(၁)
ပုထုဇနော ဥမ္မတ္တကော ဟူသောစကားအရ လူတို့သည် အရူးချည်းဖြစ်ကုန်၏။
လူတိုင်း တစ်ခုမဟုတ်တစ်ခု သူ့ဟာနှင့်သူ ရူးနေကြသည်ချည်း ဖြစ်သည်။
အရူးများစွာထဲမှ ကျွန်ုပ်သည်ကား စာအုပ်ရူး ဖြစ်လေ၏။
ကျွန်တော်ငယ်စဉ်တောင်ကျေး ကလေးဘ၀က ဟို့ ရခိုင်ရိုးမတောင်ခြေမှ
ရွာကလေးတွင် နေခဲ့ရသည်။ ရွာဆိုမှတော့ ဘယ့်နှာ စာအုပ်များများစားစား ရှိပါမတုံး။ ကံအားလျော်စွာပင်
ကျွန်တော့်အရီးတော်သူ (အဖေ၏အစ်မ) အရီးအေးကြိုင်က စာဖတ် ၀ါသနာပါတော့ သူ့အိမ်စုတ်စုတ်ကလေးမှာ
စာအုပ်ခပ်စုတ်စုတ်ကလေးတွေ အတော်များများ ရှိသည်။ များသောအားဖြင့် မဂ္ဂဇင်းများ ဖြစ်၏။
ထိုစဉ်က မဂ္ဂဇင်းများမှာ ငွေတာရီ၊ မြ၀တီ၊ သွေးသောက်၊ စန္ဒာ စသော မဂ္ဂဇင်းများဖြစ်၏။ ကျွန်တော်က
စာဖတ်ရာတွင် အလွန်လောဘကြီးသည်။ မဂ္ဂဇင်းဖတ်လျှင် ကြော်ငြာများပါမကျန် စာတစ်လုံးမှ မကျန်ရအောင်ဖတ်သည်။
စာများကျန်သွားမှာကို အလွန်နှမြောလှ၏။ အရီးအေးကြိုင်၏အိမ်မှာ ကျွန်တော့်ငယ်စဉ်ဘ၀ စာကြည့်တိုက်
ဖြစ်လေသည်။
နောက်ပြီး အိမ်ရှေ့မျက်စောင်းထိုး ဒေါ်လေးသန်းတင်တို့ အိမ်မှာလည်း
မဂ္ဂဇင်း တစ်အုပ်စ၊ နှစ်အုပ်စ တွေ့ရတတ်သည်။ ဦးကြီး ထွန်းလှိုင်တို့အိမ်တွင်မတော့ သခင်သန်းထွန်း၏
နောက်ဆုံးနေ့များ နှစ်တွဲရှိသည်။ သည်စာအုပ်ကြီးတွေ ဖတ်တော့ ကျွန်တော် ၁၅ နှစ်သားတောင်
မပြည့်တတ်သေး။ ကျွန်တော်ဖတ်ခဲ့ဖူးသော စာအုပ်များအနက် ထိုစာအုပ်များမှာ အကြိုက်ဆုံး
စာအုပ် စာရင်း ၀င်ခဲ့သည်။
လုံးချင်းဝတ္ထုကို ပထမဆုံးစဖတ်ဖူးတော့ လေးတန်းကျောင်းသားဘ၀၊
ဆယ်နှစ်သားလောက်သာ ရှိသေးသည်။ သည်တုံးက ကျွန်တော်တို့ ၀ါးတောကွင်းရွာက အညိုရောင်နယ်မြေ။
ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) များ ကြီးစိုးရာနယ်မြေဖြစ်သဖြင့် အစိုးရစစ်တပ်များက အပြတ်တိုက်ထုတ်ရန်
စစ်ဆင်ရေးများ မကြာခဏ၀င်သည်။ သည်တော့ ရွာကို စစ်ကြောင်းများ မကြာခဏ ရောက်၏။ ရောက်တော့
စစ်သားတွေက အိမ်များမှာပင် တည်းကြသည်။ ကျွန်တော်တို့အိမ်မှာလည်း စစ်သား ၅ ယောက် ဆယ်ယောက်လောက်ရှိမည်ထင်ပါသည်။
ထိုစဉ်က စစ်သားများနှင့် ကျွန်တော်တို့ရွာသူရွာသားများမှာ
အလွန်ချစ်ခင်ကြ၏။ (အချစ်လွန်တော့ ၀ါးတောကွင်းသူများမှာ စစ်သားများနှင့် ငြားကြလေကုန်သတည်း။
ဤကား စကားချပ်) စစ်ကြောင်းများလာလျှင် ကျွန်တော်တို့လည်း ပျော်ကြသည်။ သူတို့လာလျှင်
လဖက်ရည်အချိုသောက်ရသည်။ ဘီစကစ်မုန့်များ စားရသည်။ တခါတလေ ငါးသေတ္တာဘူး၊ အမဲသားဘူး များတောင်
စားရသေးသည်။ ကျွန်တော်တို့လိုရွာသူရွာသားများအဖို့ သည်လိုအစားအစာများကို အဘယ်မှာ စားနိုင်ပါမည်
နည်း။
ကျွန်တော့်အဖို့တော့ ပိုလို့တောင် ပျော်သေးသည်။ စစ်သားများတွင်
ဖတ်စရာစာအုပ်များ ပါလာတတ်၏။ အနည်းဆုံးတော့ ပြည်သူ့တပ်မတော်စာစဉ်များ ပါသည်။ သူတို့လာမှ
ကျွန်တော်လည်း စာအုပ်အသစ်ဖတ်ရသကိုး။
ကျွန်တော်ပထမဆုံးဖတ်ဖူးသော ၀တ္ထုမှာ ထို အစ်ကိုစစ်သားများ
ယူလာသော စာအုပ်ဖြစ်၏။ မှတ်မိသမျှ ထိုဝတ္ထုကို ကျွန်တော် အလွန်ကြိုက်သည်။ သို့သော် ၀တ္ထုနာမည်နှင့်
ဇာတ်ကြောင်းကို မမှတ်မိတော့ပါ။ ခပ်ရေးရေးမှတ်မိသည်မှာ မြို့စားကြီးတစ်ယောက်အကြောင်း
ဖြစ်၏။ ကြီးလာလို့ မွန်တီခရစ္စတိုမြို့စားကြီးအကြောင်း ဖတ်ရတော့ ကျွန်တော် ပထမဆုံး ဖတ်ခဲ့ဖူးသော
ဝတ္ထုမှာ ထိုဝတ္ထုပင်ဖြစ်လိမ့်မည်ဟု ထင်မြင်မိပါသည်။
ယခုထိ မှတ်မိနေသေးသော မဂ္ဂဇင်းဝတ္တုတိုနာမည်များမှာ တင့်တယ်၏
ကြယ်ကြွေသည့်ည။ မဂျိုးကို ဘယ်လိုပြောရမယ်။ ထန်းတက်သမား ငထေကြီး စသည်တို့ ဖြစ်ပါသည်။
ဆရာမကြီး ဒေါ်ရီကြိန် ၏နာမည်ကိုလည်း စွဲစွဲမြဲမြဲ မှတ်မိနေသေးသည်။ နောက်ပြီး ကျွန်တော်အလွန်ကြိုက်သည့်
ဆောင်းပါးများမှာ သော်တာဆွေ၏ ကျွန်တော့်ဘ၀ဇာတ်ကြောင်း နှင့် သခင်တင်မြ၏ ဘုံဘ၀မှာဖြင့်
တို့ဖြစ်၏။
နောက် စန္ဒာမဂ္ဂဇင်းမှ ၀င်းဦး၏ ဆယ်စုနှစ် တစ်ခေတ်စွန်း မန်းသင်္ကြန်၊
ကြပ်ကလေး၏ လကမ္ဘာကဏ္ဍတို့ကို ကြိုက်သည်။ သက်လုံ၏ စေ့ထားသောတံခါးများ ဆိုလျှင် ဖတ်ရတာအားမရလို့
ဗလာစာအုပ်ထဲတွင် ကူးမှတ်ထားတာ ပြန်ရှာလျှင် ယခုတိုင် အိမ်မှာ ရှိနိုင်ပါသေး၏။ “ခြေထောက်ဆိုတဲ့အစိတ်အပိုင်းဟာ
ငါဟာ သူများခေါင်းပေါ်မှာ ခေါင်းပေါင်းစ တလူလူနဲ့ မနေရ ကောင်းလားလို့ စိတ်ပျက် အားငယ်နေစရာမလိုဘူး။
မီးဟဲ့ဆိုရင် ရေကို အမြန်ဆုံးပြေးသယ်နိုင်အောင် လေ့ကျင့်ထားဘို့ပဲ လိုတယ်” ဆိုသည့်
စာသားကလေးမှာ ဆယ်ကျော်သက်ဘ၀က ဖတ်ခဲ့ဖူးသည့် ထိုဆောင်းပါးများမှ စာကြောင်းလေး တစ်ခု
ဖြစ်ပါသည်။ ထိုဆောင်းပါးများမှာ တရုတ်စာအုပ် တောက်တယ်ကျင်းကို ဘာသာပြန်ထားတာဟု မှတ်သားဖူးပါသည်။
နောက်ပြီး မဂ္ဂဇင်းကဗျာများကိုလည်း ဗလာစာအုပ်နှင့် ကူးရေးထားတတ်သည်။
တချို့ကဗျာများဆို ခုထိ အလွတ်ရတုံး။
ချောတမူ မနောဖြူ သဘောအူစင်း
အပြောမူလင်းတဲ့ ဒို့တောသူ။
ဟန်တွေ ပန်တွေ မာန်တွေ မထပ်
ကန်ရေခပ်တဲ့ ဒို့တောသူ။
လူတကာ မြှုကာ မူယာမပြ
ပြူငှာလှတဲ့ ဒို့တောသူ . . . ဆိုသည့်ကဗျာလေး ဖတ်ရတော့ ၈ တန်းလောက်
ရောက်နေပြီထင်ပါ၏။
ဟိုပြောင်း၊ သည်ရွှေ့နှင့် ကျွန်တော့်မှတ်စုစာအုပ် တော်တော်များများ
ပျောက်ပျက်ကုန်တာ နှမြောလှပါဘိ။
အစောဆုံးဖတ်ဖူးသော ၀တ္ထုများထဲတွင် စွဲနေသည့် ၀တ္ထုတစ်အုပ်မှာ
တင့်ဆန်း၏ တောင်ဇလပ်ပန်း နီနီ ဖြစ်ပါသည်။ ဘာကြောင့်မှန်းမသိ။ ထိုဝတ္ထုကိုလည်း တော်တော်ကြိုက်၏။
(၂)
ကျွန်တော် လေးတန်းအောင်တော့ ကွင်းကောက်တွင် ကျောင်းသွားတက်ရသည်။
ကွင်းကောက်တွင် တောင်ဘက်ကမ်းနှင့် မြောက်ဘက်ကမ်းဟုရှိရာ
တောင်ဘက်ကမ်းနှင့်စာလျှင် မြောက်ဘက်ကမ်းက ပိုစည်သည်ဟု ပြောရမည်။ ကျွန်တော်တို့ တက်ရသော
ကျောင်းမှာလည်း မြောက်ဘက်ကမ်းတွင်ပင် ရှိ၏။ မြောက်ဘက်ကမ်းတွင် ဈေးလည်းရှိသည်။ ထိုဈေးထဲတွင်
တစ်ခုသော စာအုပ်ဆိုင်ကလေးရှိ၏။ စာအုပ်ဆိုင်ဆိုသော်လည်း စာအုပ်အများကြီးကို ခင်းကျင်းရောင်းချတာ
မဟုတ်။ မနက်ပိုင်းသာဖွင့်သောဈေးတွင် ရွှေသွေး၊ တေဇ၊ ဒို့ကျောင်းသား စသော စာစောင်ကလေးများကို
တန်းလန်းချိတ်ကာ ရောင်းခြင်းဖြစ်သည်။ သို့သော် ကျွန်တော့်အဖို့မှာတော့ ဧရာမ စာအုပ်ဆိုင်ကြီး
ဖြစ်လေ၏။ ထိုဆိုင်သို့ ကျွန်တော် အမြဲလိုလို ရောက်ဖြစ်သည်။ ၀ယ်ပင် မ၀ယ်နိုင်သော်ငြားလည်း
စာအုပ်ကလေးများကို ကြည့်နေရသည်မှာ အရသာရှိလှပါဘိ။
ကွင်းကောက်တောင်ဘက်ကမ်း ကမ်းနားတွင်လည်း စာအုပ်ဆိုင်ကလေးတစ်ဆိုင်
ရှိပါသေးသည်။ ထိုဆိုင်တွင် ပြား ၆၀ တန် ကာတွန်းစာအုပ်ကလေးများ တင်ရောင်း၏။ မောင်သံမဏိနှင့်
လူသတ်ကောင်၊ ရွှေစွန်ညိုနှင့် မြကြေးမုံတို့မှာ၊
ကျွန်တော့် အသည်းစွဲ ကာတွန်းများ ဖြစ်ချေသည်။ ကာတွန်းအောင်အောင်၏ ရွှေဂေါင်းပြောင်၊
မြင့်သိန်း၏ စံရွှေမြင့် ကာတွန်းများ ဖတ်ရတော့ ၈ တန်းလောက် ရောက်နေပြီ ထင်၏။
ပိုက်ဆံမတတ်နိုင်၍ စွပ်ကယ်စွပ်ကယ် မ၀ယ်နိုင်စေကာမူ လက်ထဲတွင်
အကြွေစေ့ကလေးများ ရလာပါမူ တခြားဘာအတွက်မှ မသုံးဘဲ စာအုပ်များ ၀ယ်ဖတ်သည်သာ ဖြစ်လေသည်။
ကျွန်တော်တက်ခဲ့သော ကွင်းကောက် (တွဲဖက်) အ.ထ.က တွင် စာကြည့်တိုက်ရှိသည်။
နေ့ခင်း ထမင်းစားချိန်များ တွင် ကျွန်တော် စာကြည့်တိုက်သွားသည်။ ငှားလို့ရတာ ငှားသည်။
ငှားလို့မရတာကျ စာကြည့်တိုက်ထဲမှာပင် ဖတ်သည်။ မှတ်စုစာအုပ်နှင့် ကြိုက်သည့်စာပိုဒ်များကို
ကူးသည်။ ထိုစဉ်က ကွင်းကောက်ကျောင်း စာကြည့်တိုက်တွင် အိုးဝေဂျာနယ်များ ပင် ရှိပါသေးသည်။
ထိုစဉ်က အစ်ကိုကြီး ထင်ပါသည်။ သူက စာပေဗိမာန်မှ စာအုပ်များကို
လစဉ်ယူသဖြင့် ဖတ်ရသည်။ စာပေဗိမာန် ထုတ် စာအုပ်များမှာ တော်တော်ကောင်းသည်။ ရာမာယနရုပ်စုံစာအုပ်
အပါအ၀င် စာအုပ်တော်တော်များများမှာ ကွင်းကောက်မှ လေးမျက်နှာသို့ အကူးတွင် ပျောက်သွားသည်
ထင်သည်။ ကျွန်တော်က ၁၃ - ၄ နှစ်သားဆိုတော့ ကောင်းကောင်း မမှတ်မိတော့။
(၃)
ဒီကောင်လေး စာအုပ်တွေဝါသနာပါတာ သူ့ဘိုးအေကိုတူလို့နေမယ် ဟု
အရီးမယ်ကြိုင် (ကျွန်တော်တို့အမေ၏ အစ်မ) က ပြော၏။ နင်တို့အဘ ဘယ်လောက်စာအုပ်ဝယ်တာ ၀ါသနာပါလဲဆို
စပါးသွားရောင်းတာ ရောင်းလို့ရတဲ့ပိုက်ဆံတွေ အကုန် စာအုပ်ဝယ်လာလို့ အမနဲ့တောင် ရန်ဖြစ်ရသေးတယ်
ဟု ဆို၏။ (ကျွန်တော်ဘို့ဘက်တွင် အမေဖြစ်သူကို အမဟု ခေါ်ကြ၏။) ကျွန်တော်မွေးတော့ အဘိုးမှာ
မရှိရှာတော့ပြီ။
ကျွန်တော်ငယ်စဉ်က ကျွန်တော့်အဘိုးပိုင်ခဲ့သော စာအုပ်များကို
မှန်ဘီရိုထဲတွင် ထည့်ထားတာ မြင်ဖူးပါသည်။ သို့သော် ကျွန်တော်က ကျောင်းတက်ရန် မြို့ကြီးပြကြီး
သွားနေရတော့ ရွာမှာ အနေနည်းသည်။ ထို့ကြောင့် အရွယ်ရောက်လာလို့ ထိုစာအုပ်များကို သိမ်းမယ်လည်းကြံရော
စာအုပ်များမှာ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြပြီ ဖြစ်သည်။ ကျွန်တော် ရလိုက်သောစာအုပ်များမှာ
သေက္ချတောင်ဆရာတော် ဦးတိလောက၏ ပဏ္ဏိတဝေဒနိယ ဒီပနီကျမ်း၊ ရူပကဏ္ဍ ၀ိနစ္ဆယ ဓာတ်ကျမ်းနှင့်
အဘိဓမ္မတ္ထ သင်္ဂဟကျမ်း သုံးစောင်သာ ဖြစ်ပါတော့သည်။ ထိုစာအုပ်များမှာမူ ယခုထိ ရန်ကုန်အိမ်တွင်
ရှိသေး သည်။ (ရှိသေးသည်ထင်ပါ၏။ ဒီတစ်ခေါက်ပြန်မှ စစ်ကြည့်ရဦးမည်။)
ကျွန်တော် ၉ တန်း တက်တော့ လေးမျက်နှာသို့ ပြောင်းလာကြသည်။
ကွင်းကောက်က အင်္ဂပူမြို့နယ်။ ကျွန်တော်တို့ ၀ါးတောကွင်းရွာက လေးမျက်နှာမြို့နယ် ဆိုတော့
ကလေးတွေအတွက် အဆင်မပြေ။ ထို့ကြောင့် အရီးတို့ ဦးကြီးတို့က လေးမျက်နှာ ပြောင်းထားကြမယ်ဟု
ဆုံးဖြတ်လိုက်တာ ဖြစ်ပါသည်။
လေးမျက်နှာတွင် ပြန်ကြားရေး စာကြည့်တိုက်ရှိသည်။ ထိုစာကြည့်တိုက်မှ
စာအုပ်များကိုလည်း ကျွန်တော် ငှားဖတ်ဖြစ်သည်။ သို့တိုင် စာအုပ်တော်တော်များများမှာ
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီထုတ် စာအုပ်များ များသမို့ သိပ်မဖတ်ဖြစ်ပါ။ ကျွန်တော်
အဖတ်များတာ တောင်သူလယ်သမားဂျာနယ်နှင့် ရှေ့သို့စာစောင်များသာ ဖြစ်ပါသည်။
ကျွန်တော်မှတ်မိသလောက် လေးမျက်နှာ အ.ထ.က တွင် စာကြည့်တိုက်
ရှိသည်ဟု မကြားမိခဲ့ဖူးပါ။ ရှိခဲ့သည်ဆိုလျှင် ကျွန်တော် မရောက်ဘဲ နေလိမ့်မည်မဟုတ်။
ယခုတော့ လေးမျက်နှာကျောင်း စာကြည့်တိုက်သို့ သွားဖတ်ခဲ့သည်ဆိုသည့် အမှတ်သညာ ကျွန်တော့်တွင်
ရှိမနေ။ သည့်အတွက် ကျောင်းစာကြည့်တိုက် မရှိဟု ထင်ပါသည်။
၉ တန်းကျောင်းသားဘ၀က သခွပ်ချောင်းက ဖိုးတင်စိုး ထင်ပါသည်။
ယူလာသဖြင့် ရှင်မဟာရဋ္ဌသာရ အနှစ် (၅၀၀) ပြည့် အထိမ်းအမှတ်စာအုပ်ကို ဖတ်ရသည်။ ကြိုက်လိုက်တာ။
ကဗျာတိုင်းကို နှစ်နှစ်ချိုက်ချိုက် ဖတ်မိသည်။
ဆင်းလှ ဆင်းထွတ် ဆင်းလွတ်လှမော
တူလျော တူဖက် တူစက်ပြိုင်အံ့
မ၀ံ့သည်သာ မဟုတ်စွာတည့်
လူ့ရွာဌာန နှံ့မျှပတ်ညက်
ကျော်တူဖက်မူ တစ်ယောက်ဟူသည်
ရည်တူမရှိရာတကား။
သည်စာအုပ်ထဲမှ ကဗျာတော်တော်များများကိုလည်း ဗလာစာအုပ်တွင်
ကူးရေးကာ အလွတ်ကျက်ခဲ့သည်။ ၀ဏ္ဏပဘာ၊ လှကလျာ ဆို တရေးနိုးထဆိုခိုင်းတောင် တစ်လုံးမှ မလွဲအောင်
ဆိုနိုင်သည်။
(၄)
ဒေသကောလိပ်တက်ရတော့ ဟင်္သာတ မှာ။ သည်တုံးကလည်း ဟင်္သာတက ပြန်ကြားရေး
စာကြည့်တိုက်ကို မကြာခဏ ရောက်ဖြစ်ခဲ့သည်ပဲ။ ယောနသံစင်ယော်၊ ပလေတိုးနိဒါန်း စသည့်စာအုပ်များကို
ထိုစာကြည့်တိုက်မှ ငှားဖတ်ခဲ့တာ ဖြစ်၏။ ထိုစဉ်က ဘုန်းကြီးကျောင်းတွင်တည်းပြီး ကျောင်းတက်ရတာဆိုတော့
စာသင်သား ဦးပဉ္စင်းများထံမှ ဘာသာရေးဆိုင်ရာ စာအုပ်များကိုလည်း ဖတ်ခဲ့ရသည်။ မဃဒေ၀လင်္ကာသစ်
စာအုပ်ကြီးဆို လိုချင်လွန်းလို့ ရွှေမောင်းစာအုပ်ဆိုင်ကို သွားသွားပြီး သွားရေကျရသည်။
စာအုပ်မ၀ယ်နိုင်တော့ ဦးဇင်းများဆီက ငှားကာ ဗလာစာအုပ်တွင် ကူးသည်။ သို့သော် စာအုပ်က
အထူကြီးဖြစ်သဖြင့် တစ်အုပ်လုံးတော့ မကူးနိုင်ခဲ့ပါ။ ကျွန်တော် အများဆုံးကူးခဲ့သည်မှာ
ပုတ္တောဝါဒခန်းမှ ဖြစ်၏။
တက္ကသိုလ်ရောက်တော့ နွမ်ဂျာသိုင်း၊ ငြိမ်းကျော်၊ မောင်စိန်ဝင်း
(ပုတီးကုန်း) ၏ မျက်ဝန်းထဲမှာ မိုးရွာပြီညို၊ မင်းကျော်၏ ငါတို့ခေတ်နှင့် အပြိုင်၊
တက္ကသိုလ်ဘုန်းနိုင်၏ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်၊ ခင်ဆွေဦး၊ မစန္ဒာ၊ မိုးမိုး
(အင်းလျား)၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ကလျာ (၀ိဇ္ဇာ၊ သိပ္ပံ) အိုး အများကြီးခင်ဗျာ။ မင်းသိင်္ခ
ဝတ္ထုတွေဆို မလွတ်တမ်းဖတ်သည်။ ထိုဝတ္ထုများထဲမှ မှတ်သားစရာများကို ဗလာစာအုပ်နှင့် တေးမှတ်ထားသည်။
နောက်ပြီး ကျွန်တော်က စက်မှုတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစုတွင်
ဝင်ရောက်လှုပ်ရှားလေတော့ ဗုဒ္ဓဘာသာမိသားစု စာကြည့်တိုက်မှ စာအုပ်များကို တ၀ကြီး ဖတ်ခွင့်ရခဲ့သည်။
နန္ဒာသိန်းဇံ၏ ဘ၀အဓိပ္ပာယ်နှင့် ဘ၀သစ္စာ ဆို ကြိုက်လိုက်တာ။ နောက်တော့ စာအုပ်ကိုပါ ၀ယ်လိုက်သည်။
သည်တုံးက စာအုပ်တန်ဘိုးကို ၂၀ ကျပ် ဟု မှတ်မိနေပါသည်။ ကျောင်းလခကလည်း တစ်လမှ ၃၀ ပဲရှိသကိုး။
(မှန်ရာကို ၀န်ခံရလျှင် RIT စာကြည့်တိုက်ကိုမူ သိပ်မရောက် ဖြစ်ခဲ့ပါ။ ကျောင်းသားဘ၀တစ်လျှောက်လုံး
ဆယ်ခေါက်တောင် ပြည့်ပါမလား မပြောတတ်။)
ငယ်စဉ်က မွဲလှသဖြင့် စာအုပ်များကို သွားရေသာကျခဲ့ရပြီး မ၀ယ်နိုင်ခဲ့။
လိုချင်လျှင် ငှားပြီး ဗလာစာအုပ်၌ ကူးရေးခဲ့ရတာ ဖြစ်ပါသည်။ ကျွန်တော့်မှတ်စုစာအုပ်များကိုသာ
မပျောက်မပျက် ထိန်းသိမ်းထားနိုင်ခဲ့လျှင် အတော်များပေလိမ့်မည်။ သို့သော် ကျွန်တော့်မှာ
ဟင်္သာတရောက်လိုက်၊ ရန်ကုန်ရောက်လိုက်။ သည်ကြားထဲ လေးမျက်နှာက ကမ်းတွေပြိုလို့ အိမ်တွေကို
ဖျက်၊ ဟိုရွှေ့သည်ရွှေ့နှင့် ကျွန်တော်တို့စာအုပ်များမှာ အတော်များများ ပျက်စီး ပျောက်ဆုံးကုန်ရတာ
အလွန် နှမြောစရာ ကောင်းလှ၏။
ကျွန်တော်မည်မျှ စာအုပ်ရူးသနည်းဆိုသည့်အကြောင်း ပြောပြပါအံ့။
ကျောင်းပြီးစ ရန်ကုန်တွင်နေကာ အလုပ်ရှာစဉ် ရရာအလုပ်မျိုးစုံ
ဝင်လုပ်ရသည်။ ထိုစဉ်က နေ့စားခ တစ်နေ့လျှင် ၆ ကျပ် (ထင်သည်) ရပါသည်။ ထမင်းတစ်ပွဲမှာ
၂ ကျပ်မှ ၃ ကျပ်လောက်ထိရှိ၏။ သို့သော် ဈေးသက်သာသည့်ဆိုင်တွင်စားလျှင် တစ်ခါစား ၁ ကျပ်ခွဲ
ဖြစ်သည်။ ထမင်းနှင့် ကားခအတွက် ၄ - ၅ ကျပ်လောက် ချန်ကာ ပိုသည့်ပိုက်ဆံ အကုန် စာအုပ်
ဝယ်သည်။ ထိုစဉ်က ကျွန်တော် ဝေဒပညာကို အရူးအမူးလိုက်စားနေသည့်အချိန်ဖြစ်၍ ပိုက်ဆံ ၁
ကျပ်လောက်ကျန်လျှင် ဝေဒမဂ္ဂဇင်း ၁ အုပ် ၀ယ်သည်။ ၀ယ်ပြီးသမျှ မဂ္ဂဇင်းများကို နံပါတ်စဉ်တပ်ကာ
မရှိသေးသော နံပါတ်များကို ရှာဝယ်နေခဲ့တာ ဖြစ်၏။ ကျွန်တော့်တွင် တစ်ရက်စားစရာ ထမင်းဘိုးနှင့်
စာအုပ်များမှလွဲ၍ တခြား ဘာဆိုဘာမှမရှိ။ သို့သော် စာအုပ်များ တိုးပွားလာတာ မြင်ရလျှင်
ကျွန်တော်ကျေနပ်နေပြီ ဖြစ်လေသည်။ ပန်းဆိုးတန်းမှ စာအုပ်အဟောင်းဆိုင်များဆို ကျွန်တော်
မမွှေဖူးသော စာအုပ်ဆိုင် ခပ်ရှားရှားဖြစ်၏။ မည်သည့်နေရာတွင် မည်သည့်စာအုပ်ရနိုင်သည်ကို
အလွတ်ပင် ရနေသည်။
နောက် ပျဉ်းမနားရောက်တော့ မဖြစ်ညစ်ကျယ် ၀င်ငွေလေး ရှိလာပြီ။
ဆိုတော့ စာအုပ်ကလေး ဘာလေးလည်း အနည်း အကျဉ်း ၀ယ်နိုင်သပေါ့။ အနည်းအကျဉ်းဆိုသည့်တိုင်
ပျဉ်းမနားမှ ရန်ကုန်ပြောင်းလာတော့ ကျွန်တော်တို့ပိုင် ပစ္စည်းများ၏ ထက်ဝက်လောက်မှာ စာအုပ်များ
ဖြစ်လေသည်။ အိမ်ထောင် ပရိဘောဂဆိုတာလည်း သိပ် များများစားစား ရှိလှတာ မဟုတ်။ ဒါတောင်
မမက လယ်ဝေးမှ ဆက်တီနှင့် ကုတင်များ ၀ယ်ထားပေလို့သာ။ စာအုပ်တွေချည်း ပီနန်အိပ်ကြီးတွေနှင့်
(၇) လုံးရှိသည်။
ရေဆင်းတွင် ရူပဗေဒဆရာ ဦးသန်းထွန်းဦးနှင့် ဆုံရသည်။ သူလည်း
စာအုပ်ရူးပင် ဖြစ်၏။ သူမိတ်ဆက်ပေးသဖြင့် ARI မှ မိတ်ဆွေများ၊ တိမွေးကုမှ ဆရာစံ စသည်တို့နှင့်
ဆုံရသည်။ ဆရာစံမှာ စာရေးဆရာ ကြည်မင်း ဖြစ်၏။ ဆရာစံ့အိမ် ကျွန်တော် ရောက်တော့ သူ့အိပ်ခန်းနံရံ
ပတ်ပတ်လည်တွင် စာအုပ်များကို စင်များနှင့်အပြည့် တွေ့ရ၏။ မှန်ရာပြောရလျှင် ဆရာစံ၌ အခြားအရာများထက်
သည်စာအုပ်များကိုသာ အားကျမိလေသည်။ ငါလည်း သူ့လို စာအုပ်အများကြီးပိုင်ရရင် ဘယ့်လောက်
ကောင်းလိုက်လိမ့်မလဲဟု သွားရေတမြားမြား ကျခဲ့၏။ (နောင်တွင် ဦးသန်းထွန်းဦးမှာ နဂါးစာပေပိုင်ရှင်၏
ညီမနှင့် ညားသွားရာ ခုတော့ ကျွန်တော် စာအုပ်တွေမကိုင်နိုင်တော့ဘူးဗျို့။ ပိုက်ဆံတွေပဲ
ရေနေရတယ်ဟု ပြောလေသည်။ ဤကား စကားချပ်)
(၅)
ယခုလည်း ကျွန်တော် စာအုပ်များကို မမောနိုင်၊ မပန်းနိုင် စုဆောင်းဆဲ
ဖြစ်ပါသည်။ မနှစ်က နှင်းဆီဖြူက စာမူခရတော့ ထိုစာမူခအားလုံးကို စာအုပ်ဝယ်မည်ကြံကာ နှင်းဆီဖြူကထွက်သမျှစာအုပ်အားလုံး
အိမ်ကိုပို့ပေးပါဟု အိန္ဒြာသို့ မှာလိုက် သည်။
သို့တိုင် အချို့စာအုပ်များမှာ လက်ကျန်မရှိတော့ဆိုသဖြင့် မရလိုက်။
ယခုတော့ အင်တာနက်တွင် စာအုပ်တော်တော်များများ download လုပ်နိုင်နေပြီဖြစ်ရာ
ကျွန်တော့်အဖို့ ရတနာသိုက်ကြီးကို တူးမိသူကဲ့သို့ ဖြစ်လေ၏။ အချို့စာအုပ်များဆို နှစ်ခါပြန်
သုံးခါပြန်တောင် ဒေါင်းမိလေသည်။ ယခင်ကတော့ ဒေါင်းထားသမျှ စာအုပ်များကို စာရင်းလုပ်ဖြစ်သည်။
ယခုတော့ ကလေးကတဖက်၊ အလုပ်ကတဖက် သင်တန်းကတဖက်။ သည်ကြားထဲ စာလေးကလည်း ရေးလိုက်ချင်သေးဆိုတော့
စာရင်းမလုပ်ဖြစ်သည်မှာ လေးငါးနှစ်လောက်ကြာသွားလေပြီ။ ခရီးတွင်လို့ ရွာစဉ်မသိဆိုတာ ကျွန်ုပ်ကို
ပြောတာဖြစ်မည်။ ကိုယ့်ဆီမှာ ဘာစာအုပ်တွေ ရှိလို့ရှိမှန်းတောင် မသိနိုင်တော့တဲ့ ဘ၀။
ကျွန်တော်က အူမတိုတတ်ပါ။ သို့အတွက် ကျွန်တော့်ဆီ ရှိသမျှစာအုပ်များကို
မိတ်ဆွေများအား အလိုရှိက ကူးယူလေကုန် ဟု external drive တစ်ခုလုံး ပေးလိုက်တာသာ ဖြစ်၏။
(စာအုပ် ၄ - ၅၀၀၀ လောက်ကို ကုန်အောင်ပဲ ဖတ်ပါအုံးဗျာ။)
သို့ဆိုလျှင် သည်လောက်စာအုပ်တွေ ခင်ဗျား အကုန်ဖတ်နိုင်လို့လား
ဟု မေးပါ။
ဟင့်အင်း၊ မဖတ်နိုင်ပါခင်ဗျား။ တ၀က်တောင် မဖတ်နိုင်ပါ၊ တချို့စာအုပ်တွေဆို
နားကိုမလည်ပါဟု ဖြေရပါလိမ့်မည်။
ဒါဖြင့် ဖတ်လဲမဖတ်နိုင်ပဲနဲ့ ဘာဖြစ်လို့ ၀ယ်နေ၊ စုနေသတုံးဗျာ။
ဘာဖြစ်လို့မှမဟုတ်ပါ ခင်ဗျား။
စာအုပ်များကို ချစ်လို့ ဖြစ်ပါသည်။
စာအုပ်များကို ကိုင်ကြည့်နေရတာ၊ ဟိုပြောင်း သည်ရွှေ့လုပ်နေရတာနဲ့တင်
ကျွန်ုပ်မှာ အလွန်စိတ်ချမ်းသာလှပြီဖြစ်၏။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၈ စက်တင်ဘာ၊ ၂၀၁၆။ ၀၁း၀၀ နာရီ