Tuesday, July 22, 2014

ခွင့်လွှတ်ခြင်းရဲ့တန်ဘိုး

            ညက “နက်ဖြန်ခါ ထပ်ကြိုးစားကြတာပေါ”့ မှာ ခွင့်လွှတ်ခြင်းရဲ့တန်ဘိုးဆိုတာ ဖတ်မိတော့ နရသီဟပတေ့နဲ့ ရာဇသင်္ကြန်အမတ်ကြီးအကြောင်း ဖြတ်ကနဲ သွားသတိရမိတယ်။

ငယ်ငယ်တုံးကဖတ်ခဲ့တဲ့ ပုဂံရာဇ၀င်မှာ ကျွန်တော် အလွတ်ရနေတာလေးရှိတယ်။ အဲဒါက ရာဇသင်္ကြန်အမတ်ကြီးနဲ့ နရသီဟပတေ့တို့အကြောင်းပဲ။ မိတ်ဆွေတို့လည်း သိမှာပါ။

တစ်ခါက ရာဇသင်္ကြန်အမတ်ကြီး နန်းတော်ကိုအခစားလာတော့ နရသီဟပတေ့မင်းသားရဲ့အစ်ကို သီဟသူ နောက်က ပါလာတာကို သတိမထားမိဘူး။ အဲဒီတုံးက နရသီဟပတေ့က မင်းသားဘ၀ပဲရှိသေးတယ်။ သူလိုမင်းသားကို လမ်းဖယ်မပေးရကောင်းလား လို့ သီဟသူက အမတ်ကြီးရဲ့အင်္ကျီလက်ကို ဗျစ်ကနဲ ကွမ်းတံတွေးနဲ့ထွေးဆိုပဲ။ ရှေးက မင်းညီမင်းသား၊ မူးမတ်များဟာ ကွမ်းကို အတော်ကြိုက်ကြတယ် ထင်ပါရဲ့။

အမတ်ကြီးက မင်းသားလာတာ မမြင်မိလို့ပါဘုရားလို့ဆိုပေတဲ့ သီဟသူက စိတ်ဆိုးမပြေဘူးတဲ့။ ဒါနဲ့ အမတ်ကြီးလည်း ကွမ်းသွေးပေနေတဲ့အင်္ကျီကို မလျှော်ဘဲခေါက်ပြီး သိမ်းထားတယ်။ နင်တော့နေနှင့်ဦးပေါ့ ဆိုပြီး အငြိုးထားတာပေါ့ဗျာ။
အမှန်တော့ ဥဇနာမင်းကြီး နတ်ရွာစံ၊ ကံတော်ကုန်ပြီးနောက် သီဟသူက မင်းသားအကြီးဆိုတော့ နန်းရသင့်တယ်။ ဒါပေမဲ့ ရာဇသင်္ကြန်က အငြိုးနဲ့ သီဟသူအစား အငယ်ဖြစ်တဲ့ နရသီဟပတေ့ကို နန်းရအောင် လုပ်ပေးတယ်။ နရသီဟပတေ့ကလည်း ကျေးဇူးမမေ့ပါဘူးတဲ့။
ဒါပေမဲ့ တကယ်လည်း နရသီဟပတေ့ ဘုရင်ဖြစ်လာရော အမတ်ကြီးကို ချီးမြှောက်ဘို့ မေ့နေတယ်။ ဒါကို ရာဇသင်္ကြန်က မကျေနပ်ဘူး။

တစ်နေ့တော့ ရာဇသင်္ကြန်အမတ်ကြီးက ပန်းကပ်ပဲ့ကိုကိုင်ပြီး ရှေ့တော်မှောက် အခစား ၀င်သတဲ့။ ပန်းကပ်ဆိုတာကတော့ သစ်သားကို ပန်းပုထုထားတဲ့ ကွမ်းအစ်ပေါ့လဗျာ။ ပန်းကပ်ပဲ့ဆိုတာကတော့ ကျိုးပဲ့နေတဲ့ သစ်သားပန်းပုကွမ်းအစ်ပေါ့။
အဲဒါကို နရသီဟပတေ့မြင်တော့ ဘယ့်နဲ့လဲ ဘိုးဘိုးရဲ့။ ဘယ့်နှာကြောင့် ပန်းကပ်ပဲ့ကြီး ကိုင်လာရသတုံးဗျာ လို့ မေးတယ်။ ဒီတော့ ရာဇသင်္ကြန်က မှန်လှပါ။ ပန်းပွတ်သည် သားမြေးတို့ ကောင်းစားနေတဲ့အတွက် ပန်းပွတ်မဲ့သူမရှိလို့ ပန်းကပ်ပဲ့ကိုသာ ကိုင်ရကြောင်းပါဘုရားလို့ လျှောက်သတဲ့။ တယ်မိုက်တဲ့ အမတ်ကြီးကိုးကွယ်။ ဘာလို့လဲဆိုတော့ နရသီဟ ပတေ့ရဲ့အဘိုးက ပန်းပွတ်သည်ကိုး။ သူက နရသီဟပတေ့ကို အငြိုးနဲ့ လူလည်ခေါင်မှာ အရှက်ခွဲတာ။

ဒီတော့ နရသီဟပတေ့က အမတ်ကြီးကိုမေးတယ်။
အမတ်ကြီး၊ ဘုရားထီးတင်တဲ့အခါ ဘယ်လိုတင်ရသလဲ။
မှန်လှပါ၊ ငြမ်းဆင်၍ တင်ရပါသဘုရား။
ထီးတင်ပြီးတော့ကော။
မှန်လှပါ၊ ငြမ်းကိုဖျက်ပစ်ရပါသဘုရား။
အိမ်း၊ အိမ်း၊ အခု ထီးနဲ့တူတဲ့ငါလည်း အထွတ်အထိပ်ရောက်ပြီ။ ငြမ်းနဲ့တူတဲ့ ဘိုးဘိုးကို ဖျက်မှ တော်တော့မယ်။
ဂိန် . . ဂိန် . . ဂိန် (ဟုတ်ပေါင်)
ဒါနဲ့ ဘုရင်က အမတ်ကြီးကို ဒလပို့စေဗျား လို့ အမိန့်တော်မှတ်လိုက်တယ်။
(အာ. . ဒလဆိုတာ ရန်ကုန်တစ်ဖက်ကမ်းက ဒလပေါ့ဗျာ။ ခင်ဗျားကလဲ။)
ဒလကိုလာရင်းနဲ့ လမ်းမှာ လေပြင်းကျသတဲ့။ ဒီတော့ သစ်ပင်ကြီးတွေ ကျိုးကြေကုန်ကြပြီး ပန်းပြားပင်လေးတွေက လေယူရာတိမ်းလို့ ယိမ်းကနေကြတယ်။
အဲဒါကိုမြင်တော့ အမတ်ကြီးက သံဝေဂစကားကို ဆိုတယ်။
အင်း၊ တယ်မိုက်တဲ့ငါကိုး။ ငါဟာ ပန်းပြားပင်ကဲ့သို့မကျင့်ဘဲ အပင်ကြီးတွေလိုကျင့်လို့ သည်လိုဖြစ်ရတယ် . . လို့ ငြီးသတဲ့။
အဲဒီကတည်းက ဘုရားပြီး ငြမ်းဖျက် ဆိုတဲ့စကားပုံ ပေါ်ခဲ့တာလို့ ဆိုတာပဲ။ ဟုတ်မဟုတ်တော့ ကျွန်တော့်ကြီးဒေါ် ပြန်မေးလိုက်ဦးမယ်။

အဲဒါဟာ ခွင့်မလွှတ်နိုင်တာရဲ့ ရလဒ်မဟုတ်လားဗျာ။
တကယ်လို့သာ ပညာရှိမှန်ခဲ့ရင် ရာဇသင်္ကြန်အမတ်ကြီးက ရှင်ဘုရင်ကို ပညာသားပါပါနဲ့ သတိပေးဘို့  မကောင်းပါလား။
နရသီဟပတေ့ကလည်း ကိုယ်ကိုယ်တိုင် အစွမ်းအစမရှိဘဲနဲ့များ ရာဇသင်္ကြန်ကို နယ်နှင်ရချင်သေးတယ်။ အမတ်ကြီး မရှိတော့ဘူးဟေ့လည်းဆိုရော ဟိုကသူပုန်ထ၊ ဒီက ဒါးပြတိုက်တွေဖြစ်တာနဲ့ မိဖုရားကြီးက အတင်းတိုက်တွန်းလို့ အမတ်ကြီးကို ပြန်ခေါ်ရတယ်။

ခွင့်လွှတ်ခြင်းရဲ့ ကောင်းကျိုးဇာတ်လမ်းတွေ အများကြီးရှိပါတယ်။ နောက်မှ ရေးကြတာပေါ့။

အေးငြိမ်း
၂၂ - ၇ - ၂၀၁၄ နံက် ၁၁း၄၇

No comments: