Sunday, May 31, 2026

စိတ္တရလေခါ၊ ဘိန်းစားရေချမ်း၊ ဆဲတတ်သူများနှင့် တညနေ နှင့် American Sniper

၁။ သရက်နှင့်အိုး၊ ကြွက်နှင့်မိုး

 

ပုဂ္ဂလပညတ်ပါဠိတော်လာ လူ (၄) မျိုးကို ရှင်မဟာရဌသာရက သရက်နှင့်အိုး၊ ကြွက်နှင့်မိုး ဟု ပြဆို၏။

၁။ ပြောလည်းမပြော၊ လုပ်လည်းမလုပ်သူ (သို့) အဆင်းလည်းမရှိ၊ အချင်းလည်းမရှိသူ

၂။ ပြောတော့ပြောပါရဲ့၊ လက်တွေ့မလုပ်သူ (သို့) အဆင်းသာရှိပြီး အချင်းမရှိသူ

၃။ လုပ်တော့လုပ်ပြီး မပြောသူ (သို့) အချင်းရှိပြီး အဆင်းမရှိသူ

၄။ ပြောလည်းပြောပြီး လုပ်လည်းလုပ်သူ (သို့) အဆင်းလည်းရှိပြီး အချင်းလည်းရှိသူ

 

“စိတ္တရလေခါ”၊ “ဘိန်းစားရေချမ်း”၊ “ဆဲတတ်သူများနှင့် တညနေ” တို့တွင် လူနှစ်မျိုးနှစ်စား၊ “American Sniper” တွင် လူသုံးမျိုးသုံးစား အကြောင်း ဖော်ပြထား၏။ ဘီအီးဒီအောင်သိုက်ကတော့ ပန်းမြိုင်လယ်က ဥယျာဉ်မှူးတွင် လူ့၊ လူ၊ လူး၊ လူ့ထက်လူ ဟု လူ (၄) မျိုး ရှိသည်ဆို၏။ ကျော်ဟိန်းက ကွမ်းသွေးကို ဗျစ်ခနဲထွေးကာ ‘ဒါဖြင့် ခင်ဗျားကရော လူ့လား၊ လူလား၊ လူးလား လို့ သူ့ကိုပြန်မေးတော့ ငါကတော့ ‘လွတ်’၊ ဘယ်ထဲမှ မချိတ်မိဘဲ လွတ်နေတာ ဟု ဖြေလေ၏။

 

ဤဒွန္နယာကြီးရှိလူများကို အတန်းအစားခွဲလိုက်လျင် အကြမ်းဖျဉ်းအားဖြင့် လူကောင်းနှင့် လူဆိုးဟု နှစ်မျိုးရနိုင်ပါသည်။ သို့သော် ကောင်းသည်လည်းမဟုတ်၊ မကောင်းသည်လည်းမဟုတ်သော လူတန်းစားလည်း ရှိ၏။ ကောင်းလည်း မကောင်း၊ ဆိုးလည်းမဆိုးသည့်တိုင် ဘာတစ်ခုမှ သုံးလို့စားလို့မရသော လူတန်းစားသည်လည်း သီးသန့်ရှိသေး၏။ ထို့ကြောင့် လူတန်းစား (၄) မျိုးလောက်ရှိသည်ဟု ဆိုလျင် မှားမည်မထင်ပါ။

 

၂။ စိတ္တရလေခါ

 

ကျွန်ုပ် ပါရဂူဘာသာပြန် စိတ္တရလေခါကို စဖတ်သည်မှာ လပေါင်းအတော်ကြာသွားပြီ။ နောက် ဘာကိစ္စတွေ များမှန်း မသိ။ တဝက်လောက် ဖတ်ပြီး ဆက်မဖတ်ဖြစ်။ အခုမှ ဆက်ဖြစ်သည်။ အခု ပြန်ဖတ်တော့ ယခင်နေရာမှမဟုတ်ဘဲ အစကပင် ပြန်ဖတ်ပါသည်။ နှစ်ထပ်ရှိမှ မှတ်မိမှာကိုး။

 

စိတ္တရလေခါက ‘မကောင်းမှုဆိုတာဘာလဲ’ ဟု မေးခွန်းထုတ်ကာ မကောင်းမှုဟူသည် မည်သည့်အရာဖြစ်သနည်း ဆိုသည်ကို စူးစမ်းထား၏။

 

သို့တိုင် ဝတ္ထုရေးဆရာ ‘ဘဂဝတီ ကျရန်ဗရမာ’ ၏ နောက်ဆုံးကောက်ချက်ကိုမူ ကျွန်ုပ်မကြိုက်ပါ။ သဘောမတူပါ။

ဝတ္ထုရေးဆရာက ‘မကောင်းမှုဆိုတာ လူ့အမြင် တဦးနဲ့တဦး မတူခြင်းရဲ့ အခြားအမည်နာမ ဝေါဟာရ စကားလုံးမျှသာ ဖြစ်တယ်။​ လူတိုင်းဟာ ဘဝဇာတ်ခုံပေါ်မှာ ကိုယ်ကျရာအခန်းကဏ္ဍကနေ ကပြ အသုံးတော်ခံနေကြရတာသာ ဖြစ်ပြီး ကောင်းမှု၊ မကောင်းမှုဆိုတာ မရှိနိုင်။ အဲဒါ မင်းတို့လက်ခံချင်ခံ။ လက်မခံချင်နေ။ ငါကတော့ မင်းတို့ကို လက်ခံပါလို့ အတင်းမတိုက်တွန်းချင်ဘူး။’ ဟု ဖော်ပြထား၏။

 

ဝတ္ထု၌ ရသေ့ကြီးက တပည့်နှစ်ဦးကို လူနှစ်ဦးထံပို့ပြီး မကောင်းမှုကို ရှာဖွေခိုင်း၏။ တစ်ဦးမှာ ကာမဂုဏ်အာရုံတို့နှင့်သာ အချိန်ဖြုန်းနေသည့် ဗီဇဂုတ္တဖြစ်ပြီး နောက်ဆုံး၌ မိမိနှင့် မည်သို့မှမသက်ဆိုင်သူ တပည့် (သေတံက) အတွက် အားလုံးကို စွန့်လွှတ်ကာ အနစ်နာခံသွားခဲ့၏။ အခြားတဦးမှာ တရားအားထုတ်မှု၌သာ မွေ့လျော်နေသော ကုမာရဂီရိ ဖြစ်ပြီး မိန်းမချောတစ်ဦး (စိတ္တရလေခါ) နှင့်တွေ့ကာ ပျက်စီးသွား၏။ သို့သော် သူ့ကိုယ်သူပြန် အဖတ်ဆယ်ပါသည်။ သူ့တပည့်မှာ ဝိသာလဒေဝ ဖြစ်၏။

 

ထိုအခါ ထိုသူတို့ထံရောက်သွားသူ တပည့်နှစ်ဦး၏ အမြင်များလည်း မတူကြတော့။ သေတံကအတွက် ဗီဇဂုတ္တသည် အလွန်မြင့်မြတ်သူ ဖြစ်ပြီး ဝိသာလဒေဝကတော့ မကောင်းမှုများဖြင့် ပြည့်နှက်နေသည့် လူရူးလူမိုက်တစ်ဦးဟု ရှုမြင်၏။

ကုမာရဂီရိကို ဝိသာလဒေဝက လောကထက် သာလွန်မြင့်မြတ်သူဟု ထင်မြင်နေပြီး သေတံက ကမူ တကိုယ်ရည် ကောင်းစားဘို့ ကြိုးစားနေသည့် အတ္တသမားဟု စွပ်စွဲ၏။

 

အသင်တို့သည် စိတ္တရလေခါကို ဖတ်ပြီးသူများ ဖြစ်ပါက မည်သူကောင်းပြီး မည်သူမကောင်းဆိုသည်ကို မိမိဘာသာ ဆုံးဖြတ်နိုင်ပါသည်။ ဤကမ္ဘာလောကကြီး၌ ဗီဇဂုတ္တနှင့် ကုမာရဂီရိတို့ကဲ့သို့သောလူများ အများအပြားပင် ရှိပါသည်။

 

၃။ ဘိန်းစားရေချမ်း

 

ဆရာမကြီး ခင်နှင်းယု၏ ဘိန်းစားရေချမ်းမှာမူ မြန်မာပြည်အောက်ပိုင်း (ထားဝယ်) မှ တကယ့်အဖြစ်အပျက် ဖြစ်၏။ ကိုရေချမ်းမှာ မြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် သေဆုံးခဲ့ပါသည်။

 

လူအများက ဘိန်းစား၊ ဘာမှ သုံးလို့စားလို့မရတဲ့အကောင်ဟု ဝိုင်းပယ်ထားသည့် ဘိန်းစားရေချမ်းမှာ အများ ထင်သကဲ့သို့ ကလေကချေကောင် မဟုတ်ဘဲ တကယ့်သူတော်ကောင်း ဖြစ်နေပြီး မနက်တိုင်း ကြေးစည်သံ တဝေဝေ နှင့် ဘုရားကို ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား အော်ဟစ်ရှိခိုးနေသော အရပ်က လူသူတော်ကောင်းကြီးဟု ထင်နေသူကြီးကမှ တကယ့် လူယုတ်မာအစစ်ကြီး ဖြစ်နေလေ၏။ ဤသည်မှာလည်း လူမသိ၊ သူမသိ။ လူသိမခံဝံ့သော အဖြစ်အပျက်တစ်ခု ဖြစ်လျက် ဤကဲ့သို့သော အဖြစ်အပျက်များသည်လည်း ဤဒွန္နယာကြီး၌ မည်မျှရှိလိမ့်ဦးမည်မသိ။

 

၄။ ဆဲတတ်သူများနှင့် တညနေ

 

ဆရာမ ဂျူး၏ ဆဲတတ်သူများနှင့် တညနေကိုမူ ကျွန်ုပ် အတော်လေး ကြိုက်နှစ်သက်၏။

ဆရာမ၏ ဝတ္ထုတိုလေးထဲ၌လည်း လူနှစ်မျိုးနှစ်စားကို တွေ့ရ၏။

တမျိုးမှာ ဘဝကို ဘာမှ အလေးမထား၊ ပျော်ပျော်ပါးပါးပင် အော်ဟစ်ဆဲဆိုနေသည့် ပေါ့ပေါ့နေ ပေါ့ပေါ့စားသမားများ ဖြစ်၏။ သို့သော် တကယ့် ဒုက္ခနှင့် ကြုံတွေ့လာသည့်အခါ ထိုသူများကမှ အင်တိုက်အားတိုက် ကြုံးကြသူများဖြစ်ပြီး -

နောက်တဦးမှာမူ ပညာတတ်၊ အရာရှိဖြစ်လျက် တကယ့် ဒုက္ခနှင့် ကြုံတွေ့လာသည့်အခါတွင်မူ ဤသည့်ပြဿနာမှာ ငါနဲ့မဆိုင်၊ သူများတွေ လုပ်လိမ့်မယ်ဟု ခံယူထားကြသူများ ဖြစ်၏။

 

ဆရာမ၏ လူနှစ်မျိုးနှစ်စားမှာ လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့် အတော့်ကို ဟပ်မိလေ၏။ မြန်မာ့လွတ်လပ်ရေးအတွက် အသက်သွေးချေးစတေး၊ စည်းစိမ်ပြုတ်၊ ဘဝပျက်သည်အထိ ကြိုးစားရုန်းကန်နေသူများ ရှိသလို သူများတွေလုပ်တာ ဘာမှစိတ်မဝင်စား၊ နေသာသလိုနေကာ လွပ်လပ်ရေးရမှ လွတ်လပ်ရေး၏ အသီးအပွင့် အမြိုက်အရသာကို တမြိန့်မြိန့် ခံစားလျက် ငါတို့ ဘယ်လောက်တောင် ဘယ်လိုတွေလုပ်လိုက်ရတာ စသဖြင့် လက်သီးလက်မောင်း တန်းရန် အဆင်သင့်ပြင်နေသူများလည်း မနည်းလှပါချေ။ ၎င်းတို့သည်ကား လူလည်ကြီး သားသမီးများပါပေတည်း။

 

ဤလောကကြီး၌ လူလည်ကြီးတို့၏ သားသမီးများ များပြားလှချေ၏ တကား။

 

၅။ American Sniper

 

American Sniper ၌ သားဖြစ်သူ ကျောင်းမှာ အနိုင်ကျင့်ခံရသည့်အတွက် လူသုံးမျိုးအကြောင်း ဖအေလုပ်သူက သားနှစ်ဦးကို ဆုံးမ၏။

 

There are three types of people in this world.

Sheep, wolves and sheepdogs.

Some people believe that evil doesn’t exist in the world.

And if it ever darkened their doorstep, they wouldn’t know how to protect themselves.

Those are sheeps.

And then you got predators. They use violence to prey on the weak. They are the wolves.

And there are those who’ve been blessed with the gift of aggression and overpowering need to protect the flock. These men are the rare breed that live to confront the wolf. They are the sheepdog.

 

ဒီကမ္ဘာပေါ်မှာ လူသုံးမျိုးရှိသကွ။

သိုးလိုလူ၊ ဝံပုလွေလိုလူ၊ သိုးထိန်းခွေးလိုလူ ပဲ။

လောကမှာ မိစ္ဆာဆိုတာမရှိပါဘူးကွာလို့ ယုံနေပြီး အဲဒီမကောင်းဆိုးရွားက အိမ်တံခါးလာခေါက်တော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမှန်း မသိတော့ဘူး။ အဲလိုကောင်တွေဟာ သိုးလိုကောင်တွေပဲ။

နောက်ပြီး သားကောင်လိုက်ရှာနေတဲ့ သားရဲတိရစ္ဆာန်တွေလည်း ရှိသကွ။ သူတို့ကတော့ ဝံပုလွေတွေပဲ။

နောက်ပြီး အကာအကွယ်လိုနေတဲ့သူကို ဝံပုလွေတွေနဲ့ မျက်နှာချင်းဆိုင် တိုက်ခိုက်မယ့် သူတွေလည်း ရှိတယ်။ သူတို့ကတော့ သိုးထိန်းခွေးတွေပဲ။

 

ငါတို့ဟာ သိုးတွေကို မွေးမြူနေတာမဟုတ်ဘူး။

အေး - ဝံပုလွေဖြစ်လာခဲ့ရင်လည်း ဟောဒီခါးပတ်နဲ့ ငါကိုယ်တိုင် ရိုက်မှာပဲ . . .

ဆိုကာ ဝတ်ထားသည့် ခါးပတ်ကြီးကို ဖြုတ်လျက် စားပွဲပေါ် ဗြန်းကနဲရိုက်တင်လိုက်ရာ ကျွန်ုပ်တောင် ကျောစိမ့်မိ သွားပါသေး၏။

 

၆။ ငါ ဘယ်လိုလူမျိုးလဲ

 

ဤသည်မှာ ကမ္ဘာပေါ်ရှိ လူများကို အစားစားခွဲပြထားပုံ ဖြစ်၏။ ကျွန်ုပ် ဖတ်ဖူးသလောက် မှတ်မိသလောက် ပြန်ရေး ပြခြင်းဖြစ်၏။

 

ဤစာဖတ်နေသူ အသင်သည်လည်း ငါရော . . .

 

- ပြောသလိုလုပ်ပြီး လုပ်သလိုပြောတဲ့သူလား

- ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား လူလား

- အရေးအကြောင်းဆို တကယ်အားကိုးရမယ့်သူလား၊ လူလည်ကြီး သားသမီးလား

- သိုးလား၊ ဝံပုလွေလား၊ သိုးထိန်းခွေးလား . . .

 

စသည်ဖြင့် ခေါင်းစားကြပါစေကုန်သတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၃၁ မေလ၊ ၂၀၂၆

 

 

စိတ္တရလေခါ

http://www.mediafire.com/file/cx55u978pxpstk3/

 

ဘိန်းစားရေချမ်း

https://www.facebook.com/356Myat.Thu.Aung/posts/%E1%80%98%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%85%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%81%E1%80%BB%E1%80%99%E1%80%BA%E1%80%B8____________________%E1%80%81%E1%80%84%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%9A%E1%80%AF%E1%80%81%E1%80%9B%E1%80%AE%E1%80%B8%E1%80%9E%E1%80%BD%E1%80%AC%E1%80%B8%E1%80%9B%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%8A%E1%80%BA-%E1%80%85%E1%80%AD%E1%80%94%E1%80%BA%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%95%E1%80%BA-%E1%80%95%E1%80%94%E1%80%BA%E1%80%9B%E1%80%81%E1%80%BC/459988826368564/

 

ပန်းမြိုင်လယ်မှ​ ဥယျာဉ်မှူး

https://www.youtube.com/watch?v=uyuH9quVeKY

 

ဆဲတတ်သူများနှင့် တစ်ညနေ

https://bamakyel.wordpress.com/wp-content/uploads/2009/11/juu-sae-tat-thu-myar-nae-1-evening.pdf

 


Wednesday, May 27, 2026

PTW (Permit To Work) (အလုပ်လုပ်ခွင့်ပြုမိန့်) လိုသလား

မှတ်ချက်။

ဤဆောင်းပါးမှာ စင်ကာပူနိုင်ငံ လုပ်ငန်းခွင်များအတွက်သာ ဖြစ်၏။ မြန်မာပြည်နှင့် မဆိုင်။

 

၁။

 

ဆောက်လုပ်ရေး လုပ်သားများအတွက် အန္တရာယ်ကင်းရေး သင်တန်းများ ပေးရာတွင် လက်တွေ့လုပ်ရာ၌ “၃ မီတာ ထက်ကျော်ရင် ပါမစ်လျှောက်ရမယ်၊ ပါမစ် အိုကေ” ဟု ကျွန်ုပ်တို့က အော်ခိုင်း၏။ အဲသဟာ ဟုတ်ပါသလား။

 

ဤသည်မှာ မှန်သယောင်ယောင်ရှိသော်လည်း အတိအကျ မမှန်ပါ။

၃ မီတာထက်ကျော်တိုင်း ပါမစ်လိုတာမဟုတ်။

အချို့အခြေအနေများ၌ ပါမစ် လိုချင်လိုမည်။

အချို့သော အခြေအနေများ၌ ပါမစ် လိုချင်မှ လိုမည်။

 

ဤသည်ကို CP for WAH (Code of Practice for Working Safetly at Height) ၌ ရှင်းရှင်းလင်းလင်း ပြဆိုထားပါ၏။

 

၂။

 

CP for WAH အခန်း ၄ သည် အလုပ်လုပ်ခွင့်ပြုမိန့် (Permit To Work) System အကြောင်း ဖြစ်၏။

Permit To Work System ၏ အဓိကရည်ရွယ်ချက်မှာ အမြင့်မှပြုတ်ကျမှုများကို ကာကွယ်တားဆီးရန် ဖြစ်၏။

PTW ၌ ကြီးကြပ်ရေးမှူးများ၏ တာဝန်ဝတ္တရားများ၊ စစ်ဆေးသူ၏ တာဝန်ဝတ္တရားများ၊ မန်နေဂျာ၏ တာဝန်ဝတ္တရားများ ကို ပြဆိုထားပြီး ဤသည်တို့ကို လုပ်ထားကြောင်း သေချာပါသည်ဟု ကျွန်ုပ်က တာဝန်ခံပါသည် ဆိုကာ လက်မှတ် ထိုးရ၏။ (တကယ်လုပ်တာ မလုပ်တာ ခညားတို့ အကြောင်းပေါ့စ်လဗျာ။)

 

ဆူပါဗိုက်ဆာလုပ်သူက ဒါတွေဒါတွေဒါတွေ လုပ်ထားပါတယ်ဟု အမှန်ခြစ်ကလေးများ ခြစ်ရ၏။ (တကယ်လုပ်တာ မလုပ်တာ ခညားတို့ အကြောင်းပေါ့လဗျာစ်။)

 

အမှန်တကယ်သာ အဲသဟာတွေ တကယ် (တကယ်လုပ်ထားပါတယ်။ ဘုရားစူး၊ မိုးကြိုးပွတ်) လုပ်ထားသည်ဆိုလျင် အမြင့်က ပြုတ်ကျမှုများကို တားဆီးနိုင်မည်ဖြစ်၏။

 

4.2 Requirements and Scope  

4.2.1 - ၃ မီတာထက်ကျော်လျင် ပါမစ်လျှောက်ရမည်။

4.2.2 - ပြုတ်မကျအောင် အစီအမံများလုပ်ထားပါက (တာဝန်ရှိသူက လိုပါသည်ဟု ပြောသည်မှအပ) ပါမစ်လိုချင်မှ လိုမည်။ နမူနာအားဖြင့် -

- အပေါက်မရှိသော၊ ပတ်ပတ်လည်တွင် ၁ မီတာမြင့်သည့် နံရံနိမ့် (parapet wall) ကာထားသော ခေါင်မိုးပြား

- တက်ရန် သင့်တော်သောလှေခါးရှိသည့်၊ ပတ်ပတ်လည်တွင် ပြုတ်မကျစေရန် အကာအရံတန်းများ တပ်ဆင်ပေးထား သည့် ထပ်ခိုး

- ကိုယ်သိုင်းကြိုးဝတ်ထားပြီး ချိတ်ရန်သတ်မှတ်ထားသည့်နေရာ၌ ကိုယ်သိုင်းကြိုးချိတ်ကို ချိတ်ထားသော MEWP နှင့် အလုပ်လုပ်ခြင်း

 

4.2.3 အမြင့်တွင်အလုပ်လုပ်ခြင်းအတွက် ခွင့်ပြုမိန့်မလိုဆိုသည်မှာ ဤအခန်း (၄) တစ်ခုအတွက်သာဖြစ်ပြီး အခြား အခန်းများအတွက်မူ အလုပ်သမားတစ်ယောက် ပြုတ်မကျနိုင်စေရန်အတွက် လိုအပ်သော အကာအကွယ် အတားအဆီးများ တပ်ဆင်ပေးထားရမည်။

 

https://www.tal.sg/wshc/-/media/TAL/Wshc/Resources/Publications/Codes-of-Practice/Files/WSH-Code-of-Practice-2013_ebook.pdf

 

၃။

 

ခြုံကြည့်လိုက်လျင် (ထမိန်နဲ့ခြုံကြည့်တာကို ပြောတာမဟုတ်ဘူးဗျ။ Summarize ကို ပြောတာ၊ ယခွမ်း) အမြင့်မှာလုပ်တာမှန်ပေသိ ပြုတ်မကျနိုင်ရန် အကာအကွယ်အတားအဆီးများ လုပ်ထားပါက PTW မလို။

 

Jurong Island တွင် ရေနံချက်စက်ကဲ့သို့သော ဓာတုစက်ရုံများစွာရှိ၏။ ထိုစက်ရုံများတွင် အမြင့်သို့တက်ကာ စစ်ဆေး ရသည့် ကြမ်းခင်း များစွာရှိ၏။ ထိုကြမ်းခင်းများသို့ တက်ရန် လှေကားများ သေသေချာချာ တပ်ဆင်ပေးထား၏။ ကြမ်းခင်းများပတ်လည်၌လည်း အကာအရံတန်းများ တပ်ပေးထား၏။ မည်သည့်နည်းနှင့်မှ ပြုတ်မကျနိုင်။

 

သို့အတွက် ထိုနေရာများသို့တက်ရန် မည်သည့် ကိုယ်သိုင်းကြိုးမှ ဝတ်ရန်မလိုသကဲ့သို့ မည်သည့် ခွင့်ပြုမိန့်မှ လျှောက်ရန် လည်း လိုမည် မဟုတ်ပါချေ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၇ မေလ ၂၀၂၆

Saturday, May 23, 2026

The Call of the Wild

‘The Call of the Wild’ အကြောင်း ရေးပေးပါလို့ ကိုရွှေသန်းက တောင်းဆိုလာတော့လဲ ရေးလိုက်ရပြန်ပေတာပေါ့ လဗျာ။

 

ဇာတ်လမ်းကတော့ ခွေးတစ်ကောင်အကြောင်းပါ။ ဒါပေမဲ့ သာမန်ခွေးမဟုတ်တာတော့ သေချာတာပေါ့ ကိုရွှေသန်းရယ်။

သူ့နာမည်က “Buck” ပါတဲ့။

 

‘ဘတ်’ ရဲ့ မူရင်းသခင်က တရားသူကြီး။ သူ့ဘဝ အစပိုင်းမှာ သူ့သခင်နဲ့ လမ်းလေးလျှောက်လိုက်၊ အစားကောင်း စားလိုက်၊ အိပ်လိုက်နဲ့ အင်မတန် ဇိမ်ကျတဲ့ ဘဝပေါ့ဗျာ။

 

ဒါပေမဲ့ သူ့ကို ခိုးပြီးရောင်းစားခံလိုက်ရတာကနေစပြီး သူ့ဘဝ တဆစ်ချိုး ပြောင်းသွားတော့တာပဲ။

သူ့သခင်အသစ်က စာပို့သမား။ စာပို့ရတာမှ အင်မတန်ကြမ်းတမ်းလှတဲ့ ရာသီဥတုနဲ့ခရီး မိုင် ၂၀၀၀ ကျော်ကိုဖြတ်ပြီး စာတွေပို့ရတာ။ ဘတ်က သူဌေးသားဘဝက လာခဲ့တာမို့ အစပိုင်းမှာ စွပ်ဖားဆွဲလို့ အဆင်မပြေဘူး။ ရေခဲပြင်ပေါ်မှာ မလျှောက်တတ်တော့ မကြာခဏ ချော်လဲတယ်။ နောက်တော့လည်း ဒီလိုနဲ့ အဆင်ပြေသွားရတာပါဘဲ။

 

ဘတ်က အသိဉာဏ်ရှိတယ်။ အရာရာကို စဉ်းစားချင့်ချိန်နိုင်တယ်။ သနားကြင်နာတတ်တယ်။ ကိုယ်ချင်းစာတရား ရှိတယ်။ တခြားသူတွေအပေါ် မျှမျှတတ ဆက်ဆံတတ်တယ်။

 

စွပ်ဖားဆွဲတဲ့ခွေးအဖွဲ့ရဲ့ ခေါင်းဆောင်က လူမိုက်၊ နောက်ရောက်လာတဲ့ ဘတ်က သူ့ထက်သာတော့ မနာလိုဘူး။ ဆိုတော့ ဘတ်ကို အသေအကျေကိုက်တယ်။ သူက ခေါင်းဆောင်ဆိုတော့ ဘတ်က အစပိုင်းမှာ သည်းခံနေသေးတယ်။ ဘတ် အလူးအလဲခံနေရတော့ သူရို့အဖွဲ့က အတော်စိုးရိမ်နေပြီ။ ဒါပေမဲ့ ခေါင်းဆောင်လုပ်တဲ့သူက မိုက်လုံးကြီးလေတော့ ဘာမှမတတ်နိုင်ဘဲ ဒီအတိုင်းကြည့်နေကြရတယ်။ နောက်တော့ သူ့အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာလို့ ဘတ်လည်း မတတ်သာတဲ့အဆုံး ပြန်ဖိုက်ရတော့တယ်။ သူက ဗလကောင်းလေတော့ ဟိုပျူစောထီးကောင်ကို (ဟုတ်ပေါင်) ခေါင်းဆောင်လူမိုက်ကို ဂုတ်ကနေကိုက် လွှင့်ပစ်လိုက်တော့ တခါတည်း ကျောင်းမှန်ကန်မှန်းသိပြီး ထွက်ပြေးသွားတာ ပြန်ကို မလာရဲတော့ဘူး။

 

ခေါင်းဆောင်ခွေး မရှိတော့ သူ့သခင်က သူတို့အုပ်စုထဲက အတွေ့အကြုံရှိတဲ့ တစ်ကောင်ကို ခေါင်းဆောင်ခန့်တယ်။ ဘတ်က လက်မခံဘူး။ သူတို့အဖွဲ့ကလည်း ဘတ်ကိုပဲ ခေါင်းဆောင်တင်ချင်နေတော့ မတတ်သာတဲ့အဆုံး သူ့သခင်က ဘတ်ကို မယုံရဲယုံရဲနဲ့ ခေါင်းဆောင်ခန့်လိုက်ရတယ်။

 

ဘတ်က အစွမ်းပြလိုက်တာ မိုင် ၂၄၀၀ လောက်ခရီးကို ရက်ပေါင်း ၈၀ နဲ့ အရောက်သွားနိုင်ခဲ့တယ်။ (လမ်းခရီးက နှင်းမုန်တိုင်းရဲ့ ဒုက္ခ၊ သုက္ခတွေကိုတော့ ရုပ်ရှင်ထဲမှာ ကြည့်ပေါ့ဗျာ။) သူ့သခင်စာပို့သမား ပါရောက်ပြောတာလေး မှတ်စရာကောင်းတယ်။ ‘ဒီမယ်ဘတ်၊ ငါတို့ဟာ စာတွေကိုမျှလောက်သာ သယ်လာတာ မဟုတ်ဘူးကွ။ လူတွေရဲ့ ဘဝတွေ၊ မျက်ရည်တွေ၊ ချစ်ခြင်းမေတ္တာတွေကို သယ်လာတာကွ” တဲ့။ သူ့သခင်ပြောတာကို ဘတ်က သဘောပေါက် တယ်။

 

အပြန်ခရီးကျတော့ စာထုပ်ကြီးကိုသယ်ပြီး ဘတ်တို့တသိုက် ပြန်ခဲ့ကြတယ်။ ဒါပေမဲ့ အဖိုးကြီးတစ်ယောက်က  သူတို့အပြန်မှာ ထည့်ပေးလိုက်မဲ့ စာကိုရေးနေတာ မပြီးသေးဘူး။ အဖိုးကြီး စာအိတ်ကိုင်ပြီး အပြေးထွက်လာတော့ ဘတ်တို့ရထားက စထွက်နေပြီ။ အရှိန်တောင် အတော်ရနေပြီ။

 

အဖိုးကြီး စာအိပ်ကိုင်ပြီး အပြေးထွက်လာတာကို ဘတ်လည်း မြင်လိုက်ရော စွပ်ဖားကို တုံ့ကနဲရပ်လိုက်တယ်။ သူ့ရဲဘော်တွေအကုန်လုံး အလဲလဲ အပြိုပြိုနဲ့ပေါ့။ သူ့သခင်လည်း အတော်စိတ်ဆိုးတယ်။ နောက်တော့ ဘတ်က အဖိုးကြီးဆီကစာကို သွားယူပေးတယ်။ အဲဒါနဲ့ အဖိုးကြီး ‘သော်တွန်’ (ဟယ်ရီဆင်ဖို့ဒ်) နဲ့ ဘတ်နဲ့ မိတ်ဆွေဖြစ်သွားတယ်။

 

နောက်တော့ တယ်လီဂရပ်စာပို့စနစ် ပေါ်လာတော့ ဒီလောက်ကြမ်းတမ်းပြီး အလှမ်းဝေးလှတဲ့ စာပို့စနစ်ကို ဖျက်သိမ်း လိုက်တော့ သူ့သခင်ရော ဘတ်တို့အဖွဲ့ပါ အလုပ်ပြုတ်ရပြန်တယ်။ ဘတ်တို့အဖွဲ့ သခင်အသစ်နဲ့ နှစ်ပါးသွားရပြန်ရော။

 

အဲဒီ သခင်အသစ်က ‘မီးမလာရင် ဖယောင်တိုင် ထွန်းနေပါလား’ တို့၊ ‘လယ်သမားတွေ ထမင်းတစ်နပ်လျှော့စားပါလား’ တို့ ဆိုတဲ့ လူစားမျိုး။ ရေခဲထဲနစ်နေတဲ့ စွပ်ဖားကို အတင်းဆွဲခိုင်းတော့ ဘတ်တို့လည်း အသားကုန်ရုန်းတာပဲ။ ဒါပေမဲ့ စွပ်ဖားက တုပ်တုပ်တောင် မလှုပ်ဘူး။ သူရို့သခင်က ဘတ်တို့အဖွဲ့ကို ခွေးပျင်းတွေ၊ အစားတော့ စားချင်တယ်။ အလုပ်တော့ မလုပ်ချင်ဘူးဆိုပြီး ကြာပွတ်နဲ့ နင်းကန်ရိုက်တယ်။

 

ဘတ်ရဲ့မိတ်ဆွေ သော်တွန်ရောက်လာပြီး ဟယောင်၊ မင်းရထားက ရေခဲထဲနစ်နေတာ ဘယ်လိုလုပ်ဆွဲမလဲကွ ဆိုတော့ ငါ့အလုပ်ကို ဘာလာရှုပ်တာလဲ ဆိုပြီး ရန်လုပ်တယ်။ အဖိုးကြီးက တုံးကြီးယူပြီး လှည်းကို ရေခဲထဲက ဆယ်ထုတ်ပေးလိုက်တော့မှ စွပ်ဖားလည်း ရွေ့တော့တယ်။ ဘတ်က မြစ်ကိုဖြတ်ဘို့ သဘောမတူဘူး။ အဲဒါနဲ့ သူ့သခင်လည်း ဘတ်ကို အသေအကျေရိုက်ပြန်တယ်။ သော်တွန်က ဟယောင်၊ ခုအချိန်မြစ်ကို မဖြတ်နဲ့အုံး။ ခဏနေ ရေခဲတွေ အကုန်အရည်ပျော်တော့မှာ၊ အကုန်မာလကီးယားလိမ့်မယ် ဆိုတော့ သူတို့သခင်လူမိုက်က အဲဒါမင်းနဲ့ ဘာဆိုင်သလဲ ရန်လုပ်ပြန်တယ်။

 

သော်တွန်လည်း ဘတ်ကို လှည်းက ကြိုးဖြတ်ပြီး ထမ်းလာခဲ့တယ်။ ဘတ်ခမျာ လမ်းတောင် မလျှောက်နိုင်တော့ဘူး။

 

သော်တွန်က အရက်သောက်တယ်။ ဘတ်က မကြိုက်ဘူး။ သော်တွန်ရဲ့ အရက်ခွက်ကို မှောက်ပစ်တယ်။ နောက်တော့ အရက်ပုလင်းကို အပြင်ယူသွားပြီး နှင်းထဲမှာမြှုပ်၊ သူ့ကိုယ်လုံးကြီးနဲ့ ဖိထားလို့ သော်တွန်လည်း အေးဘာခွာ ဆိုပြီး လက်မြှောက်လိုက်ရတယ်။

 

ဒီတောင်ရဲ့ဟိုဘက်မှာ ဘာတွေရှိသလဲဆိုတာ ငါ့သားက တအားသိချင်တယ်။ (သူ့သားက ဆုံးသွားပြီ) ငါတို့ သွားရအောင်ကွာ လို့ သော်တွန်က ပြောတော့ ဘတ်လည်း သဘောတူတာနဲ့ သူတို့ ခရီးထွက်ခဲ့တယ်။

 

နောက်ဆုံး သူတို့ ချောင်းတခုနားမှာ စတည်းချတော့ ရွှေတုံးတွေ တွေ့တာနဲ့ ရွှေရှာကြတယ်။

သူ့စီးပွားရေးကို နှောင့်ယှက်ရကောင်းလားဆိုပြီး ဘတ်ရဲ့သခင်ဟောင်းက သူတို့ဆီ နောက်ယောင်ခံ လိုက်လာပြီး သော်တွန်ကို သတ်ဘို့ ကြိုးစားတယ်။

 

ဘတ်လည်း အဲဒီကောင်ကို မီးလောင်နေတဲ့ တဲထဲ တွန်းထည့်လိုက်တယ်။

 

နောက်တော့ ဘတ်ဟာ တကိုယ်လုံး ဖွေးဖွေးဖြူနေတဲ့ ကောင်မလေး ချောချောလေးနဲ့တွေ့ပြီး တအိုးတအိမ် ထူထောင်တယ်။

 

သော်တွန်က ဘတ်ရေ၊ ဒီနေရာကမှ မင်းရဲ့ဇာတိ အစစ်အမှန်ပဲကွ။ သူတို့ဟာ မင်းရဲ့ အဆွေအမျိုးတွေပဲ။ မင်းဒီမှာပဲ သူတို့နဲ့ ပျော်ပျော် နေခဲ့ပါတော့ကွာ တဲ့။

 

The Call of the Wild ဟာ သာမန်ခွေးတစ်ကောင် အကြောင်းမျှသာမဟုတ်ဘဲ ဘေးဒုက္ခရောက်တဲ့အခါ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဒုက္ခကို ရင်ဆိုင်တတ်ဘို့၊ အချင်းချင်း အပြန်အလှန် သစ္စာရှိကြ၊ ရိုင်းပင်းကြ၊ ချစ်ခင်ကြဘို့၊ ကိုယ့် အသက်ရှင်ရပ်တည်မှုအတွက် အားမလျှော့ဘဲ ဖြစ်လာတဲ့အခြေအနေကို အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်ဖြေရင်းကြဘို့ စတဲ့ လူ့ဘဝရဲ့ အရေးကြီးတဲ့ အချက်တွေကို မီးမောင်းထိုးပြထားတာလည်း ဖြစ်ပါတယ်။

 

ရုပ်ရှင်က ကောင်းဆို မူရင်းဝတ္ထုကလည်း ကောင်းပေသကိုးဗျာ။

ဂျက်လန်ဒန်ရဲ့ ဝတ္ထုပါ။ ဝတ္ထုနာမည်ကလည်း The Call of the Wild ပါပဲ။ ဆရာကြီး ဂုဏ်ဝင်းက ‘အရိုင်းခေါ်သံ’ ဆိုပြီး မြန်မာပြန်ထားပါတယ်။

 

ကိုယ်ကတော့ ဂျက်လန်ဒန်ရဲ့ ဝတ္ထုတွေဆို အသည်းစွဲပဲ။ ကိုကြည် (ပြင်ဦးလွင်) ဘာသာပြန်ထားတဲ့ ဂျက်လန်ဒန်ရဲ့ လက်ရာမွန် သုံးပုဒ် ဆိုတဲ့စာအုပ်ရှိတယ်။ အသက်ကလေးရယ် ရှည်စေလို မီးရအောင်ဖို၊ အမဲနှပ် တပန်းကန် စသဖြင့်။ ဖတ်ကြည့်ကြစမ်းပါဗျာ။ ကောင်းမှကောင်း။ နတ်နွယ်ဘာသာပြန်ထားတာတွေတော့ မဖတ်ဖူးသေးပါဘူး။

 

ကိုရွှေသန်းရေ -

ကျွန်တော်က “The Call of the Wild” ကို NetFlix ကနေ ကြည့်ပါသဗျာ။

 

ကိုယ့်လူကြည့်ချင်ရင် ဟောဒီမှာ YouTube link:

https://www.youtube.com/watch?v=tea0aJarTfk

 

စာအုပ်ဖတ်ချင်ရင် ဟောဒီမှာ . . .

https://www.scribd.com/doc/123892147/%E1%80%A1%E1%80%9B%E1%80%AF%E1%80%AD%E1%80%84-%E1%80%B8%E1%80%B1%E1%80%81%E1%81%9A%E1%80%9E%E1%80%B6-%E1%80%82%E1%80%AF%E1%80%8F-%E1%80%9D%E1%80%84-%E1%80%B8-%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%BB%E1%80%95%E1%80%94

 

အာ - စာအုပ်ဖတ်ရတာ ပျင်းပါတယ်ဗျာ ဆိုရင် Audio book နားထောင်ပေါ့လဗျာ။

https://www.youtube.com/watch?v=AOIy2LonJvs

 

The Call of the Wild ကို ကြိုက်ရင် Togo ကိုလည်း ကြိုက်ပါလိမ့်မယ်။

စွပ်ဖားဆွဲတဲ့ခွေး အကြောင်းပဲ။ မင်းသားကြီးက ကိုယ်ကြိုက်တဲ့မင်းသားကြီး ဝီလီယမ်ဒေဖိုး

 

အဲလေ၊ တခုမေ့သွားတယ်။

ဝမ်းနည်းစရာကတော့ ဘတ် ဆိုတဲ့ခွေးကြီးဟာ တကယ့်ခွေးအစစ်မဟုတ်ဘဲ ကွန်ပြူတာနဲ့ သလီးဒီအယ်နီမေးရှင်း လုပ်ထားတဲ့ ခွေးကြီးပါ တဲ့စ်။

 

အားလုံးကို ကျေးဇူးတင်ပါတယ်။

 

အစကတော့ အတိုချုပ်ရေးမလို့ဘဲ။ ရေးရင်း ရေးရင်း နည်းနည်း လက်လွန်သွားတယ်။

ဆော်တီး

 

အေးငြိမ်း

၂၃ မေလ၊ ၂၀၂၆

Tuesday, May 19, 2026

Coaching for the Workplace

၁။ စင်ကာပူ (Teach or Be taught)

 

စင်ကာပူနိုင်ငံသည် ၎င်းတို့၏ စနစ်များကို အမြဲပြန်လည်သုံးသပ်လျက် ပိုမိုကောင်းမွန်အောင် အစဉ် ပြုပြင်ပြောင်းလဲ နေသည်ဖြစ်ရာ ကျွန်ုပ်တို့မှာလည်း ၎င်းတို့စံနှုန်းကို မီစေရန် မနည်း မျက်လုံးပြူး လျှာထွက် အပြေးလိုက် နေလေရသောဟူ၏။

 

အရွယ်ရောက်ပြီးသူများအား သင်တန်းပေးနေသူများကို AE (Adult Educator) ခေါ်၏။ AE တစ်ယောက်ဖြစ်ဘို့ရာ ယခင်က ACTA (WSQ Advanced Certificate in Training and Assessment), ယခု ACLP (Advanced Certificate in Learning and Performance) သင်တန်းတက်ရ၏။ လက်မှတ်ရှိရ၏။

 

သင်တန်းဆရာတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နေနိုင်ရန် တစ်နှစ်လျင် ယခင်က CPD 10 hr ပြရ၏။ Safety Officer လိုင်စင်မှာလည်း အလားတူစွာပင် ၂ နှစ်တစ်ခါ သက်တမ်းတိုးရ၏။ သက်တမ်းတိုးရန် 40 SDU points လို၏။ ထိုအမှတ်များရရန် SDU Point ပေးသည့် သင်တန်းများ တက်ရ၏။

 

SDU သင်တန်းများမှာ CPD Programme အောက်ကဖြစ်၍ ယခင်က ထို SDU သင်တန်းနာရီများကိုပင် CPD hr အဖြစ် ပြလို့ရ၏။

 

အခု ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစကာ စနစ်အသစ် ပြောင်းလိုက်၏။

ကျွန်ုပ်တို့ ထလိန်နာအားလုံး TAEPP (Training and Adult Educator Professional Pathway) မှာ မှတ်ပုံတင် (register) လုပ်ရ၏။ ၂၀၂၆ မတ်လ ၃၁ ရက်နေ့ထိ free registration ဖြစ်၏။ ထိုရက်အတွင်း လုပ်မထားလိုက်မိသူများ ခုမှလုပ်မည်ဆိုလျင် ပိုက်ဆံ ၂၇၀ ကျော်ပေးရ၏။

 

ထို registeration မှာလည်း ၂ နှစ်ဖြစ်ရာ သက်တမ်းတိုးမည်ဆိုပါက ၂ နှစ်အတွက် 40 CPD Hr နှင့် သင်တန်းပြချိန် နာရီ ၈၀ ပြည့်ရမည်။

 

ယခု ၎င်းတို့သတ်မှတ်ထားသည့် CPD Hr များမှာ ယခင်ကလို safety officer လိုင်စင်သက်တမ်းတိုးရန် တက်သည့် နာရီများကို ပြလို့မရတော့။ IAL (Institute for Adult Learning) က အသိအမှတ်ပြုထားသည့် သင်တန်းများကိုသာ လက်ခံတော့၏။

 

သင်တန်းတွေကလည်း ဈေးကြီးသယ်ခညာ။ CPD ၇ နာရီ သင်တန်းကို သင်တန်းကြေးအပြည့်ဆို ၇၀၀ ကျော်၊ PR ဆို ၂၀၀ ကျော်၊ အသက် ၄၀ ကျော် စင်ကာပူနိုင်ငံသားဆိုလျင် ၈၀ ကျော် ဖြစ်၏။

 

ကျွန်ုပ်လည်း တစ်ခါတက် တက်သလောက် နာရီများများလိုချင်သည်နှင့် ၁၄ နာရီရသည့် Coaching for the Workplace သင်တန်းကို သွားတက်လိုက်၏။

သင်တန်းကြေးမှာ -

နံနံဂျားသားများ - $1057.30

PR - $317.19 (Not bad lah huh)

ကုမ္ပဏီပေါက်စနလေးများက sponsor ပေးလျင် - $123.19 (Wow Wow Wow)

 

ကျွန်ုပ်လည်း ကျွန်ုပ် ဆေ့ဖတီးလုပ်နေသည့် ကုမ္ပဏီလေးမှ ဘောစိကို မျက်ရည်လေး နှစ်ပေါက်လောက် ကျပြလိုက်တော့ ဘောစိလည်း ကျွန်ုပ်ကို သနားသဖြင့် သဘောတူလေရာ ကျွန်ုပ်မှာ ပတ်ဆံ ၁၀၀ ကျော်နှင့် ၁၄ နာရီ ရသောဟူ၏။ (ဟိ၊ ပျော်လတ်ထှာ)

 

အာလာမာ့ -

သင်တန်းဆင်းလက်မှတ်ကို မေးကြည့်တော့ ၄ ပတ်ကနေ ၆ ပတ်ထိကြာမည် ဆို၏။ ကျွန်ုပ် စိတ်အိုက်နေစဉ် တစ်ယောက်က မင်း SkillsFuture မှာ attendance record ရှိတယ်။ ငါ အဲဒါနဲ့တင်တာ approve ဖြစ်တယ်ဆိုသဖြင့် ကျွန်ုပ်လည်းသူပြောသလို လုပ်လိုက်၏။ Yes, approve ဖြစ်ပါသည်။

 

သင်တန်းသင်ထားသည့် နာရီ ၈၀ ပြဘို့ကတော့ ကျွန်ုပ်တို့လို နေ့တိုင်းစာသင်နေသူများအဖို့ ဘာမှ မခဲယဉ်းပါ။ နာရီ ၈၀ မဟုတ်။ နာရီ ၈၀၀ လည်း ပြနိုင်သည်သာ ဖြစ်၏။

 

၂။ Do It Now!!!

 

မတ်လ ၂၃ ရက်နေ့က အသိ ထလိန်နာတစ်ယောက်က ဒီမှာ ငါ့ကို အဲဗားဆေ့က မတ်စိပို့ထားတယ်။ အဲသဟာ ဘာလတုံးစ်ကွ ဆိုလို့ ကြည့်လိုက်တော့ ကိုယ့်လူ၊ အဲဒါ TAEPP register လုပ်ဖို့ ပြောတာပဲ။ မြန်မြန်လုပ်။ ခုလကုန်လို့မှ မလုပ်ဖြစ်ရင် ဧပြီလ ၁ ရက်နေ့ကစပြီး ပိုက်ဆံပေးရလိမ့်မယ်ဟု ပြောလိုက်၏။

 

အာ့ဆို၊ ငါ့လုပ်ပေးစမ်းပါကွာ ဆိုလို့ TAEPP website ကို ဖွင့်လိုက်တော့ . . .

 

OMG

System under maintenance from 23/03/2026 to 31/03/2026: 23:59 hr. ဂိန် ဂိန် ဂိန်စ်

 

ကိုင်းကိုယ့်လူ၊ မြင်တဲ့အတိုင်းပဲ။ ပိုက်ဆံသာ အဆင်သင့်ဆောင်ထားပေရော့ ဆိုတော့ မျက်နှာငယ်လေးနှင့် အသံတောင် မထွက်တော့။

 

ဧပြီလဆန်း၌ ကျွန်ုပ် သူ့အတွက် လုပ်ပေးပါ၏။

TAEPP register လုပ်တာ ဘာမှ မခဲယဉ်းပါ။ သို့ပေသိ သူ့ဟာ လုပ်လို့မရ။ သူ့ SingPass က လုံးဝ ဝင်လို့မရ။

ကိုယ့်လူ၊ အဲသဟာတော့ ကိုယ်လည်း မတတ်နိုင်ဘူး။ သူတို့ဆီသာ email ပို့တော့ ဆိုလိုက်ရ၏။

သူတို့က user name နှင့် password အသစ် ပေးပါ၏။ အဲသဟာလည်း မရ။

သူ့မှာ TAEPP registeration မရှိတော့ သင်တန်းတွေကို အကုန် cancel လုပ်တာ ခံရ၏။

သူ့ပြဿနာက ဆယ်ရက်လောက်ကြာမှ ပြီး၏။ ထို့ကြောင့် တစ်ပတ်ကျော် သင်တန်းမပြရ။

 

ကျွန်ုပ်မူကား လုပ်စရာရှိတာကို ခေါင်းကိုက်ခံပြီး နေ့ရွှေ့ ညရွှေ့လုပ်တတ်သည့် လူစားမဟုတ်သဖြင့် ကျွန်ုပ် TAEPP registeration မှာ ၂၀၂၅ အောက်တိုဘာလကတည်းက လုပ်ပြီးနေတာဖြစ်၏။

 

အခုလည်း CPD သင်တန်းကို စောစောစီးစီးသွားတက်၊ SDU သင်တန်းတွေကိုလည်း ပထမတစ်နှစ်မှာတင် အပြတ်တက် ထားလိုက်၏။ ခေါင်းကိုက်သက်သာတာပေါ့ ခညာ။

 

တချို့သင်တန်းတွေက အင်မတန်ဈေးကြီးလေတော့ ကျွန်ုပ်လည်း Excel sheet ထဲမှာ SDU point သင်တန်းတွေကို သင်တန်းနာမည်၊ သင်တန်းကြေး၊ တက်ရမည့်နာရီ၊ ရမည့် SDU point, SDU ၁ ပွိုင့်လျင် စင်းဒေါ်လှမည်မျှ စသည်တို့ကို ဇယားဆွဲကာ analysis လုပ်၏။ ပြီးတော့မှ ဈေးအသက်သာဆုံး၊ နာရီအနည်းဆုံးနှင့် ပွိုင့်အများဆုံး သင်တန်းများကို ရွေးတက်လေသော ဟူ၏။ ကတောက်စ်၊ ပိုင်သကွာ ဟိ

 

CPD Hr သင်တန်းများကိုလည်း ဤအတိုင်းပင် ဇယားဆွဲထား၏။

ဘယ်အချိန်မှာ ဘယ်သင်တန်းတက်မည်ကိုလည်း တေးထားလိုက်၏။

 

အဲသဟာပါဘဲ မိတ်ဆွေများ

အဲလေ၊ ခုမှပြောဘို့ သတိရတယ်။

ဒီပို့စ်က စလုံးက ထလိန်နာတွေအတွက်ပါ။ ထလိန်နာမဟုတ်တဲ့ ခညားတို့ ဖတ်ပြီးသွားရင်လည်း ဆော်တီး

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၉ မေလ၊ ၂၀၂၆

Friday, May 15, 2026

သစ္စာရှိလှသော မိတ်ဆွေကို ကျွန်ုပ်တို့သည် မထီမဲ့မြင် မပြုလုပ်အပ် ဆိုခြင်းအကြောင်း

(၁)

 

ကျွန်ုပ်တို့သည် မကြာခဏပင် ကျွန်ုပ်တို့၏ သစ္စာအရှိလှဆုံးသော မိတ်ဆွေကို မထေမဲ့မြင် ပြုမိတတ်ကြလေ၏။

ကျွန်ုပ်တို့၏ သစ္စာအရှိလှဆုံးသော မိတ်ဆွေကား ကျွန်ုပ်တို့အပေါ် စိတ်မကွက်တတ်။ သူသည် ကျွန်ုပ်တို့အပေါ် သစ္စာရှိမြဲ ရှိနေသည်သာတည်း။

 

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သစ္စာအရှိလှဆုံးသော မိတ်ဆွေကို မထေမဲ့မြင် မပြုအပ်လှချေတကား။

ဤကဲ့သို့ ပြုမိသည်ရှိသော် နောက်ဆုံးတစ်နေ့၌ ကျွန်ုပ်တို့သည် ဒုက္ခနှင့် လှလှနှင့် သေချာပေါက် တိုးလိမ့်မည် ဖြစ်သတည်း။

 

(၂)

 

ခြံရာဆိုလား၊ မြေကွက်ဆိုလားရောင်းပြီး ပိုက်ဆံထုပ်ကြီးကိုမနိုင်မနင်းမ,ကာ ဆုတက်ချတာ တွေ့ရတော့ ကျွန်ုပ်မှာ ဪ ဟုသာ ပါးစပ်အဟောင်းသားနှင့် ငေးနေမိပါတော့၏။

 

ကိုယ့်မှာသာ ပိုက်ဆံလေး မဖြစ်ညစ်ကျယ်ရဘို့ မနားမနေ လုပ်လိုက်ရတာ။ သူတို့ကျတော့ တယ်လဲ ပိုက်ဆံတွေ ပေါလိုက်ကြပါကလား ဟရို့စ်။

 

(၃)

 

ကျွန်ုပ်သည် အရာမနံသည့်/ဘာမှမဟုတ်သည့်ကိစ္စများနှင့် ပိုက်ဆံအတော်များများကို ဖြုန်းတီးပစ်ခဲ့မိ၏။

ပထမ ကျွန်ုပ်သည် ပစ္စည်းရောင်းသူတို့ အဆွယ်ကောင်းသည်နှင့် ဈေးကြီးလှသော ဖုန်စုပ်စက်ကြီးကို ဝယ်လိုက်မိ၏။ သိပ် အလုပ်မရှုပ်မီကမူ သုံးမိပါသေး၏။ သို့သော် ယခုမူ ကျွန်ုပ်မှာ နားရက်မရှိ၊ တစ်ပတ်ကို ၇ ရက်စလုံးအလုပ်လုပ်နေ လေရာ အနှီဖုံစုပ်စက်ကြီးကို ထုတ်သုံးဘို့ မဆိုထားပါနှင့်။ မျက်စောင်းနှင့်မှ လှည့်ထိုးဘို့ရာ အချိန်ပင်မရနိုင် ဖြစ်ရလေ၏။

 

နောက်တစ်ခုမှာလည်း သားကိုချစ်သည့်ဇောနှင့် သူပူဆာသမျှ ဝယ်ပေးလေရာ ဘာမှမဟုတ်သည့် ကတ်ကိုဖြတ်လိုက် လျင် သံစုံထွက်သည့် ခါးပတ်ကြီးကို စလုံး ၅၀၀ ပေးလျက် ဝယ်ပေးခဲ့၏။ သားသည် ကလေးတို့ဘာဝ ထိုခါးပတ်ကြီးကို လိုချင်လှချည့်ဟု အသည်းအသန်ပူဆာပြီး ခါးပတ်လည်း ရလာရော ဆယ်ခါပြည့်အောင်တောင်မဆော့ဘဲ ချောင်ထိုးထား လိုက်လေ၏။ ထိုခါးပတ်မျှသာ မကသေး အခြား တန်ဘိုးကြီး ကစားစရာများလည်း အတော်များလှပါသေး၏။

 

ပြောရလျင် ကျွန်ုပ်မိုက်မဲမှုကြောင့် ဆုံးရှုံးသွားသည့်ပိုက်ဆံများကား အတော်များ၏။ များသမှ အတော့်ကို များသည်ဟု ပြောနိုင်ပါသည်။

 

(၄)

 

ကျွန်ုပ်တို့၏ သစ္စာအရှိဆုံးသော မိတ်ဆွေဆိုသည်မှာ “ငွေ” ဖြစ်သတည်း။

ကျွန်ုပ်တို့၏ သစ္စာအရှိဆုံးသော မိတ်ဆွေသည် ကျွန်ုပ်တို့ ဗိုက်ဆာလာသည့်အခါ ထမင်းကျွေး၏။

ကျွန်ုပ်တို့၏ သစ္စာအရှိဆုံးသော မိတ်ဆွေသည် ကျွန်ုပ်တို့ နေမကောင်းသည့်အခါ ဆေးကုပေး၏။

ကျွန်ုပ်တို့၏ သစ္စာအရှိဆုံးသော မိတ်ဆွေသည် ကျွန်ုပ်တို့ သားသမီးများကို ပညာသင်ပေး၏။

ကျွန်ုပ်တို့၏ သစ္စာအရှိဆုံးသော မိတ်ဆွေသည် ကျွန်ုပ်တို့ကို နေစရာ ဖန်တီးပေး၏။

ကျွန်ုပ်တို့၏ သစ္စာအရှိဆုံးသော မိတ်ဆွေသည် ကျွန်ုပ်တို့ကို အင်္ကျီလှလှလေးများ၊ ဘောင်းဘီလှလှလေးများ ဆင်ပေး၏။

ကျွန်ုပ်တို့၏ အနှီမိတ်ဆွေ မရှိပါဘဲလျက် ကျွန်ုပ်တို့သည် ဘာကိုများ လုပ်လို့ရပါသနည်း။ နည်းနည်းလောက် ပြောကြည့်စမ်းပါ။

 

ကျွန်ုပ်တို့၏ သစ္စာအရှိဆုံးသော မိတ်ဆွေသည် ကျွန်ုပ်တို့၏ တန်းခိုးကြီးလှသော ဘုရားသခင်လည်း ဖြစ်၏။

အကြောင်းကိုဆိုရသော ကျွန်ုပ်တို့၏ သစ္စာအရှိဆုံးသော မိတ်ဆွေသည် ကျွန်ုပ်တို့ လိုသည့်အရာများကို ဖြည့်ဆည်းပေးသောကြောင့်တည်း။

 

ကျွန်ုပ်တို့သည် အနှီ ကျွန်ုပ်တို့၏ သစ္စာအရှိဆုံးသော မိတ်ဆွေကို မထီမဲ့မြင် မပြုအပ်။ ပေါ့လေးတဆ မလုပ်အပ်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သစ္စာအရှိဆုံးသော မိတ်ဆွေကို ကိုယ်နှင့်အမြဲ အတူတကွနေနိုင်အောင် ကြိုးစားသင့်၏။

ကျွန်ုပ်တို့သည် အနှီ ကျွန်ုပ်တို့၏ သစ္စာအရှိဆုံးသော မိတ်ဆွေကို ပိုးမွေးသကဲ့သို့ တသသနှင့် မွေးမြူထားအပ်၏။

 

သို့မှသာ ၎င်းက ကျွန်ုပ်တို့ကို ပြန်လည် စောင့်ရှောက်မှာ ဖြစ်ပါသတည်း။

 

အသင် မိတ်ဆွေအပေါင်း သူတော်ကောင်းတို့သည် မိမိတို့၏ သစ္စာရှိသော မိတ်ဆွေကို ရင်အုပ်မကွာ စောင့်ရှောက်သူများ ဖြစ်ကြပါစေကုန်သတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၅ မေလ၊ ၂၀၂၆

 

Tuesday, April 28, 2026

စာရေးဆရာများသည် တကယ့်သတ္တိခဲများ ဖြစ်သည် ဆိုခြင်းအကြောင်း

ခေတ်အဆက်ဆက်၌ အာဏာလက်ကိုင်ရှိသူများသည် စာရေးဆရာတို့ကို နှိပ်ကွပ်ခဲ့၏။ နှိပ်ကွပ်သမှ အသားကုန် အပီအပြင်၊ အသက်သေသည်ထိ နှိပ်ကွပ်ခဲ့တာ ဖြစ်၏။

 

သတင်းတစ်ပုဒ်ကို မှားယွင်းဖော်ပြမှုဖြင့် သတင်းစာဆရာ လူထုဦးလှကို ထောင်ထဲ၌ ရက်ရှည်ချထားခဲ့၏။ ဗန်းမော်တင်အောင်၊ မြသန်းတင့် စသည့် စာရေးဆရာကြီးများသည် ထောင်ထဲ၌ ဆယ်နှစ်ကျော်ကြာအောင် နေခဲ့ရ၏။

 

ကျွန်ုပ်သည် သက်ဦးဆံပိုင်ဘုရင်စနစ်ကို ရွံမုန်းသူတစ်ဦး ဖြစ်၏။ သို့တိုင် အချို့မှလွဲ၍ သက်ဦးဆံပိုင်ဆိုသော ဘုရင် တော်တော်များများသည် ပညာတတ်များ ဖြစ်၏။ တွေးခေါ်မြော်မြင်နိုင်စွမ်းလည်းရှိ၏။ ၎င်းတို့ကိုယ်တိုင် စာဆိုနိုင် သကဲ့သို့ စာဆိုများကိုလည်း လေးစား တန်ဘိုးထားသူများ ဖြစ်၏။ စာဆိုတို့ကို ချီးမြှောက်တာတစ်ခုတည်းနှင့်ပင် ကျွန်ုပ်သည် ထိုဘုရင်များကို ကြည်ညိုလေးစားမိလေ၏။ စာပေကိုနားလည်မှ၊ စာပေကို တန်ဘိုးထားရကောင်းမှန်း သိမှသာ စာဆိုတို့ကို ချီးမြှောက်ရကောင်းမှန်း နားလည်နိုင်မည် မဟုတ်ပါလော။

 

ပါလီမန်ဒီမိုကရေစီခေတ်က နိုင်ငံရေးခေါင်းဆောင်များသည်လည်း စာတတ်ကြ၏။ စာပေ၏တန်ဘိုးကို နားလည်ကြ၏။ သို့တိုင် ဗန်းမော်တင်အောင်ကို ထောင်ချခဲ့သူမှာ ဖဆပလအစိုးရ ဖြစ်၏။ သူတည်းတစ်ယောက်၊ ကောင်းဘို့ရောက်မူ မျက်ဖြေလင်္ကာကြောင့် ဘုရင်သည် ရွှေစိတ်တော် ပြေခဲ့သည် ဆို၏။ မဲဇာမြိုင်ခြေရတုကြောင့် ရှင်ဘုရင်သည် အမျက်တော်ပြေကာ လက်ဝဲသုန္ဒရ အမတ်ကြီးကို နန်းတော်သို့ ပြန်ခေါ်ခဲ့၏။ လက်ဝဲသုန္ဒရနှင့် အနန္တသူရိယအမတ် တို့သည် (စာများအရ) သူတို့မလုပ်သော ပြစ်မှုအတွက် ပြစ်ဒဏ်ခံရခြင်း ဖြစ်၏။

 

ဘုရင်ခေတ် မဟုတ်တော့သော အစိုးရလုပ် အုပ်ချုပ်သည့်စနစ်ကို ပြောင်းသွားသည့်အခါ စာဆိုတို့၏ မျက်ဖြေရတုများ ကြောင့် စာဆိုတို့ကို အပြစ်မှ လွှတ်ခဲ့ကြောင်း အကျွန်ုပ်ဖြင့် တစ်ရံတစ်ခါကမှ​ မကြားဖူးခဲ့ပါချေ။ ကျွန်ုပ်အထင်ကို ပြောရလျင် သည်ဘက်ခေတ်စာဆိုတို့သည် ၎င်းတို့မလုပ်ခဲ့သည်ကို အပြစ်မရှိ အပြစ်ရှာ ထောင်ချခဲ့သောကြောင့် မဟုတ်တာကို မလုပ်သည့်အတွက် အဘယ်ကြောင့် မျက်ဖြေလင်္ကာကို ရေးရမည်နည်းဟု စာဆိုသိက္ခာကို ထိန်းထားသည့်အတွက် မရေးခဲ့တာ ဖြစ်နိုင်ပါသည်။ သို့အတွက်ကြောင့်လည်း ကျွန်ုပ်က ခေတ်သစ်စာဆိုတို့ကို များစွာ လေးစားကြည်ညိုခြင်း ဖြစ်မိရပါသည်။ ခေတ်သစ်စာဆိုတို့သည် အလွန်အင်မတန် သတ္တိကောင်းသော တကယ့် သတ္တိခဲများ ဖြစ်သတည်း။ အဖမ်းခံရမည်မှန်း သိလျက်နှင့် မကြောက်မရွံ့ ရေးရဲသော ထိုစာဆိုကြီးများကို ကျွန်ုပ်သည် ဤနေရာမှနေ၍ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ပါသတည်း။

 

စာပေသည် လူမျိုးတစ်မျိုးအတွက် အလွန် အရေးကြီး၏။

စာပေအားဖြင့် လူမျိုးကို မြှင့်တင်နိုင်၏။

စာပေသည် လူတို့ကို အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုး၊ ဟုတ်/မဟုတ် ဝေဖန်ပိုင်းခြားနိုင်မှု အသိဉာဏ်ကို ပေး၏။

စာပေဖြင့် ကမ္ဘာပတ်လို့ရ၏။

စာပေဖြင့် ကိုယ်သိချင်တာတွေ သိနိုင်၏။

စာပေတွင် သုတစာပေနှင့် ရသစာပေဟုရှိရာ သုတစာပေရော ရသစာပေပါ နှစ်မျိုးစလုံး အရေးကြီးလေ၏။

သုတစာပေသည် ဗဟုသုတကိုပေး၍ ရသစာပေက လူကို လူဆန်စေ၏။

ဤလောကတွင် လူမဆန်သူတို့ ပေါများရခြင်းအကြောင်းမှာ ရသစာပေကို တန်ဘိုးထားကာ မဖတ်ရှုကြခြင်းသည် ကြီးစွာ သော အကြောင်းတစ်ခု ဖြစ်၏။

 

ကျွန်ုပ်က ဤကဲ့သို့ရေးလိုက်သည့်အခါ အချို့က ဒီလောက် မီဒီယာတွေ ပလူပျံနေတဲ့ခေတ်မှာ စာဖတ်စရာ မလိုတော့။ သူတို့အတွက် သုတ၊ ရသအတွက် လေ့လာစရာ၊ ခံစားစရာတွေ အလွန်များလှ၏ ဟု ဆိုကြ၏။

ကျွန်ုပ်၏သားသည် ဂိမ်းကစား၏၊ ပန်းချီဆွဲ၏၊ သီချင်းနားထောင်၏၊ ရုပ်ရှင်ကြည့်၏၊ ဗဟုသုတမှာလည်း တချို့ဟာတွေ ကျွန်ုပ်က မသိသဖြင့် သူ့ကို မေးရ၏။ သို့တိုင် ကျွန်ုပ် သူ့အတွက်ပေးထားသည့် သူ့တစ်ရပ်လောက်ရှိသော စာအုပ် ဘီရိုထဲ၌ စာအုပ်များ အပြည့်ရှိ၏။ သူတို့ကျောင်းကလည်း သူတို့အတွက် ဖတ်စရာစာအုပ်တွေ ပေးလေ့ရှိ၏။

 

အဘယ်ကြောင့်နည်း။

 

ကျွန်ုပ်သည် ရုပ်ရှင်ကြိုက်၏။

ညတိုင်းလိုလို ရုပ်ရှင်ကြည့်၏။

သို့သော် စာပေကပေးသော ခံစားမှုနှင့် ရုပ်ရှင်ကပေးသည့် ခံစားမှု မတူပါ။

ရုပ်ရှင်တွင် အလွန်ကြီးသည့် အရုပ်ကြီးများနှင့် အလွန်ကောင်းသည့် digital sound များဖြင့် အလွန်ကြည့်လို့ကောင်း၏။

သို့တိုင် ဝတ္ထုကို ရုပ်ရှင်ရိုက်လိုက်လျင် ပေါ့သွား၏။

စာထဲ၌ အစွမ်းကုန် ကွန့်နိုင်၏။ စာရေးဆရာ စိတ်ကူးရှိသမျှ ကွန့်နိုင်၏။

ဝတ္ထုက ပြောသည်ကို ရုပ်ရှင်က အပြည့်အစုံ လိုက်ရိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါ။

 

“လေနုအေးသည် တနော့နော့ နွဲ့နေဆဲကို” ကို ဘယ်လိုရုပ်ရှင်ရိုက်ပါမည်နည်း။

 

ညက မိုးတစ်ဖြိုက်ရွာသံ ကြားခဲ့ရသည်။ နံနက်လင်း၍ ပြတင်းတံခါးကို ဖွင့်လိုက်သောအခါ မြေသင်းနံ့များ ကြိုင်နေသည်။ ဪ - ပိတောက်နံ့များလည်း လှိုင်နေ၏။ . . . ကို ဘယ်လိုရုပ်ရှင်ရိုက်ပါမည်နည်း။

 

စာရေးဘို့ဆိုတာ တော်ရုံတန်ရုံလူ လုပ်လို့ရတာ မဟုတ်။

၎င်း၌ ဝမ်းစာမပြည့်ဘဲ၊ တွေးခေါ်မြော်မြင်နိုင်စွမ်း တီထွင်ကြံဆနိုင်စွမ်းမရှိဘဲ စာရေးဘို့ မလွယ်။

 

အသင်တို့သည်လည်း ဖေ့စ်ဘုတ်၌ ရေးကြ၏။

သို့သော် ဖတ်ကောင်းသည့် စာတစ်ပုဒ်ဖြစ်လာဘို့ဆိုသည်မှာကား တော်ရုံနှင့် မဖြစ်။

ကျွန်ုပ်သည် စာဖတ်ဝါသနာပါသူဖြစ်သဖြင့် ခေတ်သစ်၊ ခေတ်ဟောင်း စာပေါင်းစုံကို ဖတ်၏။

 

တချို့ ခေတ်သစ်စာရေးဆရာများကို သဘောကျသော်လည်း တချို့မှာ ဘာတွေရေးထားမှန်းကို မသိပါ။

သူဘာပေးချင်သလဲဆိုတာ ခန့်မှန်းလို့မရ။

ဟိုနာမည်ကြီး စာရေးဆရာမတစ်ဦးရေးထားသည့် စာအုပ်ကို စိတ်ဝင်စားလို့ ဝယ်ဖတ်ကြည့်၏။

သူ့ဟာက အင်္ဂလိပ်-မြန်မာ အဘိဓာန်စာအုပ်ကို အနားချကာ ဖတ်ရမည့်စာအုပ် ဖြစ်၏။

ဒါတောင် အချို့စကားလုံးများမှာ အဘိဓာန်စာအုပ်ထဲ၌ မပါ။

သူ့စာသည် သူ့စာကိုဖတ်တတ်/ဖတ်နိုင်သည့် လူတန်းစားတစ်ရပ်အတွက်သာ ဖြစ်၏။ စာဖတ်သူအားလုံးအတွက် မဟုတ်။

ခေတ်မကောင်းသည့်အချိန်တွင် စာရေးဆရာကောင်းများ ရှားပါးလာရခြင်းကား သိပ်တော့ အထူးအဆန်း မဟုတ်ပါချေ။

ဝမ်းနည်းစရာ ဖြစ်၏။

 

ရှိသည့်ဆရာကောင်းများသည် သက်ရှည်ကျန်းမာပါစေသတည်း ဟု ဆုတောင်းရုံမှလွဲ၍ အခြား ကျွန်ုပ် ဘာမှ မတတ်နိုင်ပါချေ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၈ ဧပြီလ ၂၀၂၆