၁။ လိမ္မာပါးနပ်ပါ
စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းသည် ကျဆင်းနေသော သင့်ကိုယ်ရည်ကိုယ်သွေးနှင့် အလုပ်အကိုင်
အခွင့်အလမ်းများအတွက် ကုဆေးတစ်ခု ဖြစ်သည်။
ဂျင်မ်ကွက်ဟာ အတန်းထဲမှာ ထူးချွန်တဲ့ကျောင်းသားတစ်ယောက်
ဖြစ်တယ်။ ဒါပေမဲ့ သူထူးချွန်တာက ကံမကောင်း အကြောင်းမလှခဲ့တဲ့အတွက် ထူးချွန်ရတာ။ အသက်
၅ နှစ်သားလောက်မှာ ခေါင်းဒဏ်ရာရပြီးတဲ့နောက် ဘာပဲသင်သင်၊ သင်ယူလေ့လာမှုဆိုတာ သူ့အတွက်
အကြီးမားဆုံး စိန်ခေါ်မှုကြီးဖြစ်နေခဲ့တယ်။ အဲဒါနဲ့များတောင် သူဟာ အထက်တန်းကိုပြီးအောင်
တက်နိုင်ခဲ့ပြီး ကောလိပ်ကျောင်း ၀င်ခွင့်ရအောင် လုပ်နိုင်ခဲ့တယ်။
အဲဒီလည်းရောက်ရော သင်ကြားရေးဆိုင်ရာ
ပြဿနာတွေကို အောင်မြင်အောင် ကျော်လွှားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီး ဘာသာရပ်ပေါင်းများစွာသင်ယူဘို့
မှတ်ပုံတင်လိုက်တယ်။ နောက်တော့ စာသင်တဲ့အထဲ စိတ်မြှုပ်ထားလိုက်တာ စားဘို့လည်းမေ့၊ အိပ်ဖို့လည်းမေ့၊
လေ့ကျင့်ခန်းတွေလည်း မလုပ်နိုင်တော့တဲ့ထိ ဖြစ်သွားတယ်။ သူဟာ အဲဒီ သူ့အစွဲကြောင့် ဒုက္ခရောက်တော့တာပဲ။
တစ်နေ့
သူစာကြည့်တိုက်ထဲကထွက်လာတော့ အရမ်းကို ပင်ပန်းနေပြီ။ သူ လှေခါးပေါ်ကို လဲကျသွားတယ်။
သတိရလာလို့ ကြည့်လိုက်တော့ ဆေးရုံပေါ်ရောက်နေတာ တွေ့ရတယ်။ ကျိုးပဲ့၊ ဖူးယောင်၊ ပွန်းရှ
ဒဏ်ရာတွေနဲ့။ သူ အတော့်ကို စိတ်ဓာတ်ကျသွားတယ်။
အဲလ်ဘတ်အိုင်စတိုင်းရဲ့
အဆိုအမိန့်ဖြစ်တဲ့ “အရူးဟာ ဒါကိုပဲထပ်တလဲလဲလုပ်ရင်း ထူးခြားတဲ့ရလဒ်များ ရလေမလားလို့
မျှော်လင့်နေတယ်” ကို ရေးထားတဲ့ စာတမ်းလေးပါတဲ့ ကော်ဖီခွက်ကိုင်ရင်း သူနာပြုဆရာမလေး
ရောက်လာတယ်။
အိုင်စတိုင်းရဲ့
ရူးသွပ်ခြင်း အဓိပ္ပာယ်ကိုဖတ်ပြီး ကွက် ဟာ ကျောင်းနဲ့ကောလိပ်တွေဟာ “ဘာလဲ” ဆိုတာကို သင်ယူဘို့အတွက်
အကောင်းဆုံးနေရာဖြစ်ပေမဲ့ “ဘယ်လို” ဆိုတာကို သင်ဘို့မဟုတ်ကြောင်း သဘောပေါက်သွားတယ်။
ဒါနဲ့ သင်ကြားမှုအတွက် အကန့်အသတ်တွေကို ဘယ်လိုကျော်လွှားရမယ်ဆိုတာကို သူသိသွားတယ်။ အဲဒီမှာတင်
ဘယ်လို သင်ယူရမယ်ဆိုတာကို သူစတင်လေ့လာတော့တယ်။
ကွက်ဟာ လေ့လာခြင်းရဲ့ သိပ္ပံနဲ့
ဝိဇ္ဇာ ပညာရပ်တွေကို စတင်သင်ယူတယ်။ ရက် ၃၀ အတွင်းမှာပဲ သူဟာ စာကို မြန်မြန်ဖတ် လာနိုင်တယ်။
ပိုပြီးအာရုံစူးစိုက်လာနိုင်သလို ပိုပြီးတော့လည်း မှတ်မိလာတယ်။ ရက်ပေါင်း ၆၀ အတွင်း
သူဟာ အတန်းထဲမှာ အထူးချွန်ဆုံးကျောင်းသား ဖြစ်လာတယ်။ သူဟာ ဒုက္ခသုက္ခတွေကို အောင်မြင်မှုအဖြစ်
ပြောင်းပစ်နိုင်ခဲ့တယ်။
အခုတော့ ကွက်သင်တန်းကျောင်းရဲ့
အမှုဆောင်အရာရှိချုပ်ဖြစ်လာခဲ့ပြီ။ သူက “Knowledge is power, Learning is super
power” (အသိဉာဏ်ဟာ ခွန်အား၊ လေ့လာခြင်းဟာ မဟာခွန်အား) လို့ပြောတယ်။
၂။ မီးကို စွန့်လွှတ်ရခြင်း
သင်ယူလေ့လာမှုဆိုတာ
တခြားကမ္ဘာက ဂြိုဟ်သားတွေရဲ့ အလုပ်မဟုတ်ပါဘူးကွာ။ နေပါဦး။ ငါတို့လူသားအားလုံးဟာ အူဝဲ
ဆိုပြီး မွေးလာကတည်းက စပြီး လေ့လာသင်ယူနေကြရတာ မဟုတ်လား။ ကလေးတွေ ဘယ်လို လေ့လာသင်ယူကြတယ်ဆိုတာ
နည်းနည်းလောက် စောင့်ကြည့်လိုက်စမ်းပါ။ မင်းသူတို့ကို ကူညီနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့
မင်းလည်းဒီလိုပဲ သင်ယူခဲ့ရတာဆိုတာ သဘောပေါက်လာလိမ့်မယ်။ နောက်ပြီး မင်းလဲပဲ တစ်သက်လုံး
စူးစမ်းမှု၊ စပ်စုမှု၊ လေ့လာမှုတွေ လုပ်ရတော့မှာ သဘာဝပဲ မဟုတ်လား။
ဘယ်လိုပဲဖြစ်ဖြစ်
အသက်ကြီးလာတာနဲ့အမျှ ဒီမွေးရာပါ လေ့လာမှုမီးတောက်ဟာ တဖြည်းဖြည်း ငြိမ်းသွားရတာပဲ။ ကျောင်းသွားဘို့
အင်တင်တင်ဖြစ်နေတဲ့စိတ်ကို အတင်းကို တွန်းထိုး နှိုးဆွနေရတော့တာ။ အချိန်တွေကြာလာတာနဲ့အမျှ
အသက်အရွယ်နဲ့ စွမ်းဆောင်နိုင်မှုအကြား ကွာဟချက်ဟာလည်း တဖြည်းဖြည်း ပိုကြီးလာတယ်။ အဲဒီအခါမှာ
အလုပ်အကိုင် အာမခံချက် နဲ့ သက်မွေးဝမ်းကျောင်းလည်း ကျဆင်းလာတယ်။
၃။ သင်ယူမှုအတွက် အတားအဆီး
ငါတို့ရဲ့
သင်ကြားလေ့လာမှုကို သဘာဝအလျောက် စဉ်ဆက်မပြတ် ပိတ်ပင်ဟန့်တားနေတာ ဘာတွေလဲ။ ဒီမှာ အတားအဆီး
နှစ်ခုရှိတယ်။
၁။ အစက်တွေကို ဆက်နိုင်စွမ်းမရှိမှု
ဘယ်လိုဖြစ်ဖြစ်
လူတော်တော်များများဟာ (အာသာရမ္မက်ပြင်းပြင်းနဲ့ လေ့လာလိုစိတ် နဲ့ သူ့တို့တတ်နိုင်စွမ်း)
ဆိုတဲ့ အစက်နှစ်ခုရယ်။ (သူတို့လုပ်နိုင်စွမ်း နဲ့ အရှိန်အဟုန်နဲ့ပြောင်းနေတဲ့ ဈေးကွက်တန်ဘိုး)
ဆိုတဲ့ အစက်နှစ်ခု ကို ဆက်မပေးနိုင်သေးဘူး ဖြစ်နေတယ်။
၂။ အကောင်းဆုံးမဟုတ်တဲ့ လေ့လာမှု
စဉ်ဆက်မပြတ်လေ့လာမှုဟာ
မရှိမဖြစ်လိုပါတယ်လို့ ငါတို့လက်ခံထားရင်တောင် ငါတို့ဟာ ပိုပြီး ထိရောက်တဲ့နည်းတွေနဲ့
လေ့ကျင့်ပေးခံရတာမျိုးမရှိသေးဘူး။
ငါတို့ရဲ့
သင်ယူလိုစိတ်နဲ့ လေ့လာနိုင်စွမ်းနည်းပါးမှု - စတဲ့ အခြေခံပြဿနာတွေကို မရှင်းနိုင်ရင်
စာအုပ်တွေ၊ အွန်လိုင်းသင်တန်းတွေ၊ သင်ရိုးတွေရှိနေရင်တောင် စဉ်ဆက်မပြတ်လေ့လာနေသူအတွက်တော့
ခက်ခဲနေဦးမှာဘဲ။
ဒါပေမဲ့
သင်ယူလေ့လာခြင်းရဲ့ ပထမနေရာဟာ ဘာလဲ။
၎။ သင်ယူလေ့လာမှုရဲ့ ရှုထောင့်သုံးမျိုး
ပတ်ဝန်းကျင်အနေအထားအရ
သူတို့အရည်အသွေးကို အဆင့်မြှင့်ဘို့ သင်ယူလေ့လာမှုကို မဖြစ်မနေလုပ်ဘို့ တွန်းအားပေးခံလာရတဲ့အခါ
လူတွေဟာ လက်မှတ်တွေ၊ ဒစ်ပလိုမာတွေ၊ ဘွဲ့တွေရအောင် အသည်းအပြင်း လိုက်ကြရတော့တယ်။ ဆိုတော့
သင်ယူလေ့လာမှုဆိုတာ လက်မှတ်တစ်ခုရဘို့ဆိုတဲ့ အလွန်ကျဉ်းမြောင်းတဲ့ ဘောင်ထဲ ရောက်သွားတယ်။
မင်း အသက်
၇၀ ဆိုပါတော့။ အတန်းထဲမှာ နိုးနိုးကြားကြား ဘယ်နှစ်နာရီလောက်ရှိနေနိုင်မလဲဆိုတာ ခန့်မှန်းကြည့်စမ်းပါ။
ငါက ၅%ပဲရှိတယ်လို့ပြောလိုက်ရင် မအံ့သြပါနဲ့။ အရေးကြီးတာက ကျန်တဲ့ ၉၅% သောအချိန်တွေကို
ဘယ်လို သုံးလိုက်သလဲ ဆိုတာဘဲ။
ကံအားလျော်စွာ
လေ့လာမှုနည်းလမ်းတွေဟာ ပိုပြီးကျယ်ပြန့်လာတယ်။ အောက်က အချက်သုံးချက် အပါအ၀င်ပေါ့။
၁။ အသိပညာ (knowledge)
ဘာတွေငါတို့သိသလဲဆိုတာ
ဗဟုသုတပေါ့။ ဥပမာအားဖြင့် စီးပွားရေးပညာ၊ သမိုင်းပညာ၊ စီးပွားရေးစီမံခန့်ခွဲမှုအတတ်ပညာ
စသည်ပေါ့။ ထုံးစံအားဖြင့်တော့ ဒီအသိပညာတွေကို ငါတို့ဟာ ကျောင်းကသော်လည်းကောင်း၊ စာအုပ်တွေကသော်လည်းကောင်း
ရတယ်။
၂။ ကျွမ်းကျင်မှု (skill)
ကျွမ်းကျင်မှုဆိုတာ
တစ်ခုခုကိုလုပ်နိုင်တဲ့ အရည်အသွေးပဲ။ တစ်ယောက်ယောက်က ပစ္စည်းတစ်ခုခုကိုရောင်းတာ၊ ကွန်ပြူတာ
ပရိုဂရမ်တစ်ခုကို ရေးတာ၊ စက်ပြင်တာ၊ မီးဆင်တာ စတာတွေဟာ ကျွမ်းကျင်မှုပေါ့။ ကျွမ်းကျင်မှုကိုတော့
သင်တန်းနဲ့ သင်ပေးလို့ရတယ်။ လုပ်ငန်းခွင်ထဲကနေ တတ်လာတာရှိတယ်။
၃။ သဘောထား (attitude)
ဒါ အရေးကြီးဆုံးလို့
ထင်တာပဲ။ မင်းစဉ်းစားကြည့်ပေါ့ကွာ။ တစ်ယောက်ယောက်ဟာ ဘာလုပ်ရမလဲဆိုတာလဲသိတယ်။ လုပ်လည်းလုပ်တတ်တယ်။
ဒါပေမဲ့ကောင်းကောင်းမလုပ်ချင်ဘူးဆို မခက်ပါလား။ ဆိုလိုတာက ဒီနေရာမှာ သုံးမတ်လုံး သံချောင်း
သုံးရမယ်ဆိုတာသိပေမဲ့ ငါးမူးလုံးပဲသုံးသွားတာမျိုးပေါ့။ ဆိုတော့ စိတ်နေစိတ်ထားသာ မကောင်းလို့ကတော့
မင်း ဘယ်လောက်ကြီးပဲ တတ်တတ်၊ သိသိ အလကားပဲမဟုတ်လားကွ။
တကယ်လေ့လာသင်ယူတယ်ဆိုတာ
အဲဒီ အချက်သုံးချက် အားလုံးပါဘို့လိုတယ်။ အိပ်ယာဝင်တဲ့အချိန်မှာ ရှိတဲ့မင်းရဲ့ အရည်အချင်းဟာ
မနက် အိပ်ယာကထတုံးက ရှိနေတဲ့ အရည်အသွေးထက် ပိုသာနေစေရမယ်။
ကိုင်း၊
ဘယ်လိုလဲ။ ဖြစ်နိုင်ပါ့မလား။
တစ်ဆင့်ချင်း၊
တစ်ဆင့်ချင်းပေါ့ကွာ။
Ref: Part 1: Get Smart: Rekindle the fire of learning:
from The Straits Times dated July 9, 2014. Page C30, Recruit.
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၈၊ ဇူလိုင်၊ ၂၀၁၄။ ညနေ ၄ နာရီ ၃ မိနစ်။
အပိုင်း (၂) Part 2: Be thirsty to KNOW. မျှော် . . . .
.
No comments:
Post a Comment