တစ်ခါက အလွန်နာမည်ကြီးတဲ့
ဘုန်းတော်ကြီးတစ်ပါး ရှိသတဲ့။
သူ့ရဲ့ အကျင့်သီလနဲ့
တရားဟောကောင်းမှုတို့ကြောင့် သူ့တရားပွဲတွေမှာ အမြဲ လူပြည့်လျှံနေတာပေါ့ကွယ်။
သူ့တရားပွဲထဲမှာ သူခိုးတစ်ယောက်
ပါလာလေ့ရှိတယ်။ အဲဒီသူခိုးက တကယ့်သူခိုး။ မခိုးရရင် နေကိုမနေနိုင်ဘူး။ အမြဲ ခိုးနေရမှ
နေသာထိုင်သာရှိတယ် ဆိုတဲ့သူ။ တရားပွဲတိုင်းလဲ အမြဲခိုးနေကျ။ ခိုးတိုင်းလည်း မိနေကျ။
ဘုန်းကြီးကလည်း သူခိုးကို ဆိုဆုံးမပြီး ပရိသတ်ကို ခွင့်လွှတ်ဘို့ ပြောနေကျ။
အဲဒီလိုနေလာလိုက်တာ
နောက်ဆုံးကျတော့ ပရိသတ်က ဒီသူခိုးကို သည်းမခံနိုင်တော့ဘူး။
ဒါနဲ့တစ်နေ့ကို ရောက်လာတယ်။
အဲဒီနေ့ကျတော့ ပရိသတ်ကြီးကို ကိုယ်စားပြုတဲ့ ဂေါပကအဖွဲ့ဥက္ကဌက ဘုန်းတော်ကြီးကို ရာဇသံပေးလိုက်တယ်။
သူခိုးကိုနှင်ထုတ်မလား။
တပည့်တော်တို့အားလုံး ဒီကထွက်သွားရမလား။
ဘုန်းတော်ကြီးက အေးအေးဆေးဆေးပဲ
ပြန်ပြောလိုက်တယ်။
မင်းတို့အားလုံး ထွက်သွားကြပါကွယ်။
မျက်စိမျက်နှာပျက်နေတဲ့
ပရိသတ်ကြီးကို နောက်ပြီးတော့ ဆက်ပြောလိုက်တယ်။
ခိုးတာမကောင်းဘူးဆိုတာ
ပရိသတ်ကြီးသိတယ်။ ဒါပေမဲ့ သူမသိဘူး။ တကယ်လို့ ငါသာ သူ့ကို သင်မပေးဘူးဆိုရင် ဘယ်သူသင်ပေးမလဲ၊
ကဲ။
ဟောဒီသူခိုးဟာ မင်းတို့အားလုံးထက်
ငါ့ရဲ့ သွန်သင်ဆုံးမမှု ပိုလိုတယ်။ ငါ့ရဲ့မေတ္တာတရား ပိုလိုတယ်။ အကယ်၍ သူ့ကို နှင်မထုတ်လို့
မင်းတို့အားလုံးထွက်သွားကြမယ်ဆိုရင်လည်း ငါ့မှာ တားပိုင်ခွင့်မရှိပါဘူးကွယ်။
ဘုန်းတော်ကြီးရဲ့စကားကိုကြားလိုက်ရတော့
သူခိုး ဘယ်လိုမှ မခံနိုင်ဘူး။ သူ ခြုံးပွဲချငိုတယ်။
အဲဒီနေ့ကစပြီး သူ့တစ်သက်လုံး
ဘယ်တော့မှ မခိုးတော့ဘူး။
No comments:
Post a Comment