတံတွေးထွေးချလိုက်၍ လမ်းဘေး ပလက်ဖောင်းပေါ် လျှောက်နေသူများအား ကွမ်းသွေးများ ပေကျံကုန်သည့် ဒုက္ခကို လူတိုင်းလိုလို ခံစားဖူးကြပါလိမ့်မည်။

ဟိုနားသည်နားပြေးဆွဲသည့် ရထားများတွင် လက်မှတ်သာရောင်းသည်။ ထိုင်ခုံနံပါတ် မပေး။ ကျွန်တော်ကျောင်းသားဘ၀က အိမ်ပြန်ရာတွင် ဟင်္သာတ - ပုသိမ်ရထားကိုစီးတတ်၏။ ခမောက်စုတွင်ဆင်းပြီး ထိုမှ အိုင်သပြုကားဖြင့် လေးမျက်နှာသို့ ပြန်ခြင်းဖြစ်သည်။

ဘူတာအနီးမှလူများသည် နံနက်စောစော ထွက်သည့်ရထားပေါ်တွင် ထိုင်ခုံများပေါ် တက်အိပ်ကာ ခရီးသည်များ လာသည့်အခါ နေရာကို ရောင်းစားကြ၏။ ကျွန်တော်က ခပ်အအဆိုတော့ သည်ကိစ္စကိုမြင်သော်လည်း သည်အတိုင်း ကြည့်နေမိသည်။ နောက်မှ ခပ်စွာစွာကျောင်းသားတစ်ယောက် တက်လာကာ -

နေပါဦး၊ ဒီနေရာတွေကို ရောင်းစားရအောင် ဟောဒီရထားကို ခင်ဗျားတို့ယောက္ခမ ပိုင်တာလား။ ဒီမယ်၊ ခုံပေါ်မှာအိပ်နေတဲ့ သူတွေအားလုံး ရထားပေါ်က ဆင်းပေးပါ။ ဟေ့လူတွေ ဒီလာထိုင်ကြ။ ခင်ဗျားတို့ ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုဘူး။ ပိုက်ဆံတောင်းတဲ့သူတွေ ကျုပ်နဲ့တွေ့မယ် -

ဟု ကြမ်းတော့မှ ဟိုလူများမှာ မကျေမနပ်နှင့် ဆင်းသွားသည်။ သူ့ပြောတာကြားမှ ကျွန်ုပ်လည်း အတော်အသုံးမကျတဲ့ ငါပါလား ဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိလေသည်။ သို့သော်လည်း ကိုကျောင်းသားများမှာ သူငယ်ချင်းများ စုလာတာ ဆိုတော့ ပြောအားရှိပေမည်။ ကျွန်တော့်မှာက တစ်ယောက်တည်း။ မတော် ၀ိုင်းရိုက်လို့ မာလကသွားရင် မခက်ပါလား။

ကိုယ့်အတွက်သာသိပြီး အခြားသူဘို့ နည်းနည်းမှ ထည့်သွင်းမစဉ်းစားတတ်သော ထိုသူများအား ကျွန်တော် အတော်စိတ်ကုန် မိပါသည်။

တခါတရံ သင်္ဘောနှင့်ခရီးသွားသည့်အခါလည်း ထိုကိစ္စမျိုး ကြုံရတတ်ပါသည်။ လူအများအတွက်နေရာကို တစ်ဦးတည်း မိုးကာစကြီးအကြီးကြီးဖြန့်ခင်းကာ နေရာယူထားတာမျိုးဖြစ်၏။ 

သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင် နှင့် မသန်မစွမ်းများအား နေရာဖယ်မပေးသော ဘတ်စ်ကားစီးခရီးသည်များ အကြောင်းကို မူ မိတ်ဆွေတို့က ကျွန်တော့်ထက်ပိုသိသဖြင့် မရေးတော့ပါ။

ကျွန်တော်စိတ်ကူးမိသမျှ အောက်တွင် ရေးထားပါသည်။ လိုအပ်သည်များကို ဖြည့်စွက်ဖတ်ရှုကြပါကုန်။

ü  ခရီးထွက်ရာတွင် အမှုကိစ္စနည်းရမည်။ မလိုအပ်သည်တို့ ဘာမှ မယူပါနှင့်။
ü  သို့သော် ပါသင့်သည်တို့ပါအောင် ဂရုစိုက်ထည့်သိုရပါမည်။ အကောင်းဆုံးမှာ စစ်ဆေးချက်စာရင်းဇယား (Checklist) သုံးခြင်းဖြစ်၏။
ü  သောက်နေကျဆေးများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများ (ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ မျက်နှာသုတ်ပုဝါ၊ ဘီး စသည်) ပါပါစေ။
ü  မြန်မာပြည်တွင်း ခရီးသွားလျှင် မှတ်ပုံတင်မူရင်း ယူဆောင်သွားပါ။
ü  မှတ်ပုံတင်၊ တန်ဘိုးကြီးပစ္စည်းများ၊ ရွှေငွေလက်ဝတ်ရတနာများ၊ အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့် ကိုယ်နှင့်မကွာ ဆောင်ထားရမည့် လက်ကိုင်အိတ်အတွင်း၌သာ ထည့်ပါ။ အခြားအထုပ်အပိုးများထဲ မထည့်ပါနှင့်။
ü  မိမိအထုပ်အပိုး၊ အိတ်များအားလုံးတွင် နာမည်၊ ဆက်သွယ်ရမည့်ဖုံးနံပါတ်၊ လိပ်စာ စသည်တို့ရေးကာ ချိတ်ဆွဲထား/ ကပ်ထားပါ။ အထုပ်၊ အိတ်များအားလုံးကို သော့ခတ်ထားပါ။
ü  အေးသည့်အရပ်ဒေသများသို့သွားလျှင် အနွေးထည်၊ စောင် စသည်တို့လိုပါလိမ့်မည်။ (စောင်ဆိုသည်မှာ လမ်းခရီးတွင် အေးလာသည့်အခါ ခြုံထားနိုင်ရန် ဖြစ်၏)
ü  ခရီးသွားရင်း ၀တ်သည့်အ၀တ်အစားမှာ အစွန်းအထင်းခံနိုင်သည့် အ၀တ်များဖြစ်ပါစေ။ အလွန်အဖိုးတန်သော အ၀တ်များ မ၀တ်သင့်ပါ။ မည်သူများနှင့်အတူ ခရီးသွားရမည်မှန်း မသိသဖြင့် ကွမ်းတံတွေးများ စွန်းထင်းကုန်လျှင် စိတ်မကောင်းဖြစ်ရလိမ့်မည်။ ဘောင်းဘီက ပုဆိုး၊ ထဘီများထက် ပိုလွတ်လပ်သည် ထင်ပါသည်။
ü  မိမိသွားမည့်ဒေသကိုလိုက်၍ ထီး၊ ဦးထုပ် စသည်တို့ လိုကောင်းလိုပါလိမ့်မည်။
ü  ကားရထားပေါ်မှ ဆင်းသည့်အခါ မိမိပစ္စည်းများ အစုံပါမပါ စစ်ဆေးပါ။ မိမိအထုပ်မဟုတ်သည်ကို မှားဆွဲမိတတ် သဖြင့် မိမိပစ္စည်း ဟုတ်မဟုတ်သေသေချာချာ စစ်ဆေးပြီးမှ ယူပါ။
ü  လူအများသွားလာနေသည့် သွားလမ်းလာလမ်းများတွင် ပစ္စည်းများ စုပုံမထားပါနှင့်။ ထားစရာမရှိ၍ ထားရပါသည် ဆိုလျှင်ပင် ဘေးနားကပ်လျက် သပ်သပ်ရပ်ရပ်ပုံထားကာ လူများသွားရန် လမ်းလုပ်ပေးထားပါ။
ü  လမ်းကိုပိတ်ပြီးရပ်ကာ ဖုံးပွတ်နေခြင်း၊ လူအများစုံပြုံရပ်နေခြင်း စသည်တို့ကိုလည်း ရှောင်ကြဉ်ပါ။
ü  ကား၊ ရထား၊ သင်္ဘောပေါ်များပေါ်တွင် မလိုအပ်ပဲ နေရာအများကြီးယူထားခြင်းကို ရှောင်ပါ။
ü  ခရီးသည်အများ သွားလာနေသည့် ကားရထားသင်္ဘောများပေါ်တွင် လူအများကို အနှောက်အယှက်ဖြစ်စေမည့် အုပ်စုဖွဲ့ကာ တဟားဟားပွဲကျခြင်း၊ စကားများကို ပွာလောင်ပွာလောင် ပြောခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အရက်သေစာ ၀ိုင်းဖွဲ့စားသောက်ခြင်း စသည်များကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
ü  ကား/ရထားများပေါ်မှ အမှိုက်များပစ်ချခြင်း၊ တံတွေး အထူးသဖြင့် ကွမ်းတံတွေးထွေးမချပါနှင့်။ ကွမ်းစားတတ်သူများ ကြွပ်ကြွပ်အိပ်ဆောင်ထားပြီး ထိုအထဲထွေးထည့်ပါ။ ကား/ရထားရပ်သည့်နေရာရောက်မှ ပစ်ပါ။
ü  ကားပေါ်တွင် ဆေးလိပ်မသောက်ပါနှင့်။ စားသောက်ဆိုင် သို့မဟုတ် ကားရပ်နားသည့်နေရာရောက်မှ သောက်ပါ။

ü  နိုင်ငံရပ်ခြား ခရီးသွားရမည့်သူများအဖို့ ဗီဇာ၊ ပတ်စ်ပို့၊ လေယာဉ်လက်မှတ် စသည်တို့ အလွန်အရေးကြီး၏။
ü  ပတ်စ်ပို့ယူလျှင် မိမိပတ်စ်ပို့ ဟုတ်မဟုတ် သေချာစေရန် အတွင်းဘက် ဓာတ်ပုံပါသည့်စာမျက်နှာကို လှန်ကြည့်လိုက်ပါဦး။
ü  စင်ကာပူလာမည့်သူများသည် ပတ်စ်ပို့သက်တမ်း အနည်းဆုံး ၆ လရှိရမည်ဖြစ်သဖြင့် စင်ကာပူလာတော့မည် ဆိုသည်နှင့် ပတ်စ်ပို့သက်တမ်းကိုပါ စစ်ကြည့်ပါ။
ü  မိမိရထားသော လပ်ဂိတ်အလေးချိန်အတိုင်း ရှိမရှိ ချိန်ကြည့်ပါ။ ၀န်ပိုသယ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ၀န်ပိုပေးရတာ အလွန် ဈေးကြီးပါသည်။
ü  ယခုမှ စင်ကာပူကိုလာမည့်သူများ လေဆိပ်အ၀င် လ.၀.က တွင် အရစ်ခံရနိုင်ပါသည်။ မိမိကို ခေါ်စာရေးပေးသည့် သူ၏ နာမည်၊ ဖုံးနံပါတ်၊ တည်းမည့်လိပ်စာ၊ ဘာကိစ္စလာသည် စသည်တို့ကို ကြိုတင်ပြင်ဆင်ထားပါ။ ပြန်လွှတ်ခံရ လျှင် အလွန်နစ်နာပါသည်။
ü  အရက်၊ ဆေးလိပ်၊ ဆေးဝါး (အင်္ဂလိပ်ဆေး၊ ဗမာဆေး)၊ ဆေးရွက်ကြီး စသည်တို့ ဖြစ်နိုင်လျှင် သယ်မလာပါနှင့်။ ကန့်သတ်ပစ္စည်းများဖြစ်သဖြင့် ဒုက္ခပေးနိုင်ပါသည်။

ခရီးသွားခြင်းအနုပညာ ဤတွင်ပြီးပါပြီ။

ဖတ်ရှုအားပေးသူအပေါင်းကို ကျေးဇူးအထူးတင်ပါ၏။

အေးငြိမ်း

၁၇ သြဂုတ်၊ ၂၀၁၆။ ညနေ ၆း၅၆ နာရီ

No comments: